Thursday, June 13, 2013

အောင်စာရင်းနဲ့ တကယ့်ဘဝ



(ပုံကိုသူငယ်ချင်းတယောက်ရဲ့ဖေ့စ်ဘွတ်ပေါ်ကရပါတယ်)

ပြီးခဲ့တဲ့အပတ်က ထွက်သွားတဲ့ ဆယ်တန်းအောင်စာရင်း အပြီးမှာ တငိုထဲငိုနေတယ်ဆိုတဲ့ ကျွန်မအဒေါ်သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ သူ့ အရမ်းမျှော်လင့်ထားတဲ့ သမီးလေး လေးဘာသာ ဂုဏ်ထူးထဲပါလို့  ဆရာဝန်ဖြစ်ပါ့မလားဆို စိတ်တွေပူပြီး မစားနိုင်မအိပ်နိုင် တငိုငိုနဲ့ ။ ကာယကံရှင်ကျွန်မညီမ၀မ်းကွဲလေးက ပျော်ပျော်ပဲမို့ တော်ပါသေးရဲ့။ ဆရာဝန်လိုင်းမှမ၀င်ရင် လူရာမ၀င်တော့မလို… ဘ၀ပဲဆုံးတော့မလိုဆိုတဲ့ အယူအဆတွေက ဒီနေ့ ထက်ထိရှိနေသေးတာကိုလဲ အားမလိုအားမရဖြစ်မိတယ်…။

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အနှစ်သုံးဆယ်နီးပါးတုန်းက ဆယ်တန်းမှာ လေးဘာသာဂုဏ်ထူး ထွက်ပြီး နေ့ တဓူဝ အဆူပူခံနေရတဲ့ လူကြားထဲတိုးဖို့ တောင် ကြောက်ရွံ့ နေမိတဲ့ ဆံပင်တိုတိုနဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်မလေးတယောက်ပုံကို ပြန်မြင်ယောင်နေမိတယ်။ ဆရာဝန်လုပ်ဖို့ လုံး၀၀ါသနာမပါလှပေမယ့် ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အဖေရဲ့မျှော်လင့်ချက် ပုံစံခွက်ထဲမှာ မယောင်မလည်နဲ့ ကိုယ့်ဝါသနာဆိုတာကို တွေးကြည့်ဖို့ တောင် မေ့လျော့နေတဲ့ အဲဒီကောင်မလေးက ကိုယ်ပါပဲ။

ခုနေပြန်တွေးကြည့်တော့ ကိုယ်ကိုယ်တိုင်ဝါသနာမပါနေခဲ့တာရယ် တကယ့်ကို စိတ်အားထက်သန်စွာမဖြစ်ချင်ခဲ့တာရယ်ကြောင့် ဆရာဝန်လိုင်းကို အမှတ်မမှီခဲ့တာပါ။ သူ့ မျှော်လင့်ချက်နဲ့ လွဲခဲ့လို့  သက်ြပင်းတချချနဲ့  ကောင်းကောင်းမအိပ်နိုင်တဲ့ အဖေ့ကို ကြည့်ပြီး အဖေဆန္ဒကို မဖြည့်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ “သွားပြီ… ဘ၀တွေခြားသွားပြီ” လို့ အဖေ ခဏခဏညည်းတိုင်း တကယ်ပဲ င့ါဘ၀အတော်ကို ဆိုးဝါးသွားပြီလားလို့  တွေးမိတဲ့အထိ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ နည်းပါးကုန်တာ။ ရပ်ကွက်ထဲက ကျောင်းက အသိဆွေမျိုးအများစုကလဲ လေးဘာသာဂုဏ်ထူးရအောင် ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ မေ့လျော့စွာ ဆရာဝန်နဲ့ လွဲလို့  အားလုံးက ၀ိုင်းပြီး စုတ်တသတ်သတ်နဲ့ ဆိုတော့ ကိုယ့်မှာ အပြင်ထွက်ဖို့ တောင် မ၀ံ့မရဲ။ အဲဒီလိုဖြစ်ရအောင် ကိုယ်အမှားလုပ်ခဲ့သလား… ကိုယ်ပတ်ဝန်းကျင်ကို ထိခိုက်အောင် အနှောက်အယှက်ပေးခဲ့သလား… ကိုယ့်မိဘအရှက်ရအောင် ကိုယ့်ကျင့်တရားပျက်ပြားခဲ့လို့ လား… အဲဒီလို အမှားတွေ တခုမှ မလုပ်ခဲ့ပါပဲ ကိုယ်ပြန်ရတာတွေက မတန်တဆနိုင်လွန်းလှတာ တွေးမိတိုင်း ရင်ထဲမှာ နာနာကျင်ကျင်။

