Friday, August 29, 2008

အဆိပ်လူးနှလုံးသား

အလုပ်စားပွဲကနေ ဒေါ်လီ ရှိတဲ့ ကောင်တာကို စိတ်မဖြောင့်နိုင်စွာ ခဏခဏ လှမ်းလှမ်းကြည့်မိသည်။ ဒီဆိုင်မှာ အလှဆုံး၊ အသွက်ဆုံး ဒေါ်လီကို ကိုယ်က စီးပွားရေးအတ္တကြီးစွာ ယောင်္ကျားလေး အသုံးအဆောင်ကောင်တာမှာ ထားမိတာကပဲ ဒီပြဿနာကို လက်ယက်ခေါ်လိုက် သလိုဖြစ်သွားသလား။ ဆံပင်ရဲရဲလေးဆိုးထားပြီး နားဆွဲလေးတခါခါနှင့် ၀ယ်သူကျသွားအောင် ပြောတတ်သည့် ဒေါ်လီက ကိုယ့်အဒေါ်လို ရင်းနှီးရသည့် ကိုယ့်အမေ သူငယ်ချင်းရဲ့ သမီးထွေးလေး။ သူ့ အမေက ယုံကြည်စိတ်ချစွာ ကိုယ့်ကို ပုံအပ်ထားတာ။ ဒီနေ့ ဒေါ်လီ အလှတွေ ပိုပြင်ထားတာ သတိထားမိတော့ ကိုယ့်မှာ နေ့ လည်စာတောင် ထွက်မစားဖြစ်။ တစုံတရာကို ကြိုတင်ရိပ်မိနေသလို။

ဆိုင်ပိတ်ခါနီးထိ ဘာမှသံသယဖြစ်ဖွယ်ရာမတွေ့ သေး။ ကိုယ်ထင်သလို ဟုတ်မှာ မဟုတ်ပါဘူးလို့  ဟင်းချမလို့ လုပ်တုန်း ကိုယ်ရွံရှာသည့် အရိပ်တခု ဆိုင်ဝမှာ ပေါ်လာသည်။ လူငယ်ဆန်သည့် စပို့ ရှပ်နှင့် ဘောင်းဘီကို စတိုင်ကျကျဝတ်လို့  နေကာမျက်မှန်ကို ဒေါ်လီရှေ့ မှ ချွတ်ပြီး ဒေါ်လီ့ကို ခပ်ငေးငေးစိုက်ကြည့်လိုက်တော့ ဒေါ်လီ့အပြုံးတွေက ချိုမြသွားလိုက်တာ။ မြတ်စွာဘုရား… ဒေါ်လီကို ကယ်ဖို့ အချိန်မှီပါဦးမလား။

ဒေါ်လီနှင့် သူ အလုပ်ပြီးချိန်မှ ချိန်းထားပုံရသည်။ ဒေါ်လီက လုပ်ဖော်ကိုင်ဘက်တွေ နှုတ်ဆက် ပြန်မလို့ ပြင်တော့ ကသုတ်ကရက်နှင့် ပိုက်ဆံအိတ်ဆွဲပြီး ထွက်လာခဲ့ရတော့သည်။
မဖြစ်။ ဒေါ်လီကို ဒီလူ့ နဲ့ နှစ်ယောက်ထဲ ပေးတွေ့ လို့  ဘယ်လိုမှ မဖြစ်။ ဒေါ်လီထက်ဦးအောင် ဆိုင်ပြင်ထွက်ပြီး ကမ္ဘာပေါ်မှာ ရွံရှာစက်ဆုပ်ဆုံး၊ မုန်းတီးခါးသီးဆုံး လူတယောက်ကို ရင်ဆိုင်ရတော့သည်။

“ဦးမင်းကိုမိုလား… ဘာလာဝယ်တာဘာလိမ့်”
သူ့ မျက်နှာက အံ့သြရိပ်ကနေ အနည်းငယ် ပျက်ယွင်းသွားသည်။

“ဟာ… နွယ်… တွေ့ ရမယ်လို့ မထင်ထားတော့ မောင် အရမ်းအံ့သြသွားတာ”

မောင်တဲ့လား။ ခါးသက်လိုက်တာ။ ရှင်ဟာ ဘယ်တော့မှ အကျင့်ပြောင်းမယ့်သူမဟုတ်။

“ဒါကျွန်မဆိုင်လေ”

