Saturday, August 21, 2010

အချစ်ရိုင်းတို့ အချစ်ဦး


(တချို့ ဓာတ်ပုံများကို အကိုကြီးတစ်ယောက်ရဲ့ facebookမှ ကူးယူပါသည်)

စာမရေးဖြစ်တာ… စာမဖတ်ဖြစ်တာ… ဘလော့နဲ့ ဝေးနေတာ… အတော်ကိုကြာသွားခဲ့ပါပြီ။ အဲဒီဘ၀ကြီးက ခြောက်ကပ်ကပ်နဲ့  ဘာအနှစ်သာရမှမရှိသလို စက်ရုပ်ဆန်လွန်းတယ်။

“ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း…ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း…ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း… လျှောက်ဘို့ အထိ မချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း…ကြည့်ဘို့ အထိ မစိုပြေတော့ဘူး…”

အဲဒီ ခြောက်ကပ်ကပ်နေ့ တွေမှာ သူငယ်ချင်းတယောက်ရဲ့ အီးမေးလ်တစောင်ရခဲ့ပါတယ်။ ရင်ကို ထိလွန်းတဲ့ ကဗျာအရှည်ကြီးနဲ့ ။ အဲဒီကဗျာလဲဖတ်ပြီးရော အမျိုးမတူတဲ့ ခံစားချက်တွေ တပြိုင်နက်ခံစားပြီး လူက လက်ရှိဘ၀ကြီးနဲ့ ဝေးကွာသွားသလို… ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက် ပြန်နုပျိုသွားသလို… နောက်ဆုံးမှာတော့ အလွမ်းတွေကြားထဲ နစ်မြုပ်ရင်း… စက်ရုပ်ဆန်တဲ့ဘ၀က ခဏလွတ်မြောက်သွားခဲ့တယ်။

ကိုသျှားရေ.. တကယ်လို့ များ သြဘာလမ်းလေးများ နင်ပြန်ရခဲ့ရင်
နွေးအေးများနင်ပြန်ရခဲ့ရင်
ချစ်သူတို့ လမ်းလေးများ နင်ပြန်ရခဲ့ရင်
ဝမ်းသရီး စစ်စတင်းများ နင်ပြန်ရခဲ့ရင်
အယ်လ်တူးများ နင်ပြန်ရခဲ့ရင်….
ငါနဲ့ ငါ့လို လွမ်းတတ်သူတွေ… ပြီးတော့ နင့်လို တမ်းတတ်သူတွေကို ဝေမျှပေးဦးနော်….။ စိတ်ထင်တိုင်းသာ လုပ်ခွင့်ရခဲ့ရင် စွယ်တော်ပင်ကြီးအောက်မှာ မှီငေးရင်း မြက်ခြောက်တောကြီး စိမ်းလန်းလာမယ့်တနေ့ ကို ငါစိတ်ရှည်လက်ရှည် ထိုင်စောင့်ချင်မိရဲ့။ ကျောင်းဝန်းထဲက မထွက်တမ်းလေ။

လွမ်းတတ်သူတွေ မျှဝေခံစားဖို့  ကဗျာရေးကောင်းလွန်းတဲ့ သူငယ်ချင်းရဲ့ ကဗျာလေးကို ဝေမျှလိုက်ပါတယ်။ တကယ်လို့  RITမှာ ကျွန်မတို့ နဲ့  နှစ်ကြီးနှစ်ငယ်ဆုံခဲ့သူများ… ဒါမှမဟုတ် တတန်းထဲက သူငယ်ချင်းများကတော့ ဒီကဗျာဆရာကို မေ့လိမ့်ဦးမယ် မဟုတ်ပါဘူး။ ကျောင်းတုန်းက မုန့် ဖိုးလေးနဲ့ ဝယ်ခဲ့ရတဲ့ လက်ရေးကဗျာစာအုပ်ထဲက ကဗျာတပုဒ်ကို ဖတ်ရသလို ရင်ခုန်သံတွေ ပြန်လတ်ဆတ်သွားစေတဲ့ ကျွန်မသူငယ်ချင်း ကိုသျှားရဲ့ကဗျာကို ခံစားကြည့်ပါဦးနော်။

“ရူးအောင်လွမ်းတယ်၊ ဘယ်ဆီ မှန်းဆ.. …
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….”

ရူးအောင်လွမ်းနေခဲ့… လွမ်းနေဆဲ.. လွမ်းနေဦးမယ့်… ကျောင်းကို ချစ်သူတွေအတွက်….။

***********************

အချစ်ရိုင်းတို့ အချစ်ဦး

(၁)



မ၀ံ့ တ၀ံ့
မချင့်မရဲ
ခွဲရတော့မယ် ။

သံယောဇဉ်ချောင်း ၊ ငြိမ့်ညောင်းစီးဆင်း
တွေ့ ဆုံခြင်းအစ
ခွဲခွါရမည့်ကာလအထိ
မသိသလို ၊ သိသလိုပဲ
ခွဲခါခြင်းတစ်ခဏ
ဝေးကွာခြင်းတသသ
ဘ၀အပိုင်းအခြား
လှေကားတစ်ထစ်
ဖြစ်ပြီးမပျက်၊ အမှတ်တရ ။

ဘယ်ကလာလည်း ၊ ဘယ်နယ်ကလည်း
မိတ်ဆုံပွဲမလိုပါ
အညာအကြေ ၊ မြေပြန့် တောင်တန်း
တစ်ဝမ်းတည်းဘွား ၊ တို့ ကျောင်းသားတွေ
သွေးစကားခင်း၊ ရင်းနှီးခင်မင်
သွားလာဝင်ထွက်၊ လက်တွဲဖေးကူ
ဖြူဖြူစင်စင်၊ မြူမတင်ခဲ့
ခင်မင်မှုပရ၀ုဏ်ကို
သံယောဇဉ်နဲ့ လုံခြုံစည်းတား
တကဲ့တစ်သားတည်း
ကွဲပြားတယ်ဆိုတာမရှိ
သိသလိုခင်၊ ခင်သလိုရင်း
ဖြည့်တင်းကူထောက်
ကောက်ကြောင်းမဲ့နှလုံးသားလေးတွေ ။

နေရာတိုင်းမှာ ၊ ကာလနုနု
ပြုစုဆောက်တည်
ငွေချိုးဖြူတို့ တိုင်းပြည်ငယ်
တကယ်ပါ ။

ကျောင်းသွားကျောင်းပြန် ၊ မှန်မှန်ဖြတ်ကူး
အာရ်စီတူးထဲ ၊ ဆူးလှည်းစစ်ကြောင်းခင်း
“ဤကျောင်းဝန်းအတွင်း
လမ်းကြိတ်စက်များမောင်းနှင်ခြင်းမပြုရ”
“ဘေးတိုက်မရပ်ပါနဲ့ ဗျို့ 
လူပျောက် ပျောက်သွားလို့ ပါ”
“ယဉ်ယဉ်လေး………………..ရူးနေတာ”
“အမြှောက်ကြိုက်သလားလို့ ပါ
အဆောင်ရောက်မှ မှန်ပြန်ကြည့်မနေနဲ့ ဦး”
ပိန်ပိန်၀၀ ၊ မြင်သမျှတို့ ထိ
တိတိကျကျ ၊ ဟာသခေတ်ဦး
ဖူးပွင့်ဘူးတယ်ယုံ ။

