Thursday, July 3, 2008

RITကျောင်းသူ


ပထမနှစ်

LCR(မိန်းခလေးများနားနေခန်း) ကနေ တက်ရမယ့် အခန်းကို ချောင်းကြည့်လိုက်တော့ အတော်လန့် သွားသည်။ ကော်ရစ်ဒါ ဟိုဘက်ဒီဘက်မှာ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ယောင်္ကျားလေးတွေ။ RITမှာ ယောင်္ကျားလေးဒီလောက်ပေါတယ်ဆိုတာ ခုမှတကယ် ယုံတော့သည်။ တချို့ က ပြုံးပြုံး၊ တချို့ ကသွားအဖြဲသား၊ တချို့ ကျပြန်တော့ အိုက်တင်အပြည့်နဲ့  ခပ်တည်တည်၊ တချို့ က ကဗျာသမား စာသမားလို ကြေကြေကွဲကွဲ။ ဒီလူအုပ်ကြားထဲကနေ အတန်းရှိရာသွားဖို့  အားလုံးက ခြေရွံ့ နေကြသည်။

အဆောင်သူ အချို့ က ငိုမဲ့မဲ့။ DAYကျောင်းသူတွေလဲ မျက်နှာငယ်လေးတွေနှင့်။ အချိန်စောရောက်မှ ရှေ့ ဆုံးတန်းက နေရာရမည်။ ဒီတော့ ကြောက်နေလို့ မဖြစ်။ အားလုံးမျက်နှာက အတင်းအားတင်းပြီး ခြေလှမ်းပြင်သည်။ ကနွဲ့ ကလျ လှမ်းနေလို့ ကတော့ ပိုစနောက်စရာဖြစ်မည်။ ဒီတော့ ခပ်သွက်သွက်လှမ်း။ မျက်တောင်လေးချ ကြောက်ရွံ့ နေပြ
လို့ ကတော့ အနီးကပ်စဣူမြားပစ်မှတ်။ ဒီတော့ ခပ်တည်တည်နဲ့  ရှေ့ တူရူကြည့်။ မ၀င့်မရဲ မခို့ တရို့ လုပ်နေလို့ ကတော့ နောက်ဆုံးတန်းမှာ ထိုင်ပေတော့။ နင်လဲလူ၊ ငါလဲလူ ယောင်္ကျား၊မိန်းမ ဘေးချိတ်။ အဲဒီလို စိတ်က ခုလို ပထမနှစ်မှာပဲ မဖြစ်မနေမွေးခဲ့ရသည်။

ရှေ့ က မျက်မှန်ထူထူနဲ့ အတန်းတူ မိန်းခလေးကို ပြောင်စပ်စပ်မျက်မှန်နဲ့ လူက စာလိုက်ပေးနေသည်။ ဘေးက အားပေးသံတွေက ဆူဆူညံညံ။ အဲဒီလူပဲ ဟိုတနေ့ က ကားပတ်ကင်မှာ နာမည်ကြီးသည့် မျက်မှန်နှင့် ကောင်မလေးကို အသဲအသန်ကြွေပြနေခဲ့သည်။ သက်သက် သူနဲ့ ပုံစံတူ မျက်မှန်လေးတွေကို ရွေးနောက်သည်။ မျက်မှန်နဲ့ မိန်းခလေးက ခြေလှမ်းမပျက်။ မရယ်မပြုံး။ ရှက်ကိုးရှက်ကန်းလဲ မဖြစ်။ ဒါမှRITကျောင်းသူအစစ်။

Tပေတံနဲ့  ဟိုပြေးဒီပြေး အတန်းပြောင်းတော့ ရှေ့ ဆုံးတန်းမှာ No Lady first. အရင်ရောက်၊ အရင်ထိုင်။ တခါတလေတော့ ရေများရေနိုင်။ မီးများမီးနိုင်။ နှစ်ယောက်လောက်ကတော့ မိန်းခလေးတွေ မတိုင်ပင်ပဲ ပညာပေးတော့ အစွန်ဆုံးထိုင်နေတဲ့ gentlemenတွေ ခုံပေါ်ကပြုတ်ကျ။ ဟုတ်ကဲ့။ ဘ၀ပေး အခြေအနေ အရ ပထမနှစ်မှာပဲ ယောင်္ကျားလေးတွေ
နဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့ကျင့်ခဲ့ရတာ RITကျောင်းသူပါ…။

****************************************
ဒုတိယနှစ်

“ရှင်ဘယ်လို ဖြစ်နေလဲ…မော်ကွန်းထိန်းတိုင်လိုက်ရမလား”
“ရပါတယ်…ညီမရက်စက်နိုင်ရင် ကိုယ်ကိုယ်တိုင် မော်ကွန်းထိန်းဆီ လိုက်ပို့ ပေးမယ်”
“ကဲ..ဒါဆိုလာ…မော်ကွန်းထိန်းဆီ ခုသွားမယ်”
“ဟဲဟဲ…နောက်နေ့ မှနော်…ကိုဒီနေ့  projectကိစ္စအရေးကြီးနေလို့ ”

ဒီလို သွေးတိုးစမ်းသူတွေနဲ့ ကျတော့ ဒုတိယနှစ်မှာ ပိုအရေထူလာသည်။

“ဟဲ့…မိတ်ဆက်ပေးရဦးမယ်…သူက စည်သူတဲ့..နင်တို့ RITကပဲ…သူကတော့နင့်ကို မသိဘူးတဲ့...ယုံပါတယ်…တချိန်လုံးတို့ ကျောင်းပဲ လာနေတာ”
Rollချင်းကပ်၊ LABလဲတူ၊ Drawingလဲတခန်းထဲ…ဒါနဲ့ တောင် မသိဘူးလို့ 
ဗြောင်လိမ်တတ်ပြီး “တွေ့ ရတာ ၀မ်းသာပါတယ်” ဆိုတဲ့သူတွေကိုလဲ ဒုတိယနှစ်ရောက်တော့
အတော်အထာနပ်လာသည်။

