Monday, October 20, 2008

ဖောင်ဖျက်သင့် မဖျက်သင့်

ခုတလော သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ကမ္ဘာကြီး စီးပွားရေးကျတဲ့ သတင်းတွေပဲ ပလူပျံနေတယ်။ နေ့ ချင်းညချင်းကို စီးပွားရေးက ကျလာတာ။ ကိုယ်လဲ သိပ်နားမလည်တဲ့ ကိစ္စမို့  စီးပွားရေးနဲ့  ပတ်သက်ပြီးတော့ ဘာမှ မပြောတတ်ပါဘူး။ ဒါပေမယ့် မသိတာလား သိသိနဲ့ မထူးတော့ဘူးဆို ထွက်လာတာလား… မြန်မာတွေတော့ ဒီနိုင်ငံကို ၀င်လာမစဲ တသဲသဲပဲ။ ဖောင်ဖျက်ပြီးမှ လာကြရမှာဆိုရင် မလာရသေးသူတွေ နဲနဲတော့ စဉ်းစားဖို့  ဒီပို့ စ်ကို ရေးလိုက်ရတာပါ။

ဟိုးလွန်ခဲ့တဲ့ ၄ ၅ ၆လ လောက်က အတော်အဆင်ပြေသေးတယ်။ အိမ်ဘေးအိမ်က ကောင်လေးအလုပ်လာရှာတော့ ကိုယ်ကလဲ တတ်အားသမျှ အိမ်စာရိတ် မကုန်အောင် ကိုယ့်အိမ်မှာ နေခိုင်းပြီး ကူညီပေးရတယ်။ ရမလိုလို မရမလိုလိုနဲ့  ကိုယ်က stayကုန်ခါနီးလေ စိတ်တွေပူ။ သူကတော့ ပြန်တောင် အားပေးနေသေးတယ်။ ကျွန်တော် အလုပ်ရမှာ သေချာတယ်တဲ့။ တော်သေးရဲ့… stayကုန်ဖို့  ၃ ၄ ရက်လောက်လို ကပ်ရသွားတာ။

ဒါပေမယ့်… ခေတ်ကြီးက လပိုင်းအတွင်းပြောင်းသွားတာ။ လွန်ခဲ့တဲ့ ၂လ လောက်က ကိုယ့်ဆရာမ သမီးလေး အလုပ်လာရှာတော့ အတော် ထိုင်းသွားတယ်။ အံ့တောင် အံ့သြတယ်။ သူ့ ခမျာ အမေအိုကြီးလုပ်ကျွေးချင်သူဆိုတော့ ရစေချင်တာပေါ့။ ပထမပိုင်း အင်တာဗျူးတွေရလိုက်ပြီး နောက် stay တလကျတော့ အင်တာဗျူးကို မရတော့တာ။ ပွဲစားနဲ့ အပ်… ပွဲစားမကယ်နိုင်။ ဒီကြားထဲ… မလေးရှောင်ပြီး ပြန်ဝင်ရင် stay ရတယ် ပြောလို့  ပြန်ဝင်ခွင့် ဗီဇာလျှောက်တော့ မရ။ ဘာကြောင့်လဲဆိုတော့ ဒီမလာခင် ဗီဇာကို ဒီက Agentကို လှမ်းလျှောက်ခိုင်းတာမို လို့ တဲ့။ PR ဖြစ်ဖြစ် citizen ဖြစ်ဖြစ် ထောက်ခံရင် ၀င်ခွင့် ထပ်ရတယ်တဲ့။ အချင်းချင်း လက်တို့ သတိပေးလိုက်ကြပါဦး။ နောက်ဆုံးတော့… အလုပ်မချိတ်မိပဲ ပြန်သွားရရော။ ငိုနေတဲ့ သူ့ ကို ဘယ်လို အားပေးရမှန်းကို မသိဘူး။ ကံဆိုးချင်တော့ စီးပွားရေးကျတဲ့ အချိန်မှာ ရောက်လာသလို ဖြစ်သွားတာ။

ဟိုတနေ့ က အီးမေးလ်တခု ရောက်လာတာ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီကို အလုပ်လာရှာတဲ့ သူတယောက် အသက်ငယ်ငယ်လေးနဲ့  ဒီမှာတင် ဆုံးသွားတယ်။ စိတ်ပင်ပန်းမှုဒဏ်က အတော်ဆိုးဝါးသွားပုံရတယ်။ ကလေးငယ်ငယ်လေးနဲ့  မိန်းမကို ထားပြီး အလုပ်လာရှာတာတဲ့။ အဲဒီနေ့ က သူတို့ မိသားစုလေး အကြောင်းတွေးပြီး ထမင်းတောင် မစားနိုင်ဘူး။

