Monday, September 29, 2008

ဖိုးရွှေလိပ်ကလေး


သားက ပေါင်ချိန်စက်ပေါ် ဟန်ကျကျ တက်ပြီး လူကြီးတွေ ချိန်သလို ဒိုင်ခွက်ကို ငုံ့ ကြည့်သည်။ ဒီအထိ ကျွန်မရော သူ့ အဖေပါ သူဘာလုပ်မလဲ စိတ်ဝင်စားစွာ စောင့်ကြည့်မိသည်။ ပြီးမှ သူထမေးလိုက်တဲ့ မမျှော်လင့်တဲ့မေးခွန်းကြောင့် ကျွန်မတို့ ရယ်မိကြသည်။ ဒိုင်ခွက်ကို ကြည့်ပြီး မေးသည့် မေးခွန်းက “မေမေ့  ဘယ်နှစ်နာရီ ထိုးပြီလဲ” တဲ့။ လက်တံပါသည့် ဒိုင်ခွက်မှန် သမျှက နာရီတမျိုးထဲ မဟုတ်ကြောင်း ရှင်းပြတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ နားတော့ ထောင်သည်။ နားလည်သလားတော့မသိ။

သားက သူနဲ့  ရွယ်တူကလေးတွေနဲ့  စာရင် ပတ်ဝန်းကျင် လေ့လာမှု နှေးကွေးသည်။ သူစိတ်ဝင်စားတာကို တစိုက်မက်မက် လုပ်နေပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေတတ်တာက သူ့ အဖေအတိုင်း။ ပထမတော့ ကျွန်မတို့ စိတ်ပူမိသေးသည်။ မေးခွန်းမေးလဲ သူဖြေချင်မှ ဖြေတတ်သည်။ ယောင်္ကျားလေး သဘာဝက ဒီလိုပဲ ဆိုမှ စိတ်ပူသက်သာရသည်။ သူ့ နဲ့ နှစ်တူမွေးသည့် မိန်းကလေးတွေက “ဖေဖေနဲ့ မေမေ ဘယ်သူ့ ပိုချစ်လဲ” ဆို အဖေရှေ့ ကျ ဖေဖေ၊ အမေရှေ့ ကျ အမေလို့  ချွဲတတ်နားလည်တတ်နေချိန်မှာ သားကို အဲဒီမေးခွန်းမေးရင် “ဖေဖေချစ်ချစ်၊ မေမေချစ်ချစ်” လို့ ပဲ ဖြေတတ်သည်။ အဲလောက် နှေးကွေးသည့် ဖိုးရွှေလိပ်လေးပါ။

ခုတော့ ဖိုးရွှေလိပ်လေး အိပဲ့အိပဲ့ နဲ့  ခရီးအတော်ရောက်လာခဲ့ပြီ။ အကြောင်းနဲ့ အကျိုး၊ အပေးနဲ့ အယူတွေ ဖြေးဖြေးချင်း နားလည်လာတော့ ကျွန်မတို့  နဲနဲသက်သာလာသည်။ ဆိုဖါပေါ်က ခုန်ခုန်ချပြီး ကစားတတ်သည့် သူ့ ကို “ဆိုဖာပေါ်က ခုန်ချရင် သားသွားတွေ ကျိုးကုန်မှာပေါ့” လို့  ကျွန်မခြောက်တာ ကြောက်တတ်လာခဲ့ပြီ။ နောက်တခါ မေ့တေ့တေ့ရှိရင် “သား ဆိုဖာပေါ်က ခုန်ချရင် ဘာဖြစ်မလဲ” လို့  သတိပေးလိုက် ကျွန်မဘေးကို ငြိမ်ငြိမ်လေး လာထိုင်ပြီး “ဆိုဖာပေါ်က ခုန်ချတော့ဘူး… သားသား သွားတွေ ကျိုးလိမ့်မယ်” လို့  ပြန်ရှင်းပြတတ်သည်။ တခါပြောလျှင် အမြဲစွဲအောင် မှတ်ထားသည့် ဥာဏ်ကတော့ အလွန်ကောင်းသည်။

တခုခု စိတ်ဝင်စားမိလျှင် အသဲအမဲ လုပ်တတ်သည့် သားက အီးအီးပါ၊ ရှုးပေါက်ဖို့ အလွန်ပျင်းတတ်သည်။ ဘယ်လို သင်ပေးပေး မရတော့ ကျွန်မတို့  အခက်တွေ့ ရသည်။ ဒီတော့ ကျွန်မနဲ့ ခင်ပွန်း နည်းလမ်းရှာရတော့သည်။ သားက အသန့် အပြန့် အလွန်ကြိုက်သည်။ သူ့ ကိုယ်ပေါ်မှာ တခုခု ပေကျံသွားတာနဲ့  တစ်ရှုးနဲ့  သုတ်မယ်လို့  အော်နေတတ်သည်။ ရေချိုးဖို့ ပျင်းရိနေလျှင် “ဟင်… သားသား တကိုယ်လုံး မဲတူးချိတ်နေတာပဲ” လို့ သာပြောလိုက် ချက်ချင်းထပြီး “သားသား အသားရောင်ဖြစ်အောင် ရေချိုးမယ်” ဖြစ်ရော။ ဒီတော့ ဒီနည်းကို ပဲ ပြန်သုံးဖို့ ကြိုးစားတာ အောင်မြင်သွားသည်။ သူ့ အဖေက “သားသား အီးအီးပါပဲ အောင့်ထားရင် သွားကြီးတွေ နှုတ်ခမ်းကြီးတွေ မဲမဲကြီးဖြစ်သွားလိမ့်မယ်” ဆိုတော့ သူယုံသွားသည်။ “မေမေ သားသား ရှုးပေါက်မယ်… သားသား ရှုးတွေ အောင့်ထားရင် သွားကြီးမဲမဲဖြစ်” လို့ အီးပါ ရှုးပေါက်တိုင်း ပြောတတ်တော့ ကျွန်မတို့  နှစ်ယောက် သူမမြင်အောင် လက်မထောင်မိသည်။ အောင်မြင်တယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ခံမလဲတော့ မသိ။

ဟိုတခါ အိပ်ဖို့ ကို ကောင်းကင်အရောင်နဲ့  သိပ်တဲ့နည်းကတော့ သိပ်မခံလိုက်။ ခုဆို ညရောက်လို့  အိပ်ဖို့  ပြောမရရင် “သားသားရေ… ကောင်းကင်ကြီးဘာရောင်” လို့  မေးလိုက် “အပြာရောင်” လို့  လူလည်ကျပြီး ပြောတတ်လာသည်။ သားက နှေးတော့ သူ့ တိုးတက်လာသည့် ခြေလှမ်းလေးတွေက မြင်သာသည်။ ဒီခြေလှမ်းလေးတွေကို စောင့်ကြည့်ရတာပဲ ကြည်နူးခြင်း တမျိုးပင်။

အပေးအယူက အတော်လေး သဘောပေါက်လာသည်။ ညဖက်သိပ်ရင် သူ့ ဘက်ကို အဖေရော အမေရော လှည့်နေမှ ကြိုက်သည်။ ခေါင်းကြီးကို အတင်းဆွဲဆွဲ လှည့်တဲ့ အမူအရာကို ပြင်ချင်တော့ “မေမေ ဒီဘက်ကို လှည့်ပါ ခင်ဗျ” လို့  ပြောမှ လှည့်မယ်လို့  အပေးအယူ လုပ်ရသည်။ ခုဆို ညကြီးသန်းခေါင် တရေးနိုးလို့  အဖေအမေက တဘက်လှည့်အိပ်ရင်တောင် “ဖေဖေ ဒီဘက်လှည့်ပါ ခင်ဗျ” လို့  ထထတောင်းဆိုတတ်လို့  ကျွန်မတို့  အိပ်ချင်မူးတူးနဲ့  တခွိခွိ ရယ်မိသည်။ ကွန်ပြူတာကစားနေလို့  တခုခု အကူအညီလိုရင်လဲ “ဖေဖေ လာပါ ခင်ဗျ” လို့  ယဉ်ယဉ်ကျေးကျေး ခေါ်ခိုင်းတော့ အတော်ကို ဟုတ်နေသည်။ ခါတိုင်းက အဖေကို ချီချီခိုင်းတတ်တာလဲ ပျောက်ပြီ။ “သားချီခိုင်းရင် အိမ်မှာနေခဲ့ မလိုက်ခဲ့နဲ့ ” ဆို နားလည်ပြီး လမ်းလျှောက်သည်။

အဖေ၊အမေနဲ့ က ပိတ်ရက်နဲ့  ညနေပိုင်းမှ တွေ့ ရတော့ တွေ့ ရချိန်လေး အဖေ၊အမေ ပျောက်သွားမှာ အလွန်ကြောက်တတ်တာ သနားစရာကောင်းသည်။ တခါတလေ သူ့ အဖေက ပိတ်ရက်တွေ အရေးပေါ် အလုပ်ရှိလို့ သွားရလျှင် မျက်နှာမကောင်း။ ဒီတော့ သူ အိပ်ရာနိုးပြီး သူ့ အဖေ မနိုးသေးလျှင် အိပ်ခန်းတံခါးကို သွားသွားချောင်းရသည်။ သူမသိအောင် သူ့ အဖေ ထွက်သွားမှာ စိုးလို့ ။ ကျွန်မတို့ ကလဲ ဒီအခွင့်အရေးလေး အသုံးချပြီး သူ့ ကို ဆုံးမရသည်။ “သားသား အဲလို ဆိုးရင် ဖေဖေရုံးသွားမှာနော်” ဆိုရင် ချက်ချင်း လိမ္မာသွားတတ်သည်။

လွန်ခဲ့တဲ့ လေးလ လောက်က စာရေးပျင်းတဲ့ သားကြောင့် ကျွန်မ အတော် ဦးနှောက်ခြောက်ခဲ့ရသည်။ မိဘဆရာတွေ့ ဆုံပွဲမှာ ဆရာမက သားစာရေးတဲ့ စာအုပ်ပြတော့ ငိုတောင်ငိုချင်သွားသည်။ နံပါတ် ၀မ်း ရေးတဲ့ အကွက်မှာ ၀မ်းမရေးပဲ သူ့ စိတ်ကြိုက် လက်စွမ်းပြထားသည့် Merlion ပုံတွေ။ ဆရာမက အိမ်မှာ ကျင့်ပေးဖို့  ပြောတော့ ကျွန်မရော၊ သူ့ အဒေါ်ပါ ကျင့်လိုက်ရတာ။ သူက A ရေးဆိုလဲ Merlion၊ 1 ရေးဆိုလဲ Merlion။ (သား Merlion ပုံ တကယ်ဆွဲတတ်တာပါ။ ပန်းချီ ၀ါသနာ ပါလွန်းပြီး သူ့ အတွေးနဲ့ ဆွဲထားတဲ့ ပုံလေးတွေ ကို ကျွန်မပို့ စ်တခု အနေနဲ့  တင်ပါဦးမယ်) သု့ အဖေကတော့ တို့ တွေလဲ ဒီအချိန်တုန်းက စာစရေးသေးတာမှာ မဟုတ်တာလို့  စိတ်ကိုလျော့ခိုင်းသည်။ သားက သူစိတ်မပါလျှင် ဘယ်လို လုပ်ခိုင်းခိုင်းမရ။ တကယ်တော့ သူ့ ခေါင်းထဲမှာ ABC, 123 တွေက ရှိပြီးသား။ သူစိတ်ပါလာလျှင် မသင်ရသေးတာတောင် သူ့ စိတ်ထဲရှိတဲ့ အတိုင်း ချရေးပြတတ်တော့ အံ့သြစရာ။ အဲဒီ လေးလအတွင်း စာရေးလာချင်သည့် စိတ်လေးက ဘယ်ကဘယ်လို ရောက်ခဲ့သည်မသိ။ သူစိတ်ပါတော့လဲ ချောလို့ ။ ဟိုတနေ့ က ကျွန်မသူ့ ဆရာမနဲ့ တွေ့ တော့ 1 to 10 ထိရေးတတ်ပြီ။ သိပ်လိမ္မာတာတဲ့။ တော်သေးရဲ့။

သားက ပန်းတိမ်မတတ်ခင် ရွှေပိုးကလဲ သင်ချင်သူ။ Sunday School မှာ ၀လုံးလောက်ကို ရင်မခုန်တော့။ လက်ရေးလေးတွေ ၀ိုင်းစေချင်လို့  ၀လုံးကို ထပ်ခါထပ်ခါရေးခိုင်းလျှင် စိတ်သိပ်မရှည်။ သူတတ်ပြီးသားပေါ့။ ခုဆို ကကြီး၊ ခခွေး အဆင့်လောက်တောင် မဟုတ်ပဲ အဘ၊အမ၊ဆရာမ… ဒီလို စာလုံးလေးတွေကို လှမ်းချင်သူ။ စာလုံးပေါင်းတွေလဲ ကကာကားလောက် မဟုတ်တော့ပဲ အဖေ၊အမေ၊အဘိုး၊အဘွား နာမည်တွေ ကိုပေါင်းချင်သူ။ သူ့ နာမည်နဲ့  ကျွန်မနာမည်ကို မြန်မာလို ကောင်းကောင်း ပေါင်းဖတ်တတ်နေပြီလေ။

သားလို နှေးနှေးကွေးကွေးလေးတောင် အချိန်တန်တော့ သူ့ အတိုင်းအတာနဲ့ သူ ခရီးပေါက်တာမို့  ကျွန်မ(အရင်က)လို စိုးရိမ်ပူပန်နေတဲ့ မိဘတွေများရှိရင် မစိုးရိမ်ဖို့  ဒီပို့ စ်လေး ရေးရတာပါ။ သူ့ အချိန်ရောက်ရင် အားလုံးက အဆင်ပြေသွားမှာမို့  စိတ်ဝင်စားစရာ ခြေလှမ်းလေးတွေကို စောင့်ကြည့်ရင်ခုန်ကြပါစို့ ….။

(စာကြွင်း- ကျွန်မက သားကို ချစ်လွန်းလို့  သားအကြောင်းလေးတွေ ဝေမျှ ပေးရာကနေ ဒီဘလော့ဂ်ပေါ်ကို လာလည်သူ တချို့ မှာ သားပရိသတ်လေးတွေလဲ ပါနေတာ သတိထားမိတော့ အတိုင်းမသိ ၀မ်းသာမိပါတယ်… သားအကြောင်းပို့ စ်လေးတွေ မဖတ်ရတာ ကြာလို့ လွမ်းနေသူတွေ အတွက် ကျေးဇူးတင်စွာဖြင့် ဒီပို့ စ်လေးကို တင်လိုက်ပါတယ်နော်… သားတို့ ကျောင်းမှာ ငါးလေးကို အလှခြယ်နေတဲ့ သားပုံလေးကိုလဲ ဒီပို့ စ်မှာ တင်ပေးလိုက်ပါတယ်…)


