Tuesday, August 9, 2011

အမောင်ကျောင်းသား (၁)




သားလေး ကျောင်းကြီးစတက်ရတော့မယ်ဆိုတော့ ကျောင်းဝတ်စုံအသစ်လေးကို ပြင်ဆင်ပေး၊ ကျောင်းလွယ်အိတ်လေး ပြင်ဆင်ပေးနဲ့  ကာယကံရှင်သားတော့ မသိ… သားမေမေကျွန်မကတော့ ရင်ခုန်လို့ နေခဲ့တယ်။ မူလတန်းကျောင်းဆိုတာ အရင်က မူကြိုလို မဟုတ်တော့ သားလေး ပတ်ဝန်းကျင်အသစ်မှာ စည်းကမ်းတွေနဲ့  နေသားကျမှ ကျပါ့မလားလို့  စိတ်ပူရတာက တမျိုး။ မူကြိုတုန်းက ကျွန်မရုံးထဲမှာ ရှိတဲ့ကျောင်းဆိုတော့ သားပစ္စည်းတွေကို နေရာချ၊ ပြန်ယူတာတွေ အားလုံး ကျွန်မပဲလုပ်တာမို့  ကျောင်းကြီးမှာ ကိုယ့်ပစ္စည်းကိုယ် ထိန်းသိမ်းနိုင်အောင် သားကို တတွတ်တွတ်မှာရသေးတယ်။

သားနဲ့ ကျောင်း

သားရဲ့ ပထမဆုံးကျောင်းသွားတဲ့နေက ကျွန်မလိုက်လို့ ရတာမို့  သားနဲ့ အတူကျောင်းကို လိုက်ရင်း ကိုယ်ငယ်ငယ်က ပထမဆုံး ကျောင်းတက်ရတဲ့နေ့ ကို အမှတ်ရနေမိသေးတယ်။ ကျွန်မဖေဖေရဲ့ မောရစ်အိတ်လို့ ခေါ်တဲ့ အတော်ရုပ်ဆိုးတဲ့ လမ်းလယ်ခေါင်ခဏခဏ ဂေါက်လှည့်ရတဲ့ ကားစုတ်စုတ်လေးပေါ်မှာ အဖြူအစိမ်းကျောင်းဝတ်စုံနဲ့  ရှုးဖိနပ်အနက်ရောင် ခြေအိတ်ဖြူဖြူ လွယ်အိတ်နီနီလေးနဲ့  ရင်ခုန်နေခဲ့တဲ့ အချိန်လေးကို ကျွန်မခုထိမှတ်မိနေတာ အံ့သြစရာပါ။ အမှတ်(၂) အစိုးရအထက်ကျောင်း လသာ ဆိုတဲ့ အုတ်နီနီကျောင်းကြီးကို အတွေ့ မှာ အရာအားလုံးကို မေ့ပြီး လိုက်ပို့ တဲ့ အဖေအမေတောင် ပြန်စောင်းမကြည့်ပဲ လွယ်အိတ်လေးလွယ်ပြီး ခုန်ပေါက်သွားခဲ့တဲ့ ကလေးမလေးဟာ ကျွန်မပဲပေါ့။ အဲဒီလို မူလတန်းကျောင်းသူ ပထမနေ့ ကတည်းက ကျောင်းပျော်ကျွန်မ အာအိုင်တီရောက်တဲ့အထိ နေမကောင်းတောင် အိပ်ရာက လူးလဲထပြီး ကျောင်းသွားတတ်တာပါ။ သားလေးက ကျွန်မနဲ့ တူရင်တော့ ကျောင်းပျော်ကောင်းပါရဲ့။

ကျောင်းရောက်တော့ ကျောင်းသားဟောင်းကြီး တယောက်လို ခပ်တည်တည်နဲ့  ပထမနေ့ မှာပဲ နေသားကျသွားတဲ့ သားကို ကြည့်ပြီး ကျွန်မစိတ်အေးရပါတယ်။ စိတ်ရှည်အေးဆေးပုံရတဲ့ သားအတန်းပိုင်ဆရာမလေးကို တွေ့ တော့ သိပ်စိတ်မပူတော့ပါဘူး။ ကျွန်မရော ကျွန်မအမျိုးသားပါ ဆရာတွေကို ရိုသေလေးစား ဆရာ့ကျေးဇူးကို ဦးထိတ်ထားပြီး ဆရာတွေလိုရင် အမြဲအဆင်သင့်ဖြစ်နေလို့ လားမသိပါဘူး။ သားလေးက အမြဲဆရာကောင်းနဲ့ တွေ့ တတ်ပါတယ်။ ကျွန်မတို့ ပြုတဲ့ ကုသိုလ်က ဒီဘ၀တင် သားကို အကျိုးပေးတာ အံ့သြစရာပါ။