ဟန်ဆောင်နေတဲ့ကြားထဲက မျက်နှာ အတော်ပျက်သွားသည်။ ဆိုင်ထဲမှ ဒေါ်လီထွက်လာတော့ သူနဲနဲပြာသွားသည်။ ကျွမ်းကျင်စွာ ဟန်မပျက် ဒေါ်လီကို ပြုံးပြလိုက်သေးသည်။

“ဒေါ်လီဆီဝယ်နေကျထင်တယ်… ခုလို ကျွန်မဆိုင်ကို အားပေးတာ ကျေးဇူးပါ”

“ဟုတ်ပါတယ်… ဒေါ်လီလို ၀န်ထမ်းမျိုးရထားတာ ကံကောင်းတာပေါ့်”

“ဒေါ်လီအိမ်ပြန်မှာမိုလား… မမကားနဲ့ လိုက်ခဲ့လေ… မမလဲ အန်တီနဲ့ တွေ့ စရာရှိလို့ … ခွင့်ပြုပါဦး ဦးမင်းကို”

ကိုယ့်ကို ခေါင်းငြိမ့်ရုံသာ နှုတ်ဆက်နိုင်သည့် သူ့ အမူအယာကြည့်ပြီး ဟားတိုက်ရယ်ချင်မိသည်။ သူ့ ရင်ထဲမှာတော့ ပျက်သွားသော ဂွင်တခုအတွက် ယူကျူံးမရ ဖြစ်နေမည်။ ဒေါ်လီကို တွင်းနက်နက်ထဲ မကျခင် အချိန်မှီ ကယ်တင်ရမည်လေ။ ဇီးရွက်လောက်သာ ရှိတော့သည့် ဒေါ်လီမျက်နှာလေးကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“ဒေါ်လီ သူ့ ကို ဒီနေ့ အဖြေပေးတော့ မလို့ မိုလား”

“ရှင်… မမဘယ်လိုသိ…”

ကားကိုအေးဆေးငြိမ်သက်တဲ့ ဆိုင်တခုထဲ ရပ်လိုက်သည်။

“ဒေါ်လီသိထားသင့်တယ်ထင်တဲ့ ဇာတ်လမ်းတပုဒ် တို့ ပြောပြချင်တယ်… ပြီးရင်ဒေါ်လီသဘောအတိုင်း ဆုံးဖြတ်ပေါ့”

*****************************
သူကို ကိုယ် ဘယ်တုန်းကတည်းက တွယ်ငြိသွားမိပါလိမ့်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာပဲ ဖြစ်လိမ့်မည်။ သမိုင်းမေဂျာရဲ့ကွင်းကို ကိုယ့်နာမည်ကြေငြာလိုက်တော့ ခပ်လှမ်းလှမ်းက ဆံပင်ခွေခွေ လှိုင်းတွန့် လေးတွေနဲ့ ကိုယ့်ကို ရီဝေေ၀ ငေးကြည့်နေသည့် သူပဲ ကင်းဖြစ်ပါစေလို့  ဆုတောင်းခဲ့ရတာ။ သူ့ နာမည်ကြေငြာလိုက်တော့ ကိုယ့်ရင်တွေခုန်လိုက်တာ။ ဒါအချစ်ရဲ့ အစပေါ့။ အဲဒီနေ့ ကတည်းက ရှေ့ သွားနောက်လိုက် ညီတဲ့ ကိုယ်တို့ နှစ်ယောက်ကို ချစ်သူ မဖြစ်ဖြစ်အောင် အားလုံးက တွန်းပို့ ခဲ့သည်လေ။ ကိုယ်တို့ ကလဲ မတွန်းခင်က ရွေ့ ချင်ချင်။

ခုတော့ ကိုယ်လက်လေးကို သူလက်နွေးနွေးလေးတွေနဲ့ ဆုပ်ကိုင်ပြီး သူ့ ဆီက ဝေးဝေးမသွားဖို့  ကတိတွေတောင်းနေတဲ့ ကိုယ့်ချစ်သူပေါ့။


“မောင့်ဘ၀နွမ်းနွမ်းထဲ နွယ်လိုက်ရဲပါ့မလား… မောင်မှာ ကိုယ်ပိုင်ကားမရှိ… မောင်ကို မောင့်အမက ကျောင်းထားပေးရတာ”

