Thursday, August 29, 2013

အိတ်သွန်ဖာမှောက်



(ချစ်တဲ့သက်ဝေရေ… သွန်ပြီနော်… သက်ဝေကို ချစ်လို့ ရေးတဲ့ပို့ စ်)

အဲဒီအိတ်ထဲမှာ ကိုယ်တိုင်သေသေချာချာ မှတ်မှတ်ရရ ထည့်ထားတဲ့ နေ့ စဉ်သုံး ပစ္စည်းတွေ ရှိသလို ကိုယ်မေ့လျော့စွာ ပြန်သိမ်းဖို့ မေ့နေတဲ့ ပစ္စည်းတွေလဲ ရှိနေမှာမို့  သိချင်စိတ်တွေ အရမ်း ပြင်းပြသွားမိတယ်…။ ကိုယ်နေ့ တဓူဝ သုံးနေတဲ့ ကိုယ်နဲ့ အတူ ကပ်ပါလာတဲ့ ဒီအိတ်လေးထဲ ဘာတွေများ ရှိနေမလဲဆို စိတ်လှုပ်ရှားစွာနဲ့  သွန်ချမိလိုက်တယ်…။

၁) သုံးပင်လိမ်နေတဲ့ ကြိုးသုံးကြိုး ( ဖုန်းအားသွင်းတဲ့ကြိုးနှစ်ချောင်းနဲ့ နားကြပ်ကြိုးတချောင်း)…

၂) Nokiaဖုန်းတလုံး… ကိုယ်မနှစ်သက်ပဲ ကိုယ့်ဆီရောက်နေတဲ့အရာ… ကိုယ့်ကို ၂၄နာရီ ထိန်းချူပ်ထားတဲ့ မုန်းစရာကောင်းတဲ့အရာ… အတိုချူပ်ပြောရရင် ရုံးက hot line ဖုန်းပါ

၃) မရှိမဖြစ်ခရမ်းရောင်ဘီးကလေး…. ဆံပင်ရှည်သူမို့ ပါ

၎) အသားရောင်ဖုန်းအိတ်ကလေးနဲ့ ဖုန်းကလေး... နေရာအနှံ့ အပြားမှာ ရှိတဲ့ ချစ်တဲ့မိသားစု… ဆွေမျိုး… သူငယ်ချင်းတွေကို ကိုယ်နဲ့ နီးနီးလေးဖြစ်အောင် ဖန်တီးပေးတဲ့ ကိုယ့်အတွက် အရေးကြီးဆုံးအရာ

၅) နက်ပြာအပြောက်ထီးကလေး… သူမပါရင် အစိုးမရတဲ့ စင်္ကာပူမိုးက ကိုယ့်ကို အငြှိးကြီးမပေါ့…

၆) စုံစီနဖာ အိတ်ကလေး… နှစ်ကန့် ပါတဲ့ အိတ်ကလေးမှာ တကန့် က သော့… bank တိုကင်… thumb driveနဲ့ တခြားစုံစီနဖာ … နောက်တကန့် က နှုတ်ခမ်းနီ Mascara နဲ့  မှန်နဲ့ ဘီးတွဲထားတဲ့ဗူးကလေး…. အမြဲကားပေါ်ရောက်မှ အဲဒီပစ္စည်းတွေ သုံးရတာပါ… အိမ်ကထွက်ရင် အချိန်မရတော့ အမြဲသနပ်ခါးဘဲကြားနဲ့ 

၇) အဘထ နဲ့  ပုဆိန် ရှူဆေးဗူး… ခေါင်းမူးတတ်တဲ့ကိုယ့်အတွက် မေ့ထားလို့ မရတဲ့ အရာလေးတွေ

၈) ဆေးဗူး ( အစာအိမ်ဆေး… ပိုးသတ်ဆေး… ခေါင်းမူးပြေဆေး… အကုန်တလုံးစီ ဆောင်ထားတဲ့ ဗူးလေးပါ)

၉) Werther’s Original Cream Candies ဗူးလေးက သကြားဓာတ်နဲ တတ်လို့ ဆောင်ထားတာ… strepsils.. လည်ပင်းရုတ်တရက်နာလာရင် သောက်ဖို့ 

၁၀) နီညိုရောင် wallet… IC , Bank Card, Credit Card, Member Card, …… ပိုက်ဆံနဲနဲ နဲ့ အကြွေတွေ… သားအတွက် မသုံးပဲသိမ်းထားပေးတဲ့ 2013 အကြွေစေ့ တွေ….