တန်ခူး
9:00am 29-Sep-2008

Saturday, September 27, 2008

ပထမဆုံးများ

ဘလော့ဂ်သူငယ်ချင်းလေး သက်ဝေက အမှတ်တရ တက်ဂ်ပေးထားတယ်… ပထမဆုံးများတဲ့… သက်ဝေရေ တို့ ကို သတိရတာ ကျေးဇူးနော်… ခက်တာက ငယ်တုန်းက အဖြစ်အပျက်တွေဆို အဖြစ်အပျက်သက်သက်ပဲ သတိရပြီး အဲဒီထဲက data တွေ အကုန်မေ့… ဒါပေမယ့် သတိရတဲ့ အထဲက ပထမဆုံးလေးတွေကို ရေးပေးလိုက်တယ်နော်…

ပထမဆုံးတက်ရသည့်ကျောင်း

မိသားစုထဲကို ပထမဆုံးရင်သွေးအဖြစ် ရောက်လာလို့  နဲနဲသိတတ်တဲ့ အရွယ်ရောက်လာတော့ ကျောင်းသွားချင်တာ… အိမ်မှာပျင်းတာကို… ပထမဆုံးတက်ရတဲ့ကျောင်းလေးက ဒေါ်ယုယုမွန် မူကြို(ဟိဟိ… နာမည်မှားရင်မှားနေလိမ့်မယ်)… ခုန်ပေါက်ပြီး ပျော်ရွှင်စွာနဲ့ သွားခဲ့တာ…

ပထမဆုံးတက်ရသည့်အတန်း

သူငယ်တန်းဆိုတော့ ကျောင်းသူကြီးဖြစ်ပြီဆို ဂုဏ်ယူဝင့်ကြွားစွာနဲ့  အဖြူအစိမ်းလေး ၀တ်ပြီး ကော့ကော့ ကော့ကော့နဲ့  တက်ခဲ့ရတဲ့ကျောင်းက လသာ၂… တက်ခဲ့ရတဲ့ အတန်းက သူငယ်တန်း… တန်းခွဲက ခ လား ဂ လား… မေ့တေ့တေ့…

ပထမဆုံးအတန်းပိုင်ဆရာမ

အင်း… အထက်မှာနိဒါန်းချီခဲ့သလိုပဲ… ဆရာမနာမည်တော့ မေ့ပြီး ဆရာမ ပုံစံတော့ သတိရနေသေးတယ်… မျက်မှန်နဲ့ … ဆံပင်မှာ လှိုင်းတွန့် လေးတွေနဲ့ … နာမည်မှာ မြင့် ပါသလိုပဲ… လသာ ၂က ဘော်ဒါတို့ ရေ… ကူစဉ်းစားပေးပါဦး…

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)

သူဇာမောင်မောင်တဲ့… မျက်မှန်လေးနဲ့ ဆံပင်တွန့် တွန့် လေးနဲ့ … အမြဲပြုံးပြီး သဘောအရမ်းကောင်းတာ… သူကတော့ မှတ်မိပါဦးမလားမသိ… (ဆရာမနာမည်ကျတော့ မေ့ သူငယ်ချင်းနာမည်ကျတော့ သတိရတယ်နော်… အရမ်းဆိုးတာ… ငယ်ငယ်တုန်းကပြောပါတယ်)

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)

ငယ်ကတည်းက ရပ်ကွက်ထဲ ရွာရိုးကိုးပေါက် ဆော့နေတဲ့သူဆိုတော့ ယောင်္ကျားလေး ကစားဖော်တော့ ရှိခဲ့တယ်… ဒါပေမယ့် သူငယ်ချင်းတော့ မဟုတ်ဘူး… အဖေက ယောင်္ကျားလေးတွေနဲ့  ဝေးအောင် မိန်းကလေးကျောင်းတွေမှာပဲ ထားခဲ့တာ… ဆယ်တန်းကျမှ ၀ိုင်းမှာ ကောင်လေးတယောက်ကို သူငယ်ချင်း စတော်ခဲ့တာ… နာမည်က အောင် တဲ့… နာမည်အစအဆုံးတော့ မဟုတ်ဘူး….

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)

အဖေက ငယ်တုန်းက ကျောင်းစာက လွဲလို့  တခြားမဖတ်ရ… အိမ်က အဒေါ်ဆီက အဖေမသိအောင် ခိုးဖတ်တဲ့ ပထမဆုံးသောစာအုပ်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်…ခိုင်

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)

ညအခါ
လသာသာ
ကစားမလား
နားမလား
(သားကလဲ အရမ်းကြိုက်… အမေနဲ့ တူတာလေ)

ပထမဆုံး ရဖူးသောဆု

ရှက်လိုက်တာ… ၅တန်းထိ စာနဲ့ ပတ်သက်လို့  ဘာဆုမှ မရဖူးဘူး… ဘယ်ရမလဲ… အဆော့မက်နေတာလေ… ၆တန်းမှ ပညာရည်ချွန်ဆု စရတာ… ပထမဆုံးရဘူးတဲ့ဆုက အိမ်ရှေ့ က ကွင်းကြီးထဲ လွတ်လပ်ရေးကစားပွဲမှာ အပြေးပြိုင်ပွဲ ပထမဆု… အိမ်ကမသိအောင် သွားပြိုင်တာ… ပျောက်လို့ လိုက်ရှာပြီး စပီကာထဲက ကိုယ့်နာမည်ကြီး ဆုရတယ်ဆို အော်မှ အဖေက ဒုတ်နဲ့ လိုက်လာတာ… ဆုလေးတောင် မှတ်မိသေး… အစိမ်းရောင်ပလပ်စတစ်ရေခွက်လေး….

ပထမဆုံး စီးရသော ဘတ်စ်ကား

သူငယ်တန်းတုန်းက ကျောင်းအသွားဆို အဖေက လိုက်ပို့ ပေးတယ်… ကျောင်းအပြန်ကျ ဦးလေးနဲ့ အတူ ဘတ်စ်ကား စီးရတာ… နံပါတ်တော့ မေ့သွားပြီ… အဲဒီ ဘတ်စ်ကားကြီးတွေ ခုထိရှိတုန်း…

ပထမဆုံး ဆိုခဲ့သော သီချင်း

သနားပါတယ်… အားနာတယ်… သက်သက်ညှာညှာ ပြောလိုက်မယ် ကျွန်မမှာချစ်သူရှိတယ်….ရှင်ငရဲကြီးလိမ့်မယ်…အယ်….အယ်…အယ်…..

အဒေါ်ချော့သိပ်နေကျသီချင်းလေ…အဆုံးသတ်နားကျ မဆွဲနိုင်လို့ အယ်လိုက်တာ… အဲဒါကို မိဘတွေ ကိုးကွယ်တဲ့ ဘုန်းဘုန်းက ချစ်စရာကောင်းလို့ ဆို အမြဲဆိုပြခိုင်းတယ်… သီချင်းတခါဆိုပြပြီးရင် ချိုချဉ်တွေ စွန့် တော့ ကိုယ်ကလဲ ဘယ်နှစ်ခါဆိုခိုင်းဆိုခိုင်း….

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)

တူးတူးရဲ့ ပထမဆုံးအခွေ… အခွေနာမည်တော့ မေ့သွားပြီ… သီချင်းတွေတော့ ခုထိ အလွတ်ရတုန်း…

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ

အမှန်အတိုင်းပြောရရင်… ခုထိ တခါမှ မ၀ယ်ဖူးဘူး… အိမ်က အမျိုးသား ၀ယ်တာတွေပဲ ကြည့်တာ….

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်

အကယ်၍သာ တဲ့… ကော်လိပ်ဂျင်နေ၀င်း၊မြတ်မွန်နှစ်ကိုယ်ခွဲ… မင်းသမီးရော မင်းသားရော ဇာတ်လမ်းပါ ကြိုက်လွန်းလို့  ခုထိမှတ်မိနေတုန်း…

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်

အီစီကလီ ဟိုမရောက်ဒီမရောက် တွေဖယ်ပြီး နှစ်နှစ်ကာကာနဲ့  ဘ၀တလျှောက်လုံးအတွက် ရည်ရွယ်ပြီး ရီးစားထားခဲ့တဲ့နှစ်က ကျောင်းပြီးမှပါ… (အဲဒီရီးစားနဲ့ ပဲ အိမ်ထောင်ကျခဲ့တာပေါ့)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ

အရှည်ကြီးပဲ… အဖြေပြန်ပေးတာက နဲနဲ… အဲဒီတုန်းက သူက အလုပ်ထဲ အဆင်မပြေလို့  စိတ်ညစ်နေချိန်ဆိုတော့ အားပေးမိတာများများ… နဂိုကလဲ စာရေးဝါသနာပါသူဆိုတော့ ပထမဆုံးရီးစားစာဆို အပြတ်ရေးတာ နှစ်မျက်နှာဖြစ်သွားတယ်…

ပထမဆုံး ကဗျာ

ကဗျာနာမည်လေးတော့ မေ့သွားပြီ… တစုံတယောက်အတွက် အမှတ်တရ သူငယ်ချင်းတွေ စုထုတ်ခဲ့တာ… တကယ့်ကို အမှတ်တရပါပဲ…


ပထမဆုံးရောက်ခဲ့သော အခြားမြို့

မြင်းခြံ… သိပ်ချစ်စရာကောင်းတဲ့ မြို့ လေးပေါ့… တမာပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ … သနပ်ခါးပါးကွက်ကြားနဲ့  ပွင့်လင်းတဲ့ အညာသူလေးတွေရှိတယ်… ပြီးတော့…စွန်းလွန်းဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဖူးမျှော်လို့ ရတယ်လေ….

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား

စင်္ကာပူ… သိပ်စိတ်ညစ်ခဲ့တာ… မိဘနဲ့ လဲဝေး ချစ်သူနဲ့ လဲဝေး… တနေ့ တနေ့ ငိုလိုက်ရတာ… အဆောင်ရှေ့ က ပိတောက်ပင်ကြီးပွင့်တော့လဲ မျက်ရည်ဝဲ… အစားအသောက်တွေ မစားနိုင်တော့လဲ မျက်ရည်ဝဲ… အင်း… ခုတော့လဲ… နေသားကျလိုက်ရတော့တာပေါ့….

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်

မသောက်ဖူးပါဘူး….

ပထမဆုံး ချက်ဖူးသော ဟင်း

သီးစုံချဉ်ရည်… အဒေါ်က အဲဒီဟင်းနဲ့  လက်တည့်စမ်းခိုင်းတာ… ကောင်းတယ်လို့ ချီးကျူးခံရတယ်…ဟဲဟဲ… ခုထိလဲ ကောင်းတုန်း…တကယ်ပြောတာ…

ပထမဆုံး ပစ်ဖူးသော သေနတ်

စစ်တိုက်တိုင်းကစားတုန်းက လက်သေနတ်နဲ့ ပစ်တာလေ…

ပထမဆုံး ဘလော့ပို့စ်

သို့ …လေနုအေး

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ

ရုပ်ရှင်ရုံ… ရုပ်ရှင်သရဲလေ… တမျိုးမထင်နဲ့ ဦး… သူငယ်ချင်းတွေနဲ့ ပါ….

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်

မေဓာဝီ… အရေးအသားလေးတွေ ညက်လွန်းလို့  မြန်မာစာတော်လွန်းလို့  စွဲသွားတာ… ရုံးရောက်တာနဲ့  ပထမဆုံးဖတ်ဖြစ်တာသူပဲ… ခုတော့ ခဏနားထားတယ်… (ပြောရင်းလွမ်းသွားပြီ မေရေ)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ

ကိုပေါ နဲ့ က အရင်က ရင်းနှီးလက်စ… ဘလော့ဂါဖြစ်မှတော့ မဟုတ်ဘူး… ဘလော့ပေါ်မှာ လူချင်းမမြင်ဘူးပဲ ပထမဆုံးရင်းနှီးရတာတော့ သက်ဝေပေါ့… စိတ်ထဲမှာ အပြင်က ကိုယ်ခင်လက်စ သူငယ်ချင်း တယောက်ယောက်လို့ ခုထိထင်တုန်း…

ဆက် တက်ဂ်ချင်သူများကတော့

၁) မမေငြိမ်း
၂) ညီမလေးခွန်မြလှိုင်
၃) ညီမလေးအိမ့်ချမ်းမြေ့

ရေးပေးကြပါနော်… အလုပ်အားရင်ပေါ့…

တန်ခူး
9:25pm 27-Sep-2008


Monday, September 22, 2008

ဘာသိဘာသာ

လွန်ခဲ့တဲ့ ၃ ရက်က ဒီနိုင်ငံရဲ့ ရပ်ကွက်တခုမှာ ၃ လောင်းပြိုင် လူသတ်မှုတခု ဖြစ်သွားခဲ့တယ်။ သတ်သည့်သူက ၄ ယောက်ကို သတ်တာ တယောက်က ကံကောင်း၍ မသေခဲ့။ ခုထိတော့ ဆေးရုံမှာ။ သေသူနဲ့  ဒဏ်ရာရသူ အားလုံး အမျိုးသမီးတွေချည်း။ တအိမ်ထဲနေသူ ယောင်္ကျားသားကို လူသတ်တရားခံ ဖြစ်နိုင်ခြေ အများဆုံး အနေနဲ့  ဖမ်းဆီး သွားခဲ့တယ်။ အဲဒီလူကလဲ မရုန်းမကန် မငြင်းပဲ အေးအေးလူလူ အဖမ်းခံခဲ့သည်တဲ့။ ဘာကြောင့် သတ်လဲ၊ ပြဿနာအရင်းခံက ဘာလဲ… ဒါတွေ အားလုံးကို ခုထိ မသိရသေး။ သတင်း အစအနကို အိမ်နီးနားချင်းတွေဆီကပဲ ရသေးတယ်။

