Wednesday, August 13, 2008

Stress



Stress… ဒီစကားလုံးက ဒီနိုင်ငံမှာ တော်တော်လေးကို ပေါ်ပြူလာဖြစ်သည်။ လူချင်းတွေ့ လို့ 
နှုတ်ဆက်ရင်တောင် “မတွေ့ ရတာကြာပြီနော်… ဘယ်လိုလဲ အရင်အလုပ်မှာပဲလား… stress များလား” ဆိုတာမျိုး၊ “အို…ပိန်သွားလိုက်တာ… ကြည့်ရတာ အလုပ်က stress များပုံပဲ”
လို့ တမျိုး၊ “ဟိုတနေ့ က လှမ်းနှုတ်ဆက်နေတာ… မမြင်ဘူးထင်တယ်… ငိုက်ငိုက်စိုက်စိုက်နဲ့  တော်တော် stress များလာတယ်ထင်တယ်”… အဲဒီလို stress ဆိုတဲ့ စကားလုံးက ဟိုနားကကြား ဒီနားကကြားနဲ့  ရေပန်းစားလှသည်။

တချို့ ကတော့ stress ပိပြီး မျက်နှာကြီး သုန်မှုန်။ တချို့ ကတော့ ခေါ်မကြား အော်မကြား မျက်နှာဗလာနဲ့  stress ရေချိန် အတော်ကိုက်နေပုံ။ တချို့ ကတော့ ပြာယာတွေခတ်ကာ stress မွှေနှောက်သည့် ဒဏ်ခံကို အလူးအလဲ ခံနေရပုံ။ တချို့ ကတော့ stress မျက်မှန်တပ်ပြီး မှုန်မှုန်ဝါးဝါး။ တခါတလေ ဒေါသထွက်စရာ မဟုတ်သည့် အရာကို
ရှူးရှုးရှဲရှဲ။ တချို့ ကတော့ မြောက်ကြွမြောက်ကြွ နဲ့  stress များခြင်းက အရေးပါခြင်း
လို့ ထင်နေပြန်…။ အဲဒီ အဆင့်တွေကျော်လွန်သွားရင်တော့ stress က အနိုင်ရသွားတဲ့အခါ တယောက်ထဲပြုံး၊ တယောက်ထဲ စကားပြော၊ တယောက်ထဲ ရန်ဖြစ်၊ တယောက်ထဲငိုနဲ့  အတော် အခြေအနေ ဆိုးတဲ့ အဆင့်ကို ရောက်သွားတတ်သည်။

ဒါကြောင့်လဲ stress ကုစားနည်းတွေက internet ပေါ်မှာ၊ စာအုပ်တွေထဲမှာ… သင်တန်းတောင် ရှိလိုက်သေး။ သေချာတာက ဘယ်သူမှ သူ့ ကို မဖိတ်ခေါ်ပဲ ခပ်တည်တည်နှင့်  ရောက်လာတတ်သည်။ တခါတလေတော့ သူလာတော့မယ်ဆိုတာ ခန့် မှန်းလို့  ရပေမယ့် တခါတလေကျတော့ ရုတ်တရက်ကြီးပေါ်လာတတ်သည်။ မြန်မာလိုတော့ စိတ်ဖိစီးမှု။ ဟိုးကျောင်းနေတဲ့ အရွယ်ကနေ…အဖိုးအဖွားအရွယ်ထိ အရွယ်မရွေး။ ဆင်းရဲ ချမ်းသာ မရွေး။ လူတန်းစားမရွေး ရနိုင်သည့် စိတ်ဖိစီးမှု။ ခံနိုင်ရည် အတိုင်းအတာနှင့်
ဖိစီးမှုဝန်က ပြောင်းပြန်အချိုးကျသည်။ ဒါကြောင့် တရားဘာဝနာ ပွားများသူတွေ အတွက် stress မရှိဘူးလို့ တောင် ပြော၍ရသည်တဲ့။

