Saturday, February 28, 2009

ဂဏန်းရေချိုဟင်း

ဒီနိုင်ငံက စားသောက်ဆိုင်တွေမှာ ဂဏန်းဟင်းက အတော်နာမည်ကြီးပါတယ်။ ဂဏန်းမပါရင် တခုခုလိုနေသလိုတောင်ဖြစ်နေတတ်ပါတယ်။ ငရုတ်ဂဏန်းဟင်း၊ ငရုတ်ကောင်းဂဏန်းဟင်း၊ ဂဏန်းအချိုပေါင်း စသဖြင့် ဂဏန်းကို မျိုးစုံ စားချင်သဖွယ်ဖြစ်အောင် ရောင်းကြပါတယ်။ ဒါပေမယ့် ဂဏန်းဟင်းလို့ ဆိုလိုက်ရင် ဂဏန်းအရှင်လတ်လတ်တွေကို ချက်တာများပါတယ်။ ဒါကြောင့် အရှင်ချက်တဲ့ ဆိုင်တွေက ဂဏန်းဟင်းကို မစားဖြစ်ပါဘူး။ ဈေးထဲမှာလဲ အရှင်တွေ ရောင်းတာများလို့  ကျွန်မကတော့ အသေရောင်းတဲ့ flower crab လို့ ခေါ်တဲ့ ဂဏန်းကိုပဲ ချက်စားဖြစ်ပါတယ်။ ဒီနိုင်ငံက ချက်သလိုတော့ မချက်တတ်တော့ ဂဏန်းစားချင်ရင် မြန်မာချက် ရေချိုလေးပဲ ချက်ဖြစ်ပါတယ်။ ဟင်းချက်တာတော့ သမာရိုးကျ ချက်ရတာ ဖြစ်ပေမယ့် မချက်ခင် ဂဏန်းကို ကိုင်ရတာ အတော် လက်ဝင်ပါတယ်။ ဂဏန်းမကိုင်တတ်လို့  ဂဏန်းကြိုက်ပြီး မချက်စားဖြစ်တဲ့သူတွေ အတွက် ဂဏန်းကိုင်နည်းလေးကိုပါ မျှဝေလိုက်ပါတယ်။





ပထမဆုံး ဂဏန်းလက်လေးတွေကို အရင်ဖြုတ်ရပါတယ်။ အလိုက်သင့်လေး ဖြုတ်လိုက်ရင် လွယ်ပါတယ်။ ဓားမလိုပါဘူး။


လက်လေးတွေအကုန်ပြုတ်သွားရင် ကိုယ်ထည်ကို ကိုင်ရပါမယ်။ ဦးခေါင်းပိုင်းနားကနေ အသာဖိပြီး ဂဏန်းအခွံကို ဖြုတ်ရပါမယ်။ အခံွံဖြုတ်လိုက်တဲ့အခါ အဆီလေးတွေကို ကိုယ်ထည်မှာ ကပ်ပါလာအောင် ချော့ဖြုတ်ရပါတယ်။ အဲဒီအဆီလေးတွေက ပုဇွန်ဆီလို အရသာကို လေးပြီးချိုစေပါတယ်။


ကြောဘက်မှာ တြိဂံပုံ အခွံလေးကိုလဲ ဖြုတ်ရပါတယ်။ ပြီးတဲ့အခါ ကိုယ်ထည်ပေါ်မှာရှိတဲ့ အကြည်ရောင် အရိုးပျော့လေးတွေ ( ကျွန်မ ဘယ်လိုခေါ်သလဲ ဆိုတာတော့ မသိပါဘူး) ကို ပုံမှာ ပြထားတဲ့အတိုင်း ဖယ်ပစ်ရပါမယ်။ အဲဒါလေးတွေ မစင်ရင် ဗိုက်အောင့်တတ်ပါတယ်။


အပေါ်က အဆင့်တွေပြီးတဲ့အခါ ရေစင်အောင်ဆေးပြီး ငံပြာရည်၊ ဆနွင်းမှုန့် အနည်းငယ်နဲ့  ရောနယ်ပါ။


ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ရောထောင်းတာကို ထုံးစံအတိုင်းဆီသတ်ပါ။ ကြက်သွန်လေး ၀ါလာတဲ့အခါ အသင့်နယ်ထားတဲ့ ဂဏန်းကို ထည့်ပြီး လုံးရပါတယ်။ ၁၀ မိနစ်လောက် လုံးပြီးတဲ့အခါ ရေမြုတ်ရုံထည့် အပေါ့အငံလိုသလို ပြင်ပြီး မီးအေးအေးနဲ့ တည်ပါ။

၁၅မိနစ်လောက်ကြာတဲ့အခါ ဂဏန်းအနံ့ လေးမွှေးလာပါပြီ။ မဆလာမွှေးမွှေးလေးအုပ်၊ နံနံပင်လေးအုပ်လိုက်ပြီး ခဏကြာတဲ့အခါ ချိုမွှေးနေတဲ့ ဂဏန်းရေချိုဟင်းလေး အဆင်သင့်ဖြစ်ပါပြီ။


အပျင်းပြေ တနင်္ဂနွေနေ့ မှာ မိုးအေးအေးလေးနဲ့ လိုက်တဲ့ ဂဏန်းရေချိုဟင်းလေး ချက်စားကြည့်ပါလား။


တန်ခူး
6:16pm 28-Feb-2009

Thursday, February 19, 2009

ညို


မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်…
သွားမယ်ဆို နေရစ်မယ် တောင်းဆုအမြဲတမ်းပြုပါတယ်…
တခါက ချစ်တဲ့ အချစ်ကို တန်ဖိုးထားမယ်…
ပြန်ဆုံချိန်ထိ ပင်ယံပေါ်မှာ ပန်းလေးလန်းပါစေ…

“ညိုတကယ်ဆုံးဖြတ်ပြီးပြီလား”

စကားပန်းဖြူဖြူလေး နားကြားမှာ ပန်ထားသည့် မြတ်နိုးစရာညို့မျက်နှာလေးကို ကြည့်ပြီး မမေးချင်ဆုံးမေးခွန်းကို မေးလိုက်မိသည်။ ညို့ ထံမှ သက်ပြင်းချသံတိုးတိုးလေး ကြားရသည်။ တွေဝေလိုက်ပါညိုရယ်။ ပြီးတော့... မောင်မရှိပဲညိုနေနိုင်မလား… ပြန်စဉ်းစားလိုက်နော်။ မောင်ကတော့ ညိုမရှိတဲ့ နေ့ ရက်တွေကို မတွေးဝံ့အောင် ပျော့ညံ့သူပါ။

