Sunday, June 10, 2018

ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ် (အပိုင်း -၂)

ဘွဲ့ ရရင် ဘာလုပ်ကြမယ်

"ကျွန်တော်ဒီနှစ် နောက်ဆုံးနှစ်မို့  ကျောင်းပြီးတာနဲ့  နိုင်ငံခြားတန်းသွားချင်ပါတယ်၊ အကြံပေးပါဦးအန်တီ"

"ကျောင်းပြီးရင် ဂျပန်မှာ သွားအလုပ်လုပ် သင့်သလား၊ စင်္ကာပူလာသင့်သလားရှင့်"

"စလုံးကိုလာဖို့  အေဂျင်စီက သိန်း၄၀လောက်တောင်း နေလို့ လုပ်သင့်သလားအန်တီ"

"ကျောင်းပြီးရင် ဘယ်သင်တန်းတွေ တက်ရမလဲရှင့်"

ကျွန်မဆီ messenger ထဲကနေ မေးကြတဲ့ မေးခွန်းလေး တချို့ ပါ။ တယောက်ချင်းစီကို ဖြေထားတဲ့အဖြေလေးတွေကို စုစုစည်းစည်းဖြစ်အောင် ပြန်ရေးပြပါ့မယ်။

ကျွန်မ အာအိုင်တီနောက်ဆုံးနှစ်မှာ အတော်စဉ်းစားခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ကျောင်းဆက်တက်မလား၊အလုပ်ဝင်မလား၊ အစိုးရအလုပ်လား၊ အပြင်အလုပ်လား၊ ကျောင်းမှာ ဆရာမ ပြန်လုပ်မလား၊ နိုင်ငံခြားထွက်မလား၊ ဘယ်နိုင်ငံသွားမလဲ... စသဖြင့် မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ရတဲ့ အချိန်တွေ ဖြစ်သလို နီးစပ်ရာ ဆရာ၊ ဆရာမ၊ မိဘဆွေမျိုး၊ ကျောင်းမှ နှစ်ကြီးအကိုအမတွေဆီလဲ မေးခဲ့ပါတယ်။

ဘွဲ့ ရရင် ဘာလုပ်မယ်ဆိုတာ လူတဦးချင်းစီရဲ့ ရည်မှန်းချက်ပန်းတိုင်အပြင် မိသားစုအခြေအနေပေါ်လဲ မူတည်တာမို့  ဘွဲ့ အတူတူရကြဦးတောင် တယောက်နဲ့ တယောက် ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုနည်းနဲ့ မှ တူဖို့မလွယ်ပါဘူး။ တခါတလေကျတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ အကြောင်းအရာ၊ အခွင့်အရေးပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်ရတာမျိုးလဲ ရှိပါတယ်။

အဲဒီအချိန်ဟာ ကိုယ့်ဘဝရပ်တည်မှုအတွက် အတော်လေးအရေးကြီးတဲ့အချိန်မို့  သေချာအချိန်ယူ စဉ်းစားသင့်ပါတယ်။ ဟိုစမ်းစမ်း၊ ဒီစမ်းစမ်း လုပ်ကြည့်ဦးမယ်ဆိုတာမျိုးကိုတော့ ကျွန်မ အားမပေးပါဘူး။ ဘဝထဲစဝင်ကြရတော့မယ့်အခါ အချိန်ဟာ သိပ်အရေးကြီးပါတယ်။ ဘာလုပ်ရမှန်းမသိသေးလို့  သင်တန်းတွေတက်ရင်း စောင့်ကြည့်နေတယ်ဆိုတဲ့ အချိန်ကာလဟာ ၃လထက် ပိုမကြာသင့်ပါဘူး။ လုပ်သက်နဲ့  လုပ်ငန်းအတွေ့ အကြုံဟာ ဘဝအတွက် အရမ်းအရေးပါတာမို့  လမ်းတခုရွေးခြယ်ပြီးမှ မကြိုက်ဖူး၊ နောက်တမျိုးပြောင်းမှဆိုရင် တခါ တစ်က ပြန်စရပါမယ်။ တကယ်လို့ သာ အစကတည်းက သေချာစဉ်းစား ဆုံးဖြတ်ခဲ့ရင် အတော်အသင့်ရှိတဲ့ လုပ်သက်အတွေ့ အကြုံတခု ရနေလောက်ပြီ။ ဒါကြောင့် မရွေးခြယ်ခင် သေချာစဉ်းစားသင့်ပါတယ်။

ဒီနေရာမှာအဖော်ကောင်းလို့  ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သူများတွေနဲ့ ကိုယ်နဲ့  ရည်ရွယ်ချက်၊ ဝါသနာ၊ မိသားစုအခြေအနေ၊ ကိုယ်ပိုင် အရည်အချင်း ထပ်တူမကျနိုင်ပါဘူး။ ကျွန်မပတ်ဝန်းကျင်မှာ မြင်တွေ့ နေကျ ကိစ္စမို့ သတိပေးတာပါ။ ဥပမာပေးရရင် သူများတွေ ရေထဲဆင်းလို့  လိုက်ဆင်းပြီး သင်္ဘောအရာရှိ၊ သင်္ဘောသား စသဖြင့် လုပ်လိုက်မိပြီးမှ အဲဒီဘဝကို လက်မခံနိုင်ပဲ မပျော်ရွှင်စွာ ဆက်လုပ်နေရတယ်ဆိုတဲ့ မိတ်ဆွေတွေ အများကြီးကြုံဖူးသလို၊ သူများတွေ တပ်ထဲဝင်လို့  လိုက်ဝင်လိုက်တာ ဘယ်လိုမှ မပျော်နိုင်လို့  အရပ်ဝတ်လဲချင်တာ ခုထိလဲလို့ မရလို့  စိတ်ညစ်နေတယ်ဆိုတဲ့ မိတ်ဆွေတွေလဲ အများကြီးကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မချခင် အရင်သေချာ အပြန်ပြန်အလှန်လှန် စဉ်းစားသင့်ပါတယ်။

