Wednesday, July 31, 2013

ချစ်နေဖို့ 



ရုံးနားလေးမှာ နေ့ တိုင်း ရေခဲမုန့် ရောင်းတဲ့ အန်ကယ်ကြီးနဲ့ အန်တီကြီးကို တွေ့ ရင် အမြဲကြည်နူးမိပါတယ်…။ နေ့ လည်ဆို ရေခဲမုန့် ဆိုက်ကယ်လေးကို အန်ကယ်ကြီးကမောင်း အန်တီကြီးက အန်ကယ်ကြီးခါးလေးကိုဖက်လို့  တရုတ်သီချင်း ကက်ဆက်လေးဖွင့်ပြီး ရေခဲမုန့် ရောင်းဖို့  ရောက်လာတတ်ပါတယ်…။ နေ့ လည်ဘက်ရေခဲမုန့် အ၀ယ်ကျပြီလားဆို အန်ကယ်ကြီးက ရေခဲမုန့် လှီး အန်တီကြီးက ပေါင်မုန့် ဝေဖာညှပ်နဲ့  တကယ့်မောင်ထတမ်း မယ်တရွက်ပါ…။ သူတို့ အသက်တွေမှန်းရင် ၆၀ကျော် ရ၀ဆယ်နီးပါးပါ။ လုပ်ရင်းကိုင်ရင်း ရယ်ရင်းမောရင်းနဲ့  တဦးအပေါ်တဦးမေတ္တာထား နားလည်မှုတွေအပြည့်နဲ့ ဆိုတာ သူတို့ အပြုံးလေးတွေက တဆင့်ခံစားရပါတယ်။ ညနေ ရေခဲမုန့် ကုန်ရင် ဆိုင်ကယ်လေးသိမ်းပြီး နှစ်ယောက်အတူ သီချင်းလေးနဲ့ အိမ်ပြန်ကြတာတွေ့ ရင် ကျွန်မက ဒီအရွယ်အထိ ချစ်နိုင်ကြသေးတဲ့ သူတို့ မောင်နှံကို ကြည်ကြည်နူးနူး အမြဲလက်ပြနှုတ်ဆက်တတ်ပါတယ်…။ သူတို့ အပျော်တွေ ကိုယ့်ဆီကူးလာသလို ကိုယ်လဲပဲပျော်မိပါတယ်…။



ဟိုတလောက ကျွန်မချစ်သူငယ်ချင်း စုချစ်သူရဲ့အဖွားဆုံးတော့ သူ့ အဖိုးနဲ့ အဖွားပုံလေးတွေ ဖေ့စ်ဘွတ်ပေါ်တင်ထားတွေ့ ပြီး အသက်ရာကျော်တိုင် တဦးနဲ့ တဦး အပြန်အလှန် နားလည်မှုတွေနဲ့  သစ္စာရှိရှိလက်တွဲလာတဲ့ အဖိုးနဲ့ အဖွားစုံတွဲကို စံပြစုံတွဲအဖြစ်တောင် မော်ကွန်းတင်သင့်တယ်လို့  ခံစားမိပါတယ်…။ တမိသားနဲ့ တမိသား မတူတဲ့ မိသားစု နှစ်ခုက ဆင်းသက်လာတဲ့ သူနှစ်ဦးတို့  အဲဒီလောက် အချိန်တွေကြာတဲ့အထိ အတူလက်တွဲပြီး တယောက်ကို တယောက်ဖေးမလာနိုင်ကြခြင်းရဲ့ နောက်ကွယ်က ချစ်ခြင်းမေတ္တာတရား ဘယ်လောက်များကြီးမားမလဲဆိုတာ ကျွန်မဖြင့် မမှန်းဆနိုင်လောက်အောင်ပါပဲ…။ ကာရာအိုကေ၊ စပွန်ဆာ၊ နိုက်ကလပ်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်းနဲ့ ဘီယာဆိုင်တွေမှာ အိမ်က မိသားစုတွေကို မေ့ လျော့နေကြသူ တချို့ ကို လက်တို့ ခေါ်ပြလိုက်ချင်မိပါတဲ့အထိပါပဲ…။



ဖေ့စ်ဘွတ်ပေါ်မှာ ကျွန်မတွေ့ တွေ့ နေတဲ့ “Falling in love is easy. But staying in love is very specail” ဆိုတဲ့ စာသားလေးနဲ့  ချစ်စရာဖိုးဖိုးဖွားဖွား ကြင်နာဖေးမနေကြတဲ့ စုံတွဲပုံလေးတွေတွေ့ ရင် ကျွှန်မချစ်လို့  သိမ်းထားမြဲပါ…။ ၀ုန်းဝုန်းဒိုင်းဒိုင်း ချစ်ကြကြိုက်ကြတာက သိပ်ကို လွယ်ကူပေမယ့် ချစ်ခြင်းတွေ တည်တံ့ခိုင်မြဲဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူးမိုလား…။ တယောက်က ဖြူ တယောက်ကမဲ အကြိုက်ချင်းတွေ ဆန့် ကျင်တတ်ပေမယ့် နားလည်မှုဆိုတဲ့ တံတားသာမကျိုးခဲ့ရင် ချစ်ခြင်းတွေ သက်ဆုံးတိုင်ဖို့ ဆိုတာ အသေအချာဖြစ်မှာပါ…။ သစ္စာတရားဆိုတဲ့ တံတိုင်းကြီးသာ မြဲမြံခဲ့ရင် ကြားလေသွေးဖို့ ဆိုတာ ဝေးရော့လေ…။ ဘ၀အမောတွေအတွက် တယောက်ပုခုံးကို တယောက်အသင့်ဖြစ်နေကြရင် ပူလောင်မှုတွေက ဝေးဝေးပြေးလို့  အေးမြငြိမ်းချမ်းတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်ကြရမှာ အမှန်ပါပဲ…။



