Monday, September 29, 2008

ဖိုးရွှေလိပ်ကလေး


သားက ပေါင်ချိန်စက်ပေါ် ဟန်ကျကျ တက်ပြီး လူကြီးတွေ ချိန်သလို ဒိုင်ခွက်ကို ငုံ့ ကြည့်သည်။ ဒီအထိ ကျွန်မရော သူ့ အဖေပါ သူဘာလုပ်မလဲ စိတ်ဝင်စားစွာ စောင့်ကြည့်မိသည်။ ပြီးမှ သူထမေးလိုက်တဲ့ မမျှော်လင့်တဲ့မေးခွန်းကြောင့် ကျွန်မတို့ ရယ်မိကြသည်။ ဒိုင်ခွက်ကို ကြည့်ပြီး မေးသည့် မေးခွန်းက “မေမေ့  ဘယ်နှစ်နာရီ ထိုးပြီလဲ” တဲ့။ လက်တံပါသည့် ဒိုင်ခွက်မှန် သမျှက နာရီတမျိုးထဲ မဟုတ်ကြောင်း ရှင်းပြတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ နားတော့ ထောင်သည်။ နားလည်သလားတော့မသိ။

သားက သူနဲ့  ရွယ်တူကလေးတွေနဲ့  စာရင် ပတ်ဝန်းကျင် လေ့လာမှု နှေးကွေးသည်။ သူစိတ်ဝင်စားတာကို တစိုက်မက်မက် လုပ်နေပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေတတ်တာက သူ့ အဖေအတိုင်း။ ပထမတော့ ကျွန်မတို့ စိတ်ပူမိသေးသည်။ မေးခွန်းမေးလဲ သူဖြေချင်မှ ဖြေတတ်သည်။ ယောင်္ကျားလေး သဘာဝက ဒီလိုပဲ ဆိုမှ စိတ်ပူသက်သာရသည်။ သူ့ နဲ့ နှစ်တူမွေးသည့် မိန်းကလေးတွေက “ဖေဖေနဲ့ မေမေ ဘယ်သူ့ ပိုချစ်လဲ” ဆို အဖေရှေ့ ကျ ဖေဖေ၊ အမေရှေ့ ကျ အမေလို့  ချွဲတတ်နားလည်တတ်နေချိန်မှာ သားကို အဲဒီမေးခွန်းမေးရင် “ဖေဖေချစ်ချစ်၊ မေမေချစ်ချစ်” လို့ ပဲ ဖြေတတ်သည်။ အဲလောက် နှေးကွေးသည့် ဖိုးရွှေလိပ်လေးပါ။

ခုတော့ ဖိုးရွှေလိပ်လေး အိပဲ့အိပဲ့ နဲ့  ခရီးအတော်ရောက်လာခဲ့ပြီ။ အကြောင်းနဲ့ အကျိုး၊ အပေးနဲ့ အယူတွေ ဖြေးဖြေးချင်း နားလည်လာတော့ ကျွန်မတို့  နဲနဲသက်သာလာသည်။ ဆိုဖါပေါ်က ခုန်ခုန်ချပြီး ကစားတတ်သည့် သူ့ ကို “ဆိုဖာပေါ်က ခုန်ချရင် သားသွားတွေ ကျိုးကုန်မှာပေါ့” လို့  ကျွန်မခြောက်တာ ကြောက်တတ်လာခဲ့ပြီ။ နောက်တခါ မေ့တေ့တေ့ရှိရင် “သား ဆိုဖာပေါ်က ခုန်ချရင် ဘာဖြစ်မလဲ” လို့  သတိပေးလိုက် ကျွန်မဘေးကို ငြိမ်ငြိမ်လေး လာထိုင်ပြီး “ဆိုဖာပေါ်က ခုန်ချတော့ဘူး… သားသား သွားတွေ ကျိုးလိမ့်မယ်” လို့  ပြန်ရှင်းပြတတ်သည်။ တခါပြောလျှင် အမြဲစွဲအောင် မှတ်ထားသည့် ဥာဏ်ကတော့ အလွန်ကောင်းသည်။

