Tuesday, September 16, 2008

တာတေ

“တာတေ… မနက်ဖြန် စာမေးပွဲကို ခုထိ ဂေါ်လီရိုက်နေတုန်းလား… ခုစာအုပ်ယူပြီး အိမ်လာခဲ့”

ကျွန်မ အပြင်သွားတုန်း အခွင့်အရေးကို အပြတ် အသုံးချနေသည့် တာတေ။ ၈ တန်းကျောင်းသားက ၅ တန်း၊ ၆ တန်း ကလေးတွေနဲ့ ဂေါ်လီ ရိုက်ဖော်။ ဘယ်တော့မှ အပူအပင်မရှိ။ ခဏကြာတော့ မြန်မာစာ စာအုပ်တွေနှင့် နှေးနှေးကွေးကွေး ၀င်လာသည်။

“ကဲ… ဆို”

မေးခွန်းတပုဒ်ကို မေးလိုက်တော့ ကျွန်မကို ခပ်ငူငူကြည့်နေသည်။ မနက်ဖြန်ဖြေရမှာ ခုထိ ငူငူငိုင်ငိုင်။ ကျွန်မ စိတ်တွေ ပူလိုက်တာ မပြောပါနဲ့ ။ နောက်တပုဒ်မေးတော့လဲ ဒီအတိုင်း။ သူကတော့ အေးအေးဆေးဆေး။ ကျွန်မက ပြာနေပြီ။ မနေ့ ကတင် ကျွန်မနဲ့ နွှေးတုန်းက ရသေးသည်။ ဒီနေ့ မေ့ပစ်သည်။ စာမေးပွဲခန်းထဲရောက်ရင် ဘယ်လိုလုပ်မလဲ။

“နင် ဂေါ်လီရိုက်နိုင်တာ ငါအံ့သြတယ်… ခုပြန်ကျက်… တပုဒ်ချင်း င့ါဆီပြန်ဆို”

သူ့ ကို ပြောရင်း စိတ်တွေက အရမ်းပူလာတော့ မျက်ရည်တွေ ဝေ့၀ဲလာမိသည်။ စာကျက်သံမကြားရ၍ ကြည့်မိတော့ သူမျက်နှာမှာလဲ မျက်ရည်တွေနှင့်။

“စာကျက်ပါဆို နင်ကဘာလို့  ငိုနေရပြန်တာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

စိတ်ထဲမှာ မကောင်း။ ကိုယ့်ကိုယ်ကိုလဲ ဒေါသဖြစ်မိသည်။ ကျောင်းသားကို စိတ်ဓါတ်မြှင့်တင်ရမည့် အစား ကိုယ့်အပြုအမူကြောင့် စိတ်ကျသွားနိုင်သည်။ ချော့မော့ပြီး မေ့မေ့ပျောက်ပျောက် ပြန်သင်တော့ တပုဒ်ပြီး တပုဒ် ချောချောမွေ့ မွေ့ ပြီးသွားသည်။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“ဆရာမကို အားနာလို့  စာကျက်တာ… နို့ မို့ ဂေါ်လီဆက်ရိုက်ချင်တာ” တဲ့။

*****************
“တာတေ… ဖြေနိုင်လား”
“ဟုတ်ကဲ့… ဆရာမ”
“အဖြေတွေ မှတ်လာခဲ့လား”
“ဟုတ်ကဲ့… ဆရာမ”

မျက်တောင်တွေ မှေးစင်းပြီး မေးသမျှမေးခွန်းကို အိပ်ချင်မူးတူး အသံနဲ့ ဖြေနေသော ကိုတော်ချောကိုတာတေသည် ခုမှ ၈ တန်း စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ မတူ။ အတော်ကို သွေးအေးလွန်းလှသည်။ ကိုယ်သာ သင်္ချာအားနည်းသည့် သူ့ အတွက် စိတ်တွေပူနေရသည်။ မှတ်လာသည့် အဖြေတွေက အကုန်တလွဲ။ ဒုက္ခ။ ဒီပုံစံဆို တာတေတော့ ဗုန်းကနဲကျပြီ။ ဝေ့၀ဲလာတဲ့ မျက်ရည်တွေကို ဘယ်လိုမှထိန်းလို့ မရ။ တခြားဘာသာတွေ ကျန်သေးတာမို့  သူ့ ကို မပြောရက်။

“ကဲကဲ… လာနောက်ဘာသာတွေ ကျက်ရအောင်”

ကိုယ့်ကို ကြည့်ပြီး သူပါ မျက်ရည်တွေ ၀ဲလာတော့ အံ့သြတကြီး မေးမိသည်။ သူလိုလူက စာမေးပွဲကျတာလောက်တော့ အရေထူပြီးသား။

