Thursday, September 4, 2008

အညာစကား

“ကျူကျူဝါလားလေး စားချင်သာ”

အဲဒီလို ကျွန်မက ဆိုရင် လူတော်တော်များများက ဘာကြီးများ စားချင်နေတာလဲ ဆိုပြီး နားလည်နိုင်မှာ မဟုတ်။ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းတဲ့။ အထက်အညာဒေသက မြန်မာလူမျိုးစစ်စစ်များ ပြောသည့် တချို့ ဝေါဟာရတွေကို မြန်မာလူမျိုးအချင်းချင်းပင် နားမလည်နိုင်။ ကျူကျူဝါလားဆိုတာ ကျွန်မတို့ တောင်သာ၊မြင်းခြံနယ်မှာ စာလေးခွေကို ခေါ်ခြင်းဖြစ်သည်။ ဘာကြောင့်အဲဒီလို ခေါ်လဲတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ အကောင်းသားနော်။

ကျွန်မက ရန်ကုန်မှာမွေးတဲ့ အညာသူ။ ရန်ကုန်လို နေရာမှာ လေယူလေသိမ်း ခပ်လေးလေးနဲ့  အားရပါးရ ပြောတတ်တဲ့ အညာသူ အညာသားတွေ မကြာခဏ တွေ့ ရတတ်သည်။ အဲဒီအခါတိုင်း ကျွန်မရော ကျွန်မအဖေရောက မနေနိုင်။ စိတ်ထဲက အရမ်းရင်းနှီးပြီး အညာက မိုလားလို့  စမိတ်ဆက်တတ်သည်။ “ကျူပ်တော့ နိုဝင်ဘာ ခွင် လောက် ပြန်မယ်စိတ်ကူးသာပဲ”။ သေချာပြီ။ ဒီလူ အညာသား။ “ခုနှစ်” ကို “ခွင်” လို့ ဆိုတတ်သလို “တာ” ကို “သာ”လို့ သာ သုံးတတ်သည်မှာ အညာသူအညာသား တော်တော်များများပင်။

ကျွန်မက အညာလေသံ အရမ်း မပေါက်ပေမယ့် တချို့  အညာအသုံးအနှုန်းများကို ကြားရမှ သူငယ်ချင်းတွေက အထူးအဆန်းဖြစ်ကြသည်။ “ငါ့အကျီင်္ကြည်သီးပြုတ်သွားလို့ ” ဆိုလျှင် သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသည်။ ပြီးလျှင် မှားနေတယ် ကြယ်သီးလို့  ပြန်ပြင်ပြောလို့  သင်ပေးကြလဲ အချိန်တန် ကြည်သီး ပြန်ဖြစ်သွားသည်။ “ဘွဲ့ ယူတုန်းက ဂျိတ်လုံချည် အ၀ါလေးဝတ်တာ” လို့ ဆိုလျှင် ကျွန်မ ပါးစပ်ထဲမှ ချိတ်ကနေ ဂျိတ်ဖြစ်သွားသည်ဆို ပွဲကျလို့ မဆုံး။ “ဂယ်လယ်ပဲဟင်း” ကိုတော့ ကျွန်မအမျိုးသားက “ကလယ်ပဲ”(ကုလားပဲ) ဘယ်လောက်ပြင်ပေးပေး မရ။ အကျင့်ပါပြီး ဖျောက်ရခက်တာက တကြောင်း ကျွန်မကိုယ်တိုင်က အဲဒီလို ပြောရဆိုရတာကို မြတ်နိုးအားရသည်က တကြောင်းပေါ့။

ကျွန်မ ဆွေမျိုးတွေက အညာမှာနေ အညာမှာကြီးသူတွေ ဆိုတော့ တကယ့်အညာစကား စစ်စစ်တွေသာ ပြောကြသည်။ “င့ါကို ဒုတ်ခညောင်းလေးရှာပေးစမ်းပါအေ… မီးမွှေးချင်လို့ ” ဆိုတဲ့ ကျွန်မ အဒေါ်စကားကို ကျွန်မက နားလည်စွာ ဒုတ်ချောင်းလေးရှာပေးရသည်။ “ဟဲ့ … ပိန်ညှောင်ကြီး… ဟိုမယ်.. ပိန်ညှောင်ကြီး”… တလွဲမထင်ပါနဲ့ ။ ပိန်ညှောင်ညှောင်လူကို ဆိုလိုခြင်း မဟုတ်။ မျက်နှာကျက်က အိမ်မြှောင်ကို ဆိုလိုခြင်းပါ။ “ညည်း အိတ်ထောင်ထဲ အကြွေမရှိဘူးလား”… ထောင်နေတဲ့အိတ်မဟုတ်ပါ။ အက်ီီီၤအိတ္ကပ္ပါ။ “ညည်းတို့ ဆီက ချဉ်စော်ကား များအားမရပါ့အေ… စားရတာဖွယ်တယ်တယ်ကြီး”… တို့ ဘူး ကို
ချဉ်စော်ကားလို့ သာ ခေါ်တတ်ကြသည်။ “ကျွန်တော်တို့ က မန်းလေးကို ဗိုရင် ရောက်သာတော့… ခင်ဗျားတို့ နောက်ကျချက်ရက်စက်သယ်… ဘိတ်ဆုံးပဲ ”… အရင်ဆုံးကို ဗိုရင်၊ နောက်ဆုံးကို ဘိတ်တဲ့။ မန္တလေးကို မန်းလေးလို့ သာ နှုတ်စွဲသည်။