လှည်းတန်းအပြန် ၊ မိုးပျံတေးသွား
သွားရင်းဟားရင်း၊ ပျော်ရင်းရွှင်နောက်
“ကားခဘယ်လောက်လဲ
အမိုးပေါ်မှာ ဆယ်ယောက် ၊ အတွယ် ငါးယောက်”
ဘာကိုမှ မကြောက်ကြ…
“ခြောက်ယောက် ငါးကျပ် ထားလိုက်ပါဗျာ”
နေပူပူ ၊ မိုးရွာရွာ
ထိုင်ခုံမှာမထိုင်ချင်
ကောင်မလေးတွေတွေ့ ရင် အော်လို့ အော်
“ရှေ့ ကားကိုကျော်မယ်ဆရာ
ဆိုက်ကားက လမ်းတောင်းနေတယ်ဗျို့ ”
နှေးရင်လည်းတစ်ယောက်တစ်ပေါက်
အပျော်ချောင်းပေါက်ခဲ့ရာ
မာလာ ၊ တံတားဖြူ ၊ စွပ်ကျယ်စက် ၊ ခြောက်မိုင်ခွဲ
ရင်ထဲကနေရာလေးတွေ
ရွှေနဲ့ လည်းမလဲချင်
ငွေနဲ့ လည်းမလဲချင်
ဘယ်တော့မှလည်းမခွဲချင် ။

အင်ကြင်းမြေနီလမ်း ၊ စမ်းတ၀ါးဝါး
လျှောက်သွားဆူညံ ၊ သံစဉ်ကင်းမဲ့
အော်ခဲ့ဟစ်ခဲ့ ၊ အတီးမဲ့အဆို
အငိုမဲ့အလွမ်း ၊ တစ်ခန်းပြီးတစ်ခန်း
ဖြတ်သန်းရှတ ၊ တသသပေါ့
တူးတူးကတော့ “ကျောင်းတွေပိတ်ရင်ဝေး” တဲ့
တို့ ကတော့ “ပွေးတွေပျောက်အောင်ကု”
ပြူစုတင်ဆက် ၊ မှတ်မိစေချင်
ညသံစဉ်များ………
“အခန်းနံပါတ် တစ်ဆယ့်ငါးမှာ ဖဲရိုက်နေပါတယ်ဗျို့ ”
“ကျွန်တော်ကို မုန်းသူများ
ဝရန်တာသို့  ထွက်လာကြပါ
သို့ မဟုတ်ပါက ၊ ချစ်သူဟုသတ်မှတ်မည်”
အမိန့် တော်တွေချမှတ်
အမှတ်တရ ၊ ဘ၀ရထား
ရွေ့ လျားစုန်ဆင်း ၊ သမိုင်းဝန်းမှာ
ပန်းခင်းတွေလည်း ဝေဘူးတယ် ။

ဂန္စမာရှေ့  ၊ နေ့ ဖြူလေးတွေ
ဖြန့် ခင်းဝေဆာ ၊ သာယာကြည်နူး
ငှက်ပျော်ပေါင်း ဘူးသီးကြော် ၊ အော်ဟစ်မှာယူ
ပူပူ လောင်လောင် ၊ ကြောင်ကြောင်ကျားကျား
“ခုနက ဒီရှေ့ မှာ ကားတိုက်သွားတာ
လုံးလုံးမသေဘူး……..
ဟုတ်လား
ပြားပြားကြီးသေသွားတာ”
ရယ်စရာ မောစရာ၊ ဟာသဇာတ်ခင်း
ရင်းရင်းနှီးနှီး ၊ ဖြည့်ဆီးစုပေါင်း
ကျောင်းသီချင်းကို ၊ ကဒေါင်းဆိုညည်း
စောင်းအိုတီးခတ် ၊ ထက်အောက်လွင့်ပျံ့ 
“တစ်ခါတစ်ရံမှာ … အိပ်မက်လို
ပင်ညိုညိုရိပ်တွေ…. မြမြက်စိမ်းစိမ်းတွေ”
ဝေးခဲ့ပြီး ပန်းခရမ်းပြာ
ဒါကိုလည်း မေ့မေ့ပျောက်ပျောက်..
တကယ့်မေ့မေ့ပျောက်ပျောက်….။

“ကြက်စင်းကော နှစ်ပွဲ”
“၀က်စင်းကော နှစ်ပွဲ”
တစ်ပွဲ ငါးကျပ် ၊ အိပ်ကပ်စမ်းကြည့်
“ကျားပျံ” သိတယ် ၊ မရှိခဏ
ဝေငှသုံးစွဲ ၊ ရွှင်လည်း လန်းလန်း
ခန်းလည်း ပျော်ပျော် ၊ အဖေါ်တစ်သိုက်
“လိုက်ပွဲ ဒီဘက်က… လိုက်ပွဲ”
“ရေနွေးအိုး… ရေနွေးအိုး”
မရိုးနိုင်သော တောင်းဆိုမှုအားလုံး
ပြုံးပြုံး တုန့် ပြန် ၊ မငြင်းဆန်ခဲ့
ကျားပျံမောင်ကောင်း ၊ အားလုံးရောင်းမလား
ဝယ်… စား… ပစ်… မယ် ။

“အရူးပါဗျို့ ”
“ဟေ့ကောင် ငပေါ”
သြဘာသံတွေ ၊ ဆူဝေပွက်ထ
မတားဆီးကြေး ၊ လေးဘက်လေးတန်
ဝရံတာမှာ ၊ နေရာလပ်မရှိ
အားပေးသူ အပြည့်နဲ့ 
ငါတို့ ရဲ့ သြဘာလမ်းကလေး
ဘာကြေး ညာကြေး
လောင်းကြေးနဲ့ လျှောက်သူများ….
တစ်ပါးသောအရပ်မှ
မျက်နှာစိမ်းဧည့်သည်များ…..
အားမနာနိုင် ၊ တို့ နိုင်ငံလေ
စွယ်တော်မြေမှာ ၊ ဒီလိုပါပဲ
စွဲလန်းမှုက ချစ်စရာ ။

