Monday, September 22, 2008

ဘာသိဘာသာ

လွန်ခဲ့တဲ့ ၃ ရက်က ဒီနိုင်ငံရဲ့ ရပ်ကွက်တခုမှာ ၃ လောင်းပြိုင် လူသတ်မှုတခု ဖြစ်သွားခဲ့တယ်။ သတ်သည့်သူက ၄ ယောက်ကို သတ်တာ တယောက်က ကံကောင်း၍ မသေခဲ့။ ခုထိတော့ ဆေးရုံမှာ။ သေသူနဲ့  ဒဏ်ရာရသူ အားလုံး အမျိုးသမီးတွေချည်း။ တအိမ်ထဲနေသူ ယောင်္ကျားသားကို လူသတ်တရားခံ ဖြစ်နိုင်ခြေ အများဆုံး အနေနဲ့  ဖမ်းဆီး သွားခဲ့တယ်။ အဲဒီလူကလဲ မရုန်းမကန် မငြင်းပဲ အေးအေးလူလူ အဖမ်းခံခဲ့သည်တဲ့။ ဘာကြောင့် သတ်လဲ၊ ပြဿနာအရင်းခံက ဘာလဲ… ဒါတွေ အားလုံးကို ခုထိ မသိရသေး။ သတင်း အစအနကို အိမ်နီးနားချင်းတွေဆီကပဲ ရသေးတယ်။

အခင်းဖြစ်သည့် ညက ရန်ဖြစ်သံ၊ ရုန်းရင်းဆန်ခတ်သံ၊ ပြေးလွှားသံ၊ ကောင်မလေးတွေရဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ လို့  အော်သံတွေကို အိမ်နီးချင်းတွေ ကြားရသတဲ့။ လူခြေတိတ်တဲ့ ညအချိန်မှာမို့  အသံတွေက အတော်ကို သိသာထင်ရှားမှာ အမှန်ပါ။ နောက်ဆုံး ပက်ပက်စက်စက် သတ်ခံရတဲ့ ဆယ်ကျော်သက် အရွယ် ကောင်မလေး အိမ်နောက်ဖေး ပြူတင်းပေါက်က ပြုတ်ကျလာမှ ရဲတိုင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်ကြပါတယ်။ ရဲရောက်လာလို့  ခြေရာခံလိုက်တော့ ၂ ယောက်က သေပြီး တယောက်က သွေးအိုင်ထဲမှာ သေလုသေချင်။ ဒီလို လူသတ်မှုတွေဆိုတာ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မ သွားတွေးမိတာက တကယ်လို့  အိမ်နီးနားချင်းတွေက အချိန်မှီသာ ရဲကို အကြောင်းကြားလိုက်နိုင်ရင် ၃ ယောက်ထိ အသက်မဆုံးသွားနိုင်ဘူး ဆိုတာကိုပါ။ အဓိက ပြဿနာက တရားခံ နဲ့  တရားလိုတွေရဲ့ ပြဿနာ မှန်ပေမယ့် အဲဒီထဲမှာ ဘာသိဘာသာ နေတတ်တဲ့ စိတ်ဓါတ်လေးကြောင့်လဲ ပါနေတယ်ဆိုတာ သွားတွေးမိတာပါ။ အို… မပြောရဲပါဘူး… ကိုယ့်လာ အန္တရာယ်ပေး ဘယ်လိုလုပ်မလဲ… လို့  ဆင်ခြေပေးရင် ကိုယ့်အိမ်ကနေ ရဲကို ဖုန်းလေး တချက် ကောက်လှည့်တာ အဲဒီတရားခံက ဘယ်လိုလုပ် သိမလဲ။ ဟင်းညှော်နံ့ လေးတောင် မခံနိုင်လို့  သဲသဲလှုပ် ရဲအကြောင်းကြားတတ်တဲ့သူတွေက ဒီလို ကိစ္စကြီးမှာ ကိုယ်နဲ့ မဆိုင်သလို ဘာသိဘာသာ နေတတ်တာ အံ့သြစရာပါ။

