Friday, December 27, 2013

မင်းကွန်းဖီလင်



ဟိုးအောက်ခြေ ဧရာဝတီမြစ်ဆိပ်ကနေ မြေနီလမ်းကလေးအတိုင်း တက်လာကြတဲ့ ဧည့်သည်တွေက အသားနီနီဆံပင်မနက်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်…။ ခြင်္သေ့ကြီးနံဘေးက ဒီမြေနီလမ်းလေး တဖက်တချက်မှာ မြန်မာ့ရိုးရာပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်တန်းလေးက ချစ်စရာကောင်းတာမို့  ဓာတ်ပုံတွေ လိုက်ရိုက်နေမိတယ်…။ ခမောက်ရောင်စုံလေးတွေကလဲ လိုချင်စရာ…။ ချည်ထည်ဝတ်စုံလေးတွေက အသင့်ချူပ်ပြီးသား ဆိုက်စုံရှိတာမို့  ကောက်ဝတ်လိုက်ရုံ…။ အမှတ်တရ တီရှပ်ဖွေးဖွေးလေးတွေကလဲ စတစ်ကာပုံမျိုးစုံနဲ့ ….။ ဒီဘက်မှာ အအေးဆိုင်… ဟိုဘက်က သစ်သားနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ… ပြီးတော့ ပန်းချီကားချပ်လေးတွေ…။ ထူးခြားတာက တချို့ အမျိုးသမီးတွေ လက်နှစ်ဘက်ထဲမှာ ပခုံးပေါ်မှာ ကိုယ်ပေါ်မှာ ခေါင်းပေါ်အထိ လွှားထားတဲ့ ချည်ထည်တွေ တီရှပ်တွေ…။ ဆိုင်မှာ ခင်းရုံတင်မက လူပေါ်မှာခင်းထားတာတွေ့ ရတယ်…။

ခုန ကိုယ်လှမ်းမြင်နေရတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ ဆိုင်တန်းနားအရောက်မှာ အ၀တ်တွေက ရောင်းဖို့  ကိုယ်ပေါ်မှာ ခင်းထားတဲ့ အမျိုးသမီးတွေ ရုတ်ရုတ်သဲသဲနဲ့  သူတို့ နားကို အုံသွားတယ်…။ တချို့ အမျိုးသမီးတွေက နေပူထဲက တက်လာလို့  ချွေးပြန်နေတဲ့ နိုင်ငံခြားသားမိန်းမတွေကို သူတို့ လက်ထဲက လက်ကိုင်ပုဝါနဲ့ ချွေးသုတ်ပေးကြတယ်… မျက်နှာပေါ်က ချွှေးကို ရုတ်တရက်လှမ်းသုတ်ပေးတာ ခံရတော့ တချို့ က မမျှော်လင့်တဲ့ အပြုအမူကို ပြုံးပြီး ကျေးဇူးတင်ပါတယ်လို့  ပြောတယ်… တချို့ ကတော့ သူ့ အသားထိတာကို အတော် စိတ်အနှောက်အယှက် ဖြစ်နေတဲ့ပုံနဲ့  တောင်းပန်ပါတယ်… မလုပ်ပါနဲ့ လို့  ပြောတယ်…။ ကိုယ့်နှုတ်တွေ ဆွံ့ အသွားတယ်…။ ကိုယ်တကယ် မမျှော်လင့်တဲ့ ဒီမြင်ကွင်း…။

ကိုယ့်မျက်လုံးတွေ ဒီဘက်ကစားလိုက်တော့ ရေသန့် ဘူးထဲက ရေကို ရေခွက်ထဲ ထည့်ပြီး နိုင်ငံခြားသားတယောက်ကို ပါးစပ်နားရေခွက်ရောက်အောင် တိုက်ပေးနေတာ တွေ့ ရတယ်…။ တချို့ က ကိုယ့်ဆိုင်က ခုံကို ချပေးပြီး အနားယူခိုင်းလို့  နောက်တယောက်က ယပ်ခတ်ပေးနေတယ်…။ အဲဒီလို…. အင်း… ခရီးဦးကြိုတယ်ပဲ ဆိုကြပါစို့ လေ…. ခရီးဦးကြိုပြီးတဲ့ နောက်မှာ သူတို့ ဆိုင်က ပစ္စည်းလေးတွေကို တစာစာ ရောင်းကြတယ်…။ ချိတ်လုံချည်ခပ်စိတ်စိတ်လေးကို ခါးမှာကပ်ပြပြီး အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်လို့  ရောင်းတဲ့လူရှိသလို… ခမောက်ကလေးကို ခေါင်းမှာ စောင်းပြပြီး အောင်ဆန်းစုကြည်လို့ ရောင်းတဲ့လူလဲရှိတယ်…။

တချို့ နိုင်ငံခြားသားတွေက တချက်ကြည့်ပြီး စိတ်မ၀င်စားသလို ထွက်သွားတော့ ကိုယ်ပေါ်မှာ ဆင်ရောင်းတဲ့ အမျိုးသမီးတွေ အုပ်လိုက် လိုက်သွားကြတယ်…။ ဘုရားကြီးနားမှာ… ခေါင်းလောင်းကြီးနားမှာ… ။ တချို့ ကတော့ အားနာလို့  ၀ယ်လိုက်ကြတယ်…။ တချို့ ကတော့ ဈေးဆစ်ကြတယ်…။ တချို့ ကျတော့ စိတ်ပျက်တဲ့ပုံနဲ့  ဆောရီးဆောရီးလို့  ငြင်းတယ်…။ ငြင်းလဲ ဇွဲကောင်းကောင်းနဲ့ လိုက်ရောင်းကြတယ်…။

အဲဒီမြင်ကွင်းတွေကို တခုချင်းလိုက်ကြည့်နေမိတဲ့ ကိုယ့်ရင်ထဲမှာ အတော်ကို နာကျင်မိတယ်…။ စားဝတ်နေရေးအတွက် လုံးပန်းကြရတဲ့ ဈေးသည်တော်တော်များများကို တွေ့ ခဲ့ဘူးပေမယ့် ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးဘူး…။ ဘုရားစောင်းတန်းမှာ ဒီကပန်းဝယ်ပါ ဟိုကပန်းဝယ်ပါလို့  တစာစာအော်ရောင်းကြပေမယ့် အတင်းတော့ နောက်က လိုက်မရောင်းကြဘူး…။ တော်ပြီနော် မ၀ယ်ချင်သေးဘူးဆိုရင် အလိုက်သိစွာ နောက်ဆုတ်သွားကြတယ်…။ ဖော်ရွေစွာ ခရီးဦးကြိုပြုကြတဲ့အခါ ချိုမြတဲ့အပြုံးလေးနဲ့  အကူအညီလိုရင် မနှောင့်နှေးပဲ ပေးကြတာ ထက်မပိုဘူး…။ ချွေးသုတ် ရေတိုက် ယပ်ခတ်လောက်အောင်ထိတော့ မလိုဘူးလို့ ကိုယ့်ရင်ထဲ စိတ်မကောင်းစွာနဲ့  တွေးမိတယ်…။ ပြီးတော့ သူတို့ ချွေးသုတ် ရေတိုက် ယပ်ခတ်ကြတာ နိုင်ငံခြားသားတွေကိုချည်း…။ ကိုယ့်အနေနဲ့  အဲဒါတွေက သူတို့  စားဝတ်နေရေးအတွက် လုပ်နေကြရတာလို့  နားလည်ပေးလို့ ရပေမယ့် ဖော်ရွေတာနဲ့ အောက်ကျတာ မတူဘူးဆိုတာလောက်တော့ ရှင်းပြနေချင်မိတယ်…။

ကိုယ့်ဆိုင်အခင်းအကျင်းနဲ့  ကိုယ့်ပစ္စည်းလေးတွေ မြတ်နိုးစရာကောင်းနေရင် ချိုမြတဲ့အပြုံးလေးနဲ့  နွေးထွေးစွာ ဆက်ဆံရင်ပဲ လုံလောက်ပါပြီ…။ တကယ်လို့ များ သူတို့ ကို နားစေချင်ရင်လဲ အရိပ်ရတဲ့ နေရာမှာ ခုံတန်းလေးတခု စီစဉ်ပေးထားရုံပါပဲ…။ အေးမြတဲ့ ရေလေး ကုသိုလ်လုပ်ချင်တောင် ဆိုင်လေးနားမှာ ရေအိုးစင်လေးတခု ထားလိုက်ရင်ကို ဖော်ရွေမှုကို တွေ့ နေရပါပြီ…။ လူတယောက်က မတောင်းဆိုပဲ လူတယောက်မလိုအပ်ပဲ အကူအညီပေးခြင်းဟာ တခါတလေ ကူညီရာမရောက်ပဲ နှောက်ယှက်ရာရောက်တတ်တယ်ဆိုတာ သူတို့ ခမျာ မသိရှာကြလေခြင်းလို့  ကိုယ်အားမလိုအားမရနဲ့  စိတ်မကောင်း အတော်ဖြစ်မိပါတယ်…။ ကိုယ့်ဆီက ပစ္စည်းလေးရောင်းရဖို့  မျှော်ကိုးစိတ်နဲ့  ကူညီတာက သိပ်ပေါ်လွင်လွန်းနေအောင် ရိုးအလွန်းတာကိုလဲ ဂရုဏာသက်မိတယ်…။ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လာလေ့လာသူတွေကို ကိုယ့်ရဲ့ မရည်ရွယ်တဲ့ အပြုအမူကြောင့် အထင်သေးစရာများဖြစ်သွားခဲ့ရင် ဆိုတာကို မစဉ်းစားနိုင်တဲ့ သူတို့ ရဲ့ အားနည်းချက်ကို အဲဒီတထိုင်တည်း ဖြည့်လို့ ရရင် ဖြည့်ပေးလိုက်ချင်တယ်…။

တကယ်တော့… သူတို့ မသိကြတာပါ… သိရဖို့ အခွင့်မရကြတာပါ… သိရဖို့  အကူအညီမဲ့ကြတာပါ… ။ အဲဒီအကြောင်းကို ပြန်တွေးတော့ သူတို့ ကို သိဖို့ မျှော်လင့်မိတဲ့ ကိုယ့်ကိုကိုယ် တွေ့ တယ်…။ မျှော်လင့်မိတာက ကိုယ်… မျှော်လင့်တဲ့အတိုင်းဖြစ်အောင် လုပ်ဖို့ က ကိုယ့်တာဝန်…။ နောက်ဆုံး တာဝန်ရှိတာက သူတို့ မဟုတ်ပဲ ကိုယ်ဖြစ်နေပါလားဆိုတာ မြင်လာမိတယ်…။ ဟိုတလောက တက်ဖြစ်တဲ့ အစည်းအဝေးတခုမှာ လေးစားစရာကောင်းတဲ့ ဘုန်းဘုန်းတပါး ဆုံးမစကားကို ကိုယ်သွားသတိရတယ်…။ တကာမကြီးတို့ က ပြဿနာပဲပြောနေကြတာကိုးတဲ့ solutionကို မတွေးကြမဆွေးနွေးကြဘူးတဲ့…။ ဟုတ်ပ့ါ… ကိုယ်တို့ တွေ ရပ်နေတာက ပြဿနာမှာတင်…။ သူငယ်ချင်းက မေးတယ်…။ မြန်မာဘောလုံးအသင်းရှုံးတာ ဘယ်လိုခံစားရသလဲတဲ့…။ ကိုယ့်မှာ မင်းကွန်းဖီလင်သာမရှိရင် ငိုမိဦးမလားပဲ…။ သူငယ်ချင်းကို ပြောလိုက်တယ်… ဘာမှမခံစားရဘူးလို့ …။ တိုင်းပြည်မချစ်လို့ မဟုတ်ပါဘူး…။ ဘောလုံးကို မခင်တွယ်လို့ မဟုတ်ပါဘူး…။ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ မျှော်လင့်ချက်မထားတာပါလို့ ….။ ဘောလုံးသမားတွေခမျာ အခြေအနေပေးသလောက် သူတို့ တတ်နိုင်သလောက် ကြိုးစားကြတာပါ…။ တူတူပဲပေါ့…။ နိုင်ဖို့ အခွင့်မရကြတာပါ… နိုင်ဖို့ အခြေအနေမပေးကြတာပါ…။ ကိုယ်လား… ကိုယ့်ဘယ်သူ့ ဆီကမှ solution မရှာပါဘူး…။ ကိုယ့်ကိုကိုယ်ဆီကပဲ solution ရှာတယ်…။ ငါတိုင်းပြည် ငါချစ်တယ် ငါ့လူမျိုးငါချစ်တယ်ဆို ငါဒီထက်ပိုလုပ်ရဦးမှာပါလားလို့ …။

တန်ခူး

8:52pm 27-Dec-2013

Wednesday, December 25, 2013

ပုဇွန်ဆားဘဲဥကျော်

ခရစ်စမတ်နေ့ မှာ ဘယ်မှမသွားပဲ အိမ်မှာနေ တီဗွီလေးကြည့် အပန်းဖြေနေသူတွေအတွက် ညနေစာကောင်းကောင်းလေး အချိန်သိပ်မကုန်ပဲချက်နိုင်မယ့် နည်းလေးကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးပါရစေ…။

သားကျောင်းပိတ်ရက်မို့  ဟိုတပတ်က သူငယ်ချင်းတွေနဲ့ အတူ အင်ဒိုနီးရှားbatamကျွန်းကို သွားလည်ပတ်ခဲ့ပါတယ်…။ ခရီးတိုလေးရဲ့ အကျေနပ်ဆုံးက Golden Prawn Seafood ဆိုင်က အစားအသောက်တွေပါပဲ…။ အကြိုက်ဆုံးကတော့ ဂဏာန်းဆားဘဲဥကျော်ပါ…။ ပုဇွန်၊ ဂဏာန်းကို ဆားဘဲဥအနှစ်နဲ့ ချက်တာ ဒီနိုင်ငံနဲ့  သိပ်မတူပဲ ကြွပ်ကြွပ်လေးနဲ့  သိပ်မအီတာကို သဘောကျမိတာပါ…။ ဒီမှာက အနှစ်နဲနဲများပြီး အီပါတယ်…။

ဂဏာန်းမစားတဲ့ သားဖေဖေနဲ့  ဂဏာန်းကို အမေ အရိုးနွှံပေးမှ စားရတဲ့ သားအတွက် ပုဇွန်ဆားဘဲဥကျော်လေးကို အင်ဒိုနီးရှားဆိုင်က ပုံစံလိုလေးလုပ်စားဖြစ်ပါတယ်…။ သားရော သူ့ အဖေပါ အားရပါးရစားကြတာမို့  ချက်ရတဲ့ကျွန်မ ပျော်ရွှင်ကြည်နူးမိပါတယ်…။

လိုအပ်တဲ့ပစ္စည်းတွေကတော့

၁) ပုဇွန် ကီလိုဝက်

၂) ကော်မှုန့် ( ပလောပီနံဖြစ်ဖြစ် အာလူးဖြစ်ဖြစ်ပါ)

၃) ကြက်ဥအကာ တလုံး

၎) ဆေးဘဲဥ ၃ လုံး

၅) ထောပတ် ဟင်းခတ်ဇွန်း ၅ ဇွန်း

၆) ပျဉ်းတော်သိမ် ၁၅ရွက်

ရ) ငရုပ်သီးမှည့် သို့  စိမ်း ၃ တောင့် (အစပ်ကြိုက်ရင် ပိုထည့်ပါ)

၈) chicken stock ဟင်းခတ်ဇွန်း ၅ ဇွန်း

ပထမဆုံး ပုဇွန်ကို သေချာဆေးပြီး ကြက်ဥအကာနဲ့ စိမ်ပြီး ကော်မှုန့် လေးနဲ့ နှစ် ဆီပူလေးထဲ ကြွတ်နေအောင်ကျော်ပါ…။ ကြွတ်နေတဲ့ ပုဇွန်လေးတွေကို ဆီစုတ်တဲ့စက္ကူလေးပေါ် ဆယ်ထားပါ။ ဟိုဘက်မီးဖိုနဲ့  ဆားဘဲဥ၃လုံးပြုတ်ထားပါ…။









ပြုတ်ထားတဲ့ ဆားဘဲဥကို အနှစ်ထုတ်ပြီး သေးသေးလေးတွေဖြစ်အောင် ချေထားပါ…။ ပျဉ်းတော်သိမ် ၁၅ရွက်ရယ် ငရုတ်သီးစိမ်းပါးပါးလှီးပြီး အသင့်ပြင်ထားပါ…။



ပူနေတဲ့ဒယ်အိုးထဲ ထောပတ်ထည့်ပြီး ချေထားတဲ့ဆားဘဲဥကို ထည့်ပါ…။ မီးအေးအေးနဲ့  ဆားဘဲဥလေးတွေ ကျေပြီးညက်နေအောင် ထပ်ချေပါ…။ ဆားဘဲဥလေးတွေ ကျေသွားရင် chicken stockရယ် ပျဉ်းတော်သိမ်နဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပါ…။ ငါးမိနစ်လောက်အကြာမှာ ကျော်ထားတဲ့ ပုဇွန်လေးတွေက ထည့်ပြီး ဆားဘဲဥအနှစ်နဲ့  နှံ့ နေအောင်မွှေပေးပါ…။ ဆားဘဲဥအနှစ်လေးတွေ ပုဖွန်ထဲစိမ့်ဝင်သွားအောင် မွှေပေးရပါမယ်…။ ပုဇွန်နဲ့ ဆားဘဲဥအသားကျသွားရင် အရသာထူးတဲ့ ထမင်းမြိန်တဲ့ ပုဇွန်ဆားဘဲဥကျော်လေး စားလို့ ရပါပြီ…။ ကျွန်မတို့ အိမ်မှာတော့ ဒီနေ့ ကျောက်ဖရုံသီးဟင်းချိုလေးနဲ့ တွဲဖက်စားပါတယ်…။









ခရစ်စမတ်မှာ မိသားစုနဲ့ အတူ ပုဇွန်ဆားဘဲဥကျော်လေးနဲ့ ထမင်းလက်ဆုံစားကြပါစို့ လား…။

တန်ခူး

2:14pm 25-Dec-2013

Saturday, December 7, 2013

ကျွန်မနဲ့ တောင်တက်ခြင်း



အမြင့်ကြောက်တတ်တဲ့ကျွန်မက တောင်တန်းတွေကို ပင်လယ်ထက်ပိုလို့ မြတ်နိုးတတ်တယ်…။ စိမ်းလန်းစိုပြေတဲ့ တောင်တန်းကြီးတွေရှိတဲ့အရပ်မှာ နေချင်ပေမယ့် အဲဒီတောင်တန်းကြီးတွေကို အရောက်သွားဖို့ တော့ ကျွန်မက ကြောက်နေတတ်ပြန်တယ်…။ ခရီးသွားကြမယ်ဆိုလဲ တောင်တန်းတွေဆီသာ အာသီသပိုနေပြန်တာ အခက်ပေါ့…။

တရားမရှိတဲ့ကျွန်မက ကြီးလေကြောက်တတ်လေ…။ ငယ်ငယ်က ကျွန်မချစ်တဲ့ ရှမ်းပြည် ကလော၊ တောင်ကြီးမြို့ လေးတွေ သွားရင် တဖြေးဖြေးမြင့်တက်လာတဲ့ ရှုခင်းတွေကို ကားပြူတင်းကငေးရင်း လွတ်လပ်စွာပျော်နေတတ်တာ…။ တောင်တက်လမ်းနဲ့  ပတ်သက်လို့  ဘာမှမစဉ်းစားမိ… ဘာမှမပူပန်မိ…။ ထင်းရူးပင်တွေ… အလေ့ကျပွင့်နေတဲ့ ပန်းဝါ၀ါတွေ… လိမ္မော်ပင်တွေက ကျွန်မကို ဆွဲဆောင်လွန်းနေတာလဲ ပါမှာပေါ့…။ ငယ်တုန်းကအတွေးတွေကလဲ ရဲရင့်လွတ်လပ်နေခဲ့တယ် မဟုတ်လား…။ လွန်ခဲ့တဲ့ ၄နှစ်လောက်က သားနဲ့ အတူ အဲဒီလမ်းကို သွားတော့ ကျွန်မမေ့လျော့နေခဲ့တဲ့ အမြင့်ကြောက်ရောဂါက စိုးရိမ်မှုနဲ့ ရောထွေးရောက်လာခဲ့တယ်…။ လမ်းလေးတွေက တချို့ နေရာမှာ အတော်ကျဉ်းပြီး ကားဘီလေးတ၀က်သာ နင်းမိတယ်လို့  စိတ်ထင်မိတဲ့အခါလဲရှိ…. အချိုးအကွေ့ တွေများတဲ့ လမ်းတွေရောက်တဲ့အခါ သားရင်ဘတ်လေးကို အသာဖိလို့  ဘုရားစာတွေ အခါခါ ရွတ်မိတဲ့အခါလဲရှိ… တောင်တန်းတွေချစ်တဲ့စိတ်ကြောက် ရှုခင်းတွေကြားမှာ မေ့မေ့လျော့လျော့ နစ်မျောသွားတာလဲရှိနဲ့ … ကျွန်မစိတ်တွေဟာ တတောင်ဆင်း တတောင်တက် တောင်တန်းတွေလို တက်လိုက်ကျလိုက်နဲ့ လေ…။ မမြင်ဘူးတဲ့ မြင်ကွင်းတွေနဲ့  လွတ်လပ်စွာပျော်နေတဲ့သားလေးကို မြင်ရတော့ ကျွန်မကြောက်စိတ်တွေက ဝေးဝေးလွင့်လို့ ပေါ့…။ အဲဒီနှစ်က သားကို တောင်တန်းတွေနဲ့ စမိတ်ဆက်ပေးခဲ့တဲ့နှစ်…။

ငယ်ငယ်က ကျိုက်ထီးရိုးရာသီဆို သူများတွေသွားကျရင် အရမ်းသွားချင်ခဲ့တာ…။ အိမ်ကခွင့်ပြုလို့  သွားခွင့်ရခဲ့တာ အာအိုင်တီဒုတိယနှစ်မှာပါ…။ တန်ခိုးကြီးလွန်းတဲ့ ဆံတော်ရှင်ကျိုက်ထီးရီုးဘုရားကို ဖူးချင်လွန်းတာကြောင့် အမြင့်ကြောက်တဲ့ကျွန်မ တောင်တွေ တခုပြီးတခု ကျော်ဖြတ်မိခဲ့တာကို သတိတောင် မထားမိခဲ့တဲ့အထိ ပျော်ရွှင်ခဲ့တာ…။ မနက်စောစော နေတောင်မမြင်ရခင် မီးထုတ်တွေကိုင်ပြီး တက်ခဲ့တာ ကျွန်မတို့ အုပ်စုထဲမှာ ကျွန်မနဲ့ အမတယောက်က အမြန်ဆုံး…။ ခုပြန်တွေးကြည့်တော့ မှောင်မှောင်မဲမဲနဲ့  အကောင်ဘလောင်တွေ ဘာလို့ များ မတွေးမိအောင် ငယ်တုန်းက ရဲရင့်ခဲ့ပါလိမ့်ဆို ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတဲ့အထိ…။ ဟိုးအဝေးက မှုန်ပြပြ ကျိုက်ထီးရိုးဘုရားကို ဖူးမျှော်လိုက်ရတဲ့ ကြည်နူးမှုက ပြောပြလို့ မရနိင်လောက်အောင်ပါပဲ…။ ရင်ပြင်တော်ပေါ်အရောက်မှာတော့ ရွှေရောင်ဝင်းနေတဲ့ အံ့ဖွယ်ကျိုက်ထီးရိုးဘုရားကို ကြည်ကြည်ညိုညိုဖူးမျှော်ရင်း အဝေးက ကျွန်မဖြတ်ကျော်လာရတဲ့ တောင်တန်းတွေကို ချစ်မြတ်နိုးစွာငေးကြည့်ရင်း ရပ်ကွက်ထဲက ဘုရားပွဲက ရဟတ်လေးစီးရတာကို မျက်ရည်ကျအောင် သွေးပျက်ခဲ့တာကို ပြန်တွေးပြုံးမိတယ်…။ အဲဒီတုန်းက တောင်တန်းတွေကို ချစ်တဲ့စိတ်က အမြင့်ကြောက်တဲ့စိတ်ကို အနိုင်ပိုင်းခဲ့တဲ့အချိန်ပေါ့…။ အဲဒီတောင်တန်းတွေဆီကို သားကို ခေါ်သွားဖို့  ကျွန်မစိတ်တွေ မရဲရင့်သေးတော့ သားလေးခမျာ ခုထိမရောက်ဖူးသေးရှာဘူးလေ။

အညာသူကျွန်မ အညာကိုချစ်တော့ အညာက သိပ်မစိမ်းစိုတဲ့တောင်တန်းတွေကိုလဲ ချစ်မိတာ သိပ်တော့မဆန်းပါ…။ ကျွန်မတို့ မြင်းခြံမြို့ လေးရောက်ဖို့  ဖြတ်ကျော်သွားရတဲ့ တောင်သာတောင်တန်းတွေက သိပ်မမြင့်လွန်းတာမို့  ကျွန်မအတွက် အတော်သက်တောင့်သက်သာ ရှိလှပါတယ်…။ အိမ်ထောင်မကျခင်က ခဏခဏရောက်ခဲ့တဲ့ မန်းစက်တော်ရာအသွားလမ်းက တောင်တွေကလဲ ရှမ်းပြည်ကတောင်တွေလောက် ကျွန်မကို ကြောက်စိတ်သိပ်မပေးခဲ့တာမို့  ခုချိန်မှာ သားနဲ့ အတူသွားဖို့  ၀န်မလေးပေမယ့် သားကျောင်းပိတ်ရက်မဟုတ်တာကြောင့် အခွင့်မရသေး…။

ဒီတခေါက်တော့ သားကို အညာအိုအေစစ်လို့ ခေါ်လို့ ရတဲ့ စိမ်းလန်းတဲ့ ပုပ္ပားတောင်ဆီကို ခေါ်သွားခဲ့တယ်...။ မီးတောင်တွေအကြောင်းကို စိတ်ဝင်စားတဲ့သားက မီးတောင်ဟောင်းကြီးရှိတဲ့ နေရာကို ရောက်ခဲ့တာမို့  အတော်ကို စိတ်လှုပ်ရှားခဲ့တာ...။ အရမ်းလှတဲ့တောင်မကြီးတောင် တက်ပါမယ် ပူဆာနေလို့  ကျွန်မတို့ မနဲရှင်းပြရသေးတာ...။ ငယ်စိတ်နဲ့ ရဲရင့်ခဲ့တဲ့ကျွန်မက မတ်လွန်းတဲ့ ပုပ္ပားတောင်ကလပ်တက်ရတာကိုတော့ သိပ်မရဲရင့်ခဲ့...။ ငယ်ကတည်းက တောင်ထိပ်သာ ရောက်တယ် မျက်ရည်တွေ ကြောက်စိတ်တွေနဲ့ ... တကယ့်သဲထိတ်ရင်ဖိုပါ...။ လက်ရမ်းမရှိတဲ့ သံလှေခါးထစ်တွေကလဲ ကျွန်မကို အတော်ကို စိတ်ဒုက္ခပေးတတ်သေးပါတယ်...။ အရမ်းဆော့တဲ့မျောက်တွေကလဲ တခါတလေ ခြောက်လှန့် တတ်သေးရဲ့...။ အဲဒီလို ရာဇ၀င်ရှိတဲ့ ပုပ္ပားတောင်ကလပ်ကို သားက တက်ချင်ပါတယ်ဆိုမှတော့ သားကို ရောက်ဖူးစေချင်တဲ့ ကျွန်မ အားမွေးလို့  တက်ရပါတော့တယ်...။

