Saturday, January 20, 2018

ရထားစီးကြသူများ ၂

"ဘောက်ထော်" ဘူတာ။

အမေပြောပြသည့် မိသားစုကျော်ဖြတ်ခဲ့ရတဲ့နေ့ ရက်တွေမှာ အလွန်အရေးပါသည့် ဘူတာလေးတခု။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ အဖေက ဆင်းရဲလို့  ချမ်းသာသည့်အမေ့ဘက်က သဘောမတူတာကြောင့် အိမ်ထောင်ဦးမှာ လှည့်မကြည့်ခဲ့။ သုညကစခဲ့ပေမယ့် မေတ္တာခင်းတဲ့လမ်းဆိုတော့ သူတို့ မောရမှန်းပင်မသိ။ သူများအိမ်မှာငှားနေရသည်။ အဲဒီအချိန်က အဖေရော၊ အမေပါ ကျောင်းဆရာ၊ဆရာမတွေ။ သူတို့ နေ့ တိုင်း မြို့ ပတ်ရထားစီးပြီး ကျောင်းသွားကျောင်းပြန်လုပ်သည်။ ဘောက်ထော်ဘူတာမှာတက်၊ ဘောက်ထော်ဘူတာမှာဆင်း။ ဘောက်ထော်ဘူတာက အဖေတို့ အမေတို့ နဲ့ အတော်သံယောဇဉ်ဖြစ်ခဲ့သည့် ဘူတာ။ ဘယ်လောက်တောင်ဖြစ်ခဲ့သလဲဆို အမေကျွန်မကိုယ်ဝန်လွယ်ထားရစဉ် နေ့စေ့လစေ့မွေးခါနီးအထိ ရထားစီးပြီးကျောင်းသွားတဲ့အခါ ရထားလွတ်မစိုးလို့  ပြေးရတဲ့အခါမျိုးမှာ ရထားမောင်းသည့်ဦးလေးကြီးက အမေ့ကို မှတ်မိနေပြီး နေ့တိုင်းစောင့်ခေါ်တတ်သည်တဲ့။ ဘာရယ်မဟုတ် အဲဒီနေ့ ရက်တွေ အမေပြန်ပြောတိုင်း မျက်ရည်ဝဲတတ်သည်။

ငယ်ငယ်က ကြီးကြီးနဲ့ အတူ အဲဒီဘောက်ထော်ဘူတာမှ ရထားစီးပြီး ဟိုသွား၊ ဒီသွားလျှောက်လည်ခဲ့ဘူးသည်မို့  သည်ဘောက်ထော်ဘူတာလေးက ငယ်ချစ်လို့ ဆိုနိုင်သည်။ အကျွမ်းတဝင် ဘောက်ထော်ဘူတာလေးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း၄၀နီးပါး။ ဒီက MRT နေ့ တိုင်းစီးပြီး ကျောင်းသွားတဲ့သားက မြန်မာပြည် transportation system ကိုအလွန်စပ်စပ်စုစု သိချင်လှသည်။ သူလူမှန်းသိကာစကနေ ဒီနေ့ အထိ သူ့ အဖိုးကား၊ သူ့အဒေါ်ကားနဲ့ သွားနေရတော့ တခါတလေ ဆိုက်ကားစီးဖို့  ပူဆာတတ်သည်။ သားနဲ့  တက်စီ စီးလျင် ဈေးဆစ်လို့ မရ။ စင်္ကာပူဒေါ်လာနဲ့ ပြန်တွက်ပြီး သူက တက်စီမောင်းသူကို ပြန်အားနာနေတတ်သူ။ သားစိတ်ဝင်တစားပူဆာသည့် မြို့ ပတ်ရထားကို ပြီးခဲ့တဲ့အခေါက်က ဆွေမျိုးတွေတလှေကြီးနဲ့ စီးခဲ့ကြသည်။

ဘောက်ထော်ဘူတာကိုရောက်တော့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနှင့် အိုမင်းရင့်ရော်လာသည့် အဖိုးအိုကြီးတယောက်နှင့် ပြန်ဆုံသလိုခံစားရသည်။ ဒီအဆောက်အဦး၊ ဒီလှေခါး၊ ဒီသံလမ်းတွေက ကျွန်မငယ်ငယ်ကအတိုင်းပါပဲလား။ ဘာမှမပြုပြင်တော့ နေရာတကာမှာ ဟောင်းနွမ်းအိုမင်းယိုယွင်းခြင်းတွေနဲ့ ။ ရထားလမ်းပေါ်က ပေါင်းပင်တွေက နေ့ တိုင်းသွားလာနေသည့် ရထားလမ်းတခုမဟုတ်သလို။ ရင်ထဲဘာကိုဝမ်းနည်းမိမှန်းမသိ။

ရထားလက်မှတ်ဝယ်တော့ တစောင်၂၀၀။ အခြေခံလူတန်းစားတတ်နိုင်သည့် ပမာဏမို့  ကျေနပ်မိသည်။ ရန်ကုန်မှာမွေးသည့် တူတွေကလဲ ရထားတခါမှမစီးဘူးတော့ သားနဲ့ မထူး၊ သူတို့ အတွက် အကုန်အထူးအဆန်းချည်း။ လက်မှတ်ရောင်းတဲ့သူက နောက်၁၀မိနစ်ကြာရင် ရထားလာမည်လို့ ပြောလိုက်သည်။ ၅မိနစ်အတွင်း ရောက်လာတော့ မမေးမမြန်းနဲ့ ဝမ်းသာအားရတက်သွားသည်။

ကလေးတွေအများကြီးနဲ့ တက်လာသည့် ကျွန်မတို့ ကို ရထားစီးနေကြသူတွေက အံ့သြတကြီးဝိုင်းကြည့်ကြသည်။ ဟိုစူးစမ်း၊ ဒီစူးစမ်းဆိုတော့ သူတို့ အမြင်ဆန်းနေတာဖြစ်မည်။ ရထားကို သားကဓာတ်ပုံရိုက်၊ ကျွန်မက ဓာတ်ပုံရိုက်၊ ရထားစီးနေတုန်း ကျွန်မဦးလေးအငယ်က Facebook ပေါ် Live လွှင့်ဆိုတော့ မြန်မာတွေဖြစ်ပြီး ရထားကိုဘာအထူးအဆန်းဖြစ်နေကြတာလဲ ထင်ကြမည်။

စိတ်ကျေနပ်စရာကောင်းတာက ရထားပေါ်မှာ ကြိတ်ကြိတ်တိုးလူမကျပ်။မတ်တပ်ရပ်သူတချို့ ရှိပေမယ့် အသက်ရှုချောင်လှသည်။ ပြီးတော့ သန့် သန့် ရှင်းရှင်းရှိလှသည်။ ကျွန်မထုံးစံ ရထားစီးသူတွေကို အနည်းငယ်လေ့လာ စကားစမြည်စပြောသည်။ ဒါကိုယ့်တိုင်းပြည်ဆိုတော့ သိသိမသိသိ၊ ဘယ်သူနဲ့ ဖြစ်ဖြစ် မိတ်ဆက်စကားဆို စကားပြောလို့ ရသည်မဟုတ်လား။ ကျွန်မ မတ်တပ်ရပ်သည့်နားမှာ ထိုင်နေသည့်ဦးလေးကြီးက အသက်၆၀နီးပါးရှိမည်။ဆံပင်တွေဖြူ၊ အဝတ်အစားနွမ်းပါးပြီး ဒီအသက်အရွယ်အထိ အလုပ်လုပ်နေပုံရသည်။ YBS နဲ့ ရထားဈေးချင်းတူတူပဲနော်လို့  ကျွန်မကမေးတော့ ဦးလေးကြီးက “မတူဘူးလေသမီးရဲ့၊ ရထားက ၁၀၀ ၊ YBS က ၂၀၀၊ တဝက်သက်သာတယ်၊ လမ်းမပိတ်ဘူး၊ ကားလောက် အန္တရာယ်မများဘူး၊ စီးရတာစိတ်ချမ်းသာတယ်" တဲ့။ မြို့ ပတ်ရထားရဲ့ ကောင်းတဲ့အချက်လေးတွေကို နေ့ တိုင်းစီးနေပုံရတဲ့ဦးလေးကြီးဆီက ကြားရတော့ စိတ်ထဲကျေနပ်ပျော်ရွင်မိသည်။