အခင်းဖြစ်သည့် ညက ရန်ဖြစ်သံ၊ ရုန်းရင်းဆန်ခတ်သံ၊ ပြေးလွှားသံ၊ ကောင်မလေးတွေရဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ လို့  အော်သံတွေကို အိမ်နီးချင်းတွေ ကြားရသတဲ့။ လူခြေတိတ်တဲ့ ညအချိန်မှာမို့  အသံတွေက အတော်ကို သိသာထင်ရှားမှာ အမှန်ပါ။ နောက်ဆုံး ပက်ပက်စက်စက် သတ်ခံရတဲ့ ဆယ်ကျော်သက် အရွယ် ကောင်မလေး အိမ်နောက်ဖေး ပြူတင်းပေါက်က ပြုတ်ကျလာမှ ရဲတိုင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်ကြပါတယ်။ ရဲရောက်လာလို့  ခြေရာခံလိုက်တော့ ၂ ယောက်က သေပြီး တယောက်က သွေးအိုင်ထဲမှာ သေလုသေချင်။ ဒီလို လူသတ်မှုတွေဆိုတာ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မ သွားတွေးမိတာက တကယ်လို့  အိမ်နီးနားချင်းတွေက အချိန်မှီသာ ရဲကို အကြောင်းကြားလိုက်နိုင်ရင် ၃ ယောက်ထိ အသက်မဆုံးသွားနိုင်ဘူး ဆိုတာကိုပါ။ အဓိက ပြဿနာက တရားခံ နဲ့  တရားလိုတွေရဲ့ ပြဿနာ မှန်ပေမယ့် အဲဒီထဲမှာ ဘာသိဘာသာ နေတတ်တဲ့ စိတ်ဓါတ်လေးကြောင့်လဲ ပါနေတယ်ဆိုတာ သွားတွေးမိတာပါ။ အို… မပြောရဲပါဘူး… ကိုယ့်လာ အန္တရာယ်ပေး ဘယ်လိုလုပ်မလဲ… လို့  ဆင်ခြေပေးရင် ကိုယ့်အိမ်ကနေ ရဲကို ဖုန်းလေး တချက် ကောက်လှည့်တာ အဲဒီတရားခံက ဘယ်လိုလုပ် သိမလဲ။ ဟင်းညှော်နံ့ လေးတောင် မခံနိုင်လို့  သဲသဲလှုပ် ရဲအကြောင်းကြားတတ်တဲ့သူတွေက ဒီလို ကိစ္စကြီးမှာ ကိုယ်နဲ့ မဆိုင်သလို ဘာသိဘာသာ နေတတ်တာ အံ့သြစရာပါ။

ပြန်တွေးကြည့်တော့လဲ အံ့သြစရာတော့ မကောင်းပြန်ဘူး။ သူ့ သတ်တာ င့ါသတ်တာမှတ်လို့  ဆိုတဲ့ ဘာသိဘာသာစိတ်က အရင်းခံတာပဲမိုလား။ ညှော်နံတာက ငါနံတာလေ… ငါ့ထိခိုက်လို ရဲတိုင်တယ်… င့ါမထိခိုက်ရင် ငါနဲ့ မဆိုင်… အတ္တအတွေးတွေကြောင့်က လွဲလို့  ဘာများဖြစ်နိုင်မလဲ။ ဒီနိုင်ငံမှာက နိုင်ငံက အရမ်းကျဉ်းတော့ တိုက်ခန်းတွေနဲ့ နေကြရတာ များပါတယ်။ တိုက်ခန်းပုံစံအရ အကျယ်အ၀န်း ကွာပေမယ့် ခြံနဲ့ ဝန်းနဲ့  နေရတာထက် စာရင် တအိမ်က ဖြစ်ပျက်နေတာ တချို့ တ၀က်ကို အိမ်နီးချင်းတွေက ပိုသိနိုင်ပါတယ်။ တချို့  အိပ်ခန်း ၂ ခန်း ပါတဲ့  တိုက်ခန်းတွေဆို အိမ်ဘေးအိမ်က ချောင်းဟန့် သံတောင် ကြားနိုင်ပါတယ်။ ဒါပေမယ့်… အခန်းထဲမှာ လူမသိသူမသိ သေနေကြတာ ဘယ်သူမှ သတိမထားမိတဲ့ အဖြစ်တွေ တော်တော်များများ ကြားရပါတယ်။ အဓိကက တယောက်နဲ့ တယောက် နွေးထွေးရင်းနှီးမှု မရှိပဲ ဘာသိဘာသာ နေကြလို့ ပါပဲ။ တချို့ ဆို အိမ်ချင်းကပ်လျက်နေပြီး ဓာတ်လှေကားထဲ တွေ့ လို့ တောင် ပြုံးပြ မနှုတ်ဆက်ကြပါဘူး။ မတွေ့ တာကြာပြီနော်… နေကောင်းရဲ့လား ဆိုတဲ့ နှုတ်ဆက်စကား တခွန်းနှစ်ခွန်းများဆိုလိုက်ရင် င့ါကိုယ်ရေးကိုယ်တာတွေ လာမေးနေတာ စပ်စပ်စုစု… နိုင်ငံကြီးသား မပီသလိုက်တာ ဆိုတဲ့ အကြည့်နဲ့  ရင်ဆိုင်ကြရပါတယ်။ ဒီနိုင်ငံသူ ကျွန်မ အရာရှိ ကိုယ်တိုင် သူ့ အိမ်နီးချင်းတွေရဲ့ သူစိမ်းဆန်မှုကို မချင့်မရဲ ငြီးညူတတ်ပါတယ်။

မိုးလင်းက မိုးချုပ် အလုပ်ထဲမှာမို့  အိမ်နီးချင်းတွေ ဘာတွေ စိတ်ဝင်စားဖို့  အချိန်မရဘူးလို့  ဆိုတတ်ကြပါတယ်။ ၂၄ နာရီလုံး အလုပ်လုပ်နေရတာ မဟုတ်တော့ ကိုယ့်အိမ်လေးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဘာသိဘာသာ သာမနေရင် နွေးထွေးရင်းနှီးဖို့  အချိန်ရှိပါတယ်။ ဘယ်သူမဆို မနက်စောစော အေးတိအေးစက် မျက်နှာသေတခု တွေ့ ရတာထက်စာရင် နွေးထွေးတဲ့ အပြုံးလေး တခုကို ပိုမြင်ချင်မှာ အမှန်ပါပဲ။ အဲဒီလို ရင်းနှီးမှုတွေက တဆင့် တယောက် အခက်အခဲ တယောက်ကူညီလာတတ်တဲ့ သံယောဇဉ်လေး ဖြစ်တည်လာမှာပါ။ အဲဒီ သံယောဇဉ်ကမှ တယောက် ဒုက္ခရောက်နေရင် တယောက်က ကယ်တင်ဖို့  စေတနာလေး မွေးဖွားလာမှာပေါ့။

ကျွန်မကတော့ ကိုယ့်နိုင်ငံရဲ့ နွေးထွေးတဲ့ အကျင့်လေးကို မပျောက်ပျက်အောင် ထိန်းသိမ်းပါတယ်။ တခါတလေ ကိုယ်ကစတာကို စောင့်နေတတ်တဲ့သူတွေလဲ ရှိတယ်မိုလား။ သူမှ မပြုံးတာ ငါကဘာလို့  ပြုံးမှာလဲ ဆိုတဲ့ အတွေးမျိုးတွေ ရှိတတ်တာကြောင့် အိမ်နီးချင်းတွေကို ကိုယ်ကပဲ စပြီး နှုတ်ဆက်ပါတယ်။ ကြာလာတော့ သူကစ ကိုယ်ကစတွေ မရှိတော့ပါဘူး။ အတူတူ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဖြစ်လာကြတာပါပဲ။ ကျွန်မသားဆို အိမ်ဘေးနားက အန်တီနဲ့ အန်ကယ်တွေ့ ရင် လိုက်လိုက်နှုတ်ဆက်တတ်လို့  အန်တီ၊အန်ကယ်တို့ ရဲ့ မျက်နှာမှာ အပြုံးလေးတွေ စိတ်ချမ်းသာမှုလေးတွေ တွေ့ ရပါတယ်။ ကျွန်မခင်ပွန်းက နဂိုက စကားနည်းတဲ့အပြင် ဒီလိုနိုင်ငံရောက်လာတော့ ပိုပြီး စကားလုံးတွေ ရှားပါးကုန်လို့  ဆွဲဆွဲခေါ်ရပါတယ်။ အိမ်နီးချင်းအသစ်ရောက်လာရရင်ပဲ ဖြစ်ဖြစ်၊ ခရီးသွားလို့  မမြင်တာ ကြာရင်ပဲဖြစ်ဖြစ် ကျွန်မက လမ်းမှာတွေ့ လို့  နှုတ်ဆက်မေးရင် ကျွန်မခင်ပွန်းက ဟန့် တတ်ပါတယ်။ ကျွန်မကတော့ ဒီနိုင်ငံရဲ့ ဘာသိဘာသာစိတ်ကြီး သူ့ ဆီကူးသွားမှာ စိုးလို့  သူ့ ကိုပါ အတင်း စကားဝိုင်းထဲ ဆွဲခေါ်တတ်ပါတယ်။

ဘာသိဘာသာ စိတ်ကြီးက ဘယ်အချိန်မှာ အသိသာဆုံးလဲ ဆို မြန်မာပြည်အလည်ပြန်ပြီး ပြန်ရောက်လာတဲ့ အချိန်ဆို ပိုသိသာပါတယ်။ ဟိုမှာက ဆွေမတော် မျိုးမတော် ဘတ်စ်ကားပေါ်တွေ့ တာတောင် ကူညီတတ်ကြ ဖော်ရွေတတ်ကြ။ ဒီရောက်တော့ ကျောက်ရုပ်ကြီးတွေလို မျက်နှာသေကြီးတွေနဲ့  တွေ့ ရ။ အဲဒီ အကူးအပြောင်း ကာလလေးက အနေရအတော်ခက်တယ်။ အထူးသဖြင့် သားလေးပေါ့။ မြန်မာပြည်မှာဆို ကလေးလေးတွေ တွေ့ ရင် ကိုယ်နဲ့ သိသိ မသိသိ မြူလိုက် ပြုံးပြလိုက် ပါးလေးတောင်ဆွဲတတ်ကြသေး။ ဒီတော့ ကလေးလေးတွေက မေတ္တာတွေရတော့ ပျော်။ သားက အဲဒီအကျင့်ပါလာပြီး ဒီရောက်တော့ ဟိုလူ့ တွေ့ ရယ်ပြ၊ ဒီလူ့ တွေ့  ရယ်ပြ… သူပြန်ရတာက မျက်နှာသေကြီးတွေ ဆိုတော့ သူ့ ကြည့်ပြီး ကိုယ်က ၀မ်းနည်းမိတယ်။ တချို့ ဆို ကလေးက မတော်တဆလေး ထိမိတာက အစ စားတော့ဝါးတော့မလို ကြည့်တတ်တယ်။

တနိုင်ငံလုံး အဲဒီလို ဖြစ်နေတဲ့လို့  မဆိုလိုပေမယ့် အများစုက အဲဒီလို ဆိုတာ မငြင်းနိုင်ပါဘူး။ အဲဒီပျောက်ဆုံးနေတဲ့ နွေးထွေးမှုတွေကြောင့် ကျွန်မအထက်က နိဒါန်းချီတဲ့ အဖြစ်ဆိုးတွေက လူမသိ သူမသိ ကယ်တင်မယ့် ပတ်ဝန်းကျင်မရှိပဲ ပြီးဆုံးသွားရပါတယ်။ ဒီနိုင်ငံမှာ ခဏလာနေသူတွေပဲဖြစ်ဖြစ်၊ အခြေချနေမယ့်သူတွေပဲဖြစ်ဖြစ်… အဲဒီကြောက်စရာ သူစိမ်းဆန်လွန်းတဲ့ အေးစက်စက် ဘာသိဘာသာ စိတ်ဓါတ်ကြီးကို မကူးစက်ပါစေနဲ့ လို့  သတိပေးပါရစေ။

တန်ခူး
12:30pm 22-Sep-2008

Sunday, September 21, 2008

အလွမ်းကုန်စိမ်းဆိုင်

ဂျေညီညီက ချစ်သူကို လွမ်းလို့  ချစ်သူနဲ့  ထိုင်နေကျ ကဖေးဆိုင်လေးဆီ နေ့ တိုင်းသွားထိုင်သတဲ့။ အလွမ်းကဖေး။ ကျွန်မက မြန်မာပြည်ကို လွမ်းတော့ မြန်မာ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ အဲဒီ ကုန်စိမ်းဆိုင်လေးကို ပိတ်ရက်တိုင်း သွားတယ်။ အလွမ်းကုန်စိမ်းဆိုင်။ ကဗျာတော့ သိပ်မဆန်ဘူးနော်။ ဒါပေမယ့် အဲဒီဆိုင်လေးက မြန်မာတော့ ဆန်တယ်။ ရောင်းတဲ့ လူကြီးက သူကိုယ်တိုင် မြန်မာ မဟုတ်ပေမယ့် မြန်မာလူမျိုး ၀ယ်သူလာရင် မင်္ဂလာပါတဲ့။ ကဲ… ဒီထက် မြန်မာဆန်ဦးမလား။ ပြီးရင် မြန်မာလို ပြောပြီး ၀ယ်လိုက်ရုံပဲ။ ချဉ်ပေါင်ရွက်၊ ပေါက်ပန်းဖြူ၊ ဒန့် သလွန်ရွက်၊ ဒညင်းသီး က အစ နံနံပင်၊ ငရုတ်သီးစိမ်း အဆုံး ရောင်းသူက မြန်မာလို မေးတယ်။ ၀ယ်သူကလဲ မြန်မာလို ပြောလိုက်ရုံပဲ။ ဒီနိုင်ငံမှာတွေ့ ရခဲတဲ့ ၀န်ဆောင်မှုပေါ့။ ကုလားလူမျိုးတွေ လာဝယ်ရင် ကုလားလိုပြော တရုတ်လူမျိုးတွေ လာဝယ်ရင် တရုတ်လိုပြော မလေးလူမျိုးတွေ လာဝယ်ရင် မလေးလို ပြော။ ဘာသာစကား တော်တော်များများကို လေ့လာထားတဲ့ ဆိုင်ပိုင်ရှင်က စင်္ကာပူ တရုတ်လူမျိုးပါ။



ဇီးဖြူသီးကြီးတွေ လှမှလှ။ ဇီးဖြူသီးလေးထောင်းစားမလား။ ဒါမှမဟုတ်… လုလု ချက်နည်းလေး အတိုင်း ငါးမြင်းဇီးဖြူသီးချက်လေး ချက်စားမလား။