ပြန်တွေးကြည့်တော့လဲ အံ့သြစရာတော့ မကောင်းပြန်ဘူး။ သူ့ သတ်တာ င့ါသတ်တာမှတ်လို့  ဆိုတဲ့ ဘာသိဘာသာစိတ်က အရင်းခံတာပဲမိုလား။ ညှော်နံတာက ငါနံတာလေ… ငါ့ထိခိုက်လို ရဲတိုင်တယ်… င့ါမထိခိုက်ရင် ငါနဲ့ မဆိုင်… အတ္တအတွေးတွေကြောင့်က လွဲလို့  ဘာများဖြစ်နိုင်မလဲ။ ဒီနိုင်ငံမှာက နိုင်ငံက အရမ်းကျဉ်းတော့ တိုက်ခန်းတွေနဲ့ နေကြရတာ များပါတယ်။ တိုက်ခန်းပုံစံအရ အကျယ်အ၀န်း ကွာပေမယ့် ခြံနဲ့ ဝန်းနဲ့  နေရတာထက် စာရင် တအိမ်က ဖြစ်ပျက်နေတာ တချို့ တ၀က်ကို အိမ်နီးချင်းတွေက ပိုသိနိုင်ပါတယ်။ တချို့  အိပ်ခန်း ၂ ခန်း ပါတဲ့  တိုက်ခန်းတွေဆို အိမ်ဘေးအိမ်က ချောင်းဟန့် သံတောင် ကြားနိုင်ပါတယ်။ ဒါပေမယ့်… အခန်းထဲမှာ လူမသိသူမသိ သေနေကြတာ ဘယ်သူမှ သတိမထားမိတဲ့ အဖြစ်တွေ တော်တော်များများ ကြားရပါတယ်။ အဓိကက တယောက်နဲ့ တယောက် နွေးထွေးရင်းနှီးမှု မရှိပဲ ဘာသိဘာသာ နေကြလို့ ပါပဲ။ တချို့ ဆို အိမ်ချင်းကပ်လျက်နေပြီး ဓာတ်လှေကားထဲ တွေ့ လို့ တောင် ပြုံးပြ မနှုတ်ဆက်ကြပါဘူး။ မတွေ့ တာကြာပြီနော်… နေကောင်းရဲ့လား ဆိုတဲ့ နှုတ်ဆက်စကား တခွန်းနှစ်ခွန်းများဆိုလိုက်ရင် င့ါကိုယ်ရေးကိုယ်တာတွေ လာမေးနေတာ စပ်စပ်စုစု… နိုင်ငံကြီးသား မပီသလိုက်တာ ဆိုတဲ့ အကြည့်နဲ့  ရင်ဆိုင်ကြရပါတယ်။ ဒီနိုင်ငံသူ ကျွန်မ အရာရှိ ကိုယ်တိုင် သူ့ အိမ်နီးချင်းတွေရဲ့ သူစိမ်းဆန်မှုကို မချင့်မရဲ ငြီးညူတတ်ပါတယ်။

မိုးလင်းက မိုးချုပ် အလုပ်ထဲမှာမို့  အိမ်နီးချင်းတွေ ဘာတွေ စိတ်ဝင်စားဖို့  အချိန်မရဘူးလို့  ဆိုတတ်ကြပါတယ်။ ၂၄ နာရီလုံး အလုပ်လုပ်နေရတာ မဟုတ်တော့ ကိုယ့်အိမ်လေးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဘာသိဘာသာ သာမနေရင် နွေးထွေးရင်းနှီးဖို့  အချိန်ရှိပါတယ်။ ဘယ်သူမဆို မနက်စောစော အေးတိအေးစက် မျက်နှာသေတခု တွေ့ ရတာထက်စာရင် နွေးထွေးတဲ့ အပြုံးလေး တခုကို ပိုမြင်ချင်မှာ အမှန်ပါပဲ။ အဲဒီလို ရင်းနှီးမှုတွေက တဆင့် တယောက် အခက်အခဲ တယောက်ကူညီလာတတ်တဲ့ သံယောဇဉ်လေး ဖြစ်တည်လာမှာပါ။ အဲဒီ သံယောဇဉ်ကမှ တယောက် ဒုက္ခရောက်နေရင် တယောက်က ကယ်တင်ဖို့  စေတနာလေး မွေးဖွားလာမှာပေါ့။

ကျွန်မကတော့ ကိုယ့်နိုင်ငံရဲ့ နွေးထွေးတဲ့ အကျင့်လေးကို မပျောက်ပျက်အောင် ထိန်းသိမ်းပါတယ်။ တခါတလေ ကိုယ်ကစတာကို စောင့်နေတတ်တဲ့သူတွေလဲ ရှိတယ်မိုလား။ သူမှ မပြုံးတာ ငါကဘာလို့  ပြုံးမှာလဲ ဆိုတဲ့ အတွေးမျိုးတွေ ရှိတတ်တာကြောင့် အိမ်နီးချင်းတွေကို ကိုယ်ကပဲ စပြီး နှုတ်ဆက်ပါတယ်။ ကြာလာတော့ သူကစ ကိုယ်ကစတွေ မရှိတော့ပါဘူး။ အတူတူ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဖြစ်လာကြတာပါပဲ။ ကျွန်မသားဆို အိမ်ဘေးနားက အန်တီနဲ့ အန်ကယ်တွေ့ ရင် လိုက်လိုက်နှုတ်ဆက်တတ်လို့  အန်တီ၊အန်ကယ်တို့ ရဲ့ မျက်နှာမှာ အပြုံးလေးတွေ စိတ်ချမ်းသာမှုလေးတွေ တွေ့ ရပါတယ်။ ကျွန်မခင်ပွန်းက နဂိုက စကားနည်းတဲ့အပြင် ဒီလိုနိုင်ငံရောက်လာတော့ ပိုပြီး စကားလုံးတွေ ရှားပါးကုန်လို့  ဆွဲဆွဲခေါ်ရပါတယ်။ အိမ်နီးချင်းအသစ်ရောက်လာရရင်ပဲ ဖြစ်ဖြစ်၊ ခရီးသွားလို့  မမြင်တာ ကြာရင်ပဲဖြစ်ဖြစ် ကျွန်မက လမ်းမှာတွေ့ လို့  နှုတ်ဆက်မေးရင် ကျွန်မခင်ပွန်းက ဟန့် တတ်ပါတယ်။ ကျွန်မကတော့ ဒီနိုင်ငံရဲ့ ဘာသိဘာသာစိတ်ကြီး သူ့ ဆီကူးသွားမှာ စိုးလို့  သူ့ ကိုပါ အတင်း စကားဝိုင်းထဲ ဆွဲခေါ်တတ်ပါတယ်။