ဘွဲ့ ရပြီးတဲ့သူတွေ အများစု စဉ်းစားကြတဲ့၊ သိချင်ကြတဲ့ မေးခွန်းလေးတချို့ ကို ဖြေပေးပါရစေ။ ကျွန်မရဲ့ အတွေ့ အကြုံကို အခြေခံဖြေတာမို့  အမှားအယွင်းနဲ့  လိုအပ်ချက်များရှိရင် နားလည်ပေးပါနော်။

ဘယ်သင်တန်းတွေ တက်သင့်သလဲ

ဆယ်တန်းအောင်ပြီးကာစအချိန်နဲ့  ဘွဲ့ ရပြီးကာစအချိန်တွေမှာ အများစုတက်ကြတဲ့ သင်တန်းတွေက အင်္ဂလိပ်စကားပြောနဲ့  ကွန်ပြူတာသင်တန်းတွေပါ။ ဖော်မြူလာကြီးလိုကို ဖြစ်နေတာပါ။ ဒီနေရာမှာ ကျွန်မတို့ တိုင်းပြည်က ကလေးတွေကို ပြောပြချင်တာက အတတ်ပညာ၊ အသိပညာတခုဟာ စာသင်ခန်းထဲမှာမှ၊ သင်တန်းထဲမှာမှ သင်ယူတတ်မြောက်နိုင်တာ မဟုတ်ဖူးဆိုတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သတင်းအချက်အလက်၊ စာအုပ်စာတမ်းတွေကို အသုံးပြုပြီး ကိုယ်ကိုယ်တိုင်လေ့လာရင် ပိုထိရောက်တယ်ဆိုတာ သိစေချင်ပါတယ်။

အထူးသဖြင့် အင်္ဂလိပ်စကားပြောပါ။ ဘာသာစကားတခုဟာ စာသင်ခန်းထဲမှာ ၁လတန်သည်၊ ၃လတန်သည် လေ့လာလိုက်ရုံနဲ့  မတတ်မြောက်နိုင်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမှာပါ။ အရမ်းကျယ်ပြန့် တဲ့အရာမို့  စုဗူးစုသလို နေ့စဉ်စုဆောင်းနေရမယ့်အရာပါ။

ဘာသာစကားတခုကို အမြန်ဆုံးနဲ့  အထိရောက်ဆုံး သင်ယူနိုင်တဲ့နေရာက media တွေက တဆင့်ပါ။ ရုပ်ရှင်ကြည့်ပါ၊ သီချင်းနားထောင်ပါ၊ သတင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ။ ရုပ်ရှင်ကြည့်တဲ့အခါ စာတမ်းထိုးပါခဲ့ရင်တောင် မဖတ်မိအောင် ကြိုးစားပြီး အားစိုက်နားထောင်ပါ။ တဖြေးဖြေးနားလည်လာ ပါလိမ့်မယ်။ သီချင်းနားထောင်တဲ့အခါလဲ စာသားကို အာရုံစိုက်ပါ။ လိုက်ဆိုကြည့်ပါ။ စာအုပ်ဖတ်တဲ့အခါ အဘိဓာန်ကို မဖြစ်မနေလှန်ရမယ့် အခါမျိုးမှ လှန်ပါ။ အဘိဓာန်ချည်းလှန်နေရင် ဖတ်ရှိန်ပျက်ပြီး အဆုံးထိမဖတ်ဖြစ်တော့ကြလို့ ပါ။ ရုပ်ရှင်၊ သီချင်း၊ သတင်း၊ စာအုပ် အားလုံးမှာ ကြည့်ဖြစ်ဖို့ ၊ ဖတ်ဖြစ်ဖို့ ၊ နားထောင်ဖြစ်ဖို့  အဓိကက နားယဉ်ဖို့ အဓိကမို့  မငြီးငွေ့ စေအောင် ကိုယ်စိတ်ဝင်စားမယ့် ဇာတ်လမ်းမျိုးကို ရွေးခြယ်လုပ်ပါ။ ဇွဲရှိရှိလုပ်ပါ။ စိတ်ပါဝင်စားရင် သူ့ အလိုလိုကို နှလုံးသားထဲ ဝင်သွားတာပါ။ အကောင်းဆုံး ဥပမာပေးရရင် ကျွန်မတို့ နိုင်ငံက ကိုရီးယားပရိသတ် ကိုရီးယားဘာသာစကားကို ရုပ်ရှင်တွေက တဆင့် အတော်ရနေကြတာပါ။ ထမင်းစားရေသောက်၊ နေ့ စဉ်အခေါ်အဝေါ်တွေ သိနေကြတာဟာ ကိုရီးယားကားတွေ အမြဲကြည့်နေကြလို့ ပါ။ အဲဒီလိုပဲ အင်္ဂလိပ်ကားလေးတွေ ကြည့်စေချင်တယ်။ ကြည့်ချင်စရာကောင်းတဲ့ အင်္ဂလိပ်ဇာတ်ကားလေးတွေ အများကြီးပါ။ ဒီလောက်ခက်ခဲတဲ့ ကိုရီးယား ဘာသာစကားတောင် နားဝင်လာရင် ကမ္ဘာပေါ်မှာ သင်ကြားရအလွယ်ဆုံး အင်္ဂလိပ်ဘာသာစကားဆို ပိုလို့ လွယ်မယ်ဆိုတာ ယုံကြည်ပေးပါ။