ဟိုတနေ့ က ကျွန်မညီမက “ဟယ်…ဟိုမယ်.. အကြော်ပန်းတွေ လှချက်တော့” လို့ ဆိုတော့ ဘေးက ရန်ကုန်သူ မျက်စိလည်သွားသည်။ ဘယ်နှယ့်.. အကြော်က ပန်းဖြစ်ရတယ်ပေါ့။ တရုတ်စကားပန်းလေးတွေက အကြော်ပန်းလို့ အညာမှာ နာမည်တွင်သည်လေ။ “မီးပူတိုက်” သည်ကို “မီးအိုးထိုး” လို့  အားရပါးရဆိုတတ်တာက အမှတ်တမဲ့ဆို ကြောက်စရာ။ “ဟိုကောင့်ကြည့်ပါဦး… ဂိုက်ပေးကြမ်းသာ”… ရန်ကုန်လို ဘာသာပြန်ရင် ဟိုကောင်… ပဲများလိုက်တာပေါ့။

အဲဒီလို အားရပါးရ ပြောတတ် ခေါ်ဝေါ်သုံးစွဲတတ်သည့် အညာစကား၊ အညာလေသံလေးတွေကို ကျွန်မ ဘယ်နေရာ ရောက်ရောက် မေ့လို့ မရပါ။ ဆိုင်တခုခုမှာ ထိုင်ဖြစ်တာပဲ ဖြစ်ဖြစ်၊ အလှူတခုခုမှာ တွေ့ ရတာပဲ ဖြစ်ဖြစ် ကျွန်မ ရင်းနှီးနေသည့် ဒီလေယူလေသိမ်း ဒီအသုံးအနှုန်းလေးများ ကြားလိုက်ရရင် ဝေးနေတာ ကြာနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ ရသလို မနေနိုင်မထိုင်နိုင် အတင်းလိုက် မိတ်ဆက်… အနည်းဆုံး အညာက ထင်တယ်နော်လို့  တခွန်းလောက်ပြောလိုက်ရမှ ကျေနပ်တာ ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ အညာသွေးတွေ ကြောင့်ထင်ပါရဲ့နော်။

တန်ခူး
1:45pm 4-Sep-2008

35 comments:

Ko Paw said...
This comment has been removed by the author.
Ko Paw said...

ကျနော်တို့ လယ်ကိုင်း၊ကျောင်းတော်ရာဘက်မှာကျတော့ နေ့လည်စာ ထမင်းဘူးကို “ထမင်းထုပ်” လို့ခေါ်တယ်။ ရန်ကုန်မှာ ကျောင်းလာနေတော့ “ထမင်းထုပ်” လို့ အကျင့်ပါပြီးပြောမိတော့ သူငယ်ချင်းတွေက ၀ိုင်းဟားကြတယ်။ “မင်းရပ်ကွက် မီးလောင်လို့ ထမင်းထုပ် ရလာတာလားလို့ မေးကြတယ်။”

ညကို ညှ၊ နေ့ကို နှေ့ ။ နေ့လည်ကို နှေ့လည်၊ ညနေ ကို ညှနေ တဲ့။ ဟထိုးသံလေးတွေ အလျှံပယ် သုံးပြီးပြောတယ်။

ဆရာဝန် ကို ဆရာဝင်၊ ၀က်ဝံ ကို ၀က်ဝင်၊ ၀န်ကြီး ကို ၀င်ကြီး တဲ့။

အ၀တ်အစား ကို အ၀စ်အစား။ အင်္ကျီဝစ်တယ်၊ ဘောင်းဘီဝစ်တယ် ပေါ့လေ။

“ဖော့ဓါးလှီး”လေး စားချင်လိုက်တာပြောလို့ ဖော့ဖိနပ်ကို လှီးပြီး သွားမကျွေးနဲ့။ အဆဲခံရမယ်။ ဓါးနဲ့လှီးတဲ့ ရေခဲချောင်းကို “ဖော့ဓါးလှီး”တဲ့။

Anonymous said...

ကျွန်တော်ရန်ကုန်သားတောင် ဆရာမခင်ခင်ထူး၏အညာဓလေ့ပါသောစာများကိုအတော်သဘောကျမိတာ မတန်ခူးဆိုရင်ဆရာမစာများကို အလွန်နှစ်သက်နေလိမ့်မယ်လို့ ထင်ပါတယ်။

ပီတိ said...

အမေက မြင်းခြံ နွားထိုးကြီးဘက်ကဆိုတော့ မတန်ခူးတို့နဲ့ တော်တော်လေးနီးပါတယ်။ အဲဒီမှာ သုံးတဲ့ဒေသ အခေါ်က ကျွန်တော်တို့ညောင်ဦးနဲ့ မတူတာလေးတွေရှိတယ်....
တခါက သင်္ဘောသီးလှီးကျွေးတာ "ပင်းနှမှည့်သီးလေး စားကြည့်ချိုတယ်..." ပထမဘာပြောတာလဲ နားမလည်ဘူး။ နောက်တော့မှ ပင်၌မှည့်တဲ့အသီးကို အမြန်ပြောတော့ ပင်းနှမှည့် ဖြစ်သွားတာကိုး...
နောက်ပြီး သူတို့ စကားပြောပြီး သဘောတူညီချက်ယူရင်... နော် လို့ မပြောပဲ နှော့ လို့သုံးတတ်တယ်... ဥပမာ "ချိုတယ် နှော့..." တဲ့....

တူတာလေးတွေကတော့ "ရေတွန်းထဲ တွင်းချလိုက်ရ..." တို့
"လွန်မိုးနဲ့ ထွင်းအိဒ္နြာဗိုလ် ဇာတ်ကား လွှတ်ကောင်းတယ်" တို့ပေါ့...

ရန်ကုန်ရောက်တော့ မနက်ကို မနက်ကြီးလို့ သုံးမိတော့ မနက်ကလေး ရှိသေးလား လို့ အမေခံရဖူးတယ်....

