Friday, August 29, 2008

အဆိပ်လူးနှလုံးသား

အလုပ်စားပွဲကနေ ဒေါ်လီ ရှိတဲ့ ကောင်တာကို စိတ်မဖြောင့်နိုင်စွာ ခဏခဏ လှမ်းလှမ်းကြည့်မိသည်။ ဒီဆိုင်မှာ အလှဆုံး၊ အသွက်ဆုံး ဒေါ်လီကို ကိုယ်က စီးပွားရေးအတ္တကြီးစွာ ယောင်္ကျားလေး အသုံးအဆောင်ကောင်တာမှာ ထားမိတာကပဲ ဒီပြဿနာကို လက်ယက်ခေါ်လိုက် သလိုဖြစ်သွားသလား။ ဆံပင်ရဲရဲလေးဆိုးထားပြီး နားဆွဲလေးတခါခါနှင့် ၀ယ်သူကျသွားအောင် ပြောတတ်သည့် ဒေါ်လီက ကိုယ့်အဒေါ်လို ရင်းနှီးရသည့် ကိုယ့်အမေ သူငယ်ချင်းရဲ့ သမီးထွေးလေး။ သူ့ အမေက ယုံကြည်စိတ်ချစွာ ကိုယ့်ကို ပုံအပ်ထားတာ။ ဒီနေ့ ဒေါ်လီ အလှတွေ ပိုပြင်ထားတာ သတိထားမိတော့ ကိုယ့်မှာ နေ့ လည်စာတောင် ထွက်မစားဖြစ်။ တစုံတရာကို ကြိုတင်ရိပ်မိနေသလို။

ဆိုင်ပိတ်ခါနီးထိ ဘာမှသံသယဖြစ်ဖွယ်ရာမတွေ့ သေး။ ကိုယ်ထင်သလို ဟုတ်မှာ မဟုတ်ပါဘူးလို့  ဟင်းချမလို့ လုပ်တုန်း ကိုယ်ရွံရှာသည့် အရိပ်တခု ဆိုင်ဝမှာ ပေါ်လာသည်။ လူငယ်ဆန်သည့် စပို့ ရှပ်နှင့် ဘောင်းဘီကို စတိုင်ကျကျဝတ်လို့  နေကာမျက်မှန်ကို ဒေါ်လီရှေ့ မှ ချွတ်ပြီး ဒေါ်လီ့ကို ခပ်ငေးငေးစိုက်ကြည့်လိုက်တော့ ဒေါ်လီ့အပြုံးတွေက ချိုမြသွားလိုက်တာ။ မြတ်စွာဘုရား… ဒေါ်လီကို ကယ်ဖို့ အချိန်မှီပါဦးမလား။

ဒေါ်လီနှင့် သူ အလုပ်ပြီးချိန်မှ ချိန်းထားပုံရသည်။ ဒေါ်လီက လုပ်ဖော်ကိုင်ဘက်တွေ နှုတ်ဆက် ပြန်မလို့ ပြင်တော့ ကသုတ်ကရက်နှင့် ပိုက်ဆံအိတ်ဆွဲပြီး ထွက်လာခဲ့ရတော့သည်။
မဖြစ်။ ဒေါ်လီကို ဒီလူ့ နဲ့ နှစ်ယောက်ထဲ ပေးတွေ့ လို့  ဘယ်လိုမှ မဖြစ်။ ဒေါ်လီထက်ဦးအောင် ဆိုင်ပြင်ထွက်ပြီး ကမ္ဘာပေါ်မှာ ရွံရှာစက်ဆုပ်ဆုံး၊ မုန်းတီးခါးသီးဆုံး လူတယောက်ကို ရင်ဆိုင်ရတော့သည်။

“ဦးမင်းကိုမိုလား… ဘာလာဝယ်တာဘာလိမ့်”
သူ့ မျက်နှာက အံ့သြရိပ်ကနေ အနည်းငယ် ပျက်ယွင်းသွားသည်။

“ဟာ… နွယ်… တွေ့ ရမယ်လို့ မထင်ထားတော့ မောင် အရမ်းအံ့သြသွားတာ”

မောင်တဲ့လား။ ခါးသက်လိုက်တာ။ ရှင်ဟာ ဘယ်တော့မှ အကျင့်ပြောင်းမယ့်သူမဟုတ်။

“ဒါကျွန်မဆိုင်လေ”

ဟန်ဆောင်နေတဲ့ကြားထဲက မျက်နှာ အတော်ပျက်သွားသည်။ ဆိုင်ထဲမှ ဒေါ်လီထွက်လာတော့ သူနဲနဲပြာသွားသည်။ ကျွမ်းကျင်စွာ ဟန်မပျက် ဒေါ်လီကို ပြုံးပြလိုက်သေးသည်။

“ဒေါ်လီဆီဝယ်နေကျထင်တယ်… ခုလို ကျွန်မဆိုင်ကို အားပေးတာ ကျေးဇူးပါ”

“ဟုတ်ပါတယ်… ဒေါ်လီလို ၀န်ထမ်းမျိုးရထားတာ ကံကောင်းတာပေါ့်”

“ဒေါ်လီအိမ်ပြန်မှာမိုလား… မမကားနဲ့ လိုက်ခဲ့လေ… မမလဲ အန်တီနဲ့ တွေ့ စရာရှိလို့ … ခွင့်ပြုပါဦး ဦးမင်းကို”

ကိုယ့်ကို ခေါင်းငြိမ့်ရုံသာ နှုတ်ဆက်နိုင်သည့် သူ့ အမူအယာကြည့်ပြီး ဟားတိုက်ရယ်ချင်မိသည်။ သူ့ ရင်ထဲမှာတော့ ပျက်သွားသော ဂွင်တခုအတွက် ယူကျူံးမရ ဖြစ်နေမည်။ ဒေါ်လီကို တွင်းနက်နက်ထဲ မကျခင် အချိန်မှီ ကယ်တင်ရမည်လေ။ ဇီးရွက်လောက်သာ ရှိတော့သည့် ဒေါ်လီမျက်နှာလေးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“ဒေါ်လီ သူ့ ကို ဒီနေ့ အဖြေပေးတော့ မလို့ မိုလား”

“ရှင်… မမဘယ်လိုသိ…”

ကားကိုအေးဆေးငြိမ်သက်တဲ့ ဆိုင်တခုထဲ ရပ်လိုက်သည်။

“ဒေါ်လီသိထားသင့်တယ်ထင်တဲ့ ဇာတ်လမ်းတပုဒ် တို့ ပြောပြချင်တယ်… ပြီးရင်ဒေါ်လီသဘောအတိုင်း ဆုံးဖြတ်ပေါ့”

*****************************
သူကို ကိုယ် ဘယ်တုန်းကတည်းက တွယ်ငြိသွားမိပါလိမ့်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာပဲ ဖြစ်လိမ့်မည်။ သမိုင်းမေဂျာရဲ့ကွင်းကို ကိုယ့်နာမည်ကြေငြာလိုက်တော့ ခပ်လှမ်းလှမ်းက ဆံပင်ခွေခွေ လှိုင်းတွန့် လေးတွေနဲ့ ကိုယ့်ကို ရီဝေေ၀ ငေးကြည့်နေသည့် သူပဲ ကင်းဖြစ်ပါစေလို့  ဆုတောင်းခဲ့ရတာ။ သူ့ နာမည်ကြေငြာလိုက်တော့ ကိုယ့်ရင်တွေခုန်လိုက်တာ။ ဒါအချစ်ရဲ့ အစပေါ့။ အဲဒီနေ့ ကတည်းက ရှေ့ သွားနောက်လိုက် ညီတဲ့ ကိုယ်တို့ နှစ်ယောက်ကို ချစ်သူ မဖြစ်ဖြစ်အောင် အားလုံးက တွန်းပို့ ခဲ့သည်လေ။ ကိုယ်တို့ ကလဲ မတွန်းခင်က ရွေ့ ချင်ချင်။

ခုတော့ ကိုယ်လက်လေးကို သူလက်နွေးနွေးလေးတွေနဲ့ ဆုပ်ကိုင်ပြီး သူ့ ဆီက ဝေးဝေးမသွားဖို့  ကတိတွေတောင်းနေတဲ့ ကိုယ့်ချစ်သူပေါ့။


“မောင့်ဘ၀နွမ်းနွမ်းထဲ နွယ်လိုက်ရဲပါ့မလား… မောင်မှာ ကိုယ်ပိုင်ကားမရှိ… မောင်ကို မောင့်အမက ကျောင်းထားပေးရတာ”

“ဘာလို့ မလိုက်နိုင်ရမှာလဲ… မောင့်ကို ချစ်နေမှတော့ အဆိုးအကောင်းဝေမျှ ခံစားနိုင်ရမှာပေါ့”

အချစ်ရှိရင် အရာရာလှပနေမှာပဲလို့  ကိုယ်က အကြွင်းမဲ့ ယုံကြည်သူ။ အားငယ်နေတဲ့ ချစ်သူကို အားပေးပြုံးပြရင်းလေ။

“မောင်သိပါတယ်… နွယ်တနေ့ ကျရင် မောင့်ကို ထားခဲ့မှာပါ”

“ဟင့်အင်း… အဲလို မပြောနဲ့ … နွယ့်အချစ်ကို အဲလို လျော့မတွက်နဲ့ ”

“ဒါဆို မောင်နဲ့ ခုလိုက်နိုင်မလားနွယ်… မောင်နွယ့်ကို မခွဲနိုင်တော့ဘူး”

မမျှော်လင့်တဲ့ မောင့်စကားကြောင့် ဘာဆက်ပြောရမှန်းမသိ။ အရိပ်တကြည့်ကြည့် ချစ်သည့် ဖေဖေ့မျက်နှာကို ပြေးမြင်မိသည်။

“မစောလွန်းဘူးလားမောင်ရယ်…နွယ်တို့ က ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ”

“မောင်ကတော့ နွယ်နဲ့ မခွဲချင်တာပဲ သိတယ်… မောင်သိပါတယ်… တကယ်တမ်းကျတော့ နွယ်ဘယ်လိုက်နိုင်မလဲ ”

မျက်ရည်ရစ်ဝဲလာသည့် ချစ်သူမျက်ဝန်းတွေတွေ့ တော့ နှလုံးသားတို့  အရေပျော်ကျသွားသည်။ ချစ်သူရဲ့ စိုးရိမ်သောကတွေကို ကိုယ့်အချစ်နဲ့  ပြေပျောက်စေချင်သည်။

“နွယ်လိုက်ခဲ့ပါ့မယ်မောင်”
“ပျော်လိုက်တာ နွယ်ရယ်… ကိုယ့်ဘ၀မှာ အပျော်ဆုံးနေ့ ပဲ”

***********************************
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ရွှေဘုံပေါ်မှာ စံရ ချစ်တာချစ်တာ ပဓာနတဲ့။ မောင်နဲ့ ကိုယ်က မောင့်သူငယ်ချင်း တိုက်ခန်းလေးထဲမှာ ခဏနေကြသည်။ ဘာပဲဖြစ်ဖြစ် ချစ်တာ ပဓာနမို့ ပျော်ပါသည်။ မောင့်အကြင်နာ၊ မောင့်အယုယ၊ မောင့်နွေးထွေးမှုတွေကပဲ ကိုယ့်ဘ၀ပင်။ မောင်က ကိုယ်နွဲ့ ဆိုး ဆိုးသမျှ အကိုကြီးတယောက်ကို အလိုလိုက်သည်။ ဖေဖေ စိတ်ပူမှာ စိုးတော့ ကိုယ့်ကို မနက်ဖြန် လိုက်အပ်ပေးမည်တဲ့။ ခုလဲ ကိုယ်မုန့် ဟင်းခါး ပူဆာတော့ ချိုင့်လေးဆွဲပြီး သွားပြေးဝယ်သည်။

အိမ်ရှေ့ က တံခါးခေါက်သံကြောင့်  မောင်ပြန်လာပြီ အထင်နဲ့  ဖွင့်ပေးလိုက်တော့ အမျိုးသမီးနဲ့ လေးငါးနှစ်အရွယ် ကလေးတယောက်။

“ဒါ မင်းကို နေတဲ့အိမ်လား”

“ဟုတ်ပါတယ်… မောင့်အမလားဟင်”

အမျိုးသမီးက နွမ်းနယ်တဲ့ အပြုံးနဲ့  ခေါင်းငြိမ့်ပြသည်။ သော့ဖွင့်ပေးတော့ လေးလံတဲ့ ခြေလှမ်းတွေနဲ့  လှမ်းဝင်လာသည်။

“မင်းကိုက သူ့ မှာအမရှိတယ်လို့  ပြောထားတာလား”