Stress အကြောင်းတွေ ရှည်ရှည်ဝေးဝေး လျှောက်ပြောနေမိခြင်းမှာ ပြီးခဲ့တဲ့ အပတ်မှ စ၍ ကျွန်မအနားမှာ သူရောက်လာလို့ ပါပဲ။ မှတ်မှတ်ရရ ၀၈-၀၈-၂၀၀၈ ထဲက။ ဒီက တရုတ်တွေက ၈ ဂဏန်းဆို အသဲအသန်။ အိုလံတောင် အဲဒီနေ့ ပစ်ကြတာ တာကြည့်။ ရုံးမှာကျွန်မတာဝန်ယူထားတဲ့ projectအသစ်တွေကို အဲဒီနေ့ မှာ တပုံကြီး တပြိုင်ထဲ ဖွင့်ပွဲ လုပ်ချလိုက်တာ။ ကိုယ်တော်ချော stress က ပြုံးပြုံးကြီး မဖိတ်ခေါ်ပဲ ရောက်လာတော့တာပဲ။

အလိုက်မသိတတ်လိုက်ပုံများ သူရောက်လာတည်းက ထမင်းလဲဖြောင့်ဖြောင့်မစားရ။ ရေလဲ ဖြောင့်ဖြောင့်မသောက်ရ။ .... ဖြောင့်ဖြောင့်မသွားရ။ Blog ကမ္ဘာနဲ့ လဲ တိတ်တိတ်လေး ဝေးနေရတာ။ အတော်ကို နေမထိ ထိုင်မသာ ဖြစ်လှသည်။ လေနုအေးနဲ့ အဲလောက် အကြာကြီးမခွဲဖူးတော့ လွမ်းမိတာလဲ အရမ်း။ အိမ်ပြန်ချိန်တွေ နောက်ကျလို့ သားလေးလဲ လည်ပင်းလေး ပိုရှည်လာသယောင်။ အိမ်ပြန်ရောက်တော့ မျက်လုံးတွေက ကျောက်ခဲနဲ့ ဖိလိုက်သလို။ ဒါတောင် သူက အိပ်မက်ထဲ လိုက်နှောက်ယှက်သေးတယ်။ ရုံးက ဖမ်းမမိတဲ့  Bugတွေကို အိပ်မက်ထဲ ၀မ်းသာအားရဖမ်းနေလိုက်ပုံများ။

မနက်မိုးလင်းရင် ခါတိုင်းလို ရွှေအမြုတေလေး… ဒါမှမဟုတ် Todayလေး ဖတ်ပြီး စိမ်ပြေနပြေ အ၀ှာလုပ်လို့ မရ။ ၅ မိနစ်အပြတ်လုပ်။ ပြီးရင်ရေချိုး။ တွေ့ ကရာ အကျီင်္ဆွဲဝတ်။ ခေါင်းကို လမ်းကျမှ ဖြီး။ နှုတ်ခမ်းနီဗူးလေးတောင် ရှားရှားပါးပါးအနားရ။ ဒီကြားထဲ အက်ဆစ်တွေ အထွက်များတဲ့ အစာအိမ်က ရောဂါဟောင်းပြန်ထ။ မျက်ရိုးတွေကိုက်။ ဇက်ကြောတွေတက်။ သူရောက်လာထဲက အဆင်မပြေပုံ ပြောပါတယ်။

စိတ်တွေက နောက်ကျိကျိနဲ့ ။ လျှောက်နေကျ လမ်းကပဲ ပိုရှည်နေသလိုလို။ ခါတိုင်းက လှလှပပ မြင်ကွင်းတွေက ခုတော့ တစက်ကလေးမှ ဆွဲဆောင်မှုမရှိ။ အထက်အရာရှိကလဲ ဒီရက်တွေမှ ရုပ်ပိုဆိုးနေသလိုလို။ ကိုယ့်ရုပ်ကိုယ်တော့ မှန်ထဲသေချာမကြည့်ဝံ့။ စိတ်ကလဲ တော်တော် ကြွပ်ရွပြီး ဆပ်ဆပ်ထိမခံတော့။ ရန်ဖြစ်စရာမရှိ ဘက်ထရီကုန်သွားသည့် လက်ကိုင်ဖုန်းနဲ့  ဖြစ်ဖြစ်ရန်ဖြစ်နေမိသည်။ Online ပေါ်ရောက်လာတဲ့ သူငယ်ချင်းအချို့ က အခြေအနေ မကောင်းတာ သိပြီး စောစောစီးစီး bye byeသွားသည်။

