Thursday, January 29, 2009

လူကြီးလေး


သားက ခုတလော လူကြီး သိပ်လုပ်ချင်လာတယ်။ အရင်က ရင်ခွင်ထဲပွေ့ ပြီး အူဝဲလို့ အော်ပါဦးဆို ကလေးသေးသေးလေးလို အသံလေးညှစ်ပြီး အူဝဲလို့ အော်ပြတတ်တယ်။ ခုတော့ ကျွန်မရော၊ သူ့ အဖေပါ အဲဒီလို လုပ်ခိုင်းရင် သူက မျက်နှာလေးတည်တည်နဲ့  ပြန်ပြောတတ်တယ်။ “သားသားက ကလေးလေး မဟုတ်ဘူး” တဲ့။ ဟိုတနေ့ က သူ့ အကိုဝမ်းကွဲလေးက ကလေး တလပြည့်က ရတဲ့ ချောကလက်လေး လက်ဆောင်ပေးတယ်။ အပေါ်မှာ တလပြည့်တဲ့ ကလေးလေးရဲ့ ဓာတ်ပုံနဲ့ နာမည်လေးပါပါတယ်။ သားက အဲဒီချောကလက်လေးကို မစားဘူး။ သူ့ အဖေက အခွံဖြည်ပြီး သေချာကျွေးတော့ သူက အကြောက်အကန်ငြင်းတယ်။ “အဲဒါကလေးလေးတွေ စားတဲ့ဟာ” တဲ့။ ချောကလက်ပေါ်က ပုံလေးကြည့်ပြီး သူ့ ဘာသာ မှတ်ချက်ချတာကြောင့် ကျွန်မတို့ နှစ်ယောက် ရယ်မိကြပါတယ်။ အရင်က ပိတ်ရက် အိပ်ယာနိုးကာစ အချိန်ရရင် သူ့ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်း ခွခေါင်းအုံးလေးလို ခွ… ပြီးရင် ကလိထိုးဆို သူက သိပ်ပျော်။ ခုတော့… အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် အဲလို ခွရင် သူက “သားသားက ခွမဟုတ်ဘူး” တဲ့။ (သူက ခွခေါင်းအုံးကို ခွလို့ ပဲခေါ်တယ်)။ လူလေးက သေးသေးလေးနဲ့  လူကြီးမလုပ်တတ်လုပ်တတ် လူကြီးလုပ်ချင်နေတဲ့ သူ့ ပုံလေးက အတော်ကို ရယ်စရာကောင်းပါတယ်။

ကျွန်မက ခုထိ စကားမပီသေးတဲ့၊ ကလေးလေးလို စကားပြောနေတုန်းဖြစ်တဲ့ သူ့ ကို စကားပိုတတ်အောင်ဆို သူ့ ထက်ကြီးတဲ့ကလေးတွေနဲ့  ပိုပြီး အနေနီးစပ်အောင် ထားခဲ့ရာက သူရဲ့ လူကြီးဖြစ်ချင်တဲ့ ရောဂါစခဲ့တာပါ။ TVမှာ အရင်က Disney Channel ကိုကြိုက်ရာက အခု Cartoon Networkကို ပိုစိတ်ဝင်စားလာပါပြီ။ Cartoon Networkက Ben 10 ကို အသဲအသန်ကို စွဲလန်းလာပါတယ်။ သူ့ နာမည်ခေါ်ရင်တောင် နာမည်အစား Ben 10 လို့ ခေါ်ခိုင်းတဲ့အထိပါ။ အဲဒီ Ben 10 ဇာတ်ကောင်လေး ၀တ်တဲ့ T-Shirt မှ ၀တ်ချင်လာတယ်။ Ben 10 ဇာတ်ကောင်လေးက လတ်ပတ်ဝတ်ရင် အင်အားရှိတဲ့၊ ပါဝါရှိတဲ့ စက်ရုပ်လို အကောင်မျိုးစုံဖြစ်ဖြစ်သွားတာကို အားကျပြီး ဘယ်သွားသွား သူ့ အဖိုးဝယ်ပေးတဲ့ Ben 10 ကစားစရာ လက်ပတ်နဲ့ မှ။ ခုတော့ သူ့ ကို စည်းကမ်းလုပ်ချင်ရင် Ben 10 နည်းကို သုံးပြီး လုပ်ရပါတယ်။ ကျောင်းသွားပျင်းရင် “ကျောင်းမတက်ရင် Ben 10 မဟုတ်တော့ဘူး” လို့ သာ ပြောလိုက် ငေါက်ကနဲ ထ ကျောင်းသွားဖို့  ပြင်ရော။ ဆေးသောက်ခိုင်းလို့  မသောက်ရင် “ဆေးမသောက်ရင် Ben 10 လို Energy တွေရှိတော့မှာ မဟုတ်ဘူး ” လို့ သာ ပြောလိုက် ခါးတဲ့ဆေးတောင် ဇွတ်မှိတ်မြိုချတော့တာပဲ။ ကျွန်မဖြင့် Ben 10 ကို ကျေးဇူးတင်လိုက်တာ မပြောပါနဲ့ တော့။

ထူးဆန်းတာတွေကို ပိုစိတ်ဝင်စားလာတဲ့ သားက မြန်မာပြည် အလည်သွားတော့ တွေ့ ခဲ့တဲ့ ထူးဆန်းတဲ့အရာတွေကို ဒီပြန်ရောက်တဲ့အထိ ပြောလို့ မဆုံးတော့ပါဘူး။ မန္တလေးတောင်ပေါ်က ခေါင်းတလုံး ကိုယ်နှစ်ခုနဲ့  င်္ခြသေ့ရုပ်ကြီးကို သူ့ အဖေပြောပြထားတဲ့ အတိုင်း မနုသီဟ၊ မနုသီဟနဲ့  ထူးဆန်းအံ့သြနေတာ သူ့ ပန်းချီထဲအထိတောင် ပါလိုက်သေးတယ်။ ရန်ကုန်ရောက်တော့ ကျိုက္ကဆံဘုရားနားက လိပ်ကန်မှာ မင်းသားခေါင်းနဲ့  င်္ခြသေ့ကိုယ်နှစ်ခုလဲတွေ့ ရော ၀မ်းသာအားရ မနုသီဟ ဆိုထအော်ရော။ သူ့ အဒေါ်ကတော့ သားလေးဟိုပြန်ရောက်ရင် ဆရာမကို င်္ခြသေ့ကြီးက ကိုယ်နှစ်ခုရှိတယ်လို့  သွားမပြောနဲ့ နော်… သားကို ဂေါက်သွားပြီထင်လိမ့်မယ်တဲ့… စိုးရိမ်တကြီး မှာရှာတယ်။ မန္တလေး ဘုရားကြီးက ဈေးတန်းကို ပတ်တော့ ကျွန်မက ရုံးကလူတွေ လက်ဆောင်ပေးဖို့  ပစ္စည်းလေးတွေ ၀ယ်နေတုန်း သူတို့ သားအဖနှစ်ယောက်က ဘီလူးခေါင်းကြီးကိုင်ပြီး အနားရောက်လာရော။ နတ်ကနားတွေမှာ ခေါင်းမှာစွတ်ကရတဲ့ ပြောင်ပြောင်လက်လက် ဘီလူးခေါင်းကြီးကို သားက အထူးအဆန်းဖြစ်ပြီး လိုချင်တာကြောင့် သူ့ အဖေကလဲ ၀ယ်ပေးခဲ့တယ်တဲ့။ ကျွန်မကတော့ အ၀င်တော်မှန်းမသိ၊ မတော်မှန်းမသိ စိတ်တွေပူလို့ ။ ပိုက်ဆံပြန်မယူပဲ ရောင်းတဲ့ဆိုင်ကို အလကားပြန်ပေးခဲ့ဆိုတော့ သားက လက်ကမချ။ အစားတွေ ပေါက်ကရစားပြီး ညကျတော့ သားဝမ်းတွေသွားတော့ ကျွန်မမျက်စိထဲ ကားထဲမှာ ကျန်နေတဲ့ ဘီလူးခေါင်းကြီးပဲ ပြေးမြင်တယ်။ လင်မယား ၂ယောက် ရန်တွေဖြစ်ကြရော။ သူကတော့ ကျွန်မကို ခေတ်ပညာတတ်မဟုတ်တဲ့ အတိုင်း ဒီလို အတွေးအခေါ်တွေရှိရမလား ဆို ဆူ။ နောက်ဆုံး ဖေဖေက ကျွန်မစိတ်ရှင်းအောင် အဲဒီညပဲ ဘီလူးခေါင်းကြီးကို လွှင့်ပစ်ပေးပါတယ်။ ရွှေတိဂုံဘုရားပေါ်ရောက်တော့ ခေါင်း ၃လုံးနဲ့  ဆင်ဖြူကြီးကိုလဲ သူပဲ ပေါက်ပေါက်ရှာရှာတွေ့ ပြီး “မေမေ ဆင်ကြီးက ခေါင်း ၃ လုံးနဲ့ ” ဆိုပြီး အထူးအဆန်းပြပါတယ်။ သူ့ အဒေါ်ကလဲ “သားရေ… ဆင်တိုင်း ခေါင်း ၃ လုံး မရှိဘူးနော်… အဲဒါ ဟိုးရှေးရှေးတုန်းက ဒဏ္ဍာရီ ထဲက ဆင်” လို့  ရှင်းပြပေါ့။