ကင်းပုံသီးလေးတွေကို မျှစ်လေးနဲ့  ပုဇွန်ခြောက်လေးနဲ့  ကြော်စားလဲ ထမင်းမြိန်သား။ ဒန့် ဒလွန်သီးကတော့ ငါးဖယ်နဲ့  ဆီလည်ရေလည်လေး ချက်လဲကောင်း၊ သီးစုံချဉ်ရည်လေး ချက်လဲ ကောင်း၊ ပဲကုလားဟင်းလေး ချက်လဲကောင်းမို့  ကျွန်မက အပတ်တိုင်း ၀ယ်ဖြစ်တယ်။




ဒီနေ့ တော ချဉ်ပေါင်ရွက်နဲ့  မျှစ်လေးကို ခရမ်းချဉ်သီးလေးနဲ့  တောချက်ချဉ်ရည်ဟင်းလေး ချက်ဖို့  ချဉ်ပေါင်ရွက်လေးလဲ ၀ယ်။ ကုလားအော် ငရုတ်သီးထောင်းလေးနဲ့ ဆို ခပ်ပြင်းပြင်းလေးနဲ့  ထမင်းအလွန်ဝင်။ (အိမ်က လူတွေ အတွက်ပါ။ ကိုယ်ကတော့ အစာအိမ် သမားမို့  ငရုတ်သီးနား မကပ်နိုင်တာ ကြာပေါ့)




ဒညင်းသီးကြီးတွေက အလုံးထွားမှထွား။ ဒညင်းသီး စေးစေးလေးကို ခပ်ပြားပြားလေးထု အုန်းနို့ ချက်လေးများ ဆမ်းစားလိုက်ရလို့ ကတော့။



ခရမ်းသီး၊ သရက်သီး၊ ပူဒီနံ၊ ပေါက်ပန်းဖြူ၊ သခွားသီး… အတို့ အမြုပ်ကလဲ စုံပါ့။ အသိမြန်မာ တယောက်ကတော့ ငှက်ပျောအူတွေ ၀ယ်သွားလေရဲ့။ အင်း… အိမ်လည်သွားလို့ ကတော့ မုန့် ဟင်းခါး စားရမှာ သေချာတယ်။



ဗူးသီးလေးတွေက နုနုချိုချို။ အိမ်က အမျိုးသားက ကြက်သား ကာလသဟင်းကြိုက်တာမို့  ဗူးသီး တလုံးလဲ ၀ယ်ဖြစ်တယ်။



နံနံပင် ငါးမူးဖိုး လို့ မြန်မာလို ပြောဝယ်လိုက်တော့ အားတော့ရသား။ ပျဉ်းတော်သိမ်ရွက်ကတော့ ၀ယ်စရာမလို ဖောက်သည်မို့  အမြဲအဆစ်ရတယ်။ တခါတလေ မြင်းခွာရွက်တွေ၊ ပဲလင်းမြွေသီးတွေတောင် အဆစ်ပေးတတ်သေး။ အမေနဲ့  မနက်ဈေးအတူ ၀ယ်နေကျ မနက်ခင်းတွေ လွမ်းတိုင်း ဒီကုန်စိမ်းဆိုင်လေးကို ရောက်ဖြစ်တယ်။

တန်ခူး



12:30am 21-Sep-2008

Thursday, September 18, 2008

အဆိပ်နို့ ရည်

လသားအရွယ်ကလေးငယ်တို့ ရဲ့ အဓိက အစာက နို့ ရည်ပဲဖြစ်သည်။ ခုတော့ အဲဒီနို့ ရည်က ကလေးလေးတွေရဲ့ ကျောက်ကပ်ကို ဖျက်ဆီးပစ်တတ်သည့် အဆိပ်ရည်တွေ ဖြစ်နေသတဲ့။ အပြစ်မဲ့တဲ့ ကလေးငယ်လေး ၃ ယောက်တောင် အသက်ဆုံးရှုံးရပြီ။ ဆေးရုံမှာ ကျောက်ကပ်ပျက်စီးနေသည့် ကလေးငယ်တွေ ဝေဒနာ အလူးအလဲ ခံစားနေရသည့် ကလေးငယ်တွေ အမြောက်အမြား။

မနှစ်ကပဲ အဲဒီနိုင်ငံက ထွက်တဲ့ တိရိစ္ဆာန် အစားအစာတွေ ကြောင့် တိရိစ္ဆာန် အတော်များများ သေဆုံးခဲ့ရသည်။ နေရာတကာ နိုင်ငံတကာ ပေါလိုက်တဲ့ တရုတ်ဖြစ်တွေ။ ဈေးကလဲပေါ၊ ပစ္စည်းကလဲပေါ။ ဒါကြောင့်လဲ လူတွေက ကြိတ်ကြိတ်တိုး အားပေးကြသည်။ ခုတော့ ဈေးပေါရခြင်းရဲ့ ဇစ်မြစ်တွေက ဗူးပေါ်သလိုပေါ်ပြီ။ စီးပွားရေးသမားတွေ အမြတ်ရဖို့  အဓိက ဆိုတာ နားလည်ပေးလို့  ရပေမယ့် လူသတ္တ၀ါတို့ ရဲ့ အသက်အန္တရာယ် ထိခိုက်လောက်သည် အထိတော့ မရက်စက်သင့်။ တနေ့ တနေ့  ထွက်တဲ့ ကုန်ပစ္စည်းတွေကို တကမ္ဘာလုံး တင်သွင်းဖို့ ပဲ စိတ်ဝင်စားပြီး အရည်အသွေးထိန်းသိမ်းဖို့  လျစ်လျူရှုထားသည့် ဖြတ်လမ်းလိုက် တိုးတက်နေသော နိုင်ငံကြီးရဲ့ အတ္တကြီးမှုကတော့ အတော်ကို ရုပ်ဆိုးလွန်းသည်။ ဒါကြောင့်လဲ… ရှေ့ ကဖုန်း… နောက်ကပေါ်… သိက္ခာတွေ ကျလိုက် …ကုန်းကုန်းကောက်လိုက်နှင့်။

သတင်းဖတ်လိုက်မိတော့ အဲဒီနို့ မှုန့် တွေကို ကျွန်မတို့ မြန်မာနိုင်ငံကိုလဲ တင်သွင်းသတဲ့။ ချို့ တဲ့သူမိသားစုက ပေါက်ဖွားလာတဲ့ ကလေးငယ် ဘယ်နှစ်ယောက်များ ထိခိုက်သွားပြီလဲ။ သူတို့ ဒီသတင်းရော ကြားသိကြပါသလား။ စိတ်ထဲမှာ အတော်ပူပန်သွားမိသည်။ တကယ်လို့ များ မသိသေးတဲ့သူများရှိရင် အောက်က ပုံလေးတွေကို ကြည့်ပြီး သက်ဆိုင်ရာ ကိုယ့်ပတ်ဝန်းကျင်ကို သတိပေးပေးကြပါ။ နို့ မုန့် တံဆိပ်နာမည်က Sanlu ပါ။ ဖြစ်နိုင်ရင်တော့ တရုတ်ကလာတဲ့ နို့ နဲ့ နို့ ထွက် ပစ္စည်းတွေ အားလုံး မသုံးပဲနေတာ ပိုစိတ်ချရပါလိမ့်မယ်။




ဒီအကြောင်းအရာလေးနဲ့  ဆက်စပ်ပြီး ကျွန်မသွားတွေးမိတာလေးကတော့ မိခင်နို့  တိုက်ကျွေးခံရတဲ့ ကလေးတွေက အန္တရာယ်ကင်းကင်းနဲ့  ကျန်းမာနေကြမှာကိုပါပဲ။ မိခင်နို့ က ကိုယ်ခံရည် အကောင်းဆုံး ကျန်းမာဆုံး ပြီးတော့ ဈေးသက်သာဆုံးလေ။ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ့်ရဲ့ ရင်သွေးတိုင်းကို မိခင်နို့ ရည် တိုက်ကျွေးဖို့ တိုက်တွန်း ပါရစေ။ သဘာဝတရားက ပေးထားတဲ့ အကောင်းဆုံးလက်ဆောင်လေးကို ဘာအကြောင်းပြချက်နဲ့ များ ကိုယ့်ရင်သွေးကို ပေးဖို့  ငြင်းဆိုမလဲ။ မိခင်နို့ ရည် တိုက်ကျွေးခြင်းအားဖြင့် ရင်သွေးနဲ့ မိခင် ပိုပြီး ရင်းနှီးနွေးထွေးမှုလဲ ရစေပါတယ်။ ပြီးတော့ ဘယ်နေရာသွားသွား နို့ ဗူးသယ်ရခြင်း၊ ရေနွေးသယ်ရခြင်း စတဲ့ ဒုက္ခတွေလဲကင်းတယ်။ နောက်တခုက… နို့ ချိုတိုက်ကျွေးတဲ့ မိခင်တွေက အဆီကျလွယ်ပြီး အပျိုဘ၀ကလို ပြန်လှစေပါတယ်။

အလုပ်လုပ်တဲ့ မိခင်များက မိခင်နို့ တိုက်ကျွေးရတာ အခက်အခဲ အနည်းငယ်တော့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် လှပစိတ်ချမ်းသာဘွယ် ကောင်းကျိုးတွေ အတွက် ဒီလောက်ရင်းနှီးမှုက ထိုက်တန်ပါတယ်။ တချို့ က အပင်ပန်းမခံနိုင်လို့ လို့  အကြောင်းပြကြပါတယ်။ တကယ်တန်းကျတော့ ညဘက် ကလေးဗိုက်ဆာလို့  နို့ ထဖျော်ရတာကတောင် ပိုပင်ပန်းပါသေးတယ်။ စမ်းကြည့်ဖို့  တိုက်တွန်းပါရစေ။ ထင်သလောက်ကြီး မပင်ပန်းလှပါဘူး။ တချို့ က နို့ မထွက်လို့ လို့  အကြောင်းပြကြတယ်။ သိပ်အံ့သြစရာကောင်းတာက တိုက်လေ ထွက်လေ၊ မိခင်နဲ့ ရင်သွေးကြားက မမြင်ရတဲ့ ဆက်သွယ်မှု။ ရင်သွေးဗိုက်ဆာနေပြီ ဆိုတဲ့ အသိ မိခင်ဆီ ရောက်သွားတာနဲ့  သူ့ အလိုလို သဘာဝက ထုတ်လုပ်ပေးတာပါ။ ကျွန်မတုန်းက သားကို မိခင်နို့ ရည် အပြည့်အ၀ (ဖော်မြူလာနို့ မှုန့် မရောပဲ) တိုက်ချင်တာကြောင့် အလုပ်ချိန်မှာ ရုံးက ခွင့်တောင်းပြီး နို့ ညှစ်ပြီး ရေခဲဗူးလေးထဲ ထည့်သိမ်းရပါတယ်။ ဒီက အလုပ်တော်တော် များများက မိခင်နို့ ရည် တိုက်ကျွေးဖို့  အားပေးတာကြောင့် တချို့ အလုပ်တွေမှာ ကလေးငယ်ရှိတဲ့ မိခင်တွေ အတွက် အခန်းတခန်းတောင် စီစဉ်ပေးထားတတ်ပါတယ်။ ထူးခြားတာက သားလေး ဗိုက်ဆာနေချိန်ရောက်ပြီလို့  စိတ်ထဲတွေးလိုက်တာနဲ့  နို့ တွေ အများကြီး ထွက်လာတတ်တာပါပဲ။ မိခင်မေတ္တာပေါ့နော်။ ဒါကြောင့် နို့ မထွက်ရင် များများတိုက်ကြည့်ပါ။ ကျိန်းသေပေါက် ထွက်ပါလိမ့်မယ်။ စိတ်ရှည်ဖို့ နဲ့  စိတ်ရှိဖို့ တော့ လိုတာပေါ့လေ။ အစထဲက အဲလောက်ကြီး စိတ်အားမထက်သန်ရင် ရည်ရှည်ဇွဲနဲ့  တိုက်နိုင်မှာ မဟုတ်ပါဘူး။

နို့ မှုန့် တိုင်းကို စိတ်မချရဘူးလို့ တော့ မဆိုလိုပါဘူး။ ရာနှုန်းပြည့် စိတ်ချလို့ တော့ မရတာ သေချာပါတယ်။ အနည်းလေး ၀မ်းချုပ်တဲ့ အကျိုးဆက်တော့ ခံရလိမ့်မယ်။ ကိုယ့်ဆီမှ ရာနှုန်းပြည့် စိတ်ချယုံကြည်ရတဲ့ သဘာဝတရားရဲ့ လက်ဆောင်တခု ရှိနေမှတော့ ဘာလို့ များ အဲဒီ အခွင့်အရေးကို လက်လွှတ်ခံပါ့မလဲ။ ကိုယ့်ရင်သွေးလေးဟာ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့  ရှင်သန်ရမှာ ဖြစ်လို့  မသိနားမလည်သေးတဲ့ သူတို့ အတွက် ကိုယ့်အတ္တတွေ ခဏမေ့ထားလို့  အကောင်းဆုံးရွေးချယ်မှုလေး ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

(ပုံများကို ဒီနေရာ နဲ့  ဒီနေရာက ယူပါတယ် )

တန်ခူး
11:30am 18-Sep-2008

Tuesday, September 16, 2008

တာတေ

“တာတေ… မနက်ဖြန် စာမေးပွဲကို ခုထိ ဂေါ်လီရိုက်နေတုန်းလား… ခုစာအုပ်ယူပြီး အိမ်လာခဲ့”

ကျွန်မ အပြင်သွားတုန်း အခွင့်အရေးကို အပြတ် အသုံးချနေသည့် တာတေ။ ၈ တန်းကျောင်းသားက ၅ တန်း၊ ၆ တန်း ကလေးတွေနဲ့ ဂေါ်လီ ရိုက်ဖော်။ ဘယ်တော့မှ အပူအပင်မရှိ။ ခဏကြာတော့ မြန်မာစာ စာအုပ်တွေနှင့် နှေးနှေးကွေးကွေး ၀င်လာသည်။

“ကဲ… ဆို”

မေးခွန်းတပုဒ်ကို မေးလိုက်တော့ ကျွန်မကို ခပ်ငူငူကြည့်နေသည်။ မနက်ဖြန်ဖြေရမှာ ခုထိ ငူငူငိုင်ငိုင်။ ကျွန်မ စိတ်တွေ ပူလိုက်တာ မပြောပါနဲ့ ။ နောက်တပုဒ်မေးတော့လဲ ဒီအတိုင်း။ သူကတော့ အေးအေးဆေးဆေး။ ကျွန်မက ပြာနေပြီ။ မနေ့ ကတင် ကျွန်မနဲ့ နွှေးတုန်းက ရသေးသည်။ ဒီနေ့ မေ့ပစ်သည်။ စာမေးပွဲခန်းထဲရောက်ရင် ဘယ်လိုလုပ်မလဲ။

