Saturday, June 28, 2008

ရင်ထဲ အစဉ်အမြဲစွဲငြိနေသည့် သီချင်းတချို့ 



“မောင်လေးရေ…ထပါတော့…ရောင်နီလာလှပေါ့…
ညီမလေးရေ… ထပါတော့…ရောင်နီလာလှပေါ့…
တစ်ကျော့နှစ်ကျော့တေးကိုသီ…ငှက်ကြားနှုတ်ပလီ…
တီတာခွန်းတွဲ့ …လဲ့လဲ့သံစဉ်ညီ…
မုန်းလျှင်အပြစ်ချစ်လျှင်အကျိုး…
မြတ်နိုးတော့သဒ္ဓါ့…
အိပ်မက်သံသရာမှနိုးထစေချင်သည်…”

ကျွန်မငယ်ငယ်က အဒေါ်ကျွန်မကို ချော့သိပ်သည့် သီချင်းတော်တော်များများက တင်တင်မြ၊ မာမာအေး၊ ချိုပြုံး တို့ ၏ သီချင်းများပင်ဖြစ်သည်။ ပုခက်အရွယ်ထဲက ရင်းနှီးရသော သီချင်းများ မို့ လားမသိ၊ အဲဒီသီချင်းများကို ယနေ့ ထက်တိုင် စွဲစွဲမက်မက် ရှိနေတုန်း။ ခုံခုံမင်မင် ညည်းမိတုန်း။

ကျွန်မသည် ဘယ်တူရိယာတခုကိုမှ မတီးတတ်ပေမယ့်၊ သီချင်းကို အပေါက်တည့်အောင်မဆိုတတ်ပေမယ့် သီချင်းတွေကိုတော့ အလွန်ချစ်သည်။ ခေတ်ဟောင်းတေး၊ အငြိမ့်သီချင်းမှသည် ယနေ့ ခေတ် Rapသီချင်းတွေထိ ခံစားနှစ်ခြိုက်လို့  ရနေသေးသည်။ (Hip Hopတော့ ခံစား ၍မရပါ) ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပြောင်းပြောင်း ရင်ထဲကျန်ရစ်နေသည့် သီချင်းအချို့ ကား ကျွန်မငယ်ငယ်ကအိပ်ရာဝင်တေး တွေပဲဖြစ်သည်။

အထူးသဖြင့်ပြောင်မြောက်သော စာသားများနှင့် လိုက်ဘက်ညီစွာ အဆွဲအငင်
အငိုအရှိုက်ကောင်းလှသော မာမာအေးသီချင်းများက ကျွန်မကို ပိုလို့ ဆွဲဆောင်သည်။ ငယ်ငယ်က မာမာအေးမို့  TVမှလာလျှင် အသက်ရှူဖို့ ပင်မေ့လျော့နေတတ်သည်။

“မောင့်အချစ်မြား…အသဲမှာဆူး
နှုပ်လဲနှုပ်ရက်ပါဘူး…
ချစ်ဦးသူမောင့်ကို…မောင့်ကိုချစ်တဲ့သက်သေ”

ဘယ်လောက်လှလိုက်တဲ့ စာသားလေးလဲ။ ခုပြန်နားထောင်တိုင်း ရင်ထဲမှာစို့ စို့ နင့်နင့်။

“ချစ်သူရေ…ကြေကွဲရခြင်းဆိုတဲ့ဝေါဟာရတွေ…
တလုံးတပါဒမှ…မကြားလိုမနာလို…
ငိုလဲမခွဲ…ရယ်လဲမကွာ…ချစ်သူနဲ့ သာဆိုရင်လေ…”

ရင်ခုန်တတ်စ အရွယ်က ဒီသီချင်းလေးကို ဆိုညည်းရင်း ဘယ်ဆီမှန်းမသိသည့် ချစ်သူရင်ခွင်ကို တမ်းတမိဖူးသည်။

“နီးဖို့ ရာဆိုရင်…၀ါဆိုတောင်မှပြာသိုနားတွင်ထားလိုက်ချင်” တဲ့။ ချစ်သူနဲ့ ခဏခွဲခွါတုန်းက လွမ်းလို့ ကောင်းတဲ့သီချင်း။

စန္ဒရားချစ်ဆွေရဲ့  အဖွဲ့ အနွဲ့ တွေက နှလုံးသားအစုံကို သိမ်းကျုံးယူတတ်သည်။

“သူ့ မျက်နှာ…ကိုယ့်အသဲစွဲနေတယ်…
သူသာကိုယ့်ဘ၀…သူသာကိုယ့်ရဲ့ ကမ္ဘာ…
တာဝန်မဲ့တယောက်လိုဖြစ်နေတဲ့သူမယ်…
အချိန်တိုင်းမှာသူသာဖြစ်နေတဲ့အထိ…
အစဉ်အမြဲ…ရင်ထဲငြိတွယ်…
သူနဲ့ တွေ့ လေတိုင်း…ဘာကြောင့်များစိတ်အားငယ်…
အလိုလိုဝမ်းနည်းလာတယ်ကွယ်…”

