Thursday, November 20, 2008

အဲဒီနေရာလေးမှာ…


ဘာနဲ့ တူသလဲဆိုတော့…
သီချင်းအေးအေးလေးတွေနဲ့  ဧည့်ခံတတ်တဲ့ လမ်းထိပ်က လဘက်ရည်ဆိုင်မှာ ခုံပုပုလေးပေါ် ထိုင်ရင်း နင်ရယ်.. ငါရယ်… သူရယ်… ရင်ထဲက ခံစားချက်တွေကို အားရပါးရ အတူဝေမျှကြသလိုပဲ… တခါတခါ ခံစားချက်တွေ ကာရံညီကြတာလဲ ရှိရဲ့… တခါတခါ ခံစားချက်တွေ အရောင်ညှိမရတာလဲ ရှိရဲ့… ဘာပဲဖြစ်ဖြစ်… ငါ့နံဘေးမှာ နင်ရှိတဲ့… နင်နံဘေးမှာ သူရှိတဲ့…သူ့ နံဘေးမှာ ငါရှိတဲ့… အထီးကျန်ခြင်းတွေကို ကန်ထုတ်ပစ်တတ်တဲ့… အဲဒီနေရာလေးကို ငါက ချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
ကျောင်းရှေ့  စကားပင်လေးနားက တိုင်လုံးကြီးတွေ နံဘေးမှာ ဆံပင်ရှည်တွေ လေထဲ ကဗျာဆန်ဆန် လွင့်မျောနေတဲ့ ကောင်မလေးတယောက်ရဲ့ အရိပ်လေးကို သူ မမြင်အောင် တယောက်ထဲ ခံစားရသလိုပဲ… အချစ်ဆိုတဲ့ စကားလုံးပေါ်မှာ မေ့မေ့မျောမျော စီးမျောနေမိပြန်တယ်… ရင်ခုန်သံတွေ အသစ်ပြန်ပြန် ဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ စကားလုံးနုနုလေးတွေ စီကာချ… ဘာပဲဖြစ်ဖြစ်…ဆယ်ကျော်သက်လေး တယောက်လို ရင်ခုန်သံတွေ လတ်ဆတ်နေလို့  ရတဲ့ အဲဒီနေရာလေးကို ငါက ချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
မျက်စိတဆုံး မြစိမ်းရောင်တွေ လွှမ်းနေတဲ့ လွတ်လပ်ကျယ်ဝန်းတဲ့ လယ်ကွင်းပြင်ကြီးထဲ ငါရင်ထဲက မွန်းကြပ်မှုတွေကို စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်ရသလိုပဲ… တာဝန်… ၀တ္တရား… လူမှုရေး…စည်းမျဉ်း… ငါ့ကို တုတ်နှောင်ထားတဲ့ ကြိုးတွေကို တစစီဖြည်ချရင်း… ရင်ထဲက အတားအဆီးမရှိ ထွက်ကျလာတဲ့ အရောင်မဲ့သံစဉ်တွေပေါ်မှာ ကခုန်ရင်း… ဘာပဲဖြစ်ဖြစ်… ဟန်ဆောင်ထိန်းချုပ်ခြင်း ဆိုတဲ့ ပူပူလောင်လောင် ၀တ်ရုံကြီးကို စိတ်လွတ်ကိုယ်လွတ် ချွတ်ချပစ်လို့ ရတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
စိတ်ကူးလှလှလေး တခုကို ကိုယ်ကိုယ်တိုင် စုတ်တံလေးကိုင်ပြီး ပြီးပြည့်စုံတဲ့ ပန်းချီကားလေး ဖြစ်အောင် ရေးဆွဲနေရသလိုပဲ… အပြင်မှာ စိတ်တိုင်းမကျတဲ့ အရောင်တွေကို သဘာဝကျကျ မကျကျ ငါ့စိတ်တိုင်းကျ အရောင်လှလှတွေနဲ့  ပြင်ဆင်လို့ ရတယ်… အပြင်မှာ အကျည်းတန်တဲ့ ဆင်းရဲနုံချာခြင်းတွေကို ငါက အားရပါးရ ကြီးမြတ်ချမ်းသာခြင်းတွေနဲ့  အစားထိုးလို့ ရတယ်… အပြင်မှာ သည်းခံလို့ မရတဲ့ တရားမမျှအောင် စူးရှလွန်းတဲ့ အရောင်တွေကို ငါက အေးမြငြိမ်းချမ်းတဲ့ အဖြူရောင်တွေ များများ ဖုန်းပစ်လို့ ရတယ်… ဘာပဲဖြစ်ဖြစ်… ငါ့စိတ်ကူးတွေ ဆေးစက်ကျရာ အရုပ်ထင်တတ်တဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
လျှင်မြန်တဲ့ အရှိန်နဲ့  စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် လိုရာပို့ ပေးနေတဲ့ ယဉ်ပျံတခုနဲ့  စီးနင်းလိုက်ပါ ကမ္ဘာပတ်ရသလိုပဲ… စက္ကန့် ပိုင်းအတွင်း ကမ္ဘာအရှေ့ ပိုင်းက နင့်ဆီမှာ နင်တည်ခင်းတဲ့ အရသာရှိတဲ့ အစားအစာတွေကို မြိန်လျက်စွာစား … ကမ္ဘာအနောက်ပိုင်းက သူ့ ဆီမှာ သူဖန်ဆင်းတဲ့ အနုပညာတွေကို ခံစား… ဘာပဲဖြစ်ဖြစ်… အိပ်မက်တခုထက်တောင် ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ တနေရာစီမှာ ရှိနေတဲ့ နင်ရယ် ငါရယ် သူရယ် အမြဲအတူဆုံလို့  ရအောင် လှလှပပ ဆက်သွယ်ပေါင်းကူးပေးထားတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

