Monday, June 22, 2009

Brandရောဂါ

ကျွန်မတို့  မြန်မာနိုင်ငံမှာတော့ တချို့ အမျိုးသမီးတွေ အချင်းချင်းတွေ့ ရင် ရွှေဘယ်လောက် ၀တ်ထားလဲ၊ စိန်ကဘာစိန်လဲ၊ ဘယ်နှစ်ရတီလဲ… ဒါမျိုးတွေ ကြည့်ပြီး အကဲခတ်တတ်ကြတယ်။ shopping centreလိုမျိုး၊ စကော့ဈေးလိုမျိုးသွားတောင် လူကို ခြေဆုံး၊ခေါင်းဆုံးကြည့်ပြီး ရွှေတွဲလဲ၊ငွေတွဲလဲ မဟုတ်ရင် ဈေးကို စိတ်မပါ့တပါ ပြောတတ်တာ။ ဒါကြောင့်တချို့ ပြောကြတယ်။ ၀တ်ချင်လို့ ၊ ၀ါသနာပါလို့  တော့မဟုတ်ပါဘူး… လူရိုသေ၊ ရှင်ရိုသေအောင်လို့ ပါတဲ့။ နားကပ်လေးမှ မ၀တ်နိုင်ရင် ဘယ်တင့်တယ်မလဲတဲ့။ ကျောင်းတုန်းက အိမ်ထောင်ရေးကို ဈေးတွက်တွက်တဲ့ ကျောင်းသားတွေ တွေ့ ခဲ့ဖူးတယ်။ စီးတဲ့ကား၊ ၀တ်တဲ့စိန်၊ အဖေရာထူးကြည့်ပြီး ကောင်မလေးကို ချစ်ရေးဆို ချဉ်းကပ်သတဲ့။ တောက်… သူဝတ်ထားတဲ့ စိန်လက်စွပ်ကြီး ဈေးမနဲဘူးကွဆို မချင့်မရဲ ပြောတတ်သေး။ တချို့  ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပေမယ့် ရွှေမရှိ၊ငွေမရှိ ချို့ ချို့ တဲ့တဲ့မို့  နောက်ဆုတ်သွား တတ်သေးတယ်။ ပြီးတော့ စကားပြောရင် လက်ကလေးခါခါ ခါခါနဲ့ ပြောတတ်တဲ့… သူလက်ခါလိုက်ရင် မျက်စိတွေကြိမ်းသွားအောင် စိန်တွေညွှတ်နေတဲ့ တယောက်ကို ချစ်လှပါချည့်ရဲ့ဖြစ်ကော။ ပရောက်ဖစ်ဆာမကြီး တယောက်ကတော့ ပိုက်ဆံတတ်နိုင်ရင်တောင် သူ့ ထက်ကြီးတဲ့ စိန်ဝတ်ရင် မကြိုက်ဖူးဆိုပဲ။ ဒါက ကျွန်မတို့  နိုင်ငံက ရွှေတွေ၊ငွေတွေရဲ့ အရေးပါမှုပေါ့။

ဒီရောက်တော့ မလေးရှားလူမျိုးကလွဲရင် စလုံးတွေက ရွှေဆိုမျှင်မျှင်လေးပဲ ၀တ်ကြတာ။ မျှင်နိုင်သမျှမျှင် တခါတလေ မြင်တောင်မမြင်ရဘူး။ မလေးရှားလူမျိုးတွေကတော့ မြန်မာလူမျိုးတွေထက်တောင် အတုံးလိုက်အခဲလိုက် ၀တ်သေးတယ်။ လူရိုက်လို့ တောင် ရလောက်တဲ့ ထုကြီးကြီးတွေ။ စလုံးတရုတ်မတွေကျတော့ တယောက်နဲ့ တယောက်တွေ့ ရင် မသိမသာ ပိုက်ဆံအိတ်ကိုကြည့်တယ်… ပြီးတော့ဖိနပ်ကိုကြည့်တယ်… နေကာမျက်မှန်ကို ကြည့်တယ်… အကျီင်္ကိုကြည့်တယ်…။ သန့် စင်ခန်းထဲရောက်ရင် ဘာနှုတ်ခမ်းနီလေး ထုတ်ဆိုးလဲကြည့်တယ်…။ ဓာတ်လှေကားထဲရောက်ရင် ရေမွှေးကို အနံ့ ခံတယ်။ brand ရောဂါပါ။ ဟယ်… သူလွယ်ထားတဲ့ LVလေးက ဒီဇိုင်းအသစ်လေးပါလား… သူ့ မှာ့ Gucci ဘယ်နှစ်အိတ်တောင် ရှိပါလိမ့်၊ တခါလွယ်ရင် အရောင်တမျိုး… သူ့ ဖိနပ်ကလေးက အရောင်လေးစိုပြီးလှနေတယ်ထင်တာ nine west ဖြစ်နေတာကိုး…။ ဒီနိုင်ငံရဲ့ brand အရေးပါ အရာရောက်မှုပါ။ သတင်းစာထဲမှာ ဘယ်brandက Saleဆို အပြေးအလွှား သွားကြ အချင်းချင်း ဖုန်းဆက်ကြ။

တချို့ တွေ အချင်းချင်းပြောနေရင် နားကို မလည်နိုင်ပါဘူး။ ပေါများလိုက်တဲ့brandတွေ။ အဲဒီbrandတွေ နောက်သာ ကောက်ကောက်ပါအောင် လိုက်ရရင် ရတဲ့လစာရဲ့ အဆပေါင်းများစွာ ပြောင်မှာပါ။ အိတ်တအိတ်ကို ဒေါ်လာထောင်ကျော် မပြောနဲ့  ရာကျော်ပေးဖို့ တောင် အထပ်ထပ် စဉ်းစားရတာမိုလား။ ကိုယ့်ဘီရိုဖွင့်လိုက်ရင် မbrandတာတွေက များပါတယ်။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် တခါတခါ ဈေးလေးဘာလေးချတယ်ကြားရင် လွယ်ကြည့်၊ မျက်မှန်လေးတပ်ကြည့်၊ အင်္ကျီလေးကောက်ဝတ်ကြည့်တာမျိုးတော့ လုပ်မိပါတယ်။ branded saleဆို ပေါချောင်ကောင်းလေးများ တွေ့ မလားလို့  မယောင်မလည်သွားဖူးပါတယ်။ လက်ဗလာနဲ့  ပြန်လာတာများပါတယ်။

ဟိုတနေ့ က ချစ်တဲ့သူငယ်ချင်းတယောက် သွားကိုက်နာ မခံစားနိုင်လို့  ဆရာဝန် သွားပြခိုင်းတာ ကုန်ကျစရိတ်က LV တအိတ် ၀ယ်လို့ ရတယ်ဆို နှမျောနေလို့  သွားကိုက်ရောဂါထက် ပြင်းထန်တဲ့ brandရောဂါပါလားလို့  တွေးမိပါသေးတယ်။ ကိုယ်လဲ ဘာထူးလဲ။ ကျွန်မတို့ ရုံးက shopping centerတွေနဲ့  ဝေးတာမို့  ရုံးမှာ ဈေးလာလာရောင်းကြပါတယ်။ ဒီနေ့ ဘာရောင်းမယ်ဆိုတာ ကြိုကြော်ငြာ ပါတယ်။ ဟိုတနေ့ က Mango Sale လို့  ကြော်ငြာထားတော့ အရမ်းကို ၀မ်းသာသွားပါတယ်။ Mangoဆိုတဲ့ စာတန်းလေးနဲ့  တီရှပ်လေး တထည်တောင် ကိုယ့်မှာ မရှိတော့ ဈေးလေးတော်ရင် ဆွဲလိုက်ဦးမှဆို စဉ်းစားပြီး ရောင်းတဲ့နေရာ အသွားမှာ တယောက်ထဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတယ်။ Mango Sale ပါပဲ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ချိုမြမွှေးကြိုက်နေတဲ့ သရက်သီးဝါ၀ါလေးတွေပါ။ ကျွန်မထင်သလို တီရှပ်လှလှလေးတွေ မဟုတ်တာပါပဲ။ အတော်ကြောက်စရာကောင်းတဲ့ brand ရောဂါပါပဲ။

