Monday, December 15, 2008

ကြီးကြီး

ကျွန်မခုတလော အလုပ်ကလဲရှုပ်၊ stressကလဲများ၊ အိမ်က အမျိုးသားကလဲ အလုပ်ကိစ္စနဲ့  ခရီးရှည်ထွက်နဲ့  သံယောဇဉ်ကြီးတဲ့ ဘလော့ဂ်ဘက်ကို လှည့်ဖို့  အချိန်မရဖြစ်နေပါတယ်။ သတင်းစကားမှာ ဘလော့ဂ်မှ ခဏခွင့်ယူပါမယ်လို့ ပြောချင်ပေမယ့်  စိတ်ကမပြတ်ပါဘူး။ အချိန်ရရင်ရေးမယ်ဆိုပြီး တေးတေးထား မရေးဖြစ်နဲ့  ချစ်တဲ့မိတ်ဆွေလေးတွေနဲ့  အတော်ကို ဝေးနေသလို ခံစားရပါတယ်။ အချိန်ရရင် ရသလို ကြိုကြားကြိုကြား လည်ဖြစ်ပေမယ့် ရုံးမှာ အတော်ကိုနှေးနေတာမို့  တချို့ ဆို ဖတ်လို့ ကိုမရ၊ တချို့ ဆို ကော်မန့် တင်လို့ မရနဲ့  အဲဒီဒုက္ခကလဲ တမျိုး။ တခုခုတော့ တင်မှ ဖြစ်မယ်ဆိုပြီး ပြီးခဲ့တဲ့ အပတ်က စိတ်ထဲရှိတာလေးတင်ပြီး ပြန်ဖတ်မိတော့ အားမလို အားမရဖြစ်ရပါတယ်။ ကျွန်မတင်ပြပုံ အတော်ညံ့လို့  ဆိုလိုချင်တာကို ပီပီပြင်ပြင် မဖော်ပြနိုင်ခဲ့ပါဘူး။ တကယ်တော့ ကျွန်မဆိုလိုချင်တာ တဖြေးဖြေးနဲ့  တယောက်နဲ့ တယောက်ကြား ယုံကြည်မှုတွေ ပျက်ပြားလာအောင် မလုံခြုံတော့တဲ့ ကမ္ဘာကြီးအကြောင်းပါ။ ဒါပေမယ့် ကျွန်မတင်ပြပုံ ညံ့ဖျင်းမှုကြောင့် အသက်ကြီးသူနဲ့  ဂေးတွေရဲ့ လူ့ အခွင့်အရေးကို ထိခိုက်သလို ဖြစ်သွားတာ အထူးတောင်းပန်ပါတယ်။ နောက်တခုက ကျွန်မရဲ့ ပို့ စ်တွေမှာ ကျွန်မအဒေါ်လို့  သုံးနှုံးခဲ့တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်၊ ကျွန်မဘ၀ရဲ့ အရေးပါဆုံးသူတယောက်က ဂေးဖြစ်နေတော့ ကျွန်မ ဒီပို့ စ်ပြန်ဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိပါတယ်။ ခုတော့ ရေးမယ်ရေးမယ်လို့ အားခဲထားတဲ့ ကျွန်မရဲ့ အဒေါ် (သို့ ) ဦးလေးအကြောင်းကို ရေးရင်း ညံ့ဖျင်းသွားတဲ့ အရင်ပို့ စ်အတွက် အလျော်ပေးပါရစေ။ နားလည်ပေးသူ၊ ကော်မန့် လေးများနဲ့  အားပေးသူများကို ကျေးဇူးတင်လျက်ပါ။

*****************************
ကြီးကြီး

ကျွန်မ ၁နှစ်ကျော်ကျော် အရွယ်မှာ ကြီးကြီးကို အမေက အညာက ခေါ်လာခဲ့တယ်။ အဲဒီတုန်းက ကြီးကြီးက ဆယ်ကျော်သက် အရွယ်။ ဆံရစ်ဝိုင်းလေးနဲ့  ပုဆိုးလေးကို ထမီလို ၀တ်တဲ့ ခပ်နွဲ့ နွဲ့ ကောင်လေးက အဖေရဲ့ တ၀မ်းကွဲညီငယ်လေးပါ။ တမျိုးလုံးမှာ သူမှ ထူးထူးခြားခြား မိန်းခလေးစိတ်ပေါက်နေခဲ့တာမို့  ယောင်္ကျားလေးပေါတဲ့ အဖေတို့  အမျိုးတွေထဲမှာ သူ့ ကို ညီအကိုတွေက အားမလို အားမရဖြစ်ခဲ့ပြီး တချို့ အကိုတွေ၊ညီတွေ ဆို မခေါ်မပြောပဲတောင် နေခဲ့ကြပါတယ်။ အမေကတော့ သနားစရာ အဲဒီကောင်လေးကို ကျွန်မကို ထိန်းပေးဖို့  အိမ်မှာ ကူညီဖို့ ခေါ်လာခဲ့ပါတယ်။

ကျွန်မလူမှန်းသိတတ်စ အရွယ်ကျတော့ ကြီးကြီးက ဂျူးလိယက်လို ခါးလောက်ရှိတဲ့ ဆံပင်စင်းစင်းရှည်ရှည်ကြီးနဲ့  အဲဒီခေတ်က ၀ါဝါ၀င်းရွှေတို့  ခင်သန်းနုတို့ ဝတ်သလို လည်ပင်းမှာ စတစ်ကော်လံမြင့်မြင့်ကြီးတွေကို ဖက်ရှင်ကျကျ ၀တ်တတ်တဲ့ ကျွန်မစိတ်ထဲ ဦးလေးလို့  ဘယ်လိုမှ သဘောထားလို့ မရတဲ့ ကျွန်မ အဒေါ်ဖြစ်လာခဲ့ပါပြီ။ အမေက သူ့ ကိုချစ်တော့ ဆင်ပေးရင်း ပြင်ပေးရင်းနဲ့  တကယ် မိန်းခလေး တယောက်နဲ့  ခွဲမရအောင်တူသွားတော့ အဖေကတော့ အမေဖျက်ဆီးတယ်ဆိုပြီး တဗျစ်တောက်တောက်နဲ့ ပါ။ တကယ်တော့ ၀ဋ်ကြွေးပါသူမို့  သူ့ စိတ်က ဘယ်လိုမှ ပြင်လို့ မရပါဘူး။

ကြီးကြီးက တောမှာမွေး တောမှာကြီးခဲ့တာမို့  အတန်းပညာကို ၈တန်းအောင်တဲ့ အထိသင်ပြီး ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမယ့် သူက အံ့သြစရာကောင်းလောက်အောင် ဥာဏ်ရည်ထက်မြက်ပြီး ပတ်ဝန်းကျင်လေ့လာမှု အားကောင်းပါတယ်။ ပြီးတော့ အက၊ ပန်းချီ၊ မိတ်ကပ်၊ ဇာထိုး၊ ပန်းထိုး၊ ပန်းအလှပြင် စတာတွေကို စနစ်တကျ သင်တန်းမတက်ရပဲ စာအုပ်တွေဖတ်၊ လေ့လာတာ အတော်ကို ကျွမ်းကျင်ပါတယ်။ သူရောက်လာပြီး ခဏကြာမှာ ကျွန်မကို ပိန်ညှောင်ညှောင်လေးကနေ ၀တုတ်တုတ် ကောင်မလေး ဘ၀ရောက်သွားအောင် စိတ်ရှည်ပြုစုတတ်သူပါ။ အမေလက်လွှဲရတဲ့ အထိ ဟင်းအမယ်မျိုးစုံကို အရသာထူးအောင် ချက်တတ်ပါတယ်။ စကားပြောကောင်းသူမို့  အိမ်နီးနားချင်းတွေက ဘာဟင်းချက်သလဲ မေးရင် သူပြောတာနဲ့ တင် စားချင်စိတ်ပေါက်သွားတတ်ပါတယ်။

မနက်ဖက် ကျွန်မ မိဘတွေ ရုံးသွားရင် သူက ချက်ပြုတ်ပြီးစီးပြီး ကျွန်မကို မနက်စာကျွေး ရေမိုးချိုး သနပ်ခါးလေး ဖွေးနေအောင်လိမ်းပေးပြီး အိပ်ခါနီးမှာ ပုံပြောပြတတ်ပါတယ်။ မြန်မာ့အသံကလာတဲ့ ပုံပြင်လက်ဆောင်ထဲကလို အသံနေအသံထားနဲ့  စိတ်ဝင်စားအောင် ပြောတတ်သူမို့  သူပုံပြောတာကို ကျွန်မတို့ မောင်နှမ ၃ ယောက်လုံး နှစ်သက်ကြပါတယ်။ ထူးခြားတာက သူ့ အသံက ယောင်္ကျားတယောက် အသံနဲ့ လုံးဝ မတူပါဘူး။ မာမာအေး၊ တင်တင်မြ၊ ချိုပြုံး၊ ခင်ညွန့် ရီ၊ ရီရီသန့်  သီချင်းတွေကို အတော်တူအောင် ဆိုနိုင်ပါတယ်။ အရှိုက်အငင်က အစပေါ့။ ကျွန်မကတော့ မာမာအေးသီချင်းနဲ့ မှ အိပ်တတ်သူပါ။ ညနေဘက် ဖေဖေတို့  မေမေတို့ ပြန်မလာခင် ခြေလက်သန့် စင်ပြီး အကျီင်္ီအသစ်လဲပေးပြီး အိမ်ရှေ့ မှာ ဖေတို့ မေတို့  ပြန်အလာကို ကြိုစေပါတယ်။ တအိမ်လုံးကို သန့် ရှင်းပြီး ဧည့်ခန်း စားပွဲမှာ ခြံထဲက ပန်းတွေနဲ့  ပန်းအိုးလှလှ တလုံးထိုးထားတတ်ပါတယ်။ သူ့ မှာ အနုပညာမျက်စိရှိတော့ ဂမုန်းရွက်လေးတွေကအစ ပွင့်တူရွက်တူပန်းလေးတွေ အဆုံး မြင်သူစိတ်ချမ်းသာအောင် ထိုးတတ်ပါတယ်။ ဧည့်ခန်းထဲက ဆက်တီခုံလေးတွေက ကုလားထိုင်စွတ်လေးတွေမှာ သူ့ လက်ရာ အ၀တ်စလေးတွေနဲ့ ပုံဖော်ထိုးထားတဲ့ ဂျပန်မရုပ်လေးတွေဆို တချို့ ဧည့်သည်တွေတောင် အပ်ချင်လာတဲ့ အထိ လက်ရာမြောက်လှပါတယ်။

သူက အဖေ့ဥပဒေပညာလဲ အမှတ်တမဲ့ မနေဘဲ လေ့လာလိုက်သေးတာ။ ညနေဘက် အဖေအမှုသည်တွေ လာပြီဆို အဖေပြန်မလာသေးခင် သူက ကောင်းကောင်း ဧည့်ခံတတ်ပါတယ်။ တရားမအမှုက ဘယ်လို၊ ရာဇ၀တ်မှုက ဘယ်လိုနဲ့  တကယ့်အားကိုးရတဲ့ Marketing Manager တယောက်လိုပါပဲ။ သူ့ ကိုယ်သူလဲ ဖီးလိမ်းပြင်ဆင် ကျော့မော့နေတော့ တချို့ သိပ်မသိတဲ့ အမှုသည်တွေဆို ဆရာကတော်လို့  ခေါ်မိတဲ့အထိပါပဲ။ အဲဒီအခါ သူက တည်တည်ငြိမ်ငြိမ်နဲ့  ကျွန်မက ဆရာ့ညီမပါလို့  ပြန်ရှင်းပြတတ်သေးတယ်။ ဆရာနဲ့ မတွေ့ လို့  ဆရာကတော်ဆီမှာခဲ့တယ်လို့  အဖေကို သွားပြောရင် အဖေက ဒေါသတွေ ထွက်နေရော။ အမေနဲ့ ကျွန်မတို့  မောင်နှမတွေက တော့ ကြိတ်ရယ်ပေါ့။

သူ ဘယ်လောက် နာမည်ကြီးသလဲဆို ကျွန်မတို့  ရပ်ကွက် တရပ်ကွက်လုံးသာမက ရပ်ကွက်နီးချင်းတွေကပါ သူ့ ကို သိကြပါတယ်။ သူမို့  မနက်ဖက် ဈေးဝယ်ထွက်ရင် တခါတလေကျတော့ မြန်မာဆန်ဆန် ခြေမျက်စိထိရှည်တဲ့ ကျစ်ဆံမြီးနဲ့  ရင်ဖုံးအကျီ်င်္လက်ရှည်လေးနဲ့  အကြောင်းမသိတဲ့ အဖွားကြီးတွေဆို မိန်းခလေး အစစ် ထင်ပြီး ချီးကျူး သဘောကျလို့ မဆုံး။ တခါတလေကျတော့ အလိပ်ကြီးကြီးတွေ ကောက်ထားတဲ့ stepတွေနဲ့  ဆံပင်နဲ့  လိုက်ဖက်စွာ ရှပ်အကျီင်္ အကွက်ကြီးကြီးကို ထမီတိုတိုနဲ့  ၀တ်ထားပြန်တော့ ချာလီရဲ့ နတ်မိမယ် အလား။ တခါတလေကျတော့ ဆံထုံးလေးထုံးပြီး နှင်းဆီလေး တပွင့် ကဗျာဆန်ဆန်ပန်ထားပြီး ခြေတလှမ်း ကုဋေတသန်းလို ခပ်ဖွဖွလေးလျှောက် ခပ်လျော့လျော့လေးပြုံး။ ဖက်ရှင်ထွင်တတ်တဲ့ နေရာမှာ အတော်ကို တော်လွန်းလို့  အခြေအနေသာပေးရင် ခုခေတ်ဒီဇိုင်နာတွေထက်တောင် အောင်မြင်နိုင်ပါတယ်။

ရပ်ကွက်ထဲက မင်္ဂလာဆောင်၊ အလှူဆို အပျိုလေးတွေ အိမ်မှာ တန်းစီနေကြတာ။ မိတ်ကပ်၊ ဆံပင် မေတ္တာနဲ့  ပြင်ပေးတာလေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ဆိုရင်တော့ စင်ပေါ်တက်မယ့် သူတွေအတွက် လက်မလည်အောင် ပြင်ပေးရတယ်။ ဒီကြားထဲ ပြဇာတ်ထဲက ရုပ်ဖျက်သရုပ်ဆောင်ရမယ့် မိတ်ကပ်လဲဖြစ်သေး။ ကျွန်မမောင်လေး ရှင်ပြုတော့ အညာရွာလေးမှာ လုပ်တာ ဘယ်မိတ်ကပ်ပြင်ဆရာမှ မခေါ်ပဲ တမျိုးလုံး သူနဲ့ ချည်းပြီးသွားတာ။ ပြောရရင် ကျွန်မ မင်္ဂလာဆောင်မှာ အညာက ကျွန်မဆွေမျိုးတွေ အားလုံး မိတ်ကပ်၊ဆံပင် သူပဲပြင်ပေးတာ။ သူပြင်ပေးထားတာက နာမည်ကျော် မိတ်ကပ်ဆရာတွေ ပြင်တာထက်တောင် ကြည့်ကောင်းနေသေးတယ်။ ကျွန်မ တက္ကသိုလ်တက်တော့ ကျွန်မရဲ့ ဒီဇိုင်နာက သူပါပဲ။ ဂုတ်ဝဲ ဆံပင်လေးတောင် ဆံထုံးလှလှလေး ဖြစ်အောင် ထုံးတတ်တဲ့ ကျွန်မကို သူငယ်ချင်းတွေက အံ့သြကြတာ။ တကယ်တော့ ကျွန်မရဲ့ လျို့ ဝှက်ချက်ကို သူတို့ မှ မသိပဲ။ ခပ်စိမ်းစိမ်းလေး နေပ့ါမယ်ထဲက မို့ မို့ မြင့်အောင်လို ကျစ်ဆံမြီးလေး တစောင်းကျစ် ခြံထဲက စံပယ်တွေ ဝေနေအောင် ပန်ပေးတတ်တာလဲ သူ့ လက်ချက်ပါပဲ။

ခေတ်မှီတဲ့ အဒေါ်အပျိုကြီးနဲ့ နေရသလို သူနဲ့ နေရတာ ကျွန်မသိပ်ပျော်ခဲ့ပါတယ်။ အချိန်မတန်ပဲ ရီးစားမထားဖို့  ကြိတ်ဆုံးမတတ်သေးပါတယ်။ ကျောင်းစာကလွဲလို့  တခြားစာမဖတ်ရလို့  ကန့် သတ်ထားတဲ့ အိမ်မှာ ဖတ်သင့်တဲ့ အပြင်စာတွေ ကြိတ်ဖတ်ခိုင်းခဲ့တာ ကြီးကြီးပါ။ သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့ စာအုပ်လေးက စလို့  ကျွန်မကို အပြင်စာတွေနဲ့  မိတ်ဆက်ပေးခဲ့တာပါ။ စာဖတ်နာတဲ့ သူညွှန်းတဲ့ စာအုပ်တော်တော်များများက ကျွန်မအတွက် အဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ စာရေးချင်တဲ့ ၀ါသနာကို အများဆုံး မြေတောင်မြှောက်ပေးခဲ့တာလဲ သူပါပဲ။ ကျွန်မက ၀တ္ထုလေးတွေ ကြိတ်ရေး သူ့ ကိုပေးဖတ် သူက အယ်ဒီတာလုပ်နဲ့ ။ မဂ္ဂဇင်းတိုက်တွေကို အိမ်က မသိအောင် ပို့ ။ အရွေးခံရတော့မှ မိဘတွေကို အသိပေးခဲ့တာပါ။ ကျွန်မစာမရေးတော့တာ သိတော့ မြန်မာပြည်ပြန်တိုင်း စာပြန်ရေးဖို့  တိုက်တွန်းတတ်ပါတယ်။

ကျွန်မကို လူတွေနဲ့  ဆက်ဆံတတ်ဖို ၊့ လောကကြီးကို အကောင်းမြင်တဲ့ မျက်လုံးနဲ့  ကြည့်တတ်ဖို့ ၊ ရည်ရွယ်ချက်တွေ အောင်မြင်အောင် မဆုတ်မနစ်ဇွဲနဲ့ ကြိုးစားဖို့  အင်အားတွေ အများဆုံးပေးခဲ့တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ ကျွန်မက အရမ်းကြောက်တတ်တော့ ဟိုးငယ်ငယ်လေး ကတည်းကနေ တက္ကသိုလ် ပထမနှစ်အထိ ညဘက်တွေ စာကျက်ရင် ကျွန်မနံဘေး စိတ်ရှည်ရှည်နဲ့  စာအုပ်တအုပ် ဖတ်ပြီး စောင့်ပေးခဲ့ပါတယ်။ သူ့ ဘ၀ရဲ့ ၀ဋ်ကြွေးကြောင့် ဒီဘ၀ရောက်နေပေမယ့် သူများအပေါ် ကူညီတတ်ပြီး စိတ်ထားအလွန်ကောင်းတတ်သူမို့  နောင်ဘ၀မှာ ဒီဝဋ်က ကြွတ်မယ်လို့  ကျွန်မ ယုံကြည်မိပါတယ်။ မိဘကို ရိုသေလေးစား သိတတ်တဲ့ နေရာမှာလဲ အတုယူထိုက်သူပါ။ ကျွန်မမိဘပြီးရင် ကျွန်မဘ၀ရဲ့ ကျေးဇူးရှင် ကြီးကြီးရဲ့ ကျေးဇူးတွေက ဆပ်လို့  မကုန်အောင် ကြီးမားလှပါတယ်။ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးအရ ဘယ်ဘ၀ရောက်ရောက် လက်ရှီဘ၀မှာ မိမိစိတ်ကို တတ်နိုင်သမျှ ဖြူစင်သန့် ရှင်းအောင် ထားတတ်ဖို့ က အရေးကြီးဆုံးဆိုတဲ့ ဘ၀ရဲ့ သင်ခန်းစာကို ပေးခဲ့တဲ့ ကြီးကြီးကို ဒီပို့ စ်ဖြင့် ရိုသေစွာကန်တော့ပါတယ်။

တန်ခူး
4:09pm 15-Dec-2008




Friday, December 12, 2008

Confidentialအလွဲ

ကိုယ်ရေးရာဇ၀င်

အမည် = ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော
ပညာအရည်အချင်း = BSc. MSc. PHD
လုပ်ငန်းအတွေ့ အကြုံ = xxxXXXxxxXXXxxxXXXxxxXXX

ဒါရိုက်တာ: “ခင်ဗျား… ဒီCVကို ဘယ်လို သဘောရသလဲ… ပညာအရည်အချင်းရော၊ လုပ်ငန်းအတွေ့ အကြုံပါ လိုနေတဲ့ နေရာအတွက် တထပ်ထဲပဲ”
မန်နေဂျာ: “ဟုတ်တာပေါ့ဆရာ… ဒီလို လူမျိုးမှ ဇကာတင်ထဲ မထည့်ရင် ဘယ်လိုလူမျိုးသွားထည့်မလဲ”

ကိုယ်ရေးရာဇ၀င်

အမည် = ထိပ်ထင်နန်းစုခေါင်ထွတ်မမလေး
ပညာအရည်အချင်း = BSc. MSc. PHD
လုပ်ငန်းအတွေ့ အကြုံ = xxxXXXxxxXXXxxxXXXxxxXXX

ဒါရိုက်တာ: “ဒီတခါတော့ ကျူပ်တို့ ဦးနှောက်မစားရတော့ဘူးဗျို့ … တိုက်တိုက်ဆိုင်ဆိုင်ဗျာ… ဒီမှာလဲ နောက်တယောက်… ကဲ.. သူတို့ ၂ ယောက်သာ အင်တာဗျူးခေါ်ဖို့  စီစဉ်လိုက်တော့ဗျာ”
မန်နေဂျာ: “စိတ်ချဆရာ… မနက်ဖြန်စီစဉ်လိုက်ပါမယ်… နာမည်လေးတွေ ကြည့်တာနဲ့  ကျွန်တော်တို့  လိုချင်တဲ့ သွက်လက်ချက်ချာ ထက်မြက်တဲ့ မိန်းခလေးတွေ ဖြစ်မှာသေချာတယ်”
*********************

အင်တာဗျူုးခန်းထဲ ၀င်လာသည့် မျက်မှန်ထူထူနှင့် အသက် ၅၀ကျော်လောက် ရှိမည် ခန့် မှန်းရသည့် အဒေါ်ကြီးကို ကြည့်ပြီး ဒါရိုက်တာနှင့် မန်နေဂျာမျက်လုံးပြူးသွားသည်။

ဒါရိုက်တာ: “ထိုင်ပါအန်တီ”
မန်နေဂျာ: “အန်တီက ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော နဲ့  ဘယ်လိုများ ပတ်သက်ပါသလဲ… မဟုတ်မှလွဲရော မိန်းခလေးနေမကောင်းလို့  မလာဖြစ်ဘူး လာပြောတာ ထင်တယ်… လူကိုယ်တိုင် လာရတယ်လို့ … ဖုန်းဆက်လိုက်ရောပေါ့အန်တီရယ်”
အန်တီ: “ရှင်တို့  ဘာတွေပြောနေကြတာလဲရှင်… ကျွန်မက ခင်ကလျာနုနယ်ပျိုမျစ်ချစ်ချစ်ချော ပါ… ကျွန်မကို အင်တာဗျုးဖိတ်လို့ လာတာပါ… ရှင်တို့ လိုချင်တဲ့ ပညာအရည်အချင်းရော… လုပ်ငန်းအတွေ့ အကြုံပါ အကုန်ရှိပါတယ်… လုပ်ငန်းပိုင်းနဲ့  ပတ်သက်လို့  ကြိုက်သလိုမေးပါ… ကျွန်မဖြေဖို့ အဆင်သင့်ပါပဲ”
ဒါရိုက်တာ:……………………
မန်နေဂျာ:……………………
အန်တီ: ???????????????
ဒါရိုက်တာ: “ခင်ဗျားမေးချင်တာမေးလေ မန်နေဂျာ… ”
မန်နေဂျာ: “အင်းးးးးးးးး… ကျွန်တော်လဲ မေးစရာ အထွေအထူးတော့ မရှိတော့ပါဘူး… CVထဲမှာလဲ အကုန်စုံနေတာပဲ… ဟုတ်ကဲ့… အန်တီ့ကို ရွေးဖြစ်ရင် ပြန်ဆက်သွယ်လိုက်ပါမယ်”
အန်တီ: ကျေးဇူးပါရှင်… ခွင့်ပြုပါ…

(အန်တီ အခန်းအပြင်ရောက်သွားသောအခါ)

ဒါရိုက်တာ: “ဟေ့လူ… CVထဲမှာ အသက်ရှာမတွေ့ ပါလား”
မန်နေဂျာ: “ဆရာ… ဒီနိုင်ငံမှာ အသက်က Confidential လေ”
ဒါရိုက်တာ: “တောက်… ဒီအချက်ကို ကျူပ်တို့ ဘာကြောင့်မေ့နေခဲ့လဲ… နောက်တခါ ပြည့်စုံရမည့် အရည်အချင်းထဲမှာ အသက် ကန့် သတ်ချက်ထည့်ဗျာ… ကဲ… နောက်တယောက်ခေါ်”

*********************
နာမည်က နန်းဆန်ပေမယ့် အတော်ခေတ်မှီမှီ ၀တ်စားဆင်ယင်ထားသည့် မိန်းမငယ်ဝင်လာတော့ ဒါရိုက်တာက ဒီတခါတော့ မလွဲလောက်ပါဘူးဆိုသည့် အကြည့်နဲ့  မန်နေဂျာကို ကြည့်သည်။ မန်နေဂျာက လည်ပင်းမှာ ပုဝါလေးတောင် ပတ်ထားလိုက်သေးသည့် ဖက်ရှင်ကျကျ ၀တ်ထားသည့် မိန်းခလေးကို ရွေးချယ်ဖြစ်ဖို့ တောင် စိတ်ကူးမိနေသေးသည်။

မန်နေဂျာ: “ထိုင်ပါ ထိပ်ထင်နန်းစုခေါင်ထွတ်မမလေး ”

မခို့ တရို့ လေးပြုံးပြပြီး ထိုင်လိုက်သည့် မိန်းခလေးကို ဒါရိုက်တာက အကဲခတ်ပြီး ပထမဆုံးမေးခွန်းအတွက် ပြင်ဆင်လိုက်သည်။

ဒါရိုက်တာ: “ဒီနေရာကို ရှာရတာ အဆင်ပြေရဲ့လား”
ထိပ်ထင် : “ဟုတ်ကဲ့ဆရာ… ထိပ်အခက်အခဲမရှိပါဘူး”

ရုပ်ရည်လေးနဲ့ မလိုက်ဖက်စွာ ထွက်လာတဲ့ ယောင်္ကျားသံသြသြကြီးကြောင့် ဒါရို်က်တာရော မန်နေဂျာပါ အံ့သြသွားသည်။ ဘာများမှားယွင်းနေလဲ။ အသံဝင်နေတာတော့ မဖြစ်နိုင်။ နောက်မေးခွန်းတခုနဲ့  စမ်းကြည့်သည်။

မန်နေဂျာ : “ဘယ်နှစ်က PHDပြီးပါသလဲ”
ထိပ်ထင် : “ထိပ် ၂၀၀၀က ပြီးပါတယ်ဆရာ… ပြီးပြီးချင်း ခုထွက်ခဲ့တဲ့ အလုပ်ကို ၀င်ခဲ့တာပါ”

သေချာသွားပြီ။ ဒါမိန်းမတယောက်ရဲ့ အသံမဟုတ်။ ဒါရိုက်တာက မန်နေဂျာကို အကြည့်နဲ့ အချက်ပေးသည်။ အပြင်ပန်းကြည့်လျှင် တကယ့်မိန်းခလေးစစ်စစ်။ လွဲနေတာက အသံလေးတင်။ မန်နေဂျာသံသယတို့ က လည်ပင်းက ပုဝါလေးဆီအရောက် ကံကောင်းစွာ ပိုးပုဝါလေးက လျောကနဲ ကျသွားသည်။ ထိပ်ထင်က ကဗျာကရာ ပြန်ပတ်လိုက်ပေမယ့် မန်နေဂျာက ထိုခဏမှာ တစုံတခုကို အဖြေပေါ်သွားသည်။

