Tuesday, February 23, 2010

လက်ပံခေါက်ဟင်း

ပြီးခဲ့တဲ့အခေါက် မြန်မာပြည်ပြန်တော့ ထုံးစံအတိုင်း ဖေဖေ့ဝမ်းကွဲညီမ ကျွန်မအဒေါ် အညာသူစစ်စစ်ကြီးတွေက အိမ်မှာ ရောက်နှင့်နေပါပြီ။ သားကို သိပ်ချစ်တဲ့ သားအဖွားတွေပေါ့။ ကလေးလဲ မမြှူတတ်တဲ့ အပျိုကြီးတွေမို့  သားဘေးနား ငုတ်တုတ်ကြီးတွေ ထိုင်ပြီး တယောက်က ခြင်မလာအောင် ယပ်ခတ်၊ တယောက်က သားဆော့တာ ပြုံးပြုံးကြီးထိုင်ကြည့်နေတာပါ။ ဒါပေမယ့် သားကို ရေချိုးပေးတာတို့  သနပ်ခါးလေး ဖွေးနေအောင် လိမ်းပေးတာတို့ က ကျွန်မအမေရင်းထက်တောင် ကျွမ်းကျင်ပါသေးတယ်။ သားကလဲ ဖွားဖွားဥ၊ ဖွားဖွားဆိုးနဲ့  အရိုးခံအညာသူကြီးတွေ ကျအောင် ပြောတတ်ပါသေးတယ်။ ဗွီဒီယိုကြိုက်တဲ့ သူတို့ ကို ကျွန်မအမေက နေ့ စဉ်အခွေငှားပေးပါတယ်။ သူတို့ က အတော်ကို ဇာတ်နာတဲ့ ငိုရတဲ့ကားမျိုးမှ ကြည့်ရတာ အားရသူတွေပါ။

ကျွန်မရောက်တဲ့အချိန်က မနှစ်က အကယ်ဒမီတွေ တစီတတန်းကြီးရသွားတဲ့ “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားထွက်တဲ့ အချိန်ပါ။ ကျွန်မကလဲ မြန်မာဆန်လွန်းတဲ့ အဲဒီကားကို ကြည့်ချင်သူ။ အရင်က အဖေ့စိတ်ကြိုက်မြို့ တော်သိန်းအောင် ပြဇာတ်ဆိုတော့ အဖေကလဲ အားပေးချင်။ အညာနောက်ခံဇာတ်ကားမို့  အဒေါ်နှစ်ယောက်ကလဲ အဖော်စပ်စရာမလိုဆိုတော့ အားပေးတဲ့သူတွေ အတော်များတာပေါ့။ ဒီကားထဲမှာ မင်းသမီး၊မင်းသားအပြင် လက်ပံပင်ကြီးကလဲ ဇာတ်ကောင်တကောင်လိုပါပဲ။ လက်ပံပင်ကြီးကိုက ဇာတ်ရှိန်အနိမ့်အမြင့်အလိုက် ခံစားချက်မျိုးစုံပေးနေသလိုပါပဲ။ ပထမပိုင်း နန္ဒာလှိုင်အပျိုတုန်းက လက်ပံပင်ကြီးကို ကြည့်ရတာ နုနယ်ပျိုမျစ်ပြီး ကိုယ်ပါ သူတို့ နဲ့ အတူ လက်ပံပွင့်လေးတွေ ကောက်ချင်စိတ်တောင် ပေါက်မိပါတယ်။ ဒီလက်ပံပင်အောက်မှာပဲ ချစ်သူနဲ့ ဇာတ်လမ်းစခဲ့သလို၊ ချစ်သူနဲ့ ဇာတ်လမ်းဆုံးခဲ့တာပါ။ နန္ဒာလှိုင် အဖွားကြီးဖြစ်သည်အထိ လက်ပံပွင့်တွေ ကောက်နေတော့ ဒီလက်ပံပင်ကြီးက အိုမင်းရင့်ရော်ပြီး လောကဒဏ် အထုအထောင်းခံနေရသလိုပါပဲ။ ဇာတ်ကားဆုံးခါနီး နောက်ကြောင်းပြန်တော့ ဟိုးငယ်ငယ်က မောင်နှမ၂ယောက် အတူဆော့ကစားခဲ့တာလဲ ဒီလက်ပံပင်ကြီးအောက်မှာပါပဲ။ နောက်ဆုံး ကျော်ရဲအောင် ဘုန်းကြီးဝတ်သွားတော့ လက်ပံပွင့်လေး တပွင့် သပိတ်ပေါ်ကြွေကျသွားတာနဲ့  အဆုံးသတ်ပါတယ်။ အဲဒီအချိန် ကျွန်မအဒေါ်တွေကို ကြည့်လိုက်တော့ တကယ့်ကို ငိုကြီးချက်မနဲ့ ဖြစ်နေပါပြီ။ ကျွန်မအမျိုးသားကတော့ မျက်ရည်တွေ ရွှဲရွှဲစိုနေတဲ့ ကျွန်မကို ကြည့်ပြီး ဟားတိုက်ရယ်ပါတော့တယ်။ အဲဒီအချိန်မှာ တချိန်လုံးတိတ်နေခဲ့တဲ့ ကျွန်မအဖေက သူ့ ညီမကို “ခင်ဥ ရွာက လက်ပံပင်ကြီး ရှိသေးလား” လို့  ငိုသံပါကြီးနဲ့ မေးတာကို “ဟင့်ဟင့်… ရှိပါ့တော်” လို့  မျက်ရည်တွေ ပလုံးပထွေးနဲ့ ပြောတော့ ကျွန်မတို့  တအိမ်လုံး ငိုအားထက် ရယ်အား သန်ခဲ့ရပါတယ်။