(စိတ်ဓါတ်ကျနေတဲ့ အမကြီးkom အတွက်အမှတ်တရ… မမရေ… အဖော်ရှိသေးတယ်… စိတ်ဓါတ်မကျနဲ့ နော်)

တန်ခူး
11:45pm 22-Jun-2009

Thursday, June 18, 2009

နေသားကျ

နေသားကျ(၁)

Before

“ဟဲ့… သက်သက်… ဘယ်လိုဖြစ်တာတုန်း… အထုတ်တွေနဲ့  ငိုထားတဲ့ မျက်နှာနဲ့ … ငါဖြင့်စိတ်ပူလိုက်တာဟယ်”

“ငါ ငဦးနဲ့ ကွဲလာခဲ့ပြီ… ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး… အိမ်ပေါ်က ဆင်းလာတာ… နင့်အိမ်မှာ ခဏနေလို့  ရမလား”

“မေးနေစရာလိုသလား သက်သက်ရယ်… ခဏပဲနေနေ အကြာကြီးနေနေ… ဒါပေမယ့် ယူတာမှ မကြာသေး လင်မယားကွဲကြတယ်ဆိုတာ သိပ်ကြားလို့  မကောင်းပါဘူးဟာ… ဖြစ်ပုံလဲပြောပါဦး”

“ဘာဖြစ်ရမလဲ အလောင်းအစားပေါ့… ညက ဘောလုံးလောင်းလိုက်တာ ငါစုထားတဲ့ ပိုက်ဆံလေးပြောင်ရောဟယ်… အဲဒီလောက် အတိုင်းအဆမဲ့လာရင် ကြာရင် ငါတို့  နေစရာအိမ်တောင် ရှိမှာ မဟုတ်တော့ဘူး… တော်ပြီ… ဒီလောက်နဲ့  ဇာတ်လမ်းရပ်တာကောင်းတယ်”

“မဟုတ်သေးပါဘူး သက်သက်ရယ်… ဒီလောက်က အချင်းချင်းညှိနှိုင်းကြည့်ပါဦး… ကွဲလောက်တဲ့အဆင့် မဟုတ်သေးပါဘူး”

“တော်ပြီ… ဘာမှမပြောနဲ့ တော့ဟာ… သက်သက်တို့ က ဗူးဆိုဖရုံမသီးဘူး”

************************
နေသားကျ(၁)

After

“ကိုဦး…သက်သက်… အမလေး အော်မကြားခေါ်မကြားနဲ့  သိပ်ပျော်နေကြတယ်ပေါ့… shopping လာတာလား”

“ဟယ်… သူငယ်ချင်းရယ်… နင့်ကိုတကယ်မမြင်တာပါ… ဟုတ်တယ်… ဒီနေ့ ကိုဦးမွေးနေ့ မို့  လက်ဆောင်လာဝယ်ပေးတာ”

“ကောင်းပါတယ်… ကောင်းပါတယ်… ဒီလိုပဲမြင်ချင်ပါတယ်… ခုတော့ ကိုဦးက လိမ္မာသွားပြီပေါ့…”

“ကိုဦးလား ဘောလုံးပွဲ လောင်းမြဲလောင်းဆဲပါ… တခါတလေ စီးနေတဲ့ကားလေးပြုတ်လိုက်… တခါတလေ အိမ်လေးပေါင်လိုက် တခါတလေ ငါ့လက်ဝတ်လက်စားတွေ ပျောက်လိုက်…ပေါ်လိုက်ပေါ့”

“သက်သက်ရယ်… ခုတော့ ဒါတွေကို ရယ်လို့ မောလို့  ပြောနိုင်နေပြီနော်.. ဘာပဲဖြစ်ဖြစ် နင်တို့ အဆင်ပြေနေတာတွေ့ တာပဲ ငါဝမ်းသာလှပါပြီ”

“ဘာလို့ လဲ သိလား… လောင်းကစားဝါသနာပါတဲ့ ယောင်္ကျားတယောက်ရဲ့ ဇနီးမယားတယောက်ဘ၀မှာ နေသားကျသွားလို့ ပေါ့ဟယ်… ကြာလာတော့လဲ နေသားကျသွားတာပါပဲ”

“ဘာရယ်သက်သက်… နေသားကျသွားတယ်ဟုတ်လား”

************************
နေသားကျ(၂)

Before

“ဗျို့ … ကိုချစ်ပို”

“ဟာ… ကိုစိုးကြီးတို့ ပါလား… လာကြပါဗျာ… ထိုင်ကြဗျာ… ကျူပ်မိန်းမရှိတုန်းကလိုတော့ ရေနွေးလေး လဘက်ညွှန့် လေးနဲ့  ပြည့်ပြည့်စုံစုံ ဧည့်မခံနိုင်တော့ဘူးပေါ့ဗျာ…”

“မထိုင်တော့ပါဘူး ကိုချစ်ပိုရာ… ခင်များမလဲ ဇနီးဆုံးပြီးကတည်းက ဘယ်မှလဲမထွက် အိမ်ထဲမှာပဲ တငိုငိုတရီရီမို့  စိတ်ပြေလက်ပျောက် ကျူပ်တို့ နဲ့  လမ်းလျှောက်ထွက်ရအောင် လာခေါ်တာပါ”

“ခင်ဗျားတို့ ပဲ သွားပါတော့ဗျာ… ဒီလမ်းတွေက မူမူနဲ့လျှောက်နေကျဆိုတော့ ကျူပ်တယောက်ထဲ ဘယ်လိုမှ…”

“ကဲ… မငိုပါနဲ့ တော့ဗျာ… ကျူပ်တို့ အရွယ်တွေလဲ ၆၀ကျော်လာပြီဆိုတော့ တရားနဲ့  ဖြေကိုဖြေရတော့မယ့် အရွယ်တွေပါဗျာ… ခင်များ လမ်းမလျှောက်ချင်လဲ စကားပဲ ထိုင်ပြောကြတာပေါ့ဗျာ”

“ရပါတယ်ဗျာ”

“စကားမစပ်… မမူမူဆုံးကတည်းက ခင်ဗျားကို ဒီအကျီင်္နဲ့ ပဲတွေ့ နေရတာ… အရင်ကလို နေပါဦီးလားဗျာ”

“မူမူမီးပူတိုက်ပေးတဲ့ အ၀တ်လေးတွေ ဒီတိုင်းလေး ခေါက်ရိုးမပျက် ရှိစေချင်လို့ ပါ… ကျူပ်မိန်းမလက်ရာလေးတွေ ပျောက်သွားမှာ စိုးလို့ ပါဗျာ”

************************
နေသားကျ(၂)

After

“ဗျို့ … ကိုချစ်ပိုကြီး… ခင်များမလဲ ဖမ်းရခက်လှချည့်လားဗျာ… အိမ်မှာကို မကပ်ဘူး”

“ဟားဟား… လာဗျာကိုစိုးကြီး… ခင်က ခုမှ ရန်ကုန်နဲ့ ရင်းနှီးတာဆိုတော့ သူ့ ကို လိုက်ပို့ နေရလို့ ပါဗျာ”

“ထင်ပါ့…ထင်ပါ့… ခင်တဲ့လား… ဒီလိုကြီးတော့ မလုပ်နဲ့ လေဗျာ… လူသိရှင်ကြား မိတ်ဆက်တဲ့ပွဲလေးဘာလေး လုပ်မှပေါ့”

“ဟဲဟဲ… ကျူပ်လဲ လုပ်ချင်ပါတယ်ဗျာ… စကားစရခက်နေလို့ … ခင်ရေ… ရေနွေးကြမ်းလေး လဘက်သုတ်လေး လုပ်ပါဦး”

“ခုတော့လဲ ကျုပ်တို့ လူကြီးက ဟာဝေယံရှပ်တွေနဲ့  တယ်နုနေပါ့လားဗျ… ခပ်တိုးတိုးလေး မေးစမ်းပါဦးမယ်.. ခင် မကြားအောင်… အကျီင်္အသစ်တွေ ၀ယ်တာ မူမူတိုက်ပေးတဲ့ အကျီင်္လေးတွေ ခေါက်ရိုးမပျက်မှာ ကြောက်လို့ လားဗျ”

“ခင်ဗျားကတော့ လုပ်ပြီဗျာ… ဟဲဟဲ… မူမူမရှိတဲ့ဘ၀မှာ နေသားကျသွားတာပါဗျာ..”