ဒီမှာ အဒေါ်ကမေးတော့သည်။ အမတို့ ဝယ်လာတဲ့လက်မှတ်ဘာကြောင့် ၂၀၀ ဖြစ်နေပါလိမ့်တဲ့။ ညီမဝမ်းကွဲက အထက်တန်းတွဲသပ်သပ်ရှိနေလားမသိလို့ စဉ်းစားသည်။ အဲဒီမှာပဲ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ရုံးဝန်ထမ်းဖြစ်ပုံရတဲ့အမျိုးသမီးလေးက ခပ်သွက်သွက်ဝင်ပြောသည်။၂၀၀ ဆိုတာ Aircon ရထားတဲ့။ သူပြောမှ စောလာသည့်ရထားကို မှားစီးခဲ့ကြတာ သဘောပေါက်သည်။

မကြာခင် ရထားတစီးရဲ့ဆည်းလည်းတွေ ဟိုကဒီက ပေါ်လာသည်။ မြန်မာမုန့် မျိုးစုံအသည်၊ ပဲပြားသုပ်ရောင်းတဲ့အသည်၊ ဒဏ်ကြေဆေးရောင်းတဲ့အသည်၊ ပန်းသီးသည်၊ လိမ္မော်သီးသည်၊ သံပုရာသီးသည်၊ ကွမ်းယာသည်စုံလို့  ထုံးစံအတိုင်း ဝေဝေဆာဆာ၊ ကဗျာတပုဒ်လို ကာရံနဲ့ ရောင်းကြသည်။ သားကို ကြိုပြောပြမထားတော့ သားကတအံ့တသြနဲ့ အသည်တသည်ချင်းစီကို စိတ်ဝင်တစားကြည့်သည်။ ဘေးနားက ကောင်မလေးက အသုပ်ဝယ်စားတော့ စုံစီနဖာအကုန်ပါသည့်ဗန်းထဲမှ ပစ္စည်းတွေ တခုပြီးတခုထည့် ရထားပေါ်တင် အသုပ်အပြီးအစီးသုပ်ပေးနေတာ သူ့ အတွက်အတော်ထူးဆန်းနေသည်။

ခဏနေတော့ အကြောဆေးရောင်းတဲ့အသည်က ဒီတွဲမှာကျောက်ချနေလို့ ဆို သံပုရာသီးသည်အမျိုးသမီးက စောင်းပါးရိပ်ခြေပြောသည်။ တီဗွီမှာကြော်ငြာရင်တောင် အချိန်နဲ့ သူ့ အလှည့်ကိုယ့်အလှည့်ရှိသည်တဲ့။ ပညာသားပါပါပြောလိုက်တော့ ဆေးရောင်းတဲ့သူ တွဲကူးသွားသည်။ ခဏနေတော့ သူ့ သံပုရာသီးတွေကို ညှစ်ပြပြီး ဘယ်လောက်အရည်ရွှမ်းလဲဆို ဆင်ကြီးကြီးလဲရေချိုးပေးလို့  ရတယ်၊ ဆင်သေးသေးလဲရေချိုးပေးလို့ရတယ်ဆိုပဲ။ သားကကြော်ငြာတတ်ပုံကိုသဘောကျလို့ နေပြီး ကျွန်မကိုတိုးတိုးလာပြောသည်။ “very creative” တဲ့။

လမ်းဘေးမြင်ကွင်းတွေကတော့ မသာယာလှ။ တချို့ နေရာတွေ နောက်ဖေးလမ်းကြားနဲ့ တူသည်။ ကန်စွန်းခင်းကြီးတွေတွေ့ တော့ သားကသူကြိုက်တဲ့အရွက်တွေ အခင်းလိုက် အများကြီးတွေ့  ရလို့ ခူးလို့ ရလားမေမေလို့ မေးသေးသည်။ ဆင်းရမယ့်ဘူတာရောက်တော့ ကလေးတွေ မရပ်ခင်မဆင်းကြဖို့ လက်တွေတွဲ၊ သတိတွေပေးရင်း ရှူပ်ရှက်ခပ်နေတဲ့ ကျွန်မတို့ ဆွေမျိုးတသိုက်ကို ရထားပေါ်ကလူတွေက ပြုံးကြသည်။ ဘယ်လောက်ချစ်စရာကောင်းတဲ့၊ ဘယ်လောက်ဖော်ရွေတဲ့တိုင်းပြည်လဲနော်။ ဒီနိုင်ငံက MRTပေါ်မှာဆို နိုင်ငံကြီးသားတွေရဲ့ မျက်စောင်းဒဏ်နဲ့ တင် ကျွန်မတို့ လဲကျနိုင်သည်။

မယ်လမုဘုရားကို ဘူတာကနေခြေလျင်သွားတော့ ငယ်ငယ်မူလတန်းမတက်ခင် အရွယ်က ကြီးကြီးလက်လေးဆွဲပြီး ဒီခရီးကို အတူသွားခဲ့သည့် ကိုယ်ပုံရိပ်ကို မြင်ယောင်မိသည်။ ဆွေမျိုး ၉ယောက်၊ ကုန်ကျစရိတ် ၁၈၀၀ကျပ်နဲ့ မယ်လမုဘုရားဖူးသွားသည့် ဒီခရီးက ပျော်လဲပျော်၊ တန်လဲတန်၊ ကုသိုလ်လဲရမို့ အမှတ်တရပင်။ သားက ရထားစီးရတာ အရမ်းသဘောကျပြီး မှတ်ချက်ပေးသည်။ မေမေ ရထားစီးရင်း wet market သွားသလို၊ food court သွားသလိုပဲနော်တဲ့၊ သူတို့ က ကိုယ်ရှိရာလာရောင်းတော့ အချိန်ကုန်လဲသက်သာ၊ လူလဲသက်သာတယ်နော် ပြီးတော့ ဘယ်စီးစီး စင်္ကာပူဒေါ်လာ ၅ပြားနဲ့ညီတဲ့မြန်မာငွေပဲပေးရတာလို့  အင်္ဂလိပ်လိုမှတ်ချက်ချသည်။ ဟုတ်ပါရဲ့။ သားပြောမှ ကိုယ့်တိုင်းပြည်က မြို့ ပတ်ရထားရဲ့အားသာချက်ကို ကွင်းကွင်းကွက်ကွက်မြင်တော့သည်။

တကယ်တော့ အသစ်တွေဆီလှမ်းစရာမလိုသေးပါ။ လက်ရှိအဆင်ပြေနေတာလေးကို ပိုလို့ ကောင်းအောင် မွမ်းမံပြီး ရထားစီးရေ ခပ်စိပ်စိပ်လေးသာ စီစဉ်လိုက်ရင် ရထားစီးသူတွေ ဒီထက်ပိုများပြီး လမ်းပိတ်ဆို့ မှုပြဿနာလဲ အနည်းနဲ့ အများပြေလည်လာနိုင်လိမ့်မည်လို့ မျှော်လင့်မိသည်။

