Tuesday, January 19, 2010

ကြိုဆိုပါတယ် မေမေအသစ်လေးရေ

ကျွန်မတို့ ရဲ့ ဘလော့ဂါမေမေအဖွဲ့ ထဲကို ညီမလေးခွန်မြလှိုင်အဖွဲ့ ဝင်ဖြစ်ပြီး နောက်မှာ ညီမလေးနုစံက ပူပူနွေးနွေး အဖွဲ့ ဝင်လေး ဖြစ်သွားကြောင်းကို နှစ်သစ်မှာ ကောင်းသတင်းလေး ဝေမျှပါစေ…။ 17-Jan-2010 တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်မှာ သမီးလေးကို သဘာဝအတိုင်း အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်တဲ့။ သမီးလေးက ၃.၁ ကီလိုဂရမ်ရှိပြီး အရပ်က ၅၀.၅ စင်တီမီတာ ရှိပါတယ်တဲ့။ မိခင်ရော သမီးလေးပါ ကျန်းမာပါကြောင်း သတင်းကောင်းပါးပါရစေ။

ဒီကရှေ့ လျှောက် သမီးလေးအကြောင်းတွေ ပို့ စ်အသစ်အဖြစ်တွေ့ ရတော့မှာပါ။
ချစ်တဲ့ညီမလေးနုနဲ့  ချစ်စရာသမီးလေးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ချစ်စရာသမီးလေးကို သယ်ဆောင်လာတဲ့နှစ်သစ်လေးက နုအတွက် အရမ်းကို လှပပြည့်စုံသွားပြီနော်….။

ချစ်တဲ့အမ
တန်ခူး
19-Jan-2010 12:32pm

Monday, January 11, 2010

ထမင်းကြမ်း ယပ်ခတ်မစားတတ်သူများ

ကျွန်မတို့ အိမ်ဘေးမှာ လမ်းမဘက်ကို သွားလို့ ရတဲ့ ဖြတ်လမ်းလေး တခုရှိတယ်။ ကျွန်မတို့ အိမ်ဘေးက ဦးလေးကြီးက မနက်ဆို အဲဒီလမ်းကလေးက အမှိုက်တွေ စိတ်ရှည်လက်ရှည် တံမြက်လှည်း၊ ပြီးတော့ အမှိုက်တွေ မီးရှို့… သူများရှင်းပြီးသွားရင် ဖြတ်လမ်းလေးက ရှင်းသန့် ပြီး လျှောက်လှမ်းချင်စရာ။ သူက ဘယ်သူ့ ကိုမှလဲ အဖော်လုပ်မနေဘူး… သူနိုင်သလောက်ရှင်းတယ်… ဘယ်သူ့ မှလဲ အဲဒီလမ်းကို သူရှင်းထားတာပါဆို ဂုဏ်ဖော်ပြီး မပြောနေတတ်ဘူး။ သူရှင်းတဲ့အချိန်က မနက်စောစောမို့  တချို့ ဆို သူရှင်းလို့ ရှင်းမှန်းတောင် မသိဘူး။ ကျွန်မတို့ အိမ်က ကပ်လျက်ဆိုတော့ သူရှင်းတာတွေ့ တိုင်း သူ့ ကို ကျေးဇူးတင်မိတယ်။ ကျွန်မအဖေနဲ့ အမေက သူတို့ အားရင် အားသလို သူနဲ့ ဝိုင်းကူရှင်းပေးတတ်တယ်။ တကယ်တော့ သူ့ အသက်က ၇၀ ကျော် ၈၀ နားနီးနေပါပြီ။ သူ့  ဘာသာ အိမ်မှာ နေတတ်သလို နေနေရင်လဲ ဖြစ်ပါလျက်နဲ့  အများအကျိုးအတွက် လုပ်ပေးနေတာပါ။ မနက်စောစောမှာ သူယူလိုက်တဲ့ ကုသိုလ်လေးက သူ့ အတွက် ဘယ်လောက်များ စိတ်ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ဒါပေမယ့်လေ… တချို့ လူတွေက အခက်သားလား။ ဦးလေးကြီး ပိုက်ဆံတပြားမှ မရပဲ စေတနာသက်သက်နဲ့  ရှင်းပေးတာကို ဟိုလိုဖြစ်သလေး… ဒီလိုဖြစ်သလေး ဝေဖန်ကြသေးတယ်။ တခါတလေ နေထိုင်မကောင်းလို့  ကျွန်မအဖေနဲ့ အမေကလဲ အလုပ်များနေလို့  အမှိုက်ကလေးများရှုပ်နေတာမျိုးတွေ့ ရင် ကုသိုလ်ဖြစ်လုပ်တဲ့ ဦးလေးကြီးကပဲ တာဝန်မကျေသလို မြည်တွန်တောက်တီး တတ်သေးတယ်။ အမှိုက်ပုံလေးသိပ်မရှိလို့  နောက်နေ့ မှ ပေါင်းမီးရှို့ဖို့ ထားတာများတွေ့ ရင် လမ်းဘေးမှာ ဘယ်သူက အမှိုက်ပုံသွားလဲဆို ဝေဖန်ရှံ့ ချတတ်သေးတယ်။ မခက်လား… ကိုယ်တောင်မှ မလုပ်နိုင်တဲ့အလုပ်ကို သူ့ ဘာသာ နေနေရင်လဲ ရပါလျက် အပင်ပန်းခံ လုပ်နေသူကို အားပေးချီးမြှောက်စကား မဆိုတဲ့ အပြင် ပြစ်တင်ဝေဖန်ပစ်လိုက်တာ ဘယ်လောက်များ ရုပ်ဆိုးလိုက်တဲ့ အဖြစ်လဲနော်။