မန်နေဂျာ : “ကောင်းပါပြီ ထိပ်တင်… တကယ်လို့ ရွေးဖြစ်ရင် ကျွန်တော်တို့  အကြောင်းပြန်ပါမယ်”
ထိပ်တင် : “ကျေးဇူးပါဆရာ… သတင်းကောင်းကြားရမယ်လို့  မျှော်လင့်လျက်ပါ”

ကနွဲ့ ကလျနှင့် ထွက်သွားသော ထိပ်တင်ကို ကြည့်ပြီး နှစ်ယောက်လုံး သက်ပြင်းချ… ပြီးတော့ ရယ်မိကြသည်။

ဒါရိုက်တာ: “အင်းးးး နှစ်ထပ်ရှိမှ မှတ်မိဆိုတာမျိုးပေါ့… … ဒီနိုင်ငံမှာ ကျား၊မ ဆိုတဲ့ Gender ကလဲ Confidential ဆိုတော့… ကြုံမှကြုံတတ်ပလေပေါ့ ”
မန်နေဂျာ : “ဟုတ်ပါ့ဆရာရယ်… ကျားဆိုကျား မ ဆို မ ကတော်သေး… ခုလိုမျိုးကြီးကျတော့… ကျွန်တော်တို့ အတွက် Confidential က အတော်ဒုက္ခရောက်တာပဲဗျို့  … နောက်ထပ်များ ဘာတွေ Confidential ထပ်ဖြစ်ဦးမလဲ မသိဘူးနော်”
ဒါရိုက်တာ: “ကျူပ်သာ စာရေးတတ်ရင် Confidentialအလွဲဆိုပြီး ၀တ္ထုလေး တပုဒ်သာ ရေးလိုက်ချင်တော့တာပဲ”
*********************
(စာကြွင်း: သြော်စီမှာ အသက်နဲ့ ကျား၊မ ကို အစိုးရက Confidential အနေနဲ့ သတ်မှတ်ထားတော့ ရုံးမှာ HR reportတွေလုပ်ရတာ အတော်ဒုက္ခရောက်သွားတာကြောင့် အင်တာဗျူုးတဲ့ သူတွေဆို ပိုဒုက္ခရောက်မှာ တွေးမိပြီး ရေးဖြစ်သွားတာပါ… ဒီမှာတောင် NRIC နံပါတ် နောက်ဆုံးလေးလုံးကလွဲရင် ကျန်တာ Confidential ဖြစ်ကုန်ပါပြီ… ကမ္ဘာကြီးက အဲလောက်တောင် လျို့ ဝှက်ရလောက်အောင် မလုံခြုံတော့ဘူးလား…)

တန်ခူး
10:36am 12-Dec-2008

Wednesday, December 3, 2008

သားအကြောင်း ဟိုတစ ဒီတစ

ပထမဆုံး ကျွန်မ ပို့ စ်အတင်ကျဲနေတာနဲ့  အိမ်လည်မလာနိုင်တာကို တောင်းပန်ပါရစေ…။ လွမ်းတာအရမ်းပါပဲ…။ အထူးသဖြင့် လည်နေကျအိမ်လေးတွေ မလည်နိုင်တာကိုပေါ့။ အသစ်ကလေးတွေ ဖတ်ချင်လိုက်တာ…။ ကျွန်မ ပျောက်နေရတဲ့ အကြောင်းက သားက ကျွန်မအချိန် တော်တော်များများကို သိမ်းပိုက်ထားလို့ ပါ။ သားကို အရင်က ၃ နာရီကျောင်းကနေ တနေကုန်ကျောင်းကို ပြောင်းတဲ့ကာလ မို့ ပါ။ ကျောင်းကလဲ ကျွန်မရုံးထဲမှာဆိုတော့ ကျွန်မမှာ မနက်စာလဲ ဖြောင့်ဖြောင့် မစားရ၊ နေ့ လည်စာလဲ ဖြောင့်ဖြောင့် မစားရ၊ ခါတိုင်း နေ့ လည်အားချိန်လို ချစ်တဲ့ ဘလော့ဂါသူငယ်ချင်းတွေဆီလဲ မလည်ရ။ အတော်ကို စိတ်ပင်ပန်း လူပင်ပန်းပါပဲ။ ပိတ်ရက်ကျတော့လည်း ပြန်ခါနီးပြီမို့  shopping ထွက်ရတာနဲ့  အချိန်ကုန်။ ဟုတ်ကဲ့… ဆင်ခြေတွေ သိပ်များနေပြီလား မသိဘူးနော်။ ပို့ စ်အသစ်ရေးဖို့ က ခေါင်းထဲ ဘာမှ မထွက်ဘူး။ တွေးလိုက်သမျှ သားအကြောင်းပဲ ဖြစ်နေတော့တာ။ ဒီတော့ သားအကြောင်းလေးနဲ့  အင်ဂျင်ပြန်နှိုးပါရစေ(ချိုသင်းကို အားကျလို့ )။ ကိုယ်ရေးကိုယ်တာတွေ များနေရင် ခွင့်လွှတ်ပါနော်။ နောက်ပို့ စ်မှာ ကိုယ်ရေးကိုယ်တာ မရေးဖို့  ကတိပေးပါတယ်။

**********

သားနဲ့ ဂီတ

“မေမေ ဦးဦးRဇာနည် ဖွင့်ပါ”
“မေမေ ငါတော့ မေ့လို့ မရတော့ဘူး ကြည့်မယ်”
“မေမေ ဦးဦးစိုင်းစိုင်း နဲ့ ကမယ်”

အရင်က Barney… Hi5… Micky Mouse စတာတွေ ပူဆာတဲ့ သားက ခုတော့ အဲဒီလို အသစ်တွေ ပူဆာတတ်လာလို့  ကျွန်မ အံ့သြသွားပါတယ်။ သူ့ အဒေါ် ကျွန်မ၀မ်းကွဲညီမက သူကြိုက်တဲ့ သီချင်းခွေတွေကို သားနဲ့ အဖော်စပ်ရင်း ခုတော့ သားလဲ စွဲနေပြီပေါ့။ Rဇာနည် သီချင်းလိုက်ဆိုပြီး “အဆင်ပြေရင် လက်ခုပ်တီးပေးကြပါလား” ဆိုတဲ့ နေရာက အစလိုက်အော် အလွတ်ရနေတော့တာ။ ဖိုးချစ်နဲ့ သားစိုး ဆိုတဲ့ ရွှေအိုးစည် သီချင်းဆို “ဟေ့… ဖိုးချစ်ရေ… ဟေ့…သားစိုးလား” ကအစ “လှုပ်လို့ ရပြီ” အဆုံး အစအဆုံး တပုဒ်လုံးကို ဆိုလိုက် ကလိုက်နဲ့  အတော်ကို နှစ်ခြိုက်နေတာကြည့်ပြီး သားနဲ့ ကျွန်မကြားက ကွာဟမှုကို သတိသွားထားမိပါတယ်။ ကျွန်မက ဟစ်ဟော့ကို ခံစားလို့ မရ။ သားကတော့ စိုင်းစိုင်းမှ စိုင်းစိုင်း။ “ဘာလုပ်မှာလဲပြော… လာမရှုပ်ပါနဲ့ တော့” ဆိုတာများ စိုင်းစိုင်းလို ဆောင့်ဆောင့် အောင့်အောင့် တထေရာထဲ ဆိုနိုင်သည်။ ကျွန်မကြိုက်သည့် ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဟေမာ ဖွင့်လျှင် သူက အန်တီဖြူဖြူဖွင့်ပါတဲ့။ အန်တီဖြူဖြူဆိုတာ ဖြူဖြူကျော်သိန်းကို သူက ချစ်စနိုးခေါ်တာပါ။ ကျွန်မက မြို့ မ ဖွင့်လျှင် သူက အိုး… ဒီဇင်ဘာဖွင့်ပါတဲ့။ တော်သေးရဲ့… ICကြိုက်တာတော့ နဲနဲညှိလို့ ရလို့ ။ ကျွန်မကမှ ခေတ်နဲ့ သိပ်အဆက်မပြတ်ချင်လို့  ဟစ်ဟော့အခွေတွေ ကြည့်ဖြစ်သေးတယ်။ သားအဖေကတော့ ဖွင့်တာနဲ့ နားဝင်ပီယံ မဖြစ်လို့  ဆို နှာခေါင်းရှံ့ တော့တာပဲ။ တယောက်မျက်နှာ တယောက်ကြည့်ရင်း သားကို မြန်မာဂီတကို ချစ်တတ်အောင် ဘယ်လိုသင်ရပါ့လို့  စဉ်းစားနေမိပါတယ်။ အင်း… သင်္ကြန်သီချင်း ခပ်မြူးမြူးတွေက စရမယ်ထင်ပါ့။ ဟိုတခေါက် မြန်မာပြည်ပြန်တော့ သားကို အိုးစည်လေး ၀ယ်ပေးပြီး ရင်းနှီးအောင် လုပ်ခဲ့သည်။ ဒီတခေါက်တော့ ၀ါးလက်ခုပ်လေး ၀ယ်ပေးမှလို့  စဉ်းစားထားမိတယ်။ အနည်းဆုံး စည်းလေး ၀ါးလေးက စနားလည်ရင် မဆိုးသေး။ တဖြေးဖြေး တဆင့်တက်လို့  ပတ္တလား၊ စောင်း ပေါ့။ သားလေး စိတ်မ၀င်စားရင် တွန်းလုပ်ဖို့  စိတ်မကူးတာကြောင့် သူ့ အလိုလို မြန်မာဂီတကို ချစ်တတ်လာပါစေလို့  ဆုတောင်းနေမိပါတယ်။

**********

သားနဲ့  စည်းကမ်း

ကျွန်မ သားကို တနေကုန်ကျောင်း ပို့ ဖြစ်တဲ့ အဓိက အကြောင်းရင်းက စည်းကမ်းနဲ့  နေစေချင်လို့ ပါ။ အိမ်မှာ အကုန် လိုတရနေတဲ့သားက စည်းကမ်းနဲ့  တဖြေးဖြေး ဝေးလာသလိုပါပဲ။ သူ့ အဒေါ်က သူ့ ကို ချစ်လွန်းလို့  အလိုလိုက်တော့ ရေကအစ သူများ ခွက်ကိုင်ပေးမှ သောက်တဲ့အထိ ငပျင်းလေး ဖြစ်လာပါတယ်။ မိဘတွေနဲ့  တွေ့ ရချိန်ကနဲတော့ ကျွန်မ စည်းကမ်းလုပ်လဲ အရာမထင်ဖြစ်နေပါတယ်။ အကျီင်္လဲ သူများဝတ်ပေးမှ၊ ဖိနပ်လဲ သူများစီးပေးမှ ဆိုတော့ သူများ အပေါ် မှီခိုလွန်းနေတဲ့ အကျင့်ကို ပြင်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး သနားနားနဲ့ ပဲ တနေကုန်ကျောင်းပို့ ဖို့  ဆုံးဖြတ်လိုက်ရတာပါ။

အိမ်မှာ တီဗွီကြည့်လိုက် ကစားစရာတွေ စိတ်ကြိုက် ကစားလိုက် ဘ၀ကနေ အချိန်မှန်စား၊ အချိန်မှန်အိပ်၊ ကိုယ်တိုင်ရေချိုး၊ ကိုယ်တိုင်စား ကိုယ့်အားကိုယ်ကိုး ရတဲ့ ဘ၀ကို ရုတ်ချည်း ပြောင်းသွားတော့ သူ အတော်လေးကို စိတ်ညစ်နေပါတယ်။ ဒါတောင် ကျောင်းက ရုံးမှာမို့  နေ့ လည်ဘက်တွေ ကျွန်မသွားကြည့်လို ရပါတယ်။ ကိုယ်အိပ်မယ့် မွှေ့ ယာကို ကိုယ်တိုင် သန့် ရှင်းရေးလုပ်၊ အိပ်ပြီးရင် ကိုယ်တိုင် ပြန်သိမ်း။ ကစားချိန်မှ ကစား။ အဲဒီလို နေရတာ စိတ်ကျဉ်းကျပ်ပြီး သူနေချင်သလို နေဖို့  ကြိုးစားတတ်သေးတယ်။ ညနေကျ ကျွန်မက သူ့ အဖေကို တနေ့ ဖြစ်တာတွေ ပြောနေတုန်း ငြိမ်နေတဲ့သူက ထပြောပါတယ်။ “ဒုက္ခရောက်နေတယ်” တဲ့။ သူစကားကြားပြီး ငိုအားထက် ရယ်အားသန် ကျွန်မတို့  ၂ယောက်လုံး ရယ်မိပါတယ်။

သူစိမ်းတွေကြားထဲ နေရတော့ အမေကို အနားမှာ နေစေချင်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်ရဦးမယ်၊ သားကျောင်းမှာ လိမ်လိမ်မာမာနေလို့  ပြောရင် မေမေအလုပ်လုပ်ဘူးလို့  ဂျီကျတတ်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်မှ သားကို အရုပ်တွေ အများကြီး ၀ယ်ပေးလို့ ရမှာ၊ သားစားချင်တဲ့ မုန့် တွေ ကျွေးလို့  ရမှာ ဆိုတော့ အရုပ်တွေလဲ မယူတော့ဘူး၊ မုန့် တွေလဲ မစားတော့ဘူးတဲ့။ ကျွန်မ မျက်ရည်ဝဲတဲ့ အထိ စိတ်မကောင်းဖြစ်ရ ပါတယ်။ ဟိုတနေ့ က သူ့ အဖေသွားကြိုတော့ မေမေပိုက်ဆံတွေ အများကြီးသွားရှာနေတာလို့  သူ့ အဖေကို ပြန်ရှင်းပြတယ်တဲ့။

သူ မြန်မြန် နေသားကျသွားဖို့  ဆုတောင်းမိပါတယ်။ စိတ်ဆင်းရဲနေတဲ့ မျက်နှာ၊ ငိုနေတဲ့ မျက်နှာကို မကြည့်ရက်ပေမယ့် စည်းကမ်းမဲ့၊ သူများပေါ် အမြဲအားကိုးနေရတဲ့ ကလေးမျိုးလေး မဖြစ်စေချင်လို့  ရင်နာနာနဲ့ ပဲ ဆက်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သားရော ကျွန်မပါ စိတ်ရော လူပါ အတော် ပင်ပန်းနေပါတယ်။ ညရောက်ရင် သားအမိ၂ယောက် တုံးကနဲ အိပ်ပျော်သွားရော။ ခုတော့ မနက်ပို့ ရင် ခါတိုင်းလို ဂျီသိပ်မကျတော့ပါဘူး။ ဒီလိုနဲ့  တဖြေးဖြေး တိုးတက်လာမယ် ထင်ပါရဲ့။ အင်း… ဆွေတွေ မျိုးတွေ အဖိုးအဖွားတွေ ကြားထဲ ပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်က ကျောင်းဆို သူ အဲဒီလောက် ခံစားရမှာ မဟုတ်ဘူးလို့  ထုံးစံအတိုင်း တွေးမိနေပါသေးတယ်။

**********
တန်ခူး
10:43 am 03-Nov-2008

Tuesday, November 25, 2008

မောင်လေး

စန္ဒာပုံဆံပင်ကို ဆီတွေ ရွဲနေအောင်လိမ်းပြီး ဘေးခွဲ တိတိကျကျလေးခွဲကာ အဖေကိုယ်တိုင်ခေါင်းဖြီးပေးထားတဲ့ ရှပ်အကျီင်္နဲ့  ဘောင်းဘီတို အ၀တ်များတဲ့ ကျွန်မကို ငယ်ငယ်က ယောင်္ကျားလေးလားလို့  မေးရင် အဖေက ပြုံးနေတတ်တယ်။ သားဦး ယောင်္ကျားလေး လိုချင်ခဲ့တဲ့ အဖေ့ဆန္ဒ မပြည့်ခဲ့တော့ ကျွန်မကို ယောင်္ကျားလေး တယောက်လို ဆင်ပေးခဲ့တယ်။ ပြီးတော့ နောက်တယောက်ဟာ ယောင်္ကျားလေး သေချာတာမို့  ကျွန်မအ၀တ်လေးတွေကို လက်ဆင့်ကမ်းရအောင်တဲ့။ အဆော့အကစားသန်တဲ့ ကျွန်မကတော့ ဂါဝန်လေးတွေ မ၀တ်ရလဲ လွတ်လပ်စွာဆော့နေရရင်ကို ကျေနပ်နေသူ။

အဖေ့ဆန္ဒတွေ တကယ်ပြည့်ဝခဲ့ပါတယ်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေ ပါးဖောင်းဖောင်းကြီးတွေနဲ့  ချစ်စရာကောင်းတဲ့ မောင်လေးမွေးတော့ အဖေ့အပျော်မျက်နှာ ကျွန်မ မမေ့ဘူး။ ငယ်တုန်းက အရပ်ပုပုလေးနဲ့  ၀တုတ်မောင်လေးကို တရပ်ကွက်လုံးက ၀ိုင်းချစ်ကြတာ။ သဘောကောင်းတဲ့ သူကလဲ ဘယ်သူချီချီလိုက်။ နာမည်တွေကလဲ စုံလို့ ။ အညာသားလေး၊ တာတီဖိုး…။ အခွင့်ထူးခံကောင်လေးပေါ့။ အစားကလဲပုပ်။ ကစားစရာဆိုလဲ အထူးအဆန်း ဈေးကြီးတာမှ။ အဖေကလဲ အကုန်ဝယ်ပေးတယ်။ ဥာဏ်ကောင်းသလောက် စာကပျင်း။ ကျောင်းနေတဲ့ အရွယ်ရောက်တော့ အမေနဲ့ ကျွန်မ စာဝိုင်းသင်ပေးရတာ ဖတ်ဖတ်မော။ လေးတန်းစာမေးပွဲတုန်းက တနေ့ ၂ဘာသာမို့  စာမေးပွဲခန်းစောင့်ခဲ့ရတာ မှတ်မိသေးတယ်။ တဘာသာပြီးသွားရင် ဘာဖြေခဲ့သလဲ မပြောပဲ မုန့် ဟင်းခါး ၂ပွဲ၊ အအေး ၂ခွက် အရင်သောက်။ သင်လိုက်တာက ဗိုလ်ချူပ်အောင်ဆန်း.. ဖြေလာတာက မျက်လုံး။ အဲဒီလိုတလွဲတွေ လုပ်တတ်တာ။

ကျောင်းဆင်းချိန်မှာ လွယ်အိတ်ပဲတွေ့ ပြီး လူက အမြဲပျောက်နေတတ်တယ်။ အရပ်ကလေးက ပုပုလေးနဲ့  ဘောလုံးကန်တော်လို့  ကွင်းထဲမှာ လူတွေ အားပေးရင်း ရလာတဲ့ နာမည်က ဂျပုတဲ့။ မနက်က ဖြူဖွေးဖွေး ကျောင်းအကျီင်္လေးက ညနေကျ ဂျီးလက်လေးသစ်။ အိမ်ပြန်ရောက်လို့  စာကျက်ခိုင်းရင် ဗိုက်ဆာပြီ၊ အိမ်သာတက်ချင်ပြီနဲ့  သူ့ လက်ထဲရောက်မှ ပျင်းရိခြင်းတွေ အသစ်အသစ်တိုးလာတာလေ။ ဧည့်ခန်းထဲမှာ စာကြည့်ရင် တီဗွီဆီပဲ မျက်စိရောက်နေလို့  ဖေဖေ့ရုံးခန်းထဲ သွားကြည့်ခိုင်းတော့ ရုံးခန်းထဲက မှန်ဘီရိုကြီးက တဆင့်မြင်ရတဲ့ တီဗွီကို ကြည့်ပြန်ရော။ နောက်ဆုံး အဲဒီဘီရိုကြီးကို စောင်ကြီးအုပ်ထားရတာ။

ကျွန်မကိုဆို သင်္ချာအမှတ် ၁၀၀ မပြည့်ခဲ့ရင် အိမ်တောင်မရောက်သေးဘူး တဒေါက်ဒေါက်နဲ့  ခေါက်ခဲ့တဲ့ အဖေ မောင်လေးအလှည့်ကျတော့ ဂရိတ်တွေ လျော့ချပစ်ရတယ်။ ၈၀ လောက်ဆို ကျေနပ်ပြီပေါ့။ သင်္ကန်းတောင် မနိုင်သေးခင် အဖေတို့  အဖိုးအဖွားတို့ က
လှူခဲ့တော့ မြင်းပုပုလေး စီးချင်တယ်ဆိုလို့  အတော်ရှာယူရတာ။ ဖိုးသူတော်လေးပေါ့။ အဲဒီ ဖိုးသူတော်လေးက ကြီးလာတော့ ကိုရင် ခဏခဏ ၀တ်ပြီး တရားအတော်ထိုင်တာ။ ကိုရင်တခါ ၀တ်ပြီးတာနဲ့  ထွက်လာလိုက်တဲ့ အရပ်ကြီးကြောင့် ဂျပုဆိုတဲ့ နာမည်လဲပျောက်ရော။ သူက ကျွန်မထက် ၅ နှစ်ငယ်သူ။ သူတို့ ခေတ်မှာ ဂိုက်ဆိုတာ ခေတ်မစားသေး။ ဒါပေမယ့် ဆယ်တန်းမှာ ကျွန်မရော မေမေပါ မနိုင်လို့  ဆေးကျောင်းက ကောင်လေးတယောက်ကို ဂိုက်သဘောမျိုးငှားခဲ့ရတယ်။ မေမေက အမြဲပြောတယ်…ဂိုက်ဆိုတာ သူ့ သားက စခဲ့တာတဲ့။

သဘောကောင်းပြီး အလှူအတန်းကလဲ ရက်ရော။ သနားတတ်ပြီး စိတ်ကနူးညံ့လွန်နေတော့ ယောင်္ကျားလေး ဖြစ်ပြီး တချို့ ကိစ္စတွေမှာ မျက်ရည်လေး ၀ဲချင်ပြီ။ အပျိုဖြစ်ကတည်းက အိမ်ပြင်ထွက်ခဲတဲ့ ကျွန်မတို့ ညီမ ၂ ယောက်ကိုတော့ ရပ်ကွက်ထဲက မာနကြီးသည်တဲ့။ မောင်လေးကျတော့ အတော်လူချစ်လူခင်ပေါတာ လမ်းထိပ်က ၀က်သားကင် ဒုတ်ထိုးသည် အစ၊ တိုရှည်ရောင်းတဲ့ ကုလားမကြီး အလည်၊ ဓမ္မာရုံက အဘိုးကြီးတွေ အဆုံး သူနဲ့ မသိတာ မခင်တာ မရှိ။ စားပွဲထိုးလေးတွေကတော့ ဘောင်းဘီ တကားကားနဲ့  သူ့ ကို နာမည်ပေးထားတာ ကိုမင်းသားတဲ့။ တနေ့ တနေ့  လာလိုက်တဲ့ သူငယ်ချင်းတွေက တဖွဲဖွဲ။ ကြာတော့ ကိုယ်လဲ မမှတ်မိတော့။ တခုကောင်းတာက သူက ဘယ်တော့မှ ရန်မဖြစ်တတ်။ သူနားနေတဲ့ သူတွေ အမြဲပြုံးနေရအောင် အာဝဇွန်း ရွှင်သူ။ သူအိမ်မှာကပ်ရင် ကျွန်မတို့  ညီမ ၂ ယောက်နဲ့  ရန်ဖြစ်လိုက် ပြန်တည့်လိုက်။ ပြန်တည့်သွားရင်တော့ ပေါက်ကရတွေ ဆက်တိုက်ပြော တ၀ါးဝါး ပွဲကျနေရတာ။

ငယ်တုန်းက ယောင်္ကျားလေးမှ ဆိုတဲ့ ဖေဖေက ကြီးတော့ သူနဲ့ မတည့်တော့။ သူက ခေတ်လွန်တဲ့ အ၀တ်အစားတွေမှ ကြိုက်သူ။ ဖေဖေက စာအုပ်ကြီးသမား။ ရှပ်အကျီင်္ကို ကြယ်သီးစေ့တပ်ပြီး ၀တ်မှ ကြိုက်တဲ့ဖေဖေနဲ့  ကြောက်စရာကောင်းတဲ့ ပြူးပြူးပြဲပြဲ အရုပ်ကြီးတွေ ပါတဲ့ တီရှပ်တွေမှ နှစ်သက်တဲ့ သူနဲ့ က တကျက်ကျက်။ ဗိုကေလေး သပ်သပ်ရပ်ရပ် အဖေက ထားစေချင် သူက ဆံပင်ရှည်ခေတ်တုန်းက ဆံပင်ရှည်၊ ဒီဘက်ပိုင်း ခေါင်းတုန်းဆံပင်ပေါက် ပုံစံခေတ်ရောက်တော့ အဲဒီပုံစံ။ တခါတလေ ဂျင်းဘောင်းဘီ နီရဲရဲကြီးနဲ့  ထွက်ရင်ထွက်လာတတ်တာ။ တခါက သူက အရုပ်ကြီးလျာထွက်နေတဲ့ ဘောင်းဘီတိုကြီးနဲ့  အိပ်ရာက ထလာတော့ အညာက ဦးလေးက ရှက်ပြီး မကြည့်ရဲလို့ တဲ့။

ဒီတော့ အဖေနဲ့ သူ တကျက်ကျက် မဖြစ်ရအောင် မေမေရယ် ကျွန်မတို့  ညီမ ၂ ယောက်ရယ်က ညှိပေးရတယ်။ သိပ်ကြီးလဲ ခေတ်ရှေ့ မပြေးလွန်း သိပ်ကြီးလဲ လူကြီးမဆန်လွန်းတဲ့ အ၀တ်တွေ ၀တ်ခိုင်း။ သူက ခဏပါ။ အိမ်က ထွက်သွားတော့ ရိုးရိုးလေး ကျောင်းရောက်တော့ သူအိပ်ထဲက နားကွင်းတွေ၊ ဆွဲကြိုးတွေနဲ့  သူ့ စိတ်ကြိုက်ပုံဖြစ်သွားရော။ ညနေ ဖေဖေလာကြိုခါနီးကျတော့ ဖေဖေ့အကြိုက်ပုံလေးပေါ့။ အဲဒီလို ထူးခြားတဲ့ သူ့ ပုံကြောင့် သူ့ နဲ့ ကျောင်းနေဖက်တွေ တော်တော်များများ သူ့ ကို သိကြတယ်။ သူရဲ့ လည်ရှည်ဖိနပ်ကြီးတွေနဲ့  တွဲလို့ ပေါ့။ ကျွန်မ ဒီရောက်ကာစက သူမှာလို့  Queensway က လမ်းသရဲလေးတွေ ကျက်စားတဲ့ နေရာ လည်ရှည်ဖိနပ်ရှာပုံတော် ဖွင့်ရသေးတယ်။

သူက ငယ်ငယ်က အဆိုတော်ရူး။ တခါတခါ စိတ်ရူးပေါက်ရင် Guns and Roses သီချင်းဖွင့် အိမ်က တံမြက်စည်းကို မိုက်လုပ်၊ ဂီတာလွယ်ပြီး အိမ်ရှေ့ ပြေးလိုက် အိမ်နောက်ပြေးလိုက်နဲ့  အိမ်ကို စတိတ်စင်လို သဘောထား ကဲနေတော့တာ။ လမ်းမက ဖြတ်သွားတဲ့သူတွေဆို ရပ်ကြည့်ရတဲ့အထိ။ ပေါက်ကွဲဆူညံတဲ့ သီချင်းတွေကြိုက်တဲ့သူက မျိုးကျော့မြိုင်သီချင်း အေးအေးလေးတွေဆိုရင် အတော်နားထောင်လို့ ကောင်းတယ်။ ကျွန်မ ရေးတဲ့စာတွေဆို အမြဲရှံ့ ချတယ်။ ကလေးဆန်လို့ တဲ့။ သူက တာရာမင်းဝေတို့  နီကိုရဲတို့ ဆို အသဲအမဲ။ ကျွန်မ ဘလော့ဂ်ရေးတော့ အရှက်မရှိ ကိုယ့်အကြောင်းတွေ လိုက်ပြောနေလို့ တဲ့ ဆူသေးတယ်။ ခု သူ့ အကြောင်းတွေ တွေ့ ရင် ကျွန်မကို ဘာလုပ်မလဲမသိ။

