ငယ်ငယ်တုန်းက ဒီနေ့ လိုနေ့ မတိုင်ခင် တပတ်အလိုကတည်းက မေမေက အကျီင်္လှလှလေးတွေ ၀ယ်ပေးဖို့  စကော့ဈေးက ဦးလေးကြီးဂါဝန်ဆိုင်ကို ခေါ်သွားနေကျ…။ မေမေရွေးပေးတဲ့ ဂါဝန်လေးတွေဝယ်ပြီး သီတင်းကျွတ်ပွဲတော် အတွက် ကြိုတွေးပြီး ပျော်နေရော။ အဲဒီတုန်းက ဂါဝန် ၃ ထည်မှ တရာ…(အံ့သြသွားလား… ကလေးတို့ ရေ)။ အပြန်ကျတော့ ဖေဖေက ကျောက်ကုန်း ကုန်းဆင်းက ဆိုင်မှာ မီးပုံးလေးတွေ ၀ယ်ပေး…။ မောင်လေးက သူများထက်ထူးတဲ့ သင်္ဘောကြီးတွေ၊ အမြှောက်ကားကြီးတွေမှ ပူဆာတာ…။ ဖေဖေကတော့ သားလေး ဒီတယောက်ထဲရှိတာဆို ၀ယ်ပေး…။ ကိုယ်ကတော့ တွန်းလို့ ရတဲ့ ယုန်လေးဖြစ်ဖြစ်… ကြက်ကလေးဖြစ်ဖြစ် ရပြီ။ ညီမလေးကတော့ မေမေ့ရင်ခွင်ထဲကနေ တခစ်ခစ်နဲ့  အရုပ်လေးတွေ ကြည့်ပြီးသဘောကျလို့ …။
လမ်းထဲမှာတော့ အကိုကြီးတွေက တက်တက်ကြွကြွ မီးထွန်းဖို့ တိုင်တွေမြှပ်ဖို့  တွင်းတွေတူးကြ…။ မီးကြိုးတွေ သွယ်ကြ…။ သက်ကြီးပူဇော်ပွဲအတွက် မဏ္ဍတ်ထိုးကြ…။ ပွဲပါတဲ့နှစ်တွေဆို ပိုစည်စည်ကားကား…။ အိမ်ရှေ့ က တူးမာတို့ အိမ်မှာ ညဘက်ဆို ဆိုင်းသံ၊ဗုံသံ တညံညံနဲ့ … အကတိုက်၊ ယိမ်းတိုက်၊ပြဇာတ်တိုက်…။ ညဆို အိမ်ကပျောက်လို့ လိုက်ရှာရင် ခါတိုင်းလို ဦးနှောက်သိပ်မစားရ။ အကတိုက်တဲ့ရှေ့  ပါးစပ်လေးဟ ငေးနေမယ့် ကိုယ့်ကို လွယ်လွယ်ကူကူ တွေ့ ရမယ်လေ…။ ပြဇာတ်မန်နေဂျာ ကိုကုလားကတော့ သိမ်ကြီးဈေးသွားပြီး ပြဇာတ်အတွက်လိုအပ်တဲ့ သေနတ်အတုတို့ ၊ သွေးအတုတို့ ၊ ပန်းအတုတွေ ၀ယ်..။ အိမ်ဘေးက အချက်အပြုတ်တာဝန်ခံ မနုတို့ အဖွဲ့ ကတော့ ကုန်ခြောက်တွေစု…။ လပြည့်နေ့ မရောက်ခင်ကတည်းက အတော်ကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း…။
