Monday, December 15, 2008

ကြီးကြီး

ကျွန်မခုတလော အလုပ်ကလဲရှုပ်၊ stressကလဲများ၊ အိမ်က အမျိုးသားကလဲ အလုပ်ကိစ္စနဲ့  ခရီးရှည်ထွက်နဲ့  သံယောဇဉ်ကြီးတဲ့ ဘလော့ဂ်ဘက်ကို လှည့်ဖို့  အချိန်မရဖြစ်နေပါတယ်။ သတင်းစကားမှာ ဘလော့ဂ်မှ ခဏခွင့်ယူပါမယ်လို့ ပြောချင်ပေမယ့်  စိတ်ကမပြတ်ပါဘူး။ အချိန်ရရင်ရေးမယ်ဆိုပြီး တေးတေးထား မရေးဖြစ်နဲ့  ချစ်တဲ့မိတ်ဆွေလေးတွေနဲ့  အတော်ကို ဝေးနေသလို ခံစားရပါတယ်။ အချိန်ရရင် ရသလို ကြိုကြားကြိုကြား လည်ဖြစ်ပေမယ့် ရုံးမှာ အတော်ကိုနှေးနေတာမို့  တချို့ ဆို ဖတ်လို့ ကိုမရ၊ တချို့ ဆို ကော်မန့် တင်လို့ မရနဲ့  အဲဒီဒုက္ခကလဲ တမျိုး။ တခုခုတော့ တင်မှ ဖြစ်မယ်ဆိုပြီး ပြီးခဲ့တဲ့ အပတ်က စိတ်ထဲရှိတာလေးတင်ပြီး ပြန်ဖတ်မိတော့ အားမလို အားမရဖြစ်ရပါတယ်။ ကျွန်မတင်ပြပုံ အတော်ညံ့လို့  ဆိုလိုချင်တာကို ပီပီပြင်ပြင် မဖော်ပြနိုင်ခဲ့ပါဘူး။ တကယ်တော့ ကျွန်မဆိုလိုချင်တာ တဖြေးဖြေးနဲ့  တယောက်နဲ့ တယောက်ကြား ယုံကြည်မှုတွေ ပျက်ပြားလာအောင် မလုံခြုံတော့တဲ့ ကမ္ဘာကြီးအကြောင်းပါ။ ဒါပေမယ့် ကျွန်မတင်ပြပုံ ညံ့ဖျင်းမှုကြောင့် အသက်ကြီးသူနဲ့  ဂေးတွေရဲ့ လူ့ အခွင့်အရေးကို ထိခိုက်သလို ဖြစ်သွားတာ အထူးတောင်းပန်ပါတယ်။ နောက်တခုက ကျွန်မရဲ့ ပို့ စ်တွေမှာ ကျွန်မအဒေါ်လို့  သုံးနှုံးခဲ့တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်၊ ကျွန်မဘ၀ရဲ့ အရေးပါဆုံးသူတယောက်က ဂေးဖြစ်နေတော့ ကျွန်မ ဒီပို့ စ်ပြန်ဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိပါတယ်။ ခုတော့ ရေးမယ်ရေးမယ်လို့ အားခဲထားတဲ့ ကျွန်မရဲ့ အဒေါ် (သို့ ) ဦးလေးအကြောင်းကို ရေးရင်း ညံ့ဖျင်းသွားတဲ့ အရင်ပို့ စ်အတွက် အလျော်ပေးပါရစေ။ နားလည်ပေးသူ၊ ကော်မန့် လေးများနဲ့  အားပေးသူများကို ကျေးဇူးတင်လျက်ပါ။

*****************************
ကြီးကြီး

ကျွန်မ ၁နှစ်ကျော်ကျော် အရွယ်မှာ ကြီးကြီးကို အမေက အညာက ခေါ်လာခဲ့တယ်။ အဲဒီတုန်းက ကြီးကြီးက ဆယ်ကျော်သက် အရွယ်။ ဆံရစ်ဝိုင်းလေးနဲ့  ပုဆိုးလေးကို ထမီလို ၀တ်တဲ့ ခပ်နွဲ့ နွဲ့ ကောင်လေးက အဖေရဲ့ တ၀မ်းကွဲညီငယ်လေးပါ။ တမျိုးလုံးမှာ သူမှ ထူးထူးခြားခြား မိန်းခလေးစိတ်ပေါက်နေခဲ့တာမို့  ယောင်္ကျားလေးပေါတဲ့ အဖေတို့  အမျိုးတွေထဲမှာ သူ့ ကို ညီအကိုတွေက အားမလို အားမရဖြစ်ခဲ့ပြီး တချို့ အကိုတွေ၊ညီတွေ ဆို မခေါ်မပြောပဲတောင် နေခဲ့ကြပါတယ်။ အမေကတော့ သနားစရာ အဲဒီကောင်လေးကို ကျွန်မကို ထိန်းပေးဖို့  အိမ်မှာ ကူညီဖို့ ခေါ်လာခဲ့ပါတယ်။

ကျွန်မလူမှန်းသိတတ်စ အရွယ်ကျတော့ ကြီးကြီးက ဂျူးလိယက်လို ခါးလောက်ရှိတဲ့ ဆံပင်စင်းစင်းရှည်ရှည်ကြီးနဲ့  အဲဒီခေတ်က ၀ါဝါ၀င်းရွှေတို့  ခင်သန်းနုတို့ ဝတ်သလို လည်ပင်းမှာ စတစ်ကော်လံမြင့်မြင့်ကြီးတွေကို ဖက်ရှင်ကျကျ ၀တ်တတ်တဲ့ ကျွန်မစိတ်ထဲ ဦးလေးလို့  ဘယ်လိုမှ သဘောထားလို့ မရတဲ့ ကျွန်မ အဒေါ်ဖြစ်လာခဲ့ပါပြီ။ အမေက သူ့ ကိုချစ်တော့ ဆင်ပေးရင်း ပြင်ပေးရင်းနဲ့  တကယ် မိန်းခလေး တယောက်နဲ့  ခွဲမရအောင်တူသွားတော့ အဖေကတော့ အမေဖျက်ဆီးတယ်ဆိုပြီး တဗျစ်တောက်တောက်နဲ့ ပါ။ တကယ်တော့ ၀ဋ်ကြွေးပါသူမို့  သူ့ စိတ်က ဘယ်လိုမှ ပြင်လို့ မရပါဘူး။

