Saturday, September 27, 2014

စာလေးတစောင်



ဟိုးအဝေးက ကိုယ်ချစ်တဲ့သူတယောက်ယောက်ဆီက တံဆိပ်ခေါင်းလေး ကပ်ထားတဲ့ စာအိတ်ကလေးနဲ့  စာလေးတစောင် ဖတ်ချင်တဲ့အာသီသတွေ ကိုယ့်မှာ ဖြစ်နေတာ မဆန်းဘူးလား…။ အဲဒီစာလေးထဲမှာ စာပို့ လိုက်သူက သူ့ ခံစားချက်တွေကို နှလုံးသားကတဆင့် လက်ချောင်းသွယ်သွယ်လေးတွေဆီ စီးမျောရင်း ကိုယ့်ဆီကို အရောက်ပို့ ထားတဲ့ စကားလုံးလေးတွေရှိနေရမယ်…။ ဖြစ်နိုင်ရင် အဲဒီစာလေးကို နက်ပြာရောင် ယူနီဖောင်းလေးဝတ်ထားတဲ့ မျက်နှာချိုချိုနဲ့  စာပို့ သမားလေးက အိမ်ရှေ့ ကနေ စက်ဘီးလေး ကလင်ကလင် အသံပြုပြီး ကိုယ်မျှော်လင့်မထားတဲ့ အချိန်မှာ လာပို့ တာမျိုးပေါ့…။ စာလေးကို လက်ခံလိုက်ပြီး စာအိတ်လေးပေါ်က လက်ရေးလေးတွေကို ကြည့်ရင်း စာအိတ်လေးထဲက စာတစောင်ကို ရင်ခုန်စွာ မှန်းဆပျော်ရွှင်ရတဲ့ ခံစားမှု…။ အဲဒီလို ခံစားမှုလေးမခံစားရတာများ ဆယ်စုနှစ်လောက်တောင် ကြာရောပေါ့…။ ဒီတော့လဲ… ဒီခံစားမှုလေးကို လွမ်းမိတာ ဆန်းသလားနော်…။

လက်ရှိအခြေအနေမှာ စာတွေနဲ့ များ ဝေးနေလို့ တော့ မဟုတ်ပါဘူး…။ စာတွေ စာတွေ တနေ့ တနေ့  ဖတ်လိုက်ရတာ မနဲ ပါဘူး…။ ပြန်လိုက်ရတဲ့စာတွေကလဲ မနဲပါဘူး…။ အဲဒီစာတွေက စာအိတ်မဲ့တဲ့စာတွေ… လက်ရေးမဲ့တဲ့စာတွေ… ထိတွေ့ ကိုင်တွယ်လို့ မရတဲ့စာတွေ…။ အဲဒီစာတွေထဲမှာ တောင်းဆိုမှုတွေ… တာဝန်တွေ… အလိုမကျမှုတွေ… မျှော်လင့်ချက်တွေ… မတော်လောဘတွေ… တိုက်ခိုက်မှုတွေနဲ့ … မွန်းကြပ်လို့ နေတယ်…။ အဲဒီစာတွေကို ကိုယ်မလိုချင် မဖတ်ချင် မပြန်ချင်ပေမယ့်လဲ… အဲဒီစာတွေက ကိုယ့်ဘ၀အတွက် ထမင်းတလုပ်ဖြစ်နေပြန်တော့…။ တနေ့ တနေ့ များပြားလှတဲ့ အဲဒီစာတွေကြားထဲမှာ ကိုယ်က စာရွက်ဖြူဖြူလေးပေါ်မှာ လက်ရေးလေးနဲ့ ရေးထားတဲ့ စာလေးတစောင်ကို အမောတကော ရှာဖွေနေတတ်တယ်…။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့  ထုံမွှမ်းထားတဲ့စာတစောင်… ဘယ်များ ပျောက်ဆုံးနေပါလိမ့်နော်…။

တိုးတက်လာတဲ့ခေတ်ကြီးမှာ ခလုတ်လေးတချက်နှိပ်လိုက်ရုံနဲ့  ဟိုးကမ္ဘာတခြမ်းကသူကို ဒီဘက်ကနေ ဆက်သွယ်လို့ ရနေမှတော့ စာတတန် ပေတတန်တွေ အလုပ်ရှုပ် အချိန်ကုန်ပါတယ်လို့  ပြောရတဲ့ခေတ်ကြီးမို့  ကိုယ့်ကို လူတွေက ကြောင်တောင်တောင် လို့  ထင်ကြမလားပဲနော်…။ email… facebook… viber… skype… အဲဒီလောက် လူတယောက်နဲ့ တယောက် လွယ်ကူစွာ ဆက်သွယ်လို့ ရနေတဲ့ခေတ်မှာ စာလေးတစောင်ရဲ့ အရေးပါမှုက မှေးမှိန်လို့ များ သွားခဲ့သလား…။ ဘာပဲဖြစ်ဖြစ် ရေးသူရဲ့ ကိုယ်ပိုင်လက်ရေးလေးတွေကို ကိုယ့်လက်လေးနဲ့ ထိတွေ့  ဖတ်ခွင့်ရတဲ့ စာတစောင်မှာ စာပို့ သူနဲ့ စာလက်ခံရသူရဲ့ကြားက မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေက တိတ်တိတ်လေး အသက်ဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး…။ ကိုယ့်ဘ၀မှာ စာအိတ်ပေါ်မှာ ကိုယ့်နာမည်လေးရေးပြီး တံဆိပ်ခေါင်းလေးကပ်လို့  ကိုယ့်ဆီ အရောက်ပို့ တဲ့ စာလေးပေါင်း များစွာ လက်ခံရခဲ့ဘူးတာမို့  ပြန်တွေးမိတိုင်း ကျေနပ်မိပါတယ်…။ ဒီခေတ်ကြီးမှာသာ မွေးခဲ့ရင် စာအိတ်ပေါ်ရော စာရွက်ပေါ်မှာပါ ကွန်ပြူတာပုံနှိပ်စာလုံးတွေနဲ့  ရေးထားတဲ့ စက်ရုပ်ဆန်တဲ့ ကွန်ပြူတာဆန်တဲ့စာတွေပဲ တွေ့ ဖူးမှာလို့  တွေးမိပါတယ်…။

စာလေးတစောင်ဟာ ရပ်ဝေးမြေခြားက ဘိုးဘွားဆွေမျိုးသားချင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ယူနိုင်စွမ်းရှိတယ်ဆိုရင် ယုံမလား…။ အညာက အဖိုး၊အဖွား၊ဆွေမျိုးသားချင်းတွေ သတိတရတလတခါလောက် ပို့ လိုက်တဲ့စာလေးတွေကလဲ အညာနဲ့ အမြဲထိတွေ့ နီးစပ်နေရသလို… ဆွေမျိုးတွေ ကိုယ့်နံဘေးရောက်ပြီး ဟိုကအဖြစ်အပျက်တွေ ပြောပြနေသလို ရင်ထဲကို နွေးထွေးမှုတွေ အရောက်ပို့ ပေးတတ်တယ်…။ ဖောင်တိန်အမဲရောင်လေးနဲ့  စာရေးစက္ကူလေးပေါ်မှာ သပ်သပ်ရပ်ရပ်… အဖြစ်အပျက်တွေ စီစီရီရီ ရေးတတ်တဲ့ စာလေးတွေက ကိုယ့်အဖိုး ( မေမေ့အဖေဆီက) စာလေးတွေပါ…။ အဖိုးစာလေးတွေမှာ ဆုံးမစာလေးတွေအမြဲထည့်ရေးတတ်သလို မြင်းခြံတမြို့ လုံးက အဖြစ်အပျက်လေးတွေလဲ ဝေေ၀ဆာဆာ ထည့်ရေးတတ်တာမို့  ရသစုံတဲ့ စာလေးတွေ ဖြစ်နေတတ်ပါတယ်…။ အဖိုးစာများရောက်လာပြီဆို ကိုယ်တို့ တမိသားစုလုံး အတူစိတ်ဝင်တစား ဖတ်ကြမြဲပါ…။ ကိုယ်တို့ ခေတ်က အရေးတကြီး အကြောင်းကြားစရာရှိရင် သံကြိုးရိုက်လေ့ရှိပါတယ်…။ သံကြိုးဆိုတာ စာလို စာအိတ်လေးတွေနဲ့  ကဗျာမဆန်ပေမယ့် စာတကြောင်းနှစ်ကြောင်းမှာ ပြောချင်တာ လိုရင်းတိုရှင်းဖြစ်အောင် ရေးရတာမျိုးပါ…။ စာပို့ သမားကလဲ သံကြိုးပါတယ်ဗျို့ ဆို နိုးနိုးကြားကြားရှိအောင် အိမ်ရှေ့ ကနေ စက်ဘီးဘဲလ်သံလေးတင်မက လူကပါအော်ပြောတတ်ပါတယ်…။ သံကြိုးလို့ ဆိုတာနဲ့  ပူပင်မှုတွေ ရောက်လာတတ်ပါတယ်… ဘယ်သူများနေမကောင်းလို့ လဲဆိုတဲ့ ပူပင်မှုမျိုးပါ…။ ဒါပေမယ့်… သံကြိုးက တခါတလေ ၀မ်းသာစရာ သတင်းတွေ သယ်လာတတ်သေးတာ…။ ဆယ်တန်းကို တော်တော်နဲ့ မအောင်တဲ့ ကိုယ့်ဦးလေး ဆယ်တန်းအောင်တဲ့နှစ်က “ကျောက်ခဲရေပေါ်ပေါ်ပြီ” ဆိုတဲ့ ကိုယ့်ဘကြီးရဲ့ ၆လုံးထဲသော သံကြိုးတစောင်က ကိုယ်တို့ တမိသားစုလုံးအတွက် ပျော်ရွှင်မှုတွေ သယ်ဆောင်လာတာ ခုထိကိုယ်အမှတ်ရနေတုန်း…။

စာလေးတစောင်ဟာ အကွာအဝေးဆိုတာတွေကို မေ့ပျောက်နိုင်အောင် ချုံ့ ယူနိုင်စွမ်းရှိနေပြန်ရော…။ ကျောင်းတွေပိတ်တုန်း သူငယ်ချင်းတွေ အချင်းချင်းလွမ်းကြလို့  တမြို့ တရွာကနေ တကူးတက အချိန်ကုန်ခံပြီး အလွမ်းတွေစာအိတ်လေးထဲထည့် ပို့ လိုက်တဲ့ စာလေးတွေက သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ပိုလို့ အမြစ်တွယ် ခိုင်မြဲစေအောင် အစွမ်းတွေထက်လွန်းလှတယ်…။ စာအိတ်ပေါ်က လက်ရေးလေးတွေကို ကြည့်ပြီး… ဘယ်သူငယ်ချင်းဆီက ဖြစ်မလဲဆိုတာ မှန်းဆကြည့်ရတာ ရင်ခုန်စရာပါ…။ ကိုယ်တို့ ခေတ်က အာအိုင်တီက တနိုင်ငံလုံး တကျောင်းထဲရှိတာမို့  … အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေဆီက စာလေးတွေ လက်ခံရရှိတာ ပျော်စရာပါ…။ တချို့ အနုပညာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေက ကဗျာတို ကဗျာစလေးတွေ ထည့်ရေးပေးတတ်တဲ့အခါ ကိုယ်ဖြင့်ပျော်လို့ မဆုံးပါဘူး…။ အဲဒီ သူငယ်ချင်းတွေဆီက တကူးတက ရေးပို့ တဲ့ စာလေးတွေကို တမြတ်တနိုး အမှတ်တရ သိမ်းထားပြီး လွမ်းတိုင်းဖွင့်ဖတ်တတ်ပါတယ်…။ အထူးသဖြင့်.. အရေးအခင်း ၃နှစ်ပိတ်တဲ့ အချိန်တွေက စာလေးတွေ ကိုယ့်သေတ္တာလေးထဲမှာ အများကြီးစုမိတဲ့အချိန်လေးပါပဲ…။

စာလေးတစောင်ဟာ ဘ၀နှစ်ခု အစပြုဖို့ လဲ ဖြစ်နေတတ်သေးတာ မဟုတ်လား…။ ပွင့်လင်းမြင်သာလာတဲ့ ဒီဘက်ခေတ်မှာ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို ဖုန်းထဲကပဲဖြစ်ဖြစ်… chattingလုပ်ရင်း ဖြစ်ဖြစ်…ဒါမှမဟုတ်… ကဗျာဆန်တဲ့ကော်ဖီဆိုင်လေးတခုမှာဖြစ်ဖြစ်… သူ့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ကြပါတယ်…။ ကိုယ်တို့ ခေတ်မှာတော့ တချို့ တွေက ရင်ထဲက ခံစားချက်တွေကို စာလေးတစောင်နဲ့  ရင်ဖွင့်တတ်ကြတယ်…။ ကိုယ်နဲ့  ကိုယ့်ချစ်သူ ( ခုတော့ ကိုယ့်ခင်ပွန်းပေါ့) ရဲ့ သူငယ်ချင်းဆိုတဲ့ နံရံလေးကို ဖြိုခွင်းလို့  ချစ်သူဘ၀အစပြုဖို့  စခဲ့တာလဲ ချစ်သူရဲ့ ရိုးသားလွန်းတဲ့… အဖွဲ့ အနွဲ့ မပါ.. လက်တွေ့ ဆန်ပေမယ့် ချစ်သူရင်ထဲက ခံစားချက်ကို ထိုးဖောက်မြင်နိုင်တဲ့ စာလေးတစောင်က စခဲ့တာပါ…။ အဲဒီစာလေးဟာ ကိုယ့်ဘ၀ရဲ့မှတ်တိုင်လေးတခုဆိုလဲ မမှားသလို ကိုယ်တို့ နှစ်ယောက်တဘ၀ထူထောင်ဖို့ အမှတ်တရ လှပတဲ့ နိဒါန်းလေးဆိုလဲ မမှားဘူးလေ…။

စာလေးတစောင်ဟာ မိုင်ပေါင်းများစွာ ဝေးနေတဲ့ ချစ်သူနှစ်ဦးရဲ့ အလွမ်းတွေဝေဒနာတွေကို ဖြေလျော့သက်သာသွားအောင်လဲ ကုစားတတ်သေးရဲ့လေ…။ တယောက်နဲ့ တယောက်ဝေးနေတဲ့ကြတဲ့ အချိန်မှာ သစ္စာတရားတွေ… ဂရုစိုက်မှုတွေ… နားလည်မှုတွေ… လွမ်းဆွတ်တမ်းတမှုတွေဟာ စာလေးကတဆင့် တယောက်နှလုံးသားကနေ တယောက်နှလုံးသားဆီ စီးဆင်းသွားတတ်တာ…။ ချစ်သူကိုယ်တိုင်ရေးတဲ့ ခပ်သော့သော့ ချစ်သူလက်ရေးလေးတွေက ချစ်သူကိုယ့်နံဘေးမှာ ရှိနေသလို နာကျင်ခါးသက်တဲ့ အလွမ်းဝေဒနာတွေက ခဏထွက်ပေါက်ရ သက်သာစေခဲ့တာ ကိုယ်တွေ့ ပါပဲ…။ ကိုယ့်အလွမ်းဝေဒနာတွေကို ကုစားသက်သာပေးခဲ့တဲ့ အဲဒီစာလေးတွေကို ကိုယ်မြတ်နိုးလွန်းလို့  ကိုယ့်ဘီရိုလေးထဲက ကတ်ထူပုံးလေးမှာ ယနေ့ ထက်ထိ မပျောက်မပျက်အောင် သိမ်းဆည်းထားဆဲပါ…။

စာလေးတစောင်ဟာ တခါတလေကျပြန်တော့ တီးတိုးတိုင်ပင် ရင်ဖွင့်စရာ နေရာလေးဖြစ်နေတတ်ပြန်ရော…။ ပို့ သူရဲ့ ဆုံးဖြတ်ရခက်နေတဲ့ အကြောင်းအရာတခုခု… ဒါမှမဟုတ် မွန်းကြပ်နေတဲ့ အခြေအနေတခုခု… ဒါမှမဟုတ် အားငယ်ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တခုခုကို သိစေချင်သူ တယောက်အတွက် အလုံခြုံဆုံး ရင်ဖွင့်စရာနေရာက စာလေးတစောင်ဖြစ်လို့ …။ လက်ခံရရှိသူရဲ့ ကိုယ်ချင်းစာတရား… မေတ္တာတရားတွေ အခြေခံတဲ့ ရင်နဲ့ ရင်းတဲ့ အကြံဥာဏ်လေးတွေ အပြည့်ပါတဲ့ ပြန်စာလေးတစောင်ဟာ ပို့ သူရဲ့ လက်ရှိအခက်အခဲကနေ လွတ်မြောက်စရာ နေရာလေးတခုပါပဲ…။

အဲဒီလို မျှော်လင့်နေတဲ့ ကိုယ့်ဆီကို စာရေးသူရဲ့ လက်လေးနဲ့ ရေးထားတဲ့ လက်ရေးစာလေးတစောင် တကယ်ကို့  ရရှိလာခဲ့ပါတယ်…။ ကိုယ်တခါမှ မမြင်ဘူးတဲ့ ပို့ သူရဲ့စာလေးဟာ ကိုယ့်ရင်ထဲကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တာ မဆန်းဘူးလား…။ စာလေးထဲမှာ ကျေးဇူးတရားတွေပါတယ်… အားငယ်မှုတွေပါတယ်… အနာဂတ်အတွက် ရည်ရွယ်ချက်တွေပါတယ်… အင်အားတွေပါတယ်… ကြိုးစားမှုတွေပါတယ်… နွေးထွေးရင်းနှီးမှုတွေပါတယ်… ပြီးတော့ စာလေးထဲမှာ ဘ၀တခုပါတယ်…။ အဲဒီစာလေးဟာ ကိုယ်မျှော်လင့်တောင့်တနေတာထက် ပိုတဲ့ အဓိပ္ပါယ်တွေ လေးနက်မှုတွေ ပေးနိုင်လွန်းတာမို့  စာပို့ သူလေးကို ကျေးဇူးတင်နေမိတော့တယ်...။



(စာကြွင်း…။ BPP အတွက် ကျွန်မကို တခုတ်တရ စာရေးဖြစ်အောင် တက်ဂ်ပေးကြတဲ့ ချစ်သူငယ်ချင်းစုချစ်သူနဲ့  ချစ်ညီမလေး မေဓာဝီ တို့ ကို ချစ်လို့  ဒီပို့ စ်လေးကို ရေးပါတယ်…။ BPP ရည်ရွယ်ချက်မပျက်ရအောင်.. တက်ဂ်ဂိမ်းတို့ ထုံးစံမပျက်အောင် ဆက်တက်ဂ်ချင်သူများကတော့.

၁) စာမရေးတာ အတော်ကြာနေတဲ့ ချစ်သမီးလေးနှစ်ယောက်မေမေ ညီမလေးနုစံ

၂) ဖဘပေါ်မှာ note လေးတွေရေးပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးခွန်မြလှိုင်နဲ့ 

၃) ဖဘပေါ် status လေးတွေမကြာမကြာတင်ပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးပေါက်

၎) ပျောက်နေတာကြပြီဖြစ်တဲ့ ချစ်သော အာအိုင်တီ မမ မသိဂီင်္

၅) အမိမြန်မာပြည်ရောက် ချစ်သောမမ မခင်ဦးမေ

၆) စာရေးကောင်းတဲ့ ကျွန်မနှစ်သက်သော စာရေးဆရာမမ မမေငြိမ်း

ရ) ဖဘပေါ်မှာ နေ့ တိုင်းတွေ့ နေရပေမယ့် ဘလော့ပေါ်မှာ လွမ်းမိနေတဲ့ မမ မခင်မင်းဇော်

တပုံကြီးတက်ဂ်တာ စာတွေတပုံကြီးဖတ်ချင်လို့ ပါ… စိတ်မဆိုးနဲ့ နော်…)

တန်ခူး

27-Sep-2014 8:20PM

Friday, September 5, 2014

ကင်းတဲလေးနဲ့ ဂီတသံ



ကျွန်မညဘက်တွေ ညည့်နက်တဲ့အထိ အလုပ်လုပ်ရတဲ့အခါမျိုးမှာ ကြောက်တတ်တဲ့ ကျွန်မကို အမျိုးသားက တီဗွီကြည့်ရင်း စိတ်ရှည်လက်ရှည်စောင့်ပေးတတ်ပါတယ်…။ ဒါပေမယ့် သူပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆို ကျွန်မသူ့ ကို အိပ်ခိုင်းပြီး တယောက်ထဲ သားနဲ့ အမျိုးသား အိပ်နေတဲ့ ကုတင်နံဘေးမှာ အလုပ်လုပ်တတ်ပါတယ်…။ အဲဒီအခါတိုင်း ပတ်ဝန်းကျင်က ဆိတ်ငြိမ် နေတတ်တာကြောင့် တခါတခါ ဟိုးအဝေးက ဂီတသံလေးကို လွမ်းမိတတ်တယ်…။ ကျွန်မလွမ်းပုံ ဆန်းချက်များ ဆိတ်ငြိမ်တတ်လွန်းမှုကို သည်းမခံနိုင်တဲ့အခါ ခွေးဟောင်သံတောင် တမ်းတမိတဲ့အထိပဲ…။

ကျွန်မက ငယ်ငယ်က သိပ်ကြောက်တတ်ခဲ့တာ…။ ညည့်နက်သန်းခေါင် စာကျက်တဲ့အခါ ကျွန်မကြီးကြီးက ကျွန်မနံဘေးမှာ အိပ်ရင်းစောင့်ပေးရတဲ့အထိ…။ ခုမှသာ အသံတွေကို မက်မက်မောမော တောင့်တတတ်နေပေမယ့် အဲဒီတုန်းက အသံလေး ချွတ်ချွတ်ကြားတာနဲ့  ကြီးကြီးကို နှိုးပါလေရော…။ ကြီးကြီးခမျာ ကျွန်မစာမေးပွဲနီးတဲ့အချိန်ဆို အိပ်ရေးဝတယ် မရှိပါဘူး…။ ကြီးကြီး အညာကို အပြီးပြန်သွားတော့ ကျွန်မကြောက်ကြောက်နဲ့  တယောက်ထဲစာကျက်ရတဲ့ညတွေမှာ ကျွန်မအဖော်က ဂီတသံလေးပါပဲ…။ အဲဒီတုန်းက လမ်းတိုင်းလမ်းတိုင်းမှာ ရပ်ကွက်လုံခြုံရေး၊ မီးရေး၊ ထင်းရေး အတွက် ကိုယ်ထူကိုယ်ထနဲ့  ကင်းစောင့်ဖို့  ကင်းတဲလေးတွေရှိတတ်ပါတယ်…။ ခုတော့ အဲဒီလိုရှိသေးလား မသိဘူးနော်…။ ကင်းတဲလေးတွေက များသောအားဖြင့် ခြေတံရှည် ၀ါးခင်း၊သက်ကယ် သို့  ဓနိမိုးလေးတွေပါ…။ ကင်းတဲထဲမှာ အရေးဆို အချက်ပေးလို့ ရအောင် သံပြားဝိုင်းကြီးတခုနဲ့ သံချောင်းတခုရှိပါတယ်…။ အဲဒီသံချောင်းသံကြားပြီဆို ရပ်ကွက်က မီးလား သူခိုးလားဆို နိုးနိုးကြားကြားရှိကြပါတယ်…။

ရပ်ကွက်ထဲက ယောင်္ကျားသားရှိတဲ့ အိမ်တိုင်း ညဖက် အလှည့်ကျ ကင်းစောင့်လေ့ရှိပါတယ်…။ ယောင်္ကျားသားမရှိတဲ့အိမ်တွေကို ရပ်ကွက်ထဲက အကိုကြီးတွေက စောင့်ပေးပါတယ်…။ ရပ်ကွက်လေး ငြိမ်းချမ်းနေပြီဆို ကင်းစောင့်တဲ့အကိုကြီးတွေက ဂီတာလေးကို တိုးတိုးလေးတီးပြီး သီချင်းလေးတွေ ဆိုတတ်ပါတယ်…။ ကျွန်မတို့ အိမ်က လမ်းထောင့်မှာမို့  ၀ရန်တာကကြည့်ရင် ကင်းတဲလေးကို လှမ်းမြင်ရပါတယ်…။ ညဖက်တွေမှာ လတ်ဆတ်တဲ့လေအေးအေးရတဲ့ ၀ရန်တာမှာ ကျွန်မစာကျက်လေ့ ရှိပါတယ်…။ ကြောက်တတ်တဲ့ ကျွန်မအတွက် ကင်းတဲက ဂီတာသံတိုးတိုးလေးနဲ့  သီချင်းသံတိုးတိုးလေးက ဒီညမှာ ငါတယောက်ထဲမဟုတ်ပါလားဆို ကြောက်စိတ်ပြေစေတာမို့  ကင်းတဲထဲက ကင်းစောင့်တဲ့ အကိုကြီးတွေကို ကြိတ်ကျေးဇူးတင်မိပါတယ်…။

လူခြေတိတ်ချိန်မို့  ဂီတာကို အကျယ်ကြီး မတီး… သီချင်းကို အကျယ်ကြီးမဆိုပေမယ့် ကျွန်မတို့ အိမ်က အနီးလေးမို့  သူတို့ ဆိုတဲ့ သီချင်းတိုင်းကို သေချာကြားရပါတယ်…။ ခဏခဏ ကြားရတတ်တဲ့သီချင်းလေးတွေက မွန်းအောင်ရဲ့ ရိုးရိုးလေး၊ ၀တ်မှုန်၊ ယု၊ လွမ်းရတဲ့ညတွေ လွန်ပါစေ၊ ၈/၈၂ အင်းလျား၊ စိုင်းထီးဆိုင်ရဲ့ မေမြို့ မိုး၊ မောင့်လပြည့်ဝန်း၊ လေညာအရပ်ကအချစ်၊ မောင့်အရိုင်းပန်း၊ ခိုင်ထူးရဲ့ သိလား၊ တချို့ တွေနေနိုင်လွန်းတယ်၊ စစ်ကိုင်းလမ်း၊ ထူးအိမ်သင်ရဲ့ ခေါင်းလောင်းလေးတွေ မြည်နေပြီ၊ ဝေးသွားတဲ့အခါ၊ ဂျေညီညီရဲ့ အရိပ်ကလေး… စတဲ့ သိပ်ဆူဆူညံညံကြီး မဟုတ်ပဲ ညရဲ့ ငြိမ်းချမ်းမှုထဲမှာ စီးဝင်မျောပါသွားနိုင်တဲ့ သီချင်းလေးတွေပါ…။ တချို့ ဆို တကယ့်ကို အဆိုတော်ကြီးတွေလို ဆိုနိုင်တာ အံ့သြစရာပါ…။ စာမေးပွဲနားနီးလို့  ပင်ပန်းနေတဲ့စိတ်တွေက အဲဒီကင်းတဲက ပျံ့ လွင့်လာတဲ့ ဂီတသံလေးကြောင့် ပြန်လည်ကြည်လင်တတ်လာလို့  ကင်းတဲလေးနဲ့  ဂီတသံဟာ ကျွန်မအဖော်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်…။ တိတ်ဆိတ်တဲ့ညတွေမှာ ဂီတာသံလေးပျောက်နေရင် တခုခုလိုအပ်နေသလို ခံစားရတဲ့အထိပါ…။

ခေတ်တွေပြောင်းလာပြီး ကျွန်မမောင်လေးတို့ ခေတ်ရောက်လာတော့ မွန်းအောင်၊ ခိုင်ထူး၊ စိုင်းထီးဆိုင်ကနေ ဇော်ဝင်းထွတ်၊လေးဖြူ၊အငဲ၊မျိုးကြီး၊ မျိုးကျော့မြိုင်ဖြစ်လာခဲ့ပါတယ်…။ စာမကျက်ရတော့တဲ့ ကျွန်မက အိပ်ယာထဲကနေ အဲဒီသီချင်းလေးတွေလဲ နှစ်သက်စွာနားထောင်မြဲပါ…။ ညနဲ့ ဂီတ ဘယ်လောက် ပနံရလိုက်ဖက်လိုက်ပါသလဲနော်…။ ညရဲ့ ငြိမ်သက်ငြိမ်းချမ်းမှုကြောင့် သီချင်းသီဆိုသူတွေကလဲ ငြိမ်းချမ်းအေးဆေးတဲ့ သီချင်းလေးတွေ ရွေးဆိုတတ်ကြတယ်…။ ကျွန်မက အဆောင်မနေဘူးသူဆိုတော့ အဆောင်ရှေ့ ဂီတ၀ိုင်းလေးတွေဆို ပိုလို့ တောင် အသက်ဝင် နားထောင်ကောင်းလိမ့်မယ်ဆိုတာ မှန်းဆလို့ ရပါတယ်…။

ဒီရောက်ပြီးမှ အိမ်အလည်ပြန်တဲ့အခါ အိပ်မပျော်တဲ့ညတွေမှာ အိမ်ရှေ့ က ပျောက်ဆုံးသွားတဲ့ ကင်းတဲလေးနဲ့  ဂီတသံကို လွမ်းမိတတ်ပါတယ်…။ အမေ့စံပယ်ရုံလေးက ခုံတန်းရှည်လေးအောက်မှာ ထိုင်ရင်း ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကျော်လောက်က ၀ရန်တာမှာ စာအော်ကျက်တတ်တဲ့ ကောင်မလေးဖြစ်ခဲ့တဲ့ ကိုယ့်ပုံရိပ်လေးကို ကိုယ်မြင်ယောင်မိပါတယ်…။ အိမ်ဘေးလမ်းဈေးဆိုင်လေးမှာ လူငယ်လေးတွေ ဂီတာတီးသံကြားတော့ ကျွန်မနှစ်အတော်ကြာကြာ လွမ်းဆွတ်နေခဲ့တဲ့ ဂီတသံလေးမို့  နှစ်ခြိုက်စွာ နားစွင့်မိပါတယ်…။ စိုင်းစိုင်းခမ်းလှိုင်ည… ရဲလေးည… ဆိုတေးည… ဘန်နီဖြိုးည… ခေတ်တွေ အခါခါပြောင်းလာပေမယ့်… ပါးပေါ်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ်ဆိုတာလေးနဲ့  ခေတ်သစ်ညရဲ့ဂီတကိုလဲ ကျွန်မက နှစ်သက်မြတ်နိုးဆဲပါ…။ ကင်းတဲလေးက ဂီတသံအလွမ်းပြေပေါ့လေ…။

တန်ခူး

12:01 am 5 Sep 2014

Tuesday, August 5, 2014

သစ္စာတရားတို့ ဖြင့်…



Groom: “ I, take you, to be my wife. I promise to be true to you in good times and in bad, in sickness and in health. I will love you and honour you all the days of my life.


