Friday, July 17, 2009

နံပါတ်တစ်

ပြီးခဲ့တဲ့ 2009 Wimbledon ပွဲမှာ ကျွန်မရဲ့ အကြိုက်ဆုံး အားကစားသမား Roger Federer ပြန်အနိုင်ရသွားတာ တွေ့ ရတော့ မျက်ရည်ဝဲမိတဲ့အထိ ကြည်နူးမိခဲ့ရသည်။ အခုဆို သူက world ranking မှာ အမှတ်အများဆုံးနဲ့  နံပါတ်တစ်နေရာကို ပြန်ရောက်သွားပြီ။ မနှစ်က တနှစ်လုံး သူ့ ခမျာ ယခင် နံပါတ်တစ်နေရာကို ပြန်ရဖို့  နံပါတ်တစ်pressureကို အတော်ခံလိုက်ရသည်။ မနှစ်က Wimbledonမှာ သူငိုတာတွေ့ ရတော့ ကျွန်မအတော် စိတ်မကောင်းဖြစ်ခဲ့မိသည်။ ဒီနှစ်ကတော့ သူ့ နေရာကို သူပြန်ရောက်သွားပြီ။ အားကစားဘက်မှာ နံပါတ်တစ်နေရာကို ကြိုးစားပန်းစား အရယူပေမယ့် တကယ့်လက်တွေ့ ဘ၀မှာတော့ သူ့ ပုံစံလေးနဲ့  လိုက်ဖက်စွာ ငြိမ်းချမ်းပုံရသည်။ Wimbledonမှာ ကိုယ်ဝန်နဲ့ လာအားပေးတဲ့ သူ့ ဇနီးကို တွေ့ တော့ သူတို့ မိသားစုလေးကို ပုံဖော်ကြည်နူးမိသည်။ ဒါနဲ့ ဆက်စပ်ပြီး ငယ်ငယ်က ကျောင်းမှာ အဆင့်လုပွဲ၊ RITက Rollလုပွဲတွေကို သွားသတိရမိသည်။

နံပါတ်တစ်ဆိုသည့် နေရာတခုမှာ ဂုဏ်ယူစရာကောင်းသလို မကျဆုံးအောင် ထိန်းသိမ်းရသည်မှာ အတော်ပင်ပန်းသည်။ ကျွန်မကတော့ နံပါတ်တစ် နေရာရအောင် မတော်လှသည်မို့  အဲဒီစိတ်ဖိစီးမှုလဲ မရခဲ့ပါ။ ကျွန်မတို့  အလယ်တန်းနှင့် အထက်တန်းမှာ အဆင့်တစ်ကို အမြဲကန်ထရိုက်ဆွဲထားသည့် ကျွန်မသူငယ်ချင်း တရုတ်မလေးခင်ပြုံးရီ ကိုပဲ ကျေးဇူးတင်ရမည်လား။ ဘယ်လောက်ကြိုးစား ကြိုးစား အချိန်တန်လျှင် သူက တစ်။ ပြိုင်လို့ မရတဲ့ အဆုံး နှစ်၊သုံး၊လေး၊ငါး နှင့်သာ ကျေနပ်ခဲ့ရသည်။ သူကတော့ နဂိုပါရမီလဲပါမည် ဇွဲကလဲကောင်း ဥာဏ်ကလဲကောင်း နောက်ပြီးသူ့ ပြိုင်ဘက် ကျွန်မတို့ ကလဲ လိုက်မမှီဆိုတော့ သူ့ မှာ အဆင့်တစ် pressureသိပ်မတွေ့ ခဲ့ရ။

RITရောက်တော့ Rollလုပွဲတွေက နဲနဲ ပွဲကြမ်းလာသည်။ Roll 1ရဖို့ တော်ရုံကြိုးစားမှုမျိုးနဲ့  မရနိုင်။ တချို့ ကလဲ Roll ထိပ်ပိုင်းက မဟုတ်လျှင် သိပ်အဖက် မလုပ်ချင်ကြ။ Roll 1 ကောင်မလေးက Queen ထက် နာမည်ကြီးသည်။ Roll 1 ကောင်လေးတွေဆို ကောင်မလေးတွေက အထင်ကြီးတဲ့ မျက်လုံးတွေနှင့် ကြည့်ခံရသည်။ တချို့ ဆို စာမေးသူတွေ ၀ိုင်းဝိုင်းလည်ပြီး ရက်ချိန်းတောင် မလောက်။ ဆရာတွေ ပါးစပ်ဖျားမှာလဲ ရေပန်းစားသည်။ လမ်းမှာတွေ့ ရင်တောင် အဲဒါRoll 1လို့  ၀ိုင်းကြည့်တာ ခံရသည်။ အဲဒီလို အရမ်းနာမည်ကြီးသည့် Roll 1ဘ၀မှ ဘယ်တော့မှ ပြန်ပြုတ်မကျအောင် ထိန်းသိမ်းရသည့် ပေးဆပ်မှုကတော့ ကြီးလွန်းသည်။

