Saturday, December 7, 2013

ကျွန်မနဲ့ တောင်တက်ခြင်း



အမြင့်ကြောက်တတ်တဲ့ကျွန်မက တောင်တန်းတွေကို ပင်လယ်ထက်ပိုလို့ မြတ်နိုးတတ်တယ်…။ စိမ်းလန်းစိုပြေတဲ့ တောင်တန်းကြီးတွေရှိတဲ့အရပ်မှာ နေချင်ပေမယ့် အဲဒီတောင်တန်းကြီးတွေကို အရောက်သွားဖို့ တော့ ကျွန်မက ကြောက်နေတတ်ပြန်တယ်…။ ခရီးသွားကြမယ်ဆိုလဲ တောင်တန်းတွေဆီသာ အာသီသပိုနေပြန်တာ အခက်ပေါ့…။

တရားမရှိတဲ့ကျွန်မက ကြီးလေကြောက်တတ်လေ…။ ငယ်ငယ်က ကျွန်မချစ်တဲ့ ရှမ်းပြည် ကလော၊ တောင်ကြီးမြို့ လေးတွေ သွားရင် တဖြေးဖြေးမြင့်တက်လာတဲ့ ရှုခင်းတွေကို ကားပြူတင်းကငေးရင်း လွတ်လပ်စွာပျော်နေတတ်တာ…။ တောင်တက်လမ်းနဲ့  ပတ်သက်လို့  ဘာမှမစဉ်းစားမိ… ဘာမှမပူပန်မိ…။ ထင်းရူးပင်တွေ… အလေ့ကျပွင့်နေတဲ့ ပန်းဝါ၀ါတွေ… လိမ္မော်ပင်တွေက ကျွန်မကို ဆွဲဆောင်လွန်းနေတာလဲ ပါမှာပေါ့…။ ငယ်တုန်းကအတွေးတွေကလဲ ရဲရင့်လွတ်လပ်နေခဲ့တယ် မဟုတ်လား…။ လွန်ခဲ့တဲ့ ၄နှစ်လောက်က သားနဲ့ အတူ အဲဒီလမ်းကို သွားတော့ ကျွန်မမေ့လျော့နေခဲ့တဲ့ အမြင့်ကြောက်ရောဂါက စိုးရိမ်မှုနဲ့ ရောထွေးရောက်လာခဲ့တယ်…။ လမ်းလေးတွေက တချို့ နေရာမှာ အတော်ကျဉ်းပြီး ကားဘီလေးတ၀က်သာ နင်းမိတယ်လို့  စိတ်ထင်မိတဲ့အခါလဲရှိ…. အချိုးအကွေ့ တွေများတဲ့ လမ်းတွေရောက်တဲ့အခါ သားရင်ဘတ်လေးကို အသာဖိလို့  ဘုရားစာတွေ အခါခါ ရွတ်မိတဲ့အခါလဲရှိ… တောင်တန်းတွေချစ်တဲ့စိတ်ကြောက် ရှုခင်းတွေကြားမှာ မေ့မေ့လျော့လျော့ နစ်မျောသွားတာလဲရှိနဲ့ … ကျွန်မစိတ်တွေဟာ တတောင်ဆင်း တတောင်တက် တောင်တန်းတွေလို တက်လိုက်ကျလိုက်နဲ့ လေ…။ မမြင်ဘူးတဲ့ မြင်ကွင်းတွေနဲ့  လွတ်လပ်စွာပျော်နေတဲ့သားလေးကို မြင်ရတော့ ကျွန်မကြောက်စိတ်တွေက ဝေးဝေးလွင့်လို့ ပေါ့…။ အဲဒီနှစ်က သားကို တောင်တန်းတွေနဲ့ စမိတ်ဆက်ပေးခဲ့တဲ့နှစ်…။