အဖေနဲ့ အမေက ကျွန်မအကြောင်းသိသူမို့  ဖြစ်ပါ့မလားတဲ့...။ အသက် ၆၇ရှိပြီဖြစ်တဲ့အဖေက ကျွန်မကို ခုထိကလေးလေးလို ထင်နေတာမို့  စိတ်မချလို့  လိုက်လာမလို့ လုပ်တော့ တားရပါသေးတယ်...။ သားကို သူ့ အဖေနဲ့ လွှတ်လိုက်လို့ ရပေမယ့် အမြဲစိုးရိမ်လွန်တတ်တဲ့ ကျွန်မ စိတ်မချနိုင်ပါဘူး။ နောက်တခုက သားရဲ့ ပထမဆုံးအတွေ့ အကြုံ သားခြေထောက်နဲ့  တောင်တက်ခြင်းကို သားဘယ်လိုများ ခံစားရလဲဆိုတာ ကျွန်မကမြင်ချင်သူ...။ ဒီတော့ မိခင်တယောက်ရဲ့ စိတ်သက်သက်နဲ့  သားနဲ့ အတူ တောင်တက်ခဲ့ပါတယ်...။ ခြေလှမ်းတုန်တုန်တွေနဲ့  အသက် ရ၀ ကျော် အဘွားကြီးလို တက်နေတဲ့ ကျွန်မကို သားနဲ့ သူ့ အဖေက သဘောကျလို့ မဆုံး...။ ဒီကြားထဲ ခြေရာထပ်အောင် လိုက်တတ်တဲ့ မျောက်တွေကလဲ ကြောက်ရသေး...။ လှေခါးထစ်တွေကို မကြည့်ပဲ တက်တတ်တဲ့ သားကို စိုးရိမ်ရသေးနဲ့ ... ကျွန်မအဖြစ်က မြင်ရသူကို အတော် မအီမသာ ဖြစ်စေပါတယ်...။ မတ်စောက်တဲ့ လှေခါးထစ်တွေကို အပြေးအလွှားတက်သွားတဲ့ နိုင်ငံခြားသားတွေက ကျွန်မကို ပြုံးစိစိနဲ့ ...။ အရင်က ကျွန်မကို သွေးပျက်စေခဲ့တဲ့ သံလှေခါးတွေမှာ စတီးလက်ရမ်းလေးတွေ တပ်ထားပေးလို့  ကျေးဇူးတင်မိပါတယ်...။

မြင့်လာလေလေ လေတွေက ကြမ်းလာလေလေမို့  လှေခါးလက်ရမ်းတွေကို တင်းတင်းဆုပ်ကိုင်မိပြီး ခြေလှမ်းတွေက ပိုနှေးပြန်တယ်...။ အော်... ငါနဲ့ ဂျူးဝတ္ထုဖတ်တုန်းက ချင်းတောင်တွေဆီ အရောက်သွားဦးမယ်လို့  စိတ်ကူးမိတာ အံ့ပါရဲ့လို့  ကိုယ့်ကိုယ်တွေးပြုံးမိသေးတယ်...။ ဟိုးတောင်ထိပ်ရောက်တဲ့အခါမှ တောင်တန်းတွေချစ်တဲ့စိတ်က အမြင့်ကြောက်စိတ်ကို အနိုင်ယူသွားတော့တယ်...။ လှမ်းမြင်နေရတဲ့ တောင်မကြီးကို အတွေ့ မှာ ကြောက်စိတ်တွေ လေထဲလွင့်ပြီး ဓာတ်ပုံရိုက်ဖို့  သတိရပါတော့တယ်...။ အိတ်ထဲက ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်မလို့  အလုပ်မှာ ကျွန်မ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တခု ရုတ်တရက်ကြီးဖြစ်သွားခဲ့ပါတယ်...။

တောင်တန်းကြီးတွေကို မြင်ပြီး ကျွန်မမေ့လျော့နေခဲ့တဲ့ ကိုရွှေမျောက်ကလေး တကောင်က ကျွန်မအိတ်ထဲက ပလပ်စတစ်အိတ်လေးကို ဖြတ်ခနဲ လုသွားတာပါပဲ...။ သူက အစာအိတ်လို့  ထင်လို့ ဖြစ်ပါလိမ့်မယ်...။ ခက်တာက အဲဒီပလပ်စတစ်အိတ်လေးထဲမှာ ကျွန်မပိုက်ဆံအထုတ်လိုက် ပါသွားတာပါပဲ...။ ဘာမှ မသိတဲ့သားကတော့ မျောက်လည်လေးရဲ့ လုပ်ရပ်ကို အူတက်အောင် ရယ်နေလို့  သူ့ အမ၀မ်းကွဲလေးက တားပါတယ်...။ ကျွန်မမတ်လေးက မျောက်ကို ပြန်ချောက်တော့ မျောက်က ပြန်ရန်ထောင်ရင်း ပလပ်စတစ်အိတ်ကလေးကို လွှတ်ချလိုက်မိသွားပါတယ်...။ သွားပြီ.. ဟိုးတောင်တွေအောက်ကို ကျပြီလို ထင်တာ မှားသွားပါတယ်...။ ကံကောင်းစွာ တောင်စောင်းလေးမှာ တင်နေတာမို့  ကျွန်မဇာတ်လိုက်ကျော် ခင်ပွန်းက ၀မ်းလျားမှောက်ယူပေးတော့ ကျွန်မပိုက်ဆံထုတ်လေး ပြန်ရပါတယ်...။ သဲထိတ်ရင်ဖို ဇာတ်လမ်းမှာ သားကတော့ ပျော်ရွှင်နေလေရဲ့...။ အဲဒီမျောက်လေးပဲ ကျေးဇူးတင်ရမလိုပါ... ကျွန်မတောင်အဆင်းလမ်းမှာ ကြောက်စိတ်တွေတောင် ခပ်မေ့မေ့။

သားကတော့ တိရိစ္ဆာန်လေးတွေချစ်တတ်သူမို့  မျောက်လေးတွေ ဘာလုပ်လုပ်ချစ်နေတတ်ပါတယ်...။ တောင်အောက်ရောက်ခါနီးမှ သူအစာကျွေးချင်တယ်ဆိုလို့  အစာရောင်းတဲ့ ကောင်မလေးဆီက ၀ယ်ပြီး သူ့ ကိုပဲ ကျွေးခိုင်းလိုက်ပါတယ်...။ သူတို့ က အထာသိသူတွေမိုလား...။ မျောက်တွေလည်လိုက်ပုံက အစာထုတ်ကို တထုတ်ချင်းမစားပဲ လက်ထဲမှာ နိုင်သလောက်သယ်ပြီးမှ တနေရာယူပြီး စားကြတာ...။ အောက်ရောက်တော့ သားဇောနဲ့  တောင်ထိပ်ရောက်အောင် တက်သွားတဲ့ ကျွန်မကို အဖေနဲ့ အမေက အံ့သြလို့ ။ မိခင်မေတ္တာပေးတဲ့ အင်အားတွေ ရဲရင့်ခြင်းတွေနဲ့  တက်ခဲ့တဲ့ တောင်တက်ခြင်းပါပဲ...။

သဘာဝတရားရဲ့ အလှအပနဲ့  နဲနဲဝေးတဲ့ မြို့ ပြမှာ နေရတဲ့ သားကို သဘာဝတရားကို ချစ်တတ်အောင် တောင်တန်းတွေချစ်တဲ့ အမြင့်ကြောက်တဲ့ ကျွန်မ တောင်တန်းတွေဆီ အရောက်ပို့ ပေးနေဦးမှာပါ...။ တောင်တန်းတွေချမ်းသာတဲ့ ကျွန်မတို့  တိုင်းပြည်ကတောင်တန်းတွေဆီကို မိခင်မေတ္တာကပေးတဲ့ ရဲရင့်ခြင်းတွေနဲ့  သားနဲ့ အတူသွားဦးမှာပါ...။ ဘ၀မှာ ဘယ်အခက်အခဲမဆို ရင်ဆိုင်တတ်အောင် ဘယ်လောက်တောင်တန်းတွေ မြင့်ပါစေ တို့ တွေတက်နိုင်တယ်ဆိုတဲ့ “တောင်ကြီးဖ၀ါးအောက်” ဆိုတဲ့ တောင်တက်ခြင်းက ရတဲ့အင်အားတွေကို သားသွေးသားတွေထဲ စီးဝင်စေဦးမှာပါ…။

တန်ခူး

7-Dec-2013 11:36pm

Thursday, August 29, 2013

အိတ်သွန်ဖာမှောက်



(ချစ်တဲ့သက်ဝေရေ… သွန်ပြီနော်… သက်ဝေကို ချစ်လို့ ရေးတဲ့ပို့ စ်)

အဲဒီအိတ်ထဲမှာ ကိုယ်တိုင်သေသေချာချာ မှတ်မှတ်ရရ ထည့်ထားတဲ့ နေ့ စဉ်သုံး ပစ္စည်းတွေ ရှိသလို ကိုယ်မေ့လျော့စွာ ပြန်သိမ်းဖို့ မေ့နေတဲ့ ပစ္စည်းတွေလဲ ရှိနေမှာမို့  သိချင်စိတ်တွေ အရမ်း ပြင်းပြသွားမိတယ်…။ ကိုယ်နေ့ တဓူဝ သုံးနေတဲ့ ကိုယ်နဲ့ အတူ ကပ်ပါလာတဲ့ ဒီအိတ်လေးထဲ ဘာတွေများ ရှိနေမလဲဆို စိတ်လှုပ်ရှားစွာနဲ့  သွန်ချမိလိုက်တယ်…။

၁) သုံးပင်လိမ်နေတဲ့ ကြိုးသုံးကြိုး ( ဖုန်းအားသွင်းတဲ့ကြိုးနှစ်ချောင်းနဲ့ နားကြပ်ကြိုးတချောင်း)…

၂) Nokiaဖုန်းတလုံး… ကိုယ်မနှစ်သက်ပဲ ကိုယ့်ဆီရောက်နေတဲ့အရာ… ကိုယ့်ကို ၂၄နာရီ ထိန်းချူပ်ထားတဲ့ မုန်းစရာကောင်းတဲ့အရာ… အတိုချူပ်ပြောရရင် ရုံးက hot line ဖုန်းပါ

၃) မရှိမဖြစ်ခရမ်းရောင်ဘီးကလေး…. ဆံပင်ရှည်သူမို့ ပါ

၎) အသားရောင်ဖုန်းအိတ်ကလေးနဲ့ ဖုန်းကလေး... နေရာအနှံ့ အပြားမှာ ရှိတဲ့ ချစ်တဲ့မိသားစု… ဆွေမျိုး… သူငယ်ချင်းတွေကို ကိုယ်နဲ့ နီးနီးလေးဖြစ်အောင် ဖန်တီးပေးတဲ့ ကိုယ့်အတွက် အရေးကြီးဆုံးအရာ

၅) နက်ပြာအပြောက်ထီးကလေး… သူမပါရင် အစိုးမရတဲ့ စင်္ကာပူမိုးက ကိုယ့်ကို အငြှိးကြီးမပေါ့…

၆) စုံစီနဖာ အိတ်ကလေး… နှစ်ကန့် ပါတဲ့ အိတ်ကလေးမှာ တကန့် က သော့… bank တိုကင်… thumb driveနဲ့ တခြားစုံစီနဖာ … နောက်တကန့် က နှုတ်ခမ်းနီ Mascara နဲ့  မှန်နဲ့ ဘီးတွဲထားတဲ့ဗူးကလေး…. အမြဲကားပေါ်ရောက်မှ အဲဒီပစ္စည်းတွေ သုံးရတာပါ… အိမ်ကထွက်ရင် အချိန်မရတော့ အမြဲသနပ်ခါးဘဲကြားနဲ့ 

၇) အဘထ နဲ့  ပုဆိန် ရှူဆေးဗူး… ခေါင်းမူးတတ်တဲ့ကိုယ့်အတွက် မေ့ထားလို့ မရတဲ့ အရာလေးတွေ

၈) ဆေးဗူး ( အစာအိမ်ဆေး… ပိုးသတ်ဆေး… ခေါင်းမူးပြေဆေး… အကုန်တလုံးစီ ဆောင်ထားတဲ့ ဗူးလေးပါ)

၉) Werther’s Original Cream Candies ဗူးလေးက သကြားဓာတ်နဲ တတ်လို့ ဆောင်ထားတာ… strepsils.. လည်ပင်းရုတ်တရက်နာလာရင် သောက်ဖို့ 

၁၀) နီညိုရောင် wallet… IC , Bank Card, Credit Card, Member Card, …… ပိုက်ဆံနဲနဲ နဲ့ အကြွေတွေ… သားအတွက် မသုံးပဲသိမ်းထားပေးတဲ့ 2013 အကြွေစေ့ တွေ….

၁၁) ကားမောင်းသင်မယ်လို့  စဉ်းစားပြီး လမ်းမှာ ဖတ်မယ်လို့ ထည့်ထားတဲ့ နှစ်မျက်နာက မတက်တဲ့ Basic Theory of Driving စာအုပ်

အပေါ်က ပစ္စည်းတွေအားလုံးက ကိုယ့်အိတ်ထဲမှာ ထည့်ထားတာ သိထားတဲ့ ပစ္စည်းတွေပါ… ဘေးဇစ်ကို ဆွဲကြည့်လိုက်တော့ မမျှော်လင့်ပဲ ထွက်လာတာကတော့

၁၂) ပုလဲပုတီးတကုံးနဲ့ ပုလဲနားကပ်လေးပါ… ပြန်စဉ်းစားကြည့်မှ ဟိုတနေ့ ကရုံးက conference မှာ ကြည့်ကောင်းရှူကောင်းဖြစ်အောင် ၀တ်သွားပြီး conferenceပြီးတော့ ရှုပ်လို့ ဆို အိတ်ထဲကောက်ထည့်ထားပြီး ပြန်သိမ်းဖို့ မေ့ နေခဲ့တာ…

ကိုယ်ထင်သလားသလောက် ရင်ခုန်စရာမကောင်းလို့  သိပ်စိတ်မကျေနပ်သေးပဲ နီညိုရောင် wallet ဟိုမွှေဒီမွှေလုပ်ကြည့်တော့မှ ကိုယ်မေ့ထားခဲ့တဲ့ Toto လက်မှတ်လေးက ကိုယ့်ကို လှမ်းပြုံးပြနေတယ်…။ တင်္နလာနေ့ တုန်းက ထွက်သွားတာမို့  ဒီပို့ စ်လေးကို ဒီတင်ရပ်လို့  Toto result လေးကြည့်ပါရစေနော်…။ ထီပေါက်ရင် ကိုယ့်ကို အိတ်သွန်ဖို့  သတိပေးတဲ့ ချစ်သူငယ်ချင်းသက်ဝေနဲ့  ဘလော့ရောင်းရင်းတွေကို ကောင်းကောင်းပြုစုပါမယ်… ။

တန်ခူး

10:21pm 29-Aug-2013

Monday, August 19, 2013

သားလေးမွေးနေ့ ကုသိုလ်



ဒီနှစ်သားမွေးနေ့  အလှူကို ပိတ်ရက်၎ရက် ဆက်တိုက်ရတုန်း ကြိုလုပ်ဖြစ်လိုက်ပါတယ်။ သားမွေးနေ့ အတွက် ဘုန်းဘုန်းတွေ ပရိတ်ရွတ်တော့ သူရတဲ့ မေတ္တာသုတ်ကို အကျယ်ကြီး လိုက်ရွတ်နေလို့  ဘုန်းဘုန်းတွေ အတော်ကို သဘောကျသွားခဲ့ပါတယ်။ သားက despicable me 2 ရုပ်ရှင်ကြည့်ပြီး ကတည်းက minionလေးတွေ တချိန်လုံး စွဲလန်းနေတာမို့  ဒီနှစ်သားရဲ့ birthday themeကို minionလို့  သားကို ပြောပြတော့ အလိုက်သိလွန်းတဲ့ မေမေ့ကို သားက ကျေနပ်လို့ လေ။ minion လို အ၀ါရောင် အကျီင်္လေးနဲ့  အပြာရောင်ဘောင်းဘီလေး ရှာရ… birthday cakeကို minion ပုံလေး မှာရနဲ့ မေမေဖြင့် ပိတ်ရက်၎ရက် ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူးနော်။ ဒါပေမယ့် သားပျော်နေတာတွေ့ တော့လဲ မေမေလဲ အပျော်တွေကူးပေါ့။



သားတကယ့်မွေးနေ့ က တင်္နလာနေ့ ကျတာမို့  ခါတိုင်းလို ကျောင်းမှာ မွေးနေ့ လုပ်ဦးမလား ဆိုတော့ မေမေပိုက်ဆံကုန်မှာစိုးလို့  မလုပ်တော့ဘူးတဲ့။ သိတတ်လာတဲ့စိတ်လေးကို တွေ့ ရတော့ ၀မ်းသာကြည်နူးမိပါတယ်။ သားတကယ့်မွေးနေ့ မှာ သားလဲ စိတ်အရမ်းထက်သန် အမြတ်ဆုံးဒါန ကုသိုလ်လဲ ဖြစ်တဲ့ ဇီဝိတဒါန ကုသိုလ်လုပ်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ဘုရားသွား ငှက်ငါးလွှတ်ရတာ သိပ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် အရှင်လတ်လတ်တွေကို လတ်လတ်ဆတ်ဆတ် စားချင်တဲ့ ငါးအရှင်တွေ ရောင်းတဲ့ ဆိုင်မှာ အသတ်ခံရတော့မယ့် ငါးလေးတွေ ၀ယ်လွှတ်ရတာ တကယ့်သေမယ့်ဘေးက ကယ်တင်ရတာမို့  ပြုရတဲ့ကုသိုလ်အတွက် အတော် ပီတိဖြစ်စရာပါ။ ဒီအကြံလေးကို စပေးခဲ့တာ သူငယ်ချင်းတယောက်ပါ။ သားငယ်ငယ်က ခဏခဏ နေမကောင်းဖြစ်တော့ ဇီဝိတဒါန အလှူလုပ်လို့  အကြံပေးခဲ့တာပါ။ မြန်မာပြည်က မိဘတွေဆီ လွှတ်ခိုင်းလို့ ရပေမယ့် သားလက်လေးနဲ့ လွှတ်စေချင်တာမို့  ငါးအရှင်ရောင်းတဲ့ဆိုင်မှာ အသားစားဖို့ အတွက် သေဖို့ လက်မှတ်ရပြီးသား ငါးလေးတွေကို ကယ်တင်ခဲ့ရတာ… အဲဒီတုန်းက သားဖြင့် ပထမဆုံး အတွေ့ အကြုံမို့  စိတ်တွေလှုပ်ရှား ကြည်နူးခဲ့တာလေ။ အဲဒီနောက်ပိုင်း အဲဒီလို ခဏခဏ ကုသိုလ်လုပ်ဖြစ်ပါတယ်။



ရုံးကပြန်လာတော့ ညစာစားပြီးတာနဲ့  သားလေးကို ခေါ်ပြီး အိမ်နားက SHENG SIONGဆိုင်ကို သားအမိသားအဖ သုံးယောက်ထွက်ခဲ့ပါတယ်။ ဒီတခါတော့ သတ္တ၀ါလေးတွေနဲ့  ပတ်သက်ရင် အစိုးရိမ်လွန်တတ်လွန်းတဲ့ သားဖေဖေက အဖုံးပါတဲ့ ပလပ်စတစ်ဗုံးကို အရင်ဝယ်ပါတယ်။ ခါတိုင်းလို အဖုံးမပါရင် ဘယ်အချိန်များ ခုန်ထွက်မလဲလို့  သဲထိတ်ရင်ဖို ဖြစ်ရလွန်းလို့ ပါ။ ဒီနေ့ ငါးတွေက အကောင်အကြီးကြီးတွေ ဖြစ်နေတာမို့  ပလပ်စတစ်ဗုံးနဲ့  ဆန့် မယ့် ငါး၂ကောင် ၀ယ်ဖြစ်ပါတယ်။ ငါးရောင်းတဲ့ ကောင်လေးတွေ ၀ုန်းကနဲ ဒိုင်းကနဲ သတ်လိုက်မှာကြောက်လို့  အသေအချာ ရှင်းပြပြီးမှ ရေထည့်ခိုင်းပြီး ၀ယ်ရတာပါ။



ပန်းရောင်ရေဗုံးထဲက ငါးနှစ်ကောင်ကို ကြည့်ပြီး သားပျော်နေလိုက်ပုံများ။ စကားတွေလဲ ပြောနေလိုက်သေးတာ။ ဘာမှမကြောက်နဲ့ နော်… ငါးလေးတွေ ဟင်းချက်မခံရဘူး… BBQလဲ အလုပ်မခံရဘူး… သတ်လဲအသတ် မခံရဘူး… ရေကန်အကျယ်ကြီးထဲမှာ ပျော်ရတော့မှာတဲ့။ သားမေမေ ကိုယ့်မှာတော့ ငါးတွေ ခုန်ထွက်သွားမှာလဲကြောက် အသက်ရှူမွန်းမှာလဲကြောက်နဲ့  တလမ်းလုံး အလုပ်တွေများနေတာ။ နဲနဲမှောင်သွားလို့  သားဖေဖေက Chinese gardenထဲထိ ကားမောင်းပို့ ပေးတယ်။ ပြီးတော့ သားအမိသားအဖ သုံးယောက် တံတားလေးဖြတ်ပြီး ရေအစပ်မှာ ငါးလေးတွေ လွတ်ခဲ့တာ။ ရေပြင်အကျယ်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်သွားတဲ့ ငါးလေးတွေကို ကြည့်ပြီး ပြုတဲ့ကုသိုလ်အတွက် ကြည်နူးမှုကို ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။



ချစ်တဲ့သားလေးရဲ့ ဒီမြတ်သော ကောင်းမှုကုသိုလ်ကြောင့် ၉နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်ထိ ဒီချစ်ဖေဖေ ချစ်မေမေတို့ နဲ့ အတူ ကျန်းမာချမ်းသာ ပျော်ရွှင်စွာ ဘာသာ သာသနာအကျိုးတွေ လုပ်ဆောင်နိုင်ပါစေလို့ ။

(ချစ်သားလေး ၉နှစ်ပြည့်အမှတ်တရ)

တန်ခူး

19-Aug-2013 10:30pm

Wednesday, August 7, 2013

ဖိနပ်လေးတရံ



လိုက်ကာ အောက်ပိုင်းလေးက လွတ်နေတဲ့ နေရာက မြင်ရတဲ့ ခြေထောက် ဖြူဖြူသွယ်သွယ်လေး ကစပြီး အဖိုးက အဖွားကို စွဲလန်းခဲ့တာလို့  ကျွန်မအဖွားဝမ်းကွဲက သူတို့ ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ပြောပြတိုင်း အသက်ရ၀ကျော်တာတောင် မို့ မို့ သွယ်သွယ်လေးနဲ့  ချစ်စရာကောင်းတဲ့ အဖွားခြေထောက်လေးတွေကို တို့ ထိအားကျမိမြဲ…။ တကယ်လို့ သာ အဖွားနေရာမှာသာ ကျွန်မသာဆို လိုက်ကာနောက်မယ် ယောင်္ကျားတယောက်လို့  ထင်မှတ်မှားလောက်အောင် ကျွန်မက ခြေထောက်ရုပ်ဆိုးဆိုးတွေ ပိုင်ဆိုင်ထားသူလေ။ ခြေထောက် ကားကာားပြားပြားနဲ့ ခြေသဲပုတိုတိုလေးတွေနဲ့  မို့  ဘယ်လို ဖိနပ်မျိုးဝတ်ဝတ် ထူးခြားလှမလာဘူး။ ကျောင်းတုန်းကတော့ သူများခြေထောက်လှလှလေးတွေ အားကျပြီး ခြေသဲလေးတွေ အရှည်ထား ခြေသဲနီရောင်စုံလေးတွေနဲ့  ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ စင်ဒရဲလား ပုံပြင်ထဲက စင်ဒရဲလားရဲ့ stepsister တွေ ဖိနပ်မတော်တာကြားတိုင်း ငါ့လိုခြေထောက်တွေ နေမှာပေါ့လို့  အမြဲတွေးမိပါတယ်။

ခြေထောက်တွေ မလှလို့  ဖိနပ်လှလှလေးတွေ ဖက်ရှင်ကျကျ စီးရမှာ ၀ါသနာမပါတာလား… ဖိနပ်လှလှလေးတွေ မချစ်တတ်လို့ ပဲ အရုပ်ဆိုးဆိုး ခြေထောက်တွေ ပိုင်ဆိုင်ရတာလား…။ ဖိနပ်လှလှလေးတွေဟာ အမြဲတမ်း ကိုယ်နဲ့ သူစိမ်းပြင်ပြင်ပါပဲ။ အထက်တန်းကျောင်းသူ ဘ၀ကနေ ဘွဲ့ ရတဲ့အထိ ကျွန်မသစ္စာရှိရှိနဲ့  အမြဲမပြောင်းပဲ ၀တ်ခဲ့တဲ့ ဖိနပ်လေးတရံက အနက်ရောင် ယင်းမာ နံပါတ်ခုနှစ်ပါ။ ဖိနပ်ပါးလေးက ခြေလှမ်းမြန်မြန်လျှောက်တတ်တဲ့ ကျွန်မအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် ခိုင်ခံလွန်းလို့  ငွေအကုန်အကျလဲ သက်သာလှပါတယ်။ အဲဒီတမျိုးထဲကိုသာ စီးခဲ့လို့  ဖိနပ်ဆိုင်သွားတိုင်း ကျွန်မ ဟိုရွေးဒီရွေး ဦးနှောက်စား စရာမလိုပါဘူး။ ကျွန်မ အကြိုက်ဆုံးအရောင်က အဖြူရောင်ဖြစ်ပေမယ့် ကျွန်မနှစ်သက်တဲ့ အဖြူရောင်လေးကို ခြေထောက်အောက်မှာ မထားချင်လို့ အနက်ရောင်လေးပဲ ရွေးခြယ်ဝတ်ခဲ့တာပါ။ ဘယ်လောက်ထိ အဲဒီဖိနပ်လေးတရံကို စွဲလန်းသလဲဆို စာရေးရင်တောင် ကျွန်မဇာတ်ကောင် ကောင်မလေးကိုလဲ ဒီဖိနပ်လေးပဲ စီးခိုင်းခဲ့တာပါ။

ဒီနိုင်ငံမှာ အလုပ်လုပ်တော့ ကျွန်မနဲ့  ကျွန်မချစ်တဲ့ ဖိနပ်လေးတရံ ဝေးခဲ့ရပါတယ်။ ကျွန်မအလုပ်က ခြေချောင်းတွေပေါ်တဲ့ ဖိနပ်ကို ၀တ်ခွင့်မပေးတာမို့  ကျွန်မခြေထောက်နဲ့  သင့်တော်မယ့် ဖိနပ်တွေ ရွေးရတာ အတော်ကို ဒုက္ခများလှပါတယ်။ တချို့ လဲ ခြေချောင်းတွေ နာလွန်းလို့  တခါနှစ်ခါ ၀တ်ပြီး ချောင်ထိုးထားလိုက်ရတာရှိသလို တချို့ ကျတော့ ကျွန်မရဲ့ ခြေလှမ်းမြန်မြန်တွေနောက် မလိုက်နိုင်ပဲ ခဏနဲ့ လမ်းခွဲလိုက်ရတာတွေလဲ ရှိပါတယ်။ ဈေးပေါတာ ဈေးကြီးတာနဲ့  မဆိုင်ပဲ ကျွန်မခြေထောက်နဲ့ သာ ဆိုင်တာမို့  အပြစ်မဲ့တဲ့ ဖိနပ်လေးတွေကိုလဲ ရိုးမယ်မဖွဲ့ ရက်ပါဘူး။ ဖိနပ်တရံနဲ့  အဆင်မပြေဖြစ်တိုင်း ငယ်ချစ်ယင်းမာလေးကို တသသ လွမ်းမိတာပါပဲ။