စကားပြောအတွက် အရေးကြီးဆုံးက ပြောရဲဖို့ ပါ။ ပထမဆုံးပြောရဲဖို့  လိုပါတယ်။ အမှားအယွင်းကြောက်နေရင် နှုတ်မရဲတာမို့  မှားမှာ မကြောက်ပါနဲ့ ။ နှုတ်ရဲမှ အမှားကို ဖြေးဖြေးချင်းပြင်ယူပါ။ နေ့ စဉ်ပြောနိုင်မယ့် သူတယောက်ရှာပါ။ နေ့ စဉ်ပြောဖြစ်ပါစေ။ ပြောမယ့်သူမရှိရင် အခန်းတံခါးပိတ်ပြီး ကိုယ်နဲ့ ကိုယ်ပြောပါ။ သင်တန်းတက်စရာမလိုပဲ တလအတွင်း သိသိသာသာ ပြောတတ်လာပါလိမ့်မယ်။

ကွန်ပြူတာသင်တန်းတွေ တက်ကြတာ အခြေခံတက်ကြတာများပါတယ်။ အခြေခံဆိုတာ သင်တန်းမလိုပဲ ကိုယ့်ဘာသာလေ့လာ တတ်မြောက်လို့ ရတဲ့အရာပါ။ ခုဆို ကျွန်မတို့ နိုင်ငံမှာ အင်တာနက်က နေရာအနှံ့ အပြားရနေပြီမို့  ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေက ဖုန်းလေးသုံးပြီးရှာလိုက်ရင်ကို အတော်အဆင်ပြေနေပါပြီ။ တချိန်လုံး Facebook ပေါ်မှာ အချိန်ကုန်နေမယ့်အစား google ပါ၊ YouTube ပါ။ bill အကုန်ခံပြီး သီချင်းဆိုပြိုင်ပွဲတွေတောင် ကြည့်ကြသေးတာပဲ။ သင်တန်းသွားတက်ရင် သင်တန်းစရိတ်အပြင် ခရီးသွားစရိတ်ကကုန်သေးတာ။ ကွန်ပြူတာအခြေခံကို အင်တာနက်က တဆင့် သင်ယူရင် ၃ရက်အတွင်း တတ်ပါတယ်။ Facebook ပေါ်မှာလဲ ပညာရေးဆိုင်ရာ page တွေအများကြီးမို့  ဆယ်လီတွေ page ကို နေ့ တိုင်းမရောက်မဖြစ်ရောက်သလို ကိုယ့်ပညာရေးဝမ်းစာဖြည့်ဖို့ က ပိုလိုလေ့လာသင့်တယ် မဟုတ်လား။

အဓိက ပြောပြချင်တာကတော့ သင်တန်းတက်ခြင်း၊ မတက်ခြင်းထက် ကိုယ်ကိုယ်တိုင် သင်ယူလေ့လာခြင်းက ပိုပြီး ထိရောက်တယ်ဆိုတာပါ။

နိုင်ငံခြားမှာ အလုပ်လုပ်သင့်သလား

တိုးတက်တဲ့ နိုင်ငံခြားတိုင်းပြည်တွေဟာ အဘက်ဘက်က နောက်ကျကျန်ခဲ့တဲ့ ကျွန်မတို့ နိုင်ငံထက် အလုပ်အခွင့်အရေး ပိုပေါများနိုင်တာရယ်၊ ပိုမို့ ခေတ်မှီတဲ့ နည်းပညာတွေ လေ့လာနိုင်တာရယ်၊ အတွေ့ အကြုံတွေ ရနိုင်တာရယ်ကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ဒါပေမယ့် နိုင်ငံခြားသွားမှလားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမသွားပဲနဲ့  ကျွန်မတို့ နိုင်ငံအတွင်းမှာကို အလုပ်အခွင့်အလမ်းတွေ အများကြီးပါ။ လုပ်ငန်းရှင်တွေ အရာရှိ၊ ဝန်ထမ်းရှားပါးမှု ပြဿနာနဲ့  ရင်ဆိုင်နေုကရပါတယ်။ ကျွန်မကိုယ်တိုင်အပါအဝင်ပါ။

အလုပ်လက်မဲ့တွေ ဒီလောက်ပေါနေပါလျက် ဘာလို့  ဝန်ထမ်းတွေ ရှားပါးနေရသလဲဆိုတော့ စိတ်ဓါတ်တွေကြောင့်ပါ။ အဓိကက သင်ယူတတ်မြောက်လိုတဲ့ လိုချင်စိတ် တကယ်မရှိကြဘူး၊ သစ္စာမရှိကြဘူး၊ အလေးအနက်မထားကြဘူး၊ ငွေအတွက်သက်သက် စဉ်းစားကြတယ်၊ အလုပ်ပေါ် စေတနာမထားကြဘူး။ အဲဒီစိတ်ဓာတ်လေးတွေသာ ပြင်လိုက်ကြရင် အလုပ်ရှားပါးမှုပြဿနာက ချက်ချင်းဖြေရှင်းနိုင်မှာပါ။

ပြည်တွင်းမှာ လုပ်လို့ ဘယ်လောက်ရမှာလဲဆိုသူတွေကို လက်တို့ ပြောပြချင်တာကတော့ တကယ်စေတနာကောင်းကောင်းနဲ့ လုပ်ရင် နိုင်ငံခြားမှာရတဲ့ ဝင်ငွေထက်ပိုရနိုင်တယ် ဆိုတာပါပဲ။

ဘွဲ့ရပြီးပြီးချင်း နိုင်ငံခြားထွက် အလုပ်လုပ်တာ ကျွန်မအားမပေးပါဘူး။ အလုပ်ဆိုတာ လုပ်ဖူးမှ တကယ်သိတာမို့  ဘွဲ့ ရပြီးပြီးချင်း အဆင်ပြေတဲ့အလုပ်တခုမှာ အနည်းဆုံး တနှစ်လောက်လုပ်ပြီးမှ ထွက်စေချင်ပါတယ်။ ကိုယ်သွားမယ့် နိုင်ငံပေါ်မူတည်ပြီး ဘာသာစကားကို ကျွမ်းကျင်အောင်လေ့လာစေချင်ပါတယ်။ မထွက်ခင် အဲဒီနိုင်ငံရဲ့  လက်ရှိအခြေအနေကို သေချာလေ့လာစုံစမ်းပါ။ အလုပ်အခွင့်အလမ်းတွေ လေ့လာပါ။ ကိုယ်ရေးရာဇဝင် သေချာပြင်ဆင်ပြီး တလလောက်ကြိုပြီး အလုပ်တွေ အင်တာနက်ကတဆင့် အရင်လှမ်းလျှောက်ထားပြီး အင်တာဗျူးတွေ ၃,၄ခုလောက် စုချိန်းပြီးမှ ထွက်သင့်ပါတယ်။ ကြိုတင်ပြင်ဆင်မှုက အသက်ပါပဲ။