ဖတ်ဖူးတဲ့ ကမ္ဘာ့ မင်္ဂလာသက်တမ်းရှည်ကြာဆုံး ဇနီးမောင်နှံရဲ့ လက်ဆောင်စကားလေးကို ဝေမျှပါရစေ…။ “There’s no secret to our marriage, we just did what was needed for each other and our family. Respect, support and communicate with each other. Be faithful, honest & true. Love each other with ALL of your heart.” တဲ့။ တကယ်တော့ ဒါဟာလျို့ ဝှက်ချက်တခုမှ မဟုတ်ပဲ…လေးစားမှု… ထောက်ပံ့မှု… ဆက်သွယ်မှု… သစ္စာတရား… ရိုးသားမှန်ကန်မှု နဲ့ ချစ်ခြင်းတရား ဆိုတာတွေလေးသာ အမြဲရှင်သန်နေခဲ့ရင် သက်ထက်ဆုံးပေါင်းသင်းသွားကြမယ့် သေချာတဲ့အနာဂတ်တခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။

(ချစ်ကြသူတိုင်း ချစ်နေနိုင်ကြဖို့ …ပို စ့်၂၀၀ပြည့် အမှတ်တရ)

တန်ခူး

31-Aug-2013 5:52pm span>

Monday, July 22, 2013

တြိဂံ



“မိခင်တယောက်အတွက် လောကမှာအရေးကြီးဆုံးက သူမရဲ့ရင်သွေးပဲဖြစ်တယ်… “

နှင်း

အိပ်မောကျနေတဲ့ သမီးလေးနဖူးကို ခပ်ဖွဖွနမ်းပြီး အိပ်ရာနံဘေးစားပွဲပေါ်က အသင့်ဖွင့်ထားတဲ့ Notebookကို သက်ပြင်းချရင်းကြည့်မိတယ်။ မျှော်လင့်ထားတဲ့အတိုင်း သူက on lineပေါ်မှာ ကိုယ့်ကို အသင့်စောင့်လို့ ။ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားမိတယ်။

“စောင့်လိုက်ရတာ ကလေးရယ်” တဲ့။ ချွှဲပျစ်ပျစ် စေးထန်းထန်း အပြောက ရင်ထဲကို ခါးသက်စွာ စီးဆင်းသွာတယ်။

“ဟုတ်တယ်… ခုမှကျောင်းကပြန်ရောက်တာကိုကြီးရဲ့”။ ၁၈နှစ်သမီးအရွယ် ခပ်သွက်သွက်လေသံလေးပေါ့။ ဒါမှ profile ပုံမှာ နှုတ်ခမ်းလေးစူတူတူ လုပ်ပြနေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကိုရီးယားမင်းသမီးလေးနဲ့  တူတဲ့ ချစ်စရာကောင်မလေးနဲ့  လိုက်ဖက်မှာလေ။

“ကလေး… ကိုယ့်ကို ထပ်မနှိပ်စက်ပါနဲ့ တော့ကွာ… တွေ့ ချင်တယ်” ဆိုပဲ။ တွေ့ ချင်တဲ့သူကို အချိန်တန်တော့ တွေ့ ရမှာပေါ့လေ။

“ကိုကြီး… ဒီနေ့ ညစာဘာနဲ့ စား”… သူ့ မေးခွန်းကို တမင်ကို မဖြေပဲ လှလှလေးရှောင်လိုက်တယ်။

“ကလေးကလဲကွာ… အဲလိုစကားမလွှဲနဲ့ … ကလေးလောက် ကိုယ့်စိတ်ကိုလှမ်းဖတ်နိုင်တာ ကလေးပဲရှိတယ်… မှန်းကြည့်… ဒီနေ့ ညစာကိုယ်ဘာနဲ့ စားလဲ”….။ စိတ်ကို လှမ်းဖတ်နိုင်သတဲ့လား။ အကျယ်ကြီးသာ အော်ရယ်ပစ်ချင်တော့တယ်။

“အင်း….. မဟုတ်မှလွဲရော ကိုကြီးကြိုက်တဲ့ ပဲကုလားဟင်း…ဟိဟိ”။ ရင်တွေခုန်လိုက်စမ်း ကိုကြီးဆိုတဲ့သူရေ။

“ဘာလို့ များအဲလောက် စိတ်ချင်းဆက်သွယ်နေတာလဲ ကလေးရယ်” ဆိုပါလား။ ဘာလို့ ဒီလောက် စိတ်ချင်းဆက်သွယ်နေတာလဲဆိုတဲ့ အကြောင်းရင်းတာသိခဲ့ရင် ရှင်ဘယ်လိုနေမလဲ။

“ကိုကြီး… girl friendမမ နဲ့ OKလား” … သေချာအောင် သွေးတိုးစမ်းလိုက်တယ်။

“သူနဲ့ ပြတ်တာ တလတောင်ရှိပါပြီလို့  ကလေးကိုပြောထားတယ်လေ… ကလေးကို ယုံအောင် အပြင်မှာတွေ့ ပြီး ပြောပြချင်တယ်… သူနဲ့ က သိပ်serious မဖြစ်တဲ့ Just for fun ပါ… ကိုယ့်ရင်ကို ကလေးလောက် ဘယ်သူမှ မထိရှနိုင်ဘူး” ဆိုတဲ့ စာလုံးတွေကို ခပ်မြန်မြန်တွေ့ လိုက်ရတယ်။ ကိုယ်လိုချင်တဲ့အချိန် ကိုယ့်ရည်ရွယ်ချက်တွေ အထိုက်အလျောက် အောင်မြင်သွားတော့ နဲနဲတော့ ကျေနပ်သွားမိတယ်။ တော်ပြီလေ။ ဒီနေ့ ညဒီလောက်ဆို။

“ကိုကြီး… မနက်ဖြန်projectအတွက် စာလုပ်ရဦးမှာ… ဘိုင်”…။ ခပ်သွက်သွက်နှုတ်ဆက်လိုက်တယ်။ တနေ့ လုံး အလုပ်ကပင်ပန်း… သမီးလေးစာပြတာပင်ပန်း… ချက်ရပြုတ်ရပင်ပန်း… နဲ့  အိပ်ခါနီးမှာ ဒီစိတ်ပျက်စရာအလုပ်တခုကို ၀တ္တရားအရလုပ်နေရတာ ကြာတော့ လူလဲအတော် ပင်ပန်းနွမ်းရိနေပြီလေ။