ခုမှ မြို့ တွေကို နားလည်လာပြီး ဘယ်မြို့ မှာ ဘယ်အမျိုးရှိတယ်လို့  ကောင်းကောင်း မှတ်မိနေပါပြီ။ စိတ်ကူးပေါက်တိုင်း “မေမေရန်ကုန်သွားရအောင်” လို့ ထထပြောရင် ကျွန်မ အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ များသောအားဖြင့် သူ့ အဖိုးကို လွမ်းနေတတ်လို့  သူ့ အဖိုး ဒီချိန်ဆိုဘာလုပ်နေမလဲလို့  အမြဲမေးတတ်ပါတယ်။ မနှစ်က ကျောင်းအဟောင်းမှာ ကျောင်းကပွဲကို အစမ်းလေ့ကျင့် ကတည်းက ဆရာမက ဒါလုပ်ဆို သူက ဟိုဟာလုပ်… မငြိမ်လွန်းလို့  ဆရာမကို အားနာပြီး ထုတ်လိုက်ပါတော့လို့  ကိုယ်က စပြောရတယ်။ ဒီကျောင်းမှာတော့ လူကြီးလုပ်ချင်တဲ့သူကလေးက အတော်ဟုတ်နေပါပြီ။ ဟိုတနေ့ က တရုတ်နှစ်ကူး သူတို့ အတန်း ဖျော်ဖြေမယ်ဆို သွားအားပေးတော့ ပရိသတ်ဘက်လှည့်ပြီး တရုတ်သီချင်းကို ပြုံးပြုံးလေးဆိုပြနေတဲ့ သူ့ ကို ကြည့်ပြီး ကျွန်မမျက်ရည်ဝိုင်းတဲ့ အထိ ကြည်နူးမိပါတယ်။ ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ဖြူစင်ရိုးသားခြင်းတွေက ဘယ်တော့မှ ပြန်မရနိုင်တဲ့အတွက် သားရယ် လူကြီးလေး မဖြစ်ချင်သေးနဲ့ ဦးဆိုတဲ့ စကားကိုတော့ ရင်ထဲ ကြိတ်မြိုသိပ်မိပါတော့တယ်။

တန်ခူး
12:48pm 29-Jan-2009

Sunday, January 25, 2009

စောင့်နေတယ်မောင်….



(ဒီပုံလေးကို ဒီနေရာက ယူပါတယ်။)

အဲဒီတုန်းက အချစ်နဲ့ နိုးထပြီး အချစ်နဲ့ အိပ်ရာဝင်တတ်တဲ့ အရွယ်။ အချစ်သီချင်းတွေခံစား အချစ်ဝတ္ထုတွေမှာ မျောပါတတ်တဲ့ အရွယ်။ ပန်းကလေး ပွင့်တာ၊ သစ်ရွက်လေး လှုပ်တာ၊ ခန်းစီးစလေး လွင့်တာက အစ ရင်ခုန်သံတွေ ဖြစ်ဖြစ်သွားတတ်တဲ့ အရွယ်။ လွန်ခဲ့တဲ့ ၁၇နှစ်က ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ရင်ခုန်ပွင့်က ကျွန်မရဲ့ ၀တ္ထုတိုလေးပါ။ အိမ်ပြန်တော့ စာအုပ်စင်ကို မွှေနှောက်ရင်း ပြန်တွေ့ ခဲ့လို့  အမှတ်တရ အနေနဲ့  ပြန်တင်ပေးလိုက်ပါတယ်။ တကယ်ချစ်တဲ့သူနဲ့ တွေ့ တဲ့ အခါ အတော် အချိုးပြေသွားတဲ့ ပတ်ဝန်းကျင်က လူပွေလေးတယောက် အကြောင်းကို ချရေးမိခဲ့တာပါ။ ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ ငါရေးတာ အတော်ကို ကလေးဆန်တာပဲလို့  ပြုံးမိပါတယ်။ ကျွန်မရဲ့ လူငယ်ဘ၀က ကလေးဆန်တဲ့ လက်ရာလေး မျှဝေခံစားကြည့်ပါဦး။

************************
မောင်… မောင် သိပ်မှားနေပြီ။

မောင့်ရဲ့ မိန်းခလေး တဦးပေါ် မြင်တဲ့ ခေတ်နောက်ကျလွန်းတဲ့ ဟောင်းနွမ်းတဲ့ အမြင်ကြီးကို ပြုပြင် လိုက်စမ်းပါ။ အားမနာတမ်း ပြောရရင်တော့ မိန်းခလေးတွေရဲ့ အသည်းကို လမ်းခင်းလျှောက်နေသူလို့  နာမည်ကြီးနေတဲ့ မောင့်ပညာတွေ သိပ်နုသေးတယ်…မောင်။

ဘယ်နဲ့ မောင်ရယ်…။ မိန်းခလေး တယောက်ကို သူ့ ရဲ့ ပြင်ပ အမူအရာတင် ကြည့်ပြီး စိတ်ဓာတ်လည်း တထပ်တည်း ဖြစ်မယ်လို့  ခန့် မှန်းရနိုင်မယ်တဲ့လား။ မောင့်ကို ဘယ်သူကများ ဒီအယူအဆကြီးကို နားသွင်းပေးခဲ့လဲ။ အဲဒီယူဆချက်ကြီးဟာ ကျွန်မနဲ့ ကျမှ အလွဲကြီး လွဲသွားတာကိုများ မောင် ယူကျူံးမရ ဖြစ်နေလား။

သိမ်မွေ့ ဖြေးညှင်းစွာ လမ်းလျောက်တတ်သော၊ နူးညံ့သော စကားတွေကိုသာ ဆိုတတ်သော၊ ပန်းပွင့်တွေကို မပန်ရက်နိုင်အောင် ချစ်မြတ်နိုးတတ်သော၊ ရှုပ်ထွေးသော လူအုပ်ကြီးထဲမှာ လမ်းမလျှောက်ရဲသော၊ မြတ်နိုးသော အရာများကို အစွဲလမ်းလွန်သော… ကျွန်မကို မောင်ဟာ သာမာန် မိန်းခလေး တယောက်လို ထင်လိုက်တယ်လေ။ မောင်ဟာ ကျွန်မကို ပျော့ညံ့တဲ့ နှလုံးသားပိုင်ရှင်လို့  တထစ်ချကြီး တွက်ခဲ့တာကိုး။ မောင့်ရဲ့ ကျွန်မမှာ မာနတရားတွေ ရောနှောနေတဲ့ ခပ်မာမာနှလုံးသားတခုကို ပိုင်ဆိုင်ထားတာ မောင်မှ အကဲမခတ်နိုင်ပဲ။

ကျွန်မပိုင်နိုင်စွာ ပြောနိုင်သေးတာ တခုရှိတယ်။ ဒါဟာ ကျွန်မကိုမောင် တကယ် ချစ်မိသွားခဲ့တယ် ဆိုတာ။ မငြင်းနဲ့ မောင်။ ကျွန်မတို့  မိန်းခလေးတွေမှာ မောင်မသိသေးတဲ့ ကျွမ်းကျင်မှုတွေ အများကြီး ရှိနေတယ်။ ကျွန်မလား။ ကျွန်မလဲ မောင့်ကို သိပ်ချစ်ခဲ့တာပဲပေါ့။ မောင်ဟာ ကျွန်မရဲ့ ဦးဆုံးချစ်သူပဲ။ ရူးရူးမူးမူးကို အစွဲလမ်းကြီးစွာ ချစ်တာ။ မောင် မေးဦးမလား။ ဒါဖြင့် ဘာလို့ မောင်ကျောခိုင်းသွားချိန်မှာ မျက်ရည်တစက်မကျခဲ့လဲလို့ ။ ပြောပြီးပါရောလား။ ကျွန်မမှာ မာနနှလုံးသားရှိတယ်လေ။ သစ္စာမဲ့တဲ့ အချစ်တခု အတွက် ကျွန်မ နှမျောတသ လွမ်းနေလဲ အပိုပဲပေါ့မောင်။ မောင်ဟာ သစ္စာတရားကို နားလည်လာတဲ့နေ့  ကျွန်မဆီ ပြန်လာမှာပဲ ဆိုတာ ယုံကြည်နေတယ်လေ။