ဘာနဲ့ တူသလဲဆိုတော့…
ငယ်ငယ်တုန်းက သင်္ချာဘာသာမှာ ပျမ်းမျှခြင်းတွက်ရ သလိုပဲ… ငါ့မှာ ပန်းသီး ၂လုံး… နင့်မှာ ပန်းသီး ၃လုံး… သူ့ မှာ ပန်းသီး ၄ လုံး… ငါတို့ တွေ ပေါင်းပြီး ပျမ်းမျှခြင်းချလိုက်တော့ တယောက် ပန်းသီး ၃ လုံး… ဘယ်လောက် တရားမျှတတဲ့ သင်္ချင်္ာပျမ်းမျှခြင်းလဲနော်… အဲဒီလိုပဲ အသက် ၂၀ ရှိတဲ့ နင်ရယ် အသက် ၃၀ရှိတဲ့ သူရယ် ပြီးတော့ အသက် ၄၀ရှိတဲ့ ငါရယ်ပေါင်း… အသက်တွေ ပျမ်းမျှခြင်းချတော့… ရွယ်တူတွေလို ငယ်ပေါင်းကြီးဖော်တွေလို…
ဘာပဲဖြစ်ဖြစ်… တယောက်နဲ့ တယောက် မမြင်မတွေ့ ဖူးတာတောင် ပျမ်းမျှခြင်းချလိုက်သလို သံယောဇဉ်တွေ မတိမ်းမယိမ်းနဲ့  နွေးထွေးတဲ့ အဲဒီနေရာလေးကို ငါကချစ်တယ်…