တန်ခူးတို့ များ လက်ပံခေါက်ဟင်းအကြောင်းရေးတာ နိဒါန်းပျိုးတာ ရှည်လိုက်တာလို့  မထင်ပါနဲ့ ရှင်။ အခုကျွန်မချက်တဲ့ လက်ပံခေါက်တွေက ခုန ကျွန်မအဖေမေးတဲ့ ရွာက လက်ပံပင်ကြီးအောက်မှာ ကျွန်မအဒေါ်အပျိုကြီး ဒေါ်ခင်ဥကိုယ်တိုင် ကောက် အခြောက်လှမ်းပြီး ကျွန်မနေထိုင်တဲ့ ဒီနိုင်ငံရောက်အောင် ပို့ လိုက်လို့ ပါပဲ။ နီရဲရဲလက်ပံပွင့်လေးတွေက အပင်ပေါ်မှာ အရမ်းလှသလို ကြွေကျလာတော့လဲ လှသွေးကြွနေတုန်းပါပဲ။ ဒီလက်ပံပွင့်လေးတွေကို ဘာလို့ ကောက်ကြတာလဲဆိုတော့ ခရေပွင့်ကောက်သလို၊ ဆိတ်ဖလူးပန်းလေးတွေ ကောက်သလို အလှအတွက် သက်သက်မဟုတ်ပါဘူး။ လက်ပံပွင့်လေးတွေကို အခြောက်လှမ်းထားရင် နှစ်ပေါက်စားလို့ ရပါတယ်။ လက်ပံပွင့်ခြောက်လေးတွေကို လက်ပံခေါက်လို့  ခေါ်ပါတယ်။ ပွင့်ဖတ်လေးတွေ ကြွေခြောက်သွားပြီး အလယ်က ၀တ်ဆံရှည်ရှည်လေးတွေက တံမြက်စည်းလေးနဲ့ တူတာမို့  ကျွန်မတို့ ငယ်ငယ်က တံမြက်စည်းဟင်းလို့  ပေါက်ပေါက်ရှာရှာ နာမည်ပေးပါသေးတယ်။







လက်ပံခေါက်လေးများ ရှိခဲ့ရင် ချက်ရတာ လွယ်ကူမြန်ဆန်ပြီး ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ လက်ပံခေါက်၊ ပုန်းရည်၊ ပုဇွန်ခြောက်မှုန့် ၊ ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ပါပဲ။ ပထမဆုံး လက်ပံခေါက်လေးကို ရေနွေးလေးနဲ့  စိမ်ထားပါ။



