Tuesday, October 25, 2011

မောင့်ကျွန်မ



မောင်ပေးတဲ့ခွန်အားတွေ ကျွန်မသွေးကြောတွေထဲ စီးဝင်သွားတဲ့အခါ
မောင့်ကိုပေးဖို့ ခွန်အားတွေ ပိုလို့ အသစ်မွေးဖြစ်တယ်…

မောင်ပေးတဲ့သစ္စာတရားတွေ ကျွန်မနှလုံးသားထဲ ပျော်ဝင်သွားတဲ့အခါ
မောင့်အတွက်ကျွန်မသစ္စာတရားတွေ ပိုလို့ အမြစ်ခိုင်ကျန်းမာသန်စွမ်းကြတယ်…

မောင်ပေးတဲ့နားလည်မှုတွေ ကျွန်မနေ့ ရက်တွေထဲ ပေါင်းစည်းသွားတဲ့အခါ
မောင့်နေ့ ရက်တွေထဲ ကျွန်မနားလည်မှုတွေ ပိုလို့ စဉ်ဆက်မပြတ် စီးဆင်းသွားတယ်…

မောင်ပေးတဲ့အေးမြမြမေတ္တာတွေ ကျွန်မကိုယ်ထဲ စိမ့်ဝင်သွားတဲ့အခါ
မောင့်ကိုယ်ထဲ ကျွန်မမေတ္တာတွေ ပိုလို့ ပေါများဖိတ်လျံလို့ သွားတယ်…

မောင့်ဖြစ်တည်မှုအတွက် ကျွန်မပါရမီဖြည့်တဲ့အခါ
ကျွန်မဖြစ်တည်မှုအတွက် မောင်ကနဘေးမားမားရပ်လို့ နေတယ်…

တန်ခူး
3:50pm 25-Oct-2011
(ချစ်ခင်ပွန်း=ချစ်သူငယ်ချင်း=ချစ်လေးလေး=မောင့်မွေးနေ့ အမှတ်တရ နှလုံးသားနှင့် ရေးဖွဲ့ သည်)

Tuesday, August 16, 2011

တို့ ခေတ်နဲ့  သူတို့ ခေတ်



“ဒီနေ့ တော့လေ… မင်းနဲ့ ချိန်းထားတယ်……ချက်တင်ထဲမှာတွေ့ ဖို့ ကွယ်
ည၈နာရီတိတိမှာ ငါလေဆက်ဆက်စောင့်နေမယ်….
ငါမင်းအတွက်ကွယ်….သီချင်းလေးရေးထားတယ်
ချက်တင်ထဲမှာ ပို့ လိုက်မယ်…
ခံစားနားဆင်ရင်းဝေဖန်ပေးကွယ်… တွေးရင်းနဲ့  ရင်ခုန်မိတယ်”
…………………………………………………………………………….
“ချက်တင်ထဲမှာ… တွေ့ ကြမယ်… စကားပြောကောင်းတဲ့ကောင်မလေးရယ်
ကိုယ်အမှားလုပ်ခဲ့မိရင်……ခွင့်လွတ်ပေးပါကွယ်
နေ့ တိုင်းသာပြောရရင်……သူစိတ်ဆိုးမှာကြောက်မိတယ်
ကိုယ်အရမ်းချစ်မိတယ်……ချက်တင်ထဲကကောင်မလေးရယ်”

အပေါ်က သီချင်းလေး နာမည်က “ချက်တင်ထဲကကောင်မလေး” တဲ့..။ ကျွန်မမောင်လေးဝမ်းကွဲ တယောက်က သီချင်းလေးတွေ နားထောင်ဖို့ ဆို အီးမေးလ်ပို့ လိုက်တာ နားထောင်ရင်း ဒီသီချင်းကျတော့ ကျွန်မတယောက်ထဲ ပြုံးမိပါတယ်။ ဒီခေတ်ကလေးတွေဆို အတော်ကို ရင်ခုန်လှုပ်ရှားစေမယ့် သီချင်းလေးပါ။ နားထောင်နေတဲ့ ကောင်မလေးက သူနဲ့ ညတိုင်း ချက်တဲ့ ကောင်လေးကို မှန်းဆတွေးပြီး ရင်တွေတဖျတ်ဖျတ်ခုန်နေမှာ ဖြစ်သလို နားထောင်နေတဲ့ကောင်လေးကလဲ သူနဲ့ ချက်တင်လုပ်ရတာ ဟာမိုနစ်ဖြစ်တဲ့ကောင်မလေးကို သတိရရင်ခုန်နေမှာ အမှန်ပဲ။ ဒီလောက် ရင်ခုန်စရာကောင်းတဲ့ သီချင်းလေးကို ကျွန်မက ဘာလို့ ပြုံးပြုံးကြီး နားထောင်နေမိပါလိမ့်။ နောက်ဆက်တွဲ တွေးမိသွားတာက… အော်.. ငါတော်တော် အဖွားကြီးဖြစ်သွားတာပဲ ဆိုတာပါ။

လွန်ခဲ့တဲ့ ၄နှစ်လောက်က ကျွန်မ ဟိုအရင်အလုပ်က လုပ်ဖော်ကိုင်ဖက် ကောင်မလေးတယောက်ရဲ့ မင်္ဂလာဆောင်သွားတော့ သူတို့ စတွေ့ ပုံလေးကို စလိုက်ရှိုးလေးနဲ့ ပြတဲ့အခါ သူတို့ ဇာတ်လမ်းလေးက ချက်တင်က စတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်မအတွက် အတော်ကို ထူးဆန်းခဲ့တာပါ။ ဘယ်နှယ့် တယောက်နဲ့ တယောက် မမြင်ဘူးကြပဲ သံယောဇဉ်တွေ အရင်တွယ်သွားကြတာလဲပေါ့။ ကံကောင်းလို့  ၂ယောက်လုံးချောချောလေးတွေ ဖြစ်နေကြလို့ …တကယ်လို့  ချက်တင်ထဲတွေ့  သံယောဇဉ်တွယ်မိတဲ့သူက အိမ်ထောင်ရှိနေရင်ဘယ်လိုလုပ်… မရိုးသားတဲ့သူဖြစ်ရင် ဘယ်လိုလုပ်… စသဖြင့်ပေါ့… ။ နောက်ပိုင်းကျတော့ အဲဒီလို မင်္ဂလာဆောင်တွေ သွားရစိတ်လာတော့ ချက်တင်ဇာတ်လမ်း… အွန်လိုင်းဇာတ်လမ်းတွေနဲ့ က နဲနဲယဉ်လာပါတယ်။ အဲဒီတော့မှ တချို့ တွေက ချက်တင်ထဲမှာ စကားပြောဆိုကြည့်… စကားပြောရတာ အဆင်ပြေရင် လူချင်းတွေ့ ဖို့ ချိန်း… သူရောကိုယ်ရော ကြိုက်လို့ ရလောက်ရင် ကြိုက်လိုက်ကြဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်။ တခုပါပဲ… ကျွန်မက စာရေးတာ ၀ါသနာပါသူ။ သူများဇာတ်လမ်းတွေကို ပူးဝင်ခံစားတတ်သူ။ တချို့ တကယ့် အဖြစ်အပျက်လေးတွေ ကောင်မလေးနဲ့ ကောင်လေး သိပ်ချစ်ကြတဲ့ အကြောင်းများကြားရရင် ကိုယ်ပါရောရောင် ရင်တွေခုန်ပြီး စာတွေရေးချင်စိတ်တဖွားဖွား ပေါ်လာတတ်ပါတယ်။ ဒါပေမယ့်… ဒီချက်တင်ဇာတ်လမ်းတွေကတော့ ကျွန်မရင်ထဲသိပ်မတိုးလှပါဘူး။ အဲဒါ ခဏခဏကြားဖူးနေတဲ့ generation gapဆိုတာ ဖြစ်မှာပါ။

ဟိုတနေ့ က ရုံးမှာ ကျွန်မရဲ့ ဂျူနီယာကောင်လေးနဲ့  musicအကြောင်းပြောရင်း နင်ဂီတာတီးတတ်သလား မေးတော့ မတီးတတ်ပါတဲ့။ ကျွန်မက တို့ နိုင်ငံမှာ နင်နဲ့ ရွယ်တူကောင်လေးတွေ တော်တော်များများ ဂီတာတီးတတ်ကြတယ်လို့ ။ ကောင်မလေးတွေ အိမ်ရှေ့ က အုတ်ခုံလေးတွေမှာ ညညဂီတာတီးတဲ့ ယဉ်ကျေးမှုလေးက တို့ နိုင်ငံမှာ ရှိတယ်ဆိုတော့… သူက ကျွန်မကို ပြောပါတယ်။ ဘာလို့  အချိန်ကုန် လူပင်ပန်းခံမလဲတဲ့… အိမ်ကနေ smsလေးပို့ လိုက် ဒါမှမဟုတ် အဲကွန်းခန်းထဲမှာ ချက်တင်ထဲက ရင်ဖွင့်လိုက် ရတာပဲတဲ့။ သူ့ အိမ်ရှေ့ သွားလို့  သူ့ တွေ့ ရမတွေ့ ရ မသေချာဘူးတဲ့။ facebookပေါ်သွားရင် သူ့ ပုံလေးတွေ အိမ်ကနေ လှမ်းတွေ့ နေရတာပဲတဲ့။ ကျွန်မ ဘာမှ ပြန်မပြောနိုင်တော့ ပါဘူး။ အော်… သူတို့ ခေတ်က ဟုတ်သားလို့ ပဲ ခေါင်းငြိမ့်မိပါတော့တယ်။

ကျွန်မတို့ ခေတ်က ယောင်္ကျားလေးတွေ ခမျာ မိန်းခလေးတယောက်ကို ရဖို့ အတော်ကို လုံလစိုက်ထုတ် ကြိုးစားခဲ့ရတာပဲ။ ကိုယ်နေတဲ့  မင်္ဂလာဒုံကနေ ကောင်မလေးရှိတဲ့ကျောက်မြောင်းကို လျှောက်ပြန်သံပေးလုပ်ကြရသလို… ညဖက်အတော်မိုးချူပ်တဲ့အထိ မိဘတွေ အဆူခံပြီး ကောင်မလေး အိမ်ရှေ့ မှာ သီချင်းသွားဆိုကြရသေးတာ။ တက္ကသိုလ်ရောက်လာတော့ ပိုးရပန်းရတာ လွယ်သွားပြီဆိုပေမယ့်လဲ အာအိုင်တီကနေ အတန်းတွေလစ် ဘတ်စ်ကားကျပ်ကျပ်တိုးစီးပြီး အာစီတူးထဲ ဒုက္ခခံရတာမျိုးကလဲ အများသားလေ။ ကျောင်းခေါ်ချိန်မပြည့်လို့  တနှစ်အောက်ခံရတဲ့အထိ အချစ်သူရဲကောင်းတွေရှိလို့  တူးတူးရဲ့ ၇၅ရာခိုင်နှုန်းသီချင်းတောင် အတော်ခေတ်စားလိုက်ပါရောလား။