“ဘာတဲ့… နေသားကျကျချည်သေးတော့ဗျာ… ဟားဟား”

************************
နေသားကျ(၃)

Before

“အမေ့…အမေ့… အမေ့ကို ကျွန်တော်လွမ်းတယ်ဗျာ… ခုပြန်လာချင်ပြီ… အီးအီး”

“သားလေး… သွားတာမှ တလပဲရှိသေးတယ်သားရယ်… ဘာများအဆင်မပြေလို့ လဲသား… မငိုပါနဲ့ ကွယ်… မင်းငိုရင် အမေငိုမိလိမ့်မယ်”

“အမေ့သားပညာတတ်ကြီးလေ… ခုကူလီထမ်းတဲ့ အလုပ်မျိုးလုပ်နေရတယ် အမေရဲ့… ဟိုပွဲစားကောင်လိမ်တာ… ကွန်ပြူတာကိုင်ရမယ်ဆိုတာ အလကားအမေရဲ့… တနေ့ တနေ့  သယ်လိုက်ရတဲ့ ပိုက်လုံးကြီးတွေ… ညကျ တကိုယ်လုံးကိုင်ရိုက်ထားသလိုပါပဲဗျာ”

“ငါ့သားဘွဲ့ ရ ပညာတတ်… အိမ်မှာ ဖူးဖူးမှုတ်ထားတာကို သူတို့ က ခိုင်းရက်လိုက်ကြတာ… ဘာမှ မပူနဲ့ သား… အမေဈေးရောင်းကျွေးနိုင်တယ်… ပြန်သာလာခဲ့”

“အမေ.. ကျွန်တော်စဉ်းစားဦးမယ်.. ဖုန်းကဒ်က ကျခါနီးပြီ… အမေနေကောင်း….”

“ဟယ်လို…ဟယ်လို… သား… ကြားရလား… ကြားရလား”

************************
နေသားကျ(၃)

After

“သားလေးရယ်… မင်းပင်ပန်းတယ်သာဆိုတယ် ဖြူလို့ ဝလို့ ပါ”

“၂နှစ်လောက် လုပ်လိုက်ရတော့ ပင်ပန်းတာနဲ့ နေသားကျသွားတာအမေ… အရာရှိက ကျွန်တော့်ကို ဖိုမင်ရာထူးတိုးပေးတော့ အရင်ကလောက် မပင်ပန်းတော့ပါဘူး”

“အေးလေ.. သားပြန်ထွက်ချင်တယ်ဆိုလဲ အမေမတားပါဘူး… သားသဘောပါပဲ”

“ဟာဗျာ… မီးကပျက်သွားပြီ… ဒီနေ့ ညဘောလုံးပွဲရှိပါတယ်ဆိုမှ… ဟိုမှာ ကျွန်တော်ရောက်တဲ့ ၂နှစ်အတွင်း မီးတခါမှ ပျက်တာ မတွေ့ ခဲ့ရဘူး ”

“ဒီလိုပါပဲသားရယ်… အမေတို့ ကတော့ ပျက်လိုက်၊လာလိုက် လင်းလိုက်၊မှောင်လိုက်နဲ့  နေသားကျနေပါပြီ… ကဲ..စားလိုက်ဦး… မင်းကြိုက်တဲ့ လမ်းထိပ်က မနုလက်ရာ မိုးကျလဘက်သုတ်ကလေး”

“အမေ ကျွန်တော် မစားချင်ဘူး… မိုးကျလဘက်တွေက ကွင်းထဲမှာ လူတွေခြေနင်းဖတ်ထဲ ဒီတိုင်း… ကျွန်တော်စားရတာစိတ်ထဲ တမျိုးပဲအမေရာ… ”

“ဟဲ့… အဲဒါမင်းတောက်လျှောက်ကြိုက်လာခဲ့တာလေ… အရင်ကမရွံပဲ ခုမှ ဘယ်လိုဖြစ်တာလဲ”

“ဟိုမှာက အတော်သန့် ပြန့် တာဆိုတော့ သန့် ရှင်းတာနဲ့  နေသားကျသွားလို့ ပါအမေ”

“ဟုတ်မှာပေါ့သားရယ်… ဒါဆိုလဲ အမေကိုယ်တိုင်ကျော်ထားတဲ့ အကြော်စုံလေးကို ရေနွေးကြမ်းနဲ့ မြည်း”

“အမေ စားအုန်းဆီတွေနဲ့  ကြော်တာလား… အမေအသက်ကြီးလာပြီ… ကျန်းမာရေးထိခိုက်လိမ့်မယ်… ပဲဆီလေးနဲ့ စားပါဗျာ”

“ပဲဆီလဲမထူးပါဘူးသားရယ်… ရောတာပါပဲ… ဈေးကျတော့ ခေါင်ခိုက်နေတာ… အမေတို့ က စားအုန်းဆီနဲ့ နေသားကျသွားတော့ ဘာမှမဖြစ်ပါဘူး… သားလာရင် အိပ်ဖို့ ဆို အမေက အိမ်ရှေ့ ခန်းမှာ ကုတင်ခင်းထားတာ… ဟိုအရင်ကလို မင်းညီတွေနဲ့ အိပ်တတ်တော့ပါမလားလို့ ”

“ဟားဟား… အမေက ကျွန်တော့်ကို နိုင်ငံခြားမှာ နေရတယ်ဆို အထင်ကြီးနေတာကို… အခန်းကျဉ်းကျဉ်းလေးထဲမှာ လူတွေအများကြီး စုပြုံနေရတာ အမေရဲ့… ကျွန်တော်က အဲဒီဘ၀နဲ့  နေသားကျသွားတော့ ခုလို ခြံလေးနဲ့ လေလေးတဖြူးဖြုးက ကျွန်တော့်အတွက် ဟိုတယ်ပါပဲ”

“ငါ့သားလေး ရုန်းကန်ရတာ အမေဖြင့် သနားလိုက်တာ… xxxxxxx”

“xxxxxxxxနေသားကျxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxနေသားကျxxxxxxx”
“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxxxxxxxxxxxxxxx”

“xxxxxxxxနေသားကျxxxxxxx”