ခုံမြင့်ဖိနပ်တွေနဲ့  မယဉ်ပါးတာကြောင့်ပဲလား ခြေချောင်းတွေကို ဖိနှိပ်ချူပ်ထားရလို့ ပဲလား မသိပါဘူး… ဒီနှစ်မှာ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာ တော်တော်ဖြစ်ပါတယ်။ ဆရာဝန်က ခြေမြင့်ဖိနပ်တွေ မ၀တ်ရလို့ ပြောလိုက်မှပဲ ထွက်ပေါက်ရပါတော့တယ်။ ရုံးက ခွင့်ပြုချက်နဲ့  flip flop ဖိနပ်လေးကို ယင်းမာဖိနပ်လေးအစား အစားထိုးရပါတယ်။ ဆရာဝန်က အရမ်းပြားတဲ့ ခြေညှပ်ဖိနပ်တွေလဲ မစီးရဘူး ဆိုလို့  ကျွန်မစွဲလန်းလွန်းတဲ့ ယင်းမာဖိနပ်လေးနဲ့ ပြန်ဆုံခွင့်မှ ရှိပါဦးမလားလို့  တွေးပူမိပါတယ်။ အစွဲအလန်းဆိုတာ ဘယ်အရာမှ မကောင်းပေမယ့် နှစ်ပေါင်းအတော်ကြာကြာ သံယောဇဉ်တွယ်ခဲ့တဲ့ ကျွန်မစိတ်သွားရာကိုယ်ပါအောင် အမြဲကူညီပေးခဲ့တဲ့ ကျွန်မငယ်ချစ် ယင်းမာဖိနပ်လေးတရံကို ဘယ်တော့မှ မမေ့နိုင်တာ အပြစ်လားနော်။

တန်ခူး

9:10pm 7-Aug-2013

(စာကြွင်း ။ ဘလော့အရင် ခေတ်က ချစ်တဲ့ ဘလော့ဂါမောင်နှမတွေ တက်ဂ်ဂိမ်းလေးတွေ ရေးကြတာ ပျော်စရာကောင်းသလို တယောက်နဲ့ တယောက်ပိုလို့  ရင်းနှီးစေတာမို့  အမြဲလွမ်းနေတတ်ပါတယ်။ မမျှော်လင့်ပဲ ချစ်တဲ့ညီမလေးခွန်မြလှိုင်က ဖေ့စ်ဘွတ်ပေါ် တက်ဂိမ်းလေး တက်ထားတာတွေ့ တော့ အရမ်းကို ၀မ်းသာသွားတာပါ။ ညီမလှိုင်ရေ… အမကို အမှတ်တရ တက်ပေးတာ ကျေးဇူးပါ)

Saturday, August 3, 2013

စွယ်တော်ရိပ်နဲ့  ပွဲကြိုက်ခင်



“ပွဲဦးကရန်… ခုနှစ်သံချီဆွယ်… အို... သွားလိုက်ကြတာ… လူတွေမနဲတယ်… လာလေ စောစောသွားမှ… တို့ နေရာရမယ်”

အလင်္ကာကျော်စွာစောင်းဦးဘသန်းရဲ့ အနုပညာ လက်ရာမြောက် ကျော်ကြားတဲ့ အဲဒီ ပွဲကြိုက်ခင် သီချင်းလေးများ ကြားရရင် ကိုယ့်များ စောင်းဆိုထားသလား ထင်ရလို့  အမြဲပြုံးမိပါတယ်။ ငယ်တုန်းက ရပ်ကွက်ထဲ ပွဲဆိုတဲ့ အသံကြားလိုက်တာနဲ့  ရင်တွေခုန်လို့  ရှေ့ ဆုံးကနေ အားရပါးရ မော့ကြည့်နိုင်ဖို့  ကြိုးစားရတာ အမောပါ။ ခုခေတ်နဲ့ ယှဉ်ရင် ကျွန်မတို့ ငယ်ငယ်က ပေါလိုက်တဲ့ ပွဲတွေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ပြာသို၊ တပေါင်း၊ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ အမျိုးသားနေ့ … သင်္ကြန်… စုံလို့ ။ ပွဲကြိုက်တဲ့ကျွန်မ အကဲပိုပုံ ပေပုံတေပုံက ပွဲဟေ့ဆို နတ်ကနားပွဲ၊ ကုလားမီးနင်းပွဲကအစ အလွတ်မပေးပဲ ကြည့်ခဲ့တာ။ ဒါကြောင့်လဲ ပွဲဦးကရန် ခုနှစ်သံချီတာနဲ့  အဖေ့ကြိမ်းသံနဲ့  အမေ့မျက်လုံးတို့ က ကျွန်မကို သတိပေးတဲ့ အနေနဲ့  ရောက်လာမြဲပါ။



ရွာရိုးကိုးပေါက် ရပ်ကွက်ထဲမှာ ဟိုပွဲပြေးကြည့် ဒီပွဲပြေးကြည့် စိတ်ထင်တိုင်းကျဲခဲ့တာ အသက်၁၃နှစ်လဲ ပြည့်ရော အဖေက ခွင့်မပြုတော့ပါဘူး။ အဲဒီကစ ပွဲကြိုက်တဲ့ကျွန်မ ပွဲသံကြားရင် အတော်ခံစားခဲ့ရတာပါ။ အဖေတို့ အမေတို့ တုန်းကတော့ မန်းလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ဘ၀မယ် ဆောင်းတွင်းအငြိမ့်ညတွေကို တ၀ကြီးကြည့်ခဲ့ရပြီး ကိုယ့်မှ ပွဲတွေနဲ့ ဝေးရလေခြင်းလို့  တယောက်ထဲ မကျေမနပ် တွေးမိခဲ့သေးတာ။ ဒါပေမယ့် ပြည်ထောင်စုပွဲရောက်ရင်တော့ အဖေက ကျိုက္ကဆံကွင်းထဲမှာ မြို့ တော်သိန်းအောင် သို့ မဟုတ် ဂီတပဒေသာ၊ ရုပ်ရှင်ပဒေသာလို ပွဲမျိုးတွေ သူနဲ့ အတူ လိုက်ပြတတ်သလို သင်္ကြန်ဆိုလဲ သံချပ်ပွဲတွေ သူနဲ့ အတူ လိုက်ပြတတ်တာမို့  ပွဲနဲ့  သူစိမ်းပြင်ပြင်တော့ မဟုတ်လှဘူးပေါ့လေ။



ဒီနိုင်ငံရောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့ ပွဲကြိုက်ပိုးလေးက ပြန်ထလာပါတယ်။ ဟိုပွဲလေးလဲ ကြည့်လိုက်ချင် ဒီပွဲလေးလဲ ကြည့်လိုက်ချင်ပါ။ ကြည့်လဲပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျတော့ အမျိုးသားက ဂီတအနုပညာ ကိုယ့်ထက်တောင် ၀ါသနာပါပေမယ့် လူရှုပ်ရှုပ်ဆို သိပ်မနေတတ်သူမို့  ပွဲကြည့်ချင်ရင် အတော်ပူဆာရပါတယ်။

“အရပ်ထဲ ဇာတ်ပွဲကနေတယ်… အော်… ဆိုင်းသံဗုံသံဆူညံ… မသွားနဲ့ ချစ်တဲ့သူရယ်… ဇာတ်သီချင်း.. လက်ငင်းဖွင့်ပြမယ်ကွယ်”

သူက ဂီတာလေးတီးလိုက် သီချင်းလေးညည်းလိုက်နဲ့  အေးအေးဆေးဆေးနေသူ။ ကျွန်မကြိုက်တဲ့ မြန်မာသံစဉ်တွေကိုလဲ အသေအချာဆိုနိုင်သူ။ ခက်တာက ပွဲကြိုက်ခင်ကျွန်မ။ ပွဲသွားရမှလေ။ ပွဲဆိုတဲ့ ဆွဲဆောင်နိုင်မှုကလဲ မသေးနော်။ လှူရှုပ်ရှုပ်မို့  စိတ်မပါလက်မပါနဲ့  လိုက်ခဲ့ရတဲ့သူ သူတောင် ဆိုင်းသံလေးပျိုးလိုက်တာနဲ့  နဂိုဂီတမြတ်နိုးမှုအခံစိတ်လေးပေါ်လာပြီး ပွဲခေါ်ရာနောက်ပါသွားတော့တာပါပဲ။



အသက်လေးနဲနဲရလာတော့ အရင်ကလို ပွဲဆို မရိုးမရွဖြစ်တတ်တဲ့ အကျင့်လေးက သိပ်အခြေအနေ မဆိုးတော့ပါဘူး။ ပွဲတိုင်းမသွားဖြစ်အောင် နေနိုင်ပေမယ့် မနေနိုင်တဲ့ပွဲ တခုကတော့ စွယ်တော်ရိပ်အငြိမ့်ပွဲပါ။ ကျွန်မတို့  စက်မှုတက္ကသိုလ် ၀ါသနာရှင် ကျောင်းသားဟောင်းတွေ ဦးဆောင် ဖျော်ဖြေတဲ့ပွဲလေးပါ။ အနုပညာဝမ်းစာ ပြည့်ဝတဲ့အပြင် ပါရမီပါတယ်လို့ တောင် ဆိုရမလိုပါပဲ။ မင်းသမီး အစ လူရွှင်တော်အလယ် ယိမ်း၊ ပြဇာတ်အဆုံး ဘယ်နေရမှ ဟာကွက် လွတ်ကွက်မရှိအောင် ကောင်းနိုင်လွန်းတာပါ။ ပျက်လုံးတွေကလဲ အဆင့်ရှိ ထိမိလှပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုလေးတွေကို အသားပေးထားတာမို့  ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့ ကျွန်မသားလေးအတွက် အံ့သြစရာတွေ ပြည့်လို့ ပါ။ စွယ်တော်ရိပ်လို့ ဆိုတာနဲ့  အဖေရောသားပါ သိပ်အဖော်စပ်နေစရာမလို အပြေးလိုက်ကြတာမို့  ပွဲကြိုက်ခင် ကျွန်မကတော့ ဟန်အတော်ကျနေတာပေါ့လေ။



“အပျော်ဆိုတာရယ်… ငွေကုန်ခံနိုင်ရင်… အကောင်းဆုံးပဲ.. ပွဲကြိုက်တဲ့ခင်နှမရယ်… အအိပ်ပျက်တယ်… အစားပျက်တယ်… ဓာတ်ပြားတပြားလောက် ဖွင့်ကာနေတော့ကွယ်”

စွယ်တော်ရိပ်သုခုမည 2013မှာ ပြန်လာတော့မယ် လက်မှတ်တွေ ရောင်းနေလဲဆိုတော သိပ်စဉ်းစားမနေ ငယ်တုန်းက ဇာတ်ခုံရှေ့ မှာ ဖျာခင်းနေရာဦးသလို ရှေ့ ဆုံးတန်းက လက်မှတ်အပြေးလေးဝယ်တဲ့ ကျွန်မကို အိမ်ကလူက ငွေကုန်တယ်ပြောလဲ ထိန်းမရတော့ပါဘူး။ ပွဲရူးမလို့  အရပ်ထဲကပြောကြပါစေ ကျွန်မကတော့ စွယ်တော်ရိပ်ဆိုတာနဲ့  စိတ်မလျော့ပါဘူး။ ပွဲမကြိုက်တတ်သူတွေတောင် စွယ်တော်ရိပ်အစွမ်းကြောင့် ဘ၀အမောတွေ အဝေးပြေး လန်းဆန်းသွားရမှာ သေချာသမို့  အတူကြည့်ရအောင် လက်မှတ်ဝယ်ဖို့  တိုက်တွန်းလိုက်ပါရစေ။

“အရပ်ထဲကပြောလှပါပြီ… ဒီပွဲရူးကြောင့်ခက်လှချည်ရဲ့… ရှက်လှပေါ့ခင်ရယ်… ပြောပေမယ့်လို့ … ဘယ်ခါမလျော့တယ်”

(စွယ်တော်ရိပ်အဖွဲ့ ရဲ့ ဓာတ်ပုံလေးများကို သုံးခွင့်ပေးသော မရွှေစင်မကို ကျေးဇူးပါ)

တန်ခူး

4:05pm 3-Aug-2013

Wednesday, July 31, 2013

ချစ်နေဖို့ 



ရုံးနားလေးမှာ နေ့ တိုင်း ရေခဲမုန့် ရောင်းတဲ့ အန်ကယ်ကြီးနဲ့ အန်တီကြီးကို တွေ့ ရင် အမြဲကြည်နူးမိပါတယ်…။ နေ့ လည်ဆို ရေခဲမုန့် ဆိုက်ကယ်လေးကို အန်ကယ်ကြီးကမောင်း အန်တီကြီးက အန်ကယ်ကြီးခါးလေးကိုဖက်လို့  တရုတ်သီချင်း ကက်ဆက်လေးဖွင့်ပြီး ရေခဲမုန့် ရောင်းဖို့  ရောက်လာတတ်ပါတယ်…။ နေ့ လည်ဘက်ရေခဲမုန့် အ၀ယ်ကျပြီလားဆို အန်ကယ်ကြီးက ရေခဲမုန့် လှီး အန်တီကြီးက ပေါင်မုန့် ဝေဖာညှပ်နဲ့  တကယ့်မောင်ထတမ်း မယ်တရွက်ပါ…။ သူတို့ အသက်တွေမှန်းရင် ၆၀ကျော် ရ၀ဆယ်နီးပါးပါ။ လုပ်ရင်းကိုင်ရင်း ရယ်ရင်းမောရင်းနဲ့  တဦးအပေါ်တဦးမေတ္တာထား နားလည်မှုတွေအပြည့်နဲ့ ဆိုတာ သူတို့ အပြုံးလေးတွေက တဆင့်ခံစားရပါတယ်။ ညနေ ရေခဲမုန့် ကုန်ရင် ဆိုင်ကယ်လေးသိမ်းပြီး နှစ်ယောက်အတူ သီချင်းလေးနဲ့ အိမ်ပြန်ကြတာတွေ့ ရင် ကျွန်မက ဒီအရွယ်အထိ ချစ်နိုင်ကြသေးတဲ့ သူတို့ မောင်နှံကို ကြည်ကြည်နူးနူး အမြဲလက်ပြနှုတ်ဆက်တတ်ပါတယ်…။ သူတို့ အပျော်တွေ ကိုယ့်ဆီကူးလာသလို ကိုယ်လဲပဲပျော်မိပါတယ်…။



ဟိုတလောက ကျွန်မချစ်သူငယ်ချင်း စုချစ်သူရဲ့အဖွားဆုံးတော့ သူ့ အဖိုးနဲ့ အဖွားပုံလေးတွေ ဖေ့စ်ဘွတ်ပေါ်တင်ထားတွေ့ ပြီး အသက်ရာကျော်တိုင် တဦးနဲ့ တဦး အပြန်အလှန် နားလည်မှုတွေနဲ့  သစ္စာရှိရှိလက်တွဲလာတဲ့ အဖိုးနဲ့ အဖွားစုံတွဲကို စံပြစုံတွဲအဖြစ်တောင် မော်ကွန်းတင်သင့်တယ်လို့  ခံစားမိပါတယ်…။ တမိသားနဲ့ တမိသား မတူတဲ့ မိသားစု နှစ်ခုက ဆင်းသက်လာတဲ့ သူနှစ်ဦးတို့  အဲဒီလောက် အချိန်တွေကြာတဲ့အထိ အတူလက်တွဲပြီး တယောက်ကို တယောက်ဖေးမလာနိုင်ကြခြင်းရဲ့ နောက်ကွယ်က ချစ်ခြင်းမေတ္တာတရား ဘယ်လောက်များကြီးမားမလဲဆိုတာ ကျွန်မဖြင့် မမှန်းဆနိုင်လောက်အောင်ပါပဲ…။ ကာရာအိုကေ၊ စပွန်ဆာ၊ နိုက်ကလပ်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်းနဲ့ ဘီယာဆိုင်တွေမှာ အိမ်က မိသားစုတွေကို မေ့ လျော့နေကြသူ တချို့ ကို လက်တို့ ခေါ်ပြလိုက်ချင်မိပါတဲ့အထိပါပဲ…။



ဖေ့စ်ဘွတ်ပေါ်မှာ ကျွန်မတွေ့ တွေ့ နေတဲ့ “Falling in love is easy. But staying in love is very specail” ဆိုတဲ့ စာသားလေးနဲ့  ချစ်စရာဖိုးဖိုးဖွားဖွား ကြင်နာဖေးမနေကြတဲ့ စုံတွဲပုံလေးတွေတွေ့ ရင် ကျွှန်မချစ်လို့  သိမ်းထားမြဲပါ…။ ၀ုန်းဝုန်းဒိုင်းဒိုင်း ချစ်ကြကြိုက်ကြတာက သိပ်ကို လွယ်ကူပေမယ့် ချစ်ခြင်းတွေ တည်တံ့ခိုင်မြဲဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူးမိုလား…။ တယောက်က ဖြူ တယောက်ကမဲ အကြိုက်ချင်းတွေ ဆန့် ကျင်တတ်ပေမယ့် နားလည်မှုဆိုတဲ့ တံတားသာမကျိုးခဲ့ရင် ချစ်ခြင်းတွေ သက်ဆုံးတိုင်ဖို့ ဆိုတာ အသေအချာဖြစ်မှာပါ…။ သစ္စာတရားဆိုတဲ့ တံတိုင်းကြီးသာ မြဲမြံခဲ့ရင် ကြားလေသွေးဖို့ ဆိုတာ ဝေးရော့လေ…။ ဘ၀အမောတွေအတွက် တယောက်ပုခုံးကို တယောက်အသင့်ဖြစ်နေကြရင် ပူလောင်မှုတွေက ဝေးဝေးပြေးလို့  အေးမြငြိမ်းချမ်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်ကြရမှာ အမှန်ပါပဲ…။



ဖတ်ဖူးတဲ့ ကမ္ဘာ့ မင်္ဂလာသက်တမ်းရှည်ကြာဆုံး ဇနီးမောင်နှံရဲ့ လက်ဆောင်စကားလေးကို ဝေမျှပါရစေ…။ “There’s no secret to our marriage, we just did what was needed for each other and our family. Respect, support and communicate with each other. Be faithful, honest & true. Love each other with ALL of your heart.” တဲ့။ တကယ်တော့ ဒါဟာလျို့ ဝှက်ချက်တခုမှ မဟုတ်ပဲ…လေးစားမှု… ထောက်ပံ့မှု… ဆက်သွယ်မှု… သစ္စာတရား… ရိုးသားမှန်ကန်မှု နဲ့ ချစ်ခြင်းတရား ဆိုတာတွေလေးသာ အမြဲရှင်သန်နေခဲ့ရင် သက်ထက်ဆုံးပေါင်းသင်းသွားကြမယ့် သေချာတဲ့အနာဂတ်တခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။

(ချစ်ကြသူတိုင်း ချစ်နေနိုင်ကြဖို့ …ပို စ့်၂၀၀ပြည့် အမှတ်တရ)

တန်ခူး

31-Aug-2013 5:52pm span>

Monday, July 22, 2013

တြိဂံ



“မိခင်တယောက်အတွက် လောကမှာအရေးကြီးဆုံးက သူမရဲ့ရင်သွေးပဲဖြစ်တယ်… “

နှင်း

အိပ်မောကျနေတဲ့ သမီးလေးနဖူးကို ခပ်ဖွဖွနမ်းပြီး အိပ်ရာနံဘေးစားပွဲပေါ်က အသင့်ဖွင့်ထားတဲ့ Notebookကို သက်ပြင်းချရင်းကြည့်မိတယ်။ မျှော်လင့်ထားတဲ့အတိုင်း သူက on lineပေါ်မှာ ကိုယ့်ကို အသင့်စောင့်လို့ ။ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားမိတယ်။

“စောင့်လိုက်ရတာ ကလေးရယ်” တဲ့။ ချွှဲပျစ်ပျစ် စေးထန်းထန်း အပြောက ရင်ထဲကို ခါးသက်စွာ စီးဆင်းသွာတယ်။

“ဟုတ်တယ်… ခုမှကျောင်းကပြန်ရောက်တာကိုကြီးရဲ့”။ ၁၈နှစ်သမီးအရွယ် ခပ်သွက်သွက်လေသံလေးပေါ့။ ဒါမှ profile ပုံမှာ နှုတ်ခမ်းလေးစူတူတူ လုပ်ပြနေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကိုရီးယားမင်းသမီးလေးနဲ့  တူတဲ့ ချစ်စရာကောင်မလေးနဲ့  လိုက်ဖက်မှာလေ။

“ကလေး… ကိုယ့်ကို ထပ်မနှိပ်စက်ပါနဲ့ တော့ကွာ… တွေ့ ချင်တယ်” ဆိုပဲ။ တွေ့ ချင်တဲ့သူကို အချိန်တန်တော့ တွေ့ ရမှာပေါ့လေ။

“ကိုကြီး… ဒီနေ့ ညစာဘာနဲ့ စား”… သူ့ မေးခွန်းကို တမင်ကို မဖြေပဲ လှလှလေးရှောင်လိုက်တယ်။

“ကလေးကလဲကွာ… အဲလိုစကားမလွှဲနဲ့ … ကလေးလောက် ကိုယ့်စိတ်ကိုလှမ်းဖတ်နိုင်တာ ကလေးပဲရှိတယ်… မှန်းကြည့်… ဒီနေ့ ညစာကိုယ်ဘာနဲ့ စားလဲ”….။ စိတ်ကို လှမ်းဖတ်နိုင်သတဲ့လား။ အကျယ်ကြီးသာ အော်ရယ်ပစ်ချင်တော့တယ်။

“အင်း….. မဟုတ်မှလွဲရော ကိုကြီးကြိုက်တဲ့ ပဲကုလားဟင်း…ဟိဟိ”။ ရင်တွေခုန်လိုက်စမ်း ကိုကြီးဆိုတဲ့သူရေ။

“ဘာလို့ များအဲလောက် စိတ်ချင်းဆက်သွယ်နေတာလဲ ကလေးရယ်” ဆိုပါလား။ ဘာလို့ ဒီလောက် စိတ်ချင်းဆက်သွယ်နေတာလဲဆိုတဲ့ အကြောင်းရင်းတာသိခဲ့ရင် ရှင်ဘယ်လိုနေမလဲ။

“ကိုကြီး… girl friendမမ နဲ့ OKလား” … သေချာအောင် သွေးတိုးစမ်းလိုက်တယ်။

“သူနဲ့ ပြတ်တာ တလတောင်ရှိပါပြီလို့  ကလေးကိုပြောထားတယ်လေ… ကလေးကို ယုံအောင် အပြင်မှာတွေ့ ပြီး ပြောပြချင်တယ်… သူနဲ့ က သိပ်serious မဖြစ်တဲ့ Just for fun ပါ… ကိုယ့်ရင်ကို ကလေးလောက် ဘယ်သူမှ မထိရှနိုင်ဘူး” ဆိုတဲ့ စာလုံးတွေကို ခပ်မြန်မြန်တွေ့ လိုက်ရတယ်။ ကိုယ်လိုချင်တဲ့အချိန် ကိုယ့်ရည်ရွယ်ချက်တွေ အထိုက်အလျောက် အောင်မြင်သွားတော့ နဲနဲတော့ ကျေနပ်သွားမိတယ်။ တော်ပြီလေ။ ဒီနေ့ ညဒီလောက်ဆို။

“ကိုကြီး… မနက်ဖြန်projectအတွက် စာလုပ်ရဦးမှာ… ဘိုင်”…။ ခပ်သွက်သွက်နှုတ်ဆက်လိုက်တယ်။ တနေ့ လုံး အလုပ်ကပင်ပန်း… သမီးလေးစာပြတာပင်ပန်း… ချက်ရပြုတ်ရပင်ပန်း… နဲ့  အိပ်ခါနီးမှာ ဒီစိတ်ပျက်စရာအလုပ်တခုကို ၀တ္တရားအရလုပ်နေရတာ ကြာတော့ လူလဲအတော် ပင်ပန်းနွမ်းရိနေပြီလေ။

“ကလေး... အဲလိုမရက်စက်နဲ့ ကွာ…တွေ့ ဖို့ ရက်လေးတော့ ပြောထားခဲ့” တဲ့။ တွေ့ ဖို့ ရက်။ ကိုယ်လဲ အဲဒီရက်ကို ရောက်ချင်နေခဲ့တာအမှန်ပဲ။ အချိန်လဲ သိပ်မဆွဲချင်ဘူးလေ။

“ကိုကြီး… နောက်အပတ်တွေ့ မယ်နော်… စက်တင်ဘာ၉ရက်လေ”…။ အဲဒီနေ့ ကို ကိုယ်တမင်တကာ ရွေးချယ်လိုက်ခြင်းကို သူရိပ်မိပါ့မလား။ မွှန်နေတဲ့သူက ရိပ်မိပုံမရ။

“ပျော်လိုက်တာကလေးရယ်… ဘယ်မှာတွေ့ ကြမလဲဟင်” ဆိုကတည်းက ကိုယ်သိလိုက်ပြီ။ အဲဒီနေ့ ကို သူသတိကို မရတော့တာဆိုတာ။ ပါးပြင်ပေါ်က စိုစွတ်လာတဲ့ မျက်ရည်တွေကို သုတ်ရင်း…နောက်ဆုံးတခွန်းနဲ့ နှုတ်ဆက်လိုက်တယ်။

“မနက်ဖြန်မှပြောမယ်… ဘိုင်”။ လူးလွန့် လာတဲ့သမီးလေးကို ဆံပင်လေးတွေ ဖွဖွသတ်ပေးနေမိတယ်။ သမီးရေ မေမေ့အတွက် လောကကြီးမှာ အရေးကြီးဆုံးက သမီးပါပဲ။ သမီးအတွက် မေမေမလုပ်ချင်ဆုံး အလုပ်တွေ လုပ်နေရတော့တယ်။

***********************************************************

“စိတ်ခံစားမှုနောက်ကို မျက်ကန်းတယောက်လို လိုက်ရင်း ကမ်းမမြင်လမ်းမမြင်နိုင်တဲ့ အမှောင်တိုက်ထဲကို အဆင်အခြင်ကင်းမဲ့စွာ တိုးမိတဲ့ကျွန်မအတွက် ၀ဋ်ဆိုတဲ့အရာက အဲလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့  မမျှော်လင့်ခဲ့တာ အမှန်ပဲ နှင်းရယ်”

နေနေ



ဆိုင်ထဲကို လှမ်းဝင်လာတဲ့ ဆံပင်တိုတို မျက်နှာထင်းထင်းနဲ့  အခြယ်အသကင်းပြီး ပင်ကိုယ်လှနေတဲ့ သူဟာ နှင်းဆိုတာ သေချာသလောက်ရှိနေတယ်ဆိုတာ ကိုယ့်မျက်ဝန်းတောင် ကိုယ်မယုံမိ။ ရှပ်အင်္ကျီအပြာရောင်လေးနဲ့ ဂျင်းဘောင်းဘီလေးဝတ်ခဲ့မယ်လို့ နှင်းပြောထားသည်လေ။ ပိန်ပိန်သွယ်သွယ်နဲ့ မျက်လုံးလေးတွေ နူးညံ့နေတဲ့ နှင်းက ကိုယ့်ကို လှမ်းမြင်ပြီး ပြုံးပြသေးတာ။ တကယ်ဆို ကိုယ်က ဒီအပြုံးတွေနဲ့ မထိုက်တန်တာပဲ။