မစန္ဒာရဲ့ဂျီဟောသူဖတ်ပြီး စိတ်ထဲက ကြိတ်သဘောကျနေတဲ့ ကျောင်းကြီးကို တက်ခွင့်ရတာ အရမ်းပျော်နေခဲ့ပေမယ့် အဖေကတော့ ကိုယ့်ကို လိုက်ပို့ တိုင်း တိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို အဝေးကလှမ်းမြင်တိုင်း ကိုယ့်ရဲ့လွဲချော်မှုကို အမြဲသတိရဆူပူလေ့ရှိတာ ကိုယ်မှတ်မိသလောက် ပထမနှစ်တနှစ်လုံးပါပဲ။ အဖေမကြိုက်တဲ့နောက်တချက်က ယောင်္ကျားလေးပေါလို့ ပါ။ ပထမနှစ်တနှစ်လုံး တက္ကသိုလ်ကျောင်းသူအသစ်သစ်စက်စက် ကိုယ့်မှာ ပျော်ရွှင်ဖို့ တောင် ခိုးကြောင်ခိုးဝှက်နဲ့ ပျော်ခဲ့ရတာပါ။ တစုံတခုများမှားယွင်းသွားရင် အဖေက ခွင့်လွှတ်မှာ မဟုတ်တဲ့အတွက် အမှားအယွင်းနဲ အောင် နေခဲ့ရပါတယ်။ အဖေစိတ်ချမ်းသာအောင် ကြိုးစားနေထိုင်ရင်း လူငယ်ဘ၀ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့တဲ့ ကိုယ် ပထမနှစ်က စာထဲမှာ စိတ်နှစ်လို့ မရအောင် စိတ်တွေလေခဲ့တာပါ။ ဒါကြောင့်လဲ ပထမနှစ်အောင်စာရင်းမှာ ကိုယ့်အမှတ်တွေနဲခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ နဲနဲလာခဲ့လို့ ပါပဲ။

အမှားအယွင်းနဲအောင် နေခဲ့ရင်းက ပထမနှစ်မှာ အမှတ်နဲတော့ အဖေပိုစိတ်မချမ်းသာ ဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ အဖေကြားက အဲဒီပြဿနာကို ဖြေရှင်းပေးခဲ့သူက မေမေပါ။ “ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ ထူးချွန်အောင် ကြိုးစားတာက အမှန်ကန်ဆုံးပဲ” တဲ့။ မေမေ့စကားတခွန်းဟာ ကျွန်မရဲ့ပျောက်ဆုံးနေတဲ့ ခွန်အားတွေနဲ့ ယုံကြည်မှုတွေကို ပြန်မွေးမြူအားဖြည့်ပေးခဲ့ပါတယ်။ ဒုတိယနှစ်အောင်စာရင်းနောက်ပိုင်းမှာ အဖေက ကျွန်မအပေါ်ဆက်ဆံရေးနူးညံ့ပျော့ပြောင်းလာပါတယ်။ မေမေ့ဆုံးမစကားအတိုင်းကြိုးစားခဲ့တာ ဒီနေ့ ထိမို့  ကျွန်မဘ၀ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလဲ ပိုလို့ ပိုလို့ ရခဲ့တာ လက်တွေ့ ပါ။

