Monday, January 28, 2008

ဦးနှောက်ရောင်းပွဲ

ကိုယ်ရေးရာဇဝင်တဲ့
ဒီစကားလုံးတွင်အောင်
ဘယ်သူများထွင်ခဲ့ပါလိမ့်
တကယ်တော့...ဒါဟာ
ဦးနှောက်အငှားလျှောက်လွှာ
အဓိကက အသပြာပါပဲ...၊

အင်တာဗျုးဆိုတာ
အသင့်ခူးစားဖို့
ကိုယ့်ဦးနှောက်ကိုဖွင့်
မြည်းခွင့်ပေးရတဲ့နေရာ...၊

ဦးနှောက်အရသာ
ချိုသလား၊ခါးသလား
ဖောက်စားသူတွေမှ
သိလိမ့်မယ်...၊

ဦးနှောက်သာအပိုင်ရောင်း
တသက်လုံးပေါင်းခွင့်ပေးမတဲ့
ငှားသူနဲ့ရောင်းသူ
တန်းတူမဖြစ်ရအောင်
စည်းဘောင်တွေအသစ်ထုတ်
ဟုတ်လဲဟုတ်ကြသူတွေ...၊

ဝမ်းနည်းစရာက
အဲဒီလမ်းခွဲမှာပဲ
အနာဂတ်တွေမှူန်ဝါးဝါးမို့
တချို့တွေ
ဦးနှောက်ကိုအပြီးရောင်းလိုက်ကြတယ်...။

တန်ခူး
3:35pm 28-Jan-2008

Saturday, January 26, 2008

ပွဲဈေးတန်း

ပွဲလန်းသဘင် ရှားပါးသော ဒီနိုင်ငံမှာ အခုလို တရုတ်နှစ်ကူးပွဲ ရောက်ခါနီးချိန် တချို့ရပ်ကွက်တွေမှာ လမ်းဘေး ပွဲဈေးတန်းလေးတွေ လုပ်လေ့ရှိပါတယ်။ shopping center တွေမှာ ဈေးဝယ်ထွက်တာနဲ့ မတူတဲ့ ပေါ့ပါးလွတ်လပ်တဲ့ အရသာကို ဒီလိုပွဲဈေးတန်းလေးမှာမှ ခံစားရပါတယ်။ ကျွန်မရောက်ခဲ့တဲ့ ပွဲဈေးတန်းလေးကို မျှဝေခံစားကြပါဦး။ ရွာက ပွဲဈေးတန်း အလွမ်းပြေပေါ့နော်။ (ဓာတ်ပုံရိုက်တာ သိပ်မကျွမ်းကျင်လို့ အရည်အသွေး သိပ်မကောင်းတဲ့ ဓာတ်ပုံလေးတွေကို သည်းခံပေးပါနော်)




နှစ်သစ်ကူးမှာ အိမ်အလှဆင်ဖို့ ပစ္စည်းလေးတွေ ရောင်းတဲ့ နီနီရဲရဲ ဆိုင်ကလေးတွေက စည်စည်ကားကား။



ဒီနှစ်က တရုတ်လို ကြွက်နှစ်မို့ ချစ်စရာ ကြွက်ရုပ်လေးတွေက နေရာတော်တော်များများမှာ။ (ကျွန်မသားကတော့ သူ့အချစ်တော် Micky Mouse နဲ့ အပေါင်းပါ လေးတွေပါတဲ့ ပုံကလေးကို အတင်းပူဆာလို့ ဝယ်ပေးလိုက်ရပါတယ်)




ဘုရားကန်တော့၊ နတ်ကန်တော့ဖို့ ကျွဲကောသီးတွေက မြိုင်မြိုင်ဆိုင်ဆိုင်။



အဖုံးနီနီနဲ့ ဗူးလေးတွေထဲမှာတော့ နှစ်ကူးမုန့်မျိုးစုံ။ ကျွန်မ နှစ်သက်ဆုံး နှစ်ကူးမုန့်ကတော့ နာနတ်ယိုအစာသွတ်မုန့်ပါ။




ဒီက ပွဲဈေးတန်းရောက်ရင် မစားရ မနေနိုင်တဲ့ မုန့်ပေါင်းပူပူ ရောင်းတဲ့ဆိုင်။ တကျပ်ဖိုး ၃ခု။ တန်မှတန်။



ဒီရာသီစာကတော့ စားလို့လဲကောင်း၊ ဈေးလဲကြီးတဲ့ ဝက်သားခြောက်ကင်၊ ဝက်ပေါင်ခြောက်ကင်။ နာမည် အရမ်းကြီးတဲ့ဆိုင်များဆို တန်းစီရတာ အရှည်ကြီး။




ပိုက်ဆံအိတ် အရောင်စုံ၊ ပုံစံစုံ။ shopping center သွားစရာမလို။ ဒီမှာ အကုန်ရ။




ဒီလို လက်တွေ့ သရုပ်ပြ ရောင်းတဲ့သူတွေလဲ ရှိတယ်။





အိမ်ရှင်မတွေအတွက် တရုတ်ကြွေပန်းကန်မျိုးစုံ။





နောက်ဆုံးဝင်ခဲ့တာတော့ ကျွန်မအကြိုက် ရောင်စုံပန်းလေးတွေ ရောင်းတဲ့ဆိုင်ပါ။ ပန်းဆီရောင် ပိတ်ပန်းလေးတပင်ရယ်၊ မြေကြီးတထုတ်ရယ် ဝယ်ပြီး ပွဲဈေးတန်းလေးထဲက ပြန်ခဲ့ပါတယ်။ ပွဲဈေးတန်းလေးကတော့ တရုတ်နှစ်ကူးသီချင်းသံတွေကြားထဲ မြူးမြူးကြွကြွ စည်စည်ကားကားနှင့် ကျန်နေရစ်တယ်။