“စောင့်ရတာကြာသွားသလား မနေနေ… ဆောရီးနော်… ကျွန်မသမီးလေးကျူရှင်ပို့ ပြီးမှ လာရတာမို့ ပါ”

“ရပါတယ်နှင်းရယ်… နှင်းမှာ သမီးလေးကိစ္စတွေ တယောက်ထဲလုပ်နေရတယ်ဆိုတာ တို့ နားလည်ပါတယ်”

ယဉ်ကျေးတဲ့နှင်းကို နူးညံ့စွာတုန့် ပြန်မိတယ်။ ငွေမက်…ဂုဏ်မက်.. ပကာသနမက်.. မောက်မာတဲ့မိန်းမ… တကိုယ်ကောင်းဆန်တဲ့မိန်းမတဲ့။ အဲဒီအပြောတွေကို ကိုယ်က အသေအချာကြီးကို ယုံပစ်ခဲ့ပြီး ဒီမိန်းမလက်ထဲက အချစ်ကို ကယ်တင်မယ်လို့  ကြွေးကြော်ခဲ့သေးတာ ပြန်သတိရပြီး တယောက်ထဲရှက်နေမိတယ်။ နှင်းကတော့ ဘယ်သိနိုင်မလဲနော်။

“ပြောပါမနေနေ… ဘာများအရေးတကြီးကိစ္စရှိလို့ လဲဟင်”

နှင်းကတည်ငြိမ်သလောက် ကိုယ့်ရင်ထဲမှာ ဗလောင်ဆူလို့ ။ နှင်းကို ခုချက်ချင်းကွာရှင်းခဲ့… နှစ်ယောက်အတူဘ၀လေး တည်ထောင်ကြမယ်လို့ … ပြောခဲ့ဖူးတဲ့ ကိုယ်ကျင့်တရားတွေ ဟိုးအောက်ဆုံးရောက်အောင် နိမ့်ကျလွန်းတဲ့ ကိုယ့်ကို နှင်းတကူးတက လာတွေ့ ပေးတာ ကျေးဇူးပါနှင်းရယ်။

“ဘာမှတော့ အရေးတကြီး မရှိပါဘူးနှင်းရယ်…. နှင်းခွင့်လွှတ်နိုင်မှာမဟုတ်ဘူးဆိုတာ သိလို့  ခွင့်လွှတ်ဖို့ လဲ မတောင်းဆိုပါဘူး… သူများမိသားစုကို ဖြိုခွင်းဖို့ မိုက်မိုက်မဲမဲကြံစည်ခဲ့ဘူးတဲ့မိန်းမတယောက်က နှင်းဆီမှာ ဖြောင့်ချက်ပေးတယ်လို့ ပဲ သဘောထားပါနော်”

“ရပါတယ် မနေနေ… လောကကြီးဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့ ရတာမှာ မဟုတ်ပဲလေ… ဘယ်မိသားစုမှ အိမ်ထောင်ရေးပြိုကွဲတာကို လိုချင်ကြမှာမဟုတ်ပါဘူး… ဖြစ်ပြီးတာတွေ ထားပါတော့လေ… ခုလို မနေနေ ကျွန်မနဲ့ သမီးလေးအပေါ် မိန်းမချင်းကိုယ်ချင်းစာပေးတာ ကျေးဇူးပါ”

နှင်းနောက်ဆုံးစကားက နှလုံးသားကို ဓားချွန်ချွန်နဲ့ ထိုးနှက်လိုက်သလို။ နှင်းထင်သလို ကိုယ်က အလိုလိုနောင်တရ နောက်ဆုတ်ခဲ့သူမှ မဟုတ်တာ။ သူများနှလုံးသားထဲက မတရားလုယူခဲ့တဲ့ အရာတခုကို ပိုင်ရှင်မမှန်တော့ ကိုယ့်လက်ထဲက နောက်တယောက်လုယူခံခဲ့ရတာပါနှင်း။

“မဟုတ်ပါဘူးနှင်းရယ်… ကျွန်မအဲလောက် ဆင်ခြင်နောင်တမရှိခဲ့ပါဘူး… ခုကျွန်မအမြင်မှန်ရ နောင်တရခဲ့တာ နှင်းတို့ ကိုကိုယ်ချင်းစာ နားလည်ပေးခဲ့လို့ မဟုတ်ပါဘူး… ခု အချစ်… ဆောရီး…နှင်းရယ်…အကျင့်ပါနေလို့ ပါ… အချစ်ဆိုတာ နှင်းရဲ့မောင်ကို ကိုယ်ခေါ်တာပါ… သူ နောက်တယောက်နဲ့ ဖြစ်သွားမှ ကျွန်မအသေအလဲခံစားရတာပါ… အဲဒီတော့မှ အိမ်ထောင်သက်တွေ အရမ်းကြာပြီး သမီးလေးတယောက်နဲ့ မိသားစုလေးပိုင်ရှင်ဖြစ်တဲ့နှင်း ဘယ်လောက်များခံစားရမလဲဆိုတာ သတိရ ကိုယ်ချင်းစာသွားပြီး နှင်းရှေ့ မှာ ၀န်ချချင်လို့ ပါ”

စကားအရှည်ကြီးပြောပြီး ရင်ထဲမှာ မောဟိုက်နွမ်းရိသွားတယ်။ နှင်းက မျက်ရည်တွေနဲ့  ပူလောင်နေတဲ့ ကိုယ့်ကို ခပ်ငြိမ်ငြိမ်လေးကြည့်နေတယ်။

“ခု သူနောက်တယောက်ရသွားတာ နှင်းဘယ်လိုမှ မခံစားရဘူးလားဟင်… နှင်းကြည့်တာ တည်တည်ငြိမ်ငြိမ်ပဲနော်”ံ

ကလေး…ကလေးနဲ့ နှုတ်ဖျားက မချပဲ ကိုယ်နဲ့ နောက်ဆုံးတွေ့ တဲ့ နေ့ မှာ ကိုယ့်ကို ရက်ရက်စက်စက်ပြောရက်ခဲ့သူ။ သူ့ ဘ၀ရဲ့ ကျန်တဲ့နေ့ ရက်တွေကို ကလေးနဲ့ ကုန်ဆုံးတော့မှာမို့ မေ့လိုက်ပါတော့တဲ့။ အဲဒီနေ့ ကနေ ယနေ့ ထက်ထိ ကိုယ့်မှာ မျက်ရည်ပင်လယ်ထဲမှာ ကူးခတ်နေရသလို နေ့ လဲမျက်ရည်… ညလဲမျက်ရည်။ နှင်းကတော့ မပူမလောင် တည်ငြိမ်လွန်းလိုက်တာ။

“စိတ်လျော့လိုက်ပါ မနေနေ…. ကိုယ့်ကိုမှ မချစ်တဲ့သူတယောက် သစ္စာမရှိတဲ့သူတယောက်ကို နာကျည်းပစ်လိုက်ဖို့ … မုန်းမေးပစ်လိုက်ဖို့ …လမ်းခွဲပစ်လိုက်ဖို့ ဆိုတဲ့ ကျွန်မမှာ မရှိတဲ့အင်အားတွေ မနေနေမှာ ရှိပါတယ်.. ကျွန်မမှာတော့ ကိုယ့်မာန ကိုယ့်အတ္တတွေထက် အရေးကြီးတဲ့ သမီးလေးက ရှိနေတယ်လေ… သမီးလေးကို ပြီးပြည့်စုံတဲ့မိသားစုလေးရစေချင်တဲ့မိခင်တယောက်ရဲ့စေတနာဟာ တခြားအရာတွေကို တမင်မေ့ဖို့ တွန်းအားပေးတဲ့သဘောပေါ့လေ… ကျွန်မကိုခွင့်ပြုပါဦးနော်… ချက်ရပြုတ်ရဦးမှာမိုလို့ ပါ… ”

မျက်ရည်တွေကြားထဲကနေ နှင်းကို ခေါင်းငြိမ့်ပြုံးပြမိတယ်။ တကယ်လို့ သာ သူ နောက်တယောက် မတွေ့ ခဲ့ရင် ရူးရူးမိုက်မိုက်ရှေ့ တိုးပြီး သူများမိသားစုလေးကို ဖြိုခွဲဖို့ ကြံခဲ့မိတဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လို့ မရအောင်မုန်းနေမိတယ်။ ကိုယ့်ဘ၀တသက်စာဖူလုံတဲ့သင်ခန်းစာပါနှင်းရေ….။

***********************************************************

“ဖခင်တယောက်ဆိုတာ မေ့လျော့တဲ့အထိ ယိုင်နဲ့ ပျော့ပြောင်းလွန်းတဲ့ မခိုင်မာလွန်းတဲ့စိတ်တွေနဲ့ ကိုယ့်ကို အမှောင်ထုထဲကနေ လိမ္မာပါးနပ်စွာ ဆွဲထုတ်အလင်းပေးခဲ့တဲ့ ကိုယ့်ဇနီးလေးနှင်းကို ကိုယ်အမြဲသစ္စာရှိနေတော့မယ်လို့  လေးနက်တဲ့ကတိပေးပါတယ်နှင်းရယ်”

ဝေမိုး

ဒီ shopping centre က ကလေးတွေ ပစ္စည်းဆိုင်လေးတွေ… ကလေးကစားစရာဆိုင်လေးတွေ… ကလေးကစားကွင်းလေးတွေပြည့်နေတာမို့  ကလေးshopping centreလို့ ခေါ်လို့ တောင်ရတဲ့နေရာမှာ ကလေးက ချိန်းတာမို့ ကလေးစိတ်မကုန်သေးတဲ့ ကလေးကို မှန်းဆကြည့်ရင်း ကိုယ့်ရင်တွေ တဒုန်းဒုန်းခုန်နေမိတယ်။ ဆံပင်ညိုညိုလေးတွေ ဆိုးထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့  အရမ်းချစ်စရာကောင်းတဲ့ ကိုယ့်ကလေးလေး ဘယ်နေရာကများ ကိုကြီးလို့ ခုန်ပေါက်ခေါ်ပြီး ပြေးလာမလားရယ်လို့  အသက် ၁၈နှစ်ကောင်မလေးတွေတွေ့ တိုင်း ကြည့်ရတာအမော။

“ကိုကြီးလား… ကလေး အောက်က MCdonaldဆိုင်မှာ စောင့်နေပြီ… ဘယ်ရောက်နေတာလဲ… လာခဲ့တော့လေ…ကိုကြီးကြိုက်မယ်ထင်တဲ့ double cheese burger မှာထားတယ်… လာခဲ့တော့”

“ဟုတ်ပြီ…ဟုတ်ပြီ… ကလေးရေ..ကိုကြီး double cheese ကြိုက်တာလဲ သိလိုက်တာပဲနော်… ကိုယ်ခုလာပြီကွာ”

ကိုယ်က အပေါ်ထပ်မှာရောက်နေတာမို့  အောက်ထပ်က MCdonald ဆိုင်ကို အပြေးသွားမိတယ်။ ဇာအင်္ကျီဖြူဖြူလေးနဲ့ စကပ်ပန်းရောင်လေးဝတ်ခဲ့မယ်ဆိုတာကြောင့် အဖြူရောင်နဲ့  ပန်းရောင်အရိပ်ကလေးကို ရှာမိတယ်။ အရေးထဲ မွေးနေ့ တခုက ဆိုင်ထဲမှာ ကျင်းပနေတာမို့  ကလေးတွေနဲ့ ဆိုင်တခုလုံးပြည့်နေတယ်။ ဘယ်မှာလဲကလေးရေ။

“ဖေဖေ… ဖေဖေမီးမီးမွေးနေ့ ကို လာတယ်နော်.. ဖေဖေမီးမီးမွေးနေ့ ကို မှတ်မိတယ်နော်… မေမေပြောတာမှန်တယ်”

လူအုပ်ထဲကနေ အပြေးထွက်လာတဲ့သမီးကို တွေ့ လိုက်ရတော့မှ ဒီနေ့ စက်တင်ဘာ၉ရက်နေ့ … သမီးမွေးနေ့ ဆိုတာ လှစ်ကနဲသတိရသွားမိတယ်။ သမီးနောက်က ကပ်လိုက်လာတဲ့ ဇာအင်္ကျီအဖြူရောင်လေးနဲ့ စကပ်ပန်းရောင်လေးနဲ့ အရိပ်တခု။ ကိုယ်အပြေးအလွှားရှာနေတဲ့ ကလေးတော့မဟုတ်။ သမီးရဲ့မေမေနှင်း။ နှင်းက ကိုယ့်ကို သူ့ ဟန်အတိုင်း အေးအေးလေးပြုံးပြတယ်။

“မောင်… လာလေ… နှင်းတို့ birthday cakeမခွဲသေးပဲ မောင့်ကို စောင့်နေကြတာ… ခုနမောင့်ကို ဖုန်းဆက်တဲ့အတိုင်း ဒီမှာ နှင်းမှာထားတဲ့ double cheese burger… အရင်စားလိုက်ဦးနော်”

နှင်းပေးတဲ့ burgerကိုလှမ်းယူရင်း တစုံတခုကို အသေအချာစွာ သဘောပေါက်လိုက်မိတယ်။ ကိုယ့်ဘာကြိုက်သလဲ ကိုယ်ဘာစားသလဲ ကိုယ်ဘာဝတ်သလဲ အမြဲမှန်အောင် ပြောနိုင်တာကို စိတ်ချင်းဆက်တယ်ဆိုပြီး ရင်တွေခုန်နေမိတဲ့ ကိုယ့်အဖြစ်ကိုယ် ကြိတ်ရှက်မိတယ်။ ဒါဆို နှင်းက ကလေး… ကလေးကနှင်းပေါ့။

“မောင်… ဒါကသမီးအရမ်းကြိုက်တဲ့ ကိုရီးယားအဆိုတော်မလေးတွေ အခွေလေ…နှင်းမွေးနေ့ လက်ဆောင်ပေးလို့ သမီးကပျော်နေတာ… သမီးအကြိုက်ဆုံးက အဲဒီဆံပင်ညိုညိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်မလေးပေါ့”

နှင်းလှမ်းပေးတဲ့ အခွေကာဗာက ကောင်မလေး။ ကလေးရဲ့facebook profileက ပုံလေးပါပဲ။ နှင်းကို မလုံမလဲနဲ့ လှမ်းအကြည့်မှာ နှင်းက သမီးမွေးနေ့ ကိတ်လေးပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းညှိနေလို့ ။ နှင်းချက်တဲ့ ထမင်းဟင်းစား… နှင်းလျှော်ဖွတ်မီးပူတိုက်တဲ့အကျီင်္ကိုဝတ်… နှင်းရှင်းထားတဲ့အိမ်သန့် သန့် မှာနေပြီး… ငြီးငွေ့ တယ် အလုပ်ရှုပ်တယ် အကြောင်းပြပြီး အခန်းခွဲနေလို့  ရှုပ်ချင်တိုင်းရှုပ်ခဲ့တဲ့ ကိုယ့်ကို နှင်းက သင်ခန်းစာပါးပါးလေးပေးခဲ့ပြီ။ နှင်းအပြစ်မဆိုပါပဲ ကိုယ့်မှာ ရှက်စိတ်ယူကျုံးမရတဲ့စိတ်နဲ့ ဟိုးမြေကြီးထဲကို နစ်ဝင်ပုန်းခိုနေချင်မိနေတယ်။ စက်တင်ဘာ၉ရက်နေ့ ကို တမင်တကာကို ချိန်းခဲ့တဲ့ကလေး သို့ မဟုတ် နှင်း။ သမီးလေးလဲပျော်ရွှင် ကိုယ့်ကိုလဲပညာပေး… အဲလောက်လိမ္မာပါးနပ်တဲ့ မိန်းမတယောက်တန်ဖိုးကို ကိုယ်ဥပေက္ခာပြုထားမိခဲ့တာ။

“မောင်… ဒီဘက်ကိုလာလေ… family ပုံလေးရိုက်ရအောင်”

“ဖေဖေ… သမီးbrithday cake လေးကို ၀ယ်ပေးတာthank you နော်”

သမီးလေးစကားကြားတော့ ကိုယ်ကြောင်သွားတယ်။ နှင်းက မျက်စိတဘက်မှိတ်ပြမှ သမီးလေးကို ကိုယ့်ကိုလဲ အချစ်မပျက်ရအောင် နှင်းကကိုယ့်အစားတာဝန်ယူထားတယ်ဆိုတာ သတိထားမိတော့တယ်။

“မောင့်ကို ခွင့်လွှတ်..”

စကားမဆုံးခင်နှင်းက ကိုယ့်နှုတ်ခမ်းကို အသာပိတ်လိုက်တယ်။ အားလုံးအတူဆိုတဲ့ birthday သီချင်းနဲ့ အတူ ကိုယ်ပါဆိုရင်း ကိုယ့်မိသားစုလေးနဲ့ တသားထဲအတူပြန်ဖြစ်သွားတယ်။ အရာရာအတွက် ကျေးဇူးပါနှင်းရယ်။

***********************************************************

တန်ခူး

9:25pm 22-Jul-2013

Tuesday, July 16, 2013

သားမေမေက ရုပ်ဆိုးမ



ဝိုင်းစုရဲ့သီချင်း ရုပ်ဆိုးမကို ကျွန်မက “ငါ အရမ်းပဲဝနေလား…သားမေမေက ရုပ်ဆိုးမ… ၀ိတ်လျော့တော့မယ်… ၀ိတ်လျော့တော့မယ်…ပေါင်ချိန်၁၅၀ ” လို့ ဖျက်ဆိုရင် သားက သူ့ အသံဝဲ၀ဲလေးနဲ့ ကျွန်မကို အားပေးရှာတယ်။ “မေမေက တခါတလေမှ ရုပ်ဆိုးတာပါ… တခါတလေလှပါတယ်” တဲ့။ အဲဒီလိုဆို ကျွန်မက သားကို မေးပါတယ်။ “သားရေ… မေမေဘယ်အချိန်ရုပ်ဆိုးတာလဲ” ဆိုရင် “အန်တီမိုမို့ ဆီဓာတ်ပုံတွေရိုက်ရင် ရုပ်ဆိုးတယ်” တဲ့။ ကျွန်မချစ်သူငယ်ချင်းမိုက ချစ်စရာဓာတ်ပုံလေးတွေ ကျွန်မဆီပို့ ရင် ကျွန်မကမို့ ကို နောက်ချင်တာနဲ့  ရုပ်ပြောင်ပုံတွေ ရုပ်ဆိုးဆိုးပုံတွေ ရိုက်ပြီး ပို့ တာကို သားက ဆိုလိုတာပါ။

သားမွေးပြီးကတည်းက သားကိုနို့ များများတိုက်လို့ ရအောင် ကိုယ်လှဖို့ ပဖို့  သိပ်ဂရုမစိုက်ပဲ စားကောင်းသောက်ကောင်း ကျန်းမာရေးကောင်းအောင် ပိုဂရုစိုက်မိတော့ တရိပ်တရိပ်တက်လာတဲ့ ကိုယ်အလေးချိန်ကို သိပ်အလေးမထားမိပါဘူး။ အကျီအဟောင်းတွေမတော်တော့မှ လျော့စားဦးမှ လေ့ကျင့်ခန်းလေး လုပ်ဦးမှဆိုတဲ့ အကောင်အထည်မဖော်ဖြစ်တဲ့ အတွေးတွေ ဟိုက၀င် ဒီက၀င်။ ကိုယ်အလေးချိန်ချလိုက်နိုင်လားဆိုတော့ မချနိုင်သေးပါဘူး။ သားနားလည်လာတော့ တခါတခါ သားက ပြောတော့တာပါပဲ။ မေမေ လေ့ကျင့်ခန်းလုပ်ပါလား။ တီဗွီမှာ လာတဲ့ slimming program တွေတွေ့ ရင် သေချာမှတ်ထားပြီး မေမေ အဲဒီနေရာတွေ သွားပါလားလို့  သူကညွှန်းတတ်ပါသေးတယ်။ တခါ သားတို့ ကျောင်းက မိသားစုပုံပန်းချီဆွဲခိုင်းတော့ သားဆွဲထားတဲ့ ကျွန်မပုံလေးက ဆံပင်ရော မျက်နှာလေးပါ ချောလို့ … အောက်ပိုင်းရောက်မှ ဗိုက်နေရာမှ အရစ်လေးနှစ်ရစ်နဲ့  ဗိုက်ပူပူလေးဆွဲထားပါတယ်။ သားဆွဲတဲ့ပုံကြည့်ပြီး ငိုအားထက်ရယ်အားသန်ပါ။ သားရယ် သားဆရာမကတော့ မေမေ့ကို ကိုယ်ဝန်ဆောင်ထားတယ် ထင်တော့မှာပဲလို့ ပြောယူရတဲ့အထိပါ။

သားက ကျွန်မအင်္ကျီဘာဝတ်လဲ ဘာနားဆွဲလေးဝတ်လဲ စိတ်ဝင်စားတတ်ပြီး အမေ့ကို အကြံပေးတတ်ပါသေးတယ်။ ကားပေါ်နှုတ်ခမ်းနီသူ့ ရှေ့ ဆိုးရင် သူမကြိုက်တဲ့ အရောင်ဆို ဖျက်ခိုင်းပြီး သူကြိုက်တဲ့အရောင်ဆိုးခိုင်းပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မဆံပင်တွေ အောက်ပိုင်းနဲနဲပါးသွားလို့  အောက်ပိုင်းလေးပဲ ကောက်ကြည့်လိုက်တာ မေမေ့ဆံပင်အဖြောင့်လေးတွေပဲကောင်းတယ် ဆို နေတိုင်းမကျေမနပ်ပြောတတ်ပါတယ်။ ဆံပင်အကောက်ကို ထိန်းသိမ်းရတာ အရမ်းလဲအလုပ်ရှုပ် သားလဲမကြိုက်တော့ ကောက်ပြီး တလကြာ သွားညှပ်လိုက်ပါတယ်။ အဲဒီမှ သားလဲ ပျော်တော့တယ်။

ဟိုတနေ့ က သူ့ အဖေနဲ့ ကားပေါ်မှာ စကားပြောရင်း “တို့ က နုနုရွရွမနေတတ်တဲ့ ဘ၀သမား… နေပူထဲလဲ ထီးမပါပဲလျှောက်ရဲတယ်” လို့  ကျွန်မပြောတော့ တိတ်တိတ်လေးနားထောင်နေတဲ့သားက ထပြောပါတယ်။ “မေမေ အဲဒီလိုနေတာကြိုက်တယ်” တဲ့။ “တကယ်လို့  မေမေက နုနုရွရွ လက်သည်းနီ ခြေသည်းနီနဲ့ ဆို သားကို ခုလိုဂရုစိုက်နိုင်မှာ မဟုတ်ဘူး… ပြီးတော့ ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်တဲ့ မိန်းမတွေက အတ္တကြီးတယ်… ကိုယ်လှဖို့ ပဲစဉ်းစားပြီး အထိမခံရွှေပန်းကန်တွေ… ဘာမှမဟုတ်တာလေးကိုလဲ စိတ်ဆိုးတတ်သေးတယ်… မေမေဒီလိုပဲနေနော်… မပြောင်းနဲ့ တဲ့” တဲ့။ သားက အဲဒီအကြောင်းကို အင်္ဂလိပ်လို ပြောတာပါ။ ကျွန်မဆီလျော်အောင် ဘာသာပြန်ထားတာပါ။ သားဆီမှာ အဲလိုအတွေးလေးတွေ ဘယ်လိုများရသလဲလို့  ကျွန်မဖြင့်အံ့သြမဆုံးပါပဲ။ သားဒါတွေ ဘယ်လိုသိလဲလို့ မေးမိတော့ စကားပြောတဲ့သူ့ virtual သူငယ်ချင်း ကြောင်မလေးကို ကြည့်ပြီး ပြောတာတဲ့။ ကျွန်မရော သူ့ အဖေပါ ရယ်မိပါတော့တယ်။ သားက မပြောင်းနဲ့ ဆိုတဲ့ စကားလေး နားထောင်ပြီး သားအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ရင်းပြုတ်ရင်း စားရင်းသောက်ရင်းနဲ့  သားမေမေရုပ်ဆိုးမလဲ လေ့ကျင့်ခန်းလုပ်ဖို့ ရက်တွေ ရွှေ့ ရွှေ့ လာလိုက်တာ ခုထိပါပဲ။

တန်ခူး

11:34 pm 16-Jul-2013

Monday, July 1, 2013

ဘလော့အလှူ



ဟိုးငယ်ငယ် စတိုပေစလေးတွေ စရေးကာစက ကိုယ်ရေးတဲ့စာလေးတွေကို အများကို ဖတ်စေချင်တာကြောင့် စာမူဖိုင်လေးတွေကိုင် ဟိုမဂ္ဂဇင်းတိုက်ဝင် ဒီမဂ္ဂဇင်းတိုက်ထွက်နဲ့  ပေးခဲ့ပြီး ကိုယ့်စာမူလေးများ အရွေးခံရရင် ၀မ်းသာလွန်းတာ ပြောမပြတတ်အောင်ပါပဲ။ မှတ်မှတ်ရရ ပထမဆုံး ၀တ္ထုတိုလေးကို ရင်ခုန်ပွင့်မှာ အရွေးခံခဲ့ရတာပါ။ ကိုယ့်ဘ၀မှာ ပထဆုံးရတဲ့စာမူခလေးက ကျောင်းသူဘ၀မှာမို့  ပထမဆုံးဝင်ငွေလို့ ပြောလို့ ရပါတယ်။ ပထဆုံးစာမူခလေးကို ရတနာ၃ပါးနဲ့  မိဘဆရာအားလုံးကို ရသလောက်လှူဒါန်းခဲ့တာ ခုပြန်တွေးတိုင်း ကြည်နူးရတုန်းပါ။

ကျောင်းပြီးလို့ အလုပ်အကိုင်ရပြီး ကိုယ်ပိုင်ဝင်ငွေရလို့  တတ်နိုင်သလောက် လှူဒါန်းရတာကို အမြဲကြည်နူးရပေမယ့် ကိုယ့်ဝါသနာကရတဲ့ ချွေးနဲစာနဲ့ လှူဒါန်းရတာကို ပိုကြည်နူးမိတာတော့ အမှန်ပါပဲ။ ငယ်ငယ်ကရွှေအမြုတေမှာ အရွေးခံခဲ့ရတဲ့ဝတ္ထုတိုလေးတွေကို ဆရာဦးဝင်းငြိမ်းက ရွှေဝတ္ထုတိုများစုစည်းမှုအနေနဲ့  ပြန်ထုတ်တော့ မဂ္ဂဇင်းတွေမှာ စာမူမပို့ ဖြစ်တာကြာတဲ့ ကိုယ့်အတွက် စာမူခနဲ့ အလှူလုပ်ဖို့  အခွင့်ရပြန်ပါတယ်။ အဲဒီတုန်းက နှစ်အုပ်လုံးက ရတဲ့စာမူခကို ဆရာဦးဝင်းငြိမ်းဆီကတဆင့် နာမကျန်းတဲ့ စာရေးဆရာကြီးများကို ပြန်လှူခဲ့ပါတယ်။ ကိုယ့်စာလေးတွေလဲ စာအုပ်လို အမှတ်တရပြန်သိမ်းခွင့်ရ ကိုယ်နဲ့ အဲဒီအချိန်က အတူရေးခဲ့ကြတဲ့ စာရေးဆရာများရဲ့ စာလေးတွေလဲ အမှတ်တရဖြစ် လှူခွင့်လဲရတဲ့အတွက် ဆရာဦးဝင်းငြိမ်းကို အရမ်းကျေးဇူးတင်မိပါတယ်။