ဘာသိဘာသာ စိတ်ကြီးက ဘယ်အချိန်မှာ အသိသာဆုံးလဲ ဆို မြန်မာပြည်အလည်ပြန်ပြီး ပြန်ရောက်လာတဲ့ အချိန်ဆို ပိုသိသာပါတယ်။ ဟိုမှာက ဆွေမတော် မျိုးမတော် ဘတ်စ်ကားပေါ်တွေ့ တာတောင် ကူညီတတ်ကြ ဖော်ရွေတတ်ကြ။ ဒီရောက်တော့ ကျောက်ရုပ်ကြီးတွေလို မျက်နှာသေကြီးတွေနဲ့  တွေ့ ရ။ အဲဒီ အကူးအပြောင်း ကာလလေးက အနေရအတော်ခက်တယ်။ အထူးသဖြင့် သားလေးပေါ့။ မြန်မာပြည်မှာဆို ကလေးလေးတွေ တွေ့ ရင် ကိုယ်နဲ့ သိသိ မသိသိ မြူလိုက် ပြုံးပြလိုက် ပါးလေးတောင်ဆွဲတတ်ကြသေး။ ဒီတော့ ကလေးလေးတွေက မေတ္တာတွေရတော့ ပျော်။ သားက အဲဒီအကျင့်ပါလာပြီး ဒီရောက်တော့ ဟိုလူ့ တွေ့ ရယ်ပြ၊ ဒီလူ့ တွေ့  ရယ်ပြ… သူပြန်ရတာက မျက်နှာသေကြီးတွေ ဆိုတော့ သူ့ ကြည့်ပြီး ကိုယ်က ၀မ်းနည်းမိတယ်။ တချို့ ဆို ကလေးက မတော်တဆလေး ထိမိတာက အစ စားတော့ဝါးတော့မလို ကြည့်တတ်တယ်။

တနိုင်ငံလုံး အဲဒီလို ဖြစ်နေတဲ့လို့  မဆိုလိုပေမယ့် အများစုက အဲဒီလို ဆိုတာ မငြင်းနိုင်ပါဘူး။ အဲဒီပျောက်ဆုံးနေတဲ့ နွေးထွေးမှုတွေကြောင့် ကျွန်မအထက်က နိဒါန်းချီတဲ့ အဖြစ်ဆိုးတွေက လူမသိ သူမသိ ကယ်တင်မယ့် ပတ်ဝန်းကျင်မရှိပဲ ပြီးဆုံးသွားရပါတယ်။ ဒီနိုင်ငံမှာ ခဏလာနေသူတွေပဲဖြစ်ဖြစ်၊ အခြေချနေမယ့်သူတွေပဲဖြစ်ဖြစ်… အဲဒီကြောက်စရာ သူစိမ်းဆန်လွန်းတဲ့ အေးစက်စက် ဘာသိဘာသာ စိတ်ဓါတ်ကြီးကို မကူးစက်ပါစေနဲ့ လို့  သတိပေးပါရစေ။

တန်ခူး
12:30pm 22-Sep-2008

37 comments:

မဇနိ said...

အမတန်ခူးရေ ဘာသိဘာသာနေတတ်တဲ့ စိတ်က ကြောက်စရာကောင်းတယ်နော်။
အမတန်ခူးသားလေးလို မျက်နှာသေတွေပြန်ရတာတော့ ညီမလည်း ခဏခဏပါပဲ။
ဒါကြောင့် အမိမြေမှာပဲ ပျော်တယ်။ အမိမြေမှာပဲ နေချင်တယ် အမရယ်။
ဘာသိဘာသာနေချင်တဲ့ စိတ်ကတော့ နည်းနိုင်သမျှနည်းအောင် ကြိုးစားနေရမယ် အမရေ။

မောင်မျိုး said...

မမိုက်လိုက်တာ အိမ်နီးနားချင်းတွေက ကျနော်တို့ မြန်မာတွေဆိုရင်တော့ ဆွဲတာတွေ ဖြောင်းဖျတာတွေ လုပ်ကြမှာပဲ တစ်ခြားအရာတွေမချမ်းသာပေမယ့် အဲ့ဒီစိတ်ကလေးတွေချမ်းသာကြတဲ့ လူမျိုးဖြစ်ရတာ ဂုဏ်ယူမိတယ် ။ မြန်မာ့စိတ်ရင်း ကူညီခြင်းတဲ့ ကောင်းလိုက်တဲ့ဆိုရိုးလေး....ဘာသိဘာသာနေတတ်တဲ့ စိတ်ကြောင့် လူအသက်တွေကြွေခဲ့ရတာ စိတ်မကောင်းစရာ..။

Moe Cho Thinn said...

ဟုတ်တယ် အမ တန်ခူးရေ..။
ဘာသိဘာသာ တဲ့။ အကုန်လုံး stress တွေ အလုပ်တွေနဲ့ ပြုံးလို့တောင် မပြနိုင်ကြ။
ချိုသင်းကတော့ ကိုယ့်ဓလေ့လေး မပျောက်ချင်လို့ ပြုံးပြရတာ ၀န်မလေးခဲ့ဘူး။ အမ သားလေး လိုပေါ့။
ဒါပေမဲ့ တချို့တွေက အေးခဲသွားပြီ။

Ko Paw said...