နောက်ပြီး ငါတို့ အိမ်ဝိုင်းထဲမှာလို့ပြောတော့ ရန်ကုန်ကလူတွေ ၀ိုင်းဟားကြရော... ပြန်ပြောချင်တာနဲ့ ရန်ကုန်မှာဘယ်လိုခေါ်လဲ လို့ မေးလိုက်တော့ "ခြံ လို့ခေါ်တယ်" တဲ့... "ငါတို့ အညာမှာ ခြံကို တိရိစ္ဆာန်တွေကိုထားမှ ခေါ်တာလို့.. နွားခြံတို့ ဆိတ်ခြံ တို့... လူတွေနေတာ ၀ိုင်း လို့ခေါ်တယ်... " လို့ပြန်ပြောလိုက်တယ်....

စကားမစပ်။ ။ ကိုပေါက လယ်ကိုင်းဘက်ကကိုး.. ကျောင်းတော်ရာ ဘုရားပွဲကို နှစ်တိုင်းနီးပါးရောက်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ၀က်မြစ်ဥပြုတ်ပဲ... ကျွန်တော် လယ်ကိုင်းကိုခေါ်ပုံလေးဖတ်ကြည့်ပါဦး...
http://www.pti31.com/2007/07/petis-way-of-memorizing.html

မာရေးသျှင် said...

လွှတ် ကောင်းဗျာ
ခင်များညှယ် ရေးတတ်တာကြီးကို

မေသဇင် said...

ချစ်စရာကောင်းတဲ့ အညာစကားလေးပါပဲ။ ကျောင်းမှာတုန်းကတော့အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေစုံတော့ သူတို.စကားလေးတွေ ကြားနာဖလှယ်ခဲ့ဖူးတာ ပြန်သတိရသေးတယ်။ တစ်ခါ သူငယ်ချင်းတွေ စုစားကြတော့ တစ်ယောက်က ခါကြက်ဥ ဆိုပြီးမှာလိုက်တယ်။ တခြားတစ်ယောက်ကတော့ ခါကြက်ဥဆိုတာ ဘာပါလိမ့်ဆိုပြီး သိချင်နေတာပေါ့။ အချင်းချင်းဆိုတော့ မမေးတော့ပဲ လာချမှ ကြည့်မယ်ဆိုပြီး စောင့်နေတာ.. ဟဲဟဲ.. နောက်တော့ carrot ကိုပြောတာကိုး။

khunmyahlaing said...

အိုအေ .. ကျုပ်တို့ကတော့ ထမင်းကို ဇွင်းနဲ့ စားရသာ တယ်အားမရပေါင်.. ဂိုက်ထုတ်တုန်းသာ မဟန်သာလို့ စားရတာပ...တဲ့။ အမေကြီး (အဘွားရဲ့ ညီမ) ပြောဖူးတာလေး ပြန်ကြား ယောင်မိတယ် အမရေ

myatnoe said...

အမရေ.. မနက်ဖြန်ခါ ထမင်းစားလာပါလား..
မနက်ကြီး မှလာနော်..။
လွှတ်ကောင်းတဲ့ ဟင်းတွေချက်ထားတယ်။
ဟီး သူများပြောတာကြားဘူးတာ။

လွှတ်ကောင်းတဲ့ ရေးချက်မို့ လွှတ်ကြိုက်တယ်..ဟီး

မဇနိ said...

အမတန်ခူးရေ စာရေးကောင်းချက်တော့ လွန်ပါရောလား..
ညီမကျောင်းတက်တုန်းက “ခွန်“ “ထွန်း“ တွေ မပီလို့ သူငယ်ချင်းတွေက ၀ိုင်းပြင်ပြောခိုင်းတယ်။ ညီမက တမင်တကာ မပြင်ဘူးအမရဲ့ အညာသူအစစ်ပီသချင်လို့လေ။ ညည်းအညာသူလားလို့ ရန်ကုန်သူတွေကမေးရင် “ဟုတ်တယ် အညာသူထဲကမှ ငါက အညာသူအစစ်ကြီးလို့“ ပြောတာဗျ။ ဘယ်မြို့တွေကျောင်းသွားတက်တက် အညာပုံကို မဖျောက်ပြစ်ဘူး။ ရန်ကုန်မှာ သနပ်ခါးပါးကွက်နဲ့ ကျောင်းတက်တော့ သူများတွေက ရယ်ကြတယ်။ ညီမကတော့ သနပ်ခါးပါးကွက်မပါတဲ့နေ့ဆို ပါးမှတခုခုလိုနေသလိုဖြစ်တာ။
အညာကိုခင်တယ်ဆိုလို့ ၀မ်းသာမိပါတယ် အမတန်ခူးရေ။ အခါအခွင့်သင့်ရင် တမာတွေပေါတဲ့ အညာတောကို လာလည်အုံးနော်။

ဇနိ said...

အမရေ ဧရာမ အကြီးကြီး၊ တက်တက်မ အစောကြီးတွေရော သိလား။
ကျနော်လည်း အညာသားပါပဲ။
း)

ပင်နီ said...

အမ မြင်းခြံဘက်မှာ ဆိုက်ကားကိုဆိုက်တွဲလို့ခေါ်တယ်တဲ့..
အမတို့ဘက်မှာရောခေါ်လား...
ကျွန်မတို့မုဒုံမှာတော့ သီးစုံဟင်းကို “အာကလန်ပါကလန်”လို့ခေါ်တယ်..
ကြောင်တွေ၊ခွေးတွေသေးသေးလေးတွေဆိုရင်
ကြောင်သားလေး၊ခွေးသားလေးတဲ့
ကလေးတွေဆိုရင် ကလေးသားလေးတဲ့
အမရဲ့ ကလေးသားလေးရော နေကောင်းလား..

