Monday, February 25, 2008

သဟဇာတ

သူရှင်းပြသည့်အခါတိုင်း ခြေထောက်ဖြင့် ညွှန်ပြသည်။ သူတို့နိုင်ငံ ယဉ်ကျေးမှူအရ ဒါကိုရိုင်းပြသည့် အမူအရာဟုတ်ပုံမရ။ ရည်ရွယ်ချက်နဲ့ ရိုင်းတာမဟုတ်ပေမယ့် ကိုယ့်မျက်စိထဲမှာတော့ ကန့်လန့်။ ကိုယ်က သူထက်ငယ်လို့ သိပ်ကြည့်ရ မဆိုးပေမယ့် သူထက်ကြီးသူတွေကို ခြေထောက်ဖြင့် ညွှန်ပြတာတော့ ဘယ်လိုမှ အမြင်မတော်။ ပြီးတော့ ဒါက ကိုယ့်နိုင်ငံမှာ။ ရောမ ရောက်လျုင် ရောမ လိုတော့ ကျင့်သင့်သည်။ ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့အဆုံး "ကျေးဇူးပြုပြီး မင်းလက်တွေကိုသုံးပြီး ညွှန်ပြပေးပါ၊ ခြေထောက်ဖြင့် ညွှန်ပြတဲ့ အမူအရာက ဒီနိုင်ငံမှာ ရိုင်းတယ်" ။ သူ့မျက်နှာနီရဲသွားတော့မှ အားနာသွားမိသည်။ သူက ကိုယ်တို့ရဲ့အင်ဂျင်နီယာချုပ်ဆိုတော့ ရှက်သွားပုံရသည်။ ထိုနေ့မှစ၍ လက်ဖြင့်သာ ညွှန်ပြတော့သော သူ့ကို အခုထိ မှတ်မိကျေးဇူးတင်နေမိသည်။

++++++++++
ကွန်ပြူတာမှာ အာရုံစိုက်နေရင်း ကိုယ့်ဂုတ်ကို တစုံတယောက်က တို့လိုက်တော့ လန့်ပြီးနောက်လှည့်ကြည့်မိသည်။ နာမည်ခေါ်လျှင်ရပါလျှက် ဒီလိုလက်ပါတတ်သူတွေကို နဲနဲမှ သည်းမခံနိုင်။ ဒေါသတကြီးပြန်ကြည့်မိသူက ဒီဌာနရဲ့ အကြီးဆုံး။ ဘာကိစ္စလဲလို့မေးလိုက်ပေမယ့် မျက်နှာက ဘယ်လိုမှ ဟန်ဆောင်မရ။ ထုံးစံအတိုင်း ရင်ထဲက စကားလုံးတွေ ထွက်ကျကုန်သည်။ "ကျွန်မကိုနောက်တခါ စကားပြောရင် လက်မပါပါနဲ့"။ အလုပ်ပြုတ်လဲ ပြုတ်စေတော့။ တခါတလေ အစည်းအဝေးခန်းမှာ နံဘေးက မိန်းခလေးပခုံးကို ဖက်ပြီးဆွေးနွေးတတ်သည့် သူ့အကျင့်ကြောင့် ဘယ်လိုမှ လေးစားလို့မရ။ ပွင့်လင်းဖော်ရွေမှူနှင့် လက်ရဲဇက်ရဲရှိမှူက ရောချလို့မရအောင် အဓိပ္ပါယ် အတော်ကွာပါသည်။ အဲဒီကစလို့ ကိုယ့်ကို လက်မပါရဲတော့။ ဒါပေမယ့်လာဘ်စားမှူဖြင့် သူပြုတ်သွားသောအခါမှ ကြောလုံစွာ အလုပ်လုပ်လို့ရခဲ့သည်။

