Thursday, November 19, 2009

ငယ်ဖော်ကွင်း

အိမ်ပြန်ရောက်လို့  အိမ်ရှေ့ ဘက်ကို လှမ်းကြည့်မိရင် အစီအရီ တွေ့ ရတဲ့ တိုက်ခန်းတွေရယ်... ပြီးတော့ ခေတ်မှီလှပတဲ့ လုံးချင်းအိမ်ယာတွေရယ်ကို တွေ့ ရရင် တခါတလေ မျက်ရည်ဝဲမိတယ်။ ကျွန်မတို့ ငယ်ငယ်က ပြေးလွှားဆော့ကစား ခြေရာချင်း ထပ်ခဲ့တဲ့ ကွင်းပြင်ကျယ်ကျယ်ကြီးကို လွမ်းမိလို့ ပါ။ တကယ်တော့… မြက်ခင်းစိမ်းစိမ်းစိုစိုနဲ့  အဲဒီကွင်းပြင်ကျယ်ကြီးက ကျွန်မရဲ့ ငယ်ဖော်ပဲ မဟုတ်ပါလား။

ခုလို နတ်တော်လဆို အဲဒီကွင်းပြင်ကျယ်ကြီးကို ပိုလွမ်းမိတယ်။ ဒီရာသီရောက်ရင် ကျွန်မအဖေကတော့ သူ့ အဖွဲ့ တွေနဲ့ ရပ်ကွက်စာပေဟောပြောပွဲ အတွက် စလို့ လှုပ်ရှားနေတတ်ပြီ။ မနှစ်ကနဲ့ မတူ တမူထူးခြားအောင် ဒီနှစ် ဘယ်စာရေးဆရာတွေ ဖိတ်မလဲ၊ စာပေဟောပြောပွဲ စင်မြင့်ကို ဘယ်လိုလေး ဆောက်မလဲ၊ စာရေးဆရာတွေအတွက် ဧည့်ခံကြိုဆိုရေး၊ လက်ဆောင်ပြင်ဆင်ရေး… စတဲ့ အစည်းအဝေးတွေနဲ့  အဖေ အလုပ်ရှုပ်နေတတ်ပါပြီ။ ကျွန်မကတော့ ဒီနှစ်ဘယ်စာရေးဆရာတွေ ပါမလဲ ဆိုတဲ့ အဖြေကို ရင်တခုန်ခုန် မျှော်တလင့်လင့်နဲ့ ပေါ့။ ပင်တိုင်ပါတတ်တဲ့ စာရေးဆရာတွေကတော့ အဟောအပြောကောင်းလွန်းလို့  နှစ်တိုင်းပွဲတောင်းတဲ့ ဆရာအောင်သင်း… လူငယ်တွေအတွက် ပညာပေးလေးတွေ ဟောတတ်တဲ့ ဖေဖေ့သူငယ်ချင်း ဆရာလယ်တွင်းသားစောချစ် တို့ ပါ။ မှတ်မိသလောက် ကျွန်မတို့  ရပ်ကွက်စာပေဟောပြောပွဲကို လာဖူးတဲ့ စာရေးဆရာတွေက ဆရာချစ်ဦးညို၊ ဆရာသုမောင်၊ ဆရာမ မိုးမိုး(အင်းလျား)၊ ဆရာမ သာယာဝတီ စမ်းစမ်းနွဲ့ ၊ ဆရာမ ရွှေကူမေနှင်း တို့ ပါပဲ။ စာပေဟောပြောပွဲ မစခင် ကတည်းက ကွင်းထောင့်က အိမ်မှာ ဆရာတွေကို ဧည့်ခံတာမို့  ကျွန်မက အစောကြီး အဲဒီအိမ်ရောက်နေတတ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့  ကျက်သရေရှိရှိလှနေတဲ့ ပေါ်ဦးပေါ်ဖျား သဇင်တွေ ဝေနေအောင် ပန်ထားတတ်တဲ့ ကျက်သရေရှိလွန်းတဲ့ စာရေးဆရာမတွေကို မလှမ်းမကမ်းက ပါးစပ်လေး အဟောင်းသားနဲ့  ငေးရတဲ့ အရသာက ဘာနဲ့ မှ မတူပါဘူး။ စာရေးဆရာတွေများ စာအရေးကောင်းရုံတင်မက စကားပြောကလဲကောင်းဆိုတော့ ဟောပြောပွဲမတိုင်ခင် ကတည်းက သူတို့ အချင်းချင်း စကားပြောကြတာ နားထောင်လို့  မ၀ပါဘူး။ စာပေဟောပြောပွဲ မစခင် အခမ်းအနားမှူး လုပ်တတ်တဲ့ ကျွန်မအဖေက စာရေးဆရာ တဦးချင်းဆီရဲ့ ကိုယ်ရေးရာဇ၀င်၊ သူနာမည်ကြီးခဲ့တဲ့ စာအုပ်တွေ အကြောင်း အနည်းငယ်ပြောပြီး တဦးချင်းဆီ ဖိတ်ခေါ်ပါတယ်။ ဆောင်းတွင်းချမ်းချမ်း စီးစီးထဲမှာ ဟိုးစင်မြင့်ထက်ကို ငေးမောနားထောင်ရင်း အချိန်ကုန်လို့  ကုန်မှန်း မသိနိုင်အောင်ပါပဲ။ စာပေပရိသတ် တစက်ကလေးမှ မငြီးငွေ့ အောင် ပြောတတ် ဟောတတ်လွန်းတဲ့ ဆရာ၊ ဆရာမတွေကို ကြည့်ပြီး စိတ်ထဲကြိတ်ပြီး အားကျမိခဲ့တာပါ။ ဆရာအောင်သင်းကတော့ အမြဲနောက်ဆုံးမှ ပွဲသိမ်းဟောတတ်ပါတယ်။ ခေတ်ကို အမြဲထင်ဟပ်အောင် ဟောတတ်လွန်းတဲ့၊ လူငယ်တွေအတွက် အလေးပေးဟောလေ့ရှိတဲ့ ဆရာ့ အဟောအပြောမှာ နစ်မြုပ်သွားတာများ မနက်လင်းအားကြီး ၂နာရီ ၃နာရီ ထိုးတဲ့အထိပါပဲ။ သားအဖနှစ်ယောက် ပွဲပြီးတော့မှ ချမ်းရကောင်းမှန်းသိပြီး လက်ကလေးတွေဖွက် အိမ်ပြန်ကြတဲ့ ဆောင်းနံနက်တွေ ခုချိန်ထိ လွမ်းမိပါရဲ့။