Agent ပွဲစားနဲ့ လာသင့်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေက သေချာလေ့လာပြီးမှ ငွေပေးစေချင်ပါတယ်။ ငွေအရင်မပေးမိပါစေနဲ့ ။ အဲဒီပွဲစားနဲ့  အလုပ်ရသွားတဲ့သူရှိလား ၊ သူတို့ ရောအဆင်ပြေကြသလား သေချာစုံစမ်းပြီးမှ လုပ်သင့်ပါတယ်။ တကယ်ရိုးသားတဲ့ပွဲစားက သိသင့်သိထိုက်တာ မှန်သမျှ မခြွင်းမချန် အကုန်ပြောမှာပါ။ မပြောဘူး၊ ဝေ့လယ်ချောင်ပတ်ဆိုရင်တော့ သတိသာထားပါတော့။ မြန်မာအချင်းချင်းကို လိမ်နေကြတာ ကျွန်မကိုယ်တွေ့ပါ။ နိုင်ငံခြားလာလိုဇောနဲ့  ကျွန်မကို အသိမပေးပဲ လုပ်လိုက်ကြတဲ့ ကျွန်မဆွေမျိုးတချို့  အလိမ်ခံကြရတာ မျက်မြင်ပါ။ Permit အတုပြတယ်။ ငွေတောင်းတယ်။ ဒီက immigration မှာ စုံစမ်းလိုက်တော့ အတုဖြစ်နေတယ်။ ငွေကကျွံပြီးနေပြီ။ ကျွန်မအသိကောင်မလေး တယောက်ဆို လေယဉ်လက်မှတ်အတုပါ အရောင်းခံလိုက်ရတယ်။ သတိထားကြပါနော်။

နောက်တခုက အလုပ်တော့ ရပါရဲ့ ပြောတုန်းကတခြား လုပ်ရတော့တခြား။ အီကိုနဲ့ ပြီးထားတဲ့ ကောင်မလေး စာရင်းကိုင် အလုပ်ရမယ်ဆိုလို့  ပွဲစားနဲ့ လာလိုက်တာ သူများအိမ်မှာ အိမ်အကူအလုပ်ဖြစ်နေပါတယ်။ သူ့ ခမျာ ပွဲစားခကျေအောင် မနဲလုပ်ပြီးမှ ပြန်ရရှာပါတယ်။ ကျွန်မအိမ်မှာ part time လာလုပ်ပေးတဲ့ ကောင်မလေးပါ။ တခါ အသိ အာအိုင်တီကျောင်းဆင်း ကောင်လေးတယောက် အင်ဂျင်နီယာအလုပ်ဆို ပွဲစားနဲ့ လာလိုက်တာ တကယ့်အလုပ်ကြမ်းအလုပ်ဖြစ်နေခဲ့ပါတယ်။ သူ့ ခမျာ အလေးအပင်တွေ နေ့ တိုင်း မ ရနဲ့  ကျန်းမာရေးပါ ထိခိုက်ရပါတယ်။

ဒီတော့ ခြုံငုံပြောရရင် နိုင်ငံခြားလာမယ်ဆိုရင် သေချာပြင်ဆင်လေ့လာစူးစမ်းပြီး အားလုံးအဆင်သင့်ဖြစ်မှလာကြပါ။ မလောပါနဲ့ လို့ အကြံပေး ပါရစေ။

ကျွန်မတို့ နိုင်ငံက မျိုးဆက်သစ်လေးတွေ ဘဝအတွက် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး၊ ပျော်ရွင်စရာအကောင်းဆုံးလမ်းလေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ကြပါစေ။

တန်ခူး
9:34am
10 Jun 2018

Friday, June 8, 2018

ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ်

မနစ်ကတည်းက ရေးချင်နေခဲ့တာပါ... လာမေးကြတဲ့သူတွေကို တဦးချင်းဖြေဖြစ်ခဲ့တဲ့အခါ စာလေးတပုဒ်ရေးတင်ရင် အမြဲဖတ်လို့ ရနေမှာပေါ့လို့  တွေးမိလို့ ပါ...

စာတပုဒ်ထဲ အရမ်းရှည်သွားမစိုးလို့  ၂ပိုင်းခွဲတင်ပေးပါ့မယ်...
ကျွန်မဖြတ်သန်းလာတဲ့ အတွေ့ အကြုံ, ဗဟုသုတနဲ့  ကျွန်မပတ်ဝန်းကျင်က မြင်ရတွေ့ ရတဲ့ အတွေ့ အကြုံတွေပေါ်မူတည်ပြီး ရေးတာမို့  အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်...
ကျွန်မတို့  ဘဝမှာ လမ်းဆုံတွေ အများကြီးကြုံခဲ့ရတယ်... ကြုံခဲ့ရဦးမယ်... အဲဒီအခါ ကိုယ်ရွေးခြယ်လိုက်တဲ့ ရှေ့ ဆက်မယ့်လမ်းဟာ မှန်ကန်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ကြမယ် မဟုတ်လား... ပန်းတိုင်လေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ဖို့  စေတနာနဲ့ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် အတွေးလေးနဲ့ ဒီစာရေးတာမို့  အမှားများပါရင် ခွင့်လွှတ်ပါနော်...

ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်

ဘယ်တက္ကသိုလ်သွားမလဲ

ကာယကံရှင်ကိုယ်တိုင် သေချာစဉ်းစားသင့်ပါတယ်... ကိုယ့်အနာဂတ်ကို ကိုယ်ဘယ်လိုဖြစ်ချင်သလဲ... ကိုယ့်ဝါသနာနဲ့ စိတ်ဝင်စားမှုကဘာလဲ... ကိုယ့်အိပ်မက်တွေ, ရူးသွပ်မှုတွေကရော ဘာလဲ... ကိုယ်ကိုယ်တိုင်ဘာလုပ်ရမှန်းမသိမှ မိဘဆွေမျိုး, မိတ်ဆွေ အပေါင်းအသင်းတွေနဲ့  တိုင်ပင်ပါ... လမ်း၂ခု,၃ခု ဝေဝါးနေရင် ချရေးပါ... ချရေးတဲ့အခါ လမ်းတခုချင်းစီအတွက် အကောင်းတွေရော, အဆိုးတွေရောချရေးပါ... အဲဒါမှ နှိုင်းယှဉ်စဉ်းစားနိုင်မှာပါ... ဒီနေရာမှာ ကျွန်မအပွင့်လင်းဆုံးတခုပြောချင်တာကတော့ ကိုယ့်ဘဝအတွက် ရွေးခြယ်မှုမှာ ပတ်ဝန်းကျင်က ဒီလိုမြင်, ဒီလိုထင်မယ် ဆိုတဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို တဆိတ်ဘေးဖယ်ထားစေချင်ပါတယ်... မိဘတွေကိုလဲ တိုက်တွန်းချင်တာက ပတ်ဝန်းကျင်မှာ ဂုဏ်ရှိစေချင်လို့ , တင့်တယ်စေချင်လို့  ဒါပဲရွေးရမယ်ဆိုတဲ့ အတင်းအကြပ်သဘောမျိုးတွေ မဖြစ်စေချင်ဘူး...

ကျွန်မတို့  ဆယ်တန်း တက္ကသိုလ်တွေ လျှောက်ကြတုန်းက ဆေးကျောင်းက အမှတ်အမြင့်ဆုံး... အာအိုင်တီက ဒုတိယပေါ့... ဆေးကျောင်းအမှတ်မှီပြီး အာအိုင်တီတက်ဖို့ ရူးသွပ်တဲ့ ကျွန်မသူငယ်ချင်းတယောက်ကို သူ့ မိဘတွေက ဆေးကျောင်းတက်ဖို့  အတင်းအကြပ်ဖိအားပေးခဲ့လို့ သူ့ ဝါသနာကို ကြောခိုင်းခဲ့ရတာ ကြားရတော့ အတော်စိတ်မကောင်းခဲ့ဘူး... ကိုယ်ဝါသနာပါရာ, ကိုယ်ရူးသွပ်ရာလမ်းကြောင်းကို လျှောက်လမ်းရတဲ့အခါ အဲဒီလူဟာ ပိုလို့ ထူးချွန်အောင်မြင်မှာ သေချာပါတယ်... ပြီးတော့ ဝါသနာနဲ့  ဘဝဖြတ်သန်းခွင့်ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲနော်...

ဆေးရုံတရုံဟာ ဆရာဝန်နဲ့ ချည်း ဖွဲ့ စည်းထားတာ မဟုတ်သလို, စက်ရုံတရုံဟာလဲ အင်ဂျင်နီယာတွေနဲ့ ချည်း လည်ပတ်နေတာမဟုတ်ပါဘူး... သူနာပြုမရှိပဲ ဆေးရုံတရုံမဖြစ်သလို သန့် ရှင်းရေးဝန်ထမ်းမရှိပဲ ဆေးရုံတရုံအဂါင်္ရပ်နဲ့ မညီနိုင်ပါဘူး... ဆရာဝန်, သူနာပြု, အင်ဂျင်နီယာ, ရှေ့ နေ, တရားသူကြီး, ဆရာမ, စစ်ဗိုလ်,စစ်သား, စာရင်းစစ်, စာရင်းကိုင် စသဖြင့် လောကကြီးမှာ အလုပ်အကိုင်တွေတိုင်းက သူ့ နေရာနဲ့ သူ မျှတစွာလိုအပ်ပါတယ်... ဒါကြောင့် ကိုယ့်ဝါသနာ, ကိုယ့်ရူးသွပ်မှုနဲ့  ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရွေးခြယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်...
ကျွန်မ မနှစ်က ဒါးက, ဝက်ထိုးမှာ Education event လေးသွားတော့ ကလေးတွေနဲ့  အမေးအဖြေလုပ်ခဲ့တုန်းက သိပ်ချစ်စရာကောင်းတဲ့အဖြေလေးတွေရခဲ့တာ မှတ်မိပါတယ်... ဆရာမလုပ်ချင်တယ်... သူနာပြုဖြစ်ချင်တယ်... ကလေးတယောက်ကဆို အားကြိုးမာန်တ ပြောတယ်... စစ်သားကြီးဖြစ်ချင်တယ်တဲ့... အဲဒါ သူတို့ လေးတွေရဲ့ဖြူစင်တဲ့ အနာဂတ်ရည်မှန်းချက်လေးတွေပါ... သွားကြပါစေ... အန္တရာယ်မရှိရင် ဘယ်လမ်းမဆိုရဲရဲဝံ့ဝံ့ လျှောက်ကြပါစေ... တခုပါပဲ... ကိုယ်လျှောက်တဲ့လမ်းမှာ အထူးချွန်ဆုံးဖြစ်အောင် ကြိုးစားကြဖို့ ပါပဲ... လမ်းပေါ်မှာ လမ်းမပျောက်သွားဖို့  အရေးကြီးပါတယ်...

