Tuesday, November 11, 2008

တို့ ကျောင်း

သူငယ်တန်းမှ ၅ တန်းထိ လသာ၂မှာ ၆နှစ်တိတိ နေခဲ့ပြီး မိဘတွေက အသက်နဲနဲရလာတဲ့ ကျွန်မကို အမေ့မျက်စိရှေ့ မှာ နေသင့်တယ်ဆိုကာ အမေရှိတဲ့ကျောင်းကို ပြောင်းပေးခဲ့တယ်။ အဲဒီကျောင်းကတော့ အောင်ဆန်းကွင်းရှေ့ ၊ အထက ၄ မင်္ဂလာတောင်ညွန့် နဲ့  ယခင် ကူးစက်ရောဂါ ဆေးရုံကြားက အထက ၃ မင်္ဂလာတောင်ညွန့်  ပဲဖြစ်ပါတယ်။ အမေက အဲဒီကျောင်းမှာ ဆရာမလုပ်တော့ ကျောင်းကြီးကို ရင်းနှီးနေပေမယ့် ကျယ်ဝန်းပြီး ကစားကွင်းများစွာရှိတဲ့ လသာ၂မှာ ၆နှစ်လောက် နေသားကျလာတော့ ပြောင်းကာစက ကျွန်မ မပျော်ခဲ့ပါဘူး။ သူငယ်ချင်းဟောင်းတွေနဲ့  ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ ပြောင်းနေရတာရယ်… ပြီးတော့ ဆရာမသမီးဆိုပြီး ဆရာမတွေကရော၊ ကျောင်းသူတွေကပါ စောင့်ကြည့်နေကြတော့ အစပိုင်းမှာ တော်တော်ကို စိတ်ကျဉ်းကျပ်ရပါတယ်။ ဒါပေမယ့် ၃ လလောက်ကြာတော့ ကိုယ့်ငယ်မွေးခြံပေါက်ကျောင်းလို စရင်းနှီးပြီး ပျော်လာခဲ့ပါတယ်။ တဖြေးဖြေးနဲ့  သံယောဇဉ်တွေတွယ်လာတာရယ်… ပိုသိတတ်တဲ့အရွယ်မှ အဲဒီကျောင်းကို ရောက်သွားတာရယ်ကြောင့် ခုချိန်မှာ ကျွန်မက လသာ၂ထက် တောင်ညွန့် ၃ ကျောင်းကြီးကို ပိုလွမ်းတတ်တယ်ဆို သိပ်များ မတရားရာ ကျသွားမလားပဲ။

ကျွန်မတို့  ၆ တန်းနှစ်က လမ်းမနဲ့ ကပ်နေတဲ့ အဖြူရောင်စာသင်ဆောင်ကြီးမှာ တက်ခဲ့ရတယ်။ အဲဒီစာသင်ဆောင်ကြီးရဲ့ အလယ်ထပ်မှာ ဆုပေးပွဲလုပ်နေကျ စတိတ်ကြီးရှိပါတယ်။ အောက်ဆုံးထပ်Hall ကြီးကတော့ မနက်တိုင်း စုဝေးပြီး ကျွန်ုပ်တို့ ၏ ယုံကြည်ချက်နဲ့  ကမ္ဘာမကြေဆိုနေကျနေရာဖြစ်သလို ညနေပိုင်းကာယလုပ်နေကျ… တခါတလေ မျက်လှည့်ပွဲတို့  ကာယဗလပြပွဲတို့ လုပ်နေကျ နေရာလဲဖြစ်တယ်။ အဲဒီဘေးက ကစားကွင်းကတော့ ကျွန်မတို့  ထုတ်ဆီးအကြီးအကျယ်တိုးခဲ့တဲ့ နေရာပေါ့။ အမြင့်ပိုင်း စာကြည့်တိုက်ကို စတိတ်လို သဘောထားပြီး အာစရိယ ပူဇော်ပွဲတွေ လုပ်ခဲ့တဲ့ နေရာလဲဖြစ်တယ်။