“ငဖဲ”ရှိလား ၊ “ရှမ်းကြီး”ရှိလား
“တရုတ်”ရှိလား ၊ “ကျားကြီး”ရှိလား
ကင်တင်းသွားမယ်
“သားကြီး”တို့ တော့ ၊ “မှန်ကြောင်” ချော့ခေါ်
အဆောင်ထမင်းသော်မှ မစား
အင်းလျားသွားပြီတဲ့…
စည်စည်ကားကား ၊ သွားသွားလာလာ
ဆည်းဆာညနေ ၊ ခြေဆန့် ခရီး
အပြီးမသတ် ၊ တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်၊ မပျက်ကွက်ကြ
သဇင် အင်ကြင်း ၊ ကံ့ကော်နှင်းဆီ
သရဖီ ဂန္စမာ ……
ပြီးတော့
ကန်သာယာ ၊ ရွှေကြယ် ၊ မာလာဝင်း
ထမင်းသုတ် ၊ ပေါ့ကျ ၊ ဖန်ချို ၊ ပုံမှန်
ထုံးစံအတိုင်း၊ လေလှိုင်း ခိုစီး
“ဒီကောင်ကြီးတော့ ကုသိုလ်တွေ ရဦးမှာကွ
သူ့ အမေကို ခဏခဏ ဘုရားလိုက်ပို့ တာ”
“မင်းတို့ မကြားလိုက်ဘူးလား
မုန့် ပုံးတွေ ဈေးတက်သွားပြီ”
အားမနာကြေး ၊ သြဘာပေးခဲ့
ကျန်သေးသူများ ၊ စကားမရှိ
အကြည့်ဂျွမ်းထိုး ၊ မေးထိုးမေ့ ငေါ့
ဆာလာတော့မှ
“လာကြပါဦးဗျို့ 
ဒီနေ့ စားမှာပါဗျို့ 
စပါးပျိုးနေတုန်းလားဗျ”
ရေနွေးအိုးများ ၊ ရထားလွန်းပျံ
ဝေဖန်ပွက်ထ ၊ ခဏကွန်းခို
ကိုကြီးတိုး ၊ ဘိုထီး ၊ ထူးအိမ်သင်
သံစဉ်ရှရှ ၊ တသနွဲ့ ယိမ်း
တိမ်းပါးယစ်မူး ၊ အိပ်မက်ဦးတွေ
ဟုတ်တယ်… ဒါတို့ ရဲ့ အိပ်မက်ဦးတွေ ။

အရှည်ကြီး… ဗျို့ … အရှည်ကြီး
ထပါဦးဗျ….
သန်းကောင်ကို နေ့ မှတ်
ရပ်ကွက်ကိုလည်း အားမနာ
အုတ်ကျင်းမှာ ၊ လှည်းတန်းမှာ
သူရာပွဲခင်း ၊ ငြင်းကြခုန်ကြ
အားမရနိုင် ၊ ယိုင်ထိုးတွဲထူ
မငြူစူခဲ့ ၊ အဖြူထည်များ
ဘုရားလမ်းထဲ ၊ ရဲရဲကျော်ဖြတ်
အဖေါ်မက်….
ဘီပက်နဲ့ လည်း… ဒီထွက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ။

အောက်တစ်နဲ့ အရမ်းကောင်း
အလွမ်းကျောင်း တက်ခဲ့ရသူတွေ…
တစ်ညလုံး တစ်ကိုးကင်းနဲ့ 
ကင်တင်းမှာ အဖြေရှာ
မသေချာရင်နာခဲ့သူတွေ…
အောက်ပြုတ် နဲ့ စွတ်လိုက်
လိုက်ရဲတာလည်းသတ္တိ
ပြေးရဲတာလည်းသတ္တိတဲ့
မချိတင်ကဲပြောလိုပြော….
အော်နာ ဆွဲရင်း အိပ်ပျော်
သင်ပုန်းမှာမော်ကွန်းဝင်
ဝမ်နင်ကို ဂေဇတ်မှတ်
အောင်စာရင်း ကြိုထွက်ခဲ့သူတွေ…
ဘက်စုံတွက်ချက် ၊ အဖြေခက်လည်း
အမှတ်ခြစ်တော့ ၊ ခရက်ဒစ်ဆို
ဘယ်လို ဖြေလိုက်တာလည်းဟင် ။

နံက်လေးနာရီ အရောက်
နောက်ကျသူကို မစောင့်ပါ
ကျောင်းသာကဒ်ယူလာခဲ့ပါ
ခင်မင်မှုယူလာခဲ့ပါ
ပွင့်လင်းမှုယူလာခဲ့ပါ
ပျော်ရွှင်မှုနှင့် ချစ်ခင်မှုမှအပ
မူးယစ်စေတတ်သောအရာများ မမှီဝဲရ
စည်းကမ်းချက်တွေချမှတ်လို့ 
မိသားစု ပစ်ကနစ်ထွက်ခဲ့စဉ်….
“တပင်တိုင် ကပါဗျို့ 
မျောက်က ကပြပါဗျို့ ”
မြို့ မေတ္တာခံယူမဲ့သားလေ
မိတ်ကပ်များနဲ့ ဖွေးဖွေးကြည် ၊ နှုတ်ခမ်းနီက တရဲရဲ
စောင်ကွက်ကျဲကို တောင်ရှည်လုပ်
ခြေထုတ် လက်မြှောက် ၊ ခြောက်ကပ်ကပ် အသံသေးသေးနဲ့ 
“ငွေသောင်ယံမှာ မြူးတူးကြတဲ့ ငွေငန်းရိုင်းတို့  သခင်မ”
ရှာဖွေခက်ခဲစွာ
ဒေ၀စ္ဆရာလား ၊ ပိစိလား ၊ ဂမုန်းလား
မခွဲခြားတတ်တော့
တို့ သူငယ်ချင်းအားလုံး
အလှဆုံးချည်း ဖြစ်နေကြတာကိုး ။

အဆောင်နောက်မှာ
ကားတစ္ဆေ ခြောက်နေပြီ
ဒါ… ပျောက်နေတဲ့ သဲလွန်စပေါ့
ကလပ်(စ)မသိ၊ လက်ဘ်မသိကြ
တစ်ချို့ ဒူးထောက် ၊ တစ်ချို့ ဗိုက်မှောက်
မကြောက်တတ်သူတွေက သစ်ပင်ပေါ်မှာ
ခါချဉ်မကြောက် ၊ ပရွက်နီမကြောက်
မြွေမကြောက် ၊ ကင်းမကြောက်
အကြောက်အလန့် မရှိ
ရှိသမျှခြုံ အကုန်တိုး
ဆွေမေ့ မျိုးမေ့
အဆောင်ထမင်းလွတ်ခဲ့ရတဲ့နေ့ ရက်တွေ ။