၁၁) ကားမောင်းသင်မယ်လို့  စဉ်းစားပြီး လမ်းမှာ ဖတ်မယ်လို့ ထည့်ထားတဲ့ နှစ်မျက်နာက မတက်တဲ့ Basic Theory of Driving စာအုပ်

အပေါ်က ပစ္စည်းတွေအားလုံးက ကိုယ့်အိတ်ထဲမှာ ထည့်ထားတာ သိထားတဲ့ ပစ္စည်းတွေပါ… ဘေးဇစ်ကို ဆွဲကြည့်လိုက်တော့ မမျှော်လင့်ပဲ ထွက်လာတာကတော့

၁၂) ပုလဲပုတီးတကုံးနဲ့ ပုလဲနားကပ်လေးပါ… ပြန်စဉ်းစားကြည့်မှ ဟိုတနေ့ ကရုံးက conference မှာ ကြည့်ကောင်းရှူကောင်းဖြစ်အောင် ၀တ်သွားပြီး conferenceပြီးတော့ ရှုပ်လို့ ဆို အိတ်ထဲကောက်ထည့်ထားပြီး ပြန်သိမ်းဖို့ မေ့ နေခဲ့တာ…

ကိုယ်ထင်သလားသလောက် ရင်ခုန်စရာမကောင်းလို့  သိပ်စိတ်မကျေနပ်သေးပဲ နီညိုရောင် wallet ဟိုမွှေဒီမွှေလုပ်ကြည့်တော့မှ ကိုယ်မေ့ထားခဲ့တဲ့ Toto လက်မှတ်လေးက ကိုယ့်ကို လှမ်းပြုံးပြနေတယ်…။ တင်္နလာနေ့ တုန်းက ထွက်သွားတာမို့  ဒီပို့ စ်လေးကို ဒီတင်ရပ်လို့  Toto result လေးကြည့်ပါရစေနော်…။ ထီပေါက်ရင် ကိုယ့်ကို အိတ်သွန်ဖို့  သတိပေးတဲ့ ချစ်သူငယ်ချင်းသက်ဝေနဲ့  ဘလော့ရောင်းရင်းတွေကို ကောင်းကောင်းပြုစုပါမယ်… ။

တန်ခူး

10:21pm 29-Aug-2013

Monday, August 19, 2013

သားလေးမွေးနေ့ ကုသိုလ်



ဒီနှစ်သားမွေးနေ့  အလှူကို ပိတ်ရက်၎ရက် ဆက်တိုက်ရတုန်း ကြိုလုပ်ဖြစ်လိုက်ပါတယ်။ သားမွေးနေ့ အတွက် ဘုန်းဘုန်းတွေ ပရိတ်ရွတ်တော့ သူရတဲ့ မေတ္တာသုတ်ကို အကျယ်ကြီး လိုက်ရွတ်နေလို့  ဘုန်းဘုန်းတွေ အတော်ကို သဘောကျသွားခဲ့ပါတယ်။ သားက despicable me 2 ရုပ်ရှင်ကြည့်ပြီး ကတည်းက minionလေးတွေ တချိန်လုံး စွဲလန်းနေတာမို့  ဒီနှစ်သားရဲ့ birthday themeကို minionလို့  သားကို ပြောပြတော့ အလိုက်သိလွန်းတဲ့ မေမေ့ကို သားက ကျေနပ်လို့ လေ။ minion လို အ၀ါရောင် အကျီင်္လေးနဲ့  အပြာရောင်ဘောင်းဘီလေး ရှာရ… birthday cakeကို minion ပုံလေး မှာရနဲ့ မေမေဖြင့် ပိတ်ရက်၎ရက် ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူးနော်။ ဒါပေမယ့် သားပျော်နေတာတွေ့ တော့လဲ မေမေလဲ အပျော်တွေကူးပေါ့။