တောင်ညွန့် ၃ မှာ ကျွန်မ အလွမ်းဆုံးကတော့ ယခင်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေး ဖြစ်ခဲ့တဲ့ စာကြည့်တိုက်လေးရယ် စာကြည့်တိုက်ရှေ့ က ခေါင်းလောင်းလေးရယ်… ပြီးတော့ စာကြည့်တိုက်နောက်က ဂွေးပင်ကြီးရယ်ပေါ့။ စာကြည့်တိုက် ဖွဲ့ စည်းမှုရယ်၊ ဆိတ်ငြိမ်မှုရယ် ၊ စာကြည့်တိုက် နံရံမှာ ကပ်ထားတဲ့ ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ လူရည်ချွန်အမကြီးတွေရဲ့ ပုံရယ် စာကြည့်တိုက်မှုး အမပက်ထရစ်ရှာရဲ့ ဆက်ဆံရေးကောင်းမှုကြောင့် ကျောင်းသူအများက စာကြည့်တိုက်ကို ချစ်ကြ ၀င်ကြ ထွက်ကြပါတယ်။ ကျွန်မတို့ ကတော့ ညနေကျောင်းဆင်းခါနီး ကျောင်းရှေ့ က အလံတိုင် သိမ်းဖို့ တာဝန်ကျရင် ငွေသွားကြီးတွေ ပေါ်အောင် အမြဲပြုံးနေတတ်တဲ့ ကျောင်းစောင့်ကြီး ဦးဟန်စိန် သဘောကောင်းတာကို အခွင့်ကောင်းယူပြီး စာကြည့်တိုက်ရှေ့ က ကျောင်းဆင်းခေါင်းလောင်းကို ၃ မိနစ်လောက်ကြိုကြို သွားတီးတတ်ပါတယ်။ ဆရာမတွေ ကျောင်းသူတွေကတော့ ဦးဟန်စိန်ကြီး စောတီးတယ်ထင်နေတာပေါ့။

စာကြည့်တိုက်ထက် ပိုမြင့်မားတဲ့ ဂွေးပင်ကြီးက တကျောင်းလုံး စားနိုင်တဲ့ ဂွေးသီးတွေ သီးပေးတယ် ဆိုရင် အံ့သြသွားကြမလား။ ကျွန်မ အမှတ်မမှားဘူးဆိုရင် နှစ်စဉ် ပထမအစမ်း စာမေးပွဲ ဖြေချိန်ဆို ဂွေးပင်ကြီးသီးတဲ့အချိန်ပါ။ ဆရာမတွေက မေးခွန်းစာရွက်တွေ ဝေပြီး မကြာခင် ကျောင်းသူတလုံးကို ဂွေးသီးတလုံးကျ ဝေပေးတတ်တာ မှတ်မိနေပါသေးတယ်။ တလုံးထဲစားရလို့ လားမသိ အရမ်းချိုမြတဲ့ ဂွေးသီးပါ။ ခုတော့ အဲဒီဂွေးပင်ကြီးလဲ သေသွားရှာပြီတဲ့။ လသာ၂က စိန်ပန်းပြာပင်ကြီးကို လွမ်းသလို တောင်ညွန့် ၃ စာကြည့်တိုက်ရှေ့ က သနပ်ခါးပင်နဲ့  ယုဇနပင်တွေကိုလဲ ခဏခဏ လွမ်းတတ်ပါတယ်။

စာကြည့်တိုက်ရှေ့ က ကျောင်းရဲ့ ပင်မအဆောက်အဦး အုတ်နီရောင်။ ဆရာမကြီး ရုံးခန်းက အောက်ထပ်မှာ ရှိတယ်။ ကျွန်မတို့  ခေတ်က ကျောင်းအုပ်ဆရာမကြီးကတော့ နာမည်ကျော် ဂီတဆရာစောဘွဲ့ မှုးရဲ့ အမကြီး ဒေါ်နော်မာစီကြီးဖြစ်ပါတယ်။ ဆရာမကြီးက သဘောကောင်းသလို စည်းကမ်းလဲကြီးတဲ့ ကရင်လူမျိုး အပျိုကြီးပါ။ သူရဲ့ စည်းကမ်းကောင်းမှုကြောင့် အောင်ချက်တွေ ကောင်းတဲ့အပြင် မြန်မာတနိုင်ငံလုံး ၁ မှ ၁၀ ကျောင်းသူတွေ လူရည်ချွန်တွေ ဆရာဝန် အင်ဂျင်နီယာတွေ အပြင် အားကစားသမားကောင်းတွေ အနုပညာသမားတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ဆရာမကြီး အခန်းနဲ့ ကပ်လျက်က ဘင်ခရာခန်း။ အတွင်းဘက် အစွန်ဆုံးက ကျွန်မတို့  ၁၀တန်းA။ စစ်ဆေးရေးလာရင် အရင်ဆုံးဝင်တဲ့ အခန်း။ ကူးစက်ဆေးရုံနဲ့ ကပ်နေတာမို့  ၁၀တန်းနှစ်မှာ တချို့ ကျောင်းသူတွေ ခဲတံထဲ သရဲဝင်ပူးပြီး ခဲတံနတ်ဆို မေးကြတာလဲ ဒီအခန်းထဲမှာပဲ။ အတန်းခေါင်းဆောင် မဆွေဆွေလွင်က အတန်းကို ကောင်းကောင်းနိုင်တယ်။ သူ့ နေရာက ကော်ရစ်ဒါကို လှမ်းမြင်နေရတဲ့နေရာ။ ဆရာမ မလာခင်တော့ လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်။ ဆရာမလာတာမြင်လိုက်တာနဲ့  တတန်းလုံးကို လှမ်းအော်လိုက်တာပဲ။ အဲဒီအချိန်ဆို စာဂျပိုးတွေရဲ့ စာအော်ဆိုသံတွေလဲရပ်၊ အချစ်တော်စာ ခိုးရေးနေသူတွေလဲ စာတွေဖွက်၊ မုန့် ခိုးစားနေသူတွေက မုန့် တွေဖွက်နဲ့  ၅မိနစ်အတွင်း ငြိမ်သက်စည်းကမ်းရှိတဲ့ Aတန်းဖြစ်သွားရော။ အဲဒီလိုဆိုလို့  တကယ် မလိမ္မာဘူး မထင်နဲ့ နော်။