ဒါကြောင့် လာဖို့  အစီအစဉ်ရှိသူများကို ကြိုသတိပေးပါရစေ။ အခြေအနေကို စုံစမ်းပြီးမှ လာကြပါ။ လက်ရှိအလုပ်ကို ထွက်စရာမလိုပဲ ခဏလာ ကြိုးစားလို့ ရတယ်ဆို ပိုကောင်းလိမ့်မယ်။ ခေတ်က ပြန်ဆိုးစပြုလာတော့ မျက်စိမှိတ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်မလာသင့်တော့ပါဘူး။ ခုလက်ရှိ တချို့ companyတွေတောင် လှုပ်တုပ်တုပ်ဆိုတော့ စောင့်ကြည့် လေ့လာကြပါဦးလို့ ။

နောက်တခု သတိပေးချင်တာ fresh graduate လေးတွေကိုပါ။ ကျောင်းပြီးတာနဲ့ နိုင်ငံခြားထွက်မယ်ဆိုပြီး … သင်တန်းတွေ လျှောက်တတ်နေမယ့် အစား အလုပ်တခုခုကို ၀င်လုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။ အလုပ် တကယ်လုပ်ဖူးသူနဲ့ မလုပ်ဖူးသူ မိမိကိုယ်ကို ယုံကြည်မှုက မတူပါဘူး။ ပြီးတော့… အင်္ဂလိပ်စာကို လေ့ကျင့်ပါ။ သင်တန်းမှာ အများနဲ့ လိုက်အော်ရုံနဲ့ မရပါဘူး။ ပါးစပ်က အသံထွက်ပြောမှ နားက သေချာနားထောင်မှ အလေ့အကျင့်ရမှာပါ။

ကိုယ့်အခြေအနေက ဖောင်ဖျက်ရတော့မှ ရမယ့် အခြေအနေဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်ပြီးမှ လာသင့်ပါတယ်။ အလုပ်တခု ရဖို့ ကို လျော့မတွက်သင့်ပါဘူး။ ခုလို ကျပ်လာတဲ့  အခြေအနေမှာ ကိုယ်က ကိုယ့်ပြိုင်ဘက်ထက်သာမှ အရွေးခံရမှာ ဖြစ်ပါတယ်။ ခုဆို ဖီလစ်ပိုင်၊ တရုတ်၊ ကုလားတွေ အပြင် စင်္ကာပူပြိုင်ဘက်တွေက များလာတာမို့  ကိုယ့်အရည်အချင်းကို သူတို့ ထက်သာအောင် သွေးထားဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့  မြန်မာတွေက တကယ်လုပ်နိုင်ပြီး အပြောမှာ ဒုက္ခရောက်တတ်ကြပါတယ်။ ကိုယ်ဘယ်လောက်တတ်လဲဆိုတာ ကိုယ်ပြောနိုင်အောင် လေ့ကျင့်ကြပါ။ အဆင်သင့်ဖြစ်မှ ဖောင်ဖျက်ကြပါလို့  တိုက်တွန်းပါရစေ။

တွဲဖတ်စေချင်တဲ့ပို့ စ်- မြန်မာတချို့နဲ့ အလုပ်အင်တာဗျူး


တန်ခူး
4:45pm 20-Oct-2008

24 comments:

Anonymous said...

I do agree with what u said

tg.nwai said...

တန်ခူးရေ.. လက်လှမ်းမှီသလောက် ဝေမျှလိုက်ပါမယ်..ဒီလို information တွေက လိုနေတာ.. ဒီကလူတွေက အဲဒီက အခြေအနေတွေကို သေသေချာချာ မသိကြတဲ့ သူတွေ အများကြီးရယ်။ ကျေးဇူးနော်..

မေငြိမ်း said...

မတန်ခူးရေ.. ဒီပို့စ်ကို ဖတ်ပီး ဗမာတွေအတွက် စိတ်ထိခိုက်လိုက်တာ။ ခက်တာက အထဲမှာကလည်း ဘာမှလုပ်စရာမ၇ှိဘဲ ငုတ်တုတ်ငတ်နေကြတာလေ..။ အဲဒါကြောင့် ဘ၀တွေဖျက်ပီး လာနေကြရတာ..။ တကယ့်ကို ဆုတ်လည်းဆူး စားလည်း ရူးပါပဲ..။

ThuHninSee said...