အဲဒီကွင်းထဲမှာပဲ လွတ်လပ်ရေးပွဲကို နှစ်စဉ်ကျင်းပတတ်ပါတယ်။ မနက် ၅နာရီလောက်ကတည်းက “စောစောအိပ်လို့  စောစောထလို့  စောစောလမ်းလျှောက်ကြပါစို့ ” ဆိုတဲ့ သီချင်းသံကို အိပ်ယာထဲက စကြားနေရပါပြီ။ အရင်က ကွေးနေအောင် အိပ်တတ်သူ ကျွန်မကတော့ ၀ိရိယကောင်းကောင်းနဲ့  အစောကြီးထပြီး မနက်စာတောင် ကောင်းကောင်း မစားဖြစ်ပဲ ကွင်းထဲကို ပြေးတော့တာပါပဲ။ အပြေးပြိုင်ပွဲ၊ မုန့် စားပြိုင်ပွဲ၊ အားလူးကောက်၊ လျှောတိုင်တက်၊ ထုတ်ဆီးတိုး၊ ဘောလုံးပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ… စသဖြင့် သူ့ နေရာနဲ့ သူ ပြိုင်ပွဲတွေ အစီအရီ။ ကိုယ်ပြိုင်ချင်တဲ့ ပြိုင်ပွဲကို စာရင်းဝင်ပေးပြီး ပြိုင်ရုံပါပဲ။ ကျွန်မကတော့ အပြေးနဲ့  ပတ်သက်တဲ့ပြိုင်ပွဲ တော်တော်များများကို ၀င်ပြိုင်တတ်ပါတယ်။ တနေ့ လုံး ကွင်းထဲမှာ ပြိုင်ပွဲတွေ လုပ်လိုက်တာ ညကြီးမိုးချူပ်အထိပါပဲ။ အစီအစဉ်ကြေငြာသူတွေ ခမျာ အသံတွေ နာ။ ရပ်ကွက်ထဲက လူတွေ အကုန်လုံး ကွင်းထဲရောက်နေတယ် ထင်ရအောင် တကွင်းလုံး လူတွေ ဖွေးဖွေးလှုပ်နေတတ်ပါတယ်။

တခါတခါကျတော့ ကွင်းထဲမှာ ဇာတ်ပွဲတွေ ကန်ထရိုက်ယူတတ်ပါသေးတယ်။ မှတ်မှတ်ရရ ရွှေမန်းသဘင် ဇာတ်ပွဲကို ပထမဆုံး ကြည့်ဖူးတာ ကွင်းထဲက ဇာတ်ရုံထဲမှာပါ။ မင်းသားချမ်းသာကို ကောင်မလေးတွေ၊ အန်တီကြီးတွေ သဲသဲလှုပ်ကြတာ အဲဒီကွင်းထဲမှာ စတွေ့ ဖူးခဲ့တာပါ။ ညဘက်ဇာတ်က နေ့ ဘက်ကျတော့ နီးစပ်ရာအိမ်တွေမှာ ရေမိုးချိုးကြတဲ့ မင်းသမီးတွေကို ကလေးဆိုတော့ မြင်ဖူးချင်လို့  သွားသွားချောင်းကြည့်ဖူးပါတယ်။ ဦးမောင်မောင် ဆပ်ကပ် ကိုလဲ ကွင်းထဲမှာပဲ ကြည့်ခဲ့ဘူးတာပါပဲ။ ကမ္ဘာလုံးကြီးထဲ ဆိုင်ကယ်စီးတဲ့အသံကို ညတိုင်းလိုလို အိမ်ကကြားရပါတယ်။ ဘာအထိမ်းအမှတ်မှန်း မမှတ်မိတော့တဲ့ ဘဲလေးစိမ်း အငြိမ့်ပွဲ အလွတ်ပွဲ( ပိုက်ဆံပေးစရာမလို) ကိုလဲ ကျွန်မနဲ့  ကျွန်မကြီးကြီး ရှေ့ ဆုံးက နေရာရအောင် ဦးကြည့်ခဲ့ကြသေးတယ်လေ။ လူရွှင်တော် မိုးကျော်နဲ့  ဆိုနီဆိုတာ ခုထိမှတ်မိနေသေးတယ်လေ။

သင်္ကြန်မတိုင်ခင်မှာ အဲဒီကွင်းထဲမှာ ကုလားဘုရားမီးနင်းပွဲ နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ညနေစောင်းမှာ လမ်းထိပ် ဘုရားကျောင်းက အပ်တွေ တကိုယ်လုံး စိုက်ထားတဲ့ မီးနင်းသူတွေ တီးလုံးနဲ့ အတူ ဟိုရမ်းဒီရမ်းကလို့  ကွင်းထဲကို လာကြပါတယ်။ ၀ါသနာကြီးတဲ့ ကျွန်မတို့  တူအရီးက မီးရဲရဲထနေတဲ့ မီးနင်းမယ့် နေရာဘေးက စည်းရိုးမှာ အဆင်သင့်နေရာယူလို့ ပေါ့။ အဖေနဲ့ အမေက ကျွန်မ ထိမိခိုက်မိမှာ ကြောက်လို့  ဘယ်တော့မှ မသွားခိုင်းပါဘူး။ နှစ်တိုင်း အဆူခံထိသလို နှစ်တိုင်းလဲ သွားမြဲပါပဲ။ မီးအိုးပိုက်ပြီး မီးနင်းသူနဲ့ ၊ အပ်စိုက်ပြီးမီးနင်းသူနဲ့  အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ တခါတလေ မီးနင်းသူတွေထဲ ရပ်ကွက်ထဲက အသိအဒေါ်ကြီးတွေ၊ အကိုကြီးတွေတောင် ပါလိုက်သေးပါတယ်။ အဲဒီလို မီးနင်းပွဲ အထိမ်းအမှတ်နဲ့  ညကျတော့ ကွင်းထဲမှာ ရုပ်ရှင် မိုးလင်းပေါက် ၃ကား အလကားပြပါတယ်။ ထုံးစံအတိုင်း ကျွန်မတို့  တူအရီးနှစ်ယောက်က ထိပ်ဆုံးမှာ ဖျာအဆင်သင့်ဦးပြီး မော့ကြတာပါပဲ။ တကားပြီးသွားတိုင်း မလှမ်းမကမ်းက မုန့် တန်းမှာ ရေမုန့် ၊ ခေါက်မုန့် ၊ မုန့် လင်မယား၊ အကြော်စုံ၊ သရက်ကင်… သွားရည်စာ အစုံစားရတာလဲ အရသာတမျိုးပါ။ မနက်လင်းအားကြီး ရုပ်ရှင်ပြီးရင် ဖျာလေးလိပ်လို့  အိမ်သော့ကို လူကြီးတွေ မကြားအောင် တိတ်တိတ်လေးဖွင့် ပြန်အိပ်တတ်ကြတာလဲ ကျွန်မတို့  တူအရီးပါပဲ။ သင်္ကြန်ဆိုရင်တော့ ကွင်းထဲမှာ သံချပ်ဆုပေးမဏ္ဍဋ်ကြီးက ခမ်းခမ်းနားနား။ အဲဒီအချိန်ဆို တမိသားစုလုံး ကြည့်နေကျမို့  ခိုးကြောင်ခိုးဝှက် သွားစရာမလိုပါဘူး။ အဖေက သံချပ်ဝါသနာပါသူမိုလား။ ကွင်းတခုလုံး သံချပ်သံ ဆူဆူညံနဲ့  သင်္ကြန်ပီသတဲ့ သင်္ကြန်နေ့ ရက်တွေပါ။ မှတ်မိနေတဲ့ သံချပ်အဖွဲ့ တွေက အင်အား၊ ယဉ်ကျေးမောင်၊ ဒဲ့ဒိုး စတဲ့အဖွဲ့ တွေပါပဲ။