သားတကယ့်မွေးနေ့ က တင်္နလာနေ့ ကျတာမို့  ခါတိုင်းလို ကျောင်းမှာ မွေးနေ့ လုပ်ဦးမလား ဆိုတော့ မေမေပိုက်ဆံကုန်မှာစိုးလို့  မလုပ်တော့ဘူးတဲ့။ သိတတ်လာတဲ့စိတ်လေးကို တွေ့ ရတော့ ၀မ်းသာကြည်နူးမိပါတယ်။ သားတကယ့်မွေးနေ့ မှာ သားလဲ စိတ်အရမ်းထက်သန် အမြတ်ဆုံးဒါန ကုသိုလ်လဲ ဖြစ်တဲ့ ဇီဝိတဒါန ကုသိုလ်လုပ်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ဘုရားသွား ငှက်ငါးလွှတ်ရတာ သိပ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် အရှင်လတ်လတ်တွေကို လတ်လတ်ဆတ်ဆတ် စားချင်တဲ့ ငါးအရှင်တွေ ရောင်းတဲ့ ဆိုင်မှာ အသတ်ခံရတော့မယ့် ငါးလေးတွေ ၀ယ်လွှတ်ရတာ တကယ့်သေမယ့်ဘေးက ကယ်တင်ရတာမို့  ပြုရတဲ့ကုသိုလ်အတွက် အတော် ပီတိဖြစ်စရာပါ။ ဒီအကြံလေးကို စပေးခဲ့တာ သူငယ်ချင်းတယောက်ပါ။ သားငယ်ငယ်က ခဏခဏ နေမကောင်းဖြစ်တော့ ဇီဝိတဒါန အလှူလုပ်လို့  အကြံပေးခဲ့တာပါ။ မြန်မာပြည်က မိဘတွေဆီ လွှတ်ခိုင်းလို့ ရပေမယ့် သားလက်လေးနဲ့ လွှတ်စေချင်တာမို့  ငါးအရှင်ရောင်းတဲ့ဆိုင်မှာ အသားစားဖို့ အတွက် သေဖို့ လက်မှတ်ရပြီးသား ငါးလေးတွေကို ကယ်တင်ခဲ့ရတာ… အဲဒီတုန်းက သားဖြင့် ပထမဆုံး အတွေ့ အကြုံမို့  စိတ်တွေလှုပ်ရှား ကြည်နူးခဲ့တာလေ။ အဲဒီနောက်ပိုင်း အဲဒီလို ခဏခဏ ကုသိုလ်လုပ်ဖြစ်ပါတယ်။



ရုံးကပြန်လာတော့ ညစာစားပြီးတာနဲ့  သားလေးကို ခေါ်ပြီး အိမ်နားက SHENG SIONGဆိုင်ကို သားအမိသားအဖ သုံးယောက်ထွက်ခဲ့ပါတယ်။ ဒီတခါတော့ သတ္တ၀ါလေးတွေနဲ့  ပတ်သက်ရင် အစိုးရိမ်လွန်တတ်လွန်းတဲ့ သားဖေဖေက အဖုံးပါတဲ့ ပလပ်စတစ်ဗုံးကို အရင်ဝယ်ပါတယ်။ ခါတိုင်းလို အဖုံးမပါရင် ဘယ်အချိန်များ ခုန်ထွက်မလဲလို့  သဲထိတ်ရင်ဖို ဖြစ်ရလွန်းလို့ ပါ။ ဒီနေ့ ငါးတွေက အကောင်အကြီးကြီးတွေ ဖြစ်နေတာမို့  ပလပ်စတစ်ဗုံးနဲ့  ဆန့် မယ့် ငါး၂ကောင် ၀ယ်ဖြစ်ပါတယ်။ ငါးရောင်းတဲ့ ကောင်လေးတွေ ၀ုန်းကနဲ ဒိုင်းကနဲ သတ်လိုက်မှာကြောက်လို့  အသေအချာ ရှင်းပြပြီးမှ ရေထည့်ခိုင်းပြီး ၀ယ်ရတာပါ။