ဒီရောက်လာတော့ စာရေးခြင်းအလုပ်နဲ့ တသက်ဝေးပြီလို့ တွေးမိခဲ့သေးပါတယ်။ အသက်ကြီးပြီး ပင်စင်ယူမှ စာလေးတွေပြန်ရေးမယ်ဆို စိတ်မလျော့ပဲတွေးမိပါသေးတယ်။ ဘလော့ဆိုတာ ပေါ်လာတော့ ၀မ်းသာလိုက်တာ မပြောပါနဲ့ ။ ကိုယ်ရေးတဲ့စာလေးတွေအတွက် အများဖတ်လို့ ရတဲ့ ကိုယ်ပိုင်နေရာလေးတခုဆိုတာ အရင်က အိပ်မက်တောင် မမက်ဘူးတဲ့ကိစ္စ။ စာရေးသူရော စာဖတ်သူရော တိုက်ရိုက်ထိတွေ့ လို့ ရတဲ့ နေရာ… ဘလော့ဖန်တီးရှင်ကို ကျေးဇူးအထပ်ထပ်တောင် တင်မိရဲ့။ ဘလော့ရေးခြင်း ရည်ရွယ်ချက်က ကိုယ့်ဝါသနာအလျှောက်ရေးတဲ့ စာလေးတွေ ကိုယ်စေတနာအရ ပေးချင်တဲ့အရာလေးတွေကို စာဖတ်သူကို ပေးဖို့ ရည်ရွယ်ချက်သက်သက်ပါပဲ။ သူ့ အတွေ့ အကြုံ ကိုယ့်အတွေ့ အကြုံဝေမျှရာ နေရာလေးဆိုလဲ မမှားဘူးပေါ့။ တခုပါပဲ… ဘလော့ဆိုတာ အင်တာနက်သုံးနိုင်သူတွေပဲ ဖတ်နိုင်တာမို့  အရင်က မဂ္ဂဇင်းထဲပါသလောက်တော့ လူပေါင်းစုံ မဖတ်နိုင်ဘူးပေါ့။

လူပေါင်းစုံဖတ်စေချင်တဲ့ ဆန္ဒလေးရယ် စာရေးတာကရတဲ့စာမူခနဲ့  အလှူလုပ်ချင်တဲ့ ဆန္ဒလေးက ဘလော့နဲ့ အကြာကြီးဝေးသွားပြီး စာတွေပြန်ရေးတော့ မမျှော်လင့်ပဲ ဂျာနယ်အယ်ဒီတာ ညီမတယောက်ဆီက ရတဲ့အီးမေးလ်လေးကြောင့် ပြည့်ခဲ့တယ်လို့ ဆိုရပါမယ်။ ဘလော့ပေါ်ကစာလေးတွေကို ဂျာနယ်ပေါ်ပုံနှိပ်ထုတ်ဝေပေးမယ်ဆိုတော့ ကိုယ့်စာလေးတွေ မြန်မာပြည် အနှံ့ အပြားက အင်တာနက်သုံးဖို့ အခြေအနေ မပေးနိုင်သူတွေပါ ဖတ်လို့ ရတော့မှာမို့  အရမ်းကို ၀မ်းသာမိပါတယ်။ နောက်တခုကတော့ သားအကြောင်းလေးတွေကိုပါ ကလေးလေးတွေ အတွက် ဂျာနယ်မှာ ဖော်ပြပေးတာမို့  ပိုလို့ ဝမ်းသာမိပါတယ်။

ဂျာနယ်ကရတဲ့ စာမူခလေးတွေကို စုပြီး အိမ်နားလေးက ဘုန်းတော်ကြီးပညာသင်ကျောင်းက မိဘမဲ့ကလေးတွေကို မုန့် ဟင်းခါးအလှူကျွေးဖြစ်ပါတယ်။ ကလေးတွေကများတော့ ဆန်ပြုတ် အလှူသာများပြီး တခါတလေမှ မုန့် ဟင်းခါးစားရတာမို့  မုန့် ဟင်းခါးအလှူများဆို ကလေးတွေ နှစ်ပွဲသုံးပွဲ အားရပါးရစားကြတယ်လို့  ဟိုတခါအလှူလုပ်ဖြစ်ကတည်းက အမေပြောပြတာမို့  ဒီတခါလဲ ကလေးတွေ နှစ်သက်တဲ့ မုန့် ဟင်းခါးပဲ ကျွေးဖြစ်ပါတယ်။ တကယ်တော့ ဘလော့နဲ့ ပတ်သက်တဲ့ အလှူက ဘလော့လေး အသက်ပုံမှန်ရှင်သန်အောင် သစ္စာရှိရှိအားပေးကြတဲ့ ချစ်သောဘလော့ဖတ်သူတွေနဲ့ ရော အမြဲစာရေးဖို့ အားပေးတတ်တဲ့ ဘလော့ရေးဖော်ရေးဖက်တွေရယ် ပြီးတော့ ဘလော့က စာတွေကို လူအများဖတ်လို့ ရအောင် စီစဉ်ပေးတဲ့ ဂျာနယ်အယ်ဒီတာညီမလေးနဲ့  ဂျာနယ် အဖွဲ့ သူ အဖွဲ့ သားများ အားလုံးနဲ့ ဆိုင်တာမို့ အားလုံးကို အမျှပေးဝေပါတယ်။ အပေါ်ကပုံလေးကတော့ ဘလော့ဖတ်သူတွေ သာဓုခေါ်နိုင်အောင် အလှူလုပ်နဲ့ နေ့ က ရိုက်ထားတဲ့ပုံလေးပါ။

တန်ခူး

9:00pm 1-Jul-2013

Monday, June 24, 2013

ဘ၀ချိုချိုအချစ်ခါးခါး





“အရင်တုန်းက ဒီလမ်းလေးက ချစ်သူလာရာလမ်းလေးပေါ့… ဟိုးကန်တင်းဘက်က ချစ်သူပုံရိပ်လေးများ ခပ်ရေးရေးတွေ့ ရပြီဆို ငါ့ခြေဖျားလက်ဖျားတွေ အေးစက်လာတာ… ချစ်သူအနားရောက်လာတော့ မပြတ်သားတဲ့ချစ်သူ့ အကြည့်တချက်နဲ့ တင် ငါ့နေ့ ရက်တွေအသက်ဝင်သွားပြန်ရော… ရူးခဲ့တဲ့အချိန်တွေပေါ့နော်… ပြန်တွေးကြည့်တော့ အဲဒီခံစားမှုလေးတွေ လွမ်းစရာတော့ကောင်းသား… အရပ်ရှည်လွန်းလို့  လမ်းလျှောက်ရင် ခပ်ကိုင်းကိုင်းလေးဖြစ်နေတာကိုက ရင်ခုန်မိနေတာ”

ခံစားချက်သမားမွန်က ဟိုးတုန်းကလို သူ့ ခံစားချက်တွေကို ကဗျာတပုဒ်ရွတ်သလို ရွတ်ပြနေတော့ ကိုယ်တို့ အားလုံး အသက်တွေ ထက်ဝက်လောက်ငယ်သလို ခံစားသွားရတယ်။ မွန်မို့  အဲလိုလေးတွေပြောနေပြီဆို စာရေးဝါသနာပါတဲ့ကိုယ်က မွန့် မျက်လုံးလေးတွေကိုငေးပြီး စိတ်ကူးနဲ့ ဝတ္ထုတပုဒ်ဖြစ်ရော။ ဒီလိုပါပဲ မွန်ရဲ့တိတ်တခိုးချစ်သူနဲ့ မွန့် ဇာတ်လမ်းက ဒီနေရာတင်ရပ်တန့် လို့  ရှေ့ လည်းမတိုး နောက်လဲမဆုတ်နဲ့ ဇာတ်တငံ့ငံ့ဖြစ်ခဲ့တာ နောက်ဆုံးနှစ်အထိပါပဲ။ တခါတလေ စိတ်မရှည်လို့ မွန့် ချစ်သူဆိုတဲ့သူကို မျက်နှာချင်းဆိုင်သာမေးလိုက်ချင်ရဲ့။

“မွန်အဲလိုတွေခုထိပြောနေတုန်းဆိုတော့ နင့်ယောင်္ကျားက သ၀န်မတိုဘူးလား”

“နင်တို့ နဲ့ လဲတွေ့  ကျောင်းကြီးလဲပြန်ရောက်မို့  စမြုံ့ပြန်ရုံသက်သက်ပါဟာ… ငါ့မယ် တနေ့ တနေ့ ကလေးသုံးယောက်နဲ့ လုံးလည်လိုက်နေတာ… ချစ်သူဆိုတာ ဘယ်ချောင်ရောက်နေမှန်းမသိပါဘူး… ဒါပေမယ့် ခုချိန်များ သူနဲ့ တွေ့ ရင် ၀ိုင်းစုသီချင်းထဲကလို မေးတော့မေးချင်သား… ချစ်ခဲ့ဖူးသလားဖြေပါလို့ ”

၎ဂဏာန်းladyတွေလို မဟုတ်ပဲ ဆယ်ကျော်သက်လေးတွေလို ပေါ့ပေါ့ပါးပါးရယ်မိကြတယ်…။

“မွန်.. တကယ်မေးမှာလား… ဟိုမှာနင့်ချစ်သူမဟုတ်လား.. အဲလောက်ဝနေတာတောင် လူကကိုင်းနေတုန်း"

တူးပြတာကို ကိုယ်တို့ အားလုံးဝိုင်းကြည့်မိပြီး ဘာစကားမှ မဆိုနိုင်။ မွန့် ချစ်သူက ငယ်ငယ်ကလို ပိန်ပိန်မဟုတ်။ လူဝကြီးအကြီးကြီးဖြစ်နေတယ်…။ သူ့ ဇနီးလို့ ထင်ရတဲ့ သူကလဲ သူနဲ့ ဆိုက်တူဂိုက်တူ။ ပြီးတော့ ကလေးလေး၃ယောက်ကလဲ အကြီးကြီး။ ကားကြီးအကြီးကြီးပေါ်က ဆင်းလာကြတာ ယိမ်းကတဲ့အတိုင်း။

"ဘုရားရေ… တကယ်ကြီးပါလား”

မွန်ခမျာ အသံတောင်သေးသေးလေးကျန်တော့တာ။

“ချစ်သူလာရာလမ်းကနေ ချစ်သူတကယ်လာနေပါရောလား မွန်ရေ… ချစ်ခဲ့ဖူးသလားဖြေပါ..မေးဦးမလား”

“တော်ပြီ… ဒီဇာတ်လမ်းဒီမှာဇာတ်သိမ်းကြစို့ ”

မွန့် ရဲ့လက်ကလေးတခါခါနဲ့ ငြင်းလိုက်တာကြောင့် ကိုယ်တို့ အားလုံး အားရပါးရရယ်မိတော့တယ်။ ဘ၀အမောတွေတောင် လွင့်စင်သွားသလားထင်ရဲ့။

******************************************************************

“မှတ်မိလား ထက်… ငါတို့ နှောက်ဆုံးနှစ်က ဒီနေရာလေးမှာပဲထိုင်ပြီး အချစ်အကြောင်းပြောခဲ့ကြတာ… အဲဒီတုန်းက ငါ့မှာပြောစရာကို မရှိအောင် အချစ်နဲ့ က သူစိမ်းသက်သက်”

“သိပ်မှတ်မိတာပေါ့… အဲဒီတုန်းက တို့ အားလုံးက နင့်ကို အပျိုကြီးဖြစ်ဖို့ ၈၀%လောက်လို့  တပြိုင်နက်ထဲ ထင်ကြေးပေးကြတာ… ”

တူးက သူ့ ပါးချိုင့်ခွက်လေးတွေပေါ်အောင် ပြုံးတယ်…။ တိုင်းလုံးကြီးတွေနဲ့  Main Buidling ခပ်စောင်းစောင်းလေးရယ် တရုတ်စကားပင်ကလေးရယ်… ပြီးတော့ ABCDအဆောင်တွေရယ် ကျောင်းအ၀င်ကားလမ်းလေးရယ်နဲ့  ဒီမြင်ကွင်းလေးကို အားလုံးက ကြိုက်လွန်းလို့  ဒီနေရာလေးမှာ လူရှင်းချိန်ဆို အတူဆုံအတူထိုင်ခဲ့ကြတာ…။ အဲဒီတုန်းက စာရေးဖို့ ဇာတ်လမ်းရှာတတ်တဲ့ ကိုယ့်အသံက ညံတတ်သလောက် ယောင်္ကျားလေးတွေကို စကားပြောရမှာကို ကြောက်တတ်တဲ့ တူး အသံက အတိတ်ဆုံး။ ခုတော့လဲ တူးကချစ်စရာ၀၀ကစ်လသားသားလေးနဲ့  အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်တဲ့ ခင်ပွန်းနဲ့ ။

“ဘာပဲဖြစ်ဖြစ် နင့်အမျိုးသားက နင့်ကို အရမ်းဂရုစိုက်တာနော်…ကလေးကိုလည်းချစ်လိုက်တာတုန်လို့ … နင်ကံကောင်းပါတယ်တူးရယ်”

“ခုထိပေါ့ဟယ်… အနာဂတ်ဆိုတာ ကြိုမြင်နိုင်တာမှမဟုတ်တာ… ရယ်စရာကောင်းတာက မိန်းမတယောက် အသက်၄၀ကျော်မှ သင့်တော်တဲ့လူပျိုလူလွတ်တယောက်နဲ့  အိမ်ထောင်ပြုတာကို ကဲ့ရဲ့တတ်ကြပြီး ပေါ်တင်ကိုအိမ်ထောင်ရေးဖောက်ပြန်လာတဲ့ယဉ်ကျေးမှုပျက်ယွင်းမှုကျတော့ မသိချင်ယောင်ဆောင်ပြီး ယဉ်ပါးနေကြတာ… ငါ့မှာ ဘာကိုယ်ကျင့်တရားမှ မဖောက်ပြန်ပဲ ကိုယ်နဲ့ သင့်တောင်တဲ့သူနဲ့ အိမ်ထောင်ပြုတာကို အတော်ကဲ့ရဲ့ခံလိုက်ရတာ… ရယ်စရာမကောင်းဘူးလား”

အမြဲအေးအေးနေတတ်တဲ့ တူးဆီက အဲဒီလို ကြားရတော့ အပြုသဘောနဲ့ မြင်ရမယ့် ကိစ္စကို အပျက်သဘောနဲ့ မြင်တတ်တဲ့ လူတချို့ ကို ကိုယ်အားမလိုအားမရမချင့်မရဲဖြစ်မိတယ်…။ ဟုတ်ပါရဲ့…။ ခုနလေးတင် သူငယ်ချင်းယောင်္ကျားလေးတယောက်ကို ၀ိုင်းနောက်နေတာကြားလိုက်မိတယ်…။ ဟေ့ကောင်… မင်းဘယ်နှစ်ယောက်ရှိပြီလဲတဲ့…။ ဒီလို စကားမျိုးကို စနောက်လာတဲ့အထိ ယဉ်ပါးလာကြတာလေ။

“တူးရေ… ငါကတော့ ပတ်ဝန်းကျင်တန်ဖိုးဖြတ်မှုကို သိပ်ဂရုမစိုက်ဘူး… ကိုယ့်ဘာသာပဲတန်ဖိုးဖြတ်တယ်… ကိုယ့်စိတ်ကိုယ်ကိုယ်ဆန်းစစ်တယ်.. စိတ်ဓါတ်အဆင့်အတန်းမြင့်အောင်ကြိုးစားတယ်…”

ထက်ပြောတာကို အပြည့်အ၀ထောက်ခံမိတယ်..။ ထက်က နာမည်နဲ့ လိုက်အောင် အတွေးထက်အလုပ်ထက်သူ…။ ထက်လွန်းလို့ တစုံတယောက်က သူ့ ကို ချန်ထားခဲ့သည်တဲ့…။ အဲဒီတုန်းက ထက်ရယ်သံကို ခုထိအလွတ်ရတုန်း…။

******************************************************************

“ကို့ … ထီးကြီးက ဖွင့်လို့ မရဘူး… ကျပ်နေတယ်… ဒီလောက်နေပူကြီးထဲမှာ မီးလမ်းမလျှောက်ဖူး.. အသားတွေမဲကုန်လိမ့်မယ်… ကားဆီရောက်အောင် ထီးဖွင့်ပေး”

“ဖွင့်ပေးမှာပေါ့ကလေးရဲ့… ကဲ..ဒီမှာရပြီ”

ခုခေတ်စားနေတဲ့ မင်းသမီးဝတ်မှုံရွှေရည်လို အသံကွဲအက်အက်လေးချွဲချွှဲလေးကြောင့် ကိုယ်တို့ အားလုံးတိုင်ပင်စရာမလို အသံလာရာဆီ စပ်စုမိကြတယ်…။

“ပလုတ်တုတ်”

ထက်ရဲ့အံ့သြသံလေး တိုးတိုးလေးထွက်လာတယ်…။ ကောင်မလေးပုခုံးလေးကိုဖက် ထီးလေးမိုးပေးနေတဲ့ လူတယောက်…။ မသိရင်တော့ လူမင်းနဲ့ ဝတ်မှုန်ရွှေရည်အချစ်ကားလေးရိုက်နေတယ့်ပုံ။ အဲဒီခြေလှမ်း.. အဲဒီဟန်.. အဲဒီအသံကြားလိုက်မြင်လိုက်တာနဲ့  ကိုယ်တို့ အားလုံးအလွတ်ရလောက်အောင် ရင်းနှီးခဲ့တဲ့ ကိုယ်တို့ ရဲ့သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးပါ။ ပြီးတော့ ထက်ကို ထက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  ချန်ထားခဲ့တာလို့ ပြောတတ်သူ။

“ထက်… ကိုယ့်ထီးကို ကိုယ့်ဘာသာဖွင့်နေသမျှ နင်တသက် ယောင်္ကျားမရဘူးမှတ်”

“ဟား….ဟား…ဟား…. ယောင်္ကျားမရရင်နေပါ… ထီးလေးဖွင့်ဖို့ အတွက်သက်သက်နဲ့ လဲ ဘယ်ယောင်္ကျားမှ လက်မထပ်တဲ့ အင်ဂျင်နီယာမပါဟ”

တကယ်တော့… ထက်က ခပ်ထက်ထက်ဆိုတာ သူတင်မဟုတ် လူတိုင်းသိတာပဲ။ ခပ်ထက်ထက် မိန်းမတယောက်ကို မလွှဲသာမရှောင်သာ ချစ်မိပြီး အိမ်ထောင်ဘက်အဖြစ်ရွေးချယ်လို့  မသင့်တော်ဘူးဆို တယောက်ထဲအဆိုသွင်း တယောက်ထဲငြင်းချက်ထုတ်ပစ်ခဲ့သူ။ အဲဒီတုန်းက ထက်က ခပ်ကျယ်ကျယ်အော်ရယ်ပြီး နင်ကရွေးချယ်ခဲ့ရင်တောင် ငါကလက်ခံမလားဆိုတာ ပြန်စဉ်းစားဦးလို့  ခပ်ရဲရဲကို ပြောဖြစ်ခဲ့တာ။ သူတိုင်းတဲ့ပေတံနဲ့ တိုင်းပြီး ယောင်္ကျားတယောက်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုဟာ ကိုယ်ပြောသမျှယုံ ကိုယ့်ဆုံးဖြတ်တာပဲနာခံ အသေးအဖွဲကအစ ကိုယ့်သာအားကိုးမှ ဇနီးကောင်းလို့  သတ်မှတ်ရင်တော့ နေရာတကာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာဖြန့် ကျက်တွေး ကိုယ့်ဘာသာလေ့လာတတ်ဖို့  လေ့ကျင့်ပေးလာတဲ့ ကိုယ်တို့ လိုအင်ဂျင်နီယာမတွေက ဇနီးကောင်းမဖြစ်တော့ဘူးပေါ့။ ကိုယ်တို့ အားလုံး မတိုင်ပင်ပဲ ၀ါးလုံးကွဲရယ်မိကြတယ်။

******************************************************************

“တကယ်လို့ များ… အဲဒီညနေက သူ့ မျက်ရည်တွေဆီမှာ ငါမပျော်ဝင်ခဲ့ရင်… ပြီးတော့ ဥပေက္ခာပြုနိုင်တဲ့ အင်အားတွေရှိနေခဲ့ရင် ဒီအချိန်မှာ ဒီလိုခါးသီးမှုတွေ မရှိပဲ နင်တို့ လို့  ပေါ့ပေါ့ပါးပါး ရယ်မောနိုင်မလားပဲနော်”

ဟိုးအဝေးက မှုန်ပြပြကျောင်းအ၀င်ကားလမ်းလေးကို ငေးပြီး ငြိမ်းက တိုးတိုးလေးညည်းတော့ ကိုယ်တို့ ရင်ထဲမှာ ငြိမ်းမငြိမ်းနိုင်သလို ထပ်တူပါပဲ…။ အဲဒီတုန်းက ငြိမ်းအငြင်းကို ကြေကွဲပေါက်ကွဲနေခဲ့တဲ့ ကောင်လေးတယောက်။ ရှပ်အဖြူလေးအမြဲဝတ်တတ်တဲ့ သူ့ ရဲ့ရိုးသားတဲ့ပုံရိပ်လေးရယ် ခေါင်းလေးငုံ့ ပြီး ငြိမ်းအရိပ်လို ငြိမ်းနောက်သာ တကောက်ကောက်လိုက်တတ်တာရယ်… ငြိမ်းများ ညူစူလိုက်ရင် နေစရာမရှိသလို မျက်နှာလေးငယ်သွားတတ်တာရယ်… အဲဒါတွေ အကုန်လုံးဟာ အချစ်လို့  ကိုယ်တို့ အတူတူထောက်ခံခဲ့ကြတာ…။ ငြိမ်းအရိပ်တကြည့်ကြည့်နဲ့  ငြိမ်းငြိုငြင်မှာအမြဲစိုးနေတတ်တာမို့ … ငြိမ်းကိုဘ၀တလျှောက်လုံး ဂရုစိုက်မယ့်သူပါပဲလို့  ကိုယ်တို့ အားလုံးငြိမ်းကို တိုက်တွန်းခဲ့ကြတာ…။ တကယ်တော့ ငြိမ်းနှလုံးသားထဲမှာ သူအသေအချာကို စိုးမိုးနေပြီဆိုတာ ကိုယ်တို့ အားလုံးကလဲ ငြိမ်းနဲ့ ငယ်ပေါင်းကြီးဖော်တွေမို့  ရိပ်မိသိရှိတာကလဲ အဓိကပေါ့လေ…။

“ဟုတ်ပါတယ်ငြိမ်းရယ်… နာမည်လေးနဲ့ လိုက်အောင် ဘ၀ကိုလဲ အမြဲငြိမ်းငြိမ်းလေး နေချင်တဲ့ငြိမ်း… ချစ်လျက်နဲ့ တောင် အိမ်ထောင်ရေးဆိုတာ မယုံရဲလို့  ငြင်းလွှတ်ခဲ့တုန်းက တိုက်တွန်းမိခဲ့တာမို့  တို့ အပြစ်တွေလဲ ပါတာပေါ့ဟာ”

ငြိမ်းက နာနာကျင်ကျင်ပြုံးတယ်…။

“တကယ်တော့ ငါကိုယ်တိုင်က စိတ်ပါလက်ပါကို ချစ်မိခဲ့လို့ ပါ… အတိတ်ဘ၀က ကုသိုလ်ကံတွေနဲ့ သာ ဆိုင်တာပါလေ”

ကိုယ်တို့ ရဲ့ အတိတ်ကို တိတ်တိတ်ဆိတ်ဆိတ် အလည်သွားနေတဲ့ အချိန်လေးကို ကန်တင်းဘက်က ပြန်လာတဲ့ သူတို့ အသံတွေက ဖျက်စီးပလိုက်တယ်…။ အရင်ကလို ရှပ်အဖြူလေးနဲ့ လူတယောက်…။ ဒါပေမယ့် အရင်ကလို ခပ်နွမ်းနွမ်းလေးတော့ မဟုတ်။ လက်ညှိးညွှန်ရာ ရေဖြစ်ပြီး အတိတ်မေ့ရောဂါဖြစ်နေသူ…။ သူ့ မျက်နှာကတော့ ငြိမ်းနဲ့ ဆန့် ကျင်စွာ ရွှင်လန်းတက်ကြွလို့ …။ နင့်ကိုမုန်းလိုက်တာ ပြီးတော့ အော်ဂလီဆန်လိုက်တာ။

“ငြိမ်း… ပြန်ရအောင်… ကိုယ်သိပ်အကြာကြီးနေဖို့ အချိန်မရှိဘူး…”

ဘေးက ငုတ်တုတ်ထိုင်နေတဲ့ သူငယ်ချင်းအရင်းကြီးတွေတောင် အားမနာနိုင်။ ငြိမ်းမပြန်ချင်သေး။ ခုနတင်ငြိမ်းကိုယ်တို့ ကိုပြောခဲ့သေးတယ်။ အိမ်မှာနေရတာ ငရဲပဲတဲ့။ တကယ်လို့ သာ ငြိမ်းချစ်တဲ့ သားလေး၂ယောက်သာ မရှိခဲ့ရင် ငြိမ်းအဲဒီငရဲမှာ နဲနဲလေးမှ မနေချင်ပါတဲ့။ တုန့် ပြန်လွယ်တဲ့ ကိုယ်ကပဲ ငြိမ်းအစား ပြောဖို့ ပြင်လိုက်တယ်။

“နင့်ဟာနင်ပြန်နှင့်… ဒီလိုတွေ့ ဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး… ငါတို့ ငြိမ်းကို လိုက်ပို့ လို့ ရတယ်”

“အေး… ပြီးတာပဲ…”

ငြိမ်းကိုတောင် နှုတ်မဆက်ပဲ ကားပေါ်ပေါ့ပေါ့ပါးပါးတက် မောင်းထွက်သွားတဲ့ ငြိမ်းခင်ပွန်းကို ကြည့်ပြီး စိတ်ထဲမှာ အတော်ကို ခံပြင်းမိတယ်။ ငြိမ်းနဲ့ အတူ ဟိုးသုညဘ၀ကစခဲ့ကြတဲ့ စီးပွားရေးအောင်မြင်မှုကို သူ့ အောင်မြင်မှုသက်သက်လို ခံစားပြီး ကိုယ်သေမတတ်ချစ်လို့ ယူထားပါတဲ့ဆိုတဲ့ ဇနီးကို ပစ်လို့  အသစ်ရှာပျော်ပါး လောကစည်းစိမ်ခံစားနေတဲ့သူ…။ ယောင်္ကျားတယောက်ရဲ့မျက်ရည်တွေနဲ့  မိန်းမတယောက်ဘ၀နဲ့ နှလုံးသားကို အဆုံးစီရင်ဖို့ နိဒါန်းပျိုးခဲ့သူ…။ သစ္စာတရားကို ချမ်းသာကြွယ်ဝမှုအောက်မှာ ချနင်းခဲ့သူ…။ ထက်က နာကျည်းစွာအသံကျယ်ကြီးနဲ့ ပြောလိုက်တယ်..။

“ငြိမ်းရေ… ငါလူသတ်ချင်တယ်”

******************************************************************

“ဘယ်လိုလဲခိုင်… ဘ၀ဆိုတာ နင်ငယ်ငယ်ကရေးခဲ့တဲ့ အချစ်ဝတ္ထုတွေလို ချိုမြိန်သလား… ဇာတ်ကောင်တွေကရော အကြွင်းမဲ့ချစ်တတ်ကြသလား… ပြီးတော့ အချစ်က ဘ၀မှာ ဘယ်လောက်အရေးပါသလဲ”