++++++++++
ဆံပင်ပုံအသစ်နဲ့ အထက်အရာရှိကိုတွေ့တော့ ဘာပြောရမှန်းမသိ။ တွန့်လိမ်ဆံပင်တွေကို တယုတယကိုင်ရင်း ကိုယ့်ဆီက စကားတခွန်း မျှော်လင့်နေပုံရသည်။ မတတ်သာသည့်အဆုံး "ဆံပင်တွေကောက်လိုက်တယ်နော်"ဟု အသိအမှတ်ပြု သဘောမေးလိုက်သည်။ "နုသွားတယ်" (သို့) "ပိုလှလာတယ်" စသဖြင့် နောက်ဆက်တွဲလေး ပါသင့်သော်လည်း အရင်က ဆံပင်စင်းစင်းလေးကသာ သူနဲ့လိုက်ဘက်တာမို့ ကိုယ့်နှူတ်တွေခပ်လေးလေး။ မျှော်လင့်ထားသည့် စကားတခွန်း မဟုတ်တော့ သူ့မျက်နှာ အီလည်လည်နှင့် "ဟုတ်တယ်၊ ဒေါ်လာ၂၀၀ တောင်ပေးရတယ်" လို့ဖြေသည်။ နဲတဲ့ပိုက်ဆံမဟုတ်။ တခုခုတော့ ဆက်ပြောသင့်တယ်လို့ စဉ်းစားတုန်း ကယ်တင်ရှင်တွေ ရောက်လာကြသည်။ "ဟယ်...လှလိုက်တာ" "အဲဒီအကောက်လေးတွေ ခုခေတ်စားနေတာ" "အရောင်လေးကမင်းနဲ့လိုက်မှလိုက်"။ အရာရှိမျက်နှာ လမင်းကြီးလို ဝင်းပသွားသည်။ လိုချင်မှန်းသိလျက်နဲ့ မပေးမိတာ အစစ်အမှန် မဟုတ်လို့ပါလို့ တယောက်ထဲ ကြိတ်ပြောမိ သည်။ သွေးအေးသွားမှ ဒေါ်လာ၂၀၀ ကုန်စရာမလိုပဲ နဂိုအဆင်ပြေနေသည့် အကြောင်းပြောမယ်လေ။ ခင်ပွန်းသိရင်တော့ စကားလေးတခွန်းတောင် ဆိုဖို့ ခေါင်းမာသူက ဘယ်လိုလုပ် အရာရှိအချစ်တော် ဖြစ်မလဲဟု ဝေဖန်လိမ့်မည်။
++++++++++
တခါတလေကျတော့ ခံစားမှူတွေ ပြင်းထန်လာတဲ့အခါ အားစိုက်စရာမလို စကားလုံးတွေ ပြိုဆင်းလာတတ်သည်။
တခါတလေကျတော့ ပြောသင့်တဲ့စကားလုံးတွေက လက်တွေ့နဲ့ကွဲလွဲနေတဲ့အခါ ကိုယ့်နှုတ်တွေ ဆွံ့အသွားတတ်ပြန်သည်။



