Thursday, September 11, 2008

ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ 

ပြန်ဖို့ ရက်ကို ခွင့်တင်ပြီးကြောင်း အမေ့ကို ပြောသည့်နေ့ မှစ၍ အမေက ခရီးသွားဖို့  အစီအစဉ် စဆွဲနေပြီ။ အမေနဲ့ ဖုန်းပြောတိုင်း ဒီတခါ ဘယ်သွားရအောင်လို့  တိုင်ပင်လို့  မပြီးတော့။ “ညည်းတို့  ခွင့်လေး နှစ်ရက် တပိုင်းနဲ့  ဟိုလဲ သွားချင် ဒီလဲ သွားချင် မလုပ်နဲ့ ” တဲ့။ တတ်နိုင်ရင် အမေက တနှစ်ကို လေးငါးခါ ပြန်လာစေချင်တာ။ ကိုယ်ကလဲ ပြန်ချင်တာပေါ့။ အဲဒီလို ပြန်နေလို့  ကတော့ အလုပ်ပြုတ်မှာ သေချာသည်။ ရွှေစက်တော်ပွဲတော် ရာသီလေးမို့ ၊ တောင်ကြီး တန်ဆောင်တိုင် အချိန်လေးမို့ ၊ မကွေးမြသလွန် ပွဲတော်ခါလေးမို့ ၊ မြင်းခြံနှစ်ကျိပ်ရှစ်ဆူ အခါမို့ … အမေလာစေချင်သည့် အချိန်တွေက အများသား။ တကယ်တော့… အဲဒါတွေ အားလုံးရဲ့ မြစ်ဖျားခံတာ ခရီးသွားခြင်း ၀ါသနာပင်။

တမိသားစုလုံးက ခရီးသွားဖို့ ဆို သိပ်အဖော်စပ် စရာ မလို။ အားလုံးငြင်းမယ့်သူမရှိ။ တက်ညီလက်ညီ။ ဟိုးငယ်ငယ်ကတော့ မီးရထားနှင့် ခရီးသွားလေ့ ရှိခဲ့သည်။ တဘူတာဆိုက်တိုင်း ဈေးသည်မျိုးစုံကို ပြူတင်းပေါက်မှ ငေးရသည့် အရသာက ဘာနဲ့ မှမတူ။ “ရေရမယ် ရေ” “ဆီထမင်း အမဲကြော် ကြက်ကြော်” “ထမင်းထုပ်ရမယ် ထမင်းထုပ်”။ အဲဒီလို စုံလင်လှတဲ့ အသည်တွေကို အစားမက်တဲ့ မောင်လေး အမေလစ်တုန်း ခေါ်ပြီး အတင်း ၀ယ်လို့  တဒေါက်ဒေါက် အခေါက်ခံရသည်။ အဖေကတော့ ဘယ်ဘူတာ ရောက်ရောက် ဆင်းရမှ။ တခါတလေ ရထားက ထွက်ပြီ အဖေက ကိုယ့်တွဲ ပေါ် မရောက်သေး။ နောက်တော့မှ ဘယ်တွဲပေါ်က ကူးလာသည်မသိ ခပ်တည်တည်နဲ့  ပြန်ရောက်လာသည်။ ပျဉ်းမနား သာစည်လို အကြာကြီး ရပ်သည့် ဘူတာမျိုးဆို အဖေက ရေတွေ ဘာတွေတောင် သွားချိုးလိုက်သေးသည်။ တခါတလေ ရထားပေါ်က “ခရီးသွား လုပ်သားပြည်သူများ ခမျာ…” အစချီတဲ့ ဈေးသည် တယောက်ယောက် တက်လာရင် ကျွန်မတို့  မောင်နှမတွေ က ဇာတ်လိုက်မင်းသားကြည့် သလို သူဖျော်ဖြေတာ နားထောင်ကြသည်။ ရထားပြူတင်းမှ ရှုခင်းမျိုးစုံကို ကြည့်ရတာ စိတ်ကိုလန်းဆန်းစေတဲ့ အပြင် ရထားသံ ဂျူံးဂျက်ဂျက်က အိပ်လို့  အလွန်ကောင်းတာကြောင့် ရထားစီးပြီး ခရီးသွားခြင်းကို အလွန်နှစ်သက်မိသည်။ အခုတော့ မီးရထားမစီးဖြစ်သည်မှာ နှစ် နှစ်ဆယ်လောက်တောင် ရှိတော့မည်။

ခုနောက်ပိုင်းမှာ မော်တော်ကားနှင့် သွားဖြစ်တာများသည်။ မသွားခင် တရက်အလိုမှာ အဖေက ကားကို အဆင်သင့်ပြင်၊ အမေက အစားအသောက်တွေ ကြော်လှော်။ ကျွန်မတို့  မောင်နှမတွေက အ၀တ်အစားထုတ်ပြင်။ ကျွန်မတို့  ကလေးဘ၀ကတော့ အမေက ဆန်၊ဆီ၊ ငါးခြောက်၊ပဲ နှင့် အိုးခွက်ပန်းကန် လေမီးဖိုလေးပါ ကားပေါ်တင်လာသည်။ ရောက်ရာနေရာမှာ လေမီးဖိုလေးမွှေး ချက်စားလိုက်ရုံပင်။ ရွှေစက်တော်လို နေရာမျိုးဆို မနက်တောဈေးလေးပတ် ဒေသထွက် သားငါးသီးနှံလေးတွေ ၀ယ်ပြီး ချောင်းနံဘေး ပူပူနွေးနွေး ချက်ပြုတ်စားရတဲ့ အရသာက ဘာနဲ့ မှမတူ၊ အတော် မြိန်လျှက်လှသည်။ ကျွန်မမောင်လေး အရွယ်ရလာတော့ အဲဒီလို ကားပေါ်မှာ အိုးတွေခွက်တွေ သယ်တာကို “မမိုက်ပါဘူး အောက်တယ်” ဒါမျိုးတွေလုပ်လာတော့ အမေက သူ့ တဦးတည်းသော သားလေးအလိုကျ မယူတော့။ ကျွန်မကတော့ အဲဒီလို ချက်ပြုတ်စားရတာကို လွမ်းနေတုန်းလေ။