နောက်နှစ်Roll 1ပြန်ရဖို့  ကြိုးပမ်းရင်းနှင့် စိတ်ရောဂါရသွားသူများလဲ မနည်း။ တချို့ ဆို pressureဒဏ်မခံနိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို တောင်သေကြောင်း ကြံစည်ကြတာ ကြားဖူးသည်။ တချို့ ကတော့ တက္ကသိုလ်ဘ၀ရဲ့ လွတ်လပ်ခြင်းတွေကို ပေးဆပ်ပြီး မျက်နှာဗလာနှင့်။ ရှေ့ က ဖြတ်သွားသူကိုပင် မြင်ဟန်မတူ။ တချို့ က ကိုယ်မြတ်နိုးနေတဲ့ မိန်းခလေးကိုတောင် လျစ်လျုရှု Roll1 အတွက် နှလုံးသားကို စတေးပစ်ကြသည်။ အဆောင်က ကုတင်ကို အိပ်မိမှာ ကြောက်လို့  ထောင်ထားသည့် Roll1လဲရှိသည်။

တဖက်စွန်းကျအောင် ကြိုးစားပြီးမှ Roll1 ရတာရှိသလို တချို့ က အံ့သြစရာကောင်းအောင် ပေါ့ပေါ့ပါးပါးနှင့်။ ကျွန်မတို့ ကို ကွန်ပြူတာသင်ပေးခဲ့သည့် ဆရာ(sonata-cantata ကိုဧရာ) ဆို အလွန်ငြိမ်းချမ်းသည့် Roll1။ နှစ်ငယ်သမားတွေကို စာပြလိုက် သူဝါသနာပါသည့် စာရေး၊စာဖတ်အလုပ်လုပ်လိုက်နှင့် အေးအေးချမ်းချမ်းနှင့် Roll1သူ့ နေရာကိုတော့ ဘယ်သူမှ ယူလို့ မရ။ ကျွန်မတို့ ရဲ့ နှစ်ငယ်တန်းက ညီမလေးဆို ပြုံးပြုံးလေးနဲ့  ပြီးတော့သူ့ ချစ်သူကောင်လေးလဲ အချိန်ပေးရသေးပေမယ့် အချိန်တန်တော့ သူပဲRoll1။ ကျွန်မသူငယ်ချင်းဆို ဂီတာလေးတတီးတီးနဲ့  သူ့ အတွက် Roll1က အေးအေးဆေးဆေး။ ပါရမီ ပါကြတယ် ဆိုရမလားပဲ။ ကျွန်မတို့ နှစ်က နောက်Roll1 သူငယ်ချင်းဆို စာအုပ်လေး တအုပ် လက်ထဲကိုင်ပြီး အတန်းထဲကို ခပ်ပြုံးပြုံးလေးဝင်လာတတ်သည်။ စာမေးပွဲတွင်းလဲ သူ့ ပုံစံက အဲဒီလို သွေးအေးအေးပါပဲ။ တချို့ Roll1တွေလို ကွင်းကွင်းကွက်ကွက်ကြီး ထွက်မနေပဲ သူ့ ဘာသာ သူငယ်ချင်းတွေနဲ့  အေးအေးချမ်းချမ်း တသားတည်းကျနေတတ်သူပါ။