“ညိုဆုံးဖြတ်ပြီးပြီမောင်… ညိုသွားတော့မယ်… မေမေ့ကို မလွန်ဆန်နိုင်တာလဲ ပါသလို ညိုကိုယ်တိုင်လဲ ဒီတိုင်းထိုင်စောင့်နေရတဲ့ အချိန်တွေကို စိတ်မရှည်တော့ဘူးလေ”

ညို့အသံ တိုးညှင်းညှင်းလေးက နှလုံးသားကို တစစီဖြစ်အောင် နင်းခြေပစ်လိုက်သည်။ ဆုံးဖြတ်ြပီးပြင်လေ့ မရှိသည့် ပြတ်သားသည့် ညို့စိတ်ကို သိထားတော့လည်း…။ လက်ဖမိုးပေါ်ကို မျက်ရည်တစက်ကျလာသည်။ ညို့လက် သွယ်လျလျတွေက မောင့်လက်တွေကို ဖေးမဆုတ်ကိုင်ပေးသည်။ နေရာတကာ စိတ်မာတဲ့မောင်က ညိုနဲ့ ပတ်သက်ရင်တော့ ထိလွယ်ရှလွယ်တယ်ဆိုတာ ညို ပဲ အသိဆုံးဖြစ်မှာပါ။

“ညိုလဲ မောင်နဲ့ ဘယ်ခွဲချင်ပါ့မလဲ မောင်ရယ်… ခဏခွဲနေရတာပဲ… နောင်ညိုတို့  ပြန်ဆုံကြမှာပေါ့… ဒါကလဲ ညိုတို့  မြန်မြန်နီးရဖို့ ပဲ မဟုတ်လား”

မြန်မြန်နီးရဖို့ … ဟုတ်ပါ့မလား ညိုရေ။ မောင်ကတော့ မတည်မြဲတဲ့ ဘ၀တွေအတွက် စိတ်မောတယ်။ မနက်ဖြန်တွေက ခန့် မှန်းရခက်လို့  တတ်နိုင်ရင် ညို့လက်လေးတွေကို မလွှတ်တမ်း ဆုပ်ကိုင်ထားချင်တယ်။

“မောင်… မျက်လုံးတွေတောင် အတော်ရဲနေပြီ… တခုခုပြောဦးလေ… အဲဒီလိုကြီးနေနေရင် ညိုက ဘယ်လိုလုပ် စိတ်ဖြောင့်ပါ့မလဲ… ညိုလဲ မောင့်ကို အရမ်းလွမ်းနေမှာ…”

ပခုံးပေါ်မှီနွဲ့ လာသော ညို့ အတွက် မောင်တခုခုပြောသင့်တယ်နော်။ ညိုပျော်နေရင် မောင်စိတ်ချမ်းသာအောင် ကြိုးစားနေပါ့မယ်။ ဒါဟာ တကယ်ပဲ ညိုလိုချင်တဲ့ ဘ၀ဆိုရင်ပေါ့။

“ညို့ ကို မောင်စောင့်နေမယ်… ညို့ ကိုပဲ မောင်လက်ထပ်မယ်…”

ဒီတခါတော့ ညို ရှိုက်ကြီးတငင်ငင်ငိုတော့သည်။ ညိုငိုတော့လဲ မောင်မနေတတ်ပြန်ဘူး။ ညိုရေ မောင်တို့ ကို ကံကြမ္မာက ဘာကြောင့်ခွဲရက်သလဲလေ။

“ညိုမရှိလဲ ညို့ အတွက် စကားပန်းလေးတွေ တနေ့ တပွင့် မောင်သိမ်းထားမှာပါ… ညိုနဲ့ဆုံရင် ပန်းခြောက်လေးတွေကို မောင်ပြမယ်နော်… ညို့ ကို အရမ်းချစ်တယ်”

တယောက်လက်ကို တယောက် တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ ခွဲရမယ့် မနက်ဖြန်တွေကို ဘယ်လို အင်အားတွေနဲ့ တားမြစ်ရမလဲ ညိုရယ်။

***************************
ပန်းဆိုတာလဲ ကြွေတတ်တယ် အချစ်လေးရယ်…
မင်းကိုလေ ရည်စူးထားလဲ မခြွေရက်ပါ…
ထိုက်တန်ရင်တော့ တနေ့ မှာ ပိုင်ဆိုင်မယ်
တကယ်အကြင်နာမှန်ရင် ပြန်လာကွယ်…

ကျောင်းတွေ ပြန်ဖွင့်ပြီညို။ မဖြစ်နိုင်မှန်းသိလျက်နဲ့  ညိုပြန်လာမလားလို့  မျှော်လင့်နေမိတယ်။ ဟိုးအရင် ညို့ ကို စတွေ့ တဲ့နေ့ တုန်းကလို စကားပန်းဖြူဖြူလေး နားကြားမှာပန်ထားတဲ့ အကျီင်္ဖြူဆွတ်ဆွတ်လေးနဲ့  ကောင်မလေးတယောက်ကို မတွေ့ နိုင်မှန်းသိလျက်နဲ့  အီကိုမှာ မောင်သွားရှာနေမိတယ်။ နားကြားထဲကပန်းလေး ပြုတ်ကျသွားတာကို ကောက်ပေးခဲ့တဲ့မောင့်ကို သွားတက်လေးတွေ ပေါ်အောင်ပြုံးပြတဲ့ အပြုံးလေး။ ခုထိရူးသွပ်စွာ စွဲလန်းနေတုန်းပဲ ညိုရယ်။

ခုဆို မောင့်မှာ စကားပန်းခြောက်ဗူးလေးတွေ အများကြီးဖြစ်နေပြီညို။ ညိုမရှိတဲ့ ပတ်ဝန်းကျင်မှာ ညိုရှိဟန်နဲ့  မောင့်အခန်းနံရံတွေမှာလဲ ညိုပုံတွေနဲ့  ပြည့်နေခဲ့ပြီ။

မောင့်ကားထဲမှာတော့ ညိုလက်ရွေးစင်သွင်းပေးထားတဲ့ သီချင်းလေးတွေနဲ့ … ညိုက အမြဲမောင့်နားမှာ။ မောင့်အိတ်လေးထဲမှာလဲ ညိုရှိတယ်… မောင့်ကားထဲမှာလဲ ညိုရှိတယ်… မောင့်အခန်းထဲမှာလဲ ညိုရှိတယ်။ စာသင်ခန်းထဲမှာတောင် စာရွက်တွေပေါ်မှာ ညို…ညို…ညို။