Moe Cho Thinn said...

အမလေး..သူများတွေ ရေးလိုက်ကြတာ ကုန်ပါရောလား။
ညီမလေးရေ.. ဒီပို့စ်လေးက ချစ်စရာကောင်းချက်က အလွင်ပဲ (အလွန်ပဲ)။
ကြိုက်ချက်တော်။
ချစ်သော
အမ- မချိုသင်း
(အမက အညာသူမဟုတ်ပေမဲ့ အညာသားစစ်စစ်ကြီးက မွေးလာတဲ့ ၀ာဝက်ရော လေးပါ :P)

Moe Cho Thinn said...

ညီမရေ
ဖတ်ရတာပျော်လို့ တခေါက်ထပ်လာဖတ်သွားတယ်။ :P

မောင်မျိုး said...

အစ်မက အညာသူစစ်စစ်ကြီးပဲ ဒီလောက်ကြာတာတောင် စကားအသုံးနှုန်းတွေက ပြောင်းမရဆိုတော့ ကျနော်လည်း ကြုံဖူးတယ် အညာဘက်ကလူတွေနဲ့  ခုံသေးသေးလေးဆို “ခုံပေါက်စနလေး ” တဲ့ နောက်တော့ “ ဒီလူကြီးကတော့တော်.” ဟီး အဲ့လိုကြီးအဖွားတစ်ယောက်အသံကိုစွဲပြီးပြောနေတာ ကျနော်ဖြင့်ရယ်ရတာ အူပါနာတယ် စကားလည်းဆန်း အသံအနေထားလည်းဆန်းတဲ့ အညာသူ အညာသားတွေ သဘောကောင်းကြတာတော့ အမှန်ပဲး)

ponyate said...

မတန်ခူးရေ.. ဖတ်ရတာ ပျော်စရာကြီး။ ဆရာမခင်ခင်ထူး စာတွေထဲမှာတော့ ဖတ်ဖူးတယ်။ "တ" နဲ့ "သ" ဖလှယ်ပြောတာ။ နောက်ပြီးတော့ "ကောင်းချက်တော့" လို့ပြောတာ။ နောက် ခင်ခင်ထူးစာထဲမှာ ပုံရိပ်သဘောကျတာ တခုက "လျှာလျှော်လိုက်ဦးမှ" ဆိုတဲ့စကား။
ခု အကြော်ပန်းဆိုတဲ့ အသုံးအနှုန်းနဲ့ ဂ်ုက်ပေးကြမ်းတယ် ဆိုတဲ့ အသုံးအနှုန်းကို သဘောကျသွားပြီ။ အိတ်ထောင် ဆိုတဲ့စကားကိုတော့ ပုံရိပ်လည်း ကြားဖူးတယ်။

ကလိုစေးထူး said...

စာအတွက် ကွန်မန့်မရေးခင် တောင်းပန်စရာ တခုရှိတာက ကျနော်က တချိန်လုံးလိုလို `တန်ခူး´ လို့ပဲ ခေါ်ခဲ့မိတာကိုပါပဲ။ စောစောကမှ အမမိုးချိုသင်း ဘလော့ဂ်က ကွန်မန့်ကို တွေ့တော့မှ ကျနော်ထက် အသက်အများကြီး ကြီးတာကို သိရတယ်။ အရင်ကလဲ ကျနော့်ထက် အသက်များကြီးနေမလားလို့ တွေးမိပေမယ့် `တန်ခူး´ ဆိုတဲ့ နာမည်ကို အရှေ့ကနေ `မ´ တပ်ခေါ်လိုက်ရင် သိပ်ပြီးတော့ မရင်းနှီးဘူးလို့ ခံစားရတာရယ်၊ အားပါးတရ မရှိလှဘူးဆိုပြီးရယ် ကိုယ့်ဘာသာကိုယ်တွေးပြီး `တန်ခူး´ ဆိုတာပဲ ခေါ်မိတာ။ အခုတော့ ဘယ်လိုဆက်ခေါ်သင့်မှန်းတောင် မသိတော့ဘူး။ :D အမတန်ခူး လို့ ခေါ်ရင်ကောင်းမလားဘဲ။ ဒါမှ အသက်ကြီးတာ ပိုပေါ်လွင်သွားအောင်လေ။ :P


အညာစကား ပို့စ်ကတော့ ကျနော့်အတွက် ဗဟုသုတတမျိုးတိုးတယ်။ တမျို့တရွာ တဂါထာလို့ ပြောမယ်ထင်တယ်။ ကျနော်တို့ နယ်ဘက်မှာကျတော့ ရှ နဲ့ ဆ သံကို မပီကြဘူး။ ဥပမာ... ရှိတယ် ဆိုရင် ဆိတယ်။ ရှင်းတယ်နော် ဆိုရင် ဆင်းတယ်နော်။ အဲဒီလို မပီတာတွေက တခါတလေကျရင် ကမောက်ကမလေးတွေ ဖြစ်တတ်လို့ပျော်ဖို့တော့ ကောင်းသား..။

Kay said...

