Monday, June 24, 2013

ဘ၀ချိုချိုအချစ်ခါးခါး





“အရင်တုန်းက ဒီလမ်းလေးက ချစ်သူလာရာလမ်းလေးပေါ့… ဟိုးကန်တင်းဘက်က ချစ်သူပုံရိပ်လေးများ ခပ်ရေးရေးတွေ့ ရပြီဆို ငါ့ခြေဖျားလက်ဖျားတွေ အေးစက်လာတာ… ချစ်သူအနားရောက်လာတော့ မပြတ်သားတဲ့ချစ်သူ့ အကြည့်တချက်နဲ့ တင် ငါ့နေ့ ရက်တွေအသက်ဝင်သွားပြန်ရော… ရူးခဲ့တဲ့အချိန်တွေပေါ့နော်… ပြန်တွေးကြည့်တော့ အဲဒီခံစားမှုလေးတွေ လွမ်းစရာတော့ကောင်းသား… အရပ်ရှည်လွန်းလို့  လမ်းလျှောက်ရင် ခပ်ကိုင်းကိုင်းလေးဖြစ်နေတာကိုက ရင်ခုန်မိနေတာ”

ခံစားချက်သမားမွန်က ဟိုးတုန်းကလို သူ့ ခံစားချက်တွေကို ကဗျာတပုဒ်ရွတ်သလို ရွတ်ပြနေတော့ ကိုယ်တို့ အားလုံး အသက်တွေ ထက်ဝက်လောက်ငယ်သလို ခံစားသွားရတယ်။ မွန်မို့  အဲလိုလေးတွေပြောနေပြီဆို စာရေးဝါသနာပါတဲ့ကိုယ်က မွန့် မျက်လုံးလေးတွေကိုငေးပြီး စိတ်ကူးနဲ့ ဝတ္ထုတပုဒ်ဖြစ်ရော။ ဒီလိုပါပဲ မွန်ရဲ့တိတ်တခိုးချစ်သူနဲ့ မွန့် ဇာတ်လမ်းက ဒီနေရာတင်ရပ်တန့် လို့  ရှေ့ လည်းမတိုး နောက်လဲမဆုတ်နဲ့ ဇာတ်တငံ့ငံ့ဖြစ်ခဲ့တာ နောက်ဆုံးနှစ်အထိပါပဲ။ တခါတလေ စိတ်မရှည်လို့ မွန့် ချစ်သူဆိုတဲ့သူကို မျက်နှာချင်းဆိုင်သာမေးလိုက်ချင်ရဲ့။

“မွန်အဲလိုတွေခုထိပြောနေတုန်းဆိုတော့ နင့်ယောင်္ကျားက သ၀န်မတိုဘူးလား”

“နင်တို့ နဲ့ လဲတွေ့  ကျောင်းကြီးလဲပြန်ရောက်မို့  စမြုံ့ပြန်ရုံသက်သက်ပါဟာ… ငါ့မယ် တနေ့ တနေ့ ကလေးသုံးယောက်နဲ့ လုံးလည်လိုက်နေတာ… ချစ်သူဆိုတာ ဘယ်ချောင်ရောက်နေမှန်းမသိပါဘူး… ဒါပေမယ့် ခုချိန်များ သူနဲ့ တွေ့ ရင် ၀ိုင်းစုသီချင်းထဲကလို မေးတော့မေးချင်သား… ချစ်ခဲ့ဖူးသလားဖြေပါလို့ ”

၎ဂဏာန်းladyတွေလို မဟုတ်ပဲ ဆယ်ကျော်သက်လေးတွေလို ပေါ့ပေါ့ပါးပါးရယ်မိကြတယ်…။

“မွန်.. တကယ်မေးမှာလား… ဟိုမှာနင့်ချစ်သူမဟုတ်လား.. အဲလောက်ဝနေတာတောင် လူကကိုင်းနေတုန်း"