ဒီနိုင်ငံကကျောင်းတွေမှာ ပထမတန်းကျောင်းသားတွေကို ဒုတိယတန်းကျောင်းသားလေးတွေက ၃ရက်တိတိ လမ်းညွှန်စောင့်ရှောက်ပေးပါတယ်။ သားကို စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ ကလေးလေးက အလွန်စိတ်ရှည်တဲ့ လူလိမ္မာလေးပါ။ အကိုကြီးတယောက်လို သားကို မုန့် ဈေးတန်းလိုက်ပို့  ဆိုင်တွေလိုက်ပြပေးနေတာကို မိဘတွေ လှမ်းငေးရတဲ့နေရာကနေ ကျွန်မဓာတ်ပုံတွေရိုက်ရင်း အလုပ်တွေရှူပ်လို့ ပေါ့။ ထမင်းကြိုက်တဲ့သားက ထမင်းတပွဲ၊ မိုင်လိုတခွက် နဲ့  သူရဲ့ပထမဆုံး ၀ယ်စားရတဲ့ ထမင်းတနပ်ကို မြိန်ရေလျက်ရေနဲ့ ။ ပထမဆုံးနေ့ ဟာ ကျွန်မထင်ထားတာထက် ချောမွေ့ နေတော့ စိတ်သိပ်ကြီးမပူမိတော့ပါဘူး။

သားနဲ့ ပိုက်ဆံ



မူလတန်းမှာ ကလေးတွေကို ပိုက်ဆံသုံးခွင့်ပေးကို ပေးရပါတယ်။ သားကို ကျွန်မ တနေ့ မုန့် ဖိုး ၁ကျပ်ခွဲပေးလိုက်ပါတယ်။ သားဘာတွေများစားနေလဲ စိတ်ပူမိပေမယ့် မေးလိုက်ရင် ထမင်းဆိုင်က ထမင်းတပွဲ ၁ကျပ်နဲ့  မိုင်လိုတခွက် ပြား၄၀… နေ့ တိုင်း ဖေါ်မြူလာတခုလို ဒါပဲစားတာမို့  ကျွန်မရောအမျိုးသားပါ ပြုံးမိပါတယ်။ ပိုတဲ့ ဆယ်ပြားကို စုဘူးထဲထည့်ပေါ့။

တလလောက်ကြာတော့ ကျောင်းကအပြန် မြန်မာနိုင်ငံအလံ(အလံဟောင်း) MYANMAR လို့ ရေးထားတဲ့ ခဲဖျက်လေးကို ပြပါတယ်။ သူ့ မုန့် ဖိုးပိုတဲ့ ၁၀ပြားနဲ့ ပထမဆုံး ၀ယ်တဲ့ ကျောင်းသုံးကိရိယာလေးက မြန်မာနိုင်ငံနဲ့ ဆိုင်တာလေးဖြစ်နေတာ ကျွန်မဖြင့် အံ့သြ၀မ်းသာလို့ ။ အဲဒီကစလို့  တချို့ နေ့ တွေမှာ ပိုက်ဆံ၁၀ပြားက စုဘူးထဲရောက်၊ တချို့ နေ့ တွေမှာ စိတ်ကူးပေါက်တဲ့ စာရေးကိရိယာလေးတွေ ၀ယ်နဲ့ ဟုတ်လို့ ပေါ့။