သူစိမ်းတွေကြားမှာ ညိုအတော် နေသားကျသွားခဲ့ပြီနော်။ ဖုန်းဆက်ကြဲလာတဲ့ ညို့ ကို မောင်နားလည်အောင် ကြိုးစားပါတယ်။ ညိုပြောသလို အဲဒီမှာ အချိန်က ရွှေထက် ရှားတယ် မိုလား။ ညို့ ကို ယုံပေမယ့်… မောင် စိုးရိမ်မိတယ် ညိုရယ်။ သိပ်ချစ်စရာကောင်းတဲ့ ညို့ ကို တစုံတယောက်ကများ ချစ်သွားခဲ့ရင်။ ပန်းကလေး တပွင့်လို နူးညံ့လှပတဲ့ ညို့ ကို မတို့ ရက် မထိရက်အောင် မောင်က မြတ်နိုးခဲ့တော့… သူစိမ်းတွေကြားမှာ မောင့်ပန်းလေးကြွေသွားမှာ စိုးမိတယ်။ မောင့်ပန်းလေးက မောင့်အတွက်ပဲဖြစ်ရမယ်လို့  မောင်မျှော်လင့်နေဆဲပါညို။ ပြန်လာတော့ညိုရေ။

***************************

ညတွေမှာ ကြယ်ပွင့်လေးတွေ ကြွေလွင့်နေ…
ဘ၀ဆိုတာ မတည်မြဲဘူးတဲ့ စိတ်မောတယ်…
မင်းလိုချင်သောဘ၀မျိုးမှာ ပျော်နိုင်မလား…
တချိန်ကျရင် ကိုယ့်ရဲ့အချစ်နားလည်…

ညို့စကားအဆုံးမှာ မောင့်ကမ္ဘာမှောင်အတိ ကျသွားခဲ့ပြီ။ ညို့ ရှိုက်သံသဲ့သဲ့ကို ဖုန်းထဲက ကြားရသည်။ မောင့်ခေါင်းအုံးပေါ်က မျက်ရည်စက်တွေတော့ ညိုဘယ်မြင်နိုင်မလဲလေ။ မောင် အရိပ်တကြည့်ကြည့် တန်ဖိုးထားခဲ့တဲ့ ပန်းလေးကို တစုံတယောက်က ခူးခြွေသွားသတဲ့လား။ ကံကြမ္မာကိုပဲ အပြစ်ပုံချပါရစေညိုရယ်။ ညို့ ကို မောင်ဘယ်တော့မှ အပြစ်မတင်ရက်ပါဘူး။

ညို့ ဖြေရှင်းချက်တွေက ရှိုက်သံတွေနဲ့  ပလုံးပထွေး။ ဒီလိုအဖြစ်တွေသာ ကြိုသိခဲ့ရင် မောင်လေ ညို့ ကို အဲဒီအဝေးကြီးကို လွှတ်ဖြစ်မယ်မထင်ဘူး။ ညိုပျော်မယ်ထင်လို့ ပါ။
မနက်က ညို့အတွက် ရည်စူးခူးထားခဲ့သည့် စကားပန်းလေးက စားပွဲပေါ်မှာ လန်းနေတုန်း။

အကြွေပန်းလေးတွေ မပေးရက်လို့  အပင်ပေါ်က ပန်းလေးတွေကို အမြဲခူးပေးခဲ့တာ ညိုမမေ့လောက်သေးဘူးနော်။ ညိုရေ… မောင်ရူးပြီကွယ်။ ဟိုးနံရံပေါ်က ညို့ မွေးနေ့ မှာ ငါးလွှတ်နေတဲ့ ပုံလေး။ မောင်… တိတ်တိတ်ခိုးရိုက်ခဲ့တာ။ စကားပန်းလေးရယ် ဆံပင်ရှည်ရှည်လေးတွေရယ်နဲ့  အနားသတ်ထားတဲ့ ချစ်စရာမျက်နှာလေး။ တန်ဖိုးထားလွန်းလို့  ရင်ထဲကပဲ ခိုးခိုးနမ်းခဲ့ရတဲ့ ညို့ ပါးနုနုလေး။ ခုတော့… ညိုက သူစိမ်းတယောက်ရဲ့ ရင်ခွင်မှာ။

“ဖြစ်လာမှတော့ ဘာတတ်နိုင်တော့မှာလဲညိုရယ်… စိတ်ချမ်းသာအောင်နေနော်…ကျန်းမာရေးကို ဂရုစိုက်… လိုအပ်တာရှိရင် မောင့်ကိုပြောပါ… မောင်ကူညီဖို့  အသင့်ပါ”

စကားသံတို့  တုန်ခါမသွားအောင် သတိထားရင်း ညို့ကိုအားပေးမှ ညိုက ပိုငိုတော့သည်။ တကယ်တော့… မောင်ကိုယ်တိုင်လဲ အားအင်တွေ ကုန်ခမ်းကုန်ပါပြီညို။ ညိုက နှုတ်မဆက်ပဲ တိတ်တိတ်ဖုန်းချသွားတော့ ရင်ထဲမှာ လစ်ဟာကျန်နေခဲ့သည်။ ညိုအဆင်ပြေပါစေလေ။

***************************

တခါက ချစ်တဲ့ အချစ်ကို တန်ဖိုးထားမယ်…
ပြန်ဆုံချိန်ကျ မြေမှာကြွေလဲ ကောက်ယူမယ်…

စကားပွင့်လေး။ တယောက်ယောက်ကျကျန်နေခဲ့တာ ဖြစ်မယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ နှလုံးသားထဲမှာ စကားပွင့်လေးတွေ ရှိနေဆဲပါညို။

“အဲဒါ သမီးပန်းပွင့်လေးပါဦးဦး”

၅နှစ်အရွယ်လောက်ရှိမယ့် ဆံပင်ရှည်ရှည်လေးနဲ့  ချစ်စရာကလေးလေး။ စကားပန်းလေးက သူ့ ပန်းလေးတဲ့ ညိုရယ်။

“သမီးပန်းလေးကို သူများနင်းသွားမှာ စိုးလို့  ဦးက ကောက်ပေးတာပါသမီးရယ်… ရော့… သမီးပန်းလေး… သမီးနာမည် ဘယ်လိုခေါ်လဲ”

“သမီးနာမည်က စကားပွင့် ပါဦး… ဟောမေမေလာပြီ… မေမေ ဒီဦးဦးက သမီးပန်းလေး ကောက်ပေးထားတာ”