နိုင်ငံခြားသွားရမလား

ဒီခေတ်ကြီးမှာ တော်တော်များများ စဉ်းစားကြတဲ့ လမ်းပေါ့နော်... မြန်မာနိုင်ငံပညာရေးစနစ်ကြီး ဆိုးဝါးနေလို့  သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့ အယူအဆကြီးတော့ ကျွန်မ အားမပေးချင်ပါဘူး...
ဒီနေရာမှာ ကျွန်မတိုက်တွန်းချင်တာကတော့ ဝါသနာရယ်, လက်ရှိရတဲ့အမှတ်, ဝင်ခွင့်စာမေးပွဲ စသဖြင့် ကိုက်ညီမှုရှိသလား... သေချာစဉ်းစားပါ... သူက အာအိုင်တီ အမှတ်တော့မှီတယ်... ဒါပေမယ့် ကျောင်းကြီးက အခွံပဲရှိတော့တာမို့ စင်္ကာပူက poly ပဲ လွှတ်တော့မယ်... US,UK, Ausi က ရရာ college လေး တက်ခိုင်းမယ်... အဲဒီလို အတွေးနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မ နှမျောမိတယ်... မြန်မာနိုင်ငံမှာ Bachelor’s degree တခု ရဖို့ အခြေအနေပေးပါလျက် သူများနိုင်ငံမှာ တဆင့်ချပြီး diploma သွားယူတာက ပညာရေးစနစ် ဘယ်လောက်ကွာဟတယ်ပြောပြော အချိန်တွေက ပိုတန်ဖိုးရှိတာမို့  သေချာစဉ်းစားသင့်ပါတယ်... နိုင်ငံခြားက တက္ကသိုလ် တခုခု တက်ခွင့်ရ တာမျိုးဆိုရင် ကျွန်မအားပေးပါတယ်... နိုင်ငံကြီးတွေမှာကိုပဲ ပညာရေးကို စီးပွားရေးအနေနဲ့  လုပ်နေကြတာမို့  နိုင်ငံခြားသွားတက်မယ်ဆို တဆင့်နိမ့်မတက်ဖို့ နဲ့  ကိုယ်တက်မယ့် တက္ကသိုလ်, ကောလိပ် ရဲ့ အခြေအနေကို သေချာ လေ့လာစုံစမ်းပြီးမှ တက်သင့်ပါတယ်...

ကျွန်မလက်လှမ်းမှီတဲ့ ယခုကျွန်မနေထိုင်နေတဲ့ စင်္ကာပူနိုင်ငံကိုပဲ ဥပမာပေးပါရစေ... Polytechnic မှာ diploma ရဖို့ ၃နစ်တက်ရပါတယ်.. university မှာ degree ရဖို့  နောက် ၃နှစ်ကြာပါတယ်..( full timeတက်ရင်ပါ, part timeဆို အလုပ်တဘက်နဲ့ မို့ ၅နှစ်လောက်အထိကြာနိုင်ပါတယ်) ... စုစုပေါင်း၆နှစ်တက်မလား... ဒါမှမဟုတ် မြန်မာနိုင်ငံမှာ degree တခုယူပြီးမှ master လာတက်မလား... ကျွန်မကတော့ ဒုတိယလမ်းကြောင်းကို ပိုစဉ်းစားစေချင်ပါတယ်... တကယ်လို့  မြန်မာနိုင်ငံမှာ degree ယူတုန်းက အမှတ်တွေသာကောင်းခဲ့ရင် စကောလာ့ရှစ်နဲ့ တက်ဖို့ အခွင့်တောင်ရှိပါတယ်... ကျွန်မကိုယ်တိုင်ရွေးခြယ်ခဲ့တဲ့လိုင်းပါ...

တကယ်လို့  ကိုယ့်ကလေးက မြန်မာနိုင်ငံမှာသာ ဆက်ထားရင် ဟိုမရောက်ဒီမရောက်နဲ့  အချိန်အားတွေများ လတ်လျားလတ်လျားဖြစ်ပြီး ပျက်ဆီးမှာစိုးရင်တော့ နိုင်ငံခြားပို့ သင့်ပါတယ်... အဲဒါမှ အချိန်တန်ဖိုးပိုသိလာသလို, ကိုယ့်ခြေထောက်ပေါ်လဲ ကိုယ်ရပ်တည်လာနိုင်မှာပါ...

တကယ်လို့  အဝေးသင်တက်ဖို့ စဉ်းစားခဲ့ရင် ပိုတဲ့အချိန်တွေကို အကျိုးရှိအောင် အလုပ်လုပ်သင့်ပါတယ်... ဘယ်အလုပ်မဆို လုပ်ရဲတဲ့သတ္တိကို မွေးကြပါ... ဒီနိုင်ငံမှာ ကလေးတွေကျောင်းပိတ်ရင် 7-Elevenတို့  McDonald’s ,KFC တို့ , ဟော်တယ်, စားသောက်ဆိုင်တခုခုတို့ မှာ part time ဝင်လုပ်ကြတယ်... ကျွန်မတို့ နိုင်ငံမှာလဲ အဲဒီလို အလုပ်မရွေးရင် လုပ်စရာတွေ အများကြီးပါ... အလုပ်ရတဲ့ အတွေ့ အကြုံကို ဘယ်သင်တန်းမှာမှ ပိုက်ဆံပေးတက်လို့ သင်ယူလို့ မရပါဘူး...

ဒီလောက်ဆို နိုင်ငံခြားသွားသင့်, မသွားသင့် စဉ်းစားလို့ ရလောက်ပြီထင်ပါတယ်...

ဆုံးဖြတ်ချက်တွေ မှန်ကန်စွာနဲ့ အနာဂတ်ကို အလှပဆုံးခြယ်မှုန်းနိုင်ကြပါစေ...

(ဘွဲ့ ရရင်ဘာလုပ်ကြမယ်ကို ဆက်ရေးပါမယ်)

တန်ခူး
7:52am
8-Jun-2018

ဝါဆိုအလွမ်း

ဝါဆိုရေ...