ထုံးဖြူရိုးရိုး ဗမာဆေး
ဗမာဆေး ၊ အာမွှေး၊ ဖာလာ
တစ်ယောက် တစ်ယာစီ
ထွေးရင်းနီရဲ
အချင်းချင်းလည်းမှီခဲ့ကြရာ….
ဆင်ဆင် ၊ ဆင်မင်း ၊ နှင်းဆီ ၊ ဂျိုးသိမ်း
အုန်းဆံကြိုးမီး ၊ တို့ ပြီးရှိုက်ဖွာ
ဘတ်စ်ကားစောင့်ခဲ့ကြရာ
ငါတို့ ရဲ့အားကစားမှတ်တိုင်
ထိုင်လိုက် ထလိုက် ၊ သွားလိုက် စောင့်လိုက်
စရိုက်မျိုးစုံ ၊ ယုံကြည်ပေါင်းစပ်
မိုးစက်ပွင့်ခူး ၊ ကြည်နူးဆွတ်ပျံ့ 
ကျောင်းရနံ့ လည်းဝေဘူးတယ် ။

အဆောင်ညရဲ့ ၊ ဂီတသံစဉ်
ချိုလွင်လွင်ပျံ့  ၊ လွမ်းရနံ့ ထုံ
ရင်ခုန်လှုပ်ရှား ၊ ခံစားမျှဝေ
ကြားသိစေလို
“သီဆိုနေမယ် မင်းဘို့ သီချင်းတွေ
တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ”
တစ်ဘ၀လုံးလည်း မင်းအား တမ်းတမျှော်ကာနေ
ရည်ရွယ်လေလည်း ၊ အသေချာခက်
လက်တုန့် ပြန်မှု ၊ အနုအရင့်
တားခွင့်ရစည်း ၊ ကြိုပြီးမသိ
သတ္တိမှ မရှိရဲ ခဲ့တော့
“’ဒီလိုမိုးသည်းထဲမှာ
နှုတ်ဆက်ထွက်ခွါ ရီဝေတဲ့အကြည့်ကို
ပြန်လည်ကာ မြင်ယောင်တိုင်း အသည်းမှာ စူးနစ်ခဲ့” ရသူတွေ
“လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့  မောပန်းနွမ်းနယ်
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဘို့ ” ကြိုးစားနေကြသူတွေမှာ
နွေးထွေးလုံခြုံရာ ၊ အမေ့အိမ်ဆိုတာကို တမ်းတ
ဘ၀စခဲ့ရပြန်ပြီ…..
ဒီနေရာရဲ့ ဒီညမှာ
ကာရန်မဲ့ ရင်ခုန်သံ အသစ်တွေ
နှစ်ချို့ လေလေ ခိုင်မာလေလေ
အလွမ်းည အိပ်မက်ရှည်ပါပဲကွယ် ။

ပါလာချိန်တွေ ၊ နေကုန်သည့်တိုင်
ထိုင်နေမိကြ ၊ ဘ၀ဆိုတာ
တွေးစရာလား ၊ မေ့ချန်ထားခဲ့
အားလုံးအတူတူ……..
အဖြူရောင် ခင်မင်မှုပန်းတစ်ပွင့်
ရင်ဖြင့်ရင်းနှီး ၊ ပွင့်ပြီးမကြွေ
ဝေနေလိုက်တာ….
ရွှေဟင်္သာမှာ လမ်းလျှောက်
ရွှေကြယ်မှာ လဘက်ရည်သောက်
ရွှေအင်ကြင်းမှာ ချောင်းပေါက်
ကောက်ကြောင်းမဲ့ ဘ၀လေးတွေ
ကံတရားဖေးမနေခိုက်
ထိုက်တန်နေလွန်းလိုက်တာ
ကဗျာဆန်တဲ့ အိပ်မက်ရှည်ရယ်….
ဘယ်တော့များမှ ၊ ဘယ်ဘ၀မှာ
တို့ ရှိမှာလည်း ၊ မသိနိုင်ဘူး
ဘယ်သူမှ မသိနိုင်ခဲ့ကြဘူး ။

သမိုင်းဝန်း အင်ကြင်းဆောင်မှာ
ဂမုန်းတို့ အဖွဲ့ ရောက်ပါပြီလားလို့ 
ဘယ်သက္ကရာဇ်များအထိ
စုံစမ်းခွင့်ရှိနိုင်ဦးမှာလည်း….
တချိန်ချိန်ဆို ၊ အိပ်မက်လိုလို
တက္ကသိုလ်မှာ ၊ ဘာတွေကျန်ခဲ့သေးလည်းဟင်လို့ 
ရင်ခုန်သံမှန်တမ်းနဲ့ 
လွမ်းရုံလောက်ပဲ တတ်နိုင်ကြတော့မယ် ။

ဘာပဲဖြစ်ဖြစ် ၊ ခေတ်တခေတ်မှာ
တက္ကသိုလ်ဆိုတာ ၊ ငါတို့ ရဲ့အချစ်ဦး
အချစ်ရိုင်းတို့ အချစ်ဦးအဖြစ်
ကြမ်းရိုင်းနုထွတ်တဲ့ နှလုံးသားတိုင်းမှာ
သမိုင်း တင်ရစ်ခဲ့ပြီ ။

(၂)



ကံတရားရယ်………
ငါတို့ မှာ ဘာအပြစ်များရှိလို့ လည်း ။


အချိန်တန်ပြီ ၊ မြန်လွန်းလိုက်တာ
သာယာနုထွတ် ၊ ပစ္စုပန်တွေ
ပျော်ရွှင်ခြင်းဖွဲ့  ပစ္စုပန်တွေ….
အတိတ်လို့  သတ်မှတ်ကြရတော့မယ့်
နွေးထွေးကြည်သာ ၊ ကြင်နာရွှန်းစို
တက္ကသိုလ်လေ….
တစ်ခါတုန်းက တက္ကသိုလ်လို့ ပဲ
ရင်ထဲ ပဲ့တင် လှိုင်းခတ်တော့မယ်
ချိုမြိန်ဝင်းပ ၊ ရွရွသင်းကြူ
ဘ၀ရဲ့ကာလဖြူတွေ
ေ၀၀ါးဝါး အနာဂတ် အတွက်
ပေးဆပ်စွန့် လွှတ်ကြရတော့မယ်ကွယ် ။