************************
တန်ခူး
5:40pm 18-Jun-2009

Monday, June 15, 2009

ခေါင်းရွက်ဗျပ်ထိုးသံယောဇဉ်

ဟိုးငယ်ငယ်ကတည်းက နေ့ စဉ် သံယောဇဉ်တွယ်ခဲ့ရတဲ့ အထဲမှာ ကျွန်မတို့  လမ်းထဲကို နေ့ တိုင်းလာရောင်းတတ်တဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေလဲ ပါပါတယ်။ တခါတလေ ရုံးပိတ်ရက် နေ့ လည်နေ့ ခင်းဆို သူတို့ ကို သိပ်လွမ်းတာ။ ဟိုတလောက အမေလာတော့ အမေရယ် ခုချိန်များ ပြောင်းဖူးပြုတ်ပူပူလေးဆိုတဲ့ အသည်လေး အိမ်ရှေ့ လာလိုက်ရင် သိပ်ပျော်သွားမှာလို့  ပြောမိသေးတယ်။ မြန်မာမုန့် အရမ်းကြိုက်တဲ့ ကျွန်မတို့ မောင်နှမတွေက အိမ်မှာရှိတဲ့နေ့ တွေဆို လမ်းမပေါ်လာသမျှ အသည်တွေ အသံကို နားစွင့်ပြီး တမျိုးပြီးတမျိုးခေါ်စားတတ်ပါတယ်။ ငယ်တုန်းကတော့ မိဘတွေက သွားရည်စာကို ထိန်းချူပ်ထားပေမယ့် ကြီးလာတော့ ကိုယ်ရတဲ့ မုန့် ဖိုးနဲ့  အာသီသရှိရာခေါ်စားမိတာပါပဲ။ ဒါကြောင့် ရပ်ကွက်ထဲလာနေကျ မုန့် သည်တွေနဲ့  လူချင်းတောင် ရင်းနှီးကြတာပါ။ ကျွန်မတို့  ပြန်ရောက်တဲ့အချိန်ဆို တချို့ အသည်တွေက ပြန်တွေ့ ရတာ ၀မ်းသာလွန်းလို့  အလကားအတင်းကျွေးတဲ့အထိပါပဲ။

စားနေကျ ဈေးသည်တွေထဲက ယနေ့ ထက်ထိ မှတ်မှတ်ရရရှိနေတဲ့ ဈေးသည်တွေ အတော်များပါတယ်။ မနက်မိုးလင်းရင် သူများထက် ၀ိရိယကောင်းစွာ အစောကြီးလာတတ်တဲ့ ပဲပြုတ်သည်အမကြီး။ သူ့ ပဲပြုတ်လေးတွေက ဖွေးပြီးသန့် နေတာရယ်၊ သူ့ အပြုံးလေးတွေက ဖော်ရွေချိုမြနေတာရယ်ကြောင့် နေမထွက်ခင် ပဲပြုတ်တတောင်းက အသာလေးကုန်ပါတယ်။ သူက မနက်အမေကို ကူရင်း ပဲပြုတ်ရောင်းပေးတာပါ။ ပဲပြုတ်ကုန်ပြီးရင် အိမ်ပြန်ရေမိုးချိုး ကျစ်ဆံမြီးရှည်ရှည်လေးနဲ့ မြန်မာအကျီင်္လေးဝတ်၊ ကချင်လွယ်အိတ်လေးလွယ်ပြီး MScတက်နေသူပါ။ ငယ်က စာကျက်ပျင်းတဲ့ ကျွန်မတို့ ကို ဖေဖေတို့ မေမေတို့ က အဲဒီအမကြီး ဥပမာပေးပြီး သူ့ လို ကြိုးစားဖို့  ဆုံးမလေ့ရှိပါတယ်။ ခုတော့ သူက တက္ကသိုလ်မှာ ဆရာမဖြစ်နေပြီလို့ ကြားပါတယ်။ သူ့ ကိုရော သူ့ ပဲပြုတ်လေးကိုရော လွမ်းမိတာအမှန်ပါပဲ။

ကျွန်မမောင်လေး ငယ်ငယ်က တနေ့ မစားရ မနေနိုင်တဲ့ မုန့် က မုန့် ပေါက်စီပါ။ စွတ်ကျယ်အဖြူရောင်နဲ့ ပုဆိုးတိုတို အမြဲဝတ်တဲ့ တရုတ်လူမျိုးလို့ ထင်ရတဲ့ အဖိုးကြီးက “မုန့် ပေါက်စီ၊ဘိန်းမုန့် ” လို့  ခပ်ဝဲ၀ဲလေး အော်လိုက်ပလားဆို ကျွန်မမောင်လေးက လွတ်သွားမှာ စိုးလို့  အိမ်ထဲက တန်းပြေးပြီး အသံဗြဲကြီးနဲ့  ခေါ်တော့တာပဲ။ ပဲချိုချိုလေးတွေ အစာသွတ်ထားတဲ့ မုန့် ပေါက်စီဖွေးဖွေးလေးကို ကျွန်မက တခါတလေမှ စားပါတယ်။ နှမ်းဖြူဖြူလေးတွေခဲနေအောင် ဖြူးထားတဲ့ ဘိန်းမုန့်  မွှေးမွှေးလေးကို ကျွန်မက ပိုစားလေ့ရှိပါတယ်။ အဲဒီတုန်းက ခုဖေဖေတို့  အရွယ် မုန့် ပေါက်စီသည်ကြီး မိုးသည်းသည်းရွာတဲ့နေ့ တွေလဲ စိုစိုရွှဲရွှဲနဲ့  ချမ်းချမ်းစီးစီး ရောင်းနေတာကို ကျွန်မတို့  မောင်နှမတွေ သနားလွန်းလို့  မိုးရွာတဲ့နေ့ ဆို ပိုဝယ်စားဖြစ်ပါတယ်။ သူမြန်မြန်ကုန်ပြီး အိမ်ပြန်ရအောင်ပါ။ ကျွန်မမောင်လေး လူပျိုပေါက်ဖြစ်လာတော့ ပဲပေါက်စီသည် အဖိုးကြီးလဲ မတွေ့ တော့ပါဘူး။ သူကျန်းကျန်းမာမာရှိရဲ့လားလို့  တခါတလေတွေးပြီး စိတ်ပူမိပါသေးတယ်။

“ကောက်လှိုင်းတီမုန့် ၊ထန်းသီးမုန့် ” လို့  အသံသာသာလေးနဲ့  အော်တတ်တဲ့ အမကြီးက နေ့ လည် ထမင်းစားပြီး အချိုတည်းမယ့် အချိန်လောက်ဆို ရောက်လာတတ်ပါတယ်။ ခရမ်းရင့်ရောင် ကတော့ပုံ ကောက်လှိုင်းတီမုန့် လေးတွေကို ဖက်ထဲကထုတ်၊ ကတ်ကြေးလေးနဲ့ ကိုက်၊ အုန်းသီးနိုင်နိုင်လေးဖြူး၊ နှမ်းထောင်လေးနဲ့ … ပြောရင်းတောင် စားချင်သွားပါတယ်။ ကျွန်မအကြိုက်ဆုံးမြန်မာမုန့် ထဲက တမျိုးပါပဲ။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားတတ်တဲ့ သန့် သန့် ပြန့် ပြန့်  အမကြီးက သူကိုယ်တိုင်လုပ်၊ သူကိုယ်တိုင်ရောင်းတာပါ။ ယနေ့ ထက်ထိ ကျွန်မတို့ ရပ်ကွက်ထဲမှာ ရောင်းနေတုန်းပါပဲ။ သူများတွေလို ဖောက်သည်ယူရောင်းတာ မဟုတ်တော့ သူ့ မုန့် လေးက ပိုစားလို့ ကောင်းပါတယ်။ ကျွန်မပြန်ရောက်ရင် နေ့ တိုင်းတနေ့ မပြတ် စားတတ်ပါတယ်။ ဈေးသည် အမကြီးက ငယ်ချစ်တွေမို့  အဆစ်တွေ အများကြီး ထည့်ပေးတတ်ပါတယ်။

မုန့် စိမ်းပေါင်းနဲ့ မုန့် ဗိုင်းတောင့်သည်တွေကတော့ ခဏခဏပြောင်းတတ်ပါတယ်။ ကျွန်မက မုန့် စိမ်းပေါင်းကို အဖြူပိုကြိုက်သူမို့  အဖြူတွေအများကြီး ထည့်ပေးတတ်တဲ့သူဆီ အမြဲဝယ်စားဖြစ်ပါတယ်။ ရွှေခြေကျင်းကြီးတွေလောက်ကြီးတဲ့ မုန့် လက်ကောက် ၀ိုင်းဝိုင်းကြီးတွေက ကျွန်မကြီးကြီးရဲ့ အကြိုက်ဆုံးပါ၊ ကိုယ်တိုင်ထန်းလျက်ရည်ကြိုရောင်းတဲ့ အညာသူကြီးက ကျွန်မတို့ အိမ်ရောက်ရင် ကြီးကြီးနဲ့  အညာအကြောင်းတွေ အလွမ်းပြေပြောရင်း ဈေးရောင်းဖို့ တောင်မေ့နေတတ်ပါတယ်။