ပန်းရောင်ရေဗုံးထဲက ငါးနှစ်ကောင်ကို ကြည့်ပြီး သားပျော်နေလိုက်ပုံများ။ စကားတွေလဲ ပြောနေလိုက်သေးတာ။ ဘာမှမကြောက်နဲ့ နော်… ငါးလေးတွေ ဟင်းချက်မခံရဘူး… BBQလဲ အလုပ်မခံရဘူး… သတ်လဲအသတ် မခံရဘူး… ရေကန်အကျယ်ကြီးထဲမှာ ပျော်ရတော့မှာတဲ့။ သားမေမေ ကိုယ့်မှာတော့ ငါးတွေ ခုန်ထွက်သွားမှာလဲကြောက် အသက်ရှူမွန်းမှာလဲကြောက်နဲ့  တလမ်းလုံး အလုပ်တွေများနေတာ။ နဲနဲမှောင်သွားလို့  သားဖေဖေက Chinese gardenထဲထိ ကားမောင်းပို့ ပေးတယ်။ ပြီးတော့ သားအမိသားအဖ သုံးယောက် တံတားလေးဖြတ်ပြီး ရေအစပ်မှာ ငါးလေးတွေ လွတ်ခဲ့တာ။ ရေပြင်အကျယ်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်သွားတဲ့ ငါးလေးတွေကို ကြည့်ပြီး ပြုတဲ့ကုသိုလ်အတွက် ကြည်နူးမှုကို ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။



ချစ်တဲ့သားလေးရဲ့ ဒီမြတ်သော ကောင်းမှုကုသိုလ်ကြောင့် ၉နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်ထိ ဒီချစ်ဖေဖေ ချစ်မေမေတို့ နဲ့ အတူ ကျန်းမာချမ်းသာ ပျော်ရွှင်စွာ ဘာသာ သာသနာအကျိုးတွေ လုပ်ဆောင်နိုင်ပါစေလို့ ။

(ချစ်သားလေး ၉နှစ်ပြည့်အမှတ်တရ)

တန်ခူး

19-Aug-2013 10:30pm

Wednesday, August 7, 2013

ဖိနပ်လေးတရံ



လိုက်ကာ အောက်ပိုင်းလေးက လွတ်နေတဲ့ နေရာက မြင်ရတဲ့ ခြေထောက် ဖြူဖြူသွယ်သွယ်လေး ကစပြီး အဖိုးက အဖွားကို စွဲလန်းခဲ့တာလို့  ကျွန်မအဖွားဝမ်းကွဲက သူတို့ ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ပြောပြတိုင်း အသက်ရ၀ကျော်တာတောင် မို့ မို့ သွယ်သွယ်လေးနဲ့  ချစ်စရာကောင်းတဲ့ အဖွားခြေထောက်လေးတွေကို တို့ ထိအားကျမိမြဲ…။ တကယ်လို့ သာ အဖွားနေရာမှာသာ ကျွန်မသာဆို လိုက်ကာနောက်မယ် ယောင်္ကျားတယောက်လို့  ထင်မှတ်မှားလောက်အောင် ကျွန်မက ခြေထောက်ရုပ်ဆိုးဆိုးတွေ ပိုင်ဆိုင်ထားသူလေ။ ခြေထောက် ကားကာားပြားပြားနဲ့ ခြေသဲပုတိုတိုလေးတွေနဲ့  မို့  ဘယ်လို ဖိနပ်မျိုးဝတ်ဝတ် ထူးခြားလှမလာဘူး။ ကျောင်းတုန်းကတော့ သူများခြေထောက်လှလှလေးတွေ အားကျပြီး ခြေသဲလေးတွေ အရှည်ထား ခြေသဲနီရောင်စုံလေးတွေနဲ့  ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ စင်ဒရဲလား ပုံပြင်ထဲက စင်ဒရဲလားရဲ့ stepsister တွေ ဖိနပ်မတော်တာကြားတိုင်း ငါ့လိုခြေထောက်တွေ နေမှာပေါ့လို့  အမြဲတွေးမိပါတယ်။