ကြီးကြီးက တောမှာမွေး တောမှာကြီးခဲ့တာမို့  အတန်းပညာကို ၈တန်းအောင်တဲ့ အထိသင်ပြီး ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမယ့် သူက အံ့သြစရာကောင်းလောက်အောင် ဥာဏ်ရည်ထက်မြက်ပြီး ပတ်ဝန်းကျင်လေ့လာမှု အားကောင်းပါတယ်။ ပြီးတော့ အက၊ ပန်းချီ၊ မိတ်ကပ်၊ ဇာထိုး၊ ပန်းထိုး၊ ပန်းအလှပြင် စတာတွေကို စနစ်တကျ သင်တန်းမတက်ရပဲ စာအုပ်တွေဖတ်၊ လေ့လာတာ အတော်ကို ကျွမ်းကျင်ပါတယ်။ သူရောက်လာပြီး ခဏကြာမှာ ကျွန်မကို ပိန်ညှောင်ညှောင်လေးကနေ ၀တုတ်တုတ် ကောင်မလေး ဘ၀ရောက်သွားအောင် စိတ်ရှည်ပြုစုတတ်သူပါ။ အမေလက်လွှဲရတဲ့ အထိ ဟင်းအမယ်မျိုးစုံကို အရသာထူးအောင် ချက်တတ်ပါတယ်။ စကားပြောကောင်းသူမို့  အိမ်နီးနားချင်းတွေက ဘာဟင်းချက်သလဲ မေးရင် သူပြောတာနဲ့ တင် စားချင်စိတ်ပေါက်သွားတတ်ပါတယ်။

မနက်ဖက် ကျွန်မ မိဘတွေ ရုံးသွားရင် သူက ချက်ပြုတ်ပြီးစီးပြီး ကျွန်မကို မနက်စာကျွေး ရေမိုးချိုး သနပ်ခါးလေး ဖွေးနေအောင်လိမ်းပေးပြီး အိပ်ခါနီးမှာ ပုံပြောပြတတ်ပါတယ်။ မြန်မာ့အသံကလာတဲ့ ပုံပြင်လက်ဆောင်ထဲကလို အသံနေအသံထားနဲ့  စိတ်ဝင်စားအောင် ပြောတတ်သူမို့  သူပုံပြောတာကို ကျွန်မတို့ မောင်နှမ ၃ ယောက်လုံး နှစ်သက်ကြပါတယ်။ ထူးခြားတာက သူ့ အသံက ယောင်္ကျားတယောက် အသံနဲ့ လုံးဝ မတူပါဘူး။ မာမာအေး၊ တင်တင်မြ၊ ချိုပြုံး၊ ခင်ညွန့် ရီ၊ ရီရီသန့်  သီချင်းတွေကို အတော်တူအောင် ဆိုနိုင်ပါတယ်။ အရှိုက်အငင်က အစပေါ့။ ကျွန်မကတော့ မာမာအေးသီချင်းနဲ့ မှ အိပ်တတ်သူပါ။ ညနေဘက် ဖေဖေတို့  မေမေတို့ ပြန်မလာခင် ခြေလက်သန့် စင်ပြီး အကျီင်္ီအသစ်လဲပေးပြီး အိမ်ရှေ့ မှာ ဖေတို့ မေတို့  ပြန်အလာကို ကြိုစေပါတယ်။ တအိမ်လုံးကို သန့် ရှင်းပြီး ဧည့်ခန်း စားပွဲမှာ ခြံထဲက ပန်းတွေနဲ့  ပန်းအိုးလှလှ တလုံးထိုးထားတတ်ပါတယ်။ သူ့ မှာ အနုပညာမျက်စိရှိတော့ ဂမုန်းရွက်လေးတွေကအစ ပွင့်တူရွက်တူပန်းလေးတွေ အဆုံး မြင်သူစိတ်ချမ်းသာအောင် ထိုးတတ်ပါတယ်။ ဧည့်ခန်းထဲက ဆက်တီခုံလေးတွေက ကုလားထိုင်စွတ်လေးတွေမှာ သူ့ လက်ရာ အ၀တ်စလေးတွေနဲ့ ပုံဖော်ထိုးထားတဲ့ ဂျပန်မရုပ်လေးတွေဆို တချို့ ဧည့်သည်တွေတောင် အပ်ချင်လာတဲ့ အထိ လက်ရာမြောက်လှပါတယ်။

သူက အဖေ့ဥပဒေပညာလဲ အမှတ်တမဲ့ မနေဘဲ လေ့လာလိုက်သေးတာ။ ညနေဘက် အဖေအမှုသည်တွေ လာပြီဆို အဖေပြန်မလာသေးခင် သူက ကောင်းကောင်း ဧည့်ခံတတ်ပါတယ်။ တရားမအမှုက ဘယ်လို၊ ရာဇ၀တ်မှုက ဘယ်လိုနဲ့  တကယ့်အားကိုးရတဲ့ Marketing Manager တယောက်လိုပါပဲ။ သူ့ ကိုယ်သူလဲ ဖီးလိမ်းပြင်ဆင် ကျော့မော့နေတော့ တချို့ သိပ်မသိတဲ့ အမှုသည်တွေဆို ဆရာကတော်လို့  ခေါ်မိတဲ့အထိပါပဲ။ အဲဒီအခါ သူက တည်တည်ငြိမ်ငြိမ်နဲ့  ကျွန်မက ဆရာ့ညီမပါလို့  ပြန်ရှင်းပြတတ်သေးတယ်။ ဆရာနဲ့ မတွေ့ လို့  ဆရာကတော်ဆီမှာခဲ့တယ်လို့  အဖေကို သွားပြောရင် အဖေက ဒေါသတွေ ထွက်နေရော။ အမေနဲ့ ကျွန်မတို့  မောင်နှမတွေက တော့ ကြိတ်ရယ်ပေါ့။