“ဘာလို့ မလိုက်နိုင်ရမှာလဲ… မောင့်ကို ချစ်နေမှတော့ အဆိုးအကောင်းဝေမျှ ခံစားနိုင်ရမှာပေါ့”

အချစ်ရှိရင် အရာရာလှပနေမှာပဲလို့  ကိုယ်က အကြွင်းမဲ့ ယုံကြည်သူ။ အားငယ်နေတဲ့ ချစ်သူကို အားပေးပြုံးပြရင်းလေ။

“မောင်သိပါတယ်… နွယ်တနေ့ ကျရင် မောင့်ကို ထားခဲ့မှာပါ”

“ဟင့်အင်း… အဲလို မပြောနဲ့ … နွယ့်အချစ်ကို အဲလို လျော့မတွက်နဲ့ ”

“ဒါဆို မောင်နဲ့ ခုလိုက်နိုင်မလားနွယ်… မောင်နွယ့်ကို မခွဲနိုင်တော့ဘူး”

မမျှော်လင့်တဲ့ မောင့်စကားကြောင့် ဘာဆက်ပြောရမှန်းမသိ။ အရိပ်တကြည့်ကြည့် ချစ်သည့် ဖေဖေ့မျက်နှာကို ပြေးမြင်မိသည်။

“မစောလွန်းဘူးလားမောင်ရယ်…နွယ်တို့ က ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ”

“မောင်ကတော့ နွယ်နဲ့ မခွဲချင်တာပဲ သိတယ်… မောင်သိပါတယ်… တကယ်တမ်းကျတော့ နွယ်ဘယ်လိုက်နိုင်မလဲ ”

မျက်ရည်ရစ်ဝဲလာသည့် ချစ်သူမျက်ဝန်းတွေတွေ့ တော့ နှလုံးသားတို့  အရေပျော်ကျသွားသည်။ ချစ်သူရဲ့ စိုးရိမ်သောကတွေကို ကိုယ့်အချစ်နဲ့  ပြေပျောက်စေချင်သည်။

“နွယ်လိုက်ခဲ့ပါ့မယ်မောင်”
“ပျော်လိုက်တာ နွယ်ရယ်… ကိုယ့်ဘ၀မှာ အပျော်ဆုံးနေ့ ပဲ”

***********************************
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ရွှေဘုံပေါ်မှာ စံရ ချစ်တာချစ်တာ ပဓာနတဲ့။ မောင်နဲ့ ကိုယ်က မောင့်သူငယ်ချင်း တိုက်ခန်းလေးထဲမှာ ခဏနေကြသည်။ ဘာပဲဖြစ်ဖြစ် ချစ်တာ ပဓာနမို့ ပျော်ပါသည်။ မောင့်အကြင်နာ၊ မောင့်အယုယ၊ မောင့်နွေးထွေးမှုတွေကပဲ ကိုယ့်ဘ၀ပင်။ မောင်က ကိုယ်နွဲ့ ဆိုး ဆိုးသမျှ အကိုကြီးတယောက်ကို အလိုလိုက်သည်။ ဖေဖေ စိတ်ပူမှာ စိုးတော့ ကိုယ့်ကို မနက်ဖြန် လိုက်အပ်ပေးမည်တဲ့။ ခုလဲ ကိုယ်မုန့် ဟင်းခါး ပူဆာတော့ ချိုင့်လေးဆွဲပြီး သွားပြေးဝယ်သည်။

အိမ်ရှေ့ က တံခါးခေါက်သံကြောင့်  မောင်ပြန်လာပြီ အထင်နဲ့  ဖွင့်ပေးလိုက်တော့ အမျိုးသမီးနဲ့ လေးငါးနှစ်အရွယ် ကလေးတယောက်။

“ဒါ မင်းကို နေတဲ့အိမ်လား”

“ဟုတ်ပါတယ်… မောင့်အမလားဟင်”

အမျိုးသမီးက နွမ်းနယ်တဲ့ အပြုံးနဲ့  ခေါင်းငြိမ့်ပြသည်။ သော့ဖွင့်ပေးတော့ လေးလံတဲ့ ခြေလှမ်းတွေနဲ့  လှမ်းဝင်လာသည်။

“မင်းကိုက သူ့ မှာအမရှိတယ်လို့  ပြောထားတာလား”