“ကလေး... အဲလိုမရက်စက်နဲ့ ကွာ…တွေ့ ဖို့ ရက်လေးတော့ ပြောထားခဲ့” တဲ့။ တွေ့ ဖို့ ရက်။ ကိုယ်လဲ အဲဒီရက်ကို ရောက်ချင်နေခဲ့တာအမှန်ပဲ။ အချိန်လဲ သိပ်မဆွဲချင်ဘူးလေ။

“ကိုကြီး… နောက်အပတ်တွေ့ မယ်နော်… စက်တင်ဘာ၉ရက်လေ”…။ အဲဒီနေ့ ကို ကိုယ်တမင်တကာ ရွေးချယ်လိုက်ခြင်းကို သူရိပ်မိပါ့မလား။ မွှန်နေတဲ့သူက ရိပ်မိပုံမရ။

“ပျော်လိုက်တာကလေးရယ်… ဘယ်မှာတွေ့ ကြမလဲဟင်” ဆိုကတည်းက ကိုယ်သိလိုက်ပြီ။ အဲဒီနေ့ ကို သူသတိကို မရတော့တာဆိုတာ။ ပါးပြင်ပေါ်က စိုစွတ်လာတဲ့ မျက်ရည်တွေကို သုတ်ရင်း…နောက်ဆုံးတခွန်းနဲ့ နှုတ်ဆက်လိုက်တယ်။

“မနက်ဖြန်မှပြောမယ်… ဘိုင်”။ လူးလွန့် လာတဲ့သမီးလေးကို ဆံပင်လေးတွေ ဖွဖွသတ်ပေးနေမိတယ်။ သမီးရေ မေမေ့အတွက် လောကကြီးမှာ အရေးကြီးဆုံးက သမီးပါပဲ။ သမီးအတွက် မေမေမလုပ်ချင်ဆုံး အလုပ်တွေ လုပ်နေရတော့တယ်။

***********************************************************

“စိတ်ခံစားမှုနောက်ကို မျက်ကန်းတယောက်လို လိုက်ရင်း ကမ်းမမြင်လမ်းမမြင်နိုင်တဲ့ အမှောင်တိုက်ထဲကို အဆင်အခြင်ကင်းမဲ့စွာ တိုးမိတဲ့ကျွန်မအတွက် ၀ဋ်ဆိုတဲ့အရာက အဲလောက်မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့  မမျှော်လင့်ခဲ့တာ အမှန်ပဲ နှင်းရယ်”

နေနေ



ဆိုင်ထဲကို လှမ်းဝင်လာတဲ့ ဆံပင်တိုတို မျက်နှာထင်းထင်းနဲ့  အခြယ်အသကင်းပြီး ပင်ကိုယ်လှနေတဲ့ သူဟာ နှင်းဆိုတာ သေချာသလောက်ရှိနေတယ်ဆိုတာ ကိုယ့်မျက်ဝန်းတောင် ကိုယ်မယုံမိ။ ရှပ်အင်္ကျီအပြာရောင်လေးနဲ့ ဂျင်းဘောင်းဘီလေးဝတ်ခဲ့မယ်လို့ နှင်းပြောထားသည်လေ။ ပိန်ပိန်သွယ်သွယ်နဲ့ မျက်လုံးလေးတွေ နူးညံ့နေတဲ့ နှင်းက ကိုယ့်ကို လှမ်းမြင်ပြီး ပြုံးပြသေးတာ။ တကယ်ဆို ကိုယ်က ဒီအပြုံးတွေနဲ့ မထိုက်တန်တာပဲ။

“စောင့်ရတာကြာသွားသလား မနေနေ… ဆောရီးနော်… ကျွန်မသမီးလေးကျူရှင်ပို့ ပြီးမှ လာရတာမို့ ပါ”

“ရပါတယ်နှင်းရယ်… နှင်းမှာ သမီးလေးကိစ္စတွေ တယောက်ထဲလုပ်နေရတယ်ဆိုတာ တို့ နားလည်ပါတယ်”

ယဉ်ကျေးတဲ့နှင်းကို နူးညံ့စွာတုန့် ပြန်မိတယ်။ ငွေမက်…ဂုဏ်မက်.. ပကာသနမက်.. မောက်မာတဲ့မိန်းမ… တကိုယ်ကောင်းဆန်တဲ့မိန်းမတဲ့။ အဲဒီအပြောတွေကို ကိုယ်က အသေအချာကြီးကို ယုံပစ်ခဲ့ပြီး ဒီမိန်းမလက်ထဲက အချစ်ကို ကယ်တင်မယ်လို့  ကြွေးကြော်ခဲ့သေးတာ ပြန်သတိရပြီး တယောက်ထဲရှက်နေမိတယ်။ နှင်းကတော့ ဘယ်သိနိုင်မလဲနော်။

“ပြောပါမနေနေ… ဘာများအရေးတကြီးကိစ္စရှိလို့ လဲဟင်”

နှင်းကတည်ငြိမ်သလောက် ကိုယ့်ရင်ထဲမှာ ဗလောင်ဆူလို့ ။ နှင်းကို ခုချက်ချင်းကွာရှင်းခဲ့… နှစ်ယောက်အတူဘ၀လေး တည်ထောင်ကြမယ်လို့ … ပြောခဲ့ဖူးတဲ့ ကိုယ်ကျင့်တရားတွေ ဟိုးအောက်ဆုံးရောက်အောင် နိမ့်ကျလွန်းတဲ့ ကိုယ့်ကို နှင်းတကူးတက လာတွေ့ ပေးတာ ကျေးဇူးပါနှင်းရယ်။

“ဘာမှတော့ အရေးတကြီး မရှိပါဘူးနှင်းရယ်…. နှင်းခွင့်လွှတ်နိုင်မှာမဟုတ်ဘူးဆိုတာ သိလို့  ခွင့်လွှတ်ဖို့ လဲ မတောင်းဆိုပါဘူး… သူများမိသားစုကို ဖြိုခွင်းဖို့ မိုက်မိုက်မဲမဲကြံစည်ခဲ့ဘူးတဲ့မိန်းမတယောက်က နှင်းဆီမှာ ဖြောင့်ချက်ပေးတယ်လို့ ပဲ သဘောထားပါနော်”