သူတခြားနိုင်ငံသွားတော့ အိမ်ကြီးက အတော်သွေ့ ခြောက် ကျန်နေခဲ့တယ်တဲ့။ သူငယ်ချင်းတွေကလဲ မနေတတ် မထိုင်တတ်ဖြစ်။ သင်္ကြန်ဆို သူက ဦးဆောင်လုပ်နေကျဆိုတော့ သူမရှိတဲ့ သင်္ကြန်က အတော် အထီးကျန်တယ်ဆိုပဲ။ သူဟိုကို ရောက်တော့ အိမ်ကိုလွမ်းလို့  တရှုံ့ ရှုံ့ ငို။ ကျွန်မနဲ့ က ဖုန်းနဲ့  ပေါပေါသီသီ ပြောနိုင်တာမို့  အားပေးရတယ်။ ဟိုမှာ နေတာကြာတဲ့ အခါ သူအများကြီး လူကြီးဆန်လာတာတွေ့ မှ ကြိတ်ပြီး ၀မ်းသာမိတယ်။ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည်မပြန်ခင် ကျွန်မဆီ ၀င်လာတော့ အရင်ကလို ကြောင်ကြောင်ကြားကြားတွေ မ၀တ်တော့။ Country Shirt အပွင့်နုတ်နုတ်လေးတွေနဲ့  ဂျင်းလေးတွေ လူကြီးဆန်ဆန် ၀တ်လာတယ်။ ကျွန်မတို့ ညီအမမှာ နားပေါက်မရှိပေမယ့် သူကတော့ ဟိုရောက်မှ ဖောက်လိုက်တဲ့ နားပေါက်နဲ့ ။ စိန်နားကပ်ကြီးကို ကျွန်မအမျိုးသားက ဖေဖေအမြင်မတော်မှာ ကြောက်လို့  ချွတ်သွားခိုင်းတယ်။ ကျွန်မမျက်စိထဲတော့ နဲနဲယဉ်နေပြီလေ။

ဘာပဲဖြစ်ဖြစ် အများနဲ့ မတူတဲ့ ထူးထူးဆန်းဆန်း မောင်လေး တယောက်ရထားတာ တခါတခါ စိတ်လဲညစ်မိသလို၊ ပျော်လဲပျော်မိပါတယ်။ ခေတ်လွန်ဖက်ရှင်တွေ ကြိုက်ပေမယ့်  ဟော့ဟော့ရမ်းရမ်းမရှိ မိဘကို ဒုက္ခမပေးတဲ့ အပြင် မိဘကိုပါ လုပ်ကျွေးနေတဲ့ မောင်လေး တယောက် ၃၃နှစ်မြောက် မွေးနေ့ မှ သည် နောင်နှစ်ပေါင်း ရာကျော်တိုင်အောင် ပျော်ရွှင်စိတ်ချမ်းမြေ့ ဖွယ် မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးမိပါတယ်။

(အဝေးရောက် မောင်လေးရဲ့ မွေးနေ့ အမှတ်တရ)

တန်ခူး
3:20pm 25-Nov-2008

Thursday, November 20, 2008

အဲဒီနေရာလေးမှာ…


ဘာနဲ့ တူသလဲဆိုတော့…
သီချင်းအေးအေးလေးတွေနဲ့  ဧည့်ခံတတ်တဲ့ လမ်းထိပ်က လဘက်ရည်ဆိုင်မှာ ခုံပုပုလေးပေါ် ထိုင်ရင်း နင်ရယ်.. ငါရယ်… သူရယ်… ရင်ထဲက ခံစားချက်တွေကို အားရပါးရ အတူဝေမျှကြသလိုပဲ… တခါတခါ ခံစားချက်တွေ ကာရံညီကြတာလဲ ရှိရဲ့… တခါတခါ ခံစားချက်တွေ အရောင်ညှိမရတာလဲ ရှိရဲ့… ဘာပဲဖြစ်ဖြစ်… ငါ့နံဘေးမှာ နင်ရှိတဲ့… နင်နံဘေးမှာ သူရှိတဲ့…သူ့ နံဘေးမှာ ငါရှိတဲ့… အထီးကျန်ခြင်းတွေကို ကန်ထုတ်ပစ်တတ်တဲ့… အဲဒီနေရာလေးကို ငါက ချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
ကျောင်းရှေ့  စကားပင်လေးနားက တိုင်လုံးကြီးတွေ နံဘေးမှာ ဆံပင်ရှည်တွေ လေထဲ ကဗျာဆန်ဆန် လွင့်မျောနေတဲ့ ကောင်မလေးတယောက်ရဲ့ အရိပ်လေးကို သူ မမြင်အောင် တယောက်ထဲ ခံစားရသလိုပဲ… အချစ်ဆိုတဲ့ စကားလုံးပေါ်မှာ မေ့မေ့မျောမျော စီးမျောနေမိပြန်တယ်… ရင်ခုန်သံတွေ အသစ်ပြန်ပြန် ဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ စကားလုံးနုနုလေးတွေ စီကာချ… ဘာပဲဖြစ်ဖြစ်…ဆယ်ကျော်သက်လေး တယောက်လို ရင်ခုန်သံတွေ လတ်ဆတ်နေလို့  ရတဲ့ အဲဒီနေရာလေးကို ငါက ချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
မျက်စိတဆုံး မြစိမ်းရောင်တွေ လွှမ်းနေတဲ့ လွတ်လပ်ကျယ်ဝန်းတဲ့ လယ်ကွင်းပြင်ကြီးထဲ ငါရင်ထဲက မွန်းကြပ်မှုတွေကို စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်ရသလိုပဲ… တာဝန်… ၀တ္တရား… လူမှုရေး…စည်းမျဉ်း… ငါ့ကို တုတ်နှောင်ထားတဲ့ ကြိုးတွေကို တစစီဖြည်ချရင်း… ရင်ထဲက အတားအဆီးမရှိ ထွက်ကျလာတဲ့ အရောင်မဲ့သံစဉ်တွေပေါ်မှာ ကခုန်ရင်း… ဘာပဲဖြစ်ဖြစ်… ဟန်ဆောင်ထိန်းချုပ်ခြင်း ဆိုတဲ့ ပူပူလောင်လောင် ၀တ်ရုံကြီးကို စိတ်လွတ်ကိုယ်လွတ် ချွတ်ချပစ်လို့ ရတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
စိတ်ကူးလှလှလေး တခုကို ကိုယ်ကိုယ်တိုင် စုတ်တံလေးကိုင်ပြီး ပြီးပြည့်စုံတဲ့ ပန်းချီကားလေး ဖြစ်အောင် ရေးဆွဲနေရသလိုပဲ… အပြင်မှာ စိတ်တိုင်းမကျတဲ့ အရောင်တွေကို သဘာဝကျကျ မကျကျ ငါ့စိတ်တိုင်းကျ အရောင်လှလှတွေနဲ့  ပြင်ဆင်လို့ ရတယ်… အပြင်မှာ အကျည်းတန်တဲ့ ဆင်းရဲနုံချာခြင်းတွေကို ငါက အားရပါးရ ကြီးမြတ်ချမ်းသာခြင်းတွေနဲ့  အစားထိုးလို့ ရတယ်… အပြင်မှာ သည်းခံလို့ မရတဲ့ တရားမမျှအောင် စူးရှလွန်းတဲ့ အရောင်တွေကို ငါက အေးမြငြိမ်းချမ်းတဲ့ အဖြူရောင်တွေ များများ ဖုန်းပစ်လို့ ရတယ်… ဘာပဲဖြစ်ဖြစ်… ငါ့စိတ်ကူးတွေ ဆေးစက်ကျရာ အရုပ်ထင်တတ်တဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
လျှင်မြန်တဲ့ အရှိန်နဲ့  စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် လိုရာပို့ ပေးနေတဲ့ ယဉ်ပျံတခုနဲ့  စီးနင်းလိုက်ပါ ကမ္ဘာပတ်ရသလိုပဲ… စက္ကန့် ပိုင်းအတွင်း ကမ္ဘာအရှေ့ ပိုင်းက နင့်ဆီမှာ နင်တည်ခင်းတဲ့ အရသာရှိတဲ့ အစားအစာတွေကို မြိန်လျက်စွာစား … ကမ္ဘာအနောက်ပိုင်းက သူ့ ဆီမှာ သူဖန်ဆင်းတဲ့ အနုပညာတွေကို ခံစား… ဘာပဲဖြစ်ဖြစ်… အိပ်မက်တခုထက်တောင် ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ တနေရာစီမှာ ရှိနေတဲ့ နင်ရယ် ငါရယ် သူရယ် အမြဲအတူဆုံလို့  ရအောင် လှလှပပ ဆက်သွယ်ပေါင်းကူးပေးထားတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
ငယ်ငယ်တုန်းက သင်္ချာဘာသာမှာ ပျမ်းမျှခြင်းတွက်ရ သလိုပဲ… ငါ့မှာ ပန်းသီး ၂လုံး… နင့်မှာ ပန်းသီး ၃လုံး… သူ့ မှာ ပန်းသီး ၄ လုံး… ငါတို့ တွေ ပေါင်းပြီး ပျမ်းမျှခြင်းချလိုက်တော့ တယောက် ပန်းသီး ၃ လုံး… ဘယ်လောက် တရားမျှတတဲ့ သင်္ချင်္ာပျမ်းမျှခြင်းလဲနော်… အဲဒီလိုပဲ အသက် ၂၀ ရှိတဲ့ နင်ရယ် အသက် ၃၀ရှိတဲ့ သူရယ် ပြီးတော့ အသက် ၄၀ရှိတဲ့ ငါရယ်ပေါင်း… အသက်တွေ ပျမ်းမျှခြင်းချတော့… ရွယ်တူတွေလို ငယ်ပေါင်းကြီးဖော်တွေလို…
ဘာပဲဖြစ်ဖြစ်… တယောက်နဲ့ တယောက် မမြင်မတွေ့ ဖူးတာတောင် ပျမ်းမျှခြင်းချလိုက်သလို သံယောဇဉ်တွေ မတိမ်းမယိမ်းနဲ့  နွေးထွေးတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

အဲဒီနေရာလေးမှာ ငါရဲ့ပေါက်ကွဲသံတွေကို သည်းခံနားထောင်ပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ရဲ့ပျော်ရွှင်မှုတွေကို ဝေမျှခံစားပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ရဲ့မျက်ရည်တွေကို ဖေးကူအားပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါခေါ်တဲ့ အတိတ်နေ့ ရက်တွေနောက် တကောက်ကောက် လိုက်ပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ခံစားမှုမှတ်တိုင်လေးတွေ ၁၀၀ ပြည့်တဲ့အထိ င့ါနံဘေးမှာ နင်ရယ် သူရယ် ရှိနေပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ခံစားမှုမှတ်တိုင်လေးတွေ မရေမတွက်တဲ့အထိ င့ါနံဘေးမှာ နင်ရယ် သူရယ် ရှိနေပေးဦးမယ်ဆိုတာ ငါလေးလေးနက်နက် ယုံနေတယ်…

(ပို့ စ် ၁၀၀ ပြည့် အမှတ်တရ)

(စာကြွင်း- ဘလော့ဂ် အဖော်တွေထဲမှာ ကျွန်မထက် အသက်အရွယ်ကြီးတဲ့ သူတွေ ရှိသလို အသက်အရွယ်ငယ်တဲ့ သူတွေလဲ ပါပါတယ်… နင်ရယ် ငါရယ် သူရယ်လို့  အသက်တွေ ပျမ်းမျှခြင်း ချပြီး နွေးထွေးတဲ့ နာမ်စားတွေ သုံးလိုက်တာ အပြစ်ရှိခဲ့ရင် အချစ်တွေနဲ့ ကျေပေးလိုက်ပါနော်)

တန်ခူး
2:40pm 20-Nov-2008

Tuesday, November 18, 2008

အလေ့ကျ




အလေ့ကျ အပင်လေးပါ
ပြုစုပျိုးထောင်စရာ မလိုပေမယ့်
အသက်ရှင်ဖို့  မြေ၊ရေ၊နေ တော့လိုတယ်။

(ဓာတ်ပုံလေးကို ဒီနေရာမှ ရပါတယ်)

တန်ခူး
1:30pm 18-Nov-2008

Friday, November 14, 2008

နွံ

ကတ်

ကတ်နဲ့ ကျွန်မ ဒီအလုပ်ကို ၀င်ကြတာ သိပ်မကွာ။ ကတ်က ကျွန်မထက် ၂ ပတ်စောသည်။ ကျွန်မနဲ့  အလုပ်ဝင်တာ same batch လို့ ပြောလို့ ရသည်က မလေးရှားတရုတ်လူမျိုး ကတ်ရယ်၊ စင်္ကာပူမလေးရှားလူမျိုး ဆန်နီရယ်ပေါ့။ ကတ်က အတော်ရုပ်ဖြောင့်ပြီး သဘောကောင်းသည်။ ဆန်နီကလဲ အသားတော်တော်လတ်ပြီး သွားတက်လေးတွေနှင့် မျက်နှာချိုသည်။ သူတို့ ၂ယောက်လုံး ကျွန်မထက်ငယ်ကြတော့ ကျွန်မမောင်လေး ၂ယောက် ကောက်ရသလိုပင်။

ဆန်နီက တခါတလေ ကလေးဆန်ပြီး ကတ်က လူကြီးဆန်သည်။ အဲဒီတုန်းက ကတ်ရော၊ ကျွန်မရော ချစ်သူတွေ ကိုယ်စီနှင့် မကြာခင် လက်ထပ်ဖို့  စီစဉ်ထားကြသည်။ ကတ်ကောင်မလေးက ကတ်လို ရုပ်လေးသန့် ပြီး တော်တော်ချစ်ဖို့ ကောင်းသည်။ အရမ်းလိုက်သည့် အတွဲပါ။ ကတ်က ကျွန်မဆရာဆိုလဲ မမှား။ ကျွန်မ အစိမ်းသက်သက် ၀င်လာသည့် နယ်မြေအသစ်ထဲမှာ သူက ကျွန်မကို တွဲခေါ်ခဲ့သူ။ သူလို့ သူငယ်ချင်းမျိုးရတာ အရမ်းကံကောင်းပါသည်။ ပြီးတော့ အထာလဲသိပ်မရှိ။ ပွင့်လင်းသည်။ အားနာတတ်သည်။ နိုင်ငံခြားသားဖြစ်ပေမယ့် ပေါင်းလို့ ကောင်းသည်။

ကတ်က ကျွန်မထက် အရင်မင်္ဂလာဆောင်ဖြစ်သည်။ ကျွန်မက အိမ်ထောင်ပြုဖို့  မိဘတွေနှင့် အတော်လေး နားလည်မှုယူရတာက အစ သူ့ နဲ့ တိုင်ပင်ဖြစ်သည်။ အလုပ်ထဲက အခက်အခဲ၊ ဆက်ဆံရေး အကုန် ကတ်နဲ့ ကျွန်မ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖော်။ ကျွန်မက တခြားအုပ်စုရောက်သွားတော့ ကတ်နဲ့  အရင်ကလောက် စကားပြောဖို့  အချိန်မရ။ တခါတလေတော့ ထမင်းအတူစားရင်း စကားတွေ ပြောဖြစ်သည်။ ကျွန်မ အိမ်ထောင်ကျပြီး တနှစ်လောက်ကြာတော့ ကတ်သားဦးလေးမွေးသည်။ နောင် တနှစ်လောက်ကြာတော့ ကျွန်မက သားဦးလေးမွေးသည်။ ကတ်နဲ့ ကျွန်မ ကလေးတွေ အကြောင်းတိုင်ပင်ဖြစ်ပြန်သည်။ အဲဒီအထိ ကတ်က တာဝန်ကျေ၊ သစ္စာရှိသော ဖခင်ကောင်း၊ ခင်ပွန်းကောင်းဖြစ်နေခဲ့သည်။ ၀မ်ဒီဆိုသည့် မိန်းမတယောက် သူ့ ဘ၀ထဲ မ၀င်လာသည်အထိပေါ့။

*********************

ဝမ်ဒီ

တကယ်တော့ ၀မ်ဒီက ကျွန်မတို့ ထက် စောပြီး ဒီအလုပ်မှာရှိနေခဲ့ပြီးသား။ ကျွန်မ အလုပ်ဝင်ကာစ ကတည်းက အိန္ဒြာကျော်ဇင်နဲ့  နဲနဲဆင်တဲ့ ၀မ်ဒီ့ကို သတိထားခဲ့မိသည်။ သူက အိန္ဒြာကျော်ဇင်လောက်တော့ မလှပါ။ သူက သူများထက် ဖက်ရှင်ကျကျ ၀တ်တတ်သည်။ ကတ်လို မလေးရှားတရုတ်လူမျိုးဖြစ်ပေမယ့် ဒီမှာပေါက်သည့် စလုံးမလေးအတိုင်း။ စကားပြောသွက်ပြီး အမြဲပြုံးနေတတ်ပေမယ့် မရိုးသားတဲ့ မျက်လုံးတွေရှိလို့ ကျွန်မသူ့ ကို မချစ်ပါ။ အသားနဲနဲဖြူသည့် အိန္ဒိယလူမျိုးများကိုသာ စကားပြောတတ်ပြီး အသားမဲသူတွေကို မတူမတန်သလို အဖက်မလုပ်တတ်သောကြောင့် ကျွန်မသူငယ်ချင်းကုလားမလေးက သူ့ ကို အလွန်မုန်းသည်။

ကျွန်မနဲ့ သူ အုပ်စုတူသွားတော့ မချစ်သော်လည်း အောင့်ကာနမ်းရသည်။ အဲဒီတော့မှ သူ့ အကြောင်းကို သေချာသိရသည်။ တလလျှင် ဒေါ်လာသောင်းကျော်ဝင်သော ခင်ပွန်းနှင့် ပိုက်ဆံအလွန်ရှိသော ယောက္ခမကြီးက သူ့ ကို အလွန်အလိုလိုက်သည်။ သန်းချီတန်သော အိမ်မှာ အခြွေအရံတွေနှင့်။ ဒါကြောင့် အလုပ်ခွင်မှာ တခါတလေ တရားလက်လွတ် စကားပြောတတ်သည်။ လုပ်ဖော်ကိုင်ဘက် အများစုက သူ့ ကို မချစ်ကြ။ သားလေးမွေးပြီးနောက်မှ သူ့ ဝတ်စားဆင်ယင်ပုံက နဲနဲ လွန်လာသည်။ လည်ပင်းဟိုက်လွန်းသော အကျီင်္၊ တိုလွန်းသောစကပ်တွေနှင့် သူ့ ကို အနောက်တိုင်းဆန်သည့် ဌါနကအကြီးဆုံးက ဌါနရဲ့ ကွင်းဘွဲ့ တောင် ပေးလိုက်သေးသည်။

သူက လည်သည်။ အထက်ဖား အောက်ဖိတတ်သည်။ စကားတွေ အရောင်ပြောင်းတတ်သည်။ ကျွန်မရော စင်္ကာပူလူမျိုး ကျွန်မသူငယ်ချင်း ၂ယောက်ပါ သူ့ ကို အတော်သတိထားရသည်။ ကျွန်မတို့  ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေချိန်မှာ ဘယ်အချိန်က ဘယ်လို သူက ကတ်နှင့် အတော်ရင်းနှီးသွားသည် မသိလိုက်။ ကတ်မိန်းမ ဒုတိယကိုယ်ဝန်ရှိပြီး မအောင်မြင်တော့ ကျွန်မကတ်ကို အားပေးရင်း ကတ်အနားမှာ ကလက်တက်တက် အပြူံးနဲ့  အချိန်တော်တော်များများရှိနေတတ်တဲ့ ၀မ်ဒီ့ကို သတိထားမိခဲ့သည်။ စိတ်ထဲမှာ တခုခုကို စိုးရိမ်မိပေမယ့် မဖြစ်နိုင်ပါဘူးလို့  ပြန်ဖြေတွေးတွေးခဲ့သည်။

*********************
ကတ်+၀မ်ဒီ

ကတ်အမျိုးသမီး နောက်ထပ်ကိုယ်ဝန်ရှိပြီး ဒီတခါကိုယ်ဝန်ကို ဂရုစိုက်ချင်လို့  ကိုယ်ဝန် ၆ လနဲ့ မလေးရှား ပြန်သွားပြီး မလေးရှားမှာ မွေးတဲ့ထိနေမယ်လို့  ကတ်လာပြောတော့ နင်ပါခွင့်ယူပြီးလိုက်သွားပါလားလို့  ကျွန်မက မျက်စိမှိတ်ပြီး တိုက်တွန်းခဲ့သေးသည်။ အဲဒီလို မလုပ်သင့်မှန်းသိသိနဲ့ ပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကတ်စားပွဲနံဘေးမှာ အကြောင်းမရှိ အကြောင်းရှာ ခဏခဏတွေ့ ရတတ်တဲ့ ၀မ်ဒီကြောင့်ပါ။ မိန်းမမရှိတာနဲ့  အလွယ်တကူ ဖောက်ပြန်တတ်သူထဲ ကတ်မပါနိုင်ဘူးလို့  ကျွန်မက ကတ်ကို အထင်ကြီးမိခဲ့တာ။ တကယ်တော့ သူတို့ နှစ်ယောက်တူတူတက်ခဲ့တဲ့ မာစတာတန်းကလဲ အားပေးအားမြှောက်ပြုတဲ့ အကြောင်းရင်းပဲ ထင်ပါ့။

မူမမှန်တဲ့ ဆက်ဆံရေးကို ကျွန်မရိပ်မိလာတော့ ကတ်ကို မြန်မာဆန်ဆန် သွယ်ဝိုက်သော နည်းအားဖြင့် သတိပေးမိပါတယ်။ ကတ်က ကျွန်မရိပ်မိနေတာ သိတော့ ကျွန်မရှေ့ မှာ တတ်နိုင်သမျှ အနေအထိုင် ဆင်ခြင်ပေမယ့် ၀မ်ဒီကတော့ တဆိတ်ကဲလွန်းပါတယ်။ တခါတလေ ကျွန်မက ကတ်နဲ့  အရင်လို စကားပြောရင်တောင် သူက မကျေနပ်တဲ့ မျက်လုံးတွေနဲ့  လှမ်းလှမ်းကြည့်တဲ့ အခါ ကျွန်မ အသားတွေ တဆတ်ဆတ်တုန်တဲ့ အထိ ဒေါသထွက်ရပါတယ်။

ကတ်က မနက်တိုင်း ၀မ်ဒီ့်အတွက် မနက်စာဝယ်လာ၊ တခါတလေ ကတ်ကားမယူလာပဲ ၀မ်ဒီနဲ့ အတူလာတာ တွေ့ တဲ့အခါ ကိုယ်ဝန်ကြီးနဲ့  ယောင်္ကျားကို ယုံကြည်စိတ်ချစွာ မလေးရှားမှာရှိနေတဲ့ ကတ်အမျိုးသမီးလေး အကြောင်းတွေးပြီး ကျွန်မ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။ တဌါနအတူတူ လုပ်ဖော်ကိုင်ဘက် အချို့ ကလဲ သူတို့ ဇာတ်လမ်းကို ရိပ်မိလာတဲ့အထိပါပဲ။ ဒီဇာတ်လမ်းကို ၀မ်ဒီစခဲ့တာ ဆိုတာ ကျွန်မကောင်းကောင်းကြီး သဘောပေါက်ခဲ့ပေမယ့် ဟိုးငယ်ငယ်လေး ကတည်းက ချစ်လာတဲ့ ကိုယ့်ဇနီးမရှိခင် ၄ ၅ ၆လလောက်ကလေးမှာ စိတ်မနိုင် ဖောက်ပြန်တတ်တဲ့ ကတ်ကို ကျွန်မ အတော်ကို အထင်သေးသွားမိပါတယ်။ စိတ်တိုလို့  စကားကောင်းကောင်းတောင် မပြောခဲ့ပါဘူး။

ဝမ်ဒီကတော့ အတော်ကျွမ်းကျင်ပါတယ်။ သူ့ ယောင်္ကျားကိုယ်တိုင် ဆင်ပေးတဲ့ အဖိုးတန်အကျီင်္တွေ ၀တ်ပြီး ကတ်နဲ့ လျှောက်လည်တတ်သေးတယ်။ နေ့ လည်ဘက်ဆို ယောက္ခမဆီ အသံချိုချိုလေးနဲ့ ခွျှဲ။ သူ့ အသံနားထောင်ပြီး ဒုတ်ကလေးနဲ့  ခပ်စပ်စပ်သာ ရိုက်ချင်တော့တာ။ မိန်းမမွေးတော့ ကတ် မလေးရှားပြန်သွားတာ ကျွန်မဖြင့် စိတ်ချမ်းသာလိုက်တာ။ အဲဒီအချိန်ရောက်ပါစေလို့  ဆုတောင်းနေရတာလေ။ ချစ်စရာကောင်းတဲ့ မိန်းမလေးနဲ့  ပြန်တွေ့ ရင် ကတ် ဆင်ခြင်ကောင်းပါရဲ့ပေါ့။

*********************
နွံ


နောက်ပိုင်းမှာ ကတ်ကို ကြည့်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်း။ အလုပ်ထဲလဲ သိပ်စိတ်မပါတော့ သူ့ အရာရှိနဲ့ လဲ အဆင်မပြေ။ တကယ်ဆို သူက သိပ်တော်တဲ့သူပါ။ မျက်နှာကြီးက သုန်သုန်မှုန်မှုန်နဲ့ ။ မရုန်းနိုင်တဲ့ နွံထဲမှာ အတော်ပိတ်မိပြီး မွန်းကြပ်နေသလို။ မာစတာတန်းလဲ ကျ။ သူ့ ပုံစံက လူတကာ ရိပ်မိစရာ။ ဟိုဘက်မှာလဲ အဖေရယ်၊အမေရယ်၊သားရယ် မိသားစုကလေး… ဒီဘက်မှာလဲ အဖေရယ်၊အမေရယ်၊ကလေးနှစ်ယောက်ရယ် မိသားစုလေး… ဘာမှမဟုတ်တဲ့ လူနှစ်ယောက်ရဲ့ စိတ်သာယာမှုလိုက်ကြတာနဲ့  အပြစ်မရှိတဲ့ မိသားစုလေး၂ခု မပြိုကွဲစေချင်ပါ။

အဲဒီကိစ္စဖြစ်ပြီး ကတည်းက လမ်းမှာတွေ့ရင် အပြုံးလျော့လျော့ တခုသာ တုန့် ပြန်ဖြစ်ပြီး အရင်ကလို စကားမပြောဖြစ်တဲ့ ကျွန်မကို ကတ်က တိုင်ပင်စရာရှိလို့ လို့ ဆိုလာပါတယ်။ သူအလုပ်ထွက်တော့မယ်တဲ့။ သူ့ ဆုံးဖြတ်ချက်ကြားလိုက်တာ ကျွန်မ အတော်ဝမ်းသာသွားပါတယ်။ ဒီအလုပ်မှာ ဆက်နေရင် ဒီနွံမှာ ဆက်နစ်ဖို့ ပဲ ရှိတာမို့ ကျွန်မက သူ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ ထောက်ခံမိပါတယ်။ သူအလုပ်ရှာနေချိန်မှာ ကျွန်မ သူ့ ကို အရင်ကလို ပြန်ခေါ်ပြောဖြစ်ပါတယ်။ ရုန်းထွက်ဖို့ အလင်းရောင်လေးဆီ သွားခဲ့တဲ့သူ့ ကို စိတ်ဓါတ်အင်အားပေးတဲ့ သဘောပါ။ကတ် တကယ်ပဲရုန်းထွက်နိုင်ခဲ့ပါတယ်။ သူအလုပ်ရပြီးထွက်တော့မယ့် နောက်ဆုံးနေ့ က ကျွန်မ ငိုမိပါတယ်။ သူဟာ ကျွန်မအတွက် အစစ ကူညီခဲ့တဲ့ စိတ်ထားကောင်းတဲ့ သူငယ်ချင်းလေးပါ။