အဖေက ကျွန်မကို လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် ဆရာဝန်အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း ပြုစေချင်ခဲ့တာပါ။ တကယ်တော့ သမာအာဇီဝ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ရင်း လူ့ အသက်ပေါင်းများစွာကို သွယ်ဝိုက်သောနည်းအားဖြင့်လဲ ကယ်တင်နိုင်ပါတယ်။ ဆေးကုသစရိတ်မတတ်နိုင်တဲ့သူတွေကို ဆေးကုသစရိတ်ထောက်ပံ့ခြင်း ပညာမသင်နိုင်သူကို ပညာသင်စရိတ်ထောက်ပံ့ခြင်းဆိုတဲ့ အလှူအတန်းတွေလုပ်ဖြစ်ရင်း အဖေ့ဆန္ဒကို ဖြည့်နေခဲ့ပါတယ်။

သားသမီးတွေ မွေးထားပြီး တယောက်မှ ဆရာဝန်ဖြစ်အောင်မွေးထုတ်မပေးနိုင်ရင် တာဝန်မကျေသလို မိဘမပီသလို အတွေးတွေ မရှိသင့်တော့ပါဘူး။ အောင်မြင်ကျော်ကြားပြီး သမားတော်ကြီးတွေဖြစ်သွားတဲ့ ကျွန်မသူငယ်ချင်းတွေရှိသလို… လုပ်ငန်းအကြီးကြီးတွေလုပ်ကိုင်ပြီး အောင်မြင်နေတဲ့ ကျွန်မသူငယ်ချင်း အင်ဂျင်နီယာတွေလဲရှိပါတယ်။ ဆယ်တန်းတုန်းက ဆရာဝန် အင်ဂျင်နီယာနဲ့ လွဲခဲ့ရတဲ့ ကျွန်မသူငယ်ချင်းတချို့ လဲ စာရင်းအင်းပညာရှင် စီးပွားရေးပညာရှင်ကြီးတွေ ဖြစ်ပြီး တချို့  ရာထူးတွေ အရမ်းကြီးလို့  ၀င်ငွေတွေ အရမ်းကောင်းနေတာတွေ အမြောက်အမြားပါ။ သားသမီးတွေကို အတော်ဆုံး အမြင့်ဆုံး အကောင်းဆုံး ရစေချင်တာ မိဘစေတနာဆိုတာ ကျွန်မလဲ မိဘတယောက်မို့  ခံစားနားလည်ပေးနိုင်ပေမယ့် ကိုယ်ကဖြစ်စေချင်တာသက်သက်နဲ့  ကလေးရဲ့ဝါသနာနဲ့ ခံစားမှုကို မေ့လျော့ထည့်ထွက် မစဉ်းစားတာက တခုခုမှားယွင်းနေတာပါပဲ။ မိဘက အတင်းဆရာဝန်လိုင်း လိုက်ခိုင်းလို့ ဝါသနာမပါပဲ ဆရာဝန်လိုင်းလိုက်ပြီး ဆေးမကုတဲ့ တခြားအလုပ်လုပ်တွေ လုပ်နေတဲ့ ဆရာဝန်တွေလဲ အများသားမိုလား။ တကယ်တော့ ဘ၀မှာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့  အသက်မွေးဝမ်းကျောင်း အလုပ်နဲ့  တထပ်ထဲကျတဲ့ သူတွေက အမြင့်ဆုံးရပြီး စိတ်ပူပန်မှုတွေနဲ့ အဖော်ပြုနေရသူတွေထက် အများကြီး ကံကောင်းသူတွေပါ။ ကျွန်မသားလေးကိုတော့ ကျွန်မမျှော်လင့်ချက်တွေနဲ့  မပူလောင်စေပဲ သူလဲဝါသနာပါ လမ်းကြောင်းလေးလဲ မှန်မယ့် သူ ပျော်ရွှင်စိတ်ချမ်းသာတာမျိုးနဲ့ ပဲ အသက်မွေးဝမ်းကျောင်းပြုစေချင်ပါတယ်။ မိဘတိုင်းမိဘတိုင်းက သားသမီးတွေရဲ့လိုအပ်ချက်ကိုသာ ဆုံးမသွန်သင်ဖို့  သတိရနေပြီး သားသမီးတွေရဲ့ အောင်မြင်မှုကို နည်းသေးတယ်ဆို အားမလိုအားမရ ဖြစ်ပြီး ချီးကျူးအားပေးစကားဆိုဖို့  မေ့လျော့နေကြတာများပါတယ်။