ကျွန်မက လူတွေကို စပ်စပ်စုစု လေ့လာတတ်တဲ့ အကျင့်အတိုင်း နံပါတ်တစ်တွေ လက်တွေ့ ဘ၀ထဲ ၀င်တဲ့အခါ ဘယ်လိုဘ၀တွေများ ရွေးချယ်ကြပါလိမ့်လို့  ဆက်နားစွင့်မိသည်။ အပေါ်က ပြောသလို Roll1 ကို သိပ်ပူပူလောင်လောင် မဟုတ်ပဲ စိတ်အေးအေးချမ်းချမ်းနဲ့  အရယူခဲ့သူတွေက ဘ၀ထဲထိ ငြိမ်းချမ်းနေကြတာတွေ့ ရသည်။ အကောင်းဆုံး ဥပမာပြရရင် ကျွန်မတို့  မမသီတာရဲ့ ခင်ပွန်းကိုဧရာပါ။ သူတို့ မိသားစုလေးတွေ့ ရင် ငြိမ်းချမ်းမှုက ကိုယ့်ဆီပါကူးစက်လာတတ်ပါသည်။ ကျွန်မတို့ နှစ်ငယ်တန်းက ညီမလေးဆိုလဲ ချစ်စရာ သမီးလေးနဲ့  ချစ်စရာမိသားစုလေးနဲ့  အေးချမ်းလို့ ။ ကျောင်းတုန်းက အလှမပြင် ဂီတာတဒေါင်ဒေါင်နဲ့  ယောင်္ကျားလေးတယောက်နဲ့ တူတဲ့ သူငယ်ချင်းကတော့ အလုပ်ခွင်မှာလဲ အောင်မြင်သလို မိသားစုမှာလဲ အောင်မြင်တဲ့ ဇနီးမယား မိခင်ကောင်းတယောက်ဖြစ်လို့ ။ နောက်သူငယ်ချင်းတယောက်ကတော့ တိုးတက်တဲ့ နိုင်ငံရဲ့ တက္ကသိုလ်တခုမှာ ငယ်ငယ်လေးနဲ့  ပါမောက္ခကြီးဖြစ်ပြီး လူပျိုကြီးဘ၀နဲ့  ပြုံးပြုံး ပြုံးပြုံး။

ကျောင်းတုန်းက ငါRoll1 ဆိုပြီး တော်ရုံလူက သူနဲ့ စကားပြောရင် ဥာဏ်မမှီထင်နေကြသူတွေက ဘ၀ထဲမှာလဲ အဲဒီလို ပူပူလောင်လောင်။ ခုထိ ငါRoll1 ဆိုတဲ့ မာနကြီးကို ပင်ပင်ပန်းပန်း သယ်ဆောင်သွားကြတုန်း။ အိမ်ထောင်ဘက်တောင် အချစ်ဆိုတာထက် သူနဲ့ တန်မယ့် အရည်အချင်းတွေ ပြည့်လျှံနေတဲ့ သူမျိုးကို ရွေးချယ်တဲ့သူလဲရှိရဲ့။ တချို့ ကတော့ ငါ့လို Roll1ရဲ့ စံတွေအတွေးအခေါ်တွေကို လိုက်မမှီဆို ချစ်လို့ ယူထားတဲ့ ဇနီးမယားကို ပြန်လှည့်မကြည့်သူလဲရှိရဲ့။ သူတို့ ဘ၀တွေ တကယ်ရော ပျော်ရွှင်နိုင်ကြပါသလား။

ဘာရယ်မဟုတ်ပါဘူး။ ဘ၀ဆိုတာ နေတတ်ရင် ကျေနပ်စရာမို့  တကယ့်ဘ၀ထဲရောက်ရင် နံပါတ်တစ်ဆိုတဲ့ နေရာကိုလဲ သူ့ နေရာနဲ့ သူ ထားတတ်၊ ခံယူတတ်ရင် အတော်ငြိမ်းချမ်းမှာပဲလို့  တွေးမိလို့  ဘ၀ထဲမရောက်သေးတဲ့ နံပါတ်တစ်လေးတွေအတွက် ရည်ရွယ်ပြီး ဒီပို့ စ်ကိုရေးလိုက်တာပါ။