ရယ်တော့ ရယ်ရတယ်မောင်။ လူတွေဟာ ကိုယ့်ကိုယ်ကို လိမ်နေကြတာကို မသိမသာ နေနေကြတာလေ။ အဲဒီလူတွေထဲမှာ မောင်ဟာ ထိပ်ဆုံးကပဲ။ မိန်းခလေး တယောက်ကို လပိုင်းလောက်သာ တွဲတယ်ဆိုတဲ့ မောင့်ရဲ့ အထင်မကြီးလောက်တဲ့ ဂုဏ်ပုဒ်ကြီးတခုကို ဘာလို့ များ လက်လွှတ် ဆုံးရှုံးရမှာ ကြောက်နေလဲ။ ဘာများ မက်စရာရှိလို့ လဲ။ သူငယ်ချင်းတွေကြားမှာ ရည်းစားများသူလို့  လက်မထောင်နေတဲ့ မောင့်အကျင့်ဆိုးတခုက မောင့်နှလုံးသားကို နှိပ်စက်လိမ့်မယ်။

မောင်…. တခြားသူတွေတုန်းကလို သံယောဇဉ်ကင်းစွာ ကျွန်မကို ပြတ်တောက်လိုက်ပါလား။ ဘာလို့ များ ကျွန်မ မသိအောင် တိတ်တဆိတ် ယူထားတဲ့ ဓာတ်ပုံကို မောင်ပြန်မပေးသလဲ။ ဘာလို့  ကျွန်မရဲ့ မျက်စိနဲ့  မြင်သာတဲ့ နေရာတွေမှာ ကျွန်မ မဟုတ်တဲ့ တခြားမိန်းခလေး တယောက်နဲ့  မြူးတူးပြနေသလဲ။ ဒါဟာ သံယောဇဉ် မကုန်တဲ့ အမူအရာလို့  ကျွန်မယူဆတယ်။ မောင့်အပြုံးတွေ မောင့်အပျော်တွေဟာ ဟန်ဆောင်ထားတဲ့ အတုအပတွေပါလို့  ကျွန်မ စွတ်စွဲတယ်။ မောင် ဘာလို့  သူငယ်ချင်းတွေကြားမှာ အပြုံးတုတွေကို ပင်ပန်းခဲယဉ်းစွာ ဖန်တီးနေလဲ။ သူလဲ သွားတာပါပဲကွာ ဆိုတဲ့ စကားကို ပြောနေချိန်မှာ မောင့်အသံဟာ အနည်းငယ်တော့ တုန်နေရမယ်။ သုံးလဆိုတဲ့ အလွန်တိုတောင်းတဲ့ ကာလလေး တခုမှာပဲ မောင့်အမူအရာ မောင့်လှုပ်ရှားမှု မောင့်ခံစားမှုတွေက်ု တက်နိုင်သမျှ လေ့လာပြီး အကဲခတ်နိုင်အောင် ကြိုးစားခဲ့တယ်။ မောင်ဟာ ကျွန်မထက်စာရင် အကဲခတ်ရလွယ်တဲ့ လူတယောက်ပဲ။ ဘာလို့ လဲဆိုတော့ မောင်ဟန်မဆောင်တတ်ဘူး။

မောင်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ အတွက် အတော်ခံပြင်းမှာပဲနော်။ တစုံတရာ အရိပ်အငွေ့ ကို ကြိုတင်မပြပဲ ရုတ်တရက်ကြီး ကောင်မလေး တယောက်ကို တွဲလာပြီး ဒါတို့ ချစ်သူလေးဆိုပြီး ကျွန်မကို မိတ်ဆက်ပေးတဲ့ မောင့်အမူအရာက သိပ်ကလေးဆန် လွန်းပါတယ်။ မောင် မေ့လွယ်တာလား။ ကျွန်မမောင့်ကို အဖြေပေးခဲ့တဲ့ နေ့ တုန်းကလဲ မောင်က ကျွန်မလက်ကိုတွဲပြီး ကျွန်မထက် အသက်ကြီးမယ့် အမကြီး တယောက်ရှေ့ မှာ ဒါကိုယ့်ချစ်သူလေးလို့  မိတ်ဆက်ပေးခဲ့ဖူးတယ်လေ။ အဲဒီတုန်းက အမကြီးရဲ့ မျက်ဝန်းမှာ မျက်ရည်စို့ နေတာကို တွေ့ မိသေးတယ်။ တယောက်သုံးပြီးသားနည်းကို ထပ်သုံးလိုက်တာဟာ သိပ်ကို ပေါ့လျော့လွန်းပါတယ်။ ဒီနည်းနဲ့ ပဲ နှစ်ခါမိတ်ဆက်ခံရဖူးတဲ့ ကျွန်မကတော့ မောင့်ရဲ့ လှည့်ကွက် နှစ်ခုမှာတင် မောင့်ကို သိပ်သနားသွားမိတယ်။ မောင် သိပ်ကို မတည်မငြိမ်ဖြစ်နေတယ်လေ။ အဲဒီနေ့ က မောင်ဟာ အချစ်ကို တန်ဖိုး မထားတတ်သူ၊ သစ္စာကင်းမဲ့သူဆိုတာ သိလိုက်ရတော့ ရင်ထဲမှာ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမယ့် ကျွန်မမျက်နှာပေါ်မှာတော့ မောင်သိပ်နှစ်သက်တဲ့ အပြုံးတခု ဖုံးအုပ်လို့  ထားတယ်လေ။ ကျွန်မရင်ဘတ်မှာ ထိုးထားတဲ့ ရင်ထိုးသေးသေးလေးဟာ မောင်အမြတ်တနိုး ၀ယ်ပေးထားတာ။ အဲဒီရင်ထိုးလေးကိုပဲ မောင့်ချစ်သူ အသစ်လေးကို လက်ဆောင် ပေးလိုက်တယ်။ မောင့်မျက်နှာ အပျက်ကြီးပျက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ကျွန်မမြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။ မောင်ထင်ထားတဲ့ ပျော့ညံ့တဲ့ အမူအရာတခုမှ ကျွန်မဆီမှာ ငြိစွန်းမနေတာ တွေ့ လိုက်ရတော့ မောင် တော်တော်များ အခံရခက်သွားလားဟင်။

မောင်ရယ်… မောင်က သိပ်စိတ်ပျော့လွန်းတဲ့ မိန်းခလေးလို့  အထင်ကြီးထင်တားခဲ့တဲ့ ကျွန်မစိတ်ဟာ သိပ်ကို မာနေပါရောလား။ “ဝေနုက သိပ်စိတ်ပျော့တဲ့ မိန်းခလေးပါ.. မယုံရင်ကြည့်.. သူငါ့ဆီကို အသနား ခံလာမှာ”… ဆိုတဲ့ စကားတခွန်းကို ဘာကြောင့်များ ကျွန်မဆီ ရောက်အောင်ဆိုတဲ ရည်ရွယ်ချက်နဲ့  မောင်ပြောခဲ့သလဲ။ ဒါဟာ မောင်ဖြစ်စေချင်နေတဲ့ ဆန္ဒတခုလို့  ကျွန်မ ဝေဖန်တယ်။ ဒီစကားကို ကျွန်မပြန်ကြားချိန်မှာ မောင်ဟာ မိန်းခလေး တယောက်ရဲ့ မာနကို ထိပါးတဲ့ စကားတွေမျိုးလဲ သုံးနှုန်းတတ်တဲ့ လူတယောက်ပါလားလို့  အံ့သြမိရုံ အပြင် ဘာခံစားချက်မှ မရှိခဲ့ဘူး။

မောင်သိထားစမ်းပါ။ ခုခေတ်မိန်းခလေးတွေဟာ အချစ်ကို ဘ၀လို့  မသတ်မှတ်ကြတော့ဘူး။ အချစ်တခုထဲနဲ့  ဘ၀ကို မိုက်မဲစွာ ရေစုန်မမျှောတတ်ကြဘူး။ အချစ်ကြောင့် မိန်းမ မာနကို မပျက်ပြားစေကြဘူး။ နှလုံးသားကွဲအက်ခဲ့ဘူးသူတွေကလဲ ဝေဒနာကို လျစ်လျူရှုပြီး ဘ၀ကို မခံချင်စိတ်နဲ့  ရဲရဲကြီး ဆန်တက်ကြတယ် အချစ်ဆိုတဲ့ တခုထဲမှာတင် ဘ၀ကို နှစ်မြုပ် မထားပဲ တိုးတက်မှုကို ရှာကြတယ်။ အချစ်ကို တန်ဖိုးထားပေမယ့် အချစ်ကြောင့်တော့ အောက်ကျမခံဘူး မောင်။ အဲဒီလို မိန်းမမျိုးထဲမှာ ဝေနုပါတယ်။ မောင် စွပ်စွဲပါဦးလား။ မင်းတို့  တကယ် မချစ်တတ်ကြသေးလို့ ပါကွာလို့ ။ ချစ်တတ်တာပေါ့မောင်ရယ်။ ဘယ်သူ တဦးတယောက်ကိုမှ ချစ်မလာနိုင်တော့တဲ့အထိ မောင့်အပေါ်မှာ အချစ်တွေပုံပြီး ချစ်ခဲ့တယ်။ အခုချိန်ထိလဲ ချစ်နေတုန်း။ အနာဂတ်မှာလဲ ချစ်နေဦးမှာ။ ဒါပေမယ့် အဲဒီအချစ်အတွက်နဲ့  တွေဝေတတ်တဲ့ မောင့်အပါးမှာ ၀န်ချတောင်းပန်ဖို့ ဆိုတာ စိတ်ကူးထဲတောင် မထည့်ခဲ့မိဘူး။ ယုံ…မောင်…။ ကျွန်မက မာန အကြီးသား မောင်ရဲ့။