ရင်ထဲက ခံစားချက်ကို အဲလိုငြိတွယ်အောင် ရေးဖွဲ့ နိုင်တော့ တခါတခါ သီချင်းထဲမှာ စီးဝင်နစ်မျောနေသည်မှာ ပတ်ဝန်းကျင်ကို မေ့လျော့နေသည်အထိ။

ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူပါပဲတဲ့။ ဘယ်လောက်ချိုမြလိုက်သလဲ။ ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဖော်တယ်…ငွေနှင်းဖြူက သန့် စင်တယ်လို့  အဓိပ္ပါယ်ယူမယ်…ချစ်သူကကွယ် ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်…။ဒီသီချင်းလေးနဲ့ ဆို ချစ်သူက ဘယ်လိုအင်အားနဲ့  ရုန်းထွက်နိုင်ပါ့မလဲလေ။

နန်းတော့်ရှေ့ ရဲ့ သီချင်းလေးတွေကတော့ အံ့မခန်း အတွေးအရေးတွေမို့ ခေတ်အဆက်ဆက် ကျော်ကြားဆဲ။ အငြိမ့်သီချင်းလေးတွေက တမျိုးနှစ်သက်စရာ။
ဆရာတင်ရဲ့ အငြိမ့်သီချင်းလေးတွေ ဆိုညည်းမိတိုင်း စိတ်လက်ပေါ့ပါး ရွှင်မြုးသွားတတ်သည်။

“ကျွဲမကြည်အောင်…ဆရာနန်းရှေ့ ရဲ့ တပည့်အရင်းပါအကို…
ကျွန်မကိုခင်ရင်…မမြင်ချင်ပါနဲ့ .မကြည့်ချင်ပါနဲ့ …
ဥပမာပြောမယ်…ကျွန်မပုံကို…
အာပုံသည်လုပ်တဲ့…ကုလားမလေးရဲ့ မကျည်းငုတ်တို…”

အသားညိုကောင်မလေးနေရာမှာ ၀င်ရောက်ပူးဝင်ခံစားထားသည်မှာ ကာယကံရှင်ကိုယ်တိုင် ရေးဖွဲ့ ထားသည့်အတိုင်း။

“အစကတော့ဖြူဖြူ…ညိုသွားပြီ…အခုတော့ညိုသွားပြီ….
ပျိုမှားပါပြီကွယ်…ခေါ်လာမိတယ်….
အင်းယားရေတစည်လောက်တော့…လိုချင်ပါတယ်…၀ယ်ချင်ပါသူ
ရွှေမန်းသူတွေ ရေခေါ်ချိုးမယ်…တမျိုးနော်လှနော်…မိုးပေါ်ကျသူ”

ဒီသီချင်းလေးတွေ ညည်းမိတိုင်း ကျွန်မရောက်နေသည့် အရပ်ဒေသကို မေ့သွားတတ်သည်။ ကျွန်မ ပတ်ဝန်းကျင်မှာလဲ မြန်မာဂီတသံတွေနဲ့  မြန်မာဆန်ချင်တိုင်းဆန်နေတော့သည်။ မျက်လုံးလေးများမှိတ်ပြီးခံစားလိုက်လျှင် ကျူံးကြီးဘေးမှာ ရွှေခြေချင်းနဲ့ လမ်းလျှောက်။ သဌေးဝါဒ သီချင်းလေးဆိုရင်း။ ဒီလို ဆွဲဆောင်တွယ်ငြိစေတတ်တဲ့ နှစ်ဟောင်းသီချင်းလေးတွေကို ကျွန်မ အလွန်အကျွံစွဲလန်းမိတာ ဆန်းသလားရှင်….။

တန်ခူး
28-Jun-2008 11:21PM
(ကျွန်မမှတ်မိသည့်အတိုင်း ချရေးထားခြင်းဖြစ်သောကြောင့် သီချင်းစာသားများမှားယွင်းဖော်ပြမိလျှင် ကျွန်မ၏ပေါ့လျော့မှုကြောင့်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။)

Wednesday, June 25, 2008

ကြာပွင့်သက်သေ



ကျွန်မဟာ ကြာတပွင့် ဆိုရင်
မောင်ဟာ ကျွန်မရပ်တည်ရှင်သန်ရာ
ကန်ရေပြင်အေးအေးလေးပေါ့….။


ကြာပွင့်လေးတပွင့်ရဲ့  ဖြစ်တည်ရာ
ကန်ရေပြင်လေးလို
ကျွန်မရဲ့  ဖြစ်တည်ရာက မောင်ပဲပေါ့ကွယ်…။


ကြာပွင့်လေးရဲ့ အဆင်းရနံ့ က
ကန်ရေပြင်လေးကြောင့်  ပိုသင်းပျံ့ လှပတယ်တဲ့ကွယ်
ဒါဆို ကျွန်မဘ၀ရဲ့ အိပ်မက်ပန်းချီကို
မောင့်ပဲ ဆေးချယ်အသက်သွင်းပေးခဲ့တာပေါ့…။