ထက်ရဲ့ မေးခွန်းတွေက လက်တွေ့ ကျပြီး လှတယ်။ ကိုယ့်မှာ အဲဒီလို ခပ်ထက်ထက် သူငယ်ချင်းတယောက်ရှိတာကို ကိုယ်က အမြဲကျေနပ်နေတတ်သူ။

“ထက်… ဟိုးငယ်ငယ်က နှလုံးသားတွေက လတ်ဆတ်တယ်… ဖြူစင်တယ်… ပြီးတော့ နေရာလပ်တွေများတယ်… အရောင်မရှိဘူး… ဒါကြောင့်အချစ်တွေက ပြည့်နေအောင် ထည့်လို့ ရတယ်…လိုသလိုစိတ်ကူးယဉ်လို့ ရတယ်… လိုသလိုဆေးရောင်ခြယ်လို့ ရတယ်… ချစ်တယ်ဆိုတာ မုန်းတာထက်ကောင်းတော့ ငယ်တုန်းက ချစ်ရတာကို ပျော်ခဲ့တာ… အဲဒါဟာ ဘ၀ကို မမြင်ဖူးသေးတဲ့ လူငယ်တယောက်ရဲ့ လွတ်လပ်တဲ့နှလုံးသားပေါ့ဟာ… အဲဒီလိုတွေးခဲ့ အဲဒီလိုရေးခဲ့တာကို ငါနောင်တမရပါဘူး”

ထက်က သူ့ ထုံးစံအတိုင်း မျက်လုံးလေးတွေ အရောင်တောက်နေအောင် ကိုယ့်ကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့် ရုံပြုံးတယ်။

“ အချစ်ဆိုတာ ဘ၀မဟုတ်ဘူးလို့  အကြမ်းဖျင်းပြောလို့ ရပေမယ့် အရင်တုန်းက ငါတို့ အရေးပါတယ်ထင်ခဲ့တာ တချို က ဘ၀မှာ သိပ်အရေးမပါတော့တာ နင်ရောငါတို့ ရော တွေ့ နေရတာပဲမဟုတ်လား… ဒီထဲမှာ အချစ်က တခုပေါ့… ပြောတတ်သလိုပြောရရင်တော့ အချစ်ဆိုတာထက် တဦးအပေါ်တဦး ကိုယ်ချင်းစာတရား မေတ္တာတရားထားဖို့ က အဓိကပဲလို့  ငါထင်မိတာပဲ… ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ်ပါ… မိဘနဲ့ သားသမီး… မောင်နှမသားချင်း… ခင်ပွန်းနဲ့ ဇနီး… သူငယ်ချင်းတွေကြား… ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားသာရှိကြရင် ဘ၀က ငါငယ်ငယ်ကရေးတဲ့ အချစ်ဝတ္ထုတွေထက်တောင် ချိုမြိန်ပါတယ်ဟာ ”

ကိုယ့်စကားကို နားထောင်ရင်း အားလုံးခဏတိတ်ဆိတ်သွားတယ်။ ဒီနေရာလေးမှာ အတိတ်နဲ့  ပစ္စုပန်ကို ပေါင်းကူးစဉ်းစားရင်း လက်ရှိဘ၀ဆီ ပြန်ရောက်သွားတယ်။

“အမှန်ပါပဲခိုင်ရယ်… ငါတို့ လက်ရှိရနေတဲ့ဘ၀မှာ ပျော်တတ်အောင် နေပျော်အောင် နေတတ်ရင်… ပြီးတော့ အကောင်းမြင်အောင်ကြည့်တတ်ရင် ဘ၀ဆိုတာ ကျေနပ်စရာပါပဲ… ငါလဲ အဲဒီလိုနေတတ်ဖို့ ကြိုးစားပါမယ်…”

ငြိမ်းစကားက ရင်ကို ထိရှနာကျင်စေပေမယ့် ငြိမ်းလက်ကလေးကို ကိုယ်တို့ အားလုံးဆုပ်ကိုင် အားပေးမိကြတယ်။ လက်ကလေးထဲက တဆင့် ကိုယ်တို့ ရဲ့မေတ္တာတွေ ငြိမ်းဆီကူးလို့ ငြိမ်းချမ်းပါစေငြိမ်းရေ။ ဘ၀မှာ ပုခုံးတဘက်အမြဲအဆင်သင့်ဖြစ်နေတဲ့ နင့်သူငယ်ချင်းတွေ ရှိနေပါသေးလားဆိုတဲ့ အသိကိုက ရှေ့ ဆက်ဖို့ အားအင်တွေဖြစ်စေတယ်။

“ကဲလာ… အပူတွေ စိတ်ဖိစီးမှုတွေ ချနင်းရင်း ငယ်အတွေးငယ်အင်အားတွေ ဖြည့်ဖို့  နွေးအေးကို ချီတက်ကြစို့ ”

သူငယ်ချင်းတွေလက်အတူတွဲရင်း ပေါ့ပေါ့ပါးပါးရယ်မောရင်း လွတ်လွတ်လပ်လပ်ပြောဆိုရင်း ဘ၀အမောတွေ တခဏပျောက်သွားတယ်။ ဘ၀ဆိုတာ အမောတွေသက်သက်မှ မဟုတ်သလို… အခါးတွေသက်သက်လဲ မဟုတ်တာနော်…။

(ချစ်သောသူငယ်ချင်းများနဲ့ ဆုံခဲ့တဲ့ မနှစ်ကဆရာကန်တော့ပွဲ အမှတ်တရ… ဇာတ်ကောင်များမှာ စိတ်ကူးယဉ်ဇာတ်ကောင်များသက်သက်သာဖြစ်ပါတယ်… တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ)

တန်ခူး

2:30pm 24-Jun-2013

Thursday, June 13, 2013

အောင်စာရင်းနဲ့ တကယ့်ဘဝ



(ပုံကိုသူငယ်ချင်းတယောက်ရဲ့ဖေ့စ်ဘွတ်ပေါ်ကရပါတယ်)

ပြီးခဲ့တဲ့အပတ်က ထွက်သွားတဲ့ ဆယ်တန်းအောင်စာရင်း အပြီးမှာ တငိုထဲငိုနေတယ်ဆိုတဲ့ ကျွန်မအဒေါ်သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူ့ အရမ်းမျှော်လင့်ထားတဲ့ သမီးလေး လေးဘာသာ ဂုဏ်ထူးထဲပါလို့  ဆရာဝန်ဖြစ်ပါ့မလားဆို စိတ်တွေပူပြီး မစားနိုင်မအိပ်နိုင် တငိုငိုနဲ့ ။ ကာယကံရှင်ကျွန်မညီမ၀မ်းကွဲလေးက ပျော်ပျော်ပဲမို့ တော်ပါသေးရဲ့။ ဆရာဝန်လိုင်းမှမ၀င်ရင် လူရာမ၀င်တော့မလို… ဘ၀ပဲဆုံးတော့မလိုဆိုတဲ့ အယူအဆတွေက ဒီနေ့ ထက်ထိရှိနေသေးတာကိုလဲ အားမလိုအားမရဖြစ်မိတယ်…။

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အနှစ်သုံးဆယ်နီးပါးတုန်းက ဆယ်တန်းမှာ လေးဘာသာဂုဏ်ထူး ထွက်ပြီး နေ့ တဓူဝ အဆူပူခံနေရတဲ့ လူကြားထဲတိုးဖို့ တောင် ကြောက်ရွံ့ နေမိတဲ့ ဆံပင်တိုတိုနဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်မလေးတယောက်ပုံကို ပြန်မြင်ယောင်နေမိတယ်။ ဆရာဝန်လုပ်ဖို့ လုံး၀၀ါသနာမပါလှပေမယ့် ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အဖေရဲ့မျှော်လင့်ချက် ပုံစံခွက်ထဲမှာ မယောင်မလည်နဲ့ ကိုယ့်ဝါသနာဆိုတာကို တွေးကြည့်ဖို့ တောင် မေ့လျော့နေတဲ့ အဲဒီကောင်မလေးက ကိုယ်ပါပဲ။

ခုနေပြန်တွေးကြည့်တော့ ကိုယ်ကိုယ်တိုင်ဝါသနာမပါနေခဲ့တာရယ် တကယ့်ကို စိတ်အားထက်သန်စွာမဖြစ်ချင်ခဲ့တာရယ်ကြောင့် ဆရာဝန်လိုင်းကို အမှတ်မမှီခဲ့တာပါ။ သူ့ မျှော်လင့်ချက်နဲ့ လွဲခဲ့လို့  သက်ြပင်းတချချနဲ့  ကောင်းကောင်းမအိပ်နိုင်တဲ့ အဖေ့ကို ကြည့်ပြီး အဖေဆန္ဒကို မဖြည့်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ “သွားပြီ… ဘ၀တွေခြားသွားပြီ” လို့ အဖေ ခဏခဏညည်းတိုင်း တကယ်ပဲ င့ါဘ၀အတော်ကို ဆိုးဝါးသွားပြီလားလို့  တွေးမိတဲ့အထိ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ နည်းပါးကုန်တာ။ ရပ်ကွက်ထဲက ကျောင်းက အသိဆွေမျိုးအများစုကလဲ လေးဘာသာဂုဏ်ထူးရအောင် ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ မေ့လျော့စွာ ဆရာဝန်နဲ့ လွဲလို့  အားလုံးက ၀ိုင်းပြီး စုတ်တသတ်သတ်နဲ့ ဆိုတော့ ကိုယ့်မှာ အပြင်ထွက်ဖို့ တောင် မ၀ံ့မရဲ။ အဲဒီလိုဖြစ်ရအောင် ကိုယ်အမှားလုပ်ခဲ့သလား… ကိုယ်ပတ်ဝန်းကျင်ကို ထိခိုက်အောင် အနှောက်အယှက်ပေးခဲ့သလား… ကိုယ့်မိဘအရှက်ရအောင် ကိုယ့်ကျင့်တရားပျက်ပြားခဲ့လို့ လား… အဲဒီလို အမှားတွေ တခုမှ မလုပ်ခဲ့ပါပဲ ကိုယ်ပြန်ရတာတွေက မတန်တဆနိုင်လွန်းလှတာ တွေးမိတိုင်း ရင်ထဲမှာ နာနာကျင်ကျင်။

မစန္ဒာရဲ့ဂျီဟောသူဖတ်ပြီး စိတ်ထဲက ကြိတ်သဘောကျနေတဲ့ ကျောင်းကြီးကို တက်ခွင့်ရတာ အရမ်းပျော်နေခဲ့ပေမယ့် အဖေကတော့ ကိုယ့်ကို လိုက်ပို့ တိုင်း တိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို အဝေးကလှမ်းမြင်တိုင်း ကိုယ့်ရဲ့လွဲချော်မှုကို အမြဲသတိရဆူပူလေ့ရှိတာ ကိုယ်မှတ်မိသလောက် ပထမနှစ်တနှစ်လုံးပါပဲ။ အဖေမကြိုက်တဲ့နောက်တချက်က ယောင်္ကျားလေးပေါလို့ ပါ။ ပထမနှစ်တနှစ်လုံး တက္ကသိုလ်ကျောင်းသူအသစ်သစ်စက်စက် ကိုယ့်မှာ ပျော်ရွှင်ဖို့ တောင် ခိုးကြောင်ခိုးဝှက်နဲ့ ပျော်ခဲ့ရတာပါ။ တစုံတခုများမှားယွင်းသွားရင် အဖေက ခွင့်လွှတ်မှာ မဟုတ်တဲ့အတွက် အမှားအယွင်းနဲ အောင် နေခဲ့ရပါတယ်။ အဖေစိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ရင်း လူငယ်ဘ၀ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့တဲ့ ကိုယ် ပထမနှစ်က စာထဲမှာ စိတ်နှစ်လို့ မရအောင် စိတ်တွေလေခဲ့တာပါ။ ဒါကြောင့်လဲ ပထမနှစ်အောင်စာရင်းမှာ ကိုယ့်အမှတ်တွေနဲခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ နဲနဲလာခဲ့လို့ ပါပဲ။

အမှားအယွင်းနဲအောင် နေခဲ့ရင်းက ပထမနှစ်မှာ အမှတ်နဲတော့ အဖေပိုစိတ်မချမ်းသာ ဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ အဖေကြားက အဲဒီပြဿနာကို ဖြေရှင်းပေးခဲ့သူက မေမေပါ။ “ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ ထူးချွန်အောင် ကြိုးစားတာက အမှန်ကန်ဆုံးပဲ” တဲ့။ မေမေ့စကားတခွန်းဟာ ကျွန်မရဲ့ပျောက်ဆုံးနေတဲ့ ခွန်အားတွေနဲ့ ယုံကြည်မှုတွေကို ပြန်မွေးမြူအားဖြည့်ပေးခဲ့ပါတယ်။ ဒုတိယနှစ်အောင်စာရင်းနောက်ပိုင်းမှာ အဖေက ကျွန်မအပေါ်ဆက်ဆံရေးနူးညံ့ပျော့ပြောင်းလာပါတယ်။ မေမေ့ဆုံးမစကားအတိုင်းကြိုးစားခဲ့တာ ဒီနေ့ ထိမို့  ကျွန်မဘ၀ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလဲ ပိုလို့ ပိုလို့ ရခဲ့တာ လက်တွေ့ ပါ။

အဖေက ကျွန်မကို လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် ဆရာဝန်အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း ပြုစေချင်ခဲ့တာပါ။ တကယ်တော့ သမာအာဇီဝ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ရင်း လူ့ အသက်ပေါင်းများစွာကို သွယ်ဝိုက်သောနည်းအားဖြင့်လဲ ကယ်တင်နိုင်ပါတယ်။ ဆေးကုသစရိတ်မတတ်နိုင်တဲ့သူတွေကို ဆေးကုသစရိတ်ထောက်ပံ့ခြင်း ပညာမသင်နိုင်သူကို ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုတဲ့ အလှူအတန်းတွေလုပ်ဖြစ်ရင်း အဖေ့ဆန္ဒကို ဖြည့်နေခဲ့ပါတယ်။

သားသမီးတွေ မွေးထားပြီး တယောက်မှ ဆရာဝန်ဖြစ်အောင်မွေးထုတ်မပေးနိုင်ရင် တာဝန်မကျေသလို မိဘမပီသလို အတွေးတွေ မရှိသင့်တော့ပါဘူး။ အောင်မြင်ကျော်ကြားပြီး သမားတော်ကြီးတွေဖြစ်သွားတဲ့ ကျွန်မသူငယ်ချင်းတွေရှိသလို… လုပ်ငန်းအကြီးကြီးတွေလုပ်ကိုင်ပြီး အောင်မြင်နေတဲ့ ကျွန်မသူငယ်ချင်း အင်ဂျင်နီယာတွေလဲရှိပါတယ်။ ဆယ်တန်းတုန်းက ဆရာဝန် အင်ဂျင်နီယာနဲ့ လွဲခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတချို့ လဲ စာရင်းအင်းပညာရှင် စီးပွားရေးပညာရှင်ကြီးတွေ ဖြစ်ပြီး တချို့  ရာထူးတွေ အရမ်းကြီးလို့  ၀င်ငွေတွေ အရမ်းကောင်းနေတာတွေ အမြောက်အမြားပါ။ သားသမီးတွေကို အတော်ဆုံး အမြင့်ဆုံး အကောင်းဆုံး ရစေချင်တာ မိဘစေတနာဆိုတာ ကျွန်မလဲ မိဘတယောက်မို့  ခံစားနားလည်ပေးနိုင်ပေမယ့် ကိုယ်ကဖြစ်စေချင်တာသက်သက်နဲ့  ကလေးရဲ့ဝါသနာနဲ့ ခံစားမှုကို မေ့လျော့ထည့်ထွက် မစဉ်းစားတာက တခုခုမှားယွင်းနေတာပါပဲ။ မိဘက အတင်းဆရာဝန်လိုင်း လိုက်ခိုင်းလို့ ဝါသနာမပါပဲ ဆရာဝန်လိုင်းလိုက်ပြီး ဆေးမကုတဲ့ တခြားအလုပ်လုပ်တွေ လုပ်နေတဲ့ ဆရာဝန်တွေလဲ အများသားမိုလား။ တကယ်တော့ ဘ၀မှာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း အလုပ်နဲ့  တထပ်ထဲကျတဲ့ သူတွေက အမြင့်ဆုံးရပြီး စိတ်ပူပန်မှုတွေနဲ့ အဖော်ပြုနေရသူတွေထက် အများကြီး ကံကောင်းသူတွေပါ။ ကျွန်မသားလေးကိုတော့ ကျွန်မမျှော်လင့်ချက်တွေနဲ့  မပူလောင်စေပဲ သူလဲဝါသနာပါ လမ်းကြောင်းလေးလဲ မှန်မယ့် သူ ပျော်ရွှင်စိတ်ချမ်းသာတာမျိုးနဲ့ ပဲ အသက်မွေးဝမ်းကျောင်းပြုစေချင်ပါတယ်။ မိဘတိုင်းမိဘတိုင်းက သားသမီးတွေရဲ့လိုအပ်ချက်ကိုသာ ဆုံးမသွန်သင်ဖို့  သတိရနေပြီး သားသမီးတွေရဲ့ အောင်မြင်မှုကို နည်းသေးတယ်ဆို အားမလိုအားမရ ဖြစ်ပြီး ချီးကျူးအားပေးစကားဆိုဖို့  မေ့လျော့နေကြတာများပါတယ်။

ခုလေးတင်မှ အောင်စာရင်းထွက်သွားတဲ့ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေရဲ့ မိဘများ အားလုံး ပျော်ရွှင်ကြပါစေ။ ဘာဂုဏ်ထူးမှ မပါတဲ့ ကလေးက ကျတဲ့ကလေးထက် ကြိုးစားအားထုတ်မှုသာတာမို့  သူ့ အောင်မြင်မှုကို ချီးကျူးနိုင်ပါစေ။ တကယ်လက်တွေ့ ဘ၀ဟာ ဆယ်တန်းမှာ ဂုဏ်ထူးနဲခြင်းများခြင်းနဲ့  ရာခိုင်နှုန်းအနည်းငယ်သာ သက်ရောက်မှုရှိပြီး ရောက်ရာဘ၀မှာ ထူးချွန်အောင် ကြိုးစားခြင်းကသာ လက်တွေ့ ဘ၀အောင်မြင်မှုကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ မေ့လျော့မနေကြဖို့ တိုက်တွန်းပါရစေ။

တန်ခူး

13-May-2013 10:27pm

Tuesday, May 28, 2013

ဟိုဟိုဒီဒီမေ



ခုတလော နေသိပ်ပူနေပေမယ့် နေကာမျက်မှန်သိပ်မတတ်ဖြစ်တော့ဘူး…။ မကြိုက်လို့ တော့ မဟုတ်ပါဘူး…။ ကြိုက်လွန်းလို့ ကို ခပ်ကြီးကြီးနေကာမျက်မှန်ကို ၀ယ်ထားတာ…။ ဒီနှစ်ပိုင်းအတွင်း ဒီကသတင်းထဲမှာ အကျင့်ပျက်ဖောက်ပြန်တဲ့ ရာထူးကြီးကြီးတွေရဲ့ အမှုတွေ ခေတ်စားနေတယ် ပြောရမယ်…။ လူလာဘ်ထိုးတဲ့အမှုတွေပေါ့…။ထူးခြားတာက ဖောက်ပြန်တဲ့သူနဲ့ ပတ်သက်တဲ့ မိန်းမတွေ သတင်းထဲတွေ့ လိုက်ရရင် ရုပ်ရှင်မင်းသမီးရှုံးတယ်…။ မိတ်ကပ်ကို ဆိုင်မှာသွားပြင်ထားသလားထင်ရတယ်… branded bag နဲ့ … ပြီးတော့ နေကာမျက်မှန်ကြီးကြီးတွေနဲ့ …။ အရှက်ကို အသက်လို တန်ဖိုးထားဖို့  ဝေလာဝေး ရုံးချိန်းတမျိုးဆို ဒီဇိုင်းတမျိုးနဲ့ …။ ရုပ်ရှင်ဇာတ်လမ်းတွဲကြည့်နေရသလိုပဲ…။ ပြီးတော့ တရားခွင် ထွက်ဆိုတာတွေကလဲ… ပွင့်လင်းရဲတင်းလွန်းလိုက်တာ….။ အင်း… အဲဒီကတည်းက နေကာမျက်မှန်ဖိုဘီးယားရသွားတာ…။

Singapore Kindness Movement က သားချစ်တဲ့ SINGA ခြင်္သေ့လေး အနားယူတော့မယ် ဆိုတော့ သားကစိတ်မကောင်း…။ မေမေဘာလို့ လဲတဲ့…။ SINGA လေးလဲ ကြင်နာကြပါ ကြင်နာကြပါ ကူညီကြပါ ကူညီကြပါ တကျော်ကျော်အော်နေတောင် သူ့ ကို ဂရုမစိုက်ကြလို့ ပေါ့ သားရယ်လို့  မရှင်းချင်ပေမယ့်လဲ ရှင်းရတယ်…။ မေမေသားဘေးနားက ထိုင်တဲ့ကောင်မလေးက သူခဲဖျက်မေ့ရင် သားဆီကငှားပေမယ့် သားခဲဖျက်မေ့ရင်သားကိုမငှားဘူး… ဘာလို့ လဲမေမေတဲ့…။ ဒီလိုမေးခွန်းမျိုးတွေကို အမျိုးမျိုးလှည့်ဖြေတာ များတော့ သားတောင် ကိုယ့်ကို သံသယတွေရှိလာတယ်…။ သားပတ်ဝန်းကျင်က လူတွေ အများစု တကိုယ်ကောင်းဆန်ကြတာ သားကို မခံစားစေချင်ဘူး…။ သိရင်ပိုခံစားရတော့ မသိစေချင်ဘူးလေ…။

ခုနတင် သတင်းမှာ ယောင်္ကျားလုပ်သူရဲ့ အကြမ်းဖက်မှုကို ခံရလို့ ကွာရှင်းတဲ့ အမျိုးသမီးတဦးခေါင်းဆောင် လုပ်ပြီး စစ်တမ်းကောက်တာ ကြားလိုက်ရတယ်…။ တကယ်လို့ မင်းပတ်ဝန်းကျင်မှာ အဲဒီလို အကြမ်းဖက်တာမျိုးများတွေ့ ခဲ့ရင် ကူညီမလားဆိုတဲ့ စစ်တမ်းမေးခွန်းကို မကူညီဘူးလို့ ဆိုတဲ့သူတွေ ရာခိုင်နှုန်းကများပါတယ်တဲ့…။ အဲဒီလိုအခါတိုင်း လင်မယားရန်ဖြစ်လို့  ဒုတ်တွေဓားတွေ ပါလာပြီဆို ၀ိုင်းဆွဲကြ ဖြန်ဖြေကြတဲ့ ကိုယ်တို့ တိုင်းပြည်ရပ်ကွက်အလေ့လေးကို လွမ်းမိတယ်…။

စစ်တမ်းဆိုလို့  ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ စစ်တမ်းတခု ဟိုတလောက NUSတက္ကသိုလ်ကျောင်းသူလေးတွေ အိမ်တိုင်ရာရောက် လာလုပ်တာ သတိရမိတယ်…။ ကိုယ်လဲအားနေတော့ ကျောင်းသူလေးတွေ ကူညီတဲ့သဘောနဲ့ ဖြေပေးမိတယ်…။ မေးခွန်းတော်တော်များများက နိုင်ငံခြားသားအလုပ်သမားတွေကို စောင်းပေးမေးတာ…။ တကယ်လို့  မင်းအိမ်နားမှာ နိုင်ငံခြားသားအလုပ်သမားတန်းလျားသာ ရှိမယ်ဆိုရင် မင်းဘယ်လိုခံစားရမလဲတို့ …။ မင်းရဲ့အိမ်နီးနားချင်းကို ဒီနိုင်ငံသားနဲ့ နိုင်ငံခြားသား ဘယ်ဟာပိုဦးစားပေးသလဲတို့ …။ ပြီးတော့ နိုင်ငံခြားသားတွေကြောင့် မင်းပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်သလားတို့ …။ leading questionတွေများတော့ ကြာတော့ ကျောင်းသူလေးတွေကို ပေါ်တင်ပဲပြောလိုက်တယ်…။ တို့ ကလဲ ဒီနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားမို့  တို့ ဖြေတဲ့ အဖြေတွေက မင်းတို့ မျှော်လင့်တဲ့ အဖြေဟုတ်ချင်မှဟုတ်လိမ့်မယ်လို့ ပြောလိုက်တယ်…။ စစ်တမ်းပြီးတော့ ကျေးဇူးတင်ပါတယ်ဆို ဘောပင်တချောင်းပေးပြိး တကယ်လို့  တို့ professorက မေးရင် မင်းဖြေနိုင်မလားဆို ဖုန်းနံပါတ်တောင်းသွားတယ်…။ တလလောက်ကြာတော့ professor အိမ်ရောက်ပြီး စစ်တမ်းထပ်ကောက်တယ်…။ အိမ်က အမျိုးသားကတော့ သိပ်ပေါ်တင်ကြီးတွေ မပြောဖို့ သတိပေးတယ်…။ နောက်မှ သိရတာက သူတို့ စစ်တမ်းထဲ အဲဒီလို ပေါ်တင်ပြောတဲ့လူ သိပ်မရှိလို့  အဲဒီလို အဖြေမျိုးလိုချင်လို့ တဲ့….။ အင်း…မဆိုးပါဘူး….။ ကိုယ်ပြောချင်တာတွေလဲပြောလိုက်ရတယ်… ပြီးတော့ စာတိုက်ကနေ NTUC ဘောက်ချာလက်ဆောင်လဲပို့ လိုက်သေးတယ်…။

တို့ တိုင်းပြည်ပြောင်းလဲလာပြီဆိုတော့ ဟိုသတင်းပါ ဒီသတင်းပါပေါ့…။ အပြောင်းအလဲ စပ်ကူးမတ်ကူးကာလမို့  ဟိုဖြစ်ဒီဖြစ်တွေကလဲ ရှိသေးမိုလား…။ အဓိကပြောချင်တာ အဲဒါတော့ မဟုတ်ပါဘူး…။ ဒီနိုင်ငံက သတင်းစာပါ…။ မြန်မာနိုင်ငံကြီးပြောင်းလဲလာတာ ကြိုဆိုပါတယ်ဆိုတဲ့ သတင်းတပုဒ်ပါရင်… စီးပွားရေးလုပ်ဖို့ တော့ သိပ်မယုံကြနဲ့ ဆိုတဲ့ သတင်းတပုဒ်က ပါတယ်…။ ကောင်းတဲ့ပြောင်းလဲခြင်းလေးတွေက သတင်းစာခေါင်းကြီးပိုင်းမှာ မရှိပေမယ့် မကောင်းတဲ့ပြောင်းလဲခြင်းတွေကျတော့ သတင်းစာခေါင်းကြီးပိုင်းမှာ ပြူးပြူးကြီး…။ အိုဘားမား မြန်မာပြည်ရောက်တုန်းကများဆို သိပ်တောင် ဟန်မဆောင်နိုင်ဘူး…။ ဘာရယ်မဟုတ်ပါဘူး… ထူးဆန်းတာပြောပြတာပါ…။

နောက်မှ ဟိုဟိုဒီဒီလေးတွေ ဆက်ရင်ဖွင့်ဦးမယ်…။ အခုတော့ အိပ်ချင်လို့ သတင်းများကို ကြေညာလို့  ပြီးပါပြီ…။