ပြောင်းဖူးပြုတ်ဆို ခပ်စေးစေးလေးမှ ကြိုက်တဲ့ ကျွန်မက ရပ်ကွက်ထဲက အဒေါ်ကြီးရောင်းတဲ့ အညိုရောင်ရှမ်းပြောင်းစေးစေးဆို ထမင်းလွတ်တောင် စားပစ်တတ်ပါတယ်။ ပဲဆီမွှေးမွှေးလေးသုတ်၊ ဆားလေးသုတ်ပြီး ပြောင်းဖူးပြုတ်လေးစား၊ ရုပ်ရှင်လေးကြည့်တတ်တဲ့ ကျောင်းပိတ်ရက် နေ့ လည်ခင်းတွေကို လွမ်းမိပါတယ်။ အငွေ့ တထောင်းထောင်းတနေတဲ့ အညာထန်လျော်တောင်းထဲက အ၀တ်ဖြူဖြူအောက်က ပြောင်းဖူးမွှေးမွှေးလေးတွေကို ခုသာပြေးဝယ်စားချင်မိတော့တယ်။

နွေနေ့ လည်တွေမှာ အိမ်ရှေ့ ကနေ ခပ်တိုးတိုးလေး အော်သွားတတ်တဲ့ ကူးဖီးလ်ရမယ် ကူးဖီးလ်ဆိုတဲ့ ဘာဘူကြီးအသံကို ကျွန်မက အမြဲနားစွင့်နေတတ်ပါတယ်။ ငယ်ငယ်ကဆို အမေမ၀ယ်ကျွေးမှာစိုးလို့  ဘာဘူကြီးကို အရင်ခေါ်ထားပြီးမှ အမေရေ အိမ်ရှေ့ မှာ ရောက်နေပြီလို့  အပိုင်လုပ်တတ်တာ ကျွန်မပါ။ ခုတော့ ငယ်က ဘာဘူကြီးပဲလား၊ ဘာဘူကြီးသားလားမသိတဲ့ ကူးဖီးလ်သည်ကြီးက တခါတခါမှ လာတတ်ပါတော့တယ်။ ကူးဖီးလ်ကြိုက်တဲ့ ကျွန်မက ရွှေပုဇွန်မှာ ဘာဘူကြီးကူးလ်ဖီးလ် အလွမ်းပြေ ၀ယ်စားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ အခေါက်အိမ်ပြန်တော့ စက်ဘီးလေးနဲ့  ဘာဘူကြီးကို တွေ့ ရတော့ ပျော်လိုက်တာ မပြောပါနဲ့ ။

လှည်းကလေးမှာ မောင်းသေးသေးလေးတွေတပ်ထားတဲ့ အသည်ကို ကျွန်မတို့ က မှောင်မှောင်သည်လို့  ခေါ်ပါတယ်။ ရာသီပေါ် သရက်၊ဇီး၊မာလကာ၊ သစ်တော်၊နာနတ်၊ဂွေးသီးတွေကို လှီး ငရုတ်သီးမှုန့် ၊ မဆလာ၊ ဆား ရောနယ်ထားတဲ့ အမှုန့် လေးဖြူး… အတိုင်းအဆမရှိ စားခဲ့ဘူးတာကြောင့် ငရုတ်သီးကို ရာသက်ပန် ရှောင်ရတဲ့ အဖြစ်ကို ရောက်သွားတဲ့ ကျွန်မပါ။ ခုစားမလားမေးရင် သွားရည်တွေကြိတ်ကျပြီး စားချင်စိတ်ကို မြိုသိပ်ထားရတာပါ။ တို့ ဖူးသုတ်၊ လျှောက်သီးသုတ် မှောင်မှောင်သည်ကတော့ ခံတွင်းများပျက်နေရင် အတော်ခံတွင်းလိုက်တာပါ။ ပုဇွန်ခြောက်ပါလေကာလေးနဲ့  သုတ်တတ်တဲ့ သူတို့ လက်ရာက အတော်ကို အံ့သြစရာကောင်းလောက်အောင် ကောင်းလွန်းပါတယ်။ အိမ်မှာ ဘယ်လောက် ကိုယ့်ဘာသာသုတ်သုတ် သူတို့ လက်ရာမှီဖို့  မလွယ်ပါဘူး။

“မုန့် လက်ဆောင်း ချိုချိုအေးအေးလေး” ဆိုတဲ့ အထမ်းနဲ့ ရောင်းတဲ့ အကိုကြီးက ကျွန်မတို့  ဟိုဘက်လမ်းတုန်းက တလမ်းထဲနေခဲ့တာပေါ့။ အာဝဇွန်းကလဲရွှင်တော့ တနေရာမှာ သူ့ အထမ်းသာချလိုက် ဖောက်သည်တွေကို ၀ိုင်းဝိုင်းလည်လို့ ။ အုန်းနို့ လေးထပ်ထည့်ပေးပါဦး၊ အချိုပေါ့နေလို့  ထန်းလျက်ရည်လေးထည့်ပေးပါဦးဆို သူများတွေလို မတိုတောင်းပဲ ခပ်ပြုံးပြုံးပေးတတ်သူပါ။ ခုထိ စိတ်ပါရင် အထမ်းဆွဲပြီး ပြန်ရောင်းတတ်သေးတယ်လို့  အိမ်ကသူတွေက ပြောပါတယ်။

ငယ်ငယ်က ၀ရန်တာမှာ စာထွက်ကျက်ရင်း ညမှောင်မှောင်မှာ အထမ်းကြီးပိုးရောင်းတတ်တဲ့ မုန့် ဖက်ထုတ်သည် အဖိုးကြီးကို မျှော်တတ်ပါတယ်။ ပူပူနွေးနွေးမုန့် ဖက်ထုတ်လေးတွေကို ဆောင်းညတွေမှာ ပိုစားတတ်ပါတယ်။ တခါတခါကျတော့ ခါချဉ်လျက်ဆားရောင်းတဲ့ အဖိုးကြီးနဲ့ မုန့် ဖက်ထုတ်အဖိုးကြီး ချိန်းထားသလား ထင်ရအောင် အချိန်ချင်းတူနေ တတ်ပြန်ပါတယ်။ ခုတော့ သူတို့ ကို မတွေ့ ရတာတောင် အတော်ကြာပါပြီကော။

ဟိုတခေါက်ပြန်တော့ သားက အဲဒီလို ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကို တအံ့တသြ ဖြစ်နေတတ်တယ်။ နောက်ပိုင်းလယ်လာပြီး ကျွန်မတို့  ငယ်ငယ်ကလို အမေမမေးပဲ မုန့် သည်ကို ခေါ်လာတတ်လို့  ကျွန်မတို့ မှာ လာသမျှမုန့် သည်မခေါ်ဖို့  တားရပါတယ်။ အမေကတော့ ညည်းဝဋ်လည်တာတဲ့။ ဒါပေမယ့် ကျွန်မလဲ သားနဲ့ မထူးပါဘူးလေ။ အသက်သာကြီးသွားတယ် လမ်းပေါ်က အသံလေးတွေ နားစွင့်ပြီး ခေါ်ချင်နေတုန်းပါပဲ။ သံယောဇဉ်… ငယ်က အချစ် အနှစ်တရာ မမေ့သာတဲ့။ တကယ်တော့ သူတို့ ရောင်းတဲ့မုန့် လေးတွေက ကျွန်မရဲ့ ငယ်ချစ်လေးတွေမိုလား။

(ညီမလေးမီယာရဲ့ စုံစီနဖာရန်ကုန်ဖတ်ရင်း ဒီပို့ စ်လေးအတွက် အတွေးရသွားတာပါ)