တန်ခူး
5:46pm 25 Jan 2008


Monday, February 18, 2008

မိုးခါးရေ



ဒီပန်းချီကားရှေ့မှာ ကျုပ်ရပ်နေတာ တော်တော်ကြာခဲ့ပြီ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားထဲမှာ တစုံတရာကို တွေ့နိုးနိုးနဲ့ ရှာဖွေနေမိဆဲ။ တခုခုကတော့ သေချာစွာမှားယွင်း နေခဲ့ပြီ။ နံဘေးမှာကျုပ်နဲ့အတူ ဒီပန်းချီကားကိုကြည့်နေတဲ့သူဆီ မေးခွန်းတွေပြိုကျမယ့်ဆဲဆဲ။
"အခုလာနေတာ ဒီပန်းချီကားရဲ့ ပန်းချီဆရာပေါ့"
ဟန်ကျလိုက်တာ။ ကျုပ်ရင်ထဲ အတော်ကသိကအောက်နိုင်လှလွန်းလို့ အန်ချချင်တဲ့ မေးခွန်းတွေကို အတိအကျဆုံးဖြေနိုင်မယ့်သူက အခုလာနေတဲ့ ပန်းချီဆရာကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမလဲ။ သူအနားရောက်လာတဲ့အခါ ကျုပ်ရှေ့အရင် နံဘေးကလူရဲ့စကားကြောင့် ကျုပ်နှုတ်တွေဆွံ့အသွားတယ်။
"ကွန်ကရက်ကျုလေးရှင်းဆရာ...အတော်ကိုလက်ရာမြောက်ပါတယ်...ပန်းချီကားနာမည်နဲ့လဲ အလွန်လိုက်ဘက်ပါတယ်"
ကျုပ်ကပဲ လွဲချော်နေခဲ့တာလား။ ကျုပ်အစာမကြေတာက အဲဒီပန်းချီကားနာမည်ပါ။ မဲမဲမှောင်မှောင်နဲ့ အဖြူရောင်ဆေးတစက်တောင် စွန်းထင်းမနေတဲ့ ဒီပန်းချီကားနာမည်က "အဖြူရောင်" တဲ့။ ကျုပ်မမှားဘူးဆိုရင် ဒါပန်းချီဆရာရဲ့ လွဲချော်မှုပဲ။ ကျုပ်ဘာမှပြင်ဆင်ချိန် မရခင် လူတော်တော်များများ ဒီပန်းချီကားနား ရောက်လာကြတယ်။ ထူးဆန်းတာက ကျုပ်နံဘေးကလူရဲ့စကားနဲ့ ခပ်ဆင်ဆင်တူတဲ့ ချီးမွမ်းစကားတွေ။ ပန်းချီဆရာကတော့ ချီးမွမ်းသံတွေကြားက သံသယမျက်လုံးတွေနဲ့ ကျုပ်ကို သတိမထားမိရှာဘူး။ ကျုပ်ဘယ်လိုမှ နေမရတဲ့အဆုံး ချောင်းတချက်ဟန့်လိုက်တော့ အားလုံးရဲ့မျက်လုံးတွေ ကျုပ်အပေါ်ပုံကျလာတယ်။ ကျုပ်က ပန်းချီဆရာကိုပဲ တည့်တည့်ကြည့်ပြီး အသိချင်ဆုံးမေးခွန်းကို မေးလိုက်တယ်။
"ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီပန်းချီကားကို ဒီနာမည်ပေးထားတာ ရည်ရွယ်ချက်နဲ့လား ဒါမှမဟုတ် မှားယွင်းမှုတခုလား"
မေးခွန်းအဆုံးမှာ ပန်းချီဆရာခဏငြီမ်သက်သွားတယ်။ ပြီးတော့ ကျုပ်ကိုကြည့်ပြီး ရယ်တယ်။ အနားမှာရှိတဲ့ လူတွေအားလုံးကလဲ ဝိုင်းရယ်ကြတာ ရယ်သံတွေက ပန်းချီပြခန်းတခုလုံး ဖုံးလွှမ်းသွားတယ်။ ကြည့်စမ်း။ ဒါဟာ ဘယ်လောက် ခံပြင်းစရာကောင်းတဲ့ အပြုအမူလဲ။ ပန်းချီဆရာဟာ ကျုပ်လုံးဝမျှော်လင့်မထားတဲ့ အဖြေစကားနဲ့ ကျုပ်ကို မတရား အနိုင်ယူဖို့ ကြိုးစားခဲ့တယ်။
"ဒီလောက် ဖြူဖွေးသန့်စင်နေတဲ့ ပန်းချီကားကို မဲမှောင်နေတယ်လို့ မြင်ရတာ ခင်ဗျားရဲ့ ခပ်စုတ်စုတ်နေကာမျက်မှန်တလက်ကြောင့် ဖြစ်မှာပေါ့"
ကျုပ်မျက်လုံးတွေကို ယောင်ယမ်းပြီး စမ်းကြည့်မိတယ်။ မွေးကတည်းက နေကာမျက်မှန်တွေမုန်းတတ်တဲ့ ကျုပ်အကြောင်းကိုတော့ ပန်းချီဆရာကို ပြန်ပြောချင်စိတ်မရှိတော့တာကြောင့် အဲဒီခန်းမထဲက ခပ်သွက်သွက် ထွက်ခဲ့တော့တယ်။