“နင် ဂေါ်လီရိုက်နိုင်တာ ငါအံ့သြတယ်… ခုပြန်ကျက်… တပုဒ်ချင်း င့ါဆီပြန်ဆို”

သူ့ ကို ပြောရင်း စိတ်တွေက အရမ်းပူလာတော့ မျက်ရည်တွေ ဝေ့၀ဲလာမိသည်။ စာကျက်သံမကြားရ၍ ကြည့်မိတော့ သူမျက်နှာမှာလဲ မျက်ရည်တွေနှင့်။

“စာကျက်ပါဆို နင်ကဘာလို့  ငိုနေရပြန်တာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

စိတ်ထဲမှာ မကောင်း။ ကိုယ့်ကိုယ်ကိုလဲ ဒေါသဖြစ်မိသည်။ ကျောင်းသားကို စိတ်ဓါတ်မြှင့်တင်ရမည့် အစား ကိုယ့်အပြုအမူကြောင့် စိတ်ကျသွားနိုင်သည်။ ချော့မော့ပြီး မေ့မေ့ပျောက်ပျောက် ပြန်သင်တော့ တပုဒ်ပြီး တပုဒ် ချောချောမွေ့ မွေ့ ပြီးသွားသည်။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“ဆရာမကို အားနာလို့  စာကျက်တာ… နို့ မို့ ဂေါ်လီဆက်ရိုက်ချင်တာ” တဲ့။

*****************
“တာတေ… ဖြေနိုင်လား”
“ဟုတ်ကဲ့… ဆရာမ”
“အဖြေတွေ မှတ်လာခဲ့လား”
“ဟုတ်ကဲ့… ဆရာမ”

မျက်တောင်တွေ မှေးစင်းပြီး မေးသမျှမေးခွန်းကို အိပ်ချင်မူးတူး အသံနဲ့ ဖြေနေသော ကိုတော်ချောကိုတာတေသည် ခုမှ ၈ တန်း စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ မတူ။ အတော်ကို သွေးအေးလွန်းလှသည်။ ကိုယ်သာ သင်္ချာအားနည်းသည့် သူ့ အတွက် စိတ်တွေပူနေရသည်။ မှတ်လာသည့် အဖြေတွေက အကုန်တလွဲ။ ဒုက္ခ။ ဒီပုံစံဆို တာတေတော့ ဗုန်းကနဲကျပြီ။ ဝေ့၀ဲလာတဲ့ မျက်ရည်တွေကို ဘယ်လိုမှထိန်းလို့ မရ။ တခြားဘာသာတွေ ကျန်သေးတာမို့  သူ့ ကို မပြောရက်။

“ကဲကဲ… လာနောက်ဘာသာတွေ ကျက်ရအောင်”

ကိုယ့်ကို ကြည့်ပြီး သူပါ မျက်ရည်တွေ ၀ဲလာတော့ အံ့သြတကြီး မေးမိသည်။ သူလိုလူက စာမေးပွဲကျတာလောက်တော့ အရေထူပြီးသား။

“ဟဲ့… နင်က ဘာလို့  ငိုနေတာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

သူဆီက မမျှော်လင့်တဲ့ အဖြေကြားရတော့ ကိုယ်လဲ အတော် ၀မ်းနည်းသွားမိသည်။ ဘာမှ စာဆက်မသင်နိုင်ပဲ ဆရာတပည့်နှစ်ယောက် ငိုပွဲ ဆင်နွှဲနေတော့ အမေက မနေနိုင်။ ပြောနေကျ စကား တခွန်း ၀င်ပြောသည်။

“အဲလောက် စိတ်နုနေရင် ညည်း စာဆက်သင်ရင်တော့ နှလုံးရောဂါရမှာပဲ” တဲ့။

*****************

“ဆရာမ… ဆရာမ ကျွန်တော် စာမေးပွဲ အောင်တယ်”

မနက်စောစော မင်္ဂလာသတင်းကြားလိုက်ရတော့ အတော် စိတ်ချမ်းသာသွားသည်။ ကြားရတဲ့သူက ကိုယ်ဘယ်လိုမှ အောင်မယ်မထင်ထားတဲ့ တာတေဆီက။ ဥာဏ်ရည် သိပ်မထက်မြက်သည့်အပြင် မကြိုးစားတာကြောင့် သူ့ ကို ကျူရှင်ပြရတာ သူများထက် ပိုပင်ပန်းသည်။ သူ့ စာမေးပွဲ တလျှောက်လုံး ကိုယ်ပါအိပ်ရေးတွေပျက်။ တခါတခါ ကိုယ်က ရှေ့ က အားကြိုးမာန်တက် သင်နေသည်။ သူက အိပ်တွေငိုက်လို့ ။ ခုတော့ သူအောင်သွားပြီတဲ့။ အဲဒီကြည်နူးမှုက ဘာနဲ့ မှမတူ။ ထုံးစံအတိုင်း မျက်ရည်တွေက ဝေ့၀ဲလာပြန်သည်။

“ဟဲ့ တာတေ… စာမေးပွဲအောင်တာ နင်က ဘာလို့  ငိုနေတာလဲ”

မေမေ့အသံကြားမှ သူငိုနေတာ သတိထားမိသွားသည်။

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

ဒီတခါတော့ ကျွန်မ မျက်ရည်တွေ ကြားထဲက ရယ်မိသည်။

*****************
ဟိုတခေါက် မြန်မာပြည်ပြန်တော့ အမေက ကျွန်မ မမျှော်လင့်တဲ့ သတင်းတခုပြောပြခဲ့သည်။

“တာတေ ဆုံးသွားပြီအေ”

“အမေရယ်… ဘယ်လို ဖြစ်တာလဲ…”

“ရင်ကျပ်ရောဂါလို့ ပြောတာပဲ”

အတော်ကို စိတ်မကောင်းဖြစ်သွားမိသည်။ အရင်အခေါက်တွေ ပြန်တုန်းက မော်တော်ပီကယ်လုပ်နေသည့် တာတေကို ကားနဲ့ ဖြတ်သွားတိုင်း နှုတ်ဆက်မိသည်။ အလုပ်အကိုင် အတည်တကျနဲ့  မိဘလုပ်ကျွေးနေတာတွေ့ ရတော့ စိတ်ချမ်းသာမိသည်။ ခုတော့… အသက်ငယ်ငယ်လေးနဲ့  ဆုံးပါးသွားရှာပြီ။ မျက်ရည်တို့  ဝေ့၀ဲလာသည်။

အမေက ကျွန်မကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ဆိုသည်။

“ခုတော့… ဆရာမ ငိုလို့  လိုက်ငိုမယ့်သူမရှိတော့ဘူးပေါ့အေ” တဲ့။

(ကျောင်း ၃ နှစ်ပိတ်လိုက်တုန်းက ကျွန်မ စာသင်ပေးခဲ့ရသည့် အသက်တိုရှာသည့် တပည့်ဟောင်းလေး တယောက်အကြောင်းပါ)

တန်ခူး
10:31am 16-Sep-2008

Saturday, September 13, 2008

ပဲထောပတ်ထမင်းလေး လုပ်စားရအောင်

တခါလာလဲ ထမင်းဖြူ၊ တခါလာလဲ ထမင်းဖြူမို့  ငြီးငွေ့ လာရင် လွယ်လဲလွယ်ကူ အချိန်ကုန်လဲ သက်သာတဲ့ ပဲထောပတ်ထမင်းလေး လုပ်စားကြည့်ပါလား။ တပြောင်းတလဲမို့  စားလို့ မြိန်တာ အမှန်ပဲ။ ခုလို ပိတ်ရက်တင်မက ရုံးဖွင့်ရက်တောင် မြန်မြန်လေး ကဗျာကရာ ချက်လိုက်လို့ ရအောင်ကို လုပ်ရတာ အတော်လွယ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းနဲ့ လုပ်နည်းလေးကတော့….

Rice Cookerနဲ့  ထမင်းလေးလုံးချက်အတွက်
၁) ကုလားပဲ လက်တဆုပ်
၂) GHEE ထောပတ်
၃) သစ်ဂျပိုး၊ ကုလားပွေးရွက်၊ နာနတ်ပွင့် အနည်းငယ်
၎) ကြက်သွန်နီဥကြီးတလုံး
၅) သီဟိုစေ့၊ နာနတ်သီးခြောက် …တို့ ပါပဲ… အားလုံးက အိမ်နားလေးက ဆိုင်လေးတွေမှာ အလွယ်တကူ ပြေးဝယ်လို့ ရပါတယ်…


ပထမဦးစွာ ကုလားပဲလေးကို ရေမြုပ်ရုံထည့်ပြီး Microwave ထဲ ထည့်ပြုတ်လိုက်ပါ။ Microwave ကျတော့ အနူးမြန်ပါတယ်။ သိပ်ကြီး မနူးအောင် ပြုတ်ပါ။ အရမ်းနူးသွားရင် ထမင်းထဲမှာ ပဲပုံပျက်သွားမှာပါ။

ထောပတ် ထမင်းစားဇွန်း ၃ ဇွန်းလောက်ကို ဒယ်အိုးထဲထည့်ပြီး ထောပတ်ဆီ ဖြစ်တဲ့ အထိ ပူအောင်တည်ပါ။ ဆီပူလာလျှင် ကြက်သွန်နီဥကြီးကို ၈ စိတ်ခွဲ အဖတ်ကြီးလေးတွေ ရအောင်ခွာထားတာရယ်၊ သစ်ဂျပိုး၊ ကုလားပွေးရွက်၊ နာနတ်ပွင့် ရောထားတာရယ် ပေါင်းပြီး ဆီသတ်ပါ။ ကြက်သွန်နီဖတ် အနည်းငယ်နွမ်းလာလျှင် ပြုတ်ထားသောပဲပါရော၍ ဆီသတ်ပါ။ သကြား ထမင်းစားဇွန်း ၂ ဇွန်း၊ ဆားသင့်ရုံထည့်ပါ။ ကြက်သွန်နီဖတ်လေးတွေ အနည်းငယ် ၀ါရောက်သမ်းလျှင် မီးပိတ်ပါ။ ကြက်သွန်နီက သာမာန်ဟင်းချက်သလောက် မနီရပါ။

ဆန်အဆင်သင့် ဆေးထားသည့်အိုးထဲသို့  ကြက်သွန်ပဲရောဆီသတ်ထားတာရယ်၊ သီဟိုစေ့၊ နာနတ်သီးခြောက်ရယ် ထည့်ပြီး သမအောင် ရောမွှေ၍ ရေကို ပုံမှန်ထမင်းချက်တာထက် မဆိုစလောက် လျော့ထည့်ပြီး သာမာန်ထမင်းချက်နည်းအတိုင်း Rice Cookerနဲ့ ထည့်ချက်ပါ။ ထမင်းပွက်လျှင် နှစ်ခါသုံးခါလောက် မွှေမွှေပေးပါ။ Rice Cooker မီးပိတ်သွားလျှင် ပဲထောပတ်ထမင်းမွှေးမွှေးလေး အသင့်သုံးဆောင်နိုင်ပြီပေါ့။

ကျွန်မက ကြက်သားအာလူးဆီပြန်၊ မကျီးသီးစိမ်းငါးပိချက်၊ ဒညင်းဝှက်ကြော်၊ ပြီးတော့ အရည်သောက်ချက်ရမှာပျင်းသွား၍ အလွယ်တကူ စွန်တန်ဟင်းချိုလေးနှင့် အတူစားလိုက်တော့ တပွဲမက နှစ်ပွဲလောက်ထိ စားဝင်သွားသည်။ ချဉ်ပေါင်ရွက်ဟင်းချို (မဇနိပြောတဲ့ ယောင်ရိပ်မြင် ဟင်းချိုလေး)နဲ့ လဲ အလွန်လိုက်ဖက်ပါသည်။

ပိတ်ရက်မှာ စားကောင်းသောက်ဖွယ်များမြိန်လျှက်စွာ စားသုံးနိုင်ကြပါစေ။


တန်ခူး
8:30am 13-Sep-2008

(သင်ပြပေးသော ချစ်ညီမလေးအား ကျေးဇူးတင်လျှက်)

Thursday, September 11, 2008

ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ 

ပြန်ဖို့ ရက်ကို ခွင့်တင်ပြီးကြောင်း အမေ့ကို ပြောသည့်နေ့ မှစ၍ အမေက ခရီးသွားဖို့  အစီအစဉ် စဆွဲနေပြီ။ အမေနဲ့ ဖုန်းပြောတိုင်း ဒီတခါ ဘယ်သွားရအောင်လို့  တိုင်ပင်လို့  မပြီးတော့။ “ညည်းတို့  ခွင့်လေး နှစ်ရက် တပိုင်းနဲ့  ဟိုလဲ သွားချင် ဒီလဲ သွားချင် မလုပ်နဲ့ ” တဲ့။ တတ်နိုင်ရင် အမေက တနှစ်ကို လေးငါးခါ ပြန်လာစေချင်တာ။ ကိုယ်ကလဲ ပြန်ချင်တာပေါ့။ အဲဒီလို ပြန်နေလို့  ကတော့ အလုပ်ပြုတ်မှာ သေချာသည်။ ရွှေစက်တော်ပွဲတော် ရာသီလေးမို့ ၊ တောင်ကြီး တန်ဆောင်တိုင် အချိန်လေးမို့ ၊ မကွေးမြသလွန် ပွဲတော်ခါလေးမို့ ၊ မြင်းခြံနှစ်ကျိပ်ရှစ်ဆူ အခါမို့ … အမေလာစေချင်သည့် အချိန်တွေက အများသား။ တကယ်တော့… အဲဒါတွေ အားလုံးရဲ့ မြစ်ဖျားခံတာ ခရီးသွားခြင်း ၀ါသနာပင်။