တန်ခူး
11:40am 17-Jul-2009

Tuesday, July 14, 2009

ဘလော့ပေါ်က ထူးခြားသော တိုက်ဆိုင်မှုများ

ပြန်လာပါပြီ…။
ဒီသံယောဇဉ်ရပ်ဝန်းလေးထဲကိုပေါ့…။ ခဏခဏပျောက်တတ်ပေမယ့် ကိုယ့်အိမ်လေးလို နွေးထွေးမှုပေးနိုင်တဲ့ ဒီနေရာလေးမှာ ကိုယ်က နေထိုင်သူမို့  ပြန်ရောက်လာတတ်မြဲပါ။ စကားလုံးတွေက တဆင့် စီးမျောလာတဲ့ သံယောဇဉ်တွေနဲ့  ဒီအိမ်လေးထဲက မောင်နှမတွေက အိမ်သားတယောက် ပျောက်ရင် လွမ်းမိသလို ကိုယ့်ကိုလာရှာဖွေ နှုတ်ဆက် သတင်းမေးကြတာတွေ ကြားရမြင်ရတဲ့အခါ ရင်ထဲက ကြည်နူးခြင်းတွေက စကားလုံးတွေနဲ
့ ဖွဲ့ နွဲ့ လို့ မရအောင်ကို ထုထည်ကြီးမားပြည့်လျှံနေတယ်ဆို ပိုတယ်လို့ ဆိုမလား…။ နဂိုက အစွဲအလန်းကြီးတတ်တဲ့ အပေါ် အပိုဆင့် သံယောဇဉ်တွေ လောင်းချလိုက်တော့ ကိုယ်လေ… ဘလော့ကိုမှ ချစ်မိလေပြီပေါ့။

ဒီထက်ပိုပြီး သိပ်အံ့သြစရာကောင်းတဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ… ကိုယ်ပြောပြချင်တယ်။ ရှေးရေစက်ကြောင့်ပဲလား။ ပင်လယ်တွေခြားချင်ခြား… ကမ္ဘာတဘက်ခြမ်းမှာ ရှိချင်ရှိ… နွေးထွေးမှုတွေက အကွာအဝေးပိုင်းခြားမှုတွေကို လျစ်လျူရှူလို့  ရင်ထဲကို တိုက်ရိုက်ကို ၀င်လာတတ်တာ။

ကိုယ့်ဘ၀မှာ ကိုယ်နဲ့ မွေးနေ့ တူသူနောက်တယောက်ကို သိခွင့် ရင်းနှီးခွင့်ရတာ ဒီဘလော့လေးကြောင့်ပါ။ ပထမတကြိမ်က ဆယ်တန်းတုန်းက ၀ိုင်းကျူရှင်က့ (ကိုယ်နဲ့ မွေးနေ့ ၊မွေးရက်၊ မွေးနှစ်ပါတူသူမို )့ လောကကြီးထဲကို အတူဝင်ရောက်လာတဲ့ သူငယ်ချင်း ကောင်လေးပေါ့။ သူကို ဘလော့ဂါ တယောက် အနေနဲ့  ပြန်တွေ့ ရလိမ့်မယ်လို့  ကိုယ်မထင်ခဲ့ပေမယ့် တကယ်ကို တွေ့ မယ့်တွေ့ တော့ ဘလော့ပေါ်မှာ ပြန်တွေ့ ခဲ့ရတာပါ။ သူငယ်ချင်းရေ… ဒီစာဖတ်မိရင် နွေရက် တရက်မှာ လောကကြီးထဲကို အတူရောက်ခဲ့ကြတဲ့ ဆယ်တန်းတုန်းက နင့်သူငယ်ချင်းက ဘလော့ပေါ်က တန်ခူးဆိုတာ ပြန်မှတ်မိနိုင်ပါစေ။

နောက်တယောက်ကတော့ မွေးနေ့ တူ၊ မွေးနှစ်မတူတဲ့ အပြုံးချိုချိုလေးနဲ့  လေးနက်တည်ငြိမ်တဲ့ စာလေးတွေ ရေးတတ်တဲ့ ဘလော့ဂါညီမငယ်ငယ်လေး။ သူ့ စာလေးတွေဖတ်ရင်း သူ့ ကို ပုံဖော်ကြည့်နေမိတယ်။ သူနဲ့ စကားတွေ ပြောနေကြည့်မိတယ်။ ပြီးရင်… သူနဲ့ ကိုယ်နဲ့ က ဒီကျွန်းသေးသေးလေးပေါ်မှာ အတူရှိနေခဲ့ကြတာတဲ့။ တနေ့ နေ့ မှာ ကလေးလေးတွေကို စိတ်ဝင်တစားရှိတတ်တဲ့ ချစ်ခင်တွယ်တာတတ်တဲ့ သူ့ ကို သားလေးနဲ့  စကားတွေ ဖောင်ဖွဲ့ ဆုံကြဖို့  စိတ်ကူးထားမိတယ်။ ဘယ်လိုလဲ ညီမလေးရီတာရေ… လာခဲ့မှာလား… အတူဆုံကြဖို့ လေ။