အမျိုးသမီးက ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးတော့ ခေါင်းငြိမ့်ပြမိသည်။

“ခု သူမရှိဘူးထင်တယ်… အတော်ပဲပေါ့”

“ရှင်”

“ညီမအိမ်ကတော့ သိပ်စိတ်ပူနေမှာပဲ… လက်မှတ်ထိုးပြီးကြပြီလား”

“မထိုးရသေးပါဘူး… မနက်ဖြန်လိုက်အပ်ပေးမယ် ပြောပါတယ်”

အမျိုးသမီးက ခပ်ခြောက်ခြောက် ရယ်မောလိုက်တော့ တခုခုကို သံသယ ဖြစ်သွားမိသည်။
“မေမေ… ဖေဖေနဲ့ တွေ့ ရမယ်ဆို… ဖေဖေလဲ မရှိဘူး”

ကလေးလေးရဲ့ စကားကြောင့် ထူပူသွားမိသည်။ ဘုရား..ဘုရား။ ဘာတွေလဲ။

“သူ့ အဖေထွက်သွားတာ တပတ်ရှိလို့  တမေးမေးဖြစ်နေတာလေ”

“ဒါဆို အမက…”

“တို့ က မင်းကိုရဲ့ဇနီး….ဒါက မင်းကိုရဲ့သား… ကြည့်ရတာ မင်းကို ညီမကို လိမ်ထားတယ်ထင်တယ်… တို့ ပဲ အလုပ်လုပ်ရင်း သူ့ ကို ကျောင်းထားပေးနေတာ”

မျက်လုံးတွေ ပြာဝေသွားသည်။ ရင်တွေ ဗလောင်ဆူကာ ခြေမကိုင်မိ လက်မကိုင်မိ။ နေရာက လဲကျမသွားအောင် မနဲထိန်းထားရသည်။ ဒါတွေ တကယ်ပဲလား။ လိမ်ညာ အယုံသွင်းပြီး ကိုယ့်ဘ၀ကို နင်းဖျက်ခြေရက်သူ။ ခုတော့ အရာအားလုံးက နောက်ကျခဲ့ပြီ။

တံခါးဝမှာပေါ်လာတဲ့ အရိပ်တခုကြောင့် ကလေးလေးက ဖေဖေလို့  ၀မ်းသာအားရ ပြေးသွားသည်။ တမြတ်တနိုး ကြည့်ခဲ့ဖူးသော မျက်နှာတခုက ခုတော့ ရွံရှာ စက်ဆုတ်ဖွယ်။ ကဲ… ဘာညာဦးမလဲ။

“နွယ်အားလုံးသိပြီးပြီလား… မောင့်ကို ခွင့်လွှတ်ပါနွယ်… မောင်နွယ့်ကိုချစ်လွန်းလို့ ”

“ဖြန်း”

ကိုယ့်ကို ဒီလောက် မိုက်ရိုင်းရ တော်ရောပေါ့။ အချစ်ဆိုတာ အဲဒီလို ယုတ်ညံ့တဲ့ ဖောက်ပြန်မှုမျိုး လိမ်ညာ ကောက်ကျစ်မှုမျိုးကို ခေါ်တာမဟုတ်။ ကိုယ်ကိုယ်လဲ မုန်းလိုက်တာ။ တန်ဖိုးရှိလှတဲ့ အပျိုစင် ဘ၀လေးကို မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ လူလိမ်တယောက်ဆီမှာမှ ပုံအပ်ခဲ့မိတာ။ သတိထားမိတဲ့ အချိန်မှာ ဖိနပ်မပါပဲ လမ်းမမှာ အဖေရှိတဲ့ အရပ်ဆီ ပြေးနေမိသည်။

************************************
“ဒါကတော့ တို့ ဇာတ်လမ်းပေါ့ ဒေါ်လီ… ဒါပေမယ့် မင်းကိုဇာတ်လမ်းတွေက ခုထိမဆုံးသေးဘူး”

ဒေါ်လီက ဘာစကားမှ မဆိုနိုင်ပဲ တရှုံ့ ရှံ့ုငိုနေသည်။ သူမျှော်လင့်မထားတဲ့ အရာတွေမိုလား။ သူက ကိုယ့်ထက် အများကြီး ကံကောင်းပါသည်။ လက်မတင်လေးတင်။

“ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ မင်းကိုရဲ့ မိန်းမ တယောက်နဲ့ တွေ့ တယ်… ဖြစ်ချင်တော့ သူက တို့ ရပ်ကွက်ထဲက ကောင်မလေး… တို့ အကြောင်းကို မင်းကိုရဲ့ မိန်းမအကြီးဆုံးဆီက သိတာတဲ့… အဲဒီကောင်မလေးက မင်းကိုရဲ့ ဘယ်နှစ်ယောက်မြောက် မိန်းမဖြစ်မယ်ထင်လဲ ဒေါ်လီ”

ဒေါ်လီ ဆီက အသံမဲ့။ အထင်ကြီး လေးစားလိုက်မိတဲ့… နောက်ချစ်လိုက်မိတဲ့ သူတယောက်ရဲ့ အပြစ်အနာအဆာက ကြီးလွန်းတယ် မိုလား။

“အဲဒီကောင်မလေးက မင်းကိုရဲ့ ခြောက်ယောက်မြောက်တဲ့”

ဒေါ်လီက မပြောမဆို ကိုယ့်ကို ထိုင်ရှိခိုးသည်။

“မမရယ်… ညီမ မမကို အရမ်းကျေးဇူးတင်ပါတယ်… ညီမဒုက္ခရောက်တော့မလို့ … ညီမဘယ်လောက် မိုက်လဲဆို ညီမရဲ့ ရိုးသားတဲ့ ရီးစားကိုတောင် ဖြတ်ပစ်ခဲ့တာ… သူ့ အပြော..သူ့ အချွှဲတွေထဲမှာ စုံးစုံးမြုပ်ခဲ့တာ… သူဟာ အားကိုးစရာ လူကြီးလူကောင်း တယောက်လို့  အထင်ကြီးခဲ့တာ… ညီမဘ၀ကို မမကယ်လိုက်တာပါ”

“ဒီိလိုပါပဲ ဒေါ်လီရယ်… တို့ မိန်းခလေးတွေက ချစ်မိပြီဆို ဘာကိုမှ မမြင်တတ်ကြတာကိုး… တကယ်ဆို လူတယောက်ရဲ့ ရာဇ၀င်ကို သိပြီးမှ ဘ၀တခုလုံး ပုံအပ်သင့်တယ်မိုလား… အဲဒီလို မလိမ္မာ မပါးနပ်ခဲ့လို့  မင်းကိုလို လူတွေ လိမ်နေနိုင်သေးတာပေါ့… ခုကစလို့ လိမ္မာပါးနပ်ပြီး တန်ဖိုးရှိတဲ့ဘ၀လေးကို ပုံအပ်ဖို့  သင့်တော်တဲ့သူကို ရွေးချယ်တတ်အောင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က မိန်းခလေးတွေပါ လက်တွဲခေါ်ကြပါစို့ နော် ”

“ဟုတ်ကဲ့ပါမမ”

အပြန်လမ်းမှာ စိတ်လက်တွေ ပေါ့ပါးကြည်လင်သွားသည်။ ဘ၀တခုကိုရင်းခဲ့ရသော ကိုယ် ဘ၀တခုကို ကယ်တင်လိုက်နိုင်ခြင်း အတွက် ကြည်နူးနေမိသည်။ မိန်းခလေးတွေအားလုံး အဆိပ်လူးထားသော နှလုံးသားအတုများကို ရှောင်ရှားနိုင်ကြပါစေလို့  ဆုတောင်းနေမိသည်။

တန်ခူး
2:50pm 29-Jul-2008

Wednesday, August 27, 2008

၁+၁+၁+၁=၎

သူက…
ငြိမ့်ညောင်းတဲ့
ခေတ်ဟောင်းတေးတပုဒ်
ရှက်ပြုံးလေးမပွင့်တပွင့်
ရင်ဖုန်းလေးအမြဲဝတ်ပြီး
ဆံနွယ်ရှည်ရှည်တွေနဲ့ 
ကာရန်ညီအောင်လှတဲ့
မဟာဆန်သူလေးပေါ့…၊

သူက…
ပေါ့ပ်နဲ့ ကလပ်စစ်
နှစ်မျိုးလုံးဖြစ်တယ်
ထက်မြက်တဲ့မျက်ဝန်းနဲ့ 
နူးညံ့တဲ့နှလုံးသား
ပေါင်းမိသွားတော့
လက်ချောင်းသွယ်သွယ်တွေပေါ်က
အံ့သြစရာကောင်းလောက်အောင်
အနုပညာတွေပြိုပြိုကျလာတတ်တဲ့
ပန်းချီ၊ကဗျာ၊တူရိယာနဲ့ 
လောကကြီးကို
သာယာစေသူလေးပေါ့…၊

သူက
ရော့ခ်ဂီတလို
ရင်ထဲရှိသမျှ
ပွင့်လင်းစွာချပြတတ်သူ
သင်္ချာ၊ကွန်ပြူတာဦးနှောက်က
ယောင်္ကျားတွေတောင်ရှုံးလောက်တယ်
မယုံကြည်စရာကောင်းလောက်အောင်
တခါတခါ
အလွန်ချိုမြတဲ့
ကဗျာဆရာမလေးပေါ့…၊

ကိုယ်ကတော့
မပြတ်သားလိုက်ပုံများ
ကလပ်စစ်၊ပေါ့ပ်၊ရော့ခ်
အားလုံးRemix
ရင်ဖုန်း၊ရှပ်အကုန်ဝတ်တတ်သူ
ကဗျာတို၊စာတိုနဲ့ 
ဟိုမရောက်ဒီမရောက်
မတောက်တခေါက်ပေါ့…၊

အဲဒီလေးယောက်ရယ်
ခပ်ထူထူစာအုပ်ပုံကြီးရယ်
လဘက်သုတ်တပွဲရယ်
အဝေးကဂီတာသံရယ်
ကက်ဆက်ထဲကဗဒင်သီချင်းရယ်
နောက်…
ကြယ်တွေမစုံတဲ့ညရယ်
လွမ်းမိတယ်…။

တန်ခူး
27-Aug-2008 5:30pm


Monday, August 25, 2008

သားနဲ့ Logic



ဟိုတနေ့ က ဘတ်စ်ကားပေါ်ကနေ သွားသန့် စင်ရည် ကြော်ငြာကို သားက ယူလာပြီး သွားကြီးကြီးတွေနဲ့  အမျိုးသမီးပုံကို အတော် သဘောကျနေပါတယ်။ သွားမသန့် စင်ခင် သွားကြီးတွေက အ၀ါရောင်ဖြစ်ပြီး သွားသန့် စင်ပြီး အဖြူရောင်ဖြစ်တာကို သားကို ရှင်းပြတော့ သားက ပုံကို ကြည့်လိုက်မေးလိုက်နဲ့  သေချာမှတ်ပါတယ်။ အဲဒီ ကြော်ငြာက တော်တော် ထိရောက်တယ် ပြောရမယ်။ သားညဘက်သွားတိုက်ဖို့ ပျင်းရင် သားသားသွားတွေ အ၀ါရောင်ကြီး ဖြစ်သွားမယ်နော်လို့  ခြောက်လိုက် ချက်ချင်းသွားတိုက်တာပါပဲ။ ပြီးရင် သူ့ ကိုယ်သူ မှန်ထဲကြည့်ပြီး “မေမေ သားသားသွားဘာရောင်လဲ” လို့  သေချာအောင် မေးရင် “အဖြူရောင်” လို့ ဖြေလိုက် သဘောတွေ ကျနေရော။

သားက အဖေအမေနဲ့  နေရချိန်လေးကို ဆွဲဆန့် ချင်တယ်။ ညညဆို တော်တော်နဲ့  မအိပ်ချင်တော့ သားကို ကောင်းကင်ကြီးအရောင်နဲ့  အိပ်ချိန်တန်ပြီလို့  သင်ပေးရတယ်။ ကောင်းကင်ကြီး ပြာနေရင် တိမ်တွေက ဖြူနေရင် သားသား ထချိန်တန်ပြီ။ ကောင်းကင်ကြီး မှောင်နေရင် ကြယ်လေးတွေလင်းနေရင် သားသား အိပ်ချိန်တန်ပြီ လို့ သင်ထားတော့ သားသားက မျက်လုံးလေးတွေ အရောင်လဲ့ ပြီး သေချာမှတ်ထားရော။