“ရပါတယ် မနေနေ… လောကကြီးဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်လို့ ရတာမှာ မဟုတ်ပဲလေ… ဘယ်မိသားစုမှ အိမ်ထောင်ရေးပြိုကွဲတာကို လိုချင်ကြမှာမဟုတ်ပါဘူး… ဖြစ်ပြီးတာတွေ ထားပါတော့လေ… ခုလို မနေနေ ကျွန်မနဲ့ သမီးလေးအပေါ် မိန်းမချင်းကိုယ်ချင်းစာပေးတာ ကျေးဇူးပါ”

နှင်းနောက်ဆုံးစကားက နှလုံးသားကို ဓားချွန်ချွန်နဲ့ ထိုးနှက်လိုက်သလို။ နှင်းထင်သလို ကိုယ်က အလိုလိုနောင်တရ နောက်ဆုတ်ခဲ့သူမှ မဟုတ်တာ။ သူများနှလုံးသားထဲက မတရားလုယူခဲ့တဲ့ အရာတခုကို ပိုင်ရှင်မမှန်တော့ ကိုယ့်လက်ထဲက နောက်တယောက်လုယူခံခဲ့ရတာပါနှင်း။

“မဟုတ်ပါဘူးနှင်းရယ်… ကျွန်မအဲလောက် ဆင်ခြင်နောင်တမရှိခဲ့ပါဘူး… ခုကျွန်မအမြင်မှန်ရ နောင်တရခဲ့တာ နှင်းတို့ ကိုကိုယ်ချင်းစာ နားလည်ပေးခဲ့လို့ မဟုတ်ပါဘူး… ခု အချစ်… ဆောရီး…နှင်းရယ်…အကျင့်ပါနေလို့ ပါ… အချစ်ဆိုတာ နှင်းရဲ့မောင်ကို ကိုယ်ခေါ်တာပါ… သူ နောက်တယောက်နဲ့ ဖြစ်သွားမှ ကျွန်မအသေအလဲခံစားရတာပါ… အဲဒီတော့မှ အိမ်ထောင်သက်တွေ အရမ်းကြာပြီး သမီးလေးတယောက်နဲ့ မိသားစုလေးပိုင်ရှင်ဖြစ်တဲ့နှင်း ဘယ်လောက်များခံစားရမလဲဆိုတာ သတိရ ကိုယ်ချင်းစာသွားပြီး နှင်းရှေ့ မှာ ၀န်ချချင်လို့ ပါ”

စကားအရှည်ကြီးပြောပြီး ရင်ထဲမှာ မောဟိုက်နွမ်းရိသွားတယ်။ နှင်းက မျက်ရည်တွေနဲ့  ပူလောင်နေတဲ့ ကိုယ့်ကို ခပ်ငြိမ်ငြိမ်လေးကြည့်နေတယ်။

“ခု သူနောက်တယောက်ရသွားတာ နှင်းဘယ်လိုမှ မခံစားရဘူးလားဟင်… နှင်းကြည့်တာ တည်တည်ငြိမ်ငြိမ်ပဲနော်”ံ

ကလေး…ကလေးနဲ့ နှုတ်ဖျားက မချပဲ ကိုယ်နဲ့ နောက်ဆုံးတွေ့ တဲ့ နေ့ မှာ ကိုယ့်ကို ရက်ရက်စက်စက်ပြောရက်ခဲ့သူ။ သူ့ ဘ၀ရဲ့ ကျန်တဲ့နေ့ ရက်တွေကို ကလေးနဲ့ ကုန်ဆုံးတော့မှာမို့ မေ့လိုက်ပါတော့တဲ့။ အဲဒီနေ့ ကနေ ယနေ့ ထက်ထိ ကိုယ့်မှာ မျက်ရည်ပင်လယ်ထဲမှာ ကူးခတ်နေရသလို နေ့ လဲမျက်ရည်… ညလဲမျက်ရည်။ နှင်းကတော့ မပူမလောင် တည်ငြိမ်လွန်းလိုက်တာ။

“စိတ်လျော့လိုက်ပါ မနေနေ…. ကိုယ့်ကိုမှ မချစ်တဲ့သူတယောက် သစ္စာမရှိတဲ့သူတယောက်ကို နာကျည်းပစ်လိုက်ဖို့ … မုန်းမေးပစ်လိုက်ဖို့ …လမ်းခွဲပစ်လိုက်ဖို့ ဆိုတဲ့ ကျွန်မမှာ မရှိတဲ့အင်အားတွေ မနေနေမှာ ရှိပါတယ်.. ကျွန်မမှာတော့ ကိုယ့်မာန ကိုယ့်အတ္တတွေထက် အရေးကြီးတဲ့ သမီးလေးက ရှိနေတယ်လေ… သမီးလေးကို ပြီးပြည့်စုံတဲ့မိသားစုလေးရစေချင်တဲ့မိခင်တယောက်ရဲ့စေတနာဟာ တခြားအရာတွေကို တမင်မေ့ဖို့ တွန်းအားပေးတဲ့သဘောပေါ့လေ… ကျွန်မကိုခွင့်ပြုပါဦးနော်… ချက်ရပြုတ်ရဦးမှာမိုလို့ ပါ… ”

မျက်ရည်တွေကြားထဲကနေ နှင်းကို ခေါင်းငြိမ့်ပြုံးပြမိတယ်။ တကယ်လို့ သာ သူ နောက်တယောက် မတွေ့ ခဲ့ရင် ရူးရူးမိုက်မိုက်ရှေ့ တိုးပြီး သူများမိသားစုလေးကို ဖြိုခွဲဖို့ ကြံခဲ့မိတဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လို့ မရအောင်မုန်းနေမိတယ်။ ကိုယ့်ဘ၀တသက်စာဖူလုံတဲ့သင်ခန်းစာပါနှင်းရေ….။

***********************************************************

“ဖခင်တယောက်ဆိုတာ မေ့လျော့တဲ့အထိ ယိုင်နဲ့ ပျော့ပြောင်းလွန်းတဲ့ မခိုင်မာလွန်းတဲ့စိတ်တွေနဲ့ ကိုယ့်ကို အမှောင်ထုထဲကနေ လိမ္မာပါးနပ်စွာ ဆွဲထုတ်အလင်းပေးခဲ့တဲ့ ကိုယ့်ဇနီးလေးနှင်းကို ကိုယ်အမြဲသစ္စာရှိနေတော့မယ်လို့  လေးနက်တဲ့ကတိပေးပါတယ်နှင်းရယ်”