ဘာရယ်မဟုတ်ပါဘူး။ အဲဒီဦးလေးကြီးနဲ့  အခြေခံအားဖြင့်တူတဲ့ စေတနာရှင်တွေကို စဉ်းစားမိတယ်။ ဟိုတလောက စာပေဟောပြောပွဲသွားတော့ စေတနာရှင် စာရေးဆရာကြီး ၃ယောက်ပေးတဲ့ စေတနာတွေ တပွေ့ တပိုက်နဲ့  ပြန်လာရတာ ၁၅ဒေါ်လာထဲ ပေးရတာတောင် အားနာမိတယ်။ အထူးသဖြင့်…. ဆရာနေ၀င်းမြင့်။ ဆရာက အနာနဲ့ ဆေး တန်းတည့်အောင်ပေးတတ်လွန်းတဲ့ ဆရာဝန်ကြီးတယောက်လိုပါပဲ။ ရုပ်ဝတ္ထုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေကြတဲ့ တခါသုံးလူနေမှုစံနစ်တဲ့။ အကျိုးရှိလွန်းတဲ့ အကြောင်းအရာ ရွေးခြယ်မှုနဲ့ အကွက်စိ ထောင့်စိအောင် ဟောတတ်လွန်းတဲ့ ဆရာရဲ့ စေတနာ။ ကျွန်မက ဆရာကို တိတ်တိတ်ကလေး နာမည်ပေးထားတာက မြန်မာdictionaryကြီးလို့ ပါ။ ကြွယ်ဝလိုက်တဲ့ မြန်မာဝေါဟာရ၊ ချမ်းသာလိုက်တဲ့ မြန်မာ့ယဉ်ကျေးမှု၊ ပေါများလိုက်တဲ့ မြန်မာပီသမှု… ရှေးကဆရာ၊ဆရာမတွေ စာကိုမက စိတ်ကိုပါသင်သတဲ့။ ဆရာက တွေ့ နေမြင်နေတဲ့ လူမှုရေးစနစ်ထဲက အမှိုက်တွေကို ရှင်းပေးချင်တဲ့ စေတနာရှင်။ စိတ်ထဲက ဆရာ့ကို ကြည်ညိုလွန်းလို့  ထပ်ခါထပ်ခါ ရှိခိုးမိနေတဲ့ အထိပါ။

ထမင်းကြမ်းလေးပဲ အေးအေးဆေးဆေး ယပ်ခတ်စားပါရစေတဲ့။ မကြာခဏကြားရတဲ့ စကားပါ။ အေးအေးလူလူလေးပဲ နေချင်တယ်ပေါ့။ တချို့ စေတနာရှင်တွေ အများအကျိုးသယ်ပိုးသူတွေကတော့ ကိုယ်က ထမင်းကြမ်းကို ယပ်ခတ်စားနေတဲ့အခါ ယပ်ခတ်စားဖို့  ထမင်းကြမ်းလေးတောင် မရှိတဲ့သူတွေအတွက်တွေးပြီး သူတို့ စားမယ့် ထမင်းကြမ်းကို ဝေငှကြတယ်။ ဘယ်လောက်များ မြင့်မြတ်လိုက်တဲ့ စေတနာတွေလဲနော်။ အထင်ရှားဆုံး ဥပမာပြရရင်တော့ ကျွန်မကြည်ညိုတဲ့ မင်းသားကိုကျော်သူပါ။ သူ့ အခြေအနေ၊ သူ့ ဘ၀က ထမင်းကြမ်းလေး ယပ်ခတ်စားနေနိုင်ပါလျက် ထမင်းကြမ်းမှ မရှိသူတွေအတွက် သူ့ ဘ၀၊ သူ့ အချိန်တွေပုံအပ်ပြီး ပေးဆပ်နေသူ။

တဦးချင်းဆီမှာ သူ့ အခြေအနေနဲ့ သူ ပေးဆပ်နိုင်တဲ့ ပမာဏက မတူကြပေမယ့် သူတို့ နှလုံးသားထဲက စေတနာတွေကို အရင်းခံကြတာပါ။ တချို့ က အများအကျိုးအတွက် ဘ၀ရဲ့ အစိတ်အပိုင်းကို ပေးဆပ်ကြသလို၊ တချို့ က ဘ၀တပိုင်းကိုပေးဆပ်ကြတယ်… တချို့ ကတော့ တဘ၀လုံး ပုံအောပေးဆပ်ကြသူတွေပါ။ သူတို့ ရဲ့ ပေးဆပ်နိုင်မှုကြောင့် တစုံတယောက်ကို စိတ်ဓါတ်ခွန်အားအရဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဒုက္ခတွင်းမှ ကယ်ယူလိုက်နိုင်သည်ဖြစ်စေ မြင့်မြတ်တဲ့ နှလုံးသားအောက်ခြေက ထုထည်ကြီးမားလွန်းတဲ့ စေတနာကို အရင်းခံနေတာမို့  စေတနာချမ်းသာလွန်းတဲ့ ထမင်းကြမ်းယပ်ခတ်မစားတတ်သူတွေကို ကျွန်မ ဒီပို့ စ်လေးနဲ့ ဦးညွှတ်လိုက်ပါတယ်။

(ကွယ်လွန်သွားပြီဖြစ်တဲ့ စေတနာချမ်းသာလွန်းတဲ့ အိမ်ဘေးက ဦးလေးကြီးအတွက် အမှတ်တရ…)
တန်ခူး
11:55pm 10-Jan-2010

Wednesday, January 6, 2010

ဒဿ၊သားစိုး၊ ဖိုးချစ် နဲ့  သား

သားက သမားရိုးကျ မြင်နေရတာတွေထက် အထူးအဆန်းတွေကိုမှ သဘောကျတတ်တာ အရင်ပို့ စ်တွေမှာ ကျွန်မရေးခဲ့ဘူးပါတယ်။ ဟိုတလောက မြန်မာပြည်ပြန်တော့ သူ့ အဖိုး၊အဖွားတွေနဲ့  တောင်ကြီး၊အင်းလေး၊ ပင်းတယကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ဒီကျွန်းသေးသေးလေးက မီးခြစ်ဆံဗူးလေးထဲ နေရတဲ့သားအဖို့ ခရီးစဉ်တလျှောက်လုံး စိတ်ဝင်စားစရာတွေ ပြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ပင်းတယရောက်တော့ သူ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ရောက်သွားခဲ့ပါတယ်။ ပင့်ကူကြီးကို လေးနဲ့ ပစ်နေတဲ့ မင်းသားလေး။ အဲဒီပုံတွေ့ ကတည်းက သားက စကားမပြောနိုင်လောက်အောင် စိတ်ဝင်စားနေခဲ့တာပါ။ ဧည့်လမ်းညွှန်လေးက ပင်းတယသမိုင်းကို ရှင်းပြတော့ သားတိတ်တိတ်လေး နားထောင်နေခဲ့တာ ကျွန်မတို့  မရိပ်မိခဲ့ပါဘူး။ ပင်းတယအပြန် ကားပေါ်လဲရောက်ရော ပင်းတယသမိုင်း ပင့်ကူကြီးနဲ့ မင်းသားလေး ဇာတ်လမ်းကို သူ့ အဒေါ်ကို သူတတ်သလောက် အင်္ဂလိပ်လို ပြန်ပြောပြနေတာ ကြားရမှ ကျွန်မတို့ အားလုံး အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ သားက အဲဒီလို ထူးဆန်းတာတွေဆို အရိုးစွဲအောင် မှတ်ထားတတ်သူပါ။