တမိသားစုလုံးက ခရီးသွားဖို့ ဆို သိပ်အဖော်စပ် စရာ မလို။ အားလုံးငြင်းမယ့်သူမရှိ။ တက်ညီလက်ညီ။ ဟိုးငယ်ငယ်ကတော့ မီးရထားနှင့် ခရီးသွားလေ့ ရှိခဲ့သည်။ တဘူတာဆိုက်တိုင်း ဈေးသည်မျိုးစုံကို ပြူတင်းပေါက်မှ ငေးရသည့် အရသာက ဘာနဲ့ မှမတူ။ “ရေရမယ် ရေ” “ဆီထမင်း အမဲကြော် ကြက်ကြော်” “ထမင်းထုပ်ရမယ် ထမင်းထုပ်”။ အဲဒီလို စုံလင်လှတဲ့ အသည်တွေကို အစားမက်တဲ့ မောင်လေး အမေလစ်တုန်း ခေါ်ပြီး အတင်း ၀ယ်လို့  တဒေါက်ဒေါက် အခေါက်ခံရသည်။ အဖေကတော့ ဘယ်ဘူတာ ရောက်ရောက် ဆင်းရမှ။ တခါတလေ ရထားက ထွက်ပြီ အဖေက ကိုယ့်တွဲ ပေါ် မရောက်သေး။ နောက်တော့မှ ဘယ်တွဲပေါ်က ကူးလာသည်မသိ ခပ်တည်တည်နဲ့  ပြန်ရောက်လာသည်။ ပျဉ်းမနား သာစည်လို အကြာကြီး ရပ်သည့် ဘူတာမျိုးဆို အဖေက ရေတွေ ဘာတွေတောင် သွားချိုးလိုက်သေးသည်။ တခါတလေ ရထားပေါ်က “ခရီးသွား လုပ်သားပြည်သူများ ခမျာ…” အစချီတဲ့ ဈေးသည် တယောက်ယောက် တက်လာရင် ကျွန်မတို့  မောင်နှမတွေ က ဇာတ်လိုက်မင်းသားကြည့် သလို သူဖျော်ဖြေတာ နားထောင်ကြသည်။ ရထားပြူတင်းမှ ရှုခင်းမျိုးစုံကို ကြည့်ရတာ စိတ်ကိုလန်းဆန်းစေတဲ့ အပြင် ရထားသံ ဂျူံးဂျက်ဂျက်က အိပ်လို့  အလွန်ကောင်းတာကြောင့် ရထားစီးပြီး ခရီးသွားခြင်းကို အလွန်နှစ်သက်မိသည်။ အခုတော့ မီးရထားမစီးဖြစ်သည်မှာ နှစ် နှစ်ဆယ်လောက်တောင် ရှိတော့မည်။

ခုနောက်ပိုင်းမှာ မော်တော်ကားနှင့် သွားဖြစ်တာများသည်။ မသွားခင် တရက်အလိုမှာ အဖေက ကားကို အဆင်သင့်ပြင်၊ အမေက အစားအသောက်တွေ ကြော်လှော်။ ကျွန်မတို့  မောင်နှမတွေက အ၀တ်အစားထုတ်ပြင်။ ကျွန်မတို့  ကလေးဘ၀ကတော့ အမေက ဆန်၊ဆီ၊ ငါးခြောက်၊ပဲ နှင့် အိုးခွက်ပန်းကန် လေမီးဖိုလေးပါ ကားပေါ်တင်လာသည်။ ရောက်ရာနေရာမှာ လေမီးဖိုလေးမွှေး ချက်စားလိုက်ရုံပင်။ ရွှေစက်တော်လို နေရာမျိုးဆို မနက်တောဈေးလေးပတ် ဒေသထွက် သားငါးသီးနှံလေးတွေ ၀ယ်ပြီး ချောင်းနံဘေး ပူပူနွေးနွေး ချက်ပြုတ်စားရတဲ့ အရသာက ဘာနဲ့ မှမတူ၊ အတော် မြိန်လျှက်လှသည်။ ကျွန်မမောင်လေး အရွယ်ရလာတော့ အဲဒီလို ကားပေါ်မှာ အိုးတွေခွက်တွေ သယ်တာကို “မမိုက်ပါဘူး အောက်တယ်” ဒါမျိုးတွေလုပ်လာတော့ အမေက သူ့ တဦးတည်းသော သားလေးအလိုကျ မယူတော့။ ကျွန်မကတော့ အဲဒီလို ချက်ပြုတ်စားရတာကို လွမ်းနေတုန်းလေ။

အဖေကတော့ စနစ်ကြီးသူပီပီ ခရီးသွားplan စာအုပ်နှင့်။ ဘယ်မြို့ ကို ခန့် မှန်းခြေ ဘယ်နှစ်နာရီရောက်မှ။ ဘယ်မြို့ မှာ လည်ချိန်က ဘယ်လောက်။ အဲလိုကြီး သတ်မှတ်ထားတော့ အမေနဲ့ က မရ။ အမေက ရောက်ရာ နေရာမှာ အေးအေးဆေးဆေး လည်ချင်။ လမ်းမှာ တွေ့ တဲ့ ဆိုင်လေးဆိုလဲ ရပ်ပေးပါဦးဆို စိတ်ထဲရှိသမျှ ၀ယ်လာတတ်သူ။
တောင်ကြီး၊ ကလော၊ မေမြို့ လို ပန်းပေါတဲ့ အရပ်ဆို လမ်းဘေးက အလေ့ကျ ပန်းမျိုးလေးတောင် သယ်လာတတ်တာ။ စစ်ကိုင်းကောင်းမှုတော်လို နေရာက ကျောက်ကောင်းသည်ဆိုကာ ငရုပ်ဆုံ၊ ကျောက်ပျဉ်… ပုဂံညောင်ဦးမှာတော့ စစ်စီးအစစ်သုတ်ထားတဲ့ စကော၊ ဗန်း… မကွေးမှာ သံထည်ကောင်းသည် ဆိုကာ ကတ်ကျေး၊ ဓား။ အပြန်လမ်းကျ ကားပေါ်မှာ ရေအိုးတွေ၊ စဥ့်အိုးသေးသေးလေးတွေ၊ စကောတွေ၊ ဇကာတွေ… ငရုပ်ဆုံ၊ ကျောက်ပျဉ်၊ ထပလက်ကုလားထိုင် (ထန်းပက်လက် ကုလားထိုင်) ကအစ စုံစီနဖာ ပါလာတတ်သည်။

ကျွန်မတို့ ညီမနှစ်ယောက်ကတော့ အလှအပနဲ့  စားစရာဆို မလွတ်တမ်း။ မန္တလေး၊ တောင်ကြီး၊ အင်းလေးလို နေရာမျိုးက မြန်မာချည်လုံချည် လှလှလေးတွေ၊ ပုဂံညောင်ဦးက ရွှေချည်ထိုးအိတ်လေးတွေ၊ မြက်အိတ်ကြီးကြီးတွေ… ပြီးတော့ စလင်းကြယ်သီးလေးတွေ… ဘယ်နှစ်ခါ ရောက်ရောက် ၀ယ်မြဲ။ မန္တလေးက ရည်မွန်လဘက်၊ ဂျင်း၊ ဘုရားကြီးက ချဉ်ပေါင်း၊ မစီမာ ဇီးပေါင်း.. ပုဂံက ဇီးသီးလုံးပေါင်းနဲ့ ဂျင်းဇီးပြား… အင်း… ပြောရင်း သွားရည်ကျလာပြီ။ နောက် အချိန်ရရင် ရသလို ဓာတ်ပုံကလဲ အပြေးရိုက်ရသေးသည်။ ဒီတော့ စာအုပ်ကြီး ဖေဖေရဲ့ အချိန်ဇယားနဲ့  ကျွန်မတို့ က လွဲပြီးရင်းလွဲတော့သည်။

အဖေနဲ့ ညှိလို့ ရတာဆိုလို့  တခုပဲရှိသည်။ ရောက်ရာမြို့ က ဒေသထွက် နာမည်ကြီး အစားအစာကို ကားရပ် စားဖို့ ပေါ့။ ဟိုတခါ ရေနံချောင်းမှာ လမ်းဘေးက မုန့် ပစ်သလက် နဲ့  အကြော်စုံ ရောင်းတဲ့ဆိုင်လေးကို ကားထိုးရပ်ပြီး သားအဖတတွေ စားလိုက်ကြတာ မြို့ ခံလူတွေတောင် အံ့သြယူရတယ်။ တခါတခါ အဝေးပြေးလမ်းမ နဘေးက ထန်းတောလေးတွေက ဖွင့်တဲ့ ငါးကြော်၊ အမဲကြော်လေးတွေက လျှာလည်တယ်။ ကောင်းလွန်းလို့ ။ အဖေက ထန်းတဲလေးထဲမှာ ထန်းလျက်နဲ့ ရေနွေးနဲ့ မြည်း၊ မောင်လေးကတော့ ထန်းရည်ချိုသောက် (မိဘရှေ့ မို့ …တကယ်တမ်း ခါးချင်တာ)။ မန္တလေးရောက်ရင်တော့ မြီးရှည်ကို ဘုရားကြီးနားက အထမ်းသည်ရော၊ ဗထူးကွင်းဆိုင်အထိ စိတ်ရှည်လက်ရှည် သွားစားကြတာ။ ချောင်းသာလိုနေရာမျိုးကျတော့ ရခိုင်ချက်စားချင်လို့  တောသည်တွေကို ကိုယ့်ကြိုက်တဲ့ ဟင်းစပ်ပြောပြီး ချက်ခိုင်းတာ မြိန်သလား မမေးနဲ့ ။ အဖေက သူ့ အချိန်ဇယားထဲမှာ အဲဒီ အချိန်တွေ ထည့်တွက်ပြီးသား။

လမ်းခရီး ကားပေါ်မှာ ကက်ဆက်လေး နားထောင်လိုက် အမေ့စတီးချိုင့်ထဲက လဘက်သုတ်၊ ကြက်သားကြော်၊ ဘဲဥပြုတ်လေး စားလိုက်။ နေကြာစေ့လေး ၀ါးလိုက်နဲ့  အချိန်ဘယ်လိုကုန်လို့  ကုန်သွားမှန်းမသိ။ ကျွန်မက သာယာသော ပြည်လမ်းကို ပိုနှစ်ခြိုက်သည်။ ဧရာဝတီက ကိုယ့်နဘေးမှာ… ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက် ပါသလဲ။ ဆွမ်းမဦးသည့် မကွေးမြသလွန်မှာ အာရုံဆွမ်းကပ်ရတဲ့ ကြည်နူးငြိမ်းအေးမှုက စာဖွဲ့ လို့ မရ။ အဖေကတော့ သမိုင်းရာဇ၀င် ကျေညက်သူပီပီ ရောက်ရာ အရပ်ဒေသရဲ့ ရှေးဟောင်း ဘုရားတွေရဲ့ ရာဇ၀င်ကို ရှင်းပြလေ့ရှိသည်။ စစ်ကိုင်း၊ အင်းဝ ကျတော့ ဧရာဝတီက တကယ့်သတို့ သမီး။ ဧရာဝတီရဲ့ ဖျားယောင်းမှုကြောင့် မသွားရ မနေနိုင်။ စစ်ကိုင်းတံတား နဲ့  ဦးပိန်တံတားကို ဆွေလိုမျိုးလို ချစ်မိတာ ဘာကြောင့်မှန်းမသိ။ ပုဂံရောက်ရင် အရင်ဘ၀က နေခဲ့ဖူးတဲ့ နေရာလို ခံစားနေရတာလဲ ခပ်ဆန်းဆန်း။ ရွှေစက်တော် အထက်စက်တော်ရာမှာ မနက်လူခြေတိတ်ချိန် မြတ်စွာဘုရားရဲ့ ခြေတော်ရာကို ပူဇော်ရင်း ပုတီးစိတ် တရားထိုင်ရသည်ကလဲ အတော်ကို ငြိမ်းချမ်းလှသည်။ ချောင်းသာ၊ စက်စဲရဲ့ ပင်လယ်အလှက ကိုယ့်နိုင်ငံမိုလား မသိ ရင်းရင်းနှီးနှီး ခံစားလို့ ရသည်။ ကမ်းမမြင်ရတဲ့ အင်းလေရေပြင်ကြီးပေါ်က လွတ်လပ်မှုက ဘာနဲ့ မှမတူ။ ဟောဟဲ… ဟောဟဲ နှင့် တောင်တွေ အထပ်ထပ်တက်ပြီး ဘွားကနဲဖူးမြှော်လိုက်ရတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရဲ့ ကြည်ညိုစရာကောင်းမှု။ ကျွန်မတို့ နိုင်ငံရဲ့ သဘာဝအလှကို ခရီးတွေသွားခြင်းမှ ပိုခံစားတတ်ခဲ့သည်။ ပိုသံယောဇဉ်တွယ်တတ်ခဲ့သည်။

ဒီတခါ ဘယ်သွားရပါ့။ အချိန်ရရင် ရသလို စဉ်းစားနေမိသည်။ ခေါင်းလောင်းကြီးတွေ ကြိုက်သည့်သားကို မင်းကွန်းခေါင်းလောင်းကြီးလဲ ပြချင်သည်။ အညာသူနဲ့ လက်ထပ်ပြီး အညာမရောက်ဖူးသေးတဲ့ ခင်ပွန်းကို အညာအလှလဲပြချင်သည်။ နီးနီးနားနား ချောင်းသားလေးလဲ ပြေးလိုက်ချင်သည်။ မနီးမဝေး ကျိုက်ထီးရိုးဘုရားလဲ ဖူးလိုက်ချင်သည်။ ဟင်း… ဘယ်လိုလုပ်ရပါ့။ အမေပြောသလို ခွင့်လေးနှစ်ရက်တပိုင်းနဲ့  သွားချင်တဲ့ နေရာတွေ။ တတ်နိုင်ရင် တပြည်လုံး အနှံ့ ပတ်လိုက်ချင်သည်။ ကျွန်မချစ်တဲ့ မြန်မာပြည်မှာပေါ့။

တန်ခူး
12:45 pm 11-Sep-2008

Tuesday, September 9, 2008

ကျွန်မအသက်

ဘလော့ဂ်ပေါ်က အသက်မှန်းရတဲ့ ပြဿနာကို အခု ကျွန်မကြုံတွေ့ ရပြီ။ ကိုယ့်ထက် ငယ်သည့် ညီမလေးမိုးချိုသင်းကို ကြီးမည် အထင်နှင့် မ တွေဘာတွေ သွားလုပ်ပြီး ကော်မန့် ပေးမိတာ သိတော့ အတော်ကို အားနာ သွားမိသည်။ ချိုသင်း ခမျာလဲ ကျွန်မက မ တော့ သူက ညီမလေး ရသည်။ အချင်းချင်း အပြန်အလှန် အားတွေ နာနေ ရတာ အဓိကက ကျွန်မ တရားခံ။ ခုတော့ အခေါ်အဝေါ်တွေ ပြောင်းပြန် ပြန်ဖြစ်သွားတာ တချို့ ကျွန်မတို့  ကော်မန့် တွေ သတိထားမိသူ မျက်စိလည်သွားနိုင်သည်။ ကိုကလိုစေးထူးကလဲ တန်ခူးလို့ ခေါ်မိတာ အားတွေ နာကြောင်း ကော်မန့် ပေးသွားတော့ ကျွန်မအသက်ကို ကြော်ငြာဖို့  လိုပြီဆိုတာ သဘောပေါက်သွားသည်။