တန်ခူး
3:44PM 18-Feb-2008

Thursday, February 14, 2008

မောင်နားဆင်ဖို့


မောင်မြတ်နိုးမယ့်လက်ဆောင်လေးတခုပေးပါရစေ...။
တဆိတ်...မျက်လုံးလေးခဏမှိတ်လိုက်ပါကွယ်။ ငြီးငွေ့စရာ အချိန်ဇယားတွေခဏလွှင့်ပစ်ခဲ့လိုက်နော်...နို့မို့ဘဝဆိုတာဘယ်နေပျော်စရာကောင်းတော့လို့လဲ။
လွတ်မြောက်ခြင်းအရသာအပြည့်အဝခံစားစို့...။ နှလုံးသားတွေမူးမိုက်ရီဝေစမ်းပါစေ..လိုက်ပါစီးမျောလိုက်ပါလေ။ နုနယ်ပျိုမျစ်ခြင်းတွေငှားရမ်းလို့ အသဲနွေးနွေးစကားတွေ တိုးတိုးညင်သာစွာ ဆိုကြည့်ရအောင်...။ ကိုယ့်ရဲ့ဖြစ်တည်ခြင်း...ကိုယ့်ရဲ့မျှော်လင့်ခြင်း...ကိုယ့်ရဲ့ရှင်သန်ခြင်း...ပြီးတော့ကိုယ့်ရဲ့ပြီးပြည့်စုံခြင်း။ ချစ်ခြင်းကလောကကြီးကိုအလှဆင်နေပြီကွယ်...။ စမ်းချောင်းလေးတွေတေးဆိုနေကြပြီ...ပန်းလေးတွေမြူးတူးကခုန်လို့...ဟိုးအဝေးကသက်တန့်လေးဆီငှက်မောင်နှံအတူပျံသန်းရင်း...။ လေညှင်းလေးကမောင့်ဆံနွယ်တွေဆော့ကစားသွားတဲ့အခါ...ဒါဟာကဗျာတပုဒ်ပေါ့။ သီချင်းလေးတွေချစ်တတ်တဲ့မောင်နားဆင်ဖို့...လက်ဆောင်လေးတပုဒ် ပါ...မဆုံးတဲ့ဒီသီချင်းလေးရဲ့သံစဉ်ချိုချိုတွေကိုထွေးပိုက်လိုက်ပါမောင်...။

*ရင်မှာ ကြင်နာမြဲကွယ် အစဉ်သာ ဆိုနေဦးမယ်
အကြင်နာ ကိုယ့်သီချင်းရယ် ရင်မှာမင်းလေးအတွက်ပါ
*တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင်
အမုန်းများဝေးသွား
ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ်
ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား
ဆိုနေမယ်အချစ်သီချင်းလေး
*ဟိုမှာတိမ်ပြာတွေ မျောလွင့်နေတယ်
နှလုံးသားထဲမှာ သက်တန့်ကြီးလားကွယ်
လှတဲ့သီချင်းတွေလဲ လေပြေဆောင်ယူပါအချစ်ရဲ့ရင်ထဲ
နွေးထွေးသွားအောင်ကွယ် ပန်းရနံ့မွှေးမွှေးရယ် မဆုံးတဲ့သီချင်းပါပဲ
*ဟိုမှာရေပြင်ပေါ်လှိုင်းလေးတွေလဲ ပြေးဆော့လို့ရယ်
စမ်းချောင်းလေးလားကွယ် တို့နှစ်ယောက်ရဲ့ကမ္ဘာထဲ
သာယာကြည်လင်စွာ စီးဆင်းနေဆဲ ငြိမ်းချမ်းသွားတယ်
ချစ်သူ့သီချင်းများရယ် မဆုံးတမ်းဆက်ဆိုမယ်
*ပန်းပွင့်လေးနဲ့ လိပ်ပြာ မခွဲတမ်းတို့ကချစ်မှာ
သီချင်းလေးများမဆုံးတော့ပါ
မမုန်းတမ်းပေါ့ တို့နှစ်ယောက် ထာဝစဉ်အကြင်နာ
ပေးဆပ်ဖို့အသင့်ရှိနေတယ် ရင်မှာ မင်းလေးအတွက်ပါ

တန်ခူး
5:31pm 14-Feb-2008(ချစ်သူများနေ့)
(သီချင်းလေးတွေချစ်တဲ့၊ထူးအိမ်သင်အရမ်းကြိုက်တဲ့ မောင့်အတွက် ချစ်သူများနေ့အမှတ်တရ)

Tuesday, February 12, 2008

ဗမာ့သား

သားရေ...
သူစိမ်းတွေအလယ်
ချက်ကြွေခဲ့ပေမယ့်
မင်းဇာတိအမှန်
ဒီနိုင်ငံမဟုတ်
မင်းသွေးအစစ
ဒီတိုင်းဖြစ်မဟုတ
မိဘဘိုးဘွား
မြန်ပြည်သားတွေမို့
အခြေအနေမပေး
ခဏလေးဝေးနေရလဲ
မင်းဟာဗမာ
ဗမာဆိုတာမင်းပဲ
တို့စကား၊တို့စာ
တို့လူမျိုး၊တို့ဘာသာ
ထိန်းသိမ်းဖို့မှာ
မွေးရာပါဝန်တာလို့
ဘယ်နေရာ၊ဘယ်ဘဝရောက်ရောက်
မမေ့ရအောင်
အမေ ထပ်ထပ်ပြောပြမယ
ဒါအိပ်ရာဝင်ပုံပြင်မဟုတ်ဘူး...။