အဲဒီကွင်းကြီးထဲမှာပဲ ငယ်ငယ်က အိုးပုတ်တိုင်း ကစားဖို့  ဟင်းသီးဟင်းရွက် အရှာထွက်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ အ၀တ်ရုပ်တမ်းဆော့ဖို့  စက်ချူပ်ဆိုင်က ဖြတ်စညှပ်စတွေ သွားကောက်တတ်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ အမေ့ပန်းပင်တွေအတွက် နောက်ချီး(နွားချီး) အကောက်ထွက်ခဲ့တာ။ အဲဒီကွင်းကြီးထဲမှာပဲ လူရည်ချွန်ဖြေဖို့ အတွက် အားကစားလေ့ကျင့်ခဲ့တာ။ အဲဒီကွင်းကြီးကို လှမ်းမြင်ရတဲ့ ၀ရန်တာမှာ နေ့ စဉ်နေ့ တိုင်း စာကျက်ခဲ့ရတာ။ အဲဒီကွင်းကြီးထဲက ဖြတ်သန်းလာတဲ့ လေနုအေးလေးကြောင့် နွေရက်တွေက နွေနဲ့ မတူ အေးမြခဲ့တာ။ ခုတော့ ကျွန်မငယ်ဖော်ကွင်းကြီးက အစိတ်စိတ် အမွှာမွှာ အပိုင်းပိုင်း အပြတ်ပြတ်။ အဲဒီနေရာမှာ တချိန်က ရပ်ကွက်ရဲ့ အစည်ကားဆုံးနေရာ၊ အထိမ်းအမှတ်ပွဲတွေ ကျင်းပခဲ့တဲ့နေရာ၊ ငယ်ဘ၀ရဲ့ ခြေရာတွေ ထပ်ခဲ့တဲ့နေရာ ကွင်းကြီးတကွင်း ရှိခဲ့တယ်လို့ ဆိုရင် ကျွန်မကို ကလေးတွေက မယုံနိုင်တဲ့ သံသယမျက်ဝန်းတွေနဲ့  ကြည့်ကြဦးမယ် ထင်ပါရဲ့။

တန်ခူး
2:54pm 19-Nov-2009

Thursday, November 12, 2009

ဟိုဟိုဒီဒီ နိုဝင်ဘာ

မြန်မာကျောင်းသားလေး ၂ ယောက် အိမ်ပြောင်းဖို့  တက်စီထဲ ပစ္စည်းတွေ တင်နေတုန်း လော်ရီကားက နောက်ကနေ ၀င်တိုက်လို့  ခြေထောက်တွေ အပြင်းအထန် ဒဏ်ရာရတဲ့ သတင်းကို ဖတ်ပြီး အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒီမှာ တခုခုဖြစ်ရင် ဆေးကုသစရိတ်က အရမ်းများပါတယ်။ အသက်အာမခံ မ၀ယ်ထားရင် ပိုဆိုးပါတယ်။ ဒီကလေးနှစ်ယောက်က ကျောင်းလာတက်နေတာဆိုတော့ ဘယ်အသက်အာမခံ ၀ယ်နိုင်ပါ့မလဲ။ ကောင်မလေးရဲ့ ဆေးကုသစရိတ်ဆို ဒေါ်လာ ၇ သောင်းလောက် ကျနေပြီတဲ့။ ကိုယ်တတ်နိုင်သလောက် အလှူငွေ ပါဝင်ဖို့  အီးမေးလ်တွေ ရတော့ တော်ပါသေးရဲ့လို့  စိတ်ထဲ ဟင်းချနိုင်ပါတယ်။ ဒီနိုင်ငံမှာ မြန်မာတွေ အတော်များနေတာ တယောက်ကို အနည်းဆုံး $10 နှုန်းနဲ့  ဒါမှမဟုတ် $5 နှူန်းနဲ့ ပဲ လှူကြဦး သူတို့ အတွက် အတော် အထောက်အကူရမှာပါ။ နဲတယ်များတယ် သဘောမထားပဲ ကိုယ်တတ်နိုင်သလောက် လှူဖြစ်လိုက်တာက ပိုထိရောက်မယ်လို့  ထင်မိပါတယ်။ သူတို့ ခမျာ မိဝေးဖဝေး သူစိမ်းတွေ ကြားထဲ ကျောင်းလာတက်နေရတဲ့ အပြင် ဒီလို အဖြစ်မျိုးနဲ့  ကြုံရတော့ အတော်ကို အားငယ်ဝမ်းနည်းနေကြမှာပါ။ ဒီလို တကယ်လိုအပ်နေတဲ့သူကို လှူရတဲ့ အလှူက ပိုပြီး အကျိုးရှိပါတယ်။ တဆက်တည်း အလှူငွေ ထည့်ဝင်ဖို့  နှိုးဆော်တဲ့ volunteer တွေနဲ့  အသက်အာမခံကိစ္စ၊ ဆေးရုံကိစ္စ ကူညီပေးသူတွေကိုလဲ လေးစား ကျေးဇူးတင်မိပါတယ်။ ဘယ်နေရာရောက်ရောက် လူအချင်းချင်း ရိုင်းပင်းကူညီကြလိုတဲ့ မြန်မာလူမျိုးတွေရဲ့  စိတ်ဓါတ်ကို ဂုဏ်ယူမိပါတယ်။

ခုတလော လူက အလုပ်ရှုပ်ချက်ကတော့ သတင်းစာလဲ မဖတ်နိုင်၊ တီဗွီလဲ မကြည့်နိုင်နဲ့  မနက်မိုးလင်းတာနဲ့  ကွန်ပြူတာကြီးထဲ ခေါင်းဝင်မတတ် ညလဲအတော်မိုးချူပ်တဲ့အထိပါ။ ဟိုတနေ့ က အရာရှိက ကြားပြီးပြီလား သတင်းထူးဆိုတော့ ကျွန်မက မှုန်ဝါးဝါးနဲ့ ။ အဖေအရင်းက သူ့ မိန်းမမရှိတုန်း သူမွေးထားတဲ့ ၅နှစ်နဲ့  ၃နှစ်အရွယ် ကလေးနှစ်ယောက်ကို မီးရှို့ သတ်ပြီး သူ့ ကိုယ်သူပါ သတ်သေသွားတယ်တဲ့။ ဘုရား… ဘုရား။ အဲလိုသတင်းမျိုးကြားရရင် ရင်ထဲမှာမောပြီး အသက်ရှုတွေ ကျပ်မိတယ်။ မနှစ်ကလဲ အမျိုးသမီးတယောက် သူ့ ကလေးနှစ်ယောက်နဲ့ အတူ သတ်သေသွားတာ ကြားရသေးတယ်။ ခုလာပြန်ပြီ။ အရာရှိက အဲဒီသတင်းကြားရတာ သူအရမ်းpainful ဖြစ်တယ်လို့  ပြောတော့ ကိုယ်လဲ နားလည်မိပါတယ်။ မိခင်တွေဆို ခံစားချက်က ပိုဆိုးမယ်ထင်တယ်လေ။ အဲဒီမှာ ထုံးစံအတိုင်း စဉ်းစားပြီး မေးမိတာပါပဲ။ ဒီမှာက အိမ်ခန်းလေးတွေနဲ့  နေတာ။ ဟိုဘက်အခန်းက ချောင်းဟန့် တာတောင် ဒီဘက်အခန်းက ကြားရတတ်သေးတာ။ ဒီလောက် မီးရှို့ သတ်တာတောင် အိမ်နီးချင်းတွေက မသိလိုက်ဘူးတဲ့လား။ နဲနဲလေးမှ သံသယမဖြစ်ဖူးတဲ့လား။ ကလေးတွေရဲ့ “အဖေရယ်မလုပ်ပါနဲ “့ ဆိုတဲ့ အသံကိုတောင် အိမ်နီးချင်းတချို့ က ကြားတယ်ဆိုပဲ။ တခုခုပုံမှန်မဟုတ်ပဲ ဖြစ်ပျက်နေတာ တကယ်တော့ သိသာမှာပါ။ နေနိုင်လွန်းတဲ့ စိတ်တွေ။ တကယ်လို့ များ အပြင်က တံခါးဘဲလ်ကို နှိပ်တာပဲဖြစ်ဖြစ်၊ ရဲကို ဖုန်းလေး တချက်ကောက်လှည့်တာပဲ ဖြစ်ဖြစ် လုပ်လိုက်နိုင်ရင် ကလေးတွေရော လူကြီးအသက်ပါ ကယ်တင်နိုင်ရင် ကယ်တင်နိုင်မှာပါ။ (မနှစ်က ပို့ စ်တခုမှာ လေးလောင်းပြိုင်လူသတ်မှုတခုမှာလဲ အဲဒီလို တွေးပြီး ရေးခဲ့ဖူးပါတယ်)။ အရာရှိက သူ့ နိုင်ငံဖြစ်ပေမယ့် ကိုယ်ထောက်ပြတာကို လက်ခံတယ်။ နောက်ပိုင်းမျိုးဆက်တွေ ပိုဆိုးလာတယ်လို့  သူက ဆိုပါတယ်။ သားအတွက်တွေးပူမိရင်း မိဘဆရာတွေ့ ဆုံပွဲ ကြိုတင်ဆွေးနွေးတဲ့ formထဲမှာ ကလေးတွေ တယောက်နဲ့ တယောက် ပိုချစ်ခင် သံယောဇဉ်ရှိကြဖို့  မေတ္တာထားတတ်ဖို့  ရိုင်းပင်းကူညီတတ်ဖို့ programလေးတွေ သင်ရိုးထဲ ထည့်သင်ဖို့ အကြံပေးမိတယ်။