သားမအိပ်သေးရင် “သားရေ… ကောင်းကင်ကြီးက ဘာရောင်လဲ” လို့  ကျွန်မက မေးလိုက် “ကောင်းကင်ကြီးမဲနေပြီမေမေ… အိပ်ချိန်တန်ပြီ” လို့  သားက သူမှတ်ထားတဲ့ အတိုင်း ပြန်ဖြေတတ်တယ်။ ရုံးပိတ်ရက် သူ့ ဖေဖေ မထမချင်း သားကလဲ အားကျမခံ အိပ်ရာ ပေါ်နှပ်နေရင် “သားရေ… ကောင်းကင်ကြီးက ဘာရောင်လဲ” ဆို “အဖြူရောင်မေမေ” လို့  ပြောပြီး အသာတကြည် မျက်နှာသစ်ခံပါတယ်။

ပြီးခဲ့တဲ့ စနေက သားကို နေ့ လည်တခေါက် အိပ်နေကျမို့  သိပ်တော့ သားက ထုံးစံအတိုင်း အဖေအမေနဲ့  အတူနေချင်တော့ တော်တော်နဲ့ သိပ်မရပါဘူး။ ကျွန်မက “သားရေ.. အိပ်ချိန်တန်ပြီ ” လို့ ပြောတော့ သားက ကောင်းကင်ကြီးကို ကြည့်ပြီး ကျွန်မကို မေးပါတယ်။ “မေမေ… ကောင်းကင်ကြီးက ဘာရောင်လဲ” တဲ့။

တန်ခူး
25-Aug-2008 3:50pm

Friday, August 22, 2008

သဘာဝလွန်



ဖရဲသီးတွေလုံးနေသမျှ
မင်းကိုမမုန်းဘူးလို့  သွားပြီး ကတိ မပေးလိုက်နဲ့ နော်။
ဒီခေတ်ကြီးမှာ ဖရဲသီးလေးထောင့်ကြီးလဲ ရှိနေပြီ။ ရုံးက သူငယ်ချင်းတွေနဲ့  Thomson Plaza မှာ ထမင်းစားပြီး အဲဒီက NTUC ကို ပတ်တော့ ဖရဲသီးလေးထောင့်ကြီး အလှပြထားတာ သွားတွေ့ တာ။ အတုအောင်မေ့လို့  လက်သည်းလေးနဲ့  အသာဆိတ်ကြည့်သေးတယ်။ ကိုယ့်လို စမ်းထားတဲ့ သူတွေရဲ့ လက်ရာလေးတွေ တောင်တွေ့ သေး။ အင်း… သဘာဝတရားဆိုတာကလဲ….။


လှတာလေးမှ လိုချင်တယ်ဆိုလည်း နဲနဲတော့ သတိထားဦးနော်။ တော်ကြာ အတုဖြစ်နေမှ။ သူငယ်ချင်းတယောက်ပို့ တဲ့ အီးမေးလ်ထဲက ချောချောလေးတွေ။ ကောင်မလေးတော့ မဟုတ်ဘူုး။ အော်ရစ်ဂျင်ကောင်လေးမှ ကောင်မလေး တဖြစ်လဲ။ ဘယ်လိုလဲ။ ကိစ္စမရှိပါဘူး… လှရင်ပြီးတာပဲ ဆိုရင်တော့ သဘောပဲ။ အင်း… သဘာဝတရားဆိုတာကလဲ….။

တန်ခူး
5:30pm 22-Aug-2008

Thursday, August 21, 2008

သတိ… ၁၂ ဒေါ်လာ


မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော် ခံပြင်း ဒေါသ ထွက်သွားသည်။ အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ် စီးပွားရှာတာတော့ အတော် ရုပ်ဆိုးလွန်းသည်။

ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့  သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။

အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင် ၀င်ဆုတောင်းပေးလိုက် သေးသည်။

နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။

လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။

နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင် သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။

မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။

ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။

တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။

တန်ခူး
10:30am 21-Aug-2008


Tuesday, August 19, 2008

မရိုးနိုင်တဲ့ ပုံပြင်လေး



ဟိုး မရှေးတရှေးတုန်းကပေါ့… အရမ်းကြောက်တတ်လွန်းလို့  သွေးထွက်သံယို ရုပ်ရှင်ကားတောင် မကြည့်ရဲတဲ့ မေမေလေ ဗိုက်ထဲမှာ နေ့ စေ့လစေ့ ပျော်ပျော်ကြီးနေခဲ့တဲ့ သားကလေးကို မွေးဖွားဖို့  အေးဆေးငြိမ်သက်စွာ ရှိနေခဲ့တယ်… အစားပုပ်တဲ့ မေ့သားလေးက အကြီးကြီးဖြစ်နေတာမို့  သူများကလေးတွေလို သဘာဝအတိုင်း မမွေးနိုင်တာတဲ့လေ… မေမေ့ဗိုက်ကိုခွဲပြီး သားကလေးကို မွေးရမယ်ဆိုတာ အရင်နေ့ ကတည်းက ကြိုသိနေခဲ့တာ ဆိုတော့ သားကလေးအတွက် နာမည်လှလှလေးကို ဖေဖေရယ် မေမေရယ် သားဖွားဖွားရယ် ၀ိုင်းစဉ်းစားကြပြီးသား…

သားရဲ့ အသံလေးကို ပထမဆုံးကြားချင်လွန်းလို့  ထုံဆေးနဲ့ မွေးမယ်ဆိုတော့ မေ့ပုံ ပုညှက်ညှက်လေးကို ကြည့်ပြီး သေချာရဲ့လားလို့  ဆရာဝန်ကြီးက ထပ်ခါထပ်ခါမေးခဲ့တယ်… မေ့ကိုမေ့တောင် အံ့သြယူရလောက်တဲ့ အထိ မေ့ဆီမှာ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ စွမ်းအင်တွေ ပြည့်လို့ … မေမေတို့  မောင်နှမ သုံးယောက်လုံးကို သတ္တိရှိရှိ ခွဲမွေးခဲ့တဲ့ သားဖွားဖွားကတောင် စိုးရိမ်လို့ …

ခွဲခန်းက မေမေရုပ်ရှင်ထဲမှာ မြင်ဖူးသလို ကြောက်စရာကြီး မဟုတ်ဘူးသားရဲ့… မေ့ဆေးဆရာဝန်မကြီးကလဲ အရမ်းချစ်ဖို့ ကောင်းပြီး ကျွမ်းကျင်လွန်းလို့  မေမေ့ခါးထဲ ဘယ်လိုဘယ်လို ထုံဆေးတွေ ရောက်သွားလဲတောင် မသိလိုက်ဘူး… ခဏကြာတော့ မေမေ့ဗိုက်ကြီးကို စခွဲကြရော… သားလေးကို တွေ့ ရတော့မယ် ဆိုတဲ့ အသိနဲ့  ကြောက်စိတ်တွေလဲပျောက်… သားဖေဖေ ၀င်လာတဲ့အခါ မေမေနဲနဲတော့ အားပိုရှိသွားပေမယ့် မေ့လက်ကို အားပေးပြီး လာကိုင်တဲ့ သားဖေဖေလက်က မေ့လက်တွေထက် အေးစက်လို့ … အားပေးသူရဲ့ အသက်ရှုသံတွေကလဲ ပြင်းချက်… မေမေဖြင့် ရယ်ချင်လိုက်တာ…

သိပ်မကြာပါဘူး လောကကြီးရဲ့ အချိုသာဆုံးသော အသံလေးနဲ့  မေ့သားလေး ထွက်လာခဲ့တယ်… အိုး… ခုမှနာရီပိုင်းသာရှိသေးတဲ့ သားလေးက ၄ ၅လ သား အရွယ်လောက် ထွားလိုက်တာ… ဆံပင်လေးတွေက ထူထဲ မဲမှောင်လို့ … လောကကြီးထဲကို မေမေ့အချစ်ဆုံး လူသားလေး ရောက်ခဲ့ပေါ့… သူနာပြုက မေမေတောင် ကြည့်မ၀သေး သားလေးကို သန့် ရှင်းဖို့ ခေါ်သွားခဲ့တယ်…

သားလေးက ၉ ပေါင်ခွဲ ဆိုတော့ အဲဒီတုန်းက အတူမွေးကြသူတွေထဲ အကြီးဆုံး… မေမေ့ အခန်းထဲ ပြန်ရောက်ပြီး မကြာခင် အနှီးပြာပြာလေးနဲ့  ဘိုကေလေး ကျော့နေအောင် ဖြီးထားတဲ့ သားလေးရောက်လာခဲ့တယ်… အသားလေးနီရဲရဲနဲ့  မေဖြင့် မတို့ ရက် မထိရက်… သားဖေဖေကတောင် မေ့ထက် ကျွမ်းကျွမ်းကျင်ကျင် ချီတတ်သေး… သားမျက်တောင်မွှေးလေးတွေ ရှည်ရှည်စင်းစင်းလေးတွေ… သားနှုတ်ခမ်းလေးကလဲ ရဲရဲပါးပါးလေး… သားလေးက အဖေတူသားလေးလို့  ၀ိုင်းပြောကြတော့ မေမေနဲ့ တူတာလေး ဘာများရှိမလဲ လို့  ရှာလိုက်ရတာ… နောက်ဆုံးတော့ ပါးဖောင်းဖောင်းလေးနဲ့  ခြေသည်းပုတိုတိုလေးပဲ ရှိတယ်…

မိခင်နို့ ရည်က ကျန်းမာဆုံးတဲ့… မေမေက လောဘတကြီး သားကို မိခင်နို့ ရည်တွေပဲ တိုက်ခဲ့တာ… နို့ မှုန့် ကို လုံးဝမတိုက်ချင်တဲ့ မေ့ကို မီးတွင်းထဲ ပင်ပန်းမှာ စိုးလို့  သားဖွားဖွားက ဆူ… မီးတွင်းထဲ သောက်ရမယ့် ဆေးတွေကိုလဲ သားကို နို့ တိုက်နေရတာမို့  မေမေ ဘာမှမသောက်… သားဖွားဖွားက တဗျစ်တောက်တောက်… အစားပုပ်တဲ့ သားလေးက အဲဒီတုန်းက နို့ သောက်လိုက် အိပ်လိုက် ရှူးပေါက်လိုက် နို့ သောက်လိုက် အိပ်လိုက် အီးပါလိုက် နို့ သောက်လိုက် အိပ်လိုက်…

မေမေ ရုံးပြန်တက်ရတော့ ချစ်တဲ့သားနုနုလေးကို ထားခဲ့ရလို့  ငိုရသေး… သားငပျင်းလေးက အဲဒီက စလို့  မေမေ့နို့ ကို နို့ ဘူးလေးနဲ့  အဆင့်သင့် သောက်ချင်ခဲ့တာလေ… သားလေးက သူများကလေးလေးတွေလို ခေါင်းခိုင်တာလဲ မမြန်… မှောက်တာလဲနှေး… လေးဘက်သွားဖို့ ကို အတော် စောင့်ခဲ့ရတာ… တဆင့်တဆင့် တက်ဖို့  အရမ်းနှေးပေမယ့် တခုခု အသစ်တတ်သွားရင် ဇွဲကောင်းကောင်းနဲ့  ကျွမ်းကျင်တဲ့ အထိ လေ့ကျင့်နေရော…

လုပ်ချင်တာဆို ဟိုးငယ်ငယ်လေးထဲက တစွတ်ထိုးလုပ်တတ်သလို မလုပ်ချင်တာကျတော့လဲ ဗူးဆို ဖရုံမသီး… လှည်းလေးပေါ်မှာ ငြိမ်ငြိမ်လေး ထို်င်မလိုက်တတ်… လမ်းလျှောက်တတ်တော့ မရပ်မနား… အကြောက်အလန့် မရှိ… သားကြောက်တာ ဆိုလို့  shopping centreက အကျီင်္အလှဝတ်ပေးထားတဲ့ အရုပ်ကြီးတွေပဲ ရှိတယ်နော်…

သားလေးက ရထားလေးတွေ ဘယ်လောက်ချစ်သလဲဆို သားလေး စကားစပြောတော့ ဖေဖေ မေမေ စမခေါ်ပဲ ထိန်းထိန်း(train train)လို့  စပြောခဲ့တာ… ပြီးတော့မှ ဖေချစ်သားလေးက ဖေဖေလို့  စခေါ်ပြီးမှ မေမေလို့  ခေါ်ခဲ့တာပေါ့… သားကို တခုခု သင်ပြရတော့မယ်ဆို မေမေ တော်တော် သတိထားရတယ်နော်… ပထမဆုံးအကြိမ် သင်ပြတာကို သားက အမှန်လို့  အမြဲယူပြီး စွဲနေအောင် မှတ်ထားရော… ကစားစရာက အစ ပထမဆုံးအကြိမ် အစီအစဉ် အတိုင်း ဘယ်တော့မှ မလွဲဘူး… အနီပြီးရင် အပြာဆို နောက်တခါလဲ အပြာပဲလေ…