ဝေမိုး

ဒီ shopping centre က ကလေးတွေ ပစ္စည်းဆိုင်လေးတွေ… ကလေးကစားစရာဆိုင်လေးတွေ… ကလေးကစားကွင်းလေးတွေပြည့်နေတာမို့  ကလေးshopping centreလို့ ခေါ်လို့ တောင်ရတဲ့နေရာမှာ ကလေးက ချိန်းတာမို့ ကလေးစိတ်မကုန်သေးတဲ့ ကလေးကို မှန်းဆကြည့်ရင်း ကိုယ့်ရင်တွေ တဒုန်းဒုန်းခုန်နေမိတယ်။ ဆံပင်ညိုညိုလေးတွေ ဆိုးထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့  အရမ်းချစ်စရာကောင်းတဲ့ ကိုယ့်ကလေးလေး ဘယ်နေရာကများ ကိုကြီးလို့ ခုန်ပေါက်ခေါ်ပြီး ပြေးလာမလားရယ်လို့  အသက် ၁၈နှစ်ကောင်မလေးတွေတွေ့ တိုင်း ကြည့်ရတာအမော။

“ကိုကြီးလား… ကလေး အောက်က MCdonaldဆိုင်မှာ စောင့်နေပြီ… ဘယ်ရောက်နေတာလဲ… လာခဲ့တော့လေ…ကိုကြီးကြိုက်မယ်ထင်တဲ့ double cheese burger မှာထားတယ်… လာခဲ့တော့”

“ဟုတ်ပြီ…ဟုတ်ပြီ… ကလေးရေ..ကိုကြီး double cheese ကြိုက်တာလဲ သိလိုက်တာပဲနော်… ကိုယ်ခုလာပြီကွာ”

ကိုယ်က အပေါ်ထပ်မှာရောက်နေတာမို့  အောက်ထပ်က MCdonald ဆိုင်ကို အပြေးသွားမိတယ်။ ဇာအင်္ကျီဖြူဖြူလေးနဲ့ စကပ်ပန်းရောင်လေးဝတ်ခဲ့မယ်ဆိုတာကြောင့် အဖြူရောင်နဲ့  ပန်းရောင်အရိပ်ကလေးကို ရှာမိတယ်။ အရေးထဲ မွေးနေ့ တခုက ဆိုင်ထဲမှာ ကျင်းပနေတာမို့  ကလေးတွေနဲ့ ဆိုင်တခုလုံးပြည့်နေတယ်။ ဘယ်မှာလဲကလေးရေ။

“ဖေဖေ… ဖေဖေမီးမီးမွေးနေ့ ကို လာတယ်နော်.. ဖေဖေမီးမီးမွေးနေ့ ကို မှတ်မိတယ်နော်… မေမေပြောတာမှန်တယ်”

လူအုပ်ထဲကနေ အပြေးထွက်လာတဲ့သမီးကို တွေ့ လိုက်ရတော့မှ ဒီနေ့ စက်တင်ဘာ၉ရက်နေ့ … သမီးမွေးနေ့ ဆိုတာ လှစ်ကနဲသတိရသွားမိတယ်။ သမီးနောက်က ကပ်လိုက်လာတဲ့ ဇာအင်္ကျီအဖြူရောင်လေးနဲ့ စကပ်ပန်းရောင်လေးနဲ့ အရိပ်တခု။ ကိုယ်အပြေးအလွှားရှာနေတဲ့ ကလေးတော့မဟုတ်။ သမီးရဲ့မေမေနှင်း။ နှင်းက ကိုယ့်ကို သူ့ ဟန်အတိုင်း အေးအေးလေးပြုံးပြတယ်။

“မောင်… လာလေ… နှင်းတို့ birthday cakeမခွဲသေးပဲ မောင့်ကို စောင့်နေကြတာ… ခုနမောင့်ကို ဖုန်းဆက်တဲ့အတိုင်း ဒီမှာ နှင်းမှာထားတဲ့ double cheese burger… အရင်စားလိုက်ဦးနော်”

နှင်းပေးတဲ့ burgerကိုလှမ်းယူရင်း တစုံတခုကို အသေအချာစွာ သဘောပေါက်လိုက်မိတယ်။ ကိုယ့်ဘာကြိုက်သလဲ ကိုယ်ဘာစားသလဲ ကိုယ်ဘာဝတ်သလဲ အမြဲမှန်အောင် ပြောနိုင်တာကို စိတ်ချင်းဆက်တယ်ဆိုပြီး ရင်တွေခုန်နေမိတဲ့ ကိုယ့်အဖြစ်ကိုယ် ကြိတ်ရှက်မိတယ်။ ဒါဆို နှင်းက ကလေး… ကလေးကနှင်းပေါ့။

“မောင်… ဒါကသမီးအရမ်းကြိုက်တဲ့ ကိုရီးယားအဆိုတော်မလေးတွေ အခွေလေ…နှင်းမွေးနေ့ လက်ဆောင်ပေးလို့ သမီးကပျော်နေတာ… သမီးအကြိုက်ဆုံးက အဲဒီဆံပင်ညိုညိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်မလေးပေါ့”

နှင်းလှမ်းပေးတဲ့ အခွေကာဗာက ကောင်မလေး။ ကလေးရဲ့facebook profileက ပုံလေးပါပဲ။ နှင်းကို မလုံမလဲနဲ့ လှမ်းအကြည့်မှာ နှင်းက သမီးမွေးနေ့ ကိတ်လေးပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းညှိနေလို့ ။ နှင်းချက်တဲ့ ထမင်းဟင်းစား… နှင်းလျှော်ဖွတ်မီးပူတိုက်တဲ့အကျီင်္ကိုဝတ်… နှင်းရှင်းထားတဲ့အိမ်သန့် သန့် မှာနေပြီး… ငြီးငွေ့ တယ် အလုပ်ရှုပ်တယ် အကြောင်းပြပြီး အခန်းခွဲနေလို့  ရှုပ်ချင်တိုင်းရှုပ်ခဲ့တဲ့ ကိုယ့်ကို နှင်းက သင်ခန်းစာပါးပါးလေးပေးခဲ့ပြီ။ နှင်းအပြစ်မဆိုပါပဲ ကိုယ့်မှာ ရှက်စိတ်ယူကျုံးမရတဲ့စိတ်နဲ့ ဟိုးမြေကြီးထဲကို နစ်ဝင်ပုန်းခိုနေချင်မိနေတယ်။ စက်တင်ဘာ၉ရက်နေ့ ကို တမင်တကာကို ချိန်းခဲ့တဲ့ကလေး သို့ မဟုတ် နှင်း။ သမီးလေးလဲပျော်ရွှင် ကိုယ့်ကိုလဲပညာပေး… အဲလောက်လိမ္မာပါးနပ်တဲ့ မိန်းမတယောက်တန်ဖိုးကို ကိုယ်ဥပေက္ခာပြုထားမိခဲ့တာ။