အမျိုးသမီးက ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးတော့ ခေါင်းငြိမ့်ပြမိသည်။

“ခု သူမရှိဘူးထင်တယ်… အတော်ပဲပေါ့”

“ရှင်”

“ညီမအိမ်ကတော့ သိပ်စိတ်ပူနေမှာပဲ… လက်မှတ်ထိုးပြီးကြပြီလား”

“မထိုးရသေးပါဘူး… မနက်ဖြန်လိုက်အပ်ပေးမယ် ပြောပါတယ်”

အမျိုးသမီးက ခပ်ခြောက်ခြောက် ရယ်မောလိုက်တော့ တခုခုကို သံသယ ဖြစ်သွားမိသည်။
“မေမေ… ဖေဖေနဲ့ တွေ့ ရမယ်ဆို… ဖေဖေလဲ မရှိဘူး”

ကလေးလေးရဲ့ စကားကြောင့် ထူပူသွားမိသည်။ ဘုရား..ဘုရား။ ဘာတွေလဲ။

“သူ့ အဖေထွက်သွားတာ တပတ်ရှိလို့  တမေးမေးဖြစ်နေတာလေ”

“ဒါဆို အမက…”

“တို့ က မင်းကိုရဲ့ဇနီး….ဒါက မင်းကိုရဲ့သား… ကြည့်ရတာ မင်းကို ညီမကို လိမ်ထားတယ်ထင်တယ်… တို့ ပဲ အလုပ်လုပ်ရင်း သူ့ ကို ကျောင်းထားပေးနေတာ”

မျက်လုံးတွေ ပြာဝေသွားသည်။ ရင်တွေ ဗလောင်ဆူကာ ခြေမကိုင်မိ လက်မကိုင်မိ။ နေရာက လဲကျမသွားအောင် မနဲထိန်းထားရသည်။ ဒါတွေ တကယ်ပဲလား။ လိမ်ညာ အယုံသွင်းပြီး ကိုယ့်ဘ၀ကို နင်းဖျက်ခြေရက်သူ။ ခုတော့ အရာအားလုံးက နောက်ကျခဲ့ပြီ။

တံခါးဝမှာပေါ်လာတဲ့ အရိပ်တခုကြောင့် ကလေးလေးက ဖေဖေလို့  ၀မ်းသာအားရ ပြေးသွားသည်။ တမြတ်တနိုး ကြည့်ခဲ့ဖူးသော မျက်နှာတခုက ခုတော့ ရွံရှာ စက်ဆုတ်ဖွယ်။ ကဲ… ဘာညာဦးမလဲ။

“နွယ်အားလုံးသိပြီးပြီလား… မောင့်ကို ခွင့်လွှတ်ပါနွယ်… မောင်နွယ့်ကိုချစ်လွန်းလို့ ”

“ဖြန်း”

ကိုယ့်ကို ဒီလောက် မိုက်ရိုင်းရ တော်ရောပေါ့။ အချစ်ဆိုတာ အဲဒီလို ယုတ်ညံ့တဲ့ ဖောက်ပြန်မှုမျိုး လိမ်ညာ ကောက်ကျစ်မှုမျိုးကို ခေါ်တာမဟုတ်။ ကိုယ်ကိုယ်လဲ မုန်းလိုက်တာ။ တန်ဖိုးရှိလှတဲ့ အပျိုစင် ဘ၀လေးကို မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ လူလိမ်တယောက်ဆီမှာမှ ပုံအပ်ခဲ့မိတာ။ သတိထားမိတဲ့ အချိန်မှာ ဖိနပ်မပါပဲ လမ်းမမှာ အဖေရှိတဲ့ အရပ်ဆီ ပြေးနေမိသည်။

************************************
“ဒါကတော့ တို့ ဇာတ်လမ်းပေါ့ ဒေါ်လီ… ဒါပေမယ့် မင်းကိုဇာတ်လမ်းတွေက ခုထိမဆုံးသေးဘူး”

ဒေါ်လီက ဘာစကားမှ မဆိုနိုင်ပဲ တရှုံ့ ရှံ့ုငိုနေသည်။ သူမျှော်လင့်မထားတဲ့ အရာတွေမိုလား။ သူက ကိုယ့်ထက် အများကြီး ကံကောင်းပါသည်။ လက်မတင်လေးတင်။

“ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ မင်းကိုရဲ့ မိန်းမ တယောက်နဲ့ တွေ့ တယ်… ဖြစ်ချင်တော့ သူက တို့ ရပ်ကွက်ထဲက ကောင်မလေး… တို့ အကြောင်းကို မင်းကိုရဲ့ မိန်းမအကြီးဆုံးဆီက သိတာတဲ့… အဲဒီကောင်မလေးက မင်းကိုရဲ့ ဘယ်နှစ်ယောက်မြောက် မိန်းမဖြစ်မယ်ထင်လဲ ဒေါ်လီ”

ဒေါ်လီ ဆီက အသံမဲ့။ အထင်ကြီး လေးစားလိုက်မိတဲ့… နောက်ချစ်လိုက်မိတဲ့ သူတယောက်ရဲ့ အပြစ်အနာအဆာက ကြီးလွန်းတယ် မိုလား။

“အဲဒီကောင်မလေးက မင်းကိုရဲ့ ခြောက်ယောက်မြောက်တဲ့”

ဒေါ်လီက မပြောမဆို ကိုယ့်ကို ထိုင်ရှိခိုးသည်။

“မမရယ်… ညီမ မမကို အရမ်းကျေးဇူးတင်ပါတယ်… ညီမဒုက္ခရောက်တော့မလို့ … ညီမဘယ်လောက် မိုက်လဲဆို ညီမရဲ့ ရိုးသားတဲ့ ရီးစားကိုတောင် ဖြတ်ပစ်ခဲ့တာ… သူ့ အပြော..သူ့ အချွှဲတွေထဲမှာ စုံးစုံးမြုပ်ခဲ့တာ… သူဟာ အားကိုးစရာ လူကြီးလူကောင်း တယောက်လို့  အထင်ကြီးခဲ့တာ… ညီမဘ၀ကို မမကယ်လိုက်တာပါ”

“ဒီိလိုပါပဲ ဒေါ်လီရယ်… တို့ မိန်းခလေးတွေက ချစ်မိပြီဆို ဘာကိုမှ မမြင်တတ်ကြတာကိုး… တကယ်ဆို လူတယောက်ရဲ့ ရာဇ၀င်ကို သိပြီးမှ ဘ၀တခုလုံး ပုံအပ်သင့်တယ်မိုလား… အဲဒီလို မလိမ္မာ မပါးနပ်ခဲ့လို့  မင်းကိုလို လူတွေ လိမ်နေနိုင်သေးတာပေါ့… ခုကစလို့ လိမ္မာပါးနပ်ပြီး တန်ဖိုးရှိတဲ့ဘ၀လေးကို ပုံအပ်ဖို့  သင့်တော်တဲ့သူကို ရွေးချယ်တတ်အောင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က မိန်းခလေးတွေပါ လက်တွဲခေါ်ကြပါစို့ နော် ”

“ဟုတ်ကဲ့ပါမမ”

အပြန်လမ်းမှာ စိတ်လက်တွေ ပေါ့ပါးကြည်လင်သွားသည်။ ဘ၀တခုကိုရင်းခဲ့ရသော ကိုယ် ဘ၀တခုကို ကယ်တင်လိုက်နိုင်ခြင်း အတွက် ကြည်နူးနေမိသည်။ မိန်းခလေးတွေအားလုံး အဆိပ်လူးထားသော နှလုံးသားအတုများကို ရှောင်ရှားနိုင်ကြပါစေလို့  ဆုတောင်းနေမိသည်။

တန်ခူး
2:50pm 29-Jul-2008

13 comments:

khunmyahlaing said...

အမတန်ခူးရေ မြင်ဖူး ကြားဖူးတဲ့ တကယ့် အဖြစ်အပျက် လားဟင်… တိုက်ဆိုင် လွန်းလို့ပါ။ အမ တို့ batch ထက်တော့ စောမယ်ဗျ။ ဒါပေမယ့် ဒါပေမယ့် အမရဲ့ ဇာတ်လမ်းထဲက ဇာတ် ကောင်ထက် ပိုရွံဖို့ ကောင်းတဲ့ အဲလိုလူစား ဘ၀မှာ ကြုံဖူးသဗျ… အချိန်တန်ရင် ဘယ်လို ဇာတ်သိမ်း မလဲ သိချင်လို့ စောင့်ကြည့်နေတယ် အမရေ.. ဒီကြားထဲတော့ မနစ်မွန်းသင့်တဲ့ ဘ၀တွေကို ကယ်နိုင် သလောက် ကယ်ရင်း၊ သိသိနဲ့ ဇွတ်တိုးနေတဲ့ သူတွေကို အော်ဂလီ ဆန်ရင်းပေါ့ အမရေ…

myatnoe said...