အပေါ်ထပ်မှာ ဘုရားခန်းရှိတယ်။ ကထိန်နဲ့ ဝါဆိုပန်းကပ်တဲ့ အချိန်ဆို သိပ်ပျော်ဖို့ ကောင်းတာ။ တကျောင်းလုံးက ယူလာတဲ့ ၀ါဆိုပန်းတွေကို ရွှေတိဂုံဘုရားမှာ သွားကပ်ရတာရယ် ရပ်ကွက်ထဲကို အဖြူအစိမ်းလေးတွေ ၀တ်ပြီး ကထိန်လှည့်ရတဲ့ အချိန်တွေဆို မြူးတူးတက်ကြွ။ အဲဒီလိုနေ့ ဆို အဖြူအစိမ်း အကီင်္ျအသစ်လေးဝတ်၊ သနပ်ခါးတွေ ခါတိုင်းထက် ဖွေးနေအောင်လိမ်းလို့ လေ။ ပင်မအဆောက်အဦးကြီးက ရတန်း ၊ ၉ တန်း၊ ၁၀ တန်း ၃နှစ်တောင် နေခဲ့ရတာမို့  ပိုသံယောဇဉ်ရှိမိပါတယ်။ အချစ်တော်နဲ့ ချိန်းတွေ့ ခဲ့တဲ့ သစ်သားလှေကားထစ်တွေ၊ အချစ်တော်ကို စိတ်ဆိုးပြီး သူပေးခဲ့တဲ့ စာအုပ်လေးကို ကူးစက်ရောဂါဆေးရုံထဲ လွှင့်ပစ်ခဲ့တာတွေ ခုထိသတိရမိနေတုန်း။ ခုချိန်လောက်ဆို ကျွန်မ အချစ်တော် မိမိနွယ်လဲ ကလေး ဘယ်နှစ်ယောက်လောက် ရနေပြီလဲ မသိဘူး။

၈ တန်းနှစ်က ဆရာမ မလာခင် ခုံနောက်မှာ ဇယ်ခုပ်တိုင်း ကစားကြလို့  Aတန်းဖြစ်ပြီး စည်းကမ်းပျက်ရမလားဆို ဆရာမဒေါ်ခင်မြမေ တတန်းလုံး ကြိမ်လုံးနဲ့ တီးခဲ့တာ မှတ်မိပါသေးတယ်။ တိုးချဲ့ ဆောင် ၈ တန်းဆောင်ရဲ့ရှေ့  ဗန်ဒါပင်ကြီးက အသီးတွေ ထုပြီးစားခဲ့တာလဲ လွမ်းမိသေးပါတယ်။ မုန့် ဈေးတန်းမှာတော့ ကျွန်မအရမ်းကြိုက်တဲ့ အရည်ကျဲကျဲ မုန့် ဟင်းခါးရှိတယ်။ တပွဲငါးမူး။ လူတွေက အမြဲကြိတ်ကြိတ်တိုး။ သရက်သီးကို ပေါက်ပြီး ငရုတ်သီးမှုန့် ၊ မဆလာ၊ ငံပြာရည်နဲ့ နယ်ထားတာ တမတ်ဖိုးဆို သူငယ်ချင်းတွေ ၀ိုင်းစားလို့ ရတယ်။ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်ကို ခုံအောက်ထဲထည့် ခိုးစားခဲ့တဲ့ အရသာက ဘာနဲ့ မှ မတူဘူး။