အားပါး- အညာ သား တွေ ချည်းပါပဲလား။
ကျမ ကတော့.. အညာ မရောက် တရောက်.. ။
*အဲ့လို* ဒေသိယ စကား လေး တွေ.. အရပ်တိုင်းမှာ..ရှိ ကြတယ် နော်။ ချစ်စရာ လေး တွေပေါ့။

ဟိုသီချင်းလေး တပုဒ် သတိရသွားပြန်ပီ။ ညည်းလိုက်အုံးမယ်။

-ရွှေညာသူ ရွှေညာသား...နေထိုင်ပုံ ကြည့်ပါလား...
ရိုးရိုးသာ ပြောပေ..ရှင်းရှင်းသာ ပြောပေ.. သဘောလည်းဖြူ..မနောလည်းဖြူ.. (ရွှေညာသူ. ) ၂ကျမ တို့မြေကို ..အလည်လာ ဖိတ်ချင်သူ.. --

ခွန်မြလှိုင် said...

အမတန်ခူးရေ.. ချောချက်ကတော့ ငါးရှဉ့်က အမ ခေါ်ရသတော့.. လက်ထဲ ရောက်ပဟလို့ ဖမ်းဆုပ် လိုက်ရင်တောင် ချောထွက်သွားတာ.. လွှတ်လမ်းများပါ့တော်..

မေငြိမ်း said...

မတန်ခူးရေ.. Tag ထားတာလေး ရေးပါဦးနော်.. ပျော်စရာပေါ့ပေါ့ပါးပါးလေးးးး

သက်ဝေ said...

ရန်ကုန်မှာမွေး ရန်ကုန်မှာကြီး.. မိဘတွေကလဲ ရန်ကုန်ကပဲမို့  အဲဒီ့ အသုံးအနှုံးတွေနဲ့  မနီးစပ်ခဲ့ပါ..။ ဆရာမ ခင်ခင်ထူးရဲ့  စာတွေထဲမှာတော့ ဖတ်ဖူးပါရဲ့ ..။ အခု တန်ခူးရေးပြတော့မှဘဲ ချစ်စရာ ပျော်စရာ စကားအဆန်းလေးတွေ သိရတာ...။ ကျေးဇူး..။
အခုလဲ.. သက်ဝေက ကျူကျူဝါလားလေး စားချင်သာ... ဘယ်မှာရမလဲ တန်ခူးရေ...။

nu-san said...

မတန်ခူးပို့စ်ဖတ်ပြီး အညာဒေသ စကားသုံးလေးတွေ သိသွားရတာပေါ့နော်။ ဆရာမခင်ခင်ထူးရဲ့ မအိမ်ကံဖတ်မိတော့မှ အညာဘက်က စကားတွေကို ရင်းနှီးတာ မ ရ.. အပြင်မှာတော့ အသိမရှိလို့ သိပ်ပြီးမကြားဖူးဘူး။ မတန်ခူးပြောတော့မှ ကျူကျူဝါလားတောင် စားချင်လာပြီ.. ဟိ..ဟိ.. :D

ဒုတ်ခညောင်းလေးရှာပေးပါတဲ့လား အမရေ.. တခါမှ မကြားဖူးဘူးရယ်.. ပြီးတော့ အိမ်မြှောင်ကို ပိန်ညှောင်လို့ခေါ်တယ်တဲ့လား..နောက်ပြီး ဘယ်ဘက်က သုံးတဲ့စကားလည်းတော့ မသိဘူး.. ထမင်းအိုး ဆူတာကို ထမင်းအိုးက အော့အန်တယ်လို့ ပြောတယ်ဆို ဟုတ်လားဟင်... အမရေ.. “အညာသားကျောကုံး” ဆိုတာ သိလား.. အဲဒါ ဘာမုန့်လဲ.. ရန်ကုန်မှာ ဘယ်လိုခေါ်လဲဟင်.. ဒီမှာ တောင်ငူသားက လာမေးနေတယ်.. ကျနော်လည်း မသိဘူး.. ဗိုရင်ကတော့ သူလည်း တခါတလေ ပြောနေတာ ကြားဖူးတယ်။ :D

မရေ.. သတိတရနဲ့လာလည်တာ ကျေးဇူးပါနော်.. :)

thorn musem said...

ဆရာနေ၀င်းမြင့်ရဲ့  ဇာတ်ကောင်မိန်းကလေး တစ်ယောက်တော့ မိပြီကွ...။
ကဲစိတ်ဆိုးမနေနဲ့ တော့....စာအရေးအသားကို သဘောကျနေတာကြာပြီ.....
ခု ကျနော့်ဘလော့ဂ်အသစ်လေးမှာ...
တန်ခူးတင်မကဘူး....မိသားစုတစ်ပြုံလုံးကို
လင့်င်္ခ လိုက်ပြီ...
ကျနော့် ခြုံလေးလည်း လာလည်ဦး....။

thorn musem said...

ဆရာနေ၀င်းမြင့်ရဲ့  ဇာတ်ကောင်မိန်းကလေး တစ်ယောက်တော့ မိပြီကွ...။
ကဲစိတ်ဆိုးမနေနဲ့ တော့....စာအရေးအသားကို သဘောကျနေတာကြာပြီ.....
ခု ကျနော့်ဘလော့ဂ်အသစ်လေးမှာ...
တန်ခူးတင်မကဘူး....မိသားစုတစ်ပြုံလုံးကို
လင့်င်္ခ လိုက်ပြီ...
ကျနော့် ခြုံလေးလည်း လာလည်ဦး....။

thorn musem said...