သူ ဘယ်လောက် နာမည်ကြီးသလဲဆို ကျွန်မတို့  ရပ်ကွက် တရပ်ကွက်လုံးသာမက ရပ်ကွက်နီးချင်းတွေကပါ သူ့ ကို သိကြပါတယ်။ သူမို့  မနက်ဖက် ဈေးဝယ်ထွက်ရင် တခါတလေကျတော့ မြန်မာဆန်ဆန် ခြေမျက်စိထိရှည်တဲ့ ကျစ်ဆံမြီးနဲ့  ရင်ဖုံးအကျီ်င်္လက်ရှည်လေးနဲ့  အကြောင်းမသိတဲ့ အဖွားကြီးတွေဆို မိန်းခလေး အစစ် ထင်ပြီး ချီးကျူး သဘောကျလို့ မဆုံး။ တခါတလေကျတော့ အလိပ်ကြီးကြီးတွေ ကောက်ထားတဲ့ stepတွေနဲ့  ဆံပင်နဲ့  လိုက်ဖက်စွာ ရှပ်အကျီင်္ အကွက်ကြီးကြီးကို ထမီတိုတိုနဲ့  ၀တ်ထားပြန်တော့ ချာလီရဲ့ နတ်မိမယ် အလား။ တခါတလေကျတော့ ဆံထုံးလေးထုံးပြီး နှင်းဆီလေး တပွင့် ကဗျာဆန်ဆန်ပန်ထားပြီး ခြေတလှမ်း ကုဋေတသန်းလို ခပ်ဖွဖွလေးလျှောက် ခပ်လျော့လျော့လေးပြုံး။ ဖက်ရှင်ထွင်တတ်တဲ့ နေရာမှာ အတော်ကို တော်လွန်းလို့  အခြေအနေသာပေးရင် ခုခေတ်ဒီဇိုင်နာတွေထက်တောင် အောင်မြင်နိုင်ပါတယ်။

ရပ်ကွက်ထဲက မင်္ဂလာဆောင်၊ အလှူဆို အပျိုလေးတွေ အိမ်မှာ တန်းစီနေကြတာ။ မိတ်ကပ်၊ ဆံပင် မေတ္တာနဲ့  ပြင်ပေးတာလေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ဆိုရင်တော့ စင်ပေါ်တက်မယ့် သူတွေအတွက် လက်မလည်အောင် ပြင်ပေးရတယ်။ ဒီကြားထဲ ပြဇာတ်ထဲက ရုပ်ဖျက်သရုပ်ဆောင်ရမယ့် မိတ်ကပ်လဲဖြစ်သေး။ ကျွန်မမောင်လေး ရှင်ပြုတော့ အညာရွာလေးမှာ လုပ်တာ ဘယ်မိတ်ကပ်ပြင်ဆရာမှ မခေါ်ပဲ တမျိုးလုံး သူနဲ့ ချည်းပြီးသွားတာ။ ပြောရရင် ကျွန်မ မင်္ဂလာဆောင်မှာ အညာက ကျွန်မဆွေမျိုးတွေ အားလုံး မိတ်ကပ်၊ဆံပင် သူပဲပြင်ပေးတာ။ သူပြင်ပေးထားတာက နာမည်ကျော် မိတ်ကပ်ဆရာတွေ ပြင်တာထက်တောင် ကြည့်ကောင်းနေသေးတယ်။ ကျွန်မ တက္ကသိုလ်တက်တော့ ကျွန်မရဲ့ ဒီဇိုင်နာက သူပါပဲ။ ဂုတ်ဝဲ ဆံပင်လေးတောင် ဆံထုံးလှလှလေး ဖြစ်အောင် ထုံးတတ်တဲ့ ကျွန်မကို သူငယ်ချင်းတွေက အံ့သြကြတာ။ တကယ်တော့ ကျွန်မရဲ့ လျို့ ဝှက်ချက်ကို သူတို့ မှ မသိပဲ။ ခပ်စိမ်းစိမ်းလေး နေပ့ါမယ်ထဲက မို့ မို့ မြင့်အောင်လို ကျစ်ဆံမြီးလေး တစောင်းကျစ် ခြံထဲက စံပယ်တွေ ဝေနေအောင် ပန်ပေးတတ်တာလဲ သူ့ လက်ချက်ပါပဲ။

ခေတ်မှီတဲ့ အဒေါ်အပျိုကြီးနဲ့ နေရသလို သူနဲ့ နေရတာ ကျွန်မသိပ်ပျော်ခဲ့ပါတယ်။ အချိန်မတန်ပဲ ရီးစားမထားဖို့  ကြိတ်ဆုံးမတတ်သေးပါတယ်။ ကျောင်းစာကလွဲလို့  တခြားစာမဖတ်ရလို့  ကန့် သတ်ထားတဲ့ အိမ်မှာ ဖတ်သင့်တဲ့ အပြင်စာတွေ ကြိတ်ဖတ်ခိုင်းခဲ့တာ ကြီးကြီးပါ။ သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့ စာအုပ်လေးက စလို့  ကျွန်မကို အပြင်စာတွေနဲ့  မိတ်ဆက်ပေးခဲ့တာပါ။ စာဖတ်နာတဲ့ သူညွှန်းတဲ့ စာအုပ်တော်တော်များများက ကျွန်မအတွက် အဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့ စာရေးချင်တဲ့ ၀ါသနာကို အများဆုံး မြေတောင်မြှောက်ပေးခဲ့တာလဲ သူပါပဲ။ ကျွန်မက ၀တ္ထုလေးတွေ ကြိတ်ရေး သူ့ ကိုပေးဖတ် သူက အယ်ဒီတာလုပ်နဲ့ ။ မဂ္ဂဇင်းတိုက်တွေကို အိမ်က မသိအောင် ပို့ ။ အရွေးခံရတော့မှ မိဘတွေကို အသိပေးခဲ့တာပါ။ ကျွန်မစာမရေးတော့တာ သိတော့ မြန်မာပြည်ပြန်တိုင်း စာပြန်ရေးဖို့  တိုက်တွန်းတတ်ပါတယ်။