ဟိုးအရင်က ဂီတာမတီးတတ်ပေမယ့် ကောင်မလေးရှိတဲ့ သဇင်ရှေ့ သီချင်းဆိုချင်လွန်းလို့  လက်ဖျားတွေ အသားမာတတ်တဲ့အထိ ဂီတာကို ကြိုးစားပန်းစား သင်တဲ့သူတွေလဲရှိ။ ကျွန်မသူငယ်ချင်းတယောက်ဆို လာဆိုတဲ့သူတွေထဲ သူပါလို့ ကောင်မလေးသိရအောင် အဖွင့်သီချင်းလေးကို သူများနဲ့ မတူအောင် creative thinkingနဲ့  ဆိုတတ်သူပါ။ (နေ့ တိုင်းအဖွင့်သီချင်းလေက ဖိုးချိုရဲ့ ရေလိုအေးလို့  ပန်းလိုချမ်းမြေ့ပါစေတဲ့… ခုအဲဒီစုံတွဲလေးက အကြင်လင်မယားဖြစ်သွားပြီး သူတို့ မှာ ကျွန်မသားလေးနဲ့  ရွယ်တူ သမီးလေးတယောက်ရှိနေပါပြီ)။ ကျွန်မ အမျိုးသား သူငယ်ချင်းတယောက်ဆို စာမေးပွဲတွင်းကြီး စာကျက်နေရင်း ကောင်မလေးကို လွမ်းလွန်းလို့ ပါဆို သူငယ်ချင်းတွေ ဂျီကျ ညဘက်ကြီး အဆောင်ရှေ့ ကို ဆိုက်ကယ်နဲ့ အသွား ဆိုက်ကယ်မှောက်တာ စာမေးပွဲကို တက္ကသိုလ်ဆေးရုံကနေ ဖြေလိုက်ရပါတယ်။ အချစ်ကြီးကြပုံများပြောပါတယ်။

ဒီကြားထဲ ကိုယ်ကြိုက်မိတဲ့သူက အရမ်းနာမည်ကြီးတဲ့ အလှဘုရင်မလို လူမျိုးဆို အပြိုင်အဆိုင်တွေ ကြားထဲ ကိုယ့်ကို ပန်းကုံးစွတ်အောင် လုံ့ လစိုက်ထုတ်ကြိုးစားကြပြီး နောက်ဆုံးဇွဲဆု ရသွားတဲ့သူတွေလဲ ရှိတတ်သေးတာမိုလား။ ဒီဘက်ခေတ်မှာ ချစ်သူများနေ့ ဆို အလှဆင်ပြီး လိုချင်စဖွယ်ဖြစ်အောင် လုပ်ထားတဲ့ ပန်းစည်းလေးတွေကို စီးပွားရေးသမားတွေက လာဘ်မြင်ပြီးရောင်းကြတယ်။ တချို့ ချစ်သူတွေက အွန်လိုင်းပေါ်ကနေ၀ယ်ပြီး ရောင်းတဲ့ဆိုင်ကို deliveryလုပ်ခိုင်းလိုက်တာ။ ပန်းစည်းလေးတွေ့ ရင် ခုန်ပေါက်ပျော်သွားကြတဲ့ ကောင်မလေးတွေတွေ့ တော့ ကျွန်မတို့ ခေတ်က ပိတောက်ပင်ထိပ်ဖျားက ဦးဦးဖျားဖျားပွင့်တဲ့ ပိတောက်ပန်းလေးကို ချစ်သူကို ပေးချင်လို့  ကိုယ်ကိုယ်တိုင် အပင်ပေါ်တက်ခူးတတ်ကြသူတွေကို သတိရမိပါတယ်။

ကျွန်မစာဖတ်ပြီး လူငယ်လေးတွေက မတန်ခူးက တို့ ခေတ်က သူတို့ ခေတ်ထက် ပိုချစ်တတ်ကြတယ်လို့  ဆိုလိုချင်တာလားလို့  တလွဲမတွေးလိုက်ပါနဲ့ နော်။ ဒီဘက်ခေတ်က အချစ်ဇာတ်လမ်းတွေကို တွေ့ ရတော့ အံ့သြမိသလို တို့ ခေတ်က ဘယ်လိုများလဲဆိုတာ ဒီဘက်ကလေးတွေ အပျင်းပြေဖတ်ရအောင် ရေးလိုက်တာပါ။ Technologyတွေ စက္ကန့် မလပ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ mediaတွေကလဲ အမျိုးမျိုးပေါ်လာကြတော့ တို့ ခေတ်နဲ့ သူတို့ ခေတ်ကွာဟတာ တကယ်တော့လဲ မဆန်းလှပါဘူး။ Technology သိပ်မတိုးတက်သေးတဲ့ တို့ ခေတ်မှာ အတော်များများက manual တွေဖြစ်နေတော့ အချိန်အားလူအားတွေက ဒီဘက်ခေတ်ထက် ပိုသုံးကြရတာပါ။ ချစ်သူအိမ်ရှေ့ ညတိုင်းသွား ဂီတာတီးနေမယ့် အစား part timeသွားလုပ်လိုက်တာမှ ပိုက်ဆံမြန်မြန်စုနိုင်ပြီး ချစ်သူနဲ့ အမြန် အတူနေနိုင်တယ်ဆိုတဲ့ လက်တွေ့ ကျတဲ့ အတွေးတွေကို သူတို့ ခေတ်မှာ ပိုတွေးတတ်လာကြတာပါ။ အဲဒါမှလဲ တိုးတက်တဲ့ ခေတ်နောက် ကောက်ကောက်ပါအောင် လိုက်နိုင်တော့မှာ မိုလား။ ကျွန်မသားတို့ ခေတ်ကြတော့ ဘယ်လို mediaတွေ ထပ်ပေါ်ပြီး ဘယ်လို ခေတ်ပေါ်ဇာတ်လမ်းမျိုးလေးတွေ တွေ့ ရမလဲဆိုတာ ကြိုတင်မမှန်းဆနိုင်လောက်အောင်ပါပဲ။

တန်ခူး
3:09pm 16-Aug-2011


Tuesday, August 9, 2011

အမောင်ကျောင်းသား (၁)




သားလေး ကျောင်းကြီးစတက်ရတော့မယ်ဆိုတော့ ကျောင်းဝတ်စုံအသစ်လေးကို ပြင်ဆင်ပေး၊ ကျောင်းလွယ်အိတ်လေး ပြင်ဆင်ပေးနဲ့  ကာယကံရှင်သားတော့ မသိ… သားမေမေကျွန်မကတော့ ရင်ခုန်လို့ နေခဲ့တယ်။ မူလတန်းကျောင်းဆိုတာ အရင်က မူကြိုလို မဟုတ်တော့ သားလေး ပတ်ဝန်းကျင်အသစ်မှာ စည်းကမ်းတွေနဲ့  နေသားကျမှ ကျပါ့မလားလို့  စိတ်ပူရတာက တမျိုး။ မူကြိုတုန်းက ကျွန်မရုံးထဲမှာ ရှိတဲ့ကျောင်းဆိုတော့ သားပစ္စည်းတွေကို နေရာချ၊ ပြန်ယူတာတွေ အားလုံး ကျွန်မပဲလုပ်တာမို့  ကျောင်းကြီးမှာ ကိုယ့်ပစ္စည်းကိုယ် ထိန်းသိမ်းနိုင်အောင် သားကို တတွတ်တွတ်မှာရသေးတယ်။

သားနဲ့ ကျောင်း

သားရဲ့ ပထမဆုံးကျောင်းသွားတဲ့နေက ကျွန်မလိုက်လို့ ရတာမို့  သားနဲ့ အတူကျောင်းကို လိုက်ရင်း ကိုယ်ငယ်ငယ်က ပထမဆုံး ကျောင်းတက်ရတဲ့နေ့ ကို အမှတ်ရနေမိသေးတယ်။ ကျွန်မဖေဖေရဲ့ မောရစ်အိတ်လို့ ခေါ်တဲ့ အတော်ရုပ်ဆိုးတဲ့ လမ်းလယ်ခေါင်ခဏခဏ ဂေါက်လှည့်ရတဲ့ ကားစုတ်စုတ်လေးပေါ်မှာ အဖြူအစိမ်းကျောင်းဝတ်စုံနဲ့  ရှုးဖိနပ်အနက်ရောင် ခြေအိတ်ဖြူဖြူ လွယ်အိတ်နီနီလေးနဲ့  ရင်ခုန်နေခဲ့တဲ့ အချိန်လေးကို ကျွန်မခုထိမှတ်မိနေတာ အံ့သြစရာပါ။ အမှတ်(၂) အစိုးရအထက်ကျောင်း လသာ ဆိုတဲ့ အုတ်နီနီကျောင်းကြီးကို အတွေ့ မှာ အရာအားလုံးကို မေ့ပြီး လိုက်ပို့ တဲ့ အဖေအမေတောင် ပြန်စောင်းမကြည့်ပဲ လွယ်အိတ်လေးလွယ်ပြီး ခုန်ပေါက်သွားခဲ့တဲ့ ကလေးမလေးဟာ ကျွန်မပဲပေါ့။ အဲဒီလို မူလတန်းကျောင်းသူ ပထမနေ့ ကတည်းက ကျောင်းပျော်ကျွန်မ အာအိုင်တီရောက်တဲ့အထိ နေမကောင်းတောင် အိပ်ရာက လူးလဲထပြီး ကျောင်းသွားတတ်တာပါ။ သားလေးက ကျွန်မနဲ့ တူရင်တော့ ကျောင်းပျော်ကောင်းပါရဲ့။

ကျောင်းရောက်တော့ ကျောင်းသားဟောင်းကြီး တယောက်လို ခပ်တည်တည်နဲ့  ပထမနေ့ မှာပဲ နေသားကျသွားတဲ့ သားကို ကြည့်ပြီး ကျွန်မစိတ်အေးရပါတယ်။ စိတ်ရှည်အေးဆေးပုံရတဲ့ သားအတန်းပိုင်ဆရာမလေးကို တွေ့ တော့ သိပ်စိတ်မပူတော့ပါဘူး။ ကျွန်မရော ကျွန်မအမျိုးသားပါ ဆရာတွေကို ရိုသေလေးစား ဆရာ့ကျေးဇူးကို ဦးထိတ်ထားပြီး ဆရာတွေလိုရင် အမြဲအဆင်သင့်ဖြစ်နေလို့ လားမသိပါဘူး။ သားလေးက အမြဲဆရာကောင်းနဲ့ တွေ့ တတ်ပါတယ်။ ကျွန်မတို့ ပြုတဲ့ ကုသိုလ်က ဒီဘ၀တင် သားကို အကျိုးပေးတာ အံ့သြစရာပါ။

ဒီနိုင်ငံကကျောင်းတွေမှာ ပထမတန်းကျောင်းသားတွေကို ဒုတိယတန်းကျောင်းသားလေးတွေက ၃ရက်တိတိ လမ်းညွှန်စောင့်ရှောက်ပေးပါတယ်။ သားကို စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ ကလေးလေးက အလွန်စိတ်ရှည်တဲ့ လူလိမ္မာလေးပါ။ အကိုကြီးတယောက်လို သားကို မုန့် ဈေးတန်းလိုက်ပို့  ဆိုင်တွေလိုက်ပြပေးနေတာကို မိဘတွေ လှမ်းငေးရတဲ့နေရာကနေ ကျွန်မဓာတ်ပုံတွေရိုက်ရင်း အလုပ်တွေရှူပ်လို့ ပေါ့။ ထမင်းကြိုက်တဲ့သားက ထမင်းတပွဲ၊ မိုင်လိုတခွက် နဲ့  သူရဲ့ပထမဆုံး ၀ယ်စားရတဲ့ ထမင်းတနပ်ကို မြိန်ရေလျက်ရေနဲ့ ။ ပထမဆုံးနေ့ ဟာ ကျွန်မထင်ထားတာထက် ချောမွေ့ နေတော့ စိတ်သိပ်ကြီးမပူမိတော့ပါဘူး။