သားလေးက ဘယ်ကစားစရာမှ စွဲစွဲလန်းလန်း မရှိလှပေမယ့် ခွခေါင်းအုံးသေးသေးလေးကိုတော့ အတော်စွဲလန်းတယ်နော်… ခွသေးသေးလေးလို့  သားခေါ်တဲ့ ခွခေါင်းအုံးသေးသေးလေးထိပ်ကို ပွတ်ပြီးမှ အိပ်တတ်တာ ခုထိပဲပေါ့… ဒါကြောင့် မေကလဲ ခရီးသွားရင် သားရဲ့ ခွသေးသေးလေးကို မမေ့မလျော့ ယူရမြဲ… ဟိုတလောက သားဖေဖေက သားနဲနဲ ကြီးသွားလို့  ခွခေါင်းအုံးကြီးကြီး ၀ယ်လာလဲ သားက သားခွသေးသေးလေးနဲ့ ပဲ မြတ်မြတ်နိုးနိုး အိပ်နေတုန်းလေ… ဒါကြောင့် သားဖေဖေက သားလူပျို ဖြစ်တဲ့ထိများ ဒီခွသေးသေးလေးနဲ့  အိပ်နေဦးမလားဆို စိတ်ပူနေတာ သားရဲ့…

စကားထူးထူးဆန်းဆန်းလေးတွေကရော ဘယ်တော့ထိများ ပြောနေဦးမလဲ… ဖေဖေနားသန့် ရှင်းပေးရင် “ဖေဖေ နားနှပ်ချီးထုတ်ပေး”တဲ့.. ဖေဖေပြုံးပါလို့  မပြောပဲ “ဖေဖေ smiling faceလုပ်မယ်” တဲ့… မေမေရုံးသွားပြီကို “မေမေ ရုံးသွားကုန်ပြီ” တဲ့… ဘာပဲဖြစ်ဖြစ် သားလေးရဲ့ အဲဒီ ကိုးလို့ ကန့် လန့်  တီတီတာတာ စကားလေးတွေကပဲ မေနဲ့ ဖေရဲ့ အမောပြေဆေးလေး ပေါ့သားရယ်…

အဲဒီသားသားလေးဟာ ဖေတို့ မေတို့  မျက်စိအောက်မှာ တဖြေးဖြေး အရွယ်ရောက်လာတာ ခုတော့ လေးနှစ်တောင် ပြည့်ခဲ့ပေါ့လေ… အဲဒီသားလေးက ခုမေမေ့ ရင်ခွင်ထဲမှာ ခွသေးသေးလေး ပိုက်ပြီး မေမေပုံပြောတာ နားထောင်နေတဲ့ ကလေးလေးပေါ့… ကိုင်း.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်…

(သားလေးရဲ့ လေးနှစ်မြောက် မွေးနေ့  အမှတ်တရ)

တန်ခူး
19-Aug-2008 5:20pm

Friday, August 15, 2008

ကျွန်မမြင်ဖူးသော စာရေးဆရာများ

စာရေးဆရာလို့  အသံကြားလိုက်တာနဲ့  မျက်လုံးတွေ အရောင်တောက်ပြီး အထင်ကြီး လေးစားစိတ်က အလိုအလျှောက် ပေါ်လာတတ်တဲ့ ကျွန်မကို အမေက အိမ်ထောင်မကျခင်က အမြဲပြောလေ့ရှိသည်။ “ညည်း စာရေးဆရာတော့ ယူမလာပါနဲ့ အေ” တဲ့။ အဲဒီအခါတိုင်း ကျွန်မက အမေ့ကို အမြဲပြန်နောက်လေ့ရှိတဲ့ စကားက “စာရေးဆရာကပဲ သမီးကို ကြိုက်ပါစေဦး အမေရယ်” လို့ ပါ။

အမေက စာရေး စာဖတ် ၀ါသနာ မပါလှ။ ဒီနေရာမှာ ကျွန်မက အဖေ့သွေး အတော်ပါသည်။ အဖေငယ်ငယ်က စာတိုပေစလေးတွေ ရေးသည်။ အဖေသိမ်းဆည်းထားသော ပုံနှိပ်ဖော်ပြခံရသည့် အဖေရေးသည့် ဆောင်းပါးလေးများကို ကျွန်မက ငယ်ကတည်းက မြတ်မြတ်နိုးနိုး ဖတ်တတ်ခဲ့သည်။ အဖေ့တွင် စာရေးဆရာ မိတ်ဆွေ အတော်များများ ရှိသည်။ တချို့ က အဖေနှင့် ကျောင်းနေဖက်၊ တချို့ က တရပ်ကွက်ထဲနေ၊ တချို့ က တနယ်ထဲ… တချို့ ကတော့ အဖေကြိုက်လွန်းလို့  သူ့ ဘာသာ သွားမိတ်ဆက်ပြီး သိသွားသည်။ အဖေက စာဖတ်အလွန်သန်သလို မှတ်ဥာဏ်ကလည်း အလွန်ကောင်းသည်။ သူသွားမိတ်ဆက်သည့် စာရေးဆရာရဲ့ လက်ရာတော်တော်များများကို ဆွေးနွေးနိုင်သည်။ ဒီတော့ စာရေးဆရာကလဲ သူ့ ပရိသတ် စစ်စစ်မှန်း သိကာ ထိုမှ အစပြု၍ ခင်မင်သွားကြသည်။ အမေကတော့ အဖေ အဲဒီလို မသိပဲနဲ့  သွားမိတ်ဆက်တိုင်း ဗျစ်တောက်ဗျစ်တောက်နှင့်။ ကျွန်မကတော့ အဖေ့ဘေးမှာ မယောင်မလဲ ပါမြဲ။ အဖေက သူတို့ နယ်က စာရေးဆရာကြီးများ အကြောင်းဆို ဂုဏ်ယူစွာနဲ့  အာပေါင်အာရင်း သန်သန်ပြောတတ်သည်။ “ဆရာဦးတင်မိုးတို့  တော်ချက်ကတော့ဗျာ… အညာသားလို့ မပြောရဘူး…”။ “ဆရာမခင်ခင်ထူး လက်ကလဲ သွက်ချက်ကတော့ တကယ့်ဝါရင့်တွေနဲ့ အပြိုင်ဗျာ” ဆိုတာမျိုးတွေ အဖေ့ဆီက ခဏခဏကြားရမြဲ။

စာပေဟောပြောပွဲ ခေတ်တုန်းက အဖေက ကျွန်မတို့  ရပ်ကွက်ရဲ့ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ မှာ အမြဲပါနေကျ။ ဒီတော့ ကျွန်မအတွက် အခွင့်အရေးကောင်း။ စာပေဟောပြောပွဲ မစမှီ စာရေးဆရာတွေ ဧည့်ခံသည့် အိမ်မှာ ကျွန်မက မော့တော့တော့။ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာမမိုးမိုးအင်းလျား၊ ဆရာမသာယာဝတီစန်းစန်းနွဲ့ ၊ ဆရာမရွှေကူမေနှင်း…. အားလုံးဟန် အားလုံးမာန်ကို ကျွန်မ ခုထိ အလွတ်ရနေသည်။ ခုနှစ်တန်းကျောင်းသူ ဘ၀ထဲကစခဲ့တဲ့ ပိုးပါ။ သားအဖနှစ်ယောက် မနက်ဝေလီဝေလင်း ဆရာအောင်သင်းပြီးမှ အိမ်ပြန်ခဲ့ရတဲ့ နေ့ တွေ အခုထိ လွမ်းမိနေတုန်း။

အဖေက စာပေဟောပြောပွဲကို အလိုလိုက်ခေါ်ပေမယ့် ကျွန်မ အပြင်စာ ဖတ်ခြင်းကိုတော့ တားမြစ်ခဲ့သည်။ ကျောင်းစာ နောက်ကျမည်စိုး၍တဲ့။ ကျွန်မကလဲ အဖေ့စကား နားထောင်ကာ ခိုးဖတ်ခဲ့ပါသည်။ ဒီကစလို့  ကလောင်တချောင်းနှင့် နှလုံးသားတွေကို ဆွဲဆောင်နိုင်သော၊ လူတွေရဲ့ စိတ်ဓါတ်ကို ပြုပြင်နိုင်သော၊ ခေတ်စနစ်ကို ထင်ဟပ်နိုင်သော၊ ငိုက်မျဉ်းသူတွေကို နိုးထနိုင်သော၊ ကြမ်းတမ်းသူတွေကို နူးညံ့နိုင်သော… ထူးဆန်းလွန်းသည့် စာရေးခြင်းအတတ်နှင့် စာရေးဆရာတွေကို အထင်ကြီးလေးစားမိခဲ့သည်။

ကျွန်မက စပ်စပ်စုစု ရှိလှသူ ဆိုတော့ စာရေးဆရာတွေ့ လျှင် သူတို့ နေဟန်၊ ပြောဟန် တွေကအစ စိတ်ဝင်စားတတ်သည်။ ရပ်ကွက်ထဲက စာရေးဆရာအိမ်ရှေ့ က ဖြတ်သွားလျှင် အားမနာလျှာမကျိုး အသေအချာ စပ်စုသောကြောင့် အမေက ဆူတတ်သည်။ စာရေးဆရာကြီးများ စာရေးနေတာတွေ့ ရလျှင် ဘာလို့ မှန်းမသိ။ ပျော်သွားတတ်သည်။ ကျောင်းရောက်လျှင် ငါစာရေးဆရာXXX စာရေးနေတာတွေ့ ခဲ့ရတယ် လို့  ပြန်ကြွားမြဲ။ အဲဒီ အခါတိုင်း သူငယ်ချင်းတွေ ဒါလေးများ ဆိုတဲ့ အကြည့်နဲ့  ၀ိုင်းကြည့်မြဲ။

ကျွန်မ စာစရေးပြီး မဂ္ဂဇင်းတိုက်တွေ စာမူပို့ တော့ အမြဲ မျက်လုံးတွေက ကျီးကန်းတောက်မှောက်။ ကိုယ်ကြိုက်သည့် ဘယ်စာရေးဆရာများ တွေ့ ရမလဲလို့  ရင်တခုန်ခုန်။ တခါတလေ ကိုယ်အရမ်းကြိုက်သည့် စာရေးဆရာ တယောက်က ကိုယ့်ရှေ့ တည့်တည့် ရောက်ပြီး မသိလိုက်ရ။ ကျွန်မ ရင်ခုန်ပွင့်မှာ ပထမဆုံး ၀တ္ထုတိုလေးပါလို့  စာမူခ သွားထုတ်တော့ ဆရာနေ၀င်းမြင့်နဲ့  စကားနဲနဲ ပြောခွင့်ရပြီး ဆရာမှန်းမသိခဲ့။ စာရေးဆရာ တယောက်ယောက်မှန်း သိပေမယ့် ကျွန်မကြိုက်သည့် ဆရာမှန်းမသိခဲ့ရတာကို နောက်မှ ယူကျုံးမရ ဖြစ်ခဲ့ရသည်။

တခါက ရင်ခုန်ပွင့်မှာပဲ ဆရာအောင်ဝေးနဲ့  ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက ဆရာခွန်ဂျာမှိုင်းက ဆရာအောင်ဝေးနဲ့  မိတ်ဆက်ပေးတော့ ကျွန်မ ဘာစကားမှ မဆိုနိုင်လောက်အောင် အံ့သြ၀မ်းသာ နေခဲ့သည်။ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် အချစ်ဝတ္ထုလေးတပုဒ်ကို ဆရာအောင်ဝေးက သေချာဖတ်ပြီး ဆွေးနွေးသွန်သင်ပေးခဲ့တာကို ခုထိ အမှတ်ရ ကျေးဇူးတင်နေမိသည်။

လေထန်ကုန်း လိုနေရာမျိုးဆို ကျွန်မက သိပ်အကြိုက်တွေ့ တတ်သည်။ နဘေးမှာ အဖေ့မိတ်ဆွေ စာရေးဆရာ အသိတယောက်ယောက်များ ပါလာရင် ပိုလို့  သဘောခွေ့ ရော… အဲဒါ ဆရာမရာသက်ပန်၊ ဟိုမှာ ဆရာမမိုချာ့… ။ RIT မှာတုန်းကတော့ ဆရာမ မေငြိမ်းနေသည်ဆိုသော အိမ်ရှေ့ ရောက်တိုင်း ငေးရတာ အမော။ ဆရာမကို တခါမှတွေ့ ခွင့် မရခဲ့။ ကလျာ၊ လုံမလေး မဂ္ဂဇင်းတိုက်တွေ ရောက်လျှင် ဆရာမကြီးများကို အမြဲရှာဖြစ်သည်။