ခြေထောက်တွေ မလှလို့  ဖိနပ်လှလှလေးတွေ ဖက်ရှင်ကျကျ စီးရမှာ ၀ါသနာမပါတာလား… ဖိနပ်လှလှလေးတွေ မချစ်တတ်လို့ ပဲ အရုပ်ဆိုးဆိုး ခြေထောက်တွေ ပိုင်ဆိုင်ရတာလား…။ ဖိနပ်လှလှလေးတွေဟာ အမြဲတမ်း ကိုယ်နဲ့ သူစိမ်းပြင်ပြင်ပါပဲ။ အထက်တန်းကျောင်းသူ ဘ၀ကနေ ဘွဲ့ ရတဲ့အထိ ကျွန်မသစ္စာရှိရှိနဲ့  အမြဲမပြောင်းပဲ ၀တ်ခဲ့တဲ့ ဖိနပ်လေးတရံက အနက်ရောင် ယင်းမာ နံပါတ်ခုနှစ်ပါ။ ဖိနပ်ပါးလေးက ခြေလှမ်းမြန်မြန်လျှောက်တတ်တဲ့ ကျွန်မအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် ခိုင်ခံလွန်းလို့  ငွေအကုန်အကျလဲ သက်သာလှပါတယ်။ အဲဒီတမျိုးထဲကိုသာ စီးခဲ့လို့  ဖိနပ်ဆိုင်သွားတိုင်း ကျွန်မ ဟိုရွေးဒီရွေး ဦးနှောက်စား စရာမလိုပါဘူး။ ကျွန်မ အကြိုက်ဆုံးအရောင်က အဖြူရောင်ဖြစ်ပေမယ့် ကျွန်မနှစ်သက်တဲ့ အဖြူရောင်လေးကို ခြေထောက်အောက်မှာ မထားချင်လို့ အနက်ရောင်လေးပဲ ရွေးခြယ်ဝတ်ခဲ့တာပါ။ ဘယ်လောက်ထိ အဲဒီဖိနပ်လေးတရံကို စွဲလန်းသလဲဆို စာရေးရင်တောင် ကျွန်မဇာတ်ကောင် ကောင်မလေးကိုလဲ ဒီဖိနပ်လေးပဲ စီးခိုင်းခဲ့တာပါ။

ဒီနိုင်ငံမှာ အလုပ်လုပ်တော့ ကျွန်မနဲ့  ကျွန်မချစ်တဲ့ ဖိနပ်လေးတရံ ဝေးခဲ့ရပါတယ်။ ကျွန်မအလုပ်က ခြေချောင်းတွေပေါ်တဲ့ ဖိနပ်ကို ၀တ်ခွင့်မပေးတာမို့  ကျွန်မခြေထောက်နဲ့  သင့်တော်မယ့် ဖိနပ်တွေ ရွေးရတာ အတော်ကို ဒုက္ခများလှပါတယ်။ တချို့ လဲ ခြေချောင်းတွေ နာလွန်းလို့  တခါနှစ်ခါ ၀တ်ပြီး ချောင်ထိုးထားလိုက်ရတာရှိသလို တချို့ ကျတော့ ကျွန်မရဲ့ ခြေလှမ်းမြန်မြန်တွေနောက် မလိုက်နိုင်ပဲ ခဏနဲ့ လမ်းခွဲလိုက်ရတာတွေလဲ ရှိပါတယ်။ ဈေးပေါတာ ဈေးကြီးတာနဲ့  မဆိုင်ပဲ ကျွန်မခြေထောက်နဲ့ သာ ဆိုင်တာမို့  အပြစ်မဲ့တဲ့ ဖိနပ်လေးတွေကိုလဲ ရိုးမယ်မဖွဲ့ ရက်ပါဘူး။ ဖိနပ်တရံနဲ့  အဆင်မပြေဖြစ်တိုင်း ငယ်ချစ်ယင်းမာလေးကို တသသ လွမ်းမိတာပါပဲ။