အဲဒီနေရာလေးမှာ ငါရဲ့ပေါက်ကွဲသံတွေကို သည်းခံနားထောင်ပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ရဲ့ပျော်ရွှင်မှုတွေကို ဝေမျှခံစားပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ရဲ့မျက်ရည်တွေကို ဖေးကူအားပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါခေါ်တဲ့ အတိတ်နေ့ ရက်တွေနောက် တကောက်ကောက် လိုက်ပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ခံစားမှုမှတ်တိုင်လေးတွေ ၁၀၀ ပြည့်တဲ့အထိ င့ါနံဘေးမှာ နင်ရယ် သူရယ် ရှိနေပေးတာ ကျေးဇူးပါ…
အဲဒီနေရာလေးမှာ ငါ့ခံစားမှုမှတ်တိုင်လေးတွေ မရေမတွက်တဲ့အထိ င့ါနံဘေးမှာ နင်ရယ် သူရယ် ရှိနေပေးဦးမယ်ဆိုတာ ငါလေးလေးနက်နက် ယုံနေတယ်…

(ပို့ စ် ၁၀၀ ပြည့် အမှတ်တရ)

(စာကြွင်း- ဘလော့ဂ် အဖော်တွေထဲမှာ ကျွန်မထက် အသက်အရွယ်ကြီးတဲ့ သူတွေ ရှိသလို အသက်အရွယ်ငယ်တဲ့ သူတွေလဲ ပါပါတယ်… နင်ရယ် ငါရယ် သူရယ်လို့  အသက်တွေ ပျမ်းမျှခြင်း ချပြီး နွေးထွေးတဲ့ နာမ်စားတွေ သုံးလိုက်တာ အပြစ်ရှိခဲ့ရင် အချစ်တွေနဲ့ ကျေပေးလိုက်ပါနော်)

တန်ခူး
2:40pm 20-Nov-2008

23 comments:

Kay said...

ဝေး---- ပထမဆုံးမန့်ခွင့်ရတယ်ကွ။
မတန်ခူးရေ- ကျမ အသက်ကော..ပျမ်းမျှ ဝေစု ဘယ်လောက်ရသလည်းဟင်... ၂၀ လောက်ဆို မဆိုးဘူး။ ဟိ

ကဲ- ပို့စ် ၁၀၀ မှသည်- --------
ကြိုက်သလောက် ဆက်ရေး နိုင်ပါစေ။း)

bsf said...

I am one of your fan.

Ko Paw said...

တန်ခူးရေ…အဲဒီနေရာလေးကို တန်းတန်းစွဲဖြစ်မိနေလို့ အိပ်ပျက်ညတွေလည်း များခဲ့ပါပေါ့။း-)

tg.nwai said...

တန်ခူးရေ... ရင်နဲ.ထပ်တူ ခံစားသွားပါတယ်...နင်ရယ် ငါရယ် သူရယ်.. အဲဒီနေရာလေးမှာ ဆုံခွင့်ရကြလို့...။

ပို.စ် ၁၀၀ မှသည်.. အဲဒီနေရာလေးမှာ ဆက်လက်ဆုံတွေ.ကြရအောင်နော်...

sonata-cantata said...

တန်ခူးရေ အဖော်လုပ်ခွင့်ရလို့ ၀မ်းမြောက်လို့ မဆုံး

တန်ခူးရဲ့ အဲ့ဒီနေရာလေးကို ကော်မန့်လေးရေးပြီး
အမှီလိုက်ရတာတောင် အမောသား...
အဖော်တွေနဲ့ဆို မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး...

ဇနိ said...

အမရေ - ဒီနေရာလေးမှာ အဖော်အပေါင်းတွေ အသက်ကြီးသူ ဂုဏ်ကြီးသူ .... အားလုံးကို တွေ့ခွင့်ရတာ ပျော်ရွှင်ရပါတယ်..
နောင် ပို့စ် များစွာ ဆက်လက် ရေးသားနိုင်ပါစေ

pandora said...

ပို့စ်တစ်ရာမြောက် ရေးတဲ့ ပို့စ်လေးကိုက ကဗျာဆန် လှပနေတော့တယ်။

လေနုအေးကလေး ဝေ့၀ဲနေတဲ့ အဲဒီနေရာလေးမှာ အချိန်အကြာကြီး ဆက်လျှောက်နိုင်ပါစေ။

မဇနိ said...