တနေ့ မတော့ ကျွန်မရုံးမှာ အစည်းအဝေးလုပ်နေတုန်း သားတရုတ်ဆရာမက ဖုန်းဆက်လာပါတယ်။ သားဆယ်ပြားစေ့မြိုချမိလိုက်လို့ တဲ့။ ကျွန်မအပူက ငယ်ထိပ်အထိရောက်သွားပါတယ်။ ဘယ်သူနဲ့ မှလဲ စကားမပြောနိုင် ဘာလုပ်ရမှန်းမသိနဲ့  သားအဖေဆီဖုန်းဆက်ပြီး သားကို သွားခေါ်ခိုင်းမိပါတယ်။ ကျွန်မရုံးက သားကျောင်းနဲ့ ဝေးတာမို့  ဆေးရုံပဲ တန်းသွားမယ်ပြောပြီး ဘုရားစာတွေ ဟိုရောက်ဒီရောက်ဆိုရင်း ကျွန်မတကိုယ်လုံး မိခင်တယောက်ရဲ့အပူတွေ မီးဟုန်းဟုန်းတောက်လို့ ။ သားကိုတွေ့ လိုက်ရတော့ သားက မျက်နှာလေးဇီးရွက်လောက်လေးသာ ရှိပါတယ်။ လူကတော့ ဘာမှမခံစားရတဲ့ပုံပါ။ အရေးပေါ်ဆီသွားရင်း သားကို ဓာတ်မှန်ရိုက်ရမယ် ဆယ်ပြားစေ့က အစာအိမ်ထဲရောက်ရင် အီးအီးထဲပါသွားမှာမို့  ဘာမှ စိုးရိမ်စရာ မရှိဘူးလို့  ဆရာဝန်မ ပြောတာကို သားက နားထောင်ပြီး ဇီးရွက်လောက်ရှိတဲ့မျက်နှာက နဲနဲလေးကြီးပြီး နဲနဲလေး ပြန်လန်းလာပါတယ်။ ဆယ်ပြားစေ့ကို အမှတ်တမဲ့ ပါးစပ်ထဲ ဟိုပို့ ဒီပို့  ဆော့ရင်း ၀င်သွားတော့ ကြောက်လန့် ပြီး မြိုချလိုက်တာပါတဲ့။ ဒီအသက်အရွယ်ရောက်မှတော့ အဲလိုဖြစ်မယ် မထင်တော့ သတိမပေးမိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိပါတော့တယ်။

ပထမဓာတ်မှန်ရိုက်တော့ ဆယ်ပြားစေ့မတွေ့ ဘူးဆိုလို့  ကျွန်မတို့ အတော်ပြာသေးပါတယ်။ နောက်မှ ဓာတ်မှန်ရိုက်တဲ့သူက အဖြူရောင်ဝိုင်းဝိုင်းကို ဓာတ်မှန်ရဲ့ချို့ ယွင်းချက်ထင်ပြီး ဖြတ်ထုတ်လိုက်လို့ ပါတဲ့။ အစာအိမ်ထဲမှာ ဆယ်ပြားစေ့ဝိုင်းဝိုင်းလေးတွေ့ ရမှ ဟင်းချနိုင်ပါတော့တယ်။ ဆရာဝန်မက ဘယ်လမ်းကြောင်းကနေ အီးအီးထဲပါသွားမယ်ဆိုတာရှင်းပြတော့ သားက သေချာနားထောင်နေပြီးမှ စိတ်အေးသွားတဲ့ပုံနဲ့  ဟီးဟီးဟားဟား လုပ်နိုင်ပါတော့တယ်။ ၃ရက်ဆိုအီးအီးထဲပါမယ်ဆိုတာနဲ့  ကျွန်မလဲ ရုံးက ခွင့်ယူပြီး ဆယ်ပြားစေ့မထွက်မချင်း အီးအီး research လုပ်ရပါတော့တယ်။ ၄ရက်အထိ အီးအီးထဲ မပါတော့ တနေရာများ ကပ်နေသလား စိတ်ပူပြီး ဆေးရုံပြေး၊ ဓာတ်မှန်တခါရိုက်ရပြန်ပါတယ်။ အူမကြီးထဲဆယ်ပြားစေ့လေးတွေ့ မှ နဲနဲစိတ်သက်သာရပြန်တယ်။ ဒီတခါတော့ ဆေးရုံက ၀မ်းချူပြီး အမြန်ထွက်အောင် လုပ်ပေးပါတယ်။ ကျောင်းက ဆရာမတွေကလဲ တနေ့ တနေ့  ဆယ်ပြားစေ့ထွက်ပလား ဖုန်းဆက်မေး၊ အသိတွေကလဲ ဖုန်းဆက်မေးနဲ့  ရပ်ကျော်ရွာကျော် ဆယ်ပြားစေ့ပြဿနာပါ။ သားမလဲ တနေ့ တနေ့  သူ့ ကို ၀ယ်ပေးထားတဲ့  Head to Toeဆိုတဲ့ စာအုပ်ထဲက အစာအိမ်ဖွဲ့ စည်းပုံကို ကြည့်ပြီး သူ့ အဒေါ်ကို ဒီနေ့ ဆို သူ့ ဆယ်ပြားစေ့က ဒီလောက်ရောက်ပြီဆို မှန်းဆရတာ အမောပါ။ နောက်ဆုံး ငါးရက်မြောက်နေ့ မှ ဆယ်ပြားစေ့က အောင်မြင်စွာထွက်ပါတော့တယ်။