စင်္ကာပူက ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအနည်းဆုံးဆိုပြီး (အထောက်အထားမဲ့) အခမဲ့ ကြော်ငြာပေးနေတဲ့၊ မြန်မာလူမျိုးတန်မဲ့ စင်္ကာပူစိတ်ဝင်နေတဲ့ မြန်မာဘလော့ဂါတွေ ဖတ်သင့်တဲ့ပို့စ်တခုပါဘဲ။

sin dan lar said...

မတန်ခူးရဲ့ ပို့စ်ကိုဖတ်ပြီး
ကိုယ့်အကြောင်းကိုယ်ပြန်သတိရပြုံးမိသွားတယ်..
မေလထဲမှာ ဒီအိမ်ကိုစပြောင်းတော့ ည ၉ နာရီလောက်မှာ..ဆင်ထားတဲ့ကုတင်တန်း
ပြုတ်ကျလို့ သူငယ်ချင်းကပြန်ဆင်၊ တူနဲ့ထူတယ်..
အောက်ထပ်က တရုတ်မတက်လာပြီး complaint လာတော့တာပဲ..သူ့ကို ကောင်းကောင်းမွန်မွန်
တောင်းပန်လွှတ်လိုက်ပါတယ်..ကိုယ်တွေကလည်း ညဖက်ဆူမိတာကိုး..တူလည်းဆက်မထုတော့ဘူး..
ဒါပေမယ့်နောက်နေ့ကျ အိမ်ကို ရဲတွေရောက်လာတယ်..တူထုတဲ့အမှုအတွက်..:D..နောက်မလုပ်ဖို့လာသတိပေးတာ ..ရဲတွေကတော့ ပြေပြေလည်လည်ပါပဲ...
သြော်..စိတ်ကြီးလိုက်တဲ့ စင်ကာပူက တရုတ်မ..
:))))))))))))))))

Anonymous said...

hi,

In here its enviroment is like that one. i have really experience last five years at near bugis junction. one crying child walking on the road and finding missing parents and asked for help. i really suprised because that day so many ppl around, some of the ppl sitting on the bench. but nobody went and approached him for help. normally it is very easy to help, just call the police or bring him to customer service. in the end i really can not take it such behaviour and bring him to customer service. what i want to say it, here such kind of small help also nobody want to help although there are around twenty ppl passing. really suprise! is there any such kind of things in other countries. pls share !

myatnoe said...

အမ..ပထမဆုံးပြောချင်တာက အမ ထင်တာမှန်တယ်။

ခုပြောမှာက အမအတွက်စာမူခ..ဟီး
အမရေ.. အဲလိုပဲ မြတ်နိုးတော့ ဂျပန်မှာကို အဆောင်နေရတာကိုပျော်ခဲ့တယ်။ ခုတော့ အိမ်ခန်းမှာဆိုတော့ တယောက်တည်းပဲရယ်။ ဒါပေမဲ့ ဒီမှာက တွေ့ရင် သိသိမသိသိ မနက်ဆို အိုဟိုင်းရိုး နဲ့ ညဆို ကွန်ဘန်းဝါး လုပ်နေကြတာဆိုတော့ ဒီတခုတော့ ခေါင်းလေးညွှတ်ပီး လုပ်ဖြစ်ပြောဖြစ်ပါတယ်။ ဒီလောက်ပါပဲ။ ဒီက ယဉ်ကျေးမှူကတော့ ရောက်စတုန်းက ခေါင်းမညွတ်တတ်တဲ့ မြတ်နိုး တော်တော် ကျင့်ယူရပါတယ်။ ခုတော့လဲ အသားကျသွားပါပီ..။

အမရေ... မြတ်နိုးကို ကော်မန့်တွေအများကြီးပေးခဲ့လို့ ကျေးဇူးးးပါ..။

puluque said...

မတန်ခူးရေ.. ဒီမှာက လူတွေကတော့ ဘာသိဘာသာနေတက်ကြတာ လွန်လွန်းးပါတယ်။ ကျတော်တို့ဆီမှာနဲ့ တော်တော်ကွာလွန်းပါတယ်။ ကျတော်တို့ဆီမှာက သိသိ မသိသိ အပြုံးလေးနဲ့ နှုတ်ဆက်ကြတာပါပဲ..

Taungoo said...

မြန်မာဓလေ့ကတော့ မြန်မာမှာပဲ ရှိနိုင်မယ်ထင်ပါရဲ့ အမရေ။ ခံစားချက်မဲ့ စက်ရုပ်တွေကြားမှာ နေရသလိုပါပဲ။ ကျွန်တော်တော့ အချိန်တန်ရင် အိမ်ပဲပြန်နေမယ် အမကြီးရေ။

မေတ္တာဖြင့်

pandora said...

မြို့ပြဆန်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။
မြန်မာပြည်မှာတောင်မှ ရန်ကုန်လို မြို့တွေနဲ့ နယ်တွေနဲ့ တချို့နေရာတွေမှာ အနည်းနဲ့အများ ကွာလာကြသလိုပေါ့။

ကိုယ့်မြေက ဓလေ့စရိုက်နဲ့တော့ ကိုယ့်ဘာသာ အကိုက်ဆုံးပဲနော်.

