Friday, August 1, 2008

Singapore Garden Festival



မနှစ်ကတည်းက သွားချင်နေတဲ့ Singapore Garden Festival ကို ဒီနှစ်တော့
သောကြာနေ့  ရုံးဆင်းတာနဲ့  မရောက်ရောက်အောင် သွားခဲ့ပါတယ်။ ရုံးပိတ်ရက်ဆို ၀င်ကြေးက နှစ်ဆမို့ ပါ။ ၀ါသနာအရ မီးခြစ်ဆံပုံးအိမ်ခန်းလေးရဲ့ရှေ့  ၀ရန်တာကျဉ်းကျဉ်းလေးမှာ ပန်းပင်လေးတွေ စိုက်တဲ့ ကျွန်မအတွက် သိပ်ကို ကြည်နူးစရာ ကောင်းတဲ့ နေရာလေးပါ။ ဒီနှစ်ကတော့ သစ်ခွဦးစားပေးပုံရပါတယ်။ နေရာ တော်တော်များများမှာ သစ်ခွတွေဝေနေပါတယ်။ သားတဖက်နဲ့ မို့  ပန်းနာမည်တွေကို ဖတ်ကြည့်ဖို့  အခွင့်မရခဲ့ပါဘူး။ ဓာတ်ပုံပြိုင်ပွဲပါ ဖိတ်ခေါ်ထားတာမို့ ဝါသနာရှင်တွေက ဓာတ်ပုံတဖြတ်ဖြတ် ရိုက်လို့ ပါ။ ကျွန်မလဲ တဖြတ်ဖြတ်ပေါ့။ ပြိုင်ပွဲဝင်ဖို့ တော့ မဟုတ်ပါဘူး။ Blogသူငယ်ချင်းတွေနဲ့ ဝေမျှဖို့ ပါ။ အလင်းအမှောင်တွေ နားမလည်တာကြောင့် ကြည့်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါနော်။

ကျွန်မကတော့ သစ်ခွထက် ဒီလို ထူးထူးဆန်းဆန်းပန်းလေးတွေကို ပိုသဘောကျပါတယ်။ ဖန်လုံးလေးထားမှာ အပင်သေးသေးလေးတွေ အမျိုးမျိုးစိုက်ထားတာ ဘယ်လောက်ချစ်စရာကောင်းလိုက် သလဲနော်။

ဒီအန်တီကြီးတွေက သူတို့ ခြံက ထွက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ဂုဏ်ယူစွာ
နဲ့ ပြလို့ ။

NEE ANN POLY ကကျောင်းသားလေးတွေ လက်စွမ်းပြထားတာလေ။ အိုးလေးတခုထဲမှာ အပင်သေးသေးလေးတွေကို လှလှပပစိုက်ထားတာ။ ငှက်ရုပ်လေးတောင် ပါလိုက်သေး။

ကန်စွန်းရွက်ကို ရေမကုန်တဲ့ နည်းနဲ့  စိုက်ပြထားတာ။ မယုံမရှိကြပါနဲ့  အဲဒါ အလယ်တန်းကျောင်းသားလေးတွေရဲ့ လက်ရာအစစ်ပါ။

ဒီမြေမှာကပ်နေတဲ့ ရွက်လှပင်လေးတွေက ထူးဆန်းတဲ့ အဆင်လေးတွေနဲ့ မို့  အိမ်သယ်သွားချင်စိတ်တွေ အတော်ကို ထိန်းခဲ့ရတယ်။

လူရိုင်းတွေခေါင်းပေါ်မှာလဲ သစ်ခွတွေ ဝေေ၀ဆာဆာနဲ့ ။ တခါမှ မမြင်ဘူးတဲ့ သစ်ခွတွေမျိုးတွေလဲ တွေ့ ခဲ့ရတယ်။

ခေတ္တာပန်းရနံ့ လေးက သင်းပျံ့ နဲ့ ကြည်နူးစရာ။

ပြပွဲပတ်ကြည့်ပြီး ဆိုင်တန်းလေးတွေဘက် လျှောက်။ အားလုံးက လိုချင်စရာ။ သစ်ခွကြိုက်တဲ့ မေမေ့အတွက် သစ်ခွပင်လေးတွေ ၀ယ်ပေးချင်ပေမယ့် လူကြုံပေးရတာ အားနာစရာမို့  မ၀ယ်ဖြစ်ခဲ့။ နောက်ဆုံးတော့ လှေကားပုံ သုံးထစ်ပါသည့် ပန်းစင်လေးတခုဝယ်ပြီး ပြန်ဖြစ်ခဲ့သည်။ စိတ်ဝင်စားသူများ ဒီနေ့ နောက်ဆုံးနေ့ မို့  အချိန်မှီပါသေးတယ်။ အသေးစိတ်ကို http://www.singaporegardenfestival.com/ မှာ သွားကြည့်လို့ ရပါတယ်။

တန်ခူး
1:39pm 01-Aug-2008



10 comments:

Anonymous said...

အပြာရောင်ပန်းလေးတွေ အရမ်းသဘောကျတယ်း) တင်ပေးတာ ကျေးဇူးအစ်မ ။

Moe Cho Thinn said...