ခုံမြင့်ဖိနပ်တွေနဲ့  မယဉ်ပါးတာကြောင့်ပဲလား ခြေချောင်းတွေကို ဖိနှိပ်ချူပ်ထားရလို့ ပဲလား မသိပါဘူး… ဒီနှစ်မှာ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာ တော်တော်ဖြစ်ပါတယ်။ ဆရာဝန်က ခြေမြင့်ဖိနပ်တွေ မ၀တ်ရလို့ ပြောလိုက်မှပဲ ထွက်ပေါက်ရပါတော့တယ်။ ရုံးက ခွင့်ပြုချက်နဲ့  flip flop ဖိနပ်လေးကို ယင်းမာဖိနပ်လေးအစား အစားထိုးရပါတယ်။ ဆရာဝန်က အရမ်းပြားတဲ့ ခြေညှပ်ဖိနပ်တွေလဲ မစီးရဘူး ဆိုလို့  ကျွန်မစွဲလန်းလွန်းတဲ့ ယင်းမာဖိနပ်လေးနဲ့ ပြန်ဆုံခွင့်မှ ရှိပါဦးမလားလို့  တွေးပူမိပါတယ်။ အစွဲအလန်းဆိုတာ ဘယ်အရာမှ မကောင်းပေမယ့် နှစ်ပေါင်းအတော်ကြာကြာ သံယောဇဉ်တွယ်ခဲ့တဲ့ ကျွန်မစိတ်သွားရာကိုယ်ပါအောင် အမြဲကူညီပေးခဲ့တဲ့ ကျွန်မငယ်ချစ် ယင်းမာဖိနပ်လေးတရံကို ဘယ်တော့မှ မမေ့နိုင်တာ အပြစ်လားနော်။

တန်ခူး

9:10pm 7-Aug-2013

(စာကြွင်း ။ ဘလော့အရင် ခေတ်က ချစ်တဲ့ ဘလော့ဂါမောင်နှမတွေ တက်ဂ်ဂိမ်းလေးတွေ ရေးကြတာ ပျော်စရာကောင်းသလို တယောက်နဲ့ တယောက်ပိုလို့  ရင်းနှီးစေတာမို့  အမြဲလွမ်းနေတတ်ပါတယ်။ မမျှော်လင့်ပဲ ချစ်တဲ့ညီမလေးခွန်မြလှိုင်က ဖေ့စ်ဘွတ်ပေါ် တက်ဂိမ်းလေး တက်ထားတာတွေ့ တော့ အရမ်းကို ၀မ်းသာသွားတာပါ။ ညီမလှိုင်ရေ… အမကို အမှတ်တရ တက်ပေးတာ ကျေးဇူးပါ)

Saturday, August 3, 2013

စွယ်တော်ရိပ်နဲ့  ပွဲကြိုက်ခင်



“ပွဲဦးကရန်… ခုနှစ်သံချီဆွယ်… အို... သွားလိုက်ကြတာ… လူတွေမနဲတယ်… လာလေ စောစောသွားမှ… တို့ နေရာရမယ်”

အလင်္ကာကျော်စွာစောင်းဦးဘသန်းရဲ့ အနုပညာ လက်ရာမြောက် ကျော်ကြားတဲ့ အဲဒီ ပွဲကြိုက်ခင် သီချင်းလေးများ ကြားရရင် ကိုယ့်များ စောင်းဆိုထားသလား ထင်ရလို့  အမြဲပြုံးမိပါတယ်။ ငယ်တုန်းက ရပ်ကွက်ထဲ ပွဲဆိုတဲ့ အသံကြားလိုက်တာနဲ့  ရင်တွေခုန်လို့  ရှေ့ ဆုံးကနေ အားရပါးရ မော့ကြည့်နိုင်ဖို့  ကြိုးစားရတာ အမောပါ။ ခုခေတ်နဲ့ ယှဉ်ရင် ကျွန်မတို့ ငယ်ငယ်က ပေါလိုက်တဲ့ ပွဲတွေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ပြာသို၊ တပေါင်း၊ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ အမျိုးသားနေ့ … သင်္ကြန်… စုံလို့ ။ ပွဲကြိုက်တဲ့ကျွန်မ အကဲပိုပုံ ပေပုံတေပုံက ပွဲဟေ့ဆို နတ်ကနားပွဲ၊ ကုလားမီးနင်းပွဲကအစ အလွတ်မပေးပဲ ကြည့်ခဲ့တာ။ ဒါကြောင့်လဲ ပွဲဦးကရန် ခုနှစ်သံချီတာနဲ့  အဖေ့ကြိမ်းသံနဲ့  အမေ့မျက်လုံးတို့ က ကျွန်မကို သတိပေးတဲ့ အနေနဲ့  ရောက်လာမြဲပါ။