“အဲဒီနေရာလေးမှာ...” စကားတွေ အများကြီးဆက်ပြောကြတာပေါ့နော် အမတန်ခူး။
အမရဲ့ ပို့စ် ၁၀၀ မှ နောင်ပို့စ်အများကြီး ဆက်ရေးနိုင်ပါစေ။

သက်ဝေ said...

၁၀၀ မြောက် ပိုစ့်လေး...
စကားလုံးတွေက လှလိုက်တာ...
တန်ခူး ချစ်တဲ့ တို့ တွေအားလုံး အတူတူချစ်တဲ့...
ရင်ခုန်သံတွေ ကာရန်တွေ တူညီတဲ့...
ဒီနေရာလေးမှာ နေလို့ ရသလောက် ကာလရှည်ကြာ နေသွားကြတာပေါ့နော်...။

၁၀၀ မြောက်မှတ်တိုင်လေးမှသည်... မှတ်တိုင်ပေါင်း အနန္တသို့ အရောက် လှမ်းလျှောက်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ် တန်ခူးရေ...။

**** အသက်တွေကို ပျမ်းမျှခြင်း ချလိုက်ရင် တို့ တွေ မြတ်မှာ သေချာတယ် တန်ခူးရေ... တို့ တွေရဲ့  လက်ရှိအသက်ထက် အနည်းဆုံးတော့ ၄ နှစ် ၅ နှစ်လောက် ငယ်သွားနိုင်တယ်...။ ဟီးဟီး.. :-P

nu-san said...

မတန်ခူးက စာရေးကောင်းတယ်..

နောင်လည်း ပို့စ်တွေ အများကြီး.. အများကြီး ဆက်ရေးနိုင်ပါစေ အမရေ....

အမရေ.. အသက်တွေ ပျမ်းမျှခြင်းချပြီး မတွက်နဲ့တော့နော်.. ဒီဘလော့ခ်ကို စရောက်ခါစတုန်းကဆို မတန်ခူးကို ကိုယ့်ထက် အသက်ကြီးမှန်းတောင် မသိဘူးရယ်.. မသက်ဝေရောပဲ.. နောက်ပိုင်းမှ သိတာ... အဟီး.. ဒါကြောင့် သီတင်းကျွတ်မှာ လာကန်တော့ရတာပေါ့.. နို့မို့ဆို ကိုယ်ကချည်း အကန်တော့ခံနေခဲ့ရတာ... :)

PAUK said...

မတန်ခူးးးးး
အဲဒီနေရာလေးမှာ...
ခင်သွားကြတာပဲလေ..

တားမြစ် ထားသော... said...

၁၀၀ မြောက်ပိုစ့်
အားပေးလို့ ဖတ်ရှုသွားပါကြောင်း။

သုခမိန်(E-Journal)

Moe Cho Thinn said...

ပို့စ် ၁၀၀ ပြည့်ကို အဲဒီလိုလေး ရေးတော့ စိတ်ချမ်းသာ လိုက်တာ။
အဲဒီနေရာလေးက မေတ္တာတွေလဲ ပေးတယ်၊ ချစ်ခင်ရင်းနှီးမှုတွေလဲ ပေးတယ်။ ဗဟုသုတလဲ ပေးတယ်။ အဲ..ကိုပေါ ပြောသလို အိပ်ပျက်ညတွေလဲ အမှန်အကန် ပေးပါတယ် မတန်ခူးရေ..။
ပို့စ် တထောင်၊ ပို့စ် တသောင်း ဒီလိုရေးခွင့်ကြုံပြီး ဒီနေရာလေးမှာ အတူ ခိုလှုံပါရစေနော်..
ချစ်သော
ချိုသင်း

Anonymous said...

me too

ThuHninSee said...