ပထမနှစ်က သိပ်မသွားရဲသည့် ကန်တင်းကို ဒုတိယနှစ်ကျတော့ ခြေလှမ်းစိတ်လာသည်။ အဆောင်သူလေးတွေ Dinnerမှာ သီချင်းဆိုရုံတင်မက တချို့ က လူရွှင်တော်တောင် လုပ်လာသည်။ တချို့ ကာတွန်းပညာရှင် မိန်းခလေးတွေ ကာတွန်းBOXမှာ လက်စွမ်းပြလာသည်။ ကဗျာစာအုပ်လေးတွေမှာ မိန်းခလေးကလောင်သစ်လေးတွေ
တိုးလာသည်။

Rollလုပွဲတွေ ကြောင့် တော်တော်များများ ကျောင်းသူတွေ စာမေးပွဲနီးလျှင် မျက်နှာမှာ သနပ်ခါးမတင်အား။ Library၊ Workshop၊ Drawing ခန်း ဟိုပြေးဒီပြေးနဲ့  ဒေါက်ဖိနပ်တွေက ဖိနပ်စင်ပေါ်မှာ လုံးလုံးအနားရသွားသည်။ မေဂျာခွဲမယ့်နှစ်ဆိုတော့ အားလုံးစာအုပ်တွေထဲ ကျွမ်းပစ်ရသည့် ဒုတိယနှစ်။

****************************************
တတိယနှစ်

မေဂျာချင်းတူတော့ ယောင်္ကျား၊မိန်းမတွေမေ့။ မေဂျာသွေးက စကားပြောလာသည်။ အထူးသဖြင့် မေဂျာ ဘောလုံးပွဲတွေမှာ။ ကိုယ့်မေဂျာအတွက် အားပေးရင်း အသံတွေပြာ။ လက်တွေနာ။ ကမ္ဘာ့ဖလားထက် ရင်ပိုခုန်သည်။ အတန်းထဲက မိန်းမအဆန်ဆုံးQueenလေးပင် RITကျောင်းသူဇာတိပြကာ အော်ဟစ်အားပေး။ ကိုယ့်မေဂျာ နိုင်တော့ မော့မော့။ ကိုယ့်မေဂျာရှုံးတော့ အနိုင်ရမေဂျာအတန်းရှေ့ က မဖြတ်။

ပေပေတေတေ သူငယ်ချင်းတချို့  ဖဲရှုံးလို့  ပိုက်ဆံချေးရသည်။ ကြိတ်ကြွေသူငယ်ချင်း
တချို့ ရင်ဖွင့်သံကို ကန်တင်းမှာ ထိုင်ရင်းနားထောင်ပေးရသည်။ မိန်းထဲက အသဲကွဲဇာတ်လမ်းတွေကတော့ စာရေးဝါသနာပါသူတွေ အတွက် ကုန်ကြမ်း။ ကဗျာစာအုပ်တွေ အတူထုတ်။ တတိယနှစ်မှာ RITနဲ့  တဖြေးဖြေးအသားကျလာတော့ မိန်းမဆန်မှုတွေက လျော့လျော့လာ။

****************************************
စတုတ္ထနှစ်

သဇင်သူတွေ သဇင်ကို အလွမ်းသယ်ကြသည့်နှစ်။ ပုပ္ပား၊ဒူးယား၊အင်းလေး၊စည့်ကူ က လူပျိုသိုးတွေ ပထမနှစ်၊ ဒုတိယနှစ်သဇင်သူလေးတွေဆီ လျှောက်ပြန်သံပေးဖို့  စတုတ္ထနှစ်သဇင်သူတွေက ပေါင်းကူး။

ခရေပင်လမ်းပေါ်မှာ ကချင်လွယ်အိတ်တလုံးနဲ့  ကဗျာတပုဒ် ကာရံရှာတဲ့အခါရှာ…Libraryထဲမှာ စာတပုဒ်ကို ငြင်းခုန်တဲ့အခါငြင်း….နွေးအေးမှာ သီချင်းလေးတွေနဲ့ အတူ လွင့်မျောတဲ့အခါလွင့်မျော… ရှပ်အင်္ကျီခပ်ပွပွတထည်… ဒါမှမဟုတ် ဗမာအင်္ကျီခပ်ပွပွတထည်ဝတ်ထားတတ်တဲ့ မျက်နှာမှာ သနပ်ခါးမရှိတဲ့မိန်းခလေး တယောက်ယောက်များတွေ့ ခဲ့ရင် အဲဒါ စတုတ္ထနှစ်RITကျောင်းသူပါပဲ။
အတန်းထဲက သူငယ်ချင်းတွေကတော့ ဒီလောက်နှစ်အကြာကြီး ရင်းနှီးလာတော့ အမလို… ညီမလို… မောင်လို… အကိုလို… ကျောင်းကို ဆွေမျိုးတွေ အများကြီးနဲ့ နေရတဲ့ အိမ်လို ရင်းနှီးလာတဲ့ စတုတ္ထနှစ်။ တနေ့ တခြား ခက်ခဲလာတဲ့ စာတွေကြားထဲမှာ စာအုပ်ကို တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့်ရတဲ့ စတုတ္ထနှစ်။

****************************************
ပဉ္စမနှစ်

မစန္ဒာရဲ့  ဂျီဟောသူ။ ကဗျာမဆန်တဲ့ ခြေလှမ်းတွေ… ဟန်ဆောင်မှုကင်းတဲ့ ရယ်မောသံတွေ… ဆေးရောင်မခြယ်တဲ့ သဘာဝမျက်နှာ… မာယာကင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ … … ပြီးပြည့်စုံတဲ့ ဂျီဟောသူအလှ။

ပကာသနအလှကိုသာ ခံစားပြီး သဘာဝတရားကို မေ့လျော့နေသူတချို့ က ရက်ရက်စက်စက် နာမည်ပေးရက်တယ် “ဘီလူးကျွန်း”တဲ့။ RITကျောင်းသူတွေ အရုပ်ဆိုးကြတယ်တဲ့။ နူးညံ့တဲ့ခြေလှမ်းတွေ… မခို့ တရို့ အကြည့်တွေ… မပွင့်တပွင့်အပြုံးတွေ… တိုးညှင်းညှင်းစကားသံတွေ… ရှက်ကိုးရှက်ကန်းအမူအရာတွေ…ဒါတွေဟာ
မိန်းမတယောက်ရဲ့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့…RITကျောင်းသူတွေ ရုပ်ဆိုးပါသည်။
ပွင့်လင်းရိုးသားမှုတွေကို့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့… RITကျောင်းသူတွေ အတော်လှပါသည်။