ညတွေကလည်း… အိပ်ဘို့ အထိ မငြိမ်းချမ်းတော့ဘူး
စကားတွေကလည်း ပြောဘို့ အထိ မသိမ်မွေ့ တော့ဘူး
သီချင်းတွေကလည်း ဆိုဘို့ အထိ မချိုမြိန်တော့ဘူး
လမ်းတွေကလည်း လျှောက်ဘို့ အထိမချောမွေ့ တော့ဘူး
မြင်ကွင်းတွေကလည်း ကြည့်ဘို့ အထိ မစိုပြေတော့ဘူး
အတွေးတွေကလည်း လင်းလက်တဲ့အထိ မတောက်ပတော့ဘူး
ပန်းတွေကလည်း လှပတဲ့အထိမပွင့်ကြတော့ဘူး
သစ်ရွက်တွေကလည်း စိမ်းလန်းတဲ့အထိ မဝေဆာတော့ဘူး
လေညှင်းကလည်း အေးမြတဲ့အထိ မတိုက်ခတ်တော့ဘူး
နောက်ဆုံးနေ့ တွေက
တက္ကသိုလ်ရဲ့ မိုးကောင်းကင်မှာ
ပြာစလေးတွေ
လေမှာဝေ့လို့ …
မြက်ခြောက်ပင်တွေ ဆီက လာခဲ့တာ မဟုတ်ဘူး
အရာရာ ရင့်အိုနွမ်းလျ
ညကလည်း တကယ့်ည
သစ္စာတရားမှ အပ
မည်သည်ကိုမျှ အိပ်စက်ခွင့် မပြုခဲ့တဲ့ည ။

စာရေးပါ ဖုန်းဆက်ပါ
ကြုံရင်လည်း ၀င်ခဲ့ပါ
တမင်လည်းလာခဲ့ပါ
လိပ်စာတွေ ထပ်နေအောင်ပေးကြ
ဟာသတွေ ဟန်လုပ်ပြောကြရင်း
ကျောင်းသီချင်းကို ကျောင်းဝန်းထဲမှာ နောက်ဆုံးဆို
အတိတ်ကို အရိပ်လို ရှိစေချင်ရယ့်ကွယ်….. ။

ရင်ထဲဆို့ နင့်
မချင့်မရဲ
ခွဲခဲ့ရပြီ………………။

(၃)



လွမ်းမိတော့မှ
ရှိသမျှအရာ
သတိရစရာချည်းပဲနော် ။

မနေတတ်တာလား ၊ အနေခက်တာလား
မကျေနပ်တာလား ၊ အဖြေတတ်တာလား
ဘ၀ကို အနိုင်နဲ့ ပိုင်းလို့ ရပါသလား……
ဦးအောင်သွားနှင့်တာလား “တက်ထွတ်” ရေ…
အဖြစ်တိုင်း အတွက် အပျက်ကို လက်ခံခဲ့ပေမယ့်
မိုးရေထဲက ကတိသံကြိုးတွေ အတွက်တော့
မင်းနားလည်ခွင့်လွတ် တတ်မှန်းသိလည်း
ငါ… တစ်သက်လုံးရှက်နေရတော့မှာ… ။

ဝေဘူတောင်ခြေမှာ
ငါတို့ ချစ်တဲ့ “ဗလ”
စာရွက်ထဲက အရုပ်ကို
စုတ်တံနဲ့ ဆွဲ ထုတ်တတ်သူရယ့်..
စက်မှုတက္ကသိုလ် မျက်နှာစာ
မဟာတိုင်လုံးကြီးတွေရှေ့ မှာ
ကာရန်မဲ့ ကဗျာတစ်ပုဒ်
မင်းသရုပ်ဖေါ်ခဲ့ဦး။

ရန်ကုန်မှော်ဘီ
ကူးချည် သန်းချည်နဲ့ 
တကဲ့ဘ၀ထဲက လှမင်း
“နှင်းစက်နဲ့ လမ်း” ကိုဆို
သမီးလေးကိုချော့သိပ်လေ…
အိပ်မက်လှလှလေးတွေမက်ပြီးရင်
သွားချင်တာသွား ၊ မှားမသွားကြေး
စွယ်တော်ဝေးလည်း ၊ သွေးချင်းနီးနီး
ငါတို့  တစ်ခရီးတည်းနော် ။

ဟိုး… ကော့ကရိတ်မှာ
ငါတို့ ချစ်တဲ့ ”လောပန်”
အပြန်ခက်တဲ့လမ်းကိုရွေး…
စီးပွားရေးပဲ တွယ်ကပ်လုပ်
ခေါင်းကုတ်နေရပြီလား...
သားကျွေးမှု မယားကျွေးမှုမှာ
သာယာကြည်နူးနေတတ်ခဲ့ပြီလား
ဖုန်းမဆက် သတင်းမကြား
မင်းဘာတွေများလုပ်နေလည်း ။

ကိုကြီးမျိုးရေ
ဖန်ခါးမြေမှာ ၊ ရွှေလသာရင်
အရင်ကလို ၊ ကိုသီဟဆိုင်
ထိုင်ရင်းငေးမော ၊ အတောမသတ်
တောဇာတ်လည်းက ၊ မြိုင်ထလည်းထွက်
အရက်လည်းသောက် ၊ တစ်ယောက်တစ်ပေါက်
ရောက်တတ်ရာရာ ၊ ထင်ရာမြင်ရာ
ဘာရယ်မဟုတ်၊ မရှုပ်မရှင်း
မိုးအလင်း… ငြင်းရအောင် ။

မိထ္တီလာ ကန်တော်အောက်မှာ
ဖါးကောက်ရင်း ငါးမျှား….
ဘ၀မှာ နှစ်လမ်းသွားရှိပါသလား…
တရားရှိသူ အတွက်လည်း တရားရှိခဲ့
တရားမဲ့သူ အတွက်လည်း တရားရှိခဲ့..
မရှိခြင်းနှင့် ၊ ခင်းကျင်းစတင်
သည်ဇာတ်စင်ကို ၊ ပြင်ဆင်ဆက်သွင်း
“၀င်းကို ၊ ခင်သီတာ” ၊ အကြင်နာအိပ်မက်
ညတိုင်းမက်နော် ၊ သားအတွက်လည်း
ထက်ထက်မြက်မြက်
ဓါးတစ်လက်သွေး ပေးခဲ့ဦး။

သဇင် “သားကြီး”၊ ညခရီးသွား
အင်းလျာ်း “သားကြီး”၊ ဘူးသီးကြော်စား
ဂန္စမာ “သားကြီး”၊ ခရီးလမ်းဆုံး
တဖြီးဖြီး တပြုံးပြုံး…
တစ်သက်လုံး လက်တွဲနော်
တစ်ဘ၀လုံးပျော်ဘို့ အတွက်
သစ်ပင်စိုက်ပါ…
အနာဂတ်ကိုလည်း
မင်းတတ်သလိုသာ ဘာသာပြန်လိုက်တော့… ။

ဘောကြီးရေ….
အင်းစိန်မှာ တင်းတိမ်ပါပြီလား..
“သဇင်မင်း” သွားမှာလား
“အရှည်ကြီး” ဆိုင်သွားမှာလား
ငါ လည်း အားပါတယ်…
ဆိုင်မှာပဲ ဒီဇိုင်းတွေ ပြီးအောင်ဆွဲတာပေါ့
အရေးမပါတာတွေ ဆက်လုပ်ရင်း
ကိုယ့်သီချင်းကို ဆိုရအောင် ။

