Wednesday, August 7, 2013

ဖိနပ်လေးတရံ



လိုက်ကာ အောက်ပိုင်းလေးက လွတ်နေတဲ့ နေရာက မြင်ရတဲ့ ခြေထောက် ဖြူဖြူသွယ်သွယ်လေး ကစပြီး အဖိုးက အဖွားကို စွဲလန်းခဲ့တာလို့  ကျွန်မအဖွားဝမ်းကွဲက သူတို့ ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ပြောပြတိုင်း အသက်ရ၀ကျော်တာတောင် မို့ မို့ သွယ်သွယ်လေးနဲ့  ချစ်စရာကောင်းတဲ့ အဖွားခြေထောက်လေးတွေကို တို့ ထိအားကျမိမြဲ…။ တကယ်လို့ သာ အဖွားနေရာမှာသာ ကျွန်မသာဆို လိုက်ကာနောက်မယ် ယောင်္ကျားတယောက်လို့  ထင်မှတ်မှားလောက်အောင် ကျွန်မက ခြေထောက်ရုပ်ဆိုးဆိုးတွေ ပိုင်ဆိုင်ထားသူလေ။ ခြေထောက် ကားကာားပြားပြားနဲ့ ခြေသဲပုတိုတိုလေးတွေနဲ့  မို့  ဘယ်လို ဖိနပ်မျိုးဝတ်ဝတ် ထူးခြားလှမလာဘူး။ ကျောင်းတုန်းကတော့ သူများခြေထောက်လှလှလေးတွေ အားကျပြီး ခြေသဲလေးတွေ အရှည်ထား ခြေသဲနီရောင်စုံလေးတွေနဲ့  ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ စင်ဒရဲလား ပုံပြင်ထဲက စင်ဒရဲလားရဲ့ stepsister တွေ ဖိနပ်မတော်တာကြားတိုင်း ငါ့လိုခြေထောက်တွေ နေမှာပေါ့လို့  အမြဲတွေးမိပါတယ်။

ခြေထောက်တွေ မလှလို့  ဖိနပ်လှလှလေးတွေ ဖက်ရှင်ကျကျ စီးရမှာ ၀ါသနာမပါတာလား… ဖိနပ်လှလှလေးတွေ မချစ်တတ်လို့ ပဲ အရုပ်ဆိုးဆိုး ခြေထောက်တွေ ပိုင်ဆိုင်ရတာလား…။ ဖိနပ်လှလှလေးတွေဟာ အမြဲတမ်း ကိုယ်နဲ့ သူစိမ်းပြင်ပြင်ပါပဲ။ အထက်တန်းကျောင်းသူ ဘ၀ကနေ ဘွဲ့ ရတဲ့အထိ ကျွန်မသစ္စာရှိရှိနဲ့  အမြဲမပြောင်းပဲ ၀တ်ခဲ့တဲ့ ဖိနပ်လေးတရံက အနက်ရောင် ယင်းမာ နံပါတ်ခုနှစ်ပါ။ ဖိနပ်ပါးလေးက ခြေလှမ်းမြန်မြန်လျှောက်တတ်တဲ့ ကျွန်မအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် ခိုင်ခံလွန်းလို့  ငွေအကုန်အကျလဲ သက်သာလှပါတယ်။ အဲဒီတမျိုးထဲကိုသာ စီးခဲ့လို့  ဖိနပ်ဆိုင်သွားတိုင်း ကျွန်မ ဟိုရွေးဒီရွေး ဦးနှောက်စား စရာမလိုပါဘူး။ ကျွန်မ အကြိုက်ဆုံးအရောင်က အဖြူရောင်ဖြစ်ပေမယ့် ကျွန်မနှစ်သက်တဲ့ အဖြူရောင်လေးကို ခြေထောက်အောက်မှာ မထားချင်လို့ အနက်ရောင်လေးပဲ ရွေးခြယ်ဝတ်ခဲ့တာပါ။ ဘယ်လောက်ထိ အဲဒီဖိနပ်လေးတရံကို စွဲလန်းသလဲဆို စာရေးရင်တောင် ကျွန်မဇာတ်ကောင် ကောင်မလေးကိုလဲ ဒီဖိနပ်လေးပဲ စီးခိုင်းခဲ့တာပါ။

