Monday, August 4, 2008

ရွက်စိမ်းကြွေ

ဇော်ဇော် ဆုံးသွားပြီတဲ့။ အမှတ်တမဲ့ ကြားလိုက်ရတဲ့သတင်းတခုကြောင့် ကျွန်မရင်ထဲ ဆို့ နင့်ကြေကွဲ။ ဘာကြောင့်ဆုံးသွားလဲဆိုတဲ့ အကြောင်းပြချက်ကြောင့် ပိုလို့ ပင် ၀မ်းနည်းမိသွားသည်။ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်လို့ တဲ့။ ဘယ်လောက်များ ၀မ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ဒီလို အဖြစ်မျိုးတွေ ကြားဖူးနေပေမယ့် ကိုယ်နဲ့ ရင်းနှီးနေတဲ့သူတယောက် အနေနဲ့ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် အတော်ယူကျုံးမရ။

ဇော်ဇော်မှာ တခြားမဟုတ်။ ကျွန်မပထမအလုပ်တွင် ကျွန်မလက်အောက်မှာ ဖိုမင်ရာထူးဖြင့် လုပ်ခဲ့သည့် ကောင်လေးတယောက်ပင်။ အလွန် လိမ္မာယဉ်ကျေးသော၊ အလုပ်ကြိုးစားသော၊ သစ္စာရှိသော၊ လုပ်ငန်းကျွမ်းကျင်သော ကျွန်မအလွန်အားကိုးရသည့် ၀န်ထမ်းတယောက်ဖြစ်သည်။ ရုပ်ရည်သန့် ပြန့် ပြီး မျက်နှာချိုသည်။ စိတ်ရှည်သည်းခံတတ်၍ လုပ်ဖော်ကိုင်ဖက် အားလုံးက သူ့ ကိုချစ်ကြသည်။

ကျွန်မနှင့် ကျွန်မ၀န်ထမ်းများမှာ မောင်နှမတွေလို ရင်းနှီးသောကြောင့် သူတို့ ဘ၀ တွေကို တစိတ်တပိုင်း သိခွင့်ရသည်။ များသောအားဖြင့် မပြေလည်ကြသော သူတို့ ဘ၀တွေက သနားစရာ ကောင်းလှသည်။ တချို့ က အလုပ်လုပ်ရင်း အဝေးသင်တက်ကြ။ တချို့ က မိသားစုတခုလုံးကို လုပ်ကျွေးရ။ တနည်းမဟုတ် တနည်းနှင့် ရုန်းကန်နေကြရသူလေးတွေ။ ဆင်းရဲသူနှင့် ပိုဆင်းရဲသူုသာကွာကြသည်။ ဒီထဲမှာမှ ဇော်ဇော်က တော်တော် မပြေလည်သူထဲမှာ ပါသည်။

သူက ညဆိုင်း အလှည့်ကျ ဆင်းရ၍ တခြားကလေးတွေနဲ့ စာလျှင် ကျွန်မနဲ့ တွေ့ ချိန်နည်းလှသည်။ ညနေဘက် ကျွန်မတို့ နေ့ ဆိုင်းဆီက တာဝန်လွှဲယူသည့် အချိန်မှတွေ့ ရသည်။ တနေ့ မှာတော့ ဇော်ဇော်ဘ၀ တစိတ်တဒေသကို သိခွင့်ရခဲ့သည်။ ကျွန်မအခန်းမှ ကလေးတွေ သူတို့ ထမင်းဘူးလေးထဲက အသန့် ချန်ထားသော ဟင်းလေးတွေကို ပလပ်စတစ်အိတ်လေးထဲက ထမင်းကြမ်းခဲလေးပေါ် ၀ိုင်းပုံပေးနေကြတော့ ကျွန်မစပ်စုမိသည်။ ဇော်ဇော်ညဆိုင်းဆင်းလျှင်စားဖို့ တဲ့။ သူ့ ခမျာ သူများတွေလို ထမင်းနဲ့ ဟင်း မတတ်နိုင်တာကြောင့် ထမင်းကြမ်းခဲလေးပဲ ယူလာနိုင်သည်လေ။ ကျွန်မရင်ထဲမှာ ဆို့ နင့်သွားလိုက်တာ။ အဲဒီကစလို့  ကျွန်မလဲ ဇော်ဇော်အတွက် ဟင်းထည့်ပေးသူထဲမှာပါခဲ့သည်။ တချို့ ရက်တွေမှာတော့ ညဆိုင်းဆင်းသူတွေ အားလုံးအတွက် ညစာစိုစိုပြေပြေစားနိုင်ဖို့  မုန့် ဖိုးသဘောမျိုးပေးဖြစ်ခဲ့သည်။