Bride:” I, take you, to be my husband. I promise to be true to you in good times and in bad, in sickness and in health. I will love you and honour you all the days of my life. “

“အဲဒီစကားလုံးတွေက လက်တွေ့ မဆန်လိုက်တာ… သတို့ သမီး မျက်ဝန်းထဲကို ခုကြင်ကြင်နာနာ စိုက်ကြည့်နေတဲ့ သတို့ သားအကြည့်တွေ တနှစ်တောင် ခံပါ့မလားမသိ…ဟိဟိ”

“အေးလေ… နာဖျားသည်ဖြစ်စေတဲ့… ဘယ်ယောင်္ကျားမှ နာဖျားနေတဲ့ နာတာရှည်မိန်းမကို စိတ်ရှည်လက်ရှည်ပြုစုမှာ မဟုတ်ဘူး… လူရှေ့ သူ့ ရှေ့  လူကြားကောင်းအောင်သာ လုပ်ပြမယ်… ကွယ်ရာကျတော့ ကျန်းမာနုပျိုတဲ့ကောင်မလေးနဲ့ နေမှာ”

သတို့ သမီးလေးနဲ့ သတို့ သားလေးတို့ ရဲ့ မင်္ဂလာအရှိဆိုး မင်္ဂလာကတိက၀တ်တွေ တယောက်နဲ့ တယောက်ပေးနေကြတဲ့ အချိန်မှာ ကျွန်မဘေးက ကောင်မလေးနှစ်ယောက်ရဲ့ တီးတိုးပြောဆိုသံတွေကြောင့် ကြည်နူးနေတဲ့ စိတ်ကလေးတွေ ပျောက်သွားတယ်…။ သူတို့ ရှိလှမှ အသက်၂၀ ၀န်းကျင်ပေါ့…။ နှစ်ယောက်လုံး ရင်ညွှတ်လေးတွေ မြင်ရအောင် လည်ဟိုက်နေတဲ့အကျီင်္လေးတွေနဲ့ … ပြီးတော့ပေါင်တံသွယ်သွယ်လေးတွေ မြင်နေရအောင် တိုတဲ့စကပ်လေးတွေနဲ့ …။ အဲဒီလောက် နုနယ်တဲ့နှလုံးသားလေးတွေမှာ ဘာကြောင့် ဒီအရုပ်ဆိုးတဲ့ အမြင်တွေ ရှိနေပါလိမ့်…။

“ဟယ်…. ခုမှရှင့်အိတ်လေးတွေ့ တယ်တော့… chanel လေး… အရင်က မတွေ့ ပါဘူး… မဟုတ်မှလွဲရော ဦးဝယ်ပေးထားတာပဲ ဖြစ်ရမယ်”

“အဟုတ်ပေါ့… သိတယ်မိုလား… chanel တအိတ်လောက်ကတော့ တခါချွဲပဲ… ဟိုတလောက စင်္ကာပူလိုက်သွားတုန်းက ၀ယ်ပေးတာလေ ”

“အေး…နင်လိုက်သွားတာ ပိုးပြောလို့ သိလိုက်တယ်… သူ့ မိန်းမကြီးက လေဆိပ်ထိလိုက်ပို့ တာဆို”

“အေးလေ… ပါတိတ်ဝမ်းဆက်ကြီးနဲ့ ရုပ်ကြမ်းကြီးနဲ့  သူ့ ယောင်္ကျားကို မှာနေလိုက်တာ မပြီးဘူး… အသွားလေယဉ်ပေါ်ကနေ… အပြန်လေယဉ်ပေါ်ထိ အရမ်းကဲတဲ့ သူ့ ယောင်္ကျားကို ဗွီဒီယိုရိုက်ပြီးသာ ပြလိုက်ချင်တယ်.. ”

“နင်… ဦးကို ယူမှာလား”

“ယူမှာပေါ့ဟ… ပင်ပင်ပန်းပန်းလုပ်စရာမလိုပဲ လှလှပပလေးပြင် ထိုင်ချွဲပေးနေရုံနဲ့  ချမ်းချမ်းသာသာ နေချင်သလိုနေရတာ… ၀တ်ချင်သလိုဝတ်ရတာ… ဒါမျိုးအလွတ်ခံရင် ငါမိုက်ရာကျမှာပေါ့”

“သူ့ သမီးလေးတောင် နင့်ထက်တနှစ်ပဲငယ်တာမိုလား… အငယ်ဆုံးသားလေးက နင့်မောင်လေးနဲ့ ရွယ်တူဆို… အဲဒီမိသားစုကို နင်ထည့်မစဉ်းစားဘူးပေါ့”

“None of my business ပါဟာ… သူတောင် သူ့ မိသားစုမစဉ်းစားတာ ငါက ဘာလို့ စဉ်းစားနေမှာလဲ… ယူကိုယူပြဦးမှာ… တကယ်လို့  ဦးက ငါ့ကို အတည်ယူပုံမရရင် ယူအောင် လုပ်ဖို့ လွယ်လွယ်လေး”


သတို့ သားနဲ့ သတို့ သမီး အနားရောက်လာမှ ကျွန်မနားထဲကို သံရည်ပူတွေလောင်းချသလို ပူပူလောင်လောင် ကြားနေရတဲ့ စကားလုံးတွေ ရပ်တန့် သွားတော့တယ်…။ သတို့ သမီးနဲ့ သတို့ သားကို ချိုမြနေတဲ့ စကားလုံးတွေနဲ့  နှုတ်ဆက်နေလိုက်ကြတာ…။ အော်… ဒီအသက်ဒီအရွယ်နဲ့  ဒီလိုအကောက်အကွေ့ တွေ ကျွမ်းကျင်နေလိုက်တာ…။

“စကားဆက်ပါဦး… ဟိုက လူကုံထံ လုပ်ငန်းရှင်ကြီး… မိန်းမက နာမည်ကြီးမီးယပ်သားဖွားဆရာဝန်မကြီး… ရှင့်လို စတိုးဆိုင်မှာ အရောင်းစာရေးလုပ်နေရတဲ့ တယောက်ကို အတည်ယူအောင် ရှင်ဘယ်လိုလုပ်မှာလဲ”

“ဒါတွေထည့်မပြောပါနဲ့ … ရှင်ပြောတဲ့အဲဒီဆရာဝန်မကြီးမှာ ဒီလိုနုဖတ်နေတဲ့အသားအရေတွေ ရှိသလား… ဒီလိုတောင့်တင်းနေတဲ့ bodyရှိသလား… ဒီလိုချိုမြနေတဲ့အသံရှိသလား… လွယ်လွယ်လေး… ဦးမသိအောင် ကလေးတိတ်တိတ်လေးယူလိုက်မှာပေါ့… ပြီးတော့ ကလေးထိုးပြ ငိုလိုက်… တချက်ပါပဲဟာ… သူ့ သွေးကို သူပြစ်နိုင်မလား…”

“ဘုရား… ဘုရား… ရှင်ကလေးတယောက်ယူဖို့ စဉ်းစားတာ တမျိုးကြီးပါလား… တို့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းတော်တော်များများ စပွန်ဆာဖြစ်နေကြတော့ တို့ လေ အိမ်ထောင်ပြုဖို့ တောင် ကြောက်တယ်သိလား… ကိုက မချမ်းသာပါဘူး… ဒါပေမယ့် နာဖျားသည်ဖြစ်စေ… ကျန်းမာသည်ဖြစ်စေ တို့ နဲ့ အတူမရှိမှာစိုးတယ်… အမှန်ပြောရင် ငါက ကိုယ်ချစ်တဲ့သူနဲ့ ပဲ လက်ထပ်ချင်တာ… သစ္စာတရားဆိုတာ ဒီလောကကြီးမှာ တကယ်ရှိရင်ပေါ့… ”

“စိတ်ကူးတွေ မယဉ်စမ်းပါနဲ့ ဟာ… ရှင့်ကိုက ရှင့်ကို chanel အိတ်ဝယ်ပေးနိုင်ဖို့ နေနေသာသာ တယောက်လက် တယောက်တွဲပြီး ကားကျပ်ကျပ်အတူတိုးစီးရမယ့်ဘ၀… ဦးသူငယ်ချင်းအန်ကယ်ကျော်က ရှင့်ကို စည်းစိမ်ပုံပေးမယ်ပြောထားတာ… ဘာလို့ မိုက်မဲနေတာလဲ… တော်ကြာတခြားစပွန်ဆာနောက်ပါသွားမယ်”

“စဉ်းစားနေုတုန်းပဲ… ကို့ ကို သနားတယ်.. ချန်မထားရက်ဘူး”

“အေးစဉ်းစား…စဉ်းစား… နောက်မှ နောင်တမရနဲ့ … ဟယ်… message ရတယ်.. ဦးလာခေါ်မယ်တဲ့… တို့ သွားလိုက်တော့မယ်နော်… ရှင်တယောက်ထဲဖြစ်တယ်ဟုတ်”

“ရပါတယ်… သွားပါ… bye.. good night”

မင်္ဂလာပွဲက တည်ခင်းဧည့်ခံနေတဲ့ အစားအသောက်တွေက အရသာရှိမှာ သေချာပေမယ့် နဘေးက ကလေးမနှစ်ယောက်စကားတွေ နားထောင်ရင်း စားချင်သောက်ချင်စိတ်တွေ ပျောက်တဲ့အထိပါပဲ…။ ခေတ်ကြီးက အဲဒီလောက်ဆိုးဝါးနေပြီလား…။ ရင်ထဲမှာ တော်တော်လေးမကောင်း…။ ဒီလောကကြီးမှာ သစ္စာတရားဆိုတာ တကယ်ရှိမရှိမသေချာတဲ့ ကောင်မလေးပဲ ကျန်တော့တာမို့  ပြုံးပြလိုက်မိတယ်…။ တကယ်လို့ များ ဒီကောင်မလေးကို စကားပြောခွင့်ရခဲ့ရင် ရင်ထဲမှာ အတော်သက်တောင့်သက်သာ ဖြစ်သွားနိုင်တယ်…။

“သမီးလေးက ဘယ်ပြန်ရမှာလဲ… မမနဲ့ လိုက်ခဲ့လေ…”

“ရှင်… ရပါတယ် မမရယ်… အားနာစရာ”

“အားမနာပါနဲ့ … မမလဲ တယောက်ထဲလာတာပဲ… သမီးစိတ်ဝင်စားတယ်ဆိုရင် ခုနသမီးသိချင်တယ်ဆိုတဲ့ သစ္စာတရားနဲ့ ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်လေး ၂ ခုပြောပြမယ်… ကဲလာ.. သတို့ သမီးနဲ့ သတို့ သားကို သွားနှုတ်ဆက်ရအောင်”

ကောင်မလေးက ကိုယ့်စကားနားထောင်ပြီး အံ့သြသွားတယ်…။ ပြီးတော့ သူ့ မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ …။ အဲဒီမျှော်လင့်ချက်မျက်ဝန်းတွေကို ယုံကြည်မှုမျက်ဝန်းတွေ အဖြစ် ကိုယ်ပြောင်းနိုင်ခဲ့ရင်ဖြင့် ဒီနေ့ ညက ကိုယ့်အတွက် အောင်မြင်တဲ့ည မင်္ဂလာရှိတဲ့ညပါပဲ…။

*****************************************************

နာဖျားသည်ဖြစ်စေ… ကျန်းမာသည်ဖြစ်စေ… အေးအတူပူအမျှ အိမ်ထောင်ဖက်အနားမှာ အတူရှိတတ်တဲ့ သစ္စာရှိတဲ့ယောင်္ကျားကောင်းတွေ လောကမှာ အများကြီးပါသမီးရယ်…။ ပုံပြင်မဟုတ်တဲ့ သစ္စာရှိလွန်းတဲ့ မမသူငယ်ချင်း ၂ယောက်အကြောင်းပြောပြမယ်နားထောင်နော်…။

သူ့ နာမည်က Kelvin တဲ့…။ သူက စင်္ကာပူတရုတ်လူမျိုးတယောက်ပါ…။ သူသိပ်ချစ်တဲ့ နောင်သူ့ ဘ၀လက်တွဲဖော်ဖြစ်လာမယ့် ကောင်မလေးက သူနဲ့ တရုံးထဲလုပ်ဖော်ကိုင်ဖက်ပေါ့…။ သူတို့ အချစ်ဇာတ်လမ်းလေးက ရိုးရှင်းတယ်…။ အကွေ့ အကောက်မများဘူး…။ အနေအထိုင်အေးတဲ့ စိတ်တူကိုယ်တူ နှစ်ယောက် လက်ထပ်ဖြစ်ကြတယ်…။ သားလေးတယောက်၊ သမီးလေးတယောက်နဲ့ ချစ်စရာအိမ်ထောင်လေးတခု ဖြစ်လာတယ်…။ သူတို့ အိမ်ထောင်လေးက ပြီးပြည့်စုံပြီးသာယာနေခဲ့တယ်…။

မောင်တထမ်း မယ်တရွက် အတူ ရုန်းကန်းရင်း သားလေးသမီးလေးတွေကိုလဲ ပဲ့ပြင်ထိန်းကျောင်းရင်းပေါ့။ ဗြုန်းဆို မမျှော်လင့်ပဲ ကံကြမ္မာဆိုးက သူတို့ ရဲ့ ငြိမ်းချမ်းတဲ့မိသားစုလေးထဲကို ရောက်လာခဲ့တယ်…။ သူ့ အမျိုးသမီးလေး လေဖြတ်ပြီး အောက်ပိုင်းသေသွားခဲ့တယ်…။ ပထမဖြစ်ဖြစ်ချင်းမှာ ကိုမာဝင်ပြီး သတိတရားတွေပါ ချို့ ယွင်းခဲ့တယ်…။ နာမကျန်းတဲ့ ဒီလက်တွဲဖော်ကို Kelvin က ချန်ထားရစ်ပြီး ကျန်းမာတဲ့ ကောင်မလေးဆီသွားတယ်လို့ သမီးထင်သလားဟင်…။ Kelvinက နာမကျန်းတဲ့ သူ့ မိန်းမကို စိတ်ရှည်လက်ရှည် စနစ်တကျ ပြုစုလာတာ ခုဆိုသူ့ မိန်းမက အတော်တိုးတက်လာပြီ…။ သားသမီးလေးတွေအတွက် မိန်းမကိုယ်စား အဖေတခါ အမေတလှည့်စောင့်ရှောက် စီးပွားရှာ… သူကိုယ်တိုင်ချက်ပြုတ်ကျွေးတဲ့ ဖခင်ကောင်း တယောက်ပါ…။ နာမကျန်းဖြစ်နေတဲ့ သူ့ မိန်းမစိုးရိမ်စိတ်ပူမှာစိုးလို့  မိန်းခလေးသူငယ်ချင်းတောင် သိပ်မထားပဲ သူ့ အချိန်တွေကို သူ့ မိန်းမနဲ့ သူ့ ကလေးတွေအတွက်ပုံအပ်ပေးထားတဲ့ သစ္စာတရားနဲ့ ပြည့်စုံသူပါ…။ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ဖခင်ကောင်းတယောက် အိမ်ထောင်ဦးစီးတယောက်ရဲ့ ထိန်းသိမ်းမှုအောက်မှာ မိသားစုလေးဟာ အရင်ကလို သာသာယာယာ ပြန်ဖြစ်လာခဲ့တယ်…။ သမီးရေ… အဲဒါဟာ ပုံပြင်မဟုတ်တဲ့ မမလုပ်ဖော်ကိုင်ဖက်ရဲ့ တကယ့်အဖြစ်အပျက်လေးပါ…။

နောက်တယောက်ကတော့ မမတို့ အာအိုင်တီက မမထက် နှစ်တန်းငယ်တဲ့ ကျော်ဇေယျဆိုတဲ့ မောင်လေးတယောက်ပါ…။ သူ့ ထက်ငယ်တဲ့ ညီမလေးလိုတမျိုး ချစ်သူလိုတသွယ် ချစ်ရတဲ့ ကောင်မလေးကို ဒီမှာတက္ကသိုလ်တက်ရင်း ဆုံခဲ့ကြတာပေါ့…။ သူ့ ထက်ငယ်ပေမယ့်လဲ တည်ငြိမ်အေးဆေးတဲ့ သူ့ ချစ်သူလေးကို သူအမြတ်တနိုးလက်ထပ်ခဲ့ပါတယ်…။ တယောက်နဲ့ တယောက် နားလည်မှုအပြည့်အ၀ရှိတဲ့ ချစ်စရာ စုံတွဲလေးအဖြစ် သူငယ်ချင်းတွေ ကြားမှာ နာမည်ကြီးတဲ့ စုံတွဲလေးပါ…။ အလုပ်အကိုင်လဲတော်… အိမ်ထောင်မှုအထိန်းအသိမ်းလဲကျွမ်းကျင်တဲ့ ဇနီးချောလေးကို ကျော်ဇေယျက တမြတ်တနိုးတန်ဖိုးထားချစ်ပါတယ်…။ သူတို့ မိသားစုလေး ပိုပြည့်စုံအောင် ကလေးလေးယူဖို့  ဆုံးဖြတ်ပြီး သားလေးကို ကိုယ်ဝန်လွယ်ထားစဉ်က သူတို့ မိသားစုရဲ့ အနာဂတ်ပန်းချီလေးကို မှန်းဆပုံဖော် ဆေးရောင်တွေ အတူခြယ်လို့ ပေါ့…။ သားလေးအတွက် အလှဆုံးနာမည်လေးကို အတူရွေးကြ… သားလေးအတွက် အကျီင်္သေးသေးလေးတွေ အတူဝယ်ကြ… မိသားစုလေးထဲကို ရောက်လာမယ့် သားလေးအတွက် ကြိုတင်ပြင်ဆင်ရင်း ဘ၀အမောတွေတောင်မေ့လို့ …။

အဲဒီလောက် ပျော်ရွှင်စိတ်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးကိုလဲ ကြမ္မာအညှိးကြီးပုံများ… ကြားရသူတိုင်းကြေကွဲစရာပေါ့ သမီးရယ်…။ သားလေးမွေးပြီးပြီးချင်းပဲ ဇနီးလေးမှာ သွေးတွေသွန်ရင်း ဘာမှ သတိမရပဲ ကိုမာရသွားခဲ့ပါတယ်…။ ကျော်ဇေယျမှာ ဇနီးသည်လေးကိုပြုစုရတာက တဘက် သားငယ်ငယ်လေးကို မိခင်နေရာက အစားထိုး စောင့်ရှောက်ရတာတဘက်နဲ့  အပူများဗျာများရတဲ့ အချိန်ပေါ့…။ နောက်ပိုင်းမှာ ကိုမာက သက်သာခဲ့ပေမယ့်လဲ ပုံမှန်လို လှုပ်ရှားသွားလာလို့ မရတော့ပါဘူး…။ စိတ်တွေလေလွင့်ပြီး ရုပ်ရှင်ထဲကလို အရက်သောက် အပေါင်းအသင်းတွေနဲ့  အချိန်ဖြုန်းနေမယ်လို့  သမီးထင်လားဟင်…။ ဇနီးသည်လေးကျန်းမာဖို့ အတွက် အဘက်ဘက်က ကြိုးစား ပြုစုတတ်လွန်းတဲ့ သစ္စာတရားကြီးမားသူတယောက်ပါ…။ နာတာရှည်ရောဂါမို့  အသေအချာနှစ်ရှည်လများ စိတ်ရှည်လက်ရှည်ကုပေး စိတ်ဓါတ်အင်အားဖြည့်ဆည်းပေးတတ်သူမို့  လေးစားစရာပါ…။ တချိန်ထဲမှာပဲ သားလေးကို မကျန်းမာတဲ့မိခင်ရဲ့ ကွက်လပ်တွေဖြည့်ပေးရင်း မိခင်ဖခင်၂ယောက်စာ ပြုစုထိန်းကျောင်းလာခဲ့တာ ခုဆိုသားလေးတောင် မူကြိုတက်နေပေါ့…။

မကျန်းမာတဲ့ ဇနီးသည်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပြီး စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာ wheel chairလေးပေါ်တင် စိတ်အပန်းပြေမယ့်နေရာလေးတွေ လိုက်ပို့ ရင်း မိသားစု ဘ၀လေးကို ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဖန်တီးပေးတာများ ကျန်းကျန်းမာမာမိန်းမတွေဘေးထား ဖောက်ပြန်တတ်တဲ့ ယောင်္ကျားတွေကို နားရွက်ဆွဲပြီး ပြချင်တဲ့အထိပါပဲ…။ သားလေးကိုလဲ ဘာသာတရားဘက်ပါ မလစ်ဟင်းရအောင် ဆုံးမသွန်သင်… ဘုန်းကြီးကျောင်း Sunday School ပို့ အပင်ပန်းခံ ပဲ့ပြင်ခဲ့တာကြောင့် သားလေးက ညအိပ်ရာဝင်ရင် မကျန်းမာတဲ့မေမေ့ကိုပါ ကန်တော့အိပ်တတ်တဲ့အထိ အရွယ်နဲ့ မလိုက်အောင် လိမ္မာလွန်းတဲ့ကလေးပါ…။ အဲဒီလောက်သဘောထားပြည့်ဝ ကြင်နာစောင့်ရှောက်တတ်တဲ့ ခင်ပွန်းသည်ရဲ့ မေတ္တာတရားအောက်မှာ ဇနီးလေးက မကျန်းမာပေမယ့်လဲ အမြဲပျော်ရွှင်လန်းဆန်းနေတာတွေ့ ရတယ်…။ လူတိုင်းလက်ဖျားခါအောင် ဂရုစိုက်သိတတ်လွန်းတဲ့ သစ္စာရှိလွန်းတဲ့ ကျော်ဇေယျရဲ့ သူ့ ဇနီးပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့ ဇနီးသည်လေး အမြန်ကျန်းမာပါစေလို့  အပေါင်းအသင်းတွေ သူငယ်ချင်းတွေအားလုံးက ၀ိုင်းမေတ္တာပို့ ပေးကြတယ်သမီးရဲ့…။

ကဲ… ဒီသစ္စာရှိလွန်းတဲ့ Kelvin နဲ့ ကျော်ဇေယျတို့ ဇာတ်လမ်းနားထောင်ရင်း သမီးချစ်သူကို လက်ထပ်ရဲတဲ့ သတ္တိတွေရှိလာပါစေလို့  မမဆုတောင်းပေးပါတယ်…။ ကိုယ်ကျင့်တရားပျက်ယွင်းလာတဲ့ ပတ်ဝန်းကျင်မှာ သူများတရားပျက်တိုင်း ကိုယ်မပျက်စေနဲ့ သမီးရေ…။ အပင်ပန်းခံမရုန်းကန်ချင်လို့  ဆင်းရဲဘေးက လွတ်အောင် ဖြတ်လမ်းလိုက်မယ်ဆိုတဲ့ အယူမှားတွေရဲ့ အလွှမ်းမိုးမခံပါနဲ့ သမီးရယ်…။ တကယ်တော့ သူများမျက်ရည်ပေါက် ကြီးငယ်ကျမှ ကိုယ်ချမ်းသာရတဲ့အပြင် ဘာသာတရားအရလဲ ငါးပါးသီလမလုံတဲ့အလုပ်မို့  ငရဲကျမှာ အမှန်ပါ…။

*****************************************************

“ကျေးဇူးတင်လိုက်တာ မမရယ်… ခုမှ သမီးရင်ထဲက အလုံးကြီးကျသွားတော့တယ်… သမီးလေ ကို့ ကိုပဲ လက်ထပ်မှာပါ… ပတ်ဝန်းကျင်မှာ တနေ့ တနေ့ စပွန်ဆာဆိုတာတွေပဲ ကြားကြားနေရတော့ သမီးစိတ်ညစ်တယ်… လူငယ်ပီပီ သူများလှတာပတာတွေ့ ရင်လဲ ၀တ်ချင်ပြန်ရော… ဒါပေမယ့် သမီးကိုယ်ကျင့်သိက္ခာကို ငွေနဲ့ မရောင်းစားပါဘူး မမရယ်… ကို ကလဲ အဲဒါကို တန်ဖိုးထားပါတယ်… နောက်ပြီး ယောင်္ကျားတယောက်ကို သူများလက်ထဲက လုယူဖို့  အပြစ်မဲ့တဲ့ ကလေးတယောက်ကို မိုက်မိုက်မဲမဲ ဒီလောကထဲခေါ်လာမယ်ဆိုတဲ့ အတွေးမျိုး သမီးဘယ်တော့မှ မတွေးရဲပါဘူး… ခုလို သမီးရဲ့ မှုန်ဝါးနေတဲ့ အမြင်တွေကို ကြည်လင်အောင် လုပ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်”

“ရပါတယ် သမီးရယ်… ဒီမှာ မမဖုန်းနံပါတ်… သမီးတိုင်ပင်စရာရှိရင် အချိန်မရွေးခေါ်လိုက်နော်”

“ဟုတ်ကဲ့မမ… ဘိုင်…ကောင်းသောညပါ”

တကယ့်ကောင်းသောညပါ သမီးရယ်…။ အခွင့်အရေးများရခဲ့ရင် သမီးလို ကောင်မလေးတွေနဲ့ မမစကားတွေ အများကြီးပြောချင်ပါသေးတယ်…။ ဒီညဟာ တခြားညတွေထက် ကြယ်တွေစုံလို့ … ပြီးတော့ လမင်းကြီးလဲသာလို့ … အောင်မြင်တဲ့ညတညပါပဲ…။

တန်ခူး

5-Aug-2014 5:50pm

(ဒီပို့ စ်မှ အကြောင်းအရာများကို သုံးခွင့်ပေးသော မောင်လေးကျော်ဇေယျကို ကျေးဇူးအထူးတင်ပါတယ်..)