တူးပြတာကို ကိုယ်တို့ အားလုံးဝိုင်းကြည့်မိပြီး ဘာစကားမှ မဆိုနိုင်။ မွန့် ချစ်သူက ငယ်ငယ်ကလို ပိန်ပိန်မဟုတ်။ လူဝကြီးအကြီးကြီးဖြစ်နေတယ်…။ သူ့ ဇနီးလို့ ထင်ရတဲ့ သူကလဲ သူနဲ့ ဆိုက်တူဂိုက်တူ။ ပြီးတော့ ကလေးလေး၃ယောက်ကလဲ အကြီးကြီး။ ကားကြီးအကြီးကြီးပေါ်က ဆင်းလာကြတာ ယိမ်းကတဲ့အတိုင်း။

"ဘုရားရေ… တကယ်ကြီးပါလား”

မွန်ခမျာ အသံတောင်သေးသေးလေးကျန်တော့တာ။

“ချစ်သူလာရာလမ်းကနေ ချစ်သူတကယ်လာနေပါရောလား မွန်ရေ… ချစ်ခဲ့ဖူးသလားဖြေပါ..မေးဦးမလား”

“တော်ပြီ… ဒီဇာတ်လမ်းဒီမှာဇာတ်သိမ်းကြစို့ ”

မွန့် ရဲ့လက်ကလေးတခါခါနဲ့ ငြင်းလိုက်တာကြောင့် ကိုယ်တို့ အားလုံး အားရပါးရရယ်မိတော့တယ်။ ဘ၀အမောတွေတောင် လွင့်စင်သွားသလားထင်ရဲ့။

******************************************************************

“မှတ်မိလား ထက်… ငါတို့ နှောက်ဆုံးနှစ်က ဒီနေရာလေးမှာပဲထိုင်ပြီး အချစ်အကြောင်းပြောခဲ့ကြတာ… အဲဒီတုန်းက ငါ့မှာပြောစရာကို မရှိအောင် အချစ်နဲ့ က သူစိမ်းသက်သက်”

“သိပ်မှတ်မိတာပေါ့… အဲဒီတုန်းက တို့ အားလုံးက နင့်ကို အပျိုကြီးဖြစ်ဖို့ ၈၀%လောက်လို့  တပြိုင်နက်ထဲ ထင်ကြေးပေးကြတာ… ”

တူးက သူ့ ပါးချိုင့်ခွက်လေးတွေပေါ်အောင် ပြုံးတယ်…။ တိုင်းလုံးကြီးတွေနဲ့  Main Buidling ခပ်စောင်းစောင်းလေးရယ် တရုတ်စကားပင်ကလေးရယ်… ပြီးတော့ ABCDအဆောင်တွေရယ် ကျောင်းအ၀င်ကားလမ်းလေးရယ်နဲ့  ဒီမြင်ကွင်းလေးကို အားလုံးက ကြိုက်လွန်းလို့  ဒီနေရာလေးမှာ လူရှင်းချိန်ဆို အတူဆုံအတူထိုင်ခဲ့ကြတာ…။ အဲဒီတုန်းက စာရေးဖို့ ဇာတ်လမ်းရှာတတ်တဲ့ ကိုယ့်အသံက ညံတတ်သလောက် ယောင်္ကျားလေးတွေကို စကားပြောရမှာကို ကြောက်တတ်တဲ့ တူး အသံက အတိတ်ဆုံး။ ခုတော့လဲ တူးကချစ်စရာ၀၀ကစ်လသားသားလေးနဲ့  အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်တဲ့ ခင်ပွန်းနဲ့ ။

“ဘာပဲဖြစ်ဖြစ် နင့်အမျိုးသားက နင့်ကို အရမ်းဂရုစိုက်တာနော်…ကလေးကိုလည်းချစ်လိုက်တာတုန်လို့ … နင်ကံကောင်းပါတယ်တူးရယ်”