ကျွန်မကို လူတွေနဲ့  ဆက်ဆံတတ်ဖို ၊့ လောကကြီးကို အကောင်းမြင်တဲ့ မျက်လုံးနဲ့  ကြည့်တတ်ဖို့ ၊ ရည်ရွယ်ချက်တွေ အောင်မြင်အောင် မဆုတ်မနစ်ဇွဲနဲ့ ကြိုးစားဖို့  အင်အားတွေ အများဆုံးပေးခဲ့တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ ကျွန်မက အရမ်းကြောက်တတ်တော့ ဟိုးငယ်ငယ်လေး ကတည်းကနေ တက္ကသိုလ် ပထမနှစ်အထိ ညဘက်တွေ စာကျက်ရင် ကျွန်မနံဘေး စိတ်ရှည်ရှည်နဲ့  စာအုပ်တအုပ် ဖတ်ပြီး စောင့်ပေးခဲ့ပါတယ်။ သူ့ ဘ၀ရဲ့ ၀ဋ်ကြွေးကြောင့် ဒီဘ၀ရောက်နေပေမယ့် သူများအပေါ် ကူညီတတ်ပြီး စိတ်ထားအလွန်ကောင်းတတ်သူမို့  နောင်ဘ၀မှာ ဒီဝဋ်က ကြွတ်မယ်လို့  ကျွန်မ ယုံကြည်မိပါတယ်။ မိဘကို ရိုသေလေးစား သိတတ်တဲ့ နေရာမှာလဲ အတုယူထိုက်သူပါ။ ကျွန်မမိဘပြီးရင် ကျွန်မဘ၀ရဲ့ ကျေးဇူးရှင် ကြီးကြီးရဲ့ ကျေးဇူးတွေက ဆပ်လို့  မကုန်အောင် ကြီးမားလှပါတယ်။ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးအရ ဘယ်ဘ၀ရောက်ရောက် လက်ရှီဘ၀မှာ မိမိစိတ်ကို တတ်နိုင်သမျှ ဖြူစင်သန့် ရှင်းအောင် ထားတတ်ဖို့ က အရေးကြီးဆုံးဆိုတဲ့ ဘ၀ရဲ့ သင်ခန်းစာကို ပေးခဲ့တဲ့ ကြီးကြီးကို ဒီပို့ စ်ဖြင့် ရိုသေစွာကန်တော့ပါတယ်။

တန်ခူး
4:09pm 15-Dec-2008




47 comments:

Ko Paw said...

ဒီပို့စ်ကိုရေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် တန်ခူးရေ။ အလျော်ပေးတယ်ဆိုပေမယ့်လည်း အခုပို့စ်က ပြန်ရလိုက်တဲ့ တန်ဘိုးက အင်မတန်ကြီးမားပါတယ်လို့ ပြောလိုပါတယ်။

တကယ်တော့ ကျနော်လည်း ဟိုးတလောက ယောင်နင်းဘရက်ဒ် www.yawningbread.org မှာ ဂေးတွေအကြောင်းဖတ်ရမှ သူတို့ရဲ့ ဒုက္ခနဲ့ ဘ၀တွေကို ပိုမိုနားလည် စာနာသဘောပေါက်လာတာပါ။

မြန်မာလူမှုဝန်းကျင်မှာရော၊ မြန်မာမဟုတ်တဲ့ နိုင်ငံတော်တော်များများက လူ့ပတ်ဝန်းကျင်တွေမှာ ဂေးတွေအပေါ် နားလည်စာနာစိတ်မရှိဘဲ နှိမ်ပြီး ခွဲခြား ဆက်ဆံတာမျိုးတွေ ကြီးစိုးနေတယ်။

အဲသလို လူကို လူချင်း ခွဲခြားဆက်ဆံတာတွေဟာ လူအချင်းချင်း မေတ္တာထားရမယ်ဆိုတဲ့ ဗုဒ္ဓတို့ ယေရှုခရစ်တို့ရဲ့ အဆုံးအမတွေနဲ့လည်း မကိုက်ညီပါဘူး။

တကယ်တော့ လူရယ်လို့ဖြစ်လာရင်… ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကျားမမဟူ မည်သူ့ကိုမဆို လူသားတယောက်အနေနဲ့ ထားသင့်ထားအပ်တဲ့ လူသားဂုဏ်သိက္ခာကို လေးစားခြင်းဆိုတဲ့ အပြန်အလှန်လေးစားမှုဟာ လိုအပ်ပါတယ်။ လူတယောက်ရဲ့ Sexual Orientation ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုဟာ အဲသည်လူတယောက်အတွက် အားနည်းချက်၊ အားသာချက် စသဖြင့် ခွဲခြားဆက်ဆံခြင်းငှာ မသင့်ဘူးလို့ တိုးတက်ယဉ်ကျေးလာတဲ့ လူ့အဖွဲ့အစည်းတွေမှာ သိမြင်သုံးသပ်လာကြပါတယ်။

အခုလိုမျိုး အတွေ့အကြုံနဲ့ ယှဉ်တဲ့ ပညာပေးပို့စ်မျိုးလေးတွေအတွက် ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ကိုပေါ

မောင်မျိုး said...