ရှောင်ရင်းနဲ့ပဲ နစ်သွားကြတာ။
တကယ်ဆို .....အဲလိုလူတွေ မရှိသင့်ဘူးးးးးးးး
တကယ်တော့ မိန်းကလေးတွေကို ဖျက်ဆီးနေတာ ယောကျာင်္းတွေ။ အပြစ်ကျတော့ မိန်မတွေမကောင်းလို့တဲ့..။
ကောင်းတဲ့ ယောကျာင်္း မိန်းမတွေက နာမည်ပျက်ရတယ်။
အဲလိုမကောင်းတဲ့ ယောကျာင်္းထုက မကောင်းတဲ့ မိန်းမထုထက်ပိုများတယ်နော်။
တချို့က ယောကျာင်္းတွေကိုစိတ်နာလို့ ပျင်ဆီးသွားရသူတွေလဲ ဒုနဲ့ဒေး
ရင်မောစရာပဲ။
အဖြူရောင်အတွေနဲ့ လိမ်ညာခြင်းကင်းတဲ့ ဘဝမှာပဲ နေခွင့် ရချင်မိပါရဲ့။ ဟန်ဆောင်ခြင်းကင်းတဲ့ လိမ်ညာခြင်းမရှိတဲ့.. နေရာလေးမှာပဲ နေချင်တော့တယ်...။
နှလုံးသားကို အပေးအယူတခုလို မကစားသင့်ဘူး။ အိုင်တွေ့တိုင်းလဲ ခြေမဆေးစေချင်ဘူး။
အဲလိုယောကျာင်္းတွေကို လောကမှာ မရှိစေချင်ဘူး။
တခါတလေတော့လဲ..ကိုယ်တိုင်လဲ သိနေရက်နဲ့ ရုန်းထွက်ရခက်တဲ့ သူတွေ အတွက် အားပေးစရာစကားက နထ္ထိ။ ဒေါ်လီကတော့ ကံကောင်းသားပဲနော်။

မောင်မျိုး said...
This comment has been removed by the author.
မောင်မျိုး said...

ဖတ်လို့ တော့ ကောင်းတယ် အစ်မရေ့ ဒါပေမယ့် ကော့မန့် တော့မပေးတတ်တော့ဘူး :) ဟုတ်ကဲ့ အဲ့လိုယောက်ျားမျိုးလည်းရှိမှာပါ ။

Moe Cho Thinn said...

ကိုယ်ဘ၀ပျက်ခဲ့တဲ့ အကြောင်းကို ပြောပြပြီး သူများဘ၀ကို ကယ်တင်ရဲတဲ့ ၀တ္ထုထဲက မိန်းကလေးကို ချီးကျူးလိုက်ပါတယ်။

မဇနိ said...

အမတန်ခူးရေ ဇာတ်လမ်းလေးကောင်းသလို ပညာပေးတဲ့အတွက် ကျေးဇူးအထူးပါ။ အပြင်မှာလည်း ရှိခဲ့ဖူး၊ ရှိနေဆဲအကြောင်းတွေဆိုတော့ ....

Cho Nge said...
This comment has been removed by the author.
nu-san said...

မရေ.. အခုတလော အလုပ်တွေရှုတ်ပြီး ဘယ်မှလည်း မလည်ဖြစ်ဘူး။ sorry ပါ..

မတန်ခူးရေ.. အဲဒါ တကယ့်အဖြစ်အပျက်လားဟင်။ အင်း ဒီလိုယောင်္ကျားတွေလည်း လောကကြီးမှာ ရှိသေးသားပဲနော်။ သူတို့ ၀ဋ်ဆိုတာ မကြောက်ဘူးထင်ပါရဲ့။ မိန်းကလေးတိုင်း ဖတ်သင့် သိသင့်တဲ့ ပို့စ်လေးပါ... တကယ်ကို အဖိုးတန်တယ်.. :)

သက်ဝေ said...