“ခုထိပေါ့ဟယ်… အနာဂတ်ဆိုတာ ကြိုမြင်နိုင်တာမှမဟုတ်တာ… ရယ်စရာကောင်းတာက မိန်းမတယောက် အသက်၄၀ကျော်မှ သင့်တော်တဲ့လူပျိုလူလွတ်တယောက်နဲ့  အိမ်ထောင်ပြုတာကို ကဲ့ရဲ့တတ်ကြပြီး ပေါ်တင်ကိုအိမ်ထောင်ရေးဖောက်ပြန်လာတဲ့ယဉ်ကျေးမှုပျက်ယွင်းမှုကျတော့ မသိချင်ယောင်ဆောင်ပြီး ယဉ်ပါးနေကြတာ… ငါ့မှာ ဘာကိုယ်ကျင့်တရားမှ မဖောက်ပြန်ပဲ ကိုယ်နဲ့ သင့်တောင်တဲ့သူနဲ့ အိမ်ထောင်ပြုတာကို အတော်ကဲ့ရဲ့ခံလိုက်ရတာ… ရယ်စရာမကောင်းဘူးလား”

အမြဲအေးအေးနေတတ်တဲ့ တူးဆီက အဲဒီလို ကြားရတော့ အပြုသဘောနဲ့ မြင်ရမယ့် ကိစ္စကို အပျက်သဘောနဲ့ မြင်တတ်တဲ့ လူတချို့ ကို ကိုယ်အားမလိုအားမရမချင့်မရဲဖြစ်မိတယ်…။ ဟုတ်ပါရဲ့…။ ခုနလေးတင် သူငယ်ချင်းယောင်္ကျားလေးတယောက်ကို ၀ိုင်းနောက်နေတာကြားလိုက်မိတယ်…။ ဟေ့ကောင်… မင်းဘယ်နှစ်ယောက်ရှိပြီလဲတဲ့…။ ဒီလို စကားမျိုးကို စနောက်လာတဲ့အထိ ယဉ်ပါးလာကြတာလေ။

“တူးရေ… ငါကတော့ ပတ်ဝန်းကျင်တန်ဖိုးဖြတ်မှုကို သိပ်ဂရုမစိုက်ဘူး… ကိုယ့်ဘာသာပဲတန်ဖိုးဖြတ်တယ်… ကိုယ့်စိတ်ကိုယ်ကိုယ်ဆန်းစစ်တယ်.. စိတ်ဓါတ်အဆင့်အတန်းမြင့်အောင်ကြိုးစားတယ်…”

ထက်ပြောတာကို အပြည့်အ၀ထောက်ခံမိတယ်..။ ထက်က နာမည်နဲ့ လိုက်အောင် အတွေးထက်အလုပ်ထက်သူ…။ ထက်လွန်းလို့ တစုံတယောက်က သူ့ ကို ချန်ထားခဲ့သည်တဲ့…။ အဲဒီတုန်းက ထက်ရယ်သံကို ခုထိအလွတ်ရတုန်း…။

******************************************************************

“ကို့ … ထီးကြီးက ဖွင့်လို့ မရဘူး… ကျပ်နေတယ်… ဒီလောက်နေပူကြီးထဲမှာ မီးလမ်းမလျှောက်ဖူး.. အသားတွေမဲကုန်လိမ့်မယ်… ကားဆီရောက်အောင် ထီးဖွင့်ပေး”

“ဖွင့်ပေးမှာပေါ့ကလေးရဲ့… ကဲ..ဒီမှာရပြီ”

ခုခေတ်စားနေတဲ့ မင်းသမီးဝတ်မှုံရွှေရည်လို အသံကွဲအက်အက်လေးချွဲချွှဲလေးကြောင့် ကိုယ်တို့ အားလုံးတိုင်ပင်စရာမလို အသံလာရာဆီ စပ်စုမိကြတယ်…။

“ပလုတ်တုတ်”