တခါတခါ ဟိုးမိုးကောင်းကင်ကို မျှော်ကြည့်ရင်း
ကန်ရေပြင်လေးကို မေ့ထားတတ်တဲ့ ကြာပွင့်ဆိုးဆိုးလေးလို
မောင့်ရဲ့  ငြိမ်းချမ်းတဲ့ရောင့်ရဲ့ တင်းတိမ်နိုင်မှုတွေကို
ကျွန်မရဲ့  ပူလောင်တဲ့ ရည်မှန်းချက်တွေက နင်းဖျက်ချေတတ်သေး…။



ကန်ရေပြင်လေးကလွဲရင် ဘယ်အရပ်မှာမှ
ပွင့်လန်းလေ့မရှိတဲ့ ကြာပန်းလေးရဲ့ သစ္စာတရားထက် မလျော့တဲ့
မောင့်ဆီမှာသာ ပျော်ဝင်စီးဆင်းနေတဲ့
ကျွန်မရဲ့ သစ္စာတရားအကြောင်းကို
ကြာပန်းလေးတွေ မေးကြည့်ပါမောင်…။

တန်ခူး
5:45pm 25 Jun 2008


Saturday, June 21, 2008

ဖူးစာ



“ဖူးစာ” က တချို့ တွေအတွက် ပျော်ရွှင်ကျေနပ်စရာကောင်းသလို၊ တချို့ တွေအတွက်တော့ ၀မ်းနည်းကြေကွဲစရာ။ တချို့ တွေအတွက် နှစ်သက်ရယ်မောစရာကောင်းပြီး၊
တချို့ တွေအတွက်က အံ့သြရင်ဖိုစရာ။ “ဖူးစာ”မပါလို့ သိပ်ချစ်ပြီးကွဲခဲ့ကြသလို၊ “ဖူးစာ”ပါလို့  ရှောင်လွှဲမရတာလဲရှိ။ တခါမှ မမြင်မတွေ့ ဖူးပဲ ဒီဖူးစာကြောင့် အရင်းနှီးဆုံးတွေဖြစ်သွားတဲ့ အဖြစ်တွေ…ရင်ခုန်သံတွေနီးစပ် သံယောဇဉ်တွေ အထပ်ထပ် ရစ်ပတ်ပြီးမှ အဝေးဆုံးဝေးသွားရတဲ့ အဖြစ်တွေ…အားလုံးဟာ ဒီမာယာများတဲ့ ဖူးစာကြောင့်ပေါ့။

ဖူးစာဆိုတဲ့ စကားလုံးနဲ့  စတင်ရင်းနှီးခဲ့တာ အထက်တန်းကျောင်းသူဘ၀က။ ဖူးစာရှင်သိနည်းတဲ့။ ညသန်းခေါင် ၁၂နာရီတိတိမှာ ကြက်ဥတလုံးကို ဖောက်ပြီး ကြည့်မှန်မှာ သုတ်လိုက်ရင် ကိုယ့်ဖူးစာရှင်ပေါ်ရောတဲ့။ စိတ်ဝင်စားစရာ အထူးအဆန်းပေမယ့် သရဲကြောက်တတ်တာကြောင့် မစမ်းကြည့်ရဲ။ မတော် ကြောက်စရာပုံကြီးပေါ်လာ အခက်။ စိတ်ကစားတတ်သည့် သူငယ်ချင်းတချို့ က ဘယ်သူပုံပေါ်သည်ဆို လာပြောတော့ ယုံရခက်ခက်။ သူတို့ မြင်ရသည်က သူတို့ သိတဲ့သူတွေချည်း။ တကယ်တော့ စိတ်စွဲလန်းရာတွေ မြင်နေပြီး ဖူးစာအစစ်က ကြိတ်ရယ်နေလိမ့်မည်။

တဣသိုလ်ရောက်တော့ နောက်တနည်းကြားရပြန်တယ်။ ဘယ်သူမှ မသိအောင် ညမအိပ်ခင် ပဲကြီးလှော်ကို အခွံချွတ်ပြီး တိတ်တိတ်လေးစား။ အခွံလေးတွေကို စဣူထဲထည့်ပြီး ခေါင်းအုံးအောက် ထားအိပ်တဲ့။ ဖူးစာရှင်က အိပ်မက်ထဲ ရေလာတိုက်မယ်တဲ့။ စမ်းကြည့်တဲ့ သူငယ်ချင်းက သူကြိတ်ကြွေနေတဲ့ အကိုကြီးကို အိပ်မက်တော့ ၀မ်းသာအားရနဲ့ ။ ရေတိုက်သလားမေးတော့ ရေတွင်းမှာ ရေငင်နေတယ်တဲ့။ သိပ်မကြာဘူး..အဲဒီ အကိုကြီး နောက်တယောက်နဲ့  လက်ထပ်သွားရော။ ဖူးစာ အရူးလုပ်တာလေ။