“မောင်… ဒီဘက်ကိုလာလေ… family ပုံလေးရိုက်ရအောင်”

“ဖေဖေ… သမီးbrithday cake လေးကို ၀ယ်ပေးတာthank you နော်”

သမီးလေးစကားကြားတော့ ကိုယ်ကြောင်သွားတယ်။ နှင်းက မျက်စိတဘက်မှိတ်ပြမှ သမီးလေးကို ကိုယ့်ကိုလဲ အချစ်မပျက်ရအောင် နှင်းကကိုယ့်အစားတာဝန်ယူထားတယ်ဆိုတာ သတိထားမိတော့တယ်။

“မောင့်ကို ခွင့်လွှတ်..”

စကားမဆုံးခင်နှင်းက ကိုယ့်နှုတ်ခမ်းကို အသာပိတ်လိုက်တယ်။ အားလုံးအတူဆိုတဲ့ birthday သီချင်းနဲ့ အတူ ကိုယ်ပါဆိုရင်း ကိုယ့်မိသားစုလေးနဲ့ တသားထဲအတူပြန်ဖြစ်သွားတယ်။ အရာရာအတွက် ကျေးဇူးပါနှင်းရယ်။

***********************************************************

တန်ခူး

9:25pm 22-Jul-2013

Tuesday, July 16, 2013

သားမေမေက ရုပ်ဆိုးမ



ဝိုင်းစုရဲ့သီချင်း ရုပ်ဆိုးမကို ကျွန်မက “ငါ အရမ်းပဲဝနေလား…သားမေမေက ရုပ်ဆိုးမ… ၀ိတ်လျော့တော့မယ်… ၀ိတ်လျော့တော့မယ်…ပေါင်ချိန်၁၅၀ ” လို့ ဖျက်ဆိုရင် သားက သူ့ အသံဝဲ၀ဲလေးနဲ့ ကျွန်မကို အားပေးရှာတယ်။ “မေမေက တခါတလေမှ ရုပ်ဆိုးတာပါ… တခါတလေလှပါတယ်” တဲ့။ အဲဒီလိုဆို ကျွန်မက သားကို မေးပါတယ်။ “သားရေ… မေမေဘယ်အချိန်ရုပ်ဆိုးတာလဲ” ဆိုရင် “အန်တီမိုမို့ ဆီဓာတ်ပုံတွေရိုက်ရင် ရုပ်ဆိုးတယ်” တဲ့။ ကျွန်မချစ်သူငယ်ချင်းမိုက ချစ်စရာဓာတ်ပုံလေးတွေ ကျွန်မဆီပို့ ရင် ကျွန်မကမို့ ကို နောက်ချင်တာနဲ့  ရုပ်ပြောင်ပုံတွေ ရုပ်ဆိုးဆိုးပုံတွေ ရိုက်ပြီး ပို့ တာကို သားက ဆိုလိုတာပါ။

သားမွေးပြီးကတည်းက သားကိုနို့ များများတိုက်လို့ ရအောင် ကိုယ်လှဖို့ ပဖို့  သိပ်ဂရုမစိုက်ပဲ စားကောင်းသောက်ကောင်း ကျန်းမာရေးကောင်းအောင် ပိုဂရုစိုက်မိတော့ တရိပ်တရိပ်တက်လာတဲ့ ကိုယ်အလေးချိန်ကို သိပ်အလေးမထားမိပါဘူး။ အကျီအဟောင်းတွေမတော်တော့မှ လျော့စားဦးမှ လေ့ကျင့်ခန်းလေး လုပ်ဦးမှဆိုတဲ့ အကောင်အထည်မဖော်ဖြစ်တဲ့ အတွေးတွေ ဟိုက၀င် ဒီက၀င်။ ကိုယ်အလေးချိန်ချလိုက်နိုင်လားဆိုတော့ မချနိုင်သေးပါဘူး။ သားနားလည်လာတော့ တခါတခါ သားက ပြောတော့တာပါပဲ။ မေမေ လေ့ကျင့်ခန်းလုပ်ပါလား။ တီဗွီမှာ လာတဲ့ slimming program တွေတွေ့ ရင် သေချာမှတ်ထားပြီး မေမေ အဲဒီနေရာတွေ သွားပါလားလို့  သူကညွှန်းတတ်ပါသေးတယ်။ တခါ သားတို့ ကျောင်းက မိသားစုပုံပန်းချီဆွဲခိုင်းတော့ သားဆွဲထားတဲ့ ကျွန်မပုံလေးက ဆံပင်ရော မျက်နှာလေးပါ ချောလို့ … အောက်ပိုင်းရောက်မှ ဗိုက်နေရာမှ အရစ်လေးနှစ်ရစ်နဲ့  ဗိုက်ပူပူလေးဆွဲထားပါတယ်။ သားဆွဲတဲ့ပုံကြည့်ပြီး ငိုအားထက်ရယ်အားသန်ပါ။ သားရယ် သားဆရာမကတော့ မေမေ့ကို ကိုယ်ဝန်ဆောင်ထားတယ် ထင်တော့မှာပဲလို့ ပြောယူရတဲ့အထိပါ။