သားနဲ့ ပိုက်ဆံ



မူလတန်းမှာ ကလေးတွေကို ပိုက်ဆံသုံးခွင့်ပေးကို ပေးရပါတယ်။ သားကို ကျွန်မ တနေ့ မုန့် ဖိုး ၁ကျပ်ခွဲပေးလိုက်ပါတယ်။ သားဘာတွေများစားနေလဲ စိတ်ပူမိပေမယ့် မေးလိုက်ရင် ထမင်းဆိုင်က ထမင်းတပွဲ ၁ကျပ်နဲ့  မိုင်လိုတခွက် ပြား၄၀… နေ့ တိုင်း ဖေါ်မြူလာတခုလို ဒါပဲစားတာမို့  ကျွန်မရောအမျိုးသားပါ ပြုံးမိပါတယ်။ ပိုတဲ့ ဆယ်ပြားကို စုဘူးထဲထည့်ပေါ့။

တလလောက်ကြာတော့ ကျောင်းကအပြန် မြန်မာနိုင်ငံအလံ(အလံဟောင်း) MYANMAR လို့ ရေးထားတဲ့ ခဲဖျက်လေးကို ပြပါတယ်။ သူ့ မုန့် ဖိုးပိုတဲ့ ၁၀ပြားနဲ့ ပထမဆုံး ၀ယ်တဲ့ ကျောင်းသုံးကိရိယာလေးက မြန်မာနိုင်ငံနဲ့ ဆိုင်တာလေးဖြစ်နေတာ ကျွန်မဖြင့် အံ့သြ၀မ်းသာလို့ ။ အဲဒီကစလို့  တချို့ နေ့ တွေမှာ ပိုက်ဆံ၁၀ပြားက စုဘူးထဲရောက်၊ တချို့ နေ့ တွေမှာ စိတ်ကူးပေါက်တဲ့ စာရေးကိရိယာလေးတွေ ၀ယ်နဲ့ ဟုတ်လို့ ပေါ့။

တနေ့ မတော့ ကျွန်မရုံးမှာ အစည်းအဝေးလုပ်နေတုန်း သားတရုတ်ဆရာမက ဖုန်းဆက်လာပါတယ်။ သားဆယ်ပြားစေ့မြိုချမိလိုက်လို့ တဲ့။ ကျွန်မအပူက ငယ်ထိပ်အထိရောက်သွားပါတယ်။ ဘယ်သူနဲ့ မှလဲ စကားမပြောနိုင် ဘာလုပ်ရမှန်းမသိနဲ့  သားအဖေဆီဖုန်းဆက်ပြီး သားကို သွားခေါ်ခိုင်းမိပါတယ်။ ကျွန်မရုံးက သားကျောင်းနဲ့ ဝေးတာမို့  ဆေးရုံပဲ တန်းသွားမယ်ပြောပြီး ဘုရားစာတွေ ဟိုရောက်ဒီရောက်ဆိုရင်း ကျွန်မတကိုယ်လုံး မိခင်တယောက်ရဲ့အပူတွေ မီးဟုန်းဟုန်းတောက်လို့ ။ သားကိုတွေ့ လိုက်ရတော့ သားက မျက်နှာလေးဇီးရွက်လောက်လေးသာ ရှိပါတယ်။ လူကတော့ ဘာမှမခံစားရတဲ့ပုံပါ။ အရေးပေါ်ဆီသွားရင်း သားကို ဓာတ်မှန်ရိုက်ရမယ် ဆယ်ပြားစေ့က အစာအိမ်ထဲရောက်ရင် အီးအီးထဲပါသွားမှာမို့  ဘာမှ စိုးရိမ်စရာ မရှိဘူးလို့  ဆရာဝန်မ ပြောတာကို သားက နားထောင်ပြီး ဇီးရွက်လောက်ရှိတဲ့မျက်နှာက နဲနဲလေးကြီးပြီး နဲနဲလေး ပြန်လန်းလာပါတယ်။ ဆယ်ပြားစေ့ကို အမှတ်တမဲ့ ပါးစပ်ထဲ ဟိုပို့ ဒီပို့  ဆော့ရင်း ၀င်သွားတော့ ကြောက်လန့် ပြီး မြိုချလိုက်တာပါတဲ့။ ဒီအသက်အရွယ်ရောက်မှတော့ အဲလိုဖြစ်မယ် မထင်တော့ သတိမပေးမိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိပါတော့တယ်။

ပထမဓာတ်မှန်ရိုက်တော့ ဆယ်ပြားစေ့မတွေ့ ဘူးဆိုလို့  ကျွန်မတို့ အတော်ပြာသေးပါတယ်။ နောက်မှ ဓာတ်မှန်ရိုက်တဲ့သူက အဖြူရောင်ဝိုင်းဝိုင်းကို ဓာတ်မှန်ရဲ့ချို့ ယွင်းချက်ထင်ပြီး ဖြတ်ထုတ်လိုက်လို့ ပါတဲ့။ အစာအိမ်ထဲမှာ ဆယ်ပြားစေ့ဝိုင်းဝိုင်းလေးတွေ့ ရမှ ဟင်းချနိုင်ပါတော့တယ်။ ဆရာဝန်မက ဘယ်လမ်းကြောင်းကနေ အီးအီးထဲပါသွားမယ်ဆိုတာရှင်းပြတော့ သားက သေချာနားထောင်နေပြီးမှ စိတ်အေးသွားတဲ့ပုံနဲ့  ဟီးဟီးဟားဟား လုပ်နိုင်ပါတော့တယ်။ ၃ရက်ဆိုအီးအီးထဲပါမယ်ဆိုတာနဲ့  ကျွန်မလဲ ရုံးက ခွင့်ယူပြီး ဆယ်ပြားစေ့မထွက်မချင်း အီးအီး research လုပ်ရပါတော့တယ်။ ၄ရက်အထိ အီးအီးထဲ မပါတော့ တနေရာများ ကပ်နေသလား စိတ်ပူပြီး ဆေးရုံပြေး၊ ဓာတ်မှန်တခါရိုက်ရပြန်ပါတယ်။ အူမကြီးထဲဆယ်ပြားစေ့လေးတွေ့ မှ နဲနဲစိတ်သက်သာရပြန်တယ်။ ဒီတခါတော့ ဆေးရုံက ၀မ်းချူပြီး အမြန်ထွက်အောင် လုပ်ပေးပါတယ်။ ကျောင်းက ဆရာမတွေကလဲ တနေ့ တနေ့  ဆယ်ပြားစေ့ထွက်ပလား ဖုန်းဆက်မေး၊ အသိတွေကလဲ ဖုန်းဆက်မေးနဲ့  ရပ်ကျော်ရွာကျော် ဆယ်ပြားစေ့ပြဿနာပါ။ သားမလဲ တနေ့ တနေ့  သူ့ ကို ၀ယ်ပေးထားတဲ့  Head to Toeဆိုတဲ့ စာအုပ်ထဲက အစာအိမ်ဖွဲ့ စည်းပုံကို ကြည့်ပြီး သူ့ အဒေါ်ကို ဒီနေ့ ဆို သူ့ ဆယ်ပြားစေ့က ဒီလောက်ရောက်ပြီဆို မှန်းဆရတာ အမောပါ။ နောက်ဆုံး ငါးရက်မြောက်နေ့ မှ ဆယ်ပြားစေ့က အောင်မြင်စွာထွက်ပါတော့တယ်။

အရောင်တောင်ပြောင်းနေတဲ့ ဆယ်ပြားစေ့ကို သားကို ပြရင်း ထပ်ခါထပ်ခါ သတိပေးရပါတယ်။ ကျွန်မမှာတော့ မအိပ်နိုင် မစားနိုင်နဲ့  ဆယ်ပြားစေ့ဖိုဘီးရားရောဂါစွဲကပ်သွားခဲ့ပါတယ်။ သားကို အကြွေစိမုန့် ဖိုး ခုထိမပေးဖြစ်တော့ပါဘူး။ ကျွန်မအမျိုးသားကတော့ ကျွန်မလုပ်ရပ်ကို မှားတယ်လို့ ဆိုပါတယ်။ တသက်လုံး ပိုက်ဆံမပေးသုံးနေတော့မလားတဲ့။ မိခင်တယောက်ရဲ့ စိုးရိမ်လွန်မှုပဲဆိုပါတော့လေ။ ကျွန်မသားကို အဲဒီကစလို့  ထမင်းဗူးထည့်ပေးပြီး လိုလိုမယ်မယ်ဆို ၂ကျပ် ကျပ်တန်လေးပဲ ပိုက်ဆံအိတ်ထဲ ထည့်ပေးမိပါတော့တယ်။ ဒါကတော့ သားရဲ့ ပိုက်ဆံနဲ့  ပတ်သက်တဲ့ ကျောင်းအတွေ့ အကြုံပါ။

စာမရေးဖြစ်တော့ ရေးဖို့ စုထားတဲ့ သားအကြောင်းတွေက ခပ်များများပါ။ ပို့ စ်ကြီး အရမ်းရှည်ရင် ဖတ်ရတာ ငြီးငွေ့ မစိုးလို့  စိတ်ကူးရရင် ရသလို အပိုင်းလေးတွေ ခွဲရေးပါ့မယ်။ ကျွန်မရဲ့ လေနုအေးဘလော့လေးရဲ့ flavor တခုက သားပါဆိုတာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိခဲ့ပါဘူး။ ဘလော့ရေးတာပြတ်သွားတော့ ပွဲတောင်းကြတာက သားအကြောင်းဖြစ်နေကြပါတယ်။ လေနုအေးနဲ့ သားကို တွဲမြင်နေကြတာ သိရတော့ ကျွန်မကြည်နူးမိပါတယ်။ တချို့ ကျွန်မဘလော့ကို လာလည်နေကျသူတွေဆို တန်ခူးထက် သားကို ပိုစိတ်ဝင်စားကြပါတယ်။ သားကို တခါမှမမြင်ဖူးတဲ့သူတွေတောင် အပြင်မှာ တွေ့ ရင် သားနဲ့ အတော်ရင်းနှီးနေကြပါတယ်။ ဒါဟာ မိခင်ဘလော့ဂါတယောက်က သားကို ပေးတဲ့လက်ဆောင်တခုလို့ ပဲ ဆိုရမလိုပါပဲ။ သားကြီးလာရင်ဖတ်ဖို့  မေမေရေးတဲ့ သားရဲ့မှတ်တိုင်လေးတွေပေါ့။

တန်ခူး
5:10pm 9-Aug-2011

Saturday, August 6, 2011

အား






ဒီနေ့  facebookပေါ် ၀င်တော့ ကျွန်မဘလော့က ပို့ စ်လေးဖြစ်တဲ့ ကျွန်မသူငယ်ချင်း ကိုသျှားရဲ့ ကျောင်းကဗျာအရှည်ကြီးနဲ့  အချစ်ရိုင်းတို့ အချစ်ဦး ပို့ စ်လေးကို စာချစ်သူ တယောက်က ဖြန့် ဝေထားတာ တွေ့ ရပါတယ်။ အဲဒီလိုတွေ့ ရတိုင်း ကျွန်မရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ၀မ်းသာပီတိဖြစ်မှုက ဘယ်လို ရေးပြရမှန်းကို မသိတာပါ။ ကျွန်မလို ဘာမှမဟုတ်တဲ့ ၀ါသနာအရ စာတိုပေစလေးတွေသာ ရေးတတ်တဲ့သူတယောက် အတွက် စာဖတ်သူကပေးတဲ့ အင်အားဆုလာဘ်တခုလို့  မှတ်ယူမိပါတယ်။ ခုလို ကျွန်မပို့ စ်လေးကို တခုတ်တရ ဖြန့် ဝေပေးတဲ့  စာချစ်သူတွေကို လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောချင်လို့  ဒီပို့ စ်လေးကို ရေးလိုက်ရတာပါ။