RIT မှ စာရေးဆရာတွေကိုတော့ တကျောင်းထဲမို့  ပိုသံယောဇဉ်ကြီးမိသည်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာနွမ်ဂျာသိုင်း တို့ ကို မမြင်ဘူးခင်ထဲက ရင်းနှီးနေမိသည်။ မှတ်မှတ်ရရ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရွှေသမင်မှာ အယ်ဒီတာ လုပ်တုန်းက ကျွန်မ၀တ္ထုတိုလေး တပုဒ် ပုံနှိပ်ပြီးမှ စာပေစီစစ်ရေးက ပယ်ပစ်ခဲ့သည်။ ထုတ်ဝေခါနီးမှ အကုန်ဆုတ်ဖြဲခံရသည်လို့  ကြားရတော့ ကျွန်မငိုမိခဲ့သည်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ကျွန်မအမေ ကျောင်းရှေ့ မှာ ရွှေသမင်စာအုပ်လေးနှင့် ဆုတ်ဖြဲထားသည့် ကျွန်မ၀တ္ထုတိုလေးပေးပြီး အားပေးစကားပြောခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ခဲ့။

ဟိုတခေါက် မြန်မာပြည်ပြန်တော့ လှည်းတန်းက မုန့် ဟင်းခါးဆိုင်မှာ အဖေက လူတယောက်နှင့် ရင်းရင်းနှီးနှီး စကားလက်ဆုံကျနေခဲ့သည်။ ဆရာစာမရေးဖြစ်တော့ဘူးလားလို့  မေးသံကြားတော့ ကျွန်မ ခေါင်းတွေ ထောင်လာခဲ့သည်။ အဖေက အလိုက်သိစွာ သမီးဆရာနွမ်ဂျာသိုင်းလေလို့  မိတ်ဆက်ပေးတော့ ကျွန်မအရမ်းကို အံ့သြ၀မ်းသာသွားမိသည်။ ဒီလိုပါပဲ ပြီးခဲ့တဲ့တခေါက်ပြန်တော့ အဖေက အမျိုးသမီးတယောက်ကို ကားရပ်ပြီး လေးလေးစားစား နှုတ်ဆက်နေသည်။ ကျွန်မစိတ်ထဲ ဒီအမျိုးသမီးက စာရေးဆရာ တယောက်ယောက်များလားလို့  သံသယ၀င်နေတုန်း အဖေက “’သမီးရေ..ဒါဆရာမဒေါ်သန်းမြင့်အောင်လေ” လို့ မိတ်ဆက်ပေးခဲ့သည်။ အဲဒီတုန်းက ဆရာမကို အရမ်းမြင်တွေ့ ချင်တဲ့ အချိန်နဲ့ ကိုက်နေတော့ ပျော်လိုက်သည်ဖြစ်ခြင်း။

ဆရာတက္ကသိုလ်တင်မြင့်၊ ဆရာမခင်မာသစ်၊ ဆရာမဆုမိလဲ့(စိန်ဂျွန်းမာလေး) တို့ က တရပ်ကွက်ထဲနေပြီး ကျွန်မနှင့် ရင်းနှီးကြသောကြောင့် သူတို့ စာအုပ် အသစ်ထွက်တိုင်း ကျွန်မကို လက်မှတ်လေးထိုးပြီး အမှတ်တရပေးကြသည်။ ထို့ အတူ အဖေ့သူငယ်ချင်း ဆရာမင်းသစ်၊ ဆရာလယ်တွင်းသားစောချစ် တို့ စာအုပ်လေးတွေလဲ ကြုံရင်ကြုံသလို ကျွန်မ လက်ဆောင်ရတတ်သည်။ ဆရာမင်းသစ်က ပီပြင်ထိရှသော ၀တ္ထုတိုလေးများ ဖန်တီးခဲ့သူ။ ကျွန်မ စာရေးစဉ်က ကလောင်နာမည်လေးကို သူရွေးပေးခဲ့ခြင်းဖြစ်သည်။

ကျွန်မတို့  ရပ်ကွက်နှင့် မနီးမဝေးက ဆရာသုမောင်တို့  ညီအကို တတွေဆို ကျွန်မ အကုန်ကြိုက်သည်။ “ကြည့်ပါဦးအမေရယ် စာရေးဆရာဖြစ်ဖို့  မွေးလာသလို သူတို့ ဥပဓိရုပ်တွေက တကယ့်စာရေးဆရာစစ်စစ်ရုပ်တွေ” လို့ အမေ့ကို ပြောရင် “
ဒီရုပ်ဆိုးကြီးတွေများ” လို့ မှတ်ချက်ချတတ်သည်။

အဲဒီိလို သူတို့ စာသာမက သူတို့ ဘ၀ကိုပါ စိတ်ဝင်စားတတ်သော ကျွန်မblog ရေးတော့လဲ bloggerတွေရဲ့စာတွင် မက ဘ၀ပါ စိတ်ဝင်စားတတ်သည်။ bloggerများသည်လဲ စာရေးဆရာများပင် မဟုတ် လား။ “မောင်… အဲဒါလင်းလက်ကြယ်စင်လေ” “ဟိုတယောက်က ပန်ဒိုရာလားမသိဘူး… သူ့ blogမှာတင်ထားတဲ့ ကယ်ရီရေးချား ပုံနဲ့ ခပ်ဆင်ဆင်” “WE SHE ME က ကိုအန်ဒီကို အရမ်းမြင်ဖူးတယ်… ကျောင်းမှာဆုံခဲ့ဖူးသလားမသိ” “မေဓာဝီ စာရေးကောင်းတာမပြောနဲ့  တကယ့်စာရေးဆရာမ ရုပ်ကလေး” “အိမ့်ချမ်းမြေ့က ချောချောလေး…သိလား” “သက်ဝေကို အရမ်းရင်းနှီးနေသလိုပဲ… သူငယ်ချင်းထဲကများ ဖြစ်နေမလားတောင်မသိဘူး” “ကိုစေးထူးက စာလဲရေး သီချင်းလဲဆိုတတ်တယ်”
“ခွန်မြလှိုင်တို့  မြတ်နိုးတို့ ကလဲ ကျောင်းကပဲ…သိလားမောင်” “မောင်မျိုးဆိုတဲ့ ကောင်လေးလဲ နေမကောင်းဘူးတဲ့”…အဲဒီလို bloggerတွေကို အပြင်က သူငယ်ချင်းတွေလို နာမည်တွေတတ်ပြီး ပြောရင် ကျွန်မခင်ပွန်းက တခါတခါ အသိထဲမလဲ ဒီနာမည် မကြားဖူးပါဘူးလို့  ဝေေ၀၀ါးဝါး။ သူသိတဲ့သူဆိုလို့  ကိုပေါတယောက်ထဲရှိတာကို။ နားငြီးအောင် ပြောတတ်တဲ့ ကျွန်မကို စိတ်မရှည်တော့တဲ့အခါ အမေ့အစား မှတ်ချက်ချတတ်ပါတယ်။ “စာပဲဖတ် ပြီးရော… ဘာလို့ လူတွေပါ စိတ်ဝင်စားနေလဲ” တဲ့။ အဲဒီအခါတိုင်း ကျွန်မပြန်ပြောတတ်တဲ့ စကားကတော့ “ကျွန်မက စာဖတ်ရင်း လူတွေပါခင်ခင်သွားတတ်လို့ ပါ… အကျင့်ပါနေလို့ ” ပါတဲ့။

တန်ခူး
15-Jul-2008 10:30am

Wednesday, August 13, 2008

Stress



Stress… ဒီစကားလုံးက ဒီနိုင်ငံမှာ တော်တော်လေးကို ပေါ်ပြူလာဖြစ်သည်။ လူချင်းတွေ့ လို့ 
နှုတ်ဆက်ရင်တောင် “မတွေ့ ရတာကြာပြီနော်… ဘယ်လိုလဲ အရင်အလုပ်မှာပဲလား… stress များလား” ဆိုတာမျိုး၊ “အို…ပိန်သွားလိုက်တာ… ကြည့်ရတာ အလုပ်က stress များပုံပဲ”
လို့ တမျိုး၊ “ဟိုတနေ့ က လှမ်းနှုတ်ဆက်နေတာ… မမြင်ဘူးထင်တယ်… ငိုက်ငိုက်စိုက်စိုက်နဲ့  တော်တော် stress များလာတယ်ထင်တယ်”… အဲဒီလို stress ဆိုတဲ့ စကားလုံးက ဟိုနားကကြား ဒီနားကကြားနဲ့  ရေပန်းစားလှသည်။

တချို့ ကတော့ stress ပိပြီး မျက်နှာကြီး သုန်မှုန်။ တချို့ ကတော့ ခေါ်မကြား အော်မကြား မျက်နှာဗလာနဲ့  stress ရေချိန် အတော်ကိုက်နေပုံ။ တချို့ ကတော့ ပြာယာတွေခတ်ကာ stress မွှေနှောက်သည့် ဒဏ်ခံကို အလူးအလဲ ခံနေရပုံ။ တချို့ ကတော့ stress မျက်မှန်တပ်ပြီး မှုန်မှုန်ဝါးဝါး။ တခါတလေ ဒေါသထွက်စရာ မဟုတ်သည့် အရာကို
ရှူးရှုးရှဲရှဲ။ တချို့ ကတော့ မြောက်ကြွမြောက်ကြွ နဲ့  stress များခြင်းက အရေးပါခြင်း
လို့ ထင်နေပြန်…။ အဲဒီ အဆင့်တွေကျော်လွန်သွားရင်တော့ stress က အနိုင်ရသွားတဲ့အခါ တယောက်ထဲပြုံး၊ တယောက်ထဲ စကားပြော၊ တယောက်ထဲ ရန်ဖြစ်၊ တယောက်ထဲငိုနဲ့  အတော် အခြေအနေ ဆိုးတဲ့ အဆင့်ကို ရောက်သွားတတ်သည်။

ဒါကြောင့်လဲ stress ကုစားနည်းတွေက internet ပေါ်မှာ၊ စာအုပ်တွေထဲမှာ… သင်တန်းတောင် ရှိလိုက်သေး။ သေချာတာက ဘယ်သူမှ သူ့ ကို မဖိတ်ခေါ်ပဲ ခပ်တည်တည်နှင့်  ရောက်လာတတ်သည်။ တခါတလေတော့ သူလာတော့မယ်ဆိုတာ ခန့် မှန်းလို့  ရပေမယ့် တခါတလေကျတော့ ရုတ်တရက်ကြီးပေါ်လာတတ်သည်။ မြန်မာလိုတော့ စိတ်ဖိစီးမှု။ ဟိုးကျောင်းနေတဲ့ အရွယ်ကနေ…အဖိုးအဖွားအရွယ်ထိ အရွယ်မရွေး။ ဆင်းရဲ ချမ်းသာ မရွေး။ လူတန်းစားမရွေး ရနိုင်သည့် စိတ်ဖိစီးမှု။ ခံနိုင်ရည် အတိုင်းအတာနှင့်
ဖိစီးမှုဝန်က ပြောင်းပြန်အချိုးကျသည်။ ဒါကြောင့် တရားဘာဝနာ ပွားများသူတွေ အတွက် stress မရှိဘူးလို့ တောင် ပြော၍ရသည်တဲ့။

Stress အကြောင်းတွေ ရှည်ရှည်ဝေးဝေး လျှောက်ပြောနေမိခြင်းမှာ ပြီးခဲ့တဲ့ အပတ်မှ စ၍ ကျွန်မအနားမှာ သူရောက်လာလို့ ပါပဲ။ မှတ်မှတ်ရရ ၀၈-၀၈-၂၀၀၈ ထဲက။ ဒီက တရုတ်တွေက ၈ ဂဏန်းဆို အသဲအသန်။ အိုလံတောင် အဲဒီနေ့ ပစ်ကြတာ တာကြည့်။ ရုံးမှာကျွန်မတာဝန်ယူထားတဲ့ projectအသစ်တွေကို အဲဒီနေ့ မှာ တပုံကြီး တပြိုင်ထဲ ဖွင့်ပွဲ လုပ်ချလိုက်တာ။ ကိုယ်တော်ချော stress က ပြုံးပြုံးကြီး မဖိတ်ခေါ်ပဲ ရောက်လာတော့တာပဲ။