ယနေ့ ထက်ထိ ကတ်နဲ့ ကျွန်မ အဆက်အသွယ်ရှိဆဲ သူ့ မိသားစု ကိုယ့်မိသားစု အတွေ့ အကြုံ ဖလှယ်ကြဆဲ ပါ။ ကတ်မှာ ခုဆို နောက်ထပ် သမီးလေး တယောက်တောင် ရပြီး ကလေး ၃ယောက်ရဲ့ ဖေဖေကြီးဖြစ်နေပါပြီ။ တကယ်လို့ သာ စိတ်အလိုလိုက်ပြီး ဆုံးဖြတ်ချက် အမှားသာ ချလိုက်ရင် အပြစ်မဲ့တဲ့ ကလေးလေးတွေ အဖေတကွဲ အမေတကွဲ နေရတော့မှာလေ။ ခုတော့ သူ့ ရဲ့ ဆုံးဖြတ်ချက် မှန်ကန်မှု ရလာဒ် စိတ်ချမ်းသာခြင်းကို သူကိုယ်တိုင် ခံစားနေရပြီလေ။

တကယ်တော့ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် အိမ်ထောင်ပြုပြီးတဲ့အခါ ကိုယ့်အတ္တ ကိုယ့်သာယာမှုထက် အိမ်ထောင်တည်မြဲမှုကို ပိုအလေးထားသင့်ပါတယ်။ ကလေးလေးတွေ ရှိလာပြီဆိုရင်တော့ ပိုလို့ တောင် သတိထားရမှာပါ။ မိဘတွေ ရွေးချယ်တဲ့လမ်းမှာ ရှင်သန်ခွင့်ရမယ့်  ကလေးတွေရဲ့ နှလုံးသားနုနုလေးတွေ အနာတရ မဖြစ်အောင် ကိုယ့်အတ္တတွေကို မီးရှို့ ပစ်ရမှာပါ။ ကိုယ်လုပ်နေတဲ့ အလုပ်တခုဟာ ကိုယ့်မိသားစုကို ဘယ်လောက်ထိ နစ်နာထိခိုက်သွားနိုင်လဲ ဆိုတာ အရင်စဉ်းစားဆင်ခြင်သင့်ပါတယ်။ မိသားစုတိုင်း ငြိမ်းချမ်းသာယာ ခိုင်မြဲကြပါစေ။

တန်ခူး
11:20am 14-Nov-2008


Tuesday, November 11, 2008

တို့ ကျောင်း

သူငယ်တန်းမှ ၅ တန်းထိ လသာ၂မှာ ၆နှစ်တိတိ နေခဲ့ပြီး မိဘတွေက အသက်နဲနဲရလာတဲ့ ကျွန်မကို အမေ့မျက်စိရှေ့ မှာ နေသင့်တယ်ဆိုကာ အမေရှိတဲ့ကျောင်းကို ပြောင်းပေးခဲ့တယ်။ အဲဒီကျောင်းကတော့ အောင်ဆန်းကွင်းရှေ့ ၊ အထက ၄ မင်္ဂလာတောင်ညွန့် နဲ့  ယခင် ကူးစက်ရောဂါ ဆေးရုံကြားက အထက ၃ မင်္ဂလာတောင်ညွန့်  ပဲဖြစ်ပါတယ်။ အမေက အဲဒီကျောင်းမှာ ဆရာမလုပ်တော့ ကျောင်းကြီးကို ရင်းနှီးနေပေမယ့် ကျယ်ဝန်းပြီး ကစားကွင်းများစွာရှိတဲ့ လသာ၂မှာ ၆နှစ်လောက် နေသားကျလာတော့ ပြောင်းကာစက ကျွန်မ မပျော်ခဲ့ပါဘူး။ သူငယ်ချင်းဟောင်းတွေနဲ့  ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ ပြောင်းနေရတာရယ်… ပြီးတော့ ဆရာမသမီးဆိုပြီး ဆရာမတွေကရော၊ ကျောင်းသူတွေကပါ စောင့်ကြည့်နေကြတော့ အစပိုင်းမှာ တော်တော်ကို စိတ်ကျဉ်းကျပ်ရပါတယ်။ ဒါပေမယ့် ၃ လလောက်ကြာတော့ ကိုယ့်ငယ်မွေးခြံပေါက်ကျောင်းလို စရင်းနှီးပြီး ပျော်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့  သံယောဇဉ်တွေတွယ်လာတာရယ်… ပိုသိတတ်တဲ့အရွယ်မှ အဲဒီကျောင်းကို ရောက်သွားတာရယ်ကြောင့် ခုချိန်မှာ ကျွန်မက လသာ၂ထက် တောင်ညွန့် ၃ ကျောင်းကြီးကို ပိုလွမ်းတတ်တယ်ဆို သိပ်များ မတရားရာ ကျသွားမလားပဲ။

ကျွန်မတို့  ၆ တန်းနှစ်က လမ်းမနဲ့ ကပ်နေတဲ့ အဖြူရောင်စာသင်ဆောင်ကြီးမှာ တက်ခဲ့ရတယ်။ အဲဒီစာသင်ဆောင်ကြီးရဲ့ အလယ်ထပ်မှာ ဆုပေးပွဲလုပ်နေကျ စတိတ်ကြီးရှိပါတယ်။ အောက်ဆုံးထပ်Hall ကြီးကတော့ မနက်တိုင်း စုဝေးပြီး ကျွန်ုပ်တို့ ၏ ယုံကြည်ချက်နဲ့  ကမ္ဘာမကြေဆိုနေကျနေရာဖြစ်သလို ညနေပိုင်းကာယလုပ်နေကျ… တခါတလေ မျက်လှည့်ပွဲတို့  ကာယဗလပြပွဲတို့ လုပ်နေကျ နေရာလဲဖြစ်တယ်။ အဲဒီဘေးက ကစားကွင်းကတော့ ကျွန်မတို့  ထုတ်ဆီးအကြီးအကျယ်တိုးခဲ့တဲ့ နေရာပေါ့။ အမြင့်ပိုင်း စာကြည့်တိုက်ကို စတိတ်လို သဘောထားပြီး အာစရိယ ပူဇော်ပွဲတွေ လုပ်ခဲ့တဲ့ နေရာလဲဖြစ်တယ်။

တောင်ညွန့် ၃ မှာ ကျွန်မ အလွမ်းဆုံးကတော့ ယခင်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေး ဖြစ်ခဲ့တဲ့ စာကြည့်တိုက်လေးရယ် စာကြည့်တိုက်ရှေ့ က ခေါင်းလောင်းလေးရယ်… ပြီးတော့ စာကြည့်တိုက်နောက်က ဂွေးပင်ကြီးရယ်ပေါ့။ စာကြည့်တိုက် ဖွဲ့ စည်းမှုရယ်၊ ဆိတ်ငြိမ်မှုရယ် ၊ စာကြည့်တိုက် နံရံမှာ ကပ်ထားတဲ့ ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ လူရည်ချွန်အမကြီးတွေရဲ့ ပုံရယ် စာကြည့်တိုက်မှုး အမပက်ထရစ်ရှာရဲ့ ဆက်ဆံရေးကောင်းမှုကြောင့် ကျောင်းသူအများက စာကြည့်တိုက်ကို ချစ်ကြ ၀င်ကြ ထွက်ကြပါတယ်။ ကျွန်မတို့ ကတော့ ညနေကျောင်းဆင်းခါနီး ကျောင်းရှေ့ က အလံတိုင် သိမ်းဖို့ တာဝန်ကျရင် ငွေသွားကြီးတွေ ပေါ်အောင် အမြဲပြုံးနေတတ်တဲ့ ကျောင်းစောင့်ကြီး ဦးဟန်စိန် သဘောကောင်းတာကို အခွင့်ကောင်းယူပြီး စာကြည့်တိုက်ရှေ့ က ကျောင်းဆင်းခေါင်းလောင်းကို ၃ မိနစ်လောက်ကြိုကြို သွားတီးတတ်ပါတယ်။ ဆရာမတွေ ကျောင်းသူတွေကတော့ ဦးဟန်စိန်ကြီး စောတီးတယ်ထင်နေတာပေါ့။

စာကြည့်တိုက်ထက် ပိုမြင့်မားတဲ့ ဂွေးပင်ကြီးက တကျောင်းလုံး စားနိုင်တဲ့ ဂွေးသီးတွေ သီးပေးတယ် ဆိုရင် အံ့သြသွားကြမလား။ ကျွန်မ အမှတ်မမှားဘူးဆိုရင် နှစ်စဉ် ပထမအစမ်း စာမေးပွဲ ဖြေချိန်ဆို ဂွေးပင်ကြီးသီးတဲ့အချိန်ပါ။ ဆရာမတွေက မေးခွန်းစာရွက်တွေ ဝေပြီး မကြာခင် ကျောင်းသူတလုံးကို ဂွေးသီးတလုံးကျ ဝေပေးတတ်တာ မှတ်မိနေပါသေးတယ်။ တလုံးထဲစားရလို့ လားမသိ အရမ်းချိုမြတဲ့ ဂွေးသီးပါ။ ခုတော့ အဲဒီဂွေးပင်ကြီးလဲ သေသွားရှာပြီတဲ့။ လသာ၂က စိန်ပန်းပြာပင်ကြီးကို လွမ်းသလို တောင်ညွန့် ၃ စာကြည့်တိုက်ရှေ့ က သနပ်ခါးပင်နဲ့  ယုဇနပင်တွေကိုလဲ ခဏခဏ လွမ်းတတ်ပါတယ်။

စာကြည့်တိုက်ရှေ့ က ကျောင်းရဲ့ ပင်မအဆောက်အဦး အုတ်နီရောင်။ ဆရာမကြီး ရုံးခန်းက အောက်ထပ်မှာ ရှိတယ်။ ကျွန်မတို့  ခေတ်က ကျောင်းအုပ်ဆရာမကြီးကတော့ နာမည်ကျော် ဂီတဆရာစောဘွဲ့ မှုးရဲ့ အမကြီး ဒေါ်နော်မာစီကြီးဖြစ်ပါတယ်။ ဆရာမကြီးက သဘောကောင်းသလို စည်းကမ်းလဲကြီးတဲ့ ကရင်လူမျိုး အပျိုကြီးပါ။ သူရဲ့ စည်းကမ်းကောင်းမှုကြောင့် အောင်ချက်တွေ ကောင်းတဲ့အပြင် မြန်မာတနိုင်ငံလုံး ၁ မှ ၁၀ ကျောင်းသူတွေ လူရည်ချွန်တွေ ဆရာဝန် အင်ဂျင်နီယာတွေ အပြင် အားကစားသမားကောင်းတွေ အနုပညာသမားတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဆရာမကြီး အခန်းနဲ့ ကပ်လျက်က ဘင်ခရာခန်း။ အတွင်းဘက် အစွန်ဆုံးက ကျွန်မတို့  ၁၀တန်းA။ စစ်ဆေးရေးလာရင် အရင်ဆုံးဝင်တဲ့ အခန်း။ ကူးစက်ဆေးရုံနဲ့ ကပ်နေတာမို့  ၁၀တန်းနှစ်မှာ တချို့ ကျောင်းသူတွေ ခဲတံထဲ သရဲဝင်ပူးပြီး ခဲတံနတ်ဆို မေးကြတာလဲ ဒီအခန်းထဲမှာပဲ။ အတန်းခေါင်းဆောင် မဆွေဆွေလွင်က အတန်းကို ကောင်းကောင်းနိုင်တယ်။ သူ့ နေရာက ကော်ရစ်ဒါကို လှမ်းမြင်နေရတဲ့နေရာ။ ဆရာမ မလာခင်တော့ လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်။ ဆရာမလာတာမြင်လိုက်တာနဲ့  တတန်းလုံးကို လှမ်းအော်လိုက်တာပဲ။ အဲဒီအချိန်ဆို စာဂျပိုးတွေရဲ့ စာအော်ဆိုသံတွေလဲရပ်၊ အချစ်တော်စာ ခိုးရေးနေသူတွေလဲ စာတွေဖွက်၊ မုန့် ခိုးစားနေသူတွေက မုန့် တွေဖွက်နဲ့  ၅မိနစ်အတွင်း ငြိမ်သက်စည်းကမ်းရှိတဲ့ Aတန်းဖြစ်သွားရော။ အဲဒီလိုဆိုလို့  တကယ် မလိမ္မာဘူး မထင်နဲ့ နော်။

အပေါ်ထပ်မှာ ဘုရားခန်းရှိတယ်။ ကထိန်နဲ့ ဝါဆိုပန်းကပ်တဲ့ အချိန်ဆို သိပ်ပျော်ဖို့ ကောင်းတာ။ တကျောင်းလုံးက ယူလာတဲ့ ၀ါဆိုပန်းတွေကို ရွှေတိဂုံဘုရားမှာ သွားကပ်ရတာရယ် ရပ်ကွက်ထဲကို အဖြူအစိမ်းလေးတွေ ၀တ်ပြီး ကထိန်လှည့်ရတဲ့ အချိန်တွေဆို မြူးတူးတက်ကြွ။ အဲဒီလိုနေ့ ဆို အဖြူအစိမ်း အကီင်္ျအသစ်လေးဝတ်၊ သနပ်ခါးတွေ ခါတိုင်းထက် ဖွေးနေအောင်လိမ်းလို့ လေ။ ပင်မအဆောက်အဦးကြီးက ရတန်း ၊ ၉ တန်း၊ ၁၀ တန်း ၃နှစ်တောင် နေခဲ့ရတာမို့  ပိုသံယောဇဉ်ရှိမိပါတယ်။ အချစ်တော်နဲ့ ချိန်းတွေ့ ခဲ့တဲ့ သစ်သားလှေကားထစ်တွေ၊ အချစ်တော်ကို စိတ်ဆိုးပြီး သူပေးခဲ့တဲ့ စာအုပ်လေးကို ကူးစက်ရောဂါဆေးရုံထဲ လွှင့်ပစ်ခဲ့တာတွေ ခုထိသတိရမိနေတုန်း။ ခုချိန်လောက်ဆို ကျွန်မ အချစ်တော် မိမိနွယ်လဲ ကလေး ဘယ်နှစ်ယောက်လောက် ရနေပြီလဲ မသိဘူး။

၈ တန်းနှစ်က ဆရာမ မလာခင် ခုံနောက်မှာ ဇယ်ခုပ်တိုင်း ကစားကြလို့  Aတန်းဖြစ်ပြီး စည်းကမ်းပျက်ရမလားဆို ဆရာမဒေါ်ခင်မြမေ တတန်းလုံး ကြိမ်လုံးနဲ့ တီးခဲ့တာ မှတ်မိပါသေးတယ်။ တိုးချဲ့ ဆောင် ၈ တန်းဆောင်ရဲ့ရှေ့  ဗန်ဒါပင်ကြီးက အသီးတွေ ထုပြီးစားခဲ့တာလဲ လွမ်းမိသေးပါတယ်။ မုန့် ဈေးတန်းမှာတော့ ကျွန်မအရမ်းကြိုက်တဲ့ အရည်ကျဲကျဲ မုန့် ဟင်းခါးရှိတယ်။ တပွဲငါးမူး။ လူတွေက အမြဲကြိတ်ကြိတ်တိုး။ သရက်သီးကို ပေါက်ပြီး ငရုတ်သီးမှုန့် ၊ မဆလာ၊ ငံပြာရည်နဲ့ နယ်ထားတာ တမတ်ဖိုးဆို သူငယ်ချင်းတွေ ၀ိုင်းစားလို့ ရတယ်။ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်ကို ခုံအောက်ထဲထည့် ခိုးစားခဲ့တဲ့ အရသာက ဘာနဲ့ မှ မတူဘူး။

အလယ်တန်းနဲ့  အထက်တန်း ကျောင်းသူဘ၀တွေ ဖြတ်သန်းခဲ့ရတဲ့ ဒီကျောင်းမှာ အမှတ်တရတွေက အများသား။ ဘယ်လောက်ကျောင်းကို ချစ်သလဲဆို ၁၀တန်းအောင်ပြီး ကျောင်းနဲ့ မခွဲနိုင်လို့  လုပ်အားပြန်ပေးခဲ့ပါတယ်။ ကိုယ်မတက်ခဲ့ရတဲ့ ၅ တန်းဆောင်မှာ အင်္ဂလိပ်စာ လုပ်အားပေး ဆရာမ ပြန်လုပ်ခဲ့တာပါ။ မဖြစ်စလောက် ဆံပင်လေးကို စီးပြီး လက်ဆောင်ရတဲ့ ပန်းလေးတွေ ပန်ပြီး ဆရာမ ခဏလုပ်ခဲ့ရတဲ့ ဘ၀က အတော်ငြိမ်းချမ်းပါတယ်။ ဒီကျောင်းနဲ့  ဝေးခဲ့ပေမယ့် အမေနဲ့  ညီမလေး ကျောင်းမှာရှိနေတုန်းက ကျွန်မ မကြာမကြာရောက်ဖြစ်ခဲ့ပါတယ်။ အမေနဲ့ ညီမလေး ကျောင်းမှာ မရှိတော့ ကျွန်မလဲ ဒီကို ရောက်နေတော့ ကျောင်းနဲ့ အတော်လေး အလှမ်းဝေးခဲ့ပါတယ်။

ဆရာမဟောင်းတွေ ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပလေ့ ရှိပါတယ်။ ကျွန်မပြန်တဲ့ အချိန်နဲ့  တိုက်ဆိုင်လို့ ရှိရင် မပြတ်မကွက် တက်ရောက်ပါတယ်။ ကိုယ့်ဆရာမတွေ ရှေ့ မှာ လက်လေးပိုက်ပြီး မင်္ဂလာပါဆရာမ လို့  နှုတ်ဆက်ရတာ အထက်တန်းကျောင်းသူဘ၀ ပြန်ရောက်သွားသလိုပါပဲ။ ကျွန်မတို့ ကို သင်ပေးခဲ့တဲ့ ဆရာမဟောင်းတွေ များသောအားဖြင့် ပင်စင်ယူလိုက်ကြပါပြီ။ တချို့ ကျန်းမာရေး အတော်ချို့ တဲကြပါတယ်။ များသောအားဖြင့် ငွေကြေးမပြည့်စုံကြပါဘူး။ တချို့ ဆရာမတွေတော့ ဆုံးသွားရှာပါပြီ။ ကျွန်မ သတိထားမိတာ တခုက နှစ်အဆက်ဆက် ဒီကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေ အတော်များပါလျက် ဆရာကန်တော့ပွဲ လာသူဦးရေက အတော်ကို နည်းပါတယ်။ ဆရာမတွေ တကယ်လိုအပ်နေတဲ့ အချိန်မှာ တပည့်အများစုက အနားမှာ မရှိတာတွေ့ ပြီး အတော်ဝမ်းနည်းမိပါတယ်။ ဟိုတနှစ်က ဆရာကန်တော့ပွဲ သွားတော့ ကျွန်မတို့ နှစ်က သူငယ်ချင်းတွေနဲ့ များ တွေ့ မလားလို့  လိုက်ရှာလိုက်ရတာ တယောက်ပဲတွေ့ ပါတယ်။ ကျွန်မညီမလေးနှစ်ကလဲ တယောက်စ နှစ်ယောက်စ။ များသောအားဖြင့် တကယ့် ကျောင်းသူဟောင်း အကြီးတွေပါ။ ဒီနှစ်ဆရာကန်တော့ပွဲ နီးပြန်ပါပြီ။ ဆရာမဟောင်းတွေကို ဟိုးငယ်တုန်းက Assembly Hall ထဲမှာ လူအပြည့်လို တပည့်တွေ အပြည့်ကန်တော့ စေချင်ပါတယ်။ သူတို့  ဘယ်လောက်များ ကြည်နူးလိုက်ကြမလဲနော်။ တကယ်လို့  ဒီပို့ စ်ကို ဖတ်မိသူတွေထဲမှာ အထက ၃ တောင်ညွန့် က ကျောင်းသူဟောင်းတွေများ ပါခဲ့ရင်၊ ဆရာမတွေကို ကန်တော့ဖို့  စိတ်အားထက်သန်ခဲ့ရင် ကျွန်မဆီ အီးမေးလဲနဲ့  ဆက်သွယ်နိုင်ပါတယ်။ ကျွန်မ အီးမေးက cmyayt@gmail.com ပါ။ အဲဒီအခါကျရင် ကျွန်မနာမည်အရင်း ကျွန်မအမေနာမည်နဲ့  ကျွန်မဘယ်နှစ်က ဆယ်တန်းအောင်ခဲ့တယ်ဆိုတာ အသေးစိတ်ပြောပြပါမယ်။ ဆရာ့ကျေးဇူးကို ဆပ်ခွင့်ရတုန်း တတ်နိုင်သမျှ အတူ ဆပ်ကြစို့ လား။

တန်ခူး
12:30 pm 11-Nov-2008

Thursday, November 6, 2008

ပြိုင်ဘက် != ရန်သူ

တရားလိုဘက်က ရှေ့ နေက တရားခံမျက်နှာကို ခဏစိုက်ကြည့်တယ်။ တရားခံက စိတ်လှုပ်ရှားတဲ့ မျက်နှာနဲ့  မျက်လွှာချလိုက်တယ်။ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေတုန်း တရားလိုရှေ့ နေရဲ့ ပြတ်သားတဲ့ မေးခွန်းက တရားခံဆီကို တည့်တည့်သွားမှန်တယ်။ နီရဲသွေးပျက်သွားတဲ့ တရားခံမျက်နှာ။ ပြီးတော့ ဗလုံးဗထွေးနဲ့ ဖြေလိုက်တဲ့ အဖြေက သူ့ ကြိုးကွင်းသူ စွပ်တဲ့အဖြေ။

(ဟာ… လှလိုက်တဲ့ မေးခွန်းကွာ) နောက်နားက ပရိသတ်တွေက တရားလိုရှေ့ နေကို ကြိတ်ချီးကျူးကြတယ်။ ကိုယ်တို့ လို ပြူတင်းပေါက်ကနေ ချောင်းကြည့်နေတဲ့ ပရိသတ်ကမနဲ။ ဒီလို မြို့ နယ်ရုံးတွေမှာ ပြူတင်းပေါက်ကနေ ချောင်းကြည့်လို့ ရတယ်။

ဗြုန်းဆို တရားခံရှေ့ နေက ထပြီး တရားလိုရှေ့ နေမေးခွန်းကို ချက်ကျလက်ကျ ကန့် ကွက်တယ်။ တရားသူကြီးက သေချာနားထောင်ပြီး ကန့် ကွက်တာကို လက်မခံတော့ နောက်က ပရိသတ်ဆီက အသံတွေ ထွက်လာပြန်တယ်။ တချို့ က ကျေနပ်သံ၊ တချို့ က မကျေနပ်သံ။

တရားလိုရှေ့ နေက နောက်မေးခွန်းတခု မမေးခင် သူ့ ထုံးစံအတိုင်း တရားခံရဲ့ ဟိုးနှလုံးသားထဲထိ ဖောက်ထွင်းတဲ့ အကြည့်နဲ့ ကြည့်ပြန်တယ်။ ဒီတခါတော့ တရားခံက တရားလိုရှေ့ နေကို မျက်နှာချင်းမဆိုင်။ အရှိုက်ထိတဲ့ နောက်မေးခွန်းတခုကို သတိအနေထားမှာရှိနေတဲ့ တရားခံရှေ့ နေက တရားခံမဖြေခင် ထကန့် ကွက်ပြန်တယ်။ ဒီတခါတော့ တရားသူကြီးက ကန့် ကွက်တာကို ထောက်ခံလိုက်တယ်။

(ဒီရှေ့ နေ ၂ယောက်တွေ့ ရင် ပွဲက လှတယ်ဗျာ)။ တရားလို တရားခံနဲ့ ဘာမှ ပတ်သက်ပုံမရပဲ ၀ါသနာအရ လာအားပေးနေပုံရတဲ့ အဖိုးကြီးကို ကြည့်ပြီး ကိုယ်တို့ တွေ ကြိတ်ပြုံးကြတယ်။ ကိုယ့်စိတ်ထဲမှာတော့ တရားခံရှေ့ နေကြီးက ဘီလူးကြီးနဲ့ တူလိုက်၊ ဗြီလိန်ကြီးနဲ့ တူလိုက်ပေါ့။ တခါတခါ သူရဲ့ မခိုးမခန့် စတိုင်ကို အနားမှာရှိတဲ့ ခဲလုံးနဲ့ သာ ကောက်ပေါက်ပစ်ချင်တာ။ တကယ့်ကို ရှေ့ နေနှစ်ယောက် ပညာပြိုင်တဲ့ တရားခွင်ပါ။

တရားခွင်ပြီးဆုံးသွားတော့ ကိုယ်တို့ အဖေ(တရားလိုရှေ့ နေ) က တရားခံရှေ့ နေနဲ့  ပုခုံးဖက်ပြီး ထွက်လာတော့ စိတ်ထဲ ကလိကလိ။ ရယ်မောပြောဆိုပြီး ဖေဖေကားပေါ်ရောက်မှ ကိုယ်တို့ မောင်နှမတွေက ဖေဖေကို အားမလိုအားမရ၀ိုင်းပြောကြတယ်။ ဖေဖေနဲ့ တရားခွင်မှာ အခြေအတင်ငြင်းခုန် ပညာပြိုင်လာတဲ့ လူကြီးကို ဘာလို့ ဖက်လဲတကင် စကားပြောရတာလဲ၊ ရုပ်ကြီးကိုက စိတ်ပုတ်မယ့်ရုပ်ကြီး စသဖြင့် ပြောတော့ ဖေဖေ ပြန်ပြောတဲ့ စကား ဒီနေ့ ထက်ထိ မှတ်မိနေပါတယ်။

“အဖေတို့ က အမှုတမှု တရားသဖြင့်ပြီးဆုံးသွားဖို့  အလုပ်အတူလုပ်နေတာ…
သူနဲ့ အဖေ တဘက်ဆီမှာ ရှိပေမယ့် သူလဲသူ့ အလုပ်လုပ် ကိုယ်လဲကိုယ့်အလုပ်လုပ်… ရန်သူတွေမှ မဟုတ်တာ… အလုပ်ခွင်အရ ငြင်းခုန်ရ အပြိုင်ပြောဆိုရပေမယ့်  ဒါပုဂ္ဂိုလ်ရေးနဲ့  မဆိုင်ဘူးလေ” တဲ့။

အဲဒီနောက်ပိုင်း ဖေဖေလို သဘောထားကြီးတတ်အောင် မွေးမြူပြီး အိမ်လာလည်တဲ့ ဖေဖေ့သူငယ်ချင်း ရှေ့ နေတွေကို အရင်ကလို မဟုတ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။

********************************************
ခါတိုင်းက ကျောင်းရောက်လို့  စောသေးရင် LCRသွားနေကျပေမယ့် ဒီနေ့ တော့ တမင်ရှောင်တယ်။ အနိုင်ရသူတွေ ပါးစပ်အရသာခံဖို့  ကိုယ်က ဘာလို့ သွားရမလဲ။

အတန်းရှိရာကို ခါတိုင်းလို Civilအတန်းရှေ့ က ဖြတ်မသွားတော့။ ပြောချင်ဆိုချင်သူတွေက ချောင်းနေရင် အခက်။ အတန်းထဲရောက်တော့ တတန်းလုံး မနေ့ က ဘောလုံးပွဲအကြောင်းပဲ။ ထပ်မပြောနဲ့ ။ အရှုံးကို မကြားချင်။

ခဏနေတော့ Civilက မမတွေ ခေါင်းမော့မော့နဲ့  အတန်းရှေ့ က ဖြတ်လျှောက်သွားတယ်။ တမင်ကို မမြင်ချင်ယောင်ဆောင်၊ ဟန်မပျက်ရယ်မောနေလိုက်ရော။ သူတို့ အနိုင်ရသွားတာ သွားချီးကျူးစကားပြောဖို့  တော့ ဝေလာဝေး။ သူတို့ ကလဲ နင်တို့ ရှုံးသွားတာ စိတ်မကောင်းဘူးလို့  တစက်ကလေးမှ အားပေးစကား မပြော။