ထက်ရဲ့အံ့သြသံလေး တိုးတိုးလေးထွက်လာတယ်…။ ကောင်မလေးပုခုံးလေးကိုဖက် ထီးလေးမိုးပေးနေတဲ့ လူတယောက်…။ မသိရင်တော့ လူမင်းနဲ့ ဝတ်မှုန်ရွှေရည်အချစ်ကားလေးရိုက်နေတယ့်ပုံ။ အဲဒီခြေလှမ်း.. အဲဒီဟန်.. အဲဒီအသံကြားလိုက်မြင်လိုက်တာနဲ့  ကိုယ်တို့ အားလုံးအလွတ်ရလောက်အောင် ရင်းနှီးခဲ့တဲ့ ကိုယ်တို့ ရဲ့သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးပါ။ ပြီးတော့ ထက်ကို ထက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  ချန်ထားခဲ့တာလို့ ပြောတတ်သူ။

“ထက်… ကိုယ့်ထီးကို ကိုယ့်ဘာသာဖွင့်နေသမျှ နင်တသက် ယောင်္ကျားမရဘူးမှတ်”

“ဟား….ဟား…ဟား…. ယောင်္ကျားမရရင်နေပါ… ထီးလေးဖွင့်ဖို့ အတွက်သက်သက်နဲ့ လဲ ဘယ်ယောင်္ကျားမှ လက်မထပ်တဲ့ အင်ဂျင်နီယာမပါဟ”

တကယ်တော့… ထက်က ခပ်ထက်ထက်ဆိုတာ သူတင်မဟုတ် လူတိုင်းသိတာပဲ။ ခပ်ထက်ထက် မိန်းမတယောက်ကို မလွှဲသာမရှောင်သာ ချစ်မိပြီး အိမ်ထောင်ဘက်အဖြစ်ရွေးချယ်လို့  မသင့်တော်ဘူးဆို တယောက်ထဲအဆိုသွင်း တယောက်ထဲငြင်းချက်ထုတ်ပစ်ခဲ့သူ။ အဲဒီတုန်းက ထက်က ခပ်ကျယ်ကျယ်အော်ရယ်ပြီး နင်ကရွေးချယ်ခဲ့ရင်တောင် ငါကလက်ခံမလားဆိုတာ ပြန်စဉ်းစားဦးလို့  ခပ်ရဲရဲကို ပြောဖြစ်ခဲ့တာ။ သူတိုင်းတဲ့ပေတံနဲ့ တိုင်းပြီး ယောင်္ကျားတယောက်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုဟာ ကိုယ်ပြောသမျှယုံ ကိုယ့်ဆုံးဖြတ်တာပဲနာခံ အသေးအဖွဲကအစ ကိုယ့်သာအားကိုးမှ ဇနီးကောင်းလို့  သတ်မှတ်ရင်တော့ နေရာတကာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘာသာဖြန့် ကျက်တွေး ကိုယ့်ဘာသာလေ့လာတတ်ဖို့  လေ့ကျင့်ပေးလာတဲ့ ကိုယ်တို့ လိုအင်ဂျင်နီယာမတွေက ဇနီးကောင်းမဖြစ်တော့ဘူးပေါ့။ ကိုယ်တို့ အားလုံး မတိုင်ပင်ပဲ ၀ါးလုံးကွဲရယ်မိကြတယ်။

******************************************************************

“တကယ်လို့ များ… အဲဒီညနေက သူ့ မျက်ရည်တွေဆီမှာ ငါမပျော်ဝင်ခဲ့ရင်… ပြီးတော့ ဥပေက္ခာပြုနိုင်တဲ့ အင်အားတွေရှိနေခဲ့ရင် ဒီအချိန်မှာ ဒီလိုခါးသီးမှုတွေ မရှိပဲ နင်တို့ လို့  ပေါ့ပေါ့ပါးပါး ရယ်မောနိုင်မလားပဲနော်”