ငယ်ငယ်က ကျိုက်ထီးရိုးရာသီဆို သူများတွေသွားကျရင် အရမ်းသွားချင်ခဲ့တာ…။ အိမ်ကခွင့်ပြုလို့  သွားခွင့်ရခဲ့တာ အာအိုင်တီဒုတိယနှစ်မှာပါ…။ တန်ခိုးကြီးလွန်းတဲ့ ဆံတော်ရှင်ကျိုက်ထီးရီုးဘုရားကို ဖူးချင်လွန်းတာကြောင့် အမြင့်ကြောက်တဲ့ကျွန်မ တောင်တွေ တခုပြီးတခု ကျော်ဖြတ်မိခဲ့တာကို သတိတောင် မထားမိခဲ့တဲ့အထိ ပျော်ရွှင်ခဲ့တာ…။ မနက်စောစော နေတောင်မမြင်ရခင် မီးထုတ်တွေကိုင်ပြီး တက်ခဲ့တာ ကျွန်မတို့ အုပ်စုထဲမှာ ကျွန်မနဲ့ အမတယောက်က အမြန်ဆုံး…။ ခုပြန်တွေးကြည့်တော့ မှောင်မှောင်မဲမဲနဲ့  အကောင်ဘလောင်တွေ ဘာလို့ များ မတွေးမိအောင် ငယ်တုန်းက ရဲရင့်ခဲ့ပါလိမ့်ဆို ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတဲ့အထိ…။ ဟိုးအဝေးက မှုန်ပြပြ ကျိုက်ထီးရိုးဘုရားကို ဖူးမျှော်လိုက်ရတဲ့ ကြည်နူးမှုက ပြောပြလို့ မရနိင်လောက်အောင်ပါပဲ…။ ရင်ပြင်တော်ပေါ်အရောက်မှာတော့ ရွှေရောင်ဝင်းနေတဲ့ အံ့ဖွယ်ကျိုက်ထီးရိုးဘုရားကို ကြည်ကြည်ညိုညိုဖူးမျှော်ရင်း အဝေးက ကျွန်မဖြတ်ကျော်လာရတဲ့ တောင်တန်းတွေကို ချစ်မြတ်နိုးစွာငေးကြည့်ရင်း ရပ်ကွက်ထဲက ဘုရားပွဲက ရဟတ်လေးစီးရတာကို မျက်ရည်ကျအောင် သွေးပျက်ခဲ့တာကို ပြန်တွေးပြုံးမိတယ်…။ အဲဒီတုန်းက တောင်တန်းတွေကို ချစ်တဲ့စိတ်က အမြင့်ကြောက်တဲ့စိတ်ကို အနိုင်ပိုင်းခဲ့တဲ့အချိန်ပေါ့…။ အဲဒီတောင်တန်းတွေဆီကို သားကို ခေါ်သွားဖို့  ကျွန်မစိတ်တွေ မရဲရင့်သေးတော့ သားလေးခမျာ ခုထိမရောက်ဖူးသေးရှာဘူးလေ။

အညာသူကျွန်မ အညာကိုချစ်တော့ အညာက သိပ်မစိမ်းစိုတဲ့တောင်တန်းတွေကိုလဲ ချစ်မိတာ သိပ်တော့မဆန်းပါ…။ ကျွန်မတို့ မြင်းခြံမြို့ လေးရောက်ဖို့  ဖြတ်ကျော်သွားရတဲ့ တောင်သာတောင်တန်းတွေက သိပ်မမြင့်လွန်းတာမို့  ကျွန်မအတွက် အတော်သက်တောင့်သက်သာ ရှိလှပါတယ်…။ အိမ်ထောင်မကျခင်က ခဏခဏရောက်ခဲ့တဲ့ မန်းစက်တော်ရာအသွားလမ်းက တောင်တွေကလဲ ရှမ်းပြည်ကတောင်တွေလောက် ကျွန်မကို ကြောက်စိတ်သိပ်မပေးခဲ့တာမို့  ခုချိန်မှာ သားနဲ့ အတူသွားဖို့  ၀န်မလေးပေမယ့် သားကျောင်းပိတ်ရက်မဟုတ်တာကြောင့် အခွင့်မရသေး…။