တန်ခူး

12:00pm 27-May-2013

Saturday, May 18, 2013

Happy Call မုန့် ပြားသလက် နဲ့ လမ်းသရဲမုန့် 

အမြဲလွမ်းတတ်တဲ့ မြန်မာမုန့် ထဲမှာ မုန့် ပြားသလက်က ရှေ့ ဆုံးကပါ…။ ကျွန်မတို့ မြင်းခြံဘဘကြီးတို့  လမ်းထိပ်က မြေအိုးကင်းပူလေးတွေစီပြီး လက်မလည်အောင် လုပ်ရသည့် မုန့် ပြားသလက်ဆိုင်လေးကို ခဏခဏလွမ်းတတ်တယ်…။ မြေအိုးလေးတွေ ၄အိုးကို လက်မလည်အောင် မုန့် ရည်ထည့်… ပဲပြုတ်ထည့်.. ဆီလေးပုတ်…။ နောက်အိုးလေးတလုံးဖွင့်…ဆီပုတ်…ပြန်ဖုံး… ထင်းမီးလေးတွေ မီးညီအောင် ညှိနဲ့  လက်မလည်အောင် လုပ်နေတဲ့ အဒေါ်ကြီးရဲ့ လှုပ်ရှားမှုကိုက အတော်ကြည့်လို့ ကောင်းပြီး နှမ်းထောင်းနှမ်းမွှေးမွှေးလေးနဲ့  မုန့် ပြားသလက်လေး ကိုယ့်အလှည့်ရောက်ပြီဆို အိမ်ထိတောင် မစောင့်နိုင်။ ဆိုင်မှာစားမယ်ဆိုတော့ မုန့် ပြားသလက်လေးကို ကတ်ကြေးနဲ့ ကိုက်… ပူစီနံလေးထည့်… မတ်ပဲကြော်တခု.. ဘယာကြော်တခု ခြေထည့်… ပြီးတော့ မြင်းခြံပဲဆီမွှေးမွှေးလေးဆမ်းပေးလိုက်တာပါပဲ…။ အသင့်ချပေးထားတဲ့ ရေနွေးကြမ်းလေးနဲ့  မုန့် ပြားသလက်လေးကို ထိုင်စားရင်း လမ်းပေါ်က စက်ဘီးရောင်စုံကို ငေးရတဲ့ အရသာလေး ခုပြန်လိုချင်သေးတော့…။

အဲဒီမုန့် ပြားသလက်လွမ်းတိုင်း အကြိမ်ကြိမ်ကြိုးစားလုပ်ဖူးခဲ့ပေမယ့်… သိပ်ကြီးမအောင်မြင်လှပါ…။ အဖြစ်တော့ ရသည်ပေါ့…။ အခက်အခဲ ၂ခုက မုန့် စပ်တာနဲ့  ဒယ်အိုးပါ…။ မကြေပွဲတွေ အကြိမ်ကြိမ်နွှဲခဲ့တာ ဒီတခါတော့ အောင်မြင်သွားပြီလို့ ပြောလို့ ရလို့  ကိုယ့်လို လွမ်းသူတွေ မခံစားရအောင် မျှဝေပေးလိုက်တာပါ…။ မေမေ့သမီး cooking facebookပေါ်က မုန့် စပ်တဲ့အတိုင်းအဆကြောင့်ပါ…။ ဟင်းလေးတွေ မြန်မာမုန့် လေးတွေ တင်ပေးတတ်တဲ့ မေမေ့သမီး facebookကို ကျေးဇူးပါ…။ ဒယ်အိုး ပြဿနာပြေလည်အောင် ဖြေရှင်းပေးသူကတော့ ညီမလေးအရင်းလိုချစ်ရတဲ့ ညီမအော်နီးပါ…။ ဟိုဘက်ဒီဘက်လှည့်လို့ ရတဲ့ ဒယ်အိုး Happy Callကို သုံးပါ့လားဆိုတော့ အကင်သာအသုံးများတဲ့ အိမ်က Happy Callအိုးလေးက မုန့် ပြားသလက် အိုးကင်းဖြစ်သွားပြီး အဖုံးအုပ်သလို သုံးလို့ ရတာမို့  အတော်အဆင်ပြေပါတယ်…။

မုန့် ပြားသလက်နဲ့ တပါတည်း ကျွန်မတို့ လမ်းထိပ်က ညနေဆို လူကြိတ်ကြိတ်တိုးနေတဲ့ လမ်းသရဲမုန့် လေးပါ အလွမ်းပြေလုပ်လိုက်ပါတယ်…။ အထူးတလည် မုန့် စပ်နေစရာမလိုတာကြောင့် အတူလုပ်စားလို့ ရပါတယ်…။ professional ကြီးမဟုတ်ပေမယ့် စားလို့ ကောင်း အလွမ်းလေးလဲ ပြေသား…။

မုန့် ပြားသလက်လုပ်ဖို့  လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁) ဆန် မှုန့် ၊ ၂) ပဲပြုတ်၊ ၃)နှမ်းထောင်း၊ ၄) ကြက်သွန်မြိတ် ၅)မဆလာ၊ ၆) ဂျင်း တို့ ပါ…။ ဘယ်နိုင်ငံမဆို ၀ယ်လို့ ရတဲ့အရာတွေပါ…။

လုပ်နည်းကတော့ လွယ်ပါတယ်…။ မုန့် စပ်တာကတော့ rice cooker ချင်ခွက်လေးနဲ့ ဆန်မှုန့် ၂လုံးကို ရေသုံးလုံးထည့်ပါတယ်… ။ ဆီပါလေကာလေးရယ် ဆားလိုသလောက်ရယ် ပြီးတော့ ဂျင်းလေးနဲနဲထောင်းထားတာရယ်နဲ့  မုန့် နှစ်စပ်လိုက်ပါတယ်…။



Happy Callအိုးလေးကို မီးဖိုပေါ်တင် ဆီပုတ် ပြီးရင် မုန့် နှစ်လေး ယောက်ချိုနဲ့ တစွန်းခွဲလောက်ထည့်လိုက်ပါ…။ ပြီးတော့ ပဲပြုတ်လေးဖြူး… ကြက်သွန်မြိတ်လေးဖြူးပြီး ခဏအုပ်ထားပါ…။ မုန့် လေးဖွေးလာတော့ မုန့် နှုတ်ခမ်းသားလေးတွေ ဆီများများပုတ်… မုန့် အလည်လေးတွေလဲ ဆီပုတ်ပါ…။ ပြီးမှာ နှမ်းထောင်းလေးနဲ့  မဆလာလေးနဲ့ အုပ်ပြီး ခဏအုပ်ထားပါ…။ မုန့် အောက်ခြေလေးကြွတ်လာပြီး မုန့် နံ့ လေးမွှေးလာရင် အသာဆယ်ပြီး အသင့်စားလို့ ရပါပြီ…။ တွဲဖက်စားလို့ ရတာတွေက အကြော်စုံရယ် ရေနွေးကြမ်းလေးရယ်ပေါ့…။ Happy Callနဲ့ လုပ်တာမို့  မြန်မာပြည်ကလို ခပ်ဝိုင်းဝိုင်းလေးမဟုတ်ပဲ လေးထောင့်လေးဖြစ်နေတာ ဒီဇိုင်းတမျိုးပေါ့နော်…။



လမ်းသရဲမုန့် အတွက် ထပ်လိုအပ်ထာတော့ ဂေါ်ဖီရယ်.. ခရမ်းချဉ်သီးရယ်… ပူစီနံရယ်… နံနံပင်ရယ်… ငရုတ်သီးစိမ်းရယ်… အားလုံးတခုစီပါးပါးလှီး ဆားအနေတော်နဲ့ နယ်ထားတာပါပဲ…။

လုပ်နည်းကတော့ မုန့် ပြားသလက်နဲ့ အခြေခံတူပြီး မုန့် ရည်ထည့်ပြီးတဲ့အခါ အပေါ်ကစပ်ထားတဲ့ အရွက်စုံနယ်ထားကို ဖြူးလိုက်ရုံပါပဲ…။ မုန့် လေးနဲနဲကျက်လာရင် ဘေးသားလေးတွေဆီပုတ်ပြီး မဆလာလေးဖြူး… ပြန်အုပ်ထားပါ…။ မုန့် အောက်ခြေလေးမွှေးကြွတ်လာမှ မုန့် လေးကို တ၀က်ခေါက်လိုက်ပြီး ခဏပြန်အုပ်ပြီးရင် စားလို့ ရပါပြီ…။



လုပ်ရတာ သိပ်လက်ပေါက်သိပ်မကပ်ပဲ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ စားလို့ လဲကောင်း ကျန်းမာရေးနဲ့ လဲညီညွတ်တာမို့  ပိတ်ရက်အိမ်မှာ လုပ်စားကြည့်ဖို့ တိုက်တွန်းပါရစေ…။ ။

တန်ခူး

18-Apr-2013 8:00pm

Saturday, May 11, 2013

တန်ခူးရဲ့ပေါချောင်ကောင်း စိတ်ပင်ပန်းမှုလျှော့ချနည်းများ

လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းမှုတွေ ရှိကြမြဲပါ…။ ကိုယ်ပိုင်စီးပွားရေးလုပ်သူကလဲ သူ့ စိတ်ပင်ပန်းမှုနဲ့ သူ… ၀န်ထမ်းလုပ်သူကလဲ စိတ်ပင်ပန်းမှုတမျိုး… အိမ်ထောင်ရှင်တွေလဲ စိတ်ပင်ပန်းမှုတသွယ်နဲ့ … စိတ်ပင်ပန်းမှုသာလျော့မချရင် ခုခေတ်ကြီးမှာ ရူးသွားမလား အောင့်မေ့ရပါတယ်…။ အကောင်းဆုံး စိတ်ပင်ပန်းမှုလျှော့ချနည်းကတော့ တရားထိုင်တဲ့နည်းပါပဲ…။ တချို့ ကလဲ ကိုယ့်ဝါသနာပါရာလေး လုပ်ပြီး စိတ်အပန်းဖြေကြတယ်…။ ပန်းချီဝါသနာပါသူက အရောင်လေးတွေကြားမှာ စိတ်မျောဝင်… ဂီတ၀ါသနာပါသူက သံစဉ်လေးတွေကြား စိတ်အနားယူ… စာပေ၀ါသနာပါသူကတော့ စာအုပ်ပုံတွေကြားမှာ စိတ်ကိုနစ်မြှပ်ရင်းပေါ့…။ ဒီကျွန်းပိစိကလူတွေကတော့ shoppingထွက်ရင်း စိတ်အပန်းဖြေကြတယ်…။ ဘရန်းတွေ ဈေးချလို့ များ ရှိရင်းဈေးထက် လျှော့ရလာရင် စိတ်ပင်ပန်းမှုတွေက အဝေးကို ချက်ချင်းလွင့်စင်သွားတတ်ကြတာ…။ အဲဒီထဲ ကိုယ်မပါဘူးမပြောပါဘူး… တခါတခါတော့ ပါ ပါတယ်… ခဏခဏတော့ မပါနိုင်ပါဘူး… ကိုယ့်အိမ်မှာ ပါးစပ်ပေါက်သေးသေးလေး စရိတ်ကရှိသေးတယ်မိုလား…။ ဒီတော့ ကိုယ်လဲကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဝါသနာနဲ့  ကိုယ့်စိတ်ကို အပန်းဖြေပါတယ်…။ စိတ်ပင်ပန်းမှုလျော့ အောင်ပေါ့…။ ကိုယ့်နည်းလေးတွေက သိပ်ငွေကုန်ကြေးကျမများတဲ့အပြင် စိတ်ကြည်နူးမှုကိုလဲ ရစေတာမို့  ဝေမျှလိုက်ပါတယ်…။ ပန်းချီတွေဂီတတွေမတော်တဲ့ တန်ခူးရဲ့ ပေါချောင်ကောင်း စိတ်အပန်းဖြေနည်းလေးတွေပေါ့….။

ကပ်နားကပ်လှလှလေးလုပ်ရအောင်

အမေ့အဖေက လက်ဝတ်ရတနာဝတ်ဖို့ ကို ကိုယ့်အသားကိုဖောက်ပြီးဝတ်ရတာကို အားမပေး မလုပ်ရဘူးလို့ တားမြစ်ထားတာမို့  အမေကအဖိုးစကားနားထောင်ပြီး နားပေါက်မဖေါက်ခဲ့သလို ကျွန်မတို့ ညီမတွေလဲ အမေစကားနားထောင်ပြီး နားပေါက်မဖောက်ခဲ့ပါ…။ ဖြစ်ချင်တော့ နားကပ်လှလှလေးတွေဆို သိပ်ပန်ချင်သိပ်ချစ်တာမို့  နည်းလမ်းရှာရပါတော့တယ်…။ ကပ်နားကပ်ကလဲ နားဆွဲလေးတွေဆို ရှားမှရှားလေ…။ ဒီတော့ နားကပ်ခေါင်းလေးတွေ ၀ယ်ပြီး ကိုယ့်ဘာသာ ကပ်နားကပ်လေး ဖြစ်အောင် ပြောင်းဝတ်ပါတယ်…။ နားပေါက်မရှိပေမယ့် ကိုယ့်ဘာသာလုပ်ဝတ်တဲ့ နားဆွဲလေးတွေ ရှိပါတယ်…။ နားကပ်ခေါင်းလေးတွေကို ဒီနိုင်ငံမှာ Arab Street မှာ လက်ကားဝယ်လို့ ရသလို ‘Crystals ‘N’ Beads’ ဆိုင်လေးတွေမှာ လက်လီဝယ်လို့ ရပါတယ်…။ ကိုယ့်နှစ်သက်တဲ့ ကွင်းပါတဲ့ နားဆွဲလေးဝယ်… နားပေါက်ချိတ်ကလေးဖြုတ်… ကပ်နားကပ်ခေါင်းက ကွင်းကလေးကို ဇဂနာနဲ့ ဟ … နားဆွဲကွင်းလေးနဲ့ ချိတ်… ပြီးရင်ကွင်းလေးကို ပြန်စေ့… ဒါဆို ကပ်နားဆွဲလေးဝတ်လို့ ရပါပြီ…။ ညီမလေးအတွက် လုပ်ပေးထားတဲ့ ပုံလေးကို အောက်မှာပြထားပါတယ်…။ နားပေါက်မရှိသောနားကပ်ချစ်သူတွေ အတွက်ပါ…။



ဇာပန်းထိုးရင်း ဒီဇိုင်းထွင်

ငယ်ငယ်က ဇာထိုးပန်းထိုးကို အရမ်းဝါသနာပါပါတယ်…။ အရေးအခင်းပိတ်တော့ ဘယ်လောက်ထိုးခဲ့သလဲဆို အပ်ထည်လက်ခံတဲ့အပြင် အိမ်မှာ တချောင်းထိုးသင်တန်းဖွင့်တဲ့အထိ လုပ်ခဲ့တာပါ…။ အရမ်းထိုးလွန်းတော့ အဖေက မျက်လုံးပျက်မှာ စိုးရိမ်ပြီး မလုပ်ခိုင်းတာနဲ့ အဲဒီအလုပ်တွေကို ၀ါသနာပါပေမယ့် အတော်မလုပ်ဖြစ်တာကြပါပြီ…။ အိမ်မှာ ညီမ၀မ်းကွဲလေးလာနေတော့ သူ့ ကို ကိုယ်တတ်တာလေး သင်ပေးဖြစ်ပါတယ်…။ မြန်မာပြည်က ညီမလေးအတွက် ကလစ်လေးတွေ ဖုန်းအိတ်လေးတွေ ပိုက်ဆံအိတ်လေးတွေ ကျွန်မကိုယ်တိုင်ဒီဇိုင်းထွင်ပြီး ညီမ၀မ်းကွဲလေးကထိုးပေးပါတယ်…။ မြန်မာပြည်ကညီမက ကြိုက်တယ်.. သူ့ သူငယ်ချင်းတွေက ဘယ်က၀ယ်တာလဲမေးကြတယ်ဆို ကျွန်မတို့ မှာ ပျော်ရွှင်ကြည်နူးရတာ မပြောပါနဲ့ …။ ဒါလဲ စိတ်အပန်းဖြေနည်း တခုပဲ မဟုတ်လား…။



အကျီင်္လေးကို အလှဆင်ရအောင်

အကျီင်္ဘီရိုဖွင့်ကြည့်ရင် S$50 ထက်ကျော်တဲ့ အင်္ကျီဆိုတာ လက်ချိုးရေလို့  ရအောင်နဲပါတယ်…။ ချမ်းသာတာပြောပါတယ်…။ များသောအားဖြင့် ဈေးချရင်ဝယ်ထားတဲ့ အကျီင်္လေးတွေပါ…။ တချို့ အကီင်္ျလေးတွေဆို ဒီတိုင်းနေရိုးတယ်ထင်ရပေမယ့် အလှလေးဆင်လိုက်ရင် ဘရန်းတွေနဲ့ တောင် ယှဉ်လို့ ရပါတယ်…။ ကိုရီးယား ဖက်ရှင်တွေ ခေတ်စားနေချိန်မို့  ပုလဲလုံးလေးတွေ စိန်လေးတွေ စီလိုက်ရင် တကယ်ကို ချစ်စရာကောင်းသွားပါတယ်…။ အောက်က အကျီင်္လေးက ကိုယ့်ဘာသာပုလဲလုံးလေးတွေ စီသီထားတာပါ…။ အိမ်နားလေးဈေးက ပုစုခရုရောင်းတဲ့ဆိုင်မှာ ပုလဲတထုတ်မှ S$3 … တပ်ပါလေ့…။



စားကောင်းသောက်ဖွယ် ချက်ကြမယ်

မိသားစု အပြင်ထွက်စားတာ ပျော်စရာကောင်းတာမှန်ပေမယ့် ပိုက်ဆံကလဲ အနည်းငယ်တော့ ထိပါတယ်…။ ပြီးရင် ကိုယ်ကမြန်မာဆိုတော့ မြန်မာစာ မြိုးမြိုးမြက်မြက်လေးမှ ခံတွင်းပိုတွေ့ တာမိုလား…။ ဒီတော့ စိတ်ကူးပေါက်တာလေး မြန်မာပြည်အလွမ်းပြေလေး လုပ်စားလိုက်တော့ တခါတခါ ဒီနိုင်ငံရောက်နေတယ်ဆိုတာတောင် မေ့တေ့တေ့…။ အိမ်မှာချက်စားတာမို့  ဇယားလဲကိုက်ပါတယ်…။



ပန်းပင်လေးတွေ ပျိုးကြအောင်

အမေ့ခြံထဲက ပန်းပင်လေးတွေ လွမ်းတိုင်း ပန်းပင်လေးတွေ စိုက်ဖြစ်တယ်…။ ဒီမှာက မြေမရှိခြံမရှိတော့ ရှိတဲ့နေရာလေး ပြွတ်ပြွတ်သိပ်သိပ် စိုက်ကြရတာ…။ ကျွန်မက အနံ့ မွှေးတဲ့ပန်းလေးတွေ ချစ်တော့ များသောအားဖြင့် အဲဒီအပင်လေးတွေ စိုက်ဖြစ်တယ်…။ အရွက်လှလှလေးတွေနဲ့  အပင်ပုစိလေးတွေကိုလဲ ချစ်လို့ စိုက်ဖြစ်သလို အမြဲပန်းပွင့်နေတတ်တဲ့ အပင်လေးတွေလဲ စိုက်ဖြစ်တယ်…။ ပန်းပင်စိုက်ရတာ အလုပ်တော့ရှုပ်ပေမယ့် ပန်းပွင့်လေးတွေဝေနေတာတွေ့ ရင် အရွက်လှလှလေးတွေ လန်းဆန်းနေတာတွေ့ ရင် ဘာနဲ့ မှ မလဲနိုင်တဲ့ စိတ်ကြည်နူးမှုကို ရစေပါတယ်…။



အပေါ်က ငွေလဲသိပ်မကုန် လူလဲစိတ်အပန်းဖြေစေတဲ့ နည်းလေးတွေ အပြင် လုပ်ဖြစ်တာလေးကတော့ စာရေးစာဖတ်တဲ့အလုပ်ပါပဲ…။ ပင်ပန်းနေတဲ့စိတ်တွေကို ထွက်ပေါက်ပေးတဲ့ ကိုယ့်စိတ်ကူးလေးတွေ ဆေးစက်ကျရာ အရုပ်ထင်တဲ့ စာရေးခြင်းကတော့ အနှစ်သက်ဆုံး စိတ်ပင်ပန်းမှုဖြေလျော့နည်းပေါ့ရှင်…။

စိတ်ပင်ပန်းမှုမှ အနားရကြပါစေ…။

တန်ခူး 11-May-2013 9:20pm

Sunday, May 5, 2013

အာဒမ်ရယ် ဧ၀ရယ် ပြေတီဦးနဲ့  သားရယ် (သို့ ) သားနဲ့ ရုပ်ရှင်



ငယ်ငယ်က အဖေက အပြင်စာဖတ်တာနဲ့  ရုပ်ရှင်ကြည့်တာကို လုံးဝခွင့်မပြုပါဘူး…။ တခါတလေမှ မိသားစုကြည့်သင့်တဲ့ ပညာပေးကားကို အဖေကိုယ်တိုင်ရွေးပြီး လိုက်ပြတတ်ပါတယ်…။ အဲဒီတုန်းက မြန်မာရုပ်ရှင်ကားအများစုက အချစ်ကားတွေများတော့ အဖေစကာတင် ရွေးခြယ်တဲ့ကားက နဲနဲရယ်…။ ကိုယ်ကလဲ ရုပ်ရှင်က၀ါသနာပါလွန်းတော့ တက္ကသိုလ်လဲရောက်ရော အဖေမသိအောင် ခိုးကြည့်တော့တာပါပဲ…။ ကိုယ်ကိုယ်တိုင် သားတယောက်အမေဖြစ်လာတော့ အဖေဘာစိုးရိမ်လဲဆိုတာ ပိုသိလာပါတယ်…။ သားကို တီဗွီပြရင် သားနဲ့ သင့်တော်တာမျိုးပဲပြပါတယ်…။ သားငယ်ငယ်က မြန်မာအချစ်ကားတို့  ကိုရီးယားအချစ်ကားတို့ ဆို သားရှေ့ မကြည့်ပါဘူး…။ သားနဲ့ အတူကြည့်လို့ ရမယ့်ကားပဲ သားနဲ့ အတူကြည့်ပါတယ်…။

သားကို ရုပ်ရှင်စပြတဲ့ အရွယ်က သား၎နှစ်အရွယ်လို့ ထင်ပါတယ်… သားစိတ်ဝင်စားမယ့် animationကားလေးကို ရွေးရပါတယ်… အဲဒီအရွယ်တုန်းက သားက တခုခုဆို သိပ်အကြာကြီး စိတ်မ၀င်စားတတ်သေးတဲ့ အရွယ်မို့  ရုပ်ရှင်ကြည့်နေတုန်းတန်းလန်းနဲ့  သားများ ထပြန်ချင်မလားလို့  ရင်တထိတ်ထိတ်နဲ့  ကြည့်ရတဲ့ကားပါ…။ အံ့သြဖို့ ကောင်းစွာ သားက ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားလို့  ဇာတ်လမ်းပြီးသွားတာတောင် မြန်သလိုပါပဲ…။ ရုပ်ရှင်ပြနေချိန်တချိန်လုံး သားဇာတ်ရည်လည်အောင် ရှင်းပြရပါသေးတယ်…။ သားတို့ ခေတ်မှာပေါ်လာတဲ့ animationကားလေးတွေက အရမ်းကောင်းပါတယ်…။ အရုပ်အသံအရည်အသွေးကောင်းရုံတင်မက ဇာတ်လမ်းတိုင်းက ပညာပေးလေး တခုမဟုတ်တခုပါပါတယ်…။ ကာတွန်းကား animation ကား မကြိုက်တဲ့ကိုယ်တောင် သားနဲ့ ရုပ်ရှင်အတူကြည့်ရတာကို အရသာတွေ့ လာပါတယ်…။ သားကို တိုက်ရိုက်ကြီး ဆုံးမတာထက် ရုပ်ရှင်ထဲက ဇာတ်ကောင်လေးတွေကို ဥပမာပြဆုံးမတာ ပိုလဲထိရောက်တာမို့ ပါ…။

သားနဲ့ အတူလိုက်ကြည့်ဖြစ်တဲ့ ဇာတ်ကားလေးတွေထဲ အကြိုက်တွေ့ မိတာလေးတွေက အများသား..။ ရည်ရွယ်ချက်လေးတွေကလဲ တခုနဲ့ တခုမတူ…။ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်…။ “How to train your dragon” ဆိုတဲ့ကားလေးကိုပြပြီး ဘယ်လောက်ရိုင်းပါတဲ့ဆိုတဲ့ သတ္တ၀ါတွေတောင် မေတ္တာတရားနဲ့ ဆက်ဆံရင် ယဉ်ကျေးသွားတတ်တယ်ဆိုတဲ့ သင်ခန်းစာလေးကို သားကို ပေးလို့ ရပါတယ်…။ “The lorax” ဆိုတဲ့ ရုပ်ရှင်လေးကတော့ သဘာဝတရားကိုချစ်တတ်လာအောင် သစ်ပင်လေးတွေကို တန်ဖိုးထားတတ်လာအောင် ပါးပါးလေးသင်ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဇာတ်ကားလေးမို့  သားကို သစ်ပင်လေးတွေချစ်တတ်လာအောင် သင်လို့ ပိုကောင်းသွားပါတယ်…။ ဟိုတလောက ကြည့်ဖြစ်တဲ့ “The croods” ဆိုတဲ့ ရုပ်ရှင်ကားလေးဆို ဦးနှောက်ကို အသုံးချတတ်ရင် ဘ၀မှာ ခက်ခဲနေတာတွေက အလွယ်တကူဖြစ်သွားတတ်တယ်ဆိုတဲ့ အပြင်မှာဆုံးမရင် အတော်လက်ပေါက်ကတ်တာကို ဒီရုပ်ရှင်လေးနဲ့ ဆုံးမလိုက်တော့ ခေါင်းထဲလွယ်လွယ်ကူကူကို ၀င်သွားတာ...။ ခုတလောအရွယ်လေးနဲနဲကြီးလာတာနဲ့  ပြောရဆိုရခက် ဂျစ်ကန်ကန်နိုင်လာတဲ့သားကို ပြုပြင်ပြောင်းလဲဖို့ လိုရင် ပြောင်းလဲချင်စိတ်ရှိရတယ် ပြောင်းဖို့ ဝန်မလေးရဘူးလို့  အဲဒီရုပ်ရှင်လေးပြပြီး ဆုံးမရတာပေါ့….။ အဲဒီလို အကျိုးရှိတဲ့ ရုပ်ရှင်ဖန်တီးသူတွေကို တကယ်ကျေးဇူးတင်မိပါတယ်…။ Mediaက ကလေးတွေရင်ထဲတန်းထိတာမျိုးမိုလား…။