“ဟဲ့… နင်က ဘာလို့  ငိုနေတာလဲ”

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

သူဆီက မမျှော်လင့်တဲ့ အဖြေကြားရတော့ ကိုယ်လဲ အတော် ၀မ်းနည်းသွားမိသည်။ ဘာမှ စာဆက်မသင်နိုင်ပဲ ဆရာတပည့်နှစ်ယောက် ငိုပွဲ ဆင်နွှဲနေတော့ အမေက မနေနိုင်။ ပြောနေကျ စကား တခွန်း ၀င်ပြောသည်။

“အဲလောက် စိတ်နုနေရင် ညည်း စာဆက်သင်ရင်တော့ နှလုံးရောဂါရမှာပဲ” တဲ့။

*****************

“ဆရာမ… ဆရာမ ကျွန်တော် စာမေးပွဲ အောင်တယ်”

မနက်စောစော မင်္ဂလာသတင်းကြားလိုက်ရတော့ အတော် စိတ်ချမ်းသာသွားသည်။ ကြားရတဲ့သူက ကိုယ်ဘယ်လိုမှ အောင်မယ်မထင်ထားတဲ့ တာတေဆီက။ ဥာဏ်ရည် သိပ်မထက်မြက်သည့်အပြင် မကြိုးစားတာကြောင့် သူ့ ကို ကျူရှင်ပြရတာ သူများထက် ပိုပင်ပန်းသည်။ သူ့ စာမေးပွဲ တလျှောက်လုံး ကိုယ်ပါအိပ်ရေးတွေပျက်။ တခါတခါ ကိုယ်က ရှေ့ က အားကြိုးမာန်တက် သင်နေသည်။ သူက အိပ်တွေငိုက်လို့ ။ ခုတော့ သူအောင်သွားပြီတဲ့။ အဲဒီကြည်နူးမှုက ဘာနဲ့ မှမတူ။ ထုံးစံအတိုင်း မျက်ရည်တွေက ဝေ့၀ဲလာပြန်သည်။

“ဟဲ့ တာတေ… စာမေးပွဲအောင်တာ နင်က ဘာလို့  ငိုနေတာလဲ”

မေမေ့အသံကြားမှ သူငိုနေတာ သတိထားမိသွားသည်။

“ဆရာမ ငိုတော့ ကျွန်တော်လဲ ၀မ်းနည်းလို့ ပါ”

ဒီတခါတော့ ကျွန်မ မျက်ရည်တွေ ကြားထဲက ရယ်မိသည်။

*****************
ဟိုတခေါက် မြန်မာပြည်ပြန်တော့ အမေက ကျွန်မ မမျှော်လင့်တဲ့ သတင်းတခုပြောပြခဲ့သည်။

“တာတေ ဆုံးသွားပြီအေ”

“အမေရယ်… ဘယ်လို ဖြစ်တာလဲ…”

“ရင်ကျပ်ရောဂါလို့ ပြောတာပဲ”

အတော်ကို စိတ်မကောင်းဖြစ်သွားမိသည်။ အရင်အခေါက်တွေ ပြန်တုန်းက မော်တော်ပီကယ်လုပ်နေသည့် တာတေကို ကားနဲ့ ဖြတ်သွားတိုင်း နှုတ်ဆက်မိသည်။ အလုပ်အကိုင် အတည်တကျနဲ့  မိဘလုပ်ကျွေးနေတာတွေ့ ရတော့ စိတ်ချမ်းသာမိသည်။ ခုတော့… အသက်ငယ်ငယ်လေးနဲ့  ဆုံးပါးသွားရှာပြီ။ မျက်ရည်တို့  ဝေ့၀ဲလာသည်။

အမေက ကျွန်မကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် ဆိုသည်။

“ခုတော့… ဆရာမ ငိုလို့  လိုက်ငိုမယ့်သူမရှိတော့ဘူးပေါ့အေ” တဲ့။

(ကျောင်း ၃ နှစ်ပိတ်လိုက်တုန်းက ကျွန်မ စာသင်ပေးခဲ့ရသည့် အသက်တိုရှာသည့် တပည့်ဟောင်းလေး တယောက်အကြောင်းပါ)

တန်ခူး
10:31am 16-Sep-2008

20 comments:

Taungoo said...

စာတော်ပြီးသားသူ အမှတ်ကောင်းရတာထက် အောင်ဖို့မျှော်လင့်ချက်နည်းတဲ့သူ အောင်သွားတာက ဆရာတွေအဖို့ ပိုအောင်မြင်တယ်လို့ ပြောရမယ် အမကြီးရေ


မေတ္တာဖြင့်

myatnoe said...