“အချိန်မရှိတော့ဘူး… ကျောင်းပြီးဖို့  တနှစ်ပဲလိုတော့တယ်…ငါ့ကို အဖြေပေးတော့ဟာ”
“ဘယ်လိုမှမအောင့်မေ့ပါနဲ့ ဟာ… ငါနင့်ကို နဲနဲလေးမှစိတ်ဝင်စားလို့  မရလို့ ပါ… ငါဘယ်နှစ်ခါပြောရမလဲ”

အဲဒီလို ပွင့်လင်းစွာ ရဲရဲတင်းတင်း ငြင်းတတ်ကြသလို…။

“နင် ဖဲဘယ်လောက်ရိုက်သလဲ ငါသိတယ်… နင် အရက်ဘယ်လောက်သောက်သလဲ ငါသိတယ်… ငါနဲ့  ချစ်သူဖြစ်ရင်တော့ ဆက်လုပ်ရဲလုပ်ကြည့်… ”

အဲဒီလို ဘုဘောက်နဲ့  ကဗျာမဆန်စွာ အဖြေပေးတတ်ကြသည်။

ဒါကြောင့်ပဲ တချို့ က “ဘယ်လိုမှ ရင်ခုန်လို့  မရဘူး…သူတို့ နဲ့ စကားပြောရင်
သူတို့ မိန်းခလေး ဆိုတာတောင် မေ့နေတယ်…ယောင်္ကျားတွေလိုပဲ” တဲ့။

****************************************
ဆဌမနှစ်(သို့ ) နောက်ဆုံးနှစ်

အမြဲလို တက်ကြွနေတဲ့ ခြေလှမ်းတွေက နှေးကွေးသွားသည်။ ဆွဲဆန့် လို့  မရတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံးနေ့ ရက်တွေ။ အရင်က ကြည့်မရတဲ့သူတွေနဲ့ တောင် ဆက်ဆံရေးတွေ ကောင်းမွန်။ RITကျောင်းသူတယောက်ရဲ့  အနူးညံ့ဆုံးနှစ်…။
စာအုပ်ရှေ့ ချပြီး ခပ်ငေါင်ငေါင်ဖြစ်တဲ့အခါ ဖြစ်…။ Projectနဲ့  ဦးနှောက်စားရင်းကပဲ ကဗျာတပိုင်းတစကို ချချရေး…။ လွမ်းတတ်တာက သဘာဝပဲလေ။

ဂျီဟောရှေ့ မှာ… ခရေပင်လမ်းမှာ… Lဆောင်နံဘေးမှာ… ကားပတ်ကင်မှာ… နွေးအေးမှာ… နောက်ဆုံးနှစ်ကျောင်းသူတချို့  လက်တွဲဖေါ်ချစ်သူနဲ့  စာတပုဒ်ကို ဆွေးနွေးတဲ့အခါဆွေးနွေး… ဘ၀ရှေးရေးကို တိုင်ပင်တဲ့အခါတိုင်ပင်… ချိန်ခွင်ညှာငြှိ။ ကြိတ်ကြွေတို့ အသဲကွဲသံကို လက်ဘက်ရည်တခွက် အေးစက်စက်ဖြစ်တဲ့အထိ ဘော်ဒါအရင်းကြီးတွေမို့  ဒုက္ခခံနားထောင်ပေးရတာလဲရှိ။ စာရှင်းကောင်းတဲ့ သူငယ်ချင်းကို ကွမ်းတယာ လာဘ်ထိုးပြီး စာရှင်းခိုင်း။ အရက်နာကျပြီး မရှုနိုင်မကယ်နိုင်သူတွေကို လွတ်သွားတဲ့စာတွေ
ပြန်ရှင်းပြ။ ကဗျာစာအုပ်လေးတွေကိုင်ပြီး ဟိုအတန်းရှေ့ မယောင်မလည်
ဒီအတန်းရှေ့ မယောင်မလည်နဲ့  ကဗျာစာအုပ်ရောင်းနဲ့ …ခါတိုင်းနှစ်တွေထက် ပိုအလုပ်ရှုပ်တဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။

ဆရာမလာသေးခင် အတန်းထဲမှာ ဘ၀ရည်မှန်းချက်ဆွေးနွေး။ ဟိုးအဝေးနိုင်ငံရပ်ခြားမှာ
ဘွဲ့ လွန်ယူနိုင်ဖို့  မျက်တွင်းဟောက်ပက်နဲ့  အိပ်စက်ဖို့ မေ့လျော့နေသူ… ဆရာမပြန်လုပ်မယ့် ရည်ရွယ်ချက်နဲ့  Noteကောင်းကောင်းလေးတွေ စုစောင်းနေသူ… လူအများကြီးကို အုပ်ချုပ်ရတဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့  လေ့လာကြိုးစားနေသူ… ကွန်ပြူတာပညာရှင် အရူးအမူးဖြစ်ချင်သူ… တယောက်ရည်မှန်းချက် တမျိုးနဲ့  ဘ၀ထဲတာထွက်ဖို့  စောင့်နေကြတဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။

အသစ်သစ်ရောက်လာတဲ့ RITကျောင်းသူ မျိုးဆက်သစ်လေးတွေက အချိန်စီမံခန့် ခွဲမှု အတော်ကျွမ်းပုံရသည်။ စာမေးပွဲနီးတဲ့အထိ လှလှပပ ကြွကြွရွရွ။ နောက်ဆုံးနှစ်မမတွေ ပြန်ပညာယူချင်လာတဲ့ အထိ။ သူတို့ လေးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကိုတွေ့ တော့ ပထမနှစ်က ထမီတိုတိုနဲ့  အတန်းပြောင်းရသည့် မအူမလည်ဘ၀တွေ လွမ်းသည်။

တကယ်တော့ RITကျောင်းသူတွေက စွယ်တော်ပန်းလေးတွေနှင့်တူသည်။ လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခံနိုင်သော တောရိုင်းစွယ်တော်လို… သူ့ အဆင်း သူ့ ရနံ့ နှင့် သူ့ ပတ်ဝန်းကျင်ကို အလှဆင်နေသည့် ပန်းတပွင့်…တကူးတက ယုယပြုစုစရာမလို ကိုယ့်အားကိုယ်ကိုးလို့  ငွားငွားစွင့်စွင့် ပွင့်လန်းတတ်သည့် ပန်းတပွင့်… ပန်းမဆန်စွာ အကြမ်းခံသည့် ပန်းတပွင့်… အဲဒီလို ပန်းတပွင့် ဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ကို အမြဲလွမ်းဆွတ် ကျေနပ်နေဦးတော့မည်။

တန်ခူး
10:30am 03-Jul-2008

41 comments:

sonata-cantata said...