တစ်ခြားသူတွေတော့မသိဘူး အစ်မတန်ခူးရဲ့ ကြီးကြီး အကြောင်းတော့ စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာပဲ ။ တော်လည်းတော်တယ် ဒီဘက်ခေတ်မှာတော့ ဒါမျိုးတွေ သိပ်ပြီး ပစ်ပယ်ကြမယ်မထင်ဘူး( ထင်တာနော်) ထိုင်းမှာောတ့ သူတို့တွေကို နေရာပေးပါတယ် ရုပ်ရှင်တွေ ကြော်ငြာတွေ နောက်တွေ့ဆုံးမေးမြန်းတာတွေ မှာ သူတို့တွေကိုမကြာမကြာတွေ့ရတယ်။ ကျနော်က အများကြီးတော့မသိဘူး အပြင်ပိုင်းရုပ်လွှာနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းတဲ့သူတွေဆိုရင်တော့ ကြီးငယ်မရွေး ပေါင်းဖြစ်ပါတယ် ။ ဒီပို့စ်လေးအတွက် ကျေးဇူးပါ အစ်မ

khin oo may said...
This comment has been removed by the author.
khin oo may said...

kom: လေနုအေးကိုတော့သွားဖတ်ြ့ပီးပါပြီး ကိုပေါ ဆွေးနွေးနေတာ တွေ့တာနဲ့ ပြန်လာခဲ့တယ်။

မုန်းစရာ said...

သိပ်ကောင်းတဲ့ ပို့စ်ပါပဲ... တကယ်တော့ သူတို့တွေက အရင်ဘဝက ဝဋ်ကြွေးတွေကို ပြန်ပေးဆပ်နေရတာပါ...

nu-san said...

ဖတ်ပြီး စိတ်မကောင်းဘူး အမရယ်.. အရင် ဘ၀တွေက ၀ဋ်ကြွေးတွေပါပဲ.. အမသာရှေ့က စကားမကြောင်းခဲ့ဖူးဆိုရင် အမ ကြီးကြီးကို ယောင်္ကျားလေးလို့ ထင်မိမှာ မဟုတ်ဘူး..

မဇနိ said...

အမနုစံပြောသလို တကယ်ကို စိတ်မကောင်းပါဘူး။
အမတန်ခူးက စာရေးလည်းကောင်း အကြောင်းအရာကလည်းကောင်းတော့ ဖတ်ရတာ ခံစားရတယ်။

PAUK said...

မတန်ခူးကိုအားကျလိုက်တာ..
ြ

ဗေဒါရီ said...

မတန်ခူးရေ ... ကိုပေါပြောသလိုပါပဲ ... ကြီး ငယ်၊ ကျားမ .. မရွေး အပြန်အလှန် လေးစားမှုရှိဖို့က အဓိကပါပဲ။
ကျွန်မ သင်ရတဲ့ UK ရဲ့ Employment Law မှာ အလုပ်ခန့်အပ်တဲ့နေရာမှာ အသက်အရွယ်ခွဲခြားခြင်း၊ လိင်ခွဲခြားခြင်း စတာတွေဟာ ဥပဒေနဲ့ မညီဘူးလို့ ဖော်ပြထားပါတယ်။

ကျွန်မတို့ အမျိုးထဲမှာတော့ မတန်ခူးရဲ့ ကြီးကြီးနဲ့ ပြောင်းပြန် ယောက်ျားလျာ တယောက်ရှိပါတယ်။ သူကလည်း ယောက်ျားတို့ တပ်အပ်တဲ့ လက်သမား ပညာတို့ ဆေးသုတ် ဆေးမှုတ်တာတို့ .. ပုံနှိပ်စက်ပညာတို့ အကုန်ရတယ်။ ကျွန်မတို့လည်း သူ့ကို ဦးတပ်ခေါ်တာပဲ။ နောက်နောက် ပြောင်ပြောင်လဲ မလုပ်ရက်ကြဘူး။ ခုတော့ ကွယ်လွန်သွားပါပြီ။
မတန်ခူးစာ ဖတ်ရတော့ အဲဒီဦးကို သတိရမိတယ်။

P.Ti said...

မတန်ခူးစာရေးတာကောင်းလှပါတယ်။ သူတို့အကြောင်းတွေက စိတ်ဝင်စားစရာကောင်းပြီ သနားစရာလည်းကောင်းပါတယ်။

Kay said...

မတန်ခူး ကြီးကြီးက..ချစ်စရာကောင်းလိုက်တာ။ ဟုတ်ပါတယ်။ ဒါမျိုး အခြေအနေတွေက..အတင်းပြောင်းယူလို့မရပါဘူး။ ခုပြောကြသလို..၀တ်ကြွေး ..မဟုတ်ရင်လဲ.. genetic imprint မှားယွင်းတာလား- ထူးခြားဆန်းကြယ်တာလား။ လူ့အခွင့်အရေးတွေ သိပ်အလေးထားတဲ့ ဒီဖက်ခေတ်တွေမှာတော့..ခု..မတန်ခူး ဆုတောင်းသလို..၀တ်ရှိရင် ကျေပါတော့လို့..သနားစရာ တောင်းပေးရင်တောင်..တမျိုးတမည်ဖြစ်နေပြီလားမသိ။ Transgender ဆိုပြီး..ဒီအတိုင်းပဲ လက်ခံနေကြပြီလေ။ မိန်းမဘ၀ ကနေ ယောက်ကျားစိတ်ပေါက်နေတဲ့..ကျမတို့ဆရာတယောက်အကြောင်းကိုတောင်..`ဂေး´ ဆိုတဲ့ ပို့စ်တခု ရေးဘူးသေးတယ်။ တကယ်တော့..မတန်ခူး မေမေ ပြုစု အသုံးချ တတ်တာလဲ..တော်တော်ချီးကျူးဖို့ကောင်းတယ်။

ThuHninSee said...

အခုဆို ဟိုနိုင်ငံမှာသွားပြီး ပြောင်းလို့ ရတယ်နော်။
တော်လိုက်တာ .. ကိုယ့်ထက်တောင် မိန်းမ ပီသ နေသေးတယ်။ အဲလိုကြီးကြီးမျိုး ရချင်လိုက်တာ။

Craton said...