ဟိုတလက အိပ်ခါးနီး တခုခုတူးတဲ့ အနံ့ ရလို့  အမျိုးသားကို အဖော်စပ်တော့ သူလဲ အနံ့ ရတယ်တဲ့။ တူးနံ့ က အမဲသားလို အသားတမျိုးတူးနံ့ ပါ။ အဲဒီနေ့ က အိမ်မှာ မီးခိုးတိတ်ဆိုတော့ ကိုယ့်အိမ်က မဟုတ်တာသေချာတာမို့  မိုးချူုပ်မှ ဟင်းချက်တတ်တဲ့ အောက်ထပ်အိမ်ကလို့ ပဲ စိတ်ထဲထင်မိတာ။ တဖြေးဖြေး အနံ့ က ဆိုးလာတဲ့ အပြင် မီးခိုးတွေပါ အပေါ်ရောက်လာတော့ နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ တံခါးဖွင့်ပြီး အပြင်ထွက်ကြည့်တော့ မီးခိုးတွေ တွေ့ ရပါတယ်။ အိမ်နီးနားချင်းတွေ တုပ်တုပ်မှ မလှုပ်ကြတော့ မနေနိုင်ပဲ တံခါးတွေ ခေါက်မေးမိတယ်။ သူတို့ ကလဲ အဲဒီတော့မှ ပြာပြာသလဲ။ သူတို့ အိမ်တွေက မဟုတ်တာ သေချာတဲ့အခါ အမျိုးသားက ဘယ်ကလဲ သေချာအောက် တိုက်အောက်ဆင်းကြည့်ပါတော့တယ်။ ၆ ထပ်က လူကြီးတယောက်က တတိုက်လုံး ထူးထူးခြားခြား သူတယောက်ပဲ ထွက်ကြည့်ပြီး တိုက်အောက်ရောက်နေတဲ့ အမျိုးသားကို အော်ပြောပါတယ်။ ၅ ထပ်က… မင်းလဲ တက်လာခဲ့ ငါနဲ့ အတူသွားမယ်တဲ့။ သူတို့  နှစ်ယောက်သွားပြီး တံခါးခေါက်တော့ ဘယ်သူမှ တံခါးလာမဖွင့်ပေးပါဘူး။ သူတို့ လဲ တံခါးကို မရရအောင် ဖွင့်မှ ဖြစ်မယ်လို့  တိုင်ပင်နေတုန်း လူငယ်လေးတယောက် အပြင်က ပြန်လာပုံနဲ့  ပြေးလာပြီး ဒါင့ါအိမ်ဆို တံခါးဖွင့်ပါတယ်။ တံခါးဖွင့်လိုက်မှ အိမ်ထဲဘာမှ မမြင်ရအောင် မီးခိုးတွေ ပိတ်မှောင်နေတယ်ဆိုပဲ။ ခဏနေတော့ မီးခိုးကြားထဲက အဖိုးကြီး တယောက်ထွက်လာမှ အားလုံးသဘောပေါက်ပါတော့တယ်။ လူငယ်လေးက ငါ့အဖေဟင်းချက်ပြီး မေ့သွားတယ်ထင်တယ်တဲ့။ မီးဖိုကတော့ မီးတွေတောက်နေလို့  အကုန်ဝိုင်းပြီးငြှိမ်းရပါတယ်။ ကံကောင်းလို့ ပါ။ တကယ်လို့ သာ လူငယ်လေး အချိန်မှီရောက်မလာခဲ့လို့ ရှိရင်… ကျွန်မအမျိုးသားနဲ့  ၆ထပ်က လူကြီးသာ ငါ့အိမ်က ညှော်တာမှ မဟုတ်တာဆိုပြီး အိမ်တံခါးလေး အသာပိတ်နေခဲ့ရင် အိပ်ပျော်နေတဲ့ အဖိုးကြီး မီးခိုးငွေ့ တွေထဲ တခုခုဖြစ်သွားနိုင်တဲ့အပြင် အဲဒီအခန်းကစတဲ့ မီးက ဘယ်လောက်ထိ ပျံ့ နှံ့ သွားမယ် မသိပါဘူး။ ကြွက်ကလေး ကြွက်ထောင်ချောက်တွေ့ တဲ့ ပုံပြင်လိုပါပဲ။ ငါနဲ့ မဆိုင်ဆို ဘာသိဘာသာနေခဲ့ရင် တချိန်ကျ ငါ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသလိုပဲပေါ့။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဖတ်စာလေးသွားသတိရတယ်။ လဲနေသူကို ထူပေးပါ… အားငယ်သူကို အားပေးပါတဲ့။