အရောင်တောင်ပြောင်းနေတဲ့ ဆယ်ပြားစေ့ကို သားကို ပြရင်း ထပ်ခါထပ်ခါ သတိပေးရပါတယ်။ ကျွန်မမှာတော့ မအိပ်နိုင် မစားနိုင်နဲ့  ဆယ်ပြားစေ့ဖိုဘီးရားရောဂါစွဲကပ်သွားခဲ့ပါတယ်။ သားကို အကြွေစိမုန့် ဖိုး ခုထိမပေးဖြစ်တော့ပါဘူး။ ကျွန်မအမျိုးသားကတော့ ကျွန်မလုပ်ရပ်ကို မှားတယ်လို့ ဆိုပါတယ်။ တသက်လုံး ပိုက်ဆံမပေးသုံးနေတော့မလားတဲ့။ မိခင်တယောက်ရဲ့ စိုးရိမ်လွန်မှုပဲဆိုပါတော့လေ။ ကျွန်မသားကို အဲဒီကစလို့  ထမင်းဗူးထည့်ပေးပြီး လိုလိုမယ်မယ်ဆို ၂ကျပ် ကျပ်တန်လေးပဲ ပိုက်ဆံအိတ်ထဲ ထည့်ပေးမိပါတော့တယ်။ ဒါကတော့ သားရဲ့ ပိုက်ဆံနဲ့  ပတ်သက်တဲ့ ကျောင်းအတွေ့ အကြုံပါ။

စာမရေးဖြစ်တော့ ရေးဖို့ စုထားတဲ့ သားအကြောင်းတွေက ခပ်များများပါ။ ပို့ စ်ကြီး အရမ်းရှည်ရင် ဖတ်ရတာ ငြီးငွေ့ မစိုးလို့  စိတ်ကူးရရင် ရသလို အပိုင်းလေးတွေ ခွဲရေးပါ့မယ်။ ကျွန်မရဲ့ လေနုအေးဘလော့လေးရဲ့ flavor တခုက သားပါဆိုတာ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိခဲ့ပါဘူး။ ဘလော့ရေးတာပြတ်သွားတော့ ပွဲတောင်းကြတာက သားအကြောင်းဖြစ်နေကြပါတယ်။ လေနုအေးနဲ့ သားကို တွဲမြင်နေကြတာ သိရတော့ ကျွန်မကြည်နူးမိပါတယ်။ တချို့ ကျွန်မဘလော့ကို လာလည်နေကျသူတွေဆို တန်ခူးထက် သားကို ပိုစိတ်ဝင်စားကြပါတယ်။ သားကို တခါမှမမြင်ဖူးတဲ့သူတွေတောင် အပြင်မှာ တွေ့ ရင် သားနဲ့ အတော်ရင်းနှီးနေကြပါတယ်။ ဒါဟာ မိခင်ဘလော့ဂါတယောက်က သားကို ပေးတဲ့လက်ဆောင်တခုလို့ ပဲ ဆိုရမလိုပါပဲ။ သားကြီးလာရင်ဖတ်ဖို့  မေမေရေးတဲ့ သားရဲ့မှတ်တိုင်လေးတွေပေါ့။

တန်ခူး
5:10pm 9-Aug-2011

12 comments:

Rita said...

ကောင်းလိုက်တာ အစ်မ။

Anonymous said...

အမလုပ်ရင် အမေ့ကိုလွမ်းလွမ်းသွားတယ်
အမေ့ဖို့  ဘုရားကျောင်းသွားဖို့  ပုဝါလေးဝယ်လာတယ်
သာဓု ...:)

kay said...

ရီလိုက်ရတာ.. မရယ်..
ကျမ တို့ ငယ်ငယ်ကလည်း ဖြစ်တတ်တာပဲ..
ကျမ အမ ဆို နှာခေါင်းထဲ ပရုတ်လုံးဝင်တယ်။ ၀ရံတာ သသ်စားကွက်တွေ ထဲ ခေါင်းညပ် လို့.. သစ်သားချောင်းတွေ အကုန် ဖြုတ်ပြီး ထုတ်ရတယ်..
ဟို ဟာသ ထဲ ကလိုသာ ဆိုရင်.. ဒုတိယ ကလေး တယောက်လောက် ယူလိုက်.. ဆယ်ပြားံ လား တကျပ်စေ့လား ဆိုပြီး ဖြစ်သွားမယ်.. ဟဟ

Maung Myo said...