တန်ခူး
4:57pm 15-Jun-2009

Tuesday, June 9, 2009

ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ

တက်စီပေါ်တက်လိုက်တာနဲ့  ပြောလိုက်တဲ့ အင်္ဂလိပ်စကားလေသံ ကြည့်ပြီး ဘာလူမျိုးလဲဆိုတာ တက်စီမောင်းသူ တော်တော်များများက စိတ်ဝင်စားတတ်ပါတယ်။ နောက်ကြည့်မှန်ထဲကနေ ရုပ်ကို လှမ်းကြည့်ပြီး တချို့ က မလွဲပဲ ကောက်ချက်ချနိုင်သလို တချို့ က သူ့ ဘာသာ ကောက်ချက်အမှား ချပစ်တာမျိုးလဲ ခဏခဏပါ။ ဗီယက်နမ်လား… ဖိလစ်ပိုင်လား… ထိုင်းလား… အင်ဒိုနီးရှားလား… မလေးရှားလား… စုံနေတာပဲ။ တခါတခါ ဘယ်ကနေဘယ်လို မျက်စိလည် လမ်းမှားပြီး မြန်မာရုပ်စစ်စစ်ကြီးကို ဂျပန်လား… ကိုရီးယားလား မေးသေးတာ။ အမျိုးသားပါလာပြီဆို ပိုလို့ တောင် မျက်စိလည်သွားသေးတယ်။ သူက တရုတ်ရုပ် ကိုယ်ကမြန်မာရုပ်ပြောတာက မြန်မာစကား… တချို့ ဓာတ်လှေကားထဲမှာ နှစ်ယောက်စလုံးကို တလှည့်စီကြည့် Question Markတွေ ဖြစ်လို့ ။

စိတ်ကြည်နေရင်တော့ နင်ထင်သလို ငါက အဲဒီလူမျိုး မဟုတ်ဘူး… ငါက ဘယ်နိုင်ငံက… ဘာညာ စကားဖောင်ဖွဲ့ ဖို့  မခဲယဉ်းပေမယ့် စိတ်မကြည်တဲ့အခါတော့ နိုင်ငံအမှားပြောလိုက်ရင်ကို လူက မခံနိုင်တော့ပါဘူး။ ဥပမာ... သားနေမကောင်းလို့  ဆေးခန်းသွားနေတဲ့ အခါမျိုးပေါ့။ ကိုယ်ကလဲ ကိုယ့်နိုင်ငံသူလို့ သာ အထင်ခံချင်သူဆိုတော့ ကိုယ်ကိုယ်တိုင်ကိုက တဆိတ်လွန်ရာတော့ ကျနေတာ ၀န်ခံပါတယ်။ နောက်ပိုင်း အထာနပ်သွားတော့ မေးမယ်ကြံရင် ကိုယ်ကဦးအောင် မြန်မာလို့  ပြောတတ်လာပါပြီ။ ဒါပေမယ့် မလုံလောက်ဘူးလေ။ ပြန်စဉ်းစားကြည့်တော့ ဘယ်သူ့ အမှားမှ မဟုတ်ဘူး။ ကိုယ့်အမှားပဲပေါ့။ လုပ်ဖော်ကိုင်ဖက် အိန္ဒိယသူလေးကျတော့ ဘယ်တော့မှ အမေးမခံရပဲ ကိုယ့်သာတွေ့ လိုက်ရင် အာရှနိုင်ငံတွေ ကုန်အောင် အမေးခံရတာ။ မေးလဲမေးခံရမှာပေါ့ … နေရာတကာ ဘောင်းဘီ တကားကား… စကပ်တကားကားနဲ့ ကိုး။ သူငယ်ချင်း အိန္ဒိယသူလေးက ဘယ်လောက် ၀တ်ရခက်ခက် သူ့ ရိုးရာဝတ်စုံလေးနဲ့  အမြဲချစ်စရာကောင်းနေတာကိုး။ တကယ်ဆို ကိုယ်တို့ ရိုးရာဝတ်စုံက သူတို့ ထက်စာရင် ၀တ်လို့ တောင် ပိုလွယ်သေးတယ်။ ထမီလေးကို ဂျိတ်ကလေးတပ် ချုပ်လိုက်ရင် ကျွတ်ကျမှာလဲ မပူရတော့ဘူးလေ။

မြန်မာရိုးရာ ၀တ်စုံ ၀တ်တာနဲ့  မြန်မာမှန်း သိရောလားလို့  မေးလာရင် ဟုတ်ကဲ့လို့  ဖြေမှာပါ။
ကိုယ်တို့ နိုင်ငံရဲ့ မြင့်မြတ်ဂုဏ်ယူရတဲ့ နိုဘယ်ဆုရှင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ကမ္ဘာက သိကြတာမို့  ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ရိုးရာဝတ်စုံလေးသာ တမြတ်တနိုးဝတ်တတ်တဲ့ သူ့ ကြောင့်ပဲ မြန်မာရိုးရာဝတ်စုံလေးကိုလဲ ကမ္ဘာက ပိုသိခဲ့တာပါ။ ကိုယ်ဘွဲ့ ယူတော့ မြန်မာဝတ်စုံဝတ်… ဆံထုံးထုံး… ပန်းတွေဝေနေအောင် ပန်တာကို ကြည့်ပြီး အောင်ဆန်းစုကြည်တို့ နိုင်ငံကလို့  တန်းကနဲ ပြောနိုင်ကြတာ တွေ့ ခဲ့ဘူးပါတယ်။

အရင်အလုပ်မှာတုန်းက သူငယ်ချင်းတွေက နင်တို့ နိုင်ငံက ရုပ်ရှင်မင်းသမီးတွေ ကြည့်ချင်လို့  ပြစမ်းပါလို့  ဆိုတော့ အင်တာနက်ပေါ်မှာ တွေ့ တဲ့ မင်းသမီးတွေရဲ့ website တွေကို ၀မ်းသာအားရ ပြခဲ့ဖူးပါတယ်။ မလှဘူးလား… မချောဘူးလားဆိုတော့ လှပါတယ်… ချောပါတယ်… ဒါပေမယ့် နင်တို့ ရိုးရာဝတ်စုံနဲ့ လဲ မဟုတ်ဘူးနော်…အားလုံးက အနောက်တိုင်း ၀တ်စုံတွေနဲ့ လို့  မှတ်ချက်ချမှ ကိုယ့်မှာ မြန်မာဝတ်စုံနဲ့  မင်းသမီးပုံကို အသဲအသန် လိုက်ရှာပြရပါတယ်။ ဒီတော့မှ သူတို့ က ကျေနပ်သွားတဲ့ပုံနဲ့  ဒီပုံလေးတွေမှ လှတာတဲ့။ သူတို့  အဲဒီလို ပြောတော့ ဘောင်းဘီ စကတ်သာ ၀တ်တဲ့ ကိုယ့်ကိုယ်ကိုပါ မလုံမလဲ ဖြစ်ခဲ့မိပါတယ်။

တကယ်တော့ ဒီမှာဆိုပြီး ကိုယ်ကိုယ်တိုင်က လမ်းလွယ်လိုက်မိနေတာပါ။ မြန်မာပြည် ပြန်ရောက်ရင်တော့ ကိုယ်သံယောဇဉ်ကြီးတဲ့ မြန်မာဝတ်စုံလေးတွေ တမြတ်တနိုး ပြန်ဝတ်တတ်ပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်ထဲမှာကို မြန်မာဝတ်စုံ ၀တ်တဲ့ လူငယ်တွေ ရှားပါးလာတာ တွေ့ ရတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်ပါတာ အပြစ်မဆိုသာပေမယ့် ရိုးရာဝတ်စုံလေးကိုတော့ မပျောက်ပျက်စေချင်တာပါ။ အနည်းဆုံး ဘုန်းကြီးကျောင်းလေးတော့ ၀တ်သင့်တယ်မိုလား။

