Friday, January 28, 2011

ကောင်မလေးဖတ်ဖို့ …

ကောင်မလေးရေ…
အချစ်ဆိုတာမင်းဘယ်လိုနားလည်သလဲ
အနောက်တိုင်းပေတံနဲ့ တိုင်းပြီး
ခပ်ရိုင်းရိုင်းတော့မကြားချင်ဘူးကွယ်…။

ကောင်မလေးရေ…
ထိလွယ်ရှလွယ်နှလုံးသားနဲ့ 
အနုပညာသမားမို့ ပါလို့ 
စကားလုံးလှလှလေးတွေသုံး
ဖုန်းကွယ်လိုက်တဲ့အခါ
မင်းလေးစားတဲ့အနုပညာသမားတွေ
ဖောက်ပြန်တတ်ကြသလား
စဉ်းစဉ်းစားစားပြောကွယ်…။

ကောင်မလေးရေ…
ဒေါ်လာနဲ့ စပွန်ဆာကြား
မှုန်မှုန်ဝါးဝါးသာကျန်တဲ့
မိန်းမတန်ဖိုးဆိုတာ
ပုခုံးလေးတွန့် ရယ်ပစ်လိုက်ရုံနဲ့ 
အဝေးကိုလွင့်စင်သွားနိုင်သလား
မင်းခြေဖ၀ါးအောက်က
ကိုယ်ကျင့်သိက္ခာတွေရဲ့
ညည်းညူသံ
နားထောင်ကြည့်ဦးကွယ်…။

ကောင်မလေးရေ…
ရင်ဘတ်ခြင်းတူသူမို့ 
သံယောဇဉ်ဘာသာစကားတွေကြား
တံတိုင်းတွေမခြားဘူးတဲ့လား
မျက်လုံးတွေအတင်းမှိတ်မထားနဲ့ 
ရှေ့ တည့်တည့်မှာ
မင်းအရှင်လတ်လတ်မြေမြှပ်ထားတဲ့
တစုံမကတဲ့နှလုံးသားတွေ…
စကားမစပ်…
ဝဋ်လည်တတ်တယ်ဆိုတာ
မေ့ မထားနဲ့ ဦးကွယ်…။

ကောင်မလေးရေ…
လက်တို့ ပြီးသတိပေးပါရစေ
မင်းယုံယုံကြည်ကြည်ထိုင်တော့မယ်ခုံက
ခြေထောက်သုံးချောင်းနဲ့ 
ပြိုယိုင်လဲများသွားခဲ့ရင်
အဲဒါဟာဘ၀…မင်းရဲ့ဘ၀နော်
တခြားတယောက်က
ဖုတ်ဖက်ခါသွားတဲ့အခါမှ
ကိုယ်ချင်းစာတရားမထားမိစေနဲ့ 
သိပ်နောက်ကျနေလိမ့်မယ်ကွယ်…။

ကောင်မလေးရေ…
ဒီကဗျာကိုဖတ်
တို့ စေတနာတွေ နားလည်တတ်ပါစေ
ရှေ့ မှာ ချောက်ရှိနေတာသိတဲ့အခါ
နောက်ဆုတ်တတ်ဖို့ အင်အားတွေရှိပါစေ
တို့ လဲမိန်းမ… မင်းလဲမိန်းမ… ပြီးတော့ သူလဲမိန်းမ
ခံစားချက်တွေ ထပ်တူကျ
အားလုံးပျော်ရွင်ရပါစေ…
အ၀တ်စုတ်လို ပုတ်အိနံဟောင်
အရောင်မဲမဲ…အဲဒီ… ခံစားချက်သရဲတွေကို
အချစ်လို့ များ ထင်ယောင်မမှားမိစေနဲ့ 
တချိန်မှာ…
ဖြူစင်သန့် ရှင်းမွေးပျံ့ ကြိုင်သင်းတဲ့
ချစ်ခြင်းစစ်စစ်တွေ မင်းဆီရောက်လာဦးမယ်ဆိုတာ
တို့ အတတ်သိနေလို့ ပါကွယ်…။