ဟိုတလောက ကျွန်မဘလော့နဲ့  အတော်ဝေးစဉ်ကာလကလဲ ကျွန်မကြည်ညိုလေးစားရတဲ့ ဦးကျော်သူအကြောင်း ရေးတဲ့ပို့ စ်လေးဖြစ်တဲ့ ကျွန်မ သို့ မဟုတ် ပြည်သူချစ်သောမင်းသား ပို့ စ်လေးကို ဦးကျော်သူရဲ့ facebookပေါ်မှာ ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  တွေ့ လိုက်ရတော့ ရင်ထဲ အတိုင်းမသိကြည်နူးမိပါတယ်။ ကျွန်မရဲ့ ပို့ စ်လေးကို တင်ပေးတဲ့ ဦးကျော်သူadmin အဖွဲ့ နဲ့  ကော်မန့် လေးတွေ အချိန်ပေးပေးသွားကြသူများကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။

ဒီပို့ စ်နဲ့ အတူ ဟိုးအရင် ကျွန်မရေးခဲ့ဖူးတဲ့ RITကျောင်းသူ... သတိ…၁၂ဒေါ်လာ ပို့ စ်လေးတွေကို အီးမေးလ်နဲ့  ဝေမျှပေးခဲ့တဲ့  စာချစ်သူတွေကို ဘယ်သူဘယ်ဝါရယ်လို့  မသိပေမယ့်လည်း ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောပါရစေ။ ကျွန်မပို့ စ်လေးတွေကို ကျွန်မလင့်ခ်လေးထည့်ပြီး သူတို့ ဘလော့လေးတွေပေါ်မှာ ပြန်လည်ဝေမျှပေးကြတဲ့ ဘလော့ရောင်းရင်းတွေကိုလဲ ကျေးဇူးအထူးပါ။

အထူးတလည်ကျေးဇူးတင်မိသူတွေကတော့ ကျွန်မစာရေးကျဲလဲ ကျွန်မဘလော့လေးကို အချိန်မှန်လာဖတ်ကြတဲ့ ကျွန်မရဲ့ ဘလော့ရောင်းရင်းများ… ကျွန်မရဲ့စာဖတ်သူများ ဖြစ်ပါတယ်။ အဲဒီအားပေးမှုတွေကြောင့် ကျွန်မ စာရေးဖို့  ပို့ စ်တွေမှန်မှန်တင်ဖို့  အားသစ်တွေမွေးဖြစ်တာမို့  ဒီပို့ စ်လေးနဲ့  ကျေးဇူးမှတ်တမ်းတင်ပါရစေ။ စာတွေပုံမှန်ပြန်ရေးဖို့  ကျွန်မကြိုးစားပါ့မယ်။

လေးစားစွာဖြင့်
တန်ခူး
12:18am 7-Aug-2011

Sunday, July 31, 2011

Midlife Crisis နဲ့  ဘ၀လက်တွဲဖော်

ဒီပို့ စ်ကို ရေးချင်နေတာ ကြာပါပြီ။ ရင်ထဲမှာ ချရေးနေတာလဲ ကြာပါပြီ။ ဒီပို့ စ်ရဲ့ အကြောင်းအရာက sensitive ဖြစ်ပါတယ်။ သိလို့ တတ်လို့  ရေးတာ မဟုတ်ပါဘူး။ ရင်ထဲက ခံစားရတာလေးတွေ ပြီးတော့ မိသားစုတွေ မပြိုကွဲချင်တဲ့ စေတနာက အခြေခံလာတဲ့ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်လေးကိုသာ ချရေးခြင်းပါ။ အမှားပါရင် နားလည်ပေးပါလို့  ကြိုပြောပါရစေ။ ပို့ စ်ခေါင်းစဉ်ကို Midlife Crisis နဲ့  ဘ၀လက်တွဲဖော်လို့  ပေးထားရတာက ကျွန်မ ပြောချင်တဲ့  Midlife Crisis က အိမ်ထောင်ရေးနဲ့  ဆက်စပ်နေတာမို့ ပါ။ တခြား အခြေခံ အကြောင်းအရာတွေက မြစ်ဖျားခံလာတဲ့ Midlife Crisis မဟုတ်ပါဘူး။

“ကြားလား… ဟိုတယောက်သတင်းလေ… ဖြစ်မှာပေါ့ဟယ်… ဒီအရွယ်ရောက်တော့ တနေ့ တနေ့  ဖြတ်သန်းနေရတဲ့ ခေါက်ရိုးကျိုးဘ၀ကြီး ငြီးငွေ့ ပြီး သူလဲ Midlife Crisis ရောဂါ ရသွားတာပေါ့… ခုတော့ အငယ်လေးရယ် အငယ်လေးနဲ့ ရတဲ့ ကလေးငယ်ငယ်လေးရယ်နဲ့  ဘ၀ကို တစ်ကပြန်စနေလေရဲ့”

“ သူမိန်းမက ဘုရားတရားဘက်လိုက်တာကြာပြီလေ… မောင်နှမလို နေကြတာလဲကြာပြီတဲ့… ဒီတော့ ဒီကောင်ကြီးလဲ Midlife Crisisဖြစ်ပြီး စပွန်ဆာလေးနဲ့ တဲ့”

“တို့ သူငယ်ချင်းရဲ့ ယောင်္ကျားလေ… သူချစ်လို့ ယူထားတဲ့ မိန်းမကို ကလေး၂ယောက်ရမှ အချစ်စစ်မဟုတ်ဘူး… ဟာမိုနစ်မဖြစ်ဘူးဆိုပြီး… ဖေ့စ်ဘွတ်ပေါ်တွေ့ တဲ့ကောင်မလေး တယောက်နဲ့  အတည်ယူတော့မလို့ တဲ့… အဲဒီ Midlife Crisisကြောက်လို့  တို့ ကအပျိုကြီးလုပ်နေတာ”

အဲဒီအသံတွေထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ Midlife Crisis ဆိုတာကြီးက ရောနှောနေတယ်။ ဖောက်ပြန်တတ်သူတို့ ရဲ့ ဆင်ခြေပေးစရာ စကားလုံးလှလှတခုလို ဖြစ်နေတယ်။ တကယ်ပဲ Midlife Crisis ကြောင့်များ သူတို့ အိမ်ထောင်ရေးတွေ ပြိုကွဲသွားကြတာလားလို့  တတ်နိုင်သလောက် ထဲထဲဝင်ဝင် လေ့လာကြည့်တော့…. အင်းးးးး…. ကျွန်မအမြင်အရတော့ ဘာမှအစရှာမရတာ အမှန်ပဲ။ ကာယကံရှင်တွေက တော့ ပိုသိပေလိမ့်ပေမယ့်… ကာယကံရှင်တချို့ နဲ့  ပြောဆိုကြည့်တော့ သူကိုယ်တိုင်တောင် သူ့ အိမ်ထောင်ဘက် ဘာကြောင့် အဲလိုလုပ်သွားပါလိမ့်ဆိုတာ ခုထိ နားမလည်နိုင်သေး။


Midlife Crisis ဆိုတာကြီးကို အခွင့်အရေးတခုလို အသုံးချပြီး ရောဂါကျွမ်းပြီး ရလာတဲ့  နောက်ဆက်ဆိုးကျိုးတွေက ကြောက်စရာပါ။ ကျွန်မ ပတ်ဝန်းကျင်က အသိမိတ်ဆွေတချို့ ရဲ့ ဖြစ်ရပ်မှန် ဥပမာတွေကို ကြည့်ပါဦး။

“အရင်ကတော့ လူတိုင်းက ရိုသေလေးစားရတဲ့ ရာထူးကြီးကြီး လူကြီးပေါ့… သားသမီးတွေနဲ့ မိန်းမက လက်မခံတော့ အငယ်အိမ်ဆင်း…. ခုတော့ ရာထူးကလဲပြုတ်… အငယ်ကလဲ သူ့ ကို လယ်စိုက်လုပ်ကျွေးရမယ်ဆိုလို့  အသက် ၆၀ကျော်မှ လယ်စိုက်နေရတယ်တဲ့”

“ သူ့ ညာဘက်လက်က အလုပ်လုပ်လို့ မရတော့ဘူးလေ… အငယ်မိန်းမက သူ့ လိုချင်တဲ့  ပိုက်ဆံရှာမပေးလို့ ဆို ညာလက်ကို ဓားနဲ့ မွှေထားတာတဲ့”

“ဆရာနောက်ဆုံးရက်တွေက ရင်နာစရာပါ… မိန်းမငယ်ငယ်လေးနဲ့  ဆင်းရဲပြီး နောက်ဆုံး ဆေးမကုနိုင်လို့ ဆုံးရရှာတာတဲ့”

အသစ်အဆန်း အတွေ့ အကြုံတခုကို သစ်နေဆန်းနေတုန်းမှာတော့ မိုးမမြင်လေမမြင် ဒုက္ခကို ဟားတိုက်လို့  ရပေမယ့်… မသစ်မဆန်းတော့တဲ့ အခါကျတော့ အေးအတူ အပူကျတော့ မမျှနိုင်တဲ့ ဘ၀လက်တွဲဖော်မဟုတ်တဲ့ သူတွေနဲ့ အနေကြာလာမှ ကြာကြာဝါးခါးမှန်းသိကြတဲ့ ဥပမာတွေက သင်ခန်းစာ ရစရာပါ။

တကယ်တော့… အိမ်ထောင်ဘက်ဆိုတာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်နေသူဆိုတာထက် အေးအတူ၊ ပူအမျှ ဘ၀သုခနဲ့  ဒုက္ခတွေကို အတူလက်တွဲခံစားတဲ့ လက်တွဲဖော်ဆိုတာ ပိုမှန်ပါလိမ့်မယ်။ အိမ်ထောင်ပြုကြတယ်ဆိုတာလဲ ကိုယ့်နံဘေးမှာ ကိုယ်နဲ့ အတူ ကောင်းဆိုးမှန်သမျှ ဝေမျှခံစားဖို့  အသင့်တော်ဆုံး အဖော်နဲ့  လက်တွဲခြင်းပါ။ အသက် လေးဆယ်ကျော်မှ အိမ်ထောင်ပြုတဲ့ သူတယောက်ကို ဒီအသက်အရွယ်မှများ… ဆိုတဲ့ အဆိုးမြင်ဘက်ကနေ ကြည့် ကဲ့ရဲ့တင်းဆိုမယ့်အစား သူ့ အိမ်ထောင်ဘက်က သူ့ အတွက် ဒီအရာတွေ ပါရမီဖြည့်ပေးနိုင်တာကိုဆိုတဲ့ အကောင်းမြင်ဘက်က ကြည့်သင့်ပါတယ်။


ကိုယ့်အိမ်ထောင်ဘက်ကို ဘ၀လက်တွဲဖော် အဖြစ်မြင်ရင် … အဲလိုရဲဘော်ရဲဘက်စိတ်ရှိရင် Midlife Crisis ဆိုတဲ့စကားလုံးက ဟိုးအဝေးကြီးမှာပါ။ တနေ့ တနေ့  ကိုယ့်မိသားစု စားဝတ်နေရေး… ကိုယ့်သားသမီးတွေရဲ့ ဘ၀ရှေ့ ရေး… ကိုယ့်နှစ်ဘက်မိဘတွေကို ပြုစုစောင့်ရှောက်ရေး… ဘာသာသာသနာရေးနဲ့  စိတ်လေစရာ အချိန်ကို မရှိပါဘူး။ နီးခြင်းဝေးခြင်းကလဲ အကြောင်းပြစရာ အခွင့်ကောင်းတခုမဟုတ်ပါဘူး။ သားသမီးတွေ အရွယ်ရောက်လို့  သိပ်အားလပ်နေတယ် ပိုက်ဆံတွေထားစရာမရှိအောင် ပိုလျှံနေတယ်ဆိုရင်လဲ ဘုရားသွားကျောင်းတက်.. ဘာသာ၊သာသနာအကျိုးထမ်းနေတာနဲ့  မအားလပ်ပါဘူး။

