Friday, December 27, 2013

မင်းကွန်းဖီလင်



ဟိုးအောက်ခြေ ဧရာဝတီမြစ်ဆိပ်ကနေ မြေနီလမ်းကလေးအတိုင်း တက်လာကြတဲ့ ဧည့်သည်တွေက အသားနီနီဆံပင်မနက်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်…။ ခြင်္သေ့ကြီးနံဘေးက ဒီမြေနီလမ်းလေး တဖက်တချက်မှာ မြန်မာ့ရိုးရာပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်တန်းလေးက ချစ်စရာကောင်းတာမို့  ဓာတ်ပုံတွေ လိုက်ရိုက်နေမိတယ်…။ ခမောက်ရောင်စုံလေးတွေကလဲ လိုချင်စရာ…။ ချည်ထည်ဝတ်စုံလေးတွေက အသင့်ချူပ်ပြီးသား ဆိုက်စုံရှိတာမို့  ကောက်ဝတ်လိုက်ရုံ…။ အမှတ်တရ တီရှပ်ဖွေးဖွေးလေးတွေကလဲ စတစ်ကာပုံမျိုးစုံနဲ့ ….။ ဒီဘက်မှာ အအေးဆိုင်… ဟိုဘက်က သစ်သားနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ… ပြီးတော့ ပန်းချီကားချပ်လေးတွေ…။ ထူးခြားတာက တချို့ အမျိုးသမီးတွေ လက်နှစ်ဘက်ထဲမှာ ပခုံးပေါ်မှာ ကိုယ်ပေါ်မှာ ခေါင်းပေါ်အထိ လွှားထားတဲ့ ချည်ထည်တွေ တီရှပ်တွေ…။ ဆိုင်မှာ ခင်းရုံတင်မက လူပေါ်မှာခင်းထားတာတွေ့ ရတယ်…။

ခုန ကိုယ်လှမ်းမြင်နေရတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ဆိုင်တန်းနားအရောက်မှာ အ၀တ်တွေက ရောင်းဖို့  ကိုယ်ပေါ်မှာ ခင်းထားတဲ့ အမျိုးသမီးတွေ ရုတ်ရုတ်သဲသဲနဲ့  သူတို့ နားကို အုံသွားတယ်…။ တချို့ အမျိုးသမီးတွေက နေပူထဲက တက်လာလို့  ချွေးပြန်နေတဲ့ နိုင်ငံခြားသားမိန်းမတွေကို သူတို့ လက်ထဲက လက်ကိုင်ပုဝါနဲ့ ချွေးသုတ်ပေးကြတယ်… မျက်နှာပေါ်က ချွှေးကို ရုတ်တရက်လှမ်းသုတ်ပေးတာ ခံရတော့ တချို့ က မမျှော်လင့်တဲ့ အပြုအမူကို ပြုံးပြီး ကျေးဇူးတင်ပါတယ်လို့  ပြောတယ်… တချို့ ကတော့ သူ့ အသားထိတာကို အတော် စိတ်အနှောက်အယှက် ဖြစ်နေတဲ့ပုံနဲ့  တောင်းပန်ပါတယ်… မလုပ်ပါနဲ့ လို့  ပြောတယ်…။ ကိုယ့်နှုတ်တွေ ဆွံ့ အသွားတယ်…။ ကိုယ်တကယ် မမျှော်လင့်တဲ့ ဒီမြင်ကွင်း…။

ကိုယ့်မျက်လုံးတွေ ဒီဘက်ကစားလိုက်တော့ ရေသန့် ဘူးထဲက ရေကို ရေခွက်ထဲ ထည့်ပြီး နိုင်ငံခြားသားတယောက်ကို ပါးစပ်နားရေခွက်ရောက်အောင် တိုက်ပေးနေတာ တွေ့ ရတယ်…။ တချို့ က ကိုယ့်ဆိုင်က ခုံကို ချပေးပြီး အနားယူခိုင်းလို့  နောက်တယောက်က ယပ်ခတ်ပေးနေတယ်…။ အဲဒီလို…. အင်း… ခရီးဦးကြိုတယ်ပဲ ဆိုကြပါစို့ လေ…. ခရီးဦးကြိုပြီးတဲ့ နောက်မှာ သူတို့ ဆိုင်က ပစ္စည်းလေးတွေကို တစာစာ ရောင်းကြတယ်…။ ချိတ်လုံချည်ခပ်စိတ်စိတ်လေးကို ခါးမှာကပ်ပြပြီး အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်လို့  ရောင်းတဲ့လူရှိသလို… ခမောက်ကလေးကို ခေါင်းမှာ စောင်းပြပြီး အောင်ဆန်းစုကြည်လို့ ရောင်းတဲ့လူလဲရှိတယ်…။