ဒီနိုင်ငံမှာ အလုပ်လုပ်တော့ ကျွန်မနဲ့  ကျွန်မချစ်တဲ့ ဖိနပ်လေးတရံ ဝေးခဲ့ရပါတယ်။ ကျွန်မအလုပ်က ခြေချောင်းတွေပေါ်တဲ့ ဖိနပ်ကို ၀တ်ခွင့်မပေးတာမို့  ကျွန်မခြေထောက်နဲ့  သင့်တော်မယ့် ဖိနပ်တွေ ရွေးရတာ အတော်ကို ဒုက္ခများလှပါတယ်။ တချို့ လဲ ခြေချောင်းတွေ နာလွန်းလို့  တခါနှစ်ခါ ၀တ်ပြီး ချောင်ထိုးထားလိုက်ရတာရှိသလို တချို့ ကျတော့ ကျွန်မရဲ့ ခြေလှမ်းမြန်မြန်တွေနောက် မလိုက်နိုင်ပဲ ခဏနဲ့ လမ်းခွဲလိုက်ရတာတွေလဲ ရှိပါတယ်။ ဈေးပေါတာ ဈေးကြီးတာနဲ့  မဆိုင်ပဲ ကျွန်မခြေထောက်နဲ့ သာ ဆိုင်တာမို့  အပြစ်မဲ့တဲ့ ဖိနပ်လေးတွေကိုလဲ ရိုးမယ်မဖွဲ့ ရက်ပါဘူး။ ဖိနပ်တရံနဲ့  အဆင်မပြေဖြစ်တိုင်း ငယ်ချစ်ယင်းမာလေးကို တသသ လွမ်းမိတာပါပဲ။

ခုံမြင့်ဖိနပ်တွေနဲ့  မယဉ်ပါးတာကြောင့်ပဲလား ခြေချောင်းတွေကို ဖိနှိပ်ချူပ်ထားရလို့ ပဲလား မသိပါဘူး… ဒီနှစ်မှာ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာ တော်တော်ဖြစ်ပါတယ်။ ဆရာဝန်က ခြေမြင့်ဖိနပ်တွေ မ၀တ်ရလို့ ပြောလိုက်မှပဲ ထွက်ပေါက်ရပါတော့တယ်။ ရုံးက ခွင့်ပြုချက်နဲ့  flip flop ဖိနပ်လေးကို ယင်းမာဖိနပ်လေးအစား အစားထိုးရပါတယ်။ ဆရာဝန်က အရမ်းပြားတဲ့ ခြေညှပ်ဖိနပ်တွေလဲ မစီးရဘူး ဆိုလို့  ကျွန်မစွဲလန်းလွန်းတဲ့ ယင်းမာဖိနပ်လေးနဲ့ ပြန်ဆုံခွင့်မှ ရှိပါဦးမလားလို့  တွေးပူမိပါတယ်။ အစွဲအလန်းဆိုတာ ဘယ်အရာမှ မကောင်းပေမယ့် နှစ်ပေါင်းအတော်ကြာကြာ သံယောဇဉ်တွယ်ခဲ့တဲ့ ကျွန်မစိတ်သွားရာကိုယ်ပါအောင် အမြဲကူညီပေးခဲ့တဲ့ ကျွန်မငယ်ချစ် ယင်းမာဖိနပ်လေးတရံကို ဘယ်တော့မှ မမေ့နိုင်တာ အပြစ်လားနော်။

တန်ခူး

9:10pm 7-Aug-2013

(စာကြွင်း ။ ဘလော့အရင် ခေတ်က ချစ်တဲ့ ဘလော့ဂါမောင်နှမတွေ တက်ဂ်ဂိမ်းလေးတွေ ရေးကြတာ ပျော်စရာကောင်းသလို တယောက်နဲ့ တယောက်ပိုလို့  ရင်းနှီးစေတာမို့  အမြဲလွမ်းနေတတ်ပါတယ်။ မမျှော်လင့်ပဲ ချစ်တဲ့ညီမလေးခွန်မြလှိုင်က ဖေ့စ်ဘွတ်ပေါ် တက်ဂိမ်းလေး တက်ထားတာတွေ့ တော့ အရမ်းကို ၀မ်းသာသွားတာပါ။ ညီမလှိုင်ရေ… အမကို အမှတ်တရ တက်ပေးတာ ကျေးဇူးပါ)

7 comments:

Kay Thwel said...