မိုးစက်တွေဟာ အတိတ်ကလို သစ္စာရှိတုန်းပဲ...
တို့ ခြံထောင့်က စပယ်ရုံလေးကလဲ မွှေးပျံ့ နေတုန်းပဲ...
စာသင်ကျောင်းက ခေါင်းလောင်းသံတွေကလဲ အချိန်မှန်နေတုန်းပဲ...
အဖြူနဲ့ အစိမ်းရောင်လေးတွေ မျက်စိရှေ့ က ဖြတ်ပြေးတိုင်း ပန်းသီးတလုံးလို လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေကို သတိရတယ်...
ဘဝဆိုတာ ကျောင်းသင်ခန်းစာဆိုတဲ့ ပုံစံခွက်တခုထဲကနေ ခုန်ထွက်ခဲ့ဖူးတဲ့အချိန်တွေဟာ ခုပြန်တွေးတော့ ဆွတ်ပျံ့ ဖွယ်...
သစ်ပင်တက်နေဆဲငါက သစ်ရွက်လှုပ်ရုံနဲ့ တော်ရုံရင်မခုန်တတ်တဲ့ ခပ်ရွတ်ရွတ်ဆယ်ကျော်သက်...
ဓာတုဗေဒစာအုပ်အောက်မှာ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေဝှက်ပြီး အဖေမသိအောင် ခိုးဖတ်ရတာတော့ ရင်အခုန်မြန်တယ်...
ခုချိန်ပြန်တွေ့ ရင်မေးကြည့်ချင်တာက နင်နဲ့ ငါ အဲဒီတုန်းက ဆံပင်ပုံလေးတွေ ဘာလို့ တူနေခဲ့တာလဲ... ငါကြိုက်တဲ့ကောင်မလေးတွေနဲ့  နင်ကြိုက်တဲ့ကောင်မလေးတွေရော ဘာလို့ လာလာတူနေခဲ့တာလဲ... ရီချင်စရာနော်ဝါဆို...
သူများတွေစာအော်ကျက်တော့ ငါက ပျင်းစရာကောင်းလွန်းတဲ့သမိုင်းစာတွေကို တူးတူးသီချင်းတွေဖွင့်ရင်း မှတ်တယ်... ကက်ဆက်ခွေ အငှားဆိုင်က အင်ဂျင်နီယာဦးလေးကြီးက တူးတူးခွေဆို ငါ့အတွက် အမြဲချန်ထားပေးပြီး သမီးဆရာဝန်မလုပ်နဲ့  အင်ဂျင်နီယာပဲလုပ်လို့  အမြဲပြောတတ်တယ်... တကယ်က နင်ကငါ့ထက် အင်ဂျင်နီယာရူးသွပ်သူ...
အားမနာတမ်းပြောရရင် သင်္ချာတွေတွက်ရင်း နင်ဆိုညည်းတတ်တဲ့ အမုန်းမျက်လုံးသီချင်းကတော့ အတော်ချာတာပဲ...
နင်တော်တာဆိုလို့  ငါ့ဆီက ငှားသွားတဲစာအုပ်လေးတွေကို အဖုံးလှလှလေးတွေ ဖုံးပေးတာပဲရှိတယ်... အဲဒီတုန်းက ကျောင်းရှေ့ လာရောင်းတဲ့ Time Magazine ထဲက ဆုတ်ထားတဲ့ ကာလာနဲ့ စာမျက်နှာလေးတွေကို ၁ဝပြားပေးပြီး ဖုံးခဲ့ရတာ... ပါတိတ်လေးတွေဝတ်ထားတဲ့ စင်္ကာပူလေကြောင်းလိုင်းက လေယဉ်မယ်လေးတွေပုံများတွေ့ ရင် အလုအယက်ဝယ်ရတာ...
နင်ငါ့ကိုဖုံးပေးတဲ့စာအုပ်ဖုံးလေးတွေက ကျောက်မျက်ပြက္ခဒိန်ကကောင်မလေးချောချောလေးတွေ... လှမှလှ... အဲဒါငါစာရှင်းပြခပေါ့ဝါဆိုရေ... တကယ်က နင်ကဉာဏ်ကောင်းသူ... ဒါပေမယ့်စာမကြိုးစားချင်တဲ့ငဆိုး... ကောင်မလေးတွေ ပိုးဖို့ ပဲစဉ်းစားနေတတ်သူ...
မှတ်မိနေသေးတယ်ဝါဆို... မနက်အစောကြီး ငါတက်တဲ့ အင်္ဂလိပ်စာကျူရှင်အခန်းထဲမှာ ပြုံးဖြီးဖြီးနဲ့ နင့်မျက်နှာကြီးကို... စာလိုချင်တဲ့မျက်နှာတစက်မှမပေါက်တဲ့ရုပ်ပေါ့...
သတိရစရာတွေဟာ ပြန်စဉ်းစားကြည့်ရင် တို့ ခေတ်က ကင်မရာတွေထဲ ထည့်ရတဲ့ဖလင်လိပ်တွေလို အစဆွဲလိုက်ရင် တခွေလုံးပါတတ်တာမျိုးနော်...
သော်ကပန်းနီနီလေးတွေရယ်, ဂျာကင်အနက်ရောင်နွေးနွေးလေးရယ်, writing pad လှလှလေးတွေရယ်, ဆီလွန်လွယ်အိတ်ကလေးပေါ်က စတီးကြယ်စိလေးတွေနဲ့ ထိုးခဲ့တဲ့နာမည်လေးတွေရယ်, သရဲကြောက်တဲ့ညတွေရယ်, ဖုန်းထဲက စကားသံတွေရယ်...
ငါလေစာတွေ အများကြီးရေးခဲ့တယ်...
ဘဝမှာ ကြံဖူးတွေ့ ဖူးခဲ့တဲ့သူတွေအကြောင်း...
အဖြစ်အပျက်တွေအကြောင်း...
နင့်အကြောင်းရေးမလို့ ကြံတိုင်းငါ့လက်တွေ တွန့် ဆုတ်နေခဲ့တယ်... ဘာလို့ လဲ ငါလဲမသိဘူး... ဒီနေ့ တော့ ချရေးဖြစ်တယ်... မရေးဖြစ်ခဲ့တဲ့နင့်အကြောင်းကို အရိုးသားဆုံး, အဖြူစင်ဆုံးသတိရခြင်းသက်သက်နဲ့ ပါ...
မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်...