ဟိုးအဝေးက မှုန်ပြပြကျောင်းအ၀င်ကားလမ်းလေးကို ငေးပြီး ငြိမ်းက တိုးတိုးလေးညည်းတော့ ကိုယ်တို့ ရင်ထဲမှာ ငြိမ်းမငြိမ်းနိုင်သလို ထပ်တူပါပဲ…။ အဲဒီတုန်းက ငြိမ်းအငြင်းကို ကြေကွဲပေါက်ကွဲနေခဲ့တဲ့ ကောင်လေးတယောက်။ ရှပ်အဖြူလေးအမြဲဝတ်တတ်တဲ့ သူ့ ရဲ့ရိုးသားတဲ့ပုံရိပ်လေးရယ် ခေါင်းလေးငုံ့ ပြီး ငြိမ်းအရိပ်လို ငြိမ်းနောက်သာ တကောက်ကောက်လိုက်တတ်တာရယ်… ငြိမ်းများ ညူစူလိုက်ရင် နေစရာမရှိသလို မျက်နှာလေးငယ်သွားတတ်တာရယ်… အဲဒါတွေ အကုန်လုံးဟာ အချစ်လို့  ကိုယ်တို့ အတူတူထောက်ခံခဲ့ကြတာ…။ ငြိမ်းအရိပ်တကြည့်ကြည့်နဲ့  ငြိမ်းငြိုငြင်မှာအမြဲစိုးနေတတ်တာမို့ … ငြိမ်းကိုဘ၀တလျှောက်လုံး ဂရုစိုက်မယ့်သူပါပဲလို့  ကိုယ်တို့ အားလုံးငြိမ်းကို တိုက်တွန်းခဲ့ကြတာ…။ တကယ်တော့ ငြိမ်းနှလုံးသားထဲမှာ သူအသေအချာကို စိုးမိုးနေပြီဆိုတာ ကိုယ်တို့ အားလုံးကလဲ ငြိမ်းနဲ့ ငယ်ပေါင်းကြီးဖော်တွေမို့  ရိပ်မိသိရှိတာကလဲ အဓိကပေါ့လေ…။

“ဟုတ်ပါတယ်ငြိမ်းရယ်… နာမည်လေးနဲ့ လိုက်အောင် ဘ၀ကိုလဲ အမြဲငြိမ်းငြိမ်းလေး နေချင်တဲ့ငြိမ်း… ချစ်လျက်နဲ့ တောင် အိမ်ထောင်ရေးဆိုတာ မယုံရဲလို့  ငြင်းလွှတ်ခဲ့တုန်းက တိုက်တွန်းမိခဲ့တာမို့  တို့ အပြစ်တွေလဲ ပါတာပေါ့ဟာ”

ငြိမ်းက နာနာကျင်ကျင်ပြုံးတယ်…။

“တကယ်တော့ ငါကိုယ်တိုင်က စိတ်ပါလက်ပါကို ချစ်မိခဲ့လို့ ပါ… အတိတ်ဘ၀က ကုသိုလ်ကံတွေနဲ့ သာ ဆိုင်တာပါလေ”

ကိုယ်တို့ ရဲ့ အတိတ်ကို တိတ်တိတ်ဆိတ်ဆိတ် အလည်သွားနေတဲ့ အချိန်လေးကို ကန်တင်းဘက်က ပြန်လာတဲ့ သူတို့ အသံတွေက ဖျက်စီးပလိုက်တယ်…။ အရင်ကလို ရှပ်အဖြူလေးနဲ့ လူတယောက်…။ ဒါပေမယ့် အရင်ကလို ခပ်နွမ်းနွမ်းလေးတော့ မဟုတ်။ လက်ညှိးညွှန်ရာ ရေဖြစ်ပြီး အတိတ်မေ့ရောဂါဖြစ်နေသူ…။ သူ့ မျက်နှာကတော့ ငြိမ်းနဲ့ ဆန့် ကျင်စွာ ရွှင်လန်းတက်ကြွလို့ …။ နင့်ကိုမုန်းလိုက်တာ ပြီးတော့ အော်ဂလီဆန်လိုက်တာ။