ဒီတခေါက်တော့ သားကို အညာအိုအေစစ်လို့ ခေါ်လို့ ရတဲ့ စိမ်းလန်းတဲ့ ပုပ္ပားတောင်ဆီကို ခေါ်သွားခဲ့တယ်...။ မီးတောင်တွေအကြောင်းကို စိတ်ဝင်စားတဲ့သားက မီးတောင်ဟောင်းကြီးရှိတဲ့ နေရာကို ရောက်ခဲ့တာမို့  အတော်ကို စိတ်လှုပ်ရှားခဲ့တာ...။ အရမ်းလှတဲ့တောင်မကြီးတောင် တက်ပါမယ် ပူဆာနေလို့  ကျွန်မတို့ မနဲရှင်းပြရသေးတာ...။ ငယ်စိတ်နဲ့ ရဲရင့်ခဲ့တဲ့ကျွန်မက မတ်လွန်းတဲ့ ပုပ္ပားတောင်ကလပ်တက်ရတာကိုတော့ သိပ်မရဲရင့်ခဲ့...။ ငယ်ကတည်းက တောင်ထိပ်သာ ရောက်တယ် မျက်ရည်တွေ ကြောက်စိတ်တွေနဲ့ ... တကယ့်သဲထိတ်ရင်ဖိုပါ...။ လက်ရမ်းမရှိတဲ့ သံလှေခါးထစ်တွေကလဲ ကျွန်မကို အတော်ကို စိတ်ဒုက္ခပေးတတ်သေးပါတယ်...။ အရမ်းဆော့တဲ့မျောက်တွေကလဲ တခါတလေ ခြောက်လှန့် တတ်သေးရဲ့...။ အဲဒီလို ရာဇ၀င်ရှိတဲ့ ပုပ္ပားတောင်ကလပ်ကို သားက တက်ချင်ပါတယ်ဆိုမှတော့ သားကို ရောက်ဖူးစေချင်တဲ့ ကျွန်မ အားမွေးလို့  တက်ရပါတော့တယ်...။

အဖေနဲ့ အမေက ကျွန်မအကြောင်းသိသူမို့  ဖြစ်ပါ့မလားတဲ့...။ အသက် ၆၇ရှိပြီဖြစ်တဲ့အဖေက ကျွန်မကို ခုထိကလေးလေးလို ထင်နေတာမို့  စိတ်မချလို့  လိုက်လာမလို့ လုပ်တော့ တားရပါသေးတယ်...။ သားကို သူ့ အဖေနဲ့ လွှတ်လိုက်လို့ ရပေမယ့် အမြဲစိုးရိမ်လွန်တတ်တဲ့ ကျွန်မ စိတ်မချနိုင်ပါဘူး။ နောက်တခုက သားရဲ့ ပထမဆုံးအတွေ့ အကြုံ သားခြေထောက်နဲ့  တောင်တက်ခြင်းကို သားဘယ်လိုများ ခံစားရလဲဆိုတာ ကျွန်မကမြင်ချင်သူ...။ ဒီတော့ မိခင်တယောက်ရဲ့ စိတ်သက်သက်နဲ့  သားနဲ့ အတူ တောင်တက်ခဲ့ပါတယ်...။ ခြေလှမ်းတုန်တုန်တွေနဲ့  အသက် ရ၀ ကျော် အဘွားကြီးလို တက်နေတဲ့ ကျွန်မကို သားနဲ့ သူ့ အဖေက သဘောကျလို့ မဆုံး...။ ဒီကြားထဲ ခြေရာထပ်အောင် လိုက်တတ်တဲ့ မျောက်တွေကလဲ ကြောက်ရသေး...။ လှေခါးထစ်တွေကို မကြည့်ပဲ တက်တတ်တဲ့ သားကို စိုးရိမ်ရသေးနဲ့ ... ကျွန်မအဖြစ်က မြင်ရသူကို အတော် မအီမသာ ဖြစ်စေပါတယ်...။ မတ်စောက်တဲ့ လှေခါးထစ်တွေကို အပြေးအလွှားတက်သွားတဲ့ နိုင်ငံခြားသားတွေက ကျွန်မကို ပြုံးစိစိနဲ့ ...။ အရင်က ကျွန်မကို သွေးပျက်စေခဲ့တဲ့ သံလှေခါးတွေမှာ စတီးလက်ရမ်းလေးတွေ တပ်ထားပေးလို့  ကျေးဇူးတင်မိပါတယ်...။