လက်ပံခေါက်လေးနူးလောက်တဲ့အခါကျတော့ အသင့်လှီးထားတဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူထည့်၊ ပုဇွန်ခြောက်မှုန့် လေးထည့်၊ ငါးပိလေးပါလေကာထည့် ပြီးတော့ ပုန်းရည်လေးထည့်လိုက်ရုံပါပဲ။ ပုန်းရည်က ပုန်းရည်စိမ့်ထက် ပုန်းရည်ချဉ်ဆို ပိုကောင်းပါတယ်။ ကျွန်မကတော့ နာမည်ကျော် ဇီးကွက်တံဆိပ် ပုန်းရည်စိမ့်မှုန့် နဲ့  ချက်ပါတယ်။





အရည်သောက်ဖြစ်တဲ့အတွက် ဆီကိုလဲ နဲနဲလေးပဲထည့်ပြီးရင် မီးဖိုပေါ်တင်ပြီး လုံးရပါတယ်။ ကြက်သွန်လေးတွေ အတော်နွမ်းလာမှ ရေသင့်ရုံထည့်ပြီး ဆူပွက်အောင် တည်ပါ။ အပေါ့၊အငံလိုသလို မြည်းပြီး ဆားသို့ မဟုတ် ငံပြာရည်ထည့်လို့ ရပါတယ်။ လက်ပံပွင့်လေးတွေ နူးအိလာရင် စားလို့ ရပါပြီ။





ဟင်းလေးက ကျွန်မတို့ အညာသူလေးတွေ အသွေးမလှပေမယ့် အချင်းလှသလို အသွေးမလှပေမယ့် အရသာ ထူးကဲကောင်းမွန်လှပါတယ်။ တွဲဖက်စားလို့  လိုက်ဖက်တဲ့ ဟင်းကတော့ ၀က်သားအိုးကြီးနှပ်နဲ့ ပါ။ ၀က်သားနဲ့ လက်ပံခေါက်ရောချက်လဲ စားလို့ အလွန်ကောင်းပါတယ်။ တကယ်လို့  သက်သက်လွတ်ချက်ချင်ရင် ပုဇွန်ခြောက်မထည့်၊ငါးပိ၊ငံပြာရည် မထည့်ပဲ ချက်လို့ ရပါတယ်။ လက်ပံခေါက်ကိုက အရသာလေးပင်တာမို့  သက်သက်လွတ်ချက်လဲ ထမင်းမြိန်စေပါတယ်။ ဘလော့မိတ်ဆွေတို့  စမ်းကြည့်ချင်ရင် လက်ပံပွင့်လေးတွေကောက် အခြောက်လှမ်း… အဲ… ဟုတ်ပါဘူး… အညာဒေသဘက်မှာ အသိများရှိရင် လက် ပံခေါက်လေးမှာပြီး စမ်းချက်ကြည့်ပါ။ အိမ်နားနီးလို့  စိတ်ဝင်စားတဲ့သူရှိရင် ကျွန်မဆီမှာ လက်ပံခေါက်လေးတွေ ကျန်ပါသေးတယ်။ ဝေမျှပေးလို့ ရပါတယ်။ ကျွန်မတို့  အညာဒေသရဲ့ လက်စွဲဟင်းလေးကို မြည်းစမ်းကြည့်ပါဦး။