လမ်းထိပ် အ၀င်ဝကို တလမ်းနဲ့ တလမ်း အပြိုင်အလှဆင်ကြ။ တနှစ်နဲ့ တနှစ်ကလဲ မထပ်စေရ။ ကလေးဆိုတော့ ငါတို့  ဂိတ်က ပိုလှ သူတို့ ဂိတ်က ပိုလှနဲ့ ငြင်းကြခုန်ကြပေါ့။ လပြည့်နေ့ မတိုင်ခင် တရက်လိုထဲက မီးတွေ ထိန်ထိန်ညီးအောင် စထွန်းကြရော..(အံ့သြသွားလား… ကလေးတို့ ရေ)။ အသံချဲ့ စက်ကလည်း ဆင်ပြီးသားဆိုတော့ ဦးအေးကြိုင်တို့ က လပြည့်နေ့ အစီအစဉ်တွေ ကြေငြာလိုက် သီချင်းလေးတွေ ဖွင့်လိုက်နဲ့ ။ တချို့ က ငှားထားတဲ့ မိုက်ကို ကောင်းကောင်းကြီးနဲ့  Testing 1 2 3, Hello Testing 1 2 3 လုပ်ရတာလဲ အမော။ မနုတို့ အဖွဲ့ က ကြက်သွန်နွှာ၊ ကြက်သားကိုင်၊ ဆန်ရွေး… စအလုပ်ရှုပ်နေကြရော…။ ကိုယ်တို့ ကတော့ အဲဒီနေ့ ကတည်းက မေမေ၀ယ်ပေးတဲ့ ဂါဝန်လေးဝတ်၊ ဖေဖေ၀ယ်ပေးတဲ့  မီးပုံးလေးတွန်းပြီး ရွာရိုးကိုးပေါက် စလျှောက်ပြီ…။ အဆန်းကြိုက်တဲ့ မောင်လေးမီးပုံးကြောင့် သူ့ နောက်မှာ ကလေးတွေက ရထားတန်းကြီးလို ပါလာတာ သူက ခပ်ပြုံးပြုံးနဲ့  ဂုဏ်ယူလို့ လေ…။
လပြည့်နေ့ ကတော့ မနက်လင်းအားကြီးထဲက စပီကာသံ ဆူဆူညံညံ။ အာရုဏ်ဆွမ်းအတွက် တအိမ်ကို ဟင်းတခွက်ပို့ ကြရတော့ တရပ်ကွက်လုံး နိုးနေကြပြီ။ မေမေကတော့ အညာသူပီပီ ၀က်ပုန်းရည်ဟင်းလေး ချက်ပို့ နေကျ။ တရားနာထဲက ထမီလေးဝတ် မေမေ့နောက် လိုက်သွားပြီး လက်အုပ်လေးချီ ဟိုငေးဒီငေး။ ဘုန်းကြီးပြန်ကြွတော့ စပီကာထဲက မင်းအောင်တို့  အနိုင်တို့ …အပြိုင်အဆိုင်ထွက်လာတယ်…။ ဒီဘက်လမ်း အနိုင်၊ ဟိုဘက်လမ်းက မင်းအောင်၊ နောက်တလမ်းက တွံတေးသိန်းတန်…။ “ကိုရေ…စိုးသင်္ဘောပေါ်တက်ခဲ့မယ်နော်”… “မတက်ခဲ့နဲ့ စိုး” “ဟယ်လို… ကိုကုလား..ဟယ်လို … ကိုကုလား… ရောက်ရာအရပ်က အမြန်ဆုံး မဏ္ဍတ်ရှိရာ လာခဲ့ပါ” “ကလေးတွေ… ကလေးတွေ မဏ္ဍတ်ပေါ်မှာ မခုန်ပါနဲ့ ” “ချက်ပြုတ်ရေးအဖွဲ့ က ကောင်လေးတွေ ဒီမှာ ရေကုန်နေပြီ”…. အဲဒီလို သီချင်းသံကြားထဲမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ တောင် စပီကာသုံးကြတာ ရယ်လဲရယ်ချင်စရာ ပျော်လဲပျော်စရာပါ။