ဒီမှာ အဲဒီလို တယောက်နဲ့ တယောက် နွေးထွေးမှုတွေ ပါးလျလာလို့  ထင်တယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အဖြစ်တွေ၊ ရထားလမ်းထဲ အတင်းခုန်ချတဲ့အဖြစ်တွေ၊ ယဉ်ယဉ်လေးရူးရတဲ့အဖြစ်တွေ အတော်ကိုများပါတယ်။ ရုံးမှာ အဲဒီလို အခက်အခဲတွေ ခံနိုင်ရည်မရှိတဲ့အခါ တယောက်ထဲမြိုသိပ်မထားဖို့  အကြံဥာဏ်တောင်းခံဖို့  counselor လုပ်တဲ့ company တခုကို ငှားထားပါတယ်။ အဲဒီသတင်းကြားမိတော့ အဖိုးကို သတိရမိတယ်။ ဟိုတခါ အညာပြန်တော့ ကိုယ်နဲ့ စိမ်းတဲ့ မျက်နှာစိမ်းတွေ အဖိုးဆီ ၀င်လိုက်ထွက်လိုက်နဲ့ ။ သူတို့ က တိုးတိုး တိုးတိုးနဲ့  ပြောကြတော့ ကိုယ်လဲ စပ်စုမရ။ နောက်မှ သိရတာက အဖိုးတို့  ရပ်ကွက်ထဲက ကတောက်ကဆ ဖြစ်ကြတဲ့ လင်မယားတွေတို့  သားအဖအချင်းချင်း နားလည်မှုလွဲကြတာတွေကို အဖိုးဆီမှာ အဆုံးအမလာခံ အကြံဥာဏ် လာယူကြတယ်ဆိုပဲ။ ကျွန်မအဖိုးက အသက်၉၀နားနီးနေပြီဆိုတော့ ရပ်ကွက်ထဲက အကြီးဆုံးကို ဂါရ၀ပြူ အဆုံးအမ နာယူကြတာ ကြားရတာ ကြည်နူးစရာပါ။ သူများအပူကို မျှယူဖြေရှင်းပေးလို့  အပူတွေ ငြိမ်းသွားတာ သူလဲ ဘယ်လောက်ကုသိုလ်ရလိုက်ပါသလဲနော်။ ဒီနိုင်ငံက counselor အယူအဆလိုမျိုးကို ကျွန်မတို့ နိုင်ငံမှာတော့ ဟိုးရှေးခေတ်ကတည်းက ယဉ်ကျေးမှုတရပ် အနေနဲ့  ကျင့်သုံးလာတာ ဂုဏ်ယူစရာကောင်းလှပါတယ်။ ရပ်ကွက်ထဲ အချင်းချင်း ရန်ဖြစ်ကြရင်ပဲဖြစ်ဖြစ်၊ လမ်းမှာကားပေါ်မှာ ခရီးသွားအချင်းချင်း ကတောက်ကဆ ဖြစ်ကြရင်ပဲ ဖြစ်ဖြစ် ဖြန်ဖြေမယ့် counselorတွေက သူ့ အလိုလို အနီးအနားပတ်ဝန်းကျင်မှာ ပေါ်လာအောင် နီးစပ်လွန်းတဲ့ နှလုံးသားတွေ သံယောဇဉ်တွေကို ကျွန်မဖြင့် စေ့စေ့တွေးလေ ကြက်သီးမွှေးညှင်းထအောင် အံ့သြလေပါပဲ။

မနက်ဖြန် Nov 13th က World Kindness Dayပါ။ ကြင်နာမှုတွေ ရှားပါးတဲ့ အရပ်မှာ ကျွန်မ အီးမေးလ် တစောင် ခုလေးတင်ရပါတယ်။ ကျွန်မတို့  ဋ္ဌာနရဲ့ Kindness Dayကို ဂုဏ်ပြုတဲ့ အစီအစဉ်ကတော့ နေ့ တဓူဝ ကျွန်မတို့ ပတ်ဝန်းကျင်လေး သန့် ရှင်းသပ်ရပ်အောင် စေတနာ အပြည့်နဲ့  လုပ်ပေးရှာတဲ့ သန့် ရှင်းရေးအန်တီကို လက်ဆောင်လေးပေးဖို့  ကိုယ်တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြတဲ့ အစီအစဉ်ပါပဲ။ အဲဒီလို မေတ္တာတရားလေးတွေနဲ့  နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် လှုံ့  ဆော် စည်းရုံးပေးတဲ့ ကျွန်မလုပ်ဖော်ကိုင်ဖက် အမကြီးကို အရမ်းလေးစားကြည်ညိုမိပါတယ်။ အထူးသဖြင့် သူရွေးချယ်လိုက်တဲ့သူဟာ ကျွန်မသံယောဇဉ်ကြီးရတဲ့၊ အလုပ်မလာရင် နေများမကောင်းလို့ လားလို့  စိုးရိမ်မိတဲ့၊ သူ့ အိမ်က အပင်သေးသေးလေးတွေကို ကျွန်မအလုပ်စားပွဲဘေးမှာ အလှဆင်ဖို့  ပန်းအိုးလှလှလေးနဲ့  လက်ဆောင်ပေးတတ်တဲ့၊ သန့် ရှင်းရေးလုပ်တဲ့အခါ သူ့ အိမ်သူရာလို စေတနာထားလုပ်ပေးတတ်တဲ့ သန့် ရှင်းရေးအန်တီဖြစ်နေလို့  ပိုလို့ ကြည်နူးဝမ်းသာမိပါတယ်။ World Kindness Dayမှာ ကိုယ့်ပတ်ဝန်းကျင်က တစုံတယောက်ကို ကူညီဖြစ်အောင် ကူညီကြစို့ လား။

(Nov 13th World Kindness Day အမှတ်တရ)
(တခါတခါ အကြောင်းအရာ သေးသေးလေးတွေကို ရေးချင်ပြီး ပို့ စ်တခုလို ချဲ့ ရေးပြန်လဲ မကောင်း… ရေးကလဲရေးချင်ဆိုတော့… မရေးဖြစ်ပဲ စိတ်ထဲမှာသာ ရှိပြီး ပျောက်သွားတာ အတော်များပါတယ်… ဟိုတခါက ဟိုဟိုဒီဒီဆိုပြီး အသုတ်စုံလို ရေးခဲ့ဖူးပါတယ်… ခုလဲ အဲဒီလို အကြောင်းအရာလေးတွေ ရေးချင်လာပြန်တာကြောင့် ဟိုဟိုဒီဒီ နိုဝင်ဘာလို့  ပေးပြီး ရေးလိုက်ပါတယ်… နောင်လဲ ရေးဖြစ်တဲ့လလေး နောက်ကထည့်ပြီး ဟိုဟိုဒီဒီလေးတွေ စိတ်ထဲပေါ်ရင်ပေါ်လာသလို ရေးမိနေဦးမယ် ထင်ပါတယ်… တကူးတက ဖတ်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်)


တန်ခူး
5:36pm 12-Nov-2009

Friday, November 6, 2009

အမေတူသား

သားလေးမွေးခါစကနေ ၄နှစ်သား(မနှစ်ကလောက်အထိ) တွေ့ တဲ့သူတိုင်းက အဖေတူသားလေးလို့  မှတ်ချက်ချကြတော့ ပြုံးပြုံးလေး နေနေရပေမယ့် ကိုယ့်သားလေးဖြစ်ပြီး ကိုယ်နဲ့ သိပ်မတူတော့ စိတ်မကောင်းသလိုလို ၀မ်းနည်းသလိုလို ဖြစ်မိတာ အမှန်ပဲ။ ဘယ်သန်တာလေးရယ်၊ ပုတိုတို လက်သည်း၊ခြေသည်းလေးတွေ တူပါသေးတယ်ဆို စိတ်ကိုဖြေရတယ်။ သားမွေးခါစက သူ့ ဆံပင်တွေက ဒူးရင်းသီးလို မာမာထောင်ထောင်ကြီးတွေ။ သူ့ အဖေဆံပင်နဲ့  တပုံစံထဲ။ နောက် ဆံပင်သန်လွန်းလို့  ခလေးပင်ပန်းမှာကြောက်လို့  ရိတ်ရင်းရိတ်ရင်းနဲ့  သားဆံပင်လေးတွေက ကိုယ့်ဆံပင်လို ပျော့ပျော့လေး… ပြီးတော့ အညိုရောင်လေးဖြစ်လာတော့… ဟေး… ကိုယ်နဲ့ တူတာ တခုရပြန်ပြီဆို ပျော်လိုက်ရတာ။ ဒီနှစ်ပိုင်းအတွင်းမှာ လူတော်တော်များများက သားက အမေနဲ့ ပိုတူတူလာတယ် လို့ ဆိုတော့ သူ့ အဖေမသိအောင် ကြိတ်ပြီး ၀မ်းသာမိနေတာ။ အထူးသဖြင့်… သားမျက်လုံးလေးတွေက အမေနဲ့ တူတယ်ဆိုပဲ။