တချို့ နိုင်ငံခြားသားတွေက တချက်ကြည့်ပြီး စိတ်မ၀င်စားသလို ထွက်သွားတော့ ကိုယ်ပေါ်မှာ ဆင်ရောင်းတဲ့ အမျိုးသမီးတွေ အုပ်လိုက် လိုက်သွားကြတယ်…။ ဘုရားကြီးနားမှာ… ခေါင်းလောင်းကြီးနားမှာ… ။ တချို့ ကတော့ အားနာလို့  ၀ယ်လိုက်ကြတယ်…။ တချို့ ကတော့ ဈေးဆစ်ကြတယ်…။ တချို့ ကျတော့ စိတ်ပျက်တဲ့ပုံနဲ့  ဆောရီးဆောရီးလို့  ငြင်းတယ်…။ ငြင်းလဲ ဇွဲကောင်းကောင်းနဲ့ လိုက်ရောင်းကြတယ်…။

အဲဒီမြင်ကွင်းတွေကို တခုချင်းလိုက်ကြည့်နေမိတဲ့ ကိုယ့်ရင်ထဲမှာ အတော်ကို နာကျင်မိတယ်…။ စားဝတ်နေရေးအတွက် လုံးပန်းကြရတဲ့ ဈေးသည်တော်တော်များများကို တွေ့ ခဲ့ဘူးပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးဘူး…။ ဘုရားစောင်းတန်းမှာ ဒီကပန်းဝယ်ပါ ဟိုကပန်းဝယ်ပါလို့  တစာစာအော်ရောင်းကြပေမယ့် အတင်းတော့ နောက်က လိုက်မရောင်းကြဘူး…။ တော်ပြီနော် မ၀ယ်ချင်သေးဘူးဆိုရင် အလိုက်သိစွာ နောက်ဆုတ်သွားကြတယ်…။ ဖော်ရွေစွာ ခရီးဦးကြိုပြုကြတဲ့အခါ ချိုမြတဲ့အပြုံးလေးနဲ့  အကူအညီလိုရင် မနှောင့်နှေးပဲ ပေးကြတာ ထက်မပိုဘူး…။ ချွေးသုတ် ရေတိုက် ယပ်ခတ်လောက်အောင်ထိတော့ မလိုဘူးလို့ ကိုယ့်ရင်ထဲ စိတ်မကောင်းစွာနဲ့  တွေးမိတယ်…။ ပြီးတော့ သူတို့ ချွေးသုတ် ရေတိုက် ယပ်ခတ်ကြတာ နိုင်ငံခြားသားတွေကိုချည်း…။ ကိုယ့်အနေနဲ့  အဲဒါတွေက သူတို့  စားဝတ်နေရေးအတွက် လုပ်နေကြရတာလို့  နားလည်ပေးလို့ ရပေမယ့် ဖော်ရွေတာနဲ့ အောက်ကျတာ မတူဘူးဆိုတာလောက်တော့ ရှင်းပြနေချင်မိတယ်…။

ကိုယ့်ဆိုင်အခင်းအကျင်းနဲ့  ကိုယ့်ပစ္စည်းလေးတွေ မြတ်နိုးစရာကောင်းနေရင် ချိုမြတဲ့အပြုံးလေးနဲ့  နွေးထွေးစွာ ဆက်ဆံရင်ပဲ လုံလောက်ပါပြီ…။ တကယ်လို့ များ သူတို့ ကို နားစေချင်ရင်လဲ အရိပ်ရတဲ့ နေရာမှာ ခုံတန်းလေးတခု စီစဉ်ပေးထားရုံပါပဲ…။ အေးမြတဲ့ ရေလေး ကုသိုလ်လုပ်ချင်တောင် ဆိုင်လေးနားမှာ ရေအိုးစင်လေးတခု ထားလိုက်ရင်ကို ဖော်ရွေမှုကို တွေ့ နေရပါပြီ…။ လူတယောက်က မတောင်းဆိုပဲ လူတယောက်မလိုအပ်ပဲ အကူအညီပေးခြင်းဟာ တခါတလေ ကူညီရာမရောက်ပဲ နှောက်ယှက်ရာရောက်တတ်တယ်ဆိုတာ သူတို့ ခမျာ မသိရှာကြလေခြင်းလို့  ကိုယ်အားမလိုအားမရနဲ့  စိတ်မကောင်း အတော်ဖြစ်မိပါတယ်…။ ကိုယ့်ဆီက ပစ္စည်းလေးရောင်းရဖို့  မျှော်ကိုးစိတ်နဲ့  ကူညီတာက သိပ်ပေါ်လွင်လွန်းနေအောင် ရိုးအလွန်းတာကိုလဲ ဂရုဏာသက်မိတယ်…။ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လာလေ့လာသူတွေကို ကိုယ့်ရဲ့ မရည်ရွယ်တဲ့ အပြုအမူကြောင့် အထင်သေးစရာများဖြစ်သွားခဲ့ရင် ဆိုတာကို မစဉ်းစားနိုင်တဲ့ သူတို့ ရဲ့ အားနည်းချက်ကို အဲဒီတထိုင်တည်း ဖြည့်လို့ ရရင် ဖြည့်ပေးလိုက်ချင်တယ်…။