အလိုက်မသိတတ်လိုက်ပုံများ သူရောက်လာတည်းက ထမင်းလဲဖြောင့်ဖြောင့်မစားရ။ ရေလဲ ဖြောင့်ဖြောင့်မသောက်ရ။ .... ဖြောင့်ဖြောင့်မသွားရ။ Blog ကမ္ဘာနဲ့ လဲ တိတ်တိတ်လေး ဝေးနေရတာ။ အတော်ကို နေမထိ ထိုင်မသာ ဖြစ်လှသည်။ လေနုအေးနဲ့ အဲလောက် အကြာကြီးမခွဲဖူးတော့ လွမ်းမိတာလဲ အရမ်း။ အိမ်ပြန်ချိန်တွေ နောက်ကျလို့ သားလေးလဲ လည်ပင်းလေး ပိုရှည်လာသယောင်။ အိမ်ပြန်ရောက်တော့ မျက်လုံးတွေက ကျောက်ခဲနဲ့ ဖိလိုက်သလို။ ဒါတောင် သူက အိပ်မက်ထဲ လိုက်နှောက်ယှက်သေးတယ်။ ရုံးက ဖမ်းမမိတဲ့  Bugတွေကို အိပ်မက်ထဲ ၀မ်းသာအားရဖမ်းနေလိုက်ပုံများ။

မနက်မိုးလင်းရင် ခါတိုင်းလို ရွှေအမြုတေလေး… ဒါမှမဟုတ် Todayလေး ဖတ်ပြီး စိမ်ပြေနပြေ အ၀ှာလုပ်လို့ မရ။ ၅ မိနစ်အပြတ်လုပ်။ ပြီးရင်ရေချိုး။ တွေ့ ကရာ အကျီင်္ဆွဲဝတ်။ ခေါင်းကို လမ်းကျမှ ဖြီး။ နှုတ်ခမ်းနီဗူးလေးတောင် ရှားရှားပါးပါးအနားရ။ ဒီကြားထဲ အက်ဆစ်တွေ အထွက်များတဲ့ အစာအိမ်က ရောဂါဟောင်းပြန်ထ။ မျက်ရိုးတွေကိုက်။ ဇက်ကြောတွေတက်။ သူရောက်လာထဲက အဆင်မပြေပုံ ပြောပါတယ်။

စိတ်တွေက နောက်ကျိကျိနဲ့ ။ လျှောက်နေကျ လမ်းကပဲ ပိုရှည်နေသလိုလို။ ခါတိုင်းက လှလှပပ မြင်ကွင်းတွေက ခုတော့ တစက်ကလေးမှ ဆွဲဆောင်မှုမရှိ။ အထက်အရာရှိကလဲ ဒီရက်တွေမှ ရုပ်ပိုဆိုးနေသလိုလို။ ကိုယ့်ရုပ်ကိုယ်တော့ မှန်ထဲသေချာမကြည့်ဝံ့။ စိတ်ကလဲ တော်တော် ကြွပ်ရွပြီး ဆပ်ဆပ်ထိမခံတော့။ ရန်ဖြစ်စရာမရှိ ဘက်ထရီကုန်သွားသည့် လက်ကိုင်ဖုန်းနဲ့  ဖြစ်ဖြစ်ရန်ဖြစ်နေမိသည်။ Online ပေါ်ရောက်လာတဲ့ သူငယ်ချင်းအချို့ က အခြေအနေ မကောင်းတာ သိပြီး စောစောစီးစီး bye byeသွားသည်။

တရားမရှိဘူးပြောလဲ ခံရမည်။ ပင်ပန်းလွန်းတော့ ပုတီးအပတ်တောင် မဆုံး တုန်းကနဲ။ stress ပြုသမျှနုရပုံများ။ ဒီနေ့ တော့ stressက ပတ်စာခွာ ဖျာသိမ်း အထုတ်အပိုးပြင်လို့  ပြန်တော့မည်။ တော်သေးရဲ့။ ခုမှ အသက်၀၀ရှုနိုင်သည်။ Blog ကမ္ဘာထဲ ပြန်ဝင်ဖို့ ခြေလှမ်းပြင်။ ကျွန်မကတော့ သူ့ ကို ပျော်ပျော်ကြီး နှုတ်ဆက်နေမိသည်။ See you later ဆိုတဲ့ စကားတော့ သတိထား မပြောဖြစ်။

တန်ခူး
13-Jul-2008 2:30pm


Thursday, August 7, 2008

ရထားစီးကြသူများ


ရထားလာရန် ၂ မိနစ်သာလိုတော့သည် ဆိုတော့ စက်လှေကားပေါ် အပြေးတက်မိသည်။ ဒီရထားမှီမှ။ နောက်ရထားက ကြိတ်ကြိတ်တိုး။ စက်လှေကားပေါ်မှာ တချို့ ကနိုင်ငံကြီးသား ပီသစွာ ဘယ်ကပ်ရပ်သည်။ တချို့ ကတော့မရပ်။ ဒီတော့ အလျှင်လိုသူ ကိုယ့်လိုလူအတွက် လမ်းမရှင်း။ ရထားတော့ လွတ်တော့မည်။ ကျွန်ုပ်ကို ခွင့်ပြုပါဆိုတာကို အကြိမ်ကြိမ်သုံးပြီး ကျော်ခွသွားရသည်။

တော်သေးရဲ့။ ရထားအရောက် ကိုယ်အရောက်။ ဆင်းသူတွေ ဦးစားပေးရန် တက်သူတွေက အ၀ါရောင်အစောင်းလိုင်း နောက်မှာရပ်ရသည်။ သားသားနားနားဝတ်ထားသည့် အရာရှိပုံပေါက်သည့် နိုင်ငံကြီးသား အန်တီကြီးကတော့ ဆင်းရမယ့်သူတွေ အပေါက်ဝတည့်တည့် ကန့် လန့် ကြီး။ သူ့ ကြောင့်ပဲ အားလုံးရှုပ်ကုန်သည်။ တီတီတီ လို့ အပေါက်ပိတ်ရန် အချက်ပေးနေပေမယ့် တချို့ က ခုထိမ၀င်ရသေး။ ပြီးတော့ သူက နဲနဲချောင်သည့် အထဲဘက်ကို မ၀င်။ အပေါက်ဝမှာ ကျောက်ချထားသည်။ မတတ်နိုင်။ ကိုယ်က အဝေးကြီးစီးရမယ့်သူ။ သူရဲလေးကောင်ထဲက ပိုးဖြူပြောသလို “အလယ်ခေါင်မှာ ဆင်နှစ်ကောင် xxထောင်ကလို့  ရတယ်ရတယ်” သာ အော်လိုက်ချင်သည်။ ဒီလိုအခါတွေမှာမြန်မာပြည်က စပယ်ယာလေးများတောင် လွမ်းမိသေး။ ထုံးစံအတိုင်း ကျွန်ုပ်ကို ခွင့်ပြုပါရသည်။ အလယ်ရောက်မှ သက်ပြင်းချရသည်။

ရထားက နဲနဲလှုပ်တော့ ရှေ့ က ညနေပိုင်းသတင်းစာဖတ်နေသည့်မိန်းမရဲ့ သတင်းစာကို ထိမိသွားသည်။ ၀မ်းနည်းပါတယ်လို့ အပြောမဆုံးသေး နိုင်ငံကြီးသားမိန်းမရဲ့ မျက်စောင်းမှန်သွားသည်။ ၀ါသနာအတိုင်း အနားကလူတွေကို အပျင်းပြေ ဟိုကြည့်ဒီကြည့် မျက်လုံးကစား။ ထောင့်စွန်းခုံက အတွဲကတော့ ရထားစင်းလုံးငှားထားသလို။ ပတ်ဝန်းကျင်ကို မေ့နေသည်။ ကောင်လေးက ချမ်းတတ်ပုံရသည်။ ဂျင်းဘောင်းဘီအရှည်နှင့်။ ကောင်မလေးက အိုက်တတ်ပုံရသည်။ တထွာလောက်သာရှိမည့်ဘောင်းဘီတိုနှင့်။ ဘာကြောင့်များ ကောင်မလေးတွေ ပိုပို အိုက်တတ်လာလဲလို့  စဉ်းစားနေမိသည်။

နောက်တဘူတာ ရောက်တော့ မိသားတစု တိုးကြိတ်ပြီး အလယ်ရောက်လာသည်။ အိုး…မွေးနိုင်လိုက်တာ။ လမ်းလျှောက်နိုင်သည့် အရွယ်က နှစ်ယောက်။ အဖေပေါ်မှာ တယောက်။ အမေပေါ်မှာတယောက်။ ဟင်… အမေ့ဗိုက်ထဲမှာလဲ တယောက်။ မလေးရှားလူမျိုးတွေ။ ရှေ့ မှာထိုင်နေသောသူတွေ အားလုံး နောက်ဘက်က ထိုင်ခုံနေရာဦးစားပေးရမည့် ဆိုင်းဘုတ်ကို လျစ်လျုရှုထားပုံရသည်။ ခုနသတင်းစာမမတောင် ဘယ်အချိန်က ကောက်ကာငင်ကာ အိပ်လိုက်သည်မသိ။ ကိုယ်က နဘေးကနေပြီး မဗိုက်ကို အားနာလာသည်။ သူ့ ခမျာ ကလေးကလဲ ချီထားရသေး။ တကယ်အိပ်ပျော်နေပုံရသည့် အန်တီကြီးတယောက် နိုးလာပြီး ပျာပျာသလဲနေရာပေးမှ ကိုယ်ပါသက်ပြင်းချနိုင်သည်။

စပီကာ စပယ်ယာက ဘယ်လောက်အော်အော် လူတွေက အပေါက်နားကို ကြိုက်ကြသည်။ အေးလေ…စပီကာက စပီကာ။ လူစပယ်ယာမှမဟုတ်တာ။ စုံတွဲဆင်းသွားပြီး အဲဒီနေရာကို ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားသော လူတယောက်ဝင်ထိုင်သည်။ မြတ်စွာဘုရား…မြင်နေရသည့် မျက်နှာတစိတ်တပိုင်းက ဟိုတလောက ပျောက်သွားသည့် အစိုးရအလိုရှိနေသည့် အကြမ်းဖက်သမား ဆာလမတ်နဲ့ တူသလိုလို။ ဟိုတနေ့ ကပဲ သူ့ ကိုရှာနိုင်သူအတွက် ဆုငွေတိုးပေးထားသည်။ ဒါပေမယ့် ဒီလူက နဲနဲ ပိုဝသလားလို့ ။ ဦးထုပ်ကို ရှေ့ ပိုဆွဲချလိုက်တော့ သံသယပိုဖြစ်သွားသည်။ သူ့ ရှေ့ တည့်တည့်ရပ်နေသည့် အန်တီကြီးကလဲ ကိုယ့်လို သံသယမျက်လုံးတွေနဲ့ ။ ဖုန်းကို ကစားနေတာကို မျက်ခြေမပြတ်ကြည့်မိသည်။ သူ့ ဖုန်းက ဗုံးတလုံးမဖြစ်နိုင်ဘူးလို့ မပြောနိုင်။ ကံတရားဆိုတာ ပြောလို့ မရ။ သူများကို စပ်စုမနေနဲ့ ။ ဘုရားစာရွတ်ဖို့  ကိုယ့်ကိုယ်ကို ပြန်သတိပေးရသည်။ စပီကာက သံသယရှိသူတွေ့ ရင် အကြောင်းကြားဖို့ အော်နေသည်။ ဒီလူဦးထုတ်ချွတ်လျှင် ကိစ္စက ပြတ်ပြီ။ သူ့ ကျောပိုးအိတ်ဇစ်ကို ဆွဲဖွင့်လိုက်တော့ ကိုယ်ရော အန်တီကြီးပါ နဲနဲပျာသွားသည်။ ဒီအချိန်မှာပဲ နဘေးက မဗိုက်ချီထားသည့် ကလေးက ကိုယ်တို့ ဆန္ဒအတိုင်း ဒီလူ့ ဦးထုတ်ကို ဆွဲချွတ်ပစ်လိုက်သည်။ အိုး…တော်ပါသေးရဲ့ ဆာလမတ်မဟုတ်။ မဗိုက်က ဒီလူကို တောင်းပန်နေပေမယ့် ကိုယ်ကတော့ စိတ်ထဲက ကလေးကို ကြိတ်ကျေးဇူးတင်နေမိသည်။ အန်တီကြီးက ကိုယ့်ကို အထာနှင့် လှမ်းပြုံးပြသည်။