Monday, July 21, 2014

ကိုယ့်အတွက်အလှ သူတို့ အတွက်ဘဝ



“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ် ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )

တချို့ မိန်းခလေးတွေဟာ အလှအပကို သာမာန်လောက် စိတ်ဝင်စားတတ်ပြီး တချို့ ကတော့ သာမာန်ထက်ပို စိတ်ဝင်စားတတ်ကြပါတယ်…။ အဲဒီထဲမှာ ကျွန်မက အလှအပကို သာမာန်ထက်ပို စိတ်ဝင်စားတတ်တဲ့အထဲမှာ ပါပါတယ်…။ ဘယ်လောက်စိတ်ဝင်စားသလဲဆို ကျွန်မကိုယ်ကျွန်မ တောင်မကတော့ပဲ ကျွန်မသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေထိ ဘယ်လိုလှအောင်နေ ဘယ်လိုလှအောင်ဝတ်ဆို ၀ါသနာအရတိုက်တွန်းရွေးခြယ်ပေးတတ်သူပါ…။ ငယ်ငယ်က စုံလင်များပြားတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီဇိုင်နာဆိုတာတောင်ပါလိုက်သေးတာပါ…။ အဲဒီလို အလှအပစိတ်ဝင်စားတဲ့ ကျွန်မ ဒီနိုင်ငံရောက်လာတော့ shopping တွေ sales တွေကြားမှာ ဟိုနားစွင့်ဒီနားစွင့်နဲ့  မအားရအောင်ပါပဲ…။ ဘယ်လောက်ထိ ရူးသွပ်ခဲ့သလဲဆို ၃နာရီလောက် အချိန်ကုန်ခံတန်းစီရတဲ့ sales ကို ကျွန်မက မပျင်းမရိ ဇွဲဇွဲကောင်းကောင်းနဲ့ တန်းစီခဲ့တဲ့အထိပါပဲ…။ online shopping တွေ ခေတ်စားလာတော့လဲ လိုလိုမလိုလို တန်တာလေးတွေ့ လှမ်းမှာမိတာပါပဲ…။ အထူးသဖြင့် branded ပိုက်ဆံအိတ်ရောဂါက ပတ်ဝန်းကျင်ကတဆင့် ကျွန်မဆီကူးဆက်ခဲ့တာ အဆိုးဆုံးပါပဲ…။ မတရား ဈေးကြီတဲ့အိတ်လောက်အထိမလှမ်းပေမယ့် အရင်က အဲဒီလောက်တန်ဖိုးဆို လက်နှေးခဲ့တဲ့ ကျွန်မက နှစ်ခါပြန်မတွေး လက်မနှေးတော့တာပါပဲ…။

အဲဒီလို sales ပင်လယ်ထဲမှာ လက်ပစ်ကူးနေခဲ့တဲ့ ကျွန်မကို လှုပ်နှိုးခဲ့တာတော့ ကျွန်မအရမ်းလေးစား အားကျမိတဲ့ အမကြီးတယောက်ပါပဲ…။ သူ့ နာမည်က ဒေါ်မေအေးဦးလို့ ခေါ်ပြီး ပစ္စည်းဥစ္စာမချမ်းသာပေမယ့် စေတနာတွေ အရမ်းချမ်းသာတဲ့၊ သူ့ ကိုယ်ပိုင်အချိန်တွေ ငွေတွေ လုပ်အားတွေကို ပရဟိတလုပ်ငန်းတွေ အတွက် ရက်ရက်ရောရော ပျော်ပျော်ကြီး ပေးဆပ်နေတဲ့ အမတယောက်ပါ…။ တကယ် ဒုက္ခရောက်နေသူတွေ ဆီကို လူကိုယ်တိုင်သွားပြီး ဖေးမကူညီဖြည့်ဆည်းပေးတဲ့ ဂရုဏာလက်အစုံ ပိုင်ရှင်ပါ…။ ကျွန်မက အမရဲ့ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် အဝေးက လှူဒါန်းနေတဲ့ အလှူရှင်ထဲက တယောက်ပါ…။ အမရေးတဲ့စာလေးတွေထဲက ကျွန်မကို လွှမ်းမိုးပြုပြင်နိုင်တဲ့ စာလေးကို ကျွန်မမနှစ်က ဖတ်မိခဲ့တာပါ…။

“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ် ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )

အထက်ပါ တန်ဖိုးရှိလွန်းတဲ့ ဆရာတော်ကြီးရဲ့ တရားလေးကို အမစာထဲကတဆင့် ကျွန်မသိခဲ့ရတာပါ…။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းက ငါရှာတဲ့ငွေ ငါဒီလောက်တော့ သုံးမှာပေါ့ဆို ကျွန်မရဲ့ သတ်မှတ်ထားတဲ့ limit ထက်ကျော်တဲ့ ပိုက်င်္ဆအိတ်တလုံး ပူပူနွေးနွေး ၀ယ်ပြီးကာစပေါ့…။ အမရေးတဲ့ အဲဒီစာထဲက သူနှစ်သက်တဲ့ မြန်မာချိတ်ထမီတထည်ကို စွန့် လွှတ်ပြီး တကယ်လိုအပ်နေတဲ့ ကလေးတွေ ပညာရေးအတွက် သုံးလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ ပီတိက စာထဲက တဆင့် ကျွန်မဆီ ကူးစက်လာခဲ့ပါတယ်…။ ပြီးတော့ လောလောလတ်လတ် ၀ယ်ထားတဲ့ အိတ်တလုံးတန်ဖိုးက ကုလို့ ရရက်နဲ့  ဆင်းရဲလို့  လက်လျော့ပြီး သေဖို့  အသင့်ထိုင်စောင့်နေတဲ့ လူနာတယောက်ကို အသက်ကယ်လိုက်နိုင်သလို၊ ချို့ တဲ့လို့  အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတယောက်ရဲ့ အနာဂတ်တခုဖြစ်နိုင်တယ်လို့  သဘောပေါက်လာမိပြီး တယောက်ထဲ ကြိတ်ရှက်မိတဲ့ နေ့ ပါပဲ…။ အမ ကလေးတွေဆီက အပြန် အမကို အရမ်းကျေးဇူးတင်တဲ့ ကလေးလေးတွေက Coffee Mix အထုတ်အခွံလေးတွေနဲ့  လုပ်ထားတဲ့ ယပ်တောင်လေးတခု လက်ဆောင်ပေးကြတာ ဖတ်ရတော့ ကျွန်မမျက်ရည်ဝိုင်းတဲ့ အထိ ကြည်နူးမိပါတယ်…။ အဲဒီကစလို့  တန်ဖိုးကြီးပစ္စည်းတခု ၀ယ်မယ်ကြံတိုင်း ကိုယ့်တိုင်းပြည်က လိုအပ်နေတဲ့သူတွေကို မျက်စိထဲပြေးပြေးမြင်ပြီး ချီတုန်ချတုန်ဖြစ်လို့  လက်ထဲက ပြန်ပြန်ချမိခဲ့ပါတယ်…။ တခါတရံ စိတ်မထိန်းနိုင်ပဲ ၀ယ်မိခဲ့တာ တချို့ လဲရှိတာပေါ့လေ…။

ဒေါ်မေအေးဦး ဦးဆောင်တဲ့2000 group အဖွဲ့ လေးကို ကျွန်မသဘောကျမိတာက စိတ်တူကိုယ်တူနဲ့  ဒုက္ခရောက်နေသူတို့ ဆီ ကိုယ်တိုင်အမြန်ဆုံး လှူဒါန်းပေးနိုင်အောင် အပင်ပန်းခံဆောင်ရွက်ကြခြင်းပါပဲ…။ အမရေ ရေတွင်းလေးလှူချင်ပါတယ်ဆို တကယ့်ရေဘေးဒုက္ခရောက်နေသူတွေ လက်ထဲ ရေတွင်းတတွင်း အမြန်ဆုံးရောက်အောင် ဆောင်ရွက်ပေးနိုင်သူပါ…။ အမက ပညာရေးအလှူရှင်လိုတယ်လို့  ပြောလို့  ကိုယ်လှူလိုက်ရင် အဲဒီကလေးနဲ့ ပတ်သက်တဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကအစ ကိုယ်ဘာမှ မမေးရခင် အမက အလှူရှင်တွေဆီ သတင်းပုံမှန်ပို့ နိုင်အောင် အရမ်းအလုပ်လုပ်သူပါ…။ အမရဲ့ ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ အကြောင်းကြားရမြင်ရတော့ ဝေးလံခေါင်ဖျား နွမ်းပါးတဲ့ အရပ်ဒေသက ကလေးတွေလိုပဲ… ဒီနိုင်ငံက ပြည့်စုံတဲ့ကလေးတွေမှာလဲ ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  တချို့ အလှမ်းကွာဝေးနေတာ… တချို့ ဆို မြန်မာဘာသာစကားနဲ့ တောင် အလှမ်းကွာဝေးနေတာမို့  ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု… အားလုံးသာ သင်ပြခွင့်ရရင် သိပ်ကို အကျိုးရှိမှာပဲလို့  တွေးမိပါတယ်…။ နောက်တခုက ဒေါ်မေအေးဦးရဲ့ 2000 အဖွဲ့ ရဲ့ ပရဟိတလုပ်ငန်းတွေသာ ဒီနိုင်ငံကသူတွေ ထဲထဲဝင်ဝင် သိခွင့်ရရင် အလှူတွေပိုခရီးပေါက်လို့  ဒုက္ခရောက်နေတဲ့သူတွေကို ပိုလို့ ကယ်တင်နိုင်မယ်လို့  တွေးမိခဲ့ပါတယ်…။

အိတ်ဝါသနာပါတဲ့ ကျွန်မ တနှစ်ကို အနည်းဆုံးတလုံးလောက် အိတ်လှလှလေးတွေ စုမယ်လို့  ဟိုးအရင်က ကြံစည်ထားတဲ့ အကြံအစည်ကို ဖျက်လိုက်ပါတယ်…။ ဒေါ်မေအေးဦးနဲ့ အဖွဲ့ ကို ဒီနိုင်ငံဖိတ်ကြားပြီး ကလေးတွေ ယဉ်ကျေးလိမ္မာသင်တန်းလေး လုပ်ဖြစ်အောင် ကျွန်မနဲ့  ညီမအရင်းလို ချစ်တဲ့ စိတ်တူကိုယ်တူ ညီမလေးတွေနဲ့  ကျွန်မတို့ တိုင်ပင်နှီးနှော မ တည် အတူလုပ်ခဲ့ကြတယ်…။ ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေးဟာ ထင်တာထက် ပိုအောင်မြင်တော့ ကျွန်မတို့  အားလုံး ကြည်နူးပီတိ ဖြစ်ခဲ့ကြတယ်…။ ကလေးလေးတွေရဲ့ နုနယ်တဲ့နှလုံးသားထဲမှာ ဘာသာတရားနဲ့  ယဉ်ကျေးမှုလေး နဲနဲအမြစ်တွယ်သွားရင် တော်ပြီလို့  ကျွန်မတို့ မျှော်လင့်လုပ်ခဲ့ကြတာ…။ တချို့ မိဘတွေဆီက ကလေးတွေရဲ့ တိုးတက်မှုကို ပြန်ကြားရတော့ ကျွန်မတို့ အားလုံး ရှေ့ ဆက်ဖို့  အင်အားတွေ ပိုပြည့်ခဲ့ကြတယ်…။ သိသာထင်ရှားလွန်းတဲ့ တိုးတက်မှုကတော့ 2000 Group ရဲ့ ပရဟိတ လုပ်ငန်းတွေမှာ စင်္ကာပူက အလှူရှင်တွေ ပိုတိုးပြီး အလှူတွေ ပိုအထမြောက်လာတာပါပဲ…။ အဲဒီက ရတဲ့ပီတိက ကျွန်မပိုက်ဆံအိတ်အသစ်တလုံး ၀ယ်လို့ ရတဲ့ပျော်ရွှင်မှုနဲ့  နှိုင်းယှဉ်လို့ မရအောင် ကွာခြားလှပါတယ်…။

“Give the world the best you have” တဲ့…။ ကျွန်မအရမ်းလေးစားရတဲ့ ဒေါ်မေအေးဦးရဲ့ gTalk မှာ အမြဲတွေ့ ရတဲ့ statusလေးပါ…။ ဒီလောကမှာ ဆင်းရဲဘေးဒုက္ခတွင်းထဲက လွတ်မြောက်ဖို့  ကူကယ်ရာမရှိဘူးလို့  မျှော်လင့်ချက်မဲ့နေတဲ့ဘ၀တွေအားလုံးကို မကယ်နိုင်ပေမယ့် ဘ၀တခုကို ကယ်ဖို့  ကျွန်မတို့ မှာ အင်အားတွေ ရှိတယ်ဆိုတာ မမေ့မလျော့ရင် ဆင်းရဲဒုက္ခရောက်သူဦးရေ နဲသထက်နဲလာမှာ အမှန်ပါပဲ…။ အလားတူပဲ နိုင်ငံရပ်ခြားရောက်မှတော့ ဘာသာတရား ယဉ်ကျေးမှုတွေနဲ့ လဲ ဝေးပြီလို့  စိတ်လျော့အားငယ်နေမယ့် မိဘတွေအတွက် မြန်မာနိုင်ငံမှာလို သင်တန်းမျိုးလေးဖွင့်နိုင်ရင် ကိုယ့်သားသမီးလေးတွေ ကိုယ်ပြန်သင်ကြားပြီး ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  အမြဲထိတွေ့ နေနိုင်မှာ အမှန်ပါပဲ…။ ဒီလို စိတ်ဓါတ်အင်အားတွေနဲ့  ကျွန်မတို့  ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေး ဖွင့်ခဲ့ကြပြန်တယ်…။ လူတွေအများကြီးအကူအညီနဲ့  စုပေါင်းလုပ်ရတဲ့ ဒီသင်တန်းလေးဟာ နှလုံးသားဖြူစင်သူလေးတွေ အချိန်အလှူပေးဖို့ ရက်ရောသူလေးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်ရှိသလဲဆိုတာ မီးမှောင်းထိုးပြလိုက်သလိုပါပဲ…။ စုပေါင်းအလှူကြီးတခုကို ကျွန်မတို့ အတူလုပ်ခဲ့ကြတယ်…။ အားလပ်ရက်ရှားပါးတဲ့ စင်္ကာပူလို နေရာမျိုးမှာ အားလပ်ရက်ကို မနားပဲ ပြုံးပြုံးရွှင်ရွှင်စိတ်အား ထက်သန်စွာ ပေးဆပ်ခဲ့ကြတယ်…။ ဒေါ်မေအေးဦးဦးဆောင်တဲ့ ဆရာ၊ ဆရာမအဖွဲ့ ကလဲ ကလေးတွေကို ပညာသာမက မေတ္တာတွေ တပုံကြီး အလှူပေးခဲ့ကြလို့  မပျော်တဲ့ကလေးဆိုတာ အတော်ရှားပါတယ်…။ ကလေးငယ်ငယ်လေးတွေ ကံ၊ ကံ၏အကျိုးကို ယုံကြည်လာကြတယ်…။ ငရဲကျနိုင်တဲ့ အကုသိုလ်အလုပ်ကို ကြောက်လာကြတယ်…။ ကျွန်မတို့ အဲဒီလိုသာ မှန်မှန်ရင်းနှီးမြှပ်နှံကြမယ်ဆိုရင် ဘာသာတရားဆုံးမမှုအောက်က ဒီကလေးတွေရဲ့ အနာဂတ် လှပလာမှာ အမှန်ပါပဲ…။ ကိုယ်ချင်းစာတရား၊ ဂရုဏာတရား၊ မေတ္တာတရားတွေနဲ့  ပြည့်စုံတဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ များလာလေ ငြိမ်းချမ်းမှုတွေ များလာလေ မဟုတ်လား…။

ကုသိုလ်ပေါ် ကုသိုလ်ဆင့် မိဘများရဲ့ စေတနာတရားထက်သန်စွာ လှူဒါန်းမှုကြောင့် ပထမအကြိမ်သင်တန်းက ပိုငွေတွေ အကုန်ကို ဆရာမဒေါ်မေအေးဦးရဲ့ ပရဟိတလုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ရိုးမရွာတွေက ဆင်းရဲနွမ်းပါးပြီး စာလဲ အသင့်အတင့်တော်တဲ့ ကျောင်းနေချင်တဲ့ ကလေးတွေကို ပြည်မှာ ကျောင်းအိပ်ကျောင်းစားထားပြီး အစိုးရကျောင်းကို ပို့ ပြီး ကလေးတွေရဲ့ စား၊၀တ်၊နေ၊ ပညာရေး၊ ကျန်းမာရေးအားလုံး တာဝန်ယူရတဲ့ ကျောက်ကွင်း၊ ပရဟိတကျောင်း(၀ိနယ လင်္ကာရ) ဂန္ဓမာစက်မှုရပ်ကွက်၊ ပြည်မြို့ မှာရှိတဲ့ ကလေးတွေနေဖို့ အဆောင်အတွက် ခေါင်မိုးအလှူကို လှူဖြစ်ခဲ့ပါတယ်… ဒုတိယအကြိမ် ပိုငွေတွေအားလုံးကို အဲဒီကျောင်းအတွက် မျက်နှာကျက်နဲ့  ရေတွင်းတတွင်းလှူဖြစ်ခဲ့ပါတယ်…။ ဘယ်လောက်များကြည်နူးစရာကောင်းလိုက်ပါလဲနော်…။

ဒီကနေ့  ကျွန်မတို့ နိုင်ငံ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် တချို့ မိန်းမပျိုလေးတွေ ငရဲကို မေ့လျော့နေကြပြီ…။ သူများ မိသားစုဖြိုခွဲဖို့  ၀န်မလေးကြတော့ဘူး…။ အိမ်ထောင်ရှင်တွေကလဲ ကြွယ်ဝချမ်းသာမှုနဲ့  ဂုဏ်သိက္ခာကို မှားယွင်းလို့  တလွဲဆံပင်ကောင်းလာကြလိုက်တာများ…။ ဘီယာဆိုင် အရက်ဆိုင် စပွန်ဆာ နိုက်ကလပ် ယဉ်ကျေးမှုနဲ့  ငါးပါးသီလဆိုတာ ဘာကြီးလဲလို့  မေးရမလို ဘာသာတရားနဲ့  ကင်းဝေးသထက် ကင်းဝေးလို့  ငရဲပြည်ကြီးဆီ ပျော်ပျော်ကြီး သွားနေလိုက်ကြတာ…။ ဘယ်တတ်နိုင်မလဲလို့  ကျွန်မတို့  လက်မှိုင်ချမယ့်အစား နောက်မျိုးဆက်သစ်လေးတွေကို အခုကတည်းက စလို့  အပင်သန်အောင် မျိုးစေ့မှန်မှန်လေးတွေ ချပေးသင့်ပါတယ်…။ ကျွန်မတို့  မြန်မာနိုင်ငံမှာ နေတဲ့သူတွေက ပိုလို့ တောင် အလှမ်းနီးလို့  ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ နယ်တိုင်းမြို့ တိုင်းမှာ ဖွင့်လှစ်သင့်ပါတယ်…။ ကျွန်မတို့  တကိုယ်စာလှဖို့ ပဖို့  အတွက် အသုံးချနေတဲ့ ကုန်ကျစရိတ်တွေကို အကျိုးရှိတဲ့နေရာတွေမှာများ သုံးလိုက်ရင် အကျည်းတန်တဲ့ဘ၀ပေါင်းများစွာ လှပသွားမှာ အသေအချာပါ…။ ဒီလို ကောင်းတဲ့ အသုံးချမှုလေးကို ကိုယ်က စလို့  လက်တွေ့ ကျင့်သုံးရင်း ကိုယ့်ပတ်ဝန်းကျင်ကို ကျယ်ပြန့် … ကိုယ့်ပတ်ဝန်းကျင်တဆင့်  တခြားပတ်ဝန်းကျင်တွေ ပိုကျယ်ပြန့် လာပြီး… နောက်ဆုံး ဘ၀တွေ အားလုံးမလှလာနိုင်ဘူးလို့  ဘယ်သူပြောနိုင်မလဲနော်…။

ပေးဆပ်တတ်သူတယောက်ရဲ့ နှလုံးသားကို လှစ်ဟပြနေတဲ့ ကျွန်မရဲ့မောင်အရင်းလို ရင်းနှီးရတဲ့ ယဉ်ကျေးလိမ္မာသင်တန်းက ကလေးတို့ ဆရာ ဆရာသော်( ကိုသော်ဇင်မြင့်) ရဲ့ကဗျာလေးနဲ့  ဒီပို့ စ်လေးကို အဆုံးသတ်ပါရစေ…။

ပေးဆပ်ခြင်း



မြင့်မြတ်လို့ လား…

ကုသိုလ်ရလို့ လား…

ထင်ပေါ်အောင်လား…

ကြည်နူးချင်လို့ လား…

တစ်စုံတစ်ခု ပြန်ရအောင်လား…

………………………………….

ဒါတွေ တစ်ခုမှ မဟုတ်။



ငါ့အင် ငါ့အား

နှလုံးသားနဲ့ 

ပေးဆပ်ခဲ့သမျှ

သူတို့ ရလို့ 

သူ့ ဘ၀မှာ

သူ့ လိုရာသုံး

ဒီမှာဆုံးပြီ…

ငါကတဲ့ဇာတ်

တစ်ခန်းရပ်။ ။



သော်ဇင်မြင့်



ဘ၀တိုင်း ဘ၀တိုင်း လှပကြပါစေ...။

( ဒုတိယအကြိမ်မြောက် စင်္ကာပူနိုင်ငံ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် လိမ္မာစာကဗျာ ရက်တိုသင်တန်း အမှတ်တရ)

စာကြွင်း။ ။ ဒေါ်မေအေးဦး နဲ့  2000 group ရဲ့ ပရဟိတ လုပ်ငန်းတွေအကြောင်း စိတ်ဝင်စားလှူဒါန်းလို သူများရှိရင် (website - http://www.twothousandgroup.org/ ,email- 2000.donation.group@gmail.com , facebook – May Aye Oo – 2000 GROUP) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်…။ ကဗျာလေးသုံးခွင့်ပေးသော ကိုသော်ဇင်မြင့်ကို အရမ်းကျေးဇူးတင်ပါတယ်…။

တန်ခူး

21-Jul-2014 12:57pm

Friday, July 11, 2014

ကျွန်မနဲ့ မော်တော်ကား





ရောင်စုံကားလှလှ မော်ဒယ်လှလှတွေ များပြားလာတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကားတွေနဲ့  ပတ်သက်ရင် ကျွန်မသိပ်ရင်မခုန်တတ်တာ အတော်တော့ ထူးဆန်းတာ အမှန်ပါပဲ…။ လက်ရှိကျွန်မအလုပ်က ကားပြခန်းတွေ ကားအရောင်းခန်းမတွေနဲ့  နီးတဲ့နေရာမို့  ကားလှလှလေးများ… အထူးသဖြင့် ပြိုင်ကားလှလှလေးများတွေ့ ရင် ကောင်မလေးချောချောလေးတွေ့ လိုက်သလို ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက လေကလေးတောင်ချွန်မိတဲ့ အထိ သဘောကျကြတာ တွေ့ တော့ ငါ့မယ် ဘာကြောင့်များ ဒီလိုစိတ်မရှိရတာလဲလို့  တွေးမိတဲ့အထိပါပဲ…။

ကျွန်မအမျိုးသားနဲ့  အတူသွားနေတဲ့အချိန် သူက ကားလှလှကောင်းကောင်းလေးများ လှမ်းပြရင် ကျွန်မရဲ့ မထူးခြားတဲ့ရုပ်ကို ကြည့်ပြီး အဲဒီ sensor တခုပျက်နေတယ်လို့  ကျွန်မကို အမြဲ နောက်တတ်ပါတယ်…။ ကျွန်မကလဲ ကျွန်မပါပဲလေ…။ ကျွန်မအရင် အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်က ဘယ်လောက်များ ပိုက်ဆံချမ်းသာ သလဲဆို ကားအကောင်း နာမည်တခုသာ ပြောလိုက် သူ့ မှာ ရှိပြီးသားပါပဲ…။ ကားပေါင်းမြောက်မြားစွာ ပိုင်တဲ့ သူနဲ့  အရမ်းရင်းနှီးတာမို့  တခါတလေ အပြင်မှာ နေ့ လည်စာထွက်စားတဲ့အခါ သူ့ ကားနဲ့ ကားကြုံလိုက်စီးပါတယ်…။ Audi, BMW, Lexus ကားတွေသာ ပြောင်းသွားတယ် ကျွန်မအတွက်က ဘာမှ မထူးသလိုပါပဲ…။ ဟိုနေ့ ကကားနဲ့  ဒီနေ့ ကား စီးရတာ ဘာကွာသလဲမေးရင် ကျွန်မက တို့ အတွက်တော့ comfort taxi စီးရတာနဲ့  ဖီလင်ချင်းတူတူပါပဲ… မခွဲခြားတတ်ဘူးလို့  အမှန်အတိုင်းပြောတော့ သူ့ ခမျာ ငိုမလိုရယ်မလို မျက်နှာနဲ့  ခံရခက်တာတွေ့ တော့ အားနာမိသလိုလိုတော့ ဖြစ်မိသား…။

ကျွန်မငယ်ငယ် သူငယ်တန်းအရွယ်က အဖေက ဂေါက်လှည့်လှည့်ပြီး နှိုးရတဲ့ မောဒစ်အိတ် ကားစုတ်စုတ်လေး ၀ယ်လာတော့ ကျွန်မအရမ်းပျော်ပါတယ်…။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ၊ မြို့ ပတ်ရထားစီးရတဲ့ ဒုက္ခကို ကျွန်မက ငယ်ငယ်လေးနဲ့ ခံစားခဲ့ရသူမိုလား…။ ကျွန်မကို ထားတဲ့ မူကြိုက မြို့ လယ်ခေါင်မှာ မို့ လေ…။ မောဒစ်အိတ်၊ မော်စကိုဗစ်၊ အိုပယ်၊ ဗောက်စဂွန်၊ ဒတ်ဆန်း၊ ပတ်ပလစ်ကာ… စူပါရုပ်ဖ်… အဲဒီလို ကျွန်မတို့  အိမ်မှာ ကားအမျိုးမျိုးသာ ပြောင်းသွားတယ်… ကျွန်မစိတ်ထဲကတော့ အတူတူပါပဲ…။ လိုရာခရီးကို သက်တောင့်သက်သာ သွားနိုင်ရင် ပြီးတာပဲလေ…။ ကားတစီးပြောင်းခါနီးတိုင်း ဘယ်ကားလဲရမလဲဆို ရင်ခုန်နေတတ်တဲ့ ကျွန်မတို့  တအိမ်လုံးနဲ့  ဆန့် ကျင်ဘက်ပါ…။ ကားနဲ့ ပတ်သက်လို့  အဖေ့ကို ကျွန်မပူဆာမိတာဆိုလို့  နှစ်ခါလားပါပဲ…။ ကျွန်မဆယ်တန်းတုန်းက အိုပယ်ကားနဲ့ လာတိုင်း ကားနာမည်ကြောင့် ကောင်လေးတွေ နောက်ကြတာကို ရှက်လို့  အဖေ့ကားလဲခိုင်းတဲ့အခါရယ်… ဗောက်စဂွန်ကားလုံးလုံးနဲ့ တုန်းက သင်္ကြန်ရေပက်ခံထွက်လို့  မရတာကြောင့် အမိုးဖွင့်လို့ ရတဲ့ကားလေး ပူဆာတာရယ်ပါပဲ…။ သိပ်ဆန္ဒလဲ ပြင်းပြင်းပြပြမဟုတ်တော့ အဖေ၀ယ်တဲ့ကားနဲ့  အဖေလိုက်ပို့ တာ ငြိမ်ငြိမ်လေး လိုက်တတ်တဲ့ ကျွန်မပါ…။

ဒီနိုင်ငံရောက်တော့ public transport တွေ အဆင်ပြေတာမို့  သားလေးမမွေးခင်အထိ ကျွန်မအတွက် ကားဆိုတာ မေ့မေ့လျော့လျော့ပါပဲ…။ သားလေးမွေးလာတော့ သားလေးသက်တောင့်သက်သာ သွားလာလို့ ရအောင် ကားလေးတစီးလိုချင်မိပါတယ်…။ အဲဒီအခါ ကျွန်မနဲ့  ကျွန်မခင်ပွန်း ဈေးလဲသက်သာ ဆီစားလဲနဲမယ့်ကားကို စဉ်းစားရပါတယ်…။ ပြီးတော့ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်မတို့ အဲဒီအချိန်က လုပ်နေတဲ့ အလုပ်ကလေးအတွက်လဲ အသုံးဝင်မယ့်ကားမျိုးပေါ့…။ ခဏခဏလဲ မပျက်တဲ့ ခိုင်ခန့် မယ့် ပြင်သစ်ထုတ် ရိန်းနော့ကားလေးကို ကျွန်မတို့  ၀ယ်ဖြစ်ခဲ့ကြတယ်…။ ကျွန်မခင်ပွန်းမောင်းမှာဆိုတော့ သူနှစ်သက်တဲ့ အ၀ါရောင်လေးရွေးဖြစ်ခဲ့တယ်…။ ကားလေးနာမည်က Kangoo တဲ့…။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲနော်..။ ဒီနိုင်ငံမှာ ကားလှလှတွေ အရမ်းပေါတာ သိပ်စိတ်မ၀င်စားမိပေမယ့် ကားနာမည်လေးတွေတော့ ကျွန်မက စိတ်ဝင်တစား မှတ်တတ်ပါတယ်…။ ပြီးရင် ကားအထီးလေးလား အမလေးလားဆို ကားရဲ့ရုပ်ရည်ကြည့်ပြီး ကျွန်မဘာသာ ပေါက်ပေါက်ရှာရှာ ခွဲမှတ်ထားတတ်ပါတယ်…။ ကျွန်မတို့ ကားလေးကတော့ boy လေးနဲ့ တူတဲ့ ကားအထီးလေးပေါ့…။ Transformer ကြိုက်တဲ့ ကျွန်မသားကတော့ အ၀ါရောင် ကျွန်မတို့ ကားလေးကို bumblebee လို့  သူ့ ဘာသာ နာမည်ပေးထားလေရဲ့…။