Midlife Crisisဆိုတာကြီးက formula တခုမဟုတ်သလို၊ လူတိုင်းကြုံတွေ့ နိုင်တဲ့ ကူးစက်ရောဂါတခုလဲ မဟုတ်ပါဘူး။ ကျွန်မတို့  ပတ်ဝန်းကျင်က Midlife တွေရဲ့  ချစ်စရာမိသားစု ဥပမာလေးတွေက အများကြီးပါ။ စနေ၊ တနင်္ဂနွေဆို သားသမီးတွေကို ဘုန်းကြီးကျောင်းလိုက်ပို့ … အလှူအတန်းသွား… အားကစားအတူလုပ်… ဂီတသင်တန်းအတူတက်နဲ့ … ဘ၀ကို ဘ၀လက်တွဲဖော် မိသားစုတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတွေကို ခုန Midlife Crisisလို့  တတွင်တွင် အော်ပြီး အမှောင်ထဲမှာ ပျော်တတ်သူတွေကို လက်တို့ ပြချင်ပါတယ်။ တကယ်လို့ များ ရောဂါမရင့် သေးရင်… အချိန်မှီ အလင်းဝင်နိုင်အောင်ပါ။

ကျွန်မ ပတ်ဝန်းကျင်က Midlife အရွယ်လို့  ပြောလို့ ရတဲ့ ကျွန်မသူငယ်ချင်းတို့  မိသားစု သတင်းလေးတွေ facebook ပေါ်တွေ့ ရရင် အရမ်းကြည်နူးရပါတယ်။ အဖေရော... အမေပါ... ချစ်စရာသမီးလေး ၂ယောက်နဲ့  အမြဲပျော်ရွှင်ကြည်နူးနေကြတဲ့ အတုယူစရာ မိသားစုလေးပါ။ အောက်ကပုံလေးကတော့ အကောင်းဆုံး ဥပမာလေးပေါ့။ သမီးလေးရဲ့ ကျောင်းက အဖေနဲ့ သမီး လုပ်ရတဲ့ Project လေး။ အဖေနဲ့ သမီး နှစ်ယောက်ပေါင်းဆွဲတဲ့ တီရှပ်ပန်းချီလေး။ တီရှပ်လေး ၂ခုပေါင်းမှ ပြီးပြည့်စုံတဲ့  ပန်းချီကားလေးဖြစ်တာ။ ဘယ်လောက်လှတဲ့  themeလေးလဲနော်။ မိသားစုတွေမှာလဲ အဲလိုပါပဲ။ အဖေက ကောင်းကင်ကြီး အမေက သက်တန့် ကြီး သားက သစ်ပင် သမီးလေးက ပန်းပွင့်လေး… ပေါင်းစုံလိုက်တော့ ကြည်နူးစရာ ပန်းချီကားချပ်လေး မဖြစ်လား။










ဘ၀လက်တွဲဖော်လက်များ ပိုလို့ ခိုင်မြဲပြီး မိသားစုများ ပြိုကွဲခြင်း ဒုက္ခမှ ဝေးကြပါစေ။
(ဓာတ်ပုံလေးတွေ သုံးခွင့်ပေးသော ချစ်သူငယ်ချင်းအား ကျေးဇူးအထူးပါ)

တန်ခူး
2:00pm 31-July-2011

Monday, July 18, 2011

Sunday Menu

ဘလော့မရေးတာကြာတော့ ကီသွင်းတဲ့အနေနဲ့  အပျင်းဖျောက်တဲ့အနေနဲ့  ပေါ့ပေါ့ပါးပါး ဒီပို့ စ်လေး တင်လိုက်တာပါ… ဒီအပတ် ချက်စားဖြစ်တဲ့ Sunday Menu လေးပါ…
Sunday မနက်စာ သားMenuကတော့ ham and egg sandwich ပါ… ကြက်ဥလေးတလုံး မကျက်တကျက်ပြုတ်… ချေထား…ပြီးတော့ hamလေးကို ပြုတ်… ပေါင်မုန့် လေးကို ထောပတ်သုတ်ပြီး … ကြက်ဥနဲ့ hamလေးညှပ်လိုက်တဲ့ အလွန်လွယ်တဲ့ သားအရမ်းနှစ်သက်တဲ့ မနက်စာပါ… ဓာတ်ပုံမရိုက်လိုက်မိပါ ဘူး… သားဖေဖေအတွက်တော့ နနွင်းဝါ၀ါ ပဲပြုတ်ထမင်းကျော်လေးရယ် ငါးခြောက်ဖုတ်လေးရယ် ဂေါ်ဖီလေးပါးပါးလှီး ကြက်သွန်နီလေးပါးပါးလှီး သံပုရာသီးလေး နဲ့ ဆားလေးဖြူးထားတဲ့ အချဉ်လေးနဲ့ ပါ… မြန်မာဆန်တဲ့ မနက်စာပေါ့….



နေ့ လည်စာကို ဘာချက်ရမှန်းမသိတာနဲ့  မမိုရဲ့ အိမ်ရှင်မလက်ရာထဲက ပုဇွန်ရုံးပတီသီးမလေးဒညင်းသီး ချက်ဖို့ရွေးချယ်လိုက်ပါတယ်…. ပြီးတော့ လွယ်လွယ်ကူကူ စားလို့ ကောင်းတဲ့ သားကြိုက်တဲ့ အာလူးကက်တလစ်လေးပေါ့….
တကယ်တော့ ပုဇွန်ရုံးပတီသီးချက်ကို မမိုဆီမှာ ဓာတ်ပုံလေးတွေ့ တာနဲ့  ရမ်းသမ်းမှန်းချက်ကြည့်တာ သိပ်မဆိုးလှပါဘူး… မနက်ဈေးက ၀ယ်လာတဲ့  ပုဇွန်စိတ်လေးတွေကို ဂျင်းကြက်သွန်ဖြူထောင်း အရည်ညှစ်…ငံပြာရည်…နနွင်းမှုန့် နဲ့ အရင်နယ်ထားလိုက်ပါတယ်… ပြီးမှ ရုံးပတီသီးလေးကို အနေတော်လှီး.. ခရမ်းချဉ်သီးလေး ခပ်ကြီးကြီးလှီး… မလေးဒညင်းသီးလေးရယ်… ကြက်သွန်နီခပ်ကြီးကြီးလှီးထားတာရယ် ပြင်ထားလိုက်ပါတယ်…



ဂျင်းကြက်သွန်ဖြူကို ဆီသတ်… ပုဇွန်ခြောက်မှုန့် လေးထည့်… ငါးပိလေးရယ်.. ငံပြာရည်…နနွင်းမှုန့် ..အရောင်တင်မှုန့် နဲ့  ဆီသတ်ပါတယ်… ဆိုင်မဆိုင်တော့ မသိ…အနှစ်လေးရအောင် oyster sauce လေးနဲနဲ ထည့်ပါသေးတယ်… အနှစ်လေးမွှေးလာမှ ပုဇွန်လေးတွေ ထည့်ပြီး လုံးပါတယ်…



ပုဇွန်လေး အရောင်ပြောင်းလာတော့ အသင့်ပြင်ထားတဲ့ရုံးပတီသီး..မလေးဒညင်းသီး..ခရမ်းချဉ်..ကြက်သွန်နီတို့  ရောလုံးပါတယ်… တကယ်တော့ ငရုတ်သီးစိမ်းလေးပါရင် အရသာက ပိုထိသွားမှာပါ… သားကိုကျွေးမှာမို့ ငရုတ်သီးစိမ်းမထည့်ဖြစ်တော့ပါဘူး… အမှန်က ရုံးပတီသီး အရမ်းမနူးခင် ချရမှာပါ… သားက မနူးရင် မစားတာမို့  နူးမှချဖြစ်တော့ နဲနဲတော့ချွှဲသွားပါတယ်….



အာလူးပြုတ်ထားတာကို ထောင်းပြီး ကြက်ဥအကာကို ဖယ်ထား အနှစ်လေးကို အာလူးရယ်ဆားရယ်ရောနယ်ပါတယ်… ကျော်တဲ့အခါ အခုလေးလုပ်ပြီး ကြက်ဥအကာနှစ်လေးထဲ ထည့်စိမ်ပြီး ကျော်လိုက်ရုံပါပဲ… အဆာမသွပ်တဲ့ လွယ်ကူလျင်မြန်တဲ့ အာလူးကတ်တလစ်ကျော်လေးပါ…









Sunday Menuလေးနဲ့  ကိုယ့်ကိုယ်နှိုးထလိုက်ပါတယ်… ဘလော့ကြွလာ မိတ်သဟာတို့  မြိန်လျက်စွာသုံးဆောင်ကြပါရှင်….
တန်ခူး
9:53pm 19-Jul-2011

Sunday, April 24, 2011

ကျွန်မကြိုက်သော ရုံးပိတ်ရက်များ

ခုလိုပိတ်ရက်ဆို ဟိုးမနက်နေထွက်ချိန်ကနေ ညဘက်လသာတဲ့အချိန်အထိ တနေ့ လုံး မကြိုက်တာဆိုတာ မရှိလောက်အောင် အကုန်ကြိုက်နေတတ်ပါတယ်။ အင်းးးးးးး အဓိကက အလုပ်မလုပ် ရတာကြောင့်ပဲလားတော့ မသိ။


အိပ်ချင်တိုင်းအိပ်ပစ်လိုက်လို့ ရတဲ့ အဲဒီပိတ်ရက်မနက်တွေကို အရမ်းကြိုက်။ နေ့ တိုင်းအသံစာစာနဲ့  အော်နှိုးတတ်တဲ့ နှိုးစက်လေး ပါးစိတ်တွေပိတ် ငြိမ်ချက်သားကောင်းတာကို လှောင်ပြုံးလေးပြုံးပြီး ပြူတင်းပေါက်ကတဆင့် အပြာရောင်ကောင်းကင်ကြီးရယ် တိမ်တွေရယ်ကို နှုတ်ဆက်လို့ ပေါ့။



သားနဲ့ သူ့ အဖေမနိုးခင်… ပြီးတော့ အိမ်နားလေးက ဈေးလေးဈေးခေါင်းမကွဲခင်(တခါတလေ ခေါင်းကွဲမှ ရောက်သွားတတ်ပါတယ်) ဈေးလေးပြေးရတဲ့ အရသာလေးလဲ ကြိုက်။ ပိတောက်ပင်ကြီးကို မော့ကြည့်မိတော့ ဟိုးထိပ်ဖျားမှာ အပွင့်ဝါ၀ါတွေခဲလို့ ။ ပိတောက်ရှိနေတဲ့ တိုင်းပြည်မှာ နေခွင့်ရနေတာကလဲ အကြိုက်တွေထဲက တခုပေါ့။



ဒီဈေးလေးမှာ ရေချိုငါးတွေရှိတတ်တယ်။ တခါတခါ ပုဇွန်စိတ်လေးတွေ ရတတ်တယ်။ ပြီးတော့ မြန်မာပြည်က ကန်စွန်းရိုးပွ၊ ချဉ်ပေါင်၊ မြန်မာရုံးပတီ အပြင် ဆူးပုတ်ရွက်၊ ဒညင်းသီးကအစ စုံတော့ ဒီဈေးလေးနား နေရတာကိုလဲ အတော်ကြိုက်။