ဟင်...
ဖတ်ပီးတော့..ဘာများဆက်ဖြစ်မလဲလို့..သေတာကြီး..
သနားပါတယ်နော်..:(

အမလဲနော်..အခုတလော.. ခနခနကြုံနေရတယ်..။ဇော်ဇော်လေးသေရတာနဲ့ အခုတခါ တာတေ သေပြန်ပီ..။
ငယ်ငယ်လေးတွေ အသေစောနေကြတာ နှမျောမိပါရဲ့..။
အော် ..သေခြင်းတရားးးး...သေခြင်းတရားးး..

တရားသံနဲ့ ပြောပီးသကာလ .. အားကစားရုံကို သွားတော့မယ်..တာတာ့

mmgamedev said...

ပြောပုံက၊ အညင်ကို ကတ်တယ် . ဟင်း.... မြတ်နိုးကို ကျော၇ာနော် မလေနုကို ဟုတ်ဝူး :D

Moe Cho Thinn said...

လူငယ်လေးတွေ ကြွေလိုက်ကြတာ..။
ရင်ကျပ်ရောဂါတဲ့လား။ ဘာမှ မဖြစ်လောက်တာလေးနဲ့နော်။

ကေလာ said...

ငယ်ငယ်က ဆော်ပလော်တီးခဲ့တဲ့ ဆြာမတွေကို လွမ်းလိုက်တာ ...

မဇနိ said...

မမချရာမလေး မငိုပါနဲ့နော်။
တပည့်လေးတွေကိုလည်း ချစ်၊ သားသားလေးကိုလည်းချစ်၊
ဒီဆရာမလေးကလည်း ချစ်စရာလေးနေမှာပါ

Ko Paw said...

တာတေ…စနေသား….ရေတက်နေတက်မှာ မွေးတာလား။း-)

skyblue said...

အစ်မ ကတော့ ဂရုဏာ ဒေါသကြောင့် မျက်ရည်
ကျတာ, ကျွန်တော် ကြတော့ အားမလို အားမရ ဖြစ်
ပြီး ဆူလိုက် ငေါက်လိုက် ဆိုတော့ ကျွန်တော် စာသင်
မှာ သူတို့ အလွန် ကြောက်..... ဟီးဟီး
ကိုယ်သက်သာ တာပေါ့ နော်။

ဂျစ်တူး - gyit_tu said...

အမရေ ... ဒါဖတ်ပြီး မျက်ရည်ဝဲမိတယ် ။

thorn musem said...

မတန်ခူး...
ရှားရှားပါးပါး ဆရာမတွေထဲမှာ မတန်ခူးပါနေတာသိရတော့....လေးစားတယ်
နောက်ပြီး ကိုယ့် စိတ်ထဲ က ကိုယ့်ဘာသာ တိတ်တိတ်
လေး သတ်မှတ်ထားတဲ့ မိတ်ဆွေက...
ဒီလိုစိတ်ဓါတ်လေးဆိုတော့..ပီတိဖြစ်တာပေါ့ဗျာ..။

ရွာသားလေးဝိုင်တီယူ said...

အမရေ အရာရာအတိုင်းအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ

PAUK said...

မတန်ခူးရေ..
ကျွန်တော့်ဆီလာလည်တဲ့အတွက်ကျေးဇူးပါ..
တာတေ..ကိုဖတ်ပြီး..
၅တန်းတုန်းကသင်္ချာဆရာမဒေါ်ခင်ခင်အေး ကိုသတိရတယ်..

nu-san said...

မတန်ခူးရေ.. ဆရာမက ငိုတယ်ဆိုလို့ သမီးလည်း ငိုချင်လာပြီ.. အမ က ဆရာမလည်း လုပ်ဖူးတယ်နော်.. တာတေအပေါ် ထားတဲ့ သံယောဇဉ်လေးကို ဖတ်ပြီး ကြည်နူးမိတယ် မရေ.. ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်... နဂိုအခံကလည်း မျက်ရည်လွယ်တယ်... တခုခုဖြစ်ပြီဆိုရင် မျက်ရည်က အရင်ဆုံးကျလာပြီ။ မကောင်းဘူးဆိုတာ သိပေမယ့် ပြင်မရဘူး.. အဟီး.. အခုဒီပို့စ်ကို မဖတ်ခင်ကလေးပဲ ငိုပြီးသွားတာ.. :P

သက်ဝေ said...

တန်ခူးရေ..
ခုဘဲ ချိုသင်းဆီက ပြန်လာတာ..
သူရေးထားတာဖတ်ပြီး စိတ်မကောင်းဖြစ်နေရင်း...
တာတေ အကြောင်း ဖတ်ရပြန်တော့...
ဟင်း... ငိုချင်တာဘဲ သိတော့တယ်..။

မောင်မျိုး said...