အဖေကတော့ စနစ်ကြီးသူပီပီ ခရီးသွားplan စာအုပ်နှင့်။ ဘယ်မြို့ ကို ခန့် မှန်းခြေ ဘယ်နှစ်နာရီရောက်မှ။ ဘယ်မြို့ မှာ လည်ချိန်က ဘယ်လောက်။ အဲလိုကြီး သတ်မှတ်ထားတော့ အမေနဲ့ က မရ။ အမေက ရောက်ရာ နေရာမှာ အေးအေးဆေးဆေး လည်ချင်။ လမ်းမှာ တွေ့ တဲ့ ဆိုင်လေးဆိုလဲ ရပ်ပေးပါဦးဆို စိတ်ထဲရှိသမျှ ၀ယ်လာတတ်သူ။
တောင်ကြီး၊ ကလော၊ မေမြို့ လို ပန်းပေါတဲ့ အရပ်ဆို လမ်းဘေးက အလေ့ကျ ပန်းမျိုးလေးတောင် သယ်လာတတ်တာ။ စစ်ကိုင်းကောင်းမှုတော်လို နေရာက ကျောက်ကောင်းသည်ဆိုကာ ငရုပ်ဆုံ၊ ကျောက်ပျဉ်… ပုဂံညောင်ဦးမှာတော့ စစ်စီးအစစ်သုတ်ထားတဲ့ စကော၊ ဗန်း… မကွေးမှာ သံထည်ကောင်းသည် ဆိုကာ ကတ်ကျေး၊ ဓား။ အပြန်လမ်းကျ ကားပေါ်မှာ ရေအိုးတွေ၊ စဥ့်အိုးသေးသေးလေးတွေ၊ စကောတွေ၊ ဇကာတွေ… ငရုပ်ဆုံ၊ ကျောက်ပျဉ်၊ ထပလက်ကုလားထိုင် (ထန်းပက်လက် ကုလားထိုင်) ကအစ စုံစီနဖာ ပါလာတတ်သည်။

ကျွန်မတို့ ညီမနှစ်ယောက်ကတော့ အလှအပနဲ့  စားစရာဆို မလွတ်တမ်း။ မန္တလေး၊ တောင်ကြီး၊ အင်းလေးလို နေရာမျိုးက မြန်မာချည်လုံချည် လှလှလေးတွေ၊ ပုဂံညောင်ဦးက ရွှေချည်ထိုးအိတ်လေးတွေ၊ မြက်အိတ်ကြီးကြီးတွေ… ပြီးတော့ စလင်းကြယ်သီးလေးတွေ… ဘယ်နှစ်ခါ ရောက်ရောက် ၀ယ်မြဲ။ မန္တလေးက ရည်မွန်လဘက်၊ ဂျင်း၊ ဘုရားကြီးက ချဉ်ပေါင်း၊ မစီမာ ဇီးပေါင်း.. ပုဂံက ဇီးသီးလုံးပေါင်းနဲ့ ဂျင်းဇီးပြား… အင်း… ပြောရင်း သွားရည်ကျလာပြီ။ နောက် အချိန်ရရင် ရသလို ဓာတ်ပုံကလဲ အပြေးရိုက်ရသေးသည်။ ဒီတော့ စာအုပ်ကြီး ဖေဖေရဲ့ အချိန်ဇယားနဲ့  ကျွန်မတို့ က လွဲပြီးရင်းလွဲတော့သည်။

အဖေနဲ့ ညှိလို့ ရတာဆိုလို့  တခုပဲရှိသည်။ ရောက်ရာမြို့ က ဒေသထွက် နာမည်ကြီး အစားအစာကို ကားရပ် စားဖို့ ပေါ့။ ဟိုတခါ ရေနံချောင်းမှာ လမ်းဘေးက မုန့် ပစ်သလက် နဲ့  အကြော်စုံ ရောင်းတဲ့ဆိုင်လေးကို ကားထိုးရပ်ပြီး သားအဖတတွေ စားလိုက်ကြတာ မြို့ ခံလူတွေတောင် အံ့သြယူရတယ်။ တခါတခါ အဝေးပြေးလမ်းမ နဘေးက ထန်းတောလေးတွေက ဖွင့်တဲ့ ငါးကြော်၊ အမဲကြော်လေးတွေက လျှာလည်တယ်။ ကောင်းလွန်းလို့ ။ အဖေက ထန်းတဲလေးထဲမှာ ထန်းလျက်နဲ့ ရေနွေးနဲ့ မြည်း၊ မောင်လေးကတော့ ထန်းရည်ချိုသောက် (မိဘရှေ့ မို့ …တကယ်တမ်း ခါးချင်တာ)။ မန္တလေးရောက်ရင်တော့ မြီးရှည်ကို ဘုရားကြီးနားက အထမ်းသည်ရော၊ ဗထူးကွင်းဆိုင်အထိ စိတ်ရှည်လက်ရှည် သွားစားကြတာ။ ချောင်းသာလိုနေရာမျိုးကျတော့ ရခိုင်ချက်စားချင်လို့  တောသည်တွေကို ကိုယ့်ကြိုက်တဲ့ ဟင်းစပ်ပြောပြီး ချက်ခိုင်းတာ မြိန်သလား မမေးနဲ့ ။ အဖေက သူ့ အချိန်ဇယားထဲမှာ အဲဒီ အချိန်တွေ ထည့်တွက်ပြီးသား။