“ငြိမ်း… ပြန်ရအောင်… ကိုယ်သိပ်အကြာကြီးနေဖို့ အချိန်မရှိဘူး…”

ဘေးက ငုတ်တုတ်ထိုင်နေတဲ့ သူငယ်ချင်းအရင်းကြီးတွေတောင် အားမနာနိုင်။ ငြိမ်းမပြန်ချင်သေး။ ခုနတင်ငြိမ်းကိုယ်တို့ ကိုပြောခဲ့သေးတယ်။ အိမ်မှာနေရတာ ငရဲပဲတဲ့။ တကယ်လို့ သာ ငြိမ်းချစ်တဲ့ သားလေး၂ယောက်သာ မရှိခဲ့ရင် ငြိမ်းအဲဒီငရဲမှာ နဲနဲလေးမှ မနေချင်ပါတဲ့။ တုန့် ပြန်လွယ်တဲ့ ကိုယ်ကပဲ ငြိမ်းအစား ပြောဖို့ ပြင်လိုက်တယ်။

“နင့်ဟာနင်ပြန်နှင့်… ဒီလိုတွေ့ ဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး… ငါတို့ ငြိမ်းကို လိုက်ပို့ လို့ ရတယ်”

“အေး… ပြီးတာပဲ…”

ငြိမ်းကိုတောင် နှုတ်မဆက်ပဲ ကားပေါ်ပေါ့ပေါ့ပါးပါးတက် မောင်းထွက်သွားတဲ့ ငြိမ်းခင်ပွန်းကို ကြည့်ပြီး စိတ်ထဲမှာ အတော်ကို ခံပြင်းမိတယ်။ ငြိမ်းနဲ့ အတူ ဟိုးသုညဘ၀ကစခဲ့ကြတဲ့ စီးပွားရေးအောင်မြင်မှုကို သူ့ အောင်မြင်မှုသက်သက်လို ခံစားပြီး ကိုယ်သေမတတ်ချစ်လို့ ယူထားပါတဲ့ဆိုတဲ့ ဇနီးကို ပစ်လို့  အသစ်ရှာပျော်ပါး လောကစည်းစိမ်ခံစားနေတဲ့သူ…။ ယောင်္ကျားတယောက်ရဲ့မျက်ရည်တွေနဲ့  မိန်းမတယောက်ဘ၀နဲ့ နှလုံးသားကို အဆုံးစီရင်ဖို့ နိဒါန်းပျိုးခဲ့သူ…။ သစ္စာတရားကို ချမ်းသာကြွယ်ဝမှုအောက်မှာ ချနင်းခဲ့သူ…။ ထက်က နာကျည်းစွာအသံကျယ်ကြီးနဲ့ ပြောလိုက်တယ်..။

“ငြိမ်းရေ… ငါလူသတ်ချင်တယ်”

******************************************************************

“ဘယ်လိုလဲခိုင်… ဘ၀ဆိုတာ နင်ငယ်ငယ်ကရေးခဲ့တဲ့ အချစ်ဝတ္ထုတွေလို ချိုမြိန်သလား… ဇာတ်ကောင်တွေကရော အကြွင်းမဲ့ချစ်တတ်ကြသလား… ပြီးတော့ အချစ်က ဘ၀မှာ ဘယ်လောက်အရေးပါသလဲ”

ထက်ရဲ့ မေးခွန်းတွေက လက်တွေ့ ကျပြီး လှတယ်။ ကိုယ့်မှာ အဲဒီလို ခပ်ထက်ထက် သူငယ်ချင်းတယောက်ရှိတာကို ကိုယ်က အမြဲကျေနပ်နေတတ်သူ။