ညနေသူ့ အဖေလာကြိုပြီး ပြန်တဲ့လမ်းခရီးမှာ သားနဲ့ အမေ အကျင့်စရိုက်တူတာ ပိုပေါ်လွင်ထင်ရှားပါတယ်။ ကိုယ်ကလဲ သူ့ အဖေကို တနေ့ လုံး ရုံးမှာဖြစ်သမျှပြောပြချင်… သားကလဲ သူ့ ကျောင်းမှာဖြစ်သမျှပြောပြချင်နဲ့ … သားနဲ့ စကားလုပြောရပါတယ်။ တခါတလေ သူ့ အဖေက ဘယ်သူ့ စကားနားထောင်ရမှန်းမသိ… ကားကလဲ မောင်းရသေးဆိုတော့ ဒီသားအမိနဲ့ တော့ခက်ပါတယ်ဆို ဟားတိုက် ရယ်မောတော့တာပဲ။ သားကလဲ ဘယ်လောက်လူလည်ကျသလဲဆို ကျွန်မငြိမ်နေရင် သူပါလိုက်ငြိမ်ပြီး ကျွန်မပြောမှ လိုက်ပြောတတ်ပါတယ်။ သူ့ အဖေကို သူတယောက်ထဲ occupyလုပ်ချင်တာလေ။ သားမေမေပြောမယ်ပြီးမှ ပြောနော်ဆို သူ့ အဖေက ကိုယ့်ကို ကလေးနဲ့ ပြိုင်စကားလုပြောတယ်လို့  ဝေဖန်ပါသေးတယ်။ အိမ်မှာ တယောက်ထဲရှိပေမယ့် အချိန်ပြည့်သားအသံနဲ့  ဝေဆာနေတတ်ပါတယ်။ တနှစ်တခါ မြန်မာပြည်ပြန်ရင် ကိုယ့်အိမ်က ကိုယ့်အသံနဲ့ ဝေဆာနေသလိုပါပဲ။ အမေကတော့ ပြောတယ်… “ညည်းပြန်ရောက်နေတာ ကြေငြာစရာမလိုဘူး” တဲ့။ ခုဆို အမေတူသား မောင်စကားများလေးပါ ပိုတိုးလာတော့ အိမ်မှာ ခေါင်းလောင်းတွေ အများကြီးပေါ့။

ဟိုတလောက သူငယ်ချင်းတယောက်ရဲ့ သမီးလေးမွေးနေ့ ကို gameလေးတွေနဲ့  ကျင်းပပါတယ်။ တခုသောgameက အကပြိုင်ပွဲပါ။ သားများ ကြောင်နေမလား အောင့်မေ့တယ် အသားကုန် က နေတဲ့ သားကို ကြည့်ပြီး အားလုံးက ပွဲကျကြပါတယ်။ အကမှာ အပြတ်mood၀င်ပြီး ကနေတာပါ။ သူ့ ကို ဘယ်သူ့ မှလဲ မသင်ပေးရပဲ သူ့ ဘာသာ က နေတာကြည့်ပြီး သူ့ အဖေက တိုးတိုးလေး လာပြောပါတယ်။ အမေတူသားပဲ။ အဲဒီနေ့ က သားက အကအကောင်းဆုံးဆုရသွားတော့ သူရတဲ့ ဆုလေးကို တမြတ်တနိုးနဲ့ ။ ပြီးခဲ့တဲ့လက နောက်သူငယ်ချင်းတယောက် သမီးမွေးနေ့ သွားတော့လဲ အကဆု ရပြန်ပါသေးတယ်။ ကျောင်းတုန်းက သင်္ကြန်မှာ က ချင် ခုန် ချင်တဲ့ ပိုးကို အဖေ ဘယ်လိုမှ မသတ်နိုင်ပဲ နောက်ဆုံးလက်လျော့ ခွင့်ပြူလိုက်ရတဲ့ ကိုယ့်အဖြစ်ကိုယ် သတိရမိပါတယ်။ သူ့ အဖေက လူအများကြီးရှေ့  မင်းတို့ မို့  မရှက်တယ်လို့  ကိုယ်တို့  သားအမိနှစ်ယောက်ကို ကဲ့ရဲ့တတ်သေးရဲ့။

ပြီးခဲ့တဲ့ အပတ်က သားနေမကောင်းလို့  ကိုယ်နဲ့ သူ့ အဖေ တလှည့်စီ ခွင့်ယူကြပါတယ်။ ဆေးခန်းမှာ သားအလှည့်ရောက်ဖို့  စောင့်နေတုန်း သားက သူ့ ဆရာမဆီ စာရေးချင်တယ်ဆို ကိုယ့်ဆီက တယ်လီဖုန်းကိုတောင်းပါတယ်။ တယောက်ထဲငြိမ်နေလို့  ကြည့်လိုက်တော့ အတော်ခရီးရောက်နေပါပြီ။ သူ့ စိတ်ကူးနဲ့ သူ့ ဝါကျကို သူ့ ဘာသာစီပြီးရေးနေတာ အံ့သြသွားမိပါတယ်။ သူ့ အဖေဆို SMS ရိုက်ရတာ စပါးလုံးကောက်နေသလို အတော်ဒုက္ခရောက်တတ်ပါတယ်။ တခါတလေ သူ့ အတွက် ကိုယ်က SMS ရိုက်ပေးရပါတယ်။ ခုသားကျတော့ အမေကိုတောင် တခွန်းမမေးပဲ ချောလို့ မွေ့ လို့ ။ သူမသိတာ အောက်လိုင်းကို ဘယ်လို သွားရမလဲဆိုတာပါပဲ။ ကျန်တာတွေက ဘယ်လိုရိုက်လိုက်မှန်းကို မသိတာပါ။ သူ့ SMS လေးကို ချစ်လွန်းလို့  သိမ်းထားတာ ဖတ်ကြည့်ပါဦး။

I love you teacher nor. I love you so much. You always play I love you. You go to sc. Do u see the horse. U said yes. I miss you.