တန်ခူး
10:36am
19 Jan 2018

( ဒီ post ကို ဘာလို့ ရထားစီးကြသူများ၂ လို့ ပေးခဲ့လဲဆိုတော့ ဒီခေါင်းစဉ်နဲ့ ပဲ အရင်က ကျွန်မblog မှာစာတပုဒ်ရေးခဲ့ဖူးလို့ပါ)

Wednesday, January 17, 2018

ဒိုင်ယာနာ, မြနန္ဒာနဲ့ ကျွန်မတို့ မိန်းခလေးများ

"လောကမှာ လူနည်းနည်းလေးနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ၊သိပ်အေးချမ်းမှာပဲ_”

မြနန္ဒာ
( မောင်၊ ကိုကိုနှင့်မြနန္ဒာ)

တကယ်တော့ ဒီနေ့ က အလုပ်အရမ်းများတဲ့နေ့ ... ဒါပေမယ့် ဖတ်လက်စ "မောင်၊ကိုကိုနှင့် မြနန္ဒာ" ကိုပဲ စိတ်ကရောက်နေတော့ အလုပ်တွေခဏပစ်ပြီး ပေပေတေတေ အကျင့်ဆိုးလေးကို မထိန်းပဲလွှတ်ပေးလိုက်တယ်... ၂ကြိမ်ဖတ်ဖူးပြီးသားပေမယ့် ဒီတခါပြန်ဖတ်တော့လဲ မရိုးနိုင်အောင် ခံစားချက်တွေ အသစ်ပြန်ဖြစ်တယ်...

ဇာတ်လမ်းကရိုးရိုးလေးပါ... မိဘတွေပုံစံခွက်ထဲမှာ မှန်ဘီရိုထဲက အလှပြအရုပ်ကလေးတရုပ်လို နေခဲ့ရတဲ့, ဘဝမှာ ကိုယ်ပိုင်ရွေးခြယ်ပိုင်ခွင့်ရှိတယ်ဆိုတာတောင် မသိရှာတဲ့မြနန္ဒာရယ်, သူနဲ့ အခြေအနေချင်းကွာဟတဲ့ကဗျာဆရာလေးလင်း ခေါ် မောင်ရယ်, ပြီးတော့ မိန်းမတွေကို တန်ဖိုးမထား, အလေးမထားပဲ, အိုင်တွေ့ တိုင်းခြေဆေးတတ်တဲ့ ဘွဲ့ ထူးဂုဏ်ထူးအကြီးကြီးနဲ့ ဆရာဝန်ကိုကိုတို့ ရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်း... ဆရာမကြည်အေးရဲ့နာမည်ကြီးဝတ္ထုမို့  လူတော်တော်များများဖတ်ဖူးပြီးသားဖြစ်မှာပါ... ဒီpost လေးကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ မိန်းခလေးတွေအတွက်ပါ...

ပထမဆုံးအကြိမ် ဖတ်ခဲ့တုန်းက မောင့်ကို သနားခဲ့တယ်... ဒုတိယအကြိမ်ဖတ်တော့ မောင့်ကို အားမလိုအားမရဖြစ်ခဲ့တယ်... ခုတတိယအကြိမ်ဖတ်တော့ မောင့်ရဲ့စည်းကမ်းရှိမှုနဲ့ ထိန်းချူပ်နိုင်မှုကို တန်ဖိုးထားမိတယ်... မောင်သာ ခံစားချက်အတိုင်းစီးမျောရင် မြနန္ဒာရဲ့ဘဝက တမျိုးတဖုံပြောင်းသွားနိုင်ပေမယ့် မောင်က စည်းကိုမကျော်ခဲ့... သူတို့ ၂ယောက်ရဲ့ relationship လေးက သမီးရီးစားမဟုတ်, အထိအတွေ့ မပါတဲ့ ဖြူဖြူစင်စင်အဖော်စစ်စစ်လေးမို့  ချစ်စရာ... ပြန်တွေ့ ကြတော့လဲ သံယောဇဉ်တွေအများကြီးရှိခဲ့ဖူးပေမယ့် ၂ယောက်လုံးအိမ်ထောင်ရှင်တွေ, ကိုယ်ပိုင်မိသားစုတွေနဲ့ ဆိုတဲ့အသိနဲ့  ကိုယ်ကျင့်သိက္ခာကို ရှေ့ ထားပြီး စည်းလေးထားဆက်ဆံကြတာ... မြနန္ဒာကို စွဲလန်းဖူးခဲ့သူ, သူ့ ကဗျာတွေမှာ အမြဲမြနန္ဒာအရိပ်တွေဖုန်းလွှမ်းနေခဲ့ဖူးပေမယ့် အိမ်ထောင်ကျတော့ သူ့ ဇနီးလေးအပေါ်သစ္စာရှိရှိချစ်ခင်စုံမက်စွာပေါင်းသင်းတာ... တကယ်တော့ မောင်က ကိုကို့ လောက်ပညာတွေမတတ်, နိုင်ငံခြားဘွဲ့ ကြီးတွေမရပေမယ့် ကိုယ်ကျင့်သိက္ခာမှာ ကိုကို့ ထက် အပုံသာသူပါ...

ပထမဆုံးအကြိမ်ဖတ်တုန်းကလဲ ကိုကို့ ကို အရမ်းမုန်းတယ်... ဒုတိယအကြိမ်ဖတ်တော့ ပိုလို့ မုန်းတယ်... ခုတတိယအကြိမ်ဖတ်တော့ ကိုကို့ ကိုခါးသက်တယ်... မိန်းမတယောက်ကိုတမျိုးချစ်လို့ ရတယ်ဆိုတဲ့ကိုကိုက မိန်းမတို့ သည်တံတားအောက်မှာဖြတ်စီးသွားသောရေပမာပင်တဲ့... မိန်းမတယောက်ရဲ့ဖြစ်တည်ခြင်းဟာ သူ့ အတွက်ဖျော်ဖြေရေးသက်သက်... ရုပ်ဝါဒီဆန်လွန်းတဲ့ယောင်္ကျားတယောက်, နှလုံးသားမဲ့လွန်းတဲ့ယောင်္ကျားတယောက်လို့ ခံစားမိတယ်...

အဲဒီယောင်္ကျားကိုမှ ခင်ပွန်းတော်ခဲ့ရတဲ့ ကံကြမ္မာနဲ့ မြနန္ဒာ... မြနန္ဒာ ကိုကို့ ကို စချစ်သွားခဲ့ပြီး ကိုကိုက တခြားနိုင်ငံမှာ နိုင်ငံခြားသူတယောက်နဲ့ ပျော်ပါးနေချိန်မှာ သားဦးလေးကိုတယောက်ထဲမွေးခဲ့ရတဲ့ဘဝ...သူ့ ဘဝမှာ ခါးသက်မှုတွေက အများသား... အခါခါသေပြီး အခါခါပြန်လည်ရှင်သန်တတ်တဲ့ မြနန္ဒာရဲ့စိတ်ဓါတ်လေးကို မဖတ်ဖူးသေးတဲ့မိန်းခလေးတွေကို ပြန်လည်ဝေမျှချင်လို့ ပါ...