သွက်လက်ချက်ချာသော သမီးလေးက စကားပန်းလေးကို နားကြားထဲ ပန်လိုက်တော့ ရင်ထဲမှာ တစုံတခု…။ သမီးမေမေကို နှုတ်ဆက်မလို့ ပြင်လိုက်တော့… ။ ညို။ ရင်ထဲမှာ အမြဲအလွတ်ရနေတဲ့ ပုံရိပ်လေး။ နဲနဲပြည့်လာပြီး မောင်မြတ်နိုးတဲ့ ဆံပင်ရှည်တွေ ပျောက်ဆုံးသွားသည်မှ လွဲပြီး ညိုက ဟိုးအရင် ၁၀နှစ်လောက်က အတိုင်းပါပဲ။

“မောင်”

တိုးညှင်းညှင်းခေါ်သံလေးပေမယ့် မောင်ကြားတယ် ညို။ သြော်… ညို့ မှာ ချစ်စရာ သမီးလေးတယောက်တောင် ရှိခဲ့ပေါ့နော်။
“ညို မြန်မာပြည်ကို အလည်ပြန်လာတာလား… ညို့ အမျိုးသားရော”

ညိုသွားတဲ့ ညို့ မျက်နှာကိုအတွေ့  မဆင်မခြင်မေးမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့တယ်။ ညိုက နှုတ်ခမ်းလေးကို ကိုက်ပြီး သမီးလေးဆံပင်လေးတွေကို ခပ်ဖွဖွသပ်ပေးနေတယ်။

“ညို ဒီမှာပြန်နေတာ ကြာပြီ ကိုxxx… ညိုနဲ့ ညို့ အမျိုးသားက သမီးလေးတနှစ်အရွယ်ထဲက ပြတ်စဲသွားတာပါ”

“အို”

ရင်ထဲမှာ ဆို့ နင့်သွားတယ်။ မောင့်ပန်းလေးမှ ဒီအဖြစ်ဆိုးတွေနဲ့  ကြုံရတယ်လို့ ။ မောင့်နာမည် အရင်းကို သိသိသာသာ ပြောင်းခေါ်လိုက်ပြီး ညိုက စည်းတခုကို တားလိုက်တာလား။

“ကြားရတာ စိတ်မကောင်းလိုက်တာ ညိုရယ်… ဆိုင်တဆိုင်သွားပြီး အေးအေးဆေးဆေး စကားပြောရအောင်လား… သမီးလေးလဲ ဆာနေရောပေါ့”

“ညို အချိန်မရလို့ ပါ… ခွင့်ပြုပါဦး”

ညိုက သမီးလက်ကို ဆွဲပြီး ခပ်သွက်သွက် ခြေလှမ်းပြင်တော့ ရင်ထဲမှာ မကောင်း။
သူစိမ်းတွေမှ မဟုတ်တာညိုရယ်။ ညို့ ရင်ထဲ အနှောက်အယှက်တခုလို သဘောထားရင် မောင်နေရစ်ပါ့မယ်။ ဘယ်တုန်းကများ ညို စိတ်မချမ်းသာအောင် လုပ်ရက်ခဲ့လဲ။ တခုတော့ ရှိတယ်… ညို့ သောကတွေကို ဝေမျှခံစားဖို့  အမြဲအသင့်ရှိနေတယ်ဆိုတာတော့ ညိုမမေ့နဲ့ နော်။

ပြောမထွက်တဲ့ စကားတွေနဲ့  ဝေးဝေးသွားတဲ့ ညို့ အရိပ်လေးကို ငေးနေရင်းမှ သတိဝင်လာတယ်။ ကားရပ်ထားတဲ့ နေရာကို အပြေးသွားပြီး ညို့ ကားနောက်က အသာလေး လိုက်ခဲ့မိတယ်။ ခွင့်လွှတ်ပါညို။

***************************

မြတ်နိုးမှုနဲ့  အနားမှာ လာစောင့်ရှောက်မယ်…
ပြန်ဆုံချိန်ကျ ကြွေကာနေလဲ ကောက်ယူမယ်…

လက်ထဲက ပစ္စည်းတွေ တပွေ့ တပိုက်နဲ့ မို့  ဘဲလ်ကို မနဲတီးရသည်။ ခါတိုင်းလို သမီးလေးရဲ့ အသံချိုချိုလေး မကြားရ။ ဘဲလ်ကို ထပ်ခါထပ်ခါနှိပ်လဲ အိမ်ထဲက ဘာသံမှ တုန့် ပြန်သံ မကြားရ။ သော့ကြီးခတ်လို့ ပါလား။ ညိုတို့ အပြင်ထွက်သွားတယ်တူတယ်။ ဟင်… ဒီမှာလဲ စာတစောင်။ ပစ္စည်းတွေကို အိမ်ရှေ့ က ဒန်းလေးပေါ် အသာချရင်း စာလေးကို ဖွင့်ဖတ်မိသည်။

မောင်…
မောင့်ကို ကြိုအသိမပေးပဲ မောင့်ဆီက ဒုတိယအကြိမ် ထွက်ပြေးသွားမိတာ ခွင့်လွှတ်ပါမောင်…
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာမို့ … ညို့ ဘ၀တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ အချစ်တွေနဲ့  ချစ်တတ်တဲ့ မောင့်ကို ညိုအရမ်းကျေးဇူးတင်ပါတယ်…
ဒါပေမယ့် မောင်ရယ်… ညိုဘ၀ထဲကို မောင့်ကို ဆွဲမခေါ်ရက်ဘူး…
ညိုသိပ်အတ္တကြီးသွားလိမ့်မယ်… မောင့်မိဘ၊ မောင့်အသိုင်းအ၀ိုင်း ကိုစွန့် ပြီးမှ ညိုနဲ့ မောင် ပေါင်းခွင့်ရမှာမို့  ညိုမလုပ်ရက်ဘူး…
သမီးလေးကို ဖခင်ရင်းတယောက်လို ဂရုစိုက်ခဲ့တာတွေ အတွက် ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်…
ဒီတခါတော့ လိုက်မရှာပါနဲ့ တော့မောင်…
ညိုဆိုတဲ့ မိန်းခလေးကို မေ့နိုင်အောင် မေ့လိုက်တော့နော်…
ဒီတခါမောင့်ဆီက ထွက်သွားမိတာ မောင့်အတွက်မို့  မောင်ခွင့်လွှတ်နားလည်နိုင်ကောင်းပါရဲ့…
မောင့်ရဲ့
ညို