နေ့ ဆွမ်းကပ်ပြီးတဲ့အခါ သက်ကြီးပူဇော်ပွဲ စပါတယ်။ အဖိုးတွေက ရှပ်အဖြူသန့် သန့် လေးတွေနဲ့  အဖွားတွေက ရှန်သားဖြူဖြူလေးဝတ်ပြီး သနပ်ခါးလေးတွေနဲ့  သူတို့ ကြည့်ရတာ အတော် စိတ်ချမ်းသာစရာ…။ ဖေဖေက နှစ်တိုင်း လူကြီးတွေ ကန်တော့ချိုးကို ရှေ့ ကတိုင်ပေးနေကျ။ စကားပြောကောင်းတဲ့ အဖိုးတယောက်က ဆုပေး၊ ဆုံးမစကားပြော…။ ပြီးတော့ တလမ်းလုံး မဏ္ဍတ်ထဲမှာ တိုးတိုးဝှေ့ ဝှေ့ နဲ့  ထမင်းစားကြ…။ ကြက်သားဗူးသီး ကာလသားချက်လေးနဲ့  ငါးခြောက်ကြော် ကြွတ်ကြွတ်လေးနဲ့  ထမင်းက လျောကနဲလျောကနဲ မြိန်ချက်…။
ညနေစောင်းတော့ အိမ်က အဒေါ်က မိတ်ကပ်ဗူးတွေ သယ်ပြီး ဆိုမယ့် ကမယ့် သူတွေ မိတ်ကပ်လိမ်း ဆံပင်ပြင်ဖို့  တူးမာတို့ အိမ်ပြေးတော့ ကိုယ်ကလဲ စပ်စုချင်တာနဲ့  သူ့ နောက်က မယောင်မလည်လိုက်သွား…။ အဒေါ်က မိတ်ကပ်စိုးစိုး စတိုင်နဲ့  တမျက်နှာပြီး တမျက်နှာ လိမ်းတော့တာပဲ။ ပြဇာတ်မင်းသမီးကိုတော့ နဲနဲ အချိန်ပေးပြင်… ပြဇာတ်မင်းသားကိုလဲ ပေါင်ဒါလေး နဲနဲတို့ ...။ သူငယ်တော်ကမယ့်  ကိုဝင်းသိန်းတို့ အဖွဲ့ ကျတော့ ပါးကွက်ဝိုင်းဝိုင်းလေးတွေ ညီညီညာညာကွက်… ။ ပြဇာတ်ဆရာ ကိုကုလားကတော့ အင်္ဂုလိမာလ နောက်ပိုင်းဇာတ်အတွက် မုန့် ကြွတ်ချောင်းလေးတွေကို လက်ညှိးလေးတွေနဲ့  တူအောင် သီလို့ …။ အဒေါ်က မိတ်ကပ်ပြင်ရာက ပွဲကြည့်စင်ရှေ့  နေရာဦးဖို့  အမှတ်ရလိုက်သေးတယ်…။ နဲနဲမှောင်လာတော့ ပြင်ဆင်တဲ့နားက ထလာပြီး အိမ်က မီးပုံးဆွဲပြီး ထွက်တော့ တာပဲ။ တလမ်းလုံး လမ်းတဘက် တချက်မှာ ဗန်ဒါရွက်လေးတွေဆိုင်ပြီး ဖယောင်းတိုင်လေးတွေ စီစီညီညီ ထွန်းကြရတာ ပျော်စရာ။ မောင်လေးတို့  အုပ်စုကတော့ မီးပုံးတွေ ဘေးချပြီး ဗြောက်အိုးဖောက်နေပြီ။
ဖေဖေနဲ့ မေမေကို မောင်နှမတွေ ကန်တော့ကြပြီး မုန့် ဖိုးတွေလဲရရော ရပ်ကွက် ပွဲဈေးတန်းလေးဆီ ပြေးတာပဲ…။ မသန်းနွဲ့ ရဲ့ ငှက်ပျောပေါင်း၊ အမေကျော့ရဲ့ မုန့် ကြတ်တိုက်၊ မနုရဲ့ အသုတ်စုံ… မုန့် ဖိုးပြောင်မှ အဒေါ်ဦးထားတဲ့ ဖျာနေရာဆီ အပြေးအလွှားသွား…။ ကိုကုလားတောင် အစီအစဉ် ကြေငြာနေပြီ။ အဖွင့်သီချင်းဆိုတော့မှ ကိုယ့်အဒေါ် ဘယ်လောက်တော်လဲ သိရတယ်…။ လမ်းထဲက အပျိုတွေလှလိုက်တာ မင်းသမီး အစစ်တွေ အတိုင်း။ ကိုဝင်းသိန်းတို့  ပွင့်တူရွက်တူတွေ ခေါင်းထိပ်တည့်တည့်ပန်ပြီး သူငယ်တော်ကသွားတာ ရယ်စရာ…။ ပန်းပိတောက်ကို ချစ်တယ်ဆိုတဲ့ အကိုကြီးနဲ့  အမကြီးက ပီပြင်လွန်းလို့  တကယ်ကြိုက်နေသလားတောင် ထင်ရတယ် (ထင်တာ မှန်ပါတယ်… အဲဒီနေ့ ညပဲ ခိုးပြေးသွားကြတာလေ… မှတ်မိနေသေးတယ်)…။ ငယ်သူငယ်ချင်းရေ ခုတော့ ငယ်ကျွမ်းဆွေက သီတင်းကျွတ်ပွဲတိုင်းရဲ့ ဇာတ်ဝင်တေးလို ဖြစ်နေပြီ…။ နောက်ပိုင်း ပြဇာတ်မတိုင်ခင် မေမေက အိပ်ရအောင် လာခေါ်တော့ ဘူးခံငြင်းတယ်…။ မျက်လုံးကလဲ ပြူးကျယ်လို့ …။ ပွဲခင်းထဲ လာရောင်းတဲ့  မုန့် လေပွေ ကလဲ ကောင်းမှကောင်း။
လာပါပြီ… ကိုကုလားရဲ့  ပြဇာတ် ။ သူ့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင် ဇာတ်လိုက်မင်းသမီးရဲ့ အကိုနေရာက သရုပ်ဆောင်…။ စကားပြောဟန်က မြတ်လေးအတိုင်း…။ သူ့ မှာ အနုပညာဗီဇက အပြည့်…။ ခက်တာက ပွဲခင်းထဲမှာ မောင်တင်ဦးမပါ… မောင်နန္ဒမပါ… ။ သူ့ ခမျာ မီးခဲပြာဖုံး…။ လူဆိုးနဲ့ ဖိုက်ကြတော့ လက်ခုပ်သံတွေ တဖြောင်းဖြောင်း… ။ နောက်ပိုင်း အဂုင်္လိမာလဇာတ်က သရုပ်ဆောင်တွေ အားလုံးမာန်ပါပါလျက် မိန်းမလျာမအေးကြွယ်ကို အမေလုပ်ခိုင်းတော့ သနားရမယ့်အစား တ၀ါးဝါး ပွဲတွေကျ… ။ မနက်လင်းအားကြီးမှ ပွဲကပြီးတယ်… ။ လကြီးကတော့ သာနေတုန်း…။ ကိုယ့်ဖျာကိုလိပ်ပြီး ခပ်နှေးနှေး ခြေလှမ်းတွေနဲ့  အိမ်ပြန်ကြတယ်…။ ပြီးတော့… အိပ်မက်ထဲမှာလဲ သီတင်းကျွတ်… ။
(သီတင်းကျွတ်လပြည့်နေ့ မှာ ဘလော့ဂ်ရောင်းရင်းတို့  ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ … )
တန်ခူး
5:00pm 14-Oct-2008 (သီတင်းကျွတ်လပြည့်နေ့ )

24 comments:
a very nice post. sorry,my office computer has no myanmar font. May you and your family be happy on Full Moon Day.