တခုခု စိတ်ဝင်စားမိလျှင် အသဲအမဲ လုပ်တတ်သည့် သားက အီးအီးပါ၊ ရှုးပေါက်ဖို့ အလွန်ပျင်းတတ်သည်။ ဘယ်လို သင်ပေးပေး မရတော့ ကျွန်မတို့  အခက်တွေ့ ရသည်။ ဒီတော့ ကျွန်မနဲ့ ခင်ပွန်း နည်းလမ်းရှာရတော့သည်။ သားက အသန့် အပြန့် အလွန်ကြိုက်သည်။ သူ့ ကိုယ်ပေါ်မှာ တခုခု ပေကျံသွားတာနဲ့  တစ်ရှုးနဲ့  သုတ်မယ်လို့  အော်နေတတ်သည်။ ရေချိုးဖို့ ပျင်းရိနေလျှင် “ဟင်… သားသား တကိုယ်လုံး မဲတူးချိတ်နေတာပဲ” လို့ သာပြောလိုက် ချက်ချင်းထပြီး “သားသား အသားရောင်ဖြစ်အောင် ရေချိုးမယ်” ဖြစ်ရော။ ဒီတော့ ဒီနည်းကို ပဲ ပြန်သုံးဖို့ ကြိုးစားတာ အောင်မြင်သွားသည်။ သူ့ အဖေက “သားသား အီးအီးပါပဲ အောင့်ထားရင် သွားကြီးတွေ နှုတ်ခမ်းကြီးတွေ မဲမဲကြီးဖြစ်သွားလိမ့်မယ်” ဆိုတော့ သူယုံသွားသည်။ “မေမေ သားသား ရှုးပေါက်မယ်… သားသား ရှုးတွေ အောင့်ထားရင် သွားကြီးမဲမဲဖြစ်” လို့ အီးပါ ရှုးပေါက်တိုင်း ပြောတတ်တော့ ကျွန်မတို့  နှစ်ယောက် သူမမြင်အောင် လက်မထောင်မိသည်။ အောင်မြင်တယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ခံမလဲတော့ မသိ။

ဟိုတခါ အိပ်ဖို့ ကို ကောင်းကင်အရောင်နဲ့  သိပ်တဲ့နည်းကတော့ သိပ်မခံလိုက်။ ခုဆို ညရောက်လို့  အိပ်ဖို့  ပြောမရရင် “သားသားရေ… ကောင်းကင်ကြီးဘာရောင်” လို့  မေးလိုက် “အပြာရောင်” လို့  လူလည်ကျပြီး ပြောတတ်လာသည်။ သားက နှေးတော့ သူ့ တိုးတက်လာသည့် ခြေလှမ်းလေးတွေက မြင်သာသည်။ ဒီခြေလှမ်းလေးတွေကို စောင့်ကြည့်ရတာပဲ ကြည်နူးခြင်း တမျိုးပင်။

အပေးအယူက အတော်လေး သဘောပေါက်လာသည်။ ညဖက်သိပ်ရင် သူ့ ဘက်ကို အဖေရော အမေရော လှည့်နေမှ ကြိုက်သည်။ ခေါင်းကြီးကို အတင်းဆွဲဆွဲ လှည့်တဲ့ အမူအရာကို ပြင်ချင်တော့ “မေမေ ဒီဘက်ကို လှည့်ပါ ခင်ဗျ” လို့  ပြောမှ လှည့်မယ်လို့  အပေးအယူ လုပ်ရသည်။ ခုဆို ညကြီးသန်းခေါင် တရေးနိုးလို့  အဖေအမေက တဘက်လှည့်အိပ်ရင်တောင် “ဖေဖေ ဒီဘက်လှည့်ပါ ခင်ဗျ” လို့  ထထတောင်းဆိုတတ်လို့  ကျွန်မတို့  အိပ်ချင်မူးတူးနဲ့  တခွိခွိ ရယ်မိသည်။ ကွန်ပြူတာကစားနေလို့  တခုခု အကူအညီလိုရင်လဲ “ဖေဖေ လာပါ ခင်ဗျ” လို့  ယဉ်ယဉ်ကျေးကျေး ခေါ်ခိုင်းတော့ အတော်ကို ဟုတ်နေသည်။ ခါတိုင်းက အဖေကို ချီချီခိုင်းတတ်တာလဲ ပျောက်ပြီ။ “သားချီခိုင်းရင် အိမ်မှာနေခဲ့ မလိုက်ခဲ့နဲ့ ” ဆို နားလည်ပြီး လမ်းလျှောက်သည်။

အဖေ၊အမေနဲ့ က ပိတ်ရက်နဲ့  ညနေပိုင်းမှ တွေ့ ရတော့ တွေ့ ရချိန်လေး အဖေ၊အမေ ပျောက်သွားမှာ အလွန်ကြောက်တတ်တာ သနားစရာကောင်းသည်။ တခါတလေ သူ့ အဖေက ပိတ်ရက်တွေ အရေးပေါ် အလုပ်ရှိလို့ သွားရလျှင် မျက်နှာမကောင်း။ ဒီတော့ သူ အိပ်ရာနိုးပြီး သူ့ အဖေ မနိုးသေးလျှင် အိပ်ခန်းတံခါးကို သွားသွားချောင်းရသည်။ သူမသိအောင် သူ့ အဖေ ထွက်သွားမှာ စိုးလို့ ။ ကျွန်မတို့ ကလဲ ဒီအခွင့်အရေးလေး အသုံးချပြီး သူ့ ကို ဆုံးမရသည်။ “သားသား အဲလို ဆိုးရင် ဖေဖေရုံးသွားမှာနော်” ဆိုရင် ချက်ချင်း လိမ္မာသွားတတ်သည်။