ဟိုတလောကပဲ ကိုငြိမ်းဝေက ဒီအကြောင်းလေးကို ပို့ စ်တခုတင်တော့ ကျွန်မတောင် သွားနောက်လိုက်သေးသည်။ ကျွန်မတို့  မြန်မာလူမျိုးတွေ ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစားဆိုတဲ့ ချစ်စရာ ယဉ်ကျေးမှုလေးနဲ့  ကြီးပြင်းရသူဆိုတော့ ဘလော့ဂ်လည်ပတ်ပြီး ကော်မန့် ပေးရမည့် အချိန်တိုင်း နဲနဲတော့ ဦးနှောက်စားရသည်။ တချို့ က profileထဲမှာ အသက်ကို ဖော်ပြထားတော့ ခေါ်ရလွယ်သည်။ တချို့ ကျ မွေးနေ့ ပို့ စ်တွေက တဆင့် သိနိုင်သည်။ တချို့ ကျတော့ ရေးသည့်အကြောင်းအရာ ပေါ်မူတည်ပြီး ခန့် မှန်းရသည်။ တချို့ ကျ ကိုယ့်ကို အမလို့ ခေါ်ရင် သူကိုယ့်ထက် ငယ်မှာပဲလို့  ယူဆကာ ညီမလိုက်ရသည်။ ယောင်္ကျားလေးအများစုကိုတော့ ကျွန်မက ကို တတ်ခေါ်လေ့ရှိသည်။ ဒါကြောင့်လဲ ကိုစေးထူးက တန်ခူးလို့  ခေါ်တာဖြစ်မည်။ မိန်းခလေးကျတော့ အချင်းချင်းဆိုတော့ ပိုရင်းနှီးတာကြောင့်ပါ။

တကယ်တော့ ကျွန်မက အပြင်မှာ အသက်လျို့ ဝှက်တတ်သူထဲ မပါပါ။ အသက်လာမေးလျှင် အမှန်အတိုင်း ပြောတတ်ပါသည်။ ဘလော့ဂ်ပေါ်မှာ အသက်အတိအကျ မပြောမိခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မဘယ်သူလဲ ဆိုတာ ရိပ်မိသိရှိသွားမှာ ကြောက်လို့ ပါ။ ကျွန်မ အခုနေတဲ့ နိုင်ငံက အရမ်းသေးတဲ့  အပြင် အင်ဂျင်နီယာ အသိုင်းအ၀ိုင်းကလဲ တဦးနဲ့ တဦး အရမ်းရင်းနှီးကြတော့ အလွယ်တကူ သိသွားနိုင်တာမို့ ပါ။ သိသွားတော့ ကျွန်မရေးရတာ ထိန်းချုပ်နေရတာပေါ့နော်။ ကျွန်မက ဘလော့ဂ်ရဲ့ လွတ်လပ်မှုကို အပြည့်အ၀ ခံစားချင်တာပါ။ ကျွန်မ ပတ်ဝန်းကျင်က အကြောင်းတွေလဲ ရေးရတာ အတော်ခက်သွားမယ် ထင်လို့ ပါ။ ဒါကြောင့် ကျွန်မ အရင်က စာရေးခဲ့တဲ့ ကလောင်နာမည်ကို တမင် မသုံးပဲ တန်ခူးဆိုတဲ့ အမည်လေးနဲ့ လွတ်လပ်စွာ လှုပ်ရှားကြည့်တာပါ။

ကျွန်မ နဂိုပုံစံက မလျို့ ဝှက်တတ်သူဆိုတော့ အတော်ဒုက္ခရောက်ပါတယ်။ RITကျောင်းသူဆိုတဲ့ ပို့ စ်လေးနောက်မှာ ကျွန်မဘယ်သူဆိုတာ လူတော်တော်များများ ရိပ်မိကုန်ပါတယ်။ ဘယ်လောက်ပဲ လျို့ ဝှက်ဝှက် ကျွန်မရေးဟန်ကို တချို့ က ရိပ်မိနေတော့ ဗူးပေါ်သလိုပေါ်ကုန်တာပါပဲ။ တန်ခူးက နင်မိုလားလို့  ပေါ်တင်ကြီးလာမေးရင် လိမ်ရတာ အောင့်သီးအောင့်သက်။ SONATA-CANTATA က မသီတာက xxxx က ဘလော့ဂ်ရေးလားလို့  မေးလာတော့ အမလိုလဲ ခင်ပြန် ကိုယ့်ဆရာကတော်လဲ ဖြစ်ပြန် သူကိုယ်တိုင်ကလဲ ဘလော့ဂါဖြစ်နေပြန် ဆိုတော့ နောက်ဆုံး အမှန်ပြောလိုက်ရပါတယ်။ ဒီဘလော့ဂ်ကြောင့်ပဲ ငါးပါးသီလတွေ ကျိုး။ ကြာလာတော့ အိမ်က အမျိုးသားက လိမ်တတ်တာလဲ မဟုတ်ပဲနဲ့  လိမ်မနေနဲ့  ပြောလိုက်တော့လို့  စိတ်မရှည်တဲ့ လေသံနဲ့ ပြောလာပါတယ်။

အကုန်လုံးတော့ မပြောပါရစေနဲ့ ဦးလေ။ ခု အသက်လေးက စပြောမယ်နော်။ ကျွန်မ အသက်က Hollywood Superstar Catherine Zeta Jon တို့  Jennifer Aniston တို့ ထက် ယောင်ယောင်လေးတောင် ငယ်သေးတယ်။ မြန်မာရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာတို့  ထက်ထက်မိုးဦးတို့ က ကျွန်မထက် ယောင်ယောင်လေး ငယ်တဲ့  မတိမ်းမယိမ်းပေါ့။ ဟဲ..ဟဲ.. အဖွားကြီးလို့  အပြောခံရမှာ ကြောက်လို့  ဒီလို နိဒါန်းချီနေတာပါ။ ပြောရရင်တော့… ကျွန်မ အသက် ၃၈… ခစ်… ခစ်…ခစ်။ အင်း…. ၃၈နဲ့  ခစ်ခစ်ခစ် က မလိုက်ဘက်လိုက်ပုံများ။ ဒီလောက်ဆို ကျွန်မဘလော့ဂ် ရောင်းရင်းတို့  ခေါ်ရပြောရတာ အခက်အခဲ မရှိတော့ဘူးပေါ့နော်။ အရမ်းငယ်တဲ့ ကလေးတွေကို ကြိုပြောထားရဦးမယ်။ ဒီအမကြီး အသက်အရမ်းကြီးတော့ ဒိတ်အောက်နေပြီဆိုပြီး လာမလည်ပဲ မနေနဲ့ နော်။ တို့ နဲ့  စိုင်းစိုင်း အကြောင်းလဲ ဆွေးနွေးလို့ ရတယ်။ ရဲလေး ဆိုလဲ ပွင့်ပွင့်လင်းလင်း။ ဖြူဖြူကျော်သိန်းလဲဖြစ်တယ်။ မိုးဟေကိုလဲရတယ်နော်။

ကျွန်မ ဘလော့ဂ်ရောင်းရင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ …။
(စာကြွင်း- ကျွန်မကို ဘယ်လို ခေါ်ခေါ် ရပါတယ်… လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးပေါ့)
တန်ခူး

09:30 am 9-Sep-2008

Sunday, September 7, 2008

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...

မ (မမေငြိမ်း) tag ထားတာလေး ရေးလိုက်ပါတယ်…( မ ရေ အမှတ်တရ tag ပေးတာ ကျေးဇူးပါ…) ဟိုးငယ်ငယ် အလယ်တန်း၊ အထက်တန်းကျောင်းသူ ဘ၀က အဲဒီလို ဆန်ဆန် အော်တိုလေးတွေ ရေးတာ လွမ်းသွားတယ်။ စာမျက်နှာတိုင်းမှာ ခေါင်းစဉ်လှလှလေးတွေနဲ့  တယောက်ကို တကြောင်းရေးရတာလေ... ခေါင်းစဉ်လေးတွေ မှတ်မိနေသေးတယ်… “မိပေး ဖပေး နာမည်လေး” “မိမိမိုက်မိုက် သူငယ်ချင်း တသိုက်” “ခင်ဆုံး မင်ဆုံး အချစ်ဆုံး”… အဲဒီလို ခေါင်းစဉ်လေးတွေနဲ့ … ။ tag ခံထားသူတွေ ရေးထားတွေ လိုက်ဖတ်တော့ ငယ်ငယ်က အော်တိုလေး ပြန်ဖတ်ရတဲ့  ခံစားချက်နဲ့  ခပ်ဆင်ဆင်။ အင်း…ကိုယ့် ကွမ်းထုတ် ကိုယ်ဖြေ ရရင်တော့….

ကိုယ့်ရဲ့နာမည် - အမေပေးထားတဲ့ နာမည်ကတော့ တခုထဲပါ… ကိုယ့်ဘာသာ ဟိုလျှောက်ရေး ဒီလျှောက်ရေးဖို့ ပေးထားတဲ့ နာမည်တွေကတော့ လေးခုတောင်… ဒီထဲမှာ တန်ခူး ဆိုတာက တခုပေါ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမည်ရင်းကို ခေါ်ကြတာများပါတယ်။ အင်း… ကွယ်ရာမှာတော့ Nickname ခေါ်ကြတယ်တဲ့…။

ကိုယ်ဒီမှာနေတယ် - ကျွန်းသေးသေးလေးပေါ်က မီးခြစ်ဆံဗူးလေးထဲမှာ…။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - စကားပြောရတာ ၀ါသနာပါတဲ့သူဆိုတော့... အိပ်ချိန်ကလွဲ ကျန်တဲ့ အချိန် ဘယ်ချိန်ခေါ်ခေါ်။

အရောင်ဆိုရင် - အဖြူက ပထမ၊ အနက်က ဒုတိယ…။

အ၀တ်အစားဆိုရင် - မြန်မာရင်ဖုံးအကျီခပ်ပွပွ နဲ့  မြန်မာချည်ထမီလေးတွေ…။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လဘက်သုတ်…ပြီးတော့ မြန်မာပြည်က လမ်းဘေးစာတွေ အကုန်ကြိုက်။

ပစ္စည်းဆိုရင် - ကလစ်လှလှလေးတွေ… နားဆွဲလှလှလေးတွေ။

သီချင်းဆိုရင် - နန်းတော်ရှေ့ သီချင်းတွေ… ရှေးက အငြိမ့်သီချင်းတွေ… မာမာအေးသီချင်းတွေ…ဆယ်ကျော်သက်တုန်းက တူးတူး၊ ဟေမာ၊ မေခလာ… ဒီဘက်ပိုင်းရောက်တော့… ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ ခင်မောင်တိုး၊ မွန်းအောင်၊ IC တဖွဲ့ လုံး….ထွန်းအိန္ဒာဗိုနဲ့ တင်ဇာမော်…။

စာရေးဆရာ - ရေးလိုက်ရင် အတော်ရှည်သွားမှာ…။ ကြိုက်တဲ့သူတွေ အတော်များလို့ ပါ။

စာအုပ် - အပေါ်နဲ့ တူတူပဲ။

Life style - ငယ်ကတည်းက ကျောင်းမှာပျော်တယ်။ သူငယ်ချင်း အပေါင်းအသင်း ခုံမင်တယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရတာလဲ နှစ်ခြိုက်တယ်။ ခရီးသွားခြင်းကို ခုံမင်တာက မိဘတွေ ဆီက အမွေ။

ကိုယ့်ရဲ့ဝါသနာ - စိတ်ထဲရှိတာ လျှောက်ရေးတတ်တဲ့ စာရေးခြင်း။

အလိုချင်ဆုံးလက်ဆောင် - အိမ်လှလှလေးတလုံး။

ကိုယ့်ရဲ့အချစ်ဆုံးသူက - သားလေး၊ မိဘနှစ်ပါး၊ ခင်ပွန်း။

ကိုယ့်ရဲ့အလေးစားဆုံးသူက - မြတ်ဗုဒ္ဓ။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ပေါ် အမြဲကောင်းတဲ့ သူငယ်ချင်းလေး။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - မိဘနှစ်ပါး နဲ့  ခင်ပွန်း။ ပြီးတော့… ညီမထွေးလေး။

ကိုယ့်ရဲ့အမုန်းဆုံးသူက - ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့သူ။

ရင်အခုန်ဆုံးအချိန် - သားလေးကို ခွဲခန်းထဲမှာ ပထမဆုံးတွေ့ လိုက်တဲ့ အချိန်…။

အကြောက်ဆုံးအချိန် - ကိုယ်ချစ်တဲ့သူတွေနဲ့  ဝေးနေရမယ့် အချိန်…။

အမှတ်တရနေ့  - သားလေးမွေးတဲ့နေ့ ။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - စိတ်သွားတိုင်း ကိုယ်ပါ ပါစေ…။

အချစ်ဆိုတာ - တခါတလေကျတော့ ဆွတ်ပျံ့ ကြည်နူးဘွယ်… တခါတလေကျတော့ ရူးလောက်အောင် ပူလောင်ရတယ်…။

အမုန်းဆိုတာ - မီးတစ။

အလွမ်းဆိုတာ - စားလဲဒီစိတ်၊ သွားလဲဒီစိတ်။

သံယောဇဉ်ဆိုတာ - နှလုံးသားချင်း ချည်နှောင်ထားတဲ့ အရမ်းခိုင်ခန့် တဲ့ ကြိုးတချောင်း။

ဘ၀ဆိုတာ - နေတတ်ရင်တော့ ကျေနပ်စရာ။

သူငယ်ချင်းဆိုတာ - ဆုံးရှုံးမှုတွေနဲ့ တွေ့ ရင် နွေးထွေးစွာ ဖေးမပြီး အောင်မြင်မှုတွေကိုလဲ မုဒိတာ ပွားနိုင်တဲ့သူ။

