Wednesday, June 4, 2008

ကျွန်မ သို့ မဟုတ် ပြည်သူ ချစ်သော မင်းသား

ဆယ်ကျော်သက် အရွယ်တုန်းက သူကအိပ်မက်ထဲမှာ စိုးမိုးသူ။ နူးညံ့တဲ့ အကြည့်လေးတချက်၊ နှုတ်ခမ်းလေးရွဲ့ ပြုံးတတ်တဲ့ အပြုံးလေးတခု၊ တခါတခါမပီတဲ့ စကားသံလေးတွေနဲ့  ဆွဲဆောင်မှုရှိလှတဲ့ မင်းသားမို့ ကျွန်မတို့ ခေတ်မှာ အတော်ရေပန်းစားခဲ့သူ။ အထက်တန်းကျောင်းသူဘ၀ကတည်းက ကျွန်မသူငယ်ချင်းတော်တော်များများမှာ သူ့ ဓာတ်ပုံရှိကြသည်။ တချို့ ကသူ့ ဓာတ်ပုံရှေ့ ချပြီး စာကျက်မှခေါင်းထဲရောက်သည်တဲ့။ RITတုန်းက ကျွန်မသူငယ်ချင်းကတော့ သဇင်ဆောင်နား သူရုပ်ရှင်လာရိုက်တာ သွားကြည့်ပြီး ၃ရက်လောက် စာကျက်မရအောင် ရင်ခုန်နေခဲ့သည်တဲ့။

ကျွန်မကတော့ သူ့ ရုပ်ရှင်တော်တော်များများကို အိမ်မှလစ်၊ ကျောင်းမှလစ်ပြီး မလွတ်တမ်း အားပေးခဲ့သူ။ နာမည်ပျက်ရှိခဲ့ဖူးသော ကောင်မလေးကိုချစ်တာကတဘက် ပတ်ဝန်းကျင်ကတဘက် ဗျာများရသော အင်ဂျင်နီယာပေါက်စလေးအဖြစ် သရုပ်ဆောင်ခဲ့သော “အစဉ်သဖြင့်”၊ တအိမ်ထဲနေကောင်မလေးနဲ့  တကျက်ကျက်ရန်ဖြစ် ခပ်မြူးမြူး သရုပ်ဆောင်ခဲ့သော “မုန်းရခက်ကြီး” ၊ ပကာသနတွေကြားထဲက ချစ်သူကို ဆွဲခေါ်ထုတ်လာခဲ့သော ဂီတပညာရှင်အဖြစ် သရုပ်ဆောင်ခဲ့သော “အရိုင်းစံပယ်”၊ တဘက်သတ်ချစ်သူနဲ့  ကိုယ့်ချစ်သူကြား ဗျာများရသော “ကိုကိုဘာလို့ မုန်းတာလဲ” ၊ မမကို အချစ်ကြီးလွန်းတဲ့ကောင်လေး အဖြစ် သရုပ်ဆောင်ခဲ့သော “ကောင်းချစ်တဲ့မမ”…..ဒီကားတွေအားလုံးက ဒီနေ့ ထက်ထိ နှလုံးသားမှာ စွဲထင်ဆဲ။ ဘယ်မင်းသားကို အကြိုက်ဆုံးလဲလို့  တစုံတယောက်က မေးလာခဲ့ရင် “ကျော်သူ”လို့  မဆိုင်းမတွပြောတတ်သည်။

ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သောသူ့ မှာ လူကြီး၊ လူငယ် အရွယ်စုံ ပရိသတ်ရှိသည်။ သံယောဇဉ်ကြီးလှတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ရင်နင့်ဖွယ် မူးယစ်ပညာပေးကား”ဒိုး”ထဲက မျှော်ခဲ့ရတဲ့ အကယ်ဒမီက “တပြည်သူမရွှေထား”ကျမှ မျှော်ရကျိုးနပ်တော့သည်။ American Idolလိုသာ ပရိသတ် ကိုယ်တိုင်ရွေးချယ်ခွင့် ရသော အကယ်ဒမီဆိုလျှင် သူ့ မှာထားစရာနေရာပင် မရှိလောက်အောင် အကယ်ဒမီတွေ တပွေ့ တပိုက်ဖြစ်မှာ သေချာသည်။ ဒါရိုက်တာဆရာကြီးဦးသုခရိုက်ကူး၍ မင်းသားကြီးဇော်လင်း၏သားနေရာက သရုပ်ဆောင်ခဲ့သော ရုပ်မြင်သံကြားဇာတ်လမ်းမှာ ကြည့်မိတိုင်း မျက်ရည်လည်အောင် ပီပြင်လွန်းလှသည်။