တကယ်တော့… သူတို့ မသိကြတာပါ… သိရဖို့ အခွင့်မရကြတာပါ… သိရဖို့  အကူအညီမဲ့ကြတာပါ… ။ အဲဒီအကြောင်းကို ပြန်တွေးတော့ သူတို့ ကို သိဖို့ မျှော်လင့်မိတဲ့ ကိုယ့်ကိုကိုယ် တွေ့ တယ်…။ မျှော်လင့်မိတာက ကိုယ်… မျှော်လင့်တဲ့အတိုင်းဖြစ်အောင် လုပ်ဖို့ က ကိုယ့်တာဝန်…။ နောက်ဆုံး တာဝန်ရှိတာက သူတို့ မဟုတ်ပဲ ကိုယ်ဖြစ်နေပါလားဆိုတာ မြင်လာမိတယ်…။ ဟိုတလောက တက်ဖြစ်တဲ့ အစည်းအဝေးတခုမှာ လေးစားစရာကောင်းတဲ့ ဘုန်းဘုန်းတပါး ဆုံးမစကားကို ကိုယ်သွားသတိရတယ်…။ တကာမကြီးတို့ က ပြဿနာပဲပြောနေကြတာကိုးတဲ့ solutionကို မတွေးကြမဆွေးနွေးကြဘူးတဲ့…။ ဟုတ်ပ့ါ… ကိုယ်တို့ တွေ ရပ်နေတာက ပြဿနာမှာတင်…။ သူငယ်ချင်းက မေးတယ်…။ မြန်မာဘောလုံးအသင်းရှုံးတာ ဘယ်လိုခံစားရသလဲတဲ့…။ ကိုယ့်မှာ မင်းကွန်းဖီလင်သာမရှိရင် ငိုမိဦးမလားပဲ…။ သူငယ်ချင်းကို ပြောလိုက်တယ်… ဘာမှမခံစားရဘူးလို့ …။ တိုင်းပြည်မချစ်လို့ မဟုတ်ပါဘူး…။ ဘောလုံးကို မခင်တွယ်လို့ မဟုတ်ပါဘူး…။ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ မျှော်လင့်ချက်မထားတာပါလို့ ….။ ဘောလုံးသမားတွေခမျာ အခြေအနေပေးသလောက် သူတို့ တတ်နိုင်သလောက် ကြိုးစားကြတာပါ…။ တူတူပဲပေါ့…။ နိုင်ဖို့ အခွင့်မရကြတာပါ… နိုင်ဖို့ အခြေအနေမပေးကြတာပါ…။ ကိုယ်လား… ကိုယ့်ဘယ်သူ့ ဆီကမှ solution မရှာပါဘူး…။ ကိုယ့်ကိုကိုယ်ဆီကပဲ solution ရှာတယ်…။ ငါတိုင်းပြည် ငါချစ်တယ် ငါ့လူမျိုးငါချစ်တယ်ဆို ငါဒီထက်ပိုလုပ်ရဦးမှာပါလားလို့ …။

တန်ခူး

8:52pm 27-Dec-2013

Wednesday, December 25, 2013

ပုဇွန်ဆားဘဲဥကျော်

ခရစ်စမတ်နေ့ မှာ ဘယ်မှမသွားပဲ အိမ်မှာနေ တီဗွီလေးကြည့် အပန်းဖြေနေသူတွေအတွက် ညနေစာကောင်းကောင်းလေး အချိန်သိပ်မကုန်ပဲချက်နိုင်မယ့် နည်းလေးကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးပါရစေ…။