အလှကိုယ်စီ ရှိကြသည်” လို့ နားလည်ထားတဲ့ စွယ်တော်ဟာ လောကကို အလှဆင်ကြတဲ့ ပန်းတွေ အလယ်မှာ သူလဲလေ ပန်းတစ်ပွင့် ဖြစ်ခွင့်ရလို အားရကျေနပ်စွာ...

KK SNH said...

Good to Read to Remember Old-SchoolDays, Freedom, Youth & Friends, Love & Freshness of Soft-Romantic Mind..!!!
Anyway, It's Gone and Struggling @ Ongoing- practical Life is Not That Bad also...?

သက်ဝေ said...

တန်ခူးရေ...

အတွေး စိတ်ကူးလေး ကောင်းသလို ရေးထားတာလဲ ကောင်းလိုက်တာ...။
တကယ်ပါ... အရမ်းကို ကောင်းတာပါဘဲ...။ ပန်းမဆန်စွာ အကြမ်းခံသည့် ပန်းပွင့်ချင်း အတူတူမို့ 
အားလုံးကို တန်ခူးနဲ့  တထပ်တည်း ခံစားလို့ ရတယ်..
လွမ်းစရာ.. နော်။

သက်ဝေကတော့ အားလုံးထဲမှာ နောက်ဆုံးနှစ်မှာ ပြည်ကို Short Trip လေး (လေ့လာရေးခရီး) သွားခဲ့ရတာကို အလွမ်းဆုံးပါဘဲ...။
အဲဒီအကြောင်းလေးကိုလဲ ရေးအုံးမယ်လို့  တွေးထားတယ်။

စကားပန်း said...

ကျောင်းသားဘ၀ကိုလွမ်းသွားပါတယ်။ တကယ့်ကို လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများပါပဲ။

Anonymous said...

အရမ်းလွမ်းတယ်... သိပ်တော့မဆင်လှပေမဲ့ လွမ်းတယ်...
ဟီးးးး အနော်တို့လက်ထက်က စပီး လှလာကြတယ်လေ...
လသာ၂ က ဆူးဆလပ်တွေ အများကြီးရယ်...။

အေးငြိမ်းဝေ said...

ဆဋ္ဌမ နှစ်မှာမှ မနူးညံ့လို့လည်းမဖြစ်တော့ဘူးလေ။ ဒီနှစ်မှာ မှ မနူးညံ့ရင်လည်း အပျိုကြီးဖြစ်ဖို့က ၇၀ % လေ။ :)

ဇနိ said...

ဖတ်လို့ အတော်ကကောင်းပါတယ်..
အင်ဂျင်နီယာစီနီယာကြီးတွေကို လေးစားပါတယ်ဗျာ

ဂျစ်တူး - gyit_tu said...

မစန္ဒာရဲ့ ဂျီဟောသူ စာအုပ်ကို အကြိုက်ဆုံးစာအုပ်တအုပ်အနေနဲ့ အမြဲ ဖတ်ဖြစ်ပါတယ် ။ အင်ဂျင်နီယာကျောင်းသူဘ၀ကို အာအိုင်တီမှာ မရရှိခဲ့ပေမယ့် ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပုံစံချင်းတော့ ခပ်ဆင်ဆင်ပါပဲ ။ အာအိုင်တီရဲ့ ၆နှစ်ဘ၀ကိုဖတ်ပြီး ပြုံးလိုက်မိတယ် ။

Kyawt said...

အမတန်ခူးရေ

ဖတ်လို့အရမ်းကောင်းတာပါပဲ။
ကျောင်းတော်ကြီးကိုသတိရလိုက်တာအမရယ်
ကျွန်မလဲfirst yearတုံးကcanteenဆင်းဖို့အတော်ရွံ့ခဲ့တာ။
သဇင်ဆောင်နဲ့မမဌေးကိုလဲလွမ်းပါတယ်။
အမရဲ့Postကိုထပ်တူခံစားရင်း....ကျေးဇူးတင်စွာဖြင့်

nu-san said...

မတန်ခူးရေ.. YIT ကျောင်းအကြောင်းရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်။ တက္ကသိုလ်တက်တုန်းက YIT ကို သွားမလည်ဖြစ်ဘူး။ သူငယ်ချင်းတွေထဲက တချို့က YIT ၀င်ခွင့်ရသွားတယ်။ ၉၂ အောင်တွေလေ။ ဒါပေမယ့် အဆက်အသွယ်မရှိတာ ၁၀ တန်းမဖြေခင်ကတည်းပဲ။ ဒီပို့စ်လေး ဖတ်ပြီးတော့ YIT ကျောင်းသူမဟုတ်ပေမယ့် တက်ခဲ့ရတဲ့ ကျောင်းကိုတောင် လွမ်းသွားပြီ။ (ဘာမှလည်း ဆိုင်ဘူးနော်.. အဟီး.. :D ) မစန္ဒာရဲ့ ဂျီဟောသူတော့ဖတ်ချင်တယ်.. မတန်ခူးဆီမှာရှိရင် ရှယ်ပေးပါနော.်. :)

Anonymous said...

I appreciate RIT only for cheap tuition and the calibre of friends (that brought peer competition). I appreciate some professors who are benevolent enough to constantly update the syallbus, curriculum, facilities and texts, laboratories and technologies. But I still recount a bad experience which I had with the RIT blocks hostel cafe near the main entrance. I wanted to watch CNN but morons there told me that news are not allowed to watch because dick head registerar Thein Sein ordered so. What a shame. So to be honest, if you remove the high calibre and competitive students and a few comitted students, YIT is nothing but an empty shell, outdated syallbus in some aspects, shoddy lecture halls, substandard lab equipment. In a nut shell, it is an engineering college in a third world country. Its graduates do perform because they were good before they come to YIT, but its graduates may not perform well if such constant supply of outstanding students choose to get college education elsewhere (or if they were offered by overseas institutions). I simply wished the officials and educators at my alma mator will change its complacency and will try hard to educate as the calibre of the intake may be lower than bad old days of mine.