သူ့ ကို တခါမှ ရုပ်ရှင်မပြဖူးတာကြောင့် ပထမဆုံးအကြိမ်အနေနဲ့  ဟိုတလောဆီက ရုပ်ရှင်ပြကြည့်ပါတယ်။ ဇာတ်ကားလေးက alvin and the chipmunks 2 ပါ။ ချစ်စရာရှဥ့်ကောင်လေးတွေက အပြင်မှာ တကယ်ရှိနေသလား ထင်ရပါတယ်။ ပထမတော့ သားက စိတ်ဝင်စားသလိုလို ရှိပေမယ့် ဘာမှ ထူးဆန်းတာ သိပ်မပါတော့ ပြီးခါနီးလေ ငြီးငွေ့ လာလေဖြစ်လာပါတယ်။ ရုပ်ရှင်ရုံက ထွက်လာတော့ နောက်ဆို ထူးဆန်းတဲ့ကားမှပဲ သားကို ရုပ်ရှင်လိုက်ပြတော့မယ်လို့  ဆုံးဖြတ်မိပါတယ်။

မြန်မာပြည်ပြန်တုန်းက ၀ယ်လာတဲ့ CITY FMအခွေကို ဟိုတနေ့ က အိမ်မှာ ဖွင့်ကြည့်တော့ ပထမဆုံးသီချင်း “အချစ်ရှုံးသမား ဒဿဂီရိ” ကကို မတက်ရပါဘူး။ အကြောင်းက အထူးအဆန်းကြိုက်တဲ့သားက ဒဿကို အရမ်းကို စိတ်ဝင်စားသွားပြီး ထပ်ထပ်ရစ်နေရလို့ ပါ။ ဟိုတနေ့ က ပြတဲ့ရုပ်ရှင်ထက် သားစိုးပြန်ဆန်းသစ်ထားတဲ့ “အချစ်ရှုံးသမား ဒဿဂီရိ” ကို အဆတရာမက ပိုစိတ်ဝင်စားနေတာ ကျွန်မသားစိုးနဲ့ ခင်ရင် ပြေးတောင် ပြလိုက်ချင်ပါသေးတယ်။ တကယ်တော့ သားစိုး နဲ့  ဖိုးချစ်ကို ပထမ CITY FMအခွေ ရွှေအိုးစည် ကတည်းက သားက စွဲလန်းသွားခဲ့တာပါ။ “ဟေ့..ဖိုးချစ်ရေ.. ဟေ့… သားစိုးလား” ဆိုတာ ပါးစပ်က အချိန်ပြည့်ဆိုလိုက် ဖိုးချစ် က သလို က လိုက်နဲ့ ပေါ့။ ဒီနှစ်အခွေမှာလဲ သားစိုးရဲ့ ဒဿဂီရိက ကျွန်မသားနဲ့ တင် ပေါက်သွားပါပြီ။