ဈေးကပြန်လာတော့ ဘုရားဆွမ်းတော်ကပ်၊ ပြီးတော့ အိပ်ယာထဲ ပြုံးပြုံးကြီးနိုးနေတဲ့သားကို မျက်နှာသစ်၊သွားတိုက်၊ အကျီင်္လဲပေးရတာကိုလဲ ကြိုက်နေမိပြန်တယ်။ ရုံးဖွင့်ရက်ဆို သားမနိုးခင် ရုံးအမြန်ပြေးရတာမိုလား။ အကြိုက်ဆုံးကတော့ မနက်တိုင်း ဘုရားမှန်မှန်ရှိခိုးတတ်တဲ့ သားလေးရဲ့ ချစ်စရာကောင်းတဲ့ ဘုရားရှိခိုးသံလေးပါပဲ။



အိပ်ပုတ်ကြီးတဲ့ သားဖေဖေမနိုးခင် သားနဲ့ အတူ ဆော့ကစားရတဲ့ မနက်ခင်းတွေကလဲ အတော်ကြည်နူးဖို့ ကောင်းပါတယ်။



ပိတ်ရက်တွေဆို မြန်မာအစားအစာလေး တမျိုးမျိုးလုပ်စားရတာလဲ ပျော်စရာတမျိုးပေါ့။ နေ့ လည်စာစားချိန်မှ နိုးလာတတ်တဲ့ သားဖေဖေကို ကိုယ်လုပ်ထားတဲ့ မြန်မာစာတခုခုကျွေးရင်း မိသားစုပိတ်ရက် အလည်ထွက်ဖို့  တိုင်ပင်ရတာကိုက လွတ်လွတ်လပ်လပ် ကြိုက်နှစ်သက်စရာ။



သားကို ရုပ်ရှင်လိုက်ပြရတာကို သားဖေဖေရော ကိုယ်ပါနှစ်သက်မိကြတယ်။ များသောအားဖြင့် ကာတွန်းကားကြိုက်တဲ့ သားဖေဖေက သားကို မေ့လျော့ ပြီး ရုပ်ရှင်ထဲ မျောဝင်နေတတ်တာမို့  သားနဲ့ တူတူ စကားပြောလိုက် ကြည့်လိုက် သားနားမလည်တာကို နားလည်အောင်ရှင်းပြလိုက်နဲ့ ကာတွန်းကားမကြိုက်တဲ့ ကိုယ်က သားနဲ့ ကျမှ ကာတွန်းကားတွေ ကြိုက်တတ်လာပြန်ရော။



ညနေအိမ်ပြန်ရောက်တော့ သားဖေဖေဂီတာတီးတာကို သားမေမေကိုယ်က သီချင်းဆို သားကနားထောင်… ကီးဝင်ကီးထွက် အလွန်ညံ့တဲ့ သူ့ မေမေ အသံကြောင်ကြောင်ကို လက်ခုတ်တီး… အဲဒီပျော်စရာကောင်းတဲ့ မိသားစုအချိန်လေးက တနေ့ လုံးမှာ အကြိုက်ဆုံးပေါ့။



သားအိပ်တဲ့အချိန်မှာ ဘလော့တွေအလည်ထွက်၊ မျက်နှာစာအုပ်ပေါ်ဝင်လိုက်ထွက်လိုက်နဲ့  နောက်တနေ့ လဲ အားလပ်ရက်မို့ လွတ်လပ်ချင်တိုင်းလွတ်လပ်…. ဖတ်လက်စစာအုပ်ပြီးမှအိပ်တော့ အိပ်တဲ့အချိန်က မနက်၃နာရီတဲ့။ ကဲ… အချိန်ဇယားတွေကို သပိတ်မှောက်… ကိုယ်လုပ်ချင်တာကိုယ် ဘယ်သူမှ ဂရုမစိုက်လုပ်ခွင့်ရတဲ့ စက်ရုပ်ဆန်တဲ့ ဘ၀ထဲက ရုန်းထွက်ခွင့်ရတဲ့ အဲဒီပိတ်ရက်တွေကို ကိုယ်အထူး အရူးအမူးကြိုက်မိတာ ဆန်းသလားနော်။


ချစ်တဲ့သက်ဝေရေ… ပျင်းရတာသိပ်ကြိုက်နေတဲ့ တန်ခူးကို လှုပ်နိုးပြီး တက်ဂ်ဂိမ်းရေးခိုင်းတဲ့ သက်ဝေလို ချစ်တတ်လွန်းတဲ့ သူငယ်ချင်းတယောက်ရှိနေတာကလဲ တန်ခူးရဲ့ အကြိုက်တကာထဲက အကြိုက်ဆုံးတခုပဲပေါ့။

တန်ခူး
1:28pm 24-April-2011

Sunday, April 3, 2011

အချစ်အကြောင်းပြောရအောင်

စာမရေးတာအတော်ကြာနေတဲ့ ဘလော့ဂါငပျင်းကျွန်မကို ချစ်သူငယ်ချင်းသက်ဝေက အချစ်အကြောင်းပြောခိုင်းရင်း သံယောဇဉ်ရပ်ဝန်းဆီ တခေါက်ပြန်လာဖို့  ခေါ်ခဲ့တယ်…။ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆိုတော့ ချစ်သောသူတွေပြောတဲ့ အချစ်အကြောင်းလိုက်နားထောင်ရင်း စာရေးချင်တဲ့စိတ်တွေ ပြန်ဝင်လာရင်း သက်ဝေကိုကျေးဇူးတင်မိတော့တယ်…။

တကယ်တမ်းရေးမလို့  အချစ်အကြောင်းပြန်တွေး… အချစ်စာမျက်နှာတွေပြန်လှန်… ပြန်ချစ်ကြည့်တော့… သိပ်မအောင်မြင်…။ သြော်… ငါနဲ့ မနှစ်ကမှ ချစ်တတ်သေး… ဒီနှစ်သိပ်မချစ်တတ်တော့အောင် အသက်တွေ အတော်ကြီးလာပါလားလို့ တရားကျမိတယ်။ ဒီတော့… ချစ်တတ်တုန်းက (ဘယ်လောက်များချစ်တတ်သလဲဆို သူများဇာတ်လမ်းတွေ ပူးဝင်ခံစား စာထဲမှာချစ်… ကဗျာထဲမှာချစ်) ရေးထားခဲ့တဲ့ ၁၉၉၄ခုနှစ်က လုံမလေးမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေး တပုဒ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်…။

ဒီဝတ္ထုတိုထဲက အကြောင်းအရာတွေက ကျွန်မရဲ့အဖေအရင်းတယောက်လိုချစ်ရတဲ့ ဆရာကြီး နဲ့  အမြဲငြိမ်းချမ်းပြီးချစ်စရာကောင်းတဲ့ကျွန်မဆရာမတို့ ရဲ့ သူများတွေပြောကြတဲ့ ပါးစပ်ရာဇ၀င်ကို ပူးဝင်ခံစားပြီးရေးခဲ့တာပါ။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားသူတယောက်… အချစ်ကြောင့်ကိုယ့်ချစ်သူ အပူတွေမခံစားစေချင်သူတယောက်မှ ချစ်မိတဲ့ မိန်းခလေးတယောက်ပြောပြတဲ့ အချစ်အကြောင်းပေါ့။ အဲဒီအရွယ်က ချစ်ကြသူတိုင်းပေါင်းစေချင်တဲ့ ကျွန်မရဲ့ကလေးဆန်တဲ့အတ္တလေးနဲ့ ရေးခဲ့တာပါ။ တကယ်တော့… ကျွန်မချစ်တဲ့ဆရာကြီးက သူ့ ချစ်သူတင်မက တလောကလုံးကို ပေးဆပ်ခြင်းနဲ့  ငြိမ်းချမ်းအေးမြတဲ့မေတ္တာတရားတွေ ဖောဖောသီသီပေးသွားခဲ့တာပါ။ ဒီစာလေးကို ပြန်တင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မဆရာကြီးကို လွမ်းဆွတ်မျက်ရည်ဝဲမိပါတယ်။

**********************
နှလုံးသားနှင့် ရင်းနှီး၍…





ဆုံးဖြတ်ချက်တို့  ပီပြင်ခိုင်မာလာချိန်မှာ ကျွန်မနှလုံးသာဟာ မြင်မကောင်းလောက်အောင် ကွဲအက်ကြေမွနေခဲ့ပြီ။ အနည်းငယ် ယိုယွင်းနေခဲ့တဲ့ မာနတရားတို့ ကို ပြန်လည်ပြုပြင်ရင်း အကိုကြီးရှေ့ မှာ အချိုသာဆုံးပြုံးနိုင်ဖို့  အကြိမ်ကြိမ် လေ့ကျင့်နေမိသေးတယ်။ နောက်ဆုံးအဖြစ် အကိုကြီးကို ကျွန်မအနိုင်ယူပါရစေ။ နောင်တတရားတွေရဲ့  ဖိနှိပ်မှုအောက်က မျက်နှာတခုကို ကျေနပ်စွာ ကြည့်ပါရစေ။ ရွေးချယ်ခွင့်နည်းပါးတဲ့ မိန်းမတယောက်ရဲ့ အရှုံးကိုတော့ အကိုကြီးမမြင်စေရ။ အရှက်သိက္ခာ၊ မာနတရား၊ နှလုံးသားစတဲ့ ကြီးမားတဲ့ အရင်းအနှီးတွေနဲ့  လှလှပပ ရှုံးနိမ့်ခဲ့သူက ကျွန်မပါအကိုကြီး။ ဒါပေမယ့် ကျွန်မတဦးတည်းသာနေတဲ့ အခန်းကျဉ်းလေးထဲက စိုရွှဲနေတဲ့ ခေါင်းအုံးတလုံးကို အကိုကြီး ဘယ်တွေ့ နိုင်မလဲ။ အိပ်မပျော်တဲ့ညများစွာမှာ ကျွန်မရင်ဖွင့်ချက်တွေကို မညည်းမညူ နားထောင်ပေးတတ်တဲ့ ဒိုင်ယာရီလေးကလဲ သိပ်သိစ္စာရှိပါတယ်။ ဒီတော့ ကျွန်မရဲ့အရှုံးကို အကိုကြီးဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူးလေ။

ဟန်ဆောင်မှုတွေကို လွှမ်းခြုံပြီး ခပ်ထေ့ထေ့အပြုံးနဲ့  အကိုကြီးကို နှုတ်ဆက်ချင်ပါတယ်။ မွှေးကြိုင်ဖွေးဆွတ်တဲ့ ဖိတ်စာတစောင်ကို ပကတိငြိမ်သက်စွာ အကိုကြီးလက်ထဲကို ပေးချင်ပါတယ်။တဆိတ် အကိုကြီးရယ်… အဲဒီအချိန်ကျမှ အဓိပါယ် မရှိစွာ အသံတုန်တုန်တွေနဲ့  ကျွန်မအတောင့်တ အမျှော်လင့်ဆုံး စကားတခွန်းကိုတော့ မပြောနဲ့ တော့နော်။ အဲဒီအခါ ကျွန်မ မျက်ရည်တွေနဲ့  အော်ရယ်မိမှာ သေချာပါတယ်လေ။ အရာရာကို ထိန်းချူပ်နိုင်စွမ်းကြီးတဲ့ အကိုကြီးနှုတ်ကလဲ မထူးတော့တဲ့ အခြေအနေတခုမှာ ဒီစကားကို ပြောဖို့  အစွမ်းကုန် ထိန်းချူပ်နေဦးမယ်ဆိုတာ။ အတူရှိခဲ့စဉ် အချိန်လေးတွေက ကြည်နူးမှုလေးတွေကို တသသ တမ်းတရင်း ဆုံးရှုံးမှုတခုကို ရင်မှာပိုက်လို့  အခံရခက်တဲ့ ဝေဒနာဆိုးတခုကို အကိုကြီးခံစားနေရင်ပဲ ကျွန်မကျေနပ်ပါပြီ။