ရွာသားလေးဝိုင်တီယူ said...

ကြပ်သပ်နေတဲ့ ရထားပေါ် ဘတ်စ်ကားပေါ်မှာ ထိချင်စိတ်မရှိပါဘဲ မတော်တဆလေးထိမိတာကို ကျွတ်တွေကျက်တွေလုပ်နေတဲ့လူတွေကို လှိုင်သာယာကားတစ်ခေါက် ၃၅ တစ်ခေါက်လောက်များ အစီးခိုင်းလိုက်ရရင် ဘာသိဘာသာစိတ်ကလေးတွေပျောက်ပြီး ခင်ခင်မင်ခင် တစ်ယောက်တစ်လက်တွဲနိုင်ကောင်းတယ် ထင်မိတယ်။ စမ်းကြည့်ရင်ကောင်းမလား အစ်မ...

thorn musem said...

မတန်ခူးလေးရေ...
ဒီမှာလည်း ၅၀%က ဒီလိုတွေဘဲ ။
ဒါပေမယ့် ကျနော်တို့ မြို့ လေးက အပြုံးမြို့ လို့  နာမည်ပေးထားကြတာ...
အားလုံးကတော့ သိသိ မသိသိ ပြုံးပြတတ်ကြပါတယ်...။
တစ်ချို့ ကတော့ မျက်နှာမာကြီးတွေနဲ့ ဗျာ..။
ကျနော်တို့  အမိတိုင်းပြည်လောက် လူမှုရေး
စိတ်ဓါတ်ကောင်းတာ ကမ္ဘာမှာ မရှိပါ..။

PAUK said...

မတန်ခူးရေ...
မတန်ခူးပြောမှကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ရသေးတယ်
ငါ..အပြုံးနည်းပါးနေပြီလားလို့...

သက်ဝေ said...

တန်ခူး ရေးထားတာကို အစ အဆုံးဖတ်..
သက်ပြင်းကို ချ...။
အင်း... ဘာဘဲဖြစ်ဖြစ် သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှုတော့ ရှိစမြဲ ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကိုယ့်ဖက်က စပြီး မျက်နှာကြောလေး နဲနဲ လျှော့ကြည့်လိုက်ကြဖို့ ဘဲ သတိပေး တိုက်တွန်းကြရမယ်ထင်ပါရဲ့  နော်..။

imaginary clouds no 2 said...

ဘလော့နီးခြင်းတစ်ယောက်လာ၍ နုတ်ဆက်သွားပါတယ် ။ ရောက်ဖြစ် ဖတ်ဖြစ်သော်လည်း မှတ်ချက်မရေးခဲ့တာပါ ။ ခင်မင်လျက် ။မောင်တိန်

khin oo may said...

အိမ်နီးချင်းလာပါသည်။

nu-san said...

အမရေ.. ဒီမှာတော့ နှုတ်ဆက်ကြတယ်.. ဒါပေမယ့် လှိုက်လှိုက်လှဲလှဲမဟုတ်ကြပါဘူး။ ကိုယ့်အရပ်နဲ့တော့ မတူတာ အမှန်ပဲ။ ကျနော်တို့ ဘေးနားကအိမ်ခန်းက ဘယ်သူတွေရှိလဲဆိုတာ အခုထိ ၂ နှစ်ရှိတော့မယ်.. တကယ်ကို မမြင်ဖူးဘူးအမရေ.. တခြားအထပ်က လူတွေနဲ့ တွေ့ရင် နှုတ်ဆက်တာလောက်တော့ ရှိတယ်.. မရင်းနှီးကြဘူး။ မှတ်လည်း မမှတ်မိပါဘူး။ ရုံးမှာလည်း အဲဒီလိုပါပဲ။ အလုပ်စကား၊ သာကြောင်းမာကြောင်း လောက်တော့ ပြောလို့ရတယ်.. ဟန်ဆောင်တာတွေများလို့ ပုံမှန်ပဲ နေဖြစ်တာများပါတယ်.. သူတို့ကလည်း ကိုယ့်ကို မရောချင် ကိုယ်ကလည်း မရောဖြစ်ဆိုတော့ အားလုံးဟာ အမပြောသလို ဘာသိဘာသာပါပဲ..

PTi said...

ဟုတ်တယ်နော် ... ဒီမှာက ဖော်ရွေရင် သူတို့ဆီက ဘာယူမှာလဲဆိုတဲ့ အကြည့်တွေရှိတတ်တယ်... ကျွန်တော်လည်း သူတို့ဓာတ်တွေကူးကုန်ပါတယ်... ဘာသိဘာသာပဲနေမိပါတယ်...

တားမြစ် ထားသော... said...

သူ့အရပ်နဲ့ သူ့ဇာတ်ပဲ ပြေရမလား။ အဆင်မပြေတာတော့ အမှန်ပဲ။ မကူးဆက်အောင် ထိန်းနိုင်လေ ကောင်းလေပေါ့အမရေ။

သုခမိန်(E-Journal)

ကောင်းကင်ကို said...