လမ်းခရီး ကားပေါ်မှာ ကက်ဆက်လေး နားထောင်လိုက် အမေ့စတီးချိုင့်ထဲက လဘက်သုတ်၊ ကြက်သားကြော်၊ ဘဲဥပြုတ်လေး စားလိုက်။ နေကြာစေ့လေး ၀ါးလိုက်နဲ့  အချိန်ဘယ်လိုကုန်လို့  ကုန်သွားမှန်းမသိ။ ကျွန်မက သာယာသော ပြည်လမ်းကို ပိုနှစ်ခြိုက်သည်။ ဧရာဝတီက ကိုယ့်နဘေးမှာ… ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက် ပါသလဲ။ ဆွမ်းမဦးသည့် မကွေးမြသလွန်မှာ အာရုံဆွမ်းကပ်ရတဲ့ ကြည်နူးငြိမ်းအေးမှုက စာဖွဲ့ လို့ မရ။ အဖေကတော့ သမိုင်းရာဇ၀င် ကျေညက်သူပီပီ ရောက်ရာ အရပ်ဒေသရဲ့ ရှေးဟောင်း ဘုရားတွေရဲ့ ရာဇ၀င်ကို ရှင်းပြလေ့ရှိသည်။ စစ်ကိုင်း၊ အင်းဝ ကျတော့ ဧရာဝတီက တကယ့်သတို့ သမီး။ ဧရာဝတီရဲ့ ဖျားယောင်းမှုကြောင့် မသွားရ မနေနိုင်။ စစ်ကိုင်းတံတား နဲ့  ဦးပိန်တံတားကို ဆွေလိုမျိုးလို ချစ်မိတာ ဘာကြောင့်မှန်းမသိ။ ပုဂံရောက်ရင် အရင်ဘ၀က နေခဲ့ဖူးတဲ့ နေရာလို ခံစားနေရတာလဲ ခပ်ဆန်းဆန်း။ ရွှေစက်တော် အထက်စက်တော်ရာမှာ မနက်လူခြေတိတ်ချိန် မြတ်စွာဘုရားရဲ့ ခြေတော်ရာကို ပူဇော်ရင်း ပုတီးစိတ် တရားထိုင်ရသည်ကလဲ အတော်ကို ငြိမ်းချမ်းလှသည်။ ချောင်းသာ၊ စက်စဲရဲ့ ပင်လယ်အလှက ကိုယ့်နိုင်ငံမိုလား မသိ ရင်းရင်းနှီးနှီး ခံစားလို့ ရသည်။ ကမ်းမမြင်ရတဲ့ အင်းလေရေပြင်ကြီးပေါ်က လွတ်လပ်မှုက ဘာနဲ့ မှမတူ။ ဟောဟဲ… ဟောဟဲ နှင့် တောင်တွေ အထပ်ထပ်တက်ပြီး ဘွားကနဲဖူးမြှော်လိုက်ရတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရဲ့ ကြည်ညိုစရာကောင်းမှု။ ကျွန်မတို့ နိုင်ငံရဲ့ သဘာဝအလှကို ခရီးတွေသွားခြင်းမှ ပိုခံစားတတ်ခဲ့သည်။ ပိုသံယောဇဉ်တွယ်တတ်ခဲ့သည်။

ဒီတခါ ဘယ်သွားရပါ့။ အချိန်ရရင် ရသလို စဉ်းစားနေမိသည်။ ခေါင်းလောင်းကြီးတွေ ကြိုက်သည့်သားကို မင်းကွန်းခေါင်းလောင်းကြီးလဲ ပြချင်သည်။ အညာသူနဲ့ လက်ထပ်ပြီး အညာမရောက်ဖူးသေးတဲ့ ခင်ပွန်းကို အညာအလှလဲပြချင်သည်။ နီးနီးနားနား ချောင်းသားလေးလဲ ပြေးလိုက်ချင်သည်။ မနီးမဝေး ကျိုက်ထီးရိုးဘုရားလဲ ဖူးလိုက်ချင်သည်။ ဟင်း… ဘယ်လိုလုပ်ရပါ့။ အမေပြောသလို ခွင့်လေးနှစ်ရက်တပိုင်းနဲ့  သွားချင်တဲ့ နေရာတွေ။ တတ်နိုင်ရင် တပြည်လုံး အနှံ့ ပတ်လိုက်ချင်သည်။ ကျွန်မချစ်တဲ့ မြန်မာပြည်မှာပေါ့။

တန်ခူး
12:45 pm 11-Sep-2008

30 comments:

မဇနိ said...