ချစ်သူဆိုတာ - ကိုယ့်ရဲ့နှလုံးသားတခု ပုံအပ်ရလောက်အောင် ရင်ခုန်မြတ်နိုးတန်ဖိုးထားမိသူ။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - စိတ်ထဲရှိတဲ့ အတိုင်း ၀ုန်းဝုန်းဒိုင်းဒိုင်း ပြောတတ်သူ။ စိတ်တိုရင် အမြင့်ဆုံးထိတိုပြီး ချက်ချင်းဘုန်းကနဲ ပြန်ကျတတ်သူ။ သံယောဇဉ်ဖြတ်ခဲသူ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ဘယ်နေရာမဆို စေတနာမှန်ရင် အကျိုးပေးတယ်…။

အပြောချင်ဆုံးစကားတခွန်း - ကိုယ်ချင်းစာတရားလေး ထားကြပါ။

ဆက်tagချင်သူများကတော့
၁) ကိုပေါ
၂) တပြည်သူအိမ့်ချမ်းမြေ့
၃) သက်ဝေ
၎) နုစံ
၅) မြတ်နိုး
၆) SONATA-CANTATA

ရေးပေးကြနော်…။ မျှော်နေမယ်။

တန်ခူး
3:12am 7-Sep-2008

Thursday, September 4, 2008

အညာစကား

“ကျူကျူဝါလားလေး စားချင်သာ”

အဲဒီလို ကျွန်မက ဆိုရင် လူတော်တော်များများက ဘာကြီးများ စားချင်နေတာလဲ ဆိုပြီး နားလည်နိုင်မှာ မဟုတ်။ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းတဲ့။ အထက်အညာဒေသက မြန်မာလူမျိုးစစ်စစ်များ ပြောသည့် တချို့ ဝေါဟာရတွေကို မြန်မာလူမျိုးအချင်းချင်းပင် နားမလည်နိုင်။ ကျူကျူဝါလားဆိုတာ ကျွန်မတို့ တောင်သာ၊မြင်းခြံနယ်မှာ စာလေးခွေကို ခေါ်ခြင်းဖြစ်သည်။ ဘာကြောင့်အဲဒီလို ခေါ်လဲတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ အကောင်းသားနော်။

ကျွန်မက ရန်ကုန်မှာမွေးတဲ့ အညာသူ။ ရန်ကုန်လို နေရာမှာ လေယူလေသိမ်း ခပ်လေးလေးနဲ့  အားရပါးရ ပြောတတ်တဲ့ အညာသူ အညာသားတွေ မကြာခဏ တွေ့ ရတတ်သည်။ အဲဒီအခါတိုင်း ကျွန်မရော ကျွန်မအဖေရောက မနေနိုင်။ စိတ်ထဲက အရမ်းရင်းနှီးပြီး အညာက မိုလားလို့  စမိတ်ဆက်တတ်သည်။ “ကျူပ်တော့ နိုဝင်ဘာ ခွင် လောက် ပြန်မယ်စိတ်ကူးသာပဲ”။ သေချာပြီ။ ဒီလူ အညာသား။ “ခုနှစ်” ကို “ခွင်” လို့ ဆိုတတ်သလို “တာ” ကို “သာ”လို့ သာ သုံးတတ်သည်မှာ အညာသူအညာသား တော်တော်များများပင်။

ကျွန်မက အညာလေသံ အရမ်း မပေါက်ပေမယ့် တချို့  အညာအသုံးအနှုန်းများကို ကြားရမှ သူငယ်ချင်းတွေက အထူးအဆန်းဖြစ်ကြသည်။ “ငါ့အကျီင်္ကြည်သီးပြုတ်သွားလို့ ” ဆိုလျှင် သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသည်။ ပြီးလျှင် မှားနေတယ် ကြယ်သီးလို့  ပြန်ပြင်ပြောလို့  သင်ပေးကြလဲ အချိန်တန် ကြည်သီး ပြန်ဖြစ်သွားသည်။ “ဘွဲ့ ယူတုန်းက ဂျိတ်လုံချည် အ၀ါလေးဝတ်တာ” လို့ ဆိုလျှင် ကျွန်မ ပါးစပ်ထဲမှ ချိတ်ကနေ ဂျိတ်ဖြစ်သွားသည်ဆို ပွဲကျလို့ မဆုံး။ “ဂယ်လယ်ပဲဟင်း” ကိုတော့ ကျွန်မအမျိုးသားက “ကလယ်ပဲ”(ကုလားပဲ) ဘယ်လောက်ပြင်ပေးပေး မရ။ အကျင့်ပါပြီး ဖျောက်ရခက်တာက တကြောင်း ကျွန်မကိုယ်တိုင်က အဲဒီလို ပြောရဆိုရတာကို မြတ်နိုးအားရသည်က တကြောင်းပေါ့။

ကျွန်မ ဆွေမျိုးတွေက အညာမှာနေ အညာမှာကြီးသူတွေ ဆိုတော့ တကယ့်အညာစကား စစ်စစ်တွေသာ ပြောကြသည်။ “င့ါကို ဒုတ်ခညောင်းလေးရှာပေးစမ်းပါအေ… မီးမွှေးချင်လို့ ” ဆိုတဲ့ ကျွန်မ အဒေါ်စကားကို ကျွန်မက နားလည်စွာ ဒုတ်ချောင်းလေးရှာပေးရသည်။ “ဟဲ့ … ပိန်ညှောင်ကြီး… ဟိုမယ်.. ပိန်ညှောင်ကြီး”… တလွဲမထင်ပါနဲ့ ။ ပိန်ညှောင်ညှောင်လူကို ဆိုလိုခြင်း မဟုတ်။ မျက်နှာကျက်က အိမ်မြှောင်ကို ဆိုလိုခြင်းပါ။ “ညည်း အိတ်ထောင်ထဲ အကြွေမရှိဘူးလား”… ထောင်နေတဲ့အိတ်မဟုတ်ပါ။ အက်ီီီၤအိတ္ကပ္ပါ။ “ညည်းတို့ ဆီက ချဉ်စော်ကား များအားမရပါ့အေ… စားရတာဖွယ်တယ်တယ်ကြီး”… တို့ ဘူး ကို
ချဉ်စော်ကားလို့ သာ ခေါ်တတ်ကြသည်။ “ကျွန်တော်တို့ က မန်းလေးကို ဗိုရင် ရောက်သာတော့… ခင်ဗျားတို့ နောက်ကျချက်ရက်စက်သယ်… ဘိတ်ဆုံးပဲ ”… အရင်ဆုံးကို ဗိုရင်၊ နောက်ဆုံးကို ဘိတ်တဲ့။ မန္တလေးကို မန်းလေးလို့ သာ နှုတ်စွဲသည်။

ဟိုတနေ့ က ကျွန်မညီမက “ဟယ်…ဟိုမယ်.. အကြော်ပန်းတွေ လှချက်တော့” လို့ ဆိုတော့ ဘေးက ရန်ကုန်သူ မျက်စိလည်သွားသည်။ ဘယ်နှယ့်.. အကြော်က ပန်းဖြစ်ရတယ်ပေါ့။ တရုတ်စကားပန်းလေးတွေက အကြော်ပန်းလို့ အညာမှာ နာမည်တွင်သည်လေ။ “မီးပူတိုက်” သည်ကို “မီးအိုးထိုး” လို့  အားရပါးရဆိုတတ်တာက အမှတ်တမဲ့ဆို ကြောက်စရာ။ “ဟိုကောင့်ကြည့်ပါဦး… ဂိုက်ပေးကြမ်းသာ”… ရန်ကုန်လို ဘာသာပြန်ရင် ဟိုကောင်… ပဲများလိုက်တာပေါ့။

အဲဒီလို အားရပါးရ ပြောတတ် ခေါ်ဝေါ်သုံးစွဲတတ်သည့် အညာစကား၊ အညာလေသံလေးတွေကို ကျွန်မ ဘယ်နေရာ ရောက်ရောက် မေ့လို့ မရပါ။ ဆိုင်တခုခုမှာ ထိုင်ဖြစ်တာပဲ ဖြစ်ဖြစ်၊ အလှူတခုခုမှာ တွေ့ ရတာပဲ ဖြစ်ဖြစ် ကျွန်မ ရင်းနှီးနေသည့် ဒီလေယူလေသိမ်း ဒီအသုံးအနှုန်းလေးများ ကြားလိုက်ရရင် ဝေးနေတာ ကြာနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ ရသလို မနေနိုင်မထိုင်နိုင် အတင်းလိုက် မိတ်ဆက်… အနည်းဆုံး အညာက ထင်တယ်နော်လို့  တခွန်းလောက်ပြောလိုက်ရမှ ကျေနပ်တာ ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ အညာသွေးတွေ ကြောင့်ထင်ပါရဲ့နော်။

တန်ခူး
1:45pm 4-Sep-2008

Tuesday, September 2, 2008

အချိုမကြိုက်တဲ့ငါ



ငါက သကြားလုံးလေးတွေ အလကားပေးတိုင်း မယူတတ်တာ အချိုမကြိုက်လို့ ပါ…ငါက လျှာဖျားက အရသာချိုချိုထက် ရင်ထဲက နှလုံးသားချိုချိုတွေကို တရှိုက်မက်မက် တောင့်တတတ်သူ…သကာလူးထားတဲ့ စကားလုံးတွေ နောက်က မရိုးသားခြင်းထက် အရိုးခံရင်ထဲက စကားတချို့ ကို ခုံမင်တတ်သူ…

ငါ့ရင်ထဲက နှလုံးသားကို အကာအကွယ်မရှိ တိုးယိုပေါက်မြင်နိုင်အောင် ငါက နုံချာသူ…
အဲဒီနုံချာမှုအတွက်… ငါဆုံးရှုံးခဲ့ရပေါင်းလဲ များပေါ့…လမ်းမှားမှာ မူးမိုက်နေသူ တယောက်ကို သူ့ အကြိုက်လိုက်ပြီး အတူမမူးမိတာနဲ့ ပဲ စေတနာတွေက အရာမထင်ခဲ့တဲ့ ဥပမာတွေ ခဏခဏတွေ့ လဲ ငါက ခေါင်းမာနေတုန်းပဲ…

ချစ်သူရေ… ဒီတခုတော့ ခွင့်လွတ်ပါကွယ်… ငါဟာ ချစ်သူ့ ကို ညွှတ်နူးစေအောင် အပြောအဆို မတတ်တဲ့ ခပ်အအ မိန်းမတယောက်ပါ… ငါဟာ ရင်ထဲရှိတဲ့အတိုင်း ဖွင့်ဖွင့်ချတတ်တဲ့ စကားလုံးချိုချိုတွေ ဆင်းရဲသူတယောက်ပါ… ငါ့နှလုံးသားတခုလုံး မင်းကို ပုံပေးပြီးမှတော့ ကျန်တာတွေ ဘာအရေးကြီးလို့ လဲလို့  အတွေးခေါင်တဲ့ မိန်းမတယောက်ပါ… မချစ်သော်လည်း အောင့်ကာမနမ်းတတ်သူမို့  မင်းအတွက် ငါ့အနမ်းမှန်သမျှက စစ်မှန်နေတယ်ဆိုတာတော့ ငါကျိန်ဆိုရဲပါတယ်…

ခင်မိသူတိုင်းကို ဆွေလိုမျိုးလို အောင့်မေ့မိတဲ့ ငါက ဒဏ်ရာတခုခု ရလို့  ငိုမိတိုင်း အမေက စည်းမခြားတတ်သူတဲ့… ငါကလဲငါ… ပေးမိတာတွေ များများသွားတော့ င့ါဆီက မျှော်လင့်တာတွေ များများလာ… အခြေအနေတခုကြောင့် ငါက မပေးနိုင်တော့တဲ့အခါ အရင်က ပေးခဲ့တာတွေ အလကားဖြစ်ဖြစ်သွားတတ်တယ်.. အမေပြောတဲ့ စည်းပေါ့… ဒါလဲ အမှတ်မရှိစွာ ထပ်ထပ်မှားနေတတ်တော့ င့ါနှလုံးသားမှာ ဒဏ်ရာတွေ ဗလပွ…

တဆိတ် မိတ်ဆွေရယ်… ငါက လုပ်ယူထားတဲ့ အရာတွေကို မနှစ်သက်တတ်ဖူးကွယ်… ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ပေါ့…ဖန်တီးယူထားတဲ့အရာတွေကို မနှစ်သက်တတ်ဖူး… မင်းနှလုံးသားထဲက ပြိုကျလာတာဖြစ်ပစေ မလှမပလဲ ငါက တန်ဖိုးထားနေမှာ… ဖြစ်နိုင်ရင် အတွင်းနဲ့ အပြင် ထပ်တူကျတဲ့ စစ်မှန်မှုတွေကိုပဲ င့ါကို ပေးနော်…သိပ်များ လောဘကြီးသွားသလား… ငါ့ကို ရင်ထဲကမုန်းမုန်းနဲ့ ဟန်ဆောင်ပြုံးပြနေတာနဲ့ စာရင် ဆဲလိုက်တာမှ ခံသာဦးမယ်လေ…

သူငယ်ချင်းရေ…ရှေ့ မှာ ချီးမွမ်းစကားတွေဆိုပြီး နောက်ကွယ်မှာ သူများအားနည်းချက်ကို ထောက်ပြ ရယ်မောတတ်သူတွေထဲ ငါမပါတာကိုတော့ နင်နားလည်ပေးနော်… နင်တခုခု လွဲချော်နေတယ်ထင်ရင် ငါက မကွေ့ မ၀ိုက်ပဲ ထောက်ပြမိမှာပဲ… တခါတခါ ဇလိုက်ဇရောဆိုတာ ငါနဲ့ သူစိမ်းပြင်ပြင် ဖြစ်နေရင်ဖြစ်နေလိမ့်မယ်… မတရားတဲ့ အရာရှိကို ရာထူးတိုးဖို့ တခုထဲနဲ့  ခေါင်းငုံ့ မခံတတ်တဲ့ ငါက လိမ္မာပါးနပ်သူ မဟုတ်တာ အမှန်ပဲ… အဲဒီလို မိုးခါးရေတွေ မကြိုက်တတ်တဲ့ မိုက်မိုက်မဲမဲ င့ါလိုလူကို နင် ယနေ့ ထက်ထိ ခင်နေတာ ကျေးဇူးပါဟာ…

လောကကြီးက ချိုမြတဲ့အရသာဆိုပြီး င့ါကို လက်ဆောင်ပေးတယ်… ငါလေ မိုက်လိုက်ပုံများ… ခေါင်းတွင်တွင်ခါပြီး ငြင်းနေတော့တာ…

တန်ခူး
10:30am 02-Sep-2008