တစ်ကမ္ဘာလုံး ခင်ခင်မင်မင်နေတတ်တဲ့ စိတ်ရှိရင် ကောင်းမယ်ဗျာ။

skyblue said...

pauk ပြော သလို ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ရ အုံးမယ်၊
ငါ..အပြုံးနည်းပါးနေပြီလားလို့.... ဟုတ်တယ်။
တစ်ခါတစ်လေ သူတင်းရင် ငါတင်းမယ် ဆိုတဲ့ စိတ်
ကလေးဝင်မိတာအမှန်ပါ။ stress များတဲ့အချိန် ဆို ပို
ဆိုးတယ် မတန်ခူး ရေ။
ှ

skyblue said...

pauk ပြော သလို ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ရ အုံးမယ်၊
ငါ..အပြုံးနည်းပါးနေပြီလားလို့.... ဟုတ်တယ်။
တစ်ခါတစ်လေ သူတင်းရင် ငါတင်းမယ် ဆိုတဲ့ စိတ်
ကလေးဝင်မိတာအမှန်ပါ။ stress များတဲ့အချိန် ဆို ပို
ဆိုးတယ် မတန်ခူး ရေ။
ှ

သက်ဝေ said...

တန်ခူးရေ...

နေမကောင်းဘူးဆို..။ ဘာဖြစ်တာလဲ.. ဖျားတာလား..။ အခုတလော လူတွေ တော်တော်ဖျားကြတယ်။
Take care...

By the way, တန်ခူးကို Tag ထားတယ်..။ နေကောင်းမှရေးလေ... နော်..။

မောင်မျိုး said...

အစ်မကြီးး ကျန်းမာရေး ဂရုစိုက်နော့် မြန်မြန်နေကောင်းပါစေ နေကောင်းလားမေးဖို့ လာတာ မသက်ဝေက ပြောတာတွေ့ ပြီး နေမြန်၂ကောင်းပါစေပဲ ဆုတောင်းသွားတော့တယ် ။

ဂျူနို said...

ဘယ်အရပ်ကဘဲဖြစ်ဖြစ် လူနဲ့ လည်းဆိုင်ပါတယ်။
လူလိုသိတတ်တဲ့ သူ ကော လူစိတ်ပျောက်နေတဲ့လူကော နေရာတိုင်းဒေသတိုင်းမှာပါ။

မဇနိ said...

အမတန်ခူးရေ သက်သာလား။
အစာအိမ်ဖြစ်နေတာလားဗျ။
အမမြန်မြန်နေကောင်းပါစေနော်။
ဆန်ပြုတ်လေးပို့ပေးရမလား။

PAUK said...

မတန်ခူးရေ...
နေမကောင်းဘူးလား..
ဘာဖြစ်တာလဲ..
နေမြန်မြန်ကောင်းပါစေ...နော်..

sonata-cantata said...

တန်ခူးရေ နေမကောင်းဘူးလား။ ပထမတော့ ဒီ Post အတွက် Comment မရေးတော့ဘဲ ဘာသိဘာသာလေး ကျော်သွားတော့ မလားလို့။ နောက်တော့လည်း နေနိုင်ပါဘူး။ ဒီမှာ ဒီမှာ ဒါလေး... ချိုချိုလေး.. Comment ဆေးလေး.. သောက်. ပျောက်.
အဲ.. လိမ္မာတယ်။ နေကောင်းသွားပြီနော်။

Moe Cho Thinn said...

မတန်ခူးရေ
နေမကောင်းဘူးဆိုလို့ သားသား ကူထိန်းပေးရအောင် လာတယ်။ အေးအေးဆေးဆေး နားလိုက်ပါ။ မြန်မြန် နေကောင်းပါစေလို့ ဆေးလဲ လာတိုက်ပါတယ်။ ဗမာပီပီ ဘာသိဘာသာ မနေတတ်လို့ပါ အမရေ..။

ရွာသားလေးဝိုင်တီယူ said...

အမရေ နေကောင်းပါစေနော်...

nu-san said...

မရေ.. နေမကောင်းဘူး၊ အစာအိမ်ပြန်ဖြစ်နေတယ်ဆို။ အခုရော သက်သာသွားပြီလား အမ။ အစားမှားလို့လားဟင်၊ မြန်မြန်နေကောင်းပါစေ။ အမ နေမကောင်းဖြစ်တာတို့ အလုပ်မအားတာတို့ဆို အရမ်းသိသာတယ်.. ပို့စ်တွေ မတက်လာတော့ရင် တခုခုဖြစ်နေပြီဆိုတာ သိတယ်.. :(

PAUK said...

မတန်ခူးရေ...
အခုသက်သာသွားပြီလား
ကျွန်တော့်ဆီလာလည်လို့ကျေးဇူးပါ..
နောက်ပြီးး
မ ပေါက် ပါ...
ဟီးဟိ

myatnoe said...

အမ.. အခုမှ ခနလာဝင်ကြည့်တာ.
အမနေမကောင်းဘူးတဲ့..း(
အခုကောင်းသွားပီလားဟင်။
အစားအသောက်ဂရုစိုက်ပါ။

တန်ခူး said...

