Friday, August 15, 2008

ကျွန်မမြင်ဖူးသော စာရေးဆရာများ

စာရေးဆရာလို့  အသံကြားလိုက်တာနဲ့  မျက်လုံးတွေ အရောင်တောက်ပြီး အထင်ကြီး လေးစားစိတ်က အလိုအလျှောက် ပေါ်လာတတ်တဲ့ ကျွန်မကို အမေက အိမ်ထောင်မကျခင်က အမြဲပြောလေ့ရှိသည်။ “ညည်း စာရေးဆရာတော့ ယူမလာပါနဲ့ အေ” တဲ့။ အဲဒီအခါတိုင်း ကျွန်မက အမေ့ကို အမြဲပြန်နောက်လေ့ရှိတဲ့ စကားက “စာရေးဆရာကပဲ သမီးကို ကြိုက်ပါစေဦး အမေရယ်” လို့ ပါ။

အမေက စာရေး စာဖတ် ၀ါသနာ မပါလှ။ ဒီနေရာမှာ ကျွန်မက အဖေ့သွေး အတော်ပါသည်။ အဖေငယ်ငယ်က စာတိုပေစလေးတွေ ရေးသည်။ အဖေသိမ်းဆည်းထားသော ပုံနှိပ်ဖော်ပြခံရသည့် အဖေရေးသည့် ဆောင်းပါးလေးများကို ကျွန်မက ငယ်ကတည်းက မြတ်မြတ်နိုးနိုး ဖတ်တတ်ခဲ့သည်။ အဖေ့တွင် စာရေးဆရာ မိတ်ဆွေ အတော်များများ ရှိသည်။ တချို့ က အဖေနှင့် ကျောင်းနေဖက်၊ တချို့ က တရပ်ကွက်ထဲနေ၊ တချို့ က တနယ်ထဲ… တချို့ ကတော့ အဖေကြိုက်လွန်းလို့  သူ့ ဘာသာ သွားမိတ်ဆက်ပြီး သိသွားသည်။ အဖေက စာဖတ်အလွန်သန်သလို မှတ်ဥာဏ်ကလည်း အလွန်ကောင်းသည်။ သူသွားမိတ်ဆက်သည့် စာရေးဆရာရဲ့ လက်ရာတော်တော်များများကို ဆွေးနွေးနိုင်သည်။ ဒီတော့ စာရေးဆရာကလဲ သူ့ ပရိသတ် စစ်စစ်မှန်း သိကာ ထိုမှ အစပြု၍ ခင်မင်သွားကြသည်။ အမေကတော့ အဖေ အဲဒီလို မသိပဲနဲ့  သွားမိတ်ဆက်တိုင်း ဗျစ်တောက်ဗျစ်တောက်နှင့်။ ကျွန်မကတော့ အဖေ့ဘေးမှာ မယောင်မလဲ ပါမြဲ။ အဖေက သူတို့ နယ်က စာရေးဆရာကြီးများ အကြောင်းဆို ဂုဏ်ယူစွာနဲ့  အာပေါင်အာရင်း သန်သန်ပြောတတ်သည်။ “ဆရာဦးတင်မိုးတို့  တော်ချက်ကတော့ဗျာ… အညာသားလို့ မပြောရဘူး…”။ “ဆရာမခင်ခင်ထူး လက်ကလဲ သွက်ချက်ကတော့ တကယ့်ဝါရင့်တွေနဲ့ အပြိုင်ဗျာ” ဆိုတာမျိုးတွေ အဖေ့ဆီက ခဏခဏကြားရမြဲ။