တန်ခူး
7:20pm 26-Jan-2008

Thursday, January 24, 2008

ဒီပြူတင်းနံဘေးမှာ


ကိုယ့်နေ့တနေ့ရဲ့ အချိန် တော်တော်များများဟာ ဒီပြူတင်းနံဘေးမှာ။ ဒီပြူတင်းမှာ စိတ်ကူးထဲကလို ခန်းစီးစ ဖြူလွလွလေးတွေ ရှိမနေဘူး။ ပြီးတော့ ကိုယ်မြတ်နိုးတဲ့ လေနုအေး လာရာလမ်းကို မှန်တချပ်နဲ့ ရက်ရက်စက်စက် ကာထားသေးရဲ့။ ဘာပဲဖြစ်ဖြစ် ကုဣိရွက်လေးတွေ ယိမ်းနွဲ့ကခုန်တာ မြင်ရတိုင်း၊ ငှက်ကလေးတွေ စီးမျောပျံသန်းတာ တွေ့ရတိုင်း ကိုယ်ဟာ သဘာဝတရားရဲ့ ဖျားယောင်းမှူတွေအောက်မှာ တဒင်္ဂဘ၀ကို မေ့မျောလို့။ ဒီပြူတင်း ပေါ်မှာ ကောင်းကင်ကြီးက ပြာတလှည့်၊ ညိုတခါ မာယာတွေ များလိုက်ပါဘိ။ ကောင်းကင်ပြာမှာ တိမ်ပန်းချီတွေ ရေးတဲ့နေ့ဆို ဘာရယ်ကြောင့်မှန်းမသိ ကိုယ့်စိတ်တွေ ပန်းနုရောင် ကုဣိပန်းလေးတွေလို ပေါ့ပါး လန်းဆန်းလို့။ နုပျိုလတ်ဆတ်လို့။ မကြာခဏ ဝဲပျံသွားတဲ့ လေယာဉ်နဲ့ အတူ ကိုယ့်စိတ်တွေက တွဲခိုလွင့်မျော သွားတတ်သေး။ တခါတခါ အမေ့အိမ်ဆီိ၊ တခါတခါ စွယ်တော်တွေဆီ။ ခပ်လှမ်းလှမ်းက လေးထောင့်စပ်စပ် လမ်းလေးတွေမှာ L plateတွေနဲ့ သင်မောင်း ကားဖြူဖြူလေးတွေက နှေးနှေးကွေးကွေး။ ဆိုယ်ကယ်လေးတွေက ပုရွက်ဆိတ်တန်းလို စီစီညီညီ။ ပျင်းရိငြီးငွေ့ဖွယ် နေ့လည်တချို့ဆို ဇရက်ကလေးတွေက ဒီပြူတင်းမှာ ခိုနားပြီး ကိုယ့်ကို အဖော်လုပ်ပေးကြတယ်။ ငယ်ကလို ဇရက်လေးတွေ ရေတွက်ပြီး အတိတ် မကောက်တတ်တာတောင် အတော်ကြာခဲ့ပြီ။ အငြိုးကြီးကြီးနဲ့ မိုးသည်းထန်တဲ့နေ့တွေဆို စိုရွှဲချမ်းတုန်ပြီး ကိုယ်ရှိရာကို အားကိုးတကြီး လှမ်းငေးတတ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ တွေ့ရင် ငိုချင်တယ်။ ခွင့်လွတ်ပါ ဇရက်ကလေးတွေရယ်။ ကိုယ်ဟာ ပိတ်ထားတဲ့ ပြူတင်းနံဘေးမှာမို့။ ပြူတင်းရဲ့ ဒီဘက်ခြမ်းမှာတော့ သဘာဝတရားကို မေ့လျော့နေတဲ့လူတချို့။ ဘဝ အဓိပ္ပါယ်ဆိုတာ ပိုက်ဆံရှာခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စားသောက်ခြင်း လို့သူတို့က ဆိုကြတယ်။ သူတို့အတွက် ပန်းဆိုတာ ဆိုင်ကပွင့်တာ၊ အသီးဆိုတာ ဆိုင်ကသီးတာ။ ဘာသာစကားကွဲတဲ့ ရယ်မောသံတွေကြားမှာ နွေးထွေးမှူတွေက ပျောက်ဆုံးဆဲ။ ဒီတော့ လူတွေအများကြီးကြားမှာ ပိတ်ထားတဲ့ ပြူတင်းနံဘေးက အထီးကျန် ကိုယ့်ဘဝ။ ဘဝဆိုတာ ကိုယ်ရေးနေတဲ့ program တပုဒ်လို အဖြေထုတ်ရလွယ်ရင် ဒီပြူတင်းနံဘေးက အမြန်ဆုံးပြေးထွက်ချင်ရဲ့။ ရေနောက်တွေ သောက်ချင်သောက်ရ မြက်ခြောက်တွေ ဝါးချင်ဝါးရ။ မရည်ရွယ်ဘဲ ဒီပြူတင်းနံဘေးမှာ ရွက်ခြောက်တွေ အခါခါကြွေလို့ ရွက်သစ်တွေ အလီလီဝေခဲ့ပေါ့။ ဆန္ဒနဲ့ဘဝ၊ ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ၊ ပျော်ရာနဲ့တော်ရာ ညီမျှခြင်းတွေ ဆွဲရင်း လွဲပြီးရင်း လွဲနေတော့။ အချိန်တန်ရင် ဒီပြူတင်းနံဘေးမှာပဲ...။
တန်ခူး
5:22pm 24-Jan-2008