ကျွန်မတို့ ကားလေးက ဈေးသက်သာ… ဆီစားသက်သာတဲ့အပြင်… ပျက်ခဲပါတယ်…။ တနေ့ တနေ့ ကျွန်မနေတဲ့ အနောက်ဘက်ကနေ ကျွန်မအလုပ်ရှိတဲ့ အရှေ့ ဘက်သွား… တခါ ကျွန်မအမျိုးသား အလုပ်နေရာတွေသွားနဲ့  သူ့ ခမျာ နားရတယ်လို့ မရှိပါဘူး…။ ကျွန်မတို့  မိသားစုဝင်တယောက်လို ကားလေးနဲ့ ကျွန်မတို့  တသားထဲကျနေပါတယ်…။ ဇိမ်ခံကားပြောင်းစီးရင်ကောင်းမလား… ဒီထက်ကောင်းတဲ့ကား ပြောင်းစီးရင်ကောင်းမလားဆိုတဲ့ အတွေးတွေ မရှိလောက်အောင် ကားလေးနဲ့ ကျွန်မတို့ ကြား သစ္စာတရားက ကြီးလှပါတယ်…။ ကားလေး တခါတလေ စက်ချို့ ယွင်းလို့  ပျက်တာများရှိရင် မိသားစုဝင်တဦးနေမကောင်းသလို ကျွန်မစိတ်အတော်မကောင်းပါဘူး…။ သူ့ ခမျာ ပစ္စည်းတွေလဲ အများကြီးသယ်ရ… လူတွေကိုလဲ မရပ်မနားပို့ ရရှာတာဆို စက်ပစ္စည်းဆိုတာ မေ့လျော့စွာ သနားမိတဲ့အထိပါပဲ…။

ဒီနိုင်ငံမှာ ကားတွေကို ၁၀နှစ်အထိပဲ ထားပါတယ်…။ ဆယ်နှစ်ပြည့်လို့  ကားက ကောင်းနေသေးတယ်ဆို ထပ်ထပ် တိုးခွင့်ပေးပါတယ်…။ ကားက အခြေအနေမကောင်းဘူးဆို တိုးခွင့်မပေးပဲ ဖျက်ပြစ်ပါတယ်…။ မနက်က ရုံးသွားတဲ့လမ်းမှာ ကားနဲ့ ပတ်သက်လို့  ပြောဖို့ အကြောင်းဖန်လာတာကြောင့် ကားလေးသက်တမ်းကို အမျိုးသားနဲ့ ပြောဖြစ်ပါတယ်…။ ကျွန်မတို့ ကားလေး ရနှစ်ရှိပြီတဲ့…။ ဒါဆို နောက်၃နှစ်ကြာရင် ကားလေး သက်တမ်းကုန်တော့မှာပေါ့နော်…။ ကားလေးဖျက်ပစ်ခံရမှာတွေးမိတော့ ကျွန်မနှလုံးသားတခုလုံး နာကျင်လာမိပါတယ်…။ သက်တမ်းကုန်ရင် မြန်မာပြည်ပို့ လို့  မရဘူးလားလို့  အမျိုးသားကို မေးတော့ သူက ကုန်ကျစရိတ်နဲ့  လက်တွေ့ မကျဘူးတဲ့…။ ကျွန်မမျက်ရည်တွေဝဲလာတာ ကျွန်မအမျိုးသားက သတိထားမိမယ်မထင်ပါဘူး…။ ပစ္စည်းသင်္ခါရ… လူသင်္ခါရဆိုတဲ့ တရားသဘောကို နှလုံးသွင်းဖို့  မေ့လျော့တဲ့အထိ ကျွန်မကားလေးကို သံယောဇဉ်တွယ်မိတာ မကောင်းဘူးဆိုတာ သိပေမယ့်လဲ သံယောဇဉ်ဆိုတာ အလွယ်တကူဖြတ်တောက်လို့  ရတဲ့ အရာမှမဟုတ်တာပဲလေ…။ ခုချိန်မှာ အဖိုးတန်ကားကြီးတစီးနဲ့  လဲခွင့်ရမယ်ဆိုတောင် ကျွန်မလဲဖို့  မစဉ်းစားမိပါဘူး…။ အကြောင်းကြောင်းကြောင့် ကားလေးနဲ့ ခွဲရမယ်ဆိုရင်ဖြင့်….။

တန်ခူး

2:35pm 11-Jul-2014

Saturday, May 10, 2014

မောင်ထမ်းပါလို့  မယ်ရွက်ကွယ်...



ပုံကို အင်တာနက်မှ ယူပါသည်...

ကျွန်မတို့ မြန်မာဆိုရိုးစကားလေးတခုကို ကျွန်မသိပ်သဘောကျမိပါတယ်…။ အဲဒါကတော့ မောင်တထမ်း မယ်တရွက် ဆိုတဲ့ဆိုရိုးစကားလေးပါ…။ ဘာကြောင့် သဘောကျမိသလဲဆိုတော့ အရမ်းကိုမျှတလို့ ပါ…။ အိမ်ထောင်တခုမှာ မိန်းမနဲ့ ယောင်္ကျား ညီတူမျှတူ ကိုယ်နိုင်သလောက် တာဝန်ယူသင့်တယ်ဆိုတဲ့ တရားမျှတတဲ့ အယူအဆလေးတခုပါဝင်နေလို့ ပါ…။ ကိုယ်နှစ်သက်မြတ်နိုးလို့ ပဲဖြစ်ဖြစ်… မိဘသဘောတူ ကြည်ဖြူလို့ ပဲဖြစ်ဖြစ် ဘ၀တခုကို အတူတည်ဆောက်ကြပြီဆိုရင် အဲဒီဘ၀အတွက် နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်…။ အဲဒီဘ၀လေး တည်တဲ့ခိုင်မြဲဖို့  နှစ်ယောက်လုံးက ကိုယ်နိုင်သလောက် ကြိုးစားရမှာပါ…။ ယောင်္ကျားက အိမ်ထောင်ဦးစီးမို့  သူနဲ့ ပဲဆိုင်တယ်လို့  ရှိသမျှတာဝန်ကို ယောင်္ကျားကိုချည်းပုံချလို့  မသင့်သလို မိန်းမက အိမ်အလုပ်လုပ်ရမယ့်တာဝန်မို့  ရှိသမျှအိမ်အလုပ် သူနဲ့ ပဲဆိုင်တယ်ဆို မိန်းမကိုချည်း ပုံချလို့  မသင့်ပါဘူး…။ အိမ်ထောင်တခုရဲ့ တာဝန်ပမာဏပေါ် မူတည်ပြီး မောင်ထမ်းသင့်တာမောင်ထမ်းလို့  မယ်ရွက်သင့်တာရွက်မှ နှစ်ယောက်လုံး တာဝန်တွေ မပိပဲ မျှမျှတတရှိမှာ အမှန်ပါပဲ…။

ကျွန်မဘာလို့  အဲဒီအကြောင်းလေး စဉ်းစားမိနေလဲဆိုတော့ ကျွန်မပတ်ဝန်းကျင်က မြင်တွေ့ နေရတဲ့ ဘ၀တွေကြောင့်ပါ…။ တချို့ မိသားစုလေးတွေ မြင်ရတွေ့ ရတာ သိပ်ချစ်စရာကြည်နူးစရာ ကောင်းပါတယ်…။ ယောင်္ကျားနဲ့ မိန်းမ သူ့ အလုပ်ကိုယ့်အလုပ်တွေ တွက်ကပ်မနေပဲ တယောက်ပေါ် တယောက်ဖေးမ ကူညီကြတာ…။ ယောင်္ကျားက အိမ်သန့် ရှင်းရင် မိန်းမက မီးဖိုချောင်ဝင်… ယောင်္ကျားက ကလေးတွေ စာပြရင် မိန်းမက အ၀တ်လျှော်၊ မီးပူတိုက်…။ ရလာဒ်ကတော့ သန့် ရှင်းသပ်ရပ်တဲ့ အိမ်ကလေးနဲ့  အရသာရှိတဲ့ ထမင်းဝိုင်းလေးပေါ့…။ ဒီခေတ်ကြီးမှာ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်အလုပ်လုပ်ဆိုတာမျိုး ရှိနေသေးပေမယ့် အတော်နည်းသွားပါပြီ…။ မိန်းမတွေပါ စီးပွားရှာတဲ့ခေတ်မို့  ဟိုးအရင်ကလို စီးပွားလဲရှာရ အိမ်မှုကိစ္စမှန်သမျှ လုပ်ရဆိုရင် ကြာလာရင် အဲဒီအမျိုးသမီး ကျန်းမာရေးထိခိုက်လာမှာပါ…။ ထိုနည်းတူပဲ ယောင်္ကျားမို့  အားကြီးသူ အားလုံးလုပ်ရမယ်ဆိုရင်လဲ အဲဒီယောင်္ကျား ကျန်းမာရေးထိခိုက်လာမှာပါ…။ အိမ်ထောင့်တာဝန် သားသမီးတာဝန်ကို အတူမျှဝေယူခြင်းဟာ ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းရဲ့ လျို့ ဝှက်ချက်တခုမဟုတ်လား…။

တချို့ တဘက်စောင်းနင်းကျလွန်းတဲ့ မိသားစုတွေ တွေ့ ရရင် ကျွန်မဖြင့် အတော် စိတ်မချမ်းသာ ဖြစ်မိပါတယ်…။ အိမ်မှာ အိမ်ရှင်မလို့ နာမည်ခံပြီး စီးပွားလဲ ထွက်မရှာ မီးဖိုချောင်လဲ မနိုင်နင်း အိမ်သန့် ရှင်းလဲ ဝေလာဝေး… သားသမီးပညာရေးလဲမပါချင်ပဲ… ကိုယ်လွတ်ရုန်း ကိုယ်လှဖို့ ပဖို့  သုံးဖို့ ဖြုန်းဖို့  ပျော်ဖို့ ပါးဖို့ ပဲ စဉ်းစားနေတတ်တဲ့ အိမ်ရှင်မတွေဆို ကျွန်မအတော်ကို အားမလို အားမရဖြစ်မိပါတယ်…။ စီးပွားသွားရှာတဲ့ယောင်္ကျားက ပြန်လာမှ မီးဖိုချောင်ဝင် ချက်ရပြုတ်ရ… အိမ်သန့် ရှင်းရ… ကလေးလဲ ပြေးစာပြရနဲ့  ညကြီးမိုးချူပ်မှ အိပ်ရရှာတာ ဘယ်လောက်များ ပင်ပန်းလိုက်ပါမလဲ…။ ကိုယ်ချင်းစာတရားမရှိတဲ့ အိမ်ထောင်ဖက် အတ္တကြီးတဲ့ အိမ်ထောင်ဖက်ကို အတော်ကို သဘောထားကြီးလွန်းလို့ သာ သည်းခံနေရပေမယ့် သူတို့ နေရာက ၀င်ကြည့်စေချင်ပါတယ်…။ တကယ်လို့ သာ သူတို့ သည်းခံနိုင်မှုဟာ အတိုင်းအတာ တခုထိသာ ဆိုရင် အိမ်ထောင်ရေးပြိုကွဲမှုတွေထိ ဦးဆောင်သွားနိုင်တယ်ဆိုတာ ပတ်ဝန်းကျင်မှာ ဥပမာတွေ အများကြီးပါ…။

အလားတူပဲ ငါက စီးပွားရှာနေရတာ ကျန်တဲ့ ကိစ္စငါနဲ့ မဆိုင်ဆို စီးပွားရှာရုံသက်သက်ကိုသာ ကိုယ့်တာဝန်ထား ကန့် သတ်ထားတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ အိမ်ရှင်မဘ၀ကလဲ သနားစရာ ကောင်းလှပါတယ်…။ အိမ်ရှင်မ သာ နေထိုင်မကောင်းဖြစ်ရင် အိမ်ထောင်တခုလုံးရဲ့ လည်ပတ်မှုတွေ ရပ်တန့် သွားတာဟာ အိမ်ထောင်တခုမှာ ငွေထက်လိုအပ်တာတွေလဲ ရှိနေသေးတယ်ဆိုတာ ဖော်ပြတာပါ…။ မနက်မိုးလင်းကနေ ညနေမိုးချူပ် မနားရတဲ့ အိမ်ရှင်မအလုပ်တွေကို စာရင်းသာ ချပြရရင် တမျက်နှာမကပါဘူး…။ အချိန်တန် ထမင်းပွဲလေးအဆင်သင့်… ၀တ်စရာအ၀တ်လေးအဆင်သင့်.. နေရာထိုင်ခင်းလေးသန့် သန့် ရှင်းရှင်း အဆင်သင့်… ဖြစ်အောင် အားထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက အများသားဆိုတာ အိမ်ဦးနတ်တွေလဲ သိထားသင့်တာမို့  အိမ်သူသက်ထား မနားရတာများတွေ့ ရင် ကိုယ်ချင်းစာတရားလေးနဲ့  ကူလုပ်ပေးသင့်ပါတယ်…။ ငါက ယောင်္ကျား ငါနဲ့ မဆိုင်ဆိုတဲ့ မဟာဝါဒတွေဟာ တကယ်တော့ အတ္တကြီးသူ ကိုယ်ချင်းစာတရားမဲ့သူတွေရဲ့ ၀ါဒတွေပါ…။

ကျွန်မနဲ့ ညီမအရင်းလို ရင်းနှီးတဲ့၊ သားငယ်ငယ်က ကျွန်မအလုပ်သွားနေချိန် သားကို ကူညီပြုစုပေးတဲ့ သားမွေးစားအမေတို့  မိသားစုလေးက တကယ့် အတုယူစရာ ငြိမ်းချမ်းတဲ့ မိသားစုလေးပါ…။ လောဘ ဒေါသနဲတဲ့ ရိုးရှင်းတဲ့ မိသားစုလေးမှာ သားငယ်ဘ၀လေးနေခွင့်ရတာကို တွေးမိတိုင်း အဲဒီမိသားစုလေးကို ကျေးဇူးရှင်စာရင်းမှာထည့် အမြဲကျေးဇူးတင်မိပါတယ်…။ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်ရှင်မ… ငြိမ်းချမ်းအေးဆေးတဲ့ သမီးလေးတယောက်နဲ့ …။ မနက်မိုးလင်း ယောင်္ကျားရုံးမသွားခင် မိန်းမက စောစောထ နံနက်စာ အသင့်ပြင်ပေး… သမီးလေးကျောင်းသွားဖို့ ပြင်ပေး… ပြီးတော့ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်…။ လမ်းလျှောက်က ပြန်လာရင် တအိမ်လုံးအတွက် အရသာရှိတဲ့ ဟင်းလျာလေးတွေ ချက်ပြုတ်… ပြီးတော့ လျှော်ဖွတ်၊မီးပူတိုက်.. အိမ်သန့် ရှင်း… ချူပ်စရာလုပ်စရာလေးတွေလုပ်… သမီးလေးကျောင်းကြို…။ သမီးလေးကို နေ့ လည်စာကျွေးမွေး… အိမ်စာတွေ အတူလုပ်… အိမ်ရှေ့ က ပန်းပင်လေးတွေ ပြုစု….ရေမိုးချိုး။ ညနေ ယောင်္ကျားပြန်လာချိန် ဖွယ်ဖွယ်ရာရာ ညစာလေး အဆင်သင့်ပြင်… မိသားစုထမင်းဝိုင်းလေး ပျော်ပျော်ရွှင်ရွှင်… ညကျတော့ မိသားစုပြောဆို ရယ်မော တီဗွီကြည့် အပန်းဖြေကြ… ယောင်္ကျားက သမီးလေးကို စာပြချိန်… မိန်းမက မီးဖိုချောင်သိမ်းဆည်း…။ စနေ တနင်္ဂနွေဆို ယောင်္ကျားက တအိမ်လုံး အိမ်သန့် ရှင်းရေးလုပ်ပေး… မိန်းမကို အနားပေးပြီး သူကိုယ်တိုင် ချက်ပြုတ်မီးဖိုချောင်ဝင်… သမီးလေးကို စာပြ… တခါတလေ မိသားစုshopping အတူထွက် အနားယူ။ ဘယ်လောက်များ တရားမျှတတဲ့ တာဝန်ခွဲဝေယူတတ်တဲ့ မိသားစုလေးလဲနော်…။ မိန်းမကလဲ အိမ်ရှင်မပီပီ အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာသလို ယောင်္ကျားကလဲ အိမ်ထောင်ဦးစီးပီပီ သဘောထားပြည့်ဝ မိန်းမတာဝန်တွေကို မျှဝေယူတတ်လိုက်တာ… ကျွန်မဖြင့် သူတို့ မိသားစုလေးတွေ့ တိုင်း ငြိမ်းချမ်းလွန်းလို့  သူတို့ အငြိမ်းက ကိုယ့်ဆီ အမြဲကူးစက်ပါတယ်…။

တကယ်တော့ အိမ်ထောင်ရေးမှာ တဦးနဲ့ တဦးစေတနာလေးတွေနဲ့  အပြန်အလှန်နားလည်ဖို့ က အရမ်းအရေးကြီးပါတယ်…။ ကျွန်မတွေ့ ဖူးတဲ့ တချို့ အိမ်ရှင်မတွေဆို အချိန်တန် ယောင်္ကျားကို လစာအပ်ခိုင်း… ပြီးတော့ ကိုယ်ကတော့ စားလိုက်တာ အစားအသောက်ကောင်း… ယောင်္ကျားကိုကျ ဘဲဥဟင်းနဲ့ ကြွေးပြီး လုပ်တာကနဲနဲ ပြောတာကများများ သကြားလူးထားတဲ့ စကားတွေနဲ့ …။ ယောင်္ကျားတွေ ခမျာ မသိတာလား မသိချင်ယောင်ဆောင်တာလား ချစ်တာလား… ဘာလဲတော့ မသိ… ဒါပေမယ့် နားထဲဝင်သွားတဲ့ သကြားခဲလေးတွေနဲ့  ကိုယ့်လုပ်စာတောင် ကိုယ်ကောင်းကောင်း မစားရတဲ့ဘ၀…။ ကျွန်မကတော့ အဲဒီလို အိမ်ရှင်မတွေကို စေတနာမွဲသူတွေလို့  သတ်မှတ်မိတယ်…။ ကိုယ့်နဲ ဘ၀တခုကို အတူလက်တွဲတဲ့ သူပေါ်မှာတောင် မရိုးမသား ဖုန်းကွယ်ဆက်ဆံတတ်ကြတာ…။ တချို့ ယောင်္ကျားတွေကျပြန်တော့လဲ မိန်းမနိုင်တယ်လို့ ပတ်ဝန်းကျင်က အားနေတိုင်းပြောတတ်ကြတဲ့ လက်သုံးစကားကို ခံရမှာကြောက်လို့  လခအမှန်တောင် မပြောပဲ ပုန်းထားဖွက်ထားဝှက်ထား… မိန်းမဆိုတာ အကုန်သိစရာ အကုန်ပြောပြစရာမလိုဘူးလို့  ကိုယ့်အိမ်ထောင်ဖက်ကို လေးစားမှုမှရှိပဲ တဖက်စောင်းနင်း မသိမသာ အနိုင်ယူတတ်ကြတာလဲ စေတနာမွဲသူတွေပါပဲ…။

ကိုယ့်မိသားစုလေးပေါ်မှာ တရားမျှတမှ …ကိုယ့်မိသားစုလေးပေါ်မှာ ကိုယ်ချင်းစာတရား ထားတတ်မှ ကိုယ့်မိသားစုလေးပေါ်မှာ စေတနာထားတတ်မှ… ကိုယ့်ပတ်ဝန်းကျင်အပေါ်မှာလဲ ကိုယ်ချင်းစာစေတနာတရားထား အကျိုးပြုနိုင်မှာပါ…။ တကယ်လို့ သာ ဇနီးမောင်နှံတိုင်း မောင်ကထမ်းလို့ မယ်ကရွက်ပြီး တရားမျှတစွာ တာဝန်ယူတတ်ကြရင်… မိသားစုတိုင်း ကိုယ့်မိသားစုလေးအပေါ် ကိုယ်ချင်းစာ စေတနာထားတတ်ကြရင် ကျွန်မတို့  နေထိုင်တဲ့ ကမ္ဘာကြီးကလဲ မေတ္တာတရားတွေအောက်မှာ ငြိမ်းအေးချမ်းသာ ပိုလို့ ကျန်းမာလာမှာ အမှန်ပါပဲ…။

တန်ခူး

10:30pm 10-May-2014

Saturday, April 26, 2014

သေနိုင်ပါရိုးလား မြန်မာပြည်သူတွေရယ်



ကျွန်မက ဆေးပညာအကြောင်းဆို ဘာမှ သိပ်နားမလည်သလို သိပ်လဲ လေ့လာလိုက်စားသူ မဟုတ်ပါ…။ ကိုယ့်မှာ တခုခုဖြစ်လာမှ ကိုယ့်မိသားစုဝင်တယောက် တခုခုဖြစ်လာမှ ဟိုဆရာဝန်ပြေးမေး… ဒီဆရာဝန်ပြေးမေး… အင်တာနက်ပေါ် သွားဖတ်နဲ့ တယောက်ထဲ အပူလုံးတွေနဲ့  အလုပ်ရှုပ်တတ်သူပါ…။ ဗဟုသုတကလဲနဲ ကျန်းမာရေးစာတွေ လေ့လာမှုကလဲနဲ ဆိုတော့ အထင်တွေနဲ့ လုပ် အထင်တွေနဲ့ ပူပေါ့…။ နောက်ပိုင်းမှာ ဖြစ်မှပြူးပြူးပြဲပြဲ ထကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုကောင်းတာ လေ့လာရင်း လေ့လာရင်းနဲ့ ပိုသိလာပါတယ်…။ အထူးသဖြင့် နေ့ စဉ်အနေအထိုင် အစားအသောက်ကို ပြုပြင်ဖို့ က အရေးကြီးတယ်ဆိုတာ ပိုပိုသိလာပါတယ်…။ အမှန်ပြောရရင် သားလေးမွေးပြီးမှ သားကို ကျန်းမာစေချင်တဲ့ မိခင်တယောက်ရဲ့ အတ္တနဲ့  အစားအသောက် အနေအထိုင် စံနစ်တွေ ပိုပြောင်းမိပါတယ်…။

လေ့လာလိုက်စားမှုနဲ ပေမယ့် အပေါ်မှာပြောသလို တကယ်ဖြစ်လာတဲ့အခါကျတော့ ကျွန်မပဲ အသေးစိတ်ခွဲခြမ်း စိတ်ဖြာလေ့လာချင်တတ်ပြန်ရော…။ အဲဒီအခါ ကျွန်မမှာ အခက်အခဲတွေ တွေ့ ရပါတယ်…။ ဖြစ်မှသိချင်လာတော့ အချိန်နဲနဲအတွင်း ဟိုဟာဖတ် ဒီဟာဖတ်နဲ့  တခါတလေ ကိုယ်လိုချင်တဲ့ information မရပဲ ဟိုတမျိုး ဒီတမျိုးနဲ့  ရှုပ်ကုန်ပါတော့တယ်…။ အရေးအကြောင်းဆိုရင်တော့ ကျွန်မညီမအရင်းက ဆရာဝန်မို့  သူ့ ပဲ အမြဲတိုင်ပင်ရပါတယ်…။ ဒါပေမယ့် အင်ဂျင်နီယာပီပီ ပြဿနာတခုကို ခွဲခြမ်းစိတ်ဖြာ အသေးစိတ်သိချင်နေတဲ့ ကျွန်မမေးခွန်းတွေကို ကျွန်မညီမက အစိုးရိမ်လွန်မှုလို့  အမြဲအမည်တပ်ပါတယ်…။ အဲဒီအခါ ကျွန်မလိုချင်တဲ့ အဖြေဆီ မရောက်တတ်ပါဘူး…။ ကျွန်မကလဲ ဒါဖြစ် ဒီဆေးသောက်ဆိုတာနဲ့ တင် ကျေနပ်တတ်တဲ့သူ မဟုတ်လေတော့ မြန်မာပြည်ပြန်ရောက်လို့  သားနေမကောင်းများဖြစ်ရင် သားရဲ့ နေမကောင်းဖြစ်စဉ်ကို အသေးစိတ်ပြောချင် မေးခွန်းတွေက မေးချင်နဲ့ … နောက်ဆုံး ဆရာဝန်ရဲ့ မျက်နှာထားတင်းတင်းနဲ့  သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်ပိတ်ထားဖို့  ပြောတာကို ခံရပါတယ်…။ ကျွန်မအတွေ့ အကြူံနဲ့  ပြောခြင်းဖြစ်ပါတယ်…။ ဆရာဝန်တိုင်းကို မဆိုလိုပါ…။ မြန်မာပြည်မှာ လူနာတွေရဲ့ right က အတော်နဲပါးနေတာ သတိထားမိလာပါတယ်…။ ပြောသလိုသောက်ဆိုတာမျိုး... ဆေးခန်းပြရင် ဆေးလေးယူ ပါးစပ်လေးပိတ်ပြီး ပြန်လာရှာရပါတယ်…။ ကြာလာတော့ အဲဒီအခြေအနေတခုနဲ့  နေသားကျပြီး မေးခွန်းမေးရမယ်ဆိုတဲ့ အသိတောင် မရှိကြတော့ပါဘူး….။ ဘယ်လောက်များ သနားစရာကောင်းလိုက်သလဲနော်…။

တနေ့ တခြား ရောဂါတွေများလာ… ကင်ဆာဖြစ်မှုကလဲ ကမ္ဘာမှာ အများဆုံးဖြစ်လာတဲ့အခါ တိုင်းသူပြည်သားတွေကို ကျန်းမာရေး အသိပေးမယ့် ဆရာဝန်တွေအများကြီး ပေါ်လာရင်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ကျွန်မမိဘအရင်းတွေတောင်မှ ကျွန်မက နေ့ စဉ်နေထိုင်စားသောက်တာ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ဖို့  အကြံပေးပေမယ့် သိပ်လက်မခံကြပါဘူး…။ စီးပွားရေးအရ တွက်ခြေကိုက်အောင် ချက်ပြုတ်ရောင်းချနေတဲ့ အပြင်စာတွေကို မက်မက်စက်စက် စားနေကြတုန်းပါ…။ အဲဒီအခါ ကျွန်မမှာ အားမလို အားမရနဲ့  အမြဲလက်လျော့ အရှုံးပေးရမြဲပါ…။ လူတွေရဲ့ နားထဲကို ၀င်အောင် လိုက်လာလက်ခံနီုင်အောင် ပြောပြနိုင်တဲ့ ကျန်းမာရေးပညာပေးကျွမ်းကျင်တဲ့ ဆရာဝန်တွေများရှိရင် Media တွေများရှိရင် သိပ်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ဒါမစားနဲ့  ဒါနဲ့ မတည့်ဘူးလို့  အခြေအမြစ်မရှိပြောတာထက် အကျိုးနဲ့ အကြောင်းနဲ့  သေချာလေ့လာလိုက်စားပြီး ပြောတာကိုမှ လူတွေနားထဲ ပိုရောက်နိုင်ပါတယ်…။