ထိုမှစ၍ ဇော်ဇော့်ဘ၀ကို သတိထားမိခဲ့သည်။ ဇော်ဇော့်မေမေက ဇော်ဇော့်ညီမလေးငယ်ငယ်တည်းက ထားပစ်ခဲ့သည်။ အဲဒီနောက်ပိုင်း ဇော်ဇော့်ဖေဖေ အရက်သမားလုံးလုံး ဖြစ်ခဲ့ရသည်။ ဇော်ဇော်တို့ မောင်နှမနှစ်ယောက် ကိုယ့်စရိတ်ကိုယ်ရှာ ကိုယ့်ဝမ်းကိုယ်ကျောင်း ကိုယ့်ပညာကိုယ်ရှာခဲ့ရသည်။ သို့ ပေမယ့် ဇော်ဇော်အားမလျှော့။ သူ့ မျက်လုံးတွေက မျှော်လင့်ချက် အရောင်ဖြင့် အမြဲတောက်ပနေခဲ့သည်။ သူ့ ရည်ရွယ်ချက်တွေ အတွက် သူကြိုးစားသည်။ အဝေးသင် တက်သည်။ အားလပ်ရက်တွေမှာ ဘုန်းကြီးကျောင်းအခမဲ့ ဘာသာစကား သင်တန်းတွေတက်သည်။

အဲဒီလို တောက်ပနေတဲ့ မျက်လုံးတွေမှာ မျက်ရည်တွေဝဲခဲ့ ရတဲ့နေ့ ကတော့ သူ့ အဖေဆုံးတဲ့နေ့ ပင်။ အားပေးစကားပြောရမည့် ကျွန်မပင် သူ့ ကျမှ ဖြစ်ရလေတယ်လို့ ကြေကွဲမိနေခဲ့သည်။ တပူပေါ် နှစ်ပူဆင့်မှာစိုး၍ နာရေးစရိတ်ကို ကျွန်မတတ်နိုင်သလောက် ကုသိုလ်လုပ်ရန် နောက် သူ့ အပူဝေမျှရန် ဇော်ဇော့်အိမ်သို့  သွားခဲ့သည်။(အဲဒီအချိန်တုန်းက နာရေးကူညီမှုအသင်းမပေါ်သေးပါ) ကျွန်မ ၀တ္ထုတွေထဲမှာသာ ဖတ်ဖူးသော၊ ရုပ်ရှင်တွေထဲမှာသာ ကြည့်ဖူးသော အိမ်လို့ ခေါ်ရခက်သည့် အိမ်လေး အတွေ့ မှာ ကျွန်မမျက်ရည်စ၀ဲပြီ။ ၀ါးခြမ်းပြားလေးတွေ ကျိုးတိုးကျဲတဲ ကျွန်မလှမ်းတက်ရုံနှင့် ညွှတ်သွားသော လူသုံးယောက်တထိုင်စာသာ ကျယ်ဝန်းသော အိမ်ကလေး။ အိမ်အတွင်းမှာ ရေအိုးစင်တလုံးနှင့် ဖျာလိပ်တလိပ်သာရှိသည်။ ဇော်ဇော်က ကျွန်မရောက်လာမယ် မထင်ပဲ ရောက်လာတော့ အမတယောက်ကို တွေ့ လိုက်ရသလို အားကိုးတကြီး ငိုကျွေးသည်။ အားပေးမည့် ကျွန်မလဲ မျက်ရည်တွေစိုရွှဲ။ လမ်းပေါ်မှာ အရက်မူးလွန်သေဆုံးခဲ့သည့် သူ့ အဖေအဖြစ်ကို ပြန်ပြောတော့ ကြမ်းလွန်းသည့်ဘ၀ကို ဂရုဏာသက်မိသည်။