မတန်ခူးရေးလိုက်တာ အတော်ကောင်းတယ်။
ဒါကြောင့်ပဲ ဘလော့ဂ်ကို လူတွေစွဲနေတာထင်တယ်။
တစ်ခုကျန်သေးတယ်..
ဒီနေရာလေးမှာ စကားရည်လုပွဲလို ငြင်းခုန်ကြ။
:P စိတ်မဆိုးနဲ့နော်။

ကိုအောင်(ပျူနိုင်ငံ) said...

မတန်ခူးရယ့် ပို့စ်တွေ ဖတ်ကောင်းကောင်းနဲ့
ဖတ်နေတာ 100 တောင် ပြည့်သွားပြီကို။
နောက်ထပ် လာမဲ့ ပို့စ်တွေ အတွက် ကြိုတင်
အားပေးလျက်ပါ အမရေ။

thorn musem said...

မတန်ခူးရေ....
၁၀၀ ရာမြောက် ပို့စ်လေးကို ဖတ်ခွင့်ရတဲ့အတွက်
ကျေးဇူးလဲတင်ပါတယ်။။
ဂုဏ်ပြုပါတယ်...စာကိုဖတ်ရတော့ စိတ်ထဲမှာ အရမ်း
အေးချမ်းလှပါတယ်....
စာတွေ အများကြီးဆက်ရေးနိုင်ပါစေ..။

ကောင်းကင်ကို said...

ကျွန်တော်တို့ အားလုံးပျော်ရွှင်ခင်မင်ခွင့်ရတဲ့ နေရာလေးအကြောင်း ဖတ်သွားပါတယ်။

Taungoo said...

“မေဂျာတူ စီနီယာအမသို့”

ဆွေသဟာ လူတွေကြားမှာ
အပူတွေကွာ ပြေခုဝေး စေဖို့
“လေနုအေး” ရယ်လို့ ဖြစ်လာတာ
ပို့စ်တစ်ရာ ရောက်လာပြီမို့
ဘလောက်မှာ အော်ကာပြောလိုက်မယ်
ဝမ်းမြောက်ပါကြောင်း။

မေတ္တာဖြင့်

khin oo may said...

တို့လဲ post 200 ပြည့်တယ်။ တန်ခူး။

အရေအတွက်နဲ့ အရည်အချင်းနဲ့ မပြိုင်လိုပါ။ :P

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

အခုမှ ၀င်လို့ရလို့ ဘလော့ဂ်တွေ လိုက်လည်နေတယ်.. အမတန်ခူး ပိုစ်တွေအများကြီး ဆက်ရေးနိုင်ပါစေ။ မလေးလဲ မနေ့က ပိုစ် ၁၀၀ ကြီးများတောင် ပြည့်သွားတယ် ဒေါ့ကွန်းမှာ :P တစ်နှစ်ကြာသောအခါလေ။ ဒီပိုစ်ဖတ်ပြီးမှ ကိုယ့်ပိုစ်ဘယ်လောက်ရှိလဲကြည့်တော့မှ ၁၀၀ ပြည့်မှန်းသိတာ။

မောင်မျိုး said...

ဘာနဲ့  တူသလဲဆိုတာ မသိပေမယ့် နင် ရယ် ငါရယ် သူရယ် ထဲမှာ ကိုလည်း ပါခွင့်ရတာ ကျေနပ်မိတယ် ။ အစ်မ စာတွေ အများင်္ကြီးဆက်ရေးနိုင်ပါစေ ။

ခွန်မြလှိုင် said...

အမရေ

လေနုအေး ရပ်ဝန်းက ဘလော့သစ်ပင်လေးမှာ ပို့စ် အသီးအပွင့်တွေ တစ်ရာ မက အမြဲ စိမ်းလန်းဝေဆာ နေနိုင်ပါစေလို့ ဆုတောင်း နေမိတယ်...