တန်ခူး
10:41pm 23-Feb-2010

Monday, February 15, 2010

ကိုယ့်အကြိုက်

ချစ်တဲ့မမသီတာ တက်ဂ်ထားတဲ့ တက်ဂ်ဂိမ်းလေးနဲ့  ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ပထမဆုံး မပြောမဆိုပဲ ပျောက်နေမိတာကို တောင်းပန်ပါရစေ…။ အကြောင်းရင်းကတော့ ထုံးစံအတိုင်း အလုပ်ကြောင့်ပါ။ ခုတော့ နဲနဲအသက်ရှုချောင်သွားပြီမို့  အရမ်းကို လွမ်းနေမိတဲ့ ချစ်သောသူတွေဆီ ပြန်လာပါပြီ။ ဘာပို့ စ်အသစ်မှ မရှိပဲ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ လေနုအေးဆီ လာလည်ပြီး ပို့ စ်အဟောင်းလေးတွေ ဖတ်သွားတဲ့ စာဖတ်သူတွေကို ကျေးဇူးအရမ်းတင်မိပါတယ်။ အကြွေးဆပ်တဲ့အနေနဲ့  ဒီကရှေ့ အဲဒီလိုကြီး ခြောက်ကပ်ကပ် မဖြစ်အောင်ကြိုးစားပါမယ်လို့ …။ မမသီတာရေ… အတော်လေးကို နောက်ကျမှ ရေးရတာကို ခွင့်လွတ်ပါနော်…။ ခုလို ပျောက်နေတဲ့ ညီမလေးကို မေ့မထားပဲ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ မ ရေ။

*****************

ငယ်တုန်းက အငြိမ့်မင်းသမီးလေးတွေ ထမီနားခပ်တာ သိပ်သဘောကျမိတာ။ ဒီတော့ ထမီ တထည်မှ မရှိတဲ့ ကိုယ်က ကတမ်းခုန်တမ်း ကစားရင် အမေ့ထမီခိုးဝတ်ပြီး ရှည်နေတဲ့အပိုင်းကို ထမီနားခပ်ရတာ အမော။ ခေါင်းပေါ်မှာလဲ အိမ်ကတဘက် အရှည်ကြီးကို ပတ်ပြီး ဆံပင်လို လုပ်ထားရသေးတာလေ။ ဘာပဲဖြစ်ဖြစ် အဲဒီမင်းသမီးကို ကစားဖော်တွေကတော့ အားပေးသား။ ထမီတွေ ခဏခဏခိုးဝတ်တာ မခံနိုင်တော့ အမေက နားအေးအောင် စပ်ထမီလေး တထည်ချုပ်ပေးတယ်။ ပထမဆုံးရတဲ့ ထမီလေးမို့  မြတ်နိုးမိတာ မပြောပါနဲ့ ။ ရ တန်းလောက်ထိ အရောင်အသွေးစုံ၊ အဆင်စုံတဲ့ အဲဒီစပ်ထမီလေးကို ချစ်လွန်းလို့  သိမ်းထားသေးတာ။

အဖေက အပျိုစိတ်ဝင်မှာ စိုးလို့  ထမီဝတ်တာမကြိုက်။ ထမီလေးတွေ ချစ်တဲ့ကိုယ်က ၆တန်းကစ ၀တ်ရတဲ့ ကျောင်းဝတ်စုံ ထမီအစိမ်းလေးတွေကိုပဲ တမြတ်တနိုးဝတ်ရတာ။ မှတ်မှတ်ရရ ကျောက်စိမ်းရောင် ထမီတွေထက် အစိမ်းပုပ်ရောင် ထမီလေးတွေကို ကိုယ်က ပိုနှစ်သက်မိတယ်။ အဖြူရောင် လက်စက အကျီင်္လေးတွေထက် အဖြူရောင်လက်ရှည် တက္ကသိုလ်ရင်ဖုန်းအကျီင်္လေးတွေကို ပိုမြတ်နိုးမိတယ်။ အဲဒီအချိန်ထိ စပ်ထမီလေးပြီးရင် အစိမ်းရောင် ကျောင်းထမီလေးတွေသာ ကိုယ်က ချမ်းသာခဲ့တာလေ။