သားရေ သား SMSလေး မေမေ့ကို ပြန်ရှင်းပြဦးလို့ ဆိုတော့ တီချယ်က သူနဲ့ အမြဲကစားလို့  ပိုချစ်တယ်။ တီချယ်က SC(shopping centre) သွားတယ်။ ဟိုတနေ့ က zoo သွားတော့ မြင်းလေးပြတာ တွေ့ တယ်လို့ ပြောတယ်။ တီချယ့်ကို လွမ်းတယ်တဲ့။ အဲဒီ SMSလေးကို သူ့ ဆရာမပို့ လိုက်တော့ ဆရာမလဲ အံ့သြနေပါတယ်။ ညနေသူ့ အဖေကို ပြန်ပြတော့ မဖြစ်နိုင်ဘူးတဲ့။ ဒါသားရေးတာ မဖြစ်နိုင်ဘူးဆိုတော့ သားကို သူ့ ရှေ့ တင် ရေးခိုင်းလိုက်ပါတယ်။ သားက သူ့ စိတ်ကူးနဲ့ သူ ကောက်ရေးလိုက်တော့ သူအတော် အံ့သြသွားပါတယ်။ SMSကို ချောချောမွေ့ မွေ့ ရိုက်တတ်တာအပြင် သူ့ အရွယ်နဲ့  ၀ါကျလေးကို စိတ်ကူးနဲ့ စီတတ်တာကလဲ အံ့သြစရာပါ။ ထုံးစံအတိုင်း သူ့ အဖေက မှတ်ချက်ချပါတယ်။ မင်းရဲ့သားက ကြီးရင် မင်းလို စာတွေရေးဦးမယ် ထင်တယ်တဲ့။

အပေါ်ကအချက်လေးတွေကတော့ အမေတူတဲ့ကောင်းတဲ့ အချက်လေးတွေပေါ့နော်။ ကောင်းတာလေးတွေရေးပြီး ဆိုးတာလေးတွေလဲ ချန်ထားလို့ မရပြန်ပါဘူး။ ကိုယ်ငယ်ငယ်က အဖေဆော်ပလော်တော်တီးတာ အတော်ခံခဲ့ရပါတယ်။ မောင်နှမ ၃ယောက်မှာ ကိုယ်က အခံရဆုံး။ အကြောင်းရင်းက ခေါင်းမာလို့ ပါ။ မှန်တယ်ထင်ရင် ဘယ်လောက် ရိုက်ရိုက် မျက်ရည်မကျတတ်တော့ ရိုက်တဲ့သူတောင် မောယူရတဲ့အထိပါပဲ။ တခါတလေ ဘယ်လောက်ဆိုးလဲဆို ကိုယ်မှန်တယ်ထင်ပြီး အဖေက ရိုက်ဖို့ လုပ်ရင် အဖေ့ကို ဒုတ်တောင် ကိုယ်က ယူပေးလိုက်ပါသေးတယ်။ ဆိုးတယ်နော်။ ဆက်မပြောတော့ဘူး။ ကိုယ်ဆိုးတာတွေ ပေါ်ကုန်မှာ စိုးလို့  ။ ခုတော့ ကိုယ်ခေါင်းမာတဲ့ ၀ဋ်က ကိုယ့်ပြန်လည်နေပါပြီ။ သားက ဒုတ်ကို လုံးဝမကြောက်ပါဘူး။ သူလုပ်ချင်တဲ့အလုပ်ကို ဒုတ်မကြောက်ပဲ ဘယ်လောက်ရိုက်ရိုက် ဆက်လုပ်တတ်ပါတယ်။ ဒီတော့ ရိုက်တဲ့နည်းက မထိရောက်ဘူးဆိုတာ သဘောပေါက်ပြီး ခုတော့ လက်ဖြစ်ပုံပြင် (အဲဒီပုံပြင်လေးတွေ အကြောင်း ပို့ စ်တခု သတ်သတ်ရေးပါဦးမယ်) တွေနဲ့  ဆုံးမတာ အောင်မြင်နေပါတယ်။ ဘယ်လောက်ခံမလဲတော့ မသိ အမေတူသား ခေါင်းမာလေးရေ။

ငယ်က အမေက ဘယ်သန်ကိုယ့်ကို ဘယ်လက်နဲ့ ရေးမှာ စိုးလို့ ဆို ဘယ်လက်ကို ပတ်တီးကြီးစီးထားပေးပါတယ်။ ပြီးတော့ သမီးလက်မှာ နာနာကြီးဖြစ်နေတယ် ဘယ်လက်နဲ့  မရေးနဲ့ လို့  မှာလိုက်ပါတယ်။ မိဘစကားကို တသွေမတိမ်း နားထောင်တဲ့ ကိုယ်က ကျောင်းရောက်ရင် ပတ်တီးလေး တိတ်တိတ်လေးဖြုတ်ပြီး ဘယ်လက်နဲ့ ပဲ စာရေးပါတယ်။ ညနေကျောင်းဆင်းခါနီးရင် ပတ်တီးလေးပြန်ပတ်။ ကလေးဆိုတော့ ဘယ်ပတ်တီးကို လက်ရာမပြတ် ပြန်ပတ်တတ်ပ့ါမလဲ။ ဦးနှောက်လေး တထွာလောက်နဲ့  လူလယ်လုပ်တော့ နောက်ဆုံးအိမ်ကလဲ လက်လျော့ပြီး ဘယ်လက်နဲ့ သာရေးခိုင်းလိုက်ရတော့တာ။ ဟိုတနေ့ က သားဆရာမက သားအိမ်မှာ ဟင်းသီးဟင်းရွက်စားလား လို့ မေးတော့ စားပါတယ်.. ဘာများဖြစ်လို့ လဲလို့  ဆရာမကို မေးကြည့်မိပါတယ်။ ကျောင်းမှာ တခြားကလေးတွေသာ ထမင်းပန်ကန်ထဲ ဟင်းသီးဟင်းရွက်ကျန်မယ်… သားက အမြဲကုန်တယ်တဲ့။ အဖြစ်မှန်ကို ဟိုတနေ့ ကမှ သိလိုက်ရတာ ဟင်းသီးဟင်းရွက်လေးတွေကို ဆရာမမသိအောင် အနားက အမှိုက်ပုံးလေးထဲ သွားသွားထည့်တာပါတဲ့။ ဆရာမလဲ သူ့ ရဲ့လူလည်ကျပုံကို ငိုအားထက် ရယ်အားသန်ဖြစ်ရပါတယ်။ သူငယ်ချင်းကတော့ နင့်သား Mr Bean ကြည့်လွန်းလို့  အဲဒီအကျင့်တွေ ရတာဖြစ်မယ်တဲ့။ တကယ်တော့ Mr Bean လက်ချက်ထက် Ms တန်ခူးသွေးမို့ ဆို ပိုမှန်ပါလိမ့်မယ်။

မိဘတယောက်ရဲ့ အတ္တအတိုင်း ကိုယ့်သားလေးကို လောကကြီးမှာ အကောင်းဆုံး အနေအထိုင် အကျင့်စရိုက်လေးတွေ ရစေချင်တာမို့  အမေတူတဲ့ ကောင်းတဲ့အချက်လေးတွေ ယူစေပြီး မကောင်းတာလေးတွေတော့ ကိုယ်ပြောသလိုလုပ် ကိုယ်လုပ်သလို လိုက်မလုပ်နဲ့ ဆိုတဲ့ အတိုင်း ဒီကမေမေကြီးက ဆုံးမရပါဦးမယ်။