သူငယ်ချင်းတစ်ယောက် အခုပဲ ငြီးနေတယ်။
စတေးပြည့်တော့မယ် အလုပ်မရသေးဘူးတဲ့။
သူက siteအတွေ့အကြုံနဲ့ draftingလုပ်သက် ၈နှစ်ရှိတယ်။
အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောနိုင်တယ်။ ခက်တာက
စီးပွားကျရင် civilလိုင်းဘက်တွေက အရင်ထိတာ။
ရန်ကုန်မှာသူ့အလုပ်က အခြေအနေကောင်းလျက်နဲ့
ဒီကသူငယ်ချင်းက"အဆင်ပြေမယ်၊လာပါ" အတင်းခေါ်လို့လာတာ။
အခုတော့ "ဘူ" နေလေရဲ့။

PAUK said...

ဟုတ်တယ်..မတန်ခူးရေ..
စီးပွားရေးတွေကျတော့..စတော့တွေပါကျ..
လူလည်း..စိတ်ဓါတ်တွေကျနေတယ်...

စူး said...

ဟုတ်တယ်အမရေ..
ဘယ်လိုပြောရမလဲတောင် မသိဘူး

လင်းလက်ကြယ်စင် said...

စီးပွားရေးတွေကျ ၊ လူတွေအားလုံးလည်း အသုံးအဖြုန်းတွေ သတိထားကြရင်း အလုပ်ရှာသူတွေလည်း ဒါကို သတိပြုသင့်ကြပါတယ်။ အထဲမှာလည်း ဒုက္ခရောက် ၊ အပြင်မှာလည်း အဆင်မပြေကြတဲ့ မြန်မာတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ် မမတန်ခူးရေ။

Mashwemi said...

mama takhuu. thanks you so much.. i also planning to go singapore. now i need to think about this.. i'm working at Malaysia as an accountant. But my salary is little. Coz this work is first for me. so boss not give me any chance.. Whatever, i must try.
MaMa.. thanks.

Anonymous said...

မတန်ခူးရေ..ဒီပို့စ်လေးအတွက်ကျေးဇူးပါ..လာဖို့စဉ်းစားနေတဲ့သူငယ်ချင်းတွေကိုပြောချင်တဲ့စကားတွေပါနေပြီမို့ ဒီပို့စ်လေးပဲညွှန်းလိုက်တော့မယ်နော်..နို့မို့ဆို တချို့ က မလာစေချင်လို့ထင်နေကြတာ..

ဇနိ said...

အမရေ
ဖတ်သွားပါတယ်...
ဖောင်ဖျက်သင့် မဖျက်သင့်ဆိုတာ..စဉ်းစားဆင်ခြင်စရာပဲနော်...

း)

Taungoo said...

ဘုရင့်နောင်ရဲ့ ဖောင်က ပါလာတော့ တောင်ငူသားလည်း မနေနိုင်တော့ဘူး။း)
အမှန်ပဲ အမရယ်။ သက်ပြင်းမောကြီးသာ ခါခါချနေရတယ်။ နောက်ကနေ လိုက်လာချင်ကြတဲ့
ညီ ညီမတွေကလဲ တပြင်ပြင်။ ဒီကအခြေအနေကိုလည်း ဘာပြောပြော နားမဝင်ကြဘူး။ အပြင်ထွက်လိုက်တာနဲ့ သေချာပေါက် ချမ်းသာပြီလို့ ထင်နေကြလားမသိပါဘူးဗျာ။

nu-san said...

အမရေ.. အခုလိုလေး ပြောပြပေးတာကပဲ ကျေးဇူးတင်စရာပါ။ ဘယ်သူမှ မပြောပြရင် ဘာမှ မသိနိုင်ဘူးလေ.. အခုလို သိရတော့ လက်လှမ်းမှီရာလေး သတိပေးထားလို့ရတာပေါ့။ ကြုံဖူးတယ် အမရေ.. တချို့လည်း “လာခဲ့ပါ၊ လာခဲ့ပါ အားလုံးအဆင်ပြေသွားမယ်” ဆိုတာ ပြောတာ၊ တကယ်အလုပ်မရရင် စိတ်ညစ်ရတာကိုယ်ပါပဲ။ နောက်ပြီး တကယ်လည်း ရောက်လာရော “လာခဲ့ပါ”လို့ ခေါ်တဲ့ သူငယ်ချင်းတွေကလည်း ကိုယ်တွေကို လှည့်မကြည့်နိုင်ကြတော့ဘူး.. အဓိကကတော့ ကိုယ်တိုင်လေ့လာ စုံစမ်းပြီး လာကြတာ ပိုကောင်းပါတယ်။

Anonymous said...