ဟိုတနေ့ က ညီမအရင်းလို ချစ်တဲ့ ညီမလေးက ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ you tube file လေးကို မျှဝေလို့ နားထောင်မိတဲ့အခါ ကျွန်မမျှော်လင့်ချက်တွေ အတော်ကို ပြည့်ဝသွားပါတယ်…။ မြန်မာပြည်က ကျန်းမာရေးဗဟုသုတနဲတဲ့ ပြည်သူတွေအတွက် အရမ်းတန်ဖိုးရှိလွန်းပါတယ်…။ ဆရာမကြီး ဟောပြောတာကို နားထောင်ပြီးမှ ကျွန်မရဲ့ နေ့ စဉ်စားသောက်မှု တချို့ က အတော်မှားယွင်းနေတာ သိသွားရပါတယ်…။ Non-stick အိုးကို ဒယ်အိုးပူမှ ဆီထည့်ခြင်းဟာ ကိုယ့်ရောဂါကို ဖန်တီးနေတာဖြစ်ကြောင်း သိရတဲ့ အခါ ကျွန်မအတော်လေး လန့် သွားပါတယ်…။ တခါတလေ Happy Call နဲ့  သားကို ငါးတွေ ဘာတွေ ကင်လိုက်သေးတာ…။ မွှေလို့ နောက်လို့  ကျော်လို့ လှော်လို့ ကောင်းလို့  ကျွန်မ နေ့ တဓူဝသုံးနေတဲ့ ဒန်ဒယ်အိုးလေးက ကျွန်မကို အဆိပ်အတောက်တွေ ပေးနေတာ ကျွန်မမသိခဲ့ဘူးလေ…။ Canola oil တော့ သုံးပါရဲ့… အချိုမှုန့် လဲရှောင်ပါရဲ့… cooking ware တွေလဲ ဂရုတစိုက်သုံးပါရဲ့… ဒါပေမယ့် အိမ်ရှင်မ တယောက်အနေနဲ့  ကျွန်မမီးဖိုးချောင်မှာ အဆိပ်အတောက်ကင်းအောင် ကျွန်မလုပ်ရမှာတွေ အများကြီးလိုနေသေးတယ်ဆိုတာ သိလိုက်ရပါတယ်…။ တမိသားစုလုံးရဲ့ ကျန်းမာရေးဟာ အိမ်ရှင်မရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ ဆရာမကြီးက မီးမှောင်းထိုးပြသွားပါတယ်…။

ရောဂါတွေ မဖြစ်အောင် ဘာတွေရှောင်ရမလဲ…သဘာဝတရားနဲ့  ဘယ်လို ကာကွယ်မလဲ… နေ့ စဉ်နေထိုင်စားသောက်ပုံ ဘယ်လိုပြောင်းမလဲ… ကျန်းမာဖို့  ခုခံအားက ဘယ်လောက် အရေးကြီးလဲ… ဘယ်လိုဓါတ်တွေကို ဖြည့်ဆီးပေးဖို့ လိုလဲ… အဲဒါတွေကို လူတန်းစားပေါင်းစုံ နားလည်နိုင်အောင် medical term တွေ အများကြီးနဲ့  မဟုတ်ပဲ ရိုးရိုးလေးရှင်းပြထားပါတယ်…။ ရောဂါတခုဖြစ်လာရင် အကျိုးကို သာ သတ်ပြီး အကြောင်းကို သတ်ဖို့  မေ့ နေကြလို့  မခံသင့်ပဲ ရောဂါဒဏ်ခံကြရတာကိုလဲ ခွဲခြမ်းစိတ်ဖြာထောက်ပြသွားတာ ကျွန်မ မျှော်လင့်ထားခဲ့တာနဲ့  တထပ်ထဲပါပဲ….။ ကျွန်မတို့  ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ နနွင်းနဲ့  ဟင်းသီးဟင်းရွက်တွေဟာ ပိုက်ဆံတွေ အဆမတန် ဈေးကြီးပေးနေရတဲ့ ဆေးတွေထက် အစွမ်းထက်နေတာ အံ့သြစွာ သိလိုက်ရတယ်…။ အချိန်ရရင် သွားကြည့်စေချင်ပါတယ်…။ နားထောင်ကျင့်သုံးရတာ လွယ်ကူတာမို့  ကျွန်မဆို နားထောင်ပြီးတာနဲ့  စလုပ်နေပါပြီ…။ နေ့ စဉ် နနွင်း လဘက်ရည်ဇွန်းနဲ့  ၃ပုံတပုံလောက် သံလွင်ဆီလေးနဲ့  ဖျော်သောက်တာရယ်… ကိုက်လန်၊ မြင်းခွာ၊ ပန်းပွင့်၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ သဘောင်္ရွက်၊ ရဲရိုရွက်၊ ဟင်းနုနွယ်ရွက်တွေ ရောထားတဲ့ အရွယ်ရည်ကို နေ့ စဉ်သောက်သုံးခြင်းအားဖြင့် ရောဂါကြီးတော်တော်များများကိုတောင် ကာကွယ်ခုခံနိုင်တာတွေရယ်ဟာ… ကျွန်မတို့  တိုင်းသူပြည်သားတွေ ပိုက်ဆံမကုန်ပဲ ကျန်းမာစေမယ့် ဆေးကောင်းတွေပါ…။ ရိုးရှင်းတဲ့ အဲဒီနည်းတွေကို တနိုင်ငံလုံးများ လိုက်နာကျင့်သုံးလိုက်ရင်ဖြင့်… လေဘာတီမမြရင် ရဲ့ တုံးကျော်မသီချင်းထဲကလို သေနိုင်ပါရိုးလား…မြန်မာပြည်သူတွေရယ်… လို့ သာ လက်ခမောင်းခတ်လို့ ရမှာ အမှန်ပါပဲ…။

နားထောင်ကြည့်ကြပါဦး…။

http://www.youtube.com/watch?v=y4Dzys8a_GM

http://www.youtube.com/watch?v=1vB393YDQ4I

http://www.youtube.com/watch?v=RixRwaU9Kxk

ချစ်သော မြန်မာပြည်သူပြည်သားတွေ နှစ်သစ်မှာ သက်ရှည်ကျန်းမာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ…

တန်ခူး

26-Apr-2014 10:15pm

Thursday, April 10, 2014

မြူမှောင်ဝေကင်း သင်္ကြန်တွင်းဝယ်…





(ဓာတ်ပုံလေးက သားနဲ့ သူ့ မြန်မာသူငယ်ချင်းလေးတွေ ဒီနိုင်ငံက culture event မှာ မြန်မာသင်္ကြန်ကို သရုပ်ဖော်ကပြတုန်းက အမှတ်တရရိုက်ထားတာလေးပါ... အဲဒီအကြောင်းပို့ စ်တခု သတ်သတ်ရေးပါ့မယ်)

အသက်ဘယ်လောက်ပဲကြီးကြီး သင်္ကြန်နားရောက်တိုင်း သင်္ကြန်ပိုးတွေက ဘယ်ကနေဘယ်လို ရောက်လာသလဲမသိ…။ အလုပ်လုပ်တာတောင် သင်္ကြန်သီချင်းလေးနားထောင်… အားရက်တွေ မုန့် လုပ်စားဖို့ စဉ်းစားရင်တောင် မုန့် လုံးရေပေါ်လေးပဲ လုပ်ချင်… အိမ်မှာလဲ သင်္ကြန်သီချင်းတွေ အကျယ်ကြီးဖွင့်… သိပ်မထိန်းနိုင်ရင် အခန်းတံခါးပိတ် တယောက်ထဲက… on line ပေါ်က သင်္ကြန်နောက်ခံ ရုပ်ရှင်ကားလေးတွေ ရှာဖွေကြည့်… ဒီနိုင်ငံမယ် ဘယ်နေရာ သင်္ကြန်ပွဲဆင်ရှိမလဲနားစွင့်ပြီး သွားဖို့ ပြင်ဆင်နဲ့ … အလုပ်တွေ ရှုပ်နေတတ်တာ အဲဒီပိုးကြောင့်ထင်ပါရဲ့….။ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်နှစ်ကူးနဲ့ ဝေးခဲ့ရတဲ့နှစ်တွေများ လက်ဆယ်ချောင်းပြည့်ခဲ့ပါပြီကော...။

ကိုယ့်တိုင်းကိုယ့်ပြည်မှာ သင်္ကြန်အတွက် ဘာတွေများ ပြင်ဆင်နေလဲဆိုတာ သတင်းတွေ ဖတ် ဓာတ်ပုံတွေကြည့်ရတာလဲ အမောပါ…။ မမျှော်လင့်ပဲ သတင်းတခု ဖတ်မိတဲ့အခါ ရင်ထဲမှာ အရမ်းဝမ်းနည်းသွားမိတယ်…။ သင်္ကြန်ဆိုတာ လူငယ်တွေ လွတ်လပ်စွာ ပျော်ကြတဲ့ပွဲလို့  နားလည်ပေးနိုင်ပေမယ့် အဲဒီသတင်းကြီးကတော့ တဆိတ်ဆိုးဝါး လွန်းလို့ ပါ…။ သင်္ကြန်မဏ္ဍပ်တွေမှာ နားနေခန်းတွေ ထည့်ဆောက်မယ်ဆိုတဲ့ သတင်းပေါ့...။ နားနေခန်းဆိုတဲ့ နောက်က နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွေးရင်း ရင်ပူမိတယ်...။ အထူးသဖြင့် ခေတ်ရဲ့ သမီးပျိုလေးတွေ အတွက်ပါ...။ ပွင့်လင်းရဲတင်းလွန်းလာတဲ့ မနှစ်ကသင်္ကြန်ပုံရိပ်တွေကြောင့် ရင်ထဲမှာ ရှိနေဆဲဝမ်းနည်းမှုတွေက အရှိန်မသေသေးခင် သူ့ ထက်ဆိုးတာတွေ ထပ်မြင်ရကြားရတာ အတော်ကို စိတ်မကောင်း ဖြစ်မိပါတယ်...။

သင်္ကြန်ရဲ့ အနှစ်သာရ ပျောက်အောင်လောက်တောင် မလွန်သင့်ဘူးလားလို့ လေ...။ ကြားရတဲ့ သတင်းတွေက သင်္ကြန်ခုတုံးလုပ်ပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြားဖို့  အခွင့်အလန်းတွေ ရှာနေကြသလားလို့ ... ။ ကျွန်မတို့ ငယ်ငယ်ကလဲ သင်္ကြန်တွင်း ရေပက်ခံခဲ့ဖူးတယ်... သင်္ကြန်တွင်းရေပက်ဖူးတယ်... သင်္ကြန်အက ကခဲ့ဖူးတယ်... သံချပ်တွေ မိုးလင်းကြည့်ခဲ့ဖူးတယ်... လူငယ်ပီပီ သင်္ကြန်အနှစ်သာရမပျက်အောင် ပျော်ခဲ့ဖူးပါတယ်...။ ခေတ်နဲ့  အညီ လွတ်လွတ်လပ်လပ် ပျော်ရွင်လို့ ရတဲ့ နည်းတွေ ပျော်စရာတွေ အများကြီး ရှိပါလျက်နဲ့  ဘာလို့ များ ဖြူစင်လွန်းတဲ့ သင်္ကြန်ကို အရောင်တွေ ဆိုးချင်ကြတာလဲ...။ ဟိုးအရင်က သင်္ကြန်တွေမှာ မလုံမခြုံအ၀တ်တွေ မပါဘူး... စိတ်ကြွဆေးတွေမပါဘူး... ရိုင်းစိုင်းတဲ့ အနောက်တိုင်းအကတွေ မပါဘူး... အဲဒါတွေ မပါပဲ ပျော်စရာကောင်းခဲ့ကြတယ်...။

အဲဒီခံစားချက်တွေရဲ့ တွန်းအားပေးမှုကြောင့် ကျွန်မအရမ်းနှစ်သက်မိတဲ့ မြူမှောင်ဝေကင်းဆိုတဲ့ သီချင်းလေးနားထောင်ပြီး သီချင်းခံစားမှုလေး ရေးဖို့ စိတ်ကူးမိပါတယ်...။ တကယ်လို့  သင်္ကြန်ဆိုတာ မိုက်ခဲဖို့ သက်သက်လို့  ထင်နေကြတဲ့ လူငယ်လေးတွေများ ဖတ်မိရင် ချစ်စရာကောင်းတဲ့ သင်္ကြန်အလှနဲ့  အနှစ်သာရကို ပိုနားလည်ပျော်ရွင်နိုင်ကြဖို့  ရည်ရွယ်တာပါ...။

မြူမှောင်ဝေကင်းတဲ့…။ သီချင်းလေး နာမည်မှာကိုက အဓိပ္ပါယ်တွေ ပြည့်ဝနေတာပါ...။ ကျွန်မတို့  နိုင်ငံရဲ့ နိင်ငံကျော် သင်္ကြန်မိုးဇာတ်ကား အဖွင့်သီချင်းလေးမို့  လူတော်တော်များများနဲ့  ရင်းနှီးပြီးသား ဖြစ်မှာပါ…။

မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ… ပြည်ထောင်.. တိုင်းမြန်ပြည်

ငြိမ်းချမ်းအောင်ဆုသွန်းအတာရေ....

တို့ တိုင်းပြည်ကြီး အမှောင်ကင်း ငွေရောင်အဆင်းဖြစ်စေချင်တဲ့ ဆန္ဒနဲ့  တိုင်းသူပြည်သားတွေ ငြိမ်းချမ်းအေးမြစေဖို့  ဆုတောင်းဖို့  အတာရေလောင်းကြတာပါ…။ စိုဖို့  ရွှဲဖို့  ရွဲဖို့  ကဲဖို့ သက်သက် မဟုတ်ပါနော်…။

အေးစေကြောင်းလောင်းတဲ့လုံမေ...

ထူးထူးကဲကဲလှကြပါစေ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ...

သံသာချိုမြမြ ဆိုတေးလေးတွေ

မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ...

ယဉ်ကျေးသူတွေ...

အေးချမ်းပါစေ ရည်ရွယ်ပြီး သင်္ကြန်ရေလောင်းသူလေးတွေကို လုံမေလို့  တင်စားထားတယ်…။ လုံလုံခြုံခြုံ ၀တ်စားဆင်ရင်ပြီး ကျက်သရေရှိတဲ့ ပျိုမေလေးတွေပေါ့…။ သင်္ကြန်လည်ဖို့  ရေပက်ဖို့  အလှဆုံးဖက်ရှင်ဖြစ်ဖို့  စဉ်းစားကြတဲ့အခါ ခေတ်မှီမှီနဲ့  လှအောင် စဉ်းစားလို့ ရပါတယ်…။ အသားတွေ အများကြီးပေါ်မှ လှတာမဟုတ်ပါဘူး… အသားတွေ အများကြီးပေါ်မှ လူအများကြီး စိတ်ဝင်စားမှာ မဟုတ်ပါဘူး… တကယ်လို့  စိတ်ဝင်စားခဲ့ရင်တောင် ကိုယ့်ကို စိတ်ဝင်စားမယ့် သူက ဘယ်လို လူမျိုးဖြစ်မလဲ… တွေးကြည့်ရင် အတော်ရှက်စရာပါ…။ မြင်ရသူစိတ်ကို နှိုးဆွစေဖို့ ထက် ကြည်နူးစေခြင်းက ပိုမကောင်းဘူးလား…။ သူများအတိုဝတ်လို့  ကိုယ်မ၀တ်ရင် ခေတ်မမှီဘူး ထင်မှာစိုးတဲ့ သူတွေများ ရှိရင်တိုက်တွန်းချင်ပါတယ်…။ အတိုတွေကြားတဲ့ မြန်မာလို ယဉ်ယဉ်ကျေးကျေးလေး ၀တ်ကြည့်လိုက်စမ်းပါလို့ …။ ဘယ်လောက်များ ထူးထူးကဲကဲ လှနေမလဲဆိုတာ…။ မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ… ယဉ်ကျေးသူလေးတွေတဲ့…။ ပိုက်ဆံချမ်းသာတာ… ခေတ်ပေါ်အသုံးအဆောင်တွေ ၀တ်နိုင်တာ... ကို ဂုဏ်လို့ များ သတ်မှတ်ခဲ့သူတွေကို ပြောပြချင်လိုက်တာ…။ ယဉ်ကျေးသိမ်မွေ့ ခြင်းဆိုတာ မိန်းခလေးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်တခုပါလို့ …။

မနှစ်ကပဲလောင်းခဲ့တာတွေ...

အေးအေးမြမြ မမေ့တဲ့နိုင်ပေ...

သင်းပျံ့ နေ...

ရွှေပန်းပိတောက်တွေတွဲရွဲနဲ့ ...

ဆင်မြဲမြန်းကာလှတဲ့မေ...

ငွေငန်းမောင့်ကို လောင်းတဲ့ရေ...

ဘေးဘယာဝေးကွာ ကင်းစင်ပမယ်

ဒီရေပွဲ သင်္ကြန်ရေ...

အသိစိတ်ဓါတ်တွေနဲ့  ကင်းကွာ မူးမိုက်ရီဝေပြီး ပျော်ကြတဲ့အပျော်က တဒင်္ဂပါ…။ ဒီကြားထဲမှာ အရုပ်ဆိုး အကျည်းတန်တဲ့ အမှားတွေဆီ ရောက်သွားဖို့  အရမ်းလွယ်ပါတယ်…။ အသိစိတ်တွေနဲ့  ဝေးနေချိန်လေ…။ မနှစ်ကလောင်းခဲ့တဲ့အေးမြမြရေအေးလေးကို ဒီနှစ်ထိ မေ့မရနိုင်ဘူးဆိုတဲ့ ခံစားချက်လေးက ဘယ်လောက် လေးနက်လိုက်ပါသလဲနော်…။ တနှစ်မှ တခါ သစ္စာရှိစွာပွင့်တတ်တဲ့ ပိတောက်ပန်းလေးတွေကို ဆင်မြန်းထားတဲ့ သင်္ကြန်မေလေးရဲ့မေတ္တာတရားတွေ ထည့်လောင်းတဲ့ ဘေးဘယာတွေ ဝေးကွာသွားအောင် အစွမ်းထက်တဲ့ သင်္ကြန်ရေစင်အေးအေးလေးတဲ့…။ ဘယ်လောက်များ လှလိုက်သလဲနော်…။ ဒီမြေ ဒီရေမှာ အတူနေကြတဲ့ သင်္ကြန်မောင်နှမတွေရဲ့ မေတ္တာတရား… နှစ်သစ်အကူးမှာ ပူလောင်ခြင်းတွေကင်းပြီး ကျက်သရေအတိတ် ငြိမ်းချမ်းတဲ့အတိတ်ကို ဆောင်တဲ့ ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်လှပလွန်းတဲ့ ဒီနှစ်ကူးပွဲလေးကို မြူမှောင်ဝေကင်း သီချင်းလေးက ဖော်ဆောင်သွားတာ…။ ငြိမ့်ညောင်းတဲ့ တီးလုံးလေးနဲ့ အတူ နားဆင်သူကို ညှို့ ယူလွှမ်းမိုးနိုင်စွမ်းလိုက်တာ…။ အရောင်ဆိုးခံထားရတဲ့ သင်္ကြန်ကို ဒီသီချင်းလေးနဲ့  အရောင်တွေ ချွတ် သန့် စင်ကြည့်စမ်းပါ…။ ကျွန်မတို့ ရဲ့ ရိုးရာ သင်္ကြန်ဆိုတာ ခပ်မှောင်မှောင် ညရောင်ထဲက လူလုံးမသဲကွဲ ကဲချင်တိုင်းကဲ ရဲချင်တိုင်းရဲနေကြတဲ့ ပွတ်သဘင် နိုက်ကလပ်တွေနဲ့  နံ့ သာဆီ နဲ့  ဟိုဟာလို အပုံကွာပါတယ် ဆိုတာ လက်တွေ့ ခံစားသိနိုင်မှာပါ…။

သင်္ကြန်မှာ အမျိုးကောင်းသားသမီးပီသစွာ စစ်မှန်သော ပျော်ရွှင်ခြင်းနဲ့  ပျော်ရွှင်နိုင်ကြပါစေ…။

ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းအေးမြကြပါစေ…။

တန်ခူး

4:38pm 10-Apr-2014

Monday, March 31, 2014

ထွက်ပေါက်မှန်



ပုံကို အင်တာနက်မှ ရယူပါသည်၊

အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အိမ်အကူကောင်မလေးကို အသက် ၈၅နှစ် စင်္ကာပူနိုင်ငံသား အဖွားအိုကို သတ်တဲ့အမှုနဲ့  တရားစွဲခံထားရတဲ့ အဖြစ်အပျက်ဟာ ခုတလော ကျွန်မရဲ့စိတ်တွေကို အလုပ်များစေတဲ့ အဖြစ်အပျက်တခုဖြစ်နေပါတယ်…။ လူတယောက်ရဲ့ အသက်… အထူးသဖြင့် အမယ်အို တယောက်ရဲ့ အသက်ကို သူမို့  ရက်ရက်စက်စက် သတ်ရက်တယ်… ဆိုတဲ့ အတွေးမျိုးထက် အဲဒီအဖြစ်အပျက်ကို တွန်းပို့ ပေးဖို့  ဘယ်လို အကြောင်းအရာတွေကများ နောက်ကြောင်းခံနေသလဲဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်နေမိတယ်…။ အခြေခံအားဖြင့် ဘယ်သူတဦးတယောက်ကမှ (အကြမ်းဖက်သမားတွေကလွဲလို )့ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် သူများအသက်ကို သတ်ဖို့  ကြံစည်တွေးတော စဉ်းစားပြီး… နောက်ဆုံးသတ်ဖြစ်တဲ့အခြေအနေရောက်အောင် ရက်စက်ကြမှာမဟုတ်ပါဘူး။ တွန်းအားအပေးဆုံးအရာဟာ ဒေါသလို့  အကြမ်းဖျင်းတွက်လို့ ရပေမယ့်… အဲဒီလောက်ကြီးမားတဲ့ ဒေါသကို ရောက်စေတဲ့ စေ့စော်ပေးမှု…. အဲဒီအကြောင်းကို ကျွန်မဘာသာ ဆက်စပ်တွေးနေမိတာ…။

ခုတလော ကျွန်မကြည့်ဖြစ်နေတဲ့ ဒီနိုင်ငံရုပ်သံက Code & Law ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကြောင့်လဲ ပါမယ်ထင်ပါတယ်…။ နဂိုကအပြစ်မရှိပဲ စိတ်ထားကောင်းကြတဲ့ သူတချို့  အခြေအနေအကြောင်းအရာတခုခု သို့အကြောင်းအရာတွေ အဖန်တလဲလဲဖြစ်ပေါ်မှုကြောင့် နောက်ဆုံး မဖြစ်သင့်ပဲ ရာဇ၀တ်မှုတရားခံတွေ ဖြစ်သွားကြတာကို အဓိက ထားရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေပါ…။ ဖောက်ပြန်တဲ့ ယောင်္ကျားက မျက်နှာပြောင်တိုက်ပြီး အငယ်အနှောင်းကို မယားကြီးရှေ့ တင် ပါတီကို ခေါ်လာတာကို မခံမရပ်နိုင်လို့  ပါတီအပြီးမှာ ယောင်္ကျားနဲ့ စာရင်းရှင်းရင်း ဒေါသနောက်လိုက်သွားတဲ့ အသက်၆၀ကျော် အဖွားအိုက ယောင်္ကျားသတ်တဲ့ တရားခံဖြစ်… နိဂုံးမှာ သူက လူသတ်တရားခံဖြစ်ပေမယ့်… နိဒါန်းမှာ သူမှားခဲ့သလား…။ အရက်အမူးတိုက်ပြီး မဖွယ်မရာပုံတွေကို ရယူလို့  အင်တာနက်ပေါ်မှာ တင်မယ်လို့  ငွေညှစ်ခံရတဲ့ ကောင်မလေးက အဖန်အခါခါ ငွေညှစ်ခံရတဲ့အခါ အဆုံးမှာ ဒေါသမထိန်းနိုင် လက်လွန်သွားပြီး လူသတ်တရားခံဖြစ်သွားတဲ့ အဖြစ်…။ တအိမ်ထဲနေ ပထွေးရဲ့ အရွယ်မရောက်ခင် ကတည်းက မတရားကျင့်တာ ခံလာရတဲ့ ကောင်မလေးမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာတဲ့အခါ မိခင်ရင်းဖြစ်သူ ကိုယ်တိုင်က သူ့ မြေးကို ကြွတ်ကြွတ်အိတ်နဲ့ ထုတ် အမှိုက်ပုံးထဲ လွင့်ပစ်ခဲ့တဲ့အမှု… အဆုံးမှာ သူ့ သမီးက သူ့ အမေထောင်ကျမှာစိုးလို့  သူ့ ရင်သွေးကို သူစွန့် ပစ်တဲ့အမှုနဲ့  တရားခံသက်သက်အဖြစ်ခံခဲ့တာ… အဲဒီကောင်မလေးဘ၀ ကံဆိုးလိုက်ပုံများ ဘာအမှားတခုမှ မကျူးလွန်ပါပဲ ရာဇ၀တ်မှုတရားခံအဖြစ်ရောက်သွားခဲ့တာ… ။ အဲဒီအဖြစ်အပျက်တော်တော်များများဟာ အပြင်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်တာမို့  ကြည့်ပြီးတဲ့အခါတိုင်း ကျွန်မမှာ အတွေးတွေနဲ့  ကျန်ခဲ့တာ…။

အဲဒီဇာတ်လမ်းတွဲတွေကို ကျွန်မစိတ်ဝင်စားမိတဲ့ နောက်တချက်က ငယ်ငယ်ကတည်းက code & law နဲ့ လက်ပွန်းတတီးဖြစ်ခဲ့တဲ့ အချက်ကြောင့်လဲ ပါပါတယ်…။ ကျွန်မအဖေက ရှေ့ နေတယောက်ဖြစ်တာမို့  အဖေရဲ့ အမှုတွေနဲ့ အတူ အဖေရဲ့ အမှုသည်တွေရဲ့ ဘ၀အမျိုးမိျုး အဖုံဖုံက ကျွန်မအဖို့  အတော်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်နေခဲ့ပါတယ်…။ ကျွန်မအဖေရဲ့ ပထမဆုံးအမှုဟာ ဆင်းရဲသားဆိုက်ကားသမားလေး သူမသတ်ပဲ လူသတ်တရားခံအဖြစ် တရားစွဲခံရတဲ့အမှုပါ…။ အဲဒီအမှုမှာ အဖေက လူသတ်မှုကနေ အပြစ်မရှိတဲ့ တရားခံကို လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာ ခုထိ ကျွန်မသတိရနေပါသေးတယ်…။ ကိုယ့်အိမ်မှာ အိမ်ငှားတင်ပြီး အိမ်ငှားက သူအိမ်ရှင်ပါလို့ လိမ်လည်ပြီး ကိုယ့်အိမ်ပိုင်နဲ့  အမှုတွေများရတဲ့ အရမ်းရိုးသားတဲ့ ဖေဖေ့အမှုသည်ကိုစံသိန်းကလဲ ကျွန်မတို့ အမြဲသတိရနေမိတဲ့ အမှုသည်ထဲမှာ ပါပါတယ်…။ တရားလိုက တရားခံဖြစ် တရားရုံးရောက်ရင် ကြောက်ပြီး ကိုယ်မှန်ပါလျက် တလွဲတွေလျှောက်ပြောတတ်လို့  ရုံးချိန်းတခုပြီးတိုင်း အဖေနဲ့ ကိုစံသိန်းတို့ အသံကို ကြားရပါတယ်…။ ခင်များ.. ကိုယ်ပိုင်တဲ့အိမ်သူများ ထိုးပေးချင်လို့ လားလို့  အဖေက မချင့်မရဲဆို ကိုစံသိန်းက ပြုံးပြုံး ပြုံးပြုံးနဲ့ .. ကျွန်မတို့ မှာ ငိုအားထက်ရယ်အားသန်ရပါတယ်…။ အဆုံးမှာ သူ့ အိမ်လေးသူပြန်ရသွားတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့  အဖေ့ကို လာကန်တော့တာ ခုထိမြင်ယောင်နေမိပါသေးတယ်…။