အဖြူရောင်နဲ့ မောင့်ကို ဘယ်သူ့ ကို ပိုချစ်သလဲလို့  မောင်မေးခဲ့တုန်းက ကျွန်မ အဖြေမပေးပဲ ရယ်မောနေခဲ့တယ်နော်။ သက်မဲ့တခု ဖြစ်တဲ့ အဖြူရောင်နဲ့ တောင် အချစ်ပြိုင်နေလို့  မောင့်ကို ကျွန်မ ကျေနပ်ခဲ့ရသေးတယ်။ ကျွန်မကလဲ ကျွန်မပဲလေ။ ကျွန်မရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေ အကုန်လုံးမှာ အဖြူရောင်တွေချည်း နေရာယူထားတာကိုး။ ကျွန်မ အဖြူရောင်ကို အစွဲအလမ်း လွန်ပေမယ့် ခြေညှပ်ဖိနပ်ကိုတော့ အဖြူရောင် မစီခဲ့ဘူး။ ဘာလို့ လဲဆိုတော့ ကျွန်မနှစ်သက်လွန်းတဲ့ အရာကို ခြေထောက်အောက်မှာ မထားချင်လို့ လေ။ မောင်ကတော့ ကျွန်မအကြောင်းပြချက်ကို သဘောကျပြီး ရယ်မောပါလေရော။ ချစ်သူတယောက်ကို ဒီလိုစွဲမြဲစွာ ချစ်နေချင်တာပေါ့ မောင်ရယ်။ မောင့်မှာ သစ္စာတရား တခုသာ ပိုင်ဆိုင်ခဲ့ရင် အသက်ထက်ဆုံး မောင့်လက်ကို မဖြုတ်တမ်း တွဲထားမှာပါ။ မောင်ဟာ လူတယောက်ကို တကယ်ချစ်မိသွားပြီလို့  ၀န်ခံဖို့  ဘာလို့ ဆွံ့ အနေလဲ။ အချစ်ဟာ သတ္တိကို ဖြစ်ပေါ်စေတယ်လေ။ မောင့်ဆီမှာ သတ္တိတွေ ရှိလာနိုင်မှာပါ။ တချိန်ကျတော့ ကျောခိုင်းသွားတဲ့ မောင်ကပဲ ကျွန်မဆီကို ကျွန်မရဲ့ ဖိတ်ခေါ်မှုမရှိပဲ အပြေးရောက်လာမှာ သေချာပါတယ်။ မောင် ကျွန်မအပေါ် ချစ်နေတဲ့ အချစ်တွေ ထုထည်ကြီးမား ပေါက်ကွဲလာမယ့် တနေ့ ။ အဲဒီနေ့ ကို မျှော်နေမိတယ်။

မောင့်စိတ်ဓာတ်တွေ မပြတ်သားတာ၊ မောင့်ဆုံးဖြတ်ချက်တွေ မှားနေတာဟာ မောင့်ရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့်လားလို့  အဆက်အစပ်မရှိ လျှောက်တွေးမိသေးတယ်။ ယောင်္ကျားအချင်းချင်းတောင် ငေးလောက်တဲ့ မောင့်ရုပ်ရည်ကို ကျွန်မသိပ်မနှစ်သက်ဘူး။ ယောင်္ကျားလေး တယောက်မှာ ကြမ်းတမ်းမှု အနည်းငယ်တော့ ရှိရမယ်လေ။ အဆင်ပြေ ချောမွေ့ လွန်းနေတဲ့ မောင့်ရုပ်ကို ကျွန်မ တကယ့်ကို မနှစ်သက်ခဲ့တာ။ ဘာလဲ… မောင်က ကျွန်မကို ညာနေတယ် ထင်လို့ လား။ ကျွန်မမောင့်ကို ချစ်မိသွားတာဟာ ဒီရုပ်ကြောင့်တော့ မဟုတ်ဘူး။ သူ့ ဘာသာ ချစ်ချင်လို့  ချစ်သွားတာ။ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ခိုင်မြဲတဲ့ အချစ်တခုနဲ့ ချစ်သွားတာ။ မောင်နားလည်လား… မောင့်ရုပ်ရည်တခုကြောင့် မောင့်အနားကို ကျွန်မ အရှက်နည်းစွာ ရောက်လာဦးမယ် မထင်နဲ့ ။


မောင်… မပြတ်သားနိုင်ပဲ ပြတ်သားလိုက်တဲ့ ပုံစံနဲ့  မောင်ဟာ ကျွန်မဆီကို ဘာကြောင့် စတင်ဆက်သွယ်ချင်ရတာလဲ။ မောင့်ကိုမောင်ရော ဆန်းစစ်ကြည့်မိရဲ့လား။ ဆက်သွယ်ချင်လဲ ပေါ်ပေါ်ထင်ထင်ပေါ့ မောင်ရယ်။ ယောင်္ကျားပီပီ သတ္တိရှိရှိ ဆက်သွယ်လိုက်ပါလား။ အခုတော့ “ဟယ်လို” ဆိုတဲ့ ကျွန်မအသံလေးကို ကြားချင်ရုံသက်သက်နဲ့  ဘာအသံမှ မတုန့် ပြန်ပဲ ဖုန်းချပစ်တတ်တဲ့ မောင့်အကျင့်ကို ကျွန်မသိနေပြီလေ။ မောင်က မောင်မှန်းမသိအောင် တိတ်တဆိတ်နေလဲ အဲဒီလူဟာ မောင်ပါပဲလို့  ကျွန်မသေသေချာချာ ပြောနိုင်တယ်။ မောင် ကျွန်မနဲ့  နီးကပ်စွာ ရှိနေခဲ့စဉ် အချိန်တွေက ဘာစကားမှ မပြောပဲ တွေဝေနေချိန်ဆို မောင့်အသက်ရှုသံဟာ ပြင်းနေတတ်တယ်။ မောင်ဟာလေ… ကိုယ့်ကိုယ်ကို ဘာလို့ များ ဒီလောက်တောင် ဒုက္ခပေးချင်နေရတာလဲ။ ဒါပေမယ့် ကျွန်မက မောင့်လို အပေါင်းအသင်းတွေ ထဲမှာ ဂုဏ်မယူသင့်တာကို ဂုဏ်ယူပြီး မပြောတတ်ဘူး။ မောင် ဝေနုဆီ ဖုန်းဆက်တာ ၄ ခါရှိပြီးလို့  ပြောမိခဲ့ရင် ဒီစကားဟာ မောင့်ဆီပြန်ရောက်ပြီး မောင်သတ္တိနဲစွာနဲ့  ငြင်းနေဦးမှာ ကျွန်မသိနေတယ်။

မောင်သတိထားမိလား….မောင် ကျွန်မအပေါ်မှာ ကြိုတင်မြင်ထားတဲ့ အမူအရာတွေဟာ ကျွန်မဆီမှာ မရှိပဲ မောင့်ဆီကို ရောက်နေပြီလေ။ ယောင်္ကျားတွေဟာ မိန်းမတွေထက် ထိန်းချူပ်မှု အားနည်းတယ်မောင်ရဲ့။ ကျွန်မတို့  မိန်းခလေးတွေဟာ လူ့ ဘ၀ကို ထိန်းချူပ်မှုတွေနဲ့ အတူ ရောက်ရှိလာခဲ့လို့  တော်ရုံတန်ရုံ ခံစားရတာဆိုရင် အသားကျနေပြီ။ မောင်ဘာလို့ များ အောင့်အည်းထိန်းချူပ်လို့ မရတဲ့ အချစ်ဆိုတာကို ဖုံးဖိနေလဲ။ မောင့်အမူအရာတွေဟာ မောင့်အတွင်းစိတ်ကို ဖွင့်လှစ်ပြလိုက်သလိုပါပဲ။ မောင်ကျွန်မအတန်းရှေ့ မှာ ကျွန်မသိပ်နှစ်သက်တယ်လို့  ပြောခဲ့ဘူးတဲ့ ကုတ်အကျီင်္ ရှည်ရှည်ကြီးကို ၀တ်ပြီး ကျွန်မကို ဂရုမစိုက်သလိုနဲ့  အကြောင်းမရှိ အကြောင်းရှာပြီး ဘာလို့  လာနေရတာလဲ။ တချက်တချက် အလစ်ဖမ်းပြီး ခိုးကြည့်တတ်တဲ့ မောင့်အကြည့်တွေကို ကျွန်မသိသွားရင်တော့ နှုတ်ခမ်းကြီး ဖိကိုက်ပြီး မကျေမနပ် ဖြစ်နေတတ်တယ်လေ။ ဒီအချိန်မှာ ကျွန်မဟာ သူငယ်ချင်းတွေနဲ့  ရယ်စရာတခုကို အလျင်အမြန် ကြံဖန်ရှာပြီး ရယ်ပစ်လိုက်ရတယ်။