တရားမရှိဘူးပြောလဲ ခံရမည်။ ပင်ပန်းလွန်းတော့ ပုတီးအပတ်တောင် မဆုံး တုန်းကနဲ။ stress ပြုသမျှနုရပုံများ။ ဒီနေ့ တော့ stressက ပတ်စာခွာ ဖျာသိမ်း အထုတ်အပိုးပြင်လို့  ပြန်တော့မည်။ တော်သေးရဲ့။ ခုမှ အသက်၀၀ရှုနိုင်သည်။ Blog ကမ္ဘာထဲ ပြန်ဝင်ဖို့ ခြေလှမ်းပြင်။ ကျွန်မကတော့ သူ့ ကို ပျော်ပျော်ကြီး နှုတ်ဆက်နေမိသည်။ See you later ဆိုတဲ့ စကားတော့ သတိထား မပြောဖြစ်။

တန်ခူး
13-Jul-2008 2:30pm


14 comments:

စူး said...

bye bye stress.
I hate stress also. everyone hate stress.

အမ ၀မ်းသာပါတယ် stress တွေဝေးသွားပီး နေကောင်းသွားလို့။

Anonymous said...

အဲ့ဒီ stress ဆိုတဲ့ သတ္တ၀ါက ကျနော်ကြောက်တယ် မလာပါနဲ့ ဗျာ ဆိုရင် သူက ပိုပိုဆိုးလာတယ် ခေါင်းပေါ်ထိတက်တယ်ဗျး) လာစမ်းကွ မင်းလား ငါလားဆိုပြီး လည်ပင်းတက်နင်းပစ်လိုက်တယ် ဒင်းလား ဘယ်ခံနိုင်တော့မလဲပြေးကောပေါ့ ။ နောက်တစ်ခါလာကြည့် အိမ်ပေါက်ဝကနေ ဓားမကိုင်ပြီးစောင့်နေမယ် ...လာအုံးမှာပါပဲ သူက လူသွေးစုပ်တဲ့ ဖုတ်ကောင်လိုပဲ ။ဝမ်းသာပါတယ် stress တွေဝေးသွားပြီဆိုလို့  ...။

ကိုပေါ said...

Stress ဘယ်လောက်ကြီးကြီး ဘီယာနဲ့တွေ့ရင် ပြေးတော့တာဘဲ။ နည်းမှန်လမ်းမှန်တော့ မဟုတ်ဘူးပေါ့…..အဟီး။ နည်းမှန်လမ်းမှန်ဖြစ်တဲ့ ဦးဇောတိက တရားလေး နာမယ်လုပ်တော့ကျတော့ ငါးမိနစ်တောင် မကြာဘူး။ ဟောက်သံထွက်သွားတော့တာဘဲ။ အင်း…. ပုထုဇဉ်…ပုထုဇဉ်…။

တားမြစ် ထားသော... said...

Hello,
we r working... (with stress)
.....
...
..
.
C ya later!
************
နောက်ဆုံရအုံးမယ် ထင်တာပဲနော... :)

Anonymous said...

stress နှင့်ဝေးသွားသော မတန်ခူးကို လက်ကမ်းကြိုဆိုပါ၏ ။ ညီမလည်း မကြာသေးခင်ကပဲ သူ့ ကို လက်ပြနှုတ်ဆက်ခဲ့တား)

nu-san said...