Monday, January 21, 2008

ငယ်ဘဝ


အဲဒီတုန်းက ငါဟာ အပြူံးတုတွေ ပေးတတ်တဲ့ လူတွေနဲ့ ကံကောင်းစွာ မတွေ့ခဲ့ တာလား...ဒါမှမဟုတ် ငါကိုယ်တိုင်ကပဲ အပြူံးစစ်တွေလို့ နုံအစွာ ယုံကြည်နေခဲ့တာလား...။

အဲဒီတုန်းက ငါက လူတွေကို မျက်စိ မှိတ်ပြီး ယုံကြည် ခဲ့တာလား...ဒါမှမဟုတ် အံ့သြစရာ ကောင်းစွာ ယုံကြည်ရတဲ့ လူတွေနဲ့ တကယ်ဆုံခဲ့တာလား...။

အဲဒီတုန်းက ငါဟာ ကတိစကားမှန်လျှင် တည်ရမြဲလို့ ရူးသွပ်စွာ ကောက်ချက်ချခဲ့ တာလား...ဒါမှမဟုတ် ထူးဆန်းစွာ ကတိတည်တတ်တဲ့ လူတွေနဲ့သာ တွေ့ခဲ့တာလား...။

အဲဒီတုန်းက ငါချစ်တဲ့သူတွေက ငါ့အနားမှာ အမြဲရှိနေခဲ့တာလား...ဒါမှမဟုတ် ငါက ငါချစ်တဲ့သူတွေဆီက ဘယ်တော့မှဝေးဝေး မသွားခဲ့တာလား...။

အဲဒီတုန်းက ငါဟာ ပျော်ရွှင်စရာ တွေကိုသာ အမြဲရှာဖွေ နေခဲ့ တာလား...ဒါမှမဟုတ် ပျော်ရွှင်စရာတွေက သဘောကောင်းစွာ ငါ့ဆီ ရောက်လာတတ်တာလား...။

အဲဒီတုန်းက ငါဟာ အိပ်မက်ချိုချိုတွေကို ရွေးမက်ခဲ့ တာလား...ဒါမှမဟုတ် ငါ့အိပ်မက်တွေရဲ့ အရသာကိုက ချိုမြနေတာလား...။

အဲဒီတုန်းက ငါ့ရဲ့ညတွေမှာ လအမြဲသာ နေခဲ့တာလား...ဒါမှမဟုတ် လသာတဲ့ညတွေမှပဲ ငါနိုးထခဲ့တာလား...။

အဲဒီတုန်းက ငါလျှောက်တဲ့ လမ်းတိုင်းက ဖြောင့်ဖြူး နေခဲ့တာလား...ဒါမှမဟုတ် လမ်းဖြောင့်ဖြောင့်တွေကို ငါရွေးလျှောက်ခဲ့တာလား...။

အဲဒီတုန်းက ငါကိုယ်တိုင်က အဖြူရောင်လား...ဒါမှမဟုတ် အဖြူရောင်တွေကြားထဲက ငါလား...။

အဲဒီတုန်းက ငါ့ကဗျာတွေက ပျိုမျစ်နေခဲ့တာလား...ဒါမှမဟုတ် ပျိုမျစ်နေတဲ့ ငါ့နှလုံးသားက ရေးခဲ့လို့လား...။

တန်ခူး

5:30PM 21-Jan-2008

Tuesday, January 15, 2008

မြတ်နိုးရတဲ့မောင်...



ကဗျာမဆန်
ကာရန်မလှပေမယ့်
အနွံတာခံနားလည်ပေးတတ်သူမို့
မပေးဖူးတဲ့ပန်းတပွင့်အတွက်
အပြစ်မတင်ရက်ပါမောင်...။

ဝါသနာ
အရာရာကွဲပြားပေမယ့်
စာနာစွာညှိယူပေးတတ်သူမို့
မဖတ်ဖူးတဲ့ကဗျာတပုဒ်အတွက်
ရန်မလုပ်ရက်ပါမောင်...။

အကြင်နာ
လူတကာမြင်အောင်မပြတတ်ပေမယ့်
စေတနာရင်မှာအပြည့်နဲ့သူမို့
မာယာကင်းတဲ့ရိုးသားခြင်းတွေအတွက်
လေးစားလျှက်ပါမောင်...။

တွယ်တာ တာတွေ
သာယာစွာတေးမဆိုတတ်ပေမယ့်
ဝေဒနာဘယ်အခါမှမပေးတတ်သူမို့
မဖွဲ့နွဲ့တဲ့သစ္စာတရားတွေအတွက်
အချစ်တွေတိုး
မြတ်နိုးလျှက်ပါမောင်...။