ဆေးလိပ်သောက်ကျင့် မရှိတဲ့ မောင်ဟာ သုခိတာ ဆေးပေါ့လိပ်ကြီးကို မကျွမ်းကျင်စွာ
ဖွာရှိုက်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေတာကရော။ မောင့်ရဲ့ မတည်ငြိမ်တဲ့ စိတ်ကို ဆေးလိပ်နဲ့ ဖုံးဖိဖို့  ကြိုးစားနေတာပဲ မဟုတ်လား။ ကျွန်မသိပ်ကြိုက်တဲ့ ရုပ်ရှင်ကားတကား ရုံတင်တာနဲ့  ရုပ်ရှင်လက်မှတ် ၃ စောင်ဟာ ကျွန်မလွယ်အိတ်ထဲ ရောက်ရောက် နေတတ်တာရော မောင့်လက်ချက်ပဲမိုလား။ လွယ်အိတ်ကို ဂရုတစိုက် အသေအချာ မထားတတ်တဲ့ ကျွန်မအကျင့်ကို မောင်သိထားတယ်လေ။ ကျွန်မဆီကို စာတိုက်ကနေ လက်နှိပ်စက်စာလုံးနဲ့  ကဗျာတွေ ရေးပေးနေတာရော။ မောင်ရယ်… ကျွန်မ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေ သိပ်ကြိုက်နှစ်သက်တယ် ဆိုတာ မောင်ကလွဲလို့  ဘယ်သူ့ ကိုမှ မပြောမိသေးဘူး။ ကျောင်းဆင်းချိန် ကျွန်မအိမ်က ကားလာမကြိုမချင်း ဆိုင်ကယ်အသစ်စက်စက်ကြီးကို ပြင်နေသလိုလို၊ သူငယ်ချင်းတွေနဲ့  စကားပြောနေသလိုလို… ဒါမှမဟုတ် ကျောင်းမှာ စာကျက်ကျင့် မရှိတဲ့ မောင်က စာအုပ်တအုပ်ကို သဲကြီးမဲကြီး ဖတ်နေသလိုလိုနဲ့  အလုပ်တွေ ကြံဖန်ရှုပ်နေတတ်တာရော။ မိန်းခလေးတွေကို အထင်သေးတတ်တဲ့… နောက်ပြီး ကိုယ့်ကိုယ်ကိုလဲ အထင်ကြီးလွန်းတဲ့ မောင်ဟာ အခုတော့ ကျွန်မဆိုတဲ့ ဝေနုကို တကယ်ချစ်မိသွားပြီး အကြီးအကျယ် ခံစားနေရပြီ မဟုတ်လား။ စိတ်မကောင်းပါဘူးမောင်ရယ်။ မောင့်ကို အချစ်က ပြုပြင်ပေးသွား ပါလိမ့်မယ်။

မောင် ကောင်မလေးတွေနဲ့  လုံးဝမတွဲတော့ဘူးဆိုတဲ့ သတင်းက ကျွန်မဆီကို မွှေးပျံ့ စွာ ရောက်လာတယ်။ မောင်ရယ်… ဒါနဲ့ များ ကိုယ့်ကိုယ်ကို နှိပ်စက်နေရသေးတယ်။ မောင်ရဲ့ မာနကြီးတဲ့ ချစ်သူဟာ မောင်ရှိရာကို ဘယ်တော့မှ လာမှာမဟုတ်ဘူး။ ကျွန်မဟာ အပြစ်ရှိသူ တယောက်မှ မဟုတ်တာ။ အပြစ်ရှိသူမောင်ကသာ ကျွန်မရှိရာလာပြီး ကျွန်မကို တောင်းပန်ရမှာပေါ့။ ကျွန်မကလဲ မောင့်ရဲ့ တောင်းပန်စကား တခွန်းနှစ်ခွန်းလောက်နဲ့ တင် ကျေအေးလိုက်မှာပါ။ မောင့်နှုတ်က တောင်းပန်စကား ထွက်လာမယ့်နေ့ ကို ကျွန်မစိတ်ရှည်စွာ စောင့်နေပါတယ်။ မလိုတော့ပါဘူး။ ခုပဲကြည့်လေ။ ကျွန်မ ပရယ်တီကယ်လုပ်တာကို အရင်တုန်းကလို ခိုးကြောင်ခိုးဝှက် မဟုတ်ပဲ မျက်တောင်မခတ် ငေးစိုက်ကြည့်နေတဲ့ မောင့်မှာ သတ္တိတွေ ရှိလာပြီလေ။ မောင် ကျွန်မနား ရောက်လာတော့မှာပါ။ ကျွန်မကတော့ မိန်းခလေးတွေ ထားသင့်တဲ့ မာနတခုနဲ့  ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကားတခွန်းကို ပြောဖို့  စောင့်နေပါတယ်…မောင်။

************************
(စာကြွင်း။ ဒီထဲက မောင်က အပြင်က ကျွန်မရဲ့ မောင်မဟုတ်ပါကြောင်း)

တန်ခူး
11:00pm 24-Jan-2009

Tuesday, January 20, 2009

ဘီလူးကို ရှိခိုးကြသူများ

စိန်နားကပ် ပြူးပြူးကြီးတွေနှင့် မိန်းမကြီးနှစ်ယောက် လှပသော အုန်းပွဲ၊ငှက်ပျောပွဲကြီး ကိုင်ပြီး အဲဒီဘက်ထဲ ၀င်သွားသည်။ လက်ကိုင်ဖုန်း ပုဆိုးမှာထိုးထားသည့် ရှပ်အဖြူလက်ရှည်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတယောက်နှင့် ပိုးပုဝါပါးလေး မခို့ တရို့ ပတ်ထားသည့် အမျိုးသမီး လက်ထဲမှာတော့ ပုဝါပါးပါးအသစ်တစုံနဲ့  အဲဒီဘက်ထဲ ၀င်သွားပြန်သည်။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားပြီး ရွှေတွေ ညွှတ်နေအောင် ၀တ်ထားသည့် ပါတိတ်ဝမ်းဆက် အဆင်ကြီးကြီးနှင့် ပုံစံတူ အန်တီကြီးတို့  အုပ်စုလက်ထဲမှာတော့ သာသနာပွဲအပြင် ဦးထုတ်လို စွတ်ရသည့် ဘီလူးခေါင်းလေးပါ ယူလာပြီး အဲဒီဘက်ထဲ ၀င်သွားတော့ သိချင်စိတ် တွေက ပိုလို့ များသွားသည်။

များသောအားဖြင့် ၀င်သွားသူတွေက ဘုရားဆီ အရင်မသွားပဲ အဲဒီဘက်ထဲ ၀င်ဝင်သွားကြတော့ သူတို့ လာတာ ရွှေတိဂုံဘုရားဆီမှ ဟုတ်ပါရဲ့လားလို့  သံသယ၀င်သွားမိသည်။ တချို့ က ဘုရားရှိခိုးပြီးပြီလားတော့ မသိ။ အဲဒီဘက်ထဲက ထွက်လာပြီး သုတ်သုတ် သုတ်သုတ်နဲ့  လှေကားမှ ပြန်ဆင်းသွားကြသည်။ အဲဒီဘက်ထဲမှာ ရှေးဟောင်း တန်ခိုးကြီးဘုရား တဆူဆူများ ရှိနေလျော့သလား။ သေချာတာက ရွှေတိဂုံဘုရားကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးသည့် ကိုယ်မသိသေးသည့် နေရာတခုပါပဲ။