သားကျောင်းပိတ်ရက်မို့  ဟိုတပတ်က သူငယ်ချင်းတွေနဲ့ အတူ အင်ဒိုနီးရှားbatamကျွန်းကို သွားလည်ပတ်ခဲ့ပါတယ်…။ ခရီးတိုလေးရဲ့ အကျေနပ်ဆုံးက Golden Prawn Seafood ဆိုင်က အစားအသောက်တွေပါပဲ…။ အကြိုက်ဆုံးကတော့ ဂဏာန်းဆားဘဲဥကျော်ပါ…။ ပုဇွန်၊ ဂဏာန်းကို ဆားဘဲဥအနှစ်နဲ့ ချက်တာ ဒီနိုင်ငံနဲ့  သိပ်မတူပဲ ကြွပ်ကြွပ်လေးနဲ့  သိပ်မအီတာကို သဘောကျမိတာပါ…။ ဒီမှာက အနှစ်နဲနဲများပြီး အီပါတယ်…။

ဂဏာန်းမစားတဲ့ သားဖေဖေနဲ့  ဂဏာန်းကို အမေ အရိုးနွှံပေးမှ စားရတဲ့ သားအတွက် ပုဇွန်ဆားဘဲဥကျော်လေးကို အင်ဒိုနီးရှားဆိုင်က ပုံစံလိုလေးလုပ်စားဖြစ်ပါတယ်…။ သားရော သူ့ အဖေပါ အားရပါးရစားကြတာမို့  ချက်ရတဲ့ကျွန်မ ပျော်ရွှင်ကြည်နူးမိပါတယ်…။

လိုအပ်တဲ့ပစ္စည်းတွေကတော့

၁) ပုဇွန် ကီလိုဝက်

၂) ကော်မှုန့် ( ပလောပီနံဖြစ်ဖြစ် အာလူးဖြစ်ဖြစ်ပါ)

၃) ကြက်ဥအကာ တလုံး

၎) ဆေးဘဲဥ ၃ လုံး

၅) ထောပတ် ဟင်းခတ်ဇွန်း ၅ ဇွန်း

၆) ပျဉ်းတော်သိမ် ၁၅ရွက်

ရ) ငရုပ်သီးမှည့် သို့  စိမ်း ၃ တောင့် (အစပ်ကြိုက်ရင် ပိုထည့်ပါ)

၈) chicken stock ဟင်းခတ်ဇွန်း ၅ ဇွန်း

ပထမဆုံး ပုဇွန်ကို သေချာဆေးပြီး ကြက်ဥအကာနဲ့ စိမ်ပြီး ကော်မှုန့် လေးနဲ့ နှစ် ဆီပူလေးထဲ ကြွတ်နေအောင်ကျော်ပါ…။ ကြွတ်နေတဲ့ ပုဇွန်လေးတွေကို ဆီစုတ်တဲ့စက္ကူလေးပေါ် ဆယ်ထားပါ။ ဟိုဘက်မီးဖိုနဲ့  ဆားဘဲဥ၃လုံးပြုတ်ထားပါ…။









ပြုတ်ထားတဲ့ ဆားဘဲဥကို အနှစ်ထုတ်ပြီး သေးသေးလေးတွေဖြစ်အောင် ချေထားပါ…။ ပျဉ်းတော်သိမ် ၁၅ရွက်ရယ် ငရုတ်သီးစိမ်းပါးပါးလှီးပြီး အသင့်ပြင်ထားပါ…။



ပူနေတဲ့ဒယ်အိုးထဲ ထောပတ်ထည့်ပြီး ချေထားတဲ့ဆားဘဲဥကို ထည့်ပါ…။ မီးအေးအေးနဲ့  ဆားဘဲဥလေးတွေ ကျေပြီးညက်နေအောင် ထပ်ချေပါ…။ ဆားဘဲဥလေးတွေ ကျေသွားရင် chicken stockရယ် ပျဉ်းတော်သိမ်နဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပါ…။ ငါးမိနစ်လောက်အကြာမှာ ကျော်ထားတဲ့ ပုဇွန်လေးတွေက ထည့်ပြီး ဆားဘဲဥအနှစ်နဲ့  နှံ့ နေအောင်မွှေပေးပါ…။ ဆားဘဲဥအနှစ်လေးတွေ ပုဖွန်ထဲစိမ့်ဝင်သွားအောင် မွှေပေးရပါမယ်…။ ပုဇွန်နဲ့ ဆားဘဲဥအသားကျသွားရင် အရသာထူးတဲ့ ထမင်းမြိန်တဲ့ ပုဇွန်ဆားဘဲဥကျော်လေး စားလို့ ရပါပြီ…။ ကျွန်မတို့ အိမ်မှာတော့ ဒီနေ့ ကျောက်ဖရုံသီးဟင်းချိုလေးနဲ့ တွဲဖက်စားပါတယ်…။