အီးတီ နာမည်ကြီးလာတော့ အချစ်ဆုံးသူငယ်ချင်းက မေးဖို့ အဖေါ်စပ်တယ်။ အဲဒီတုန်းက ကိုယ့်မှာ ရည်ရွယ်ထားတဲ့သူ မရှိပေမယ့် မစမ်းရဲ။ သူငယ်ချင်းအဒေါ်တုန်းက
သူ့ ချစ်သူနာမည်ကို မလွဲပဲ အီးတီက ချရေးခဲ့တယ်တဲ့။ တော်ကြာ ကိုယ်အရမ်းမုန်းတဲ့ တယောက်ယောက်နာမည်များ ချရေးခဲ့ရင် ဟုတ်တာမဟုတ်တာ အပထား အတော်စိတ်ဆင်းရဲနေရမှာ။ အဲဒီတုန်းက သူငယ်ချင်းထင်သလို သူ့ ကို အသဲအသန် ကြိုက်နေတဲ့ ကောင်လေးနာမည်မရေးပဲ သူနဲ့ အကြာကြီး အဆက်အသွယ် ပြတ်နေတဲ့ ကောင်လေးတယောက် နာမည်ချရေးတော့ အီးတီတော့ လွဲပြီပေါ့။ ခုတော့ အီးတီရေးတဲ့ကောင်လေးနဲ့ တကယ်ကို အိမ်ထောင်ကျနေရော။ ဖူးစာရှင်ကို အီးတီဟောတာလား၊ အီးတီဟောတဲ့သူကိုပဲ ဖူးစာရှင် အဖြစ်ရွေးခဲ့တာလား ။ ကိုယ်တော့ ခုထိေ၀၀ါးတုန်း။

အဲဒီလို ဘယ်နည်းနဲ့ မှ ဖူးစာရှင် သိအောင် မလုပ်ဖြစ်ခဲ့ပေမယ့်  ကိုယ်နဲ့ ဘ၀ တသက်တာလုံး လက်တွဲရမယ့်သူ ဘယ်သူများ ဖြစ်လာမလဲ ဆိုတာတော့ သိချင်ခဲ့သား။ ဘယ်ချောင်က ဘယ်လိုများ ပေါ်လာမလဲ။ ဘယ်အချိန်မှာ ဘယ်လိုပုံနဲ့  ထွက်လာမလဲ။ ကိုယ့်အဖြစ်မှာတော့ ဖူးစာက ရယ်စရာကောင်းစွာ လှည့်စားခဲ့တယ်။ ၁၀ နှစ်လုံးလုံး အနားမှာ ရှိနေခဲ့တဲ့ ဆွေလိုမျိုးလို ရင်းနှီးခဲ့တဲ့ စိတ်မကစားဘူးတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက ဗြုန်းဆို ဖူးစာရှင် အသွင်ပြောင်းခဲ့တော့ ဘာစကားမှ မဆိုနိုင်အောင် အံ့သြမိခဲ့တယ်။

တကယ်လို့ များ အထက်တန်းကျောင်းသူဘ၀မှာ ကြက်ဥသုတ်ထားတဲ့ မှန်ပေါ်
မျက်မှန်ကြီးနဲ့ သူ့ ပုံများပုံလာရင် ဘယ်ကလူကြီးလဲလို့  အတော်ဦးနှောက် စားခဲ့ရမှာ။ တကယ်လို့ များ တဣသိုလ်တုန်းက ပဲကြီးလှော်စားပြီး အိပ်မက်ထဲမှာ သူရေလာတိုက်ရင်
တရေးနိုးပြီး အူတက်အောင်ရယ်နေ မိခဲ့မှာ။ တကယ်လို့ များ အီးတီက သူ့ နာမည်သာ ချရေးခဲ့ရင် ဦးလေးတယောက်လို စိတ်ထဲမှာ အမြဲထားခဲ့သူမို့ (တကယ်တော့ သူက ကျွန်မထက်ပင် ငယ်သေးသည်) ငရဲတွေတော့ ကြီးကုန်တော့မှာပဲလို့  အီးတီကို သံသယ ဖြစ်နေဦးမှာ။ ဖူးစာက ကိုယ့်အတွက်တော့ ရိုးသားသည့် မျက်လှည့်ပြကွက် တခုပင်…။

တန်ခူး
21-Jun-2008 12:30pm

Monday, June 16, 2008

သားနှင့် ထူးဆန်းသော မြန်မာဝေါဟာရများ


မနေ့ က ကျွန်မတို့ လူကြီးတွေအားလုံး ရုပ်ရှင်ကို အာရုံစိုက်နေတော့ သားက
သူ့ ကိုဂရုမစိုက်၍့ TVကို လက်ညှိးထိုးပြီး ထအော်ပါတယ်။ “ဒါပြီးပြီမယ်”တဲ့။
ကျွန်မတို့ အားလုံး သားရဲ့ ထူးဆန်းသော ဝေါဟာရကြောင့်ပြုံးမိကြတယ်။ တကယ်တော့ သားပြောချင်တာ “တော်ပြီ၊ ဒါရပ်လိုက်တော့” ဆိုတာမျိုးပါ။ သားက အဲဒီလို သူပြောချင်သလို
ပြောချတတ်တာမို့  တခါတခါ ငိုအားထက် ရယ်အားသန်ဖြစ်ရပါတယ်။