စာအဆုံးမှာ လူက ပျော့ခွေယိုင်နဲ့ သွားသည်။ မဖြစ်နိုင်ဘူးညို။ ဒီတခါတော့ ဝေးလို့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး။ ညိုဘယ်ရောက်ရောက် မောင် လိုက်ရှာမယ်။ မောင့်ဘ၀ရဲ့ လက်တွဲဖော်က ညိုပဲ ဖြစ်ရမယ်။ မောင့်ဆုံးဖြတ်ချက်တွေကို မောင်ဘယ်တော့မှ မပြင်တော့ဘူး။ ညို… ညို ဘယ်မှာလဲ။
အိမ်ရှေ့ က ဒန်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချမိလိုက်သည်။ အနားပတ်ဝန်းကျင်မှာလဲ လူအရိပ်အယောင် မတွေ့ ရ။ တွေ့ ခဲ့ရင် ဒီအိမ်ကလူတွေ ဘယ်ပြောင်းသွားသလဲ…

လမ်းစလေးတော့ ရနိုင်သေးသည်။ ကြည့်ပါဦးညိုရယ်… ညိုမရှိတဲ့ အချိန်မှာ တနေ့ မပျက် မောင်သိမ်းထားခဲ့တဲ့ စကားပန်းလေးတွေ။ ဒီနေ့  ညို့ကို ပြမလို့ ဆို မောင်ယူလာခဲ့တာ။ ခုတော့ ညိုက မောင့်ကို ထားခဲ့ရက်ပြန်ပြီနော်။

ဒန်းပေါ်မှာ စောင့်နေတာ တနာရီလောက်ကြာတဲ့ အထိ လူရိပ်လူယောင် မတွေ့ ရတော့ ဘူတာရုံ၊ လေဆိပ်နဲ့ ကားဂိတ်တွေမှာ ရှာဖို့  သတိရသည်။ ပြန်မလို့ ပြင်တော့…။

“မေမေ… ဦးဦးသနားပါတယ် မေမေရယ်… ဦးဦးနဲ့ မခွဲနိုင်ဘူး… မလုပ်ပါနဲ့ နော်”

ဟင်… သမီးလေး အသံပါ့လား။ ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားမိသည်။ ဒါဆို ညိုတို့  အဝေးကြီးမှာ မဟုတ်သေးဘူးပေါ့။ အသံလာရာကို နားစွင့်မိတော့ တံခါးပိတ်ထားတဲ့ ညိုတို့  အိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်က။

“ညိုတံခါးဖွင့်ပေးပါနော်… အားလုံးစိတ်ဆင်းရဲရမယ့် ညို့ ဆုံးဖြတ်ချက်ကို ပြင်လိုက်ပါ”

“မေမေ… ဦးဦးကို တံခါးဖွင့်ပေးလိုက်ပါ”

ခဏကြာတော့ တံခါးပွင့်လာသည်။ တံခါးပွင့်လာတာနဲ့ သမီးလေးက အပြေးဆီးကြိုသည်။ ညိုက ညက တရေးမှ အိပ်မပျော်ထားသည့်ပုံ။ ပင်ပန်းနွမ်းရိလို့ ။ ပြီးတော့… အရုပ်ကြိုးပြတ် ထိုင်ခုံပေါ်ကို ထိုင်ပြီး ညိုငိုသည်။

“ကျွန်မက ညို့သူငယ်ချင်းပါ… အေးအေးဆေးဆေး ဆွေးနွေးကြပါ… ညိုရယ်… သိပ်ခေါင်းမမာပါနဲ့ ဟာ”

အိမ်ရှင်ဖြစ်ပုံရသည့် ညို့ သူငယ်ချင်းက ခြံထဲဆင်းသွားသည်။ ညို့ လက်လေးတွေကို ဆုပ်ကိုင်ရင်း အားပေးမိသည်။

“မှတ်မိလားညို… ပထမတခေါက် ညိုအဝေးကို ထွက်သွားခါနီး မောင်ပေးတဲ့ ကတိလေ… ညို့ ကို ပဲ မောင်လက်ထပ်မယ်… လက်ထပ်ခွင့်ပြုပါညို…”

ညို့ အတွက် ရည်စူးထားတဲ့ လက်စွပ်လေးကို ညို့ လက်မှာ အသာစွပ်ပေးတော့ ညိုမရုန်းတော့။ ခုနက ငိုနေသည့် သမီးလေး မျက်နှာလဲ ပြုံးလာသည်။

“မောင့်ကို ညိုဘယ်လို အင်အားတွေနဲ့  ငြင်းနိုင်တော့မလဲ”

ညိုက မောင့်ပုခုံးပေါ် မှီနွဲ့ လာသည်။ သမီးလေးက ညို့ မျက်ရည်တွေကို တယုတယ သုတ်ပေးရင်း… ချစ်စရာ စကားတခွန်းဆိုသည်။

“ဖေဖေရယ်… မေမေရယ်… မီးမီးရယ်… ချစ်စရာမိသားစုလေး ခုမှ လူစုံသွားပြီနော် မေမေ… နော်ဖေဖေ”

ဖေဖေတဲ့လားသမီးရယ်။ ရင်ထဲမှာ ကြည်နူးနွေးထွေးခြင်းတွေနဲ့ ။ ဟော… မမြင်ရတာကြာတဲ့ သွားတက်လေးတွေနဲ့  ညို့ အပြုံးလေး။ ရည်ရွယ်ခူးလာတဲ့ စကားပွင့်လေး ၂ပွင့်ကို ညို့  နားကြားမှာ တပွင့် ၊ သမီးလေးနားကြားမှာ တပွင့် ပန်ပေးလိုက်တော့ ချိုလွင်သော ရယ်သံလေးတွေ ညံသွားတော့သည်။

***************************

(စာကြွင်း။ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာသာ အများဆုံးတွေ့ ရတဲ့ စွန့် လွတ်အနစ်နာခံ ပေးဆပ်ချစ်တတ်တဲ့ အချစ်ကို ကျွန်မပတ်ဝန်းကျင်က မိသားစုလေးမှာ တွေ့ လိုက်ရတဲ့အခါ သူတို့ ရဲ့ ကြည်နူးနွေးထွေးမှုတွေက ကိုယ့်ဆီကူးစက်ပြီး ဒီပို့ စ်လေးကို ဖန်တီးမိခြင်းပါ။ ဇာတ်လမ်းကြောရိုးကိုသာ ယူထားခြင်းဖြစ်ပြီး ၀တ္ထုတပုဒ်ဖြစ်အောင် စိတ်ကူးချဲ့ ထွင်ထားခြင်းမို့  အမှားအယွင်းများ ပါခဲ့ရင် ကျွန်မရဲ့ ပေါ့လျော့မှုသာ ဖြစ်ပါကြောင်း။ ဇာတ်လမ်းလေးနဲ့  အရမ်းလိုက်ဖက်တဲ့ Rဇာနည်ရဲ့ မျှော်လင့်နေမယ် သီချင်းလေးကို ဇာတ်ဝင်တေးအနေနဲ့  ယူသုံးထားပါတယ်။)