သူသည် ဆရာကောင်းကို ဆည်းကပ်ခဲ့သည်။ ဆရာကောင်းစကားကို မြေ၀ယ်မကျ နာယူခဲ့သည်။ ဆရာကောင်း၏ လမ်းညွှန်မှုအတိုင်း ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့သည်။ ကျွန်မ သံယောဇဉ်ကြီးနှစ်သက်ခဲ့သောမင်းသား၏ မြင့်မြတ်သော ပေးဆပ်မှုတွေက အံ့သြစရာကောင်းအောင် ကြီးမြတ်ခဲ့သည်။ သူ့ ပရိသတ်တယောက်အနေနှင့် သူ့ အနုပညာသက်သက်သာ ချစ်မြတ်နိုးခဲ့ပြီး သူ့ ဆီကဘာကိုမှ မမျှော်ကိုးမိခဲ့။ မျက်ဝါးထင်ထင် မြင်တွေ့ ရသောအခါ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားမိသည်။ မျက်ရည်ရစ်ဝဲရသည်ထိ ကြည်နူးမိသည်။

တော်ရုံလူ မပေးဆပ်ရဲသော ပေးဆပ်မှုတွေ။ ကျပ်တည်းနေသောခေတ်ကြီးမှာ အခမဲ့ ဆေးခန်း၊ အခမဲ့ဆေးရုံ၊ အခမဲ့နာရေးကူညီမှု။ သူက ငွေကြေးသန်းပေါင်းများစွာ မချမ်းသာပါ။ စေတနာကတော့  သန်းပေါင်းများစွာမက။ သူ အခေါင်းကိုယ်တိုင်ရိုက်လျှင် နာရေးကားကိုယ်တိုင် မောင်းဖို့ အဆင်သင့်ဖြစ်နေသည့် တွဲလက်ညီသောဇနီးချောရှိသည်။ သူက ဒုက္ခသည်တွေဆီ အခက်အခဲများစွာ ကျော်ဖြတ်သွားရောက် ကူညီချိန်မှာ သူ့ ဇနီးကလဲ တဖ၀ါးမခွာ။ ပေါ်ပြူလာဖြစ်ဖို့ သက်သက် အပေါ်ယံလေးနှမ်းဖြူးတတ်သော တချို့ မင်းသား၊မင်းသမီးတွေနဲ့ တော့ မိုးနဲ့ မြေ။

တကယ်တော့ သူက ဘ၀ အဓိပ္ပါယ်စစ်စစ်ကို ရှာဖွေတွေ့ ရှိသွားသူ။ ရခဲလှတဲ့လူ့ ဘ၀ကို လေးလေးနက်နက် အသုံးချတတ်သူ။ လှပမြင့်မြတ်တဲ့ သူ့ သမိုင်းကို သူကိုယ်တိုင် ရေးဖွဲ့ တတ်သူ။ ယုံကြည်ရာကို ရဲရဲရင့်ရင့်လျှောက်လှမ်းတတ်သူ။ ကျွန်မဆယ်ကျော်သက် အရွယ်ထဲက စွဲလန်းခဲ့ရတဲ့သူ၊ ခုချိန်မှာ ကျွန်မလေးစားကြည်ညိုရတဲ့ သူရဲကောင်းတယောက်သူရဲ့  ကြီးမြတ်တဲ့ မေတ္တာ၊ စေတနာတွေကို ဒီpostလေးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။

တန်ခူး
3:21pm 04-Jun-2008

13 comments:

ကိုပေါ said...

ပြည်သူချစ်တဲ့ အနုပညာရှင်တွေ မိမိတတ်စွမ်းတဲ့ အနုပညာနဲ့ လူအများအတွက် အကျိုးရှိမယ့် အလုပ်မျိုးကို လုပ်တာမျိုး မကြာခဏတွေ့ရတတ်ပေမယ့် ကျော်သူလုပ်သလောက် အတိုင်းအတာအထိ လုပ်တဲ့လူတော့ သိပ်မများလှဘူး။

Kaung Kin Ko said...

အင်းဗှာ။ ကျော်သူက သရုပ်ဆောင်လဲကောင်းတယ်။ သမိုင်းလည်း လှသွားပြီ။ ပြည်သူ့ မေတ္တာကိုလဲ သိမ်းကျုံးပြီးယူသွားပြီ။ အနုပညာရှင်တိုင်း အဲလို မျိုးဆို ကောင်းမယ်ဗျာ။

nu-san said...