နဲနဲ အရွယ်လေးရလာတော့ သားက ကျွန်မလို ခေါင်းမာတတ်လာတယ်။ သူ့ အသက်လေး ပုစိနဲ့ ခေါင်းမာပြီး မပြောတတ်ပြောတတ်နဲ့  ဆန့် ကျင်လာတဲ့ အခါ ကြောက်အောင် မျက်နှာထားတင်းနေရပေမယ့် ရင်ထဲမှာတော့ ရယ်ချင်စိတ်က ကလိကလိ။
ကျွန်မက မငိုနဲ့ တိတ်လို့ ဆူရင် မျက်ရည်တွေကျရင်း “ငိုမယ်၊ငိုမယ်” လို့ ထပ်ခါထပ်ခါပြော။ သူ့ အဖေက နှပ်ချေးတွေသုတ်ပေးရင် “နှပ်ချေးပြန်ထည့်မယ်” လို့ ရစ်။ အလိုလိုက်တဲ့ 
သူ့ အဖေက နှပ်ချေးကို ပြန်ထည့်ချင်ဟန်ဆောင်ပေးမှ ကျေနပ်တယ်။

“အိပ်မယ်” ကို “အိပ်ယာဝင်မယ်” လို့ ရှည်ရှည်ဝေးဝေး ပြောတတ်သလို “ရေဗူးသေးသေးလေးနဲ့ ရေသောက်မယ်” ကို “ရေသေးသေးလေးသောက်မယ်”
လို့ ပြောတတ်တယ်။ “ဖေဖေချီ” လို့ ဘယ်တော့မှ မပြောပဲ “ဖေဖေချီမှာပေါ့”
လို့ ပြောလေ့ရှိပါတယ်။ တခါတလေ လူတွေမှာ သုံးရမယ့် အသုံးအနှုန်းတွေကို သူချစ်တဲ့ တိရိစ္ဆာန်တွေမှာ သုံးလေ့ရှိတယ်။ စိတ်တိုနေတဲ့ဆင်ကြီးကို မိုမိုဆင်angry၊ ဂါဝန်လေးနဲ့  ဖားမလေးကို frogညီမလေးလို့  ချစ်စနိုး ခေါ်တတ်သလို pigဖေဖေ၊ pigမေမေ၊ pigသားသားလို့ ဆွေမျိုးတွေ စပ်လို့ စပ်။ အိမ်လာလည်တဲ့ ဧည့်သည်တွေဆို သူ့ စကားတွေ မျက်စိလည်ရော။

သူ့ အဒေါ်က “ပြောစကားနားမထောင်ရင် ဘီးလူးကြီးကိုက်လိမ့်မယ်” လို့ ခြောက်လျှင် “ဘီးလူးကြီးပြောစကားနားထောင်မှာ” လို့ တလွဲပြန်ပြောတတ်သေးတယ်။ “ဖေဖေ့စကားနားထောင်မယ်၊ မေမေ့စကားနားထောင်မယ်” လို့ လွယ်လွယ်မပြောပဲ ဖတ်စာထဲကအတိုင်း “ဖေဖေ့စကားအလေးထား၊ မေမေ့စကားသားလေးစား” လို့  ရှည်ရှည်ဝေးဝေး ပြောရင် သူ့ အဖေက သူ့ ကို “စာအုပ်ကြီး” လို့ နောက်လေ့ရှိတယ်။

သူ့ စကားလုံးတွေ မှန်အောင် အတော်လေး စိတ်ရှည်ရှည် သင်ရပါတယ်။ “မေမေပုံပြောပါ”
လို့ မပြောပဲ “မေမေ စကားပြောမယ်” လို့ ပြောတော့ အဲဒီလိုပြောရင် ပုံမပြောပြဘူးဆိုမှ အမှန်ထွက်ပါတယ်။ တခုခုပေကျံသွားရင် “အခြောက်နဲ့ သုတ်မယ်” တဲ့။ wet tissue စိုစိုဖတ်ဖတ်ကို ငယ်ကတည်းက အတော်မုန်းပါတယ်။ ဘုန်းကြီးကျောင်း ခေါ်သွားရင်လဲ ထူးဆန်းတာတွေ ကြားရတတ်ပါတယ်။ မတ်ရပ်ဗုဒ္ဓဆင်းတုကို “ဗုဒ္ဓမတ်တတ်ရပ်”၊ လျောင်းတော်မူဗုဒ္ဓဆင်းတုကို “ဗုဒ္ဓအိပ်ယာဝင်” လို့ သူနားလည်သလိုခေါ်တတ်တယ်။

အဲဒီလို ဂွတီးဂွကျ မြန်မာဝေါဟာရတွေ သုံးတတ်တဲ့သားက တခါတလေ အံ့သြစရာ ကောင်းလောက်အောင် အချိန်အခါ နေရာဒေသအလိုက် အသုံးအနှုန်းတွေ မှန်နေတတ်ပြန်ရော။ ကျွန်မနဲ့ ကျွန်မခင်ပွန်း အကြောင်းအရာတခုကို အခြေအတင်ငြင်းနေတုန်း computer အာရုံစိုက်နေတဲ့သားက ထအော်ပါတယ်။
“နားငြီးလို့ ” တဲ့။ တခါ သူတို့ ကျောင်းက ကျောင်းသားတွေ group photo ရိုက်တာ ဓာတ်ပုံရလာတော့ ဓာတ်ပုံကြည့်ပြီး “ချစ်စရာလေး၊ချစ်စရာလေး” လို့ ပြုံးပြူံးကြီး ပြောနေတော့ သူ့ အဖေက မင်္သကာတာနဲ့  ချစ်စရာလေးကဘယ်သူလဲလို့ မေးတော့
ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်မလေးကို လက်ညှိးထိုးပြတော့ ကျွန်မတို့ မပြုံးပဲ ၀ါးလုးံကွဲရယ်မိပါတော့တယ်။