Anonymous said...

I mean
"So to be honest, if you remove the high calibre and competitive students and a few comitted professors"

dilo bear said...

sis lay..RIT-ian pop!
hee.thanks for writing uni life in mm..!

Ko Paw said...

တန်ခူးက ကျောင်းသူဘ၀ကို ပြန်တမ်းတတော့ ကျနော်ကလည်း ကျောင်းကြီးကို ပြန်လွမ်းမိတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျောင်းကို တခေါက်ပြန်ရောက်သွားတော့ မဒမ်ပေါ ကွန်ပြူတာခန်းထဲ ၀င်နေတုန်း၊ ကျနော်တယောက်တည်း အခန်းရှေ့က ကော်ရစ်ဒါမှာ ရပ်ပြီး ကျောင်းကြီးကို မျက်စိတဆုံး မြင်ရသလောက် ငေးမောကြည့်ရှုနေမိတယ်။ ခဏနေတော့ (ကျောင်းသားဘ၀မှာ အင်မတန်စာတော်တဲ့၊ စာအသင်အပြကောင်းတဲ့) ကျနော်တို့ရဲ့ ဆရာက ကွန်ပြူတာခန်းထဲက ထွက်လာပြီ့း ကျနော့်ဘေးမှာ အသာလာရပ်တယ်။

ဆရာက ပင်မအဆောက်အဦကြီးရဲ့ ခေါင်မိုးပေါ်က လေးထောင့် အုတ်အဆောက်အဦးငယ်လေးတွေကို လက်ညှိုးထိုးပြပြီး “ကြည့်စမ်းပါဦးကွာ။ ငါတို့ ကျောင်းကြီးက တကယ်တော့ တော်တော်ကို လှတာပါ….” လို့ ဆွေးဆွေးမြေ့မြေ့ ပြောရှာတယ်။ သူညွှန်ပြရာကို မျက်လုံးက လိုက်လံကြည့်ရှုရင်း ကျနော် ဆရာကို ဘာစကားမှ ပြန်မပြောဖြစ်ခဲ့ဘူး။ သူ့ခံစားချက်ကို ကျနော် နားလည်သလို ကျနော့်ခံစားချက်ကိုလည်း ဆရာနားလည်မှာဘဲ။ ကျနော်တို့ကျောင်းနဲ့ပတ်သက်လာရင် ကျနော်တို့အားလုံးရဲ့ ခံစားချက်က အတူတူဘဲ။ အဲဒီမှာ ဆရာတပည့်နှစ်ယောက် စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီနဲ့ ငြိမ်သက်နေမိခဲ့ကြတယ်။

ဟုတ်ပါတယ်…..တန်ခူးရယ်။ တကယ်တော့ ကျနော်တို့ ကျောင်းကြီးက တော်တော်ကို လှခဲ့တာပါ…..။

ကောင်းကင်ကို said...

ကျွန်တော်တော့ နှစ်လနီးပါးပဲ တက်လိုက်ရတယ်။ အမ်အိုင်တီကို ရောက်သွားတယ်။
ကျွန်တော်တို့ နှစ်ကစပြီး နောက်ဆုံးအသုတ်အထိ ဒုတိယနှစ်အပြီးမှာ မေဂျာကို အမှတ်နဲ့ မခွဲတော့ဘူး။ ကိုယ်ကြိုက်တာ ယူလို့ ရတယ်။ စာလည်း သိပ်ဖတ်ဖို့ မလိုတော့ဘူး။ စာမေးပွဲကျရင် ဆပ်ပလီရှိတယ်။ စာသိပ်မကြိုးစားရပေမယ့် ပျော်စရာလည်းမကောင်းဘူး။ စိတ်ညစ်ဖို့ ပဲကောင်းတယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ကဗျာသမား စာသမားတွေက ဘာလို့ကြေကွဲနေတာများလဲမသိဘူးနော်..

R.I.T. က သူငယ်ချင်းမ တွေပြောတာတော့ ခြေလှမ်းမပျက်။ မရယ်မပြုံး။ ရှက်ကိုးရှက်ကန်းလဲ မဖြစ်။ RITကျောင်းသူအစစ် လိုဟန်ဆောင်နေတာဆိုတာ.. တစ်ကယ်တော့ ဒူးတုန်နေတာများတယ်တဲ့… ဟုတ်လားဟင်.. မ :P

ဟုတ်တယ်နော်… ငယ်ငယ်တုန်းက ကုန်ကြမ်းပိုပေါတယ်..

ဘီလူးကျွန်းက မိန်းကလေးတွေ က တစိမ့်စိမ့်ကြည့်လေ ပိုလှလေပါ….

ကျောင်းတွေပိတ်ချိန် ညနေစောင်းတွေမှာ တိတ်ဆိတ်ခြောက်ကပ်နေတဲ့၊ နှစ်ဆိုင်သုံးဆိုင်လောက်ပဲ ဖွင့်တတ်တဲ့ ကင်တင်းတွေမှာ မိသားစုနဲ့ ညနေစာ စားခဲ့တဲ့ နေ့တွေကို လွမ်းတယ်..။
နောက်ပြီး…………..

ခရေပင်တန်း ကိုလွမ်းတယ်…

“နွေးအေး” ကို လွမ်းတယ်…

သက်ဝေ said...

တန်ခူးရေ...

နွေးထွေး လှပတဲ့ ခင်မင်မှုအတွက်ရယ်...
Link ကလေး အတွက်ရယ်... ကျေးဇူးအထူး ဆိုတာထက် ပိုပါတယ်။

Have a nice Weekend with FAMILY...!!!

Naunglay said...

RIT, YIT , YTU the name was changed.....
But the spirits are the same...

RIT never die...............

Anonymous said...

RIT never die.
I miss ...miss...
anyway, ama yay.. thanks for ur link.
I cannot type Myanmar font now.
I bought new computer.

မောင်မျိုး said...