တန်ခူး
10:32PM 12-Feb-2008 (ပြည်ထောင်စုနေ့)

Sunday, February 10, 2008

အလင်းတစ

ဒီနေရာလေးရဲ့ကောင်းသတင်းကို လူတော်တော်များများဆီက ကြားဖူးခဲ့ပါတယ်။ သွားမယ်သွားမယ်လို့ အားခဲပြီး တခါမှမရောက်ဖြစ်ခဲ့ပါဘူး။ တကယ်ရောက်ဖြစ်သွားတဲ့အခါ အရောက်နောက်ကျခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ ဒီနေရာလေးက မကျယ်ဝန်းပါဘူး။ ဒါပေမယ့် သူကပေးတဲ့ ဗဟုသုတက အကန့်အသတ်မဲ့။ ဒီနေရာလေးက မခန်းနားပါဘူး။ ဒါပေမယ့် မြင့်မြတ်တဲ့စိတ်ဓါတ်ရှိသူတို့ပေးဆပ်ရာ။ ဒီနေရာလေးမှာ အသက်အရွယ်စုံ၊ လူတန်းစားမျိုးစုံတို့နဲ့ စည်ကားလို့နေတယ်။ ဒီနေရာလေးက အခြားမဟုတ်။ ဒီလိုနိုင်ငံရပ်ခြားမှာ တွေ့ရခဲတဲ့ မြန်မာစာကြည့်တိုက်လေးပါ။ မြန်မာစာပေကို တန်ဖိုးထားတဲ့၊ မြန်မာပြည်ကိုချစ်မြတ်နိုးတဲ့ လူငယ်လေးတွေစုပေါင်း ထူထောင်ထားကြတာပါ။ စာရေးဆရာတော်တော်များများရဲ့ စာအုပ်ကောင်းတွေက လူငယ်လေးတွေရဲ့ကြိုးပမ်းအားထုတ်မှူသက်သေပင်။ လေးစားစရာ၊ကျေးဇူးတင်စရာ။ နံရံပေါ်မှာ စာရေးဆရာကြီးတချို့ရဲ့ ရှားပါးပုံတချို့။ ပြီးတော့ သူတို့စံထားတဲ့ သူတို့ရဲ့သူရဲကောင်းပုံတချို့။ စာကြည့်တိုက်ကလေးအတွက် ကဗျာတပုဒ်။ စာကြည့်တိုက်ကလေးနာမည်က အားလုံးအတွက် အလင်းတစ။ စိတ်ကြိုက်စာအုပ်ရွေးချယ်ပြီးငှားတော့ ဖော်ရွေတဲ့အပြုံးလေးတွေနဲ့ လုပ်အားပေးနေသော လူငယ်လေးတွေ။ အလုပ်ချိန်များသော ဒီနိုင်ငံမှာ ရသမျှအချိန်လေးကို အနားမယူကြ။ သူတို့ရဲ့မျက်လုံးတွေမှာ သူတို့ရဲ့ယုံကြည်ချက်နဲ့ရဲရင့်သောစိတ်ဓါတ်လေးတွေ အထင်းသားတွေ့ရသည်။ တယောက်နဲ့တယောက်ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်စည်းစည်းလုံးလုံး။ အဲဒီစေတနာရနံ့လေးတွေထုံသင်းသော နေရာလေးမှပြန်လာတော့ နွေးထွေးသောအပြုံးလေးများက မျက်လုံးထဲကမထွက်။ ဒီနေရာလေးနဲ့ဒီလူငယ်လေးတွေက ပနံရလိုက်ဖက်ညီလှတယ်။ သေချာတာတော့ ဒီနေရာလေးဆီ မကြာမကြာရောက်ဖြစ်တော့မှာပဲ။