ရွာရိုးကိုးပေါက် ရပ်ကွက်ထဲမှာ ဟိုပွဲပြေးကြည့် ဒီပွဲပြေးကြည့် စိတ်ထင်တိုင်းကျဲခဲ့တာ အသက်၁၃နှစ်လဲ ပြည့်ရော အဖေက ခွင့်မပြုတော့ပါဘူး။ အဲဒီကစ ပွဲကြိုက်တဲ့ကျွန်မ ပွဲသံကြားရင် အတော်ခံစားခဲ့ရတာပါ။ အဖေတို့ အမေတို့ တုန်းကတော့ မန်းလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ ဘ၀မယ် ဆောင်းတွင်းအငြိမ့်ညတွေကို တ၀ကြီးကြည့်ခဲ့ရပြီး ကိုယ့်မှ ပွဲတွေနဲ့ ဝေးရလေခြင်းလို့  တယောက်ထဲ မကျေမနပ် တွေးမိခဲ့သေးတာ။ ဒါပေမယ့် ပြည်ထောင်စုပွဲရောက်ရင်တော့ အဖေက ကျိုက္ကဆံကွင်းထဲမှာ မြို့ တော်သိန်းအောင် သို့ မဟုတ် ဂီတပဒေသာ၊ ရုပ်ရှင်ပဒေသာလို ပွဲမျိုးတွေ သူနဲ့ အတူ လိုက်ပြတတ်သလို သင်္ကြန်ဆိုလဲ သံချပ်ပွဲတွေ သူနဲ့ အတူ လိုက်ပြတတ်တာမို့  ပွဲနဲ့  သူစိမ်းပြင်ပြင်တော့ မဟုတ်လှဘူးပေါ့လေ။



ဒီနိုင်ငံရောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့ ပွဲကြိုက်ပိုးလေးက ပြန်ထလာပါတယ်။ ဟိုပွဲလေးလဲ ကြည့်လိုက်ချင် ဒီပွဲလေးလဲ ကြည့်လိုက်ချင်ပါ။ ကြည့်လဲပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျတော့ အမျိုးသားက ဂီတအနုပညာ ကိုယ့်ထက်တောင် ၀ါသနာပါပေမယ့် လူရှုပ်ရှုပ်ဆို သိပ်မနေတတ်သူမို့  ပွဲကြည့်ချင်ရင် အတော်ပူဆာရပါတယ်။

“အရပ်ထဲ ဇာတ်ပွဲကနေတယ်… အော်… ဆိုင်းသံဗုံသံဆူညံ… မသွားနဲ့ ချစ်တဲ့သူရယ်… ဇာတ်သီချင်း.. လက်ငင်းဖွင့်ပြမယ်ကွယ်”

သူက ဂီတာလေးတီးလိုက် သီချင်းလေးညည်းလိုက်နဲ့  အေးအေးဆေးဆေးနေသူ။ ကျွန်မကြိုက်တဲ့ မြန်မာသံစဉ်တွေကိုလဲ အသေအချာဆိုနိုင်သူ။ ခက်တာက ပွဲကြိုက်ခင်ကျွန်မ။ ပွဲသွားရမှလေ။ ပွဲဆိုတဲ့ ဆွဲဆောင်နိုင်မှုကလဲ မသေးနော်။ လှူရှုပ်ရှုပ်မို့  စိတ်မပါလက်မပါနဲ့  လိုက်ခဲ့ရတဲ့သူ သူတောင် ဆိုင်းသံလေးပျိုးလိုက်တာနဲ့  နဂိုဂီတမြတ်နိုးမှုအခံစိတ်လေးပေါ်လာပြီး ပွဲခေါ်ရာနောက်ပါသွားတော့တာပါပဲ။