တန်ခူး
11:35PM 15-Jan-2008

Saturday, January 12, 2008

ကျွန်မရေးတဲ့ ပန်းချီ


ကျွန်မက ပန်းချီ အတော်ညံ့သူ။ ငယ်ငယ်က မြန်မာပြည်မြေပုံ တောင် အချိုးကျအောင် မဆွဲတတ်။ ကျွန်မ မြန်မာပြည်မြေပုံက တခါတခါ ဗိုက်ပူနေပြီး တခါတခါ ခေါင်းရွဲ့ နေတတ်သည်။ သိပ္ပံ ဘာသာက လက်ပုံ ပါသော ပုံတွေဆို အတော် ဒုက္ခ ရောက်သည်။ ကျွန်မ ဆွဲသည့် လက်တွေက လက်နဲ့ မတူ။ ကျွန်မလက်ရာတွေက အသက်ပင် ကြီးလာသော်လည်း မူလတန်း အဆင့်ကမတက်။ အဲဒီလောက် ညံ့သော ကျွန်မ ပန်းချီ တွေကို ကြိုက်နှစ်သက်သည့် ပရိသတ် နှစ်ယောက်တော့ ရှိသည်။ တခြားတော့ မဟုတ်ပါ။ ကျွန်မရဲ့ ညီမလေး နှင့် ကျွန်မရဲ့ သားလေးတို့ပင်။

ကျွန်မညီမလေးက အငယ်ဆုံးမို့ မိဘတွေက နောက်ဆက်ခံမည့်သူ မရှိ၍ အဝတ်အစား၊ ကစားစရာ သိပ်မဆင်ဖြစ်ခဲ့။ ညီမလေးကို သနား၍ အဖြူရောင် ကတ်ထူ ပေါ်တွင် ကောင်မလေးရုပ်ကလေးများ ဆွဲပေးပြီး ရောင်စုံ စက္ကူအင်္ကျီလေးတွေ ချူပ်ပေးသည်။ အဲဒီ ခြေကားကား လက်ကားကားနဲ့ သိပ်အချိုးမကျလှသည့် ကျွန်မလက်ရာ အရုပ်လေးများကို မိဘတွေ တခါတလေ ဝယ်ပေးသည့် အရုပ်လေးများထက် ညီမလေးက ပိုနှစ်သက်တတ်သည်။ ကတ်ထူဗူးကလေးများနှင့် တယုတယ သိမ်းထားတတ်သည်။ ဘယ်လောက်များ နှစ်သက်လဲ ဆိုရင် ဘွဲ့ရတဲ့ထိ အဲဒီ အရုပ်လေးများ၏ နာမည်လေးများ မမေ့။

ကျွန်မသားလေးကတော့ ပန်းချီဆရာ ဖြစ်မလား မသိ။ ဟိုးငယ်ငယ်လေးထဲက ကစားစရာများထက် အဲဒီပေါ်က ရုပ်ပုံလေးများကို ပိုစိတ်ဝင်စား တတ်သည်။ ဓာတ်ပုံများထက် ပန်းချီပုံလေးများကို ပိုနှစ်သက်တတ်သည်။ အမြဲလို တက်ကြွနေသောသူ ငြိမ်နေပြီဆို ပန်းချီစာအုပ် တအုပ်အုပ် ကြည့်နေတာ သေချာသည်။ သူအနှစ်သက်ဆုံး ကတော့ ကျွန်မ ကိုယ်တိုင် ဆွဲပေးသည့် ပန်းချီမမည်သော ပုံလေး များပင်။ သူ့ကို လုပ်စေချင်တာ တခုခု ရှိလျှင် ပုံကလေးပေါ် လုပ်ပြ လိုက်ရင် ချက်ချင်း လိုက်လုပ်တတ်သည်။ ကျောင်းမထားခင်က ကျောင်းဆိုတာ နားလည်အောင် ပုံလေးတွေဆွဲပြီး ရှင်းပြရသည်။ အောက်က ပုံလေးကတော့ သားကျောင်းသွားချင်အောင် ဆွဲဆောင်နိုင်ခဲ့သည့် ကျွန်မရဲ့ ခပ်ညံ့ညံ့ပုံလေးပါ။


လမ်းလျှောက်ပျင်းသည့် သားလေးကို မိသားစု လမ်းလျှောက်သည့်ပုံနှင့် လမ်းလျှောက်စေသည်။ ပထမဆုံး သားကို မြန်မာပြည် အလည်ခေါ်စဉ်က လေယာဉ် မကြောက်အောင် ကျွန်မဆွဲသည့် လေယာဉ်ကို အရင်စီးခိုင်း ရသည်။


တခါတလေ စိတ်အလိုမကျလို့ ငိုယိုစိတ်ကောက်နေလျှင် သူအကြိုက်ဆုံး ABC ရထားပုံဆွဲ၍ ချော့မော့ ရသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မရေးသော ခပ်ညံ့ညံ့ ပန်းချီလေးများက ကျွန်မနဲ့သားကြားက ပေါင်ကူးတံတားလေးများ ဖြစ်နေခြင်းကို ကျွန်မ ကျေနပ်မိပါသည်။


တန်ခူး
2:07AM 13-Jan-2007







Wednesday, January 9, 2008

Blog Flu

သူများတွေ BLogကိုက်တယ်၊ BLogနာကျတယ်...စတဲ့ BLogနဲ့ ပတ်သက်တဲ့ ရောဂါ တော်တော်များများကို ဖတ်ခဲ့ဘူးတယ်။ အဲဒီအချိန်က ကိုယ်ကိုယ်တိုင် Blogger မဟုတ်တော့ ဒီလောက် နားမလည်တတ်သေးဘူး။ ခုတော့ ခံစားနေရပြီ။ သူများတွေက Blog ထဲက မထွက်နိုင်လို့ ရတဲ့ ရောဂါ။ ကိုယ်က Blogထဲ မဝင်နိုင်လို့ ရတဲ့ရောဂါ။ အခုမှ Blog သက်တမ်း (၁)လ တောင် မပြည့်သေးတော့ post လေးတွေ ပုံမှန် တင်ချင်တယ်။ ဒါပေမယ့် အခြေအနေက မပေးတော့ Blog ဆံတင်းပြီး ဘာမှ လုပ်ရကိုင်ရတာ မဖြောင့်။ နှာစေး ချင်သလိုလို၊ ချောင်းဆိုး ချင်သလိုလိုနဲ့။ ဒီနိုင်ငံမှာ အဖြစ်များတဲ့ Flu နဲ့ ခပ်ဆင်ဆင်။