တန်ခူး
09-Feb-2008 12:52AM

Tuesday, February 5, 2008

စွယ်တော်ဝေးဝေး


အဲဒီနေ့က စွယ်တော်တွေ ချုံးပွဲချငိုကြတယ်။ ဆောက်တည်ရာမရတော့ ခြေလှမ်းတွေက ဦးတည်ရာမဲ့။ အားလုံးရဲ့မျက်ဝန်းတွေက လွမ်းရိပ်သန်းလို့။ တိုင်လုံးကြီးတွေကိုဖက်ပြီး ပက်ပက်စက်စက်ငိုနေတဲ့ အတန်းထဲကကောင်လေးကိုတွေ့တော့ ခါတိုင်းလို မပြုံးဖြစ်။ ကိုယ်ကိုယ်တိုင်က မျက်ရည်ဝဲ။ ကြွေကျလာတဲ့ စကားပန်းဖြူဖြူလေးတွေ တမြတ်တနိုးကောက်နေမိတော့ နှစ်ငယ်တန်းကကျောင်းသူတချို့ နားမလည်သလို ငေးသွားကြတယ်။ ကားပတ်ကင်မှာတော့ အဖြေမရမက တောင်းခံနေရပုံရတဲ့ ကောင်မလေး။ အရူးအမူးစွဲလန်းနေတဲ့ မျက်ဝန်းတစုံအောက်မှာ ရှက်သွေးတွေဖြာလို့။ လေနုအေးကနော့တော့ ကိုယ်ဆံပင်ရှည်တွေက ခပ်လှမ်းလှမ်းက မြက်ရိုင်းတွေနဲ့အပြိုင် အထိန်းအကွပ်မဲ့။ ခရေပန်းရနံ့လေးကသင်းပျံ့ပျံ့။ ခရေပင်လေးတွေ စီစီရီရီနဲ့ ချစ်သူလမ်းကြားလေးမှာ တွဲလက်တွေ။ ဘဝထဲဝင်ဖို့ အားယူနေကြရဲ့။ ချိုင့်ဝှမ်းလေးထဲက စာသင်ဆောင်တွေမှာ ပထမနှစ်က ခြေရာတွေရှာဖွေမိသေး။ တီပေတံတကားကား၊ ပုံဆွဲစက္ကူလိပ်ကို့ရို့ကားယားနဲ့ ဆံပင်တိုတိုကောင်မလေးတယောက်ပုံရိပ်က မပြတ်မသား။ စွယ်တော်တွေက အဲဒီနားတဝိုက်မှာ အဖော်အသင်းနဲ့။ ဟိုးကမိုးပျံတံတားပေါ်မှာ ချော်လဲခဲ့တုန်းက ဝိုင်းလက်ခုပ်တီးခဲ့တဲ့ အစုတ်ပလုတ်တွေကို ခုတော့လွမ်းချင်ချင်။ မကြာသေးခင်ကမှ လောလောလတ်လတ် မေတ္တာမျှသွားတဲ့ ဆရာနဲ့ဆရာမကို တွေ့တော့အားကျမိသလိုလို။ ဒီအရိပ်အောက်က သူတို့ဘဝက ငြိမ်းချမ်းပါဘိ။ ကိုယ့်အတွက်တော့ အနာဂတ်လမ်းက ဝေဝေဝါးဝါး။ လက်ခုပ်သံတချို့ကြောင့် ငေးကြည့်မိတော့ မေဂျာမတူ၊ နှစ်တူတဲ့ကျောင်းသားတယောက် သြဘာလမ်းမှာ အမှတ်တရခြေရာတွေ ခြွေချ။ Lဆောင်တွေရှေ့က လှေကားထစ်တွေမှာ ခဏမှီငေး။ စိန်ပန်းပင်တွေက ကနွဲ့ကလျနဲ့။ ဆင်းရဲသားဂိတ်ကလေးက စည်စည်ကားကား။ ငုဝါပင်ကလေးတွေက ထီးမပါ။ ABCD ညီအကိုတွေက ညနေမစောင်းခင် မူးနေကြပြီ။ တစ်တစ်ခွခွဆဲသံတချို့ကပဲ လွမ်းစရာ။ ဒီလှေကားထစ်ကလေးရဲ့အောက်မှာ ခင်မောင်တိုးနဲ့ လွမ်းနေကြသူတချို့။ နွေးအေးကို နှုတ်ဆက်အနန်းပေးနေတုန်း အဆောင်သူယဉ်ယဉ်လေးက AUTOပေါ်ကို အမှတ်တရတွေ အန်ချခိုင်းတယ်။ AUTOပေါ်က ကိုယ့်ဓာတ်ပုံနံဘေးမှာ စကားလုံးတွေ ဖွဲ့သီပေး။ လှူပ်လှီလှူပ်လှဲ့ ယဉ်စစအလှဘုရင်မလေးရဲ့ ခြေလှမ်းကို ခံစားနေကြတဲ့ ကျောင်းသားတစုက နံဘေးမှာ။ အချိန်မတန်ခင် ယစ်မူးပေါက်ကွဲနေတဲ့သူတချို့ကို စာနာမိသေး။ လေအဝှေ့မှာ ပိတောက်ပင်တွေရှိုက်သံ။ ဆည်းဆာမှာ ဂျီဟောကကြိတ်ကြိတ်ငို။ အဆောင်သူတွေအလွမ်း ဘယ်ပြေလိမ့်။ အဆောင်တံခါးခေါက် အလည်ရောက်တော့ မျက်ဝန်းတွေနီနီရဲ။ ပြန်ဆုံနိုင်မှာလား။ အခုလို ဆယ်စုနှစ်တွေကြာအောင်။ သံယောဇဉ်တွေက ထပ်ထပ်ရစ်နှောင်။ အဖြူရောင်ဘဝရဲ့ နောက်ဆုံးရက်။ အလွမ်းတွေနစ်မြုပ်နေတဲ့ ဂျီဟောည။ အဆောင်ရှေ့က တေးသံတွေက ငိုကြွေးနေဆဲ။ မနက်ဖြန်ဆို ငါဟာကျောင်းသားမဟုတ်တော့ဘူးတဲ့။ ရှူး...မူးမူးရူးရူးနဲ့ မအော်နဲ့ကွာ။ အဲဒီအမှန်တရား ငါမကြားချင်ဆုံးပဲ။
တန်ခူး
5:30PM 05-Feb-2008