မဇနိရေ… ဟုတ်တယ်… တို့ လဲ ကိုယ့်တိုင်းပြည်စုတ်စုတ်လေးပဲ ပျော်မိတယ်…

မောင်မျိုးရေ… တို့ နိုင်ငံဆို ရန်ဖြစ်ရင်ဆွဲတတ်တာ တားတတ်တာ... ဟုတ်တယ်… စိတ်ကောင်းလေးချမ်းသာတာပေါ့… တို့ ဖေဖေဆို ရန်ဖြစ်ရင် အိမ်ထဲကနေ အရင်ဆုံးထွက်သွားတာ… ဆွဲဖို့ လေ…

ချိုသင်းရေ… ပြုံးနေတတ်မယ့် ချိုသင်းမျက်နှာလေးကို ချိုသင်းစာတွေ ဖတ်ပြီး မြင်ယောင်ကြည့်နေတယ်… အတော်ချစ်စရာကောင်းမှာပဲ…

ကိုပေါရေ… ဟိုတနေ့ က သတင်းစာမှာ ရာဇ၀တ်မှုအများဆုံးဖြစ်တာ ပြည်ကြီးတွေကြောင့်လို့  စစ်တမ်းကောက်တာ ဖတ်လိုက်ရတယ်… ဒါပေမယ့်လဲ ခုတော့ နေရာတိုင်းမှာပြည်ကြီးတွေ…

sin dan larရေ… ကြုံဖူးတော့ ပိုသိတာပေါ့နော်… တို့ သူငယ်ချင်းတယောက်ဆို မျှစ်ချဉ်ဟင်းကြောင့် ရဲတိုင်ခံရတာလေ….လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်….

Anonymousရေ… ကလေးလေးသနားပါတယ်နော်… တော်သေးတယ်…ကယ်မယ့်သူနဲ့ တွေ့ လို့ …

မြတ်နိုးရေ… အဖြေမှန်တယ်ဆိုလို့  ၀မ်းသာပါတယ်… ဂျပန်ခေါင်းညွှတ်တာတော့ နာမည်ကြီးပဲနော်… ဒီမှာတော့ ဘယ်သူမှ ခေါင်းမညွှတ်ဘူး…

ဟုတ်ပါတယ် ပုလုကွေးရေ… တကယ်တော့ အပြုံးလေးတခုပေးရတာ မပင်ပန်းပဲ ဘာလို့ များ တွန့် တိုနေကြပါလိမ့်…

အချိန်တန်ရင် အိမ်ပြန်မယ်လို့  တို့ လဲကြွေးကြော်နေတုန်းပဲ ကိုတောင်ငူရေ…

ပန်ပြောတာ ဖြစ်နိုင်ပါတယ်… ဒီနိုင်ငံမှာရော အနောက်နိုင်ငံတခုမှာ နေဖူးတဲ့ တို့ သူငယ်ချင်းတယောက်က ပြောဖူးတယ်… ဒီနိုင်ငံလောက် ဟိုမှာ အပြုံးမဆင်းရဲဘူးတဲ့ ပန်ရေ…

ဟားဟား…. ရွာသားလေးအကြံမဆိုးဘူး… ဘာသိဘာသာစိတ်ပျောက်မလား… ရေ ၃၅ခါပဲ ချိုးကြမလား မသိ…

ကိုသစ်နက်ဆူးရေ… အပြုံးမြို့ လေးမှာ နေခွင့်ရတာ ကံကောင်းတာပေါ့နော်…

ပေါက်ရေ… ပြန်ဆန်းစစ်တော့ ဘယ်လို အဖြေရလဲ…

ဟုတ်ပါတယ် သက်ဝေရေ… မျက်နှာကြောလေး သတိထားပြီး လျော့ကြပါလို့ …

imaginary clouds no 2 ရေ… ဘလော့နီးချင်းတွေ ခုလို ဆုံရတာ ပျော်စရာ… ရောက်ဖြစ်တယ်သိရလို့  ၀မ်းသာပါတယ်… နောင်လဲ လာလည်ဦးပေါ့… လဘက်သုတ်ရယ် ရေနွေးကြမ်းရယ် အဆင်သင့်လုပ်ထားမယ်…

မမရေ… မင်္ဂလာပါ…

ဟုတ်ပါရဲ့နုရေ… ဟန်ဆောင်တာတွေ များလွန်းတော့ ပြန်ပြန်ပြေးချင်တယ်…

ကိုပီတိရေ… အင်း… ဖော်ရွေတာကို ဘာသာပြန်မှားတဲ့သူတွေနဲ့ ကျတော့လဲ…

ကိုသုခမိန်ရေ… သူ့ အရပ်သူ့ ဇာတ်မှာ ကိုယ်က ဇာတ်ဆရာခိုင်းတာနဲ့ လွဲလွဲနေတော့…

အဲဒီလိုဆို ကမ္ဘာကြီးက ဒီထက်ပိုလှပနေချင့်စရာပေါ့ ကောင်းကင်ကိုရေ…

Skyblueရေ… ဟုတ်ပါ့… တခါတလေ ကိုယ်လဲ ဒီလိုပဲ… စိတ်ကိုမနဲလျော့ရတယ်…

သက်ဝေရေ… သတင်းမေးတာကျေးဇူးပါ… ရင်ထဲနွေးသွားတာပဲ… အစာအိမ်ပြဿနာပဲလေ… တက်ဂ်တာလဲကျေးဇူးနော်…

မောင်မျိုးရေ… မောင်မျိုးအမဆိုတော့ အစာအိမ်ပြဿနာပဲ… ခုတော့ ကောင်းသွားပါပြီ... သတိတရ သတင်းမေးတာ ကျေးဇူးပါနော်…