တရက်မှာတော့ မနက်စောစော စက်ရုံထဲက စမ်းသတ်သည့် အောက်စက်တလုံးပျောက်သည့် သတင်းက ကျွန်မကို ဆီးကြိုနေခဲ့သည်။ ညဆိုင်းဆင်းသူဆိုလို့  ကျွန်မအခန်းက ၀န်ထမ်းတွေသာရှိတာမို့  ကျွန်မတော်တော်လေး ခေါင်းခြောက်သွားသည်။ ကျွန်မထက် ခေါင်းခြောက်သူက ဇော်ဇော်။ သူက ညဆိုင်းရဲ့ ခေါင်းဆောင်။ မျက်နှာလေး ဇီးရွက်လောက်သာရှိတော့သည်။ ကျွန်မတို့ တာဝန်ရှိသည့် အင်ဂျင်နီယာတွေ အရေးတကြီး အစည်းအဝေးခေါ်ပြီး တိုင်ပင်ကြသည်။ ဒီပျောက်ဆုံးမှုမှာ ဇော်ဇော်က တာဝန်ရှိသည်မှန်သော်လည်း သံသယဖြစ်ဖွယ်မရှိဆိုတာ အားလုံးက ထောက်ခံသည်။ တရားခံအစစ်ကို တွေ့ မှ ဇော်ဇော် သက်ပြင်းချနိုင်ခဲ့သည်။ ဇော်ဇော်သည် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သူပင်။

ကျွန်မ ဒီကို ထွက်ကာစက အားလုံးနဲ့  အဆက်အသွယ်ရှိခဲ့သော်လည်း နောက်ပိုင်းမှာ တချို့ သူတွေနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ ကျွန်မလုပ်ခဲ့သည့် Company ပျက်သွားပြီးနောက်ပိုင်း ၀န်ထမ်းတွေ တော်တော်များများ ဒုက္ခရောက်ကြသည်ဟု ကြားရသည်။ ဒီထဲမှာ ဇော်ဇော်တို့ မောင်နှမ နှစ်ယောက်လဲ ပါခဲ့သည်တဲ့။ အတူလုပ်ခဲ့သည့် ကျွန်မသူငယ်ချင်းနဲ့  ပြန်တွေ့ တော့ ကလေးတွေကို အမှတ်တရမေးမိသည်။ အဲဒီမှာပဲ ဇော်ဇော် အဖြစ်ကို ရင်နင့်စွာ သိရသည်။

ဇော်ဇော် တီဘီရောဂါဖြစ်ပြီး ဆေးမကုနိုင်၍ သေဆုံးခဲ့ရသည်တဲ့။ ဘယ်လောက်နှမျောစရာ ကောင်းလိုက်ပါသလဲ။ တက်ကြွဖျတ်လတ်ရမည့်အရွယ်၊ လူအင်အားစိတ်အင်အားတွေ ပြည့်စုံရမည့်အရွယ်၊ မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်ရမယ့်အရွယ် အဲဒီအရွယ်မှာ စောစီးစွာကြွေလွင့်ခဲ့ရသည့် လူငယ်လေးတယောက်။ သူ အရက်မသောက်တတ်ပါ၊ သူ ဆေးလိပ်မသောက်တတ်ပါ၊ သူ လောင်းကစား မလုပ်တတ်ပါ။ ဒါပေမယ့် သူ့ ဘ၀ရှင်သန်နေထိုင်ဖို့ အတွက် လုံလောက်တဲ့ပိုက်ဆံမရှိ၍ မသေသင့်ပဲ သေဆုံးခဲ့ရသည်။
တကယ်လို့ ကျွန်မသာ သူနဲ့ အဆက်အသွယ်ရှိခဲ့လျှင် သူ့ အသက်ကယ်နိုင်ခဲ့မှာပဲ လို့ ယူကျုံးမရ ဖြစ်မိသည်။

တကယ်တော့ ဇော်ဇော်အသက်အရွယ်က နှစ်ဆယ်ကျော်။ ဇော်ဇော့်ရောဂါကလည်း ဆေးရှိသည်။ ရွက်စိမ်းဖန့် ဖန့် မို့  မကြွေသင့်သေး။ သူ့ ပတ်ဝန်းကျင်ကို အရိပ်ပေးနိုင်သေးသည်။ ကျွန်မတို့  ပတ်ဝန်းကျင်မှာ အဲဒီလို ရွက်စိမ်းလေးတွေ ဘယ်လောက်များကြွေခဲ့ပြီလဲ။ ကြွေဦးမှာလဲ။ ရင်ထဲက မေးခွန်းပေါင်းများစွာကတော့ အဖြေမဲ့။
(ရိုးသားတဲ့ဇော်ဇော်တယောက် ကောင်းရာဘုံဘ၀ရောက်ပါစေလို့ )

တန်ခူး
12:19pm 04-Aug-2008

19 comments:

မောင်မျိုး said...