သားသားနဲ့ ဆယ်ပြားစေ့ ဇတ်လမ်းကတော့ စုံထောက် ဇတ်လမ်းဖတ်ရသလိုပါပဲလားး))

ဟုတ်တယ် အကြွေစေ့ မပေးပါနဲ့တော့ စိတ်ထဲ တထင့်ထင့်နဲ့ နေရတာ တစ်မျိုးကြီး ။

T T Sweet said...

ဆယ်ပြားစေ့ဇာတ်လမ်းကတော့ ခေတ်အဆက်ဆက်မှာ ရှိနေတာပါပဲလားး)

သမီးကို ပထမ မုန့်ဘိုး တစ်ကျပ်ပဲပေးတာ။ နောက် သူ့သူငယ်ချင်းတွေအချို့ ၅ကျပ်လောက်ရတယ်ဆိုတာနဲ့ တိုးပေးလိုက်တာ ၂ကျပ်။ သားကဆော့တာကလွဲလို့ လိမ်မာပါတယ် တန်ခူးရဲ့။

Sonata Cantata said...

သားကြီး ပထမဦးဆုံး ကျောင်းသွားတဲ့နေ့က ခံစားချက်လေး ပြန်နွှေးမိသွားတယ်...။ သားအကြောင်း နောက်ပို့စ်တွေလည်း စောင့်ဖတ်မယ်နော်

သက်ဝေ said...

ကိုယ်ပါ ရောပြီး စိတ်ပူခဲ့ရတဲ့ သားသားရဲ့ ဆယ်ပြားစေ့ဇာတ်လမ်း...း))
အခုတော့ ရယ်စရာလို ဖြစ်သွားရတယ်....

ကျောင်းမုန့်ဖိုးကို အကြွေစေ့မပေးလိုက်ပေမယ့် မုန့်ဝယ်စားပြီး ပြန်အမ်းတဲ့အခါမှာ အကြွေတွေပြန်ရလာနိုင်တာပဲ မဟုတ်လား... ဒီတော့ သူ့ကို အကြွေပေးလိုက်ခြင်း မပေးလိုက်ခြင်းထက် အကြွေကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့သာ ပြောပြရမှာပဲပေါ့...း))

အိမ့်ချမ်းမြေ့ said...

ဖတ်ရင်း ပြုံးနေမိတယ်..မ
ဖတ်ရသူတွက် ချစ်စရာ ပေမယ့်
ခံနေရတဲ့ သားသား သနားပါတယ်..

ဇွန်မိုးစက် said...

မရေ... စာကြွေးတွေလိုက်ရှင်းရင်းနဲ့ ရောက်လာတယ်။ အစ်မက လသာ ၂ ကျောင်းသူဟောင်းပဲကိုး။း))

ဇွန်လည်း ပထမဆုံး ကျောင်းစတက်ခဲ့တဲ့ရက်ကို အမှတ်ရနေတုန်းပဲ။ ကျောင်းတော်မဟာ ၂လသာ ဆိုပြီး ရေးဖူးသေးတယ်။

အစ်မရေးသွားသလိုပဲ သားလေးကို မမြင်ဖူးပေမယ့် အစ်မရေးပြတဲ့အကြောင်းလေးတွေဖတ်ပြီး စိတ်ထဲမှာ ရင်းနှီးနေတာ။း)

ဇွန်မိုးစက် said...

မရေ...အဲဒီ့ပို့စ်မှာလေ မကို လသာ၂ကျောင်းသူဟောင်းမှန်း မသိလို့ မနာမည်တောင် မထည့်ခဲ့မိဘူး။

ကျောင်းအမှတ်တရမို့ အစ်မအားရင် ဖတ်ကြည့်လို့ရအောင် ညီမ လင့်ခ်ထားခဲ့မယ်နော်။

http://zunmoesett.blogspot.com/2010/01/blog-post_09.html

ခင်မင်စွာ
ညီမဇွန်

Thazin said...

ma i also school lathar 2

ဇွန်မိုးစက် said...

မရေ..တစ်နေ့က ကျောင်းပို့စ်လေး လာဖတ်ပေးလို့ ကျေးဇူးနော်။း)