နောက်တပတ်လောက် မေ့မေ့ပျောက်ပျောက်ရှိတော့ ထုံးစံအတိုင်း LCR ထဲ ပြန်ရောက်။ မေဂျာစွဲတွေ ပျောက်ပြီး ဟီးဟီးဟားဟား ပြန်ဖြစ်ပေမယ့် ဒီဘောလုံးပွဲက ကြုံရင်ကြုံသလို စကားထဲမှာ အနိုင်နဲ့  အပိုင်းခံရတုန်း။

အဲဒီအချိန်မှာ အဖေပြောတဲ့ စကားကို တကယ်ကို မေ့လျော့နေခဲ့ပါတယ်။ ကိုပေါတို့ ကိုနဗနတို့  မြတ်နိုးတို့  ဘောလုံးပွဲအကြောင်း ရေးကြတဲ့အထိ အရှုံးက ရင်ကို တစစ်စစ်နာတုန်း။ မရင့်ကျက်လိုက်ပုံများ။

********************************************
တင်းနစ်ချံပီယံ Federer နဲ့  Nadal ပွဲတွေဆို မလွတ်တမ်း အားပေးတာ။ ကျွဲလို နွားလို သန်မာတဲ့ Nadal ကို သွေးအေးအေးနဲ့  အနိုင်ရအောင် ရိုက်တတ်တဲ့ Federer ကို ကိုယ်ကသိပ်သဘောကျ။ Federer ဗိုလ်စွဲသွားရင် ချစ်စရာကောင်းတဲ့ သူ့ အကျင့်က အနိုင်ရသူမာန်မာန မရှိဘူး။ ပြိုင်ဘက် Nadal ကို ချီးကျူးစကားပြော အားပေးပြီးမှ ကျေးဇူးတင်စကား ပြောတယ်။ ဘယ်လောက်ချစ်စရာ ကောင်းတဲ့ အမူအကျင့်နဲ့ စိတ်ဓါတ်လေးလဲနော်။ အရှုံးသမား Nadal ကလဲ Federerကို ၀မ်းသာကြောင်းပြောပြီးမှ
ကျေးဇူးတင်စကားပြောလေ့ရှိတယ်။ အဲဒီအချိန်ဆို Federer ပရိသတ် ကိုယ်က ခပ်ပြုံးပြုံးနဲ့ ပေါ့။

ဒီနှစ်အတွင်းမှာ Nadalက လက်တက်လာပြီး Federer ရှုံးတဲ့ပွဲတွေ များလာတယ်။ အသက်အရွယ်ကလဲ စကားပြောလာတာပေါ့။ ပထမတပွဲ Federer ရှုံးထဲက ခါတိုင်းလို မကြည့်ရဲတော့ဘူး။ Nadalကြီးကလဲ ရုပ်ကြီးပိုဆိုးလာသလို သူဘာသာမှန်မှန်ကန်ကန် ကစားနေပါလျက် ကိုယ့်စိတ်ထဲ ညစ်ကစားနေသလိုလို ခံစားလာရတယ်။ ဆုပေးပွဲကိုလဲ ခါတိုင်းလို ပြုံးပြုံးမကြည့်နိုင်ပဲ Federerအတွက် မျက်ရည်ဝဲမိတယ်။ နောက်ဆုံး world No 1 က Nadal ဖြစ်သွားတော့ ရင်ထဲ တော်တော်ကို ခံစားလိုက်ရတာ။ အိမ်က အမျိုးသားက ပြောတယ်… Federer နဲ့  Nadal ကဘာမှ မဖြစ်ပဲ ကိုယ်က အကုသိုလ်များပြီ့း  Nadalကို အမုန်းကြီးမုန်းနေတယ်တဲ့။ ကြိတ်ခံနေလိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင် ခုထိ သူတို့ နှစ်ယောက်ပွဲ ပြန်မကြည့်ဖြစ်သေးဘူး။ သဘောထားမကြီးလိုက်ပုံများ။
********************************************
အိုဘားမားနိုင်သွားပြီတဲ့။ ဒီပွဲမှာတော့ ကိုယ်က လွတ်လွတ်လပ်လပ်စတိုင်နဲ့  အင်အားရှိတဲ့ အိုဘားမားကိုလဲ နှစ်သက်မိသလို ပါးဖောင်းဖောင်းကြီးနဲ့ သဘောကောင်းပုံရတဲ့ ရင့်ကျက်တဲ့ အတွေ့ အကြုံရှိတဲ့ မက်ကိန်းကိုလဲ ကိုယ့်အဘိုးလို ချစ်မိသေးတယ်။ ဒီတော့ ဘယ်သူနိုင်နိုင်ပေါ့။ အိုဘားမားနိုင်သွားတာကို မုဒိတာပွား ၀မ်းသာနိုင်သလို မက်ကိန်းအရှုံးအတွက်လဲ ဂရုဏာသက်မိတယ်။ ဘယ်သူ့ ဘက်မှ မရှိတော့ ဘေးလူအနေနဲ့  မြင်လို့ ရတယ်။

အရင်က ဘယ်တော့မှ သင်ခန်းစာ မရခဲ့တဲ့ ကိုယ် ဒီပွဲမှာတော့ သင်ခန်းစာရလိုက်တယ်။ အနိုင်ရသွားတဲ့ အိုဘားမားက အရှုံးသမား မက်ကိန်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုသလို၊ ရှုံးသွားတဲ့ မက်ကိန်းကလဲ အနိုင်ရသွားတဲ့ အိုဘားမားကို ကောင်းချီးသြဘာပေးပြီး နိုင်ငံအတွက် ပူးပေါင်းလုပ်ဖို့ ပြောသွားတယ်။ သိပ်လှတဲ့ ဆက်ဆံရေးပါ။ ပြိုင်ပွဲကာလတုန်းက ကိုယ့်ပါတီအနိုင်ရရေး အခြေအတင်ပြောဆို မဲဆွယ်ကြပေမယ့် ပြိုင်ပွဲပြီးဆုံးသွားတော့ အနိုင်၊အရှုံးဆိုတာပေါ်မှာ စိတ်ထားတတ်တာ၊ သဘောထားကြီးတာ သိပ်အတုယူစရာကောင်းပါတယ်။ တကယ်တော့ ပြိုင်ဘက်ဆိုတာ ရန်သူတွေမှ မဟုတ်တာ။
********************************************
တန်ခူး
12:45pm 06-Nov-2008

Monday, November 3, 2008

မြို့ ပြနဲ့  ဗိုင်းရပ်စ်

ကျွန်မ ခုတလော ခဏပျောက်နေရတဲ့ အကြောင်းကတော့ ကျွန်မသားလေး နေမကောင်းဖြစ်ပြီး မမျှော်လင့်ပဲ ဆေးရုံတင်လိုက်ရလို့ ပါ။ အမြဲသန့် ရှင်းပြီး အင်းဆက်တွေ တွေ့ ရခဲတဲ့ ဒီနိုင်ငံမှာ စိုထိုင်းတဲ့ ရာသီဥတုကြောင့် လေထုထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားကတော့ အတော်ကို များပါတယ်။ အဲဒီ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေ ဒဏ်အခံရဆုံးကတော့ ကလေးငယ်တွေ ပါပဲ။ ကျွန်မသားဆို ကျောင်းပို့ စက ၂ ပတ်တခါလောက် နေမကောင်းဖြစ်ပြီး ခုတော့ တလတခါလောက် ဖြစ်တတ်ပါတယ်။

မြန်မာပြည်မှာလို ရိုးရိုး အအေးပတ် ဖျားတာမျိုးက ဒီနိုင်ငံမှာ မရှိသလောက်ပဲ။ ဘယ်တော့မှ ရိုးရိုးလေး တွေးလို့ မရပါဘူး။ ဗိုင်းရပ်စ်တွေကလဲ တနှစ်နဲ့ တနှစ်တောင်မတူ အသစ်အသစ်တွေ ပေါ်ပေါ်လာတာ အတော်မုန်းစရာကောင်းပါတယ်။ Flu ကာကွယ်ဆေးထိုးထားလဲ အဲဒီ ကာကွယ်ဆေးက အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်ကို မသတ်နိုင်ပြန်ဘူး။ တော်ကြာ သွေးလွန်တုန်ကွေး၊ တော်ကြာ Hand Foot Mouth… တမျိုးပြီး တမျိုး မရိုးရပါဘူး။ ကြာလာတော့ ကလေးကို လူရှုပ်ရှုပ်ခေါ်ဖို့ တောင် ကြောက်ကြောက်လာတယ်။

ဒီတခေါက် သားဆီ ရောက်လာတာက ဘက်တီးရီးယားတဲ့။ ကျွန်မက လူပြိန်းလို နားလည်ထားတာ ဘက်တီးရီးယားဆိုတာ ညစ်ပတ်မှ ဖြစ်တယ်ပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ဘက်တီးရီးယားက ဗိုင်းရပ်စ်လောက် အကူးမမြန်ပေမယ့် ကစားကွင်းတို့  ကျောင်းတို့ က တဆင့်ကူးနိုင်ပါတယ်။ ဗိုင်းရပ်စ်ထက် အကောင်ကြီးပြီး အတော်ခံရပါတယ်။ သားရဲ့ သွေးဖြူဥတွေ များအောင် လုပ်ပစ်လိုက်တော့ သားခမျာ အတော်ကို အင်အားကုန်ခမ်း ဖျော့တော့ သွားပါတယ်။ သူကိုယ်ထဲကို ဒရစ်အမြန်သွင်း ဘက်တီးရီးယားသတ်ဆေး အမြန်သွင်းမှ ပြန်ထောင်လာပါတယ်။

အမြဲတမ်း ခုန်ပေါက်ပြေးလွှား တက်ကြွနေတဲ့သားလေး ဒရစ်ပိုက်တန်းလန်းနဲ့  ၃ ရက်လောက်နေရတာ ကြည့်ပြီး ကျွန်မတော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ပထမတရက်ကတော့ ရေကုန်ရင်ဖြူတ်ရမယ်လို့  သူ့ ကိုပြောပြထားတော့ ပုလင်းလေးပဲ တကြည့်ကြည့်။ နောက် ပုလင်းအသစ်တွေ ထပ်ထပ်ချိတ်တော့ သူတော်တော် စိတ်ညစ်ပြီး မမှိုင်စဖူး မှိုင်တွေလို့ ။ သားတခုခုဖြစ်ရင် ကျွန်မပါခံစားရတာ အတော် ထူးဆန်းတဲ့ ဆက်သွယ်မှုပါ။ သားက ဗိုက်အောင့်တယ်ဆို သားလေး ခံစားရတာကြည့်ပြီး ကျွန်မ ဗိုက်တွေပါ အောင့်လာတတ်တယ်။ သားက မောတယ်ဆို ကျွန်မလဲ အသက်ရှုမ၀သလို။ုသားလေး မှိုင်တွေနေတော့ ကျွန်မလဲ မပျော်ရွှင်တော့ပါဘူး။ (မိခင်မေတ္တာကို ပိုသဘောပေါက်လာမိပါတယ်)။ သားက တအီအီနဲ့ မိဘစိတ်မချမ်းသာအောင် မလုပ်တတ်လို့ တော်သေးပါတယ်။

မနှစ်က မြန်မာပြည် တလပြန်တော့ ဖုန်ထဲသဲထဲ ကျွမ်းပစ်ဆော့ပြီး ဒေါင်ဒေါင်မြည်နေတဲ့ သားကို ကျွန်မတောင် အံ့သြရပါတယ်။ ခြင်ကိုက်ဖုတွေ အများကြီးနဲ့  သွေးလွန်တုတ်ကွေး ဖြစ်မှာ စိုးရိမ်တဲ့ ကျွန်မကို ကျွန်မအမေက ပိုရန်ကောဆို မျက်စောင်း တထိုးထိုး။ တကယ်တော့ ဒီနိုင်ငံမှာ အနေကြာလာပြီး အဲဒီဖိုးဘီးယား ရလာတာပါ။ ဒီမှာက အသန့် ရှင်းလွန်ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေတာကြာတော့ ကလေးတွေ ခုခံအား သိပ်မကောင်းကြပါဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းကတော့ ခြံဝင်းကျယ်ကျယ်ထဲ မြေကြီးပေါ် ပြေးလွှားဆော့ သစ်ပင်တက်နဲ့  ဒေါင်ဒေါင်မြည်ခဲ့တယ်မိုလား။

ဒီလိုနဲ့ ပဲ မြို့ ပြရဲ့ ဗိုင်းရပ်စ်တွေကို တိုက်ရင်း ခိုက်ရင်း အရွယ်ရောက်ခဲ့ရတာ ဒီက ကလေးတွေ ဘ၀ပါ။ ကျွန်မကတော့ သားလေးကို လယ်ကွင်းထဲက ဖြတ်လာတဲ့ သန့် ရှင်းလတ်ဆတ်တဲ့ လေတွေကို တ၀ကြီး ရှုစေချင်သလို၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးပေါ်တက်လိုက် သစ်ပင်အောက်က မြေတလင်းပြင်ထဲ ပြေးလွှားဆော့လိုက်… ပြီးတော့ လေကောင်းလေသန့် ရတဲ့ ခြံဝင်းထဲက အိမ်လေးမှာ မိခင်ဘာသာစကားကို တ၀ကြီးပြောပြီး ဆွေမျိုးတသိုက်နဲ့  ပျော်ရွှင်နွေးထွေးရတဲ့ ဘ၀လေးကို ရစေချင်မိတယ်။ ကျွန်မ စိတ်မလျော့သေးပါဘူး။ တနေ့ နေ့ ပေါ့လေ။

(စာကြွင်း- ဒီနေ့ တော့ ဆေးရုံပေါ်ကဆင်းလာတဲ့ လူမမာ နလန်ထလေး ဆော့လွန်းလို့  လူမမာလာမေးတဲ့ သူတွေတောင် မယုံနိုင်အောင်ပါပဲ။ သူကလေး ပြန်နေကောင်းလာလို့ လဲ ကျွန်မ ဘလော့ဂ်ပေါ် ပြန်လာနိုင်တာပေါ့)

တန်ခူး
11:40 am 03-Nov-2008

Wednesday, October 29, 2008

လမ်းမှား

စိတ်ထဲမှာ ကသိကအောက်နဲ့  အမြင်မတော်တာတော့ တော်တော်ကြာပြီ။ ပြောမယ်… ပြောမယ်နဲ့  မပြောဖြစ်တာ… ခုတော့ မအောင့်နိုင်လို့  ပြောလိုက်ပါပြီ။ တခြားတော့ မဟုတ်။ တခါတခါ အီးမေးလ်နဲ့ ရောက်ရောက်လာတတ်တဲ့ မြန်မာပြည်က မိန်းခလေး တချို့ ရဲ့ မပေါ်တပေါ်၊ မလုံ့ တလုံ… တချို့ ကျတော့ လုံးလုံးပေါ်၊ လုံးလုံးမလုံ ပုံတွေပါပဲ။ အမြင်မတော်ရင် မကြည့်ပဲနေပေါ့လို့  ပြောလို့ ရပေမယ့် ကျွန်မက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့  ပတ်သက်ရင် မနေနိုင်သူ၊ လက်ရှိအခြေအနေကို သိချင်သူ၊ အထူးသဖြင့် မိန်းခလေး တယောက်ဖြစ်နေလို့  မြန်မာပြည်က မိန်းခလေးတွေ အကြောင်း ထဲထဲဝင်ဝင် စိတ်ဝင်စားမိသူ… နောက် မိခင်တယောက် အနေနဲ့  လက်ရှိလူငယ်တွေ ဘ၀ကို တစေ့တစောင်း လေ့လာချင်သူဆိုတော့ အရမ်းကို ဆိုးဝါးလွန်းတဲ့ ပုံတချို့ ကလွဲလို့  ကျန်တာတွေကို ကျွန်မ ကြည့်မိပါတယ်။

ကြည့်မိတိုင်း ကျွန်မ ရင်ထဲ ခံစားချက်နှစ်မျိုး ဖြစ်တတ်ပါတယ်။ တမျိုးကတော့ ဒေါသထွက် စိတ်ပျက်မိခြင်းနဲ့  တမျိုးကတော့ ၀မ်းနည်း စိတ်မကောင်း ဖြစ်မိခြင်းပါ။ အဲဒီ ဓာတ်ပုံ (သို့ ) ဗွီဒီယိုထဲက မိန်းခလေးတွေကို အကြမ်းဖျင်းအားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။ ၁) ပိုက်ဆံ အရမ်းရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ ၂) ပိုက်ဆံ အရမ်းမရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ ၃) ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ မော်ဒယ် စတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ က များပါတယ်။ အဲဒီ ၃ မျိုးအပြင် တခြား အသိုင်းအ၀ိုင်းကလဲ ပါတတ်ပါတယ်။

အသိုင်းအ၀ိုင်းကို လိုက်ပြီး ဘာကြောင့် အဲဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကလဲ ကွဲပြားသွားမှာပါ။ ပိုက်ဆံ အရမ်းရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေး တယောက်က ငွေလိုချင်လို့  လုပ်တာ လုံးဝမဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ချေရှိတာက ခေတ်မှီချင်လို့  နိုင်ငံခြားဆန်ချင်လို့ … နောက်ပေါ်ပြူလာဖြစ်ချင်လို့ ။ ၀တ်စားဆင်ရင်မှု ခေတ်မှီတယ်ဆိုတာ မပေါ့်တပေါ် ၀တ်မှ ခေတ်မှီတယ်ဆိုပြီး လွဲမှားစွာ ကောက်ချက်ချပြီး အတုခိုး ၀တ်ဆင်ကြတာပါ။ ခေတ်ရေစီးကြောင်း လိုက်လို့ ရပေမယ့် မိန်းခလေးတယောက်ရဲ့ အရှက်သိက္ခာကို ထိခိုက်စေမယ့် အ၀တ်အစားကို မရွေးချယ်သင့်ပါဘူး။ လုံလုံခြုံခြုံနဲ့  အိနြေ္ဒ ရမယ်ဆိုရင် ဘောင်းဘီဝတ်ဝတ်၊ စကပ်ဝတ်ဝတ် ၀တ်လို့ ရပါတယ်။ မနှစ်က သင်္ကြန်ပုံတွေမှာ အတော်အတင့်ရဲလာတဲ့ အ၀တ်အစားတွေ တွေ့ ရတော့ သက်ပြင်းအခါခါ ချမိပါတယ်။ တချို့ က ကိုယ့်ကို လူဝိုင်းကြည့်တာကို ဂုဏ်ယူပြီး တလွဲဆံပင်ကောင်း ဖော်နိုင်သမျှဖော်ကြရော။ အဲဒီနောက် အကျိုးဆက်တွေကတော့ ရင်လေးစရာတွေ ချည်းပါပဲ။ ကိုယ်က ကျပ်တည်းနေတဲ့ ခေတ်ကြီးမှာ သူများတွေထက် ကံထူးစွာ ငွေကြေးပြည့်စုံစွာ မတောင့်မတ မကြောင့်မကြနေနိုင်ပါလျက် ကိုယ့်တန်ဖိုးကိုယ်မြှင့်နိုင်ပါလျက်နဲ့  ကိုယ့်အန္ကရာယ် ကိုယ်ဖိတ်ခေါ်တဲ့ ၀တ်စားဆင်ရင်မှုမျိုးကို သတိထားသင့်ပါတယ်။ မိဘတွေကလဲ လမ်းမှန်ရောက်အောင် ဆွဲတင်ပြီး ဆုံးမသွန်သင်သင့်ပါတယ်။ အင်း… မိဘတွေ ကိုယ်တိုင်က လမ်းမှားပေါ်မှာ ဆိုရင်တော့….။

ပိုက်ဆံအရမ်းမရှိတဲ့ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးတွေအတွက် အတော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကလွဲလို့  ရွေးစရာလမ်းမရှိတော့ဘူးလို့  တိမ်တိမ်လေးတွေးမိနေအောင် သူတို့ အခြေအနေ သူတို့ ပတ်ဝန်းကျင်ကလဲ ဖန်တီးတာကို။ ငွေကြောင့်အဓိက မှားကြတာပါပဲ။ သူများဝတ်သလို ၀တ်ချင်မယ် သူများသုံးသလို သုံးချင်မယ်… တချို့ ကျတော့ စားဝတ်နေရေးကြောင့်တဲ့။ ဘယ်လောက်များ ရင်နာစရာကောင်းလိုက် သလဲနော်။ တကယ့်တော့… သူတို့ မှာ ရွေးစရာလမ်းရှိပါတယ်။ အဲဒီလမ်းကို မြင်နိုင်ဖို့  မြင်တတ်ဖို့ ကိုယ်ကိုယ်တိုင် လေ့လာတွေးခေါ်ဖို့ ရယ်… နောက် တယောက်ယောက်က လမ်းညွှန်ပေးဖို့ လိုပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် လေ့လာတွေးခေါ်နိုင်ဖို့  ပညာသင်ဖို့  အခွင့်အလန်းမရခဲ့တောင် စာကောင်းပေကောင်းတွေ များများ ဖတ်ဖို့ လိုပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနီးနားမှာ အဲဒီိလို အတွေးမှားပြီး ဖြတ်လမ်းနည်းလိုက်မယ့် မိန်းခလေးတွေများရှိရင် မဆိုင်သလို နေမယ့်အစား သွန်သင်ဆုံးမသင့်ပါတယ်… နာခံမယ့် အခြေအနေရှိရင်ပေါ့။ ဖြတ်လမ်းက ငွေအရလွယ်ပေမယ့်… အန္ကရာယ်တွေ ၀ိုင်းဝိုင်းလည်နေတာပါ။ ရိုးသားစွာ လုပ်ကိုင်စားသောက်ရင် ပင်တော့ပင်ပန်းမှာပေါ့… ဒါပေမယ့် လုံခြုံစိတ်ချရပါတယ်။

တတိယ အသိုင်းအ၀ိုင်းက သူတွေကတော့ မိန်းခလေးတွေ အဲဒီလို အရှက်တရားကင်းပြီး လမ်းမှားလိုက်ကြခြင်းမှာ တာဝန်မကင်းသူတွေပါ။ ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ မော်ဒယ် ဆိုရင် လှလှလေးဆိုတော့ သူတို့ ကို အားကျတတ်ပါတယ်။ တချို့ ဆို ရုပ်ရှင်မင်းသမီးတယောက်ကို ကြိုက်မိပြီဆို အရူးအမူးဖြစ်ပြီး သူလွှမ်းမိုးမှုကို ခံရပါတယ်။ သူဝတ်သလိုလေးဝတ်မှ သူနေသလိုလေးနေမှဆိုပြီး အတုခိုးကြရော။ ကြိုက်မိတဲ့ မင်းသမီးက လျှပ်ပေါ်လော်လီဆို သွားပြီ။ ကိုယ်နေတဲ့နေရာကို မမေ့သင့်သလို ကိုယ့်ယဉ်ကျေးမှုကိုလဲ မမေ့သင့်ပါဘူး။ ပြီးတော့… ကိုယ့်နောက်မှာ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ပရိသတ်ရှိတယ်။ အဲဒီ ပရိသတ်ကို အဆိပ်အတောက်ဖြစ်စေမယ့်  အနေအထိုင် အပြောအဆိုတွေ တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ဒီခေတ်ကြီးမှာ မမြင်ကွယ်ရာဆိုတာ အတော်ရှားသွားပါပြီ။ လက်ကိုင်ဖုန်းလေး တချက်နှိပ်လိုက်ရုံနဲ့  ကိုယ့်ဇာတ်ရှုပ်တွေက ဗူးပေါ်သလို ပေါ်တာပါ။ ဒီတော့ လူရှေ့ ရော လူ့ ကွယ်ရာမှာ အနေအထိုင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါမယ်။ အဲဒီလိုတွေ လုပ်မှ နာမည်ပိုကြီးတယ် ပိုအောင်မြင်တယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုလဲ လွှင့်ပစ်သင့်ပါပြီ။ ရုပ်ပြ ကိုယ်ပြပြီး အလွယ်လိုက်ရင် ခဏပဲပေါ့။ အနုပညာဝမ်းစာပြည့်အောင် ကြိုးစားအားထုတ်တာမှ ရေရှည်ခံမှာပါ။ အနုပညာက အဓိက မဟုတ်ပဲ တခြား မသမာတဲ့ ရည်ရွယ်ချက်ရှိရင်တော့ တမျိုးပေါ့။
မြန်မာ မိန်းခလေးဆိုတာ အရှက်နဲ့ လူလုပ်တယ်။ ၀တ်စားဆင်ယင်မှု ယဉ်ကျေးသိမ့်မွေ့ တယ်။ အနေအထိုင် အသွားအလာက အစ ဗိုင်းကောင်းကျောက်ဖိ။ ဘယ်လောက် လှတဲ့ ဂုဏ်ပုဒ်လေးတွေလဲ။ ခေတ်ကြီးက ပြောင်းနေပြီ ဓာတ်ပြားဟောင်းတွေ လာမဖွင့်နဲ့ လို့ ဆိုချင်ဆို ကောင်းတဲ့ ဓာတ်ပြားဟောင်းတွေကို ပစ်ပယ်လို့ မှ မရပဲ။ ကိုယ်ဘာသာ ကိုယ်လုပ်ချင်သလို လုပ်မယ်… ကိုယ်နေချင်သလို နေမယ် ကိုယ့်ကိစ္စလို့  လွယ်လွယ်ပြောလို့ ရပေမယ့် ကိုယ့်လုပ်နေတဲ့ လုပ်ရပ်က ကိုယ့်အမျိုးဂုဏ်သိက္ခာကို ဖျက်နေသလိုမျိုးဆိုရင်တော့ တော်တော်တာဝန်ကြီးနေပြီဆိုတာ သတိထားသင့်ပါတယ်။ မြန်မာမိန်းခလေးတွေ အားလုံး ထက်မြက်ရဲရင့်ပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူရင်း အမျိုးဂုဏ်တင့်အောင် မြှင့်နိုင်တဲ့ မိန်းခလေးတွေ ဖြစ်အောင် ကြိုးစားကြပါစို့ လို့  ချစ်ခင်စွာ တိုက်တွန်းလိုက်ပါတယ်။

(စာကြွင်း - တန်ခူးက ပြောသွားတာများ လွယ်လိုက်တာ။ တကယ်တော့ ဒီကိစ္စက ဒီထက်နက်နဲ ကျယ်ပြန့် တယ်… အထူးသဖြင့် အသိုင်းအ၀ိုင်း နံပါတ် ၂ နဲ့  ပတ်သက်လို့ ပေါ့။ ဟုတ်ကဲ့… အဲဒီလိုများ ပြောခဲ့ရင် ပြုံးပြုံးလေး ခံဖို့ အသင့်ပါ။ ဖြေရှင်းရသလောက် ဖြေရှင်းကြည့်တာပါ။ စောင့်နေရင် ပိုများဆိုးသွားမလားလို့ ။ ပြောတော့ လွယ်တယ်နော်။ အသိုင်းအ၀ိုင်း နံပါတ် ၂ က ဒီဘလော့ဂ်ကို ဘယ်လို လာဖတ်မလဲ။ သူမဖတ်လဲ သူအိမ်နီးနားချင်းတွေ ဖတ်တော့ သူ့ ကို ပြောပြလို့ ရတာပေါ့နော်။ သူ့ အိမ်နီးနားချင်းတွေ မဖတ်လဲ သူ့ တနိုင်ငံထဲသားချင်းတွေ ဖတ်ပြီး အဆင့်ဆင့် ပြန်ပြောလို့ ရတာပေါ့နော်။ မျှော်လင့်ချက်သေးသေးလေးနဲ့  ရေးကြည့်တာပါ။ အမှားပါရင် ခွင့်လွှတ်ပါ)

တန်ခူး
1:20pm 29-Oct-2008

Saturday, October 25, 2008

သို့ …မောင်…

ချစ်ခြင်းသက်သက်ဖြင့်သာ လက်တွဲခဲ့သော မောင့်ဆီမှ မျှော်လင့်မထားပဲ ရခဲ့သည့် ရနေသည့် ရနေဦးမည့် နွေးထွေးသည့်စာနာနားလည်မှု… ငြိမ်းချမ်းအေးမြသည့်မျှဝေခံစားမှု… မြဲမြံခိုင်ကြည်သည့်သစ္စာတရား ကိုယ်ချင်းစာတရား……တို့ အတွက် မောင့်အား ကျေးဇူးတင်ပါသည်ဆိုလျှင် သူစိမ်းများ သိပ်ဆန်သွားမလား…။ ကျွန်မအား အချစ်ကို ခံစားနားလည်တတ်လာအောင် ဘ၀ကိုကျေနပ်ဝမ်းမြောက်တတ်လာအောင် ဖန်ဆင်းပေးခဲ့သည့် မောင့်ရဲ့ ဒီနေ့ ဒီရက်မှာ ကျရောက်တဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်း မြောက်မြားစွာအထိ့  လုံခြုံနွေးထွေးသည့်မိသားစုဘ၀လေးနဲ့ အတူ ပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာ ရရှိနိုင်ပါစေလို့ …။ ရေးခဲ့ဘူးသည့် ကဗျာလေးအား မောင့်ကို လက်ဆောင်အဖြစ်ပေးပါရစေ….