အစ်မရေ့ နှစ်တစ်နှစ်နဲ့  တစ်နှစ်ရဲရင့်လာတဲ့ အာအိုင်တီ ကျောင်းသူတွေရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်ဗျာ အာအိုင်တီတော့မဟုတ်ပေမယ့် T , Drawing paper တွေ နဲ့  ကျောင်းတက်ခဲ့ဖူးတော့ ခံစားလို့ ရတယ် ကျောင်းသားအနေနဲ့ နော့် ။ အခုတော့လည်း ကျောင်းကြီးကိုလေ ကျနော် လွမ်းတယ် သူငယ်ချင်းများကို ကျနော် လွမ်းတယ်ဆိုတဲ့ သီချင်းထဲကလို အားလုံးက လွမ်းစရာအဖြစ်ကျန်ခဲ့တာပါပဲ ။

JulyDream said...

သြဘာလမ်းကို လွမ်းမိတယ်။
ဂျီဟောဆောင်ကို လွမ်းမိတယ်။
စွယ်တော်ရွက်ကို လွမ်းမိတယ်။
ဦးလူပေါဂိတ်ကြီးကို လွမ်းမိတယ်။
ကျောင်းတော်ကြီးကို လွမ်းမိတယ်။
နွေအေး မေတ္တာပေါင်းကူးကို လွမ်းမိတယ်။

ဘ၀မှာ အမှတ်တရနေ့စွဲလေးတွေ အနေနဲ့ အမြဲအမှတ်ရနေမယ့်....

ကျွန်တော်တို့ရဲ့ RIT >> YIT>> YTU...

myatnoe said...

ဒါပဲလေ... RIT ဆိုတာ
ဘယ်သောခါမှ မသေဆုံးဘူး....
အမဆီမယ် ကော်မန့်တွေ အများကြီးတော့ ...
လွမ်းစရာတွေ များသားနော်..

အမရေ.. link လို့ကျေးဇူးပါ

တန်ခူး said...

‘မ’ရေ… ဟုတ်တယ်နော်… စွယ်တော်လဲပန်းတပွင့်မို့  ပန်းအလှတော့ရှိတာပေါ့…

အပူအပင်ကင်းတဲ့ ဘ၀ရဲ့ ရွှေရောင်နေ့ ရက်တွေပေါ့ KK SNH ရေ…

သက်ဝေရေ…အားပေးတာ အားတွေရှိသွားတယ်… ပြည်Short Trip လေးအကြောင်းမျှော်နေမယ်နော်…

မလွမ်းဘယ်သူရှိမလဲ စကားပန်းရေ… ခုလိုလာလည်တာကျေးဇူးပါ… နောင်လဲလာလည်နော်…

Anonymousရေ… ဟုတ်တယ်… နောက်ပိုင်းကလေးတွေ အရမ်းလှလာကြတာ…

အေးငြိမ်းဝေရေ… အင်း…ဒီအကြောင်းသက်သက်ကြောင့်တော့ နူးညံ့တာမဟုတ်ဘူးထင်တယ်… ကျောင်းကိုခွဲရမှာစိုးလို့ …သူငယ်ချင်းတွေနဲ့ ခွဲရမှာစိုးလို့ ဆို ပိုမှန်မလားပဲ… ခုလိုလာလည်တာကျေးဇူးပါ… နောင်လဲလာလည်နော်…

ကျေးဇူးပါဇနိရေ… စီနီယာ၊ဂျူနီယာ အမျိုးတွေပေါ့… နောင်လဲလာလည်နော်…

ဟုတ်ပါတယ်ဂျစ်ရေ… အင်ဂျင်နီယာဆိုမှ same categoryပေါ့နော်…
နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကျော့ရေ… သဇင်က သဘောကောင်းတဲ့ မမဌေးကို သဇင်သူတွေတိုင်း လွမ်းကြမှာပါ… ကျောင်းကြီးကတော့ အမြဲအိပ်မက်ထဲမှာ… နောင်လဲလာနော်… ညီမblog urlကဘာလဲဟင်… profile accessလုပ်လို့ မရဘူးဖြစ်နေတယ်…

နုရေ… မစန္ဒာရဲ့ ဂျီဟောသူက ရန်ကုန်အိမ်မှာ ကျန်ခဲ့တယ်… ပြန်မှာပြီးတင်ကြည့်ပေးမယ်နော်…

Anonymousရေ…ခုလိုလာလည်တာ ကျေးဇူးပါ…

ကျေးဇူးပါdilo bearရေ…

ကိုပေါရေ… ကျွန်မတို့ ကျောင်းကြီးက တကယ့်ကို လှတာပါ… ကျောင်းကြီးကို သံယောဇဉ်ကြီးတဲ့ ဆရာ ကျောင်းနဲ့ ခွဲနေရတာ တွေးမိတိုင်း ငိုချင်တယ်…

ကောင်းကင်ကိုရေ…တဣသိုလ်အရသာတွေ ပေါ့ပျက်သွားတဲ့အခါ ပျော်စရာဆိုတာ ခပ်ပါးပါးပါပဲ…

အိမ့်ရေ… ပထမနှစ်ကတော့ ဒူးတုန်တုန်နဲ့ ပေါ့… နောက်တော့လဲ ကျင့်သားရသွားရော…
တို့ လဲ ကျောင်းပြီးတဲ့အထိ မိသားစုနဲ့ ကန်သာယာ(သို့ ) အောင်သိပ္ပံမှာ သွားသွားစားတယ်
…မေတို့ ဖေတို့ က တို့ ဒီထွက်လာတဲ့အထိ သွားတုန်း… သူတို့ ပါကျောင်းကိုချစ်သွားကြတာလေ…

သက်ဝေရေ… လူရင်းကြီးတွေမို့ ကျေးဇူးမတင်ကြေးလေ….