အလယ်တန်းနဲ့  အထက်တန်း ကျောင်းသူဘ၀တွေ ဖြတ်သန်းခဲ့ရတဲ့ ဒီကျောင်းမှာ အမှတ်တရတွေက အများသား။ ဘယ်လောက်ကျောင်းကို ချစ်သလဲဆို ၁၀တန်းအောင်ပြီး ကျောင်းနဲ့ မခွဲနိုင်လို့  လုပ်အားပြန်ပေးခဲ့ပါတယ်။ ကိုယ်မတက်ခဲ့ရတဲ့ ၅ တန်းဆောင်မှာ အင်္ဂလိပ်စာ လုပ်အားပေး ဆရာမ ပြန်လုပ်ခဲ့တာပါ။ မဖြစ်စလောက် ဆံပင်လေးကို စီးပြီး လက်ဆောင်ရတဲ့ ပန်းလေးတွေ ပန်ပြီး ဆရာမ ခဏလုပ်ခဲ့ရတဲ့ ဘ၀က အတော်ငြိမ်းချမ်းပါတယ်။ ဒီကျောင်းနဲ့  ဝေးခဲ့ပေမယ့် အမေနဲ့  ညီမလေး ကျောင်းမှာရှိနေတုန်းက ကျွန်မ မကြာမကြာရောက်ဖြစ်ခဲ့ပါတယ်။ အမေနဲ့ ညီမလေး ကျောင်းမှာ မရှိတော့ ကျွန်မလဲ ဒီကို ရောက်နေတော့ ကျောင်းနဲ့ အတော်လေး အလှမ်းဝေးခဲ့ပါတယ်။

ဆရာမဟောင်းတွေ ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပလေ့ ရှိပါတယ်။ ကျွန်မပြန်တဲ့ အချိန်နဲ့  တိုက်ဆိုင်လို့ ရှိရင် မပြတ်မကွက် တက်ရောက်ပါတယ်။ ကိုယ့်ဆရာမတွေ ရှေ့ မှာ လက်လေးပိုက်ပြီး မင်္ဂလာပါဆရာမ လို့  နှုတ်ဆက်ရတာ အထက်တန်းကျောင်းသူဘ၀ ပြန်ရောက်သွားသလိုပါပဲ။ ကျွန်မတို့ ကို သင်ပေးခဲ့တဲ့ ဆရာမဟောင်းတွေ များသောအားဖြင့် ပင်စင်ယူလိုက်ကြပါပြီ။ တချို့ ကျန်းမာရေး အတော်ချို့ တဲကြပါတယ်။ များသောအားဖြင့် ငွေကြေးမပြည့်စုံကြပါဘူး။ တချို့ ဆရာမတွေတော့ ဆုံးသွားရှာပါပြီ။ ကျွန်မ သတိထားမိတာ တခုက နှစ်အဆက်ဆက် ဒီကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေ အတော်များပါလျက် ဆရာကန်တော့ပွဲ လာသူဦးရေက အတော်ကို နည်းပါတယ်။ ဆရာမတွေ တကယ်လိုအပ်နေတဲ့ အချိန်မှာ တပည့်အများစုက အနားမှာ မရှိတာတွေ့ ပြီး အတော်ဝမ်းနည်းမိပါတယ်။ ဟိုတနှစ်က ဆရာကန်တော့ပွဲ သွားတော့ ကျွန်မတို့ နှစ်က သူငယ်ချင်းတွေနဲ့ များ တွေ့ မလားလို့  လိုက်ရှာလိုက်ရတာ တယောက်ပဲတွေ့ ပါတယ်။ ကျွန်မညီမလေးနှစ်ကလဲ တယောက်စ နှစ်ယောက်စ။ များသောအားဖြင့် တကယ့် ကျောင်းသူဟောင်း အကြီးတွေပါ။ ဒီနှစ်ဆရာကန်တော့ပွဲ နီးပြန်ပါပြီ။ ဆရာမဟောင်းတွေကို ဟိုးငယ်တုန်းက Assembly Hall ထဲမှာ လူအပြည့်လို တပည့်တွေ အပြည့်ကန်တော့ စေချင်ပါတယ်။ သူတို့  ဘယ်လောက်များ ကြည်နူးလိုက်ကြမလဲနော်။ တကယ်လို့  ဒီပို့ စ်ကို ဖတ်မိသူတွေထဲမှာ အထက ၃ တောင်ညွန့် က ကျောင်းသူဟောင်းတွေများ ပါခဲ့ရင်၊ ဆရာမတွေကို ကန်တော့ဖို့  စိတ်အားထက်သန်ခဲ့ရင် ကျွန်မဆီ အီးမေးလဲနဲ့  ဆက်သွယ်နိုင်ပါတယ်။ ကျွန်မ အီးမေးက cmyayt@gmail.com ပါ။ အဲဒီအခါကျရင် ကျွန်မနာမည်အရင်း ကျွန်မအမေနာမည်နဲ့  ကျွန်မဘယ်နှစ်က ဆယ်တန်းအောင်ခဲ့တယ်ဆိုတာ အသေးစိတ်ပြောပြပါမယ်။ ဆရာ့ကျေးဇူးကို ဆပ်ခွင့်ရတုန်း တတ်နိုင်သမျှ အတူ ဆပ်ကြစို့ လား။