ခရစ်စမတ်မှာ မိသားစုနဲ့ အတူ ပုဇွန်ဆားဘဲဥကျော်လေးနဲ့ ထမင်းလက်ဆုံစားကြပါစို့ လား…။

တန်ခူး

2:14pm 25-Dec-2013

Saturday, December 7, 2013

ကျွန်မနဲ့ တောင်တက်ခြင်း



အမြင့်ကြောက်တတ်တဲ့ကျွန်မက တောင်တန်းတွေကို ပင်လယ်ထက်ပိုလို့ မြတ်နိုးတတ်တယ်…။ စိမ်းလန်းစိုပြေတဲ့ တောင်တန်းကြီးတွေရှိတဲ့အရပ်မှာ နေချင်ပေမယ့် အဲဒီတောင်တန်းကြီးတွေကို အရောက်သွားဖို့ တော့ ကျွန်မက ကြောက်နေတတ်ပြန်တယ်…။ ခရီးသွားကြမယ်ဆိုလဲ တောင်တန်းတွေဆီသာ အာသီသပိုနေပြန်တာ အခက်ပေါ့…။

တရားမရှိတဲ့ကျွန်မက ကြီးလေကြောက်တတ်လေ…။ ငယ်ငယ်က ကျွန်မချစ်တဲ့ ရှမ်းပြည် ကလော၊ တောင်ကြီးမြို့ လေးတွေ သွားရင် တဖြေးဖြေးမြင့်တက်လာတဲ့ ရှုခင်းတွေကို ကားပြူတင်းကငေးရင်း လွတ်လပ်စွာပျော်နေတတ်တာ…။ တောင်တက်လမ်းနဲ့  ပတ်သက်လို့  ဘာမှမစဉ်းစားမိ… ဘာမှမပူပန်မိ…။ ထင်းရူးပင်တွေ… အလေ့ကျပွင့်နေတဲ့ ပန်းဝါ၀ါတွေ… လိမ္မော်ပင်တွေက ကျွန်မကို ဆွဲဆောင်လွန်းနေတာလဲ ပါမှာပေါ့…။ ငယ်တုန်းကအတွေးတွေကလဲ ရဲရင့်လွတ်လပ်နေခဲ့တယ် မဟုတ်လား…။ လွန်ခဲ့တဲ့ ၄နှစ်လောက်က သားနဲ့ အတူ အဲဒီလမ်းကို သွားတော့ ကျွန်မမေ့လျော့နေခဲ့တဲ့ အမြင့်ကြောက်ရောဂါက စိုးရိမ်မှုနဲ့ ရောထွေးရောက်လာခဲ့တယ်…။ လမ်းလေးတွေက တချို့ နေရာမှာ အတော်ကျဉ်းပြီး ကားဘီလေးတ၀က်သာ နင်းမိတယ်လို့  စိတ်ထင်မိတဲ့အခါလဲရှိ…. အချိုးအကွေ့ တွေများတဲ့ လမ်းတွေရောက်တဲ့အခါ သားရင်ဘတ်လေးကို အသာဖိလို့  ဘုရားစာတွေ အခါခါ ရွတ်မိတဲ့အခါလဲရှိ… တောင်တန်းတွေချစ်တဲ့စိတ်ကြောက် ရှုခင်းတွေကြားမှာ မေ့မေ့လျော့လျော့ နစ်မျောသွားတာလဲရှိနဲ့ … ကျွန်မစိတ်တွေဟာ တတောင်ဆင်း တတောင်တက် တောင်တန်းတွေလို တက်လိုက်ကျလိုက်နဲ့ လေ…။ မမြင်ဘူးတဲ့ မြင်ကွင်းတွေနဲ့  လွတ်လပ်စွာပျော်နေတဲ့သားလေးကို မြင်ရတော့ ကျွန်မကြောက်စိတ်တွေက ဝေးဝေးလွင့်လို့ ပေါ့…။ အဲဒီနှစ်က သားကို တောင်တန်းတွေနဲ့ စမိတ်ဆက်ပေးခဲ့တဲ့နှစ်…။