“ထက်… ဟိုးငယ်ငယ်က နှလုံးသားတွေက လတ်ဆတ်တယ်… ဖြူစင်တယ်… ပြီးတော့ နေရာလပ်တွေများတယ်… အရောင်မရှိဘူး… ဒါကြောင့်အချစ်တွေက ပြည့်နေအောင် ထည့်လို့ ရတယ်…လိုသလိုစိတ်ကူးယဉ်လို့ ရတယ်… လိုသလိုဆေးရောင်ခြယ်လို့ ရတယ်… ချစ်တယ်ဆိုတာ မုန်းတာထက်ကောင်းတော့ ငယ်တုန်းက ချစ်ရတာကို ပျော်ခဲ့တာ… အဲဒါဟာ ဘ၀ကို မမြင်ဖူးသေးတဲ့ လူငယ်တယောက်ရဲ့ လွတ်လပ်တဲ့နှလုံးသားပေါ့ဟာ… အဲဒီလိုတွေးခဲ့ အဲဒီလိုရေးခဲ့တာကို ငါနောင်တမရပါဘူး”

ထက်က သူ့ ထုံးစံအတိုင်း မျက်လုံးလေးတွေ အရောင်တောက်နေအောင် ကိုယ့်ကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့် ရုံပြုံးတယ်။

“ အချစ်ဆိုတာ ဘ၀မဟုတ်ဘူးလို့  အကြမ်းဖျင်းပြောလို့ ရပေမယ့် အရင်တုန်းက ငါတို့ အရေးပါတယ်ထင်ခဲ့တာ တချို က ဘ၀မှာ သိပ်အရေးမပါတော့တာ နင်ရောငါတို့ ရော တွေ့ နေရတာပဲမဟုတ်လား… ဒီထဲမှာ အချစ်က တခုပေါ့… ပြောတတ်သလိုပြောရရင်တော့ အချစ်ဆိုတာထက် တဦးအပေါ်တဦး ကိုယ်ချင်းစာတရား မေတ္တာတရားထားဖို့ က အဓိကပဲလို့  ငါထင်မိတာပဲ… ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ်ပါ… မိဘနဲ့ သားသမီး… မောင်နှမသားချင်း… ခင်ပွန်းနဲ့ ဇနီး… သူငယ်ချင်းတွေကြား… ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားသာရှိကြရင် ဘ၀က ငါငယ်ငယ်ကရေးတဲ့ အချစ်ဝတ္ထုတွေထက်တောင် ချိုမြိန်ပါတယ်ဟာ ”

ကိုယ့်စကားကို နားထောင်ရင်း အားလုံးခဏတိတ်ဆိတ်သွားတယ်။ ဒီနေရာလေးမှာ အတိတ်နဲ့  ပစ္စုပန်ကို ပေါင်းကူးစဉ်းစားရင်း လက်ရှိဘ၀ဆီ ပြန်ရောက်သွားတယ်။

“အမှန်ပါပဲခိုင်ရယ်… ငါတို့ လက်ရှိရနေတဲ့ဘ၀မှာ ပျော်တတ်အောင် နေပျော်အောင် နေတတ်ရင်… ပြီးတော့ အကောင်းမြင်အောင်ကြည့်တတ်ရင် ဘ၀ဆိုတာ ကျေနပ်စရာပါပဲ… ငါလဲ အဲဒီလိုနေတတ်ဖို့ ကြိုးစားပါမယ်…”

ငြိမ်းစကားက ရင်ကို ထိရှနာကျင်စေပေမယ့် ငြိမ်းလက်ကလေးကို ကိုယ်တို့ အားလုံးဆုပ်ကိုင် အားပေးမိကြတယ်။ လက်ကလေးထဲက တဆင့် ကိုယ်တို့ ရဲ့မေတ္တာတွေ ငြိမ်းဆီကူးလို့ ငြိမ်းချမ်းပါစေငြိမ်းရေ။ ဘ၀မှာ ပုခုံးတဘက်အမြဲအဆင်သင့်ဖြစ်နေတဲ့ နင့်သူငယ်ချင်းတွေ ရှိနေပါသေးလားဆိုတဲ့ အသိကိုက ရှေ့ ဆက်ဖို့ အားအင်တွေဖြစ်စေတယ်။