တန်ခူး
1:41pm
7 Jun 2018

ပန်းသီးပုပ်တွေအကြောင်း

တချို့ အရာတွေက
အချိန်ကာလတခုလိုတယ်
ရိုးသားမှုစစ်မှန်ရင်
ဘက်မလိုက်ဖူး
ဒိုင်လုပ်ချင်ရင်
အလင်းထဲကကြည့်
ရာဇဝင်ဆိုတာ
ပြန်ညှိလို့ ရတဲ့အရာမှမဟုတ်တာ
ရှူးးး တိုးတိုး
မင်းအော်ရောင်းနေတဲ့
ပန်းသီးပုပ်တွေအကြောင်း
လူတွေပြောကြပါလိမ့်မယ်

တန်ခူး
12:02am
8-Jun-2018

ဆေးလား,ဘေးလား



"ဂီတာအိုတောင်
ပျိုရွယ်နေဆဲတေးသံတွေ
သီချင်းသစ်ဖြစ်သေးရင်
အကြင်နာဆိုတာ
ဒီတယောက်နဲ့ ပဲ
ပြီးသင့်သလား"
မေမြို့ မိုးသီချင်းစာသားတွေဟာ
ဖောက်ပြန်တတ်တဲ့
ယောင်္ကျားတွေအတွက်
လက်နက်တွေဖြစ်
ခေတ်ကြီးကိုက
မီးဖိုချောင်ဝင်နေတဲ့
မိန်းမအလစ်
ကလစ်တချက်နဲ့ 
ချစ်လို့ ရတဲ့ခေတ်...

ဇရာကိုလှည့်စား
Apps တွေများများလာတော့
မှုန်နေအောင်လှသူတွေကလဲ
အများသား
အရေးအကြောင်းတွေဖျောက်
ကောက်ကြောင်းတွေရောက်
အသက်၂၀နဲ့ ၅၀
ရွယ်တူလိုဖြစ်
အမယ်...
လူတွေအလစ်မှာ
နှလုံးသားအသစ်တွေနဲ့ 
ချစ်နေကြတော့
ဟိုအန်တီကြီးနဲ့ မော်ဒယ်သူငယ်ဇာတ်လမ်း
ဆန်းတော့မဆန်းဘူးရယ်...

မိန်းမတယောက်
ညရောက်မှ
ပျော်သင့်သလား
သောက်သင့်သလား
DJသင့်သလား
လွတ်လပ်မှုအဓိပ္ပါယ်
လွဲမှားမှုတွေကြား
ဖို ဝါဒီနဲ့ မ ဝါဒီမကွဲပြား
ဘေဘီပျော်နေသလားတဲ့
ဘယ်သူ့ ကဘယ်သူ့ ကိုညာ
ဘယ်သူ့ ကဘယ်သူ့ ကိုနာစေတာ
ကာယကံတွေသာအသိဆုံးဖြစ်မယ်...

ခက်တယ်
၅၀ကျော်ရင်
U turn တတ်သလား
အဖီးတလိုင်း
Status တွေကြားမှာ
ကိုကိုလား, မောင်လား
ဘေဘီလား, ချာတိတ်လား
အိမ်ကယောင်္ကျားမှအားမနာ
ကဗျာ, အက်ဆေး
စာတွေရေး
ကွေးပြနေတာ
အနုပညာလား
ဖောက်ပြန်မှုလား
ရှင်းပြပါလားအန်တီ...

Messenger ဟာ
ဈေးပေါပေါ
အချိန်ပိုင်းဟိုတယ်တခုထက်တန်တယ်
တချိန်တည်း
၂ယောက်ထက်မနဲ
တွဲလို့ ရတယ်...
Viber ဆိုတာ
ကာရာအိုကေလို
လူမမြင်ဘူး
ကျူချင်တိုင်း
ကျူလို့ ရတယ်တဲ့
စားနေကျကြောင်ဖားတွေစကား
Desperate Housewives တွေ
ကြားစေချင်လိုက်တာ...

ဝေးသွားတဲ့အခါ
ချစ်သစ္စာစွဲမြဲထားဦးနော်
အိုမေရယ်
မမေ့နဲ့ ယုံကြည်ပါတဲ့
ကိုငှက်ရယ်
လာဆိုပြလှဲ့ ပါ
ဝေးမသွားပါဘူး
ဧည့်ခန်းတခုထဲမှာ
အဆိပ်ဖုန်းတလုံးနဲ့ 
နည်းပညာရဲ့
ဖျားယောင်းမှုအောက်မှာ
သစ္စာတရားတွေ
ပါးလျကြေမွ
ရစရာမရှိတော့တာ...
သီလတွေလွယ်လွယ်ကျိုး
လင်းနေပါသော်လည်း
အမှောင်တွေထဲတိုးတိုးနေကြတာ...

ဒီလိုနဲ့ ပဲ
လက်မှိုင်ချလိုက်ရတော့မှာလား
ဇူကာဘတ်ရယ်
Facebook ဆိုတာ
သုံးတတ်လျင်ဆေး
မသုံးတတ်လျင်ဘေးဆိုတာ
သူတို့ သိအောင်ပြောပြပေး
တော်ကြာ
ငရဲပြည်မလောက်လို့ 
ကျူးကျော်တွေရောက်မစိုးလို့ ပါ...။

တန်ခူး
4:31pm
5-Jun-2018