တန်ခူး
12:30 pm 11-Nov-2008

21 comments:

သက်ဝေ said...

တန်ခူးရေ...
ပျောက်နေပါတယ်မှတ်တာ.. လက်စသတ်တော့ ကုသိုလ်ရေးတွေ လှုံ့ ဆော်သူလေး လုပ်နေတာကိုး...
မွန်မြတ်တဲ့ အလုပ်ကလေးမို့  သာဓု သုံးကြိမ်ခေါ်သွားပါတယ်...။
သက်ဝေလဲ သူငယ်တန်းကနေ ဆယ်တန်းအထိ နေခဲ့တဲ့ အထက်တန်းကျောင်း ဆရာ ကန်တော့ပွဲအတွက် ဒီလိုအချိန်ဆို နှစ်တိုင်း အလှုငွေကောက်တတ်တာမို့  ဒီတစ်ကြိမ်မှာလဲ ဘ၀တွေ အတူတူ ဘဲလေ... နော်...။

ကောင်းကင်ကို said...

အစ်မရေးတာ ဖတ်ပြီး ကျွန်တော်တက်ခဲ့တဲ့ ကျောင်းလေးတွေကိုလည်း သတိရသွားတယ်။

tg.nwai said...

တန်ခူးရေ.. တန်ခုးပြောမှ တို.တွေလည်း ငယ်ဆရာတွေကို ပြန်ရှာကန်တော့ဖို့ ပိုသတိရလာတယ်။ တို.ဆို သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ.ထိ မြို့ ၅ မြို့ ကျောင်း ၅-ကျောင်းပြောင်းခဲ့တော့ ဆရာကန်တော့ပွဲတွေဆို လွတ်နေရတာပါပဲ။

ဗေဒါရီ said...

မတန်ခူးရေ ..
ကျွန်မကတော့ လသာ ၂ မှာ သူငယ်တန်းကနေ ၉ တန်းထိ တက်ခဲ့ဖူးပါတယ်။
မတန်ခူးပြောတဲ့ စိန်ပန်းပြာပင်ကြီးကို လွမ်းတယ်။ မဟာလှေခါးကြီးကိုလွမ်းတယ်။ မုန့်ဈေးတန်းလေးတွေကို လွမ်းတယ်။

PAUK said...

မတန်ခူးရေ..
ကျနော်လည်း လွမ်းသွားပြီ..
တက်နေထွန်းမူကြိုကအစ...
စိန်မေရီ(အလက၃) စိန်မိုက်ကယ်(အထက၄)
လွမ်းလိုက်တာ..
အဟား အမမေးလ်သိသွားပြီ..
သတိရရင် မေးလ်ရေးမယ်နော့..

ကိုအောင်(ပျူနိုင်ငံ) said...

အမရယ့် ပို့စ်က အရမ်းစာဖတ်လို့ကောင်းတယ်ဗျာ
အားပေးလျက်ပါ။

Anonymous said...

ကျောင်းသူတလုံးကို ဂွေးသီးတလုံးကျ ဝေပေးတတ်တာ မှတ်မိနေပါသေးတယ်:-)

ဇနိ said...