အညာစကားမို့ လို့ ထပ်ရောက်လာတာ..
ဂုဏက ကွန်မန့်က ၂ခေါက်တောင်....
ကျနော်တို့ ဆီမှာ မိသပ် တို့ ငသပ် တို့ ဆို တာ ရှိတယ်...
အာ့ဒါ ယောကျာင်္လေး၊ မိန်းမလေး တွေကို ခေါ်တာ။
ဈေးတက်ရောင်းတဲ့ အဒေါ်ကြီးတွေ ရွာပြန်ဆင်းတော့မယ်...၀ယ်ထားတဲ့ ဈေးတောင်းကလည်း မနိုင်မနင်းဆို...တွေ့ တဲ့ လူ ခေါ်တော့တာဘဲ...ဟဲ့  ငသပ် တောင်းတစ်ချက်ပင့်ပေးစမ်း...လို့ ပြောတာ။
ကိုယ့် နာမည်မဟုတ်လို့  မသိဘဲ ဆက်သွားမီရင် ...
သြော် ..ဟဲ့  ငသပ် နင့်ကို ခေါ်နေတာ မကြားဘူးလားဆိုပြီး....လက်မောင်းဆွဲပြီး အတင်း ကို
တောင်းပင့် ခိုင်းတော့တာ..။
ကျနော် တစ်ခြားနယ်မှာ...ဆံပင်ညှပ်ဘို့ သွားတော့ စပင်လို့ ပြောတော့ ၀ိုင်းရီကြတယ်...
ပိုက်ဆံကို ပက်ဆံ။
တခါက ကြွေဇလုံ တလုံးပေးဆိုတော့ မွန်ပြည်နယ်ကခလေးမ မိသပ်ရွာလည်နေတာ....တအိမ်လုံးနှံ့ နေအောင်ရှာတာ...သူတို့ ဆီမှာက အစ်...တဲ့ဗျာ....။

pandora said...

အောက်အရပ်ကနေ လာလည် မှတ်သားသွားပါကြောင်း

တန်ခူး said...

ကိုပေါရေ… ကျွန်မတို့ ဘက်မှာလဲ ထမင်းထုပ်လို့  ပြောကြတယ်… “န်” ကို “င်” လို ပြောတာချင်းလဲ တူတယ်… ဒါပေမယ့် ဟထိုးတော့ မသုံးဘူး… ဟထိုးသုံးတာ အောက်ပြည်မှာပဲလို့ ထင်နေတာ… ကိုပေါပြောမှပဲ အညာမှာလဲ သုံးမှန်းသိရတယ်… ကျောင်းတုန်းက ကျိုက်လတ်ဇာတိ ဆရာကြီးဒေါက်တာစန်းတင့် အဲဒီလို သုံးတာ သတိထားမိတယ်…

ဟုတ်ပါတယ် Anonymousရေ… ဆရာမခင်ခင်ထူးက ကျွန်မရဲ့ အကြိုက်ဆုံး စာရေးဆရာထဲက တယောက်ပါ… ဆရာမက ကျွန်မတို့ နယ်ဘက်ကမို့  အသုံးအနှုန်းတွေက တထပ်ထဲ… ဖတ်ရတာ အားရစရာပါ… ခုလဲ ရွှေအမြုတေက မအိမ်ကံကို လတိုင်းရင်ခုန်စွာနဲ့ ဖတ်နေရတာ…

ကိုပီတိရေ… အဲဒါဆို ကိုပီတိကလဲ ကျွန်မတို့ နဲ့ ရပ်ဆွေရပ်မျိုးပေါ့… အမှန်ပဲ…မနက်ကြီးတို့ …နော့တို့ … အိမ်ဝိုင်းတို့ … ကိုပီတိထပ်ဖြည့်ပေးလိုက်မှ ပိုပြည့်စုံသွားတယ်… ပြီးခဲ့တဲ့ စနေကပဲ အညာက သူငယ်ချင်းတယောက်ရဲ့ အလှူမှာ ၀က်မြေဥစားလိုက်ရသေးတယ်… ဒီမှာ ၀ယ်လို့ ရတယ်…

ကိုမာရေးသျှင်နဲ့ … ကျေးဇူးတင်ချက်…

အဟုတ်ပဲ မမေသဇင်ရေ… မုန်လာဥနီကို ခါကြက်ဥလို့ ခေါ်တယ်… ကျွန်မကျန်နေခဲ့တာတွေ တော်တော်များတယ်… ခုလို ဖြည့်စွက်ပေးတာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

လှိုင်ရေ… အဘွားတွေတောင် ပြန်လွမ်းသွားတယ်…

လွှတ်ကျေးဇူးတင်တယ်..မြတ်နိုးရေ…

မဇနိရေ… အမ ကလေးမွေးတုန်းက အမအဒေါ် ဒီကိုလာတော့ ဘယ်သွားသွား သနပ်ခါး ပါးကွက်ကြားနဲ့ ပဲ… လူတွေ ကြည့်လဲ ဂရုမစိုက်ဘူး… ခုလဲ သားနဲ့ ကျောင်းတူတူတက်တဲ့ ကောင်မလေးရဲ့ အမေ(ပခုက္ကူက) နေ့ တိုင်း ကျောင်းလိုက်ပို့ ရင် ပါးကွက်ကြားနဲ့ … သိပ်ချစ်ဖို့ ကောင်းတဲ့ အညာသူစစ်တွေပေါ့… ဒီနှစ်အိမ်ပြန်ရင် တမာတောကို လွမ်းလွန်းလို့ ပြန်ဦးမယ် ညီမရေ… သနပ်ခါးတုံးနဲ့ ပုန်းရည် ၀ယ်ခဲ့မယ်နော်…

ကိုဇနိရေ… ဧရာမ အကြီးကြီး၊ တက်တက်မ အစောကြီးတွေကို သိတာပေါ့… ကျွန်မတို့ ဘက်မှာလဲ အဲဒီလို သုံးတယ်… ကိုဇနိနဲ့ က အနီးလေးကို… ခုလို ဖြည့်စွက်ပေးတာ ကျေးဇူးနော်…

မပင်နီရေ… နာမည်လေးက မြန်မာဆန်လိုက်တာ… ဟုတ်ပါတယ်… ဆိုက်တွဲလို့ ခေါ်တယ်… အားလုံး ၀ိုင်းဖြည့်စွက်ပေးမှ ပိုပြည့်စုံသွားတယ်နော်… မုဒုံ အသုံးအနှုန်းတွေ ရင်းနှီးတယ်… ကျောင်းတုန်းက မုဒုံက သူငယ်ချင်းတယောက်ရှိတယ်…တို့ ရဲ့ကလေးသားလေးနေကောင်းပါတယ်… နောင်လဲ လာလည်ပါဦး ညီမရေ….