အသက်လေးနဲနဲရလာတော့ အရင်ကလို ပွဲဆို မရိုးမရွဖြစ်တတ်တဲ့ အကျင့်လေးက သိပ်အခြေအနေ မဆိုးတော့ပါဘူး။ ပွဲတိုင်းမသွားဖြစ်အောင် နေနိုင်ပေမယ့် မနေနိုင်တဲ့ပွဲ တခုကတော့ စွယ်တော်ရိပ်အငြိမ့်ပွဲပါ။ ကျွန်မတို့  စက်မှုတက္ကသိုလ် ၀ါသနာရှင် ကျောင်းသားဟောင်းတွေ ဦးဆောင် ဖျော်ဖြေတဲ့ပွဲလေးပါ။ အနုပညာဝမ်းစာ ပြည့်ဝတဲ့အပြင် ပါရမီပါတယ်လို့ တောင် ဆိုရမလိုပါပဲ။ မင်းသမီး အစ လူရွှင်တော်အလယ် ယိမ်း၊ ပြဇာတ်အဆုံး ဘယ်နေရမှ ဟာကွက် လွတ်ကွက်မရှိအောင် ကောင်းနိုင်လွန်းတာပါ။ ပျက်လုံးတွေကလဲ အဆင့်ရှိ ထိမိလှပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုလေးတွေကို အသားပေးထားတာမို့  ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့ ကျွန်မသားလေးအတွက် အံ့သြစရာတွေ ပြည့်လို့ ပါ။ စွယ်တော်ရိပ်လို့ ဆိုတာနဲ့  အဖေရောသားပါ သိပ်အဖော်စပ်နေစရာမလို အပြေးလိုက်ကြတာမို့  ပွဲကြိုက်ခင် ကျွန်မကတော့ ဟန်အတော်ကျနေတာပေါ့လေ။



“အပျော်ဆိုတာရယ်… ငွေကုန်ခံနိုင်ရင်… အကောင်းဆုံးပဲ.. ပွဲကြိုက်တဲ့ခင်နှမရယ်… အအိပ်ပျက်တယ်… အစားပျက်တယ်… ဓာတ်ပြားတပြားလောက် ဖွင့်ကာနေတော့ကွယ်”

စွယ်တော်ရိပ်သုခုမည 2013မှာ ပြန်လာတော့မယ် လက်မှတ်တွေ ရောင်းနေလဲဆိုတော သိပ်စဉ်းစားမနေ ငယ်တုန်းက ဇာတ်ခုံရှေ့ မှာ ဖျာခင်းနေရာဦးသလို ရှေ့ ဆုံးတန်းက လက်မှတ်အပြေးလေးဝယ်တဲ့ ကျွန်မကို အိမ်ကလူက ငွေကုန်တယ်ပြောလဲ ထိန်းမရတော့ပါဘူး။ ပွဲရူးမလို့  အရပ်ထဲကပြောကြပါစေ ကျွန်မကတော့ စွယ်တော်ရိပ်ဆိုတာနဲ့  စိတ်မလျော့ပါဘူး။ ပွဲမကြိုက်တတ်သူတွေတောင် စွယ်တော်ရိပ်အစွမ်းကြောင့် ဘ၀အမောတွေ အဝေးပြေး လန်းဆန်းသွားရမှာ သေချာသမို့  အတူကြည့်ရအောင် လက်မှတ်ဝယ်ဖို့  တိုက်တွန်းလိုက်ပါရစေ။

“အရပ်ထဲကပြောလှပါပြီ… ဒီပွဲရူးကြောင့်ခက်လှချည်ရဲ့… ရှက်လှပေါ့ခင်ရယ်… ပြောပေမယ့်လို့ … ဘယ်ခါမလျော့တယ်”

(စွယ်တော်ရိပ်အဖွဲ့ ရဲ့ ဓာတ်ပုံလေးများကို သုံးခွင့်ပေးသော မရွှေစင်မကို ကျေးဇူးပါ)

တန်ခူး

4:05pm 3-Aug-2013