“မှန်ကြောင်” ”အရိုး” ၊ ကိုအောင်မိုးတို့ 
ခိုကိုးရာရှာ ၊ အေးချမ်းပါစ…..
“ကျားကြီး” ”ဘီပီ” ၊ မေခဆီလှမ်း
ထိုညချမ်းများ ၊ လွမ်းအားပါစ…
“ငဖဲ” ”ရှမ်းကြီး” ၊ ၀မ်းမီးဝင်းဝင်း
နေ့ ခင်းရေဖလား ၊ ညကားထမင်းအိုး
ဂျိုးကပ်သပ်ခွာ ၊ ကြည်နူးပါစ…
“ကိုမိုးသူ” “၀င်းကို” ၊ လိုအင်တွက်ချက်
လောကဓါတ်မှာ ၊ နှံ့ စပ်ပါစ…..
“ကုလား” “ကိုနိုင်ဝင်း” ၊ ဗျတ်တသင်းလည်း
တစ်ကိုးကင်းမှ ၊ လွတ်ကင်းပါစ….
“လှိုင်မ” “မြူဟိန်း” ၊ ကဗျာယိမ်းခင်း
ကျောင်းသီချင်းဆို ၊ နုပျိုပါစ….
“အမကြီး” “ဦးစန်းရီ” ၊ တည်ကြည်လေးနက်
ဘ၀ဇာတ်ခုံ ၊ ပြည့်စုံပါစ….
“ဌေးဌေးနိုင်” ရေ၊ “သန်းသန်းဝေ” ကော
လောက ဖတ်စာ၊ ကျေညက်ပါစ…
“ကျားပျံမောင်ကောင်း” ၊ ကွမ်း“ဦးသောင်း” တို့ 
ရောင်းရေးဝယ်တာ ၊ ပြေလည်ပါစ…
“သားကြီး” “အမောင်”၊ သိုးနှစ်ကောင်လည်း
အဖြူရောင်ည ၊ ဆုံခွင့်ရစေ….. ။

မုတ္တမပင်လယ်ကွေ့ မှာ
ရှာသူကိုတွေ့ ပါပြီလား…
ညီမလေး”ပိစိ”ရေ
သံလွင်ရေစီးနေသမျှ
ညည်းမသေစေရဘူး
အစားအသောက်လျှော့ပါ
အအိပ်အနေလျှော့ပါ
ကျန်းမာရေးဂရုစိုက်ပါ
အနာဂတ်မှာ ၊ တို့ ချစ်စရာ
တက္ကသိုလ်ဆိုတာ ရှိတယ် ။

ပင်လယ်အော်ကိုပွေ့ ယူ
ကျောက်ဖြူက “အပုလေးပေ”
ပင်လယ်ဆားငန်ရေလှိုင်း
ဘော်ငွေရောင်မြင်းရိုင်းကို
ကဆုန်ဆိုင်း ခရီးထွက်သူရဲ့
မနက်ဖြန်အတွက်
သတ်မှတ်ရက် ရှိပါပြီလား ။

မြစ်ဝကျွန်းပေါ် ၊ မျှော်ကြည့်ဖမ်းဆုပ်
ဧရာလှိုင်းပုတ်သံတို့ နဲ့ 
ဟင်္သာတ ဆိုတဲ့မြို့ ကလေး…
“ဂမုန်း” တို့  “မစိုး”တို့  မွေးရပ်မြေ…
သူတို့ တစ်တွေ ၊ ဇာတိမြေမှာ
ဧရာဝတီရဲ့ နှင်းဆီနီအတိတ်ကို
မျက်စေ့မှိတ်ဖတ်ကြား
အိပ်မက်တမ်း ကစားနေကြပြီလားကွယ် ။

နေရပ်မသိသူတွေ
ပြောင်းရွှေ့ သွားကြသူတွေအတွက်
မဆုံနိုင်ခြင်းများမှ တစ်ဆင့်
ကျေးဇူးပြု၍ ပို့ ပေးပါလို့ 
လိပ်စာတပ် စာရေး
ဒီလိုနဲ့ ပဲ ဝေးကြရတော့မှာလား ကွယ် ။

(၄)



အိပ်မက်ဆိုလည်း ၊ မစွဲမလန်း
ရှင်ခန်းဖြတ်တောက် ၊ မေ့လောက်သေးရယ့်….
စိတ်ကူးဆိုလည်း ၊ အတွေးထဲထား
စကားမချွေ ၊ နေနေသေးရယ့်…
ပုံပြင်မဟုတ် ၊ သမိုင်းရုပ်စုံ
ရင်ခုန်ဆူပွက် ၊ တစ်သက်မက
အမှတ်ရတယ်….. ။

ဘယ်မှာလည်း
ငါ့ကို သြဘာလမ်းလေး ပြန်ပေး
ငါ့ကို မေတ္တာပေါင်းကူး ပြန်ပေး
ငါ့ကို နွေးအေး ပြန်ပေး
ငါ့ကို ကန်သာယာ ပြန်ပေး
ငါ့ကို ချစ်သူတို့ လမ်းကလေး ပြန်ပေး
ငါ့ကို ဒီဖေါ်တီးနိုင်း ပြန်ပေး
ငါ့ကို သဇင်ဆောင် ပြန်ပေး
ငါ့ကို ဂျီဟော ပြန်ပေး
ငါ့ကို ဦးလေးအောင် ပြန်ပေး
ငါ့ကို ၀မ်းသရီး စစ်စတင်း ပြန်ပေး
ငါ့ကို အယ်လ်တူး ပြန်ပေး
ငါ့ကို သမိုင်းဝန်း ပြန်ပေး
ငါ့ကို အာရ်စီတူး ပြန်ပေး
ငါ့ကို ဘီပီအိုင် မှတ်တိုင် ပြန်ပေး
ငါ့ကို ပစ္စည်းမဲ့ ဂိတ် ပြန်ပေး
ငါ့ကို င့ါကို၊ မငိုပါဘူး
ရူးအောင်လွမ်းတယ်၊ ဘယ်ဆီမှန်းဆ
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….