တန်ခူး
1:30pm 19-Feb-2009

Friday, February 13, 2009

အဖေ့ပန်းပု

ကျွန်မ ငယ်ငယ် မူလတန်းကျောင်းသူ အရွယ်က အဖေ ရွှံ့ နဲ့  ပန်းပုရုပ်လေး တခုလုပ်ခဲ့တယ်။ အိုးပုတ်လေးလောက်ပဲသိသေးတဲ့ ကျွန်မက အဖေလုပ်နေတာကို စိတ်ဝင်တစားကြည့်လို့ … ဘာပုံလေးများဖြစ်လာမလဲ ရင်တွေခုန်လို့ ။ နောက်ဆုံး ရုပ်လုံးပေါ်တော့မှ အဖိုးပုံဆိုတာ သိလိုက်ရတယ်။ အဖေက ဘယ်သူ့ ဆီကမှ ပန်းပုပညာမသင်ဖူးပါပဲ အဖိုးပုံလေးကို တကယ့်လက်ရာမြောက်အောင် လုပ်နိုင်ခဲ့တယ်။ အဲဒီအရုပ်လေးကို ဧည့်ခန်းမှာ တမြတ်တနိုးနဲ့  ထားခဲ့တယ်။ ခုချိန် ကျွန်မပြန်တွေးတော့ အဖေ အဲဒီလို ထုဆစ်နိုင်ခဲ့တာ သူ့ နှလုံးသားထဲမှာ အလွတ်ရစွဲထင်နေတဲ့ သူ့ သူရဲကောင်း အဖိုးပုံရိပ်ကြောင့်ပါ။ အဲဒီ အဖိုးပုံ ပန်းပုလေးကလဲ ခုချိန်ထိ အဖေ ထုဆစ်တဲ့ တခုတည်းသော ပန်းပုလေးပါပဲ။ ဒီနေ့ ဒီရက်မှာ အဲဒီပန်းပုရုပ်ထုလေးကို လွမ်းနေမိတယ်။ တကယ်လို့ များ.. ကျွန်မလဲ အဖေ့လို ပန်းပုထုဆစ်ခွင့်ရမယ်ဆိုရင် အဖေထုဆစ်သလို ထထေရာထဲ ထုဆစ်နိုင်လိမ့်မယ်လို့  ဘာကြောင့်များ ယုံကြည်နေမိပါလိမ့်။

ချစ်တဲ့အဖိုးမွေးနေ့ အမှတ်တရ

တန်ခူး
1:10pm 13-Feb-2009

Tuesday, February 10, 2009

နာမည်စီးကြောင်း

ခုခေတ်မှာ နာမည်လှလှဆန်းဆန်းလေးတွေ အတော်ကို ခေတ်စားလာတာတွေ့ ရတယ်။ ပေးတဲ့သူတွေကလဲ ပေးတတ်လိုက်ကြတာ။ ကလေးမွေးရင် ဗေဒင်ဆရာဆီမှာ နာမည်ပေးဖို့  သတ်သတ် ပိုက်ဆံပေးရတယ်ဆိုပဲ။ ကျွန်မပတ်ဝန်းကျင်က ကလေးလေးတွေဆို ရုပ်ကလေးတွေကလဲ တကယ့်ဖူးဖူးချောချောလေးတွေ၊ နာမည်လေးတွေကလဲ ကဗျာဆန်လိုက်တာ… သက်နှင်းခင်ခင်တဲ့… ကြာငုံခင်ခင်တဲ့… ကြည်နူးခင်ခင်တဲ့… ညှင်းလေပြေတဲ့… ဒေါင်းမဒီတဲ့… မင်းယမုံတဲ့။ ကိုယ်မိန်းခလေးမွေးရင်လဲ အဲဒီလို နာမည်လေးတွေ ပေးမယ်လို့ အားခဲခဲ့တာ ယောင်္ကျားလေးဆိုတော့ ဗေဒင်မမေးပဲ ကျွန်မရယ်၊ ကျွန်မအမျိုးသားရယ်၊ မေမေရယ် တညထဲ စဉ်းစားပြီး သားနာမည်လေးကို ကတိုက်ကရိုက် ပေးခဲ့ကြတာပါ။

တကယ်တော့ ကျွန်မတို့  ခေတ်လောက်ကတည်းက နာမည်လေးတွေ အတော်ဆန်းလာခဲ့တာပါ။ နေနွယ်ဇင်မြင့်…လမင်းမိုမိုတို့  ၀တ္ထုထဲက နာမည်မျိုးလေးတွေ။ ငယ်တုန်းက သူများတွေ နာမည်လှလှဆန်းဆန်းလေးတွေ သိရရင် ကိုယ့်နာမည်ရိုးရိုးကြီးကို ပြင်ချင်သလိုလို၊ ကိုယ်လဲ နာမည်လှလှလေး တခုလောက် ပိုင်ချင်သလိုလို ဖြစ်မိခဲ့ပါတယ်။ ကိုယ့်နာမည်ကလဲ ဘယ်လောက်ရိုးသလဲဆို အထက်တန်းကျောင်းမှာလဲ အထက်တန်းကျောင်းမို့ ၊ RITရောက်တော့လဲ RITမို့  အနည်းဆုံး နာမည်တူ တယောက်ကတော့ ရှိပြီးသား။ အဖွားက မြေးဦးဆိုပြီး အမြတ်တနိုးပေးခဲ့တဲ့ နာမည်လေးဆိုတော့လဲ အဲဒီနာမည်ရိုးရိုးလေးကိုပဲ အဖွားပေးတဲ့ အမွေအဖြစ် တဖြေးဖြေးနဲ့ မြတ်နိုးသွားမိပါတယ်။