စာပေဟောပြောပွဲ ခေတ်တုန်းက အဖေက ကျွန်မတို့  ရပ်ကွက်ရဲ့ စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ မှာ အမြဲပါနေကျ။ ဒီတော့ ကျွန်မအတွက် အခွင့်အရေးကောင်း။ စာပေဟောပြောပွဲ မစမှီ စာရေးဆရာတွေ ဧည့်ခံသည့် အိမ်မှာ ကျွန်မက မော့တော့တော့။ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာမမိုးမိုးအင်းလျား၊ ဆရာမသာယာဝတီစန်းစန်းနွဲ့ ၊ ဆရာမရွှေကူမေနှင်း…. အားလုံးဟန် အားလုံးမာန်ကို ကျွန်မ ခုထိ အလွတ်ရနေသည်။ ခုနှစ်တန်းကျောင်းသူ ဘ၀ထဲကစခဲ့တဲ့ ပိုးပါ။ သားအဖနှစ်ယောက် မနက်ဝေလီဝေလင်း ဆရာအောင်သင်းပြီးမှ အိမ်ပြန်ခဲ့ရတဲ့ နေ့ တွေ အခုထိ လွမ်းမိနေတုန်း။

အဖေက စာပေဟောပြောပွဲကို အလိုလိုက်ခေါ်ပေမယ့် ကျွန်မ အပြင်စာ ဖတ်ခြင်းကိုတော့ တားမြစ်ခဲ့သည်။ ကျောင်းစာ နောက်ကျမည်စိုး၍တဲ့။ ကျွန်မကလဲ အဖေ့စကား နားထောင်ကာ ခိုးဖတ်ခဲ့ပါသည်။ ဒီကစလို့  ကလောင်တချောင်းနှင့် နှလုံးသားတွေကို ဆွဲဆောင်နိုင်သော၊ လူတွေရဲ့ စိတ်ဓါတ်ကို ပြုပြင်နိုင်သော၊ ခေတ်စနစ်ကို ထင်ဟပ်နိုင်သော၊ ငိုက်မျဉ်းသူတွေကို နိုးထနိုင်သော၊ ကြမ်းတမ်းသူတွေကို နူးညံ့နိုင်သော… ထူးဆန်းလွန်းသည့် စာရေးခြင်းအတတ်နှင့် စာရေးဆရာတွေကို အထင်ကြီးလေးစားမိခဲ့သည်။

ကျွန်မက စပ်စပ်စုစု ရှိလှသူ ဆိုတော့ စာရေးဆရာတွေ့ လျှင် သူတို့ နေဟန်၊ ပြောဟန် တွေကအစ စိတ်ဝင်စားတတ်သည်။ ရပ်ကွက်ထဲက စာရေးဆရာအိမ်ရှေ့ က ဖြတ်သွားလျှင် အားမနာလျှာမကျိုး အသေအချာ စပ်စုသောကြောင့် အမေက ဆူတတ်သည်။ စာရေးဆရာကြီးများ စာရေးနေတာတွေ့ ရလျှင် ဘာလို့ မှန်းမသိ။ ပျော်သွားတတ်သည်။ ကျောင်းရောက်လျှင် ငါစာရေးဆရာXXX စာရေးနေတာတွေ့ ခဲ့ရတယ် လို့  ပြန်ကြွားမြဲ။ အဲဒီ အခါတိုင်း သူငယ်ချင်းတွေ ဒါလေးများ ဆိုတဲ့ အကြည့်နဲ့  ၀ိုင်းကြည့်မြဲ။

ကျွန်မ စာစရေးပြီး မဂ္ဂဇင်းတိုက်တွေ စာမူပို့ တော့ အမြဲ မျက်လုံးတွေက ကျီးကန်းတောက်မှောက်။ ကိုယ်ကြိုက်သည့် ဘယ်စာရေးဆရာများ တွေ့ ရမလဲလို့  ရင်တခုန်ခုန်။ တခါတလေ ကိုယ်အရမ်းကြိုက်သည့် စာရေးဆရာ တယောက်က ကိုယ့်ရှေ့ တည့်တည့် ရောက်ပြီး မသိလိုက်ရ။ ကျွန်မ ရင်ခုန်ပွင့်မှာ ပထမဆုံး ၀တ္ထုတိုလေးပါလို့  စာမူခ သွားထုတ်တော့ ဆရာနေ၀င်းမြင့်နဲ့  စကားနဲနဲ ပြောခွင့်ရပြီး ဆရာမှန်းမသိခဲ့။ စာရေးဆရာ တယောက်ယောက်မှန်း သိပေမယ့် ကျွန်မကြိုက်သည့် ဆရာမှန်းမသိခဲ့ရတာကို နောက်မှ ယူကျုံးမရ ဖြစ်ခဲ့ရသည်။