Monday, February 4, 2008

သားချော့တေး

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုးအို...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါဆို...
ကြောင်ကြီးရဲ့ မြီးတံတို
အဆီကို စားလို့ အသားကိုမြို...

အမေဆိုသာဆို။ ငိုသာငိုမြဲ။ တိတ်ပါတော့သားရယ်။ မင်းလိုချင်တာ တေးတပုဒ်မဟုတ်။ ထမင်းတလုပ်ဆိုတာ အမေသာ အသိဆုံးပေမယ့်...။ သားကလေးလဲ ထမင်းကဆာ၊ အမေကိုယ်တိုင် ဝမ်းကဟာ။ မင်းအဖေလဲ နပ်မမှန်မှာ သေချာ။ ဒါဟာ တို့ဘဝတွေမို့...။ အငိုတိတ် အိပ်လိုက်ပါတော့သားရယ်။ အမေ့ပခုံး ခေါင်းအုံးလို့ပေါ့။ ဒီအဝတ်တွေလျှော်ပြီးတဲ့အခါ ရလာမယ့် အသပြာနဲ့ သားဗိုက်ကလေးဖြည့်လို့ အိပ်စက်နားဖို့ ခဏလေး အငိုတိတ်လို့ စောင့်လိုက်ပါသားရယ်။ အမေဆိုသာဆို။ ငိုသာငိုမြဲ။ ထမင်းမဝတဲ့ကလေးတွေအတွက် သားချော့တေးဆိုတာ...။ အခြေအနေမပေးသေးတဲ့အခါ အမေ့မေတ္တာတွေ ခဏစားသုံး...ဒီသားချော့တေးလေးဆုံးအောင် နားထောင်လိုက်ပါသားရယ်။

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဖိုးအို...
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါဆို...
ကြောင်ကြီးရဲ့ မြီးတံတို
အဆီကို စားလို့ အသားကိုမြို...

(ကျွန်မဆိုသည့် သားချော့တေးအောက်မှာ အပူအပင်ကင်းစွာ အိပ်ပျော်နေသော သားလေးကိုကြည့်ရင်း သားချော့တေးအောက်မှာ အိပ်မပျော်နိုင်ရှာသော ကလေးတချို့ဘဝကို စာနာစွာဖြင့် ဒီpostလေးဖန်တီးမိခြင်း ဖြစ်ပါသည်)

တန်ခူး
10:44AM 04-Feb-2008