နာမည်လှလှလေးတွေအကြောင်းတွေးမိတိုင်း နာမည်ဆိုးဆိုး(ဒီနေရာမှာ ဆိုးတယ်ဆိုတာ မလှတာကို ဆိုလိုချင်တာပါ) တွေကို သွားသွားသတိရမိပါတယ်။ ကျွန်မရဲ့ အညာက ဆွေမျိုးတချို့ မှာ ဘယ်တော့မှ မမေ့လွယ်တဲ့ မွေးနာမည်ကြီးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ့်သားသမီးတွေကို ကောင်းပေ့၊ ညွန့် ပေ့ နာမည်တွေ ပေးဖို့ လောက်အောင် မစဉ်းစားမိတဲ့ အထိ ရိုးသားကြသူတွေပါ။ အဲဒီအချိန်မှာ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တခုရှိရင် မှတ်မိလွယ်အောင် ကောက်ပေးတတ်ကြတာမျိုး။ ကျွန်မ ဦးလေးဝမ်းကွဲ နှစ်ယောက်နာမည်ဆို ၀ဲဘို နဲ့  ၀ဲချို တဲ့။ သူများကြားရင် ၀ဲပေါက်တဲ့နေရာမှာ ဗိုလ်ဆွဲလို့ လို့  ထင်စရာ။ ဘာကြောင့် ဒီနာမည်ပေးခဲ့သလဲဆိုတော့ အဖွားက မမှတ်မိတော့။ သူမှတ်မိတာ အငယ်ကို အလွယ်ကာရံညီအောင် ၀ဲချိုလို့ ပေးခဲ့တာပဲတဲ့။ အဲဒီဦးလေးတွေ မြို့ မှာနေတော့ နာမည်ကြားရင် လူတွေက ပြုံးကြပါတယ်။ ခေတ်မှီတဲ့ ကျွန်မအဖိုးက ၀ဲဘို ကနေ လှဝင်းလို့  ပြောင်းပေးခဲ့တာ ခုဆို သူ့ နာမည် ၀ဲဘိုဆိုတာ တောကသူတွေသာ သိတော့ပါတယ်။ အငယ်ဦးလေးကတော့ ဘယ်သူပြောင်းပေးမှ မစောင့်ပဲ ၀ဲချိုကနေ ၀င်းချိုလို့  သူ့ ဘာသာ ပြောင်းယူလိုက်ရော။ ခေတ်မှီတဲ့ ကျွန်မအဖိုးက သူ့ သားအရင်းကျတော့ ကျောက်ခဲလို့  ပေးတာ အံ့သြစရာပါ။ ကျွန်မဦးလေးကတော့ ရန်ကုန်လဲ ကျောင်းလာနေရော ခင်ကို ဆိုတဲ့ မိန်းခလေးတွေ ကျမယ့် နာမည်လှလှလေး သူ့ ဘာသာပြောင်းယူခဲ့တယ်လေ။ ကျွန်မရဲ့ နောက်ဦးလေးတယောက်ကတော့ အဖေပေးထားခဲ့တဲ့ ဘိုသိုးဆိုတဲ့ နာမည်လေးနဲ့ အရိုးထုတ်လာတာ ခုတော့ ရွာမျက်နှာဖုံး ဦးဘိုသိုးပေါ့။ ဦးခွေးသိုးဆိုတဲ့ နောက်ဦးလေးတယောက် ကျတော့ သူငယ်ချင်းတွေ နောက်လွန်းလို့  ဦးဌေးဝင်းလို့  ပြောင်းခဲ့ရပါတယ်။ ကျွန်မဦးလေးတွေက အလျိုအလျိုနာမည်ပြောင်းကြပေမယ့် အဒေါ်တွေကတော့ နာမည်ပြောင်းရကောင်းမှန်းကို မသိအောင်ရိုးကြသူတွေပါ။ မဆိုး၊ ညိုတုတ်၊ မထူ၊ မဗျားတုတ်၊ ရှပ်တေး… တဲ့။ မဆိုးဆိုတဲ့ အဒေါ်က ရုပ်ဆိုးလွန်းလို့ ဆို သူ့ အမေက အဲဒီလိုပေးခဲ့သတဲ့။ ခုဆို သားက ဖွားဆိုး… ဖွားဆိုးနဲ့ ချစ်စနိုးခေါ်ရင် ကျေနပ်နေတတ်တဲ့ စိတ်လေးအတော်လှတဲ့ ကျွန်မအဒေါ်အပျိုကြီးပေါ့။

အဲဒါက ဟိုဘက်ခေတ်က နာမည်တွေပါ။ ဒီဘက်ခေတ်ရောက်လာတော့ အညာက ကျွန်မ၀မ်းကွဲ ညီအကိုမောင်နှမ၊ တူ၊တူမတွေ နာမည်က မြို့ ဆန်ရုံမက မြို့ ထက်တောင်သာနေတာတွေ့ ရတော့ ကျွန်မပြုံးမိပါတယ်။ တက်နေ၀င်းတဲ့…ကျန်စစ်ဝင်းတဲ့… မေစုနိုင်တဲ့… ဟန်နီဇင်တဲ့… ၀င့်အိမ်ခြယ်တဲ့။ ခေတ်ရေစီးကြောင်းအရှိန်က ဟိုးတုန်းကနဲ့ မတူ မြန်ဆန်လာတယ်ဆိုတာ အဲဒီနာမည်လေးတွေက သက်သေခံနေသလိုပါပဲ။

တန်ခူး
12:15pm 09-Feb-2009

Wednesday, February 4, 2009

လေနုအေးသို့  အကြွေး

ကျွန်မဘလော့ဂ် လေနုအေးလေးကို တွေ့ တိုင်း ဆရာနန်းတော်ရှေ့ ရဲ့ ကျွဲမ သီချင်းလေးကို သွားသွား သတိရမိတယ်။ သူ့ ခမျာ ဘာအဆင်တန်ဆာမှ မရှိတဲ့ ရုပ်ဆိုးမလေး။ လူမသိ၊ သူမသိ တနှစ်သာကျော်လာတယ် ဒီအကျီင်္အဟောင်းလေးနဲ့ ။ သူသာ အသက်ရှိရင် ခြေလေးဆောင့်ပြီး ကျွန်မကို စိတ်ကောက်မလား… ဒါမှမဟုတ် အခုအတိုင်းလေးပဲ ထားရာနေ စေရာသွားမလား စိတ်ထဲမှန်းကြည့်နေမိတယ်။ သူများဘလော့ဂ်လေးတွေများ အကျီင်္အသစ်လေးတွေ ခဏခဏလဲ၊ အရောင်အသွေးလေးတွေ စုံစုံလင်လင်၊ တချို့ များဆို သာယာနာပျော်ဘွယ် သီချင်းသံလေးတွေနဲ့ ။ လာသမျှ ဧည့်သည်ကို ဧည့်ဝတ်ကျေကျေ ဧည့်ခံတတ်တဲ့ အိမ်ရှေ့ ကွတ်ပျစ်ပေါ်က ရေနွေးကြမ်းဝိုင်းလေးနဲ့  တူတဲ့ ဆီဗုံးလေးတွေကိုယ်စီနဲ့ ။ လေနုအေးခမျာတော့ တခါတလေ ပို့ စ်အသစ်တောင် မတင်နိုင်တဲ့ ကျွန်မကြောင့် လာသမျှ ဧည့်သည်ကို မချိသွားဖြဲလေး လုပ်နေရရှာမှာ။ တခါတလေ ကော်မန့် တွေ ပြန်တာ နောက်ကျတော့လဲ သူပဲ မျက်နှာပူရမှာ။