မတန်ခူးရေ.. stress ရပြီဆိုရင် ထမင်းဖြောင့်ဖြောင့်မစားနိုင်ရတာနဲ့ ကောင်းကောင်းမအိပ်ရတာနဲ့။ ကျနော်ကတော့ တစ်နှစ်တိတိ အဲဒီဒုက္ခခံရဖူးတော့ ကိုယ်ချင်းစာတယ်။ Stress လည်းကင်းရော လူက စားဝင်အိပ်ပျော်ပြီး ၀ လာတော့တာပေါ့။ အခုတော့ ရံဖန်ရံခါလောက်ပဲ ခံစားရတော့တယ်။ အချိန်တန်တော့လည်း ပြီးသွားတာပါပဲနော်..မ။

မတန်ခူး ပြန်လာတာကို ကြိုဆိုပါတယ်... Stress တွေမရှိတော့ဘူးဆိုတာ ဒီပို့စ်လေးနဲ့ သက်သေပြလိုက်တာလား အမ? :)

Moe Cho Thinn said...

တန်ခူးရေ
ရေးထားတာလေးက ကောင်းလဲကောင်း၊ မှန်လဲ မှန်ပါ့။ ဘယ်သူမှတော့ stress နဲ့ မကင်းနိုင်ကြဘူး ထင်တာပဲ။ သူလာရင် ကိုယ့်စိတ်ကို ဘယ်လို ပြင်ဆင်မလဲ၊ ဘယ်လို နေတတ်အောင် ကြိုးစားမလဲပဲ စဉ်းစားရမှာ။ အမလဲ ခုထိတော့ သူဖိထောင်းသွားရင် ခံနေရတုန်း။

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ဟုတ်ပါ့ တန်ခူးရေ...
ကိုယ်တိုင်လဲ Stress ပိနေတဲ့ အချိန်တွေမှာ ဘာကိုမှ လှည့်မကြည့်နိုင် စိတ်မ၀င်စားနိုင် စိတ်ကလဲ အလိုလိုနေရင်း ဒေါသပွချင်နေတာမို့  ကောင်းကောင်း ကိုယ်ချင်းစာနိုင်ပါတယ်။
အခုတော့ နဲနဲ ဝေးနေပေမယ့် သူက ပေါ်လိုက် ပျောက်လိုက်နဲ့  လူကို အမျိုးမျိုးလဲ လှည့်စားတတ်သေးတယ်လေ။
ရေးထားတာ အရမ်းကောင်းတယ် တန်ခူးရေ...။

လင်းလက်ကြယ်စင် said...

Stress ကတော့ တိုးတက်လာတဲ့ ခေတ်နဲ့အပြိုင် လူတွေအားလုံးမှာ ရှိနေကြတာပဲ အမရေ။ ကျောင်းသားလည်း Stress ၊ အလုပ်လုပ်သူတွေလည်း Stress အကုန်လုံး ရှိနေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် Stress ဖြေပုံချင်းမတူတော့ ကိုယ်ကြိုက်တာလုပ်ပြီးရင်တော့ တော်တော် သက်သာသွားမယ်လို့ ထင်မိပါတယ်။ တခါတလေ Stress တအားများသွားရင် စားမ၀င် ၊ နေလို့မပျော်နဲ့ တော်တော်ဆိုးရွားပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ပင်ပန်းနွမ်းနယ်မှုများ ကင်းဝေးစွာ ပျော်ရွှင်ကြပါစေရှင် :)

Kaung Kin Ko said...

stress တွေ ကင်းဝေးနိုင်ပါစေဗျာ

pandora said...