လွန်ခဲ့တဲ့ လေးလ လောက်က စာရေးပျင်းတဲ့ သားကြောင့် ကျွန်မ အတော် ဦးနှောက်ခြောက်ခဲ့ရသည်။ မိဘဆရာတွေ့ ဆုံပွဲမှာ ဆရာမက သားစာရေးတဲ့ စာအုပ်ပြတော့ ငိုတောင်ငိုချင်သွားသည်။ နံပါတ် ၀မ်း ရေးတဲ့ အကွက်မှာ ၀မ်းမရေးပဲ သူ့ စိတ်ကြိုက် လက်စွမ်းပြထားသည့် Merlion ပုံတွေ။ ဆရာမက အိမ်မှာ ကျင့်ပေးဖို့  ပြောတော့ ကျွန်မရော၊ သူ့ အဒေါ်ပါ ကျင့်လိုက်ရတာ။ သူက A ရေးဆိုလဲ Merlion၊ 1 ရေးဆိုလဲ Merlion။ (သား Merlion ပုံ တကယ်ဆွဲတတ်တာပါ။ ပန်းချီ ၀ါသနာ ပါလွန်းပြီး သူ့ အတွေးနဲ့ ဆွဲထားတဲ့ ပုံလေးတွေ ကို ကျွန်မပို့ စ်တခု အနေနဲ့  တင်ပါဦးမယ်) သု့ အဖေကတော့ တို့ တွေလဲ ဒီအချိန်တုန်းက စာစရေးသေးတာမှာ မဟုတ်တာလို့  စိတ်ကိုလျော့ခိုင်းသည်။ သားက သူစိတ်မပါလျှင် ဘယ်လို လုပ်ခိုင်းခိုင်းမရ။ တကယ်တော့ သူ့ ခေါင်းထဲမှာ ABC, 123 တွေက ရှိပြီးသား။ သူစိတ်ပါလာလျှင် မသင်ရသေးတာတောင် သူ့ စိတ်ထဲရှိတဲ့ အတိုင်း ချရေးပြတတ်တော့ အံ့သြစရာ။ အဲဒီ လေးလအတွင်း စာရေးလာချင်သည့် စိတ်လေးက ဘယ်ကဘယ်လို ရောက်ခဲ့သည်မသိ။ သူစိတ်ပါတော့လဲ ချောလို့ ။ ဟိုတနေ့ က ကျွန်မသူ့ ဆရာမနဲ့ တွေ့ တော့ 1 to 10 ထိရေးတတ်ပြီ။ သိပ်လိမ္မာတာတဲ့။ တော်သေးရဲ့။

သားက ပန်းတိမ်မတတ်ခင် ရွှေပိုးကလဲ သင်ချင်သူ။ Sunday School မှာ ၀လုံးလောက်ကို ရင်မခုန်တော့။ လက်ရေးလေးတွေ ၀ိုင်းစေချင်လို့  ၀လုံးကို ထပ်ခါထပ်ခါရေးခိုင်းလျှင် စိတ်သိပ်မရှည်။ သူတတ်ပြီးသားပေါ့။ ခုဆို ကကြီး၊ ခခွေး အဆင့်လောက်တောင် မဟုတ်ပဲ အဘ၊အမ၊ဆရာမ… ဒီလို စာလုံးလေးတွေကို လှမ်းချင်သူ။ စာလုံးပေါင်းတွေလဲ ကကာကားလောက် မဟုတ်တော့ပဲ အဖေ၊အမေ၊အဘိုး၊အဘွား နာမည်တွေ ကိုပေါင်းချင်သူ။ သူ့ နာမည်နဲ့  ကျွန်မနာမည်ကို မြန်မာလို ကောင်းကောင်း ပေါင်းဖတ်တတ်နေပြီလေ။

သားလို နှေးနှေးကွေးကွေးလေးတောင် အချိန်တန်တော့ သူ့ အတိုင်းအတာနဲ့ သူ ခရီးပေါက်တာမို့  ကျွန်မ(အရင်က)လို စိုးရိမ်ပူပန်နေတဲ့ မိဘတွေများရှိရင် မစိုးရိမ်ဖို့  ဒီပို့ စ်လေး ရေးရတာပါ။ သူ့ အချိန်ရောက်ရင် အားလုံးက အဆင်ပြေသွားမှာမို့  စိတ်ဝင်စားစရာ ခြေလှမ်းလေးတွေကို စောင့်ကြည့်ရင်ခုန်ကြပါစို့ ….။

(စာကြွင်း- ကျွန်မက သားကို ချစ်လွန်းလို့  သားအကြောင်းလေးတွေ ဝေမျှ ပေးရာကနေ ဒီဘလော့ဂ်ပေါ်ကို လာလည်သူ တချို့ မှာ သားပရိသတ်လေးတွေလဲ ပါနေတာ သတိထားမိတော့ အတိုင်းမသိ ၀မ်းသာမိပါတယ်… သားအကြောင်းပို့ စ်လေးတွေ မဖတ်ရတာ ကြာလို့ လွမ်းနေသူတွေ အတွက် ကျေးဇူးတင်စွာဖြင့် ဒီပို့ စ်လေးကို တင်လိုက်ပါတယ်နော်… သားတို့ ကျောင်းမှာ ငါးလေးကို အလှခြယ်နေတဲ့ သားပုံလေးကိုလဲ ဒီပို့ စ်မှာ တင်ပေးလိုက်ပါတယ်…)


တန်ခူး
9:00am 29-Sep-2008

29 comments:

မောင်မျိုး said...