တကယ်တော့ ကျွန်မက စာရေးဝါသနာကြောင့်သာ ဘလော့ဂ်လေး တခုလုပ်ရတာ တခြားပိုင်းမှာ ဘာမှ မကျွမ်းကျင်ပါဘူး။ ကိုယ်တိုင်က ကွန်ပြူတာသမားပေမယ့် ကိုယ့်အလုပ်နဲ့ ဆိုင်တာလေးသာ ကွက်ကွက်လေးလေ့လာတတ်တဲ့ ကျွန်မကို အမျိုးသားဆူတာ ခဏခဏခံရပါတယ်။ ဒီဘလော့ဂ်လေးတောင် ကိုပေါကျေးဇူးကြောင့် ဘလော့ဂ်လားမြောက်လာရတာပါ။ ဟိုတနေ့ က ကိုပေါက eotမရှိသေးတဲ့ ကျွန်မဘလော့ဂ်ကို eotလုပ်ပေးတာကြောင့် eotလေးရသွားပါတယ်။ သူများဘလော့ဂ်က ဘန်နာလှလှလေးတွေ၊ ဘက်ဂရောင်းလှလှလေးတွေဆို သိပ်အားကျမိပါတယ်။ လတ်တလော ကော်မန့် တို့ … လက်ရှိအသစ်ပို့ စ်လေးတွေတို့ ဆို သိပ်အဆင်ပြေတဲ့ အရာလေးတွေပါ။ ကိုယ့်ဘလော့ဂ်သွားလိုက်တာနဲ့  ဘယ်သူအသစ်လေးတွေ တင်ထားတယ်ဆိုတာ တန်းသိတာလေ။ ပြီးတော့ blog follower… တကယ်ကိုယ်follow လုပ်တဲ့ ဘလော့ဂ်တွေက အများသား။ ဒါပေမယ့် အဲဒီlistထဲ မထည့်ဖြစ်။ ကိုယ့်ကိုfollowလုပ်တဲ့ ဘလော့ဂ်လေးတွေလဲ စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်နေမိပေမယ့် သူများတွေလို လက်တွေ့ ဘလော့ဂ်ပေါ်တင်ပြီး အသိအမှတ်မပြုဖြစ်။ ခုနောက်ပိုင်း link post ဆိုလား… သတိတော့ထားမိတယ်… တခုဖတ်ရင်းနဲ့  စိတ်ကူးတည့်တာလေး ဆက်ဖတ်သွားလို့ ရတာမျိုး။ ရေကန်အသင့်၊ ကြာအသင့်ရှိပေမယ့် ရေမခပ်အား ကြာမချိုးအားတဲ့ ကိုယ့်ဘ၀ကိုယ်ပဲ အပြစ်တင်မိပါတော့တယ်။

တချို့ ဆို ကိုယ့်ပို့ စ်အတွက် သရုပ်ဖော်ပန်းချီလေးတွေကအစ ဖန်တီးတတ်လိုက်ကြတာ။ သွားရည်တွေကျပြီး ပြန်ပြန်လာ။ ကိုယ့်ပို့ စ်ကျတော့ အင်တာနက်က ပုံလေးတောင် မနည်းရှာယူရတယ်။ ဓာတ်ပုံရိုက်ကလဲ မကျွမ်းကျင်။ အလင်း၊ အမှောင်တွေ သိပ်မစဉ်းစားပဲ ရိုက်ရိုက်ပစ်လိုက်တာ။ အလှဆင်ဖို့  အသာထား ပို့ စ်လေဘယ်တောင် တတ်ဖို့ မေ့ နေတာ အတော်ကြာပေါ့။ ကြာလာတော့ ကိုယ့်ဘလော့ဂ်ဆီ လာလည်တဲ့သူတွေ အားနာလာတယ်။ ဒီမပြည့်မစုံ ချို့ ချို့ တဲ့တဲ့ (အင်း… ပြောရင်း ငိုတောင်ငိုချင်လာပြီ) ဘလော့ဂ်လေးကို ၀ိုင်းဝန်းအားပေးကြတဲ့ စာဖတ်သူ ဘလော့ဂ် ပရိသတ်အားလုံးကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ ခုတော့ လေနုအေးလေးလဲ သနားလို့  ဘလော့ဂ်ကြွလာ မိတ်သဟာလဲ အားနာလို့  ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ အကျီင်္အသစ် (ဘန်နာအသစ်လေး) ကို တင်လိုက်ပါတယ်။ မလှလဲ လှတယ်လို့ အားပေးနော်။ အဲဒီပုံလွယ်လွယ်လေးကို နေ့ ဝက်လောက် အချိန်ကုန်သွားတယ်ဆိုရင် ကျွန်မရဲ့ အနုပညာကို ခန့် မှန်းလို့ ရမှာပါ။ မနှစ်က ခရစ်စမတ်အကြိုနေ့ က မွေးဖွားခဲ့တဲ့ လေနုအေးကို အသက်တနှစ်ကျော်တဲ့အထိ အားပေးလာကြတဲ့ ဘလော့ဂ်ရောင်းရင်းတွေရဲ့ မေတ္တာကို အလေးအနက် ကျေးဇူးတင်လေးစားမိပါတယ်။ လေနုအေးကြောင့် ပူပင်မှုသောကတွေ ခဏအနားရသွားတယ်ဆိုရင်ပဲ ဖန်တီးရကျိုးနပ်လှပါပြီ။ လေနုအေးက ဆောင်ယူပေးသော မေတ္တာကြောင့် တကမ္ဘာလုံးငြိမ်းချမ်းကြပါစေ။

တန်ခူး
4:21pm 04-Feb-2009