တရားခံမဖြစ်သင့်ပဲ တရားခံဖြစ်သွားရတဲ့ အဖြစ်ဆိုးတွေရဲ့ နောက်ကွယ်မှာ နှစ်မျိုးနှစ်စားရှိတာကို တွေ့ ရပါတယ်…။ တမျိုးက ရိုးအလွန်းလို့  သူများချထားတဲ့အကွက်ထဲမှာ ကိုယ်က ၀င်မိရဲ့သားဖြစ်တာနဲ့ … နောက်တမျိုးက အခါခါခံလာရတဲ့အခါ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်ပြိး ဒေါသကို မထိန်းနိုင်တဲ့သူက နောက်ဆုံး အကြီးမားဆုံးအမှား သံသရာထိပါ ပါမယ့်အမှားကို ကျူးလွန်တဲ့ အဆင့်ရောက်သွားတာပါ…။ ပထမအမျိုးအစားကတော့ နဂိုနေရိုးအတဲ့ လူတွေမှာ ခံရလေ့ရှိပါတယ်…။ ကျွန်မ အဓိကထားပြောချင်တာက ဒေါသမထိန်းနိုင်တဲ့အမျိုးအစားပါ…။ လူတချို့ ဟာ များသောအားဖြင့် ကိုယ့်ခံနိုင်ရည်အင်အား ဘယ်အဆင့်ထိရှိတယ်ဆိုတာ မသိကြပါဘူး…။ နဖူးတွေ့ ဒူးတွေ့ ဖြစ်တော့မှ သိကြတာများပါတယ်…။ တဦးနဲ့ တဦးဆက်ဆံရေးမှာ တကယ်လို့ များ အဆင်မပြေမှုတွေ များသထက်များလာရင် သတိထားဆက်ဆံသင့်ပါတယ်…။ ပေါက်ကွဲကြမယ့်တနေ့ ကို ရောက်အောင် စောင့်ကြည့်တာထက် ဆက်ဆံရေးဟာပြုပြင်ပြောင်းလဲ ညှိနှိုင်းလို့ ရလားဆိုတာ စဉ်းစားစမ်းသပ်ကြည့်သင့်ပါတယ်…။ တကယ်လို့ ကိုယ်က ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တယ် ခန္ဒီပါရမီနဲ့ ပြည့်တယ်ဆိုရင်တော့ တမျိုးပေါ့လေ…။ ဆက်ဆံရေးဆိုရာမှာ မိဘနဲ့ သားသမီး… သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး… ညီအကိုမောင်နှမဆက်ဆံရေး… လင်မယားဆက်ဆံရေး… အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး.. ဆရာတပည့်ဆက်ဆံရေး… အားလုံးအကျုံးဝင်ပါတယ်…။ ညှိုနှိုင်းယူလို့ မရနိုင်တော့ဘူးလို့  ယူဆရင်တော့ ဒီအတိုင်း ခံနိုင်ရည်အားလွန်လာမယ့် နေ့ ကို စောင့်နေတာထက် ဆက်ဆံရေးရပ်တန့် ပစ်လိုက်တာ အကောင်းဆုံးလို့  ကျွန်မထင်မိပါတယ်…။

ပထမအပိုဒ် ကျွန်မအဓိကထားပြောချင်တဲ့ အပိုဒ်ကို ပြန်ကောက်ရရင် မြန်မာအိမ်အကူမလေးမှာ ငွေကြေးမပြည့်စုံလို့  ဒီအလုပ်ကို လုပ်ရတာပါ… ဒီအပြင့် သူဆက်ဆံရတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ဆိုးဝါးသလဲ ကျွန်မတို့  ခန့် မှန်းရခက်ပါတယ်…။ MRT ပေါ်မှာ မတော်တဆ ထိမိရင်တောင် ဆောရီးလို့ ပြောတာကို ဂရုမစိုက်ပဲ မီးပွင့်အောင် ကြည့်တတ်တဲ့သူတွေပေါတဲ့ ဒီလိုနိုင်ငံ… ကြင်နာတတ်ဖို့ ကူညီတတ်ဖို့  အဖွဲ့ အစည်းတွေနဲ့  တွန်းအားပေးယူရတာတောင် အနိုင်နိုင်ဖြစ်တဲ့ ဒီလိုနိုင်ငံမျိုးဆိုတော့ ပိုလို့ တောင် ခန့် မှန်းရခက်ပါတယ်…။ သူ့ ခမျာ ဒီလို အဖြစ်အပျက်မျိုးတွေကို မလွှဲသာမရှောင်သာ ရင်ဆိုင်ခဲ့ရမှာပါ…။ အဲဒီလို မလွှဲမရှောင်သာ ရင်ဆိုင်ရင်း မြိုသိပ်ရင်းနဲ့  နောက်ဆုံးကိုယ့်ခံနိုင်ရည်အဆင့်ကို အတော်လေးကို ကျော်လွန်သွားပြီး အဖြစ်ဆိုးတွေနဲ့  နိဂုံးချူပ်ရတဲ့ အဖြစ်ဟာ အတော်ကို ရင်နာစရာကောင်းလှပါတယ်…။ တကယ်လို့ များ အိမ်ရှင်က တရားလက်လွတ်ဖြစ်လို့  ဒီအဖြစ်မျိုးနဲ့  အဆုံးသတ်ရတာဆိုရင်တော့ အဲဒီအဆုံးသတ်နည်းလမ်းထက် ကောင်းတဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်မ ပြောပြပါရစေ…။ တရားလက်လွတ့် နှိပ်စက်တတ်တဲ့ အိမ်ရှင်နဲ့ လုပ်ရရှာတဲ့ အိမ်အကူညီမငယ်များ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် စေတနာနဲ့  ဒီပို့ စ်ကို ရေးခြင်းဖြစ်ပါတယ်…။ ကိုယ့်အဖြစ်တွေကို မြိုသိပ်မထားပါနဲ့ …။ နီးစပ်ရာ သူငယ်ချင်းတယောက်ယောက်ကို အမြဲရင်ဖွင့် တိုင်ပင်ပါ…။ အိမ်ရှင်နဲ့ ဆက်ဆံရေးဟာ အတိုင်းအတာတခုအထိ ဆိုးဝါးလာပြီဆို ရဲစခန်း သို့  counselling firm တခုခုနဲ့ ဆက်သွယ်ပါ..။ အဖြစ်အပျက်အသေးစိတ်ကို ပြောပြပြီး သူတို့ ဆီက အကြံဥာဏ်တောင်းခံပါ…။ ကိုယ့် agency ကို ပွင့်ပွင့်လင်းလင်းပြောပြပါ…။ အဆိုးဝါးဆုံး အခြေအနေထိ မရောက်မှီ အလုပ်ကို ရပ်တန့် ဖို့  နည်းလမ်းရှာပါ…။ နိုင်ငံခြားတိုင်းပြည်မှာလဲ မြန်မာ community အဖွဲ့ အစည်းတွေ ရှိတာမို့  အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  ကြုံကြရရင် အားလုံးဝိုင်းတာဝန်ယူ ကူညီပေးကြမှာ သေချာပါတယ်…။ လောကကြီးမှာ ကိုယ်တယောက်ထဲလို့ မအောင့်မေ့ပါနဲ့ …။ ငါ့ဒုက္ခ ငါလည်စင်းခံမယ်ဆိုပေမယ့်လဲ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲနော်…။ ဒါကြောင့် အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  မကြုံအောင် ထွက်ပေါက်အမှန်ဖြစ်ရအောင် အဲဒီအခြေအနေထိ မစောင့်ပဲ နီးစပ်ရာ အသိုင်းအ၀ိုင်းကို တိုင်ပင်အကူအညီတောင်းခံဖို့  ဒီပို့ စ်လေးနဲ့ တိုက်တွန်းပါရစေ….။

(စာကြွင်း… ကျွန်မဒီပို့ စ်ကို ဖတ်မိသူထဲမှာ any communication နဲ့ ပတ်သက်ပြီး အကြတ်ရိုက် ထွက်ပေါက်မရှိဘူးလို့  ခံစားရနေသူများရှိရင် cmyayt@gmail.com ကို ဆက်သွယ်ပါလို့ .. အတတ်နိုင်ဆုံး ကူညီပေးဖို့ ပါ)

တန်ခူး

31-Mar-2014 10:05pm

Tuesday, March 11, 2014

နင်ရယ် ငါရယ် ရောက်တတ်ရာရာ…



ပုံကို အင်တာနက်မှ ယူပါသည်။

အဲဒီတုန်းက ငါက မွန်းအောင်သီချင်း နားထောင်ရင်းလဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျခဲ့တာ… နင်ကတော့ ငါ့ကို ခပ်ပြုံးပြုံးကြည့်ရင်း အရူးမလို့  ချစ်စနိုးခေါ်ခဲ့တာ နင်မှတ်မိလား… အေး… ဟုတ်ပါရဲ့… ဂျူးရဲ့ အမှတ်တရဖတ်ပြီး တပတ်လောက် ထမင်းမစားနိုင်ဖြစ်ခဲ့သေးတာနော်… စာသင်ချိန်တွေမှာ ကျောင်းဖတ်စာအုပ်အောက်မှာ ရှားရဲ့ အချစ်ဝတ္တုလေးတွေကို ဆရာမမြင်အောင် ခိုးဖတ်ခဲ့တဲ့အထိလဲ ငါက ဆိုးခဲ့သေးရဲ့လေ… ငါ အဖေမသိအောင် ခိုးခိုးရေးတဲ့ အချစ်ကဗျာလေးတွေကို နင့်ဆီမှာ သိမ်းထားခဲ့တာ… ခုရှိသေးရင်ပြန်ပေးဟာ… ကျောင်းရှေ့ က တရုတ်စကားပွင့်တပွင့်ကို နားကြားထိုးရင်း မြက်ခင်းပြင်က ဖြတ်တိုက်လာတဲ့လေနုအေးကြားထဲမှာ တော်တော်ဆိုးဝါးတဲ့အသံနဲ့  ငါအမြဲဆိုခဲ့တဲ့ ‘မျက်ရည်ဝဲရုံ’ဆိုတဲ့ သီချင်းလေးကို နင်အမြဲသည်းခံနားထောင်ပေးခဲ့တယ်နော်… ပြီးတော့ နင်က ငါ့ကို ရင်ဖွင့်တယ်… ငါကနင့်ကို ရင်ဖွင့်တယ်… ရင်ခုန်သံတွေက တခါတလေ ချိုမြလို့ … တခါတလေ ခါးသက်လို့ … အမှန်ပဲ.. တခါတလေကျတော့ ချိုသလား ခါးသလား ငါတို့  စမ်းတ၀ါးဝါးဖြစ်သေးတာ…

ကြည့်စမ်း.. နင်က မှတ်မိလွန်းလိုက်တာ… ဟုတ်တယ်.. အဲဒီတုန်းက အဖြူပေါ်မှာ အနီရောင် အလုံးလေးတွေပါတဲ့ မြန်မာအကျီင်္ရင်ဖုန်းလေးကို ငါ ခဏခဏ ၀တ်ခဲ့တာ ကြိုက်လွန်းလို့ လေ… အကျီလေး အရောင်ရော့ဟောင်းနွမ်းသွားတဲ့အထိ ငါဝတ်နေတုန်းမို့  နင်တောင် ပြောခဲ့သေးတာနော်… ပြီးတော့ သက်မဲ့ပစ္စည်းတွေတောင် သံယောဇဉ်ဖြတ်ဖို့ ခက်တဲ့ ငါ့ရဲ့ စွဲလန်းမှုပြဿနာကို နင်ပဲ အနားမှာနေ မေ့ပျောက်တတ်အောင် သင်ပေးခဲ့တာ ကျေးဇူးပါဟာ… အခုလား… အင်း.. စွဲလန်းတတ်နေတုန်းပါပဲ… ငါ့ခြေလှမ်းတွေ မညင်သာသလောက် င့ါရင်ခုန်သံတွေက ညင်သာပျော့ပျောင်းလွန်းနေတတ်တာ နင်ကလွဲလို့  သိတဲ့သူက ရှားရှားပါးပါး ပါဟာ… ငါ့စကားသံတွေက ပြတ်သားသလောက် ငါ့နှလုံးသားတွေ မပြတ်သားလိုက်ပုံများ… ငါနဲ့ ငါ အမြဲရန်ဖြစ်ရင်း ငါကပဲ ရှုံးနိမ့်ခဲ့ရတာလေ… ဟေး… ငါ့ကို အဲဒီလို သနားတဲ့ မျက်ဝန်းတွေနဲ့  မကြည့်နဲ့ ဟာ… ငါမနေတတ်ဘူး… ငါ အသားမကျဘူး… လူအများအမြင်မှာ ငါကရဲရင့်ပြတ်သားလွန်းတဲ့မိန်းမဆိုတော့…. အားပေးမှု… ဂရုစိုက်မှုဆိုတာ ရခဲတယ်လေ… လိုရောလိုချင်လို့ လား… ဟုတ်လား… ဂရုစိုက်ခံချင်ကြတာ လူ့ သဘာဝပဲ မဟုတ်လား… နင့်မို့ ပြောတာပါ ငါ့ကို အမြဲဂရုစိုက်တတ်တဲ့ သူငယ်ချင်းရယ်…

အဖေရဲ့စည်းကမ်းတွေကြားထဲမှာ လွတ်လပ်မှုကို ဆာလောင်တဲ့ငါက ကိုယ့်ခြေထောက်ကိုယ်ပေါ်များ ရပ်နိုင်ခဲ့တဲ့နေ့ ကျရင်လို့ … ကြိုတင်စီမံကိန်းတွေချခဲ့တာလေ… တကယ်တော့ ဘ၀ဆိုတာ… လွတ်လပ်မှုကို ရပြန်တော့လဲ ကိုယ့်ကိုကိုယ် ချည်နှောင်မိပြန်တယ်… တခါတခါကျပြန်တော့လဲ ငယ်ငယ်ကလို လသာတဲ့ညတညမှာ အိမ်ရှေ့ ခြံထောင့်က စပယ်ရုံက စပယ်ဖူးလေးတွေကို စိတ်လွတ်ကိုယ်လွတ် ရေချင်နေမိတယ်… လဘက်သုတ်တပွဲနဲ့  စာအုပ်ထူထူတအုပ်ကို မေ့လျော့လို့  ဟိုးအဝေးက လွင့်မျောလာတဲ့ ဂီတာသံလေးကို နားထောင်ရင်း အိပ်ပျော်သွားတဲ့ညတွေ ပြန်လိုချင်တယ်… ပြီးတော့ ဆောင်းမနက်တွေမှာ အေးမြလတ်ဆတ်တဲ့လေကို ရှူရင်း စွယ်တော်ပင်တွေကြားထဲ ပျောက်ကျသွားခဲ့တဲ့ ရင်ခုန်သံတွေကို ပြန်ရှာချင်တယ်… မပြုံးနဲ့ ဟာ… ရူးရတာပျော်စရာပါ…

ဟုတ်တယ်… ငါနေချင်တဲ့ မြို့ ကလေးက မြန်မာရနံ့ တွေသင်းနေခဲ့ဖူးတဲ့ မန္တလေး… ငါငယ်ငယ်က ခဏခဏနင့်ကိုပြောဖူးခဲ့တယ်နော်… စိတ်ကူးနဲ့ ဘ၀ ကမောက်ကမဖြစ်လိုက်ပုံများ… ငါနေနေရတဲ့မြို့ က အတ္တရနံ့ တွေ သင်းနေတဲ့ သူစိမ်းတွေနေတဲ့မြို့ … ဒီလိုပါပဲဟာ… ငါချစ်တဲ့မန္တလေးမြို့ လေးလဲ မြန်မာရနံ့ တွေသင်းရာက ကင်းသထက်ကင်းလာတော့လဲ… ကြိုတင်မှန်းဆ တွက်ချက်လို့ မရတဲ့ အရာတွေကလဲ အများသားဆိုတော့… သူဖြစ်ချင်သလို ဖြစ်နေတာတွေထဲ နေသားကျဖို့ ပဲ လိုတာ မဟုတ်လား… သေချာတာကတော့ အချိန်တန်ရင် င့ါအိမ်ကို ငါပြန်ဖြစ်အောင် ပြန်မှာပါ…

ငါငယ်ငယ်က ဒုက္ခရောက်သူတွေကြား ပြေးရင်းလွှားရင်း သတင်းအမှန်တွေ ရယူတတ်တဲ့ သတင်းထောက် တယောက်ဖြစ်ချင်ခဲ့တာ… လူဆိုတာ ကြီးလေအနှောင်အဖွဲ့ များလေ ပိုကြောက်လေ ထင်ပါရဲ့ဟာ… ခုကျတော့ သိပ်ကြောက်တတ်လာတဲ့ငါ ဘာလို့ များ ငယ်ငယ်က အဲဒီအလုပ်လုပ်ချင်ပါလိမ့်လို့  ကိုယ့်ကိုကိုယ်တွေးမိသေးတာ… အမေကတော့ ငါ့ကို အမြဲပြောတယ်… ညည်းငယ်ငယ်က ကြောက်တတ်တဲ့အရာတွေ အသားကုန်ကြောက်ပြီး မကြောက်တတ်ပြန်တော့လဲ လွန်လွန်းတယ်တဲ့… အေးလေ… ဟုတ်ပါရဲ့… တခါတလေ ငါအစွန်းရောက်ချက်က ပြုတ်ကျတော့ မတတ်ပဲ… ငါ့ရည်ရွယ်ချက်တွေ တည်ငြိမ်သွားတော့ ကျောင်းစွဲကြီးတဲ့ငါ ကျောင်းကြီးမှာပဲ မျိုးဆက်သစ်လေးတွေ မွေးထုတ်ပေးတဲ့ ဆရာမလုပ်ချင်ပြန်ရော… ငါ သတင်းထောက်လဲ မဖြစ်ခဲ့… ဆရာမလဲ မဖြစ်ခဲ့ပါလေ…. ရည်ရွယ်ချက်တွေက အသက်အရွယ်နဲ့ လိုက်ပြီး ပြောင်းလဲတတ်သလား… ခု ငါအာသီသပြင်းနေတာက တို့ တိုင်းပြည်က လိုအပ်နေသူတွေဆီ အရောက်သွားပြီး volunteer လုပ်ဖို့ … ဒီတခါရော ငါ့ရည်ရွယ်ချက်တွေ ပြည့်မလား… ဟုတ်လား… မမေးပါနဲ့ ဟာ… ဆန္ဒနဲ့ ဘ၀ကရော… ရှေ့ သွားနောက်လိုက် ညီတတ်သလား… မှုန်ဝါးဝါးပါပဲ…

တပင်… နှစ်ပင်… ငါးပင်… ဆယ်ပင်… တော်ပြီ… မရေနဲ့ တော့… ငါ့မှာ ဆံပင်ဖြူတွေက များသထက်များလာတာ… ပြီးတော့ မလိုတဲ့အသားတွေ များသထက်များလာတာ… ပျော်သလား… ဟုတ်လား.. နင်မို့ ပေါက်ပေါက်ရှာရှာမေးတတ်တယ်… ဟုတ်ပါတယ်.. ငယ်ငယ်က မလောက်လေး မလောက်စား ကလေးဆန်လွန်းတဲ့ငါ့ရုပ်ကို ငါက သိပ်ရင့်ချင်တာ… လူကြီးပုံလေးဖြစ်ချင်တာ… နင်မှတ်မိနေတယ်နော်… ဇရာဆိုတာ မဖိတ်ခေါ်လဲ ရောက်လာမှာပဲမို့  သိပ်ကြီးတော့ မတုန်လှုပ်ပေမယ့် ပျော်ပျော်ပါးပါးကြီးတော့ မကြိုဆိုချင်တာ အမှန်ပဲ… ဟိုမရောက်ဒီမရောက်ငါက ဆံပင်ဖြူတွေကို တမင်မေ့ထားပြီး ခုထိ အချစ်ဝတ္ထု...အချစ်ရုပ်ရှင်… အချစ်သီချင်းလေးတွေကို ရင်ခုန်နေတုန်းလေ…

သူငယ်ချင်းရေ… ငယ်ဘ၀နဲ့ လက်ရှိဘ၀ ဟိုခုန် ဒီကူးရင်း အဲဒီလို ရောက်တတ်ရာရာတွေ မပြောဖြစ်တာ အတော်ကြာပြီနော်… တို့ ငယ်ငယ်က စာတပုဒ်အကြောင်း ဆွေးနွေးရင်းက အတန်းထဲက ကောင်မလေးအကြောင်းရောက်… အဲဒီကနေ လောကကြီးကို အရွဲ့ တိုက်တတ်တဲ့ ဆရာတယောက် အကြောင်းရောက်.. အဲဒီကနေ ဆွဲဆောင်မှုရှိလွန်းတဲ့ ငါတို့ ကြိုက်တဲ့ မင်းသားအကြောင်းရောက်… ပြီးတော့ မိကောက်ရဲ့ကဗျာတပုဒ်အကြောင်းရောက်… နဲ့  စာတပုဒ်မပြီးခဲ့တဲ့ ညတွေလိုပေါ့နော်… ဘာပဲဖြစ်ဖြစ် ရောက်တတ်ရာရာတွေပြောဖို့  ငါ့မှာ နင်ရှိနေတာကိုက ဘ၀ရဲ့ ကျေနပ်စရာတခုပဲမိုလား…

တန်ခူး

4:44pm 11-Mar-2014

Wednesday, February 19, 2014

နည်းပညာ နှင့် ဆိတ်ကွယ်ရာ



ပုံကို အင်တာနက်မှ ယူပါသည်။

ဒီနေ့ မနက် ရေဒီယိုနားထောင်တော့ ဒဏ်ငွေတွေ အများကြီး သတ်မှတ်ထားတဲ့အထဲကကို ထင်သလို အမှိုက်ပစ်တာကို ဘယ်လိုများ ကာကွယ်နိုင်မလဲဆိုတာ ဆွေးနွေးကြတာ နားထောင်ရပါတယ်…။ အဲဒီထဲမှာ တယောက်က တကယ်လို့ သင်နဲ့ ခင်နေတဲ့ သင့်အိမ်နီးချင်းက အမှိုက်ပစ်နေတာတွေ့ ရင် သင်သက်ဆိုင်ရာကို တိုင်မလားဆိုတဲ့ မေးခွန်းမေးလာပါတယ်…။ သက်ဆိုင်ရာကို တိုင်တာ ဘယ်သူတိုင်လဲဆိုတာ သိသွားရင် အိမ်နီးချင်း အချင်းချင်း မိတ်ပျက်စေတာမို့  သူအမှိုက်ပစ်တာကို ကင်မရာလေးနဲ့  မသိအောင် မှတ်တမ်းတင်ပြီးမှ အမည်မဖော်လိုသူအနေနဲ့  တိုင်မယ်ဆိုတာလေးကို တယောက်က ပြောသွားပါတယ်…။ ခုခေတ်နည်းပညာတွေ တိုးတက်လာတာနဲ့  အမျှ ခလုတ်ကလေး တချက်နှိပ်လိုက်တာနဲ့  ကိုယ့်ရဲ့မကောင်းမှုတွေက ကမ္ဘာကြီးဆီကို ရောက်သွားနိုင်တယ်ဆိုတာ လူတွေ သတိထားဖို့ လိုပါတယ်…။ အမှိုက်ပစ်တယ်ဆိုတာ မကောင်းမှုကျူးလွန်တဲ့အထဲမှာ အနိမ့်ဆုံး အဆင့်လို့ ပြောလို့ ရပေမယ့် ဒီလိုမကောင်းမှုလေးတောင် လူတွေက နည်းပညာသုံးပြီး ကာကွယ်ဖို့  ကြိုးစားနေတဲ့ခေတ်မို့  နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ဆိတ်ကွယ်ရာဆိုတာ မရှိသလောက် ပါးလျလာတာကို တွေးမိသွားပါတယ်…။

ဟိုတနေ့ က သားကျောင်းကို ကိစ္စတခုရှိလို့ သွားတော့ ကျောင်းရုံးခန်းထဲမှာ ထိုင်နေတုန်း ကျောင်းအမှုထမ်း တယောက်က ကလေးတွေကို ဆက်ဆံနေတာ အရမ်းရိုင်းပြတာကို တွေ့ ခဲ့ရပါတယ်…။ မူလတန်းကျောင်းက ၀န်ထမ်းတယောက်အနေနဲ့  ငယ်ရွယ်နုနယ်တဲ့ မူလတန်းကလေးတွေကို အဲလို ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံတာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး…။ လက်ထဲက လက်ကိုင်ဖုန်းကို ခလုတ်နှိပ်ပြီး record လုပ်မယ်အလုပ်မှာ သားဆရာမရောက်လာတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး…။ မိဘတွေ ဆိတ်ကွယ်ရာမှာ ကလေးတွေကို ရိုင်းပြစွာ ဆက်ဆံတဲ့ ၀န်ထမ်းကို နောက်များကြုံရင် ကျွန်မနည်းပညာနဲ့  ပညာပေးဖို့  ၀န်လေးမှာ မဟုတ်ပါဘူး။

ဆိုခဲစေ မြဲစေတဲ့…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်း လေထဲမှာ မပျောက်သွားတဲ့ ခေတ်ပါ…။ ကိုယ့်လက်အောက်ငယ်သားကိုပဲဖြစ်ဖြစ် ကိုယ့်ထက် နိမ့်ကျတဲ့သူကိုပဲ ဖြစ်ဖြစ် လက်လွတ်စပယ် ကိုယ်ချင်းစာတရားမဲ့စွာ ပြောဆိုပစ်လိုက်တာမျိုးက ဟိုးအရင် နည်းပညာတွေ မတိုးတက်တုန်းက ရပေမယ့် ဒီဘက်ခေတ်မှာတော့ မရတော့ပါဘူး…။ ကိုယ်ပြောလိုက်တဲ့ စကားတခွန်းက ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာ အတော်လေး သတိထားရမယ့်ခေတ်ပါ…။ လူတိုင်းလူတိုင်းမှာ နှလုံးသားရှိတာမို့  သူတို့ နာကျင်တာနဲ့ အမျှ နာကျင်မှုကို လူတိုင်းသိအောင် နည်းပညာလက်နက်နဲ့  ထုတ်ပြလို့ ရနေပါပြီ…။ နည်းပညာကြောင့် တဖက်စောင်းနင်းဆိုတာမျိုးတွေ ရှားပါးလာမှာ အမှန်ပါပဲ…။

အိမ်မှာ အိမ်အကူနဲ့ ထားခဲ့ရတဲ့ ကလေးလေးကို အိမ်အကူက မိဘတွေ ဆိတ်ကွယ်ရာမှာ နှိပ်စက်တာကို ဖွက်ထားတဲ့ ကင်မရာလေးနဲ့  ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကျွန်မကြည့်ရတော့ မျက်ရည်ကျမိပါတယ်…။ မူကြိုကလေးကို ပက်ပက်စက်စက် နှိပ်စက်တဲ့ဆရာမရဲ့လုပ်ရပ် ဗွီဒီယိုဖိုင်ကလဲ မိခင်ဖြစ်တဲ့ ကျွန်မနှလုံးသားတွေကို ဆုတ်ခြေနေသလို နာကျင်လွန်းလှပါတယ်…။ လူအိုရုံက မသန်မစွမ်းတော့တဲ့ အမယ်အိုကြီးကို သူနာပြုမက ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ပြီး ကုတင်ပေါ် ၀ုန်းကနဲ ပစ်ချတဲ့အခါ အမယ်အိုရဲ့ညည်းသံကို ကြားရတော့ ကျွန်မမိဘချင်း ကိုယ်ချင်းစာနာပြီး ရင်ထဲမှာ စူးရှနာကျင်မိပါတယ်…။ အလုပ်သွားနေတယ်လို့  အိမ်ကထွက်သွားတာကို ယုံကြည်နေတဲ့ ရိုးသားလွန်းတဲ့ မိန်းမက သူ့ သူငယ်ချင်းရဲ့ ကင်မရာထဲမှတ်တမ်းတင်ထားတဲ့ သူ့ ယောင်္ကျားနဲ့ နောက်သူ့ သူငယ်ချင်းတယောက် တိတ်တိတ်ပုန်းဖောက်ပြန်တဲ့ ဓာတ်ပုံတွေ တွေ့ လိုက်ရတဲ့ အခါ ယုံကြည်မှုတွေ အငွေ့ ပျံယူကျုံးမရဖြစ်တာတွေ့ ပြီး ကျွန်မ နှုတ်ခမ်းတွေ ပြတ်လုပ်မတတ် ဖိကိုက်နာကျင်ခဲ့ဖူးပါတယ်…။ ကလေးလေးကို ကားနဲ့ မတော်တဆ တိုက်မိရာက မသေမရှင်ဆို သက်သေဖြစ် လျော်နေရမှာ ကြောက်လို့  မသေမချင်း အသေတိုက်သတ်တဲ့  မြင်ကွင်းကို အတွေ့ …. လူမဆန်တဲ့ အဲဒီလုပ်ရပ်ကို လုပ်ခဲ့သူတွေ ဘယ်လို လုပ်ခဲ့ကြသလဲတော့ မသိ… ကျွန်မတော့ မကြည့်ရဲလို့  မျက်လုံးတွေ ပိတ်ပစ်ရတဲ့ အထိပါပဲ…။ အဲဒါတွေ တကယ်ဖြစ်ခဲ့တာ… အဲဒီမကောင်းမှုတွေကို သူတို့ က ဆိတ်ကွယ်ရာ ထင်ပြီး အသေအချာကြီးကို ကျူးလွန်ခဲ့ကြတာ…။ တိုးတက်လာတဲ့ နည်းပညာကြောင့် သူတို့ ဆိတ်ကွယ်ရာကနေ တကမ္ဘာလုံး မြင်နိုင်တဲ့ အခြေအနေမျိုးကို လျင်လျင်မြန်မြန်ကို ရောက်လာတာ…။ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာတာ နောင်ဘ၀တောင် မစောင့်ဘူး… ဒီဘ၀တင်ပါ…။