ဖတ်လို့ကောင်းလိုက်တာဗျာ... မမတန်ခူးယုံကြည်သလို ဒီလောက်စိတ်သဘောဖြူစင်သူဟာ နောက်ဘ၀တွေမှာ (၀ဋ်ကြွေးကုန်ရင်) အခုလိုအဖြစ်ကနေ ကျိန်းသေလွတ်မြောက်မှာပါ။ တကယ်တော့ ဒီလိုလူမျိုးတွေကို မပစ်ပယ်သင့်ကြပါဘူး။ သူတို့လည်း လူထဲကလူဖြစ်တဲ့အတွက် ချစ်တတ်၊ သနားတတ်၊ ကြင်နာတတ်၊ ကူညီတတ်ကြပါတယ်။

ပုံရိပ် said...

မတန်ခူးရေ အစ်မရဲ့ ကြီးကြီးအကြောင်းက တကယ် စိတ်ဝင်စား စရာကောင်းပါတယ်။

သက်ဝေ said...

တန်ခူးရေ...

ထူးခြားတဲ့ ပိုစ့်လေး အတွက် ကျေးဇူးပါ။
တို့ လဲ တွေ့ ဖူးတယ်..။ အဲဒီသူမျိုးတွေဟာ သာမန် ယောင်္ကျား မိန်းမတွေထက် ပိုပြီး ထူးချွန်တတ်တယ် ဆိုတာ တကယ်ပါပဲ...။ သူတို့ က ကြိုးလဲ တအားကြိုးစားကြတယ်..။ သူတို့ ကိုယ် သူတို့ လဲ အရင်ဘ၀တွေက ဝဋ်ကြွေးကြောင့်လို့ သိနေကြတယ်။ ဒါကြောင့်လဲ ကုသိုလ်ရေးတွေမှာလဲ သူများတွေထက် ပိုပြီး တက်တက်ကြွကြွ ပါဝင်တတ်ကြတယ်...။ အလှုအတန်း ရက်ရောကြတယ်။ တကယ်ဆိုရင် သူတို့  ဘ၀လေးတွေက သနားစရာကောင်းပါတယ်...။ ဒါကို လူတော်တော်များများက နားမလည် မညှာတာ မစာနာဘဲ နှိမ်ချတတ်ကြသေးတယ်နော်...။

အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးအရ ဘယ်လို ဘ၀မျိုး ရောက်ရောက် လက်ရှိဘ၀မှာ ကိုယ့်စိတ်ကို ကိုယ် တတ်နိုင်သမျှ ဖြူစင်သန့် ရှင်းအောင် ထားတတ်ဖို့ က အရေးကြီးဆုံး ဆိုတဲ့ စကားလေးကို သဘော အကျဆုံးပါဘဲ...။

Moe Cho Thinn said...

အမတန်ခူးရေ
ကြီးကြီးက ချစ်စရာကောင်းလိုက်တာ။ သူ့ရဲ့ မေတ္တာနဲ့ စိတ်စေတနာကြောင့် ယောကျာင်္း မိန်းမဆိုတာကြီး ပျောက်ပြီး အမနဲ့အတူ ချိုသင်းတို့ပါ ချစ်ခင်မိရအောင် အရေးကောင်းသလို တကယ်လဲ သူတော်ပါတယ်။ မတန်ခူး ကံကောင်းလိုက်တာ။
သူအားသာတဲ့ အချက်ကို အမ မေမေက ပျိုးထောင် ပေးတတ်လို့ ပိုအဓိပ္ပါယ်ရှိရတာ လို့ မြင်မိတယ်။ အနှစ်သာရသာလျှင် အဓိကလို့ ခံစားရတယ်။

tg.nwai said...

တန်ခူးစာရေးကောင်းတာ.. လက်စသတ်တော့ စာရေးဆရာမကိုး။
ယောကျာင်္းပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်.. လူသားတစ်ယောက်ရဲ့ဘ၀မှာ တန်ဖိုးရှိရှိ ဖြတ်သန်းဖို့က အဓိက လို့ ထင်တာပါပဲ။ ဘယ်လိုမှ ပြောင်းလို့ မရအောင် ဖြစ်လာတာကတော့ ရုပ်ပိုင်းဆိုင်ရာအရရော .. အတိတ်ကံတွေ ကြောင့်ရော ဖြစ်လာတာမို့ ပတ်ဝန်းကျင်ကပါ လက်ခံလိုက်ဖို့ လိုမယ် ထင်ရဲ့။

ကြီးကြီးက တန်ခူးတို့ကို တကယ် ပြုစုပျိုးထောင် အားပေးခဲ့တာပဲနော်.. တန်ခူး မေမေတို့ ချစ်ခင်ခဲ့လို့ ကြီးကြီးလည်း ကံကောင်းပါသေးတယ်လေ..။

စိတ်ထားကောင်းတဲ့ ကြီးကြီး ၀ဋ်ကြွေးရှိရင် သည်ဘ၀မှာပဲ ကျေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် တန်ခူးရေ။

thorn musem said...