လူတွေ ၀င်လိုက် ထွက်လိုက်နှင့် အတော်စည်ကားနေတော့ နောက်ဆုံးမနေနိုင်။ အဲဒီဘက်ထဲဆီ သွားစပ်စုမိသည်။ ဘုရား…ဘုရား။ အားလုံးက သာသနာပွဲကြီး၊ ပွဲငယ်နှင့် တရိုတသေ ရှိခိုးနေကြသည်မှာ မြတ်စွာ ဘုရားဆင်းတုတော်လဲ မဟုတ်၊ စေတီတဆူလဲ မဟုတ်။ အစွယ်ပြူးပြူးနဲ့  ဘီးလူးရုပ်ထုကြီးပါလား။ ရွှေရောင်တ၀င်းဝင်းနှင့် အလွန်ကြည်ညိုစရာကောင်းလှသော၊ မြန်မာတင်မက ကမ္ဘာက သိအောင် တန်ခိုးကြီးလှသည့် သမိုင်းဝင် ဆံတော်ရှင် လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံစေတီကြီးကို မေ့လျော့ပြီး ဘီလူးကြီးကို ယုံကြည်သက်ဝင် ရှိခိုးနေသူများ ကြည့်ပြီး ဘာစကားဆိုရမှန်း မသိအောင် ရင်ထဲမှာ အတော်ဝမ်းနည်းမိသွားသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေလို့  ဆုတောင်းပေးရုံမှလွဲ၍....။

တန်ခူး
10:50am 20-Jan-2009

Thursday, January 15, 2009

ငွေပေး၍လည်းမရနိုင်…

ညက ပိန်းပိတ်အောင် မှောင်နေသည်။ ပတ်ဝန်းကျင်မှာ ဘာအလင်းရောင်မှ မရှိ။ လမ်းတဘက် တချက်မှာ လယ်ကွင်းတွေပဲ ဖြစ်မည်။ ရွာဆိုလျှင် အလင်းရောင်လေး လူသံလေး ဒါမှမဟုတ် ခွေးဟောင်သံလေးတော့ ကြားရနိုင်သေးသည်။ ခုတော့ ခွေးတကောင် ကြောင်တမြီးမှ မတွေ့ ။ အချိန်က ၈နာရီ ဆိုပေမယ့် အညာဆောင်းက နေအ၀င် အတော်စောသည်။ ပါသွားသည့် GSM ၂ လုံးလုံး ဘာsignal မှ မပြ။ လိုင်းပြတ်သည့်နေရာ မှာမှ ကားက ပျက်သည်။ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်တွေနှင့် ဆိုနေသည့် ဘုရားစာက ဟိုရောက် ဒီရောက်။ ငယ်ငယ်ကဆို သရဲကြောက်မိမှာ။ ခုတော့ သူခိုး၊ ဓားပြကို ပိုကြောက်မိသည်။ ပြီးတော့ မြွေပါး၊ ကင်းပါး။

အဖေက နောက်တခေါက်လောက် တွန်းကြည့်ပါဦးဆိုတော့ မောင်နှင့်  ညီမလေးက ဟောဟဲ၊ဟောဟဲ နှင့် တကြော့တွန်းရပြန်သည်။ ဒိုင်နမိုကြောင်၍ မြစ်သားက ၀ပ်ရှော့ အသေးလေးမှာ သွားပြင်မိကာမှ ဒိုင်နမိုက ဘက်ထရီကို လုံးလုံး charging မလုပ်တော့တဲ့။ အမေက အဖေ့ကို လမ်းကို မြင်အောင် ဓာတ်မီးထိုး၊ ကျွန်မက အိပ်နေတဲ့သားပေါ်က အဖေ့ကို လမ်းပြောရသည်။ ကားအသွားအလာကလဲ ပြတ်လိုက်တာ မပြောပါနဲ့ ။ ဟော… နားထဲမှာ စပီကာသံလိုလို ကြားရသည်။ ဒါဆို ရွာတရွာနဲ့  နီးလာတာပေါ့။ ငယ်ငယ်က ကြီးကြီးပြောပြတတ်တဲ့ သရဲကြောင်းထဲက ကြပ်ဆိုတဲ့ သရဲတွေ အကြောင်း သွားသတိရမိသေးသည်။ ကြပ်တွေက ရွာပုံဖန်ဆင်းပြီး အုံနဲ့ ကျင်းနဲ့  ခြောက်တတ်ကြသည်တဲ့။ မနက်ကျတော့ သင်္ချီုင်းကုန်းကြီးဖြစ်နေရောတဲ့။ ခုဟာကတော့ တကယ့် စပီကာသံစစ်စစ် ဖြစ်နိုင်သည်။ ကားက နဲနဲရွေ့ လာလေ ပိုပို ကျယ်လာလေ။
မောင်နဲ့  ညီမလေးက အမောဆို့ နေပြီ။ အဖေနဲ့  မောင်က နည်းလမ်းလေးရှာ ဟိုနှိုက် ဒီနှိုက် လုပ်ကြည့်ကြပြန်သည်။

“ဟယ်… ဟိုမှာ မီးရောင်လေးတွေ… လူသံတွေလဲ ကြားသလိုပဲ”

ညီမလေးရဲ့ အားတက်သရော ပြောသံကြောင့် အားလုံး ၀မ်းသာအားရ ကြည့်မိကြသည်။ ဟုတ်ပါရဲ့။ လူလေးတွေ တန်းစီလာနေပုံပါပဲ။ လက်ထဲမှာ ဓာတ်မီးလေးတွေလား မှန်အိမ်လေးတွေလား မသိ။ လူတွေကို ထိုင်စောင့်ကြသည်။ နီးလာတော့ ကားလေးနဲနဲတွန်းပေးဖို့  အကူအညီတောင်းရသည်။ ပထမတအုပ်က မိန်းမတွေချည်း။
အလှူအိမ်က အကြိုည တရားနာပြီး ပြန်လာကြတာတဲ့။ မိန်းမတွေဆိုတော့ အားနာလှသည်။ ကျေးဇူးတင်စကားဆိုပြီး နောက်တသုတ် ယောင်္ကျားတွေကို စောင့်ကြသည်။ လူငယ်၊ လူကြီးတွေ စုံလင်စွာနှင့် အလှူအိမ်ထိ အားကြိုးမာန်တက် တွန်းပေးကြသည်။ တွေ့ ပါပြီ။ ခန့် ညားလွန်းသည့် အလှူမဏ္ဍာပ်ကြီး။ မီးစက်ထွန်းထားသည့် မီးရောင်အောက်မှာ ရွှေရောင်တ၀င်းဝင်းနဲ့ ။ အလှူအိမ်ရှေ့ မှာ ကားကို ရပ်လိုက်တာနဲ့  မဏ္ဍာပ်ထဲကလူတွေ ပြာပြာသလဲ ထွက်လာသည်။ ကားတွန်းပေးသူတွေကလဲ ဘာများထပ်လုပ်ပေးရမလဲဆို စိတ်ရှည်လက်ရှည် စောင့်ပေးနေကြသည်။ ခုနက မိသားစုတခုထဲ အားငယ်နေရသည့် ဘ၀က ခုတော့ ဘေးမှာ အားတက်သရော ကူညီသည့် လူအုပ်ကြီးနဲ့ ဆိုတော့ ချက်ချင်း အားတွေ ပြန်တက်လာသည်။

ခေါင်းပေါင်းကြီးနဲ့  အလှူရှင်က အတော့်ကို ဖော်ရွေလွန်းသည်။ မျက်နှာငယ်လေးတွေနဲ့  ကျွန်မတို့ ကို ဘာမှ မစိုးရိမ်ဖို့  အားပေးနေသေးသည်။ ဒီရွာနာမည်က “ရှော်ဖြူ” ဖြစ်ပြီး မြင်းခြံနှင့် ၁၆မိုင် ဝေးသေးသည်တဲ့။ ကြိုးဖုန်းက ၉နာရီထိ သုံးလို့ ရသေးတာမို့ 
အလှူရှင်ကြီးက အဖေ့ပုခုံးဖက်ပြီး ကြိုးဖုန်းဆီ လိုက်ပို့ ပေးသည်။ အဖေမြင်းခြံနှင့် ဖုန်းအဆက်အသွယ် ရပြီး စိတ်ချသွားရမှ ကားတွန်းပေးသူတွေ ပြန်သွားကြသည်။ ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းလိုက်ပါသလဲ။ တာဝန်ကျေရုံ မဟုတ်တဲ့ နှလုံးသားထဲက စေတနာစစ်စစ်တွေ။ တမိသားစုလုံး ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြသည်။ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ကျွန်မကတော့ သားက ပေါင်ပေါ်မှာ အိပ်နေတာမို့  ကားပေါ်က လှမ်းပြီး ကျေးဇူးတင်ကြောင်း ပြောရသည်။
နှလုံးသားဖြူသူတို့ ရဲ့ မီးရောင်လေးတွေက တဖြေးဖြေးနဲ့ ဝေးသွားသည်။ အဲဒါကျွန်မ ချစ်တဲ့ အညာသူ အညာသားတွေပေါ့။