ခုလေးတင်မှ အောင်စာရင်းထွက်သွားတဲ့ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေရဲ့ မိဘများ အားလုံး ပျော်ရွှင်ကြပါစေ။ ဘာဂုဏ်ထူးမှ မပါတဲ့ ကလေးက ကျတဲ့ကလေးထက် ကြိုးစားအားထုတ်မှုသာတာမို့  သူ့ အောင်မြင်မှုကို ချီးကျူးနိုင်ပါစေ။ တကယ်လက်တွေ့ ဘ၀ဟာ ဆယ်တန်းမှာ ဂုဏ်ထူးနဲခြင်းများခြင်းနဲ့  ရာခိုင်နှုန်းအနည်းငယ်သာ သက်ရောက်မှုရှိပြီး ရောက်ရာဘ၀မှာ ထူးချွန်အောင် ကြိုးစားခြင်းကသာ လက်တွေ့ ဘ၀အောင်မြင်မှုကို ထိထိရောက်ရောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ မေ့လျော့မနေကြဖို့ တိုက်တွန်းပါရစေ။

တန်ခူး

13-May-2013 10:27pm

7 comments:

Anonymous said...

မှန်ပါတယ် အမရယ်.. ၁၀တန်းအောင်တုန်းက ဆေး မရခဲ.လို. လူဖြစ်ပဲရှုံးခဲ.သလို ဘာလိုလိုပေါ.နော်.. အခုတော.လဲ ရောက်တဲ.နေရာမှာ ကြိုးစားဖို.လိုတယ်ဆိုတာ သက်သေပြနိုင်ပါပြီလေ..

Anonymous said...

လက်ရှိနေတဲ့ အိမ်မှာလည်း ရန်ကုန်က တူလေး လေးဘာသာပဲ ပါလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ အသံတွေကြားနေရတယ်..
ကိုယ်ဖြစ်ချင်တဲ့အတိုင်း လောကကြီးက ဖြစ်ခွင့်ပေးတာမှ မဟုတ်တာပဲ..
ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့..

ဆုမြတ်မိုး said...