အမတန်ခူးရေ အိမ်ကို လွမ်းလို့ အိပ်ယာထဲခွေနေတာ။ အမပို့စ်ကိုဖတ်လိုက်လို့ ပိုလွမ်းသွားတယ်။ ပွဲခင်းထဲလာရောင်းတဲ့ မုန့်လေပွေလေး စားချင်လိုက်တာဗျာ။ မဇနိငယ်ငယ်ကလည်း လူကြီးတွေမိတ်ကပ်လိမ်နေကြရင် ဘေးကငေးချင်တာ။ အမတန်ခူးရေ အခုသီတင်းကျွတ်ရော ဂါဝန်လေးမရဘူးလား ဟင်။ အိမ်ကို လှမ်းတောင်းလိုက်အုံးနော။
“ကိုဇနိ ကိုဇနိ နိနိ ချက်လက်မှတ်ယူလိုက်မယ်လေ”
“ဟာ မယူနဲ့ မယူနဲ့ စိုးစိုး အဲဟုတ်ပေါင် မဇနိ ချက်လက်မှတ်က အတုကြီး”
အမတန်ခူးရေ ကွန်းမန့်လေးနဲ့အတူ ကိုဇနိ မဇနိက လာကန်တော့သွားတယ်နော်။
သားလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ
ဖတ်လို့ကောင်းပါ့..မတန်ခူးရေ- လွမ်းစရာကောင်းပေမဲ့..မြူးမြူးလေး လွမ်းလိုက်ရတယ်။ နံမယ်တွေက လည်း..အကုန် မှတ်မိပဲလား။ ဇတ်ခုံပေါ် ကိုယ်တိုင် တက် က ချင် နေတဲ့..စိတ်ကလေး တော့..ထဲ့မရေးပါလား။ ( သိနေတယ်)း)
သီတင်းကျွတ်ကို အကုန်လွမ်းကုန်ပြီ... မတန်ခူးရေးတာလေးတွေဖတ်ပြီး ပိုတောင်လွမ်းသွားပြီ... ပထမ ဖတ်မိတာ မကေရဲ့ အလွမ်းလေ...
ပျော်စရာကောင်းတဲ့ အတိတ်ကို ပိုင်ဆိုင်ခဲ့တာပဲ တန်ခူးတို့က..။
really really good writing!
it makes me miss my childhood life in myanmar...
"lwann tal byar..."
scopioo
မတန်ခူးရဲ့ သီတင်းကျွတ်ပို့စ်လေးကိုဖတ်ရတာ ငယ်ငယ်တုန်းက သီတင်းကျွတ်တောင် ပြန်သတိရမိတယ်.. မှတ်မိသေးတယ်.. လက်တွန်းလှဲတွေက ပလပ်စတစ် အကြည်တွေကို အလယ်က ဖယောင်းတိုင်ထွန်းရတာလေ.. စပြီးတွန်းလို့ ၂ လှမ်း ၃ လှမ်းလောက်ပဲ လှမ်းရသေးတယ်... တွန်းလှဲစောင်းပြီး မီးလောင်လောင်ကုန်လို့ နောက်ရက်တွေကျတော့ မတွန်းရတော့ဘူး.. :D
သီတင်းကျွတ်လပြည့်နေ့မှာ လာကန်တော့ပါတယ်.. မုန့်တော့ မပါဘူး အမရယ်... ကျနော်က ပြန်ကန်တော့လို့ရတာဆိုလို့ မတန်ခူးရယ်၊ မသက်ဝေရယ်၊ မမိုးချိုသင်းရယ်၊ မကေရယ်လောက်ပဲရှိတာ.. အခု မကေဆီသွားလိုက်ဦးမယ်... :D အား.. မခင်ဦးမေ ကျန်သေးတယ်.. :D:D
အမကြီးရေ
သီတင်းကျွတ်စာတွေလိုက်ဖတ်ရင်း လွမ်းနေတုန်း အမကြီးရဲ့ ခပ်သွက်သွက်အရေးအသားကတော့ မျက်လုံးထဲမြင်ယောင်လာပြီး ပိုလွမ်းသွားတယ်။ အချစ်အကြောင်းလေး ရေးပါမယ်အမရေ။
ခဏတော့ အချိန်ပေးပါ။ အချစ်က အချိန်ယူရတယ်။
ဘလော့သက်ကြီးပူဇော်ပွဲ ကန်တော့ခံအဖြစ်လဲ အမကြီးကို ကန်တော့သွားပါတယ်ဗျာ။
မေတ္တာဖြင့်
ပြောတတ်တယ်နော်။ လွမ်းလောက်ပါရဲ့။
မတန်ခူးရေ..