အမတန်ခူးရေ အဲဒီလိုတွေရှိတာလား။ တကယ်နီးစပ်တဲ့သူ ပြောပြမှ အခြေအနေတွေ သိရတာနော်။ မဟုတ်ရင် အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်မိနေမှာ။ ခုလိုလေးတွေရေးတော့ ဖတ်မိ ဆင်ခြင်မိတာပေါ့ အမရယ်။

Moe Cho Thinn said...

ဒါတွေ ဖြစ်ရတဲ့ အကြောင်းအချက်ကတော့ တခုတည်းပါ။
ဖြစ်လာတဲ့ အကျိုးဆက် နစ်နာမှုတွေကတော့ ပြောမဆုံးနိုင်အောင်ပါ။
ဒါကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် ချွန်နေအောင် သွေးထားမှ တန်ကာ ကျမှာပါပဲ။ အခြေအနေက ကိုယ်မဖြစ်ချင်ပေမဲ့ ဖြစ်လာခဲ့ပြီကိုး။ မတန်ခူးပြောတဲ့ ကြိုးစားပြင်ဆင်ခဲ့ဖို့ဆိုတာ သိပ်လိုအပ်တာပါပဲ။ ကျေးဇူးပါ အမ။

Anonymous said...

the recession this time will last for a few quarters (years?).. and now semi con companies are starting to layoff...

it wil hit the construction sector big time.... now properties price are coming down..

it will continue to get worse...

ပုံရိပ် / Pon Yate said...

မတန်ခူး သတိပေးတာ အရမ်း သင့်တော်ပါတယ်။ အခြေအနေတွေ ကအမျိုးမျိုးဆိုတော့ နိုင်ငံခြားရောက်ရင် ပြီးရော ဆိုပြီး ထွက်မလာသင့်တာ အမှန်ပဲ။

Kaung Kin Ko said...

ဒုက္ခး-(

Anonymous said...

ဆရာမ မမေငြိမ်း ပြောသလိုပါပဲ၊ ဗမာတွေ ဘဝကတော့ တကယ့်ကို ဆုတ်လည်းဆူး စားလည်းရူးပါ၊း(

Anonymous said...

အမရေ .. ညီမ ပြန်လာပြီး)

တချို့တွေကျ မြန်မာပြည်မှာလည်း ဖျက်စရာ ဖောင်တောင် မရှိ ၊ ဟိုမှာဆက်နေလည်း ဘာမှထူးမှာ မဟုတ်လို့ သူများဖောင် အငှားစီးပြီး ၊ အရဲစွန့် လာပြီးမှ လုံးဝကို စုံး၂နစ်တော့တာပါပဲ ။

အဲလိုလူတွေကို မြန်မာအချင်းချင်း လိမ်ရက်သူတွေရှိတာကတော့ တကယ့်ကို ရင်နာစရာပဲ ။

သက်ဝေ said...

ဟုတ်တယ် တန်ခူးရေ...
သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးကို အချိန်မီရေးတင်ပေးတာ ကျေးဇူးတင်ပါတယ်...။ များများဖတ်မိအောင် ဝေမျှပေးပါ့မယ် နော်...။

တက်တူ said...

ဟုတ်ပ အမရေ ဒီမှာက စီးပွားရေးကျနေတော့ အလုပ်ခုန်မလို့ဟာ အသာလေးငြိမ်နေရတယ်။
မြန်မာပြည်က လာမဲ့သူတွေကိုလည်း တားထားရတယ်

တန်ခူး said...

ကျေးဇူးပါ Anonymous ရေ…

မ ရေ… မျှဝေပေးမယ်ဆိုလို့  အရမ်းကျေးဇူးတင်ပါတယ်…

မ ရေ… အမှန်ပါပဲ… နောက်ဆုံးတော့ ဆူးလဲဆူးစေတော့ ရူးလဲရူးစေတော့… ထမင်းတလုပ်အတွက် ရုန်းကန်ရတာပေါ့ မ ရယ်….