မတန်ခူး ဖေဖေနဲ့ ညီမမေမေနဲ့သိပ်တူတာပဲ ။ မေမေက ညီမကိုဆယ်တန်းမှာထူးထူးချွန်ချွန်အောင်စေချင်တယ် ။ ညီမက စာလုံးဝမလုပ်ဘူး ။ တကယ်ကို ဘိုင်အိုဆိုရင် တစ်ပုဒ်မှအလွတ်မရဘူး ။ အဲထိကိုဆိုးပါတယ် ။ အမေကတော့ဆ၇ာဝန်ဖြစ်တာမဖြစ်တာထက် သူ့ဘာသာ သချာင်္လေးကိုဂုဏ်ထူးထွက်စေချင်တယ် ။။ ညီမက သခ်ာၤကိုအခ်ာဆံုးပဲ ။ အောင်စာရင်းထွက်တော့ ဘာဒီမှမပါဘူး ။ သိနေပါတယ်..စာမှမလုပ်တာ ။ သချာင်္အမှတ်ဆိုရင် ငါးဆယ့်တစ်မှတ်ပဲရတယ် (အနည်းဆုံး) အမေ ဆိုရင် ညီမကို နည်းနည်းလေးမှကိုမကြည်တာ ။ ကွန်ပျူတာတကသိုလ်စတက်တဲ့အချိန်မှာ စာလုပ်လုပ်မလုပ်လုပ်ညီမကိုဂရုမစိုက်တော့ဘူး ။ ပထမနှစ်မှာလည်းအမှတ်တွေချာတုန်းပဲ ။ အဓိက ကိုယ့်ကိုယ်ကိုယ်လုံးဝယုံကြည်မှုမရှိတော့တာပါ ။ ဒုတိယနှစ်အရောက်မှာ စိတ်နည်းနည်းတည်ငြိမ်ပြီး ကြိုးစားလာလို့ ရိုးလ်တွေမြင့်တော့မှ နည်းနည်းလေသံပျော့တယ်..။ မာစတာကို ရိုးလ်ဝမ်းနဲ့ပါပေမယ့် ညီမ မတက်ချင်လို့ ပြသနာထပ်တက်ပြန်တယ် ။ မတက်ချင်ရင်နေ..စာရင်းကိုင်သင်တန်းတက်ခိုင်းပြန်တော့ ၀ါသနာမပါလို့စာရင်းကိုသင်တန်းကြေးတွေ ပြန်ထုတ်ပြီး ကွန်ပျူတာသင်တန်းတွေပဲတက်တယ် ။ ကွန်ပျူတာ စိတ်မပါတော့လို့ ဟော်တယ်သင်တန်းတွေတက်ရင်း ဒူဘိုင်းသွားမလို့လုပ်တုန်းမှာ စင်ကာပူကိုရောက်လာပြီး အိုင်တီအလုပ်နဲ့အလုပ်လုပ်ဖြစ်သွားတာ သုံးနှစ်ကျော်ပြီ ။ အမေလည်းညီမကိုတော်တော်လေးစိတ်ပင်ပန်းမှာ ။ သူဖြစ်စေချင်သမျှကိုကန့်လန့်လုပ်သွားတဲ့သမီးမို့လေ..။ ဒါပေမယ့်အမရယ် ကိုယ်ဝါသနာမပါတာကြီးကိုဇွတ်လုပ်ခိုင်းတာရယ်..ဆယ်တန်းမှာအရမ်းဖိတာတွေရယ်က လူငယ်တစ်ယောက်အတွက် တော်တော့်ကိုလေးတဲ့မနိုင်ဝန်ပဲ ။ အမေဖြစ်စေချင်တဲ့ဆရာဝန်မဖြစ်ပေမယ့် ညီမတို့လက်တွေ့ဘ၀ထဲမှာ အဆင်ပြေပြေ (အောင်မြင်မအောင်မြင်ဆုံးဖြတ်ဖို့အချိန်မတန်သေးတော့) နေနိုင်တာပဲလေ ။ အခုလည်းအငယ်ကောင်လေးက ကိုးတန်း ၊ အမေ စမောင်းနေပြီကြားတယ် အမရယ်..။ ညီမကတော့ မောင်လေးကိုပြောထားတယ် ။ စားကြိုးစားလုပ် အမေဆူလည်းသည်းခံ စာမေးပွဲအောင်ရင် မကြီးနဲ့တူတူလာနေဖို့ခေါ်ထားလိုက်တယ် ။ ငယ်ငယ်က အဆူခံ ၊ အကြိမ်းခံ ခဲ့ရလို့လားမသိ ကလေးတွေကိုဆူတာ ကြိမ်းတာ နည်းနည်းလေးမှမကြိုက်ဘူး ။ ပုံသွင်းတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲကောင်းပါတယ်။ မဖြစ်နိုင်တာကို ဇွတ်လုပ်ခိုင်းတာထက် ဖြစ်ချင်စိတ်ရှိတာလေးကို မြေတောင်မြှောက်ပေးဖို့ မိဘတွေနားလည်သင့်တယ် ။ ပညာတတ်မှလူရာဝင်မယ်ဆိုတဲ့အတွေးအခေါ်မျိုးတွေမရှိသင့်တော့ဘူး ။ပရော်ဖယ်ရှင်နယ်ကျတယ်ဆိုတာ ဘွဲ့လက်မှတ်တွေထက် လုပ်ငန်းခွင်ထဲမှာ တာသွားမှန်း ညီမမေမေ အပါအ၀င် တခြားမိဘတွေကိုလည်းသိစေချင်ပါတယ် မတန်ခူးရယ်

Anonymous said...