ဇတ်လမ်းလေးကကြေကွဲဖွယ်ကောင်းလွန်းလို့  ဘာစကားမှထွက်မလာတော့ဘူး အစ်မရာ ၀ဋ်ကျွတ်သွားတယ်လို့ ပဲပြောရမလားး ..ကောင်းရာမွန်ရာ ဘ၀ရောက်ပါစေလို့ ထပ်တူဆုတောင်းပါတယ် ...ဘ၀တွေကဆိုးလိုက်တား(

ဂျစ်တူး - gyit_tu said...

အမရေ ... အဲလိုဘ၀တွေဖြစ်နေတာ ဘယ်သူ့ ကို အပြစ်တင်ရမလဲဆိုတဲ့ မေးခွန်းကို မေးရဖန်များလာတော့ ၊ ခုတော့ ကိုယ်တတ်နိုင်သလောက်ပဲ ကူညီတော့မယ်ဆိုတဲ့ အဖြေတခုကိုပဲ ရှာတွေ့ လိုက်တော့တယ် ။

ဇော်ဇော် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်တယ် ။

ဒါပေမယ့် တကယ် စဉ်းစားမိရင် သူ အသေဖြောင့်မှာ မဟုတ် ။ သူ့ ညီမလေးကို တယောက်တည်း လူ့ ဘ၀မှာ ထားခဲ့ရတာတွက် ။ သူ့ ညီမလေးကို ဆက်သွယ်နိုင်မလား အမ ။

ဇော်၂့အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပေမယ့် ၊ ကျန်ခဲ့တဲ့ သူ့ ညီမလေးအတွက် ကျမတို့ တခုခု လုပ်ပေးနိုင်မယ် ထင်တယ် ။

ပီတိ said...

မရေမတွက်နိုင်သော အဖြစ်တွေ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်ကထည်းက ကျွန်တော်တို့ အညာမြို့က လက်လုပ်လက်စား မိသားစုထဲမှာ နေမကောင်းဖြစ် အိပ်ယာထဲလဲတာနဲ့ သိပ်မကြာမှာပဲ ဆုံးပါးသွားပါတယ်။ အကြောင်းကတော့ ဆရာဝန်ပြဖို့ ပိုက်ဆံမရှိတာနဲ့ တနေ့လုပ်စာတနေ့စားရတယ်လူတွေဆိုတော့ လူမမာဖြစ်တာနဲ့ အာဟာဖြစ်လို့ အစာစားဖို့ ပိုက်ဆံမရှိကြတော့လို့ပါပဲ။
ဂျစ်တူးပြောသလို အကုန်လုံးလုပ်မပေးနိုင်တော့ တနိုင်လေးကူညီရတာပေါ့။

myatnoe said...

အမရယ်..
ဖတ်ရင်း စိတ်မကောင်းလိုက်တာ.. အဲလိုဘ၀မျိုးတွေ.. ဘယ်လောက်တောင်များနေပီလဲ...
မြတ်နိုးဆိုလဲ တခါတုန်းက ဆေးရုံပြချိန်မှာ ပေးလိုက်တဲ့ ဆေးစာရွက်တွေကို ကြည့်ပီး... ဘယ်၂ယောက်များ ဆေးရုံမှာ ဆေးမ၀ယ်နိုင်တဲ့သူတွေ ရှိနေပီလဲ မသိဘူးလို့ တွေးမိတယ်။
အဲဒီလို အိမ်လို့ မခေါ်နိုင်တဲ့ အိမ်တွေကို လဲ မျက်ဝါးထင်ထင်တွေ့ဖူးတယ် မ၀င်ရဲလို့ မ၀င်ခဲ့မိဘူး...အဲဒီအချိန်တုန်းက မြတ်နိုးရဲ့ ၀င်ငွေအကုန်လုံးနီးပါးကို အဲဒီလူတွေ အတွက် အမြဲ ချွေနေမိတယ်..။ အမရယ်.. ဆင်း၇ဲလို့ ငတ်သေသလို ကုစရာဆေးဖိုးမရှိလို့ သေသွားရတဲ့လူတွေ များနေပါပီ..။
တကယ်ဆို တီဗွီက ဆေးစားဆေးထိုး ၆ လနဲ့ ပျောက်ပါတယ်..။ ဟင်းးးးး
ဇော်ဇော်ဆိုတဲ့ မောင်လေး နောင်ဘ၀ဆိုတာ ရှိခဲ့ရင်... မြန်မာပြည်လိုနေရာမျိုးနဲ့ တခြားဆင်းရဲတဲ့ နိုင်ငံတွေမှာ လူမဖြစ်ပါစေနဲ့လို့ ပဲ ဆုတောင်းပေးလိုက်ပါတယ်..။