အမ တန်ခူးရေ မဇနိလည်း လိုက်ချင်တယ်။
အမတို့သွားရတာ ပျော်စရာကြီးနော်။ ခရီးသွားရတာ ပျော်ပေမယ့် ပင်ပန်းလို့ အမတန်ခူးလောက် မသွားချင်မိဘူး။ မကွေးမြသလွန်ကိုတော့ မမေ့ဘူးအမရေ။ သိပ်အေးချမ်းတဲ့နေရာလေး။ ခရီးသွားရင် စိတ်ပူတတ်တော့ စားစရာတွေစုံနေအောင် သယ်သွားတာ။ လက်ဖက်သုပ်လေးနဲ့ ထမင်းစားရရင် အကောင်းသားနော် လမ်းခရီးမှာ။
အမပြောလို့ ရခိုင်ချက်စားချင်သွားပြီ။ ချဉ်ပေါင်ကို ငါးခြောက်နဲ့ ရခိုင်ချက်စားချင်လိုက်တာ။
ကျိုက်ထီးရိုးကလည်း မောပေမယ့် အရသာတမျိုးဆိုတော့ ပြန်ရင် သွားအုံးမယ်အမရေ။
အမအမျိုးသားကို အညာမြေဘယ်လောက်လှကြောင်း အညာဒေသကို ခေါ်သာသွားပေတော့နော်။ အမသားလေးလည်း ပျော်နေလောက်တယ်...
ညီမလည်း အမပို့စ်ကို ဖတ်ပြီး နောင်နှစ်အလည်ပြန်ရင် ဘယ်သွားရမလဲ စိတ်ကူးယဉ်လိုက်အုံးမယ်ဗျာ..

သက်ဝေ said...

ဖတ်ပြီး အားငယ်လိုက်တာ တန်ခူးရယ်...။

မန္တလေး နဲ့  စစ်ကိုင်း၊ တောင်ကြီး အင်းလေး ပင်းတယ၊ ချောင်းသာ နဲ့  ကျိုက်ထီးရိုး ကလွဲရင် ဘယ်မှ မရောက်ဖူးသူပါ...။ ပြီးတော့ အဲဒါတွေကလဲ ခပ်ငယ်ငယ်ကဘဲ ရောက်ဖူးတာတွေ...။ အခုလဲ ပုဂံအပါအ၀င် မရောက်ဖူးတဲ့နေရာတွေကို သွားချင်လိုက်တာမှ တစ်ပိုင်းကို သေလို့ ...။

လောလောဆယ်တော့ တာဝန်တွေ ၀တ္တရားတွေ ကြားမှာ ပိ...။ အင်း... တစ်နေ့ နေ့ ပေါ့လေ လို့  တွေးနေမိတယ်...။ ဒီလိုနဲ့ ဘဲ.. ဒီအချိန်အထိ ရောက်လာတာ...။

မရောက်ဖူးတဲ့နေရာတွေကို တန်ခူးရဲ့  ပိုစ့်နဲ့  အတူ အလည်တစ်ခေါ်က် လိုက်လည်သွားပါတယ်...။ ကျေးဇူး...။

မောင်မျိုး said...

မရောက်ဖူးတဲ့ နေရာတွေ အားလုံး အစ်မစာဖတ်ပြီး ရောက်သွားသလိုပဲ အထက်ဘက် ဆို ဘယ်မှမရောက်ဖူးဘူးး ဘုရားတွေ လည်စရာနေရာပေါတာက အထက်ပိုင်းက ပိုပေါတာပဲနော့် ပျော်စရာကြီးး အချိန်မလောက်ရင် ကျိုက်ထီးရိုးပဲ ၀င်ဖူးပေါ့ အခုဆို မမောတော့ဘူးဗျ ရင်ပြင်တော်ပေါ်အရောက် ကားလမ်းပေါက်နေပြီး တောင်တက်ချင်ရင် ရသေ့တောင်ကနေ သုံးပုံတစ်ပုံတော့ တက်လို့ ရတယ် ။ ကြော်ငြာဝင်တာ ဟိဟိ ကိုယ့်မြို့ ကို လာလည်စေချင်လို့  ရွာမှာရှိရင် အစ်မတို့ မိသားစုတွေ ထမင်းစာဖိတ်တာပေါ့း) သွားဖြစ်တဲ့ နေရာတွေ ဓာတ်ပုံရိုက်ခဲ့ပြီးး ပြန်လာရင်တင်ပေး အစ်မရေ့ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့  တစ်ဝကြီးပျော်ခဲ့ပါစေဗျာ ။

MrDBA said...

ကျွန်တော်လဲ ရှေ့လထဲမှာ ခွင့်ခဏပြန်မှာဆိုတော့ အမစာလေးဖတ်ပြီး စိတ်ကူးယဉ်လို့ကောင်းလိုက်တာဗျာ ..အဟုတ်။

ပီတိ said...

အမကလည်း လွမ်းလို့ရေး.. ကျွန်တော်ကလည်း ဖတ်လို့လွမ်း... လွမ်းတော့ သတိရတာတွေရေး...