မြင့်လာလေလေ လေတွေက ကြမ်းလာလေလေမို့  လှေခါးလက်ရမ်းတွေကို တင်းတင်းဆုပ်ကိုင်မိပြီး ခြေလှမ်းတွေက ပိုနှေးပြန်တယ်...။ အော်... ငါနဲ့ ဂျူးဝတ္ထုဖတ်တုန်းက ချင်းတောင်တွေဆီ အရောက်သွားဦးမယ်လို့  စိတ်ကူးမိတာ အံ့ပါရဲ့လို့  ကိုယ့်ကိုယ်တွေးပြုံးမိသေးတယ်...။ ဟိုးတောင်ထိပ်ရောက်တဲ့အခါမှ တောင်တန်းတွေချစ်တဲ့စိတ်က အမြင့်ကြောက်စိတ်ကို အနိုင်ယူသွားတော့တယ်...။ လှမ်းမြင်နေရတဲ့ တောင်မကြီးကို အတွေ့ မှာ ကြောက်စိတ်တွေ လေထဲလွင့်ပြီး ဓာတ်ပုံရိုက်ဖို့  သတိရပါတော့တယ်...။ အိတ်ထဲက ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်မလို့  အလုပ်မှာ ကျွန်မ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တခု ရုတ်တရက်ကြီးဖြစ်သွားခဲ့ပါတယ်...။

တောင်တန်းကြီးတွေကို မြင်ပြီး ကျွန်မမေ့လျော့နေခဲ့တဲ့ ကိုရွှေမျောက်ကလေး တကောင်က ကျွန်မအိတ်ထဲက ပလပ်စတစ်အိတ်လေးကို ဖြတ်ခနဲ လုသွားတာပါပဲ...။ သူက အစာအိတ်လို့  ထင်လို့ ဖြစ်ပါလိမ့်မယ်...။ ခက်တာက အဲဒီပလပ်စတစ်အိတ်လေးထဲမှာ ကျွန်မပိုက်ဆံအထုတ်လိုက် ပါသွားတာပါပဲ...။ ဘာမှ မသိတဲ့သားကတော့ မျောက်လည်လေးရဲ့ လုပ်ရပ်ကို အူတက်အောင် ရယ်နေလို့  သူ့ အမ၀မ်းကွဲလေးက တားပါတယ်...။ ကျွန်မမတ်လေးက မျောက်ကို ပြန်ချောက်တော့ မျောက်က ပြန်ရန်ထောင်ရင်း ပလပ်စတစ်အိတ်ကလေးကို လွှတ်ချလိုက်မိသွားပါတယ်...။ သွားပြီ.. ဟိုးတောင်တွေအောက်ကို ကျပြီလို ထင်တာ မှားသွားပါတယ်...။ ကံကောင်းစွာ တောင်စောင်းလေးမှာ တင်နေတာမို့  ကျွန်မဇာတ်လိုက်ကျော် ခင်ပွန်းက ၀မ်းလျားမှောက်ယူပေးတော့ ကျွန်မပိုက်ဆံထုတ်လေး ပြန်ရပါတယ်...။ သဲထိတ်ရင်ဖို ဇာတ်လမ်းမှာ သားကတော့ ပျော်ရွှင်နေလေရဲ့...။ အဲဒီမျောက်လေးပဲ ကျေးဇူးတင်ရမလိုပါ... ကျွန်မတောင်အဆင်းလမ်းမှာ ကြောက်စိတ်တွေတောင် ခပ်မေ့မေ့။