မြတ်နိုးရတဲ့မောင်...

ကဗျာမဆန်
ကာရန်မလှပေမယ့်
အနွံတာခံနားလည်ပေးတတ်သူမို့
မပေးဖူးတဲ့ပန်းတပွင့်အတွက်
အပြစ်မတင်ရက်ပါမောင်...။


ဝါသနာ
အရာရာကွဲပြားပေမယ့်
စာနာစွာညှိယူပေးတတ်သူမို့
မဖတ်ဖူးတဲ့ကဗျာတပုဒ်အတွက်
ရန်မလုပ်ရက်ပါမောင်...။

အကြင်နာ
လူတကာမြင်အောင်မပြတတ်ပေမယ့်
စေတနာရင်မှာအပြည့်နဲ့သူမို့
မာယာကင်းတဲ့ရိုးသားခြင်းတွေအတွက်
လေးစားလျှက်ပါမောင်...။

တွယ်တာ တာတွေ
သာယာစွာတေးမဆိုတတ်ပေမယ့်
ဝေဒနာဘယ်အခါမှမပေးတတ်သူမို့
မဖွဲ့နွဲ့တဲ့သစ္စာတရားတွေအတွက်
အချစ်တွေတိုး
မြတ်နိုးလျှက်ပါမောင်...။

တန်ခူး
11:55pm 25-Oct-2005)
(မောင့်မွေးနေ့ အမှတ်တရ)

Thursday, October 23, 2008

သားရေးတဲ့ပန်းချီ

မျောက်ကလေး တကောင်လို ဟိုခုန်ဒီပျံ အဆော့သန်တဲ့ သားလေး ငြိမ်နေပြီဆို သွားကြည့်လိုက်… စာရွက်တရွက်နဲ့ ပုံလေးတွေဆွဲနေတဲ့အချိန်… ဒါမှမဟုတ် ကွန်ပြူတာနဲ့ ပုံလေးတွေ ဆွဲနေတဲ့ အချိန်ပါပဲ။ ကျွန်မရော သူ့ အဖေပါ ပန်းချီမတော် ပန်းချီဝါသနာ မပါပေမယ့် သားလေးကတော့ ငယ်ငယ်လေးထဲက ပန်းချီတွေကို အတော်စိတ်ဝင်စားပါတယ်။ ကစားစရာဝယ်ပေးရင် ကစားစရာထက် ထည့်တဲ့ဗူးပေါ်က ပုံလေးတွေကို စိတ်ဝင်စားတတ်လို့  ပန်းချီများ ၀ါသနာပါမလားလို့  ထင်ခဲ့တာ ထင်တဲ့အတိုင်းပါပဲ။ ခဲတံကိုင်တတ်တဲ့ အရွယ်ကစပြီး ဆွဲလိုက်တဲ့ ပုံ။ တခြားကစားစရာထက် ပုံဆွဲကိရိယာကို ကြာကြာစိတ်ဝင်စားတတ်ပါတယ်။ ကျွန်မက သားကို အနုပညာတခုခု ၀ါသနာပါစေချင်တာ ကိုယ်ကပုံသွင်းရမလား အောက်မေ့တယ် သူ့ ဝါသနာက သူ့ သဘာဝအတိုင်း ပေါ်လွင်လာတာပဲလေ။

ခုနောက်ပိုင်း သူ့ စိတ်ကူးနဲ့ သူဆွဲတဲ့ ပုံလေးတွေက အဓိပ္ပါယ်လေးတွေနဲ့ မို့  အတော်အံ့သြမိပါတယ်။ အမှတ်တမဲ့ ကြည့်ရင် လျှောက်ခြစ်ထားတယ် ထင်ရပေမယ့် သူ့ ကို ဘာပုံဆွဲတာလဲမေးရင် စိတ်ရှည်လက်ရှည် ပြောပြတတ်ပါတယ်။ သူပြောပြမှ ပုံလေးက ပိုပေါ်လွင်သွားရော။ သူ့ လက်ရာလေးတွေကို မျှဝေခံစားကြည့်ပါဦးနော်။

အောက်က ပုံကတော့ သူ့ ပုံသူ ကွန်ပြူတာက ပုံဆွဲတဲ့ game နဲ့ ဆွဲထားတာပါ။ မောက်စ်နဲ့ ဆွဲထားတာပါ။




ဒါကတော့ သူတို့ ကျောင်းက playground ပါတဲ့။ တခုချင်းက ဘာပုံလေးတွေလဲ ဆိုတာ ကျွန်မနဲ့ သူ့ အဒေါ်လိုက်မေးပြီး သူ့ အဒေါ်က သူ့ ရှင်းပြချက်အတိုင်း အညွှန်းလေးတွေ တတ်ပေးထားပါတယ်။




ကျွန်မအရင် ပို့ စ်မှာ ပြောခဲ့ဘူးတဲ့ Merlion ပုံပေါ့။ Merlion ပါးစပ်ရေထွက်(သူ့ ခေါ်တဲ့အတိုင်း ရေးပြတာပါ)၊ Singapore အလံတိုင်၊ မီးပန်း၊ သူ့ ကို ကျွန်မ ၀ယ်ပေးတဲ့ သီချင်းဆိုတဲ့Merlionအရုပ်လေးတောင် ပါလိုက်သေးတယ်။




တင်္နဂနွေနေ့ တိုင်း သွားရတဲ့ မြန်မာဘုန်းကြီးကျောင်း။ သူ့ ဘာသာဆွဲပြီး မေမေ ဒါဘုန်းကြီးကျောင်းလို့  လာပြမှ ကျွန်မ အံ့သြသွားမိတယ်။ ကျောင်းအ၀င်ဝမုဉ်ဦး၊ ခြင်္သေ့နှစ်ကောင်၊ နဂါးနှစ်ကောင်နဲ့  ကျွန်မသူ့ ကို အမြဲ အမွှေးတိုင်ပူဇော်ခိုင်းတဲ့ အမွှေးတိုင်ဖလားကြီးတောင် ပါလိုက်သေး။




သူတို့ ကျောင်းမှာ ငှက်တွေ အကြောင်း သင်ရတော့ ပြန်ဆွဲပြတဲ့ ပုံပါ။ ၁ = ကြက်ဖကြီး၊ ၂ = ကြက်ပေါက်လေး ၂ ကောင်၊ ၃ = ဘဲပေါက်လေး ၃ ကောင်၊ ၄ = ပျံနေတဲ့ ငှက်လေးလေးကောင်ပါတဲ့။




ဒါကတော့ ကျွန်မ အအံ့သြဆုံး ပုံပေါ့။ သူ့ စိတ်ကူးနဲ့ သူ ကွန်ပြူတာနဲ့ ဆွဲထားတဲ့ ရှုခင်းပုံလေးပါ။ အပြာရောင်ကောင်းကင်ကြီးရယ်၊ သာနေတဲ့ နေမင်းကြီးရယ်၊ ပျံသန်းနေတဲ့ ခရမ်းရောင် ငှက်လေးတွေရယ်၊ မြက်ခင်းစိမ်းစိမ်းလေးရယ်၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးရယ်၊ ပန်းရောင်ပန်းလေးရယ်… ပြီးတော့ သားသားရယ်။ ဘယ်လောက်လှတဲ့ စိတ်ကူးလေးနဲ့ ပန်းချီလေးလဲနော်။



သားရဲ့ တိုးတက်လာတဲ့ ပန်းချီလက်ရာလေးတွေ ကြည့်ပြီး သားဝါသနာကို မြေတောင်မြှောက်ပေးဖို့  ခုထဲက ကြံစည်စိတ်ကူးနေမိတယ်။ သားကို ပညာတတ်ကြီးလဲဖြစ်စေချင်သလို အားကစားတခုခုလဲ ထူးချွန်စေချင်ပြီး… အနုပညာတခုခုလဲ ကျွမ်းကျင်စေချင်တဲ့ ကျွန်မ သိပ်များလောဘကြီးနေလား မသိပါဘူးနော်။

တန်ခူး
9:15pm 23-Oct-20008

Monday, October 20, 2008

ဖောင်ဖျက်သင့် မဖျက်သင့်

ခုတလော သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ကမ္ဘာကြီး စီးပွားရေးကျတဲ့ သတင်းတွေပဲ ပလူပျံနေတယ်။ နေ့ ချင်းညချင်းကို စီးပွားရေးက ကျလာတာ။ ကိုယ်လဲ သိပ်နားမလည်တဲ့ ကိစ္စမို့  စီးပွားရေးနဲ့  ပတ်သက်ပြီးတော့ ဘာမှ မပြောတတ်ပါဘူး။ ဒါပေမယ့် မသိတာလား သိသိနဲ့ မထူးတော့ဘူးဆို ထွက်လာတာလား… မြန်မာတွေတော့ ဒီနိုင်ငံကို ၀င်လာမစဲ တသဲသဲပဲ။ ဖောင်ဖျက်ပြီးမှ လာကြရမှာဆိုရင် မလာရသေးသူတွေ နဲနဲတော့ စဉ်းစားဖို့  ဒီပို့ စ်ကို ရေးလိုက်ရတာပါ။

ဟိုးလွန်ခဲ့တဲ့ ၄ ၅ ၆လ လောက်က အတော်အဆင်ပြေသေးတယ်။ အိမ်ဘေးအိမ်က ကောင်လေးအလုပ်လာရှာတော့ ကိုယ်ကလဲ တတ်အားသမျှ အိမ်စာရိတ် မကုန်အောင် ကိုယ့်အိမ်မှာ နေခိုင်းပြီး ကူညီပေးရတယ်။ ရမလိုလို မရမလိုလိုနဲ့  ကိုယ်က stayကုန်ခါနီးလေ စိတ်တွေပူ။ သူကတော့ ပြန်တောင် အားပေးနေသေးတယ်။ ကျွန်တော် အလုပ်ရမှာ သေချာတယ်တဲ့။ တော်သေးရဲ့… stayကုန်ဖို့  ၃ ၄ ရက်လောက်လို ကပ်ရသွားတာ။

ဒါပေမယ့်… ခေတ်ကြီးက လပိုင်းအတွင်းပြောင်းသွားတာ။ လွန်ခဲ့တဲ့ ၂လ လောက်က ကိုယ့်ဆရာမ သမီးလေး အလုပ်လာရှာတော့ အတော် ထိုင်းသွားတယ်။ အံ့တောင် အံ့သြတယ်။ သူ့ ခမျာ အမေအိုကြီးလုပ်ကျွေးချင်သူဆိုတော့ ရစေချင်တာပေါ့။ ပထမပိုင်း အင်တာဗျူးတွေရလိုက်ပြီး နောက် stay တလကျတော့ အင်တာဗျူးကို မရတော့တာ။ ပွဲစားနဲ့ အပ်… ပွဲစားမကယ်နိုင်။ ဒီကြားထဲ… မလေးရှောင်ပြီး ပြန်ဝင်ရင် stay ရတယ် ပြောလို့  ပြန်ဝင်ခွင့် ဗီဇာလျှောက်တော့ မရ။ ဘာကြောင့်လဲဆိုတော့ ဒီမလာခင် ဗီဇာကို ဒီက Agentကို လှမ်းလျှောက်ခိုင်းတာမို လို့ တဲ့။ PR ဖြစ်ဖြစ် citizen ဖြစ်ဖြစ် ထောက်ခံရင် ၀င်ခွင့် ထပ်ရတယ်တဲ့။ အချင်းချင်း လက်တို့ သတိပေးလိုက်ကြပါဦး။ နောက်ဆုံးတော့… အလုပ်မချိတ်မိပဲ ပြန်သွားရရော။ ငိုနေတဲ့ သူ့ ကို ဘယ်လို အားပေးရမှန်းကို မသိဘူး။ ကံဆိုးချင်တော့ စီးပွားရေးကျတဲ့ အချိန်မှာ ရောက်လာသလို ဖြစ်သွားတာ။

ဟိုတနေ့ က အီးမေးလ်တခု ရောက်လာတာ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီကို အလုပ်လာရှာတဲ့ သူတယောက် အသက်ငယ်ငယ်လေးနဲ့  ဒီမှာတင် ဆုံးသွားတယ်။ စိတ်ပင်ပန်းမှုဒဏ်က အတော်ဆိုးဝါးသွားပုံရတယ်။ ကလေးငယ်ငယ်လေးနဲ့  မိန်းမကို ထားပြီး အလုပ်လာရှာတာတဲ့။ အဲဒီနေ့ က သူတို့ မိသားစုလေး အကြောင်းတွေးပြီး ထမင်းတောင် မစားနိုင်ဘူး။

ဒါကြောင့် လာဖို့  အစီအစဉ်ရှိသူများကို ကြိုသတိပေးပါရစေ။ အခြေအနေကို စုံစမ်းပြီးမှ လာကြပါ။ လက်ရှိအလုပ်ကို ထွက်စရာမလိုပဲ ခဏလာ ကြိုးစားလို့ ရတယ်ဆို ပိုကောင်းလိမ့်မယ်။ ခေတ်က ပြန်ဆိုးစပြုလာတော့ မျက်စိမှိတ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်မလာသင့်တော့ပါဘူး။ ခုလက်ရှိ တချို့ companyတွေတောင် လှုပ်တုပ်တုပ်ဆိုတော့ စောင့်ကြည့် လေ့လာကြပါဦးလို့ ။

နောက်တခု သတိပေးချင်တာ fresh graduate လေးတွေကိုပါ။ ကျောင်းပြီးတာနဲ့ နိုင်ငံခြားထွက်မယ်ဆိုပြီး … သင်တန်းတွေ လျှောက်တတ်နေမယ့် အစား အလုပ်တခုခုကို ၀င်လုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။ အလုပ် တကယ်လုပ်ဖူးသူနဲ့ မလုပ်ဖူးသူ မိမိကိုယ်ကို ယုံကြည်မှုက မတူပါဘူး။ ပြီးတော့… အင်္ဂလိပ်စာကို လေ့ကျင့်ပါ။ သင်တန်းမှာ အများနဲ့ လိုက်အော်ရုံနဲ့ မရပါဘူး။ ပါးစပ်က အသံထွက်ပြောမှ နားက သေချာနားထောင်မှ အလေ့အကျင့်ရမှာပါ။

ကိုယ့်အခြေအနေက ဖောင်ဖျက်ရတော့မှ ရမယ့် အခြေအနေဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်ပြီးမှ လာသင့်ပါတယ်။ အလုပ်တခု ရဖို့ ကို လျော့မတွက်သင့်ပါဘူး။ ခုလို ကျပ်လာတဲ့  အခြေအနေမှာ ကိုယ်က ကိုယ့်ပြိုင်ဘက်ထက်သာမှ အရွေးခံရမှာ ဖြစ်ပါတယ်။ ခုဆို ဖီလစ်ပိုင်၊ တရုတ်၊ ကုလားတွေ အပြင် စင်္ကာပူပြိုင်ဘက်တွေက များလာတာမို့  ကိုယ့်အရည်အချင်းကို သူတို့ ထက်သာအောင် သွေးထားဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့  မြန်မာတွေက တကယ်လုပ်နိုင်ပြီး အပြောမှာ ဒုက္ခရောက်တတ်ကြပါတယ်။ ကိုယ်ဘယ်လောက်တတ်လဲဆိုတာ ကိုယ်ပြောနိုင်အောင် လေ့ကျင့်ကြပါ။ အဆင်သင့်ဖြစ်မှ ဖောင်ဖျက်ကြပါလို့  တိုက်တွန်းပါရစေ။

တွဲဖတ်စေချင်တဲ့ပို့ စ်- မြန်မာတချို့နဲ့ အလုပ်အင်တာဗျူး


တန်ခူး
4:45pm 20-Oct-2008

Friday, October 17, 2008

အမှန်တရားရဲ့ အရသာ



လူတွေက အမှန်တရားကို ချစ်မြတ်နိုးကြတယ်… အမှန်တရားကို ဖွေရှာကြတယ်… အမှန်တရားကို လိုချင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း အမှန်တရားကို တွေ့ တဲ့အခါ... မြင်နိုင်ဖို့ ၊ ကြားနိုင်ဖို့ ၊ လက်ခံနိုင်ဖို့ … ခံနိုင်ရည် တကယ်ရှိပါသလား… အဆင်သင့်ရော ဖြစ်ပြီလား…။ တခါတလေ အမှန်တရားက ကိုယ်ထင်ထားတာနဲ့  တခြားစီဖြစ်အောင် လွဲချော်နေတတ်တာလေ။ ဒီလောကကြီးထဲမှာ နေရာတကာ အမှန်တရားကို သိရတဲ့အခါ ပျော်ရွှင်နိုင်ပါဦးမလား…။ ဒါဆို အမှန်တရားကို ဖုန်းကွယ်တာကို အားပေးရာကျနေလား…။ အမှန်တရားကို အမြဲသိနေရဖို့ က သဘာဝကျသလား…။ နာကျင်စေမယ့် အမှန်တရားတွေကို ကြောက်တတ်သလား။

အစချီတာကြီးက နဲနဲကြီးသွားသလားလို့ …။ ဒီအကြောင်းရေးမယ်ဆို တွေးစရာတွေက မဆုံးနိုင်အောင် ပါတော့မှာ။ ကျေးဇူးပြုပြီး ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးပါနော်။ ဘာရယ် မဟုတ်ပါဘူး။ ခုတလော ကြည့်ဖြစ်နေတဲ့ TVကလာတဲ့ game showလေးကနေ အတွေးပွားသွားတာပါ။ “The Moment of Truth ” တဲ့ ။ အပွင့်လင်းဆုံးမေးခွန်းတွေကို မချွင်းးမချန် အမှန်အတိုင်းသာ ဖြေခဲ့ရင် အမြင့်ဆုံးဆု ဒေါ်လာသန်းတ၀က်ထိ ရနိုင်တဲ့gameပေါ့။ ကိုယ်ဖြေတဲ့အဖြေက လိမ်ဖြေခဲ့ရင်တော့…။

Gameထဲမှာ မေးတဲ့ မေးခွန်းတွေက တကယ့် အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ်။ “မင်း သူနဲ့  လက်ထပ်ခဲ့တာ မှားတယ်လို့  နောင်တရခဲ့ဘူးသလား” တဲ့။ “ရခဲ့ဘူးပါတယ်… ဟုတ်ကဲ့” ဆိုတဲ့ အဖြေက မှန်တယ်လဲ ဆိုရော မျက်ရည်တွေ ရစ်ဝဲပြီး
ယူကျူံးမရဖြစ်သွားတဲ့ အမျိုးသမီး နေရာ ပူးဝင်ခံစားမိတယ်။ ခါးသီးလွန်းတဲ့ အမှန်တရား။ ရင်ကို နာကျင်စေတဲ့ အမှန်တရား။ ဒီလို သိလိုက်ရတဲ့အခါ ယုံကြည်မှုတွေက ပါးလျသွားတော့မှာ။ ဒါပေမယ့်… ဒါအမှန်တရားလေ။ လက်ခံနိုင်ဖို့  အင်အားမွေးကို မွေးရတော့မှာပေါ့။

“မင်းအမျိုးသမီးလက်ထဲကနေ တခြားမိန်းမနဲ့  ဖောက်ပြန်ဘူးသလား” ။ သေလိုက်ပါတော့…။ အဲဒီအဖြေတခုက နှလုံးသားကို အသေသတ်မဲ့ အဖြေ။ မေးခွန်းမေးတဲ့ သူက ယောင်္ကျား အဖြေ မပေးခင် မိန်းမဘက်လှည့်မေးသေးတယ်။ “ ဘယ်လို ထင်သလဲ” တဲ့။ “ယုံကြည်မှု ရှိနေတဲ့ အပြုံးနဲ့  “သူဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး” တဲ့။ သွေးအေးတဲ့ ယောင်္ကျားက အမှန်တရားကို ရက်ရက်စက်စက် ပြောသွားတယ်။ “ဟုတ်ကဲ့… ငါဖောက်ပြန်ဘူးပါတယ်” တဲ့။ ခုနက မိန်းမဆီက ယုံကြည်မှုတွေ မျက်ရည်အဖြစ်ပြောင်း ချောင်းစီးသွားတယ်။ ပွဲကြည့် ပရိသတ် ကိုယ်ကတော့ ဒီတခါမှာ
ဒီgameကို ကျေးဇူးတင်သွားတယ်။ နို့ မို့  ဘယ်အချိန်ထိများ ဖောက်ပြန်သူ တယောက်ရဲ့ လှည့်စားမှုကို ခံနေဦးမလဲ။ ဒီအမှန်တရားက သိသင့်တဲ့ အမှန်တရား။ လူပုံလည်မှာ ကျုပ်ဒီလောက် ကိုယ်ကျင့်တရား ပျက်ပြားပါတယ် ဆိုတာ ဖွင့်ချလိုက်ရသူအတွက် အရှုံး။

“မင်းဟာ မင်းမိဘတွေ အတွက် ၀န်ထုပ်ဝန်ပိုးတခုလို့  ခံစားရလား”။ အမေကြီးက သားအဖြေကို စိတ်လှုပ်ရှားစွာနဲ့  စောင့်မျှော်နေတယ်။ ကိုယ့်ရင်သွေးနာကျင်တာ မကြည့်ရက်တဲ့ အမေတယောက် အတွက် လှပတဲ့ အဖြေပဲဖြစ်ပါစေလို့  ဆုတောင်းမှ မဆုံးသေး “ခံစားရခဲ့တယ်…” တဲ့။ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ မျက်ရည်ဝိုင်းသွားတဲ့ မိခင်တယောက်ရဲ့ ခံစားမှုကို ကိုယ်ချင်းစာမိတယ်။ ငယ်ငယ်တုန်းက အဖေက ရိုက်ရင် နောက်တနေ့  အဖေနဲ့ အမေ အပြင်က ပြန်မလာခင် ကျွန်မသည် ဦးxxx နှင့် ဒေါ်xxxတို့ ရဲ့ သမီးအရင်း မဟုတ်ပါလို့  စာရွက်ပေါ်ရေး အိမ်ရှေ့ ခန်းမှာ ကပ်ထားတတ်တဲ့ ကိုယ့်ကို ဒီလိုမေးခွန်းမျိုး မေးလာခဲ့ရင်ကော။ မိဘဖြစ်လာမှ မိဘမေတ္တာကို ပိုနားလည်လာတတ်ကလဲ အမှန်တရားတခုပဲ မဟုတ်ပါလား။

တခါတလေကျတော့လဲ အမှန်တရားက ချိုမြနေပြန်ရော။ “မင်းရဲ့ ရီးစားဟောင်းက မင်းရင်ထဲမှာလွှမ်းမိုးတုန်း… အခြေအနေပေးရင် ပြန်ဆက်ချင်တုန်း” ဆိုတာကို “ဟုတ်ကဲ့” လို့ ဆိုတော့ ကောင်မလေး မျက်လုံးလေးတွေ ပြုံးသွားတယ်။ အဲဒီအပြုံးထဲမှာပဲ အချစ်က ပျော်ဝင်စီးမျောလို့ ။ ဒါမျိုးလေးတွေ လုပ်စမ်းပါလို့  ပြောလို့ မှ မဆုံးသေး ရက်စက်တဲ့ မေးခွန်းက ဆက်လာတယ်။ “မင်းရီးစားဟောင်းကို အရင်ချစ်သူဘ၀က လှည့်စားလိမ်ညာခဲ့ဘူး သလား” တဲ့။ “ဟုတ်ကဲ့” ။ ခုနက ပျော်နေခဲ့တဲ့ ကောင်မလေး ပါးစပ်လေးဟ အံ့သြသွားခဲ့တယ်။

ဒီလူကလဲ မှန် မှန်နိုင်လွန်း။ အဖြေတွေ တခုပြီး တခု မလိမ်ညာပဲ အမှန်ဖြေလေလေ သူ့ နားက သူနဲ့ ရင်းနှီးသူတွေ နာကျင်လေလေ။ နောက်ဆုံး အမေကြီးက တော်လောက်ပါပြီ… ဘယ်သူ့ နှလုံးသားကိုမှ ဆက်ပြီး မနာကျင်စေချင်လို့ ပါတဲ့။ အမှန်တရားကို လက်မြှောက် အရှုံးပေးလိုက်ရခြင်း။

ဒီshowဟာ ကိုယ်ကျင့်တရား မဖောက်ပြန်၊ စိတ်ထားမြင့်မြတ် သိမ်မွေ့ တဲ့ သူတွေ နဲ့ ဆို အတော်ကြည်နူး စရာကောင်းမှာပါ။ သူတို့ က အမှန်တရားတွေနဲ့  နေထိုင်သူလေ။ ကိုယ်ကျင့်တရား ပျက်စီးသူ စိတ်ထားပျော့ညံ့ ယိုင်နဲ့ လွယ်သူတွေ အတွက်တော့ အတော် ရုပ်ဆိုးစေတဲ့  game တခုပေါ့။ တကယ်လို့ များ အမှန်တရားနဲ့  စိတ်လှုပ်ရှားချင်ရင် ကိုယ်တယောက်ထဲ online ပေါ်မှာ အရင်ကစား ကြည့်ပေါ့။ ပြီးရင်… ပြောပြဦးနော်… အမှန်တရားရဲ့ အရသာ။
(မေးခွန်းများကို မြန်မာယဉ်ကျေးမှုနဲ့ နီးစပ်အောင် အကြမ်းဖျင်း ဘာသာပြန်ထားခြင်းဖြစ်ပါတယ်)

တန်ခူး
11:00pm 17-Oct-2008

Tuesday, October 14, 2008

ငယ်ငယ်တုန်းက သီတင်းကျွတ်



ငယ်ငယ်တုန်းက ဒီနေ့ လိုနေ့ မတိုင်ခင် တပတ်အလိုကတည်းက မေမေက အကျီင်္လှလှလေးတွေ ၀ယ်ပေးဖို့  စကော့ဈေးက ဦးလေးကြီးဂါဝန်ဆိုင်ကို ခေါ်သွားနေကျ…။ မေမေရွေးပေးတဲ့ ဂါဝန်လေးတွေဝယ်ပြီး သီတင်းကျွတ်ပွဲတော် အတွက် ကြိုတွေးပြီး ပျော်နေရော။ အဲဒီတုန်းက ဂါဝန် ၃ ထည်မှ တရာ…(အံ့သြသွားလား… ကလေးတို့ ရေ)။ အပြန်ကျတော့ ဖေဖေက ကျောက်ကုန်း ကုန်းဆင်းက ဆိုင်မှာ မီးပုံးလေးတွေ ၀ယ်ပေး…။ မောင်လေးက သူများထက်ထူးတဲ့ သင်္ဘောကြီးတွေ၊ အမြှောက်ကားကြီးတွေမှ ပူဆာတာ…။ ဖေဖေကတော့ သားလေး ဒီတယောက်ထဲရှိတာဆို ၀ယ်ပေး…။ ကိုယ်ကတော့ တွန်းလို့ ရတဲ့ ယုန်လေးဖြစ်ဖြစ်… ကြက်ကလေးဖြစ်ဖြစ် ရပြီ။ ညီမလေးကတော့ မေမေ့ရင်ခွင်ထဲကနေ တခစ်ခစ်နဲ့  အရုပ်လေးတွေ ကြည့်ပြီးသဘောကျလို့ …။