နောင်လေးရေ… ဟုတ်ပါတယ်… တအူတုန်ဆင်း ညီအကိုမောင်နှမ အရင်းတွေပါပဲ…

Anonymousရေ…RITက တို့ အားလုံးနှလုံးသားမှာအမြဲရှင်သန်နေမှာပါ…

မောင်မျိုးရေ… စာမေးပွဲဖြေရတာကလွဲရင် တသက်လုံးကျောင်းတက်နေချင်လောက်အောင် ကျောင်းသားဘ၀က ပျော်စရာကောင်းပါတယ်…

JulyDreamရေ…အလွမ်းတွေထပ်တူကျတယ်… ခုလိုလာလည်တာကျေးဇူးပါ… နောင်လဲလာလည်နော်…

မြတ်နိုးရေ… ဘယ်တော့မှမသေဆုံးတဲ့ တို့ ကျောင်းကြီးနဲ့ တို့ ကြားက သံယောဇဉ်တွေပေါ့…

ကလိုစေးထူး said...

ဒီဘက်ကို မရောက်ဖြစ်တာ လေးငါးရက်ရှိတဲ့အကျိုး၊ အခုတော့ စာကောင်းတပုဒ်ကို နောက်ကျမှ ဖတ်ရပြီ။ တခါတလေကျတော့လဲ ဘလော့ဂ်တွေလိုက်ဖတ်ရင်းနဲ့ ဟိုကနေဒီရောက်၊ ဒီကနေ ဟိုရောက်နဲ့ ကိုယ်ဖတ်နေကြ ဘလော့ဂ်ဆီကို တော်တော်နဲ့ မရောက်နိုင်တော့ဘူး တန်ခူးရေ…။
ကျနော် မေမေက လုပ်သားကောလိပ်ကျောင်းသူ…။ ညနေခင်းဆိုရင် အဲဒီကောလိပ်ကို သွားသွားတက်တော့ တခါတလေကျရင် သူတို့ကျောင်းမဂ္ဂဇင်းတွေ အိမ်ကိုပါလာတတ်တယ်။ စာဖတ်တာ ၀ါသနာပါတဲ့ ကျနော်က အဲဒီမဂ္ဂဇင်းတွေကို အမြဲလိုလို ယူယူဖတ်တာပေါ့။ ဒါနဲ့ ကိုယ်မတက်ဖူးပေမယ့် အဲဒီကောလိပ်ကျောင်းကို တကယ်ပဲ သွားတက်နေရသလိုလို ခံစားတတ်လာတယ်။ အခုလဲ တန်ခူးစာကို ဖတ်ရတာ အဲဒီလို မဂ္ဂဇင်းထဲက စာတပုဒ်ကို ဖတ်ရသလိုပါပဲ။ ကိုယ်တိုင်သွားတက်ခွင့် မကြုံခဲ့ရပေမယ့် စာဖတ်နေတဲ့ အခိုက်အတန့်လေးမှာတော့ ကျနော်လဲ အာအိုင်တီကျောင်းသား ခဏဖြစ်သွားတယ်။

Kyawt said...

အမတန်ခူးရေ
ကျွန်မရဲ့ gmail accountနဲ့အမဆီမှာcommentဝင်ရေးတာပါ။
ကျွန်မလဲကိုယ်ပိုင်အိမ်ကလေးလုပ်နေတာ
မပြီးနိုင်ဘူးဖြစ်နေတယ်အမရေ။
အိမ်ပြီးသွားရင်ကျွန်မရဲ့အိမ်သစ်ကို
လာလည်ပါလို့ကြိုဖိတ်ထားမယ်နော်.....အမတန်ခူးရေ။
အရေးအသားအရမ်း
ကောင်းတဲ့အမရဲ့လက်ရာအသစ်တွေကိုလဲ
စောင့်မျှော်နေပါတယ်။

bsf said...

မတန်ခူးရေ ရေးတက်လိုက်တာ ဘယ်Tutionတက်ထားလဲမသိဘူးနော်။ကျွန်တော်post အသစ် တွေစောင့်ဖတ်လိုက်ရတာအမောပါပဲ။

ပုလုကွေး said...

ကျောင်းကြီးကို သတိရတယ်.ကန်သာယာမှာ ထမင်းစာချင်တယ်။ ကျောင်းအကြောင်း အလွမ်းပြေ ဆက်ရေးပါအုံးမမရေ။ အားပေးနေတယ်။ ဒါနဲ့ မမ ပို့လေး မမဘလော့နာမည် မပါပဲနဲ့ ကျတော်တို့ကြားထဲမှာ တော်တော်လေးပျံနေတယ်ဗျာ။ pdf file အနေနဲ့ပေါ. အနည်းဆုံးတော့ ဖန်တီးသူနာမည်လေးပါသင်တယ်လို့ကျတော်ထင်တယ်

တန်ခူး said...

ကိုစေးထူးရေ… အားတက်စေတဲ့commentလေးအတွက် ကျေးဇူးပါ…

ကျော့ရေ… ညီမအိမ်လေးပြီးသွားရင် လက်တို့ လိုက်နော်… လာလည်လွန်းလို့  ချောင်းပေါက်နေမှာ…

ကျေးဇူးပါ bsfရေ… ကျွန်မpostအသစ်တွေ စောင့်ဖတ်တယ်ဆိုတာ သိရလို့ ကျေးဇူးနှစ်ထပ်ပါ… နောင်လဲ အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကျေးဇူးပါ ပုလုကွေးရေ…ကျွန်မက ကျောင်းကို အလွန်အကျွံ သံယောဇဉ်ကြီးတတ်သူဆိုတော့ ကျောင်းအကြောင်းတွေ အလျင်းသင့်သလို ရေးဖြစ်နေဦးမှာပါ… ကျွန်မpostလေးကို ဖြန့် ဝေပေးသူတွေကို ကျေးဇူးတင်ပါတယ်… အလွမ်းပြေပေါ့လေ… နောင်လဲ အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

Kyaw Kyaw said...

Hi sister,

I like your post, RIT Student. Really good post and can describe the RIT girls' lives clearly.I miss my school time after reading ur post cos I also Engineering Student from MIT. So let me describe ur post in our forum of www.chintwin.com with credit of your blog address. I hope you will give permit to copy of you post.

Thanks a lot for your post and kindness.

Best Regards,
Kyaw Kyaw.

တန်ခူး said...