သားကတော့ တိရိစ္ဆာန်လေးတွေချစ်တတ်သူမို့  မျောက်လေးတွေ ဘာလုပ်လုပ်ချစ်နေတတ်ပါတယ်...။ တောင်အောက်ရောက်ခါနီးမှ သူအစာကျွေးချင်တယ်ဆိုလို့  အစာရောင်းတဲ့ ကောင်မလေးဆီက ၀ယ်ပြီး သူ့ ကိုပဲ ကျွေးခိုင်းလိုက်ပါတယ်...။ သူတို့ က အထာသိသူတွေမိုလား...။ မျောက်တွေလည်လိုက်ပုံက အစာထုတ်ကို တထုတ်ချင်းမစားပဲ လက်ထဲမှာ နိုင်သလောက်သယ်ပြီးမှ တနေရာယူပြီး စားကြတာ...။ အောက်ရောက်တော့ သားဇောနဲ့  တောင်ထိပ်ရောက်အောင် တက်သွားတဲ့ ကျွန်မကို အဖေနဲ့ အမေက အံ့သြလို့ ။ မိခင်မေတ္တာပေးတဲ့ အင်အားတွေ ရဲရင့်ခြင်းတွေနဲ့  တက်ခဲ့တဲ့ တောင်တက်ခြင်းပါပဲ...။

သဘာဝတရားရဲ့ အလှအပနဲ့  နဲနဲဝေးတဲ့ မြို့ ပြမှာ နေရတဲ့ သားကို သဘာဝတရားကို ချစ်တတ်အောင် တောင်တန်းတွေချစ်တဲ့ အမြင့်ကြောက်တဲ့ ကျွန်မ တောင်တန်းတွေဆီ အရောက်ပို့ ပေးနေဦးမှာပါ...။ တောင်တန်းတွေချမ်းသာတဲ့ ကျွန်မတို့  တိုင်းပြည်ကတောင်တန်းတွေဆီကို မိခင်မေတ္တာကပေးတဲ့ ရဲရင့်ခြင်းတွေနဲ့  သားနဲ့ အတူသွားဦးမှာပါ...။ ဘ၀မှာ ဘယ်အခက်အခဲမဆို ရင်ဆိုင်တတ်အောင် ဘယ်လောက်တောင်တန်းတွေ မြင့်ပါစေ တို့ တွေတက်နိုင်တယ်ဆိုတဲ့ “တောင်ကြီးဖ၀ါးအောက်” ဆိုတဲ့ တောင်တက်ခြင်းက ရတဲ့အင်အားတွေကို သားသွေးသားတွေထဲ စီးဝင်စေဦးမှာပါ…။

တန်ခူး

7-Dec-2013 11:36pm

6 comments:

Anonymous said...