မတန်ခူး
အခုပို့ စ်လေးရေးတင်လိုက်တဲ့ အတွက် တည့်မတ်စွာ ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်သူလို့ သတ်မှတ်ပြီး
ပိုလေးစားမိပါတယ်...
ကျနော့်ဘ၀မှာ အများကြီးတွေ့ ဘူးတယ်..
တစ်ချို့ တွေက ခွဲခြားနှိမ်ချဆက်ဆံကြပေမယ့်
အဲဒီစိတ်ဓါတ်တွေကို ကျနော်က မကြိုက်ဘူးဗျ...
သူတို့ ကို နားလည်ပေးကြည့်ပါ...။
ကံ ရဲ့ ဖြစ်တတ်တဲ့ သဘောကို ကြည့်မယ်ဆိုရင် လက်ရှိလူဖြစ်နေတဲ့ သူ့ မှာ အပြစ်မရှိပါဘူး...
အဌားခန္ဓာမှာ ၀င်နေကြတဲ့ ဘ၀မှာ မိခင်ဝမ်းထဲ
ဝင်စားချိန်ကစလို့ ...သူပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ ဘ၀မှ မဟုတ်တာ...လက်ရှိဘ၀မှာ ဒီကိုယ် ဒီစိတ်ဖြစ်နေရတာ အတိတ်ကံ က ဖန်လာတာလေ...
ဒါက သံသရာ အမြင်ပါ...ဆေးပညာအရဆိုရင် မိခင် ဖခင်နဲ့ ဆိုင်ပါတယ်...။
ဝမ်းထဲက ပဋိသန္ဓေမှာ ကျားဟော်မုန်းဓါတ် များခြင်း ၊
မဟော်မုန်းဓါတ်များခြင်းဟာ မိဘနဲ့ ဘဲဆိုင်ပါတယ်..
ဆေးပညာအမြင်နဲ့ ဆို ဟော်မုန်းဓါတ်ရာခိုင်နှုံး များရာဘက်ကို ဗီဇပြတာပါဘဲ...
ကျနော်က ဆေးပညာရှင်မဟုတ်တော့ အကြမ်းဖျင်းဘဲ ပြောနိုင်တာပါ...
ကံတရားနဲ့ ဘဲ ကြည့်ကြည့်၊ ဆေးပညာနဲ့ ဘဲ ကြည့်ကြည့် ငါသာ သူ့ နေရာမှာ လူဖြစ်ခဲ့ ရင် ဆိုတဲ့ အတွေးနဲ့ ကြည့်ရင် သူတို့ တွေကို ကိုယ်ချင်းစာတတ်ပါလိမ့်မယ်...
လောကကြီးလဲ ပိုလှလာမှာပါ...။
ကြီးကြီးကိုလဲ လေးစားပါတယ်...
ကြီးကြီး သာအစက မရှိခဲ့ ရင်....
မတန်ခူး ဆိုတာတောင် ဖြစ်ချင်မှ ဖြစ်မှာဗျ...။

ကောင်းကင်ကို said...

အစ်မတန်ခူးရေ။ လာဖတ်သွားတယ်နော်။

မေငြိမ်း said...

ဟုတ်ပ မတန်ခူးရယ်..ကြီးကြီးက ချစ်စရာ ကောင်းလိုက်တာ..။ အမကတော့ နဂိုတည်းက သူတို့တွေနဲ့ နေလေ့ရှိခဲ့တော့ သူတို့နဲ့ ပတ်သက်ရင် ပြဿနာလို့ မထင်မိဘူး။ ပတ်ဝန်းကျင်တချို့ရဲ့ သတ်မှတ်ချက်တွေအတွက် စိတ်မကောင်းတာပဲ ရှိပါတယ်။ မတန်ခူးရဲ့ကြီးကြီး ကျန်းမာချမ်းသာစွာ.. အသက်ရှည်ပါစေ..လို့ ဆုတောင်းလိုက်ပါတယ်။

Nu Thwe said...

မတန်ခူးရဲ့ ကြီးကြီးက တော်လည်းတော် ချစ်စရာလည်းကောင်း။ အဲဒီလိုလူမျိုးတွေဟာ သူတို့ကို သူတို့ ခန္ဓာကိုယ် အမှားထဲကို ၀င်စားမွေးဖွားလာတယ်လို့ ခံစားကြရတတ်ပါသတဲ့။ gender ပြောင်း ၀တ်စားနေထိုင်ခွင့် မရမချင်း ချောင်ပိတ်မိနေတယ်လို့ ထင်ကြပါသတဲ့။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူတို့ဘ၀မှာ သူတို့ နေတတ်ပျော်ရွှင်ပြီး သူတို့ပတ်ဝန်းကျင်ကိုလည်း တစ်နည်းနည်းနဲ့ အကျိုးပြုနေရင် ၀မ်းသာစရာပါ။ ယူကေမှာ မကြာမီလေးကတင်ပဲ ပြည်သူထဲက ပါရမီရှင် အဆိုပြိုင်ပွဲ Britain's got the Pop factor မှာ နောက်ဆုံးနိုင်သွားတာ ယောက်ျားဘ၀ကနေ ထိုင်းမှာ ခွဲစိတ်ကုသပြီး မိန်းမဘ၀ ပြောင်းလိုက်တဲ့ Geraldine ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့အကြောင်းကို သတင်းစာတွေက ဖော်လိုက်ပြီးနောက်ပိုင်း သူကိုယ်တိုင် ၀န်ခံဖြေရှင်းလို့ ပြည်သူတွေက အမြင်ကြည်လင်စွာ လက်ခံကြပါတယ်။ ပြည်သူ ပေးတဲ့ မဲ Vote နဲ့ အဲဒီပြိုင်ပွဲကို သူ နိုင်သွားပါတယ်။ နောက်ဆုံးအဆင့်မှာ တယ်လီဖုံးကနေ ပေးတဲ့ မဲပေါင်း (၅၂)သန်း ရှိခဲ့ပါသတဲ့။ ကျား မ ကျားမ မကျား ဘာဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကသာ အဓိက ဖြစ်ပါတယ်။

မောင်မျိုး said...

အစ်မကြီးရေ့ နေကောင်းလား အလုပ်တွေ ရှုပ်နေတယ်ဟုတ်း) သားသား ကျောင်းမှာ ပျော်နေပြီထင်ပါ့ ။

ကောင်းကင်ကို said...

အစ်မရေ။ ပို့ စ်အသစ်မတွေ့ ပါလား။ ပျောက်နေတယ်နော်။ သားလေးကော နေကောင်းရဲ့ လား။ အကုန်လုံး ကျန်းမာ ပျော်ရွှင်ပါစေနော်။

myatnoe said...

အမရေ့.. ခရီးသွားပီလား
နေကောင်းရဲ့လား ကျန်းမာရေးဂရုစိုက်ပါနော်..