ရုံးမှာကလဲ ခုတလော အလုပ်ကများ။ Project အသစ်က Deadline ရောက်နေပြီး Bug တွေက ဖမ်းလို့ မပြီးနိုင်။ ဒီ program စရေးတော့ Blog တလုံး၊ program တလုံး ရေးခဲ့တော့ Bug တွေ သောင်းကျန်း တာလဲ မဆန်း။ ဒီတော့ ရုံးမှာလဲ Blog လို့မရ။ အိမ်ရောက်တော့ ခုမှ mouse နဲ့ keyboard ကို နားလည်လာတဲ့ ၃နှစ်ကျော် သားလေးက game ကိုစွဲပြီး computer ရှေ့ကမထ။ သားအိပ်တဲ့ အချိန်စောင့်တော့ ညဉ့်အတော် နက်နေပြီ။ Blog ထဲဝင်၊ စာရွက်ပေါ် ချရေး ထားတာတွေ ရိုက်ရင်း ခေါင်းတွေကကိုက်။ post တန်းလန်းကြီးနဲ့ အိပ်ရာဝင်။ မနက်စောစော ထတော့ လူက နေမကောင်းချင် သလိုလို။ MC ယူဖို့ စဉ်းစားတော့ ဆရာဝန် မေးရင် ဘာဖြေ ရပါ့မလဲ။ Flu တော့ FLu။ ဒါပေမယ့် Blog Flu။ ဒီရောဂါ MC မပေးမှာ သေချာတော့ အချိန်တန် အိတ်လေးဆွဲပြီး ရုံးပြေးရတာပဲ။

စနေ၊ တနင်္ဂနွေ ရောက်ပြန်တော့ အိမ်မှူကိစ္စတွေ၊ လူမှူရေးကိစ္စ တွေနဲ့ Blog နားမကပ်နိုင်။ သူများ Blog လှလှလေးတွေ အားကျ မိပေမယ့် ကိုယ့်အဖြစ်က ကလေးကငို၊ သေးကစို။ ဘာပဲဖြစ်ဖြစ် ဆန့်ငင် ဆန့်ငင်နဲ့ ကိုယ့် post လေးတွေ blog ပေါ်မြင်ရတော့ ရုန်းရင်း၊ ကန်ရင်းနဲ့ post အသစ်ရေးဖို့ အင်အားတွေ ဖြစ်ထွန်း ပြန်ရော။ အဲဒီလို blogစင် မမှီသေးတဲ့ ကျွန်မ Blog ကို လာလည်ကြတဲ့၊ comment လေးတွေ ရေးပေးကြတဲ့ ဧည့်သည်အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ comment လေးတွေဟာ ကျွန်မရဲ့ Blog Flu ရောဂါ ပျောက်စေမယ့် ဆေးလုံးလေးတွေ ပါပဲ။

တန်ခူး
11:30PM 09-Jan-2008

Monday, January 7, 2008

ပီတိသက်သက်စားသုံးသူ

သူ့ကို ကျောင်းသူ၊ကျောင်းသားတော်တော်များများနဲ့ သူတို့ရဲ့မိဘတွေက လေးစားရိုသေကြတယ်။ သူမို့လမ်းလျှောက်ထွက်ရင် ကလေး၊လူငယ်၊လူလတ်၊လူကြီး အကုန်ဝိုင်းပြီး ရိုရိုသေသေ နှုတ်ဆက်ကြတယ်။ အဲဒီအခါ သူ့နှုတ်ခမ်းတွေ၊သူ့မျက်လုံးတွေမှာ ပီတိတွေ ဖုန်းလို့။ သူ့အရပ်က အတော်မြင့်ပြီး၊သူ့အသားက မြန်မာပီသစွာ ညိုတယ်။ သူ့အသံက နူးညံ့သိမ်မွေ့တယ်။ သူက နာမည်ကြီး ရဲဝန်ထောက်ဟောင်းတဦး။ ဗိုလ်ချူပ်နဲ့အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့အမှုရဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှာ သူပါဝင်ခဲ့တယ်လို့ ကြားဘူးတယ်။ တခါတခါ စိတ်လိုလက်ရရှိရင် သူငယ်ငယ်က ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်လေ့ရှိတဲ့ စောင်းကြီးကို တမြတ်တနိုးတီးခတ်တဲ့အခါ အိမ်နီးချင်းတွေက ငြိမ်သက်စွာ နားထောင်ခံစားကြတယ်။ မြန်မာ့လက်ရွေးစင် တင်းနစ်ချံပီယံတယောက်ဖြစ်ခဲ့ဘူးတဲ့သူက အသက်အရွယ်ရတဲ့အထိ လူငယ်လေးတယောက်လို ကစားတုန်း။ သူရဲ့အလုပ်ကြောင့်၊ သူရဲ့ အားကစားထူးချွန်မှုကြောင့်၊ သူ့ရဲ့စောင်းတီးပညာကြောင့် နိုင်ငံခြားကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ဘူးတယ်။