သားသား ပုံလာကြည့်သွားတယ် စိတ်ဝင်စားနေတဲ့ ခလေး ဘာတွေလုပ်နေတာပါလိမ့်း) သေချာတောင်မမြင်ရဘူး သားသား ပ၇ိသတ်တွေထဲမှာ ကျနော်လည်းပါတယ်ဗျို့  သူ့ အကြောင်းဖတ်ရင် မရယ်ပဲမရယ်နိုင်ဘူးး စကားပြောပုံလေးတွေက အသဲယားဖို့ ကောင်းလို့  ခလေးတွေက ငယ်ရင်သင်ရခက်တယ်ထင်တယ် အိမ်က သူဌေးခလေးဆိုလည်း လေးလိုက်တာ အသက်တစ်နှစ်ကျော်ပြီး စကားလည်းမပြော အမူအယာပဲပြတာ သူ့ အမေဆိုစိတ်ပူပြီး ဆေးခန်းသွားသွားပြနေရတာ အ အ လေးလားဆိုပြီး အခုများတော့လည်လိုက်တာ တစ်အိမ်လုံးေ၇ာင်းစားမယ့်ပုံ ။ နောက်လည်းသားသားအကြောင်းရေးပါအုံးဗျို့ စိတ်ဝင်စားတယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

လာဖတ်သွားတယ် အမ..
သားလေးက ချစ်စရာလေး..

အမရေးခိုင်းထားတာလဲရေးပြီကြောင်း
တပါတည်းလာပြောသွားပါတယ်..
း)))))

သက်ဝေ said...

တန်ခူးရေ...

ချစ်စဖွယ် သားသားလေးအကြောင်းတွေ ဖတ်သွားပါတယ်..။ ဟုတ်တယ်... ယောင်္ကျားလေး တွေက မိန်းကလေးတွေထက်စာရင် နဲနဲ နောက်ကျတတ်တယ်။

ဒါပေမယ့် "သားသား အဲလို ဆိုးရင် ဖေဖေ ရုံးသွားမှာနော်” လို့ တော့ မခြောက်ပါနဲ့ တန်ခူးရယ်... သနားပါတယ်..။ ကလေးရဲ့  ဆိုက်ကိုလေး တစ်မျိုးဖြစ်သွားပါအုံးမယ်...။

မုဒိတာ said...

အမ သားကခေါင်းငုံနေတာတောင်
ချစ်စရာလေး

Moe Cho Thinn said...

ဖြေးဖြေး မှန်မှန်နဲ့ တက်တဲ့ ကလေးက ပိုပြီး စေ့စပ် သေချာတယ် မတန်ခူးရဲ့ ။
ချိုသင်းလဲ သားသား ပရိသတ်ပဲ။
ကောင်းကင်ကြီး ဘာအရောင်ဆိုကတည်းက သဘောကျနေတာ။ ငယ်ငယ်ကတည်းက မအေတူ အနုပညာဝါသနာပါလို့ ပန်းချီဆွဲတာ စိတ်ဝင်စားတာ အင်မတန်ကောင်းတယ်။
ကလေးဆိုတိုင်း ဖြီးလို့မရ၊ ဒီကလေးမျိုးက အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြမှ လက်ခံတတ်တာ။ အမတို့ ကံကောင်းတယ်။ အိမ့်ဆည်းလည်းလေးပေါ့ အမရယ်။

Htay said...

ra&...orD;oli,fcsif;..om;&YJy&dwfowfaygY/
olwdkYav;awG&JY progress udkNunfYNyD; tm;&vdkuf pdwfylvdkuf pdwfwdkif;rusvdkufeYJaygY.. 'gav;awGeJYbJ tarmaNzae&w,f

လင်း said...

သားလေးအကြောင်းတွေဆက်ရေးပါအုန်း။ ဒီတခါကျရင် သေချာမြင်ရတဲ့ ဓါတ်ပုံလေးပါတင်ပေးပါ။ ခုပုံက ခေါင်းငုံထားတော့ သေချာမမြင်ရလို့ ပါ

Andy Myint said...

