Monday, July 1, 2013

ဘလော့အလှူ



ဟိုးငယ်ငယ် စတိုပေစလေးတွေ စရေးကာစက ကိုယ်ရေးတဲ့စာလေးတွေကို အများကို ဖတ်စေချင်တာကြောင့် စာမူဖိုင်လေးတွေကိုင် ဟိုမဂ္ဂဇင်းတိုက်ဝင် ဒီမဂ္ဂဇင်းတိုက်ထွက်နဲ့  ပေးခဲ့ပြီး ကိုယ့်စာမူလေးများ အရွေးခံရရင် ၀မ်းသာလွန်းတာ ပြောမပြတတ်အောင်ပါပဲ။ မှတ်မှတ်ရရ ပထမဆုံး ၀တ္ထုတိုလေးကို ရင်ခုန်ပွင့်မှာ အရွေးခံခဲ့ရတာပါ။ ကိုယ့်ဘ၀မှာ ပထဆုံးရတဲ့စာမူခလေးက ကျောင်းသူဘ၀မှာမို့  ပထမဆုံးဝင်ငွေလို့ ပြောလို့ ရပါတယ်။ ပထဆုံးစာမူခလေးကို ရတနာ၃ပါးနဲ့  မိဘဆရာအားလုံးကို ရသလောက်လှူဒါန်းခဲ့တာ ခုပြန်တွေးတိုင်း ကြည်နူးရတုန်းပါ။

ကျောင်းပြီးလို့ အလုပ်အကိုင်ရပြီး ကိုယ်ပိုင်ဝင်ငွေရလို့  တတ်နိုင်သလောက် လှူဒါန်းရတာကို အမြဲကြည်နူးရပေမယ့် ကိုယ့်ဝါသနာကရတဲ့ ချွေးနဲစာနဲ့ လှူဒါန်းရတာကို ပိုကြည်နူးမိတာတော့ အမှန်ပါပဲ။ ငယ်ငယ်ကရွှေအမြုတေမှာ အရွေးခံခဲ့ရတဲ့ဝတ္ထုတိုလေးတွေကို ဆရာဦးဝင်းငြိမ်းက ရွှေဝတ္ထုတိုများစုစည်းမှုအနေနဲ့  ပြန်ထုတ်တော့ မဂ္ဂဇင်းတွေမှာ စာမူမပို့ ဖြစ်တာကြာတဲ့ ကိုယ့်အတွက် စာမူခနဲ့ အလှူလုပ်ဖို့  အခွင့်ရပြန်ပါတယ်။ အဲဒီတုန်းက နှစ်အုပ်လုံးက ရတဲ့စာမူခကို ဆရာဦးဝင်းငြိမ်းဆီကတဆင့် နာမကျန်းတဲ့ စာရေးဆရာကြီးများကို ပြန်လှူခဲ့ပါတယ်။ ကိုယ့်စာလေးတွေလဲ စာအုပ်လို အမှတ်တရပြန်သိမ်းခွင့်ရ ကိုယ်နဲ့ အဲဒီအချိန်က အတူရေးခဲ့ကြတဲ့ စာရေးဆရာများရဲ့ စာလေးတွေလဲ အမှတ်တရဖြစ် လှူခွင့်လဲရတဲ့အတွက် ဆရာဦးဝင်းငြိမ်းကို အရမ်းကျေးဇူးတင်မိပါတယ်။

ဒီရောက်လာတော့ စာရေးခြင်းအလုပ်နဲ့ တသက်ဝေးပြီလို့ တွေးမိခဲ့သေးပါတယ်။ အသက်ကြီးပြီး ပင်စင်ယူမှ စာလေးတွေပြန်ရေးမယ်ဆို စိတ်မလျော့ပဲတွေးမိပါသေးတယ်။ ဘလော့ဆိုတာ ပေါ်လာတော့ ၀မ်းသာလိုက်တာ မပြောပါနဲ့ ။ ကိုယ်ရေးတဲ့စာလေးတွေအတွက် အများဖတ်လို့ ရတဲ့ ကိုယ်ပိုင်နေရာလေးတခုဆိုတာ အရင်က အိပ်မက်တောင် မမက်ဘူးတဲ့ကိစ္စ။ စာရေးသူရော စာဖတ်သူရော တိုက်ရိုက်ထိတွေ့ လို့ ရတဲ့ နေရာ… ဘလော့ဖန်တီးရှင်ကို ကျေးဇူးအထပ်ထပ်တောင် တင်မိရဲ့။ ဘလော့ရေးခြင်း ရည်ရွယ်ချက်က ကိုယ့်ဝါသနာအလျှောက်ရေးတဲ့ စာလေးတွေ ကိုယ်စေတနာအရ ပေးချင်တဲ့အရာလေးတွေကို စာဖတ်သူကို ပေးဖို့ ရည်ရွယ်ချက်သက်သက်ပါပဲ။ သူ့ အတွေ့ အကြုံ ကိုယ့်အတွေ့ အကြုံဝေမျှရာ နေရာလေးဆိုလဲ မမှားဘူးပေါ့။ တခုပါပဲ… ဘလော့ဆိုတာ အင်တာနက်သုံးနိုင်သူတွေပဲ ဖတ်နိုင်တာမို့  အရင်က မဂ္ဂဇင်းထဲပါသလောက်တော့ လူပေါင်းစုံ မဖတ်နိုင်ဘူးပေါ့။