အမတို့မိသားစုလေး နှစ်သစ်မှစ၍ အေးချမ်းခြင်း ပျော်ရွှင်ခြင်း အစရှိတဲ့ မင်္ဂလာရှိသောစကားများနှင့်သာ တွေ့ကြုံပါစေလို့ ဆုတောင်းပေးပါတယ်..အမရေ..

အမရေ.. ရှေ့လျှောက် ဘလော့မလည်နိုင်တော့ဘူးအမရေ.. နှစ်သစ်ကနေ စပီး ပိုအလုပ်ရှုပ်တာ သင်္ကြန်အထိပါ အမရေ..။

ဘာပဲဖြစ်ဖြစ် အားတဲ့အခါတော့ အမဆီ လာပါ့မယ်..

သက်ဝေ said...

တန်ခူးရေ...
ဘယ်တွေပျောက်...
လွမ်းနေတယ်...

Life is for Success said...

Ma tha Ku,
If convience, please write another post how she train on ur brother. Should be now u can open her own shop. So she can more enjoy on her life and you can give back her kindness...
with rgrds

myatnoe said...

http://nineninesanay.blogspot.com/2008/12/wallach.html

plz read for your son,
This post is really nice and imitate .

Moe Cho Thinn said...

အမတန်ခူးရေ.. လွမ်းတယ်။
နှစ်သစ်မှာ စိတ်ချမ်းသာ ကျန်းမာ ပျော်ရွှင် အောင်မြင်ပါစေလို့ အမတို့ မိသားစုလေးကို ဆုတောင်းပေးပါတယ်။
ချစ်သော
ညီမ ချိုသင်း

ဇနိ said...

အမရေ
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...

myatnoe said...

¯`*•.¸,¤°´'`°¤,¸.•*´¯) ¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥Happy New Year!2009.¸¸¤°´'` (_¸.•*´'`°¤¸'¸¤°

အမရေ... မင်္ဂလာရှိသောနှစ်သစ်
ပျော်ရွှင်ဖွယ်ကောင်းသောနှစ်သစ်ဖြစ်ပါစေ

Ko Paw said...

ပျော်ရွှင်သောနှစ်သစ်ပါ တန်ခူးရေ......... ၂၀၀၉ ခုနှစ်မှာလည်း တမိသားစုလုံး ကျန်းမာချမ်းသာပြီး လေနုအေးကလည်း တသွင်သွင့်နော့နေဆဲကို နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ပုံရိပ် / Pon Yate said...

မတန်ခူး ပျောက်နေတယ်နော်။ အားလုံး အဆင်ပြေပါစေ။ နှစ်သစ် မင်္ဂလာပါ။

pandora said...

မင်္ဂလာနှစ်သစ်မှာလည်း လေနုအေးလေး တနွဲ့နွဲ့ နော့ဆဲဖြစ်ပါစေ

သက်ဝေ said...

တန်ခူးရေ...
၂၀၀၉ ရဲ့ နေ့ရက်တွေတိုင်းကို ချစ်သောမောင်၊ ချစ်သော သားသားလေးနဲ့  အတူတူ
အဆင်ပြေ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ လို့ 
ဆုတောင်းပါတယ်...

nu-san said...

မတန်ခူးရေ.. ရန်ကုန်ပြန်နေတယ် ထင်တယ်.. :)

အမရေ.. မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ.. မိသားစုတွေ နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်.. Happy New Year 2009!!

wai lin said...

ပျောက်နေလို့ နှစ်သစ်အကူးမှာ လာနှုတ်ဆက်သွားပါတယ် တန်ခူးရေ။ ပျော်ရွှင်ပါစေ။ စာတွေလည်းရေးပါအုန်း။ အခေါက်တိုင်း ကွန်မန့်မရေးဖြစ်ပေမယ့် အမြဲလာအားပေးနေတဲ့ အမာခံပရိသတ်ပါဗျာ။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မင်္ဂလာနှစ်သစ်ပါနော်..

မောင်မျိုး said...

Happy New Year အစ်မရေ့ တစ်မိသားစုလုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

ကောင်းကင်ကို said...

အစ်မ အကြာကြီးဘယ်ပျောက်။ နေမှကောင်းရဲ့ လား။

ရွာသားလေးဝိုင်တီယူ said...

အမရေ မတွေ့တာကြာပြီ။ နေမှကောင်းရဲ့လားဗျာ။ အဆင်ပြေပါစေနော်

Moe Cho Thinn said...

မတန်ခူးရေ
လွမ်းလို့ လာခဲ့ပြန်ပြီ။ စိတ်လက်ကြည်သာမှ၊ အချိန်အားမှ စာရေးပါ။ ကိစ္စမရှိပါဘူး။ သတိရလို့ လာလည်တာပါ။ အစစ အဆင်ပြေပါစေနော်။
ချစ်သော
ချိုသင်း

မဇနိ said...

အမတန်ခူးရေ ပေါ်လာနိုးပေါ်လာနိုးနဲ့ မျှော်ရတာမောပါပေါ့။
အိမ်ပြန်နေတာလား။
အမတို့မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ။

wai said...

"Wut" is not a basic trigger of being gay. Who exactly knows they committed something in their former lives. Hormone proportion is a major reason. All people don't have to feel pity upon them. They are also human beings like all of you. They have all ability as u have. In your life, have you ever seen gay begger or idiot or undutiful family member? They have to try better than others because other always look down to them.

မီးတောင် said...

ဒီလိုကြီးကြီးရတာတော်တော်လေးကံကောင်းတယ်နော်။
အားကျမိပါတယ် ။

materials said...

barge412
barley311
battle711
bid321
bill410

Anonymous said...

Awesome web site, I hadn't come across laynuaye.blogspot.com before during my searches!
Continue the good work!

Anonymous said...

top [url=http://www.c-online-casino.co.uk/]casino[/url] check the latest [url=http://www.realcazinoz.com/]online casinos[/url] free no consign bonus at the best [url=http://www.baywatchcasino.com/]baywatchcasino
[/url].