ကိုစွမ်း said...

အာ...တော်တော်လေးကု ကောင်းတာပဲ အမရယ်..စာအရေးအသား အရမ်းကောင်းတယ် ခင်ဗျာ . အားပေးနေပါ့မယ်။

ကောင်မလေး said...

ရွက်စိမ်းဖန့် ဖန့် 
ကြွေချိန်မတန်လဲ
ဒီဖုန်းဆိုးမြေမှာတော့
လေပွေကရိုင်းတာမို့ 
စိမ်းဝါမရွေး
သူတို့ လေးတွေကြွေခဲ့တယ်....

Ko Paw said...

အဲဒီရွက်စိမ်းလေးတွေက ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ် ပန်းဥယျာဉ်ကို တင့်တယ်စေမယ့် ရွက်စိမ်းလေးတွေ။ အဲဒီရွက်စိမ်းလေးတွေကို ပန်းကောင်းအညွန့်ချိုးသလို အချိုးခံလိုက်ရ။ ဘယ်သူချိုးသလဲ….ဆိုတာ စဉ်းစားကြည့်ခဲ့မိရင်….
အချိုးမခံရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ စဉ်းစားကြည့်ခဲ့မိရင်….
အဲသည်လို အမျိုးမှန်တဲ့ အပင်လေးတွေ ရှင်သန်နိုင်အောင် ဘယ်လိုမျိုးစေ့ချပေးကြမလဲ လို့ စဉ်းစားကြည့်ခဲ့မိရင်……..
ဘယ်လိုမြေတောင်မြှောက်ပေးကြမလဲလို့ စဉ်းစားကြည့်ခဲ့မိရင်….

ကောင်းကင်ကို said...

နှမြောစရာ ရွက်စိမ်းလေးတွေပဲနော်

nu-san said...

မရေ.. ဖတ်ရတာ စိတ်မကောင်းဘူး.. ငါ့မောင်လေးသာ ဆိုရင်ဆိုတဲ့အတွေးနဲ့.. မျက်ရည်တောင်ဝဲတယ်... ကောင်းမွန်ရာ ဘုံဘ၀သို့ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်..

Hnin Pann said...

တကယ်ကို စိတ်မကောင်းဘူး....

pandora said...

အနာသိသော်လည်း ဆေးမရှိသရွေ့ ဇော်ဇော်တွေအများကြီး ကြွေကြရဦးမယ်။

Moe Cho Thinn said...

တန်ခူးရေ
ဇော်ဇော်တွေအတွက် တို့တတွေ ပိုကြိုးစားကြ၊ ပိုညီညွတ်ကြစို့။
ဒီပို့စ်လေးအတွက် ကျေးဇူးအထူး။

လင်း said...

ကျွန်မတို့  ပတ်ဝန်းကျင်မှာ အဲဒီလို ရွက်စိမ်းလေးတွေ ဘယ်လောက်များကြွေခဲ့ပြီလဲ။ ကြွေဦးမှာလဲ။ ရင်ထဲက မေးခွန်းပေါင်းများစွာကတော့ အဖြေမဲ့။
တကယ်ပါပဲ ကိုယ်တွေမသိလိုက်တဲ့ ဒီလို အဖြစ်မျိုးတွေ ဘယ်လောက်တောင် များနေပြီလဲ

မဇနိ said...