သူ့မှာအရင်က ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုကလေးတစု ပိုင်ဆိုင်ခဲ့ဘူးတယ်။ သူ့အမျိုးသမီးက သူနဲ့လိုက်ဖက်တဲ့ ပညာတတ်မိန်းမတဦး။ ထက်မြက်တဲ့ မိဘနှစ်ဦးကပေါက်ဖွားလာတဲ့ သားနဲ့သမီးက ပညာအလွန်တော်တယ်။ ဝမ်းနည်းစရာကောင်းစွာ သူ့အမျိုးသမီး၊သူ့သား၊သူ့သမီးတို့ အလွန်စောစီးစွာ တနှစ်ပြီးတနှစ် လောကကြီးထဲက စွန့်ခွါပြီး သူ့ကိုတယောက်ထဲ ထားပစ်ခဲ့တယ်။ ဆရာဝန်တောင်ဖြစ်ခွင့်မရဘဲ ဆေးကျောင်းတက်နေရင်း ဘဝတပါးကို ကူးပြောင်းသွားတဲ့ သမီးလေးအဖြစ်ကို သူအလွန်ယူကျုံးမရဖြစ်ခဲ့တယ်။ အရင်ဘဝက ပညာဒါနနဲခဲ့လို့ ဒီဘဝမှာ ဒီလိုအဖြစ်ဆိုးတွေ ကြုံရတယ်ဆိုပြီး အဲဒီကစလို့ သူ့ရဲ့ပညာဒါန မျိုးစေ့ချဖို့ နိဒါန်းစခဲ့တယ်။

အိမ်ရှေ့မျက်နှာစာမှာ သံဇကာကွက်တွေ အပြည့်ကာထားတဲ့ သူနေတဲ့ တထပ်ပျဉ်ထောင်အိမ်ကြီးကြီးကို 'ဘဘကြီးကျုရှင်' လို့အများကသိကြတယ်။ သူ့ကို ကျောင်းသူ၊ ကျောင်းသားတွေအပြင် မိဘတွေကပါ 'ဘဘကြီး'လို့ နှုတ်ကျိုးနေကြတယ်။ သူက အင်္ဂလိပ်စာဘာသာတခုထဲကို အသက်အရွယ်မရွေး အဖိုးအခမယူပဲ ပညာဒါနပေးလှူတယ်။ 'ဘဘကြီးကျူရှင်'ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုက ကျူရှင်ပြန်ချိန်ဆို ဘဘကြီးကိုကန်တော့ပြီးမှ ပြန်လေ့ရှိတယ်။ 'ဘဘကြီးကျူရှင်'က တခြားကျူရှင်တွေလို ခုံတန်းလျားတွေနဲ့ တတန်းပြီးတတန်း မသင်ဘူး။ ကိုယ်အဆင်ပြေတဲ့အချိန် လာသင်ပြီး ကြိုက်သလောက်နေလို့ရတယ်။ ကြမ်းပေါ်မှာထိုင်လို့ရတဲ့ စားပွဲဝိုင်းလေးတွေ အများကြီးထောင်ထားရာ ကိုယ်အဆင်ပြေတဲ့နေရာမှာ ကိုယ့်ဘာသာ ခုံဝိုင်းလေးချပြီး စာလုပ်ရတယ်။ စာအုပ်စင်တွေမှာ သူ့လက်ရေးနဲ့ အစီအစဉ်တကျ ပြင်ဆင်ပေးထားတဲ့ အတန်းလိုက်သင်ခန်းစာတွေက စနစ်တကျ။ Grammer သင်ခန်းစာတွေကလဲ စီစီညီညီ။ သူက အတန်းတူရာတူရာ နာမည်တွေခေါ်တဲ့အခါ သူ့ဘေးမှာ ဝိုင်းထိုင်ပြီး သူသင်ကြားတာနာယူကြတယ်။ မူကြိုအရွယ်ကလေးကနေ ဘွဲ့ရအလည် လုပ်ငန်းခွင်ကလူတွေအဆုံး အသက်အရွယ်မျိုးစုံ လာကြတယ်။ သူမွေးထုတ်ပေးခဲ့တဲ့ အင်္ဂလိပ်စာဂုဏ်ထူးရှင်ပေါင်းက မရေမတွက်နိုင်။

ကျွန်မတို့ငယ်ငယ်ကတော့ အင်္ဂလိပ်စာအခြေခံကောင်းအောင် မိဘတွေက နွေကျောင်းပိတ်ရင် ဘဘကြီးဆီ တနေကုန်ပို့ထားတတ်တယ်။ အပျင်းကြီးတဲ့ မောင်လေးက တခါတလေ နေ့ခင်းဘက်အိပ်ပျော်သွားရင် ဘဘကြီးကပြုံးပြုံးနဲ့ ခေါင်းအုံးလေးလာပေးတတ်တယ်။ မောင်လေး ကျောင်းပျော်အောင် တင်းနစ်ဘောလုံးဝါဝါလေးတွေပေးပြီး စိတ်ရှည်ရှည်နဲ့ စာသင်ပေးတတ်တဲ့ ဘဘကြီးပါ။ သူ့အိမ်မှာနေ့တိုင်းကျောင်းသားတွေနဲ့ စည်ကားနေမြဲ။ အထီးကျန်လွန်းတဲ့ သူ့ဘဝ၊ သူ့အချိန်တွေကို စာသင်ခြင်းအလုပ်နဲ့သာ ကုန်ဆုံးစေတယ်။