ဖိတ်စာပေါ်က သတို့ သားနာမည်ကို ဖတ်ပြီးတိုင်း လူတွေက တအံ့တသြ ဖြစ်နေကြပါတယ်။ ဒါဟာ မျက်လှည့်ပြကွက်တခုလားတဲ့။ အကိုကြီးနဲ့ ကျွန်မ ဘာဆိုင်လို့ လဲလို့  နာကျင်စွာ အဖြေ ပြန်ပေးမိသေးတယ်။ ဟုတ်ပါတယ်နော်။ အရာရှိတယောက်နဲ့  သာမာန်ရုံးစာရေးမတယောက်တို့ ရဲ့ခင်မင်မှု။ သိပ်ကို သူစိမ်းဆန်လွန်းတဲ့ ပတ်သက်မှု။ ဒါပဲလေ။ ဒီ့အပြင် ဘာများ ထူးခြားဦးမှာလဲ။

အကိုကြီးရဲ့ ဂရုစိုက်မှု၊ နွေးထွေးလှိုက်လှဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ပေါပေါသီသီရနေတဲ့ ကျွန်မကို သူတို့ အမြင်မှာ တချိန်မှာ အကိုကြီးရဲ့ ဇနီးလောင်းအဖြစ် ပုံသေမှတ်ယူထားကြတာ တကယ်တော့လည်း မဆန်းပါဘူးလေ။ ကျွန်မကိုယ်တိုင်တောင် ဒီဘ၀ကို မျှော်လင့်ရင်ခုန်ခဲ့ဖူးသူပဲ။ အကိုကြီးနဲ့ ကျွန်မ ထမင်းလက်ဆုံ အတူတူစားတာ၊ ရုံးဆင်းချိန်မှာ အတူပြန်တတ်ကြတာ၊ အလှူမင်္ဂလာဆောင်မှာ ယှဉ်တွဲသွားတတ်တာ၊ အကိုကြီး အိမ်နဲ့  ကျွန်မအိမ် နှစ်အိမ်တအိမ်လို ခင်မင်ရင်းနှီးလာကြတာတွေက စပြီး ကျွန်မမျှော်လင့်ချက်တွေ အခြေခိုင် လာခဲ့တာ။ အကိုကြီးအတွက် အ၀တ်အစားကအစ ရွေးခြယ် ၀ယ်ပေးခွင့်တွေရလာတဲ့အခါမှာတော့ ကျွန်မအိပ်မက်တွေဟာ ချိုမြလာခဲ့တယ်။ တခါတခါ အရေးကြီးကိစ္စကြောင့် အကိုကြီးရုံးမတတ်နိုင်ရင် နေမထိထိုင်မထိနဲ့  အပေါင်းအသင်းတွေကြားမှာ ရယ်မောဖို့ တောင် မေ့ လျော့မိခဲ့တယ်။ ကြင်နာနူးညံ့စွာ ငေးစိုက်ကြည့်တတ်တဲ့ အကိုကြီးမျက်ဝန်းအကြည့်တွေဟာ ကျွန်မရင်ခုန်သံတွေ ဖြစ်ခဲ့ရတယ်။ တခါတလေ အကိုကြီးကို ကလေးဆန်ဆန် စိတ်ကောက်ပြရင်း မချော့တတ်၊ ချော့တတ်နဲ့  အကိုကြီး ပျာပျာသလဲချော့ရင် ပီတတွေဖြာပြီး ကျေနပ်နေမိတယ်။ ကျွန်မဘ၀ရဲ့ လိုအပ်ချက်ဟာ အကိုကြီးပဲလို့  လေးလေးနက်နက် ယုံကြည်လာမိတဲ့အခါ အကိုကြီးဘ၀မှာလဲ ကျွန်မရှိမှ ပြည့်စုံနိုင်အောင် အရာရာကို အလိုက်တသိနဲ့  ဂရုစိုက်မိခဲ့တယ်။

ရှေ့ ဆက်မယ့်ခရီးအတွက် အတွေးတွေဟာ ပန်းချီကားတချပ်လို လှပနေခဲ့တယ်။ အကိုကြီးနဲ့ ကျွန်မ အလွန်လှပတဲ့ ပျဉ်ထောင်အိမ် သေးသေးလေးထဲမှာ အတူနေကြမယ်။ ခြံဝန်းလေးထဲမှာ စံပယ်နံ့ လေးတွေနဲ့  သင်းထုံနေအောင် စံပယ်ရုံလေးတွေကို စိတ်ရှည်လက်ရှည် စိုက်ထားမယ်။ အိမ်ပြတင်းလေးတွေမှာတော့ အကိုကြီးကြိုက်တဲ့ အဖြူရောက် ခန်းဆီးစလေးတွေ တပ်ထားမယ်။ အကိုကြီးနှစ်သက်တဲ့  အုန်းနို့ ခေါက်ဆွဲကို ခဏခဏ ချက်ကျွေးမယ်။ အကိုကြီးအတွက် အနာဂတ် မျှော်လင့်ချက်လေးတွေဖြစ်တဲ့ သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် မွေးပေးချင်သေးတယ်လေ။ သားလေးကိုတော့ ငယ်ငယ်လေးထဲက ပညာထူးချွန်အောင် ထိန်းသိမ်းပေးရမယ်။ သမီးလေး ဆိုရင်တော့ ကျွန်မလို အိမ်ထောင်မှု အထိန်းအသိမ်း နိုင်နင်းအောင် ငယ်ငယ်လေးကတည်းက ပြုပြင်ပေးရမယ်။ သိပ်လှပမက်မောစရာ မိသားစုဘ၀လေးကို အကိုကြီးလဲ တောင့်တနေမှာပါ။

အကိုကြီးနဲ့  ကျွန်မကြားထဲက မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ အထပ်ထပ် ချည်နှောင်မိလာတဲ့အခါ အကိုကြီးဆီက ရင်ဖွင့်စကားတခွန်းကို ကျွန်မတရှိုက်မက်မက် တောင့်တလာမိတယ်။ ဘယ်အချိန်မှာများ ဖွင့်ပြောလေမလဲဆိုတဲ့ မျှောင်လင့်ချက်တခုနဲ့  ရူးသွပ်ရင်ခုန်နေမိခဲ့တယ်။ အကိုကြီးရဲ့ ရင်ဖွင့်စကားဟာ ကလေးဆန်ဆန် သိပ်ချစ်တယ်လို့ များ ပြောလေမလား။ ဒါမှမဟုတ် ဆွေ့ ကို ကိုယ်မြတ်နိုးနေပြီကွာလို့  နူးညံ့တဲ့ အသံတွေနဲ့  ဖွင့်အံနေမှာလား။ ကိုယ်တို့ လက်ထပ်ကြရအောင်ကွာလို့  ရှင်းရှင်းကြီးပြောရင်တော့ ကျွန်မ နည်းနည်းပြုံးမိမှာ။ အကိုကြီးရှက်သွားမှာစိုးလို့  ကျွန်မချက်ချင်း ခေါင်းညိတ်အဖြေပေးမိချင် ပေးမိမှာ။ အဲဒီအခါ အကိုကြီးမျက်နှာဟာ သိပ်ကိုဝင်းပပျော်ရွှင်သွားမှာပဲနော်။

ကိုယ်တို့ က ဖွင့်ပြောဖို့  မလိုတဲ့ နှလုံးသားချင်း နားလည်နေကြတဲ့ချစ်သူတွေလေလို့  အကိုကြီးသူငယ်ချင်းကို ခပ်တိုးတိုးပြောပြနေတာကို ကျွန်မကြားရတော့ ရင်မှာ သိမ့်ခနဲ နေအောင် ခံစားရတယ်။ ဒါပေမယ့်…. နားလည်မှု…အဲဒီနားလည်မှုဆိုတာကြီးကို ကြာလာတော့ ကျွန်မခါးသက်လာတယ်။ အကိုကြီးနဲ့  ကျွန်မရဲ့ တရားမ၀င်ချစ်သူဘ၀လေးကို ခုံခုံမင်မင် တွယ်တာ နေရာကနေ အချိန်တွေကြာညောင်းလာတဲ့အခါ တိုးတက်မှုမရှိတဲ့ အခြေအနေကို မချင့်မရဲဖြစ်လာတယ်။ ဘယ်အရာကများ အဟန့် အတားဖြစ်နေလို့  အကိုကြီးဖွင့်မပြောတာလဲလို့  အကြိမ်ကြိမ် စဉ်းစားနေမိတယ်။ မပြတ်သားတာလား။ တွေဝေတာလား။ အကိုကြီးကို နားမလည်နိုင်စွာနဲ့ ပဲ မျှော်လင့်ချက်တွေက တစတစ ပါးလျားလာတယ်။

အကိုကြီး ဖွင့်ပြောရမှာများ ရှက်နေလို့ လားဆိုတဲ့ အတွေးနဲ့ ကျွန်မကစလို့  လမ်းဖွင့်စကားဆိုခဲ့ပေါင်းလဲများပြီ။ အကိုကြီးကတော့ ဘာမှမရိပ်မိသလို မှင်သေသေနဲ့  ဆက်နေနိုင်သေးတယ်။ စဉ်းစားကြည့် အကိုကြီး… အကိုကြီးဆီက ရင်ဖွင့်စကား တစုံတရာကို လက်ခံမရရှိပဲ ကျွန်မတို့  ဘယ်လိုများ ချစ်သူဘ၀ကို အတိအလင်း ရောက်နိုင်မလဲ။ အဲဒီဘ၀လေးကို အကိုကြီး တကယ်ပဲ မမက်မောတာလားဆိုတဲ့ သံသယတွေတောင် ဖြစ်ထွန်းလာခဲ့တယ်။ ကျွန်မနဲ့ အဆင့်တူ ရုံးဝန်ထမ်းတယောက်နဲ့  တွဲပြလည်း အကိုကြီးက မပေါက်ကွဲတဲ့အပြင် လူကြီးဆန်ဆန် ဟန်မပျက် နေခဲ့သေးတယ်။ ဘာတွေကို ဘယ်လို နားလည်ရမလဲ။

အပေါင်းအသင်းတွေက ဘယ်တော့လက်ထပ်ကြမလဲလို့ မေးရင် ရှက်ရွံ့ စွာနဲ့  အပြုံးလျော့လျော့ တခုသာ တုံ့ ပြန်နိုင်တဲ့  ကျွန်မအဖြစ်ကို အကိုကြီး နည်းနည်းလေးတောင် မရိပ်မိတော့ဘူးလား။ အကိုကြီးကို ဒီလိုမေးခွန်းမျိုးများ မေးရင် ဘယ်လိုများဖြေမလဲ။ အကိုကြီးရဲ့ဆက်ဆံမှုတွေဟာ အမှန်တကယ်ပဲ ရိုးသားနေလို့ လားလို့  ဆန်းစစ်ကြည့်ပေါင်းလဲများပြီ။ ဖွင့်မပြောတာကလွဲရင် အရာရာ လိုက်လျော ဆက်ဆံနေတဲ့ အကိုကြီးဆီမှာ ကျွန်မနဲ့ ပတ်သက်ရင် ရိုးသားသန့် စင်တဲ့ ခံစားမှုထက် ပိုတယ်ဆိုတာတော့ ကျွန်မလောင်းရဲတယ်။