ညီမရေ… ညီမပြောသလိုဆို ညီမသူငယ်ချင်း ရနိုင်တဲ့ အခြေအနေရှိပါတယ်…

ပေါက်က စတော့ကစားလို့ လား… ဒီကရှေ့ လျှောက် သတိတော့ထားညီမရေ…

မြတ်နိုးရေ… ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပေါ့…

ဟုတ်ပါတယ် လင်းလက်ရေ… တကယ်စိတ်မကောင်းစရာပါ… မတွေ့ တာကြာပြီနော်… မင်္ဂလာဆောင်အတွက် အလုပ်တွေ များနေလား….

ညီမ မရွှေမိရေ… ညီမက မလေးမှာ ဆိုတော့ အဲဒီကနေ လှမ်းကြိုးစားကြည့်ပါလား… အင်တာနက်က လှမ်းလျှောက်ပြီး အင်တာဗျုးရမှ အဲဒီက အလုပ်မထွက်ပဲ အလည်လိုမျိုးလာရင်း ကြိုးစားကြည့်ပေါ့… တရုတ်နှစ်ကူးပြီးတဲ့ အချိန်ဆို အလုပ်ပေါလေ့ရှိတယ်… accountantအလုပ်က ရဖို့ များတတ်ပါတယ်… ညီမမှာ အလုပ်အတွေ့ အကြုံလဲရှိတာပဲ….

အမှန်ပဲ နှင်းရေ… တချို့ ကပြောရုံနဲ့ မယုံကြဘူးနော်…

ကိုဇနိရေ… ဟုတ်ပါတယ်… စဉ်းစားပြင်ဆင်ပြီးမှ လာသင့်ပါတယ်…

ကိုတောင်ငူရေ… ရေကြည်မြက်နုကလဲ ရှာဖို့ ခက်ခက်လာတယ်… အင်း… ကြုံဖူးမှ ယုံတာထက် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတာပေါ့နော်… စွန့် စားမှုအတိုင်းအတာကို သေချာစဉ်းစားသင့်ပါတယ်…

နုရေ… ဟုတ်ပါတယ်… ကိုယ်တိုင်လေ့လာစုံစမ်းတာက အကောင်းဆုံးပါ….

မဇနိရေ… လက်ရှိအခြေအနေပေါ့ညီမရယ်… ပြောနေကြတာတော့ နောက်ထပ် ၁ နှစ်ခွဲ ၂နှစ်လောက် ကြာဦးမယ်တဲ့… ပုံသေတော့ ပြောလို့ မရဘူးပေါ့ညီမရေ…

ချိုသင်းရေ… ဟုတ်ပါတယ်… သူများနိုင်ငံမှာဆိုတော့ ကိုယ်ကအမြဲတမ်း ဒုတိယ ဦးစားပေးအဆင့်မှာလေ...ချိုသင်းပြောသလို ချွန်နေမှ တော်ရုံကျတယ်….

ဟင်း… မြန်မြန်စီးပွားရေးပြန်တက်ပါစေလို့ ပဲ ဆုတောင်းရတော့မှာပေါ့ burmesegoldbull ရေ…

ဟုတ်ပါတယ် ပုံရိပ်ရေ… လျှော့တွက်လို့ မရပါဘူး…

ကောင်းကင်ကိုရေ…ဒုက္ခပေါ်ဒုက္ခဆင့်ပေါ့….

ခိုင်ရေ… လက်မှာလဲ သွေးတွေလဲ…စိတ်တွေကလဲ တောင်ရောက်မြောက်ရောက်… စူးလျက်နဲ့ ရူးကြရသူတွေပါ…

ဂျစ်တူးရေ….ဟုတ်တယ်…တချို့ က ဖောင်အငှားစီးလာကြတာ…ရင်လေးစရာပါ… အဆိုးနဲ့ အကောင်း ၂မျိုးလုံးအတွက် ပြင်ဆင်သင့်ပါတယ်…

သက်ဝေရေ… ဝေမျှပေးမယ်ဆိုလို့ အရမ်းကျေးဇူးတင်ပါတယ်…ကိုယ်တတ်နိုင်သလောက်လေး ကူညီကြတာပေါ့နော်…

ကိုတက်တူရေ… မခုန်သေးနဲ့ ဦးနော်… ခဏစောင့်လိုက်ပါဦး…

Pyi Chit Khin said...

Hi Sis,

I do appreciate for your concern. I am also feeling same too.

Let me spread this post to our bro and sis inside MM.

tks for sharing.

တားမြစ် ထားသော... said...

မှတ်သားသွားပါတယ်။ စေတနာရှေ့ဆောင်တဲ့ သတိပေးစကားလေးက တန်ဖိုးရှိတယ်။

သုခမိန်(E-Journal)