သီတင်းကျွတ်ညမှာပျော်ရွှင်ပါစေ။။
မုန့်တော့မပါဘူး..ဟီးး
မုန့်ဖိုးပေးနော်..
အစ်မကြီး စာဖတ်မှပဲ တကယ့်ရွာဓလေ့ လေးကို ပြန်အမှတ်ရမိတော့တယ် ။ “ ဟလို ဒက်ဆီ 1/2/3 ” ဆိုပီး အော်တဲ့ ရွာက ဦးလေးကြီး အသံကိုတောင် ပြန်ကြားယောင်မိတယ် ။ သတင်းကျွတ်မှာ အစ်မကော အစ်ကိုကော သားသားလေးကော မိသားစုတွေ အားလုံးပျော်ရွှင်ပါစေ သားသားမီးပုံးလွှတ်ရင် ပုံလေးတွေ တင်ပေးနော့် ကြည့်ချင်လို့း)
မတန်ခူးရဲ့ သီတင်းကျွတ်က ကောင်းလွန်းလို့ မုဒိတာပွားသွားတယ်။
အံ့သြသွားလား ကလေးတို့ရေ ဆိုတာလေးကိုလဲ ဖတ်ပြီး ချစ်လိုက်တာ။ အဓိပ္ပါယ်အများကြီး ပါတယ်။
မီးထွန်းပွဲလေးကို မျက်လုံးထဲမှာ မြင်ပြီး ကိုယ်တိုင် ပြုံးပြုံး ပြုံးပြုံးနဲ့ ယုန်လေးတွန်းရတဲ့ ဘ၀ကို လွမ်းသွားတာ ပန်းပိတောက်ကို ချစ်တယ် လဲ မဆိုနိုင်တော့ပါဘူးလေ..။
မတန်ခူးရေးတာနဲ့ သီတင်းကျွတ်ကိုတောင် လွမ်းလာပြီ။
တန်ခူးရေ…. ကျနော့်ရဲ့ ဗမာလို မွေးနေ့ကို မှတ်ရရင် သတင်းကျွတ်လပြည့်မတိုင်ခင် တရက်မှာ မွေးခဲ့တာဆိုတာ့ အလင်းရောင်ရဲ့ ရှေ့ပြေးတမန်တော်လေ… ဟိ။ ဒီတော့ ကိုယ်လူအဖြစ်ကိုရောက်ခဲ့တဲ့ လဆိုတော့ သီတင်းကျွတ်ဆို ရင်ခုန်စရာဘဲလေ။
ကလေးဘဝတုန်းက သီတင်းကျွတ်ကို လွမ်းမိတယ်။း-(
ဒါနဲ့ ..အစ်မ တန်ခူး Tag ထားတာ ရေးပြီး တင်လိုက်ပြီနော်။
မတန်ခူးရေ.........
ဖတ်ရတာလွမ်းစရာကောင်းတယ်ဗျာ....
အကုန်လုံးကိုလွမ်းရတာပါ...။
“ စိုး...တို ့ သေဘာၤၾကားမွာ...ကိုကုလားက....