ကျွန်မ ဘဘကြီးကျုရှင်စတက်တော့ ငါးတန်း၊၊ ဘဘကြီးအသက်ခြောက်ဆယ်ကျော်။ ကျွန်မ တဣသိုလ်ရောက်တော့ ကျန်းမာရေးကောင်းသေးတဲ့ ဘဘကြီးက သေဖို့အတွက်ကြိုတင် ပြင်ဆင်တဲ့အခါ ကျွန်မငယ်သေးတော့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ သူခန္ဓာကိုယ်ကို ကြိုတင်လှူဒါန်းခြင်း၊ သူ့ပိုင်ဆိုင်မှူတွေအားလုံးကြိုတင်လှူဒါန်းခြင်းတွေကို စတင်ပြင်ဆင်ပါတယ်။ အားကစားသမားတဦးဖြစ်လို့ ဘဘကြီးအသက်တွေ အရှည်ကြီး နေရဦးမယ်လို့ ယုံကြည်နေမိခဲ့တယ်။ ဘဘကြီးနေမကောင်းဖြစ်ရင် ပြုစုမယ်လို့စိတ်ကူးထားတဲ့ကျွန်မ ဘဘကြီးတကယ်ဆေးရုံတက်ရတော့ စာမေးပွဲကြီးနဲ့မို့ ဆေးရုံကိုခဏပဲ ရောက်ဖြစ်ခဲ့ပါတယ်။ ဘဘကြီးရဲ့ကြည်လင်နေတဲ့ မျက်နှာကြောင့် ဘဘကြီးဘာမှမဖြစ်နိုင်သေးဘူးလို့ ယုံကြည်နေခဲ့မိတယ်။ စာမေးပွဲပြီးရင် ဘဘကြီးဆီ အကြာကြီးသွားပြီး ပြုစုမယ်လို့ အားခဲခဲ့ပေမယ့် ဘဘကြီးကလောကကြီးကစွန့်ခွါ သွားခဲ့ပါတယ်။

အသက်ရှင်တုန်းက ကျေးဇူးဆပ်ခွင့် နဲနဲလေးတောင်မရလိုက်တဲ့အတွက် ကျွန်မ အတော်ယူကျုံးမရဖြစ်ခဲ့ပါတယ်။ သူ့ကျေးဇူးတွေကြောင့် အင်္ဂလိပ်စာဘာသာရပ်မှာ အခက်အခဲမရှိ ယနေ့ထိ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီကျေးဇူးတွေကိုပြန်သတိရမိတိုင်း သက်ရှိထင်ရှားရှိနေတဲ့ ဆရာ၊ဆရာမတွေကို တတ်နိင်သလောက် ကျေးဇူးဆပ်နေမိတဲ့ ကျွန်မကို ဘဘကြီး ကောင်းရာဘုံဘဝမှ သာဓုခေါ်နေလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
(ကျေးဇူးရှင်ဘဘကြီးအား ဒီpostလေးဖြင့် ရိုသေစွာ ဦးညွှတ်ကန်တော့ပါ၏။)
တန်ခူး 11:45PM 08-Jan-2008