ဟုတ်တယ်အမရေ.. ကျွန်တော်လည်းအဲလိုခရီးသွားတာတွေကို တကယ်သတိရတာ... ငယ်ငယ်တုန်းကဆို အဲလိုခရီးထွက်ရင် မိသားစု လေငါးစုလောက်ပေါင်းပြီးသွားကြတာ ပျော်စရာကြီးပဲ... အမရေးထားတဲ့နေရာတွေအားလုံးကို ကိုယ့်နယ်ကဆိုတော့ ပိုပြီးတောင် သတိရသေးတယ်။
ပုဂံကလွဲလို့ ကျန်တဲ့နေရာတွေ အဲလိုပဲ သွားခဲ့တာ... (ပုဂံကတော့ ကိုယ်နေတဲ့နေရာနဲ့ လေးမိုင်လောက်ပဲဝေးတာကိုး... :P)
အမတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တူတာက ရေနံချောင်းက ကုန်းစောင်းလေးက မုန့်ပျားသလက်ဖိုလေးပဲ။ ကျွန်တော်တို့လည်း ရေနံချောင်းကို မနက်စောစောဖြတ်တော့ တွေ့တာနဲ့ ကားရပ်ပြီးစားတာ မုန်ပျားသလက်သည် လက်မလည်အောင်လုပ်တာတောင် မလောက်နိုင်ဘူးလေ...

ဖတ်ရင်းလွမ်းသွားပြန်ပြီ...

Kay said...

Visit Myanmar Year 2008 ထင်တယ်။း)
တန်ခူး ခရီးသွားနေ သည် လို့..အခန်းဆက် ပို့စ် တင်ပေးပါလား။ ပြီးရင်.. Live တင်ပေးလေ။ ကျိုက်ထီးရိုးကနေ..
း)

Anonymous said...

ဒီ့ အ ပြင် ပုဂံ ညောင် ဦး က စိမ်း မြ မြ ဧရာဝ တီ မြစ် ပြင် ကျယ် လေ တ ဖြူးဖြူး ၇ှ ခင်း အ စုံ နောက် ခံ Boat စီး ရ တာ နဲ့  ရခို င် ပြည် နယ် က ထူး ဆန်း အရ သာ စုံ တဲ့  အ စား အစာ များ နဲ့  ငပလီ မြင် ကွင်း ကြယ် ပင် လယ် ရေ ပြင် ပြာ ပြာ မှာ လေ ရှု ရ တာ က လည်း တန် ဘိုး ၇ှိ တဲ့  မြန် မာ့  အ လှ ကို ပို လွမ်း ဆွတ် အောက် မေ့ မိ ပါ စေ တယ်......!!!!

pp said...

သွားချင်လာပြီ နော်။ ပျော်စရာကြီး အမတို့မိသားစုက။
ဒီတခါပြန်ရင် သွားအုံးမယ်။

myatnoe said...

အမရယ်.. ခုတလော အိမ်ပြန်ချင်တဲ့ ဝေဒနာဖိစီးနေတာ..
အမက လွမ်းအောင်လုပ်တယ်။
ရထားစီးတဲ့ ခရီးတွေကို သတိရသလို ကားစီးတဲ့ ခရီးတွေလည်းသတိရတယ်။ ဖေဖေကတော့ အစုံရောက်ဖို့အရေး ဘုရားတောင် ရောက်ပြန်..ဈေးကျတော့ ဝယ်တာအစုံပဲ..။
မြတ်နိုးကတော့ ရောက်လေရာ ချည်ထည်လှလှလေးတွေ.. ဖိနပ်လှလှလေးတွေပေါ့..။
မေမြို့တို့ လားရှိုးတို့ဆို ဘာပြောကောင်းမလဲ လှိမ့်နေတာ ဝယ်တာ မန္တလေးဆို ရွှေနဂါးဖိနပ် ..အစားအသောက်ဆိုင်တွေတော့ နာမည်မှတ်မိတော့ဘူး။ အဲလို မြို့တွေက နာမည်ကြီးတဲ့ ဆိုင်တွေမှာ စားခဲ့ပီးရင် တသသနဲ့ အစားအကြောင်းလွမ်းမဆုံးဘူး။ အမနဲ့အတူ လျှောက်လည်လိုက်တယ်။ အမ ငပလီနဲ့ ကမ်းသာယာလဲ လှတယ်ဗျ။ ရခိုင်မြောက်ဦးလဲ လှတယ်။ ဟီး ထပ်ဖြည့်ပေးတာ။
ဖေဖေကလဲ အရမ်းခရီးသွားတယ်။ မြတ်နိုးလဲ ခရီးသွားရတာပျော်တယ်။ သူငယ်ချင်းတွေက ပြောရင် ငါက သွားချင်လို့ ဟုတ်ဖူးလို့ ခြေထောက်ကမှဲ့အလိုကျ သွားရတာလိုံဖြေတယ်။ ဟီး..
အားကျတယ်အမရေ.. မြတ်နီုးလဲ အိမ်ပြန်ချင်တယ်

myatnoe said...

အမသွားရင်
လွမ်းးးး ကျန်ရစ်ခဲ့မှာ... ဟင့်

swam said...
This comment has been removed by the author.
Taungoo said...

မတန်ခူးရေ
အမရေးထားတာတွေ အားလုံးရောက်ဖူးပြီးသားတွေချည်းပဲမို့ လွမ်းသွားတယ်။ ကျွန်တော်လည်း တောင်ငူသား ခရီးသွားခဲ့သည် ရေးဦးမှပဲ။ အမမိဘတွေကားနဲ့တော့ ဘုရားဖူးလိုက်ချင်သား။ ကျွန်တော်က ဘဘလို ရောက်တဲ့အရပ်က အစားစုံလည်းစားချင်တယ်။ ကြီးကြီးလိုလဲ လိုချင်တာမှန်သမျှဝယ်ပြီး အေးဆေးနားချင်သေးတာ။
ကျွန်တော်လည်း ဒီဇင်ဘာပြန်ပြီး ကျိုက်ထီးရိုးတက်ဦးမှာ။ အစီစဉ်ဆွဲပြီးပြီ။ ဘဘလိုပေါ့။


မေတ္တာဖြင့်

ကောင်းကင်ကို said...