ကျွန်မချစ်တဲ့ အညာသားစစ်စစ်ကြီးက မွေးတာမို့  ပိုချစ်မိတာပေါ့… အဖေတို့ ကျွန်မတို့ က ကိုယ့်ရပ်ကိုယ့်ရွာ အစွဲသားလား… ဟိဟိ… လွဲချက်ကတော့…ချိုသင်းလို့ ပဲ ရင်းရင်းနှီးနှီး ခေါ်မယ်နော်… ပျော်တယ်ဆိုလို့  ၀မ်းသာပါတယ် ချိုသင်းရေ… တန်ခူးက ချိုသင်းလို ပျော်စရာတွေ ရေးတတ်ချင်တာ…

မောင်မျိုးရေ…ဟုတ်ပ… တကယ့်အညာသူအစစ်ပါ… အဖေရော အမေရော တနယ်ထဲလေ… မောင်မျိုးမှာ အဲလို သဘောကောင်းတဲ့ ယောက်ဖလေးတွေ နှစ်ယောက်တောင်မိုလား…

ပုံရိပ်ရေ… ဆရာမခင်ခင်ထူးရဲ့ အရေးအသားတွေက အညာရဲ့Imageပေါ့… ဆရာဦးတင်မိုး …ဆရာမခင်ခင်ထူးတို့ နဲ့  ရေခံမြေခံတူတူမို့  အရမ်းဂုဏ်ယူမိပါတယ်…

ကိုစေးထူးရေ… တန်ခူးလို့ ပဲ ဆက်ခေါ်ပါ(နုတာပေါ)့… တန်ခူးက ကလောင်နာမည်မို့  ခေါ်လို့ ရပါတယ်… ကိုစေးထူး ကျွန်မထက် အများကြီးငယ်တယ်ဆိုတာ ကျွန်မဘလော့ဂ်စ မရေးခင်ထဲက သိပါတယ်…ကို တတ်ပြီးခေါ်ရတာတော့ ရေးတဲ့စာတွေက အများကြီးmatureဖြစ်လို့  လေးစားသမှုနဲ့ ခေါ်မိတာပါ… ကိုစေးထူးတို့ နယ်က တောင်ငူ၊ ပျဉ်းမနားနဲ့ ခပ်ဆင်ဆင်နော်… အဲဒီဘက်တော့ ချနဲ့ ရှ ဖလှယ်ပြောတာ…

မကေရေ… အဲဒီရေဒီယိုသီချင်းလေး ကျွန်မသိပ်ကြိုက်တာ…

လှိုင်ရေ… ဟိဟိ… တကယ့် အညာသူလေသံလေးပါလား… တကယ်ချောတယ်လို့ လဲ သတင်းရထားပါ့….

မ ရေ… သတိတရtagပေးတာ ကျေးဇူးပါ… ပျော်စရာလေးမို့  ရေးရတာ ပျော်ပါတယ်….

သက်ဝေရေ…ဒီမှာ မြန်မာ ကျူကျူဝါလားတော့ မလွယ်ဘူးထင်တယ်… အညာကျူကျူဝါလားဆို သာတောင် မလွယ်သေး… ကုလားကျူကျူဝါလားတော့ ရနိုင်လိမ့်မယ်… ဒီတခါ အညာပြန်ရင် ၀ယ်ခဲ့မယ်နော်….

နုရေ… ဆရာမခင်ခင်ထူးရဲ့ အညာသူအညာသား ကျွန်မဆွေမျိုးများက ပိုပြီး အညာလေ၊အညာမြေရနံ့ သင်းတယ်… နုဖတ်ဘူးလား… မအိမ်ကံကတော့ ကိုရီးယားကားတွေကတောင် အရှုံးပေးရမယ်… သိပ်ကောင်း… အညာသားကျောကုံးဆိုတာ မုန့် ကျွဲသဲ ကို ပြောတာ ဖြစ်မယ်… မဲနေလို့ လေ…

ကိုသစ်နက်ဆူး… အနုပညာသားစစ်စစ် တယောက်က အညာကဆိုတော့ ပိုပြီး ခင်သွားမိတယ်… ရေးထားတာတွေ အကုန်ကောင်းပါတယ်… ငသပ်တဲ့လား… ခေါ်ပုံလေးက စိတ်ဝင်စားစရာ… ငသပ်=ချာတိတ် ပေါ့နော်… linkပေးတာ ကျေးဇူးပါ ဥရောပရောက် အညာသားလေးရေ…

ပန်ရေ… မတွေ့ တာ အတော်တောင်ကြာပေါ့နော်… ကျေးဇူးပါ…

wai said...

မမ
ဖတ်လို.ကောင်းလိုက်တာ
အမြဲတမ်း အားပေးနေမယ်နော်.

ဝေ

တန်ခူး said...

ဝေရေ… ကျေးဇူးပါညီမရယ်… အမြဲအားပေးနေမယ်ဆိုလို့  ၀မ်းသာရပါတယ်…

ဝေလေး said...