မတန်ခူး..
.
.
.
.
.
.
ပေါက်

ponyate said...

ဆရာဝန်လိုင်း ကြိုက်တဲ့ ဒီဓလေ့က မပြောင်းသေးဘူးနော်။

Kay Thwel said...

အကြမ်းဖျင်းအားဖြင့် အာရှတိုက်သားတွေက..အဲ့ဒီလို သက်မွေးမူတွေကို ဂုဏ်အရှိဆုံး လို့ ယူဆတာကြောင့် မြန်မာပြည်တင်မက ဒီဖက်နိုင်ငံတွေမှာလည်း အာရှသာ မိဘ တွေ ဟာ အဲ့ဒီ လောဘ မောဟ တွေ လောင်မြိုက်နေကြတုန်းပဲ။ တကမ္ဘာလုံး ဆရာဝန် မဖြစ်နိုင်သလို.. ဆရာဝန်ဖြစ်မှ လူ့ထိပ်ရောက်တယ်လို့ ထင်မြင်နေကြတဲ့ လူ့အသိုင်းအ၀ိုင်း ရဲ့ ဆက်စပ်စဉ်းစားစရာအကြောင်းတွေ အများကြီး ရှိသေးတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကလေး တခုဟာ ကြီးကျယ်ခမ်းနားဖို့ထက် ဘာတွေဖြစ်ဖို့ လိုသေးလဲ ဆိုတာ.. ကလေးတိုင်းကို သိစေချင်တယ်။ ဒီပုတ်ထဲက ထွက်လာတဲ့ ပဲတစေ့ မို့.. ပဲတွေ အားလုံး သာသာယာယာ အပင်ပေါက်စေ့ချင်တာပဲ.. ။း)

ဇွန်မိုးစက် said...

ညီမငယ်ငယ်တုန်းကလည်း မေမေက ဆရာဝန်အရမ်းဖြစ်စေချင်ခဲ့တာ။ ကိုယ်ကိုယ်တိုင်လည်း ဆရာဝန် လုပ်ချင်ခဲ့သလိုလိုပဲ၊ အရမ်းလည်း စာကြိုးစားခဲ့တယ်။ အောင်စာရင်းထွက်တော့ စုစုပေါင်း ငါးဘာသာမှာ သုံးဘာသာပဲပါလို့ မပျော်နိုင်ဘူး၊ အမှတ်စာရင်းထွက်တော့လည်း ဆေးဝင်ဖို့ ၈မှတ်လိုသွားလို့ ငိုလိုက်ရတာ။ ဒါပေမယ့် အခုချိန်မှာ ဘယ်နိုင်ငံရောက်ရောက် စာမေးပွဲတွေဖြေပြီး ရုန်းကန်နေရတဲ့ သူငယ်ချင်းဆရာဝန်တွေကိုကြည့်ပြီး ဆရာဝန်မဖြစ်ခဲ့တာ ကံကောင်းသွားတယ်လို့ပဲ မှတ်ယူလိုက်တယ်။ မြန်မာပြည်ရဲ့ပညာရေးစနစ်ရော၊ မိဘတွေရဲ့ အရိုးစွဲအတွေးအခေါ်တွေပါ ပြောင်းလဲပေးဖို့လိုတယ်လို့ညီမမြင်မိတယ် အစ်မ။
ဒီနှစ်ဆယ်တန်းအောင်စာရင်းထွက်တော့ အမျိုးထဲက တူတူမတွေ မရှိပေမယ့် ဘိုကလေးက ညီမသူငယ်ချင်းတစ်စု နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ နွမ်းပါးတဲ့ ကလေးလေးယောက်ထဲက သုံးယောက်အောင်သွားပြီး တစ်ယောက်က ဂုဏ်ထူးတစ်ဘာသာပါတယ်ဆိုလို့ အရမ်းဝမ်းသာခဲ့ရတယ် အစ်မ။ သူတို့လေးတွေကို တစ်နေ့ကပဲ လှမ်းပြီး ဆုချလိုက်တယ်။း))