တန်ခူး
5:45pm 16-Jun-2008

Friday, June 13, 2008

ပေတံ




ငါနားလည်တာက
ပေတံဆိုတာ
တကမ္ဘာလုံးကလက်ခံထားတဲ့
တိကျတဲ့စံနှုန်းယူနစ်တွေနဲ့ 
ယုံယုံကြည်ကြည်သုံးစွဲကြတဲ့
တိုင်းတာမှုကိရိယာတခု…။


ငါတွေ့ နေရတာက
ပေတံဆိုတာ
လူတဦးချင်းစီကသတ်မှတ်ထားတဲ့
ကွဲပြားတဲ့စံနှုန်းယူနစ်တွေနဲ့ 
ငြင်းခုန်ဆဲဆိုသုံးစွဲကြတဲ့
ပဋိပက္ခကိရိယာတခု…။

တန်ခူး
9:00am 13-Jun-2008

Monday, June 9, 2008

ရေကြည်၊ မြက်နု



ဟိုးငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရင် တမိသားစုလုံး အဖေနဲ့ အမေဇာတိမြို့ လေးကို ပြန်နေကျ။ ဆွေမျိုးနဲနဲသာရှိတဲ့ ရန်ကုန်မှာထက် ဆွေမျိုးတွေပေါလွန်းတဲ့ အညာမြို့ လေးကို ပိုချစ်မိတယ်။ လေသံခပ်လေးလေးနဲ့  အားရပါးရပြောတတ်တဲ့ အညာလေသံကိုမှ နားထောင်လို့  အားရမြဲ။ စောင်းကားချဉ်၊ ဆူးပုတ်ကြီး၊ မကျည်းရွက်နဲ့ သနတ်ရွက်၊ ပုန်းရည်ကြီးနဲ့ လက်ပန်ခေါက်၊ ပဒတ်ကျော်၊ နွားနို့ ခဲချက် စတဲ့ အညာစာတွေကို မြိန်မြိန်စား၊ စက်ဘီးတစီးနဲ့  နေပူထဲလျှောက်လည်၊ ခပ်လှမ်းလှမ်းက တောမှာ ဆွေမျိုးတွေနဲ့  ၀ါဆွတ်၊ပဲဆွတ်၊ တလုံမကျည်းသီးခူးနဲ့ …နွေရာသီကျောင်းပိတ်ရက်က တိုလွန်းတယ်လို့ ခံစား။ အချိန်တန်အိမ်ပြန်ခါနီး ကြားနေကျက တဦးတည်းသောသမီးအမေက အသက်ရလာတဲ့
သူ့ အဖေနဲ့ အမေကို ရန်ကုန်မှာ လာနေဖို့ ခေါ်၊ ကိုယ့်ဇာတိမှာ ခေါင်းချချင်တဲ့ အဖိုးနဲ့ အဖွားက ခေါင်းခါမြဲ။ အဲဒီတုန်းက အဖိုးနဲ့ အဖွားကို လူငယ်ပီပီ အားမလိုအားမရ ဖြစ်ပြီး နားမလည်တတ်ခဲ့။

**************************************

ထွက်လာခါစကတော့ အလွန်ဆုံး ၅ နှစ်ပေါ့။ ခုထိလည်း အနီရောင်စာအုပ်လေးကို သံယောဇဉ်ကြီးစွာ တွယ်ဖက်ရင်း အချိန်တန်ရင်အိမ်ပြန်မှာလို့  ပြောနေဆဲ။ ဘယ်တော့ အချိန်တန်မှာလဲဆိုတဲ့မေးခွန်းကတော…့။ ငယ်တုန်းက နွေရာသီကျောင်းပိတ်ရင် အညာပြန်သလို ရက်ရှည်ခွင့်ရရင် အိမ်ပြန်။ အဖေအမေ့ရင်ခွင်မှာ ခဏခလေးပြန်လုပ်။ ဘ၀အမောတွေ မေ့ချင်ဟန်ဆောင်လို့ ။ မြေးနဲ့ ပျော်နေတဲ့ အဖေကို့ တွေ့ တော့ ခွင့်ကုန်ခါနီးလေ ငိုချင်လေ။ အဲဒီအခါတိုင်း အဖေတယောက်လို သံယောဇဉ်ကြီးရတဲ့ ဆရာကြီး စကားကို ပြန်ကြားယောင်ပြီး နောင်တတချို့ နဲ့ ။ မိဘတွေကို လုပ်ကျွေူးချင်လို့  ဆရာမ မလုပ်ဖြစ်ပဲ နိုင်ငံခြားသွားမယ့် ကိုယ့်ကို ဆရာကြီးက ပြောခဲ့တယ်။ ပိုက်ဆံရှာပေးတာကပဲ လုပ်ကျွေူးတာမဟုတ် မိဘပျော်ရွှင်အောင်ထားပြီး၊ခြေဆုပ်လက်နယ် ပြုစုခြင်းကလဲ လုပ်ကျွေးရာ ရောက်သည်တဲ့။ ပြန်ခါနီးတိုင်း အဖေသိနေလျှက်နှင့် ကွာဟချက်တချို့ ထောက်ပြပြီး ကိုယ်မပျော်သည့်အရပ်ကို အဖေကိုခေါ်မိပြန်။ ဒီတခါတော့ ကိုယ့်တိုင်းပြည်ကို သံယောဇဉ်ကြီးသည့် အဖေ့ကို အားမလိုအားမရ မဖြစ်မိတော့။ တွန်းအားလဲ မပေးမိတော့။