တခါက ရင်ခုန်ပွင့်မှာပဲ ဆရာအောင်ဝေးနဲ့  ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက ဆရာခွန်ဂျာမှိုင်းက ဆရာအောင်ဝေးနဲ့  မိတ်ဆက်ပေးတော့ ကျွန်မ ဘာစကားမှ မဆိုနိုင်လောက်အောင် အံ့သြ၀မ်းသာ နေခဲ့သည်။ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် အချစ်ဝတ္ထုလေးတပုဒ်ကို ဆရာအောင်ဝေးက သေချာဖတ်ပြီး ဆွေးနွေးသွန်သင်ပေးခဲ့တာကို ခုထိ အမှတ်ရ ကျေးဇူးတင်နေမိသည်။

လေထန်ကုန်း လိုနေရာမျိုးဆို ကျွန်မက သိပ်အကြိုက်တွေ့ တတ်သည်။ နဘေးမှာ အဖေ့မိတ်ဆွေ စာရေးဆရာ အသိတယောက်ယောက်များ ပါလာရင် ပိုလို့  သဘောခွေ့ ရော… အဲဒါ ဆရာမရာသက်ပန်၊ ဟိုမှာ ဆရာမမိုချာ့… ။ RIT မှာတုန်းကတော့ ဆရာမ မေငြိမ်းနေသည်ဆိုသော အိမ်ရှေ့ ရောက်တိုင်း ငေးရတာ အမော။ ဆရာမကို တခါမှတွေ့ ခွင့် မရခဲ့။ ကလျာ၊ လုံမလေး မဂ္ဂဇင်းတိုက်တွေ ရောက်လျှင် ဆရာမကြီးများကို အမြဲရှာဖြစ်သည်။

RIT မှ စာရေးဆရာတွေကိုတော့ တကျောင်းထဲမို့  ပိုသံယောဇဉ်ကြီးမိသည်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာနွမ်ဂျာသိုင်း တို့ ကို မမြင်ဘူးခင်ထဲက ရင်းနှီးနေမိသည်။ မှတ်မှတ်ရရ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရွှေသမင်မှာ အယ်ဒီတာ လုပ်တုန်းက ကျွန်မ၀တ္ထုတိုလေး တပုဒ် ပုံနှိပ်ပြီးမှ စာပေစီစစ်ရေးက ပယ်ပစ်ခဲ့သည်။ ထုတ်ဝေခါနီးမှ အကုန်ဆုတ်ဖြဲခံရသည်လို့  ကြားရတော့ ကျွန်မငိုမိခဲ့သည်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ကျွန်မအမေ ကျောင်းရှေ့ မှာ ရွှေသမင်စာအုပ်လေးနှင့် ဆုတ်ဖြဲထားသည့် ကျွန်မ၀တ္ထုတိုလေးပေးပြီး အားပေးစကားပြောခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ခဲ့။

ဟိုတခေါက် မြန်မာပြည်ပြန်တော့ လှည်းတန်းက မုန့် ဟင်းခါးဆိုင်မှာ အဖေက လူတယောက်နှင့် ရင်းရင်းနှီးနှီး စကားလက်ဆုံကျနေခဲ့သည်။ ဆရာစာမရေးဖြစ်တော့ဘူးလားလို့  မေးသံကြားတော့ ကျွန်မ ခေါင်းတွေ ထောင်လာခဲ့သည်။ အဖေက အလိုက်သိစွာ သမီးဆရာနွမ်ဂျာသိုင်းလေလို့  မိတ်ဆက်ပေးတော့ ကျွန်မအရမ်းကို အံ့သြ၀မ်းသာသွားမိသည်။ ဒီလိုပါပဲ ပြီးခဲ့တဲ့တခေါက်ပြန်တော့ အဖေက အမျိုးသမီးတယောက်ကို ကားရပ်ပြီး လေးလေးစားစား နှုတ်ဆက်နေသည်။ ကျွန်မစိတ်ထဲ ဒီအမျိုးသမီးက စာရေးဆရာ တယောက်ယောက်များလားလို့  သံသယ၀င်နေတုန်း အဖေက “’သမီးရေ..ဒါဆရာမဒေါ်သန်းမြင့်အောင်လေ” လို့ မိတ်ဆက်ပေးခဲ့သည်။ အဲဒီတုန်းက ဆရာမကို အရမ်းမြင်တွေ့ ချင်တဲ့ အချိန်နဲ့ ကိုက်နေတော့ ပျော်လိုက်သည်ဖြစ်ခြင်း။