အဲဒီစကားလုံးကို ဒီရောက်မှ ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့။ မြန်မာပြည်မှာတုန်းကလည်း ဖိစီးမှုတွေတော့ ရှိမှာပေါ့လေ။ ကိုယ့်မိသားစု အသိုင်းအ၀ိုင်းနဲ့မို့ ဖြေဖျောက်နိုင်တာလား ဘာလို့လည်းတော့ မသိဘူး။ ဒီမှာတော့ အလုပ်ထဲမှာ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ပေါ်ပေါ်လာတာတော့ အမှန်ပဲ။ တနှစ်တခါလောက်မှာ စိတ်ဖိစီးမှု ဖြေဖျောက်ဖို့ သင်တန်း တစ်ရက်တော့ လာလာပို့ချပါတယ်။ အဲဒီမှာ တက်ဖို့ မေးခွန်းတွေ ဖြေကြည့်ပြန်တော့လည်း သင်တန်းတက်ရလောက်တဲ့အထိ ဖိစီးမှုမများဘူးလို့ ပြနေပြန်ရော။

လူတွေမှာ အားကစား ရုပ်ရှင် စတဲ့ ကိုယ်နှစ်သက်ရာ ပြင်ပ ထွက်ပေါက်တခုခု ရှိမှဖြစ်မယ်။ လောလောဆယ်တော့ ဘလော့ထဲထွက်ပြီး ရေးချင်တာရေးရတာ စိတ်ပြေပျောက်စရာပါ။ ဘလော့ထဲမှာပါ ဖိစီးမှုတွေ ထပ်ပါလာရင်တော့…။

ကလိုစေးထူး said...

Stress ဆိုတာက မရင်းနှီးကောင်းတဲ့ အရာပေါ့။ ဒါပေမယ့် တခါတလေတော့လဲ သူ့ကို မချစ်သော်လည်း အောင့်ကာနမ်းနေရတယ်။ မဖိတ်ဘဲနဲ့ ရောက်လာတတ်တာကိုး။ ကိုပေါပြောသလိုပဲ...၊ တခါတလေကျရင်တော့ ဘီယာလက်နက်နဲ့ stress ကို မောင်းထုတ်ရသလို၊ တခါတလေကျရင်တော့ သီချင်းတွေနဲ့ အော်ထုတ်ရတယ်။ စိတ်လိုလက်ရ ရှိလာတဲ့ အခါကျရင်တော့ စာလေးဘာလေးရေးပြီး ညင်ညင်သာသာလေး တွန်းထုတ်လွှတ်ရပြန်တယ်။

တန်ခူး said...

ကျေးဇူးပါမြတ်နိုးရေ… stressဆို အမြဲbye byeချင်တယ်…

ဟုတ်တယ်မောင်မျိုးရေ… မြို့ မေတ္တာခံယူတဲ့stressလေ…

ဘီယာတော့ အနံ့ တောင်မခံနိုင်ဘူး ကိုပေါရေ… အခြေခံစိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး ဟောတဲ့ ဆရာတော်ဦးဇောတိက တရားတွေကဲ့stressခံစားနေရသူတွေ အတွက် အကောင်းဆုံးဆေးပါ….

ကိုတားမြစ်ထားသောရေ… နောင်ဆုံရဦးမှာတော့ အမှန်ပဲ…

ကျေးဇူးပါဂျစ်ရေ… တို့ တွေဘ၀ကတော့ သူနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နော်…

နုရေ… ကြာလာတော့ stressနဲ့ ယဉ်ပါးသွားကြတာနော်…

မ ရေ.. ကျေးဇူးပါ.. ဟုတ်တယ် တခါတခါ အရှိုက်ဝင်ထိုးသွားတတ်သေး…

ကျေးဇူးပါသက်ဝေရေ… ပေါ်လိုက်ပျောက်လိုက်… အမှန်ပဲနော်…

လင်းလက်ရေ… မတွေ့ တာကြာပြီနော်… လင်းလက်နဲ့ တူတူ ဆုတောင်းပေးလိုက်တယ်…

ပေးတဲ့ဆုနဲ့  ပြည့်ပါစေ ကောင်းကင်ကိုရေ…

ဟုတ်တယ်ပန်ရေ… ဒီblogလေးရှိနေတာကိုက stressဖြေလျော့နည်း တမျိုးနော်…

ချော့တခါ ခြောက်တလှည့် ဆိုတာမျိုးလား ကိုစေးထူးရေ…