တို့တွေ ငယ်ငယ်တုန်းက ဦးကျော်သူကို စပြီး ကြည့်မိတာ “ချစ်ကြိုးလေးတစ်မျှင်”ကားမှာပေါ့။ တန်ခူးရေးထားတဲ့ ရုပ်ရှင်ကားတွေလည်း အားလုံးကြိုက်တယ်။ အကြိုက်ဆုံးက “မုန်းရခက်ကြီး”ကားပဲ။ ရီရလို့လေ။ ဦးကျော်သူ အကယ်ဒမီမရတော့ စိတ်မကောင်းဘူး။ ရသင့်ရဲ့သားနဲ့ မရဘူးပေါ့လေ။ နောက် မထင်မှတ်ပဲ နာရေးကူညီမှုအသင်း ကိုတည်ထောင်လိုက်တော့ ပိုပြီး လေးစားမိတယ်။ ပြည်သူတွေအပေါ်ကို ပါးစပ်က တာဝန်ကျေတာမဟုတ်ပဲ လက်တွေ့ကျကျ တာဝန်ကျေတာပါ။ စေတနာထားတာပါ။ တကယ်ကို ရှားမှ ရှားတဲ့ မင်းသား။

သက်ဝေ said...

တကယ်ကို ချီးကျူးစရာတောင်းတဲ့ အနုပညာရှင်တစ်ယောက်ပါ တန်ခူးရေ... ပါရမီဖြည့်ဘက်ကလဲ အစစ်အမှန်...
သတိတရနဲ့  ပိုစ့်လေးရေးထားပေးတာ ကျေးဇူးပါ။

တန်ခူးဆီကို နေ့ တိုင်းရောက်ပါတယ်။
အသစ်မတွေ့ ရင်လဲ အဟောင်းတွေဖတ်ပြီးပြန်တာပေါ့။
ရုံးမှာ PC အသစ်လဲထားတော့ မြန်မာစာလုံး ရုတ်တရက် မရတာမို့  Comment မရေးဖြစ်ခဲ့ဘူး။
ခုတော့ အဆင်ပြေသွားပါပြီ...။

Anonymous said...

တန်ခူးရေ... ကိုကျော်သူက တကယ်ကို ချီးကျူးစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပါ
ကျနော်ငယ်ငယ်က ရုပ်ရှင်ဆို ကျော်သူ မို့မို့မြင့်အောင်ခေတ် ။ ကြာသာပတေးနေ့ည တို့
သော ကြာညတို့ဆို ကျနော်တို့ မိသားစု ရုပ်ရှင်ကြည့်ဖြစ်ကြတယ် ။
မေးစရာတော့ မလိုတော့ပါဘူးနော် ကိုကျော်သူ့ ကားဆိုတာ ။
အရမ်း လူသား ပီသတယ် လို့ ပြောရမယ် ။ သူ လုပ်ဆောင်တာတွေကို
ချီးကျူးတာ ကျနော့် စကားတွေက ပြည့်စုံလုံလောက်မယ် မထင်ပါဘူး။
သူက တကယ့်ကို လေးစား အားကျဖွယ် ပုဂ္ဂိုလ်ကျော် တစ်ယောက်ပါ ။
ခုလို ကိုကျော်သူ့ကို အမှတ်တစ်ရ တင်ပေးတာ ကျေးဇူးတင်ပါတယ် တန်ခူးရေ ။

Anonymous said...

ူကိုကျော်သူကိုဒီ post လေးပေးဖတ်ချင်လိုက်တာ,,,ကိုကျော်သူရဲ့မြင့်မြတ်တဲ့စေတနာ..မွန်မြတ်တဲ့လုပ်ဆောင်ချက်ချက်တွေကို..ဒီ post လေးနဲ့ဦးညွှတ်ဂုဏ်ပြုလိုက်တဲ့တန်ခူးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချီးကျူးပါတယ်....

pandora said...

မတန်ခူး ပြောတာတွေ သဘောတူတယ်
သူက တကယ်ကို လေးစားစရာကောင်းပါတယ်။ သူလိုအနုပညာရှင်တွေ များသထက် များလာပါစေ။

စူး said...

ဇာဂနာ ကို ဖမ်းသွားတော့ ကျော်သူ့ကို စိတ်ပူနေရပီ..နော်..

ThuHninSee said...