ဆရာတက္ကသိုလ်တင်မြင့်၊ ဆရာမခင်မာသစ်၊ ဆရာမဆုမိလဲ့(စိန်ဂျွန်းမာလေး) တို့ က တရပ်ကွက်ထဲနေပြီး ကျွန်မနှင့် ရင်းနှီးကြသောကြောင့် သူတို့ စာအုပ် အသစ်ထွက်တိုင်း ကျွန်မကို လက်မှတ်လေးထိုးပြီး အမှတ်တရပေးကြသည်။ ထို့ အတူ အဖေ့သူငယ်ချင်း ဆရာမင်းသစ်၊ ဆရာလယ်တွင်းသားစောချစ် တို့ စာအုပ်လေးတွေလဲ ကြုံရင်ကြုံသလို ကျွန်မ လက်ဆောင်ရတတ်သည်။ ဆရာမင်းသစ်က ပီပြင်ထိရှသော ၀တ္ထုတိုလေးများ ဖန်တီးခဲ့သူ။ ကျွန်မ စာရေးစဉ်က ကလောင်နာမည်လေးကို သူရွေးပေးခဲ့ခြင်းဖြစ်သည်။

ကျွန်မတို့  ရပ်ကွက်နှင့် မနီးမဝေးက ဆရာသုမောင်တို့  ညီအကို တတွေဆို ကျွန်မ အကုန်ကြိုက်သည်။ “ကြည့်ပါဦးအမေရယ် စာရေးဆရာဖြစ်ဖို့  မွေးလာသလို သူတို့ ဥပဓိရုပ်တွေက တကယ့်စာရေးဆရာစစ်စစ်ရုပ်တွေ” လို့ အမေ့ကို ပြောရင် “
ဒီရုပ်ဆိုးကြီးတွေများ” လို့ မှတ်ချက်ချတတ်သည်။

အဲဒီိလို သူတို့ စာသာမက သူတို့ ဘ၀ကိုပါ စိတ်ဝင်စားတတ်သော ကျွန်မblog ရေးတော့လဲ bloggerတွေရဲ့စာတွင် မက ဘ၀ပါ စိတ်ဝင်စားတတ်သည်။ bloggerများသည်လဲ စာရေးဆရာများပင် မဟုတ် လား။ “မောင်… အဲဒါလင်းလက်ကြယ်စင်လေ” “ဟိုတယောက်က ပန်ဒိုရာလားမသိဘူး… သူ့ blogမှာတင်ထားတဲ့ ကယ်ရီရေးချား ပုံနဲ့ ခပ်ဆင်ဆင်” “WE SHE ME က ကိုအန်ဒီကို အရမ်းမြင်ဖူးတယ်… ကျောင်းမှာဆုံခဲ့ဖူးသလားမသိ” “မေဓာဝီ စာရေးကောင်းတာမပြောနဲ့  တကယ့်စာရေးဆရာမ ရုပ်ကလေး” “အိမ့်ချမ်းမြေ့က ချောချောလေး…သိလား” “သက်ဝေကို အရမ်းရင်းနှီးနေသလိုပဲ… သူငယ်ချင်းထဲကများ ဖြစ်နေမလားတောင်မသိဘူး” “ကိုစေးထူးက စာလဲရေး သီချင်းလဲဆိုတတ်တယ်”
“ခွန်မြလှိုင်တို့  မြတ်နိုးတို့ ကလဲ ကျောင်းကပဲ…သိလားမောင်” “မောင်မျိုးဆိုတဲ့ ကောင်လေးလဲ နေမကောင်းဘူးတဲ့”…အဲဒီလို bloggerတွေကို အပြင်က သူငယ်ချင်းတွေလို နာမည်တွေတတ်ပြီး ပြောရင် ကျွန်မခင်ပွန်းက တခါတခါ အသိထဲမလဲ ဒီနာမည် မကြားဖူးပါဘူးလို့  ဝေေ၀၀ါးဝါး။ သူသိတဲ့သူဆိုလို့  ကိုပေါတယောက်ထဲရှိတာကို။ နားငြီးအောင် ပြောတတ်တဲ့ ကျွန်မကို စိတ်မရှည်တော့တဲ့အခါ အမေ့အစား မှတ်ချက်ချတတ်ပါတယ်။ “စာပဲဖတ် ပြီးရော… ဘာလို့ လူတွေပါ စိတ်ဝင်စားနေလဲ” တဲ့။ အဲဒီအခါတိုင်း ကျွန်မပြန်ပြောတတ်တဲ့ စကားကတော့ “ကျွန်မက စာဖတ်ရင်း လူတွေပါခင်ခင်သွားတတ်လို့ ပါ… အကျင့်ပါနေလို့ ” ပါတဲ့။