အမရေ - အခုလာမယ့် ဒီဇင်ဘာ ၂၅ မှာ ကျနော်တို့ အထက ကျောင်းမှာ ဆရာကန်တော့ပွဲ ရှိတယ်ဗျ... အမေကလည်း အဲဒီကျောင်းမှာ အကန်တော့ခံဆရာမဖြစ်နေပါပြီ...
အဲဒီနေ့ရောက်ရင် အာရုံပြုပြီးလှမ်းကန်တော့လိုက်တဲ့ မှာလိုက်သေးတယ်...
မဇနိနဲ့ ကျနော်က တမြို့တည်း တကျောင်းတည်းထွက်တွေ.. သူလည်း အဝေးရောက် အာရုံပြု ကန်တော့ရမှာပေါ့
း)

myatnoe said...

အမရေ့..
ပျော်စရာကောင်းတဲ့ ကျောင်းအကြောင်းကိုဖတ်ပီး အားကျသွားပါတယ်။

မြတ်နိုးမှာတော့ ကျောင်းတုန်းက သိပ်မပျော်ခဲ့ဘူးဘူး။
ပီးတော့လည်း ဆရာကန်တော့ပွဲကိုဆယ်တန်းအောင်တုန်းကပဲ လုပ်လိုက်တယ်။ နောက်ကျတော့ မလုပ်ဖြစ်ကြဘူး။
ကမကထ လုပ်ပေးမဲ့သူ မရှိလို့။ ပြောရင်တော့ ယုံမှာ မဟုတ်ဘူးနော်။ ကျောင်းက ဗိုလ်၅..ဒါပေမဲ့..
တချို့ကလဲ ပိုက်ဆံ လှူကြပေမဲ့ .. ကမကထလုပ်သူမရှိ။ ပီးတော့ ဆရာဝန်ဖြစ်နေတဲ့ တချို့သူငယ်ချင်းတွေကိုပြောတော့လည်း စိတ်မဝင်စား..။
ကျောင်းက အမတို့လို့ ပျော်စရာတွေ မကျန်ခဲ့ပါဘူး။
တက္ကသိုလ်ရောက်မှ ပျော်ဖူးတာ။

ဖေဖေဆို သူစာသင်ခဲ့တဲ့ ကျောင်းတွေက နှစ်စဉ်ကန်တော့တာ ခံရတယ်။ ဖေဖေက တောင်ညွှန့်၇၊ ထ၁ဒေါပုံ၊ဗိုလ်၃ အမြဲ ကန်တော့ခံနေရတယ်။ မြတ်နိုးတို့ကျောင်းသာ.. မလုပ်ဖြစ်တာ။း( အဲဒီအချိန်ဆို ဖေဖေက သိပ်ပျော်တာ ။ ကျောင်းသူကျောင်းသားတွေက လဲ ဆရာတွေ ကိုလေးစားလိုက်ကြတာ။

Moe Cho Thinn said...

မတန်ခူးရဲ့ ကျောင်းလေးက မတန်ခူးရေးမှ ပိုချစ်စရာ ကောင်းသွားတာပါလေ။
သာဓု ခေါ်လိုက်ပါတယ် မမရေ..

N Aung said...

မတန်ခူးရေ
၅တန်းမှ၉တန်းအထိတက်ခဲ့ရတဲ့ ကျောင်းအကြောင်းဖတ်ခွင့်ရလို့ ကျေးဇူးပါ။
ဆရာကတော့ပွဲအတွက်ပိုက်ဆံထည့်ဝင်နိုင်ရန် ဆက်သွယ်ရမည့်သူသိချင်ပါသည်။

N Aung said...

မတန်ခူးရေ
၅တန်းမှ၉တန်းအထိတက်ခဲ့ရတဲ့ ကျောင်းအကြောင်းဖတ်ခွင့်ရလို့ ကျေးဇူးပါ။
ဆရာကတော့ပွဲအတွက်ပိုက်ဆံထည့်ဝင်နိုင်ရန် ဆက်သွယ်ရမည့်သူသိချင်ပါသည်။

N Aung said...

ဆောရီးအမ
ရန်ကုန်မှာဘယ်သူ့ကိုဆက်သွယ်ရမလဲသိချင်တာပါ။

တန်ခူး said...