အလည်ပြန်တော့မယ်ပေါ့။ အားကျတယ်။း-) ငယ်ငယ် ကတည်းက ဘယ်မှ သိပ်မရောက်ဖူးဘူး။

ပင်နီ said...

အမကရေးတတ်လိုက်တာ...ကိုယ်တိုင်ရောက်သွားသလားတောင် အောင်းမေ့ရတယ်..
တကယ်တော့ ကျွန်မတို့မြန်မာပြည်မှာ လည်စရာတွေ
တပုံကြီးနော်...ဘယ်နေရာသွားသွား ချစ်စရာကောင်းတဲ့
ဓလေ့လေးတွေ ရှိကြတယ်....
အမတို့မိသားစုပျော်ရွှင်ပါစေ...
ဓာတ်ပုံများများရိုက်ခဲ့နော်..
ပြန်လာရင်တင်ပေး...
ခင်မင်လျှက်
ပင်နီ

ရွာသားလေးဝိုင်တီယူ said...

အမရေ ကျနော်လည်း ခရီးသွားရတာ ၀ါသနာပါတယ်။ အမလည်းနယ်အတော်စုံရောက်ဖူးတယ်နော်။

PAUK said...

မတန်ခူးရေ...
မတန်ခူးတို့နဲ့ခရီးသွားချင်လိုက်တာ...
ကျွန်တော်လည်းမြန်မာပြန်တိုင်း..
ကိုယ့်မြို့လေးကလွှဲလို့ဘယ်မှမရောက်ဖြစ်ဖူး..
မနှစ်ကတော့သူငယ်ချင်းကပြောတယ်...နောက်နှစ်ပြန်လာရင်..
ပုဂံ လိုက်ပိုမယ်တဲ့...
သွားရချည်သေးရဲ့

Moe Cho Thinn said...

မတန်ခူးရေ
လွမ်းစရာ ကောင်းလိုက်တာပါလားနော်။
ဗမာပြည်မှာ ခရီးသွားတဲ့အကြောင်းတွေ ပို့စ်ရော၊ ကွန်မန့်တွေရော ဖတ်ပြီး မျက်ရည်ဝဲသွားတယ်။
ချစ်ခင်စွာ
ချိုသင်း

khin oo may said...

အစုံဘဲ ဖတ်သွားတယ်။ သူတို့ပြောသွားတဲ. အတိုင်းပါဘဲ.

thorn musem said...

မိဘမေတ္တာနဲ့ နွေးထွေးမှုတွေ ..
မိသားစုပျော်ရွှင်မှုတွေ...
အပြည့်အ၀ ခံစားရသူတွေကို အရမ်း အားကျတယ်ဗျာ....။

Ko Paw said...

မောင်ရေ…သွားကြစို့ မေတို့ရဲ့အညာ
ဆူးလေကစူး လေပူရူးတွေ တဟူးဟူးတိုက်တဲ့အချိန်များမှာ
ထနောင်းပွင့်တွေ ဝေေ၀ဆာ…. တပေါင်းရောက်ပြီနွေအခါ
ရေနံစည်ကြီးများနဲ့…..မီးမငြိမ်းမြို့တော် ပျော်စရာ….ရေနံ့သာ….

တန်ခူးစာကို ဖတ်ပြီး အဲသည် အညာဘုရားဖူး သီချင်းလေးကို ပြေးသတိရတယ်။

nu-san said...

မတန်ခူးရေ.. မရဲ့ပို့စ်ကိုဖတ်ပြီး မြန်မာပြည်ကို အရမ်းပြန်ချင်တာပဲ.. တကယ်တော့ မြန်မာပြည်မှာ မရောက်ဖူးသေးတဲ့နေရာတွေ အများကြီးရှိနေသေးတယ်.. နောက်နှစ်မြန်မာပြည်ပြန်မှာကို အခုကတည်းက ဘယ်သွားရင်ကောင်းမလဲဆိုတာ စိတ်ကူးယဉ်ရတာ အမောပဲ.. ချောင်းသာလို beach လည်း သွားချင်တယ် ပုဂံလည်းပြန်ရောက်ဖူးချင်တယ်.. တောင်ကြီးကတော့ ကိုယ့်အကြိုက်ဆုံးမြို့ဆိုတော့ ထပ်သွားချင်တာပဲ.. မေမြို့ မန္တလေးဘက်ကတော့ မရောက်ဖူးဘူး.. သွားချင်တယ်.. သွားချင်တယ်..
အမတို့ မိသားစု အခုဆို ပျော်နေမှာသေချာတယ်.. ပြန်ဖို့ ပြင်ဆင်ရင်းလေ.. မနဲ့ အတူ. လိုက်ချင်တယ်.. :)

မဇနိ said...