သားက ကျွန်မအင်္ကျီဘာဝတ်လဲ ဘာနားဆွဲလေးဝတ်လဲ စိတ်ဝင်စားတတ်ပြီး အမေ့ကို အကြံပေးတတ်ပါသေးတယ်။ ကားပေါ်နှုတ်ခမ်းနီသူ့ ရှေ့ ဆိုးရင် သူမကြိုက်တဲ့ အရောင်ဆို ဖျက်ခိုင်းပြီး သူကြိုက်တဲ့အရောင်ဆိုးခိုင်းပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မဆံပင်တွေ အောက်ပိုင်းနဲနဲပါးသွားလို့  အောက်ပိုင်းလေးပဲ ကောက်ကြည့်လိုက်တာ မေမေ့ဆံပင်အဖြောင့်လေးတွေပဲကောင်းတယ် ဆို နေတိုင်းမကျေမနပ်ပြောတတ်ပါတယ်။ ဆံပင်အကောက်ကို ထိန်းသိမ်းရတာ အရမ်းလဲအလုပ်ရှုပ် သားလဲမကြိုက်တော့ ကောက်ပြီး တလကြာ သွားညှပ်လိုက်ပါတယ်။ အဲဒီမှ သားလဲ ပျော်တော့တယ်။

ဟိုတနေ့ က သူ့ အဖေနဲ့ ကားပေါ်မှာ စကားပြောရင်း “တို့ က နုနုရွရွမနေတတ်တဲ့ ဘ၀သမား… နေပူထဲလဲ ထီးမပါပဲလျှောက်ရဲတယ်” လို့  ကျွန်မပြောတော့ တိတ်တိတ်လေးနားထောင်နေတဲ့သားက ထပြောပါတယ်။ “မေမေ အဲဒီလိုနေတာကြိုက်တယ်” တဲ့။ “တကယ်လို့  မေမေက နုနုရွရွ လက်သည်းနီ ခြေသည်းနီနဲ့ ဆို သားကို ခုလိုဂရုစိုက်နိုင်မှာ မဟုတ်ဘူး… ပြီးတော့ ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်တဲ့ မိန်းမတွေက အတ္တကြီးတယ်… ကိုယ်လှဖို့ ပဲစဉ်းစားပြီး အထိမခံရွှေပန်းကန်တွေ… ဘာမှမဟုတ်တာလေးကိုလဲ စိတ်ဆိုးတတ်သေးတယ်… မေမေဒီလိုပဲနေနော်… မပြောင်းနဲ့ တဲ့” တဲ့။ သားက အဲဒီအကြောင်းကို အင်္ဂလိပ်လို ပြောတာပါ။ ကျွန်မဆီလျော်အောင် ဘာသာပြန်ထားတာပါ။ သားဆီမှာ အဲလိုအတွေးလေးတွေ ဘယ်လိုများရသလဲလို့  ကျွန်မဖြင့်အံ့သြမဆုံးပါပဲ။ သားဒါတွေ ဘယ်လိုသိလဲလို့ မေးမိတော့ စကားပြောတဲ့သူ့ virtual သူငယ်ချင်း ကြောင်မလေးကို ကြည့်ပြီး ပြောတာတဲ့။ ကျွန်မရော သူ့ အဖေပါ ရယ်မိပါတော့တယ်။ သားက မပြောင်းနဲ့ ဆိုတဲ့ စကားလေး နားထောင်ပြီး သားအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ရင်းပြုတ်ရင်း စားရင်းသောက်ရင်းနဲ့  သားမေမေရုပ်ဆိုးမလဲ လေ့ကျင့်ခန်းလုပ်ဖို့ ရက်တွေ ရွှေ့ ရွှေ့ လာလိုက်တာ ခုထိပါပဲ။

တန်ခူး

11:34 pm 16-Jul-2013

Monday, July 1, 2013

ဘလော့အလှူ



ဟိုးငယ်ငယ် စတိုပေစလေးတွေ စရေးကာစက ကိုယ်ရေးတဲ့စာလေးတွေကို အများကို ဖတ်စေချင်တာကြောင့် စာမူဖိုင်လေးတွေကိုင် ဟိုမဂ္ဂဇင်းတိုက်ဝင် ဒီမဂ္ဂဇင်းတိုက်ထွက်နဲ့  ပေးခဲ့ပြီး ကိုယ့်စာမူလေးများ အရွေးခံရရင် ၀မ်းသာလွန်းတာ ပြောမပြတတ်အောင်ပါပဲ။ မှတ်မှတ်ရရ ပထမဆုံး ၀တ္ထုတိုလေးကို ရင်ခုန်ပွင့်မှာ အရွေးခံခဲ့ရတာပါ။ ကိုယ့်ဘ၀မှာ ပထဆုံးရတဲ့စာမူခလေးက ကျောင်းသူဘ၀မှာမို့  ပထမဆုံးဝင်ငွေလို့ ပြောလို့ ရပါတယ်။ ပထဆုံးစာမူခလေးကို ရတနာ၃ပါးနဲ့  မိဘဆရာအားလုံးကို ရသလောက်လှူဒါန်းခဲ့တာ ခုပြန်တွေးတိုင်း ကြည်နူးရတုန်းပါ။

ကျောင်းပြီးလို့ အလုပ်အကိုင်ရပြီး ကိုယ်ပိုင်ဝင်ငွေရလို့  တတ်နိုင်သလောက် လှူဒါန်းရတာကို အမြဲကြည်နူးရပေမယ့် ကိုယ့်ဝါသနာကရတဲ့ ချွေးနဲစာနဲ့ လှူဒါန်းရတာကို ပိုကြည်နူးမိတာတော့ အမှန်ပါပဲ။ ငယ်ငယ်ကရွှေအမြုတေမှာ အရွေးခံခဲ့ရတဲ့ဝတ္ထုတိုလေးတွေကို ဆရာဦးဝင်းငြိမ်းက ရွှေဝတ္ထုတိုများစုစည်းမှုအနေနဲ့  ပြန်ထုတ်တော့ မဂ္ဂဇင်းတွေမှာ စာမူမပို့ ဖြစ်တာကြာတဲ့ ကိုယ့်အတွက် စာမူခနဲ့ အလှူလုပ်ဖို့  အခွင့်ရပြန်ပါတယ်။ အဲဒီတုန်းက နှစ်အုပ်လုံးက ရတဲ့စာမူခကို ဆရာဦးဝင်းငြိမ်းဆီကတဆင့် နာမကျန်းတဲ့ စာရေးဆရာကြီးများကို ပြန်လှူခဲ့ပါတယ်။ ကိုယ့်စာလေးတွေလဲ စာအုပ်လို အမှတ်တရပြန်သိမ်းခွင့်ရ ကိုယ်နဲ့ အဲဒီအချိန်က အတူရေးခဲ့ကြတဲ့ စာရေးဆရာများရဲ့ စာလေးတွေလဲ အမှတ်တရဖြစ် လှူခွင့်လဲရတဲ့အတွက် ဆရာဦးဝင်းငြိမ်းကို အရမ်းကျေးဇူးတင်မိပါတယ်။