“ကဲလာ… အပူတွေ စိတ်ဖိစီးမှုတွေ ချနင်းရင်း ငယ်အတွေးငယ်အင်အားတွေ ဖြည့်ဖို့  နွေးအေးကို ချီတက်ကြစို့ ”

သူငယ်ချင်းတွေလက်အတူတွဲရင်း ပေါ့ပေါ့ပါးပါးရယ်မောရင်း လွတ်လွတ်လပ်လပ်ပြောဆိုရင်း ဘ၀အမောတွေ တခဏပျောက်သွားတယ်။ ဘ၀ဆိုတာ အမောတွေသက်သက်မှ မဟုတ်သလို… အခါးတွေသက်သက်လဲ မဟုတ်တာနော်…။

(ချစ်သောသူငယ်ချင်းများနဲ့ ဆုံခဲ့တဲ့ မနှစ်ကဆရာကန်တော့ပွဲ အမှတ်တရ… ဇာတ်ကောင်များမှာ စိတ်ကူးယဉ်ဇာတ်ကောင်များသက်သက်သာဖြစ်ပါတယ်… တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ)

တန်ခူး

2:30pm 24-Jun-2013

5 comments:

Anonymous said...

မွန်ဆိုတဲ့တစ်ယောက်နဲ့ နာမည်ရော..အဖြစ်ပျက်ရော တည့်တည့်ကြီးမှန်သွားပါရောလား ဟားဟား
Thu Hnin See

ဆုမြတ်မိုး said...

ကြိုက်တယ် အမတန်ခူးရယ်

… ဟိုးငယ်ငယ်က နှလုံးသားတွေက လတ်ဆတ်တယ်… ဖြူစင်တယ်… ပြီးတော့ နေရာလပ်တွေများတယ်… အရောင်မရှိဘူး… ဒါကြောင့်အချစ်တွေက ပြည့်နေအောင် ထည့်လို့ ရတယ်…လိုသလိုစိတ်ကူးယဉ်လို့ ရတယ်… လိုသလိုဆေးရောင်ခြယ်လို့ ရတယ်… ချစ်တယ်ဆိုတာ မုန်းတာထက်ကောင်းတော့ ငယ်တုန်းက ချစ်ရတာကို ပျော်ခဲ့တာ… အဲဒါဟာ ဘ၀ကို မမြင်ဖူးသေးတဲ့ လူငယ်တယောက်ရဲ့ လွတ်လပ်တဲ့နှလုံးသားပေါ့ဟာ… အဲဒီလိုတွေးခဲ့ အဲဒီလိုရေးခဲ့တာကို ငါနောင်တမရပါဘူး


အဲဒီစာသားလေးတွေကိုအရမ်းကြိုက်တာပဲး) ငယ်ဘ၀အိပ်မက်တွေက ပြန်လည်မရနိုင်တော့ဘူးနော်အမ

Kay Thwel said...

Love comes and goes. Kindness will remains. ( ASSK)

ဇွန်မိုးစက် said...

အစ်မတန်ခူးရေ... ဆရာကန်တော့ပွဲ အမှတ်တရ၀တ္ထုတိုလေးကို သဘောကျနှစ်သက်စွာနဲ့ ဖတ်သွားကြောင်းပါ။ ၀တ္ထုတိုအသစ်များကိုလည်း ဖတ်ရဖို့ စောင့်မျှော်လျက်ရှိပါတယ်။း)

စံပယ်ချို said...

အရေးအသားလေးတွေခံစားလို့ကောင်းလိုက်တာ
ငယ်ဘ၀တွေကိုလဲအမှတ်ရမိပါရဲ့နော်