အမတန်ခူး ကားနဲ့ မဆံ့တော့ဘူး လိုက်မည့်သူတွေများနေတယ်..
လူလျှော့မယ်ဆို မောင်မျိုးတို့ တောင်ငူသားတို့က ကလေးပဲရှိသေးတာ နေခဲ့ခိုင်းလိုက်မယ်နော..
အပြန်မှာ ကရေကရာ ၀ယ်ခဲ့မယ်လို့ ညာပြောလိုက်မယ် :P

TZA said...

ဖတ်ရတာနဲ့တင်ပျော်နေပြီ :)

wai said...

မမ ရေ
အားကျလိုက်တာ အရမ်းပျော်စရာ ကောင်းမှာကပဲနော်
ဝေလဲ သွားချင် လိုက်တာ.

ဝေ

မောင်မျိုး said...

အစ်မရေ့ မဇနိပြောသလို မလုပ်နဲ့ နော် ကားမဆံတော့ရင်လည်း အနောက်ကဖြစ်ဖြစ် အမိုးပေါ်က ဖြစ်ဖြစ်လိုက်မယ် ကျနော်တို့ က လူငယ်တွေ ဘယ်လိုစီးစီး အဆင်ပြေတယ်း) မဇနိ ပါရင် ကိုဇနိလည်း လိုက်မှာ ဟီးး သူတို့ က ဒီလောက်ဂျစ်တာကို ကျနော့်ကိုခေါ်ဗျို့  သားသားကို ၀ိုင်းထိန်းပေးမယ် ။

Taungoo said...

ဘဘနဲ့ကြီးကြီးက ကလေးတွေကို ဦးစားပေးပါတဲ့။
လူကြီးတွေက သူတို့စုံတွဲနဲ့သူတို့ သွားလို့ရပါတယ်။ မဇနိတို့အတွက်-
“ကရေကရာ ရွှေညာကမုန့်မျိုး
ပေါက်ပေါက်ကယ် ချိုပါလှ
အုန်းယိုက တိုး”
ဝယ်ခဲ့ပါ့မယ်။ ဒါပေမယ့် မဇနိက နေကောင်းခါစဆိုတော့ အုန်းယိုနဲ့မတည့်ဘူး။ ကိုဇနိပဲ စားနော်။ ဟိဟိ

ကိုတိုးလေး said...

အစ်မရေ မရောက်ဘူးလို့အလည်လာတယ်နော် အစ်မရေးတဲ့ ပျော်ပျော်ပါးပါးမော်တော်ကားလေးနဲ့ဆိုတာကို လေ မြန်မာနိုင်ငံမှာမရောက်ဘူးသေးတဲ့ နေရာလေးတွေကို အစ်မပြောမှာပဲ နေရာစုံအောင်ရောက်တော့တာပဲအစ်မရေ။

khin oo may said...

ရောက်ခဲ.တာကို သိစေချင်လို့ comment ထဲ ရေးပါတယ်။

တန်ခူး said...

ညီမလေးမဇနိရေ… နောင်နှစ်ပြန်ရင် ဟန်နီးမွန်းလား… ဟန်နီးမွန်းဆို တောင်ကြီး၊အင်းလေး၊ကလောဘက်သွား… ခရီးပန်းရင် အနားမှာ ယပ်ခတ်ပေးမယ့် ကိုဇနိကြီးရှိနေတာပဲ… ညီမက ပင်ပန်းတတ်တော့ ရှမ်းပြည်ဘက်ဆို ပိုကောင်းမယ်…

သက်ဝေရေ… စဉ်းစားမနေနဲ့ သွားသာသွားလိုက်… အဲဒါမှ ရောက်ဖြစ်မှာ… အလုပ်တွေ မေ့ထားရတာကိုက ပျော်စရာ….

မောင်မျိုးရေ… ကျိုက်ထီးရိုးကို ခြေလျင်ပဲတက်ချင်တယ်… ဟိုတခါကားနဲ့ တက်တာ သိပ်မပျော်ဘူး… အထက်ဘက်မှာ လည်စရာတွေ အများကြီးပဲ… သိပ်ပျော်စရာကောင်းတာ…

MrDBAရေ… စိတ်ကူးထဲမှာ ဘယ်တွေရောက်ပြီးပြီလဲ… ရောက်အောင်သွားခဲ့နော်… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဦးနော်…

ကိုပီတိရေ… ဒါပဲ ဘလော့ဂ်ရဲ့အရသာမိုလား… ရေခံမြေခံတွေတူတော့ အလွမ်းတွေကလဲ ထပ်တူပေါ့….

ကေရေ… မလုပ်ပါနဲ့ … ဒီဘလော့ဂ်ဘယ်သူမှ လာမလည်ရဲဖြစ်နေပါဦးမယ်…

Anonymousရေ… ငပလီကို ခုထိမရောက်ဖူးသေးဘူး… အတော်လှတယ်လို့ ပြောတယ်… သွားချင်လိုက်တာ…

Ppရေ… သွားဖြစ်အောင်သွားနော်… ခရီးသွားရတာလောက် ပျော်စရာကောင်းတာမရှိဘူး… တကယ်… နောင်လဲလာလည်နော်…

မြတ်နိုးရေ… မြတ်နိုးက အစုံရောက်ဖူးတာပဲ… ပြန်ရမှာပေါ့ညီမရယ်… ခုတော့ စာကြိုးစားလိုက်ဦး… တို့ သွားဖို့ က သုံးလေးလ လောက်လိုသေးတာ… ဟိဟိ… ခုထဲက လျှောက်စိတ်ကူးယဉ်နေတာ… မပူနဲ့ … ဟိုကနေ လှမ်းဘလော့ဂ်မယ်နော်….