သားရဲ့ ပရိတ်သတ်ထဲမှာ ကျွန်တော်တို့လည်း ပါတယ်။ အဲဒီလို ဘယ်အရွယ်မှာ တခြား ကလေးတွေ ဘာဖြစ်နေတယ် ဆိုတာကို စိတ်ဝင်စားတယ်လေ။ ဒါမှာ ကိုယ့်ကလေးတွေအတွက် ပြင်ဆင်သင့်တာ ပြင်ဆင် (ဥပမာ ပုံဆွဲတတ်တယ် အချိန်မှာ ပုံဆွဲ စာအုပ် ၀ယ်ပေး) လို့ ရမှာ။ ကျွန်တော်တို့ သမီးကလည်း တတ်တာ သူဟာနဲ့ သူပဲ။ တခြားကလေးနဲ့ ယှဉ်ရင် နောက်ကျသလို ရှိပေမယ့် နောက်တော့လည်း တတ်လာတယ်။ အစတုန်းက သူ့အမေဆို သိပ်စိတ်ပူတာ။ နောက်တော့လည်း သူဟာနဲ့သူ တတ်လာတာပဲ။ အခုတော့ သိပ်မပူတော့ပါဘူး။ အစ်မရေ များများသာ ရေးပေးပါ။ အားပေးတယ်။

ရွာသားလေးဝိုင်တီယူ said...

သားအချစ်တဲ့ သြော်မိဘ မိဘ...အမရေ အဲဒီစာတွေမြင်ရင် အိမ်ပြန်ချင်တကယ်...

Ko Paw said...

တန်ခူးရေ.... ဒီနေ့ ဖိုးရွှေလိပ်ကလေး ပို့စ်ကို ကိုယ်တိုင် တင်မပေးလိုက်နိုင်တာ နာတယ်ဗျာ။ အင်မတန် ချစ်စရာကောင်းတဲ့ သားလေးပါ။ ကြည့်ရတာ အမေလိုဘဲ စာရေးဆရာဖြစ်မယ့်သူနဲ့တူတယ်။ စာတွေကို အဆင့်ကျော်ရေးနေပြီဆိုတော့။ ပန်းချီလည်း စိတ်ဝင်စားတယ်ဆိုတော့ အဖေအမေနှစ်ယောက်လုံး မလုပ်တာပါ လုပ်တော့မယ် ထင်ပါရဲ့။

ကိုဇနိ said...

သားပရိတ်သတ်တွေများနေပြီ...ကျနော်လည်း သားပရိတ်သတ်ပါပဲ..ကျနော်လည်း ကလေးတွေကို ချစ်တယ်... အခုတောင် အပြင်မှာ မတွေ့ရသေးတဲ့ တူတွေ တူမတွေကို ချစ်လိုက်ရတာ...
ပျော်ရွှင်ပါစေ..

nu-san said...

အမရေ... နေ့လည် ထမင်းစားချိန် အမ blog ကို ၀င်လည်တော့ သားသားခေါင်း ငုံ့နေတာလေးတွေ့ကတည်းက စာဆက်ဖတ်ချင်နေတာ.. အလုပ်တွေများလို့ ငြိမ်နေလိုက်ရတယ်.. ခေါင်းငုံ့ပြီး စိတ်ဝင်တစားနဲ့ ငါးအရုပ်လုပ်နေတာ ချစ်ဖို့ကောင်းပါ့.. အမပို့စ်ကို ဖတ်လိုက်ရတော့ ပိုပြီးတောင်ကြည်နူးမိတယ် မတန်ခူးရေ.. သားသားက အဖေနဲ့အမေကို ကပ်တာလည်း မပြောနဲ့တော့နော်... ဒီခေတ်ကလေးတွေလည်း အင်မတန်သနားဖို့ကောင်းတယ်.. ကျနော်က မျက်ရည်လည်းလွယ်တော့တချို့ကလေးတွေ အမေ အဖေ အပြင်သွားရင် လိုက်ချင်လို့ တွန့်လိမ်ကောက်ကွေးပြီး ငိုတာတွေတွေ့ရင် ကိုယ်ကပါ ငိုချင်လာရော.. သားသားက လိမ္မာတယ်နော်.. ကျနော်ကတော့ ကလေးက သူ့သဘာဝအရ တဖြည်းဖြည်းသင်ယူပြီး တတ်တာကို ပိုပြီး သဘောကျတယ်.. ကလေးပဲ သူ့ဥာဏ်ထဲမှာ ရှိသလောက် သိသင့်သလောက်လေးကို မှတ်ထားက ပိုကောင်းတယ်.. တချို့ကလေးတွေက မိဘက သင်ပေးလို့ အရမ်းတတ်တာမျိုးက ကလေးက ကလေးလို ချစ်ဖို့မကောင်းပဲ လူကြီးလိုပြောဆိုနေရင် အသည်းယားလာတယ်.. အမရဲ့ ဖိုးရွှေလိပ်ကလေးက တဖြည်းဖြည်းနဲ့ ပန်းတိုင်ဆီရောက်လာပါ့လိမ့်မယ် အမရေ.. အမဆီက ကလေးပြုစုနည်းတွေလည်း အတုယူသွားပါတယ်.. :)

PAUK said...

မတန်ခူးရေ...
ကလေးကိုသင်တတ်လိုက်တာ..
စိတ်လည်းရှည်တယ်နော်...
အတုယူချင်တယ်..
ဒါပေမဲ့...ကျွန်တော်က စိတ်မရှည်တတ်ဖူး
ကလေးကို မသင်တတ်ဖူး...
အဟီး..မဆူနဲ့နော်..

thorn musem said...