မိန်းခလေးတယောက်အတွက် အိမ်ထောင်ရေးကံမကောင်းခြင်းဟာ အဆိုးဆုံးလို့ ပြောလို့ ရပါတယ်... အတိတ်ဘဝက ကုသိုလ်ကံတွေကြောင့် ဒီဘဝမှာ အိမ်ထောင်ရေးကံမကောင်းတဲ့အခါ ဘဝကို ဘယ်လိုရင်ဆိုင်ကြမလဲ... အမိုက်မဲဆုံးရင်ဆိုင်ကြတာက ကိုယ့်ကိုယ်ကို သတ်သေကြတယ်... အစွန်းရောက်ဖြေရှင်းတတ်သူတွေက ခင်ပန်းကိုသတ်တယ်... တင်္ဒဂ သတိလက်လွှတ်မှုက တဘဝစာအထိခံစားရတဲ့, ဖြေရှင်းနည်းလို့ ခေါ်လို့ မရတဲ့ မိုက်မဲမှုတွေပါ... အများစုကတော့ သိပ်လွန်လွန်းလာရင် ကွာရှင်းလိုက်ကြတယ်... ကိုရီးယားကားယဉ်ကျေးမှုတွေ စီးမျောလာတဲ့ ဒီခေတ်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ ဖြေရှင်းနည်းကတော့ တရားဝင်မကွာရှင်းပဲ နောက်တယောက်နဲ့ တွဲကြတယ်... တချို့ ကျတော့ စိတ်ကျရောဂါဖြစ်ပြီး ဘဝကို အရှုံးပေးလို့ ဘိုသီပတ်သီနဲ့ နေချင်သလိုနေပစ်ကြတယ်...

မြနန္ဒာဘယ်လိုနေလဲကြည့်ပါဦး... ကိုကိုမိန်းမပွေတာက နည်းနည်းမှမဟုတ်တာ... တွေ့ ရာနေရာမှာ တွေ့ ရာမိန်းမနဲ့ တွဲပလိုက်တာမျိုး... ၂ယောက်လောက်က အတည်တကျယူလိုက်သေးတယ်... နိုင်ငံခြားသူနဲ့ ကလေးတယောက်က ရသေးတယ်... မြနန္ဒာကြေကွဲတာပေါ့... သူလဲလူပဲလေ... ငိုကြွေးတယ်... ခံပြင်းတယ်... ဒါပေမယ့် သူ့ သားသမီးလေးတွေအတွက် ကိုကိုနဲ့ မကွဲပါဘူး... ညပြန်မအိပ်တတ်တဲ့ကိုကိုမရှိတဲ့ညတွေ မြနန္ဒာအထီးကျန်တာပေါ့... အထီးကျန်တဲ့အခါ အလုပ်တွေ မရပ်မနားလုပ်တယ်... သူတတ်သိတဲ့အလုပ်တွေပါ... အလုပ်များနေတဲ့သူတယောက်အတွက် အထီးကျန်ဝေဒနာက သက်သာတာတော့အမှန်ပါ... သိပ်သည်းမခံနိုင်တဲ့အခါ သားလေးနဲ့ အဝေးမှာ အာရုံပြောင်းနေတယ်... ယောင်္ကျားပွေရှူပ်လို့  စိတ်ဒုံးဒုံးကျပြီး မပြင်မဆင်မနေဘူး... အများငေးယူရအောင် အမြဲကျော့ကျော့မော့မော့, လှလှပပလေးနေတယ်... သံယောဇဉ်ဟောင်းနဲ့ ပြန်တွေ့ လို အထီးကျန်နေတဲ့စိတ်ကို မလွှတ်ပစ်လိုက်ဘူး... စည်းကမ်းရှိရှိနေတယ်...သူ့ ဆီပြန်လာအောင် မဆွဲဆောင်ဘူး... အပူရုပ်မရှိဘူး... ငိုတာတောင်ကြိတ်ငိုတယ်... ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင်ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ကုစားနေတာ အတုယူစရာပါ...

မြနန္ဒာကို ဖတ်ရင်း သတိရမိတာက အိမ်ရှေ့ မင်းသမီးလေးဒိုင်ယာနာပါ... ချားလ်ရဲ့ရက်စက်မှုတွေခံရတဲ့အခါ စိတ်တွေ ဟိုးအောက်ခြေအထိ ကျခဲ့ပေမယ့် သူအလုပ်တွေလုပ်တယ်... သူ့ တိုင်းပြည်အတွက်, ကမ္ဘာကြီးအတွက် ပရဟိတတွေ မရပ်မနားလုပ်ရင်း အထီးကျန်မှုဝေဒနာကို သူကုစားခဲ့တယ်...

အိမ်ထောင်ရေးအဆင်မပြေလို့ အဖော်မဲ့ အထီးကျန်နေတဲ့မိန်းခလေးတွေ မြနန္ဒာလို, ဒိုင်ယာနာတို့ လို အလုပ်တွေပိုလုပ်ကြည့်ပါလား... ပတ်ဝန်းကျင်ကို အကိျုးပြုတဲ့အလုပ်တွေဆို ကုသိုလ်လဲရ, အထီးကျန်ဝေဒနာလဲ သူ့ အလိုလိုကုစားပြီးသားဖြစ်မှာပါ...

မြနန္ဒာ ဝိုင်သောက်တယ်, ပါတီတက်တယ်, ကတယ်, ဆေးလိပ်သောက်တယ်, ဖဲရိုက်တယ်... ဒီထွက်ပေါက်တွေ သူလုပ်ခဲ့သေးပါတယ်... အိမ်ထောင်ရေးဖောက်ပြန်တဲ့ထွက်ပေါက်လောက် မဆိုးဝါးပေမယ့် မယူသင့်တဲ့ထွက်ပေါက်တွေပါ... ယူသင့်တဲ့ထွက်ပေါက်ကို ကျွန်မအပေါ်မှာပြောပြခဲ့ပါပြီ... စာတပုဒ်ဖတ်တဲ့အခါ, ရုပ်ရှင်တကားကြည့်တဲ့အခါ စာထဲက ဇာတ်ကောင်စရိုက်အရ အဆိုးနဲ့ အကောင်းဒွန်တွဲနေတတ်ပါတယ်... ကိုယ်က အဆိုးကိုယူမလား, အကောင်းကိုယူမလား... ကိုယ့်အပေါ်ပဲမူတည်တာမို့  ကိုယ့်ဘဝကို အဆိပ်ဖြစ်စေမယ့် သို့ မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကို အဆိပ်ဖြစ်စေမယ့် အဆိုးတွေမယူမိဖို့ စဉ်းစားတွေးခေါ်နိုင်ကြပါစေ...

တန်ခူး
9:04pm
17-Jan-2018

Tuesday, January 16, 2018

ဖြောင့်ချက်

ဟိုးမိုးကောင်းကင်မှာ
၁၃တွေခြိမ်းတဲ့နေ့ က
ကိုယ့္အက်ႋျဖဴျဖဴေလး
မီးကျွမ်းသွားခဲ့တယ်...

ရောင်စုံဖန်ခွက်လေးတွေကို
၁၃တွေလွှတ်လွတ်ချတော့
ကိုယ့်ဖဝါးလေး
သွေးတွေစွန်းခဲ့တယ်...

အဝါရောင်နှင်းဆီပန်းအိုးလေးကို
ဝိညာဉ်မဲ့စေတဲ့၁၃ကြောင့်
ပန်းခြောက်လေးပေါ်
မျက်ရည်စီးခဲ့တယ်...

Chocolate Coated နှလုံးသားတခုကို
တံခါးမခေါက်ပဲ
ကိုယ့်အိမ်ထဲအရောက်
ပို့ ခဲ့တဲ့၁၃...

အချစ်အချစ်လို့ 
အော်ရောင်းနေတဲ့၁၃ရေ
ဘဝတခုလုံးပေးဝယ်လိုက်ရတာက
ဗျူဟာမာယာ အပုပ်အသိုးတွေ...

ခဏခဏမက်တဲ့
အိပ်မက်ဆိုးတွေထဲ
ကောင်းကင်ကြီးက
၁၃တွေရွာရွာချတိုင်း
ကိုယ်ဟာအကွယ်အကာမဲ့
ဒဏ်ရာတွေနဲ့ 
တဆိတ်... များလွန်းပြီ၁၃ရယ်...