ငယ်ငယ်က ကျိုက်ထီးရိုးရာသီဆို သူများတွေသွားကျရင် အရမ်းသွားချင်ခဲ့တာ…။ အိမ်ကခွင့်ပြုလို့  သွားခွင့်ရခဲ့တာ အာအိုင်တီဒုတိယနှစ်မှာပါ…။ တန်ခိုးကြီးလွန်းတဲ့ ဆံတော်ရှင်ကျိုက်ထီးရီုးဘုရားကို ဖူးချင်လွန်းတာကြောင့် အမြင့်ကြောက်တဲ့ကျွန်မ တောင်တွေ တခုပြီးတခု ကျော်ဖြတ်မိခဲ့တာကို သတိတောင် မထားမိခဲ့တဲ့အထိ ပျော်ရွှင်ခဲ့တာ…။ မနက်စောစော နေတောင်မမြင်ရခင် မီးထုတ်တွေကိုင်ပြီး တက်ခဲ့တာ ကျွန်မတို့ အုပ်စုထဲမှာ ကျွန်မနဲ့ အမတယောက်က အမြန်ဆုံး…။ ခုပြန်တွေးကြည့်တော့ မှောင်မှောင်မဲမဲနဲ့  အကောင်ဘလောင်တွေ ဘာလို့ များ မတွေးမိအောင် ငယ်တုန်းက ရဲရင့်ခဲ့ပါလိမ့်ဆို ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတဲ့အထိ…။ ဟိုးအဝေးက မှုန်ပြပြ ကျိုက်ထီးရိုးဘုရားကို ဖူးမျှော်လိုက်ရတဲ့ ကြည်နူးမှုက ပြောပြလို့ မရနိင်လောက်အောင်ပါပဲ…။ ရင်ပြင်တော်ပေါ်အရောက်မှာတော့ ရွှေရောင်ဝင်းနေတဲ့ အံ့ဖွယ်ကျိုက်ထီးရိုးဘုရားကို ကြည်ကြည်ညိုညိုဖူးမျှော်ရင်း အဝေးက ကျွန်မဖြတ်ကျော်လာရတဲ့ တောင်တန်းတွေကို ချစ်မြတ်နိုးစွာငေးကြည့်ရင်း ရပ်ကွက်ထဲက ဘုရားပွဲက ရဟတ်လေးစီးရတာကို မျက်ရည်ကျအောင် သွေးပျက်ခဲ့တာကို ပြန်တွေးပြုံးမိတယ်…။ အဲဒီတုန်းက တောင်တန်းတွေကို ချစ်တဲ့စိတ်က အမြင့်ကြောက်တဲ့စိတ်ကို အနိုင်ပိုင်းခဲ့တဲ့အချိန်ပေါ့…။ အဲဒီတောင်တန်းတွေဆီကို သားကို ခေါ်သွားဖို့  ကျွန်မစိတ်တွေ မရဲရင့်သေးတော့ သားလေးခမျာ ခုထိမရောက်ဖူးသေးရှာဘူးလေ။

အညာသူကျွန်မ အညာကိုချစ်တော့ အညာက သိပ်မစိမ်းစိုတဲ့တောင်တန်းတွေကိုလဲ ချစ်မိတာ သိပ်တော့မဆန်းပါ…။ ကျွန်မတို့ မြင်းခြံမြို့ လေးရောက်ဖို့  ဖြတ်ကျော်သွားရတဲ့ တောင်သာတောင်တန်းတွေက သိပ်မမြင့်လွန်းတာမို့  ကျွန်မအတွက် အတော်သက်တောင့်သက်သာ ရှိလှပါတယ်…။ အိမ်ထောင်မကျခင်က ခဏခဏရောက်ခဲ့တဲ့ မန်းစက်တော်ရာအသွားလမ်းက တောင်တွေကလဲ ရှမ်းပြည်ကတောင်တွေလောက် ကျွန်မကို ကြောက်စိတ်သိပ်မပေးခဲ့တာမို့  ခုချိန်မှာ သားနဲ့ အတူသွားဖို့  ၀န်မလေးပေမယ့် သားကျောင်းပိတ်ရက်မဟုတ်တာကြောင့် အခွင့်မရသေး…။

ဒီတခေါက်တော့ သားကို အညာအိုအေစစ်လို့ ခေါ်လို့ ရတဲ့ စိမ်းလန်းတဲ့ ပုပ္ပားတောင်ဆီကို ခေါ်သွားခဲ့တယ်...။ မီးတောင်တွေအကြောင်းကို စိတ်ဝင်စားတဲ့သားက မီးတောင်ဟောင်းကြီးရှိတဲ့ နေရာကို ရောက်ခဲ့တာမို့  အတော်ကို စိတ်လှုပ်ရှားခဲ့တာ...။ အရမ်းလှတဲ့တောင်မကြီးတောင် တက်ပါမယ် ပူဆာနေလို့  ကျွန်မတို့ မနဲရှင်းပြရသေးတာ...။ ငယ်စိတ်နဲ့ ရဲရင့်ခဲ့တဲ့ကျွန်မက မတ်လွန်းတဲ့ ပုပ္ပားတောင်ကလပ်တက်ရတာကိုတော့ သိပ်မရဲရင့်ခဲ့...။ ငယ်ကတည်းက တောင်ထိပ်သာ ရောက်တယ် မျက်ရည်တွေ ကြောက်စိတ်တွေနဲ့ ... တကယ့်သဲထိတ်ရင်ဖိုပါ...။ လက်ရမ်းမရှိတဲ့ သံလှေခါးထစ်တွေကလဲ ကျွန်မကို အတော်ကို စိတ်ဒုက္ခပေးတတ်သေးပါတယ်...။ အရမ်းဆော့တဲ့မျောက်တွေကလဲ တခါတလေ ခြောက်လှန့် တတ်သေးရဲ့...။ အဲဒီလို ရာဇ၀င်ရှိတဲ့ ပုပ္ပားတောင်ကလပ်ကို သားက တက်ချင်ပါတယ်ဆိုမှတော့ သားကို ရောက်ဖူးစေချင်တဲ့ ကျွန်မ အားမွေးလို့  တက်ရပါတော့တယ်...။