“မေမေ ဒီဘက်ကို လှည့်ပါ ခင်ဗျ” လို့  ပြောမှ လှည့်မယ်လို့  အပေးအယူ လုပ်ရသည်။ ခုဆို ညကြီးသန်းခေါင် တရေးနိုးလို့  အဖေအမေက တဘက်လှည့်အိပ်ရင်တောင် “ဖေဖေ ဒီဘက်လှည့်ပါ ခင်ဗျ” လို့  ထထတောင်းဆိုတတ်လို့  ကျွန်မတို့  အိပ်ချင်မူးတူးနဲ့  တခွိခွိ ရယ်မိသည်။ ကွန်ပြူတာကစားနေလို့  တခုခု အကူအညီလိုရင်လဲ “ဖေဖေ လာပါ ခင်ဗျ” လို့  ယဉ်ယဉ်ကျေးကျေး ခေါ်ခိုင်းတော့ အတော်ကို ဟုတ်နေသည်။
.....................
အဲဒီနေရာလေးဖတ်ပြီး စိတ်ထဲမှာ ချစ်လိုက်တာ..။မတန်ခူးသားလေးက အရမ်းယဉ်ကျေးတယ်ဗျာ...။
သင်ပြပေးတဲ့ မိဘတွေကို ချီးကျူးပါတယ်ဗျာ....
သားရဲ့ ပန်းချီပုံလေးတွေလဲ တင်ပေးပါဦး...။

ပုံရိပ် / Pon Yate said...

မတန်ခူး သားလေး အကြောင်းရေးထားတာ အင်မတန် ချစ်စရာ ကောင်းပါတယ်။ အစ်မသားလေးက အဖေနဲ့ အမေ ဘယ်သူ့ ပိုချစ်လဲဆိုရင် သူအမှန်အတိုင်းပဲ ဖြေတာ သူ့ရဲ့ ဖြောင့်တဲ့စိတ်ကလေးကြောင့် ဖြစ်မှာပါ။ သူကနှေးတာ မဟုတ်လောက်ပါဘူး။ (ဟဲ ဟဲ အစ်မသားလေးဖက်က ရှေ့နေလိုက် ပေးတာ။)
ပေါင်ချိန်စက်ကို နာရီနဲ့ မှားတာ ဖက်ပြီး ရယ်လိုက်ရတာ။

myatnoe said...

အမရေ.. ဖိုးရွှေလိပ်ကလေး ပုံက သေချာလည်း မြင်ရဘူး။ ချစ်ဖို့ကောင်းမဲ့ပုံလေး..
စကားလဲတတ်သေး..
ဖက်နမ်းချင်လိုက်တာ။
အမတို့မပြောနဲ့ ဒိုင်ခွက်ကို နာရီထင်တဲ့နေရာမှာ ပြုံးလိုက်ရသေးးး
ဟီးးး
နောက်လဲ လုပ်ပါဦးးး သူ့ပုံလေးနဲ့ စာလေးတွေ..

ကောင်းကင်ကို said...

သားလေးအကြောင်း ဖတ်သွားပါတယ် အစ်မ။ သားလေးက ချစ်စရာလေး။

Kay said...

မတန်ခူးရေ- ကျမ ငယ်ငယ်ကလည်း အဲလိုပဲ.. ၂တန်းထိ ပေါင်းနုတ်မြှောက်စား သင်တာတောင်.. ဘာလို့ ပေါင်းရ နုတ်ရ တာလည်း.. လို့..တွေးကောင်းတုန်း..။

နောက်ပြီး..တွေ့ဖူးသလောက်..မူလတန်းမှာ..အိမ်ကမောင်းလို့ လွှတ် တော်တဲ့လူတွေက..များသောအားဖြင့်.. အတန်းကြီးရင်.. အီသွားရော။ သူ့စိတ်ကူးလေး နဲ့သူသာ..လွှတ်ထား။ သားလေးက..ချစ်စရာလေး။

PAUK said...

မတန်ခူးရေ..
ကျွန်တော်သတိရလို့ဝင်လာတာပါ..

maymoe said...

tpfrwefcl;
tdrfav;udk vmvnfjzpfayr,f. bmrSra&;jzpfcJhbl;
om;om;u i,fi,fuwnf;u 'DavmufOmPfaumif;wmudk tpfru pdwfylaeao;w,f
usaemfh orD;qdk ckxd wpfuae wpfq,f t*Fvdyfvdk ra&;wwfao;bl;

khin oo may said...

အို… သားပိရိသတ် ကလည်း မနည်းပါလား။

မဇနိ said...

အမတန်ခူးရဲ့ ချစ်လှစွာသော သားတော်မောင် ဖိုးရွှေလိပ်ကလေးကို ခုမှသေချာလာကြည့်ရတော့တယ်
ခလေးလေးက ချစ်စရာကောင်းသလို အမတန်ခူးက ခလေးကို ချစ်စဖွယ်အပြောလေးတွေ သင်ပေးနေတာကိုး
မှတ်ထားရမယ်
မုန့်ဆီကြော်ဘယ်ဆီမှန်းမသိပေမယ့် အမတန်ခူးလို သင်ပေးချင်နေပြီ

pandora said...