ဒါပေမယ့်လဲ ဒီMediaကြောင့်ပဲ အတတ်ဆိုးတွေရတတ်မှာမို့  အတော်တော့သတိထားရပါတယ်…။ သားနဲနဲကြီးလာတော့ မြန်မာရုပ်ရှင်ကားလေးတွေနဲ့  ရင်းနှီးအောင် တချို့ ကားတွေကို သားနဲ့ အတူကြည့်ဖြစ်ပါတယ်…။ သားနဲ့ အတူကြည့်တော့ တအံ့တသြသိလိုက်ရတာက ရုပ်ရှင်မင်းသား မင်းသမီးတိုင်းကို သားက သိနေတော့တာကိုပါပဲ…။ ပြေတီဦးလဲသိ နေတိုးလဲသိ သက်မွန်မြင့်ကအစ မိုးဟေကိုအဆုံး အကုန်သိနေတော့ ဒီအမေလဲ မျက်လုံးပြူးရော…။ နောက်မှ ဇာတ်ရည်လည်လာတော့ သူ့ အမနဲ့ ပြောဟယ်ဆိုဟယ် မဂ္ဂဇင်းတွေက ပုံတွေကြည့်ရင်း သိလာတာပါ…။ သိရုံသိတာလောက်မဟုတ်ပဲ သူ့ ဟာသူပြေတီဦးအရမ်းကြိုက်သွားတာ အတော်ထူးဆန်းပါတယ်…။ ငယ်ငယ်က မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အရမ်းကြိုက်ရင် ဘယ်ဇာတ်ကောင်စရိုက်ကပါပါ သူ့ ပဲအနိုင်ရစေချင်တာမျိုး ဖြစ်မိကြတယ် မဟုတ်လား..။ အသက် ၉နှစ်မပြည့်သေးတဲ့သားလေးမှာ အဲဒီလို စွဲလန်းမှုမျိုးဖြစ်နေတာ ဟိုတလောကမှ သတိထားမိလိုက်ပါတယ်…။

On lineပေါ်မှာ ညီမ၀မ်းကွဲလေးက အကယ်ဒမီရသွားတဲ့ အာဒမ်ံရယ် ဧ၀ရယ် ဒဿရယ်ကြည့်တော့ သားလဲ ကြည့်ချင်ပါတယ်ဖြစ်လာရော…။ ဒီဇာတ်လေးကတော့ အချစ်ပါးပါးလေးဆိုပြီး သားကိုပြလိုက်မိတာပါ…။ ဒီဇာတ်ကားမှာ ပြေတီဦးက အတ္တကြီးတဲ့ဇာတ်ကောင်ပါ…။ သူလိုချင်တာတခုကို သူများကို ကိုယ်ချင်းမစာပဲ အတင်းရယူတတ်တဲ့ အမြဲအနိုင်လိုချင်တဲ့ ဗီလိန်ဇာတ်ကောင်စရိုက်ပေါ့…။ ကိုယ်လဲဇာတ်ထဲမျောသွားတာ သက်မွန်မြင့်က ပြေတီဦးကို မချစ်တော့ဘူးလို့ ပြောလို့ ပြေတီဦးရှုံးတဲ့အခန်းတွေရောက်တော့ သားမျက်ရည်တွေဝိုင်းပြီး စိုင်းစိုင်းနဲ့ သက်မွန်မြင့်ကို ဒေါသတွေထွက်နေတာ သတိထားမိသွားပါတယ်…။ အားလုံးက ပြေတီဦးမုန်းနေချိန်မှာ သားကပြေတီဦးအရှုံးကို သနားနေတာ…။ ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်ဆို ဇာတ်လမ်းတဲ့စိတ်ရောက်တဲ့ အမေ သားကို လေ့လာရပါတော့တယ်…။ ပြေတီဦးရဲ့ ဒီကားထဲက စရိုက်က မကောင်းဘူးလေသားရဲ့… သူ့ အတ္တကြောင့် သူပြန်ခံစားရတာလေ… စသဖြင့် သားကို ဒီကားရဲ့ပြေတီဦးစရိုက်မလွှမ်းမိုးအောင် ရှင်းပြရပါတော့တယ်…။ ပြေတီဦးကို အရမ်းကြိုက်လို့  သူ့ ကို နိုင်စေချင်တာဆိုတဲ့ သားအပြောက အရှိုက်ကို ထိသွားပါတယ်…။ သားနဲ့ ရုပ်ရှင်တူတူကြည့်တိုင်း အပွဲပွဲတိုင်း ဆုံးမလာတဲ့ကိုယ်က ပြေတီဦးနဲ့ မှ အလဲထိုးခံလိုက်ရတာပါ…။ ဘယ်ရမလဲ…။ ဒီကလဲ စာတွေရေးနေသူဆိုတော့ ဇာတ်လမ်းထဲကထက် ပိုဇာတ်နာအောင် အတ္တကြီးသူတို့ ရဲ့ ကြောက်စရာကောင်းပုံတွေကို တရစပ်ပြောပြလိုက်တော့ ပြေတီဦးမှားတယ်လို့  နောက်ဆုံးသဘောပေါက်သွားပါတယ်…။ အဲဒီနောက်ပိုင်း ကိုယ်ဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ပြေတီဦးအကြောင်း သိပ်မပြောဖြစ်အောင် သူ့ ရုပ်ရှင်တွေသိပ်မကြည့်ဖြစ်အောင် ကြည့်ဖြစ်တောင် ဇာတ်ကောင်စရိုက်ကိုကြည့်ပြီးမှ ဆက်ကြည့်ပါတော့တယ်…။ ပြေတီဦးတော့ အားနာပါရဲ့လေ…။

မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် အလွန်အကျွံစွဲလန်းမိတဲ့အခါ သူတို့ သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်တွေ အထူးသဖြင့် လူငယ်တွေမှာ လွှမ်းမိုးတတ်တာ သဘာဝပါပဲ…။ အဲလောက်မလွှမ်းမိုးဘူးဆိုရင်တောင် မင်းသမီးလိုလှချင်လို့  မင်းသမီးလေးလို လိုက်ဝတ်တာလောက်တော့ အနဲဆုံးရှိမပေါ့…။ ကိုယ်တို့ ခေတ်က ထမီဝတ်တဲ့ခေတ် လုံလုံခြုံခြုံဝတ်တဲ့ခေတ်မို့  မင်းသမီးလို လိုက်ဝတ်တာ အဲလောက်ကြီး အန္တရယ်မရှိပေမယ့်… ဒီဘက်ခေတ်တော့ သမီးမိန်းခလေးမွေးတဲ့ မိဘတွေ အတော်သတိထားရမှာပါ…။ ညီမ၀မ်းကွဲလေးနဲ့  ရုပ်ရှင်အတူကြည့်တဲ့အခါ ခုခေတ်မြန်မာမင်းသမီးတွေ ပေါင်ရင်းနားရောက်နေတဲ့ ဘောင်းဘီတိုလေးတွေ ခပ်ရဲရဲဝတ်လာတာ သတိထားမိပါတယ်…။ ဒါကြောင့်ုမို့  မြန်မာပြည်မှာလဲ ဘောင်းဘီတိုခေတ်ရောက်နေသလား ထင်ရပါတယ်…။ ထမီဝတ်ရင်ပဲ တောသူလို့ အပြောခံရမလားလို့  စိုးရိမ်နေကြတဲ့ခေတ်ပါ…။ ပိုင်ရှင်ရှိတဲ့ယောင်္ကျားကို ပြစ်မှားတဲ့ ကိုရီးယားကားတွေ ၀င်လာတော့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတာဟာ ဘာသာတရားနဲ့ ဆန့် ကျင်တဲ့ နိမ့်ကျတဲ့လုပ်ရပ်လို့ ကို မစဉ်းစားနိုင်အောင် Mediaရဲ့လွှမ်းမိုးမှုကို ခံကြရတာပါ…။ အသဲကွဲရင် အရက်သောက်တတ်တယ်ဆိုတာ ဟိုးတုန်းက ယောင်္ကျားလေးတွေလုပ်ကြတဲ့အလုပ်…။ အခုတော့ အသဲမကွဲလဲ အရက်ဆိုင်ပေါ်တင်ထိုင်နေတဲ့ ခေတ်ရဲ့သမီးပျိုလေးတွေ ငါးပါးသီလဆိုတာ သတိမှရပါလေစလို့  တကယ့်ကို ရင်လေး စိုးရိမ်ပူပန်မိပါတယ်…။ တကယ်တော့ ခေတ်ရေစီးကြောင်းကြောင့် တားမရတဲ့Mediaကြောင့်လို့ ယိုးမယ်ဖွဲ့ လို့ ရပေမယ့် အုပ်ထိန်းသူမိဘတွေရဲ့ မျက်ခြေမပြတ် ပြုပြင်ဆုံးမမှုကလဲ အတော်အရေးကြီးတယ်ဆိုတာ သားနဲ့ ပြေတီဦးက သက်သေပြလိုက်သလိုပါပဲ…။ အမျိုးကောင်း သားသမီးလေးတွေ အများကြီးပေါ်ထွန်းပါစေ…။

တန်ခူး

5 May 2013 11:30pm

Sunday, April 7, 2013

ထုံဇင်နဲ့ အလွဲများ



“ ကြက်သွန်နီပါးပါးလှီးရင် အသားခုတ်တဲ့ ဒီဓားမကြီးနဲ့ မလှီးသင့်ဘူး… ဒီဓားလေးဆိုအတော်ပဲ… ဓားရွေးချယ်မှုကလဲ ဟင်းချက်ရာမှာ အတော်အရေးကြီးတယ်… ကြက်သွန်နီကို ခုလို နှစ်ခြမ်းခြမ်း ပြီးတော့ ဟိုဘက်လက်ကလေးနဲ့ အသာကိုင်ပြီး ဒီဘက်ကနေ အထူအပါးကို ကိုယ်လိုသလောက်ညီညီလှီးရတယ်… အထူအပါးမညီရင် အကျက်လဲမညီဘူး… ဘဘောပေါက်တယ်နော်”

ဘေးလူကြားရင် ကျွန်မအသံက ဟင်းချက်တဲ့ တီဗွီအစီအစဉ်တခုခု အတွက်ပဲ လေ့ကျင့်နေသလိုလို… ဒါမှမဟုတ် ကိုရီးယားကားတွေ အကြည့်များပြီး ဟင်းချက်တာတောင် ဇာတ်ကားထဲက စတိုင်အတိုင်း လုပ်နေသလိုလို ထင်ပါလိမ့်မယ်…။ တကယ်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး…။ ကျွန်မနဲ့  အတူနေ ကျွန်မ၀မ်းကွဲညီမလေးကို ချက်နည်းပြုတ်နည်းသင်နေတာပါ။ ကျွန်မနဲ့ နေတာ နှစ်နှစ်လောက်ရှိပြီး စ နေကတည်းက ယနေ့ ထက်ထိ သင်နေရတုန်းပါ။ တချို့ ဟင်းတွေတော့ လက်လွှတ်လို့ ရပေမယ့် တခါတခါ ကြောင်ကြောင်ပြီး တလွဲတွေ လုပ်တတ်လွန်းလို့  အဲဒီလို အသေးစိတ်ကို နေ့ တိုင်းနီးပါး ရှင်းပြရပါတယ်။

ကျွန်မဦးလေးနဲ့ အဒေါ်က သမီးလေးတယောက်ထဲပါတယ်ဆို ဖူးဖူးမှုတ်ထားတော့ မီးဖိုချောင်ဆိုတာ အဖေနဲ့ အမေနေရာလို့  သတ်မှတ်ခဲ့တဲ့ ကျွန်မညီမ ခုမှ ဘွဲ့ လွန်သင်တန်းပဲ တက်နေသလိုလို အတော်ကို ခက်ခက်ခဲခဲ သင်ယူရပါတယ်။ တခါတလေ သူ့ အတွေးလေးနဲ့ များ လုပ်တတ်မလားလို့  လွှတ်ထားပေးကြည့် အသေအချာကို လွဲတော့တာပါပဲ။ လွဲလွန်းလို့  အမေပေးတဲ့ နာမည်လှလှလေးကနေ “ထုံဇင်” လို့ ပြောင်းရမလိုပါ။ သူလွဲတဲ့ အလွဲလေးတွေ နဲနဲပြောရရင်တော့….

လွဲလွဲလေး(၁)

ထုံဇင် >> “မမ… မနေ့ က ၀ယ်လာတဲ့ ပေါက်စီကြီးက ရေခဲသေတ္တာထဲ ဘာလုပ်မလို့ ထည့်ထားတာလဲ”

ကျွန်မ >> “မနေ့ က ဘာပေါက်စီမှ မ၀ယ်ခဲ့ပါလားဟယ်”

ထုံဇင် >> “ဒီမယ်လေ ဒါကြီးပြောတာ”

သူ့ လက်ထဲက ပေါက်စီဆိုတာ ကြည့်မိတော့ ငိုအားထက် ရယ်အားသန်မိပါတယ်…။ ပင်နင်းဆိုးလားမှာ နွားနို့ ခဲတွေ့ လို့  ချက်စားရအောင် ၀ယ်လာခဲ့တာ အညာသူထုံဇင်လက်ထဲရောက်မှ နွားနို့ ခဲက ပေါက်စီဘ၀ပြောင်းတော့တာပါပဲ။

**********************

လွဲလွဲလေး (၂)

ထုံဇင် >> “မမ၀ယ်လာတဲ့ ဒန့် ဒလွန်သီးကြီးက ရင့်လိုက်တာ ဘယ်လိုမှ သင်လို့ မရဘူး”

ကျွန်မ >> “ဟုတ်လို့ လား… သေသေချာချာ မရင့်တာလေးတွေ ရွေးဝယ်လာတာပါ”

ထုံဇင် >> “ဒီမယ်လေ… ချိုးလို့ မှမရတာ… ကြည့်ပါဦး”

ဒန့် သလွန်သီးကို အခွံမခြစ် ဓားမသုံးပဲ ကန်စွန်းရွက်သင်သလို ချိုးပြီး ကျွန်မကို ရင့်တာကြီး ၀ယ်လာရလားလို့  အပြစ်တင်နေတဲ့ ညီမကို ကြည့်ပြီး မပြုံးပဲ ၀ါးလုံးကွဲ ရယ်မိပါတော့တယ်။

**********************

လွဲလွဲလေး (၃)

ကျွန်မ >> “အိုး… ဘယ်လိုဖြစ်လို့  ဒီဗူးကြီးက ရေခဲသေတ္တာထဲရောက်နေတာလဲ”

ထုံဇင် >> “မနေ့ က မမအမျိုးသားဝယ်လာတဲ့ အအေးဗူးလေ… ဘာဖြစ်လို့ လဲ”

လက်ဆေးဆပ်ပြာကို လိမ္မော်ရောင် ၀ယ်လာသည့် ကျွန်မ အမျိုးသားကိုပဲ အပြစ်တင်ရမလား… ဆပ်ပြာရည်နဲ့ အအေး မကွဲပြားသည့် ညီမကိုပဲ အပြစ်တင်ရမလား… ဘာပဲဖြစ်ဖြစ် မဖောက်ရသေးတာကိုပဲ ကျေးဇူးတင်မိပါသေးတယ်။

**********************

လွဲလွဲလေး (၄)

ကျွန်မ >> “ဒီနေ့ ကြက်မြစ်ကြက်သဲဟင်းချက်မယ်… မချက်ခင် အိုင်ဒီယာလေးရအောင် မေးပါရစေဦး.. အသဲနဲ့ အမြစ် ဘယ်ဟာက ပိုမာသလဲ”

ကျွန်မက ကြက်မြစ်ကြက်သဲချက်ရင် အမြစ်လေးကို အရင်ပျော့အောင် ပြုတ်ပြီးမှ အသဲနဲ့ အတူရောချက်တာပါ။ ဒါမှအကျက်လေးညီအောင်လို့ ပါ။ အသဲနောက်မှထည့်ရင် သိပ်မမွှေးဘူးထင်လို့ ။ အဲဒါရှင်းပြဖို့ ညီမကို အပေါ်ကလို မေးခွန်းထုတ်တာပါ။

ထုံဇင် >> “အသဲမာတယ်”

ကျွန်မ >> “ဘယ်လို… ၀တ္ထုထဲသီချင်းထဲက စာသားလား… အသဲနဲ့ အမြစ်နဲ့ မကွဲတာလားဟယ်”

တကယ်တော့ အသဲကို အမြစ်လို့ မှတ်… အမြစ်ကို အသဲလို့ မှတ်… လွဲချင်တိုင်းလွဲနေတာမို့  အဲဒီလို အဖြေလွဲလေးကို ကျွန်မကြားတာပါ။

**********************

ဒါက မီးဖိုချောင်နဲ့ ပတ်သက်တဲ့ အလွဲဥပမာပါ…။ ယနေ့ ထက်ထိ အသီးအရွက်နာမည်တွေ အပေါက်မတည့်သေးသလို ငါးခြောက်တွေလဲ ရောနှောနေတုန်းပါ။ ငါးရံ့ခြောက်လေး ထုတ်ခဲ့ပါဆို ငါးပုတ်ခြောက်ထုတ်လာတတ်ပြီး အာဗြဲခြောက်ဆို ငါးနီတူးယူလာတုန်းပါ။ ဒီပို့ စ်မှာ တင်ထားတဲ့ ပုံလေးကတော့ အိမ်မှာရှိတဲ့ အသီးအရွက်နဲ့  အသားစာရင်းကို သူပြုစုထားတာပါ။ မှင်နီလေးတွေ ၀ိုင်းထားတာကတော့ လွဲနေတာတွေပေါ့။ တို့ စားတဲ့ ခရမ်းကစော့သီးက ခရမ်းဆော့သီးဆိုတဲ့ နာမည်အသစ်ပေးခံရသို ခ၀ဲသီးကို သပွတ်သီးဘ၀ပြောင်းလိုက်တာလဲ သူပါပဲ။ စားတော်ပဲပြုတ်ကို ပဲပြုတ်ဖြူလို့ ခေါ်တာ သူတယောက်ပဲ ရှိမယ်ထင်ရဲ့နော်။ မီးဖိုချောင်တင်မက တခြားနေရာတွေမှာလဲ ထိုနည်းတူလွဲတတ်ပါသေးတယ်။

လွဲလွဲလေး (၅)

သားနေမကောင်းတာ ဆေးတိုက်ဖို့ ဆေးတွေကို သူ့ ကိုပြောပြထားပြီးသားပါ။ ဆေးတမျိုးက တနေ့ ၂ကြိမ်၊ ကျန်တဲ့ဆေးတွေက တနေ့ ၃ကြိမ်။ ခုနေ့ လည်ဆေးကို တနေ့ ၂ကြိမ်ဆေးပါတိုက်မယ်လုပ်နေတော့ ကျွန်မမေးရပါပြီ။

ကျွန်မ >> “အဲဒီဆေးက တနေ့ ၂ကြိမ်လေ… ဘာလို့ နေ့ လည်ကြီးတိုက်နေတာလဲ”

ထုံဇင် >> “ဟုတ်တယ်လေ မမရဲ့… တနေ့ ၂ကြိမ်ဆိုတော့ မနက်တကြိမ် နေ့ လည်တကြိမ်တိုက်… ညကျတိုက်စရာမလိုတော့ဘူးပေါ့”

သူ့ အဖြေကြောင့် ဘာစကားမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားရပါတယ်။ အတွေးတွေလွဲချက်ကတော့ ကမ်းကုန်ပါပဲ။ မနက်ကို တပြိုင်တည်း ၂ကြိမ် မတိုက်တာပဲ တော်ရဲ့လို့  ပြောရမလိုပါပဲ။

**********************

လွဲလွဲလေး (၆)

ထုံဇင် >> “မမ ဟိုဘက်အိမ်က အကူမိန်းမကြီး သူတို့ အိမ်ထဲ ယောင်္ကျားကြီးတယောက် ၀င်လာလို့  ပြူတင်းပေါက်နေ ဒီဘက်ခုန်တာ ကံကောင်းလို့ ပြုတ်မကျတယ်… ခြေထောက်တွေ ဒဏ်ရာတွေ ရကုန်တာ”

အဲဒီလို သဲထိတ်ရင်ဖို ဇာတ်လမ်းကြားလိုက်ရတော့ ကျွန်မအတော်ပူသွားရပါတယ်။ ဘယ်နှယ့် အိမ်ထဲသူစိမ်းယောင်္ကျားဝင်ရသတဲ့လား။ ကျွန်မပူသွားရတာ သူ့ အတွက်ပါ။ သူကရိုးရိုးနုံနုံနဲ့ ဟိုဘက်အိမ်လူဝင်သလို ကိုယ့်အိမ်များဝင်ရင်တော့ ဒုက္ခပေါ့။

ကျွန်မ >> “ဟုတ်လို့ လားဟယ်… သူပြောတာရော သေချာနားလည်လို့ လား”

ထုံဇင် >> “အော်…ဟုတ်ပါတယ်ဆို… အိမ်ရှေ့ အိမ်က အန်တီကြီးကိုပြောနေတာ”

ကျွန်မလဲ စိတ်ပူပြီး အိမ်ရှေ့ အိမ်က အန်တီကို မေးမိတော့ ဇာတ်လမ်းအမှန်က တမျိုးပါ။ အိမ်ဘေးအိမ်က ဖီလစ်ပိုင်မိန်းမက ကလေးကို တံခါးပိတ်ထားခဲ့ပြီး အောက်မှ သူ့ ဖဦးထုတ်အဖော်တွေနဲ့  ပျော်ပွဲစားနေတုန်း aircon maintenance လုပ်ဖို့  သူ့ အိမ်ရှင်ချိန်းထားတဲ့သူက ရောက်လာတာပါ။ အိမ်တံခါးက ပိတ်ထားတော့ အိမ်ရှင်လှမ်းဖုန်းဆက် အိမ်ရှင်က ဖီလစ်ပိုင်မကိုဆက် သူက အပြေးပြန်လာ အိမ်ရောက်တော့ သော့ကြီး အိမ်ထဲထည့်ပြီး သော့ခတ်မိနေလို့  ပြူတင်းပေါက်က ကျော်ဖွင့်ရတာပါ။ ကဲ… ဖီလစ်ပိုင်မက အိမ်ရှေ့ က ကုလားလူမျိုးအန်တီကို အင်္ဂလိပ်လိုပြောတာကို ကျွန်မတို့ မြန်မာမလေးထုံဇင်က မြန်မာမှုပြုလိုက်တာ ဘယ်လောက်နီးစပ်သလဲနော်…

**********************

လွဲလွဲလေး (ရ)

ထုံဇင် >> “မမပြောတော့ Lake Side နဲ့  Bukit Batok ” ကြားထဲ ရထား ၃မှတ်တိုင်ဆို… ခုတကယ်သွားတော့ တမှတ်တိုင်တိုးလာတယ်”

ကျွန်မ >> “ဟဲ့… ရထားဘူတာက ဘယ်နှယ့်နေရင်းထိုင်ရင်း တမှတ်တိုင်တိုးပါ့မလဲ… ၃မှတ်တိုင်ပါ”

သားကျောင်းက ရေကူးသင်တန်းရှိတဲ့နေရာကို သွားခိုင်းရာမှ ကျွန်မရဲ့လမ်းညွန်မှုကို ဒေါ်ထုံဇင်တို့  complaint တက်နေပါပြီ။ ဘယ်လိုရေရေ ၃မှတ်တိုင်ပဲမို့  သူ့ ဘယ်လိုများရေဘာလိမ့်လို့  စိတ်ဝင်တစားမေးကြည့်တော့…

ထုံဇင် >> ”မမတွက်ကြည့်လေ… lake side က Chinese garden ၁မှတ်တိုင်… Chinese gardenကနေ Jurong East ၁ မှတ်တိုင်… Jurong East အစိမ်းလိုင်းက အနီလိုင်း ၁ မှတ်တိုင်…”

ဘာကြောင့် တဘူတာပိုလဲ သိလိုက်ရပါပြီ။ ဒီလောက်မြေပုံဆွဲရှင်းပြလိုက်ရက်နဲ့  Jurong East အစိမ်းနဲ့ အနီလေး ကူးလိုက်တာကို တမှတ်တိုင်စာတွက်ပလိုက်တာလေ။

**********************

လွဲလွဲလေး (၈)

ကျွန်မ >> “ကြာလိုက်တာဟယ်… ဘာများဖြစ်နေသလဲလို့ ”

သားကျူရှင်သွားပို့ ပြီး တော်တော်နဲ့ ပြန်မရောက်တော့ စိတ်ပူလိုက်ရတာ…။ ဖုန်းဆက်တာလဲမကြား။ ကျွန်မမေးတာကို ပြုံးစိစိဖြစ်နေတာကြည့်ရင်း တခုခုလွဲပြီဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။

ထုံဇင် >> “Boonlay Interchange မှာ ဘတ်စ်ကားစီးတာ လမ်းကြောင်းမှား စီမိလို့ ”

ကျွန်မ >> “လမ်းကြောင်းမှားလဲ လမ်းကြောင်းပြန်ပြောင်းလို့ ရတာပဲ”

ထုံဇင် >> “မဟုတ်ဘူးလေ… လမ်းကြောင်းမှားတာ ကားပေါ်ရောက်ပြီး တခြားလမ်းထဲကွေ့ သွားမှ သတိထားမိတယ်… နံပါတ်မကြည့်ပဲ လိုက်စီးသွားတာ… ဟဲဟဲ…”

ကျွန်မ >> “အိုး.. ဖြစ်ရမယ်… အဲဒါအိမ်ကို ဘယ်လိုပြန်လာလဲ”

ထုံဇင် >> “လမ်းလျှောက်လာတာလေ”

လမ်းလျှောက်တာမလွဲတာကိုပဲ တော်သေးရဲ့လို့ ဆိုရမလိုပါပဲ။

**********************

ကျွန်မနဲ့ မနေခင်က မြန်မာပြည်က စတိုးဆိုင်တခုမှ ငွေကိုင်လုပ်ခဲ့ပါတယ်။ စတိုးဆိုင်က အိမ်နဲ့ ဘတ်စကား ၂မှတ်တိုင်လောက်ပဲ ဝေးတာမို့  သူ့ အကိုက စက်ဘီးနဲ့ အမြဲလိုက်ပို့ ပါတယ်။ တရက်သားမှာ သူ့ အကို မအားတာနဲ့ ဘတ်စ်ကားနဲ့ သွားမယ်ဆို ဘတ်စ်ကားဂိတ်မှာ ကားစောင့်ပါတယ်။ ဘတ်စ်ကားတစီးလာတာနဲ့  တက်စီးသွားတာ သူ့ စတိုးဆိုင်ကျော်မှ သတိထားမိပါတယ်။ ကားမောင်းတဲ့ အဖိုးကြီးက သမီးဝန်ထမ်းအသစ်လားလို့ မေးမှ သူစီးသွားတာ လိုင်းကားမဟုတ်ပဲ ရုံးဖယ်ရီကြီးဖြစ်နေပါသတဲ့။

တကယ်တော့ လွဲတဲ့ဇာတ်လမ်းတွေသာ ထိုင်ရေးရရင် လုံးချင်းတအုပ်ထွက်နိုင်ပါတယ်။ ဘယ်လောက်လွဲသလဲဆို မလွဲတဲ့နေ့ မရှိသလောက်ပါပဲ။ ထူးအိမ်သင်သီချင်းလေးထဲကအတိုင်း လွဲလွဲလေးပဲကောင်းပါတယ်ဆိုတာ သူ့ အတွက်များ စပ်ထားသလား ထင်ရပါတယ်။ ဆရာမင်းလူသာ သူနဲ့ နေရရင် လှထုံလို ဇာတ်ကောင်တယောက်တွေ့ ပဟဆို ကုန်ကြမ်းတွေ မနဲမနောရမှာ အမှန်ပဲ။ စိတ်ထားလေးကဖြူစင်ပြီး သဘောလေးကောင်းတာမို့  မိန်းခလေးလဲဖြစ်နေတော့ အလွဲကြီးတွေ မလွဲရအောင် အလွဲသေးလေးတွေက တဆင့် သင်ခန်းစာယူတတ်အောင် သင်ပေးရပါတယ်။ ကျွန်မတို့  အိမ်မှာတော့ တနေ့ တနေ့ အလွဲတွေ ထပ်မလွဲရအောင် ကျွန်မက သင်လိုက် ထုံဇင်က လွဲပြီးရင်းလွဲလိုက်နဲ့  ဆူညံမြိုင်ဆိုင်လို့ နေပါတော့တယ်။

တန်ခူး 6:50pm 5-Apr-2013