ညကလကိုခဏဖွက်လို့ 
ပြက္ခဒိန်ထဲက၁၃တွေ
အပြီးထုပ်ပိုးပြီး
စကြာဝဌာအပြင်ဘက်
လွှင့်ပစ်ခဲ့တယ်...။

တန်ခူး
8:41am 16-Jan-2018

Monday, January 15, 2018

အချစ်ရှိသလား

Do you have love?

ခုတလော သားက အချစ်အကြောင်း လာလာဆွေးနွေးတော့ သားကို ကြိတ်စူးစမ်းလေ့လာရင်း သားရဲ့ထူးဆန်းတဲ့အတွေးတွေကို မြင်ရတာက စပြီး ဒီစာလေးရေးဖို့ စဉ်းစားမိတာပါ... High School ကျောင်းသား သားပတ်ဝန်းကျင်မှာ အချစ်ဆိုတဲ့စကားလုံး ဟိုတစ ဒီတစ ကြားရပြီထင်ပါတယ်...

"မေမေ အချစ်ဆိုတာ တကယ်မရှိဘူး... တကယ်တော့ လူတွေက သူတို့ မျိုးဆက်သစ်တွေ ကျန်ရစ်ခဲ့စေချင်လို့  အိမ်ထောင်ပြုကြတာ... ချစ်လို့ မဟုတ်ဘူး" တဲ့...

သားပြောတာ တစိတ်တပိုင်းမှန်ပေမယ့် အကုန်မမှန်ဘူးသားရဲ့... မေမေ အချစ်အကြောင်းစာတပုဒ်ရေးမယ်... ဒါပေမယ့် မေမေရေးမယ့်အချစ်က love between every relationship လို့ သားကို အကြမ်းဖျင်းပြောခဲ့ပါတယ်...

အချစ်ဆိုတာ လူတယောက်ချင်းစီက သူ့ အတွေ့ အကြုံအရ အမျိုးမျိုး အဓိပ္ပါယ်ဖွဲ့ ဆိုကြတာမို့  ခုကျွန်မရေးမယ့် အချစ်ဆိုတာလဲ ကျွန်မအမြင်သက်သက်သာဖြစ်ကြောင်း အရင်ဆုံးအသိပေးပါရစေနော်...

အချစ်ဆိုတာ ၂မျိုးပဲရှိပါတယ်... ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်နဲ့  သူတပါးကိုချစ်တဲ့အချစ်... relationship တိုင်းမှာ ကျွန်မပြောတဲ့၂မျိုးက ပြိုင်တူညီတူမျှတူ ရှိနေဖို့ ခဲယဉ်းလွန်းလှတယ်... တခုက အမြဲအလေးသာမြဲ...

မိဘနဲ့ သားသမီး, မောင်နှမသားချင်း, ဆရာနဲ့ တပည့်, လုပ်ဖော်ကိုင်ဖက်, သူငယ်ချင်း, ချစ်သူ, လင်မယား... စတဲ့စတဲ့ relationship တိုင်းမှာ တချို့ က ကိုယ်ကချစ်တတ်သူလို့ ထင်ပေမယ့် တကယ်က ကိုယ့်ကိုယ်ကို ချစ်နေကြတာပါ... ဥပမာပြောရရင် ကိုယ့်သားသမီးကို တသွေးတသံတမိန့် ကိုယ်ပြောတာ လုပ်ရမယ်ဆိုတဲ့မိဘတွေဟာ သားသမီးကို ကောင်းတာဖြစ်စေချင်လို့  ဘယ်လောက်ပဲပြောပြော တကယ်က သူတို့ ကိုယ်သူတို့ ချစ်နေကြတာပါ... သားသမီးတွေရဲ့ ကိုယ်ပိုင်ခံစားမှု, နှလုံးသားကို လျစ်လျူရှူထားလိုက်တာဟာ သားသမီးတွေကို ချစ်ပါတယ်ဆိုတာ စဉ်းစားစရာပါ...

ဒီလိုပါပဲ... မိတ်ဆွေအပေါင်းအသင်း, သူငယ်ချင်းတွေကြားထဲမှာလဲ တချို့ က ကိုယ့်ကိုယ်ကို ချစ်လွန်းလို့  သူများချစ်တာခံချင်ကြတယ်... လုပ်ပေးလိုက်တဲ့အလုပ်တိုင်းမှာ မျှော်လင့်ချက်တွေက နောက်က ကပ်ပါတယ်... ဟင်းလေးချက်ကျွေးမယ်, ပစ္စည်းလေးလက်ဆောင်ပေးမယ်, ယုတ်စွအဆုံး စကားချိုချိုလေးတွေ ကျအောင်ပြောမယ်... အဲဒီအပြုအမူတွေရဲ့နောက်မှာ မျှော်လင့်ချက်တွေပါနေတယ်... တဘက်လူက မျှော်လင့်တဲ့အတိုင်း မလုပ်ရင် သွားပြီ... တဘက်လူက သူ့ စိတ်ကြိုက်အတိုင်း မလိုက်ရင် အဲဒီလူအဆိုးဖြစ်ပြီ... တကယ်တော့ သူက သူ့ ကိုယ်ပိုင်ပေတံနဲ့  သူများကို တိုင်းပြီး ချစ်တယ်ချစ်တယ်လို့  ကြေငြာနေပေမယ့် သူတကယ်ချစ်တာ သူ့ ကိုယ်သူပါ...

လင်မယားတွေကြားမှာတော့ အသိသာဆုံးပေါ့... ချစ်လို့ လက်ထပ်ပေါင်းသင်းနေထိုင်ကြတယ် ဆိုတဲ့ လင်မယားတော်တော်များများဟာ သူကကိုယ့်ကိုချစ်တယ်ထင်လို့ , သူချစ်တာ ဂရုစိုက်တာခံချင်လို့ , သူ့ ဆီက အချစ်လိုချင်လို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့  ကိုယ့်ကိုယ်ကိုချစ်လို့  လက်တွဲထားကြသူတွေ အများကြီးပါ... တချို့ ဆို ကိုယ့်ကို မချစ်တော့မှာစိုးလို့ , ကိုယ့်ကိုပစ်သွားမှာစိုးလို့ ဆိုတဲ့ အကြောက်နဲ့  ကိုယ့်ယောင်္ကျားအရက်သောက်နေလဲ ခပ်ပြုံးပြုံးလေး မတားပဲ သူ့ ကို ပိုချစ်အောင် နားလည်မှုရှိတယ်ဆိုတာ ပြချင်လို့ ဆို အမြည်းလေးလုပ်ပေး, အရက်လေးငှဲ့ ပေးပေါ့... ရောဂါရသွားမှဖြင့် သူ့ ခမျာရောဂါဝေဒနာ ဒဏ်ခံရရှာမယ်ဆိုတာတွေထိ မတွေး...အမုန်းခံမတားမြစ်... ကျွန်မမြင်ဖူးတာ ယောင်္ကျားက သေကောင်ပေါင်းလဲ ရောဂါကြီးတခုခံစားလို့  အရက်နဲ့ လုံးဝမတည့်တာတောင် မုန်းမှာကြောက်လို့ ဆို လက်ပိုက်ကြည့်နေနိုင်တဲ့ တချို့ အမျိုးသမီးတွေပါ... သူတို့  ကိုယ့်ကိုယ်ကို ပိုချစ်ကြသူတွေပေါ့... တကယ်တော့ အေးလဲအတူ အပူလဲမျှကြဖို့  ဘဝ၂ခုပေါင်းခဲ့ကြတာ မဟုတ်လား....