တောင်တက်ခြင်းဖြင့် အရည်ပျော်ဆင်းလာပြီဖြစ်သော မြစ်တစင်း၏ လှိုင်းယဉ်သာများထဲတွင် အသားစီးမျောသွားခဲ့ပါတော့သည်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မနက်က ဒီလိုအချိန်ပေါ့။ ပုပ္ပားတောင်ကလပ်ကို ဖေဖေ၊မေမေ၊မောင်လေး၊ညီမလေးတွေနဲ့အတူတူ တက်ခဲ့တာ။ မှတ်မှတ်ရရ တန်ဆောင်းမုန်းလပြည့်နေ့ကြီး။ တောင်ပေါ်က အဆင်း သူတို့တွေက အသုပ်စုံတွေ ဝယ်စားကြတယ်။ ဝမ်းလျှောမှာစိုးတဲ့ မြတ်က ဝယ်မစားဘဲ ငုတ်တုတ်ထိုင် ကြည့်တယ်။ နောက် မနေနိုင်လို့ တစ်ယောက်ချင်းစီက တစ်ဇွန်းစီ နှိုက်စားတယ်။ ဟဲဟဲ.. ညလည်းရောက်ရော သူတို့ ဘာမှ မဖြစ်ဘဲ မြတ်ပဲ မြတ်ပန်းနွယ် အစစ်ဖြစ်သွားတယ်။ ဟီးဟီး.. အဲသည်လိုမှန်းသိရင် အသုပ်တစ်ပန်းကန်လုံး ဝယ်စားပါတယ်လို့။ ဒါမှ ပုပ္ပားတောင်ကလပ်မှာ မျောက်တွေကို တဟဲ့ဟဲ့လုပ်ရင်း အသုပ်စားခဲ့တာကွ လို့ ကြွားလို့ရမှာ။ :D

ဒါနဲ့.. ပိုက်ဆံအိတ်လေး ဝမ်းလျားမှောက်ယူပေးတဲ့ ဇာတ်လိုက်ကျော်ခင်ပွန်းကို ဘရာဗိုလ်ပါလို့.. :)

မေဓာဝီ said...

မ-ရေ ...
မေလဲ တောင်တန်းတွေကု ချစ်တယ်။ မ-နဲ့ တူတူ တောင်တက်ရင်း ပိုက်ဆံအိတ် မျောက်ဆွဲသွားတဲ့ နေရာမှာ အတော် အသည်းယားမိတယ်။ ပြန်မှ ရပါ့မလားလို့ ... ။
တော်သေးတယ်နော် ... သားသား ဖေဖေ ဟီးရိုးကြီး ကယ်ပေလို့ပဲ။ :)

ဆုမြတ်မိုး said...

မတန်ခူးပိုစ့်အသစ်တက်တာနဲ့လွမ်းလို့လာဖတ်တား) ပုပ္ပားတောင်ကိုတစ်ခါမှမရောက်ဖူးဘူး တောင်တန်းကြီးတွေကိုချစ်လို့ ရိုးမတောင်ကိုဖြတ်ပြီးကားနဲ့သွားဖူးတယ်။ လမ်းဆိုးချက်.. အလှအပကိုမခံစားလိုက်ရဘူး..။ သတိရနေပါတယ် မတန်ခူးရယ်..။

ဆုမြတ်

Anonymous said...

ပိုက်ဆံအိတ်ပြုတ်ကျတဲ့အခန်းက စိတ်ပိုဝင်စားစရာကောင်းတယ်..အမ.

ငယ်ငယ်က ခနခနရောက်တာပေါ့....အဲ့ဒီနေရာတွေ..
မျောက်တွေကြောက်ပေမဲ့ လှေကားတွေ ယိုင်နဲ့ပေမဲ့...မကြာမကြာတက်ဖြစ်ခဲ့ဘူးတယ်။


အမစာတွေပြန်ဖတ်ရတာ အရမ်းကျေနပ်တယ်။


မြတ်နိုး

AMK said...

စိမ်းစိုနေတဲ့ နေရာလေး ဆိုတာ အမှန်ပဲအစ်မရေ..စကားမစပ် တောင်ကလပ် က မျောက်စာရောင်းတဲ့  သူတွေနဲ့ ပန်းရောင်းတဲ့သူတွေ ကိုတော့ စိတ်ကုန်ပါတယ်..အတင်းပဲလိုက်ကပ်ရောင်းနေကျတာပဲ.သူတို့ ကိုရှင်းနေရတာနဲ့ မျောက်တွေတောင်ဓါတ်ပုံမ၇ိုက်ခဲ့ ၇ဘူး..