တန်ခူး
5:07pm 3-Nov-2009

Monday, November 2, 2009

Lets Make Our World The Most Beautiful Home

ချစ်သူငယ်ချင်းသက်ဝေက ကမ္ဘာပျက်ဖို့  တလအလိုတဲ့။ တက်ဂ်ထားတာကြာပေါ့။ တက်ဂ်ဂိမ်းတွေဆို ရှေ့ ဆုံးက တက်တက်ကြွကြွ ရေးတဲ့ တန်ခူး ဒီတခါတော့ ကြောက်လန့် သွေးပျက်ပြီး တံခါးကြားထဲ ပုန်းနေမိတာ။ သူများတွေ ဘာတွေရေးကြသလဲလို့  တံခါးကြားထဲက ချောင်းကြည့်နေတာ။ ပိုးဟပ်ကြောက်တဲ့ သက်ဝေက ဒီပို့ စ်ကို မတုန်မလှုပ်ရေးပြသွားလိုက်တာ… အေးလေ… ပိုးဟပ်မှ မဟုတ်တာ။ ကြောက်ပါတယ်ဆို… မမမေငြိမ်းရေးထားတာကလဲ ကြက်သီးမွေးညှင်းများတောင် ထ မိပါရဲ့။ ပန့် ပို့ စ်လေးဖတ်ရတော့ နဲနဲအသက်ရှုချောင်သွားတယ်။ ကာတွန်းလေးနဲ့ ဆိုတော့ ကြောက်အားလန့် အားနဲ့  ပြုံးမိသေးတယ်။ မမသိဂီင်္နဲ့ မမသီတာတို့ ကလဲ ရင့်ကျက်လိုက်ကြတာ။ အခုတော့ တံခါးကြားထဲက မထွက်မနေ ထွက်လာပါပြီ။ ရေးလိုက်ဦးမဟဲ့… အာဂသတ္တိ ဒေါ်တန်ခူး။

တရားမရှိဘူးပဲပြောပြော။ အဲဒါမျိုးကိစ္စဆို အတော်ကြောက်တတ်ပါတယ်။ ရုပ်ရှင်တောင် သွေးထွက်သံယိုကားတို့  နိမိတ်မကောင်းတဲ့ကားတွေဆို ဝေးဝေးရှောင်တတ်ပါတယ်။ အခွေဆိုင်မှာ အခွေငှားရင် စိတ်ညစ်စရာကောင်းတဲ့ကား မပေးနဲ့ နော်ဆို ငှားတတ်တာမျိုးကို။ အားလပ်ချိန်မှာ အနားယူပါတယ်ဆိုမှ ပျော်ပျော်ရွှင်ရွှင် စိတ်လက်ချမ်းသာလေး အနားယူချင်တာပါ။ ငယ်ငယ်တုန်းက စာမေးပွဲနားနီးလို့  ဂေါက်တောက်တောက် ဖြစ်လာရင် “အတ္တများနဲ့ အဆိပ်တက်လို့  အခန်းကျဉ်းလေးထဲမှာ ကိုယ်တယောက်ထဲရူး” လို့  မေဆွိရဲ့ အတ္တသီချင်းအော်ဆိုရင် မေမေက “ဟဲ့… နိမိတ်မကောင်း… ညည်းတကယ်ရူးသွားဦးမယ်” လို့  ဟန့် တတ်ပါတယ်…။ အဲဒီအခါ “အောင်ပါစေ…အောင်ကြပါစေ” ဆို ကမန်းကတန်းသီချင်းပြောင်းဆိုခဲ့တာ အမှတ်ရမိတယ်။ မေခလာရဲ့ “စိတ်… စိတ်နဲ့ တို့ နဲ့ ညစ်တယ်… သေရင်အေးမယ်” သီချင်းကို အပြတ်ဟစ်နေရင် အမေခေါင်းခေါက်တာ ခံခဲ့ရတာပါ။ အဖေကလဲ အိမ်မှာ သီချင်းဖွင့်ရင် “အောင်ခြင်းရှစ်ပါး”လို ဓမ္မတေးဖွင့်ရင်ဖွင့်… ဒါမှမဟုတ်.. သုမောင်ရဲ့ “သူဌေးဝါဒ” လို အတိတ်ကောင်း နိမိတ်ကောင်းသီချင်းတွေသာ ဖွင့်တတ်တယ်မိုလား။ ဒီတော့လဲ ကိုယ်က မိရိုးဖလာ အစဉ်အလာမပျက်အောင်… ပြီးတော့ ဘိုဆန်ဆန်လေးနဲ့  တက်ဂ်ဂိမ်းကို ရေးတော့မယ် ချစ်သက်ဝေရေ။ “Lets Make Our World The Most Beautiful Home” … ကဲ…လာ… တို့ ရဲ့ကမ္ဘာကြီးကိုအလှပဆုံး အိမ်ကလေး ဖြစ်အောင် ကြိုးစားကြစို့ လား။

အဲဒီသီချင်းလေးကို ခုတလော ဒီက channel 5 မှာ ညတိုင်းလို လွှင့်နေတာပါ။ သီချင်းလေးနားထောင်ရတာ ကြည်နူးမိသလို စာသားနဲ့ ရည်ရွယ်ချက်လေးကလည်း ကောင်းတာမို့  နှစ်သက်မိတာပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်စပ်ဆိုထားတဲ့ သီချင်းလေးပါ။ စာသားတချို့ က…

(www.youtube.com/watch?v=QIX-jVka4PQ)

It only takes one heart, to make a start.
A dream to just go green, to keep it clean.

Side by side we’ll make it happen
So that we can live like we’re in heaven.

Let’s make our world the most beautiful home
Where everyone can live and breathe and they can easily roam.

We just have to make it ours to make it last
By giving our all & doing our best
Let’s keep our world the most beautiful home…oh yeah

ကမ္ဘာကြီးကျန်းမာရေးကောင်းဖို့ က ဒီကမ္ဘာပေါ်မှာ မှီတင်းနေထိုင်တဲ့ လူသားတွေ အားလုံးပေါ်မှာ တာဝန်ရှိတယ်မိုလား။ မလိုအပ်ရင် အိမ်က မီးခလုတ်လေးပိတ်ထားတာတို့ … အဲကွန်းမသုံးပဲနေတာတို့ … ပြီးတော့ Recycling လုပ်တာတို့ ဟာ တဦးချင်းအတွက် သိပ်မထိရောက်ဖူး ထင်ရပေမယ့် ကမ္ဘာကြီး အသက်တစက္ကန့်  ဆန့် မဆွဲနိုင်ဘူးလို့  ဘယ်သူပြောနိုင်မလဲ။ တယောက်ချင်းဆီက သစ်ပင်လေးတပင်စိုက်လိုက်ခြင်းအားဖြင့် ရာသီဥတုဆိုးဝါးပျက်ပြားလာမှု လျော့ပါးမသွားဘူးလို့  ဘယ်သူပြောနိုင်မလဲ။ ကျန်းမာရေး ချိနဲ့ လာတဲ့ ကမ္ဘာကြီးကို အားလုံးဝိုင်းဂရုစိုက်ကြရင် ကမ္ဘာကြီးအသက်ရှည် ကျန်းမာလာပြီး နေချင့်စဖွယ်… အလှပဆုံးအိမ်လေးလို ဖြစ်လာမှာအမှန်ပါပဲ။ Lets Make Our World The Most Beautiful Home.

(သက်ဝေရေ တန်ခူးဗားရှင်းနဲ့ ရေးပေးလိုက်တယ်နော်…)

တန်ခူး
9:13pm 2-Nov-2009