ကိုယ်ချင်းစာတရားတွေ ပါးရှားလာတဲ့ ခေတ်ကြီးမှာ လူတွေက ကိုယ့်အတ္တအတွက် သူများကို ချနင်းဖို့  ၀န်မလေးကြတော့ဘူး…။ မတရားတာကို မတရားမှန်းသိလျက်နဲ့  မြိန်ရေလျက်ရေ ကျုးလွန်လာကြတယ်…။ ကျွန်မတို့ ငယ်ငယ်က အရက်ကို ပုန်းလျိုး ကွက်လျိုး သောက်ကြလို့  အရက်ပုန်းဆိုင်လို့ တောင် နာမည်တွင်တာ ကြားဘူးတယ်…။ ခုခေတ်မှာ အရက်ပုန်းဆိုင်ဆိုတာ ဘယ်လိုမျိုးလဲလို့  မေးရအောင် ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အရက်ဆိုင်တွေ လက်ညှိးထိုးမလွဲ…။ စပွန်ဆာဆိုတာ ခေတ်စားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ငွေအတွက် သာယာမှုအတွက် ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ခြေထောက်နဲ့ နင်းခြေပစ်လိုက်ကြတဲ့ မိန်းခလေးတွေကလဲ များများလာတယ်…။ အရက်ဆိုင်ကို ဆိတ်ကွယ်ရာလို့ ထင်ကြတယ်… နိုက်ကလပ်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်… အင်တာနက်ကို ဆိတ်ကွယ်ရာလို့  ထင်ကြတယ်…။ အဲဒီ ဖောက်ပြန်မှုတွေ ပျော်ပျော်ကြီး ကျင်းပရာ ဆိတ်ကွယ်ရာတွေဟာ နည်းပညာရဲ့ ကျေးဇူးကြောင့် သူတို့ ကိုယ်ကျင့်သိက္ခာတွေကို လှလှကြီးသတ်ပြနိုင်တဲ့ သတ်ကွင်းတွေပါ…။

တကယ်တော့ မကောင်းမှုဆိုတာ ဆိပ်ကွယ်ရာမှာတောင် မကျူးလွန်သင့်ဘူး ဆိုတာ အရွယ်ရောက်တဲ့ သူတိုင်း နားလည်ပြီးသား အခြေခံကျင့်ဝတ်ပါ…။ ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ယဉ်ပါးလာကြတဲ့ ဒီခေတ်ကြီးမှာ အဲဒီအခြေခံလူ့ ကျင့်ဝတ်ကို တမင်မေ့ထားတဲ့ သူတွေအတွက် နည်းပညာဆိုတဲ့ ပညာပေးလက်နက်တခု ပေါ်လာတာ ကျွန်မဖြင့် ၀မ်းသာလို့  မဆုံးပါဘူး…။

လူတိုင်းလူတိုင်း ကိုယ်ချင်းစာတရား မေတ္တာတရား လက်ကိုင်ထားနိုင်ကြပါစေ…။

တန်ခူး

19-Feb-2013 12:56pm

Sunday, January 26, 2014

သတို့ သမီးအရံ



မနေ့ က မကြည့်တာကြာတဲ့ 27 Dresses ရုပ်ရှင်ကားလေး ပြန်ကြည့်ဖြစ်တယ်…။ ရုပ်ရှင်ဆို အဲဒီလို ချစ်စရာကောင်းတဲ့ ဇာတ်ကားနုနုလေးတွေသာ ရွေးကြည့်တတ်တဲ့ကိုယ်က ကိုယ်ကြိုက်တဲ့ကားလေးတွေဆို အလွတ်တောင် ရနေတတ်တာ…။ မင်္ဂလာပွဲတွေကို ငယ်ငယ်ကတည်းက ချစ်တတ်တဲ့ ကောင်မလေး… သတို့ သမီးအရံ ၂၇ခါတောင် လုပ်ခဲ့တဲ့ ကောင်မလေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့…။ ကိုယ်တို့ ဆီမှာတော့ အရံ၃ခါလုပ်ရင် လူပျိုကြီး အပျိုကြီးဖြစ်တတ်တယ်လို့  ပြောကြတာ ကြားဖူးတယ်…။ လူ့ ဘ၀ရဲ့ အကြည်နူးဆုံးအချိန်လို့  ပြောလို့ ရတဲ့ မင်္ဂလာပွဲလေးတွေကို ကိုယ်လဲ ချစ်တယ်…။ အလှဆုံးပြင်ထားတဲ့နတ်သမီးလေးလို သတို့ သမီးလေးတွေကလဲ ကြည့်လို့ မ၀…။ နတ်သမီးလေးဘေးကနေ နတ်သမီးမျက်တောင်တခတ်တောင် အလွတ်မပေးပဲ မြတ်မြတ်နိုးနိုးကြည့်နေတတ်တဲ့ သတို့ သားမျက်ဝန်းတွေလဲ အနူးညံ့ဆုံးအချိန်…။ သတို့ သမီးအရံလေးတွေကလဲ လန်းဆန်းလတ်ဆတ်ပြီး ချစ်စရာ…။ ရောင်စုံပန်းလေးတွေနဲ့ အခင်းအကျင်း… လာသမျှဧည့်သည်တွေကလဲ အရောင်အသွေးစုံ ထည်ထည်ဝါ၀ါ…။ ဘယ်လောက်များ ကြည်နူးစရာကောင်းတဲ့ အချိန်ကာလလေးလဲ…။ ဒါကြောင့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ မင်္ဂလာဆောင်ဖိတ်ရင် ကိုယ်က သွားဖို့ အမြဲတက်ကြွနေတတ်တာ…။

အဲဒီလို မင်္ဂလာဆောင်လေးတွေချစ်တတ်တဲ့ ကိုယ့်ဘ၀မှာ မှတ်မှတ်ရရ တခါပဲ သတို့ သမီးအရံလုပ်ခဲ့ဖူးပါတယ်…။ မင်္ဂလာဆောင်မှာ ပန်းကြဲ၊ ဗန်းကိုင်၊ သတို့ သမီးအရံ အဲဒီလိုလုပ်ဖို့  လာကမ်းလှမ်းတိုင်း ကိုယ်အိမ်ထောင်ပြုမှာ ကြောက်တဲ့အဖေက ကိုယ်အားကျသွားမှာကြောက်လို့  အမြဲတမ်း ငြင်းလွှတ်တတ်ပါတယ်…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းလဲဖြစ် အဲဒီအချိန်ကိုယ်ကိုတိုင်လဲ ဘွဲ့ ရပြီး အဖေသိပ်စိတ်မပူတော့တဲ့အချိန်… ပြီးတော့ မိဘချင်းပါ ရင်းနှီးတော့ ပေါက် မင်္ဂလာဆောင်မှာ ကိုယ့်ကို အရံလုပ်ဖို့  အဖေခွင့်ပြုခဲ့ပါတယ်…။ အဖေ့ခွင့်ပြုချက်ရတော့ ပျော်လိုက်တာ…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ အပျော်ရွင်ဆုံးပွဲမှာ ကိုယ်လဲ ပါဝင်ခွင့်ရတာမိုလား….။ နောက်တခုက ကိုယ်နဲ့ အတူ အရံလုပ်မှာကလဲ ကိုယ့်ချစ်သူငယ်ချင်းဆိုတော့ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲနော်…။ ကိုယ်နဲ့ အရံအတူလုပ်တာက နာမည်ကြီးblogger စုချစ်သူပါ…။ သတို့ သားအရံတွေကတော့ တယောက်က သတို့ သားရဲ့ ကျောင်းနေဖက် သူငယ်ချင်း နောင် နာမည်ကြီး blogger ပန်ဒိုရာရဲ့ ခင်ပွန်း ပန်ဒိုရီဖြစ်လာမယ့်သူဖြစ်ပြီး နောက်တယောက်ကတော့ သတို့ သမီးရဲ့မောင်လေးပါ…။

အဲဒီနေ့ က မိတ်ကပ်ပြင်ဖို့ အတွက် အစောကြီး မင်္ဂလာပွဲရှိရာသွားရပါတယ်…။ မိတ်ကပ်စိုးစိုးက သတို့ သမီးလေးကို ယမင်းရုပ်လေးနဲ့ တူအောင် ပြင်ပေးနေတုန်း ကိုယ်တို့ အရံ၂ယောက်ကိုလဲ သူ့ တပည့်တွေက ပြင်ပေးကြပါတယ်…။ သတို့ သမီးပေါက်က စိုးစိုးမိတ်ကပ်နဲ့ အရမ်းလိုက်ဖက်ပြီး သူ့ နဂိုအလှလေးက ပိုပြီးထင်းသွားတာ ဘွဲ့ ယူတုန်းကတည်းကပါ…။ ဘွဲ့ ယူတုန်းက မိတ်ကပ်လိမ်းတဲ့လူတွေနဲ့ လဲ အတွေ့ အကြုံက သိပ်မရှိ… အဲဒီခေတ်က ဟေမာ့မျက်နှာလှလှလေးကြောင့် စိုးစိုးနာမည်ကြီးနေတဲ့အချိန်လဲဖြစ်… ပြီးတော့ ပေါက်ကိုလိမ်းပေးတာလဲလှဆိုတော့ ကိုယ်လဲပေါက်နဲ့ အတူ စိုးစိုးနဲ့ ပြင်ခဲ့ဖူးပါတယ်…။ ဒါပေမယ့် ထွက်လာတဲ့ရုပ်ကိုကြည့်ပြီး နောက်ဘယ်တော့မှ စိုးစိုးနဲ့ မပြင်တော့ဘူးလို့  ဆုံးဖြတ်မိခဲ့ပါတယ်…။ ကိုယ့်မျက်နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်လို့ ပါ…။ ခုအရံမှာ စိုးစိုးနဲ့ ပြန်တွေ့ ရမယ်ဆိုတော့ နဲနဲတော့ စိုးရိမ်မိပါတယ်…။ ဒါပေမယ့် စိုးစိုးက အရံတွေကို အဓိကမလိမ်းပဲ သူ့ တပည့်တွေလိမ်းတာမို့ ကိုယ့်ရုပ်က စိုးရိမ်သလောက်မဟုတ်ပဲ ကြည့်ပျော်ရှုပျော်ရှိသွားလို့ တော်သေးရဲ့လို့ ဟင်းချနိုင်ပါတယ်…။ သတို့ သမီးဝတ်တဲ့ သခွါးမသီးနဲ့ ပုဇွန်ဆီရောင်လေးကြားက အရောင်နဲ့ လိုက်ဖက်အောင် ကိုယ်တို့ အရံ ၂ယောက်အတွက် ရွှေအိုရောင်ဝမ်းဆက်လေးတွေ ဆင်ပေးပါတယ်…။ ၂ယောက်လုံးကို ဆံထုံးမြင့်မြင့်လေးတွေ ထုံးပေးပြီး သစ်ခွပန်းလေးတွေ ဝေနေအောင် ပန်လိုက်တော့ ဆင်တူဖြစ်နေတဲ့ ကိုယ်တို့ အရံ၂ယောက် သင်္ကြန်ယိမ်းတောင် ကချင်သွားပါတယ်…။ စိုးစိုးရဲ့ အနုပညာလက် ခပ်သွက်သွက်နဲ့  ပြင်ဆင်အပြီးမှာ ကိုယ်တို့ ရဲ့ သတို့ သမီးလေးက နတ်မိမယ်လေးလား ထင်ရောင်မှားအောင် အလှဆုံးဖြစ်လို့ နေတော့တယ်…။ နဂိုက အရပ်ခပ်မြင့်မြင့်နဲ့  ကိုယ်လုံးကိုယ်ပေါက်လှလှလေးကလဲ သတို့ သမီး ၀တ်စုံလေးနဲ့  အရမ်းကို လိုက်ဖက်ပြီး ပြီးပြည့်စုံအောင် လှနေတာမို့  ခေါင်းပေါင်းစတထောင်ထောင်နဲ့ သတို့ သားက ကြည့်မ၀ဖြစ်လို့ နေပါတယ်…။

အထက်မှာပြောခဲ့သလို အရံဆိုတခါမှ မလုပ်ဖူးတဲ့ ကိုယ့်အတွက်တော့ ရွှေအိုရောင် ခပ်တောင့်တောင့် ၀တ်စုံကြားမှာ ယားကျိကျိခံစားရသလို… ဒီလောက်လူအများကြီးကြည့်နေကျတဲ့ပွဲမှာ အမှားအယွင်း တခုခုဖြစ်မှာလဲ စိုးရိမ်စိတ်နဲ့  ကိုယ့်မျက်နှာက တကယ့်မအီမသာဖြစ်နေမှာ သေချာပါတယ်…။ လက်ဝတ်ရတနာ သိပ်ဝါသနာမပါတဲ့ ကိုယ့်အတွက် အမေ့ဆီက ငှားဝတ်လာတဲ့ လက်ဝတ်ရတနာတွေကလဲ ကျများပျောက်သွားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ကတဘက်…။ မဖြစ်သေးပါဘူး…။ အဲဒီစိတ်တွေမေ့… သတို့ သမီးလေးနောက်က ခပ်ပြုံးပြုံးလေးလိုက်လို့  ကိုယ့်ကိုကိုယ် သတိပေးရပါတယ်…။ ပွဲထွက်ခါနီး ကိုယ်တို့ သူငယ်ချင်း သတို့ သမီးအသစ်စက်စက်လေးက အခမ်းအနားမှူးကို “အန်ကယ်… လက်ကိုင်ရမှာလား” လို့  ထ မေးလိုက်တော့ အားလုံး စိတ်လက်ပေါ့ပါးပြီး ရယ်မောနိုင်ကြပါတယ်…။ သတို့ သားအရံပန်ဒိုရီက သတို့ သားကို “ညံ့ပါ့ကွာ” လို့ ကောင်းချီးပေးတော့ ကိုယ်တွေ့ တွေ ပွဲတက်ဝတ်စုံလေးလေးတွေကြားမှာ တဟားဟားရယ်ဖြစ်ကြပါတယ်…။

အခါတော်ပေးတဲ့အခါ ရှေ့ ကခပ်ရွရွလေးလှမ်းနေတဲ့ ချစ်စရာသတို့ သမီးလေး သူငယ်ချင်းပေါက်ကို နှမျောပြီး မျက်ရည်က ၀ဲချင်တင်တင်ဖြစ်နေတုန်း… ကိုယ်တို့ အရံ၂ယောက်ကို ပြုံးဖြီးဖြီးကြီးတွေ ကြည့်နေကြတဲ့ အတန်းထဲက သူငယ်ချင်းတွေအတွေ့  ခွီးကနဲမရယ်မိအောင် သတိထားရပါတယ်…။ သူတို့ ရုပ်ကြီးတွေကြောင့် ငါ့ဆံထုံးများစောင်းနေသလား… ဒါမှမဟုတ် အမြဲမျက်ခုံးမရိတ်တတ်တဲ့ကိုယ့်ကို ခုနက နဲနဲလေးအဖျားလေးကြည့်ကောင်းအောင် ရိတ်လိုက်မယ်နော်ဆိုတဲ့ မာမီ့လက်ချက်ကြောင့် မျက်ခုံးမွှေးများစောင်းနေသလား… ကိုယ့်ကြောကိုယ်မလုံဖြစ်ရပါတယ်… ကိုယ့်သူငယ်ချင်းစုချစ်လဲ ကိုယ့်လို ခံစားရမယ်ဆိုတာ မပြောလဲသိနေတယ်လေ…။ စင်ပေါ်ရောက်တော့မှ သူငယ်ချင်းစုချစ် နံဘေးထိုင်ရင်း နဲနဲစိတ်သက်သာရာရပါတယ်…။ အမြဲတတွတ်တွက်ပြောနေကျ သူငယ်ချင်းတွေမို့  စင်ပေါ်မှာ ငြိမ်ငြိမ်တောင့်တောင့်လေး ထိုင်ပြီး ပြောချင်တဲ့စကားမှန်သမျှ အောင့်ထားရပါတယ်…။

မင်္ဂလာစကားပြော… မင်္ဂလာပန်းကုံးစွတ်… ကိတ်မုန့် လေးတွေ အပြန်အလှန်ကျွေးနဲ့ … သတို့ သားနဲ့ သတို့ သမီးတို့ ရဲ့ လှုပ်ရှားမှုလေးတွေကို စင်ပေါ်က မြင်ရတွေ့ ရတာမို့ … ဒါအရံလုပ်ရခြင်းရဲ့ တပန်းသာမှုလို့  ကိုယ့်ကိုကိုယ်ကျေနပ်နေတုန်း ပြဿနာက စပါတော့တယ်…။ ကိုယ့်လက်ချောင်းလေးတွေ ကိုယ်ပြန်ကြည့်နေမိတုန်း အမေ့ဆီက ငှားလာတဲ့ လက်စွပ်ဆီ အကြည့်အရောက်မှာ မျက်လုံးတွေပြာသွားပါတယ်…။ ဘုရားရေ… အမေ့လက်စွပ်က စိန်တလုံး ဘယ်နားပြုတ်ခဲ့ပါလိမ့်…။ ခုနက လျှောက်လာတဲ့ လျှောက်လမ်းပေါ်မှာလား… ဒါမှမဟုတ် အလှပြင်ကတည်းကလား… ။ လူက သိပ်မငြိမ်တော့ပဲ ကိုယ့်လုံချည်ကို အသာပွတ်ပြီး ရှာမိတယ်…။ စင်ပေါ်မှာ မသိမသာ ဟိုကြည့်ဒီကြည့်ပေါ့…။ တကယ်တော့ လက်စွပ်က စိန်သေးသေးလေးတွေစီပြီး ဘဲဥပုံအ၀ိုင်းလုပ်ထားတာပါ…။ အဲဒီစိန်သေးသေးလေးတလုံး ကျပျောက်တာ ဘယ်လိုရှာလို့ လွယ်ပါ့မလဲ…။ စိတ်လျော့လျော့… ကိုယ့်စိတ်ကို အားပေးနေရင်း… မဖြစ်ဘူး… ရှာကိုရှာရမယ်.. နိုမို့ အမေဆူမှာပေါ့… တဘက်က စိတ်က တမျိုးပေါ်လာပြန်…။ ငါ့နဲ့ ဒါကြောင့် အဲဒီလက်ဝတ်လက်စားတွေ မုန်းတာပေါ့… လှတာကနဲနဲ ရှုပ်တာကများများ… လွတ်လွတ်လပ်လပ်ကိုမရှိဘူး…။ အတွေးတွေနဲ့ ယောက်ယပ်ခပ်နေတုန်း စင်ပေါ်က ဆင်းရပါတယ်…။ သတို့ သမီးသတို့ သားတို့ ဧည့်သည်တွေ တ၀ိုင်းချင်းနှုတ်ဆက်နေတုန်း ကိုယ့်မျက်လုံးတွေက စိန်မွစိနောက်တောက်ကို ကျီးကန်းတောက်မှောက်ရှာနေမိတယ်…။

အဲဒီနောက်လှုပ်ရှားမှုတွေက ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို မသိတော့အောင် လက်စွပ်က ကိုယ့်ကို ဒုက္ခအတော်ပေးပါတယ်…။ သတို့ သားသတို့ သမီးနဲ့ ဓာတ်ပုံတွေရိုက်… သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်.. ကိုယ့်တို့ အရံ၂ယောက်ကို လှောင်နေကြတဲ့သူငယ်ချင်းတွေတောင် သိပ်ရန်ပြန်မထောင်နိုင်…။ နောက်ဆုံးဧည့်သည်ကုန်မှ ရှာရပါတော့တယ်…။ အဲဒီစိန်မွစိလေးကို ပြန်တွေ့ နိုင်ဖို့ ဆိုတာ အတော်ခက်ခဲမှာ သိရက်နဲ့  ချစ်သူငယ်ချင်းစုချစ်နဲ့ သတို့ သားအရံ၂ယောက်ပါ ၀ိုင်းရှာပေးကြပါတယ်…။ ပေါက်အန်တီတချို့ လဲ ၀ိုင်းရှာကြတယ်…။ တွေ့ မယ်လို့ မထင်တော့ … စိတ်လျော့လိုက်ရပါတယ်…။ ကိုယ်အဖြစ်ကို ချစ်သူငယ်ချင်းပေါက်ကတော့ သိရှာမှာမဟုတ်…။ ပေါက်တို့ အိမ်လိုက်… ဆွေမျိုးတွေနဲ့ အတူ ရွှေကြိုးတားနဲ့  သူငယ်ချင်းပေါက်အပျော်တွေပါကူးစက်ပြီး လက်စွပ်ကိစ္စလုံးလုံးကြီး မေ့သွားပါတော့တယ်…။

အိမ်ရောက်တော့ စိန်တလုံးဟောင်းလောင်းနဲ့  အမေ့လက်စွပ်ပြန်ပေးရင်း ဖြစ်ကြောင်းရယ် ကုန်စင်ပြောပြတော့ အမေက အတော်စိတ်မကောင်းဖြစ်သွားပါတယ်…။ သမီးရယ်.. အဲဒီစိန်သေးသေးလေးက ဘယ်လောက်မှ တန်ဖိုးမရှိပါဘူး… ငါ့သမီးမယ် တော်တော် စိတ်ပင်ပန်းသွားတာပဲ ဆိုမှ ဟင်းချနိုင်ပါတော့တယ်… အော်… ငါ့နဲ့  လက်ဝတ်ရတနာတွေနဲ့  ဝေးပုံများ တုံးပုံများလို့ ကိုယ့်ကိုကိုယ် တွေးမိပါတယ်…။ အရံလေးရှားရှားပါးပါး တခါလုပ်ပါတယ်… စိန်တလုံးနဲ့ ပြည့်ပြည့်၀၀ မပျော်နိုင်တာ တွေးမိတိုင်း ပြုံးမိပါတယ်…။

ဘာပဲဖြစ်ဖြစ် ဘ၀မှာ တခါပဲ သတို့ သမီးအရံလုပ်ဖြစ်တဲ့ အဲဒီအချိန်လေးကတော့ မှတ်မှတ်ရရပါပဲ…။ သူများမင်္ဂလာဆောင်တွေမှာ လွတ်လပ်ပေါ့ပါးတဲ့ အရံချောချောလေးတွေတွေ့ တိုင်း ရွှေရောင်ဝတ်စုံနဲ့  မအူမလယ် ကိုယ့်ပုံရိပ်ကို ပြန်မြင်ယောင်မိပါတယ်…။ အနောက်တိုင်းစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်… အိန္ဒိယစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်နဲ့  မင်္ဂလာဆောင် ၂ခုကြား ဗျာများနေပေမယ့် အောင်အောင်မြင်မြင်လှလှပပလေး အရံလုပ်ပေးသွားတဲ့ 27 dresses ထဲက မင်းသမီးလေးလို အရံတွေ အခါခါလုပ်ရရင် ဘယ်လိုများနေမလဲလို့  တွေးမိရင်းပြုံးမိပါတော့တယ်…။ စာဖတ်သူတို့ ရော လူပျိုရံ အပျိုရံ ဘယ်နှစ်ခါလုပ်ဖူးကြသလဲဟင်…။

တန်ခူး

9:40pm 27-Jan-2014

Sunday, January 19, 2014

သားနဲ့  သားကို အနိုင်ကျင့်ကြသူများ



ကျွန်မအိမ်ထောင်မကျခင်ကတည်းက ကြည့်မိတဲ့ တချို့ ရုပ်ရှင်ကားတွေမှာ ( အထူးသဖြင့် နိုင်ငံခြားရုပ်ရှင်ကားတွေ) ကလေးတယောက်ကို တခြားကလေးတယောက် သို့ မဟုတ် အုပ်စုလိုက်က ၀ိုင်းအနိုင်ကျင့်တာခံရတာတွေ့ ရင် ကျွန်မရင်ထဲ အတော်လေးနာနာကျင်ကျင် ခံစားမိပါတယ်… ။ အပြစ်တွေ ကင်းစင်သင့်သလောက် ကင်းစင်သင့်နေသေးတဲ့ ဒီကလေးအရွယ်လေးမှာ ဘာကြောင့်များ သူများကို အနိုင်ကျင့်တတ်တဲ့ မကောင်းတဲ့ စိတ်လေးတွေ ရှိတတ်တာလဲဆိုတာ ကျွန်မစဉ်းစားနေတတ်ခဲ့တဲ့အပြင်… ကိုယ့်ကိုကိုယ် မကာကွယ်တတ်တဲ့ သူများ လုပ်သမျှကြိတ်ခံတတ်တဲ့ ကြောက်ရွံ့ အားငယ်တဲ့ ကလေးတွေကိုလဲ စိတ်ထဲအားမလို အားမရနဲ့  အရမ်းသနားမိပါတယ်…။ အဲဒီအချိန်တုန်းက ဒါဟာရုပ်ရှင်ပါလို့  ကိုယ့်ကိုကိုယ် ဖြေတွေးတွေးပြီး နာကျင်မှုကို ဖြေဖျောက်လို့ ရပေမယ့် ကျွန်မမှာ အဲဒီလို သူများအနိုင်ကျင့်တာကို မကာကွယ်တတ် သူများလုပ်သမျှကြိတ်ခံတတ်တဲ့ သားကလေးတယောက်ရှိလာတဲ့အခါ ကျွန်မရဲ့ နာကျင်မှုက အတော်လေးကို ပြင်းထန်လွန်းပါတယ်…။

ကျွန်မငယ်ငယ်က သူများ အနိုင်ကျင့်တာ ခံခဲ့ရဘူးပါတယ်…။ မှတ်မိသလောက် ပြောရရင် ကျွန်မ မူလတန်းကျောင်းသူအရွယ် လသာ(၂)မှာ နေစဉ်က ကျွန်မအတန်းဖော် ၂ယောက်က သူတို့ ကိုယ် သူတို့  မြန်မာနိုင်ငံရဲ့ ပါဝါအကြီးဆုံးသူရဲ့ မြေးလို့  လိမ်ညာပြောပြီး ခြိမ်းခြောက်တာမို့ ကျွန်မရဲ့မုန့် တွေကို သူတို့ ကို ကြောက်ကြောက်နဲ့  ကျွေးခဲ့ရတဲ့ အဖြစ်အပျက်ရယ်… ကျွန်မတို့ လမ်းထဲက ကစားဖော်က ကစားဖော်မဖြစ်ခင် ကျွန်မကို တမင်သက်သက် ပေးမကစားခဲ့တာရယ်… အတူကစားတော့လဲ ရိုးရိုးသားသားမဟုတ်ပဲ ညစ်နည်းမျိုးစုံနဲ့  အနိုင်ရရုံသက်သက် ကစားခဲ့တာရယ်… အဲဒီအဖြစ်အပျက် ၂ခုပဲ သတိရတာမို့  ငယ်ငယ်က ကျွန်မ သိပ်အနိုင်ကျင့် မခံခဲ့ရဘူးလို့  ပြောလို့ ရပါတယ်…။ ပြီးတော့ ကျွန်မရဲ့ နဂိုသဘာဝက မတရားဘူးထင်ရင် နဲနဲလေးမှ သည်းမခံတတ်တာမို့  ကျွန်မမိဘတွေတောင် မသိလိုက်ပဲ ကျွန်မဘာသာ မတရားတဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်တာလဲ ပါပါတယ်…။ အဲဒီလို သူများအပေါ် မတရားတဲ့ ကိုယ်ချင်းစာတရားမရှိတဲ့ အနိုင်ကျင့်တတ်တဲ့ သူတွေရဲ့ အနိုင်ကျင့်မှုကို လက်မခံတတ်တဲ့ ဇတ်ဇတ်ကြဲကျွန်မရဲ့သားလေးက အနိုင်ကျင့်တတ်သူတို့ ရဲ့ မျက်စိကျစရာဖြစ်လာတဲ့အခါ ကျွန်မအတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်…။