လမ်းထဲမှာတော့ အကိုကြီးတွေက တက်တက်ကြွကြွ မီးထွန်းဖို့ တိုင်တွေမြှပ်ဖို့  တွင်းတွေတူးကြ…။ မီးကြိုးတွေ သွယ်ကြ…။ သက်ကြီးပူဇော်ပွဲအတွက် မဏ္ဍတ်ထိုးကြ…။ ပွဲပါတဲ့နှစ်တွေဆို ပိုစည်စည်ကားကား…။ အိမ်ရှေ့ က တူးမာတို့ အိမ်မှာ ညဘက်ဆို ဆိုင်းသံ၊ဗုံသံ တညံညံနဲ့ … အကတိုက်၊ ယိမ်းတိုက်၊ပြဇာတ်တိုက်…။ ညဆို အိမ်ကပျောက်လို့ လိုက်ရှာရင် ခါတိုင်းလို ဦးနှောက်သိပ်မစားရ။ အကတိုက်တဲ့ရှေ့  ပါးစပ်လေးဟ ငေးနေမယ့် ကိုယ့်ကို လွယ်လွယ်ကူကူ တွေ့ ရမယ်လေ…။ ပြဇာတ်မန်နေဂျာ ကိုကုလားကတော့ သိမ်ကြီးဈေးသွားပြီး ပြဇာတ်အတွက်လိုအပ်တဲ့ သေနတ်အတုတို့ ၊ သွေးအတုတို့ ၊ ပန်းအတုတွေ ၀ယ်..။ အိမ်ဘေးက အချက်အပြုတ်တာဝန်ခံ မနုတို့ အဖွဲ့ ကတော့ ကုန်ခြောက်တွေစု…။ လပြည့်နေ့ မရောက်ခင်ကတည်းက အတော်ကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း…။

လမ်းထိပ် အ၀င်ဝကို တလမ်းနဲ့ တလမ်း အပြိုင်အလှဆင်ကြ။ တနှစ်နဲ့ တနှစ်ကလဲ မထပ်စေရ။ ကလေးဆိုတော့ ငါတို့  ဂိတ်က ပိုလှ သူတို့ ဂိတ်က ပိုလှနဲ့ ငြင်းကြခုန်ကြပေါ့။ လပြည့်နေ့ မတိုင်ခင် တရက်လိုထဲက မီးတွေ ထိန်ထိန်ညီးအောင် စထွန်းကြရော..(အံ့သြသွားလား… ကလေးတို့ ရေ)။ အသံချဲ့ စက်ကလည်း ဆင်ပြီးသားဆိုတော့ ဦးအေးကြိုင်တို့ က လပြည့်နေ့ အစီအစဉ်တွေ ကြေငြာလိုက် သီချင်းလေးတွေ ဖွင့်လိုက်နဲ့ ။ တချို့ က ငှားထားတဲ့ မိုက်ကို ကောင်းကောင်းကြီးနဲ့  Testing 1 2 3, Hello Testing 1 2 3 လုပ်ရတာလဲ အမော။ မနုတို့ အဖွဲ့ က ကြက်သွန်နွှာ၊ ကြက်သားကိုင်၊ ဆန်ရွေး… စအလုပ်ရှုပ်နေကြရော…။ ကိုယ်တို့ ကတော့ အဲဒီနေ့ ကတည်းက မေမေ၀ယ်ပေးတဲ့ ဂါဝန်လေးဝတ်၊ ဖေဖေ၀ယ်ပေးတဲ့  မီးပုံးလေးတွန်းပြီး ရွာရိုးကိုးပေါက် စလျှောက်ပြီ…။ အဆန်းကြိုက်တဲ့ မောင်လေးမီးပုံးကြောင့် သူ့ နောက်မှာ ကလေးတွေက ရထားတန်းကြီးလို ပါလာတာ သူက ခပ်ပြုံးပြုံးနဲ့  ဂုဏ်ယူလို့ လေ…။

လပြည့်နေ့ ကတော့ မနက်လင်းအားကြီးထဲက စပီကာသံ ဆူဆူညံညံ။ အာရုဏ်ဆွမ်းအတွက် တအိမ်ကို ဟင်းတခွက်ပို့ ကြရတော့ တရပ်ကွက်လုံး နိုးနေကြပြီ။ မေမေကတော့ အညာသူပီပီ ၀က်ပုန်းရည်ဟင်းလေး ချက်ပို့ နေကျ။ တရားနာထဲက ထမီလေးဝတ် မေမေ့နောက် လိုက်သွားပြီး လက်အုပ်လေးချီ ဟိုငေးဒီငေး။ ဘုန်းကြီးပြန်ကြွတော့ စပီကာထဲက မင်းအောင်တို့  အနိုင်တို့ …အပြိုင်အဆိုင်ထွက်လာတယ်…။ ဒီဘက်လမ်း အနိုင်၊ ဟိုဘက်လမ်းက မင်းအောင်၊ နောက်တလမ်းက တွံတေးသိန်းတန်…။ “ကိုရေ…စိုးသင်္ဘောပေါ်တက်ခဲ့မယ်နော်”… “မတက်ခဲ့နဲ့ စိုး” “ဟယ်လို… ကိုကုလား..ဟယ်လို … ကိုကုလား… ရောက်ရာအရပ်က အမြန်ဆုံး မဏ္ဍတ်ရှိရာ လာခဲ့ပါ” “ကလေးတွေ… ကလေးတွေ မဏ္ဍတ်ပေါ်မှာ မခုန်ပါနဲ့ ” “ချက်ပြုတ်ရေးအဖွဲ့ က ကောင်လေးတွေ ဒီမှာ ရေကုန်နေပြီ”…. အဲဒီလို သီချင်းသံကြားထဲမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ တောင် စပီကာသုံးကြတာ ရယ်လဲရယ်ချင်စရာ ပျော်လဲပျော်စရာပါ။

နေ့ ဆွမ်းကပ်ပြီးတဲ့အခါ သက်ကြီးပူဇော်ပွဲ စပါတယ်။ အဖိုးတွေက ရှပ်အဖြူသန့် သန့် လေးတွေနဲ့  အဖွားတွေက ရှန်သားဖြူဖြူလေးဝတ်ပြီး သနပ်ခါးလေးတွေနဲ့  သူတို့ ကြည့်ရတာ အတော် စိတ်ချမ်းသာစရာ…။ ဖေဖေက နှစ်တိုင်း လူကြီးတွေ ကန်တော့ချိုးကို ရှေ့ ကတိုင်ပေးနေကျ။ စကားပြောကောင်းတဲ့ အဖိုးတယောက်က ဆုပေး၊ ဆုံးမစကားပြော…။ ပြီးတော့ တလမ်းလုံး မဏ္ဍတ်ထဲမှာ တိုးတိုးဝှေ့ ဝှေ့ နဲ့  ထမင်းစားကြ…။ ကြက်သားဗူးသီး ကာလသားချက်လေးနဲ့  ငါးခြောက်ကြော် ကြွတ်ကြွတ်လေးနဲ့  ထမင်းက လျောကနဲလျောကနဲ မြိန်ချက်…။

ညနေစောင်းတော့ အိမ်က အဒေါ်က မိတ်ကပ်ဗူးတွေ သယ်ပြီး ဆိုမယ့် ကမယ့် သူတွေ မိတ်ကပ်လိမ်း ဆံပင်ပြင်ဖို့  တူးမာတို့ အိမ်ပြေးတော့ ကိုယ်ကလဲ စပ်စုချင်တာနဲ့  သူ့ နောက်က မယောင်မလည်လိုက်သွား…။ အဒေါ်က မိတ်ကပ်စိုးစိုး စတိုင်နဲ့  တမျက်နှာပြီး တမျက်နှာ လိမ်းတော့တာပဲ။ ပြဇာတ်မင်းသမီးကိုတော့ နဲနဲ အချိန်ပေးပြင်… ပြဇာတ်မင်းသားကိုလဲ ပေါင်ဒါလေး နဲနဲတို့ ...။ သူငယ်တော်ကမယ့်  ကိုဝင်းသိန်းတို့ အဖွဲ့ ကျတော့ ပါးကွက်ဝိုင်းဝိုင်းလေးတွေ ညီညီညာညာကွက်… ။ ပြဇာတ်ဆရာ ကိုကုလားကတော့ အင်္ဂုလိမာလ နောက်ပိုင်းဇာတ်အတွက် မုန့် ကြွတ်ချောင်းလေးတွေကို လက်ညှိးလေးတွေနဲ့  တူအောင် သီလို့ …။ အဒေါ်က မိတ်ကပ်ပြင်ရာက ပွဲကြည့်စင်ရှေ့  နေရာဦးဖို့  အမှတ်ရလိုက်သေးတယ်…။ နဲနဲမှောင်လာတော့ ပြင်ဆင်တဲ့နားက ထလာပြီး အိမ်က မီးပုံးဆွဲပြီး ထွက်တော့ တာပဲ။ တလမ်းလုံး လမ်းတဘက် တချက်မှာ ဗန်ဒါရွက်လေးတွေဆိုင်ပြီး ဖယောင်းတိုင်လေးတွေ စီစီညီညီ ထွန်းကြရတာ ပျော်စရာ။ မောင်လေးတို့  အုပ်စုကတော့ မီးပုံးတွေ ဘေးချပြီး ဗြောက်အိုးဖောက်နေပြီ။

ဖေဖေနဲ့ မေမေကို မောင်နှမတွေ ကန်တော့ကြပြီး မုန့် ဖိုးတွေလဲရရော ရပ်ကွက် ပွဲဈေးတန်းလေးဆီ ပြေးတာပဲ…။ မသန်းနွဲ့ ရဲ့ ငှက်ပျောပေါင်း၊ အမေကျော့ရဲ့ မုန့် ကြတ်တိုက်၊ မနုရဲ့ အသုတ်စုံ… မုန့် ဖိုးပြောင်မှ အဒေါ်ဦးထားတဲ့ ဖျာနေရာဆီ အပြေးအလွှားသွား…။ ကိုကုလားတောင် အစီအစဉ် ကြေငြာနေပြီ။ အဖွင့်သီချင်းဆိုတော့မှ ကိုယ့်အဒေါ် ဘယ်လောက်တော်လဲ သိရတယ်…။ လမ်းထဲက အပျိုတွေလှလိုက်တာ မင်းသမီး အစစ်တွေ အတိုင်း။ ကိုဝင်းသိန်းတို့  ပွင့်တူရွက်တူတွေ ခေါင်းထိပ်တည့်တည့်ပန်ပြီး သူငယ်တော်ကသွားတာ ရယ်စရာ…။ ပန်းပိတောက်ကို ချစ်တယ်ဆိုတဲ့ အကိုကြီးနဲ့  အမကြီးက ပီပြင်လွန်းလို့  တကယ်ကြိုက်နေသလားတောင် ထင်ရတယ် (ထင်တာ မှန်ပါတယ်… အဲဒီနေ့ ညပဲ ခိုးပြေးသွားကြတာလေ… မှတ်မိနေသေးတယ်)…။ ငယ်သူငယ်ချင်းရေ ခုတော့ ငယ်ကျွမ်းဆွေက သီတင်းကျွတ်ပွဲတိုင်းရဲ့ ဇာတ်ဝင်တေးလို ဖြစ်နေပြီ…။ နောက်ပိုင်း ပြဇာတ်မတိုင်ခင် မေမေက အိပ်ရအောင် လာခေါ်တော့ ဘူးခံငြင်းတယ်…။ မျက်လုံးကလဲ ပြူးကျယ်လို့ …။ ပွဲခင်းထဲ လာရောင်းတဲ့  မုန့် လေပွေ ကလဲ ကောင်းမှကောင်း။

လာပါပြီ… ကိုကုလားရဲ့  ပြဇာတ် ။ သူ့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင် ဇာတ်လိုက်မင်းသမီးရဲ့ အကိုနေရာက သရုပ်ဆောင်…။ စကားပြောဟန်က မြတ်လေးအတိုင်း…။ သူ့ မှာ အနုပညာဗီဇက အပြည့်…။ ခက်တာက ပွဲခင်းထဲမှာ မောင်တင်ဦးမပါ… မောင်နန္ဒမပါ… ။ သူ့ ခမျာ မီးခဲပြာဖုံး…။ လူဆိုးနဲ့ ဖိုက်ကြတော့ လက်ခုပ်သံတွေ တဖြောင်းဖြောင်း… ။ နောက်ပိုင်း အဂုင်္လိမာလဇာတ်က သရုပ်ဆောင်တွေ အားလုံးမာန်ပါပါလျက် မိန်းမလျာမအေးကြွယ်ကို အမေလုပ်ခိုင်းတော့ သနားရမယ့်အစား တ၀ါးဝါး ပွဲတွေကျ… ။ မနက်လင်းအားကြီးမှ ပွဲကပြီးတယ်… ။ လကြီးကတော့ သာနေတုန်း…။ ကိုယ့်ဖျာကိုလိပ်ပြီး ခပ်နှေးနှေး ခြေလှမ်းတွေနဲ့  အိမ်ပြန်ကြတယ်…။ ပြီးတော့… အိပ်မက်ထဲမှာလဲ သီတင်းကျွတ်… ။

(သီတင်းကျွတ်လပြည့်နေ့ မှာ ဘလော့ဂ်ရောင်းရင်းတို့  ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ … )

တန်ခူး
5:00pm 14-Oct-2008 (သီတင်းကျွတ်လပြည့်နေ့ )

Sunday, October 12, 2008

အချစ်ဆိုသည်မှာ



သူငယ်ချင်းလေး သက်ဝေတက်ဂ်ထားတဲ့ အချစ်ဆိုသည်မှာကို မအားတဲ့ကြားထဲက အပြီးရေးပေးလိုက်ပါတယ်… သန်ရာသန်ရာမိုလား… ဒီအကြောင်းဆို ရေးရတာကို စိတ်ဝင်တစားပဲ… ခုထိ အချစ်သီချင်းတွေ နားထောင်တုန်း… အချစ်ရုပ်ရှင်တွေ ကြည့်တုန်း…အချစ်ဝတ္ထုတွေ ဖတ်တုန်းလေ… သက်ဝေရေ… ကျေးဇူးအထူးပါ….

*************
မေမေကတော့ အဆောင်ရှေ့ က တမာပင်အောက်မှာ တိုက်ပုံလေး ပုခုံးချိတ်ပြီး နေ့ စဉ်ရက်ဆက် ငေးမောနေတတ်တဲ့ ကောင်လေးကို သနားရာက အချစ်စတင်ဖြစ်ပေါ်ခဲ့သတဲ့…

ဖေဖေကတော့ ခြေမျက်စိထိရှည်တဲ့ ဆံနွယ်တွေပေါ်မှာ ကလေးလေးတယောက်လို အပြစ်ကင်းစင်တဲ့ ပါးဖောင်းဖောင်းလေးပေါ်မှာ… ပြီးတော့ ဟန်ဆောင်မှုကင်းတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးပေါ်မှာ… သူ့ အချစ်တွေ စတင်ခဲ့သတဲ့…

(သူတို့ က ကလေးတွေကို အဲလောက် အသေးစိတ်မပြောပါဘူး… ကိုယ့်ဟာကိုယ် ဆက်စပ်ပြီး အဲဒီလို ကဗျာဆန်ဆန်လေးတွေး မိသွားတာ…)

ကိုယ်ကရော… ကိုယ့်အတွက် အချစ်ဆိုသည်မှာ…

အချစ်ကို ကြားဖူးနားဝရှိလာတဲ့ အချိန်တုန်းက ကာတွန်းတွေထဲမှာလို ၀တ္ထုတွေထဲမှာလို သီချင်းတွေ ရုပ်ရှင်တွေထဲမှာလို… ခပ်ချောချောအကိုကြီးတယောက်နဲ့  ခပ်ချောချောအမကြီး တယောက် မမြင်ရမနေအောင် တွယ်ငြိသွားခြင်းက အချစ်ပေါ့… အဲဒီတုန်းက အချစ်ဆိုတာ ကိုယ့်အတွက် သစ်ပင်တက်ရတာလောက်တောင် ရင်ခုန်စရာမှ မကောင်းပဲ…

ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အချစ်ဆိုတာ
မမျှော်လင့်ပဲ လက်ဆောင်ရတဲ့ ပန်းနီနီတွေထဲမှာ လိုလို…
ဖုန်းထဲက ကြားရတဲ့ တိုးညှင်းညှင်းလေသံထဲမှာ လိုလို…
ညတိုင်း ပျံ့ လွင့်လာတတ်တဲ့ အိမ်ရှေ့ က ဂီတာသံထဲမှာလိုလို…
ကိုယ်မပြောပဲ ဖုံးပေးထားတဲ့ စာအုပ်အဖုံးလှလှတွေထဲမှာ လိုလို…
အဲဒီလို ဝေေ၀၀ါးဝါးနဲ့ ပဲ…
အမေကတော့ ပြောတယ်… အဲဒါ စိတ်ကစားတာ စိတ်လှုပ်ရှားတာ... အချစ်မဟုတ်တဲ့…
ဟုတ်မှာပါ… အဲဒီတုန်းက အချစ်ဆိုတာ ထုတ်ဆီးတိုးရတာလောက် ရင်မခုန်ခဲ့တာ အမှန်ပဲလေ…

တက္ကသိုလ်ရောက်တော့…
ဝါသနာအရ ကုန်ကြမ်းလေးတွေ ရှာရင်း… ကိုယ်တိုင် တကယ်မကြုံတွေ့ ဘူးတဲ့ အချစ်ကို လူတတ်ကြီးလုပ်ပြီး ကဗျာတွေ စာတွေ ရေးလိုက်သမျှ အချစ်အကြောင်း…
ပတ်ဝန်းကျင်က အချစ်တွေကို အငှားခံစားလား ခံစားရဲ့… ကိုယ့်ဆရာကြီးရဲ့ အချစ်ဇာတ်လမ်းတောင် မချန် အားလုံး ကုန်ကြမ်းအဖြစ်ယူရေးတာ… အချစ်ဆိုတာ ကုန်ကြမ်း.. ကုန်ကြမ်းဆိုတာ အချစ်ပဲ… တယောက်နဲ့ တယောက် သံယောဇဉ်ကြီး ချစ်လျက်နဲ့  ငွေကြေးပြည့်စုံတဲ့ ကောင်မလေးကို ရွေးသွားတဲ့ ကောင်လေးကို ကောင်မလေးအစား ဒေါသထွက်တော့ အချစ်ဆိုတာ ဂုဏ်တွေ ငွေတွေလား… ကဗျာတွေ စာတွေ ပြင်းထန်သွားတယ်… ဟိုလူကို ရွေးမလိုလို ဒီလူကို ရွေူးမလိုလိုနဲ့  ကြိုးရှည်ရှည်လှန်ထားတတ်တဲ့ ကောင်မလေးကြောင့် ရူးမတတ်ခံစားနေရတဲ့ သူငယ်ချင်းရဲ့ ရင်ဖွင်သံ နားထောင်ရပြန်တော့ အချစ်ဆိုတာ ပြိုင်ပွဲတခုလားလို့  မချင့်မရဲစာတွေ ရေးမိပြန်တယ်… အချစ်ဆိုတာ စာသင်ခုံပေါ်က ကဗျာတစလား… ခြေရာထပ်အောင် တကောက်ကောက်လိုက်တတ်တဲ့ ဇွဲကြီးမှုတခုလား… အမည်ဖော်ရခက်တဲ့ စူးရှရှ မျက်ဝန်းတွေလား… စက္ကူမြှားပေါ်က ခံစားမှုတစွန်းတစလား... ဟန်ဆောင်ဖုန်းကွယ်ထားတဲ့ ရီဝေေ၀အကြည့်တွေလား… အဲဒီတုန်းက အချစ်ဆိုတာ ကိုယ့်အတွက် စာမေးပွဲအောင်စာရင်း ထွက်တာလောက် ရင်ခုန်စရာ မကောင်းခဲ့ပြန်ဘူး…

တကယ်တမ်း အချစ်နဲ့ ကြုံတွေ့ ရတော့…
အရင်က ခပ်ရဲရဲကြည့်ခဲ့ဘူးတဲ့ မျက်ဝန်းတွေကို မကြည့်ရဲခဲ့ဘူး….
အရင်က ရင်းနှီးနေခဲ့တဲ့ အသံကလဲ ထူးခြားဆန်းကျယ်စွာ အတော်ရင်ခုန်စရာ ကောင်းနေပြန်တယ်….
အရင်ကထက် စကားတွေ ပိုပြောချင်တယ်…
အရင်ကထက် ပိုဂရုစိုက် ခံချင်တယ်…
အရင်ကထက် သူအကြောင်းပိုစိတ်ဝင်စားသွားတယ်…
အရင်ကထက် သူ့ ကိုပိုစိုးရိမ်မိတယ်…
အရင်ကထက် သူ့ ကိုပိုတွယ်တာမိတယ်…
အရင်ကထက် ပိုလွမ်းတတ်လာတယ်…
စဉ်းစားစရာ မလိုတဲ့ အဖြေတခုက ကိုယ့်ရင်ထဲ အလိုလိုရောက်လာခဲ့တယ်…
ပြီးတော့… သူငယ်ချင်းဆိုတဲ့ နံရံပါးပါးကို သူနဲ့ အတူဖြိုလှဲ ပစ်ခဲ့တယ်…
အချစ်ဆိုတာ… ကိုယ့်အတွက်တော့ နှလုံးသားထဲကို ခြေလှမ်းဖွဖွလေးနဲ့  ကိုယ်မသိအောင် တိတ်တိတ်လေး ၀င်လာပြီး ကိုယ့်နှလုံးသားကို လွှမ်းမိုးစေညွှန်သိမ်းပိုက်လိုက်တာကို ကိုယ်ကကျေနပ်စွာ လက်ပိုက်ကြည့်နေမိတဲ့ ထူးခြားဆန်းကျယ်တဲ့ခံစားမှုတခုပေါ့…

ဆက်တက်ဂ်ချင်သူများကတော့
၁) မမေငြိမ်း
၂) ညီမလေးခွန်မြလှိုင်
၃)ညီမလေး ပုံရိပ်
၎)ညီမလေး ဂျစ်တူး
၅) ကိုစေးထူး
၆) ကောင်းကင်ကို
၇) ရွာသားလေးဝိုင်တီယူ
၈) ကိုပီတိ
၉) ကိုတောင်ငူ
၁၀) ကိုပုလုကွေး

တို့ ပဲ ဖြစ်ပါတယ်… ရေးပေးရင် သိပ်ကျေးဇူးတင်… သိပ်ပျော်မှာပေါ့… ရေးပေးပါနော်...(ညီမလေးအိမ့်ချမ်းမြေ့လေးရေးတဲ့ အချစ်အကြောင်းဖတ်ချင်ပေမယ့် ခရီးထွက်မယ်ဆိုလို့  အလိုက်တသိ မတက်ဂ်ဖြစ်တော့ဘူး)

တန်ခူး
1:35am 12-Oct-2008

Tuesday, October 7, 2008

ဖယောင်းတိုင်နှစ်တိုင်



ဖယောင်းတိုင်တတိုင်
ရေပေါ်ဆီတို့ ရဲ့စားပွဲဝိုင်းပေါ်က
ရွှေရောင်ကလပ်တခုထက်
ဘ၀မေ့နေ့ လိုက်တာ
ခဏအနားရ ထားတဲ့
လျှပ်စစ်မီးချောင်းကိုတောင်
မခိုးမခန့် လှမ်းပြုံးလို့ 
ငါမှတော်ဝင်တယ်တဲ့
အဆီပြန်မျက်နှာနဲ့ 
သခင့်အလိုကျ
ကျွန်ပါးဝပြနေလိုက်ပုံက
သင်္ခါရတရားကိုလဲမေ့
မူးယစ်ရီဝေအရည်တွေကြား
ငါးပါးသီလဖောက်ပြားဖို့ 
အားပေးအားမြှောက်လင်းပေးရင်း
သူ့ အခိုးငွေ့ တွေထဲ
သူပါပျောက်ဆုံးသွားတယ်…။

ဖယောင်းတိုင်တတိုင်
မွဲခြောက်ခြောက်စားပွဲဝို်င်းလေးပေါ်က
နို့ ဆီဗူးခွံထက်
သူ့ ဘ၀ကိုကျေနပ်နေလိုက်တာ
ပျောက်ဆုံးနေတဲ့
လျှပ်စစ်မီးရောင်အတွက်
စွမ်းအင်ရှိသမျှသုံးလို့ 
ငါအလင်းပေးပါရစေတဲ့
အရိုးခံမျက်နှာနဲ့ 
သခင့်အလိုကျ
သစ္စာရှိလိုက်ပုံက
ကျေးဇူးတရားကိုလဲမမေ့
ရိုးသားမှုတွေသာချမ်းသာတဲ့
ဒီမိသားစုကြား
အေးအတူပူအမျှလင်းပေးရင်း
သူ့ အလင်းရောင်တွေထဲ
သူပါလင်းလက်သွားတယ်…။

တန်ခူး
10:00am 07-Oct-2008

Thursday, October 2, 2008

လာ… လွမ်းကြစို့ 


ကျွန်မက ကျောင်းနဲ့ ပတ်သက်ရင် ထိလွယ် ရှလွယ် လွမ်းလွယ်သူ…။ ခုထိလဲ တခါတခါ တွေဝေငေးပြီး အတိတ်ခြေရာတွေ လိုက်ကောက်နေတုန်း…။ တခါတခါကျတော့ ငယ်က အကြောင်းတွေ ရေပက်မ၀င်အောင် ပြောရင်း လွမ်းနေတုန်း…။ လွမ်းတိုင်းသာ စကားလုံးတွေ အန်ချရရင် ဒီဘလော့ဂ်ပေါ်မှာ ကျောင်းအကြောင်းတွေ ထပ်နေလို့  ဖတ်သူတွေတောင် ငြီးငွေ့ သွားကြမှာ…။ အလွမ်းတွေက မဆုံးတမ်း… မအိုတမ်း။ အစွဲအလန်းက ဘယ်လောက်ကြီးသလဲဆို ဒီကျောင်းထွက်ဆို ရင်ထဲက နှစ်နှစ်ကာကာ အလိုအလျောက်ခင်သွားတာ။ ဒီကျောင်းကထွက်တဲ့ အနုပညာသမားတွေဆိုလဲ သူများထက်ပိုပြီး သာသာထိုးထိုး အားပေးမိတာ သိပ်တော့ မတရားလှဘူးဆိုတာလဲ ၀န်ခံပါတယ်…။ ဒီနေ့ မနက် သူငယ်ချင်းတယောက်က အီးမေးလ်နဲ့  ပို့ လိုက်တဲ့ ဒါရိုက်တာချိုတူးဇော်ရဲ့ လွမ်းဆိပ်ဆိုတာလေး ဖတ်ပြီး မတရား လွမ်းသွားတာ… အတော်ကိုလွမ်းသွားတာ… အလွမ်းအဆိပ်သင့်လို့  မလုပ်နိုင် မကိုင်နိုင်နဲ့ …။ ကိုချိုတူးဇော်က ကျွန်မတို့ နဲ့  မတိမ်းမယိမ်းဆိုတော့ အလွမ်းတွေကလဲ မတိမ်းမယိမ်း…။ ၀တ္ထုလေးလား… ဘလော့ဂ် တခုခုပေါ်ကလား… ဒါမှမဟုတ် ဖိုရမ်ထဲကလား… ဂျာနယ်ထဲကလား… ဘယ်ကမှန်း အတိအကျ စုံစမ်းဖို့ တောင် မစောင့်ချင်လောက်အောင် အလွမ်းဆိပ်တွေတက်နေလို့  ကိုယ့်ဘလော့ဂ်လေးပေါ်မှာ လင့်ခ်ပေးလိုက်တာကို ကိုချိုတူးဇော် ခွင့်လွှတ်နိုင်ကောင်းပါရဲ့…။ အပြစ်ရှိရင် ကျောင်းကိုချစ်မိသူ အချင်းချင်းမို့  နားလည်ပေးနိုင်ကောင်းပါရဲ့…။ ကိုချိုတူးဇော်ရေ… ကျွန်မကလဲ ဖန်ဆင်းရှင်ကို လိုက်ရှာမိနေသူ…။ ကြီးတောင့်ကြီးမားနဲ့  လွမ်းစိမ့်သူပါ…။ ကျွန်မနောက်ဆုံးနှစ်က ရေးခဲ့ဘူးတဲ့ ကဗျာတပုဒ်ထဲကလို ပခုံးထက်က လွယ်အိတ်စုတ်စုတ် ဘယ်ခါမှ မပြုတ်ထွက်သွားအောင် သံမှိုနဲ့ ရိုက်ထားချင်သူ…။ ချစ်ဦးသူ ငယ်ချစ်ဟောင်း အဲဒီကျောင်းကြီးကို အားလုံးလွမ်းချင်တိုင်းလွမ်းဖို့  ဒီနေရာလေးကို ဝေမျှပေးလိုက်တယ်နော်…။ လာ...လွမ်းကြပါစို့ …။