(ခုတလော… မြန်မာပြည်ကရော... ဒီကပါ ကြားကြားနေရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့ မိန်းခလေးတွေ ဒီကဗျာလေးများအမှတ်တမဲ့ ဖတ်မိလို့  နစ်တော့မယ့်သူတို့ ဘ၀တွေအတွက် ကောက်ရိုးတမျှင်ဖြစ်ခဲ့ရင် မိန်းမတယောက်ဖြစ်တဲ့ကျွန်မပျော်ရွှင်ကျေနပ်မိမှာပါ)

တန်ခူး
4:53pm, 28-Jan-2011

11 comments:

မောင်မျိုး said...

ကောင်မလေး ထိုင်မယ့် ခုံ ခြေလေးချောင်းနဲ့ မြဲမြံတဲ့ ခုံကလေးများဖြစ်ပါစေဗျာ ။

Anonymous said...

တချို့လူတွေက ပြုပြင်ပြောင်းလဲလို့ရနိုင်တယ်
တချို့ကတော့ဆေးမမှီနိုင်တော့ဘူး

မြန်မာမိန်းကလေးတယောက်အတွက် ဘယ်အရာက မိမိဘဝအတွက် တန်ဖိုးထားသင့်တယ်ဆိုတာ မေ့လျော့နေကြတဲ့နောက်...........

sonata-cantata said...

ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ ကောင်မလေးတွေကို လေနုအေးလေး တိုက်လိုက်သလိုပါပဲ

rose of sharon said...

စေတနာကဗျာလေး ဖတ်သွားတယ် :)

အိမ့်ချမ်းမြေ့ said...

မရေ...

ကဗျာကောင်းကလေးကို လာဖတ်သွားပါတယ်။

တစ်ခါတစ်ခါ အခုလို ပေါ်လာပါဦးနော်..

အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။

Anonymous said...

ပျောက်လိုက်တာ တန်ခူးရယ်။ သတိရနေတာ။
ရေးပါဦး မအားလို့များလား။
အမခင်မင်းဇော်

မေဓာဝီ said...

ကြိုးတန်းပေါ်က ကောင်မလေးတွေ ဒီကဗျာလေး ဖတ်ဖြစ်ပါစေ ...
မတန်ခူး စာမရေးတာ ဘယ်လောက်ကြာကြာ ပြန်ရေးတော့လဲ ရင်ထဲထိအောင် ကောင်းနေတာပဲ ...

သိပ်မပျောက်ပါနဲ့ မ-ရယ် ... စာဖတ်သူတွေအတွက် မကြာမကြာ လေနုအေးလေး တနွဲ့နွဲ့ နော့ပေးပါအုံး ...

Anonymous said...

"မင်းယုံယုံကြည်ကြည်ထိုင်တော့မယ်ခုံက
ခြေထောက်သုံးချောင်းနဲ့ 
ပြိုယိုင်လဲများသွားခဲ့ရင်
အဲဒါဟာဘ၀…မင်းရဲ့ဘ၀နော်"
ဒီစာသားလေးကို
ကြိုက်လို့ပါ..။


ပေါက်

သစ်နက်ဆူး said...

မတန်ခူးရေ
ကဗျာလေးလာဖတ်ပါတယ်..ကဗျာကိုကြိုက်တယ်ဗျာ..
အတွေးအခေါ်လေးတခုလောက် ၊အသိလေးတခုလောက်ရသွားစေချင်တဲ့ စေတနာကို သိပေမယ့်..
မတန်ခူးရေ..
ဗီဇ စရိုက်ကိုက ပါလာတာဆိုတော့....
မောတာဘဲ အဖတ်တင်ခဲ့ဘူးတယ်..။
..
စာပြန်ရေးတာတွေ့ ရလို့ ဝမ်းသာပါတယ်
ကျနော့်ဆီလဲ လာလည်ပါဦး

uo said...

အရမ်းကြိုက်တယ် ကဗျာလေး
သူငယ်ချင်းတွေကို share ဖို့ကူးခွင့်ပြုပါ

uo said...
This comment has been removed by the author.