သူ့ ချစ်သူက ကြောင်လေးတွေကို သားသမီးရင်းလို ချစ်ခင်ကြင်နာတတ်တယ်ဆိုတော့ တိုက်ဆိုင်လိုက်တာလို့ တော့ ထင်မိသား။ ပြီးတော့ တရုတ်လူမျိုးနဲ့ တူတဲ့ ရုပ်ရည်ဆိုတော့… ထပ်တိုက်ဆိုင်ပြန်ပြီပေါ့။ ကိုယ့်ချစ်သူကလဲ ကြောင်လေးတွေကို သိပ်ချစ်တတ်တဲ့ တရုတ်လူမျိုးနဲ့ တူသူ။ ချစ်သူအတွက် မွေးနေ့ ပို့ စ်ရေးတော့မှ… အဆုံးစွန်တိုက်ဆိုက်မှုကို သိရပြီး ပြုံးမိ၊ကြည်နူးမိတော့တာပဲ။ သူ့ ချစ်သူနဲ့ ကိုယ့်ချစ်သူ မွေးနေ့ ပါတူနေပါရောလား။ ချိုသင်းရေ… ဆုံဖြစ်ကြရင် ကြောင်လေးတွေ အကြောင်းကို သူတို့ က စကားတွေ ဖောင်ဖွဲ့ … ကိုယ်တို့ က ဘလော့အကြောင်းဖောင်ဖွဲ့ နဲ့  အတော်ကို ပျော်စရာကောင်းမှာပဲ။ ဆုံမယ့်နေ့ က အောက်တိုဘာ ၂၅ ဆို ပိုမကောင်းဘူးလားနော်။

တိုက်ဆိုင်မှုတွေကလဲ များ များလှချည့်လားလို့ ဆိုရင်… ဟုတ်ပါရဲ့။ များလွန်းလို့  ကိုယ်ကိုယ်တိုင်တောင် အံ့သြမိပါရဲ့ဆို။ ကလောင်သွားထက်လွန်းတဲ့ ညီမလေးချိုသင်းရဲ့ စာထမင်း စာဟင်း ဆိုတဲ့ ပို့ စ်လေးကို တိုက်တိုက်ဆိုင်ဆိုင် အမေ့ရဲ့ မြန်မာလို မွေးနေ့ မှာ ဖတ်မိတော့ ချိုသင်းကို ကျေးဇူးတင်လွန်းလို့  ကော်မန့် ရေးခဲ့တယ်။ ချိုသင်းက ကော်မန့် ပြန်လာရေးတယ်။ အဲဒီနေ့ က သူ့ မေမေမွေးနေ့ တဲ့လေ။ အဲဒီကစလို့  တိုက်ဆိုင်မှုတွေက တကယ့်ကို ထူးခြားဆန်းကျယ် ရင်ခုန်စရာဖြစ်လာတယ်။ အမှတ်တရ နေ့ ရက်တခုခုကို ချရေးပြီးတဲ့ အခါ ဘလော့ပေါ်က မောင်နှမတွေနဲ့  ဘယ်သူနဲ့ များ တိုက်ဆိုင်နေဦးမလဲလို့  ရင်ခုန်စွာ စောင့်မျှော်တတ်လာတယ်။

ကိုယ့်မေမေရဲ့ မွေးနေ့ ပို့ စ်လေးတင်တဲ့အခါ ကိုယ်မျှော်လင့်ထားသလို ကိုယ့်ရင်ကို ညွှတ်နူးစေတဲ့ တိုက်ဆိုင်မှုလေးရောက်လာခဲ့တယ်။ မမမေငြိမ်းရဲ့မေမေကလဲ ကိုယ့်မေမေလို ဆရာမ… ဒီထက်ထူးခြားတာက ကိုယ့်မေမေက ကိုယ်ရဲ့ဆရာမ ဖြစ်ခဲ့ဘူးသလို မမမေငြိမ်းရဲ့ မေမေကလဲ မမရဲ့ဆရာမဖြစ်ခဲ့ဘူးတယ်တဲ့… ဒီထက်ထူးခြားတာက မမမေငြိမ်းမေမေနဲ့ ကိုယ့်မေမေ တလထဲမှာမွေးကြပြီး မွေးနေ့ ချင်း ရက်ပိုင်းသာကွာတာပါပဲ။ ဒီပို့ စ်လေးမတင်ခင် ကိုပီတိမေမေရဲ့မွေးနေ့ နဲ့  မေမေ့မွေးနေ့  ရက်ပိုင်းလေးသာကွာလို့  အံ့သြလို့ မဆုံးသေးခင်ပေါ့။