အမ တန်ခူးရေ ထပ်တူဝမ်းနည်းမိပါတယ်။

သက်ဝေ said...

ဖတ်ရတာ တစ်ကယ်ဘဲ ၀မ်းနည်းမိပါတယ်။
ဖတ်ပြီးတော့ အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီး ရင်ထဲကို တိုးဝှေ့ ဝင်ရောက်...။

ရွာသားလေးဝိုင်တီယူ said...

အမရေ ကျနော်ငိုမိတယ်

ကလိုစေးထူး said...

တန်ခူးရဲ့ ရေးဟန်ထဲမှာ အခုလို ပို့စ်ကို ကျနော်တော့ ပထမဆုံး ဖတ်မိတယ် ပြောရမလားဘဲ။ စာဖတ်ပြီး စိတ်မကောင်းတော်တော်ဖြစ်မိတယ်။ နောက်ထပ် ဇော်ဇော်တွေ ထပ်မပေါ်ကြပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။

wai lin said...

မြန်မာပြည်မှာ ငတ်လို့သေတဲ့မသာ မရှိဘူးလို့ တချို့က ပြောကြတယ်။ ဆင်းရဲတာလည်း သေတတ်တယ်ဆိုတာ သဘောပေါက်ကြဖို့ ကောင်းပါပြီဗျာ။

တန်ခူး said...

ဟုတ်တယ်မောင်မျိုးရေ… ကံဆိုးသူသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပေါ့…

သူ့ူညီမလေးကို ဆက်သွယ်ခိုင်းထားပါတယ် ဂျစ်ရေ…

တနိုင်လေးတွေလုပ်ရင်း လူ့ အသက်ပေါင်းများစွာ ကူညီကြပါစို့  ပီတိရေ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

မြတ်နိုးရေ… တို့ ညီမက ဆင်းရဲသားဆေးရုံမှာ လုပ်တော့ အဲဒီလို သတင်းတွေ ခဏခဏကြားရတယ်...

ခုလို အားပေးတာ ကျေးဇူးပါကိုစွမ်းရေ… နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

ကောင်မလေးရေ… စိမ်းဝါမရွေး ကြွေတာတွေ ဝေးစေဖို့  ၀ိုင်းဝန်းအားထုတ်ကြပါစို့ နော်…

ကိုပေါရေ… စဉ်းစားကြည့်ခဲ့မိတိုင်း……

သိပ်နှမျောစရာကောင်းတဲ့ ရွက်စိမ်းလေးတွေပါ ကောင်းကင်ကိုရေ…

ဟုတ်တယ် နုရေ… တို့ က မောင်နှမလို သံယောဇဉ်ရှိတော့ ကြားရတဲ့ညက အိပ်လို့ တောင် မပျော်ဘူး….

ကျေးဇူးပါနှင်းပန်းရေ…

အနာသိ၍ ဆေးအမြန်ရှိသောနေ့ ကို အမြန်ရောက်ပါစေလို့  ဆုတောင်းပါတယ် ပန်ရေ…

ဇော်ဇော်တွေကို အတူကယ်တင်ကြပါစို့ မ ရေ….

လင်းရေ… မတွေ့ တာကြာပြီနော်… တကယ်တော့ ဒါမျိုးအဖြစ်တွေ အများကြီးပါလင်းရေ…

မဇနိရေ… အပူတွေ ဝေမျှမိသွားတယ်….

ဒါကြောင့် တို့ အမျိုးသားက ပြောတာ… ဒီပို့ စ်လေးတင်မယ်ဆိုတော့ အပူတွေ ဝေမျှဦးမလို့ လားတဲ့သက်ဝေ…

တို့ လဲ ငိုခဲ့ရပါတယ် ရွာသားလေးရေ…
ကိုစေးထူးဆိုလိုချင်တာ ကျွန်မသဘောပေါက်တယ်… ဒီတခါတော့ ရင်ထဲ အတော်စိတ်မကောင်းလွန်းလို့ ပါ…

ဆင်းရဲလို့ သေရတယ်ဆိုတဲ့ အဖြစ်ကြီးက ဘယ်လောက်များ လက်လွတ်စပယ်နိုင်လိုက်ပါသလဲ ကိုဝေလင်းရယ်…