တန်ခူး
10:15am 2-Oct-2008

Monday, September 29, 2008

ဖိုးရွှေလိပ်ကလေး


သားက ပေါင်ချိန်စက်ပေါ် ဟန်ကျကျ တက်ပြီး လူကြီးတွေ ချိန်သလို ဒိုင်ခွက်ကို ငုံ့ ကြည့်သည်။ ဒီအထိ ကျွန်မရော သူ့ အဖေပါ သူဘာလုပ်မလဲ စိတ်ဝင်စားစွာ စောင့်ကြည့်မိသည်။ ပြီးမှ သူထမေးလိုက်တဲ့ မမျှော်လင့်တဲ့မေးခွန်းကြောင့် ကျွန်မတို့ ရယ်မိကြသည်။ ဒိုင်ခွက်ကို ကြည့်ပြီး မေးသည့် မေးခွန်းက “မေမေ့  ဘယ်နှစ်နာရီ ထိုးပြီလဲ” တဲ့။ လက်တံပါသည့် ဒိုင်ခွက်မှန် သမျှက နာရီတမျိုးထဲ မဟုတ်ကြောင်း ရှင်းပြတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ နားတော့ ထောင်သည်။ နားလည်သလားတော့မသိ။

သားက သူနဲ့  ရွယ်တူကလေးတွေနဲ့  စာရင် ပတ်ဝန်းကျင် လေ့လာမှု နှေးကွေးသည်။ သူစိတ်ဝင်စားတာကို တစိုက်မက်မက် လုပ်နေပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေတတ်တာက သူ့ အဖေအတိုင်း။ ပထမတော့ ကျွန်မတို့ စိတ်ပူမိသေးသည်။ မေးခွန်းမေးလဲ သူဖြေချင်မှ ဖြေတတ်သည်။ ယောင်္ကျားလေး သဘာဝက ဒီလိုပဲ ဆိုမှ စိတ်ပူသက်သာရသည်။ သူ့ နဲ့ နှစ်တူမွေးသည့် မိန်းကလေးတွေက “ဖေဖေနဲ့ မေမေ ဘယ်သူ့ ပိုချစ်လဲ” ဆို အဖေရှေ့ ကျ ဖေဖေ၊ အမေရှေ့ ကျ အမေလို့  ချွဲတတ်နားလည်တတ်နေချိန်မှာ သားကို အဲဒီမေးခွန်းမေးရင် “ဖေဖေချစ်ချစ်၊ မေမေချစ်ချစ်” လို့ ပဲ ဖြေတတ်သည်။ အဲလောက် နှေးကွေးသည့် ဖိုးရွှေလိပ်လေးပါ။

ခုတော့ ဖိုးရွှေလိပ်လေး အိပဲ့အိပဲ့ နဲ့  ခရီးအတော်ရောက်လာခဲ့ပြီ။ အကြောင်းနဲ့ အကျိုး၊ အပေးနဲ့ အယူတွေ ဖြေးဖြေးချင်း နားလည်လာတော့ ကျွန်မတို့  နဲနဲသက်သာလာသည်။ ဆိုဖါပေါ်က ခုန်ခုန်ချပြီး ကစားတတ်သည့် သူ့ ကို “ဆိုဖာပေါ်က ခုန်ချရင် သားသွားတွေ ကျိုးကုန်မှာပေါ့” လို့  ကျွန်မခြောက်တာ ကြောက်တတ်လာခဲ့ပြီ။ နောက်တခါ မေ့တေ့တေ့ရှိရင် “သား ဆိုဖာပေါ်က ခုန်ချရင် ဘာဖြစ်မလဲ” လို့  သတိပေးလိုက် ကျွန်မဘေးကို ငြိမ်ငြိမ်လေး လာထိုင်ပြီး “ဆိုဖာပေါ်က ခုန်ချတော့ဘူး… သားသား သွားတွေ ကျိုးလိမ့်မယ်” လို့  ပြန်ရှင်းပြတတ်သည်။ တခါပြောလျှင် အမြဲစွဲအောင် မှတ်ထားသည့် ဥာဏ်ကတော့ အလွန်ကောင်းသည်။

တခုခု စိတ်ဝင်စားမိလျှင် အသဲအမဲ လုပ်တတ်သည့် သားက အီးအီးပါ၊ ရှုးပေါက်ဖို့ အလွန်ပျင်းတတ်သည်။ ဘယ်လို သင်ပေးပေး မရတော့ ကျွန်မတို့  အခက်တွေ့ ရသည်။ ဒီတော့ ကျွန်မနဲ့ ခင်ပွန်း နည်းလမ်းရှာရတော့သည်။ သားက အသန့် အပြန့် အလွန်ကြိုက်သည်။ သူ့ ကိုယ်ပေါ်မှာ တခုခု ပေကျံသွားတာနဲ့  တစ်ရှုးနဲ့  သုတ်မယ်လို့  အော်နေတတ်သည်။ ရေချိုးဖို့ ပျင်းရိနေလျှင် “ဟင်… သားသား တကိုယ်လုံး မဲတူးချိတ်နေတာပဲ” လို့ သာပြောလိုက် ချက်ချင်းထပြီး “သားသား အသားရောင်ဖြစ်အောင် ရေချိုးမယ်” ဖြစ်ရော။ ဒီတော့ ဒီနည်းကို ပဲ ပြန်သုံးဖို့ ကြိုးစားတာ အောင်မြင်သွားသည်။ သူ့ အဖေက “သားသား အီးအီးပါပဲ အောင့်ထားရင် သွားကြီးတွေ နှုတ်ခမ်းကြီးတွေ မဲမဲကြီးဖြစ်သွားလိမ့်မယ်” ဆိုတော့ သူယုံသွားသည်။ “မေမေ သားသား ရှုးပေါက်မယ်… သားသား ရှုးတွေ အောင့်ထားရင် သွားကြီးမဲမဲဖြစ်” လို့ အီးပါ ရှုးပေါက်တိုင်း ပြောတတ်တော့ ကျွန်မတို့  နှစ်ယောက် သူမမြင်အောင် လက်မထောင်မိသည်။ အောင်မြင်တယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ခံမလဲတော့ မသိ။

ဟိုတခါ အိပ်ဖို့ ကို ကောင်းကင်အရောင်နဲ့  သိပ်တဲ့နည်းကတော့ သိပ်မခံလိုက်။ ခုဆို ညရောက်လို့  အိပ်ဖို့  ပြောမရရင် “သားသားရေ… ကောင်းကင်ကြီးဘာရောင်” လို့  မေးလိုက် “အပြာရောင်” လို့  လူလည်ကျပြီး ပြောတတ်လာသည်။ သားက နှေးတော့ သူ့ တိုးတက်လာသည့် ခြေလှမ်းလေးတွေက မြင်သာသည်။ ဒီခြေလှမ်းလေးတွေကို စောင့်ကြည့်ရတာပဲ ကြည်နူးခြင်း တမျိုးပင်။

အပေးအယူက အတော်လေး သဘောပေါက်လာသည်။ ညဖက်သိပ်ရင် သူ့ ဘက်ကို အဖေရော အမေရော လှည့်နေမှ ကြိုက်သည်။ ခေါင်းကြီးကို အတင်းဆွဲဆွဲ လှည့်တဲ့ အမူအရာကို ပြင်ချင်တော့ “မေမေ ဒီဘက်ကို လှည့်ပါ ခင်ဗျ” လို့  ပြောမှ လှည့်မယ်လို့  အပေးအယူ လုပ်ရသည်။ ခုဆို ညကြီးသန်းခေါင် တရေးနိုးလို့  အဖေအမေက တဘက်လှည့်အိပ်ရင်တောင် “ဖေဖေ ဒီဘက်လှည့်ပါ ခင်ဗျ” လို့  ထထတောင်းဆိုတတ်လို့  ကျွန်မတို့  အိပ်ချင်မူးတူးနဲ့  တခွိခွိ ရယ်မိသည်။ ကွန်ပြူတာကစားနေလို့  တခုခု အကူအညီလိုရင်လဲ “ဖေဖေ လာပါ ခင်ဗျ” လို့  ယဉ်ယဉ်ကျေးကျေး ခေါ်ခိုင်းတော့ အတော်ကို ဟုတ်နေသည်။ ခါတိုင်းက အဖေကို ချီချီခိုင်းတတ်တာလဲ ပျောက်ပြီ။ “သားချီခိုင်းရင် အိမ်မှာနေခဲ့ မလိုက်ခဲ့နဲ့ ” ဆို နားလည်ပြီး လမ်းလျှောက်သည်။

အဖေ၊အမေနဲ့ က ပိတ်ရက်နဲ့  ညနေပိုင်းမှ တွေ့ ရတော့ တွေ့ ရချိန်လေး အဖေ၊အမေ ပျောက်သွားမှာ အလွန်ကြောက်တတ်တာ သနားစရာကောင်းသည်။ တခါတလေ သူ့ အဖေက ပိတ်ရက်တွေ အရေးပေါ် အလုပ်ရှိလို့ သွားရလျှင် မျက်နှာမကောင်း။ ဒီတော့ သူ အိပ်ရာနိုးပြီး သူ့ အဖေ မနိုးသေးလျှင် အိပ်ခန်းတံခါးကို သွားသွားချောင်းရသည်။ သူမသိအောင် သူ့ အဖေ ထွက်သွားမှာ စိုးလို့ ။ ကျွန်မတို့ ကလဲ ဒီအခွင့်အရေးလေး အသုံးချပြီး သူ့ ကို ဆုံးမရသည်။ “သားသား အဲလို ဆိုးရင် ဖေဖေရုံးသွားမှာနော်” ဆိုရင် ချက်ချင်း လိမ္မာသွားတတ်သည်။

လွန်ခဲ့တဲ့ လေးလ လောက်က စာရေးပျင်းတဲ့ သားကြောင့် ကျွန်မ အတော် ဦးနှောက်ခြောက်ခဲ့ရသည်။ မိဘဆရာတွေ့ ဆုံပွဲမှာ ဆရာမက သားစာရေးတဲ့ စာအုပ်ပြတော့ ငိုတောင်ငိုချင်သွားသည်။ နံပါတ် ၀မ်း ရေးတဲ့ အကွက်မှာ ၀မ်းမရေးပဲ သူ့ စိတ်ကြိုက် လက်စွမ်းပြထားသည့် Merlion ပုံတွေ။ ဆရာမက အိမ်မှာ ကျင့်ပေးဖို့  ပြောတော့ ကျွန်မရော၊ သူ့ အဒေါ်ပါ ကျင့်လိုက်ရတာ။ သူက A ရေးဆိုလဲ Merlion၊ 1 ရေးဆိုလဲ Merlion။ (သား Merlion ပုံ တကယ်ဆွဲတတ်တာပါ။ ပန်းချီ ၀ါသနာ ပါလွန်းပြီး သူ့ အတွေးနဲ့ ဆွဲထားတဲ့ ပုံလေးတွေ ကို ကျွန်မပို့ စ်တခု အနေနဲ့  တင်ပါဦးမယ်) သု့ အဖေကတော့ တို့ တွေလဲ ဒီအချိန်တုန်းက စာစရေးသေးတာမှာ မဟုတ်တာလို့  စိတ်ကိုလျော့ခိုင်းသည်။ သားက သူစိတ်မပါလျှင် ဘယ်လို လုပ်ခိုင်းခိုင်းမရ။ တကယ်တော့ သူ့ ခေါင်းထဲမှာ ABC, 123 တွေက ရှိပြီးသား။ သူစိတ်ပါလာလျှင် မသင်ရသေးတာတောင် သူ့ စိတ်ထဲရှိတဲ့ အတိုင်း ချရေးပြတတ်တော့ အံ့သြစရာ။ အဲဒီ လေးလအတွင်း စာရေးလာချင်သည့် စိတ်လေးက ဘယ်ကဘယ်လို ရောက်ခဲ့သည်မသိ။ သူစိတ်ပါတော့လဲ ချောလို့ ။ ဟိုတနေ့ က ကျွန်မသူ့ ဆရာမနဲ့ တွေ့ တော့ 1 to 10 ထိရေးတတ်ပြီ။ သိပ်လိမ္မာတာတဲ့။ တော်သေးရဲ့။

သားက ပန်းတိမ်မတတ်ခင် ရွှေပိုးကလဲ သင်ချင်သူ။ Sunday School မှာ ၀လုံးလောက်ကို ရင်မခုန်တော့။ လက်ရေးလေးတွေ ၀ိုင်းစေချင်လို့  ၀လုံးကို ထပ်ခါထပ်ခါရေးခိုင်းလျှင် စိတ်သိပ်မရှည်။ သူတတ်ပြီးသားပေါ့။ ခုဆို ကကြီး၊ ခခွေး အဆင့်လောက်တောင် မဟုတ်ပဲ အဘ၊အမ၊ဆရာမ… ဒီလို စာလုံးလေးတွေကို လှမ်းချင်သူ။ စာလုံးပေါင်းတွေလဲ ကကာကားလောက် မဟုတ်တော့ပဲ အဖေ၊အမေ၊အဘိုး၊အဘွား နာမည်တွေ ကိုပေါင်းချင်သူ။ သူ့ နာမည်နဲ့  ကျွန်မနာမည်ကို မြန်မာလို ကောင်းကောင်း ပေါင်းဖတ်တတ်နေပြီလေ။

သားလို နှေးနှေးကွေးကွေးလေးတောင် အချိန်တန်တော့ သူ့ အတိုင်းအတာနဲ့ သူ ခရီးပေါက်တာမို့  ကျွန်မ(အရင်က)လို စိုးရိမ်ပူပန်နေတဲ့ မိဘတွေများရှိရင် မစိုးရိမ်ဖို့  ဒီပို့ စ်လေး ရေးရတာပါ။ သူ့ အချိန်ရောက်ရင် အားလုံးက အဆင်ပြေသွားမှာမို့  စိတ်ဝင်စားစရာ ခြေလှမ်းလေးတွေကို စောင့်ကြည့်ရင်ခုန်ကြပါစို့ ….။

(စာကြွင်း- ကျွန်မက သားကို ချစ်လွန်းလို့  သားအကြောင်းလေးတွေ ဝေမျှ ပေးရာကနေ ဒီဘလော့ဂ်ပေါ်ကို လာလည်သူ တချို့ မှာ သားပရိသတ်လေးတွေလဲ ပါနေတာ သတိထားမိတော့ အတိုင်းမသိ ၀မ်းသာမိပါတယ်… သားအကြောင်းပို့ စ်လေးတွေ မဖတ်ရတာ ကြာလို့ လွမ်းနေသူတွေ အတွက် ကျေးဇူးတင်စွာဖြင့် ဒီပို့ စ်လေးကို တင်လိုက်ပါတယ်နော်… သားတို့ ကျောင်းမှာ ငါးလေးကို အလှခြယ်နေတဲ့ သားပုံလေးကိုလဲ ဒီပို့ စ်မှာ တင်ပေးလိုက်ပါတယ်…)


တန်ခူး
9:00am 29-Sep-2008

Saturday, September 27, 2008

ပထမဆုံးများ

ဘလော့ဂ်သူငယ်ချင်းလေး သက်ဝေက အမှတ်တရ တက်ဂ်ပေးထားတယ်… ပထမဆုံးများတဲ့… သက်ဝေရေ တို့ ကို သတိရတာ ကျေးဇူးနော်… ခက်တာက ငယ်တုန်းက အဖြစ်အပျက်တွေဆို အဖြစ်အပျက်သက်သက်ပဲ သတိရပြီး အဲဒီထဲက data တွေ အကုန်မေ့… ဒါပေမယ့် သတိရတဲ့ အထဲက ပထမဆုံးလေးတွေကို ရေးပေးလိုက်တယ်နော်…

ပထမဆုံးတက်ရသည့်ကျောင်း

မိသားစုထဲကို ပထမဆုံးရင်သွေးအဖြစ် ရောက်လာလို့  နဲနဲသိတတ်တဲ့ အရွယ်ရောက်လာတော့ ကျောင်းသွားချင်တာ… အိမ်မှာပျင်းတာကို… ပထမဆုံးတက်ရတဲ့ကျောင်းလေးက ဒေါ်ယုယုမွန် မူကြို(ဟိဟိ… နာမည်မှားရင်မှားနေလိမ့်မယ်)… ခုန်ပေါက်ပြီး ပျော်ရွှင်စွာနဲ့ သွားခဲ့တာ…

ပထမဆုံးတက်ရသည့်အတန်း

သူငယ်တန်းဆိုတော့ ကျောင်းသူကြီးဖြစ်ပြီဆို ဂုဏ်ယူဝင့်ကြွားစွာနဲ့  အဖြူအစိမ်းလေး ၀တ်ပြီး ကော့ကော့ ကော့ကော့နဲ့  တက်ခဲ့ရတဲ့ကျောင်းက လသာ၂… တက်ခဲ့ရတဲ့ အတန်းက သူငယ်တန်း… တန်းခွဲက ခ လား ဂ လား… မေ့တေ့တေ့…

ပထမဆုံးအတန်းပိုင်ဆရာမ

အင်း… အထက်မှာနိဒါန်းချီခဲ့သလိုပဲ… ဆရာမနာမည်တော့ မေ့ပြီး ဆရာမ ပုံစံတော့ သတိရနေသေးတယ်… မျက်မှန်နဲ့ … ဆံပင်မှာ လှိုင်းတွန့် လေးတွေနဲ့ … နာမည်မှာ မြင့် ပါသလိုပဲ… လသာ ၂က ဘော်ဒါတို့ ရေ… ကူစဉ်းစားပေးပါဦး…

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)

သူဇာမောင်မောင်တဲ့… မျက်မှန်လေးနဲ့ ဆံပင်တွန့် တွန့် လေးနဲ့ … အမြဲပြုံးပြီး သဘောအရမ်းကောင်းတာ… သူကတော့ မှတ်မိပါဦးမလားမသိ… (ဆရာမနာမည်ကျတော့ မေ့ သူငယ်ချင်းနာမည်ကျတော့ သတိရတယ်နော်… အရမ်းဆိုးတာ… ငယ်ငယ်တုန်းကပြောပါတယ်)

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)

ငယ်ကတည်းက ရပ်ကွက်ထဲ ရွာရိုးကိုးပေါက် ဆော့နေတဲ့သူဆိုတော့ ယောင်္ကျားလေး ကစားဖော်တော့ ရှိခဲ့တယ်… ဒါပေမယ့် သူငယ်ချင်းတော့ မဟုတ်ဘူး… အဖေက ယောင်္ကျားလေးတွေနဲ့  ဝေးအောင် မိန်းကလေးကျောင်းတွေမှာပဲ ထားခဲ့တာ… ဆယ်တန်းကျမှ ၀ိုင်းမှာ ကောင်လေးတယောက်ကို သူငယ်ချင်း စတော်ခဲ့တာ… နာမည်က အောင် တဲ့… နာမည်အစအဆုံးတော့ မဟုတ်ဘူး….

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)

အဖေက ငယ်တုန်းက ကျောင်းစာက လွဲလို့  တခြားမဖတ်ရ… အိမ်က အဒေါ်ဆီက အဖေမသိအောင် ခိုးဖတ်တဲ့ ပထမဆုံးသောစာအုပ်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်…ခိုင်

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)

ညအခါ
လသာသာ
ကစားမလား
နားမလား
(သားကလဲ အရမ်းကြိုက်… အမေနဲ့ တူတာလေ)

ပထမဆုံး ရဖူးသောဆု

ရှက်လိုက်တာ… ၅တန်းထိ စာနဲ့ ပတ်သက်လို့  ဘာဆုမှ မရဖူးဘူး… ဘယ်ရမလဲ… အဆော့မက်နေတာလေ… ၆တန်းမှ ပညာရည်ချွန်ဆု စရတာ… ပထမဆုံးရဘူးတဲ့ဆုက အိမ်ရှေ့ က ကွင်းကြီးထဲ လွတ်လပ်ရေးကစားပွဲမှာ အပြေးပြိုင်ပွဲ ပထမဆု… အိမ်ကမသိအောင် သွားပြိုင်တာ… ပျောက်လို့ လိုက်ရှာပြီး စပီကာထဲက ကိုယ့်နာမည်ကြီး ဆုရတယ်ဆို အော်မှ အဖေက ဒုတ်နဲ့ လိုက်လာတာ… ဆုလေးတောင် မှတ်မိသေး… အစိမ်းရောင်ပလပ်စတစ်ရေခွက်လေး….

ပထမဆုံး စီးရသော ဘတ်စ်ကား

သူငယ်တန်းတုန်းက ကျောင်းအသွားဆို အဖေက လိုက်ပို့ ပေးတယ်… ကျောင်းအပြန်ကျ ဦးလေးနဲ့ အတူ ဘတ်စ်ကား စီးရတာ… နံပါတ်တော့ မေ့သွားပြီ… အဲဒီ ဘတ်စ်ကားကြီးတွေ ခုထိရှိတုန်း…

ပထမဆုံး ဆိုခဲ့သော သီချင်း

သနားပါတယ်… အားနာတယ်… သက်သက်ညှာညှာ ပြောလိုက်မယ် ကျွန်မမှာချစ်သူရှိတယ်….ရှင်ငရဲကြီးလိမ့်မယ်…အယ်….အယ်…အယ်…..

အဒေါ်ချော့သိပ်နေကျသီချင်းလေ…အဆုံးသတ်နားကျ မဆွဲနိုင်လို့ အယ်လိုက်တာ… အဲဒါကို မိဘတွေ ကိုးကွယ်တဲ့ ဘုန်းဘုန်းက ချစ်စရာကောင်းလို့ ဆို အမြဲဆိုပြခိုင်းတယ်… သီချင်းတခါဆိုပြပြီးရင် ချိုချဉ်တွေ စွန့် တော့ ကိုယ်ကလဲ ဘယ်နှစ်ခါဆိုခိုင်းဆိုခိုင်း….

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)

တူးတူးရဲ့ ပထမဆုံးအခွေ… အခွေနာမည်တော့ မေ့သွားပြီ… သီချင်းတွေတော့ ခုထိ အလွတ်ရတုန်း…

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ

အမှန်အတိုင်းပြောရရင်… ခုထိ တခါမှ မ၀ယ်ဖူးဘူး… အိမ်က အမျိုးသား ၀ယ်တာတွေပဲ ကြည့်တာ….

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်

အကယ်၍သာ တဲ့… ကော်လိပ်ဂျင်နေ၀င်း၊မြတ်မွန်နှစ်ကိုယ်ခွဲ… မင်းသမီးရော မင်းသားရော ဇာတ်လမ်းပါ ကြိုက်လွန်းလို့  ခုထိမှတ်မိနေတုန်း…

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်

အီစီကလီ ဟိုမရောက်ဒီမရောက် တွေဖယ်ပြီး နှစ်နှစ်ကာကာနဲ့  ဘ၀တလျှောက်လုံးအတွက် ရည်ရွယ်ပြီး ရီးစားထားခဲ့တဲ့နှစ်က ကျောင်းပြီးမှပါ… (အဲဒီရီးစားနဲ့ ပဲ အိမ်ထောင်ကျခဲ့တာပေါ့)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ

အရှည်ကြီးပဲ… အဖြေပြန်ပေးတာက နဲနဲ… အဲဒီတုန်းက သူက အလုပ်ထဲ အဆင်မပြေလို့  စိတ်ညစ်နေချိန်ဆိုတော့ အားပေးမိတာများများ… နဂိုကလဲ စာရေးဝါသနာပါသူဆိုတော့ ပထမဆုံးရီးစားစာဆို အပြတ်ရေးတာ နှစ်မျက်နှာဖြစ်သွားတယ်…

ပထမဆုံး ကဗျာ

ကဗျာနာမည်လေးတော့ မေ့သွားပြီ… တစုံတယောက်အတွက် အမှတ်တရ သူငယ်ချင်းတွေ စုထုတ်ခဲ့တာ… တကယ့်ကို အမှတ်တရပါပဲ…


ပထမဆုံးရောက်ခဲ့သော အခြားမြို့

မြင်းခြံ… သိပ်ချစ်စရာကောင်းတဲ့ မြို့ လေးပေါ့… တမာပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ … သနပ်ခါးပါးကွက်ကြားနဲ့  ပွင့်လင်းတဲ့ အညာသူလေးတွေရှိတယ်… ပြီးတော့…စွန်းလွန်းဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဖူးမျှော်လို့ ရတယ်လေ….

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား

စင်္ကာပူ… သိပ်စိတ်ညစ်ခဲ့တာ… မိဘနဲ့ လဲဝေး ချစ်သူနဲ့ လဲဝေး… တနေ့ တနေ့ ငိုလိုက်ရတာ… အဆောင်ရှေ့ က ပိတောက်ပင်ကြီးပွင့်တော့လဲ မျက်ရည်ဝဲ… အစားအသောက်တွေ မစားနိုင်တော့လဲ မျက်ရည်ဝဲ… အင်း… ခုတော့လဲ… နေသားကျလိုက်ရတော့တာပေါ့….

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်

မသောက်ဖူးပါဘူး….

ပထမဆုံး ချက်ဖူးသော ဟင်း

သီးစုံချဉ်ရည်… အဒေါ်က အဲဒီဟင်းနဲ့  လက်တည့်စမ်းခိုင်းတာ… ကောင်းတယ်လို့ ချီးကျူးခံရတယ်…ဟဲဟဲ… ခုထိလဲ ကောင်းတုန်း…တကယ်ပြောတာ…

ပထမဆုံး ပစ်ဖူးသော သေနတ်

စစ်တိုက်တိုင်းကစားတုန်းက လက်သေနတ်နဲ့ ပစ်တာလေ…

ပထမဆုံး ဘလော့ပို့စ်

သို့ …လေနုအေး

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ

ရုပ်ရှင်ရုံ… ရုပ်ရှင်သရဲလေ… တမျိုးမထင်နဲ့ ဦး… သူငယ်ချင်းတွေနဲ့ ပါ….

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်

မေဓာဝီ… အရေးအသားလေးတွေ ညက်လွန်းလို့  မြန်မာစာတော်လွန်းလို့  စွဲသွားတာ… ရုံးရောက်တာနဲ့  ပထမဆုံးဖတ်ဖြစ်တာသူပဲ… ခုတော့ ခဏနားထားတယ်… (ပြောရင်းလွမ်းသွားပြီ မေရေ)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ

ကိုပေါ နဲ့ က အရင်က ရင်းနှီးလက်စ… ဘလော့ဂါဖြစ်မှတော့ မဟုတ်ဘူး… ဘလော့ပေါ်မှာ လူချင်းမမြင်ဘူးပဲ ပထမဆုံးရင်းနှီးရတာတော့ သက်ဝေပေါ့… စိတ်ထဲမှာ အပြင်က ကိုယ်ခင်လက်စ သူငယ်ချင်း တယောက်ယောက်လို့ ခုထိထင်တုန်း…

ဆက် တက်ဂ်ချင်သူများကတော့

၁) မမေငြိမ်း
၂) ညီမလေးခွန်မြလှိုင်
၃) ညီမလေးအိမ့်ချမ်းမြေ့

ရေးပေးကြပါနော်… အလုပ်အားရင်ပေါ့…

တန်ခူး
9:25pm 27-Sep-2008