ချစ်စရာသားသားလေးကို လာကြည့်သွားပါတယ်။ နောက်ထပ်တယောက်ရော အစီအစဉ် ရှိသေးလားဟင်။

ဒီနေ့ပိတ်ရက်မှာတခုခု ရေးဖြစ်မယ် ထင်ပါတယ်။

ကလိုစေးထူး said...

သားလေး ပုံစံကြည့်ရတာ ၀၀ကစ်ကစ်လေးထင်တယ်။ ပုံကို အာရုံစိုက် အလှခြယ်ဆွဲနေတာလေးက ချစ်စရာလေး။

မွန် said...

မမ သားလေးက ကစ်ကစ်ကလေး ချစ်စရာလေးနော် သားအကြောင်းမောင်မျိုးဆီက လင့်ကနေ အမြဲလာဖတ်ဖြစ်တယ် အခုတော့ သားပုံကိုတွေ့လို့ မနေနိုင်လို့ကွန်းမန့်ပွတ်လိုက်ပြီ သားကမျောက်ရှုံးအောင် ဆော့ပုံမရဘူးနော် လိမ္မာတယ်နော် မွန်ကလဲ တယောက်ထဲသမီးဆိုတော့ တဦးတည်းသောကလေးတွေတွေ့ရင် ချစ်လဲချစ် သနားလဲသနားတာ မမပို့စ်တွေဖတ်တိုင်း သားကိုချစ်တဲ့အချစ်တွေ ဖိတ်ဖိတ်တောက်နေတာ လင်းလို့ ဝင်းလို့

sonata-cantata said...

ခေါင်းငုံနေတဲ့ ပုံလေးကို ကြည့်ရတာတောင်.. ဖေဖေ၊ မေမေတို့ရဲ့ ကိုယ်တိုင်ရေးပုံတူလေးလို့ ခံစားရတယ်။ ဖေဖေ၊ မေမေတို့ထက် သာလွန် မြင့်မြတ်နိုင်ပါစေ။

တန်ခူး said...

မောင်မျိုးရေ… သားအကြောင်းက ရေးချင်ရက်လက်တို့ မို့ … အဲလို အားပေးမယ့်သူတွေ ရှိနေရင် ရေးနေဦးမှာပါ… ကျေးဇူးပါ….

အိမ့်ရေ… ကျေးဇူးပါနော်… ပထမဆုံးများကို ရေးပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်…

သက်ဝေရေ… ဟုတ်တယ်နော်… ဆိုက်ကိုဖြစ်သွားရင် အခက်…

ကျေးဇူးပါ မုဒိတာရယ်… နာမည်လေးက ငြိမ်းချမ်းလိုက်တာ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

ချိုသင်းရေ… ပန်းချီဝါသနာပါတာ ဘယ်သူနဲ့ သွားတူမှန်းကို မသိတာ… တို့ ၂ယောက်လုံးက ပန်းချီမတော်ဘူးလေ… ဘာပဲဖြစ်ဖြစ် သားကို အနုပညာတခုခု ၀ါသနာ ပါစေချင်တာ အတော်ဖြစ်သွားတာပေါ့… အိမ်ခေါင်းလောင်းကြီးဖြစ်နေတာ…

Htayရေ… ဟုတ်တယ်နော်… သူတို့ ခြေလှမ်းတွေ စောင့်ကြည့်ရတာကိုက ခံစားမှုမျိုးစုံပဲ… ကြည်နူးလိုက်… စိုးရိမ်လိုက်နဲ့ … ခုလို ကော်မန့် လေးပေးတာ ကျေးဇူးပါ…

လင်းရေ…တတ်နိုင်ရင်တော့ ကိုအန်ဒီတို့  ဘလော့ဂ်လေးလို နေရာတိုင်းမှာ သားလေးပုံတွေနဲ့  ခြယ်မှုန်းချင်တာပါ… ဒါပေမယ့် သားလေးပုံတွေ့ ရင် သားအမေ ဘယ်သူလဲ သိသွားရင် လွတ်လွတ်လပ်လပ် မဘလော့ဂ်ရမှာ စိုးလို့ ပါ…

ကိုအန်ဒီရေ… ဒီမိသားစုက အကြောင်းလေးတွေ ဟိုမိသားစုသိသွားတော့ နွေးနွေးထွေးထွေး…

ရွာသားလေးရေ… အိမ်ပြန်တဲ့ ရာသီရောက်တော့မှာမို့  အမေ့အတွက် အလွမ်းတွေ ပြေတော့မှာပေါ့…

ဟုတ်တယ်ကိုပေါရေ… ကျွန်မက သူများတွေ ပန်းချီဆွဲတော်တာ အားကျပေမယ့် ကိုယ်တိုင် မဆွဲတတ်လို့  သားလေးကျတော့ ဆွဲတတ်လေမလား မျှော်လင့်ချင်တွေနဲ့ ….