တန်ခူး
15-Jul-2008 10:30am

23 comments:

Andy Myint said...

လူမှားလို့ ဖြစ်မှာပါ.. ဟီးဟီး… RIT တော့ လာတယ်။ ဘော်ဘော်တွေက RIT က များတယ်။ :-)

ကိုပေါ said...

ကိုပေါဆိုတဲ့ကောင်လေးကဟယ်… သူ့ရုပ်သူ့ရည်နဲ့ စာရေးချင်ရတယ်လို့။ တကယ်က ရုပ်ရှင်မင်းသားလုပ်ရင် အရမ်းအောင်မြင်မှာ…. လို့များ ကွယ်ရာမှာ ပြောမိသေးလားဟင်…ခွိခွိ။

စာရေးဆရာတွေနဲ့ အဲသည်လောက်ဆုံခွင့်ရတာ အင်မတန် ကံထူးပါတယ်……

Anonymous said...

I am interested you also. Because of your very nice posts.

Anonymous said...

ကိုဧရာ စိတ်ကောက်နေတယ်။ စာရေးဆရာ စာရင်းမှာရော၊ Blogger စာရင်းမှာပါ မပါလို့တဲ့။
(မသီတာ ချွန်တာ)

Anonymous said...

I m interested u also . because of your very nice posts.

Anonymous said...

ညီမ ၈ တန်းကျောင်းပိတ်ရက်ကလည်း ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာအောင်သင်း စာပေဟောပြောပွဲကို သွားခဲ့တာ။ သူငယ်ချင်းတွေက ဘယ်သူမှ စိတ်မ၀င်စားကြဘူး အစ်မရဲ့။ ညီမကတော့ စာအုပ်နဲ့ ဆရာလယ်တွင်းစားစောချစ်ရဲ့ စကားတိုင်းကို လိုက်မှတ်တယ်။
ရန်ကုန်များရောက်လို့ကတော့ လေထန်ကုန်းကို မရောက်ရောက်အောင် သွားချင်လိုက်တာလို့ အောက်မေ့ဖူးပေမယ့် ခုထိ မရောက်ဖူးဘူးအစ်မရေ။
စာရေးဆရာတွေကို စာခင်မိရင် လူပါမြင်ဖူးချင်တယ်။ လေးစားမိနေတော့တာ။
လူတိုင်းကိုတော့ မခင်ဘူးအစ်မရေ လူရွေးတယ်၊ စာရွေးတယ်ဗျ။ ဆရာမဂျူးကိုတော့ စဥ့်ကူဆောင်မှာလာတုန်းက မြင်ဖူးလိုက်တယ်။ သူငယ်ချင်းတယောက်က သူ့အမေနဲ့ ဂျူးနဲ့ သူငယ်ချင်းဆိုတော့ မျက်လုံးတွေ အရောင်တောက်လာတယ်။ သူ့ဆီမှာလည်း ဂျူးလက်မှတ်နဲ့ စာအုပ်လေးတွေ အများကြီး ယူယူကြည့်ရတာဗျ။
ဘလော့ဂ်ကလူတွေကိုခင်နေတာ အစ်မနဲ့ တူနေပြီ။

Moe Cho Thinn said...