ချစ်သူတွေမှာတော့ ကိုယ့်ကိုယ်ကိုချစ်တာလား, သူ့ ကိုချစ်တာလားဆိုတာ ဝေခွဲရခက်တဲ့အချိန်ပေါ့... ကိုယ့်ကိုချစ်နေစေချင်တာနဲ့  အပြန်အလှန်ကောင်းတာလေးတွေ လုပ်ပေးနေတော့ တကယ်ချစ်သလား, အနစ်နာခံသလား ဝေခွဲရအတော်ခက်ပါတယ်...ဒါပေမယ့် တကယ်ကြည့်ရင် မြင်လို့ ရပါတယ်... ငါကတော့ သူ့ ကိုလွမ်းလိုက်ရတာ သူကတော့ ဘာသိဘာသာကြီးလား... ငါ့ကိုဒီလိုလုပ်လို့  ငါစိတ်ကြိုက်မဟုတ်လို ဖြတ်မယ်ကွာ ဆိုတာမျိုး... ကိုယ့်ချစ်သူမှာ love အချစ်ရှိလား သေချာကြည့်ရင် အမှားနဲနိုင်ပါတယ်...

ဘယ်relationship မျိုးမဆို give & take concept က လုံးဝမကောင်းပါဘူး... ကျွန်မ မကြိုက်ဆုံးဆောင်ပုဒ်တခုက "သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ" ဆိုတဲ့ ဆောင်ပုဒ်ပါပဲ... အဲဒီစာသားထဲမှာကို အပေးနဲ့ အယူကြီးက ပါနေပြီလေ... တဘက်လူဆီက ကြိုတင်မျှော်လင့်ချက်က ပါနေပြီ... ပေးဆပ်ခြင်းဟာ တဘက်လူကိစ္စ အရင်မစဉ်းစားခင် ပထမဆုံးငြိမ်းချမ်းတာ ကိုယ့်ကိုယ်ပါ... ကိုယ့်ရင်ထဲက နှစ်နှစ်ကာကာ ချစ်လို့ ကို ကိုယ်လုပ်ပေးတာ, စေတနာမှန်လို့ ကို ကိုယ်ပေးတာ ဘာပြန်ရစရာလိုသေးလို့ လဲနော်...

ခုနောက်ပိုင်း Facebook ယဉ်ကျေးမှုနဲ့ အတူ ပရဟိတဖက်ရှင်တွေပါ ခေတ်စားလာကြတယ်... ပရဟိတ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် တကယ်လုပ်တဲ့သူတွေဟာ မျှော်လင့်ချက် အလွန်နည်းကြပါတယ်... မျှော်လင့်ချက်ကြီးနဲ့  ပရဟိတလုပ်နေတယ်ဆိုရင်တော့ တခုခုလွဲချော်နေပြီပေါ့နော်... တကယ်ပေးချင်သလား... ပြတ်အောင်ပေးပလိုက်ပါလို့  တိုက်တွန်းချင်ပါတယ်... ငါက ပရဟိတ လုပ်နေတာ... ငါလိုလူမျိုးကို ကျေးဇူးမတင်ဘူးဆို သွားပြီပေါ့နော်... ကိုယ်ပေးလိုက်တဲ့သူတွေကို တကယ်ချစ်တာလား... ကိုယ့်ကိုယ်ကိုချစ်လို့  သူများတွေကချစ်စေချင်လို့ အပြလုပ်တာလား အတော်ကိုကွာပါတယ်...

ဒီလိုပါပဲ Facebook ယဉ်ကျေးမှုထွန်းကားလာတဲ့အခါ ကော်မန့် ချိုချိုလေးတွေ လိုချင်ကြတော့ virtual world မှာ fake relationship တွေ များလာတယ်... ကိုယ့်နဂိုပုံစံ real image ပေါ်မှာ အရေခွံလှလှလေးတွေ ခြုံပြလာကြတယ်... စရိုက်ကြမ်းတဲ့သူကလဲ အပြယဉ်ကျေးလာတယ်... ရက်စက်တတ်တဲ့သူက ကြင်နာချင်ယောင်ဆောင်လာတယ်... အရမ်းအန္တရာယ်များပါတယ်... ကြောင်ကြာကြာရေမငုပ်နိုင်တဲ့အခါ relationship မှာ complications တွေဖြစ်လို့  ဇာတ်သိမ်းတွေက block တာနဲ့  unfriend လုပ်တာနဲ့  အကျည်းတွေတန်ကုန်ကြပါတယ်...

ကိုယ့်ကိုယ်ကို ချစ်တာအပြစ်လားလို့  ကျွန်မကိုများမေးလာခဲ့ရင် အပြစ်မဟုတ်ပါဘူးလို့  ကျွန်မဖြေမှာပါ... ကျွန်မလဲ ကျွန်မကိုယ်ကျွန်မချစ်ပါတယ်... ကျွန်မပြောချင်တာက relationship တိုင်းမှာ ကိုယ့်ကိုယ်ကို ချစ်စိတ်အားကြီးနေရင် တကယ်မချစ်တတ်တော့ ရေရှည်မှာ impact ဖြစ်နိုင်တာကို ပြောချင်တာပါ... အဆိုးဆုံးကတော့ အတ္တအရမ်းကြီးလာရင် အချစ်ပျောက်သလို, respect အပြန်အလှန်လေးစားမှုလဲ ပျောက်သွားတာပါ... ကျွန်မပြောချင်တာက ကိုယ့်ကိုယ်ကိုချစ်ပါ... ဒါပေမယ့် သူတပါးကို မထိခိုက်မနစ်နာစေပါနဲ့ လို့ ...

သင့်မှာအချစ်ရှိသလား Do you have love?

ရှိတယ်လို့ အလွယ်တကူဖြေကြမှာပါ... သင့်မှာ သူတပါးကို ကိုယ်ချင်းစာတတ်, စာနာသနားတတ်, မျှဝေခံစားတတ်တဲ့အချစ်ရှိပါသလား... အဲဒီလို အချစ်ရှိရင် every relationship becomes beautiful relationship ဖြစ်လာမှာပါ... လူနှစ်ယောက်ကြားမှာ တကယ်လိုအပ်တာဟာ စကားချိုချိုတွေပြောတတ်တဲ့နှုတ်ခမ်းဖျားတခုမဟုတ်ပါဘူး... တကယ်ချစ်တတ်တဲ့နှလုံးသားတခုပါ...

တန်ခူး
6:00pm
15 Jan 2017

မှန်

ကွဲကျသွားခဲ့လဲ
အပိုင်းအစတွေထဲက
မြဲနေတဲ့သစ္စာ။

တန်ခူး
2:15am
15-Jan-2018

Monday, January 8, 2018

ကိုယ်ကစလို့ ပြုပြင်ပါ

အမှောင်ကိုမကြိုက်ရင်
အလင်းပြသူကိုမစောင့်နဲ့ 
ကိုယ်ကအလင်းပြနိုင်အောင်ကြိုးစားပါ...

နေပူတာမနှစ်သက်ရင်
အရိပ်ပေးမယ့်သူကိုမမျှော်နဲ့ 
ကိုယ်ကအရိပ်ပေးသူဖြစ်အောင်အားထုတ်ပါ...

သီလပျက်သူကိုမနှစ်မြို့ ရင်
အပြစ်ဖို့ လို့ ကဲ့ရဲ့မဆိုနဲ့ 
ကိုယ်သာသီလလုံအောင်စောင့်ထိန်းပါ...

လဲပြိုတာကိုလက်မခံနိုင်ရင်
ဖေးကူသူကိုမငေးနဲ့ 
ကိုယ်ကကိုယ့်ကိုမလဲပြိုအောင်ရဲရင့်ပါ...

အလိမ်အညာကိုနာကျင်ရင်
မလိမ်ညာတတ်သူကိုမရှာနဲ့ 
ကိုယ်ကိုယ်တိုင်ကမလိမ်တတ်အောင်ကျင့်ကြံပါ...