ကျွန်မကိုယ်တိုင် ပြဿနာတွေကို ဖြေရှင်းပြီး သူငယ်ချင်းတွေ အနိုင်ကျင့်တာ ခံရရင်တောင် ကျွန်မကရှေ့ နေလိုက် ဖြေရှင်းတတ်ပေမယ့် သားကိုယ်တိုင် ကြုံလာရတဲ့အခါ ကျွန်မအတွက် အခက်အခဲတွေ အများကြီးဖြစ်လာရပါတယ်…။ အဲဒါကတော့ သားလေးရဲ့ ရိုးသားလွန်းတဲ့ အတွေးအခေါ်နဲ့  ဘာသာတရားရဲ့ အဆုံးအမကို အလေးအနက်ထားတတ်တဲ့ အကျင့်ကောင်းလေးတွေကို ပျက်စီးမသွားစေချင်တဲ့စိတ်က အရင်းခံတာမို့ ပါ…။ မေတ္တာတရားကို အခြေခံပြီး သည်းခံခွင့်လွှတ်တာဟာ အငြိမ်းချမ်းဆုံးလို့  သားကိုငြိမ်းချမ်းစေချင်တဲ့ ကျွန်မဆုံးမခဲ့ပါတယ်…။ ဒါပေမယ့် သားရဲ့ သည်းခံခွင့်လွှတ်တတ်ခြင်းဟာ အနိုင်ကျင့်သူတို့ အတွက် အကောင်းဆုံး ၀င်ပေါက်ဖြစ်လာတဲ့ အခါ ကျွန်မရင်ထဲ အတော်ခံပြင်းမိပါတယ်…။

သားခမျာ ဟိုးကျောင်းနေစ အရွယ် ကတည်းက သူများအနိုင်ကျင့်တာ ခံခဲ့ရတာ ခုထက်ထိပါပဲ…။ ကျွန်မရင်ထဲ တွေးမိတိုင်း နာကျင်နေမိတဲ့ အဖြစ်အပျက်တွေ…။ သားလေး ဒုတိယတန်းမှာ ကျောင်းကို ကျောင်းကားနဲ့  လွှတ်ခဲ့ပါတယ်…။ ပထမတန်းတုန်းက ကျောင်းကားပေါ်မှာ အဖော်တွေနဲ့ ပျော်ပြီး အဆင်ပြေနေခဲ့တာမို့  ဒုတိယတန်းမှာ ဘယ်လို ပြဿနာမျိုးကိုမှ ကျွန်မမျှော်လင့်မထားခဲ့ပါဘူး...။ ဒုတိယတန်းမှာ သားကျောင်းကားပြောင်းသွားတာမို့ သားကျောင်းကားပေါ်က အဖော်တွေလဲ ပြောင်းသွားပါတယ်…။ အဲဒီကျောင်းကားပေါ်မှာ မလေးကလေး၅ယောက်ရယ် တရုတ်ကလေး ၁ယောက်ရယ် သားရယ်ပါပါတယ်…။ မလေးကလေး ၅ယောက်က သားကို ဘာစကားမှမပြောရလို့  ၀ိုင်းအနိုင်ကျင့်ပါတယ်…။ သားက ကလေးပီပီစကားပြောချင်ရင် သူတို့ က ( I don’t want to hear your voice. Shut up your mouth) ဆို အကုန်ဝိုင်းပြီး လက်ညှိးထိုးအနိုင်ကျင့်ကြပါတယ်…။ သားက သူတို့ စကားနားမထောင်လို့  စကားဆက်ပြောရင် ဒီနေ့ ည နင့်အမေနဲ့ အဖေ ခေါင်းပြတ်တဲ့ အိပ်မက်မက်ပါစေ… ဒီနေ့ ည နင်လက်တွေခြေထောက်တွေပြတ်ပြီး မီးတောင်ထိပ်ရောက်တဲ့ အိပ်မက်မက်ပါစေ… လို့ ကျိန်ဆိုကြပါတယ်…။ ညဘက်တွေ အိပ်ခါနီးမှာ အိပ်ဖို့ ကို သားကကြောက်ပြီး အလန့် တကြားငိုတဲ့အခါ ကျွန်မရော သားအဖေပါ စိတ်ပူပြီး သားကို မေးမှ သားက ဇာတ်လမ်းကို ပြောပြတတ်ပါတယ်…။ အဲဒီအခါ ကျွန်မက သားကို သူတို့ နဲ့ ရှောင်ဖို့  မေတ္တာတရားနဲ့  တုန့် ပြန်ဖို့ သာ အကြံပေးခဲ့ပါတယ်…။ ဒါပေမယ့် နေ့ တဓူဝ ကျောင်းကားပေါ်မှာ အနိုင့်ကျင့်တာ ခံရတာကြာတော့ ဒုတိယတန်းကျောင်းသားလေးခမျာ မေတ္တာနဲ့ တုန့် ပြန်ဖို့  အတော်ခက်ခဲလာပြီး သူ့ ဘာသာ သူ့ နည်းနဲ့  ဖြေရှင်းခဲ့ပါတယ်…။ အဲဒါကတော့ သူ့ ကို နေတိုင်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့  ခပ်ရိုင်းရိုင်းဆက်ဆံတတ်တဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ မလေးကလေး၅ယောက်ထဲက တယောက်ကို လက်သီးနဲ့ ထိုးပစ်ခဲ့တာပါပဲ…။ တကယ်တော့ သားက လက်သီးမထိုးတတ်ပါဘူး…။ ဒါကြောင့် သားထိုးတဲ့လက်သီးဟာ လက်ကလေးနဲ့ တွန်းသလောက်တောင် မပြင်းထန်ဘူးဆိုတာ သိနေပေမယ့် ကျောင်းကားပေါ်က ဆင်းတာနဲ့  သားလက်သီးနဲ့  ထိုးပစ်ခဲ့တယ်လို့  ကျွန်မကို တန်းပြောတာကြောင့် ကျွန်မက သားကိုဆူရင်း အထိုးခံရတဲ့ကလေးကို တောင်းပန်စကားဆိုခဲ့ပါတယ်…။ အဲဒီကလေးကလဲ လက်သီးနဲ့ အထိုးခံရသူမဟုတ်သလို လန်းဆန်းတက်ကြွနေပါတယ်…။ အဲဒီအဖြစ်အပျက်ပြီး ၂ရက်ကြာတဲ့အခါ ကျောင်းက စည်းကမ်းကြီးကြပ်သူ ဆရာမက ကျွန်မကို ဖုန်းခေါ်ခဲ့ပါတယ်…။ သားထိုးလိုက်တာမို့  အထိုးခံရတဲ့ကလေးက လက်သီးဒဏ်နဲ့  အတွင်းဒဏ်ရာ ရသွားလို့  ကလေးမိဘတွေက လျော်ကြေးလိုချင်လို့ ပါဆိုပဲ…။ Mental torture တောက်လျှောက် သူတို့ လုပ်လာတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မသိပဲ ပိုက်ဆံညှစ်တဲ့ လုပ်ကြံမှုတခုကို ကျွန်မကိုယ်တိုင်ကြုံလိုက်တဲ့ အခါ ကျွန်မအသားတွေ တဆတ်ဆတ်တုန်တဲ့အထိ ဒေါသထွက်မိပါတယ်…။ ဒုတိယတန်း ခပ်ပိန်ပိန်ကျောင်းသားလေးလက်သီးတချက်က အဲဒီလောက် ပြင်းထန်တယ်ဆိုတာ သဘာဝကျပါသလားလို့  စည်းကမ်းကြီးကြပ်သူဆရာမကို ကျွန်မက ပြန်မေးတဲ့အခါ ကျွန်မဘာဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီး ဒါမျိုးအဖြစ်အပျက်တွေနဲ့  အတော်ယဉ်ပါးနေပုံရတဲ့ ဆရာမက လျော်ကြေးပေးလိုက်ဖို့ ပဲ တိုက်တွန်းပါတယ်…။ သားဖေဖေက မတရားတဲ့ ဒီအဖြစ်အပျက်ကို ရဲတိုင်ဖို့ ထိ စဉ်းစားပေမယ့် သားကလေးငယ်ငယ်လေးကို ရဲကစစ်တာဆေးတာတွေ ဖြစ်လာမှာကို ကျွန်မမလိုလားတာကြောင့် သူတို့ လိုချင်တဲ့ လျော်ကြေးငွေကို ကျွန်မပေးခဲ့ပါတယ်…။ လျော်ကြေးငွေထဲမှာ ကားရပ်နားခ ၂ဒေါ်လာပါ ထည့်ပေါင်းထားတာတွေ့ လို ကျွန်မက ပုခုံးတွန့် ပြုံးတဲ့အခါ ဆရာမက တောင်းပန်တဲ့ မျက်လုံးတွေနဲ့  ကြည့်နေ ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်က ရလိုက်တဲ့ သင်ခန်းစာကတော့ အနိုင်ကျင့်ခံရပြီဆိုတာနဲ့  ဆရာမကို အသိပေးသင့်တယ်ဆိုတာပါ…။ တကယ်လို့  ဆရာမကို အသိပေးခဲ့ရင် သူတို့ ဘက်က ရပ်ကောင်းရပ်ရင် ဒီအခြေအနေတွေထိ မရောက်နိုင်ဘူးပေါ့…။ ကျွန်မကလဲ ကလေးတွေ မေ့လွယ်ပျောက်လွယ် အဲလောက်ထိ ကြံစည်မယ်မထင်ပဲ လျော့ တွက်ခဲ့မိတာကိုး။ တဘက်က အဲဒီလောက် ဆိုးဝါးမယ်လို့ မထင် လျော့ တွက်ခဲ့မိလေတော့ သားကို ကျောင်းကားမပြောင်းပေးပဲ ဒီလိုလူမျိုးတွေကို ရှောင်တတ်အောင်ဆိုတဲ့ ကျွန်မရည်ရွယ်ချက်ဟာ အဆုံးမှာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်…။

သားက မိုးခြိမ်းတာကို အလွန်ကြောက်တတ်ပါတယ်…။ မိုးကြိုးပစ်မှာကိုလဲ စိုးရိမ်တတ်သူပါ…။ ကျောင်းမှာ မိုးတွေခြိမ်းရင် သူရတဲ့ ဘုရားစာတွေ ရွတ်နေတတ်သူပါ…။ သားဘုရားစာတိုးတိုးလေး ရွတ်နေတာကို တွေ့ တဲ့ သားသူငယ်ချင်းကောင်လေးက မင်းဘာလုပ်တာလဲလို့ မေးတဲ့အခါ သားက ဘုရားစာရွတ်နေတာလို့  ဖြေခဲ့ပါတယ်…။ အဲဒီအခါ ကောင်လေးက မင်းဘာသာကဘာလဲ… မင်းတို့ ဘုရားက လိမ်နေတာပဲလို့ … သားကို ခပ်ရိုင်းရိုင်းပြောတဲ့အခါ ဘာသာတရားကို စိတ်ဝင်စား ရိုသေတဲ့သား ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး…။ သားက အဲဒီအဖြစ်အပျက်ကို ကျွန်မကိုပြောပြတဲ့အခါ ကျွန်မက သားကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပေးခဲ့ပါတယ်…။ မင်းနဲ့ ငါ ဘာသာတရားအကြောင်း မဆွေးနွေးဘူး… မင်းလဲ မင်းယုံကြည်ရာကိုးကွယ်… ငါလဲ ငါယုံကြည်ရာကိုးကွယ်တာပဲလို့  ပြန်ပြောရတယ်လို့  သားကို အကြံပေးခဲ့ပါတယ်…။ သားက ကျွန်မအကြံပေးတဲ့အတိုင်း ပြောတဲ့အခါ အဲဒီကလေးက လက်မခံပဲ ဆက်ဆက်ပြောပါတယ်…။ သားက မခံချင်လေ ဆက်ပြောလေပါ…။ အဲဒီဇာတ်လမ်းကို နေ့ တိုင်းကြားလာတော့ ခဲမှန်ဘူးတဲ့ စာသူငယ်ကျွန်မ သတိထားရပါပြီ…။ မင်းငါ့ဘာသာကို ဆက်မကောင်းပြောနေရင် ငါဆရာမနဲ့ တိုင်မယ်လို့  ပြော… တကယ်လို့ ဆက်လုပ်နေရင် ဆရာမနဲ့ သွားသာတိုင်တော့ သားရေလို့ သားကို နောက်ထပ် အကြံသစ်ပေးတော့ သားက ကျွန်မအကြံအတိုင်း လုပ်ပါတယ်…။ ဆရာမကို တိုင်လေ့တိုင်ထမရှိတဲ့ သားစကားကို ဂရုမစိုက်ပဲ ဆက်ပြောနေတဲ့အခါ သားက နေရာကထပြီး ဆရာမကို သွားတိုင်မလို့ လုပ်တော့မှ ဟေ့ကောင်… ဆရာမကို မတိုင်ပါနဲ့ ကွာ… ငါကမင်းဘာသာတရားကို ဘယ်လောက်လေးစားလဲ စမ်းသပ်ကြည့်တာပါတဲ့… ကဲ… အဲဒါဟာ ဒုတိယတန်းကျောင်းသားလေးတယောက်တဲ့လား…။ ကျောင်းကပြန်လာတော့ အမြဲတမ်း အရိုးခံတွေးတဲ့သားက ၀မ်းသာအားရနဲ့ ကျွန်မကို ပြန်ပြောပြပါတယ်…။ ပြုံးပြုံးရွှင်ရွှင်နဲ့  သူ့ သူငယ်ချင်းကို ယုံသွားတဲ့သားလေးကို ကျွန်မ ဘယ်လို စကားလုံးတွေနဲ့  ရှင်းပြရမှန်းမသိခဲ့ပါဘူး…။ အဲဒီကောင်လေးကပဲ သားကို သူခိုးပုလိပ်တမ်းကစားတဲ့အခါ သူ့ အမိန့် နဲ့  ကစားထောင်ထဲမှာ ချထားခဲ့ပါတယ်…။ တညနေ သားက ကျွန်မကို ငါးပြားပေးဖို့ တောင်းတော့ ဘာလုပ်ဖို့ လဲမေးတဲ့အခါ သားထောင်ကျနေတာ ၃ရက်လောက်ရှိပြီ… ငါးပြားပေးမှ လွှတ်မယ်ဆိုလို့ လို့  သားကရှင်းပြပါတယ်…။ သားက အဲဒီကောင်လေး မတရားထုတ်ထားတဲ့ ကစားဥပေဒေကို နာခံနေလိုက်တာ… ငါးပြားတောင်ပေးဦးမတဲ့…။ အဲဒီအခါ ကျွန်မသားကို အဲဒီကောင်လေးနဲ့  မကစားဖို့  အဲဒီကလေးဟာ သားအတွက် ဘယ်လိုမှ သူငယ်ချင်းကောင်းမဖြစ်နိုင်ဘူးရှင်းပြရပါတယ်…။ သားတတိယတန်းအရောက်မှာ အဲဒီကောင်လေးက သားနဲ့ တန်းခွဲမတူတော့တာမို့  စိတ်အေးရပြီထင်တာ ကံမကောင်းစွာ ကျောင်းကားတူပြန်တော့တယ်…။ သားကို သူ့ ကို သတိထားဖို့ သတိပေးရင်းက တနေ့ မှာ သားခမျာ ဘာမှ မလုပ် ဘာမှမပြောပဲ အဲဒီကောင်လေးရဲ့ အဆင့်ဆင့် ရင်ဘတ်ကို လက်သီးနဲ့ ထိုးတာကို ခံခဲ့ရပါတယ်…။ တကြိမ်မဟုတ်ပဲ အကြိမ်ကြိမ်ထိုးပြီး ငါအရမ်းနာပြီး အသက်ရှုလို့ မ၀တော့လို့ ပါကွာဆို သားတောင်းပန်မှ ဟိုကောင်လေးက ရပ်ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်ကို သားကျွန်မကို မပြောပြခဲ့ပါဘူး။ သူ့ အမက သူ့ ကို ရေချိုးပေးတော့ ရင်ဘတ်ကနာတယ်လို့ ပြောမှ ဘာဖြစ်တာလဲ မေးမှပြောပြခဲ့ပါတယ်…။ ကိုယ့်ကို သူများက လက်သီးနဲ့ အဆင့်ဆင့်ထိုးတာတောင် ဘာမှ ပြန်မခုခံခဲ့တဲ့သားကို ကျွန်မအတော်လေးကို အားမလို အားမရလဲဖြစ် စိတ်မကောင်းလဲဖြစ်မိပါတယ်…။ တကယ်တော့ ပထမအဖြစ်အပျက်ကတည်းက ပြဿနာကို လက်နဲ့ မဖြေရှင်းရဘူးလို့  ဆုံးမခဲ့တဲ့ကျွန်မစကားကို သားက နားထောင်ခဲ့တာပါ…။ အဲဒီကောင်လေးစိတ်ထဲ သားကို ဒီလို အနိုင်ကျင့်လို့ ရတယ်ဆို ဆက်အနိုင်ကျင့်မှာ စိုးရိမ်တာနဲ့  ကျွန်မနဲ့ သူ့ အဖေ ဆရာမကို တိုင်ခဲ့ပါတယ်…။ ဆရာမက သူ့ မိဘတွေကို တိုင်ခဲ့ပြီး ပြဿာနာက ရပ်သွားခဲ့ပါတယ်…။

သားရဲ့ ယုံလွယ်တတ်တဲ့ သူများလှည့်ကွက်တွေကို နားမလည်လောက်အောင် မပါးနပ်တဲ့ အားနည်းချက်တွေကို ဆရာဆရာမတွေပါ သိလာတော့ သားကို ကူညီကြပါတယ်…။ တတိယတန်းတုန်းက သားတို့  မလေးရွာကို လေ့လာရေးခရီးထွက်တုန်း သားနှစ်သက်တဲ့ ကစားစရာလေး ၂ခု ၀ယ်ခဲ့ပါတယ်…။ အပြန်လမ်းမှာ သားက သူ့ ကစားစရာလေးတွေနဲ့  ပျော်နေတုန်း တခြားကလေးတယောက်က သားကစားစရာတခုကို ရေမွှေးပုလင်းနဲ့  လဲဖို့ ပြောပြီး မလဲရင် သားကို သူငယ်ချင်းအဖြစ်က ရပ်မယ်လို့ ခြိမ်းခြောက်ပါတယ်…။ သားခမျာ သူမြတ်နိုးတဲ့ ကစားစရာလေးကို သူငယ်ချင်းဆုံးမှာကြောက်လို့  လဲပေးခဲ့ပြီး အိမ်ရောက်တော့ ငိုပါတယ်…။ သားပစ္စည်းကို သားလဲခြင်းမလဲခြင်းဟာ သားရဲ့အခွင့်အရေးဖြစ်ကြောင်း သားကှိုရှင်းပြရပါတယ်…။ အဲဒီကလေးကပဲ ခု လေးတန်းနှစ်မှာ စာရွက်ပေါ် ကာလာစုံနဲ့  ထုတ်ထားတဲ့ ပုံလေးတွေကို ၁ဒေါ်လာနဲ့ ရောင်းပါတယ်…။ သားက ၂ဒေါ်လာပေးတဲ့အခါ ပြန်မအမ်းနိုင်ဘူးဆိုပြီး မကောင်းတဲ့ နောက်တပုံကို ပေးပါတယ်…။ သားကတော့ သူပြုသမျှနုပြီး ပြန်လာခဲ့ပေမယ့် ဘယ်လိုမှ ၁ဒေါ်လာမတန်တဲ့ ပုံတပုံနဲ့  သားညာချခံလိုက်ရတာကို ကျွန်မ အတော် ကသိကအောက်ဖြစ်မိပါတယ်…။ ဈေးဆိုတာ ဆစ်လို့ ရကြောင်းနဲ့  ပစ္စည်းတခုမှ သူ့ တန်ရာတန်ကြေးရှိကြောင်း သားကို ရှင်းပြခဲ့ပါတယ်…။ သားကျေနပ်လို့  သားဝယ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ကျွန်မသည်းခံလို့ ရပေမယ့် နောက်အဖြစ်အပျက်ကတော့ တဆိတ်လွန်လွန်းတာမို့ ကျွန်မရဲ့ သည်းခံနိုင်မှု အင်အားတွေ ကုန်ခမ်းကုန်ပါတယ်…။ အဲဒီကလေးပါပဲ… သားဆီက ခဲဖျက်ငှားပြီး သားက ပြန်တောင်းတဲ့အခါ သူ့ ခဲဖျက်လို့ လိမ်ညာပြီး အနိုင်ယူသွားပါတယ်…။ ဒီတခါတော့ သားအညာခံရတယ် အနိုင်ကျင့်ခံရတယ်ဆိုတာ အသေအချာသိလိုက်တာမို့  အိမ်ရောက်တော့ သူ့ အမကို ငိုပြီးပြောပါတယ်….။ ဒါပေမယ့် သားဆရာမကို ထုံးစံအတိုင်း မတိုင်ခဲ့ပါဘူး။ သားက သူ့ သူငယ်ချင်းကို ဆရာမဆူပြီး သူ့ ကို မုန်းသွားမှာ စိုးရိမ်သူမို့ ပါ…။ အရင်ကလို အလားတူအဖြစ်တွေ မဖြစ်ဖို့  ကျွန်မဆရာမကို အကြောင်းကြားရပါတယ်…။ သားကိုလဲ အဲဒီကလေးနဲ့  အတူမထိုင်ဖို့  သင်ကြားပေးတဲ့အခါ သားက လိုလိုချင်ချင် လက်ခံပါတယ်…။

သားလေးကို အနိုင်ကျင့်တတ်တဲ့ နောက်သူငယ်ချင်းတယောက်ကတော့ သားခမျာ သူ့ သူငယ်ချင်းအရင်းလို့  ယုံယုံကြည်ကြည်ချစ်တဲ့သူမို့  အနိုင်ကျင့်တာတွေကို နားလည်လာတဲ့အခါ သားအတော်ကို ခံစားခဲ့ရတာ သားရဲ့စိတ်နုနုလေးမှာ စိတ်ကျရောဂါလို ဖြစ်သွားတဲ့အထိပါပဲ။ အဲဒီကလေးက သားကို ဘယ်လောက်များ သစ္စာမရှိ အနိုင်ကျင့်လိုက်သလဲဆိုရင် စိန်ပြေးတမ်းကစားတဲ့အခါ သားကို အမြဲလိုက်သူဖြစ်အောင် တခြားသူတွေလိုက်ကလှည့်မှာပါ သူက တခြားလူဘက်က လိုက်ပေးပါတယ်…။ ရိုးအလွန်းတဲ့သားကတော့ သူအမြဲလိုက်နေရတဲ့ အဖြစ်နဲ့  သူ့ သူငယ်ချင်းရဲ့ သစ္စာမရှိမှုကို သတိမထားမိပဲပျော်နေခဲ့တာပါ။ အဲဒါကို သားအဖေသတိထားမိတော့ သားအဖေအတော် ဒေါသထွက်ပြီး သားကို ဆက်မကစားခိုင်းတော့ပါဘူး။ အဲဒီကလေးကပဲ ကလေး၃ယောက်ရှိရင် ငယ်ငယ်ရွယ်ရွယ်နဲ့  အုပ်စုခွဲတတ်ပြီး တခြားကလေးတယောက်ကို သူ့ ဘက်ပါအောင် သွေးထိုးတတ်ပါတယ်…။ သားတယောက်ထဲ ဖြစ်အောင် သက်သက်ချန်ထားခဲ့တာတွေ များတဲ့အခါ သားမျက်ရည်ကျပြီး သူ့ သူငယ်ချင်းရဲ့ ရက်စက်မှုကို ခံစားခဲ့ပါတယ်…။ သားမြတ်မြတ်နိုးနိုးလုပ်ထားတဲ့ အရုပ်လေးတွေကို ဖျက်ဆီးလားဖျက်ဆီးရဲ့… သားမလုပ်ချင်တဲ့အလုပ်ကို မင်းမလုပ်ရင် မင်းနဲ့ ငါသူငယ်ချင်းမလုပ်တော့ဘူးဆို ခြိမ်းခြောက်ပြီး လုပ်ခိုင်းလား လုပ်ခိုင်းရဲ့… ကစားကြတဲ့အခါ တခြားလူတွေကျ အခွင့်အရေးအပြည့်အ၀ပေးပြီး သားကို အခွင့်အရေးတွေ လျှော့ချလား လျှော့ချရဲ့… သားကချစ်သလောက် သားကိုချည်းရည်ရွယ်တိုက်ခိုက်တာတွေ များလာတော့ သားခမျာ အတော်ခံစားပြီး သူနဲ့ တွေ တိုင်းငိုနေရပါတယ်…။ ကျွန်မက သားကို ကိုယ့်အပေါ်ကောင်းတဲ့သူ ဖြစ်ဖြစ် ကိုယ့်အပေါ်ဆိုးတဲ့သူဖြစ်ဖြစ် အဲလောက်ထိ စိတ်ထိခိုက်အောင် မခံစားတတ်ဖို့  လေ့ကျင့်ပေးရင်း အကွက်ချအနိုင်ကျင့်မှုတွေကို ရှောင်တတ်အောင်လဲ သင်ပြပေးပါတယ်…။ သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုလူမျိုးဆိုတာ ကျွန်မအတွေ့ အကြုံနဲ့  သားကို ရှင်းပြပေးပါတယ်…။

ဘယ်အရွယ်ထိများ သားမှာ ဒီလို အနိုင်ကျင့်တတ်သူတွေနဲ့  ဆုံနေဦးမှာလဲ…။ ဘယ်အရွယ်မှာများ သားကိုယ့်ကိုကိုယ် ကာကွယ်တတ်လာမလဲ…။ ဘယ်အရွယ်ထိများ သားအယုံလွယ် ရိုးအနေဦးမလဲ…။ ဒီလောကကြီးထဲမှာ သူတော်ကောင်းတွေချည်းမဟုတ်ပဲ ကောက်ကျစ်စဉ်းလဲသူတွေရှိသေးတယ်ဆိုတာ ကျွန်မသားကို သတိပေးရပြီ…။ သူငယ်ချင်းကောင်းနဲ့  သူငယ်ချင်းဆိုး ဘယ်လို ခွဲခြားရမလဲဆိုတာ သားကို ခွဲခြားပြရပြီ။ မကောင်းသူတွေနဲ့ ကြုံရင် သူတို့ ဆီက အနိုင်ကျင့်မှုကို ကိုယ်ခံစားရသလို ကိုယ်ကိုယ်တိုင်လဲ သူများကို ကိုယ်ချင်းစာပြီး အနိုင်မကျင့်တတ်ဖို့  ကျွန်မသင်ပြရပြီ။ ကျောင်းမှာ ကျောင်းစည်းကမ်း၊ ကျောင်းဥပေဒေ… နေရာတိုင်းမှာ ဥပဒေတွေနဲ့  အနိုင်ကျင့်မှုတွေကို ကြိတ်မခံစေအောင် မတရားမှုကို ခေါင်းငုံမခံအောင် သားကို လမ်းပြရပြီ…။ သားထင်ခဲ့တဲ့ ကမ္ဘာလေးက ကျွန်မငယ်ငယ်က ပြောပြခဲ့တဲ့ ပုံပြင်ထဲကလို မေတ္တာတရားတွေချည်း လွှမ်းခြုံထားတဲ့သူတွေ သက်သက်နေကြတာမဟုတ်ဘူးလို့  စိတ်မကောင်းစွာနဲ့ ပဲ ကျွန်မစခဲ့တဲ့ ဇာတ်လမ်း ကျွန်မတာဝန်ယူရပြီ။ ကြီးနိုင်ငယ်ညှင်းဆိုတာ လောကကြီးမှာ မရှိအောင် ကြိုးစားရမယ်သားရဲ့လို့  တက်တက်ကြွကြွ ပြောပြခဲ့တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ဟာ လက်တွေ့ ကျမကျ ကျွန်မကပဲ သားကို ၀န်ခံရပြီ...။ အနိုင်ကျင့်တတ်မှုတွေဟာ အသက်အရွယ်နဲ့ အမျှ ပုံစံပြောင်းသွားတတ်ကြပြီး ဘယ်နေရာ ဘယ်ဒေသမှာ မဆိုရှိနေတတ်တယ်ဆိုတာ သားကို ကြိုပြောရပြီ…။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေဖို့  မကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံရစေဖို့  သားကို သွန်သင်ရပြီ…။ တချိန်ကျရင်တော့… သားဘေးက အနိုင်ကျင့်သူတွေကို သားရဲ့ ခါးသက်တဲ့ အတွေ့ အကြုံနဲ့ စစ်ထုတ်ပြီး သားကို သစ္စာရှိတဲ့ သူငယ်ချင်းစစ်စစ်တွေနဲ့  လုံခြုံငြိမ်းချမ်းတဲ့ဘ၀လေးကို သားရကို ရရမှာပါလို့  သားကို အားပေးရင်း သားရဲ့ ဓာတ်ခံအကောင်းစိတ်လေးတွေ မပျက်စီးအောင် ကျွန်မ နေ့ တိုင်းကြိုးစားအားထုတ်နေမိတော့တယ်…။

သားလေး အနိုင်ကျင့်ခံရမှုမှ လွတ်မြောက်ပါစေ…။

တန်ခူး

19-Jan-2014 10:30pm