စလာကတည်းက ထူးဆန်းတဲ့ အ၀တ်အစားနဲ့  ခေါင်းက ဦးထုပ်ကလဲ အလွန် ထူးဆန်းတာကြောင့် ဒဿကို အသက်မရှုပဲကြည့်နေခဲ့တာပါ။ မယ်သီတာက မနှစ်သက်တာလဲ သူနားမလည်နိုင်ပါဘူး။ ပြီးတော့ ရာမမင်းသားလေး ရွှေသမင်ဖမ်းတာလဲ ပါလိုက်သေးတာကို။ ဒဿကို ဆယ်ကိုယ်ခွဲပြတော့ စိတ်ဝင်စားမှုက အကြီးအကျယ် ရေချိန်တက်လာသလို ကျွန်မကို မေးခွန်းတွေ ဆက်တိုက်လာတော့တာပါပဲ။ “မေမေ ဒဿကို ဘာလို့ မယ်သီတာက မချစ်တာလဲ ”… “ဒဿက ဘာလို့ ဆယ်ကိုယ်ခွဲနိုင်တာလဲ”… “ရာမက ဘာလို့  သမင်လေးကို လိုက်နေတာလဲ”။ မဖြစ်တော့ဘူးဆိုပြီး ဒဿဂီရိ ဇာတ်လမ်းကို တတ်သလောက် မှတ်သလောက် အစကနေ အဆုံးထိ ရှင်းပြရပါတယ်။

အဲဒီမှာ ခက်တာက အကော်ဒီယံအုန်းကျော်သီချင်းကို သားစိုးက ပြန်လည်ဆန်းသစ် remixလုပ်လိုက်တော့ ဒဿကို ပိုရုပ်လုံးကြွလာခဲ့တာပါပဲ။ သားက အဲဒီသီချင်းကို အရင်ခံစားလိုက်ပြီးမှ ကျွန်မပြောတဲ့ ဇာတ်လမ်းကို နားထောင်တာမို့  ဒဿဘက်က ဖြစ်နေတာ တွေ့ ရပါတယ်။ မယ်သီတာက ဘာကြောင့်မချစ်ရတာလဲဆိုတဲ့ ဒဿကို ဂရုဏာသက်တဲ့ မေးခွန်းမျိုးမေးလာတော့ ကျွန်မမှာ ဘယ်လိုရှင်းပြရမယ် မသိတော့ပါဘူး။ သူ့ အဖေကတော့ ဒါမျိုးက ဖြေရခက်တယ်သားရဲ့လို့  ဝေေ၀၀ါးဝါးကြီးလုပ်ကြည့်ပါသေးတယ်။ သားက စိတ်မလျော့ပါဘူး။ ကျွန်မမယ် ဆရာချစ်ဦးညိုသာ ပြေးခေါ်ချင်စိတ်တောင် ပေါက်မိပါတယ်။

နောက်ဆုံး အကောင်းဆုံးအဖြေဖြစ်အောင် သားကို ရှင်းပြရပါတယ်။ မယ်သီတာဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ရာမမင်းသားဘက်က ခံစားရင် ဘယ်လို ခံစားရမလဲ၊ ဒဿဂီရိမင်းသားဘက်က ခံစားရင် ဘယ်လိုခံစားရမလဲ။ သားနှလုံးသားသန်ရာ ခံစားစေတော့ပေါ့။ အဲဒီလို ရှင်းပြတော့ သားက ဘာမှ ပြန်မပြောပဲ အကြာကြီး စဉ်းစားနေပါတယ်။ နောက်တော့မှ “ဒဿသနားပါတယ်နော်မေမေ” လို့  တခွန်းထဲပြောပြီး ငူငူငိုင်ငိုင်လေး ဖြစ်သွားပါတယ်။ အဲဒီမှာ ဟိုတလောက စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုဟောသွားတာတဲ့ အနုပညာပေးဝေသူနဲ့  ရယူခံစားသူဆိုတာလေး သွာ်းသတိရမိပါတယ်။ အကော်ဒီယံအုန်းကျော်၊ သားစိုး၊ ဖိုးချစ်နဲ့  Jennyတို့ ပေးဝေတဲ့ အနုပညာကို သားက အပြည့်အ၀ ခံစားပြီးနောက် ဒဿကို သူ့ နှလုံးသားနုနုလေးနဲ့  သနားတတ်သွားတာကိုပါပဲ။ ကျွန်မလဲ ဒီအတိုင်းလေး ထားလိုက်ပါတော့တယ်။ သနားပါစေတော့ရယ်လို့ ။

တန်ခူး
5:43pm 06-Jan-2010