လူပေါင်းစုံဖတ်စေချင်တဲ့ ဆန္ဒလေးရယ် စာရေးတာကရတဲ့စာမူခနဲ့  အလှူလုပ်ချင်တဲ့ ဆန္ဒလေးက ဘလော့နဲ့ အကြာကြီးဝေးသွားပြီး စာတွေပြန်ရေးတော့ မမျှော်လင့်ပဲ ဂျာနယ်အယ်ဒီတာ ညီမတယောက်ဆီက ရတဲ့အီးမေးလ်လေးကြောင့် ပြည့်ခဲ့တယ်လို့ ဆိုရပါမယ်။ ဘလော့ပေါ်ကစာလေးတွေကို ဂျာနယ်ပေါ်ပုံနှိပ်ထုတ်ဝေပေးမယ်ဆိုတော့ ကိုယ့်စာလေးတွေ မြန်မာပြည် အနှံ့ အပြားက အင်တာနက်သုံးဖို့ အခြေအနေ မပေးနိုင်သူတွေပါ ဖတ်လို့ ရတော့မှာမို့  အရမ်းကို ၀မ်းသာမိပါတယ်။ နောက်တခုကတော့ သားအကြောင်းလေးတွေကိုပါ ကလေးလေးတွေ အတွက် ဂျာနယ်မှာ ဖော်ပြပေးတာမို့  ပိုလို့ ဝမ်းသာမိပါတယ်။

ဂျာနယ်ကရတဲ့ စာမူခလေးတွေကို စုပြီး အိမ်နားလေးက ဘုန်းတော်ကြီးပညာသင်ကျောင်းက မိဘမဲ့ကလေးတွေကို မုန့် ဟင်းခါးအလှူကျွေးဖြစ်ပါတယ်။ ကလေးတွေကများတော့ ဆန်ပြုတ် အလှူသာများပြီး တခါတလေမှ မုန့် ဟင်းခါးစားရတာမို့  မုန့် ဟင်းခါးအလှူများဆို ကလေးတွေ နှစ်ပွဲသုံးပွဲ အားရပါးရစားကြတယ်လို့  ဟိုတခါအလှူလုပ်ဖြစ်ကတည်းက အမေပြောပြတာမို့  ဒီတခါလဲ ကလေးတွေ နှစ်သက်တဲ့ မုန့် ဟင်းခါးပဲ ကျွေးဖြစ်ပါတယ်။ တကယ်တော့ ဘလော့နဲ့ ပတ်သက်တဲ့ အလှူက ဘလော့လေး အသက်ပုံမှန်ရှင်သန်အောင် သစ္စာရှိရှိအားပေးကြတဲ့ ချစ်သောဘလော့ဖတ်သူတွေနဲ့ ရော အမြဲစာရေးဖို့ အားပေးတတ်တဲ့ ဘလော့ရေးဖော်ရေးဖက်တွေရယ် ပြီးတော့ ဘလော့က စာတွေကို လူအများဖတ်လို့ ရအောင် စီစဉ်ပေးတဲ့ ဂျာနယ်အယ်ဒီတာညီမလေးနဲ့  ဂျာနယ် အဖွဲ့ သူ အဖွဲ့ သားများ အားလုံးနဲ့ ဆိုင်တာမို့ အားလုံးကို အမျှပေးဝေပါတယ်။ အပေါ်ကပုံလေးကတော့ ဘလော့ဖတ်သူတွေ သာဓုခေါ်နိုင်အောင် အလှူလုပ်နဲ့ နေ့ က ရိုက်ထားတဲ့ပုံလေးပါ။

တန်ခူး

9:00pm 1-Jul-2013

9 comments:

ဇွန်မိုးစက် said...

အစ်မရေ...

ဖတ်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ။း) သာဓု...သာဓု...သာဓု... လို့ သုံးကြိမ်တိုင်တိုင် ခေါ်ဆိုသွားတယ်နော်။း))

Anonymous said...

သာဓုပါတော် :P

ဆုမြတ်မိုး said...

သာဓု သာဓု သာဓု ပါ အမရယ်..း) အခုထက်အများကြီးလှူနိုင်ပါစေနော်

ponyate said...

သာဓု… သာဓု… သာဓု မတန်ခူး။

မောင်မျိုး said...

ပျော်ရွှင်ဝမ်းသာစရာပဲ

ကောင်းတယ် အစ်မ ဒီလို အလှူလေးများများလုပ်နိုင်ပါစေဗျာ ။

Sonata Cantata said...

ကုသိုလ်နောက်က ကုသိုလ်ဆက်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စာမူခကလေးတွေကို စုပြီး လှူတဲ့အလှူဆိုလို့ ရင်ထဲမှာ ညွှတ်နူးသွားတယ်။ သာဓု သာဓု သာဓုခေါ်ပါတယ် အစ်မ။ အစ်မရဲ့ စာရေးတဲ့ စိတ်စေတနာ၊ စာမူခကို ကုသိုလ်ရေးအတွက် အသုံးပြုဖို့ ရည်ရွယ်တဲ့ စေတနာတွေကို မြတ်လေးစား အားကျမိပါတယ်။

pandora said...

သာဓု ခေါ်သွားပါတယ်။

မေဓာဝီ said...

သာဓု ပါ အမတန်ခူးရေ ...
သာဓု သာဓု သာဓု ...
စာတွေ အများကြီးရေးပြီး အများကြီး လှူဒါန်းနိုင်ပါစေ ...