ဟိုတလောက ဒီက မြန်မာဆိုင်တဆိုင်မှာ ဒီမှာ ထုတ်တဲ့ ပြက္ခဒိန်တခု တွေ့ ခဲ့ပါတယ်။ ပထမတော့ အနောက်တိုင်း မင်းသမီးတွေ အထင်နဲ့  ကြည့်နေမိရာက မြန်မာမင်းသမီးတွေ လျှပ်ပေါ်လောလီ မပေါ့တပေါ်နဲ့  ၀တ်ထားတာတွေတွေ့ တော့ သက်ပြင်းချမိပါတယ်။ ဒီက ထုတ်တဲ့ မြန်မာမဂ္ဂဇင်း မျက်နှာဖုံးက ချစ်စရာကောင်မလေးတွေ မြန်မာဝတ်စုံလေးနဲ့ ဆို ပိုလို့ ကျက်သရေရှိမလားလို့  ထင်မိပါတယ်။ ခုနောက်ပိုင်း ဘုန်းကြီးကျောင်း… ဘုန်းကြီးဆွမ်းကျွေး အလှူတွေကို မြန်မာဝတ်စုံကိုသာ ၀တ်ဖြစ်အောင် ကြိုးစားပါတယ်။ နေ့ တိုင်း ၀တ်ဖြစ်တဲ့အထိ ကြိုးစားမယ်လို့  မှန်းထားပါတယ် (နောက်ဆို လမ်းမှာတွေ့ တာနဲ့  တန်ခူး ဘယ်သူလဲ ဆိုတာ သိတော့မယ် ထင်ပါ့)။ ဘာအ၀တ်အစား ၀တ်ဝတ် စိတ်က အရေးကြီးဆုံးဆိုတာ မှန်ပေမယ့် မြန်မာကမွေး မြန်မာသွေး မြန်မာစစ်စစ်ကလေးတွေ မြန်မာရိုးရာဝတ်စုံကို သိဖို့ … မြတ်နိုးဖို့ နဲ့ … ဆက်လက်ထိန်းသိမ်းသွားဖို့ ကလဲ အရေးကြီးတယ်လို့  ထင်မိလို့  ဒီပို့ စ်လေးကို ဖန်တီးမိခြင်းပါ။ အမှားပါရင် ခွင့်လွှတ်ပါ။

တန်ခူး
3:25pm 9-Jun-2009

Monday, June 1, 2009

နောင်လာမယ့် အနှစ်နှစ်ဆယ်

“အော် အီးအီး အွတ်”
“ပဲပြုတ်ပူပူလေးရမယ် ပဲပြုတ်”

လင်းကြက်တွန်သံနဲ့ အတူ ၀ိရိယကောင်းတဲ့ ပဲပြုတ်သည်အော်သံက ကပ်ပါလာတယ်။ မကြာခင်ပဲ ဆရာတော်ကျောင်းက အုန်းမောင်းခေါက်သံကို နာပျော်ဘွယ်ကြားရတယ်။ အိပ်ယာကထ မျက်နှာသစ်၊ ကိုယ်လက်သန့် စင်ပြီး ဒီဘက်လမ်း ရောက်လာတဲ့ ပဲပြုတ်သည်ကိုခေါ် ပဲပြုတ် (၁၅) ကျပ်သား ၀ယ်ထားလိုက်တယ်။ ခဏနေ အသက်(၈၀) ကျော်ပေမယ့် ကျန်းမာရေးကောင်း ဒေါင်ဒေါင်မြည်ဆဲ သားဖိုးဖိုးနဲ့ ဖွားဖွား နိုးလာကြတော့မယ်။ ဆွမ်းတော်အတွက်ရယ်၊ လမ်းထိပ်ဆရာတော်ကျောင်းက ဆွမ်းခံအပါး ၅၀ အတွက်ရယ် ဆွမ်းအမြန်ချက်ရပြီ။ သားဖေဖေနိုးလာတော့ ခြံထဲက တတောင်လောက်ရှိတဲ့ ခရမ်းသီးတွေ၊ နုနုထွားထွား ရုံးပတီသီးနဲ့ ဂေါ်ဂခါးသီး၊ဗူးသီး တွေရယ် ခူးပြီး ကိုယ်နဲ့ အတူ ဆွမ်းဟင်းအတွက် လှီးသင်ပေးတယ်။

သားဖွားဖွားကတော့ မျက်နှာသစ်ပြီးတာနဲ့  ပန်းခြင်းလေးကိုင် ခြံထဲဆင်းသွားပြီ။ စံပယ်၊ဇွန် အခူးထွက်တာပေါ့။ ပြီးရင် စိတ်ရှည်လက်ရှည် ကြိုးလေးနဲ့ သီ၊ ဘုရားစင်မယ် ဖွေးဆွတ်လှိုင်ကြိုင်လို့ ။ သားဖွားဖွား ပန်းတွေသီပြီးလောက်ကျ သားလေးလဲနိုး၊ ဆွမ်းဟင်းလဲကျက်။ သားလေးက ခြံထဲက ပိတောက်၊ ခရေ၊ တမာ၊ ကံကော်၊ သရက်၊ မာလကာ ရွက်ခြောက်တွေကို တံမြက်စည်းလှည်း၊ ပန်းခင်းနဲ့  ဟင်းရွက်ခင်းကို သူ့ အဖေနဲ့ အတူ ရေလောင်းပေါင်းသင်။

သားဖိုးဖိုးနဲ့ ဖွားဖွား ဆွမ်းတော်ပန်းတော်ကပ်၊ ကြေးစည်ထု အမျှဝေပြီးတဲ့ အချိန်နဲ့  ဆွမ်းခံကိုယ်တော်တွေ ကြွလာတဲ့ အချိန်နဲ့ က အမြဲလို အချိန်ကိုက်။ မနက်ဝေလီ၊ ဝေလင်းမှာ စီတန်းကြွလာတဲ့ ကိုယ်တော်တွေကို ဆွမ်းလောင်းရတာ ဘာနဲ့ မှမတူအောင် ကြည်နူးစရာပါ။ ပြီးတော့ မိသားစုတွေ စားပွဲဝိုင်းဘေး ၀ိုင်းစုထိုင်ပြီး ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်းကို ပဲပြုတ်ပူပူလေးရယ်… ကမန်းကတန်းကျော်ထားတဲ့ ခြံထွက် ဗူးသီးကျော်လေးရယ် မနက်စာမြိန်လျက်စွာ စားကြတာပေါ့။

သားဖိုးဖိုး၊ ဖွားဖွားနဲ့  သားဖေဖေတို့  လမ်းလျှောက်ထွက်တော့ ကိုယ်က အိမ်သန့် ရှင်းရေးလုပ်၊ သားကလေးက ကျောင်းသွားဖို့  ရေမိုးချိုး။ ဟော… အကျီင်္အဖြူ၊ လုံချည်စိမ်းလေးနဲ့  တပတ်လျိုဆံထိုးလေးကို ယဉ်ယဉ်လေးထုံးပြီး ကံကော်တွေဝေနေအောင်ပန်ထားတဲ့ ချွေးမလောင်းလေးတောင် ရောက်လာပါပကော။ မိန်းမပီသ အချက်အပြုတ်ကောင်းတဲ့ သူကလေးက တနေ့ ကို ဟင်းတမျိုး သားဖိုးဖိုး၊ဖွားဖွားအတွက် ဦးဦးဖျားဖျား ချက်လာကျ။ ဒီနေ့ ကတော့ ပဲစိမ့်လေးထိုး၊ ဆီမွှေးလေးဖြူးလို့  မြင်တာနဲ့ စားချင့်စဖွယ်။ ခဏနေတော့ ရှပ်အဖြူလက်ရှည်ပေါ်၊ ပင်နီတိုက်ပုံလေးဝတ်၊ ပုဆိုးစိမ်းလေးနဲ့  ကိုယ့်ရဲ့သား ကျောင်းဆရာလေးက နေနဲ့ လ၊ ရွှေနဲ့ မြ ချွေးမလောင်းလေးကို စက်ဘီးလေးပေါ်တင်နင်းလို့ ။ သူတို့ လေးတွေက ကိုယ်တို့ အိမ်နဲ့  မနီးမဝေး ခပ်လှမ်းလှမ်း မိဘမဲ့ကျောင်းက ဆရာနဲ့ ဆရာမလေးပေါ့။ ကျောင်းအုပ်ကြီးသားဖေဖေက လမ်းလျှောက်ကပြန်လာ ရေနွေးကြမ်းလေး တငုံ၊နှစ်ငုံလောက် သောက်ပြီး ရေမိုးချိုး ကျောင်းကို သွား။ ဖိုးဖိုး၊ဖွားဖွား တို့ က ဘုရားခန်းလေးထဲဝင် တရားထိုင်။