ကျွန်မအသက်သုံးဆယ့်ငါးနှစ်ဟာ အိမ်ထောင်ပြုသင့်တဲ့အရွယ် ရောက်ပြီလို့  အမေက သတိပေးသလိုလို ပြောတဲ့အခါ ကျွန်မအနည်းငယ်တော့ တုန်လှုပ်မိခဲ့တယ်။ မောင်ကျော်တင့်နဲ့ ဆို ဘာမှ သဘောမတူစရာ အကြောင်း မရှိပါဘူးလို့  အမေကပြောတော့ ကျွန်မ အနေရသိပ်ကျပ်သွားမိတယ်။ ကြည့်စမ်း… အမေတို့ တောင် ကျွန်မနဲ့  အကိုကြီးကို ချစ်သူတွေလို့  အလွယ်တကူ သတ်မှတ်ထားကြတာ။ ကျွန်မ အိမ်ထောင်ဖက်ဟာ အကိုကြီးမဖြစ်နိုင်မှန်း သေချာသထက် သေချာလာချိန်မှာ ကျွန်မအသက်ရှုင်နေမှုဟာ အဓိပါယ် မရှိတော့သလိုပဲ။ အချိန်တော်တော်ကြာ ငုပ်လျိုးနေခဲ့တဲ့ မာနတွေက ပြန်လည်နေရာယူလာပြီး ဆုံးဖြတ်ချက်တခုကို ပီပီပြင်ပြင် ချလိုက်တယ်။ အရင်းအနှီးက ကျွန်မနှလုံးသား၊ အကိုကြီးနှလုံးသားတစိတ်တဒေသတော့ ပါနိုင်တာပေါ့လေ။

ကျွန်မစေ့စပ်တော့မယ်လို့  အကိုကြီးကို ကြိုအသိပေးခဲ့ခြင်းဟာ ကျွန်မအတွက် နောက်ဆုံးကောက်ရိုးတမျှင် အဖြစ်ပါပဲ။ ကြွင်းကျန်နေသေးတဲ့ မျှော်လင့်ချက် အသေးစားလေးတွေရဲ့ လှုံ့ ဆော်မှုကြောင့် ယိုင်နဲ့ နဲ့ ခြေလှမ်းတွေနဲ့  အကိုကြီးဆီ ကျွန်မအရောက်လာခဲ့ပါတယ်။ နာရီဝက်လောက် စကားမပြောပဲ ခေါင်းငုံ့ ငြိမ်သက်နေခဲ့ပြီးမှ မင်္ဂလာဆောင်အတွက် လိုတဲ့အကူအညီရှိရင် ပြောလေဆိုတဲ့  အကိုကြီးရဲ့လေသံပျော့ပျော့ကို ကြားလိုက်ရတယ်။ ဒီတင်ပဲ ကျွန်မရင်ခုန်သံတွေရပ်ပြီး မျှော်လင့်ချက်တွေ သေဆုံးသွားခဲ့တယ်။ ကျွန်မခုံမင်စွာ ငေးစိုက်ကြည့်ဖူးတဲ့ အကိုကြီးရဲ့မျက်နှာကိုတော့ ရင်ထဲက ဆက်ခါဆက်ခါ ရိုက်နေမိတယ်။

မျှော်လင့်ချက်တွေကို ဘာလို့ ယူဆောင်လာခဲ့လဲ အကိုကြီး။ ကြင်နာမှု၊ ဂရုစိုက်မှုတွေနဲ့  ဘာလို့  အရူးလုပ်ခဲ့သလဲ။ တွေဝေလွန်းတဲ့ သတ္တိနည်းတဲ့ ယောင်္ကျားတယောက်လို့  တကမ္ဘာလုံးကြားအောင် အော်ဟစ်နေလဲ အကိုကြီးကတော့ ကိုယ်နဲ့ မဆိုင်သလို အေးစက်ပြနေဦးမယ်မိုလား။

နင့်စေ့စပ်ပွဲအပြီး တပတ်လောက်အထိ ရုံးမတက်ဘူး။ ရုံးပြန်တက်တော့လဲ ပိန်ချုံးနေတာပဲဟာ လို့ သိပ်မရင်းနှီးတဲ့ သူငယ်ချင်းမက ကျွန်မကိုပဲ ရက်စက်လွန်းတဲ့ မိန်းမတယောက်လို ပြောပြနေတော့ ခြောက်ကပ်စွာ ရယ်မောမိခဲ့တယ်။ ပတ်ဝန်းကျင်က ကျွန်မကို လူကြမ်းကြီးတယောက်လို ကြည့်ကြတယ်… သစ္စာမဲ့တဲ့မိန်းမလို့  စွတ်စွဲကြတယ်။ လှည့်စားရက်တဲ့မိန်းမလို့  လက်ညှိုးထိုးကြတယ်… ငွေသိပ်မက်တာပဲလို့  တီးတိုးအတင်းချကြတယ်။ ကျွန်မကတော့ ခံနိုင်ရည်ရှိတယ်… ပြတ်သားတယ်… ဒီလုပ်ရပ်မှာ ကျွန်မဟာ အပြစ်ရှိသူ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ဘယ်လိုလဲ အကိုကြီး… ငြင်းဦးမှာလား။

မင်္ဂလာကိစ္စအတွက် အပူတပြင်း တက်တက်ကြွကြွ စီစဉ်နေတဲ့ သတို့ သားလောင်းမျက်နှာကို ကျွန်မသေသေချာချာတောင် မကြည့်မိဘူး။ မကြာခင်ကျရောက်လာမယ့် လက်ထပ်မင်္ဂလာနေ့ အတွက်လည်း နည်းနည်းလေးမှ ရင်မခုန်ဘူး…။ ရှေ့ ဆက်ရမယ့် ဘ၀ခရီး… ရတယ်လေ… ကြုံသလိုပဲ။ ကျွန်မမျှော်လင့်ရမယ့်အလုပ်ကို စက်ဆုပ်သွားပြီ။ ကျွန်မမင်္ဂလာပွဲကို အကိုကြီးလာဖြစ်အောင်လာမယ်ဆိုတာ သိနေတယ်။ ဒီအချိန်မှာ ကျွန်မ သေသေချာချာ မကြည့်ဖူးတဲ့ သတို့ သားမျက်နှာကို တမြတ်တနိုး ငေးစိုက်ကြည့်ပြီး အကိုကြီးကို လေးလေးစားစား မိတ်ဆက်ပေးလိုက်မယ်။ အကိုကြီးမျက်နှာ တချက်ပျက်သွားခဲ့ရင် ကျွန်မမင်္ဂလာပွဲက သိပ်အဓိပါယ်ရှိသွားမှာ။ အကိုကြီးမျက်ရည်များဝဲနေခဲ့ဦးမယ် ဆိုရင် ကျွန်မအမှန်တကယ်နိုင်ပြီပေါ့။


တန်ခူး
10:49PM April 3 2011

Friday, January 28, 2011

ကောင်မလေးဖတ်ဖို့ …

ကောင်မလေးရေ…
အချစ်ဆိုတာမင်းဘယ်လိုနားလည်သလဲ
အနောက်တိုင်းပေတံနဲ့ တိုင်းပြီး
ခပ်ရိုင်းရိုင်းတော့မကြားချင်ဘူးကွယ်…။

ကောင်မလေးရေ…
ထိလွယ်ရှလွယ်နှလုံးသားနဲ့ 
အနုပညာသမားမို့ ပါလို့ 
စကားလုံးလှလှလေးတွေသုံး
ဖုန်းကွယ်လိုက်တဲ့အခါ
မင်းလေးစားတဲ့အနုပညာသမားတွေ
ဖောက်ပြန်တတ်ကြသလား
စဉ်းစဉ်းစားစားပြောကွယ်…။

ကောင်မလေးရေ…
ဒေါ်လာနဲ့ စပွန်ဆာကြား
မှုန်မှုန်ဝါးဝါးသာကျန်တဲ့
မိန်းမတန်ဖိုးဆိုတာ
ပုခုံးလေးတွန့် ရယ်ပစ်လိုက်ရုံနဲ့ 
အဝေးကိုလွင့်စင်သွားနိုင်သလား
မင်းခြေဖ၀ါးအောက်က
ကိုယ်ကျင့်သိက္ခာတွေရဲ့
ညည်းညူသံ
နားထောင်ကြည့်ဦးကွယ်…။

ကောင်မလေးရေ…
ရင်ဘတ်ခြင်းတူသူမို့ 
သံယောဇဉ်ဘာသာစကားတွေကြား
တံတိုင်းတွေမခြားဘူးတဲ့လား
မျက်လုံးတွေအတင်းမှိတ်မထားနဲ့ 
ရှေ့ တည့်တည့်မှာ
မင်းအရှင်လတ်လတ်မြေမြှပ်ထားတဲ့
တစုံမကတဲ့နှလုံးသားတွေ…
စကားမစပ်…
ဝဋ်လည်တတ်တယ်ဆိုတာ
မေ့ မထားနဲ့ ဦးကွယ်…။

ကောင်မလေးရေ…
လက်တို့ ပြီးသတိပေးပါရစေ
မင်းယုံယုံကြည်ကြည်ထိုင်တော့မယ်ခုံက
ခြေထောက်သုံးချောင်းနဲ့ 
ပြိုယိုင်လဲများသွားခဲ့ရင်
အဲဒါဟာဘ၀…မင်းရဲ့ဘ၀နော်
တခြားတယောက်က
ဖုတ်ဖက်ခါသွားတဲ့အခါမှ
ကိုယ်ချင်းစာတရားမထားမိစေနဲ့ 
သိပ်နောက်ကျနေလိမ့်မယ်ကွယ်…။

ကောင်မလေးရေ…
ဒီကဗျာကိုဖတ်
တို့ စေတနာတွေ နားလည်တတ်ပါစေ
ရှေ့ မှာ ချောက်ရှိနေတာသိတဲ့အခါ
နောက်ဆုတ်တတ်ဖို့ အင်အားတွေရှိပါစေ
တို့ လဲမိန်းမ… မင်းလဲမိန်းမ… ပြီးတော့ သူလဲမိန်းမ
ခံစားချက်တွေ ထပ်တူကျ
အားလုံးပျော်ရွင်ရပါစေ…
အ၀တ်စုတ်လို ပုတ်အိနံဟောင်
အရောင်မဲမဲ…အဲဒီ… ခံစားချက်သရဲတွေကို
အချစ်လို့ များ ထင်ယောင်မမှားမိစေနဲ့ 
တချိန်မှာ…
ဖြူစင်သန့် ရှင်းမွေးပျံ့ ကြိုင်သင်းတဲ့
ချစ်ခြင်းစစ်စစ်တွေ မင်းဆီရောက်လာဦးမယ်ဆိုတာ
တို့ အတတ်သိနေလို့ ပါကွယ်…။

(ခုတလော… မြန်မာပြည်ကရော... ဒီကပါ ကြားကြားနေရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့ မိန်းခလေးတွေ ဒီကဗျာလေးများအမှတ်တမဲ့ ဖတ်မိလို့  နစ်တော့မယ့်သူတို့ ဘ၀တွေအတွက် ကောက်ရိုးတမျှင်ဖြစ်ခဲ့ရင် မိန်းမတယောက်ဖြစ်တဲ့ကျွန်မပျော်ရွှင်ကျေနပ်မိမှာပါ)

တန်ခူး
4:53pm, 28-Jan-2011