သူ့ ကြောင့်ငါကြောင့်
မင်းကြောင့်ဒင်းကြောင့်လို့ 
ထိုးတဲ့လက်ညှိးတွေခဏသိမ်းလို့ 
ကိုယ်ကိုယ့်ကိုအသေအချာဆန်းစစ်
မေတ္တာအနှစ်တွေနဲ့ 
ကိုယ်ကစလို့ ပြုပြင်ပါ...။

တန်ခူး
11:33pm
7-Jan-2018

Sunday, February 8, 2015

ဆံပင်ရှည်များမှတဆင့်….



“ယောင်္ကျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်းဆံထုံး” ဆိုတဲ့ ဆိုရိုးစကားကို မသိနားမလည်ခင် အရွယ်ကတည်းက ဆံပင်ရှည်ရှည်တွေကို ကျွန်မက နှစ်သက်တတ်ခဲ့တာ ခုထိမှတ်မိနေသေးတယ်…။ ကျွန်မ ၂တန်း၊ ၃တန်း အရွယ် “က” တမ်း၊ “ခုန်” တမ်း ကစားကြပြီဆို မျက်နှာသုတ်ပုဝါကြီးကို ခေါင်းမှာအုပ်ပြီး ဆံပင်အရှည်ကြီးလုပ်ခဲ့တာ…။ အဲဒီတုန်းက အမေ့ဆံပင်တွေက ခြေသလုံးထိရှည်သေးတယ်…။ အမေများ ခေါင်းဖြီးနေပြီဆို ကျွန်မက အမေ့နံဘေးနေရင်း အမေဆံပင်တွေကို ကိုင်ကိုင်ကြည့်လို့  အားကျနေခဲ့တာ…။ အမေတို့  တက္ကသိုလ်တက်တုန်းက အမေ့ဆံပင်တွေက ခြေမျက်စိထိရှည်တယ်လို့  အမေပြန်ပြောတော့ ကျွန်မတက္ကသိုလ်တက်ရင် အဲဒီလောက် ဆံပင်ရှည်ကြီးနဲ့  ဖြစ်ချင်မိခဲ့ပြန်တယ်…။ ရှစ်တန်းလောက် အပျိုပေါက်အရွယ်ရောက်တော့ ကျောင်းမှာ တချို့  သူငယ်ချင်းတွေ ဆံပင်အရှည်လေးတွေ ဖြစ်လာတော့ နဂိုကဆံပင်ရှည်ထားချင်တဲ့စိတ်တွေ ထိန်းမနိုင်ဖြစ်ပြီး အဖေ့ကို ပူဆာမိခဲ့တယ်…။ အဖေက အပျိုကြီးစိတ်ဖြစ်မှာစိုးလို့  အချိန်တန်ရင် ဆံပင်ညှပ်ဆိုင်ရောက်တော့ စန္ဒာပုံပါပဲ...။ တက္ကသိုလ် ပထမနှစ်ရောက်တဲ့အထိ အဖေခွင့်မပြုလို့  ယောင်္ကျားဆန်ဆန် ဆံပင်တိုတိုနဲ့ တက်ခဲ့ရတယ်…။

ကျွန်မတို့  တက္ကသိုလ်ရောက်တော့ ဆံပင်အရှည်တွေအရမ်းခေတ်စားတဲ့ခေတ်…။ မင်းသမီး ဇင်မာဦး… တင်နီလာဝင်း… လင်းဇာနည်ဇော်… စိုးမြတ်သူဇာ… သူတို့ အကုန်ဆံပင်ရှည်လေးတွေနဲ့  အလွန်လှကြတာ…။ တက္ကသိုလ်က သူငယ်ချင်းမိန်းကလေး တော်တော်များများကလဲ ဆံပင်ရှည်လေးတွေ တ၀ဲဝဲနဲ့ ….။ ခေတ်စားတဲ့ သီချင်းတွေကလဲ “ညနေခင်းရဲ့လေပြေထဲမှာ…. မင်းဆံနွယ်တွေ တောင်ပံခတ်လို့ နေ” တို့ …. “ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး..” တို့ …. “ဆံပင်ရှည်ရှည် ကောင်မလေးများတွေ့ ရင် ယောင်ရမ်းပြီးရပ်ကြည့်နေမိတယ်”…. တို့ နဲ့  သီချင်းတော်တော်များများမှာ ဆံပင်ရှည်ရှည်ကောင်မလေးတွေက နေရာယူလို့ ထားပြန်တာ….။ ဒုတိယနှစ်ကျောင်းတွေပိတ်တော့ တက္ကသိုလ်ကျောင်းသူ ယောင်္ကျားဆံပင်နဲ့ ကျွန်မကို အဖေက သနားသွားပုံရတယ်…။ ဆံပင်ညှပ်ဆိုင် မခေါ်သွားတော့ ကျွန်မကလဲ တနေ့ ထက်တနေ့  ရှည်လာတဲ့ဆံပင်လေးတွေကို တကိုင်ကိုင်နဲ့  ပျော်လို့ လေ…။ ဆံပင်လေးတွေ ကုတ်ထောက်တဲ့ အရှည်ရောက်တော့ ကုတ်ထောက်ရင် အရှည်မမြန်တတ်ဘူးဆိုလို့  စည်းထားလိုက် ခေါက်တင်လိုက်နဲ့  အလုပ်တွေကို ရှုပ်လို့ ….။ ညအိပ်ရင် ကျစ်ဆံမြီးကျစ်အိပ်ရင် ဆံပင်အရှည်မြန်တယ်ဆိုလို့  ကျစ်ဆံမြီးကျစ်အိပ်လား အိပ်ရဲ့…။ ကျောင်း၃နှစ်ပိတ်ပြီး ပြန်ဖွင့်တော့ ကျွန်မဆံပင်လေးတွေ ကုတ်ကျော်ပြီး ဆံပင်အရှည် စာရင်းဝင်လာခဲ့ပြီလေ…။ အိမ်ကကြီးကြီးကလဲ ကျွန်မဆံပင်လေးတွေကို ဆံထုံးလေးထုံးပေးလိုက်… ကျစ်ဆံမြီးလေးကျစ်ပေးလိုက်…. တ၀က်ခွဲစည်းပေးလိုက်နဲ့  တနေ့ တမျိုး မရိုးရအောင် လုပ်ပေးတတ်ပါတယ်…။