သတိရလို့ ၊ ခဏအရောက်
အကြည့်ကောက်ကြောင်း ၊ နေရာဟောင်းဆီ
ဦးတည်စုဆုံ…
တို့ ခိုလှုံနွေးထွေးနေကျ
ကျောင်းရှေ့ က မှတ်တိုင်လေး…
မြက်ရိုင်းတောကြားက
ချစ်သူ့ အဆောင်….
ခန်းဆီးမဲ့အခန်းငယ်များ
ဝိညာဉ်မဲ့ အေဘီစီဒီအီးအက်ဖ်ဂျီ…
ခေါင်းလောင်းအက်နေသော ကျောင်းတော်ကြီး…
ကင်တင်း ရုပ်ကြွင်း အစအနများ…
လမ်းမပေါ်ရောက်နေတာမှ
ဘယ်သွားရမှန်းမသိရှာတဲ့
နွမ်းခြောက်ခြောက် ရွက်ဝါလေးတွေ…
အရာရာဟာ အေးစက်နေခဲ့ပါပြီကွယ်…
လွမ်းဆွတ် မောလျနေသူတစ်ယောက်သာ
မြင်မြင်ရာ ကြေကွဲစိတ်နဲ့ 
အတိတ်ကိုအသက်သွင်း…
ကျောင်းသီချင်းကို တိုးတိုးဆို…
မဟာတိုင်မြင့်ကြီးတွေကို တိုင်တည်လို့ …. ။

“စောင့်မျှော် လွမ်းဆွတ်ခြင်းတွေနဲ့ 
မင်းကိုမင်း အဆုံးရှုံးမခံနဲ့ လေ…
ငါလည်း… တစ်ခါက ရယ်မောသံတွေကို ပြန်ကြားချင်စိတ်နဲ့ 
အတိတ်ကို တမ်းမက်နေဆဲပါ…
မဖြစ်နိုင်တာတွေ ၊ မရှိနိုင်တာတွေကိုတောင်မှ
အိပ်မက်အဖြစ်၊ စိတ်ကူးအဖြစ်နဲ့ 
နှစ်သိမ့်ပျော်နိုင်သေးတာ
တည်ရှိသမျှအားလုံးကို လက်ခံလိုက်ပါ…
မြစ်အစင်းစင်းကတော့
မြစ်ကြောင်းကျဉ်းကျဉ်းကို
ရေစီးနက်နက် ထွင်းဖေါက်
ပင်လယ်ဆီရောက်အောင် သွားခဲ့ကြတာပဲ…
သမိုင်းဆိုတာ ရှိတယ်…
ပန်းပွင့်တွေကမှ မလှပစေခဲ့တဲ့သစ်ပင်အတွက်
သစ်ရွက်တွေနဲ့ စိမ်းလန်းခွင့်
မျှော်လင့်ကြရအောင်” တဲ့
ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။ ။

ကိုသျှား

***********************

ကိုသျှားကဗျာကို တန်ခူးက ပြန်လည်ဝေမျှပါသည်။
12:55am 21-Aug-2010

23 comments:

မေငြိမ်း said...

မတန်ခူးတို့လို စိမ်နှစ်ပတ်သက်ခဲ့ရသူတွေမပြောနဲ့
ကျမလို သူ့ရင်ခွင်ထဲ ရှစ်နှစ်တာ နေထိုင်ရင်း ဖြတ်သွားဖြတ်လာပတ်သက်ခဲ့ရသူတောင် ပါပါ ပင်စင်ယူလို့ ကျောင်းဝင်းထဲကနေ ပြောင်းတော့ မျက်ရည်ကျရပါတယ်။ ပြီးတော့ ညညတွေ အိပ်မက် မကြာခဏ မက်တာ ခုချိန်ထိ..။

Anonymous said...

ငါ့ကို.. ပြန်ပေး..
အိုယုတ်စွအဆုံး
ဦးလေးတို့ခေတ်
အမတို့ခေတ်ကနာမည်ဖြစ်တဲ့
အာအိုင်တီပါပြန်ပေး..
ပြန်ပေး..ပြန်ပေး..ခါခါအော်ရင်း
လက်ပန်းပဲကျ ပြန်မရတဲ့အခါ
အလွမ်းတွေကို ရင်ဝယ်ပိုက်
တိတ်တဆိတ်ကြေကွဲရင်း
ငါ..အခါခါတမ်းတမိတယ်
ငါ့တို့ကျောင်းတော်ဆီ ..။

မြက်တွေပေါက်လို့
အသံဆိတ်သုန်း
ဖုန်တွေတက်လို့
အမြင်မလှတော့ပေမဲ့..
ကျောင်းကြီးရဲ့ ခံညားထည်ဝါမှု..
ငါတို့တွေရဲ့ တမ်းတလွမ်းဆွတ်မှုနဲ့..
ငါတို့တွေရဲ့ စိတ်ဓာတ်တွေကိုတော့..
ဘယ်လိုအရာကမှ မဖျက်ဆီးနိုင်ခဲ့ဘူးဆိုတာ
တရုပ်စကားတွေကသင်းပျံနေဆဲဖြစ်တဲ့..
ကျောင်းတော်ကြီးက သိပါတယ်လေ..

မြတ်နိုး

အာအိုင်တီဆိုတာကို အရိုးထဲမှာစွဲနေအောင်
မြတ်နိုးခဲ့တယ်။
အာအိုင်တီကျောင်းသူတယောက်ဖြစ်ခွင့်ရတဲ့အတွက် အမြဲ ဂုဏ်ယူမိတယ်။
ငါတို့ကျောင်းကို ဘယ်လိုဖျက်ဖျက် ငါတို့ရင်ထဲမှာစီးဆင်းနေတဲ့ အာအိုင်တီသွေးတွေကတော့ အမြဲနီရဲနေဆဲ။

အမရာ.. ကျောင်းကို ကျောင်းကို လွမ်းလိုက်တာ..အခုတလော..ကျောင်းအကြောင်းတွေပဲ ဖတ်နေရတော့ ပိုလွမ်းတယ်။

Anonymous said...

Thanks for your post

ချစ်ကြည်အေး said...

ငိုတောင် ငိုချင်သွားတယ် တန်ခူးရယ်...၊ ကျောင်းသားမှန်သမျှရဲ့ ရင်ထဲမှာ ရှိနေမဲ့ မပြတ်နိုင်တဲ့ ကျောင်းသံယောဇဉ်တွေ....၊ ကဗျာအရှည်ကြီး ဒီလောက်ကောင်းကောင်း စပ်နိုင်တာ တော်လိုက်တာ၊ ကိုသျှားရော ပြန်တင်ပေးတဲ့ ညီမတန်ခူးရော ကျေးဇူးပါ....။

Kay said...

ဝင်စား ပြီး လွမ်းသွားတယ်...

သက်ဝေ said...

တန်ခူးရယ်...
နောက်တခေါက် ထပ်မဖတ်ရဲတော့ဘူး...

ငါ့ကို ... ပြန်ပေး
ငါ့ကို ... ပြန်ပေး
ငါ့ကို ... ပြန်ပေး
ငါ့ကို ... ပြန်ပေး
ကျောင်းကြီးနဲ့ ပတ်သက်သမျှ အားလုံး ပြန်ပေးပါလို့ အတူတူ ကူတောင်းသွားပါတယ်...

khin oo may said...

:(

Anonymous said...

i went back 2 wks ago. i went to RIT the way i usually go back whenever i went back to burma. i miss everything very much. the poem makes me very sad. it makes me see RIT the way i used to see when i was at RIT. RIT spirit lives on. i believe , we will revive RIT. RIT will rise up again to its lawful position one day. let's work together to revive RIT someday.