သက်ဝေရေ… ပျောက်နေတာ အတော်ပင်ပန်းနေလို့ ပါ… ခုထိအိပ်ရေး၀၀မအိပ်ရသေးဘူးလေ… ကျေးဇူးပါသက်ဝေရေ… ဘ၀တူတွေမို့ ပိုချစ်ကြတာထင်တယ်နော်…

တက်ခဲ့တဲ့ကျောင်းလေးအကြောင်း ကဗျာလေးတပုဒ်လောက်ရေးပါလား ကောင်းကင်ကိုရေ… ဖတ်ချင်လို့ …

မြို့ ၅မြို့  ကျောင်း၅ကျောင်းဆိုတော့ အမှတ်တရတွေ ၅ ဆဖြစ်မှာပဲနော် မ…

ဟုတ်ပါ့ မဗေဒါရီရေ… မဟာလှေခါးကြီးရော မုန့် ဈေးတန်းလေးတွေရော လွမ်းတဲ့အထဲ အမြဲတယ်… ကျွန်မက ကျောင်းစောင့်ကြီးနဲ့  အိမ်ကလာအကြိုစောင့်ရတဲ့ ငုပင်ကြီးကိုလဲ လွမ်းတယ်… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

ပေါက်ရေ… သတိရရင် စာရေးလို့ ရပါတယ်… တို့ ညီမလေးဆီလဲ တို့ ကရေးမယ်နော်…

ကိုအောင်ရေ… ခုလို အားပေးတာ ကျေးဇူးပါ… ကိုအောင် ဘလော့ဂ်လိပ်စာလေးလဲ ပြောပါဦးနော်… profileရှာမရလို့ …

Anonymousကလဲ တောင်ညွန့် ၃ ကပဲပေါ့နော်… ရန်ကုန်မှာဆိုရင် ဆရာကန်တော့ပွဲသွားဖြစ်သေးလား…ဒီနှစ်ဆရာကန်တော့ပွဲလေးလာခဲ့ပါလားဟင်… တောင်ညွန့် ၃ ကျောင်းသူတွေ ညီညွတ်တာပြကြတာပေါ့… လာလည်တာ ကျေးဇူးပါနော်…နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကိုဇနိရေ… ဟိုတခါမဇနိရေးတဲ့ ပို့ စ်လေးကတဆင့် ကိုဇနိမေမေ ဆရာမဆိုတာ သိထားတာပါ… အမလဲ မရောက်ဖြစ်တဲ့နှစ်ဆို အလှူငွေထည့်ပြီး အဝေးကနေ အာရုံပြုရတယ်လေ…

မြတ်နိုးရေ… တို့ ဖေဖေတို့ ကျောင်းက ပြီးခဲ့တဲ့အပတ်က ဆရာကန်တော့ပွဲလုပ်တယ်… ယောင်္ကျားလေးကျောင်းဖြစ်ပေမယ့် ကမကထလုပ်တဲ့သူတွေကောင်းလွန်းလို့ စည်ကားနေတာပဲ… မြတ်နိုးတို့ ဖေဖေက တောင်ညွန့် ၇ မှာ လုပ်ဖူးတယ်လား… တို့ အဲဒီကျောင်းမှာ စာစီစာကုံးပြိုင်ပွဲဖြေဖူးတယ်…

ကျေးဇူးပါချိုသင်းရေ… ပကာသနတွေ မရှိတဲ့ချစ်စရာကျောင်းလေးပါ…
N Aung ရေ… တောင်ညွန့် ၃ အမျိုးတွေ ပြန်တွေ့ ရတာ ၀မ်းသာစရာပါညီမရေ…
ညီမဆရာကန်တော့ပွဲအတွက် ရန်ကုန်မှာ အလှူငွေထည့်ချင်ရင် တောင်ညွန့် ၃ က ဆရာမဒေါ်ညွန့် ညွန့် ရီ(တောင်ညွန့် ၃ ကျောင်းသူဟောင်း) ဆီမှာထည့်လို့ ရပါတယ်… ဒေါ်ညွန့် ညွန့် ရီကို တွေ့ ချင်ရင် တောင်ညွန့်  ၃မှာ သွားတွေ့ လို့ ရပါတယ်… ခုလို ဆရာတွေ အတွက် အလိုက်တသိ ဆက်သွယ်တာ ကျေးဇူးပါညီမရေ… ဒါနဲ့ ညီမရဲ့ ဘလော့ဂ် လိပ်စာလေးလဲ ပြောပါဦး… profileမှာ ရှာမတွေ့ လို့ ပါ… နောက်လဲ အမြဲလာလည်ပါဦးညီမရေ… အလှူအတွက် ကြိုတင် သာဓုခေါ်ပေးပါတယ်နော်… သူငယ်ချင်းတွေလဲ လက်တို့ လိုက်ပါဦး….

nu-san said...