ဒီလူ့ စိတ်ဝင်စားနေရတာနှင့် ဘူတာတွေ တော်တော်များများ ကျော်သွားသည်။ ခုထိလဲ ထိုင်စရာ နေရာမရသေး။ ခုမှ သတိထားမိသည်။ အပြာရောင်တီရှပ်နှင့် အမျိုးသမီးက တယောက်ထဲပြူံးလိုက်၊ စကားတိုးတိုးလေး ပြောလိုက်နှင့်။ သူ့ လက်ထဲမှာဖုန်းလဲမရှိ။ သူ့ နားထဲမှာလဲ ဘလူးတုလဲမရှိ။ သေချာပြီ။ ယဉ်ယဉ်လေး…။ ရုပ်ကလေးက ချောချောလေး။ အသက်ကလဲ ကိုယ့်ထက်ငယ်မယ့်ပုံ။ အလုပ်လဲ လုပ်ပုံရသည်။ ဒီလိုပါပဲ။ ဒီနိုင်ငံမှာ ဒါမျိုးတွေ မကြာမကြာတွေ့ ရတတ်သည်။ အလုပ်ဖိစီးမှုကြောင့်လား… မိသားစုပြဿနာကြောင့်လား… ရှယ်ယာရှုံးလို့ လား…။

“အမေလား… ကြားရလား..အမေ…ကြားရလား”။ မြန်မာသံ ခပ်ကျယ်ကျယ်ကြောင့် အသံလာရာဘက် ကြည့်မိသည်။ နိုင်ငံကြီးသားတို့ ကလဲ မျက်မှောင်တွေ
ကျူံ့ ပြီးကြည့်ကြသည်။ သူ့ ဖုန်းကဒ်ကတော့ ကြားရလားနှင့် ကုန်တော့မည်။ “အမေ..နေကောင်းလား..နေကောင်းလား…ကြားရလားအမေ…”။ ကြည့်ရတာ ရောက်တာကြာသေးပုံမပေါ်။ ဘာမှတောင်မပြောရသေး။ ဖုန်းက ပြတ်သွားသည်။ အင်္ကျီတောင့်တောင့်၊ ဘောင်းဘီတောင့်တောင့်၊ လက်ထဲမလဲ ဖိုင်တထပ်နှင့်။ အင်တာဗျုးက ပြန်လာပုံရသည်။ ခုတလော မြန်မာတွေ ပိုပိုများလာသည်။ ပနင်းဆိုးလားက မြန်မာစားသောက်ဆိုင်တွေ ပိုပိုစည်ကားလာသည်။

သတင်းစာမမ ပစ္စည်းတွေ သိမ်းပြီး ကိုယ်ကို ခပ်မတ်မတ်ထိုင်နေပြီ။ ဆင်းတော့မည်ထင်သည်။ ခုမှပဲ နေရာရတော့သည်။ မျက်နှာချင်းဆိုင်က လူတွေကို စပ်စုမိပြန်သည်။ တွေ့ နေကျမျက်နှာတချို့ ။ အံမယ်… ဟိုအမျိုးသမီးက ပိုလှလာတယ်ထင်တာ … ဆံပင်တွေဖြောင့်လိုက်တာကိုး။ သူ့ နဘေးက ကောင်မလေးဝတ်ထားတဲ့ စကပ်လေးက ဟိုတနေ့ ဈေးချလို့ ဝယ်ထားတဲ့စကပ်လေးနဲ့ ပုံစံတူ၊ အရောက်ပဲကွဲသည်။ ဟိုတယောက်က ချိန်းထားပုံရသည်။ မှန်ကြည့်ပြီး မိတ်ကပ်ဖို့ လို့ ။ မျက်တောင်အတုက အကြီးကြီးနဲ့ ပြုတ်ကျသွား အခက်။ ဒီဘက်ကအန်တီကြီးက မေမေနဲ့ ရွယ်တူလောက်ရှိမှာ။ မေမေ့များ အဲဒီလို ဆံပင်နီနီရဲဆိုးခိုင်းရင် အဆူခံရမှာ သေချာတယ်။

လက်ချင်းချိတ်ပြီး တက်လာကြသည့် ကျောင်းဝတ်စုံလေးတွေနှင့် အလယ်တန်းကျောင်းသား စုံတွဲကို တွေ့ တော့ သက်ပြင်းချမိသည်။ ကိုယ့်သားသမီးသာဆိုတဲ့ အတွေးက အလိုအလျှောက်ဝင်လာသည်။ ချစ်သူရီးစားထားဖို့ သိပ်ငယ်လွန်းသည့်အရွယ်။ အမှားအမှန် ဆုံးဖြတ်နိုင်ဖို့  သိပ်ငယ်လွန်းသည့်အရွယ်။ ကိုယ်အဲဒီအရွယ်တုန်းက ထုတ်ဆီးတိုးလို့ ကောင်းတုန်း။ အိုးပုတ်တမ်းဆော့တုန်း။ သားကို ဒီလို မဖြစ်အောင် ဘယ်လိုဆုံးမရပါ့။

အရမ်းပင်ပန်းနွမ်းနယ် နေပုံရသည့် ဖေဖေတို့ အရွယ် ဦးလေးကြီးကို နေရာထပေးလိုက်သည်။ သူ့ ခမျာ အလုပ်ကြမ်းလုပ်ရပုံ ရသည်။ ရာဘာလည်ရှည် ဖိနပ်မှာ ရွံ့ တွေနဲ့ ။ တနေ့ လုံးနေပူထဲမှာ နေရလို့ ထင်သည်။ အသားတွေ နေလောင်နေသည်။ ခုနက ကိုယ့်နဘေးမှာ ထိုင်ပြီး ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေသည့် ဆံပင်တွေမိုးပေါ်ထောင်သည့် ပုံစံနှင့်လူက နိုင်ငံကြီးသား ပီသစွာ အဖိုးကြီးကို နှာခေါင်းရှုံ့ ကြည့်ပြီး နေရာမှထသွားပြီး အပေါက်ဝနားမှာ သွားရပ်သည်။ ကိုယ်က ကြားထဲမှ အားနာသွားမိပြန်သည်။

ဆင်းကာနီး တဘူတာ အလိုမှာ သားစံချိန်တင်သည့် မျောက်လို ဆော့သည့် ကလေးနှင့် သူ့ အဖေတက်လာသည်။ ကလေးဆိုတော့ ကလေးသဘာဝဆော့ရှာမည်ပေါ့။ လက်ကိုင်သည့် ကွင်းတွေကို ဘားတန်းလို ခို၊ စတီးတိုင်ကို လျှောတိုင်လိုတက်။ သူဘာသာသူဆော့နေတာ ဘယ်သူကိုမှ မနှောင့်ယှက်။ ဒါပေမယ့် နိုင်ငံကြီးသား တချို့ က ကလေးကို နိုင်ငံကြီးသား မပီသရကောင်းလားဆို မျက်စောင်းထိုးသူထိုး၊ ကျွတ်သတ်သူသတ်နဲ့ ။

ရောက်ပါပြီ။ လိုရာကို။ ရထားကြီးက တက်တုန်းကနဲ့ မတူ။ ဂိတ်ဆုံးခါနီးတော့ လူကျိုးတိုးကျဲတဲ။ ၄၅ မိနစ်ဆိုတဲ့ ခရီးတခုမှာ ခရီးသွားဖော် လူအမျိုးမျိုး။ ဒီလိုဆို သူတို့ ကရော ကိုယ့်ကို ဘယ်လိုမြင်မှာပါလိမ့်။ စပ်စပ်စုစုနဲ့  နိုင်ငံကြီးသားမပီသတဲ့မိန်းမ ဆိုတာက လွဲပြီး တခြားမြင်စရာ မရှိ။

တန်ခူး
11am 07-Aug-2008

Monday, August 4, 2008

ရွက်စိမ်းကြွေ

ဇော်ဇော် ဆုံးသွားပြီတဲ့။ အမှတ်တမဲ့ ကြားလိုက်ရတဲ့သတင်းတခုကြောင့် ကျွန်မရင်ထဲ ဆို့ နင့်ကြေကွဲ။ ဘာကြောင့်ဆုံးသွားလဲဆိုတဲ့ အကြောင်းပြချက်ကြောင့် ပိုလို့ ပင် ၀မ်းနည်းမိသွားသည်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်လို့ တဲ့။ ဘယ်လောက်များ ၀မ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ဒီလို အဖြစ်မျိုးတွေ ကြားဖူးနေပေမယ့် ကိုယ်နဲ့ ရင်းနှီးနေတဲ့သူတယောက် အနေနဲ့ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် အတော်ယူကျုံးမရ။

ဇော်ဇော်မှာ တခြားမဟုတ်။ ကျွန်မပထမအလုပ်တွင် ကျွန်မလက်အောက်မှာ ဖိုမင်ရာထူးဖြင့် လုပ်ခဲ့သည့် ကောင်လေးတယောက်ပင်။ အလွန် လိမ္မာယဉ်ကျေးသော၊ အလုပ်ကြိုးစားသော၊ သစ္စာရှိသော၊ လုပ်ငန်းကျွမ်းကျင်သော ကျွန်မအလွန်အားကိုးရသည့် ၀န်ထမ်းတယောက်ဖြစ်သည်။ ရုပ်ရည်သန့် ပြန့် ပြီး မျက်နှာချိုသည်။ စိတ်ရှည်သည်းခံတတ်၍ လုပ်ဖော်ကိုင်ဖက် အားလုံးက သူ့ ကိုချစ်ကြသည်။

ကျွန်မနှင့် ကျွန်မ၀န်ထမ်းများမှာ မောင်နှမတွေလို ရင်းနှီးသောကြောင့် သူတို့ ဘ၀ တွေကို တစိတ်တပိုင်း သိခွင့်ရသည်။ များသောအားဖြင့် မပြေလည်ကြသော သူတို့ ဘ၀တွေက သနားစရာ ကောင်းလှသည်။ တချို့ က အလုပ်လုပ်ရင်း အဝေးသင်တက်ကြ။ တချို့ က မိသားစုတခုလုံးကို လုပ်ကျွေးရ။ တနည်းမဟုတ် တနည်းနှင့် ရုန်းကန်နေကြရသူလေးတွေ။ ဆင်းရဲသူနှင့် ပိုဆင်းရဲသူုသာကွာကြသည်။ ဒီထဲမှာမှ ဇော်ဇော်က တော်တော် မပြေလည်သူထဲမှာ ပါသည်။

သူက ညဆိုင်း အလှည့်ကျ ဆင်းရ၍ တခြားကလေးတွေနဲ့ စာလျှင် ကျွန်မနဲ့ တွေ့ ချိန်နည်းလှသည်။ ညနေဘက် ကျွန်မတို့ နေ့ ဆိုင်းဆီက တာဝန်လွှဲယူသည့် အချိန်မှတွေ့ ရသည်။ တနေ့ မှာတော့ ဇော်ဇော်ဘ၀ တစိတ်တဒေသကို သိခွင့်ရခဲ့သည်။ ကျွန်မအခန်းမှ ကလေးတွေ သူတို့ ထမင်းဘူးလေးထဲက အသန့် ချန်ထားသော ဟင်းလေးတွေကို ပလပ်စတစ်အိတ်လေးထဲက ထမင်းကြမ်းခဲလေးပေါ် ၀ိုင်းပုံပေးနေကြတော့ ကျွန်မစပ်စုမိသည်။ ဇော်ဇော်ညဆိုင်းဆင်းလျှင်စားဖို့ တဲ့။ သူ့ ခမျာ သူများတွေလို ထမင်းနဲ့ ဟင်း မတတ်နိုင်တာကြောင့် ထမင်းကြမ်းခဲလေးပဲ ယူလာနိုင်သည်လေ။ ကျွန်မရင်ထဲမှာ ဆို့ နင့်သွားလိုက်တာ။ အဲဒီကစလို့  ကျွန်မလဲ ဇော်ဇော်အတွက် ဟင်းထည့်ပေးသူထဲမှာပါခဲ့သည်။ တချို့ ရက်တွေမှာတော့ ညဆိုင်းဆင်းသူတွေ အားလုံးအတွက် ညစာစိုစိုပြေပြေစားနိုင်ဖို့  မုန့် ဖိုးသဘောမျိုးပေးဖြစ်ခဲ့သည်။