လွှတ်ကောင်းချက်.. :P
စကားပြောတာ အားပါတယ်နော်.. ရိုးသားတဲ့စိတ်ထားလေးပိုပေါ်တယ်.. ဝေလေးဦးလေး ကအညာမှာ သူ့သားလေးတွေနဲ့လာလည်ရင်သူတို့ပြောတဲ့စကားလေးတွေ
နားထောင်ပြီး ရယ်နေရတယ် သဘောကျလို့..
အိမ်မြှောင်ကိုပိန်ညှောင်ခေါ်တာလား :P
ဆရာမခင်ခင်ထူးစာတွေ ဝေလေးလဲကြိုက်တယ်..

တန်ခူး said...

လွှတ်ကျေးဇူးတက်ချက်တော့… နောင်လဲလာလည်နော်… ကျုပ်တို့ က ဖွယ်ရွေပါတယ် ဝေလေးရယ်…

ဂျဲဂျယ် said...

ကျွန်တော်ကလည်းအညာသားလို.ပြောရမှာပေါ့။ ပျဉ်းမနားဆိုတော့ အညာဟုတ်လား၊မဟုတ်လားမသိဘူး။ ကျွန်တော်မွေးစားအမေကတော့ အညားသားလို.မပြောရဘူး။ လဖ္ကက်သုတ်ဆိုရင် ဇွန်းကိုမချတော့ဘူးတဲ့ အညာသားတော်တော်များများက လဖ္ကက်သုတ်ကြိုက်ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို.ဆီမှာ အိမ်နဲ.၀ိုင်းရောင်းရန်ရှိသည်ပဲ ကြားဖူးတာပါ။ ပြီးတော့ ချနဲ.ရှ မပီပါဘူး။ ဥပမာ- ချဉ်ဟင်းဆိုရင် ရှင်ဟင်းလို.ထွက်ပါတယ်။ ကိုယ့်ဇာတိမှာက ပြောနေကြတာမသိဘူး၊ ရမ်ကုန်ရောက်မှ သိတာ။ ကျွန်တောာ်ကို စကြတာ ရှစ်တယ်တဲ့၊ ချစ်တယ်ကို ဒီလိုပဲအသံထွက်တယ်တဲ့။ ကိုယ်ကတော့ မသိပါဘူး။ ပြောလာတာ ၁၅နှစ်နီးပါးရှိပြီပဲ။ ပြီးတော့ စကားဆုံးရင် နော့ ပါတတ်တယ်။ ရန်ကုန်က ပဲပြုတ်ကို ကျွန်တော်တို.ဆီမှာ ပဲပေါင်း၊ ပဲကတီပါပြုတ်ကို ပဲပြုတ်။ မုန့်ကြာခွက်ကို မုန့်ကြီးစလောင်း၊ တိုရှည်ကို ဒေါ်ဆယ်တဲ့ ဒေါ်ဆယ်ဆိုတဲ့ အဖွားကြီးစရောင်းခဲ့လို့နေမယ်။စဉ်းစားရင်ရှိအုံးမှာပါ။ ပြောရင်းနဲ့လဖ္ကက်သုတ်တော်စားချင်လာပြီ။

Ðaywalker[Soul] said...

အညာစကားကို လာရောက်ခံစားသွားပါတယ်။ အချိန်ရမယ်ဆိုရင် ဒီစာမျက်နှာလေးကို လာလည်ဖို့ ဖိတ်ပါရစေဗျာ... http://yinmarbin.myanmarbloggers.org

thapyaynyo said...

တစ်နှစ်ပြည့်ခါနီးမှလာဖတ်ရတယ်အစ်မရေ၊ ဒီpost လေးကိုကြိက်မိတယ်။ အညာဒေသကိုလွမ်းမိတယ်။ မြန်မာပြည်အထက်ပိုင်းကို အောက်ပိုင်းဒေသထက်ပိုခင်တွယ်မိ လို့ပိုလွမ်းသွားတယ်။ ဒါပေမဲ့မြန်မာတစ်ပြည်လုံးကိုချစ်ပါတယ်။ မပင်နီပြောသလိုပဲ မွန်ပြည်နယ်ဘက်ကသူတွေက ခွေးပေါက်လေးတွေဆို ခွေးသားလေးလို့ပြောတယ်။ ညီမတို့အမေက မော်လမြိုင်ကလေ၊မွန်တော့မဟုတ်ဘူး။ ဒါပေမဲ့ ရန်ကုန်မှာနေတာကြာတော့အဲလိုပြောတာမကြားရတော့ဘူး။ သူရောက်စက အဲလိုပြောရင် အဖေ့အမျိုးတွေကရယ်ကြတယ်တဲ့။ အိုးသေးသေးလေးကို အိုးသားလေး၊ ဓားအသေးဆိုလဲ ဓားသားလေးတဲ့၊ တံခါးဂျက်ထိုးတာ၊ချတာကို ဘွန်ထိုးတယ်တဲ့။အဖွားတို့တော့အဲလိုပြောကြတုံး၊မော်လမြိုင်သွားလည်ရင်ကြားရတယ်၊ အဲဒါနဲ့ ညီမတို့လည်းအတုခိုးပြီး အိမ်မှာအဲလိုပြောနေကြတယ်။

Anonymous said...

ဆိပ်ဖြူက အလည်လာတဲ့သူငယ်ချင်းကိုရေမုန့် ဝယ်ကျွေးတော့ ပြောတယ်

"ရေမုန့်၊ ရေမုန့်"နဲ့ ဘာလဲလို့ "မုန့်ရေ " တွေပါရော.. တဲ့။

ရေမုန့်ကို မုန့်ရေတဲ့၊
မုန့်ရေတွေပါလား လို့ မပြောပဲ မုန့်ရေတွေပါရော တဲ့.။

AUNGZEYA said...

Delicious post and comments.