တန်ခူးရေ
ဒီဘလော့ဂ်လေးကို ခုမှ စရောက်ဖူးတာပါ။ ပန်းလေးတွေကြည့်ရတာ စိတ်အေးချမ်းပါတယ်။ ဒီဇိုင်းအဆန်းတွေလဲ အများကြီးပဲ တွေ့ရတယ်။ ပုံလေးတွေ ဝေမျှတဲ့အတွက် ကျေးဇူးပဲ ညီမရေ။

nu-san said...

ဟယ်.. မရေ... ပျော်စရာကြီးနော်.. ပန်းပြပွဲတွေဆိုတော့ တခြားပန်းမျိုးအစုံ အပင်မျိုးစုံလည်း တွေ့ရတာပေါ့။ တချို့အပင်တွေဆိုရင် မမြင်ဖူးဘူးရယ်.. ဓာတ်ပုံလေးတွေနဲ့ အတူ ကြည့်ရတော့ ပန်းခြံထဲရောက်သွားသလိုပဲ..ဟို အန်တီကြီး ရဲ့ ခြံထွက်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဆွဲခြင်းကြီး လိုချင်လိုက်တာ.. အဟီး.. သစ်ခွပန်းတွေကလည်း ထူးထူးခြားခြားပဲ။ အဲ.. အဲဒီနောက်ဆုံးက ပန်းက ခေတ္တာပန်းတဲ့လား.. အင်.. နာမည်တော့ မသိဘူးရယ်.. အဖြူရောင်တော့မြင်ဖူးတယ်.. အနံ့က သင်းသင်းလေးမို့ အဲဒီပန်းကို သဘောကျတယ်... :)

Anonymous said...

ပုံရိပ်တော့ မြေရှိရင် စားပင်သီးပင်လေးတွေ စိုက်ချင်တယ်။

ကိုပေါ said...

ရေမပါဘဲ စိုက်လို့ရတဲ့ ကန်ဇွန်းရွက်ကို စိတ်ဝင်အစားသား။ အညာမှာလည်း ရှိတော့ရှိတယ်။ ရေမရှိတဲ့နေရာက ကန်ဇွန်းရွက်က နည်းနည်းသေးတယ်လို့ ထင်တယ်။

pandora said...

မရောက်သေးဘူး
ပန်းလေးတွေလှတယ်ဗျ

သက်ဝေ said...

သွားကြည့်ချင်ပေမယ့်လဲ မမှီတော့ပါကွယ်..
နောက်များကြရင် စောစောလေး သတင်းပေးပါ တန်ခူးရေ.. နော်..။

စူး said...

အမရေ.. ပန်းတွေလာကြည့်တယ်။ အောက်ဆုံးက ဟာက ခတ္တာပန်းလား... တခါမှ မတွေ့ဘူးတော့ အဲဒီပန်းကို တွေ့တာတောင် ဘာပန်းမှန်းသိဘူး
အမ.. ကန်စွမ်းရွက်ကို မြေကြီးနဲ့စိုက်တာလား
မြတ်နိုး ဒီနှစ် စိုက်တယ်.. ဟီး တခါတောင် ချက်စားပီးပီ။

Kaung Kin Ko said...

ဥယျာဉ်ထဲကို အလည်လာသွားပါတယ်း-)

တန်ခူး said...

အိုးပုတ်ပန်းလေးတွေတော့ မှီမှာမဟုတ်ပါဘူး မောင်မျိုးရေ…

မ ရေ … လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်….

နုရေ…ခေတ္တာပန်းကို လီလီလို့ ခေါ်ကြတယ်… ဘုရားတင်ထားရင် တအိမ်လုံးအနံ့ လေးကို သင်းလို့ …

ပုံရိပ်ရေ…အမလဲ မြေကြီးဝယ်ပြီး အိုးလေးထဲ ဖြစ်အောင် စိုက်ရတာ… အိမ်များ သိပ်လွမ်းတာပဲ…

ကိုပေါရေ… ရေပိုက်တလျှောက်မှာ အပေါက်လေးတွေ ဖေါက်ပြီး စိုက်တာပါ… ရေသွားရာ တလျှောက်ဆိုတော့ ထူးပြီးရေလောင်းစရာ မလိုတော့ဘူးပေါ့…

ဒီနှစ်တော့ ပြီးသွားပြီပန်ရေ… နောက်နှစ်ကျရင် လက်တို့ လိုက်မယ်နော်….

သက်ဝေရေ… ဟုတ်တယ်…တင်တာနောက်ကျသွားတယ်… နောက်ဆို စောစောပြောမယ်နော်…

ဟုတ်တယ်မြတ်နိုးရေ… ဂျပန်က ပန်းပေါတော့ ရှိလိမ့်မယ် ထင်တယ်… ကန်ဇွန်းရွက်ကို ရေနဲ့ စိုက်တာပါ… မြတ်နိုးက စိုက်စားပြီးသွားပြီပေါ့… တို့ လဲ စိုက်ကြည့်ဦးမှ….

ကျေးဇူးပါ ကောင်းကင်ကိုရေ….