ခြေထောက်ရုပ်ဆိုးသူ နောက်တယောက်... ဒီမှာ ရှိသေးတယ်။း)

Khunmyahlaing said...

အမတန်ခူးရေ... ညီမက ယင်းမာ နံပါတ်၉ ရှင့်။ အနက်ရောင်မကြိုက်တော့ မိုးတွင်းဆို မိုးစီး ထုံးခြောက်ရောင် အမြဲစီးဖြစ်တယ်။ ဆောင်းနဲ့နွေ ဆိုရင်တော့ ရှားရောင်ကတီပါ ပေါ့။ ပွဲတက်ဆိုရင် သာ ကျောက်စီတွေ စီးတာပါ။ ခုထိ လူကြုံနဲ့ အဲဒီဖိနပ်လေးတွေ မြန်မာပြည်က မှာပြီး စီးဖြစ်နေ တုံး။ လူကြုံမရှိလဲ ထိုင်းမှာတော့ မြန်မာ များတဲ့ ရပ်ကွက်တွေက ဈေးဆိုင်လေးတွေမှာ ခုနောက်ပိုင်း ၀ယ်လို့ရလာပြီ။ ထိုင်းဆိုတာ မြန်မာ တို့ရဲ့ ဒုတိယအိမ် မို့လား။ နိုင်ငံခြားဖြစ် ဖိနပ်တွေက ကိုယ့်ခြေထောက်နဲ့ ဘယ်လိုမှ အဆင်မပြေ ဘူး။ ခြေဖ၀ါးက ပြားရတဲ့အထဲ ခြေဖမိုးကမြင့်သေးတယ်။ ခြေပြားက ကြီးပြီး ဗျက်ကျယ်တော့ ပြီး ပါလေရော.. western formal ပွဲတွေမှာ ရှူးများ စီးရပြီဆိုရင် ခြေထောက်ငရဲ ကျတဲ့ နေ့ပဲ။ မြန်မာဖိနပ်လေးတွေပဲ ချစ်တယ်။

မောင်မျိုး said...

ခြေဖ၀ါးဖြူဖြူ ခြေသည်းမရှိပဲ ညှပ်ထားတဲ့ ကတ်တီပါဖိနပ်စီးတဲ့ မိန်းလေးမျိုးဆို ကျနော်သိပ်ကြိုက်တား)

ဘာမှမဆိုင်ဘူးနော့်

သက်ဝေ said...

ဖိနပ်လေးတစ်ရံပိုစ့်ရေးဖို့ တန်ခူးရေးတာလေး အရင် လာဖတ်သွားတယ်...း)

ponyate said...

ပုံရိပ်လည်း ညှပ်ဖိနပ်ဝတ်ရတာကို လွမ်းတယ်။ ပုံရိပ်ကတော့ မန္တလေး သားရေ ဖိနပ် စီးဖြစ်တာများတယ်။ ယင်းမာ ဖိနပ်ကိုလည်း ကြိုက်တယ်။

Sonata Cantata said...

အမ ခြေထောက်တွေက ရုပ်ဆိုးတယ်...။
ကျောင်းတုန်းက ဖိနပ်အဖြူလှလှလေး စီးမိလို့ သူ့ခြေထောက်မဲမဲကြီးနဲ့လို့ အလှောင်ခံရတာ.. အခုထိ ရင်နာစွာ အမှတ်ရနေတုန်း...

ဆုမြတ်မိုး said...

ဆုမြတ်ခြေထောက်ကဖောင်းပြီး သေးသေးလေး စလုံးက ဖိနပ်တွေဆိုရင် ၃၄ ...၃၅ လောက်နဲ့တော်တယ်.. လူကထွားပြီးခြေထောက်သေးတော့ အမြဲတမ်းအစခံရတယ် ။ မြန်မာမှာနေတုန်းကတော့ ယိုးဒယားဖြစ် ဖိနပ်ဒီဇိုင်းစုံလှလှလေးတွေစီးဖူးတယ်။ ကတ္တီပါဖိနပ်တော့သိပ်မစီးဖြစ်သလိုပဲ ။ ကျောင်းတက်တုန်းက ဖိနပ်ဆယ်ရံရှိတာတော့မှတ်မိပါတယ်း)