ကြားညှပ်ပါနေတာ...သဘောကျတယ်...။
ရေးထားလိုက်တာများ...ကိုယ်ပါ အဲဒီရပ်ကွက်ထဲ ရောက်နေလား အောက်မေ့ရတယ်..။
နောက်တစ်ခုက ကျောက်ကုန်း ကုန်းဆင်းဆိုတော့
ရန်ကင်း ကျောက်ကုန်းကုန်းတက်က “ မြ ကဖီး” ကိုတောင်လွမ်းသွားတယ်ဗျာ...။
မတန်ခူးက ဘာလို့ ဝင်မက”တာလဲ...က”တတ်ရဲ့ သားနဲ့ ။
ပိုစ့်လေးကို အစအဆုံး နှစ်ခေါက်ဖတ်...
ပါဝင်တဲ့ ဇာတ်ကောင်တွေကို မျက်စေ့ထဲမှာ ပုံဖေါ်ကြည့်... သူတို့ တွေ အားလုံးနဲ့  ကိုယ်ပါ အတူတူရောပြီး သီတင်းကျွတ်ပွဲတော်လေးကို တပျော်တပါး ပါဝင်ဆင်နွှဲသွားကြောင်းပါ တန်ခူးရေ...။
အမရေးတဲ့ စာတွေက ဖတ်လို့ သိပ်ကောင်းတာပဲ
အမ..ဖတ်ဖြစ်တာ အမတင်ကတည်းကလေ..
အိမ်မှာရှိနေလို့။ ကော်မန့် မပေးတာ က လက်နာနေလို့ပါ။
အမရော မကခဲ့ဘူးလားဟင်။
မတန်ခူးဆီကိုနေ့တိုင်းလာမျှော်ရတာ ဒီတစ်ခုနဲ့တင်
အရမ်းစိတ်ချမ်းသာသွားပြီ....
လွမ်းအောင်လည်း ရေးတတ်ပါ့..
Sis, I have already written your TAG. http://ywartharlay-ytu.blogspot.com/2008/10/blog-post_1768.html
Sorry for english...
မတန်ခူးက စာအရေးအသားကောင်းလှတယ်ဗျာ ၊၊
ခဏခဏ လာဖတ်ဖြစ်ပါတယ်၊၊
(မKOM က ဂွိဂွိ ၊ မနိ က ကွိကွိ ၊ သာမီး မေမိုး က ခွိခွိ ပါ၊၊ ခင်လို့ ခေါ်တဲ့ nick name လေးတွေပါ.. သူတို့ က ကျနော့်ကို ကိုကြီးဝီ လို့ခေါ်သလိုပါ ၊၊ ဟီး)
ခင်မင်စွာဖြင့်
သီတင်းကျွတ်မှာ ပျော်တယ်လား။ အစ်မလည်း သီတင်းကျွတ်ဆို သိပ်ပျော်တယ်။ အကြောင်းရှိ၏။
သီတင်းကျွတ်မှာ ~
သီတာ ကိုမွေးပါ၏။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မဟာဆန်ရေ… မဟာဆန်အတွက်လဲ ပျော်ရွှင်ဖွယ်သီတင်းကျွတ်ဖြစ်ဖို့ ဆုတောင်းပေးလိုက်တယ်နော်…နောင်လဲလာလည်ပါဦးနော်….
ညီမလေးနိနိရေ… တို့ လဲ မုန့် လေပွေစားချင်နေတာ… မေမေက မ၀ယ်ပေးတော့ဘူး… သူ့ မြေးအတွက်ပဲ ၀ယ်ပေးတယ်… ချက်လက်မှတ်က အတုပေမယ့် စေတနာက အစစ်ပါလို့ …
ကေရေ… ဘယ်လိုလုပ်သိ… အမှန်ပဲ…ဆိုင်းသံကြားရင် ပန်းမြိုင်လယ်ကဥယျာဉ်မှုးထဲက ကျော်ဟိန်းလို့ ပေါ့… အိမ်က တားထားလို့ … နို့ မို့ ….