အဖေနဲ့ အမေက ကျွန်မအကြောင်းသိသူမို့  ဖြစ်ပါ့မလားတဲ့...။ အသက် ၆၇ရှိပြီဖြစ်တဲ့အဖေက ကျွန်မကို ခုထိကလေးလေးလို ထင်နေတာမို့  စိတ်မချလို့  လိုက်လာမလို့ လုပ်တော့ တားရပါသေးတယ်...။ သားကို သူ့ အဖေနဲ့ လွှတ်လိုက်လို့ ရပေမယ့် အမြဲစိုးရိမ်လွန်တတ်တဲ့ ကျွန်မ စိတ်မချနိုင်ပါဘူး။ နောက်တခုက သားရဲ့ ပထမဆုံးအတွေ့ အကြုံ သားခြေထောက်နဲ့  တောင်တက်ခြင်းကို သားဘယ်လိုများ ခံစားရလဲဆိုတာ ကျွန်မကမြင်ချင်သူ...။ ဒီတော့ မိခင်တယောက်ရဲ့ စိတ်သက်သက်နဲ့  သားနဲ့ အတူ တောင်တက်ခဲ့ပါတယ်...။ ခြေလှမ်းတုန်တုန်တွေနဲ့  အသက် ရ၀ ကျော် အဘွားကြီးလို တက်နေတဲ့ ကျွန်မကို သားနဲ့ သူ့ အဖေက သဘောကျလို့ မဆုံး...။ ဒီကြားထဲ ခြေရာထပ်အောင် လိုက်တတ်တဲ့ မျောက်တွေကလဲ ကြောက်ရသေး...။ လှေခါးထစ်တွေကို မကြည့်ပဲ တက်တတ်တဲ့ သားကို စိုးရိမ်ရသေးနဲ့ ... ကျွန်မအဖြစ်က မြင်ရသူကို အတော် မအီမသာ ဖြစ်စေပါတယ်...။ မတ်စောက်တဲ့ လှေခါးထစ်တွေကို အပြေးအလွှားတက်သွားတဲ့ နိုင်ငံခြားသားတွေက ကျွန်မကို ပြုံးစိစိနဲ့ ...။ အရင်က ကျွန်မကို သွေးပျက်စေခဲ့တဲ့ သံလှေခါးတွေမှာ စတီးလက်ရမ်းလေးတွေ တပ်ထားပေးလို့  ကျေးဇူးတင်မိပါတယ်...။

မြင့်လာလေလေ လေတွေက ကြမ်းလာလေလေမို့  လှေခါးလက်ရမ်းတွေကို တင်းတင်းဆုပ်ကိုင်မိပြီး ခြေလှမ်းတွေက ပိုနှေးပြန်တယ်...။ အော်... ငါနဲ့ ဂျူးဝတ္ထုဖတ်တုန်းက ချင်းတောင်တွေဆီ အရောက်သွားဦးမယ်လို့  စိတ်ကူးမိတာ အံ့ပါရဲ့လို့  ကိုယ့်ကိုယ်တွေးပြုံးမိသေးတယ်...။ ဟိုးတောင်ထိပ်ရောက်တဲ့အခါမှ တောင်တန်းတွေချစ်တဲ့စိတ်က အမြင့်ကြောက်စိတ်ကို အနိုင်ယူသွားတော့တယ်...။ လှမ်းမြင်နေရတဲ့ တောင်မကြီးကို အတွေ့ မှာ ကြောက်စိတ်တွေ လေထဲလွင့်ပြီး ဓာတ်ပုံရိုက်ဖို့  သတိရပါတော့တယ်...။ အိတ်ထဲက ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်မလို့  အလုပ်မှာ ကျွန်မ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တခု ရုတ်တရက်ကြီးဖြစ်သွားခဲ့ပါတယ်...။