Saturday, January 5, 2008

တတိယလူ

ူ "အချစ်ဆိုတာ လှပစွာလွဲမှားခြင်း" လို့ မျက်လုံးကိုမှိတ်၊နားကိုပိတ်ပြီး ဆယ်ကျော်သက်လေးတယောက်လို မဆိုလိုက်ပါနဲ့လား သူငယ်ချင်းရယ်...။ အဲဒီစကားလုံးလှလှတွေရဲ့နောက်မှာ သန့်ရှင်းဖြူစင်တဲ့အချစ်တခု တည်ရှိနေတယ်လို့ ငါဘယ်လိုမှ ယုံကြည်ပေးလို့မရဘူး...။ ငါလဲနင့်လို အနုပညာသမားပေမယ့် ကိုယ်ကျင့်တရားကို ရူးသွပ်စွာအလေးထားတယ်...။ ပိုင်ဆိုင်သူကိုယ်စီရှိလျက်နဲ့ စိတ်သာယာမှူနောက်ကိုလိုက်တဲ့ အဲဒီလို ညစ်ထေးထေးခံစားမှူတွေ နင့်ဆီမှာရောဂါပိုးတခုလို ဘယ်အချိန်ကများ ဝင်ရောက်နှောက်ယှက်လိုက်ပါလိမ့်...။ ကိုယ်ကိုတိုင် ကြည်ကြည်ဖြူဖြူနဲ့ ချစ်ခင်သက်ဝင်လို့ ရွေးချယ်ထားခဲ့သူတယောက်က အခုတော့ နင်နဲ့languageချင်း မတူတော့ဘူးတဲ့လား...။ နင့်ကဗျာတွေ၊နင့်စာတွေက ခံစားနားလည်ပေးတတ်လွန်းသူတယောက်လက်ထဲကျမှ အသက်ဝင်လှူပ်ရှားသတဲ့လား...။ ရင်ခုန်သံတွေ ကာရန်ညီမှ အိပ်မက်တွေချိုမြတယ်ဟာလို့ အိပ်မက်ထဲက နိုးထသူတယောက်လို ယောင်ယမ်းနေတဲ့နင့်ကိုကြည့်ပြီး ငါယူကျုံးမရ ဖြစ်မိတယ်...။ သူငယ်ချင်း...အရာအားလုံးက အစီအစဉ်တကျ နေသားကျနေခဲ့ပြီးမှ ဘာကြောင့်ဖြိုခွဲဖျက်ဆီးပစ်ချင်ရတာလဲ...။
စိတ်ခံစားမှူနောက်ကိုလိုက်တယ်ဆိုရာမှာ စည်း၊ဘောင်တွေရှိသင့်တယ်...။ ဘာသာတရား၊ယဉ်ကျေးမှူ၊ပတ်ဝန်းကျင်ဆိုတာတွေကို မေ့ပစ်ရလောက်အောင် မမိုက်မဲသင့်ဘူး...။ နင့်အတ္တကြောင့်ကျတဲ့ မျက်ရည်တွေကို ငါမုန်းတယ်...။ နင့်ရဲ့အဆိပ်ပြင်းတဲ့ ငြီးငြူသံတွေက ခါးသက်တယ်...။တဆိတ်သူငယ်ချင်းရယ်...ငါက 3rd Party ကိုမုန်းတတ်တယ်...။ ချားလ်မင်းသားနဲ့ကယ်မီလာရဲ့ ကမ္ဘာကျော်ဖောက်ပြန်မှူကို ငါနဲနဲလေးမှ နားလည်ပေးလို့မရသလို၊ ဘရက်ပစ်နဲ့ဂျိုလီရဲ့ ပတ်သက်မှူကိုလဲ ဘယ်လိုမှ လက်ခံပေးလို့မရဘူး...။
"အနုပညာကို မခံစားတတ်တဲ့ မိန်းမတယောက်ရဲ့လက်ထဲက သူ့ဘဝက ငါ့ဘဝလိုပဲ ခြောက်ခြောက်သွေ့သွေ့နိုင်လှတယ်" ဆိုတဲ့နင့်စကားက ချမ်းမြေ့နေတဲ့ မိသားစုနှစ်ခုကို ဓားချွှန်ချွှန်နဲ့ ရက်ရက်စက်စက် မွှေနှောက်စေတဲ့စကား၊ လူမသိသူမသိ ဖောက်ပြန်တတ်သူတို့ရဲ့ဆင်ခြေလို့ ငါပြောရင်နင်စိတ်ဆိုးမှာလား...။ ဒါရုပ်ရှင်မင်းသမီးစာရေးဆရာမတယောက်ရဲ့ ပေါ့ပျက်ပျက်ဝတ္ထုတပုဒ် မဟုတ်ဘူး...။ ဘဝစစ်စစ်တွေ...။ ငါကတော့ အမျိုးကောင်းသားသမီးလေးတွေ အဆိပ်အတောက်ဖြစ်စေမယ့် အဲဒီလိုဖောက်ပြန်မှူမျိုး ဝတ္ထုထဲမှာတောင် အားမပေးဘူး...။ အနုပညာကို ခုတုံးလုပ်ပြီး ခံစားလွယ်တဲ့နှလုံးသားကို လွဲမှားစွာ အသုံးမချသင့်ဘူးနော်...။ စေတနာမျိုးစေ့မှန်မှ အပင်သန်မယ်...။ ကိုယ်ကိုတိုင်က မသန့်ရှင်းမစင်ကြယ်ရင် ကိုယ်ဖန်တီးတဲ့အနုပညာက ဘယ်လိုများမွန်မြတ်နိုင်မလဲ...။ ချစ်တဲ့သူငယ်ချင်း...အနှစ်နှစ်အလလက ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ မိသားစုဘဝလေးဟာ ဘာမဟုတ်တဲ့ အမှိုက်ကလေးတစကြောင့် ပြာမကျသင့်ဘူးနော်...။ လျော့ရဲရဲတွဲထားတဲ့လက်တွေ ပြန်ပြင်ပြီး ခိုင်ခိုင်မြဲမြဲ တွဲလိုက်ပါ သူငယ်ချင်း...။ နင့်နံဘေးက ဘဝလက်တွဲဖော်စစ်စစ်က ကဗျာတွေ၊စာတွေမဖွဲ့တတ်ရင်သာနေမယ်၊ သစ္စာမေတ္တာနဲ့ နင့်ဘဝကို တသက်လုံး လုံခြုံမှုပေးမယ့်သူဆိုတာ သံသယကင်းကင်းနဲ့ ယုံလိုက်ပါနော်...။

တန်ခူး
2:42AM 5-Jan-2008

Wednesday, January 2, 2008

ကြိုဆိုနှစ်သစ် နှစ်ထောင့်ရှစ်

မျှော်လင့်ချက်ဟောင်းတွေကို
ဝတ်စုံသစ်ဆင်ယင်
အသစ်အသွင်ဖန်တီးရင်း...

နှစ်ချို့ရည်မှန်းချက်တွေကို
တူးဆွအရောင်တင်
အောင်မြင်ဖို့ရင်းနှီးရင်း...

ချိနဲ့နဲ့ယုံကြည်ချက်တွေကို
ရေလောင်းပေါင်းသင်
အားအင်တွေဖြည့်ဆီးရင်း...

တေးသစ်တွေဆို
ဖွင့်လှစ်ကြိုဆိုပါ၏
မင်္ဂလာနှစ်သစ်
နှစ်ထောင့်ရှစ်...။

တန်ခူး
1:00 PM 02-Jan-2008
(ဒီpostလေးတင်ပြီးမှ ပန်ဒိုရာ့Blogကိုသွားလည်ဖြစ်တော့ တိုက်တိုက်ဆိုင်ဆိုင် postနာမည်ချင်း တော်တော်ဆင်နေတာကြောင့် "မင်္ဂလာနှစ်သစ် နှစ်ထောင့်ရှစ်" မှ "ကြိုဆိုနှစ်သစ် နှစ်ထောင့်ရှစ်" သို့ postနာမည်ပြောင်းလိုက်ပါတယ်)