ကိုတောင်ငူက အစီအစဉ်တောင်ဆွဲပြီးပြီ… မိုက်တယ်… ကျိုက်ထီးရိုးရောက်ဖြစ်ရင်တော့ ဆုံမှာပေါ့… အလှူခံစပီကာကနေ ကိုတောင်ငူဆို အော်ကြည့်မယ်လေ…

ကောင်းကင်ကိုရေ… မတွေ့ တာကြာပြီနော်… အလည်ပြန်မှာက သုံးလေးလ လောက်လိုသေးတာ… နိုင်ငံခြားသားတွေ ဆွဲဆောင်မှုအရှိဆုံးနေရာမှာရောက်နေတာပဲ… လည်စရာတွေစုံလို့ … အင်း… ကိုယ့်တိုင်းပြည်နဲ့ တော့ ဘယ်တူပါ့မလဲနော်… ပါးချိုင့်လေးနဲ့ ဟန်းနီးမွန်းကျမှ စုံအောင်လည်လိုက်…

ညီမ ပင်နီရေ… ဟုတ်ပါတယ်ညီမရေ… ခုနလေးတင် မြန်မာပြည်မှာ ပန်းသီး၊ စတော်ပယ်ရီသီး ထွက်တယ်ဆိုလို့  ရုံးက သူငယ်ချင်းက အံ့သြနေတာ… စိတ်ချ ဓာတ်ပုံများများရိုက်ခဲ့မယ်… လူမပါအောင်လေ…

ရွာသားလေးရေ… တို့ မရောက်ဖူးတဲ့နေရာတွေ အများကြီးပဲ… ဥပမာ ရခိုင်ပြည်၊ တင်္နသာရီတိုင်း၊ကချင်ပြည်နယ်….

ကိုပေါက်ရေ… ဒီမှာမွန်းကြပ်သမျှ ဟိုမှာ အသက်၀၀ရှုလိုက်နော်… သွားဖြစ်အောင်သာသွား… ပုဂံကိုတော့ တိုက်တွန်းတယ်… လာလည်တာ ကျေးဇူးနော်… နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ချိုသင်းရေ… မျက်ရည်ဝဲအောင် လုပ်လိုက်မိတာ စိတ်မကောင်းဘူး… တနေ့ နေ့ တော့ ကိုယ့်အိမ်ကို အပြီးပြန်ရမှာပေါ့ညီမရယ်…

မမခင်ဦးမေ… ကျေးဇူးပါ…

ကိုသစ်နက်ဆူး… ကိုယ်ပိုင် ဘ၀လေးကျ စိတ်တိုင်းကျ ဖန်တီးယူပေါ့နော်…ကိုယ် ပိုင်တဲ့ မိသားစုဘ၀လေးပေါ့…

အဲဒီသီချင်းလေးကို အရမ်းကြိုက်တယ်… ကိုပေါက ခေတ်သစ်ဗားရှင်းပေါ့…

နုရေ… ဟိဟိ… ပြန်ဖို့ က လိုသေးပါတယ်… ကြိုတင်ရင်ခုန်နေတာ… တကယ်လိုက်ခဲ့မလား… တော်ကြာ ချစ်ချစ်က စိတ်တိုနေဦးမယ်နော်… ခေါ်သွားလို့ လေ… တနှစ်တနှစ် အကုန်မြန်တာမို့  နောင်နှစ်က ခဏလေးရောက်တော့မှာ… ခဏအောင့်ထား…

မဇနိရေ… အမbusအကြီးကြီး ငှားလိုက်မယ်လေ… အဲဒါဆို မောင်မျိုးတို့ ကိုတောင်ငူတို့ ပါ လိုက်လို့ ရတာပေါ့….

TZAရေ…သွားရရင်ပိုတောင်ပျော်ဦးမယ်နော်…

ဝေရေ…. လိုက်ခဲ့လေ… busကြီးငှားလိုက်မယ်….

ဟားဟား… မောင်မျိုးရေ.. မပူနဲ့ … အားလုံးခေါ်သွားမှာ… သားသားကိုတော့ မထိန်းပါနဲ့ ကွယ်… တော်ကြာ လွတ်လွတ်လပ်လပ် မပျော်ရပဲနေဦးမယ်… အေးကြည်မ သို့  နွယ် သို့  ဆရာမလေး တယောက်ယောက်သာ အပါခေါ်ပြီး ပျော်ပေတော့…

ကိုတောင်ငူလဲ လိုက်… အားလုံးလိုက်ရမယ်… စိတ်ချ…

ကိုတိုးလေးရေ… ခုလိုလာလည်တာ ကျေးဇူးနော်… မရောက်ဖူးတဲ့နေရာတွေ ရောက်သွားတာ ပျော်စရာ မကောင်းဘူးလား… နောင်လဲ လာလည်နော်…

မမရေ… လာလည်တာကျေးဇူးနော်…

တာတူး said...

အမရေ အားကျလိုက်တာ ဗျာ။ဘယ်တော့ ပြန်မှာလည်း အမ ။ ပြန်လာရင် ဓါတ်ပုံတွေ အလွမ်းပြေ တင်ပေးပါဦးနော် အမ ။ စိမ်းနေဦးမည့် ကျနော့်မြေ ကို အလွမ်း ပြေပေါ့ ။