မင်းကို လို လူတွေ မတွေ့ ဖူးပေမယ့် ကြားဖူးတယ်။ ဒါပေမယ့် ဒေါ်လီ လို မိန်းကလေးတွေတော့ တကယ် တွေ ခဲ့ဖူးတယ်။ ဒါပေမယ့် တန်ခူးရဲ့  ဒေါ်လီက လိမ္မာတယ်။ သက်ဝေ တွေ့ ဖူးတဲ့ ဒေါ်လီ တွေက ဆေးကု၍ မရပါ ဆိုတဲ့ ဒေါ်လီမျိုးတွေ...။

စိတ်ရှည်လက်ရှည်ရေးထားတဲ့ ပညာပေး ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါ တန်ခူးရေ...။

sonata-cantata said...

ဒီ post လေးရေးပေးတဲ့ အတွက် တန်ခူးကို ကျေးဇူးတင်တယ်။ မိန်းမဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရမယ်။ ဘ၀နဲ့ ရင်းပြီးမှ သင်ခန်းစာ ရရင် ဘယ်လိုမှ မတန်ပါဘူးကွာ။ အခြား comment ရေးထားတဲ့ တို့ အမျိုးသမီးထုကိုလည်း ချစ်ခင်စွာဖြင့် ကျေးဇူးတင်နေတယ်။ ဘာပဲပြောပြော တို့ကတော့ womanism ဘဲ။

နှင်းပန်း said...

ဒေါင်းယဉ်ပျံဘုံနဘေးမှာစာရေးလို့ ထားချင်တယ်

တန်ခူး said...

လှိုင်ရေ… တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရေးထားတာပါ… အဲဒီလူက ကျောင်းက တော့ မဟုတ်ပါဘူး… အဲဒီထက် ပိုရွံဖို့ ကောင်းတဲ့လူစားတဲ့လား… ကြောက်စရာ လှိုင်ရေ…
ပို့ စ်တပုဒ်လောက်ရေးပါလား….

တကယ်တော့ ဒေါ်လီဆိုတာ တို့ ဖြစ်စေချင်တဲ့ ဇာတ်ကောင်ပါ မြတ်နိုးရယ်… အပြင်မှာတော့ မြတ်နိုးပြောသလို နစ်နစ်သွားကြလွန်းလို့  အားမလိုအားမရဖြစ်ပြီး ချရေးမိတာပါ….

မောင်မျိုးရေ… အဲဒီလို ယောင်္ကျားမျိုးတကယ်ရှိပါတယ်…

မ ရေ… လက်တွေ့ နဲ့  နဲနဲ ကွာသွားမလား… ကိုယ့်ဇာတ်ကောင်ဆိုတော့ ကိုယ်ဖြစ်စေချင်သလို ဖန်တီးလိုက်တာပါ… အမှားတွေ မြင်တတ်ဖို့ ပါ….

ဟုတ်ပါတယ်မဇနိရေ… အပြင်မှာ ရှိခဲ့ဘူး…ရှိနေဆဲတွေပါ…

ချိုငယ်ရေ…လာလည်တာ ကျေးဇူးနော်.. နောက်လဲ လာလည်ပါဦး…

နုရေ… နုကိုလွမ်းမိတာတော့အမှန်ပဲ…
အဲဒီယောင်္ကျားက အပြင်မှာ ဒီ့ထက်ဆိုးပါတယ်… ရေးလို့ မဖြစ်တဲ့ အကြောင်းအရာအချို့ ကို ချန်လှပ်ခဲ့တာပါ…

သက်ဝေရေ… ဆေးကုလို့ မရတဲ့ ဒေါ်လီတွေ အတွက် ဆေးမြီးတိုလေးများ ဖြစ်လိုဖြစ်ညား ရေးကြည့်တာပါ…

မ ရေ… အမှန်ပါပဲ… ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ က အရမ်းအရေးကြီးပါတယ်…
မနဲ့ တူတူပဲ….

အဲဒီလို ဆန်ဆန်တွေပေါ့ နှင်းပန်းရယ်… ဒါပေမယ့် မင်းကိုက သိသိကြီးနဲ့ လုပ်တတ်တဲ့ လူမျိုးပေါ့…

ရှင်မင်းညို said...

မတန်ခူး...

အဲလိုလူုတွေရှိတာ ယုံတယ်..