တန်ခူးလိုမျိုး ဦးကျော်သူကို အားပေးခဲ့တာ။
သူအကယ်ဒမီရသွားကတည်းက အကယ်ဒမီပေးပွဲမကြည့်တော့ဘူး။
သူမရခင်ကသာ သူရတာမြင်ချင်လွန်းလို့...စောင့်ကြည့်ဖြစ်တာ။

Anonymous said...

ကိုကျော်သူ ဆက်လက်ပြီး ခုလိုလူတွေကို ကူညီနိုင်ပါစေလို့ မလေးလဲဆုတောင်းပါတယ်..။
ဒါနဲ့လေ … မလေး တို့ အဖြူစိမ်းဘ၀က အဲဒီမင်းသား၂ဦးပြိုင်တက်လာတာလေ အတန်းထဲမှာ စိုးသူအုပ်စုရယ် ကျော်သူအုပ်စုရယ် ရင်ဘတ်မှာ သူတို့ပုံပါတဲ့ အ၀ိုင်းရင်ထိုးတွေ တပ်ပြီး ကောင်မလေးတွေ အုပ်စုတွေကွဲတုန်းက မလေးတော့ ဘယ်အုပ်စုထဲမှ မပါဘူးသိလား မ..
ဘာလို့လဲဆိုတော့……
မလေးသဘောကျတဲ့ မင်းသားတွေက
ဟဲဟဲ… သုမောင်တို့ ဇော်ဝမ်းတို့ မို့လို့ပါ။

Anonymous said...

ဦးကျော်သူ ကို စက်တင်ဘာထဲက စပြီး လေးစားသွားတယ် အရင်ထဲကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့  အားပေးနေကြ အခုဆို ပိုပိုပြီး လေးစားလာပြီး ။

တန်ခူး said...

ဟုတ်ပါတယ်ကိုပေါရေ…သူ့ စေတနာတွေက လေးစားစရာပါ….

အနုပညာရှင်တိုင်း အဲလိုဖြစ်လာပါစေလို့  ဆုတောင်းပါတယ်ကောင်းကင်ကိုရေ….

အဲဒါဆို နုနဲ့ တို့ အကြိုက်ချင်းတူတာပေါ့နော်…

ဟုတ်တယ်သက်ဝေရေ…သူတို့ စုံတွဲက စံပြပါ…တန်ခူးဆီနေ့ တိုင်းလာလည်တာ ကျေးဇူးနော်…

ကိုတာတူးရေ…ကျွန်မလဲ ကျော်သူ၊မို့ မို့ မြင့်အောင်ကားဆို မလွတ်တမ်းအားပေးခဲ့တာ…

နှင်းပန်းရေ…သူပေးတဲ့မေတ္တာတွေ သူကိုရောင်ပြန်ဟပ်မှာပါ….

ဟုတ်တယ်ပန်ရေ…သူလိုလူတွေများလာပါစေလို့  ဆုတောင်းပါတယ်….

မြတ်နိုးရေ…၀ိုင်းဆုတောင်းပေးကြတာပေါ့….

သုနှင်းဆီရေ…ကိုကျော်သူ့ ပရိသတ်တွေပေါ့နော်…ခုလိုလာလည်တာကျေးဇူးပါ..နောင်လဲအမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်….

အိမ့်ရေ…ဟုတ်တယ်နော်…အဲဒီတုန်းက တို့ တွေကကျော်သူgroup…ဒါပေမယ့်ရင်ထိုးတော့ မတပ်ဖြစ်ဘူး…သူ့ ခေတ်နဲ့ သူပေါ့နော်…ကော်လိပ်ဂျင်နေ၀င်းတို့ ခေတ်တုန်းက ကော်လိပ်ဂျင်နေ၀င်းကို အကြိုက်ဆုံး၊ သုမောင်၊ဇော်ဝမ်းခေတ်ရောက်တော့လဲ ကြိုက်တာပဲ…ဇော်ဝမ်းဆို ခုထိကြည့်တုန်း…ဒါပေမယ့် အသက်ရလာတော့ စိုင်းစိုင်းတို့ ရဲလေးတို့ မကြိုက်တတ်တော့ဘူး….

မောင်မျိုးရေ…လေးစားလောက်တဲ့သူ့ သမိုင်းပါ… ခုလိုလာလည်တာကျေးဇူးပါ..နောင်လဲအမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်….

Anonymous said...

Thank you so much for the note. It's a shame that we just found out from a friend of us. we'd love to share it on Kyaw Thu Fan Page and request for your approval. We would also like to credit to your pen name and your blog. Thanking you in advance.

Kyaw Thu Page Admin Team