ဒီရောက်လာတော့ စာရေးခြင်းအလုပ်နဲ့ တသက်ဝေးပြီလို့ တွေးမိခဲ့သေးပါတယ်။ အသက်ကြီးပြီး ပင်စင်ယူမှ စာလေးတွေပြန်ရေးမယ်ဆို စိတ်မလျော့ပဲတွေးမိပါသေးတယ်။ ဘလော့ဆိုတာ ပေါ်လာတော့ ၀မ်းသာလိုက်တာ မပြောပါနဲ့ ။ ကိုယ်ရေးတဲ့စာလေးတွေအတွက် အများဖတ်လို့ ရတဲ့ ကိုယ်ပိုင်နေရာလေးတခုဆိုတာ အရင်က အိပ်မက်တောင် မမက်ဘူးတဲ့ကိစ္စ။ စာရေးသူရော စာဖတ်သူရော တိုက်ရိုက်ထိတွေ့ လို့ ရတဲ့ နေရာ… ဘလော့ဖန်တီးရှင်ကို ကျေးဇူးအထပ်ထပ်တောင် တင်မိရဲ့။ ဘလော့ရေးခြင်း ရည်ရွယ်ချက်က ကိုယ့်ဝါသနာအလျှောက်ရေးတဲ့ စာလေးတွေ ကိုယ်စေတနာအရ ပေးချင်တဲ့အရာလေးတွေကို စာဖတ်သူကို ပေးဖို့ ရည်ရွယ်ချက်သက်သက်ပါပဲ။ သူ့ အတွေ့ အကြုံ ကိုယ့်အတွေ့ အကြုံဝေမျှရာ နေရာလေးဆိုလဲ မမှားဘူးပေါ့။ တခုပါပဲ… ဘလော့ဆိုတာ အင်တာနက်သုံးနိုင်သူတွေပဲ ဖတ်နိုင်တာမို့  အရင်က မဂ္ဂဇင်းထဲပါသလောက်တော့ လူပေါင်းစုံ မဖတ်နိုင်ဘူးပေါ့။

လူပေါင်းစုံဖတ်စေချင်တဲ့ ဆန္ဒလေးရယ် စာရေးတာကရတဲ့စာမူခနဲ့  အလှူလုပ်ချင်တဲ့ ဆန္ဒလေးက ဘလော့နဲ့ အကြာကြီးဝေးသွားပြီး စာတွေပြန်ရေးတော့ မမျှော်လင့်ပဲ ဂျာနယ်အယ်ဒီတာ ညီမတယောက်ဆီက ရတဲ့အီးမေးလ်လေးကြောင့် ပြည့်ခဲ့တယ်လို့ ဆိုရပါမယ်။ ဘလော့ပေါ်ကစာလေးတွေကို ဂျာနယ်ပေါ်ပုံနှိပ်ထုတ်ဝေပေးမယ်ဆိုတော့ ကိုယ့်စာလေးတွေ မြန်မာပြည် အနှံ့ အပြားက အင်တာနက်သုံးဖို့ အခြေအနေ မပေးနိုင်သူတွေပါ ဖတ်လို့ ရတော့မှာမို့  အရမ်းကို ၀မ်းသာမိပါတယ်။ နောက်တခုကတော့ သားအကြောင်းလေးတွေကိုပါ ကလေးလေးတွေ အတွက် ဂျာနယ်မှာ ဖော်ပြပေးတာမို့  ပိုလို့ ဝမ်းသာမိပါတယ်။

ဂျာနယ်ကရတဲ့ စာမူခလေးတွေကို စုပြီး အိမ်နားလေးက ဘုန်းတော်ကြီးပညာသင်ကျောင်းက မိဘမဲ့ကလေးတွေကို မုန့် ဟင်းခါးအလှူကျွေးဖြစ်ပါတယ်။ ကလေးတွေကများတော့ ဆန်ပြုတ် အလှူသာများပြီး တခါတလေမှ မုန့် ဟင်းခါးစားရတာမို့  မုန့် ဟင်းခါးအလှူများဆို ကလေးတွေ နှစ်ပွဲသုံးပွဲ အားရပါးရစားကြတယ်လို့  ဟိုတခါအလှူလုပ်ဖြစ်ကတည်းက အမေပြောပြတာမို့  ဒီတခါလဲ ကလေးတွေ နှစ်သက်တဲ့ မုန့် ဟင်းခါးပဲ ကျွေးဖြစ်ပါတယ်။ တကယ်တော့ ဘလော့နဲ့ ပတ်သက်တဲ့ အလှူက ဘလော့လေး အသက်ပုံမှန်ရှင်သန်အောင် သစ္စာရှိရှိအားပေးကြတဲ့ ချစ်သောဘလော့ဖတ်သူတွေနဲ့ ရော အမြဲစာရေးဖို့ အားပေးတတ်တဲ့ ဘလော့ရေးဖော်ရေးဖက်တွေရယ် ပြီးတော့ ဘလော့က စာတွေကို လူအများဖတ်လို့ ရအောင် စီစဉ်ပေးတဲ့ ဂျာနယ်အယ်ဒီတာညီမလေးနဲ့  ဂျာနယ် အဖွဲ့ သူ အဖွဲ့ သားများ အားလုံးနဲ့ ဆိုင်တာမို့ အားလုံးကို အမျှပေးဝေပါတယ်။ အပေါ်ကပုံလေးကတော့ ဘလော့ဖတ်သူတွေ သာဓုခေါ်နိုင်အောင် အလှူလုပ်နဲ့ နေ့ က ရိုက်ထားတဲ့ပုံလေးပါ။

တန်ခူး

9:00pm 1-Jul-2013