အကြေကောက်တွေ… 3 steps 4 steps တွေ ခေတ်စားလာတဲ့အချိန်ကျ အဖေ့ဆီက အရင်ကလို စန္ဒာပုံအစား “ယောင်္ကျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထုံး” ဆိုတဲ့ စကားတဖွဖွကြားရတတ်ပါတယ်…။ တနေ့ တခြားရှည်လာတဲ့ ကျွန်မဆံပင်ကို ဖြတ်ပစ်မှာ အဖေစိုးရိမ်လာပြီး စာမေးပွဲနားနီးလို့  ဆံပင်နဲနဲတိရင်တောင် အဖေမသိအောက် တိတ်တိတ်လေး တိရတဲ့အထိပါပဲ…။ ကျွန်မကိုယ်တိုင်ကလဲ ဆံပင်ရှည်တွေ မြတ်နိုးတာမို့  ကျွန်မဆံပင်ရှည်တွေကို ဖြတ်ပစ်ဖို့ ဆိုတာ နဲနဲလေးမှမစဉ်းစားခဲ့ပါဘူး…။ ထက်ထက်မိုးဦးဆံပင်ရှည်လေးနဲ့  ကြော်ငြာတွေ ရှမ်းရှမ်းတောက် အောက်မြင်နေတဲ့အချိန်ကျ ဆံပင်ရှည်တွေပြန်ခေတ်စားပြန်တယ်…။ ကျွန်မကတော့ တခြားဆံပင်ပုံဘယ်လိုမှ လုပ်မရတဲ့ ဖြောင့်လွန်းတဲ့ဆံပင်တွေကြောင့် ရှေ့ ကဆာမူရိုင်းနဲ့  နောက်အရှည်ကြီးကို မူပိုင်ထားခဲ့တာပါ…။ ကျွန်မနဲ့  အဲဒီဆံပင်ကို လူတွေတွဲမှတ်မိတဲ့အထိပါပဲ…။ ဆံပင်တွေကို ဘယ်လောက် ရူးသွပ်သလဲဆို ဆံပင်ပျက်စီးမှာစိုးလို့  မလျှော်ခင် အုန်းဆီမှန်မှန်လိမ်းပြီး သဘာဝတရော်၊ ကင်မွန်းခေါင်းလျှော်ရည်နဲ့ သာ လျှော်ခဲ့ပါတယ်…။ ဆံသားတွေ ပျက်စီးမှာစိုးလို့  သိပ်တောင် မစီးဖြစ်ပဲ ဘယ်လောက်အိုက်အိုက် ဒီတိုင်းချထားတတ်ပါတယ်…။ ကျွန်မကြီးကြီးကိုယ်တိုင် စိတ်ရှည်လက်ရှည် လုပ်ပေးတဲ့ လဘက်ပုပ်၊ ထောလပတ်ရွက် နဲ့ အုန်းဆီ ရောစပ်ထားတဲ့ ဆံပင်လိမ်းဆေးကိုလဲ ပုံမှန်လိမ်းရင်း ကျွန်မဆံပင်ရှည်တွေကို အတော်ဂရုစိုက်ခဲ့ပါတယ်…။ ဒီရောက်တော့ ဒီကရေကြောင့်ရယ် အချိန်မရသဘာဝခေါင်းလျှော်ရေမရတော့ chemicalခေါင်းလျှော်ရေတွေ လျှော်တာကြောင့်ရယ် ကျွန်မဆံပင်တွေ အရင်ကလိုမဟုတ်ပဲ အရမ်းကျွတ်ပြီး ပိုပိုပါးလာခဲ့ပါတယ်…။ ဒါပေမယ့်လဲ ဆံပင်ရှည်မြတ်နိုးတဲ့ကျွန်မ ဆံပင်ရှည်တွေကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်…။



ဆံပင်ရှည်တွေကို ကျန်းမာရေးမကောင်းလို့ ဖြတ်ရင်တောင် ကျော်လယ်လောက်ထိသာ ဖြတ်ပြီး အရှည်အတိုင်းထားခဲ့တာ ပြီးခဲ့တဲ့နှစ်ကုန်ထိပါပဲ…။ သွေးအရမ်းအလှူချင်တဲ့ ကျွန်မ သွေးနီဥအားနည်းတတ်တာမို့  ဆရာဝန်က သွေးမလှူခိုင်းပါဘူး...။ သွေးလှူဖို့  အခွင့်မရခဲ့တာမို့  ဆံပင်တွေကို ရွှေဆံပင်တံတားလမ်းအတွက် လှူလို့ ရတယ်ဆိုတာ သိရတော့ ကျွန်မတသက်လုံး မြတ်မြတ်နိုးနိုးထားတဲ့ ဆံပင်တွေကို လှူချင်တဲ့ သဒ္ဒါတရားပေါ်ခဲ့ပါတယ်…။ ဆံပင်ဖြတ်ဖို့ ဆို အမြဲတုန့် နှေးနေတတ်တဲ့ကျွန်မဆီမှာ ဖြစ်ပေါ်လာတဲ့လှူချင်တဲ့စိတ်ကို ကျွန်မကို ကျွန်မအံ့သြမိတဲ့အထိပါပဲ…။ ရွှေဆံပင်တံတားလမ်းဆိုတာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းလို့  (၁၀)မိုင်ဝေးတဲ့ အရပ်မှာရှိတဲ့ ဆေးရုံကို ၃နာရီလောက်ကြာအောင် သွားရလို့  အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှူံးသွားခဲ့ကြတဲ့ သူတွေကို မျက်မြင်တွေ့ ပြီး ဆရာတော်အရှင်ဝေပုလ္လက ဦးဆောင်ပြီး ပိုက်ဆံရှိသူရော မရှိသူပါလှူဒါန်းနိုင်တဲ့ ဆံပင်အလှူ( ဇိဝိတဒါနအလှူ) နဲ့  လမ်းတွေ တံတားတွေခင်းခဲ့တာ အခုဆို အလောင်းတော်ကဿပပင်မလမ်း နဲ့  တံတားပေါင်းများစွာ ခင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်…။ ငွေလှူလိုက်လို့  ရတာများ ဆံပင်ဘာလို့ လှူသလဲလို့  ကျွန်မကို မေးခဲ့ရင်တော့ အထက်ကပြောသလို ကျွန်မမြတ်နိုးတဲ့ ကျွန်မခန္ဓာကိုယ်က အစိတ်အပိုင်းကို လှူရတာမိုလို့  ငွေထက်ပိုအဓိပ္ပါယ်ရှိတဲ့ အလှူလို့  ခံစားကြည်နူးမိလို့ လို့  ဖြေရမှာပါပဲ…။

အမြဲကြောလယ်လောက်ထက်တိုအောင် မညှပ်တဲ့ကျွန်မ ဒီတခါတော့ ဆံပင်တွေကို တပေကျော်လှူလို့  ရအောင် ကုတ်ကျော်ကျော်အထိ ညှပ်ပြီး လှူဒါန်းခဲ့ပါတယ်…။ ဆရာတော်ဆီမှာ ဆံပင်ကို လှူဒါန်းနေချိန်မှာ ဖြစ်တဲ့ပီတိက တခါမှမဖြစ်ဖူးတဲ့ တကယ့်ကြည်နူးစရာကောင်းတဲ့ပီတိပါ…။ မရှိလို့  မလှူရဘူးဆိုသူများ ကျွန်မရဲ့ဒီပို့ စ်လေးဖတ်မိရင် ကိုယ့်ဆံပင်တွေကလဲ မြတ်သောအလှူတခုဖြစ်နိုင်ကြောင်း သိသွားခဲ့ရင် ကျွန်မကျေနပ်မိမှာပါ…။ ဆံပင်လှူလိုသူများရှိရင် အောက်ပါ contact များမှတဆင့်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ…။

ဦးပညာဝံသလင်္ကာရ၊ ဦးသုဘောဂ

အရှေ့ ဝါယာလက် ၂ လမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ ။

ဖုန်း - ၀၉-၆၄၅၀၆၅၄၊ ၀၉-၂၅၆၁၉၈၀၉၁

ဆံပင်အလှူကတဆင့် လမ်းတံတားအလှူဖြစ်တာမို့  လမ်းတံတားလှူဒါန်းရခြင်းကရတဲ့ အကျိုး ၅မျိုးကို ဝေမျှပါရစေနော်…။

ကမ်းပါးသစ်ပင်၊

တောင်တွင်ထိပ်က၊

လိမ့်၍ကျလည်း၊

ဘေးမှလွတ်ဘိ၊

မှီခိုရှိ၏၊

မှတ်ဘိတစ်မျိုး၊

သူခိုးမင်းဘေး၊

နှိပ်စက်ဝေးပြီး၊

ရန်ဘေးတဖန်၊

အောင်နိုင်ပြန်၍၊

လျှင်မြန်ဆင်မြင်း၊

ယာဉ်ရခြင်းပ၊

ဤငါးဝသည်၊

မှတ်ကြလမ်းတံတား လှူကျိုးတည်း။

တန်ခူး

9:15pm 8-Feb-2015