**************************************

သားလေးကရော ဘယ်အရပ်မှာ ပျော်မှာလဲ။ သူအရမ်းကံကောင်းခဲ့ရင်တော့
တော်ရာနဲ့ ပျော်ရာ တထပ်ထဲကျမပေါ့။ ကိုယ်ကရော သူပျော်သည့် အရပ်မှာ ပျော်မည်လော။ အသက်တွေကြီးလာတာနဲ့ အမျှ ကိုယ့်ရေ၊ ကိုယ့်မြေ မဟုတ်တဲ့ အရပ်မှာ မနေချင်။ တတ်နိုင်ရင်တော့ မိဘတွေရယ်၊ သားရယ်…ပြီးတော့ ကိုယ်ကိုယ်တိုင်ရယ် အားလုံးပျော်တဲ့ အရပ်လေး တော်စေချင်တယ်။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ… ဖြစ်သင့်တာ၊မဖြစ်သင့်တာတွေ…ဖြစ်ချင်တာ၊မဖြစ်ချင်တာတွေနဲ့  လုံးလည်လိုက်ပြီး မပြတ်သားတဲ့ ဝေေ၀၀ါးဝါး ကိုယ့်လို ဘ၀မျိုးတော့ သားလေးကို မရစေချင်။ ဒီလိုနဲ့ ပဲ သဘာဝတရားဆိုတာကြီးကို ပုံချပြီး သတ္တိနဲစွာ ထွက်ပေါက်ယူရမြဲ…….။

တန်ခူး
09-Jun-2008 2:08pm

Wednesday, June 4, 2008

ကျွန်မ သို့ မဟုတ် ပြည်သူ ချစ်သော မင်းသား

ဆယ်ကျော်သက် အရွယ်တုန်းက သူကအိပ်မက်ထဲမှာ စိုးမိုးသူ။ နူးညံ့တဲ့ အကြည့်လေးတချက်၊ နှုတ်ခမ်းလေးရွဲ့ ပြုံးတတ်တဲ့ အပြုံးလေးတခု၊ တခါတခါမပီတဲ့ စကားသံလေးတွေနဲ့  ဆွဲဆောင်မှုရှိလှတဲ့ မင်းသားမို့ ကျွန်မတို့ ခေတ်မှာ အတော်ရေပန်းစားခဲ့သူ။ အထက်တန်းကျောင်းသူဘ၀ကတည်းက ကျွန်မသူငယ်ချင်းတော်တော်များများမှာ သူ့ ဓာတ်ပုံရှိကြသည်။ တချို့ ကသူ့ ဓာတ်ပုံရှေ့ ချပြီး စာကျက်မှခေါင်းထဲရောက်သည်တဲ့။ RITတုန်းက ကျွန်မသူငယ်ချင်းကတော့ သဇင်ဆောင်နား သူရုပ်ရှင်လာရိုက်တာ သွားကြည့်ပြီး ၃ရက်လောက် စာကျက်မရအောင် ရင်ခုန်နေခဲ့သည်တဲ့။

ကျွန်မကတော့ သူ့ ရုပ်ရှင်တော်တော်များများကို အိမ်မှလစ်၊ ကျောင်းမှလစ်ပြီး မလွတ်တမ်း အားပေးခဲ့သူ။ နာမည်ပျက်ရှိခဲ့ဖူးသော ကောင်မလေးကိုချစ်တာကတဘက် ပတ်ဝန်းကျင်ကတဘက် ဗျာများရသော အင်ဂျင်နီယာပေါက်စလေးအဖြစ် သရုပ်ဆောင်ခဲ့သော “အစဉ်သဖြင့်”၊ တအိမ်ထဲနေကောင်မလေးနဲ့  တကျက်ကျက်ရန်ဖြစ် ခပ်မြူးမြူး သရုပ်ဆောင်ခဲ့သော “မုန်းရခက်ကြီး” ၊ ပကာသနတွေကြားထဲက ချစ်သူကို ဆွဲခေါ်ထုတ်လာခဲ့သော ဂီတပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့သော “အရိုင်းစံပယ်”၊ တဘက်သတ်ချစ်သူနဲ့  ကိုယ့်ချစ်သူကြား ဗျာများရသော “ကိုကိုဘာလို့ မုန်းတာလဲ” ၊ မမကို အချစ်ကြီးလွန်းတဲ့ကောင်လေး အဖြစ် သရုပ်ဆောင်ခဲ့သော “ကောင်းချစ်တဲ့မမ”…..ဒီကားတွေအားလုံးက ဒီနေ့ ထက်ထိ နှလုံးသားမှာ စွဲထင်ဆဲ။ ဘယ်မင်းသားကို အကြိုက်ဆုံးလဲလို့  တစုံတယောက်က မေးလာခဲ့ရင် “ကျော်သူ”လို့  မဆိုင်းမတွပြောတတ်သည်။

ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သောသူ့ မှာ လူကြီး၊ လူငယ် အရွယ်စုံ ပရိသတ်ရှိသည်။ သံယောဇဉ်ကြီးလှတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ရင်နင့်ဖွယ် မူးယစ်ပညာပေးကား”ဒိုး”ထဲက မျှော်ခဲ့ရတဲ့ အကယ်ဒမီက “တပြည်သူမရွှေထား”ကျမှ မျှော်ရကျိုးနပ်တော့သည်။ American Idolလိုသာ ပရိသတ် ကိုယ်တိုင်ရွေးချယ်ခွင့် ရသော အကယ်ဒမီဆိုလျှင် သူ့ မှာထားစရာနေရာပင် မရှိလောက်အောင် အကယ်ဒမီတွေ တပွေ့ တပိုက်ဖြစ်မှာ သေချာသည်။ ဒါရိုက်တာဆရာကြီးဦးသုခရိုက်ကူး၍ မင်းသားကြီးဇော်လင်း၏သားနေရာက သရုပ်ဆောင်ခဲ့သော ရုပ်မြင်သံကြားဇာတ်လမ်းမှာ ကြည့်မိတိုင်း မျက်ရည်လည်အောင် ပီပြင်လွန်းလှသည်။

သူသည် ဆရာကောင်းကို ဆည်းကပ်ခဲ့သည်။ ဆရာကောင်းစကားကို မြေ၀ယ်မကျ နာယူခဲ့သည်။ ဆရာကောင်း၏ လမ်းညွှန်မှုအတိုင်း ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့သည်။ ကျွန်မ သံယောဇဉ်ကြီးနှစ်သက်ခဲ့သောမင်းသား၏ မြင့်မြတ်သော ပေးဆပ်မှုတွေက အံ့သြစရာကောင်းအောင် ကြီးမြတ်ခဲ့သည်။ သူ့ ပရိသတ်တယောက်အနေနှင့် သူ့ အနုပညာသက်သက်သာ ချစ်မြတ်နိုးခဲ့ပြီး သူ့ ဆီကဘာကိုမှ မမျှော်ကိုးမိခဲ့။ မျက်ဝါးထင်ထင် မြင်တွေ့ ရသောအခါ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားမိသည်။ မျက်ရည်ရစ်ဝဲရသည်ထိ ကြည်နူးမိသည်။

တော်ရုံလူ မပေးဆပ်ရဲသော ပေးဆပ်မှုတွေ။ ကျပ်တည်းနေသောခေတ်ကြီးမှာ အခမဲ့ ဆေးခန်း၊ အခမဲ့ဆေးရုံ၊ အခမဲ့နာရေးကူညီမှု။ သူက ငွေကြေးသန်းပေါင်းများစွာ မချမ်းသာပါ။ စေတနာကတော့  သန်းပေါင်းများစွာမက။ သူ အခေါင်းကိုယ်တိုင်ရိုက်လျှင် နာရေးကားကိုယ်တိုင် မောင်းဖို့ အဆင်သင့်ဖြစ်နေသည့် တွဲလက်ညီသောဇနီးချောရှိသည်။ သူက ဒုက္ခသည်တွေဆီ အခက်အခဲများစွာ ကျော်ဖြတ်သွားရောက် ကူညီချိန်မှာ သူ့ ဇနီးကလဲ တဖ၀ါးမခွာ။ ပေါ်ပြူလာဖြစ်ဖို့ သက်သက် အပေါ်ယံလေးနှမ်းဖြူးတတ်သော တချို့ မင်းသား၊မင်းသမီးတွေနဲ့ တော့ မိုးနဲ့ မြေ။

တကယ်တော့ သူက ဘ၀ အဓိပ္ပါယ်စစ်စစ်ကို ရှာဖွေတွေ့ ရှိသွားသူ။ ရခဲလှတဲ့လူ့ ဘ၀ကို လေးလေးနက်နက် အသုံးချတတ်သူ။ လှပမြင့်မြတ်တဲ့ သူ့ သမိုင်းကို သူကိုယ်တိုင် ရေးဖွဲ့ တတ်သူ။ ယုံကြည်ရာကို ရဲရဲရင့်ရင့်လျှောက်လှမ်းတတ်သူ။ ကျွန်မဆယ်ကျော်သက် အရွယ်ထဲက စွဲလန်းခဲ့ရတဲ့သူ၊ ခုချိန်မှာ ကျွန်မလေးစားကြည်ညိုရတဲ့ သူရဲကောင်းတယောက်သူရဲ့  ကြီးမြတ်တဲ့ မေတ္တာ၊ စေတနာတွေကို ဒီpostလေးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။

တန်ခူး
3:21pm 04-Jun-2008