တောင်တန်းကြီးတွေကို မြင်ပြီး ကျွန်မမေ့လျော့နေခဲ့တဲ့ ကိုရွှေမျောက်ကလေး တကောင်က ကျွန်မအိတ်ထဲက ပလပ်စတစ်အိတ်လေးကို ဖြတ်ခနဲ လုသွားတာပါပဲ...။ သူက အစာအိတ်လို့  ထင်လို့ ဖြစ်ပါလိမ့်မယ်...။ ခက်တာက အဲဒီပလပ်စတစ်အိတ်လေးထဲမှာ ကျွန်မပိုက်ဆံအထုတ်လိုက် ပါသွားတာပါပဲ...။ ဘာမှ မသိတဲ့သားကတော့ မျောက်လည်လေးရဲ့ လုပ်ရပ်ကို အူတက်အောင် ရယ်နေလို့  သူ့ အမ၀မ်းကွဲလေးက တားပါတယ်...။ ကျွန်မမတ်လေးက မျောက်ကို ပြန်ချောက်တော့ မျောက်က ပြန်ရန်ထောင်ရင်း ပလပ်စတစ်အိတ်ကလေးကို လွှတ်ချလိုက်မိသွားပါတယ်...။ သွားပြီ.. ဟိုးတောင်တွေအောက်ကို ကျပြီလို ထင်တာ မှားသွားပါတယ်...။ ကံကောင်းစွာ တောင်စောင်းလေးမှာ တင်နေတာမို့  ကျွန်မဇာတ်လိုက်ကျော် ခင်ပွန်းက ၀မ်းလျားမှောက်ယူပေးတော့ ကျွန်မပိုက်ဆံထုတ်လေး ပြန်ရပါတယ်...။ သဲထိတ်ရင်ဖို ဇာတ်လမ်းမှာ သားကတော့ ပျော်ရွှင်နေလေရဲ့...။ အဲဒီမျောက်လေးပဲ ကျေးဇူးတင်ရမလိုပါ... ကျွန်မတောင်အဆင်းလမ်းမှာ ကြောက်စိတ်တွေတောင် ခပ်မေ့မေ့။

သားကတော့ တိရိစ္ဆာန်လေးတွေချစ်တတ်သူမို့  မျောက်လေးတွေ ဘာလုပ်လုပ်ချစ်နေတတ်ပါတယ်...။ တောင်အောက်ရောက်ခါနီးမှ သူအစာကျွေးချင်တယ်ဆိုလို့  အစာရောင်းတဲ့ ကောင်မလေးဆီက ၀ယ်ပြီး သူ့ ကိုပဲ ကျွေးခိုင်းလိုက်ပါတယ်...။ သူတို့ က အထာသိသူတွေမိုလား...။ မျောက်တွေလည်လိုက်ပုံက အစာထုတ်ကို တထုတ်ချင်းမစားပဲ လက်ထဲမှာ နိုင်သလောက်သယ်ပြီးမှ တနေရာယူပြီး စားကြတာ...။ အောက်ရောက်တော့ သားဇောနဲ့  တောင်ထိပ်ရောက်အောင် တက်သွားတဲ့ ကျွန်မကို အဖေနဲ့ အမေက အံ့သြလို့ ။ မိခင်မေတ္တာပေးတဲ့ အင်အားတွေ ရဲရင့်ခြင်းတွေနဲ့  တက်ခဲ့တဲ့ တောင်တက်ခြင်းပါပဲ...။

သဘာဝတရားရဲ့ အလှအပနဲ့  နဲနဲဝေးတဲ့ မြို့ ပြမှာ နေရတဲ့ သားကို သဘာဝတရားကို ချစ်တတ်အောင် တောင်တန်းတွေချစ်တဲ့ အမြင့်ကြောက်တဲ့ ကျွန်မ တောင်တန်းတွေဆီ အရောက်ပို့ ပေးနေဦးမှာပါ...။ တောင်တန်းတွေချမ်းသာတဲ့ ကျွန်မတို့  တိုင်းပြည်ကတောင်တန်းတွေဆီကို မိခင်မေတ္တာကပေးတဲ့ ရဲရင့်ခြင်းတွေနဲ့  သားနဲ့ အတူသွားဦးမှာပါ...။ ဘ၀မှာ ဘယ်အခက်အခဲမဆို ရင်ဆိုင်တတ်အောင် ဘယ်လောက်တောင်တန်းတွေ မြင့်ပါစေ တို့ တွေတက်နိုင်တယ်ဆိုတဲ့ “တောင်ကြီးဖ၀ါးအောက်” ဆိုတဲ့ တောင်တက်ခြင်းက ရတဲ့အင်အားတွေကို သားသွေးသားတွေထဲ စီးဝင်စေဦးမှာပါ…။

တန်ခူး

7-Dec-2013 11:36pm