မမတန်ခူးရဲ့ ပို့စ်ကို ဖတ်ပြီး ကျောင်းက မုန့်ဈေးတန်းပဲ မျက်စိထဲ မြင်ယောင်လာတယ်.. အဟီး.. အမ လုပ်အားပေးဆရာမလုပ်တုန်းကရော ငိုသေးလား အမ.. တို့ မမ ကျောင်းအကြောင်းရေးထားတာ ဖတ်ပြီး ကျောင်းပြန်တက်ချင်တဲ့စိတ်ပေါက်လာတယ်.. ကျနော်က မင်္ဂလာဒုံကျောင်းမှာ တက်ခဲ့ရတာ.. မူလတန်း အလယ်တန်း အထက်တန်း အထိ။ ဆရာမတွေ တော်တော်များများလည်း အငြိမ်းစားယူကုန်ကြပြီထင်ပါရဲ့.. ကျောင်းကို ပြန်မရောက်ဖြစ်တာ ကြာပြီ အမရေ..

တန်ခူး said...

နုရေ… ကျောင်းမုန့် ဈေးတန်းလေးတွေကလဲ လွမ်းစရာမိုလား…
လုပ်အားပေးဆရာမလုပ်တုန်းက တခါတော့ ငိုရတယ်… ကိုယ်သင်ရတဲ့အတန်းက ၅ တန်း (င)… စာသိပ်မတော်တဲ့အခန်းဆိုတော့ အတော်သင်ယူရတာ… နုရေ… ဒီတခါပြန်ရင် ကျောင်းကို ပြန်လည်လိုက်နော်… ဆရာမတွေက ပြန်တွေ့ ရတာကို မျက်ရည်တွေ လည်ပြီး ၀မ်းနည်းနေတတ်ကြတာ…

PooHCrazY said...

hello ma tagu,
I'm also from BEHS 3 MTNT.
I think you are also from SG.
I'm also in SG.
Really glad to meet you.

မဇနိ said...

အမတန်ခူးရဲ့ ဒီပို့စ်ကို မြင်မှ အိမ်ကိုဖုန်းဆက်ရတယ်။ ဆရာကန်တော့ပွဲနားနီးပြီဆိုတာ သတိရသွားတာ။ ဆရာ ဆရာမအားလုံးက ကျေးဇူးရှင်တွေဆိုတော့ မမေ့ဘူးဆိုရင် ကောင်းတာပေါ့နော်။
ဒါနဲ့ အမကျောင်းလေးကလည်း ချစ်စရာလေးပဲ။ ဒီပို့စ်လေးနဲ့ပဲ ကျောင်းပုံစံမှန်းကြည့်မိတယ်။

တန်ခူး said...

Poohcrazy ရေ… ဆွေမျိုးတွေ ပြန်တွေ့ ရတာ ၀မ်းသာစရာပါ… အမလဲ စင်္ကာပူမှာပါ… သိရင်တောင်သိနေကြမှာနော်… ညီမ ဆရာကန်တော့ပွဲအတွက် အလှူငွေထည့်ချင်ရင် အမဆီ အီးမေးလ်ပို့ လိုက်နော်… မြန်မာပြည်မှာ တိုက်ရိုက်ထည့်လဲရတယ်… တောင်ညွန့် ၃ က ဆရာမ ဒေါ်ညွန့် ညွန့် ရီဆီမှာ ထည့်လို့ ရပါတယ်… နောင်လဲ လာလည်ပါညီမရေ…

နိနိတို့ ကျောင်းက ပိုနီးနေပြီနော်… အမတို့ ကျောင်းပုံလေးကို တင်မလို့ ပါ… ရုံးမှာက အရမ်းနှေးနေတော့ တင်လို့ မရ အိမ်ရောက်တော့ သားနဲ့ အလုပ်ရှုပ်နဲ့ မတင်ဖြစ်လိုက်ဘူး…

Taungoo said...

အယ်.. အမလည်း ကျောင်းကို လွမ်းနေတာကိုး။ ကျွန်တော်လည်း ဆရာကန်တော့ပွဲကြော်ငြာနေတာ။ ဒီနှစ်တော့ ပြန်ကန်တော့ဖြစ်မှာ အသေချာပဲအမရေ။ စဉ်းစားမိတာနဲ့ကို ကျေနပ်ဖို့ကောင်းတယ်။

Taungoo said...

အယ်.. အမလည်း ကျောင်းကို လွမ်းနေတာကိုး။ ကျွန်တော်လည်း ဆရာကန်တော့ပွဲကြော်ငြာနေတာ။ ဒီနှစ်တော့ ပြန်ကန်တော့ဖြစ်မှာ အသေချာပဲအမရေ။ စဉ်းစားမိတာနဲ့ကို ကျေနပ်ဖို့ကောင်းတယ်။