မြင်းခြံမှ ဆွေမျိုးတွေ အလာကို ကားထဲမှာ ထိုင်စောင့်ကြသည်။ အလှူရှင်ကြီးရော ရွာမှ လူကြီးတချို့ ထွက်လာပြီး မဏ္ဍာပ်ထဲမှ ရေနွေးသောက်ရင်း စောင့်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြပေမယ့် အားနာလို့  အဖေနဲ့  မောင်သာ သွားပြီး ကျွန်မတို့ တွေက ကားထဲမှာပဲ စောင့်ကြသည်။ သားကို ညီမလေးပေါ် ခဏတင်ပြီး ကားအပြင်ထွက်တော့ အညာဆောင်းက အရိုးစိမ့်အောင် အေးလှသည်။ ရွာထဲမှာ အလှူအိမ်မှ လွဲပြီး တခြားအိမ်တွေက မီးမှောင်နေသည်။ အလှူအိမ်ကတော့ မီးစက်နှင့် လင်းထိန်နေပြီး စပီကာမှ ဆိုင်းဝိုင်းသံကလဲ မြိုင်မြိုင်ဆိုင်ဆိုင်။ ဆိုင်းနောက်ထတွေရဲ့ ပြက်လုံးကလဲ မြူးစရာ။ အဖေ့ကို လဲလျောင်းနားဖို့  အိပ်ယာအိပ်ခင်း စီစဉ်ပေးတာ တွေ့ ရတော့ လိုလေသေး မရှိအောင် ဖော်ရွေမှုအတွက် အံ့သြရသည်။ အဖေက ကြာကြာမလှဲနိုင်ပဲ ကားကို ထွက်မျှော်လိုက် ပြန်ဝင်သွားလိုက်နှင့်။ သားကတော့ လူကြီးတွေ ဘာဖြစ်လို့  ဖြစ်မှန်းတောင် မသိ အိပ်မောကျနေလေရဲ့။

မှောင်မှောင်မဲနေသော ကားလမ်းမမှာ တခါတခါ ဆိုင်ကယ်လေး တစင်းတလေ ဖြတ်သွားတာက လွဲလို့  ငြိမ်သက်နေသည်။ အလှူ့ ရှင်ကြီးက မုန့် ဆီကြော်ပန်းကန်ကြီးနဲ့  ကားပေါ်က ကျွန်မတို့ ကို ဧည့်ခံတော့ အတော်အားနာမိသည်။ ဒီအချိန်ဆို ဆာနေရောပေါ့တဲ့။ မစားရတာကြာသည့် အညာမုန့် ဆီကြော်လေးက ချိုလိုက်ပါဘိ။ စေတနာတွေ အများကြီးနဲ့ မို့  ပိုချိုသလား ထင်မိတယ်။ မနက်ဖြန် အလှူကြီးနေ့ မှာ ဆိုင်းဝိုင်းနဲ့ ပါ ဖျော်ဖြေမည်တဲ့။ ဒီရာသီမှာ တော်တော်များများ အလှူပေးကြသည်။ လမ်းတလျှောက် အလှူ၎ ၅ ခု ထက်မနဲ တွေ့ ခဲ့ရသည်။ ပုံမှန်အားဖြင့် မီးစက်ပိတ်နားတော့မှာ ဖြစ်ပေမယ့် ကျွန်မတို့ အတွက် မီးစက်ဆက်ဖွင့်ပေးထားပြီး သူတို့ ပါ ဆက်စောင့်ပေးနေတာ သိရတော့ ရင်ထဲမှာ နွေးထွေးလုံခြုံ သွားမိသည်။

၁ နာရီကျော်စောင့်တဲ့အထိ မြင်းခြံက ကားအရိပ်အယောင် မတွေ့ ရတော့ စိတ်တွေက နဲနဲပြန်ပူလာပြန်သည်။ ရွာလူကြီးများကတော့ ဆွဲဖို့ ကား ငှါးချင်လဲ ရွာထဲမှာရှိကြောင်း၊ ဒါမှမဟုတ် ဘက်ထရီပြင်တတ်သူလဲ ရှိကြောင်း အမျိုးမျိုး နည်းလမ်းရှာပေးကြသည်။ တကယ်လို့  ဒီရွာမှာပဲ အိပ်ဖို့  စီစဉ်ချင်လဲ ဘာမှ မပူရကြောင်းအထိ အားပေးကြသည်။ ကျွန်မတို့ မှာ ကျေးဇူးတင်ပြီးရင်း တင်မိရင်းပါ။ ဟော… ကားမီးရောင်တွေ့ ရပြီ။ အချိန်ကလဲ ၁၁ နာရီရှိပြီ။ ဘုရား တရား မ လို့  မြင်းခြံက ကားဖြစ်ပါစေလို့  ဆုတောင်းရသည်။ ဓာတ်မီးရောင်ဖြင့် ပျက်နေသည့်ကားကို မြင်သာအောင် ပြကြသည်။ အမှန်ပါပဲ။ ကားက ကျွန်မတို့ ကားနံဘေးထိုးရပ်သည်။ ကားပေါ်က ဆင်းလာကြတာက ကျွန်မရဲ့ နို့ ညှာဦးလေး၊ အငယ်ဆုံးဦးလေး၊ ကျွန်မ၀မ်းကွဲညီမရဲ့ အမျိုးသား၊ ကျွန်မရဲ့ တ၀မ်းကွဲညီမနှစ်ယောက်။ တအုပ်ကြီးပါ။ အတော်ကို အားရှိဝမ်းသာသွားသည်။ ကျွန်မတို့ အတွက် စောင်တွေ ခေါင်းစွပ်တွေ အနွေးထည်တွေပါ သယ်လာကြသည်။

ကျွန်မဦးလေးတွေနှင့် အဖေ၊ မောင် တို့ က ကားပြင်ဖို့  လုပ်ကြသည်။ သူတို့ ယူလာသည့် ဘက်ထရီက အကြီးကြီးဖြစ်နေတော့ နည်းလမ်းရှာရပြန်သည်။ အလှူမဏ္ဍာပ်ထဲက သူတွေ အကုန်လုံး ကားပြင်တဲ့ နားမှာ ပွဲကြည့်သလို ငုတ်တုတ်လေးတွေ ထိုင်ပြီး ကြည့်နေကြသည်။ ဘက်ထရီအကြီးနဲ့ ဆက်ပြီး နှိုးလို့ ရပေမယ့် ဘက်ထရီအကြီးကို ဘယ်လို ဆက်မလဲ။ အတော် ကြိုးစားကြည့်ကြသည်။ ခက်တာက ကြိုးကလဲ အလုံအလောက်မပါ။ တနာရီလောက် ကြာတဲ့အထိ သိပ်မထူးတော့ ကားကို ဆွဲဖို့ စဉ်းစားကြသည်။ အော်တိုကားဆိုတော့ ဆွဲဖို့  ထင်သလောက် မလွယ်တဲ့။ လူတွေလဲ အတော်ပင်ပန်းနေတော့ ဦးလေး၂ယောက် နေခဲ့ပြီး ဘက်ထရီဆိုက်တူတာ မြင်းခြံပြန်ယူရင်း ဟိုဘက်ကားနဲ့  ကျွန်မတို့ ကို ပြန်ပို့ ဖို့  စီစဉ်ကြသည်။ စေတနာကောင်းမွန် ရိုးသားကူညီတတ်သော နှလုံးဖြူသည့် အလှူ့ ရှင်ကြီးနဲ့ တကွ ရွာသားတွေကို ကျေးဇူးတင်ကြောင်း ရန်ကုန်ရောက်ရင် အိမ်မှာတည်းနိုင်ကြောင်း အထပ်ထပ်ပြောပြီး ချစ်စရာကောင်းသည့် ရှော်ဖြူရွာလေးမှ ထွက်ခဲ့သည်။

မြင်းခြံရောက်တော့ ချမ်းလွန်းသည့် အညာဆောင်းမှာ စောင်ပုံကြီးတွေကြား တချိုးတည်း အိပ်လိုက်တာ မနက်မှနိုးသည်။ ကားက မနက်၅နာရီမှ မြင်းခြံရောက်သည်တဲ့။ ကျန်ခဲ့သည့် ဦးလေး ၂ယောက်ဆီမှ ရှော်ဖြူရွာရဲ့ ချစ်စရာ ဖော်ရွေမှုကို ကြားရပြန်သည်။ အချမ်းပြေအောင် မီးလှုံဖို့  မီးတောင်မွှေးပေးသေးသည်။ ရေနွေးကြမ်း၊ မုန့် ဆီကြော်နဲ့  မီးစက်ကြီး တညလုံးဖွင့်ပေးထားသည်တဲ့။ ကြားရသမျှ ရင်ထဲနွေးထွေး ကြည်နူးမိသည်။ တာဝန်ကျေရုံ သက်သက် မဟုတ်ပဲ နှလုံးသားထဲက လာသည့် အရိုးခံစေတနာ။ ငွေပေးဝယ်ယူလို့  မရတဲ့ ရိုင်းပင်းကူညီမှု။ ရှော်ဖြူရွာရွာသားတွေရဲ့ ကျေးဇူးကို တနေ့ နေ့ မှာ တနည်းနည်းနဲ့  ပြန်ဆပ်ဖို့  တွေးရင်း သူတို့ ရဲ့ စေတနာ၊ မေတ္တာတွေကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင် အပ်ပါတယ်။