ဖေဖေ့မွေးနေ့ တုန်းက အရမ်းအလုပ်ရှုပ်နေလို့  အမှတ်တရပို့ စ်မရေးလိုက်ရတော့ တိုက်ဆိုင်မှုတွေမသိလောက်တော့ဘူးထင်တာ… ညီမလေးနိနိရဲ့ မွေးနေ့ ပို့ စ်လေးကို ဖေဖေ့မွေးနေ့ မှာ ဖတ်လိုက်ရတော့… ဘလော့မောင်နှမတွေနဲ့  ကိုယ့်ရဲ့ ရေစက်ကို သံသယကင်းစွာ ယုံကြည်မိပါတော့တယ်။ အညာဇာတိချင်းတူတဲ့၊ ဇာတိမြို့ ချင်းကလဲ နီးနီးလေးဖြစ်တဲ့ အညာသူညီမလေး နိနိရေ… တို့ တတွေ ဟိုးရှေးရှေးဘ၀က ညီအမတွေများလားကွယ်။

မမခင်မင်းဇော်ရဲ့ မင်္ဂလာနှစ်ပတ်လည်ပို့ စ်နဲ့  ကိုယ်ရဲ့ မင်္ဂလာနှစ်ပတ်လည်ပို့ စ်လေး တရက်ထဲ ဖြစ်နေခဲ့တာကရော။ တင်္နလာနေ့ မွေးတာခြင်းတူတဲ့အပြင် ချစ်သူနဲ့ ပေါင်းဆုံခွင့်ရတဲ့ နေ့ လေးပါ ထပ်တူကျနေတာသိရတော့… တိုက်ဆိုင်မှုထက် ပိုလေးနက်တဲ့ ပတ်သက်ဆက်နွယ်မှုတွေ ပါဝင်နေတယ်ဆိုတာ ကိုယ် ကြည်နူးစွာ လက်ခံလိုက်ပြီ။ အပေါ်က တိုက်ဆိုင်မှုတွေမှာ ကိုယ်သုံးနှုန်းခဲ့တဲ့ တိုက်ဆိုင်မှုဆိုတဲ့ စကားလုံးကို ဒီမှာပြင်ပါရစေလား။ သူငယ်ချင်းဘလော့ဂါရေ… ညီမလေးရီတာရေ…. ညီမလေးချိုသင်းရေ… မမမေငြိမ်းရေ… ကိုပီတိရေ… နိနိရေ… မမခင်မင်းဇော်ရေ…. နောက်တွေ့ ဦးမယ့်… တိုက်ဆိုင်နေဦးမယ့် ဘလော့မောင်နှမတွေရေ… ကိုယ့်တို့ တွေ ဟိုးရှေးရှေးဘ၀တွေက သွေးရင်းသားရင်း မောင်နှမအရင်းကြီးတွေများ ဖြစ်နေရော့မလားလို့  ကြက်သီးမွှေးညှင်းထတဲ့ ကြည်နူးခြင်းတွေနဲ့  ဒီပို့ စ်လေးနဲ့  ဆွေမျိုးစပ်ပရစေလားနော်။

(စာကြွင်း။ ဘလော့ပေါ်မှာ မဟုတ်တဲ့ အပြင်က တိုက်ဆိုင်မှုတခုကို ကြုံတုန်းပြောပြချင်လို့ ပါ… ကျွန်မဘ၀ရဲ့ အမေနှစ်ယောက်ကလဲ နှစ်တနှစ်ထဲမှာ မွေးခဲ့ကြတယ်ဆိုတာကိုပါ… အမေတယောက်က ကျွန်မ အမေအရင်းနဲ့  နောက်တယောက်က ကျွန်မတို့ တိုင်းပြည်ရဲ့ အမေအရင်း ဒေါ်အောင်ဆန်းစုကြည်ပါ)

တန်ခူး
11:37am 14-July-2009