ကိုယ်ကတော့ နေ့ လည်စာအတွက် မီးဖိုချောင်ထဲ ပြင်ဆင်ချက်ပြုတ်။ ချွေးမလောင်းလေးပေးတဲ့ ပဲဆိမ့်ထိုးလေးနဲ့  လိုက်ဖက်အောင် ငါးရံ့ခြောက်လေး မီးအေးအေးနဲ့ ဖုတ်၊ ခြံထဲက လတ်လတ်ဆတ်ဆတ် ဂေါ်ဂခါးညွန့် လေးကျော်ချက်လေးချက်၊ ပဲတောင့်ရှည်လေးကို ချဉ်ငံစပ်လေးသုတ်။ စက်ဘီးသံလေးတွေ ကလင်ကလင် ကြားရတဲ့ အချိန်ကျတော့ ထမင်းဝိုင်းလေးကလဲ အဆင်သင့်။ မိသားစု ထမင်းဝိုင်းမှာ သားလေးက သူ့ တပည့်လေးတွေ အကြောင်း အားရပါးရ ပြောပြတတ်တော့ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်။ အချိုပွဲကတော့ ခြံထွက် သင်္ဘောသီးချိုချို။ သားနဲ့ သူ့ အဖေကျောင်းပြန်သွားတော့ ဖိုးဖိုး၊ ဖွားဖွားနဲ့ ကိုယ်က ရေမိုးချိုးပြီး ဆရာတော်ကျောင်းကို တရားထိုင်သွားကြရော။

ညနေ နေချိုချိန်မှာ ကိုယ်က ညစာလေးပြင်ဆင်ဖို့ အတွက် အိမ်ကိုပြန်။ ပြီးတော့ ခြံထဲက ပန်းရနံ့ လေးတွေရတတ်တဲ့ ပိတောက်ပင်အောက်က ကွတ်ပျစ်ပေါ် ထိုင်ပြီး စာလေးရေး။ တခါတခါတော့ ဟိုဘက်အိမ်က ချွေးမလောင်းလေးအမေ ကိုယ့်ငယ်သူငယ်ချင်းနဲ့  ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရင်း ရယ်မောလို့ ပေါ့။ အိမ်မှာ အားလုံးလူစုံတော့ ညစာကို အတူစားရင်း တနေ့ လုံးတွေ့ ရကြုံရသမျှ ပြန်ပြောလို့  ပိုအသက်ဝင်။

ညရောက်ပြီဆို ဖိုးဖိုး၊ဖွားဖွားတို့  ရွယ်တူ တရားဆွေးနွေးဖော်တွေ၊ သားဖေဖေနဲ့ ကိုယ့်သူငယ်ချင်းတွေ… ပြီးတော့ သားသူငယ်ချင်းတွေနဲ့  ပိတောက်ပင်အောက်က ကွတ်ပျစ်ပေါ်မှာ စည်ကားလို့ နေတယ်။ ကိုယ်ကိုယ်တိုင်နှပ်ထားတဲ့ လဘက်ညွန့် လေးနဲ့  အကြော်စုံ ကြွတ်ရွရွလေးရယ်၊ ထန်းလျက်၊ မုန့် သြဇာ စတဲ့ အညာသရေစာလေးတွေရယ်၊ လဘက်ခြောက်မွှေးမွှေးလေးနဲ့  ရေနွေးပူပူလေးရယ်က ကွတ်ပျစ်စကားဝိုင်းနဲ့  အတော်လိုက်ဖက်တယ်။ တခါတခါ အေးမြတဲ့ လရောင်အောက်မှာ သားဖေဖေက သားတို့  သူငယ်ချင်းတွေနဲ့ အတူ ငယ်မူပြန် ဂီတာတီးတတ်သေးတယ်။

မိသားစု ဘုရားဝတ်တတ်ပြီး သားက ဖိုးဖိုး၊ဖွားဖွားကို ခြေဆုပ်လက်နယ် ပြုစုပေးတယ်။ ပြီးတော့ ကြီးသူကို ငယ်သူက အဆင့်ဆင့် ကန်တော့ပြီး ငြိမ်းချမ်းတဲ့ မိသားစုလေးရဲ့ တနေ့ တာ ကုန်ဆုံးတော့တယ်။ ပိတောက်ရွက်လေးတွေကြားထဲက ၀င်းပပလ၀န်းကြီးသာနေပြီဆိုရင်တော့ သားမေမေကိုယ် စာတွေ၊ ကဗျာတွေရေးပြီး အိပ်စက်ဖို့ ကို မေ့လျော့နေတတ်သေးတယ်။

***************************
သူ့ ကို အိမ်ခဏခဏလွမ်းအောင် လုပ်တတ်တဲ့ အမကြီးလို့  ကျွန်မကို နာမည်ပေးထားတဲ့ လူချင်းမရင်းနှီးပေမယ့် မောင်လေး အရင်းလို ခင်မင်ရတဲ့ ရွာသားလေးတက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ်ပါ။ ရွာသားလေးရေ… အိမ်ကို ပိုလွမ်းအောင် လုပ်မိလိုက်ပြန်ပြီလား မသိ။ အမှတ်တရ တက်ဂ်တာ ကျေးဇူးပါ။

တန်ခူးတို့ က တက်ဂ်ဂိမ်းပီသအောင် အမြဲဆက်တက်ဂ်နေကျဆိုတော့… ကံထူးရှင်များကတော့…

၁) စာအရေးကျဲနေတဲ့ သူငယ်ချင်းလေး သက်ဝေ
၂) တမ်းတလွမ်းမောသွားအောင် ရေးတတ်လွန်းတဲ့ ညီမလေး အိမ့်ချမ်းမြေ့
၃) ခုမှ မြန်မာပြည်က လောလောလတ်လတ်ပြန်ရောက်လာတဲ့ ညီမလေးနုစံ
၎) အပြုံးချိုချိုလေးနဲ့  ညီမလေးရီတာ
၅) ဒီတခါ ဘယ်လိုလေးများ ထူးထူးဆန်းဆန်းရေးဦးမလဲလို့  စိတ်ဝင်စားမိတဲ့ ညီမလေးပုံရိပ်
၆) အိမ်အသစ်လေးရောက်သွားတဲ့ ညီမလေးမြတ်နိုး
၇) ဧရာဝတီလင်းပိုင်ဖြစ်ချင်တဲ့ မမသီဂီင်္
၈) နေနဲ့ လ၊ ရွှေနဲ့ မြ ကိုဧရာ+မမသီတာ
၉) ကျွန်တော့်မမ ပုသိမ်သူ မမခင်မင်းဇော်
၁၀) ဘာဟင်းတွေချက်ရင်း ငြိမ်နေသလဲမသိတဲ့ သူငယ်ချင်းကြီး ဆွိ

ရေးပေးကြနော်။ ခုတလော စိတ်တွေပင်ပန်းနေကြတော့ break အနေနဲ့ ပေါ့။ ကျေးဇူးပါ။

တန်ခူး
5:24pm 01-Jun-2009