RIT ရောက်တော့ အဖေက ထမီဝတ်ခွင့်ပြုပြီ။ အဒေါ်ဝယ်ပေးတဲ့ ကြောင်ခြစ်ပြောင် လုံချည်လေးတွေရယ်… အဲဒီခေတ်က ခေတ်စားတဲ့ တရုတ်ပိတ် အဆင်နုတ်နုတ်လေးတွေရယ်တွေထဲမှာ ရှားရှားပါးပါး အဖွားဆီက အမွေရထားတဲ့ ရှာလုံချည် အနက်ခံပေါ် အပြာနုရင့်အဆင်လေးနဲ့  ထမီလေးကို အမြတ်နိုးဆုံး။ တရုတ်ပိတ် ထမီလေးတွေထဲမှာတော့ အဖြူခံပေါ် အနက်လုံးလေးတွေနဲ့  ထမီလေးက ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး။ ဓာတ်ပုံအဟောင်းလေးတွေ ပြန်ကြည့်တော့ တော်တော်များများက အဲဒီ ထမီလေးနဲ့ မို့  ကိုယ့်ကိုယ်ကို တောင် ပြုံးမိတယ်။ အဖြူရောင်က ကိုယ်က ရူးသွပ်သူမို လား။

ကျောင်းတွေပိတ်တော့ ကိုယ်သိပ်လိုချင်တဲ့ မြန်မာချည်ထမီလေးကို အမေက လက်ဆောင်ရခဲ့တယ်။ အမေ့ဆီက အဲဒီထမီလေးကို တောင်းတော့ အမေက ပေးခဲ့တယ်။ ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် သမိုင်းရှိတဲ့ ထမီလေးတထည်ပါ။ ပခုက္ကူက အဒေါ်လက်ဆောင်ပေးထားတဲ့ ပင်နီအကျီင်္လေးနဲ့  အလွန်လိုက်ဖက်တဲ့ ထမီလေးပေါ့။ ခုထက်ထိ အိမ်က ဘီရိုလေးထဲမှာ အမှတ်တရသိမ်းထားဆဲပါ။ (ခုချိန်ထိ ၀တ်ချင်ဆဲပေမယ့် ၀ လာလို့  ၀တ်မရတော့ ပါဘူး)




စတုတ္ထနှစ်လောက်က အရိုင်းစံပယ်ထဲက မို့ မို့ မြင့်အောင် ၀တ်တဲ့ ဒူးနားချိတ်လေတွေကို သိပ်သဘောကျခဲ့တာ။ အမေ့ကို ပူဆာတော့ မီးခိုးရောင်အောက်ခံပေါ် အ၀ါရောင်ချိတ်လေးတွေပါတဲ့ ထမီလေးရယ်… အ၀ါရောင် မြန်မာအကျီင်္လက်ရှည်လေးရယ် ချူပ်ပေးခဲ့တယ်။ ချစ်လွန်းလို့  ကျောင်းတုန်းက ခဏခဏ ၀တ်ခဲ့တဲ့ ၀တ်စုံလေးပါ။




ခုတော့ မြန်မာချည်ထမီလေးတွေ ချစ်ပေမယ့် ၀ လာတာမို့  ဘယ်လိုမှ ကြည့်မကောင်းလို့  လက်လျော့လိုက်ရပါတယ်။ မြန်မာဝတ်စုံလေးတွေမ၀တ်ရ မနေနိုင်တာမို့  သိပ်ကြီးမထူတဲ့ အသားလေးတွေကို ပန်းလေးထိုးရင်ထိုး.. ဒါမှ ရင်ဖုန်းပုံဆန်းလေးတွေ ထွင်ပြီး ၀တ်ပါတယ်။ ရန်ကုန်အိမ်နားက ပန်းထိုးတော်တဲ့ ချစ်တဲ့ညီမလေးကလဲ လိုချင်တဲ့ပုံရအောင် စိတ်ရှည်ရှည် ပန်းထိုးပေးပါတယ်။ ခရမ်းရောင်ပြောင်ထမီလေးပေါ် ပန်းရောင်အပွင့်လေးတွေ စီတန်းထိုးထားတဲ့ ထမီလေးက ခုလောလောဆယ် အကြိုက်ဆုံး ထမီလေးပါပဲ။

(ပို့ စ်အသစ်တင်ချင်လွန်းလို့  ဓာတ်ပုံလေးတွေ အသဲအသန်ရိုက်လိုက်ရတာပါ… အရည်အသွေးအတော်ညံ့တဲ့ ဓာတ်ပုံလေးတွေ အတွက် တောင်းပန်ပါတယ်)

တန်ခူး
10:55pm 15-Feb-2010