ကိုဇနိရေ… ဒါဆိုလဲ မြန်မြန်လေး အဖော်ရအောင် ရက်ရွေးလိုက်တော့နော်… ဒီကလဲ ဂျူနီယာကိုဇနိ၊မဇနိလေးတွေ မြင်ချင်လှပြီ….

နုရေ… အတုယူပြီးမြန်မြန်လက်တွေ့  အသုံးချနိုင်အောင် အကောင်အထည်ဖော်တော့လေ…

ပေါက်မှာ ကလေးလေးရှိလား… တို့ လဲ တခါတလေ စိတ်မရှည်ပါဘူးပေါက်ရယ်… ဒီလိုပဲ ချော့တခါ ခြောက်တလှည့်ပေါ့….

ကိုသစ်နက်ဆူးဆွဲတဲ့ ပုံလေးတွေ အားကျပြီး သားလေးရဲ့ ၀ါသနာအခံအရ အဲလို ထူးချွန်တဲ့ ပန်းချီဆရာလေး တယောက်ဖြစ်စေချင်တယ်… အိမ်ချင်းနီးရင်တော့ သားကို သင်တန်းတက်ခိုင်းတယ်…

ပုံရိပ်ရေ… ပုံရိပ်ပြောသလိုလေး ဖြစ်ပါစေလို့ … သားလေးရဲ့ လှုပ်ရှားမှုတိုင်းက တို့ အတွက် ကဗျာတပုဒ်ပေါ့ ညီမရယ်…

မြတ်နိုးရေ… ဒီကို လာလည်လေ… ဒါဆို ဖက်နမ်းလို့ ရတာပေါ့… တော်ကြာ ဆော့လွန်းလို့  အန်တီမြတ်နိုး မောသွားလိမ့်မယ်…

ကောင်းကင်ကိုရေ… ကျေးဇူးပါ… ဒါတောင် မျက်နှာကို မတွေ့ သေးလို့ … ဟိဟိ…

ကေရေ… ဒါဆို ကေ့လို စာရေးကောင်းတဲ့ ပုံဆွဲလဲတော်တဲ့ အနုပညာသမားလေးများ ဖြစ်လာမလား မသိဘူးနော်… အဲလိုဆို ပျော်စရာ….

ပေါက်ရေ… နေကောင်းလားညီမ….

မေမိုးရေ… တကယ်တော့ သူတို့ အရွယ်တွေက စာရေးဖို့  ငယ်ပါသေးတယ် ညီမရယ်… တို့ တွေ ငယ်ငယ်တုန်းက အဲလောက်အရွယ်ဆို စာရေးမသင်သေးဘူးလေ… အမကတော့ သူideaလေးရသွားရင်ကျေနပ်ပြီ… တခါတလေ သူဆွဲတာတွေ မှားတာ မပြင်ဖြစ်ဘူး… ရောက်ဖြစ်တာ သိရလို့ ကျေးဇူးပါညီမရေ… နောင်လဲ လာလည်နော်… ညီမနာမည်တော့ အမြဲသတိရနေမှာ…. ဘာကြောင့်လဲဆိုတော့ တို့ ညီမတယောက်နဲ့ နာမည်တူလို့ ..


မမရေ… သားပရိသတ်တွေကို ကြည့်ပြီး ကျွန်မလဲ ကြည်နူးနေတာ…

မဇနိက ဗိုင်းကောင်းကျောက်ဖိလေးဆိုတော့ တို့ ထက်တောင် သင်တတ်ဦးမှာ… နူးညံ့ယဉ်ကျေးမယ့် အညာသွေးစစ်စစ် တို့ တူ(သို့ ) တူမလေးကို အမြန်တွေ့ ရအောင် ဒီသီတင်းကျွတ်…

ပန်ရေ… အသက်ကလဲကြီး…stressကလဲကြီးဆိုတော့ ဒီတယောက်ပဲ စုပုံချစ်တော့ မလို့ … ပန်ရော… ဘယ်တော့….

ကိုစေးထူးရေ… သားက ကိုယ်လုံးကသိပ်မ၀ပေမယ့် မျက်နှာလေးကတော့ ပါးဖောင်းဖောင်းလေးတွေနဲ့  ၀တယ်ထင်ရတယ်…

ညီမမွန်ရေ… သားလေးက မျောက်ရှုံးအောင် ဆော့ပါတယ်ညီမရယ်… ခုနောက်ပိုင်း နားလည်လာလို့  ထိန်းရလွယ်သွားတာ… လာလည်တာကျေးဇူးပါနော်… နောက်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မ ရေ…

တားမြစ် ထားသော... said...

အားပေးသွားတယ်။ ပေါင်ချိန်စက်ကို ဘယ်နှစ်နာရီလည်းမေးတာ အရမ်းသဘောကျသွားတယ်။

သုခမိန်(E-Journal)

မောင်မျိုး said...

သားသား....အာဘွား ဘာတွေရုတ်နေတုန်းဂျး) အစ်မရေ့ အားရင်အမှတ်တ၇လေး အားပေးပါအုံးးး