ဇွန်မိုးစက် said...

အစ်မရေ ကဗျာရှည်ကို တခုတ်တရ ပြန်တင်ပေးတာ ကျေးဇူးပါ။ ၀ိုင်အိုင်တီကျောင်းသူ မဖြစ်ခဲ့ပေမယ့် ကျောင်းကြီးကို အလိုလို သံယောဇဉ် ရှိနေခဲ့သူပါ။ ဖတ်ရင်းနဲ့ ကြက်သီးများတောင် ထမိတယ် အစ်မ။

sawphonelu said...

ငါ့ ကို 7/2/2 ပြန်ပေး
ငါ့ ကို 8/1/1 ပြန်ပေး
ငါ့ ကို ဦးဝင်းကြည် ပြန်ပေး
ငါ့ ကို ကိုနီတာ ကြီး ပြန်ပေး
ငါ့ ကို ဝပ်ရှော့ဘေး က မုန်ညင်းခင်းတွေ ပြန်ပေး
ငါ့ ကို AME ပြန်ပေး

လွမ်းတယ်ဗျာ ။

ခွန်မြလှိုင် said...

အဲဒီလိုတွေ လွမ်းနေမှာစိုးလို့ကို ညီမတို့ကို လယ် တော ထဲ ပို့ပစ်လိုက်တာ ထင်ပါ့ရဲ့ အမတန်ခူး ရေ... ဒါပေမယ့် တနေ့မှာ နိုင်ငံတကာက တကူး တက လာကြည့်ရမယ့် ပြတိုက်တွေထဲမှာ ဒီကျောင်း ကြီး ပါတယ်။ ညီမတို့မှာတော့ လွမ်းစရာ မကျန်ဘူး ကျောင်းသားဘ၀... သူပုန်မျိုးဆက် ဆိုပြီး ရုတ်ရုတ် မလုပ်နဲ့ တခုတည်းသော ထွက်လမ်း ရဲ့ ထိပ်တည့်တည့်မှာ ရဲစခန်း ဘေးမှာ သချိုင်းကုန်း... အ၀မှာတင် ပြာဖြစ်အောင် ကိစ္စတုံး ပစ်လိုက်လို့ ရသတဲ့။ နိုင်ငံတော်ရဲ့ စေတနာတွေ...

moe said...

တန်ခူးရေ..ဒီ ပို့စ်ကို FB RIT မှာ tag ပေးပါလားနော်..အားလုံးဝေမျှလွမ်းရတာပေါ့..@ Sawphonelu..ဦးဝင်းကြည်နဲ့ကိုနီတာ..mechanical dept မှာရှိနေတုန်း..လှမ်းခေါ်လိုက်ပါနော်..

Mg Chaint said...

အိပ်မက်ဆိုလည်း ၊ မစွဲမလန်း
ရှင်ခန်းဖြတ်တောက် ၊ မေ့လောက်သေးရယ့်….
. ။

ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။ ။


ဒီနေရာ ရောက်တော့ မျက်ရည်ဝဲမိပါတယ်။ မနှစ်ကလဲ Ethan Aung ရဲ့ youtube နဲ့ အာအိုင်တီဟောင်းတွေအားလုံး မျက်ရည်ဝဲခဲ့တယ်။ ဒီနှစ်မှာလဲ ကိုသျှားရဲ့ နောက်ဆုံးအပိုဒ်က ကျွန်တော်တို့ နှလုံးသားတွေကို ဆွဲညစ်လိုက်ပြန်ပြီပေါ့.. ကျေးဇူးပဲ တန်ခူးရေ....

yehtutaung said...

For me,
It was simply the place where I learned love, joy, sacrifice, sorrow, humility, morality and gratitude.

Anonymous said...

ကဗျာလေးက အရမ်းထိတယ်.. တချိန်ကဘ၀တွေကလွမ်းစရာပဲ.. ပြန်မြင်မိတိုင်းကွာခြားနေတဲ့အခြေအနေတွေက ရင်နာစရာကောင်းလိုက်တာ..

TURN-ON-IDEAS said...

မပိုင်ဆိုင်လိုက်ရတဲ့ ချစ်သောကမ္ဘာ...
အိမ်သားတစ်ယောက်ရဲ့စိတ်ထဲ မျောပါသွားပြီး ခံစားလို့ကောင်းလိုက်တာ...
ကျေးဇူးပါ အစ်မတန်ခူး...

TURN-ON-IDEAS said...

အစ်မတန်ခူးရေ ဒီကဗျာကို သိပ်ကြိုက်လွန်းလို့ အမှတ်တရ သိမ်းချင်တဲ့စိတ်ဖြစ်မိတယ်...

ဒီကျောင်းကြီးနဲ့ပတ်သတ်ပြီး ကျနော်ရေးခဲ့တဲ့ ပို့စ်အတွက် ဒီကဗျာကို သုံးလို့ရနိုင်မလား ခင်ဗျာ...

ကိုသျှားကို ကျနော်မသိလို့ပါ...

ကျနော့်ပို့စ်ပါ

tin min htet said...

မတန်ခူးရေ ကျေးဇူးအထူးပါပဲ။

ကျွန်တော်လည်း ဒီည ကျောင်းနဲ့ပတ်သက်တာ တခုခု တင်နိုင်အောင် ကျိုးစားလိုက်ဦးမယ်။

မောင်အေးဝင်း (ဓါတု- ၁၉၆၉-၁၉၇၆) said...

ဦးချစ် (စက်မှုတက္ကသိုလ်)ကို လွမ်းတယ်။
ဦးချစ် ကို စ, ပြီး ထွက်ပြေးရလို့ မောတာကို လွမ်းတယ်။
ဦးချစ် ရောင်းတဲ့ မုန့်ဟင်းခါးကို လွမ်းတယ်။
ဦးချစ် မြေဖြူခဲနဲ့ရေးထားတဲ့ ဆိုင်းဘုတ်မှာ ချစ် ဘေးက တီး ဖြည့်ရေးရတာကို လွမ်းတယ်။

Moe Cho Thinn said...

မမရေ
၂၅ အောက်တိုဘာမို့ သတိတရ လာပါတယ်။ အကို့ကို ဆုမွန်ကောင်း တောင်းပါကြောင်း၊ ပျော်ရွှင် ချမ်းမြေ့စွာ မိသားစု သက်ဆုံးတိုင် အောင်မြင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ် လို့..

အိမ့်ချမ်းမြေ့ said...

မ...

အရမ်းပျောက်နေတယ်နော်..

မြတ်ကြည် said...

အစ်မရေ

ညီမ ဘလော့လေး ပထမဆုံး စမ်းလုပ်ကြည့်ထား တာ ဝင်ကြည့်ပြီး အကြံပေးပေးပါနော်။

မြတ်ကြည်

မြတ်ကြည် said...

thanakhargirl.blogspot.com