ဒီပို့ စ်လေးဖတ်ပြီး ကျနော်ပါငိုချင်သွားတယ်။ တကယ်ပဲ လောကကြီးက မြေနိပ်ရာ လှံစိုက်တက်ပါလားနော်............................။

ကလိုစေးထူး said...

ဒီပို့စ်က တကယ်တော့ မတန်ခူးရဲ့ အမှတ်ရရ အဖြစ်တွေထဲက တခုကို စာပြန်ဖွဲ့ထားတာပေမယ့် နောက်ဆုံးအပိုဒ်မှာ ရေးထားတဲ့ အမယ်ကြီးပြောသွားတဲ့စကား “ခုတော့… ဆရာမ ငိုလို့  လိုက်ငိုမယ့်သူမရှိတော့ဘူးပေါ့အေ” ဆိုတဲ့ စကားက တော်တော် ရင်နင့်စရာကောင်းတယ်။ တကယ်တော့ ရင်ကျပ်တာဟာ သေလောက်တဲ့ ရောဂါထဲမှာ မပါပါဘူး ဆိုပြီး အတွေးတွေ ဖြန့်မိနေသေးတယ်။

တန်ခူး said...

ပိုပီတိဖြစ်ရတာပေါ့ ကိုတောင်ငူရေ….

မြတ်နိုးရေ… ပျော်စရာလေးတွေ ရေးပါ့မယ်… စိတ်ထဲရောက်လာတာ ချရေးလိုက်တာပါ… ကိုယ့်ညီမတော့ ပိုလှနေမှာ မြင်ယောင်သေး…

Mmgamedevရေ… လာလည်တာ ကျေးဇူးပါနော်…

သီးကင်း တဖြုတ်ဖြုတ်ပါပဲ ချိုသင်းရေ…

ဆော်ပလော်တီးတာ တကယ်တော့ ချစ်လို့ ပေါ့ကေလာရယ်…

မဇနိရေ… ချစ်တဲ့သူတွေက တော့ ချစ်စရာလေးလို့ ပြောကြတယ်…

တာတေက နာမည်အရင်း မဟုတ်ပါဘူးကိုပေါရေ… ဒီနာမည်များ စီးသွားသလားပဲ…

ဘာပဲဖြစ်ဖြစ် ဖြစ်စေချင်လို့  တတ်စေချင်လို့ လေ… ကြာတော့ သူတို့ နားလည်သွားမှာပါ skyblueရေ…

ရေးတုန်းကလဲ မျက်ရည်ဝဲခဲ့တယ် ဂျစ်ရယ်…

ကိုသစ်နက်ဆူးရေ… ကျွန်မက ဆရာမ အစစ်တော့ မဟုတ်ပါဘူး… စာသင်ဖူးတာပေါ့နော်… ကျွန်မကို မိတ်ဆွေအဖြစ်သတ်မှတ်တယ် ဆိုတာ သိရတော့ ၀မ်းသာပါတယ်… ကျွန်မက မိတ်ဆွေတော်နှင့်ပြီးသားနော်…

ရွာသားလေးရေ… ကျေးဇူးပါ…

အဲဒါဆို ဆရာမဒေါ်ခင်ခင်အေးအကြောင်း ပို့ စ်တခုရေးပါလား ကိုပေါက်ရေ…

အို… ကိုယ့်ညီမလေး ဘာလို့ ငို… ဘယ်သူလုပ်လဲပြော… တို့ လဲ ဒီလိုပဲ… မျက်ရည်လေးစမ်းစမ်းနဲ့ … တူတယ်နုရေ…

သက်ဝေရေ… ပျော်စရာတွေ ပြန်ရေးပေးမယ်နော်… ငိုနဲ့ တော့ တိတ်…

မောင်မျိုးရေ… ငိုပါနဲ့ မောင်လေးရယ်…ဒါ ဘ၀ပေါ့….

ဟုတ်တယ်ကိုစေးထူး… ကျွန်မလဲ အဲဒီအတွေးကို အဲဒီထဲက ဖြန့် မိနေတာ… တချို့ တွေ အသက်သာဆုံးသွားတယ် ဘာကြောင့်သေလဲ ဆိုတာ သေချာသိခွင့် မရကြဘူး… အဲဒီထဲမှာ ချို့ တဲ့တဲ့ တာတေ ပါသွားတယ် ထင်တယ် ကိုစေးထူးရေ…

တားမြစ် ထားသော... said...

သံယောဇဉ်။
သတိရမိတိုင်း ထိုအတိတ်ကို အမြဲပြန်ရောက်သွားစေသည်။
ခံစားသွားပါကြောင်း။

သုခမိန်(E-Journal)

Anonymous said...

ကောင်းလိုက်တာ ငိုတောင်ငိုချင်လာပြီ

Nat Shine said...

တာတေကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခုတော့ကျန်ခဲ့သလိုပါပဲ