တန်ခူး
12:11pm 15-Jan-2009

Monday, January 12, 2009

ပျော်ရာမှ တော်ရာသို့ 

တော်ရာက ပျော်ရာကို သွားခဲ့တဲ့ ခြေလှမ်းတွေ သွက်သလောက်
ပျော်ရာက တော်ရာကို ပြန်ခဲ့တဲ့ ခြေလှမ်းတွေက အရမ်းနှေးကွေးနေတယ်…
သိလိုက်ရတာက ကိုယ်သာ တော်ရာပြန်ရောက်ခဲ့ပြီး စိတ်တွေက ပျော်ရာမှာ ကျန်နေခဲ့တုန်း…
အသွားတုန်းက အပျော်မျက်နှာတွေက အပြန်လမ်းမှာ အလွမ်းမျက်နှာတွေ အဖြစ်ပြောင်း..
သြော်… ချစ်သောသူတွေနဲ့  ချစ်သော အရပ်နဲ့  ကွေကွင်းရခြင်း ဒုက္ခ ဘယ်တော့များမှ လွတ်မြောက်နိုင်ပါ့မလဲ…
အိမ်မဟုတ်တဲ့ အိမ်မှာ ဆယ်စုနှစ်တွေကြာတဲ့အထိ နေသားမကျသေးတာတော့… ကိုယ်ကိုယ်တိုင်က အစွဲအလန်းကြီးလွန်းလို့ လား…
ရုပ်ဝတ္ထုတွေ ချို့ တဲ့တဲ့ အဲဒီနေရာမှာ နွေးထွေးမှုတွေ ချမ်းသာနေတုန်းပါ…
သနားစရာကောင်းအောင် ရောင့်ရဲတတ်ခြင်းကပဲ အကြောင်းရင်းလားလို့  တွေးနေမိတယ်…
ဒါမှမဟုတ် ရောင့်ရဲခြင်းမှာ နေသားကျသွားတာလား…
သူတို့  အိုဘားမားကို စိတ်မ၀င်စားဘူး… သူတို့  economic crisis ကို တွေးမပူဘူး… သူတို့  climate change ကို မကြောက်အားဘူး…
ကိုယ်နေခဲ့ဘူးတယ်… ကိုယ်ပြန်နေကြည့်ခဲ့တယ်… အဲဒီဘ၀ကို… သတင်းနားမထောင်ခဲ့ဘူး… အင်တာနက် မသုံးခဲ့ဘူး… လေနုအေးနဲ့ တောင် အတော်ဝေးနေခဲ့တာသာကြည့်…
အတော်ငြိမ်းချမ်းတာပဲလို့  ဆိုတော့ အမေက ပြောတယ်… ညည်းအိတ်ထဲမှာ သုံးစရာ ပိုက်ဆံရှိနေသ၍ပေါ့တဲ့…
အညာက ဆွေမျိုးတွေ ကြက်သွန်ဈေးကျလို့  စီးပွားရေး မပြေလည်တာတွေ့ တော့ ဘာများလုပ်ပေးနိုင်မလဲလို့  စဉ်းစားရင်းချာချာလည်… ကိုယ့်ကန်တော့ငွေလေးက ဘယ်လောက် အသုံးခံမှာမို့ လဲ…
အစာအိမ်ကင်ဆာဖြစ်တာ ဆေးကုဖို့  ပိုက်ဆံမရှိလို့  အိမ်အသဲအသန် လိုက်ပေါင်နေရတဲ့ လူနာအကြောင်းကြားတော့ ညီမလေးက တဆင့် ဆေးကုသစရိတ်လှူခဲ့တယ်…
လူနာက မျက်ရည်တွေဝဲတဲ့ အထိပျော်နေခဲ့တယ်တဲ့… လူဆင်းရဲဆေးရုံက ညီမလေးက ပြောတယ် ပိုက်ဆံက အသက်တဲ့… ရင်ထဲမှာ ဆို့ နင့်နင့်ကြီး…
မန္တလေးက စားသောက်ဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးသလို တောင်းရမ်းသူတွေ ကြိတ်ကြိတ်တိုးလာတာ အတော်သိသိသာသာ… လဘက်ရည်ဆိုင်တခုမှာ လူတွေ အမှိုက်ပစ်တာတွေကို လိုက်ကောက်ဖို့  ဆိုင်က ခန့် ထားတဲ့ ကလေးရဲ့ လစာကို မေးကြည့်မိတော့ တလ တသောင်းခွဲတဲ့… အဲဒီကလေးက ရှိလှမှ ၁၀နှစ်ပေါ့… ခပ်လှမ်းလှမ်းမှာ တောင်းရမ်းနေသူလေးကလဲ သူနဲ့  မတိမ်းမယိမ်း… မလိုက်သင့်တဲ့ ဖြတ်လမ်း လိုက်မိနေတာများလား…
ပုဂံမှာ ဘုရားသမိုင်းပြောရင်း အသက်မွေးတဲ့ ကလေးတွေ ဘုရားသမိုင်း မပြောလဲ မုန့် ဖိုးတောင်းနေတာ တွေ့ တော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ်…
ဒါပေမယ့်လဲ… သူတို့ ဆီမှာ ငွေနဲ့  ၀ယ်လို့  မရတဲ့ လှိုက်လှဲခြင်းတွေ ရှိတယ်…
သည်းခံခွင့်လွှတ်တတ်တဲ့ မေတ္တာတရားတွေ ရှိတယ်… ကူညီဖေးမတတ်တဲ့ နွေးထွေးခြင်းတွေ ရှိတယ်…
ခံစားချက်တွေနဲ့ လူပီသတဲ့ မျက်နှာတွေကြားထဲမှာ သားက ပျော်နေပုံများ… ပြန်မလိုက်တော့ဘူးတဲ့… ဖိုးဖိုးဖွားဖွားနဲ့  နေခဲ့မယ်တဲ့….
သားနှလုံးသား ပုစိလေးလဲ ခံစားတတ်ရှာတာပဲလေ…
လူတွေ အပေါ်ယုံကြည်စိတ်ချခြင်းတွေက ဘယ်လောက်များခံမလဲ…
စက်ရုပ်မျက်နှာတွေနဲ့  မတော်တဆထိမိတာတောင် သည်းညည်းမခံနိုင်တဲ့ မသိနားမလည်တဲ့ ကလေးကိုတောင် ခွင့်မလွှတ်နိုင်တဲ့ အရပ်က ကိုယ့်အတွက်တော်ရာတဲ့…
ထုံးစံအတိုင်း ကိုယ်က ဘာကို လိုချင်တာလဲ… ကိုယ်က ဘာဖြစ်ချင်တာလဲ… လိုချင်တာတွေရော ရပြီလား… ဖြစ်ချင်တာတွေရော ဖြစ်ခွင့်ရပြီလား… သားကို ခြင်မကိုက် ယင်မနား လေအေးစက်နဲ့  ထားချင်သော်ငြားလဲ သူပျော်ရဲ့လား… သူလိုချင်တာဒါလား… မိဘတွေကို လုပ်ကျွေးပြုစုခြင်းဆိုတာ ငွေတခုထဲလား… ကိုယ် အိပ်မပျော်ဘူး…. ပြီးတော့ လူကလဲ မပျော်ဘူး…

(စာကြွင်း- မပြောမဆိုနဲ့  ပြန်သွားရတာက ပြန်ခါနီးနဲ့ ပြန်မယ့်ရက်တွေမှာ သားရော သူ့ အဖေပါ နေမကောင်းဖြစ်နေတာနဲ့  လုပ်စရာရှိတာတွေ တယောက်ထဲလုပ်ပြီး နှုတ်ဆက်ဖို့ အချိန်မရဖြစ်သွားရတာပါ။ လာလည်နှုတ်ဆက်သူတွေ၊ နှစ်သစ်ဆုတောင်းပေးသူတွေ အားလုံးကို အရမ်းကို ကျေးဇုးတင်ပါတယ်။ အားလုံးကို အရမ်းသတိရလွမ်းနေမိတာ အမှန်ပါပဲ။ ပျော်ရွှင်ငြိမ်းချမ်းဖွယ် နှစ်သစ်ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်နော်။)

တန်ခူး
11:50am 12-Jan-2009