အိမ်နဲ့ ဝေးတဲ့ ဘ၀တူတွေဆိုတော့ အလွမ်းတွေကလဲ ကာရံညီလို့ ပေါ့ ကိုပီတိရေ…
မ ရေ… အတိတ်တွေက ပြန်တွေးတိုင်းချိုနေတော့တာ….
Scopioo…လွမ်းအောင်လုပ်လိုက်မိပြီနော်… အလွမ်းအဖော်ညှိတာလေ…နောင်လဲလာလည်ပါ
ဦးနော်…
နုရေ…. တို့ လဲ အဲလို မီးလောင်ဖူးတယ်… ငိုပြီးအသစ်ပြန်ဝယ်ခိုင်းတာ… ချက်လက်မှတ်လေးနဲ့ အရုပ်တွေ ၀ယ်လိုက်ပြီလား…
ကိုတောင်ငူရေ…. အချစ်ကို သိပ်အချိန်မယူနဲ့ လေ… ဒီမှာ သီတင်းတောင် ကျွတ်ပေါ့…တော်ကြာ သူများနောက်ပါသွားလို့  အလွမ်းတွေ ဖြစ်ကုန်ဦးမယ်…
မမရေ… လွမ်းသွားပြီလား….
ပေါက်ရေ… မုန့် မပါလဲ မုန့် ဖိုးက အဆင်သင့်…
မောင်မျိုးရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ….သားလေးပုံတော့ မဟုတ်ဘူး… သားလေးဆွဲတဲ့ ပုံလေးတွေ တင်ပေးလိုက်တယ်နော်…
ချိုသင်းရေ… ပန်းပိတောက်ကို ချစ်တယ်လဲ တကယ်မဆိုနိုင်တော့ဘူးနော်….
ပုံရိပ်ရေ…ဝေးဝေးကသာလွမ်းပါမည်ပေါ့ညီမရယ်….
အလင်းရောင်ရဲ့ ရှေ့ပြေးတမန်တော်ကိုပေါ…ကောင်းသောမွေးနေ့ ဖြစ်ပါစေ… ကိုပေါမွေးနေ့ က မှတ်ရလွယ်တယ်နော်…
ကောင်းကင်ကိုရေ… အားလုံးမှာရှိတဲ့ ရွှေရောင်အတိတ်တွေပေါ့….
ကျွန်မက အကဆို သင်္ကြန်အကပဲ ကတတ်တာ… အိမ်က ခွင့်မပြုလေ… ကျွန်မ စင်ပေါ်တက်က ခဲ့တာ ၂ ခါပဲ ရှိဘူးတယ် ကိုသစ်နက်ဆူးရေ… အဖေက မကြိုက်ဘူးလေ….
သက်ဝေရေ… စိတ်ပင်ပန်းမှုတွေ နဲနဲသက်သာသွားတယ်မိုလား… တို့ လဲ အတိတ်မှာ လွင့်မျောရင်း အပင်ပန်းဖြေကြည့်တာလေ….
မြတ်နိုးရေ… ကျေးဇူးပါ... က ခဲ့ဘူးတဲ့ အကြောင်းကို ပို့ စ်တခုအနေနဲ့ ကြုံရင်တင်မယ်လေ… ကိုသစ်နက်ဆူးကို အားကျလို့ …
ပင်နီရေ… စိတ်ချမ်းသာသွားတယ်ဆိုလို့  ၀မ်းသာပါတယ်ညီမရယ်…
ရွာသားလေးရေ… ဖတ်တာနောက်ကျတဲ့ တို့ အပြစ်ပါ…ကျေးဇူးပါ….
ဟုတ်ကဲ့… ကိုကြီးဝီကို မမခင်ဦးမေတို့ အိမ်မှာ နိနိတို့ အိမ်မှာ မောင်မျိုးအိမ်မှာ တွေ့ တွေ့ နေတာကြာပါပြီ… တွေ့ ရတာ ၀မ်းသာပါတယ်… လမ်းမှာတွေ့ ရင်လဲခေါ်ပေါ့နော်….
မ ရေ… ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ….
Post a Comment