ထိုမှစ၍ ဇော်ဇော့်ဘ၀ကို သတိထားမိခဲ့သည်။ ဇော်ဇော့်မေမေက ဇော်ဇော့်ညီမလေးငယ်ငယ်တည်းက ထားပစ်ခဲ့သည်။ အဲဒီနောက်ပိုင်း ဇော်ဇော့်ဖေဖေ အရက်သမားလုံးလုံး ဖြစ်ခဲ့ရသည်။ ဇော်ဇော်တို့ မောင်နှမနှစ်ယောက် ကိုယ့်စရိတ်ကိုယ်ရှာ ကိုယ့်ဝမ်းကိုယ်ကျောင်း ကိုယ့်ပညာကိုယ်ရှာခဲ့ရသည်။ သို့ ပေမယ့် ဇော်ဇော်အားမလျှော့။ သူ့ မျက်လုံးတွေက မျှော်လင့်ချက် အရောင်ဖြင့် အမြဲတောက်ပနေခဲ့သည်။ သူ့ ရည်ရွယ်ချက်တွေ အတွက် သူကြိုးစားသည်။ အဝေးသင် တက်သည်။ အားလပ်ရက်တွေမှာ ဘုန်းကြီးကျောင်းအခမဲ့ ဘာသာစကား သင်တန်းတွေတက်သည်။

အဲဒီလို တောက်ပနေတဲ့ မျက်လုံးတွေမှာ မျက်ရည်တွေဝဲခဲ့ ရတဲ့နေ့ ကတော့ သူ့ အဖေဆုံးတဲ့နေ့ ပင်။ အားပေးစကားပြောရမည့် ကျွန်မပင် သူ့ ကျမှ ဖြစ်ရလေတယ်လို့ ကြေကွဲမိနေခဲ့သည်။ တပူပေါ် နှစ်ပူဆင့်မှာစိုး၍ နာရေးစရိတ်ကို ကျွန်မတတ်နိုင်သလောက် ကုသိုလ်လုပ်ရန် နောက် သူ့ အပူဝေမျှရန် ဇော်ဇော့်အိမ်သို့  သွားခဲ့သည်။(အဲဒီအချိန်တုန်းက နာရေးကူညီမှုအသင်းမပေါ်သေးပါ) ကျွန်မ ၀တ္ထုတွေထဲမှာသာ ဖတ်ဖူးသော၊ ရုပ်ရှင်တွေထဲမှာသာ ကြည့်ဖူးသော အိမ်လို့ ခေါ်ရခက်သည့် အိမ်လေး အတွေ့ မှာ ကျွန်မမျက်ရည်စ၀ဲပြီ။ ၀ါးခြမ်းပြားလေးတွေ ကျိုးတိုးကျဲတဲ ကျွန်မလှမ်းတက်ရုံနှင့် ညွှတ်သွားသော လူသုံးယောက်တထိုင်စာသာ ကျယ်ဝန်းသော အိမ်ကလေး။ အိမ်အတွင်းမှာ ရေအိုးစင်တလုံးနှင့် ဖျာလိပ်တလိပ်သာရှိသည်။ ဇော်ဇော်က ကျွန်မရောက်လာမယ် မထင်ပဲ ရောက်လာတော့ အမတယောက်ကို တွေ့ လိုက်ရသလို အားကိုးတကြီး ငိုကျွေးသည်။ အားပေးမည့် ကျွန်မလဲ မျက်ရည်တွေစိုရွှဲ။ လမ်းပေါ်မှာ အရက်မူးလွန်သေဆုံးခဲ့သည့် သူ့ အဖေအဖြစ်ကို ပြန်ပြောတော့ ကြမ်းလွန်းသည့်ဘ၀ကို ဂရုဏာသက်မိသည်။

တရက်မှာတော့ မနက်စောစော စက်ရုံထဲက စမ်းသတ်သည့် အောက်စက်တလုံးပျောက်သည့် သတင်းက ကျွန်မကို ဆီးကြိုနေခဲ့သည်။ ညဆိုင်းဆင်းသူဆိုလို့  ကျွန်မအခန်းက ၀န်ထမ်းတွေသာရှိတာမို့  ကျွန်မတော်တော်လေး ခေါင်းခြောက်သွားသည်။ ကျွန်မထက် ခေါင်းခြောက်သူက ဇော်ဇော်။ သူက ညဆိုင်းရဲ့ ခေါင်းဆောင်။ မျက်နှာလေး ဇီးရွက်လောက်သာရှိတော့သည်။ ကျွန်မတို့ တာဝန်ရှိသည့် အင်ဂျင်နီယာတွေ အရေးတကြီး အစည်းအဝေးခေါ်ပြီး တိုင်ပင်ကြသည်။ ဒီပျောက်ဆုံးမှုမှာ ဇော်ဇော်က တာဝန်ရှိသည်မှန်သော်လည်း သံသယဖြစ်ဖွယ်မရှိဆိုတာ အားလုံးက ထောက်ခံသည်။ တရားခံအစစ်ကို တွေ့ မှ ဇော်ဇော် သက်ပြင်းချနိုင်ခဲ့သည်။ ဇော်ဇော်သည် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သူပင်။

ကျွန်မ ဒီကို ထွက်ကာစက အားလုံးနဲ့  အဆက်အသွယ်ရှိခဲ့သော်လည်း နောက်ပိုင်းမှာ တချို့ သူတွေနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ကျွန်မလုပ်ခဲ့သည့် Company ပျက်သွားပြီးနောက်ပိုင်း ၀န်ထမ်းတွေ တော်တော်များများ ဒုက္ခရောက်ကြသည်ဟု ကြားရသည်။ ဒီထဲမှာ ဇော်ဇော်တို့ မောင်နှမ နှစ်ယောက်လဲ ပါခဲ့သည်တဲ့။ အတူလုပ်ခဲ့သည့် ကျွန်မသူငယ်ချင်းနဲ့  ပြန်တွေ့ တော့ ကလေးတွေကို အမှတ်တရမေးမိသည်။ အဲဒီမှာပဲ ဇော်ဇော် အဖြစ်ကို ရင်နင့်စွာ သိရသည်။

ဇော်ဇော် တီဘီရောဂါဖြစ်ပြီး ဆေးမကုနိုင်၍ သေဆုံးခဲ့ရသည်တဲ့။ ဘယ်လောက်နှမျောစရာ ကောင်းလိုက်ပါသလဲ။ တက်ကြွဖျတ်လတ်ရမည့်အရွယ်၊ လူအင်အားစိတ်အင်အားတွေ ပြည့်စုံရမည့်အရွယ်၊ မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်ရမယ့်အရွယ် အဲဒီအရွယ်မှာ စောစီးစွာကြွေလွင့်ခဲ့ရသည့် လူငယ်လေးတယောက်။ သူ အရက်မသောက်တတ်ပါ၊ သူ ဆေးလိပ်မသောက်တတ်ပါ၊ သူ လောင်းကစား မလုပ်တတ်ပါ။ ဒါပေမယ့် သူ့ ဘ၀ရှင်သန်နေထိုင်ဖို့ အတွက် လုံလောက်တဲ့ပိုက်ဆံမရှိ၍ မသေသင့်ပဲ သေဆုံးခဲ့ရသည်။
တကယ်လို့ ကျွန်မသာ သူနဲ့ အဆက်အသွယ်ရှိခဲ့လျှင် သူ့ အသက်ကယ်နိုင်ခဲ့မှာပဲ လို့ ယူကျုံးမရ ဖြစ်မိသည်။

တကယ်တော့ ဇော်ဇော်အသက်အရွယ်က နှစ်ဆယ်ကျော်။ ဇော်ဇော့်ရောဂါကလည်း ဆေးရှိသည်။ ရွက်စိမ်းဖန့် ဖန့် မို့  မကြွေသင့်သေး။ သူ့ ပတ်ဝန်းကျင်ကို အရိပ်ပေးနိုင်သေးသည်။ ကျွန်မတို့  ပတ်ဝန်းကျင်မှာ အဲဒီလို ရွက်စိမ်းလေးတွေ ဘယ်လောက်များကြွေခဲ့ပြီလဲ။ ကြွေဦးမှာလဲ။ ရင်ထဲက မေးခွန်းပေါင်းများစွာကတော့ အဖြေမဲ့။
(ရိုးသားတဲ့ဇော်ဇော်တယောက် ကောင်းရာဘုံဘ၀ရောက်ပါစေလို့ )

တန်ခူး
12:19pm 04-Aug-2008

Friday, August 1, 2008

Singapore Garden Festival



မနှစ်ကတည်းက သွားချင်နေတဲ့ Singapore Garden Festival ကို ဒီနှစ်တော့
သောကြာနေ့  ရုံးဆင်းတာနဲ့  မရောက်ရောက်အောင် သွားခဲ့ပါတယ်။ ရုံးပိတ်ရက်ဆို ၀င်ကြေးက နှစ်ဆမို့ ပါ။ ၀ါသနာအရ မီးခြစ်ဆံပုံးအိမ်ခန်းလေးရဲ့ရှေ့  ၀ရန်တာကျဉ်းကျဉ်းလေးမှာ ပန်းပင်လေးတွေ စိုက်တဲ့ ကျွန်မအတွက် သိပ်ကို ကြည်နူးစရာ ကောင်းတဲ့ နေရာလေးပါ။ ဒီနှစ်ကတော့ သစ်ခွဦးစားပေးပုံရပါတယ်။ နေရာ တော်တော်များများမှာ သစ်ခွတွေဝေနေပါတယ်။ သားတဖက်နဲ့ မို့  ပန်းနာမည်တွေကို ဖတ်ကြည့်ဖို့  အခွင့်မရခဲ့ပါဘူး။ ဓာတ်ပုံပြိုင်ပွဲပါ ဖိတ်ခေါ်ထားတာမို့ ဝါသနာရှင်တွေက ဓာတ်ပုံတဖြတ်ဖြတ် ရိုက်လို့ ပါ။ ကျွန်မလဲ တဖြတ်ဖြတ်ပေါ့။ ပြိုင်ပွဲဝင်ဖို့ တော့ မဟုတ်ပါဘူး။ Blogသူငယ်ချင်းတွေနဲ့ ဝေမျှဖို့ ပါ။ အလင်းအမှောင်တွေ နားမလည်တာကြောင့် ကြည့်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါနော်။

ကျွန်မကတော့ သစ်ခွထက် ဒီလို ထူးထူးဆန်းဆန်းပန်းလေးတွေကို ပိုသဘောကျပါတယ်။ ဖန်လုံးလေးထားမှာ အပင်သေးသေးလေးတွေ အမျိုးမျိုးစိုက်ထားတာ ဘယ်လောက်ချစ်စရာကောင်းလိုက် သလဲနော်။

ဒီအန်တီကြီးတွေက သူတို့ ခြံက ထွက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ဂုဏ်ယူစွာ
နဲ့ ပြလို့ ။

NEE ANN POLY ကကျောင်းသားလေးတွေ လက်စွမ်းပြထားတာလေ။ အိုးလေးတခုထဲမှာ အပင်သေးသေးလေးတွေကို လှလှပပစိုက်ထားတာ။ ငှက်ရုပ်လေးတောင် ပါလိုက်သေး။

ကန်စွန်းရွက်ကို ရေမကုန်တဲ့ နည်းနဲ့  စိုက်ပြထားတာ။ မယုံမရှိကြပါနဲ့  အဲဒါ အလယ်တန်းကျောင်းသားလေးတွေရဲ့ လက်ရာအစစ်ပါ။

ဒီမြေမှာကပ်နေတဲ့ ရွက်လှပင်လေးတွေက ထူးဆန်းတဲ့ အဆင်လေးတွေနဲ့ မို့  အိမ်သယ်သွားချင်စိတ်တွေ အတော်ကို ထိန်းခဲ့ရတယ်။

လူရိုင်းတွေခေါင်းပေါ်မှာလဲ သစ်ခွတွေ ဝေေ၀ဆာဆာနဲ့ ။ တခါမှ မမြင်ဘူးတဲ့ သစ်ခွတွေမျိုးတွေလဲ တွေ့ ခဲ့ရတယ်။

ခေတ္တာပန်းရနံ့ လေးက သင်းပျံ့ နဲ့ ကြည်နူးစရာ။

ပြပွဲပတ်ကြည့်ပြီး ဆိုင်တန်းလေးတွေဘက် လျှောက်။ အားလုံးက လိုချင်စရာ။ သစ်ခွကြိုက်တဲ့ မေမေ့အတွက် သစ်ခွပင်လေးတွေ ၀ယ်ပေးချင်ပေမယ့် လူကြုံပေးရတာ အားနာစရာမို့  မ၀ယ်ဖြစ်ခဲ့။ နောက်ဆုံးတော့ လှေကားပုံ သုံးထစ်ပါသည့် ပန်းစင်လေးတခုဝယ်ပြီး ပြန်ဖြစ်ခဲ့သည်။ စိတ်ဝင်စားသူများ ဒီနေ့ နောက်ဆုံးနေ့ မို့  အချိန်မှီပါသေးတယ်။ အသေးစိတ်ကို http://www.singaporegardenfestival.com/ မှာ သွားကြည့်လို့ ရပါတယ်။

တန်ခူး
1:39pm 01-Aug-2008