ကျော်ကျော်ရေ… RIT,YIT,MIT,YTU,……..xxxTU အားလုံး အမျိုးတွေပေါ့နော်… ဒီpostလေးကတဆင့် အင်ဂျင်နီယာ မျိုးဆက်သစ်တွေကို ခင်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်… ကျွန်မpostနဲ့ blog addressကို chintwinမှာသုံးပါ… ကျွန်မကိုယ်တိုင် အညာသူတယောက်မို့  အညာသူအညာသားတို့  ဆုံဆည်းရာ ချင်းတွင်းမှာ ပတ်သက်ခွင့်ရတာ ကျေးဇူးပါ… အခွင့်သာရင် ချင်းတွင်းကို လာခဲ့ပါမယ်… နောင်လဲ ကျွန်မဆီ လာဖို့ ဖိတ်ခေါ်ပါတယ်….

Anonymous said...

Dear Sister,

Good day!

Really good writing.
One of my friend share it from SG.

Let me memories back our student life clearly.

Looking forward to see your next good one.

SZM
(from TW)

တန်ခူး said...

ခုလိုအားပေးတာ ကျေးဇူးပါ SZMရေ…

mmgamedev said...

မှန်လိုက်လေ အမရယ်။
ကျောင်းကိုတောင် အတော်လေး ပြန်မြင်ယောင်မိတယ်။ အမက စာရေးတော်ကောင်းတာပဲ။
ကျွန်တော်လည်း R.I.T (Y.I.T) ကပါ။ 95 batch ပါ။ ကျွန်တော်တို့အပြီး နောက် ၂ နှစ်လည်းကြရော ကျောင်းတော်ကြီးလည်း ပျက်စီးတာပါပဲ။

လွမ်းတယ်... ကျောင်းတော်ကြီးရယ်...

mmgamedev said...

ဟဲဟဲ ပြောရအုံးမယ်
first year တုန်းကပေါ့။ ရှေ့ဆုံး တန်းလုရကနေ တစ်ခါတော့ ဒီလောက်တောင်ဖြစ်လှတာ ကဲကွာ ဆိုပြီး ရှေ့ဆုံးတန်းမှာ ကျွန်တော် တစ်ယောက်ထဲ ပေကပ်ကပ်နဲ့ မိန်းမတွေကြား ခတ်တည်တည်ပဲ ထိုင်နေလိုက်တယ်။ သူတို့က မရှက်ဘူးလား တဲ့ အနောက်တန်းပြောင်းတဲ့။ ဘယ်ရမလည်း ရှက်ဘူးလို့ နင့်ဘာနင်ထိုင် ငါလည်းငါ့ဘာငါ ပဲလို့။ ပြီးရော :D

khine said...

အမရေ-
အမကို ဒီ RIT ကျောင်းသူနဲ့ စပြီးသိပါတယ်။
ခံစားချက်ခြင်း တူတာများလို့ အမနဲ့  အတန်းသိပ်မကွာဘူးလို့ ယူဆမိပါတယ်။
အမှတ်တရ ပုံ၇ိပ်များကို ဖတ်၇တဲ့အတွက် ကျေးဇူးပါ။

heinthuraaung said...

ကောင်းတယ်ဗျို့။ကျောင်းတော်ကြီးကိုလွမ်းထားတာ။
ပြန်မျှဝေလိုက်ပါတယ်။
http://naylwanthu3.blogspot.com/2008/09/blog-post_26.html

ပိုင်သူ said...

ဖတ်လို့ကောင်းပါတယ်ဗျာ၊လွမ်း၀၇ာကောင်းတာပဲ၊

aung myo said...

အစ်မေ၇းထားတာကို ဖတ်ပြီး ကျောင်းသား ဘ၀ကို ပြန်အမှတ်၇လို. လွမ်းမိပါတယ်.... အစ်မ၇ဲ. စာ အေ၇းအသား ကောင်းတယ် သိလား....
၇န်ကုန်မှာ ရှိတုန်းကတော. ကျောင်းပြီးသွားပေ မယ်.လည်း ပိတ်၇က်တွေနဲ. အားတဲ. အချိန်တွေဆို သူငယ်ချင်းတွေ ချိန်းပြီး နွေးအေးမှာ ဆုံဖြစ်ကြတယ်.... ခုတော. .....

MTSO said...

ကဲကျောင်းပြန်င်္ခင်.ပါပြီ

အူကြောင်ကြား said...

ဆဌမ နှစ်ကနေ ပထမနှစ် ကို ပြောင်းပြန် အောက်ကနေ အပေါ် ဖတ်သွားလိုက်တာ ပိုတောင်းဖတ်လို့ ကောင်းနေသလိုပဲ....

အူကြောင်ကြား said...

မာလိုလို ဘိုလိုလို စီးကရက် အစ...
ရွှေနှင်းဆီ နဲ့ ဂျိုးသိန်း အလယ်...
လပ်ကီးစထရိုက် မွန်ထရီနဲ့ အဆုံး...
သံဗူးလေး ကိုသောက်...
စိုးမြင့်ကြော် တလှည့် ခေါက်ဆွဲကြွပ်ကြော် တလှည့်....
ဦးလေးကြီးပုံမှန် တစ်ခါ...
လဖက်ထမင်းနဲ့ ကြက်သွန်ဖြူကိုခဲ....
ပဲထမင်းနဲ့ ကြက်ဥကြော်လည်း သတိရလွန်းလို့ အိမ်မှာ ကိုယ်တိုင်ကြော်စားတာ မမှီသေး...
တစ်ပွဲ တစ်ရာ ကြိုက်ရာဟင်းနဲ့ ထမင်းစားဆောင် ထဲမှာလည်း စားကောင်းခဲ့တာပဲ....
ထမင်းပန်းကန်ထဲ ဟင်းရေ(ကျောင်း ရောက်ခါစက ပန်ကန်ဆေး ရေဟုပင် ထင်မိ) လောင်းထဲ့ပြီး အသားဟင်းနုတ်နုတ်စင်း ကိုလည်း တပ်မက်မှု မပါသော နည်းနဲ့ စားခဲ့သေးတာပဲ...
ကုတင်သေးသေးလေးမှာ (၃)ယောက် အိပ်ခဲ့တာ ဘယ်လိုပါလိမ့် ဆိုတာ ခုတော့ စဉ်းစား စရာပေါ့...
ဘတ်စကား တွယ်စီး အပြီး လိုရာရောက်တော့ အောင်နိုင်စွာသော အပြုံးမျိုး ကို ပြုံးလိုက်ချင်ပါသေးသည်လေ...