ဟုတ်ပါတယ်ဂျူနိုရေ… နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းဒွန်တွဲနေတတ်ကြတာ အမှန်ပါပဲ… ဒါပေမယ့် တခါတလေကျတော့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု နဲ့  ပတ်ဝန်းကျင်အခြေအနေလိုက်ပြီး ရိုင်းတတ် ယဉ်တတ်ကြတာကိုး… လာလည်တာ ကျေးဇူးပါနော်… နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

မဇနိရေ… ကိုယ့်ညီမလေးက အဲလို လာမေးတော့ ရောဂါက ပျောက်ရော… ကျေးဇူးပါညီမရေ…

ပေါက်ရေ… အစာအိမ်တုတ်ကွေးတဲ့… ဒီမှာ ပိုးမွှားတွေကလဲ ပျော်မြူးပါ့… သတင်းမေးတာ ကျေးဇူးပါညီမရေ…

မ ရေ… ကော်မန့် ဆေးလေး အစွမ်းထက်ချက်… ရောဂါတွေ ယူပစ်လိုက်သလိုပဲ… ကျေးဇူးပါ မ ရယ်…

ချိုသင်းရေ… သားလေးကလဲ အန်တီချိုသင်းနဲ့ ဆို ပျော်မှာ… နားလိုက်လို့ ရယ် ဒီဘလော့ဂ်သံယောဇဉ်တွေရဲ့ အကြင်နာကြောင့်ရယ်… ကောင်းသွားပါပြီ….

ရွာသားလေးတောင်းတဲ့ဆုနဲ့ ပြည့်သွားတယ်… ကျေးဇူးပါမောင်လေးရေ…

နုရေ… အစာတော့ မမှားဘူး… ဗိုင်းရပ်စ်ကြောင့်တဲ့… ဆုတောင်းလေးအတွက်ရော သတင်းလာမေးတဲ့ အတွက်ပါ ကျေးဇူးပါနုရေ…

ပေါက်ရေ… လွဲပြန်ပြီ တခါ… ကျွန်တော် ကျွန်တော်နဲ့ ဆိုတော့ ကိုပေါက်လို့ ထင်တာ… စိတ်ထဲထင်တော့ထင်သား… ဒီကောင်လေးက ယောင်္ကျားလေးဖြစ်ပြီး ဟင်းတွေ ချက်တတ်ပါ့လို့ …

မြတ်နိုးရေ… ကျေးဇူးပါညီမရယ်… ခုကောင်းသွားပြီလေ… သတင်းမေးတာ စိတ်ပူတာ တွေ အတွက် ကျေးဇူးပါနော်….

M.Y. said...

ပထမဆုံးအကြိမ်လာဖတ်ဖြစ်ပါတယ်။
ီဘာသိဘာသာ ဆိုတဲ့အပေါ် တစ်ခါက ဒီလိုပဲစဉ်းစားခဲ့ဖူးတယ်။
Materialization, cultural shock, egosim တွေကြောင့်အပြင်၊ တချို့ နေရာတွေမှာ personal safe-side ယူဖို့ ကို့ လိုအပ်တဲ့ အဖြစ်အပျက်၊ သင်္ခန်းစာတစ်ချို့ ရဲ့ နောက်ဆက်တွဲ ဆိုတာတွေနဲ့ ယှက်နွယ်နေတယ်လို့ ထင်မိတယ်။

မစ်(စ်)သွန်းသွန်း said...

မတန်ခူးရေ .. တောင်ငူစာကြည့်တိုက်က တစ်ဆင့်ရောက်လာတာ။ အမှန်ပါပဲ ဝမ်းနည်းစရာရှင်။ ဒါမျိုးစိတ်က ကောင်းတဲ့နေရာ ရှိသလို မကောင်းတဲ့နေရာလည်း ရှိတယ်။ တော်ရုံတန်ရုံ စပ်စုခံရခြင်းကင်းတဲ့ ပတ်ဝန်းကျင်မို့ ကောင်းသလို ဒီလိုကိစ္စမျိုးကျတော့လည်း ဆိုးရွားလွန်းပါတယ်။ ဒီနိုင်ငံ အပထား ၊ မြန်မာနိုင်ငံရဲ့ မြို့ပြလူနေမှုမှာတောင် ဘာသိဘာသာ စရိုက်တွေ ဝင်နေကြတာ တွေ့ရတယ်။ ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့တဲ့ ၂၅ လမ်းက လူသတ်မှုကိုပဲကြည့်။ တိုက်ခန်းထဲမှာ ဖြစ်ပျက်သွားတာ။

Ingjin Thant said...

ကြောက်စရာကောင်းတဲ့ ဘာသိဘာသာ စိတ်ဓါတ်တွေကြီးစိုးနေတဲ့ နေရာမှာနေနေရတဲ့သူတွေ အတွက် ဖတ်သင့်တဲ့ ပိုစ့်ကောင်းတစ်ပုဒ်ပါ မတန်ခူးရေ....။ အားလုံးကိုပြန်လည်မျှဝေချင်လို့ ဒီပိုစ့်လေးကို facebook ပေါ်မှာ ပြန်ရှယ်ပါရစေနော်....။

ကျေးဇူးတင်စွာဖြင့်
အင်ကြင်း