ညီမ တန်ခူးရေ
တို့လဲ ညီမ လိုပဲ။ အိမ်ကိုလာလည်တဲ့ စာရေးဆရာတွေဆို စိတ်ထဲက ခင်နေ၊ ရင်းနှီးနေရော။ စာရေးဆရာတွေချည်း အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံ အယ်လ်ဘမ် သပ်သပ် ထားထားတာ။ တန်ဖိုးထားလို့လေ။

Anonymous said...

မ…

ပန်းသီးငပိချက်လာပို့တာ..
ချောတယ်ပြောလို့ …
အမ်…
(ရေညှိတက်နေလို့များလားမသိနော်)

Anonymous said...

အစ်မက စာရေးဆရာတွေတော်တော်များများနဲ့  ဆုံတာပဲ ကောင်းလိုက်တာ ကျနော်လည်း အစ်ကိုပြောသလို စာပဲဖတ်တာ နောက်မှ ဘလော့ပေါ်ကသူငယ်ချင်းတွေကို အရမ်းကိုခင်သွားတယ်း) ဖြစ်နိုင်ရင် ဘလော့ဂါတွေနဲ့ ဆုံ ပြီးတော့စာပေအကြောင်းတွေ ရေးဖြစ်ခဲ့ဖူးတဲ့ ပို့ စ်တွေအကြောင်းပြန်ပြော ပျော်စရာကြီးနေမှာပဲ ။ ဒါနဲ့  ကျနော်နေကောင်းပြီး အစ်မ ရ ပို့ စ်ထဲ ထည့်ရေးထားပေးလို့  ကျေးဇူးး ကျနော်လည်းကိုစေးထူးလို သီချင်းလည်းဆိုတက်တယ် ဟီးး ဒါပေမယ့် ကြားရတဲ့သူတွေက ပြိတ္တာငြီးနေသလိုပဲလို့ ပြောကြတယ်ဗျ :P ( အဲ့လောက်ကို အသံကကောင်းတာ )

Kaung Kin Ko said...

အားကျတယ်ဗျာ

Anonymous said...

အမစာတွေကို ဖတ်ရင်လည်း အမကို ခင်မင်လျက်း)

nu-san said...

မတန်ခူးရေ.. စာရေးဆရာတွေနဲ့ အပြင်မှာဆုံဖူးတယ်ဆိုလို့ အားကျပါ့။ ဆရာလယ်တွင်းသား စောချစ်ရဲ့ သမီးနဲ့ ကျနော်နဲ့က မင်္ဂလာဒုံမှာ ၄ တန်းကနေ ၉ တန်းအထိကျောင်းအတူတက်ခဲ့ဖူးပါတယ်။ ၁၀ တန်းရောက်တော့ ကွဲသွားကြတာ အခုထိပဲဆိုပါတော့။ ဆရာ့သမီးနဲ့ သားရော YIT ကျောင်းကပါ။ အမတို့ သိရင်တောင် သိနေဦးမယ်။

ဆရာအောင်သင်းရဲ့ စာတွေလည်း သဘောကျတယ်။ တခြားစာရေးဆရာတွေနဲ့တော့ အပြင်မှာ မဆုံဖူးဘူး။ အရင်တုန်းကဆို ရပ်ကွက်မှာ စာပေဟောပြောပွဲတွေ လုပ်ရင် အမြဲတမ်း နားထောင်နေကျ။ အခုတော့ အဲဒီလိုပွဲတွေနဲ့ ကင်းဝေးတာလည်း ကြာခဲ့ပါပြီ။ အမက မဂ္ဂဇင်းတွေရော စာမူပို့ဖူးတာကိုး။ ဒါကြောင့် အမရဲ့ စာရေးဟန်တွေ အတွေးအရေးတွေက တကယ် ကောင်းတာ။

မတန်ခူးရေ.. အခုတလောတော့ ပျောက်နေဦးမယ်။ ဘလော့ခ်ကိုတော့ အားရင် အားသလို လည်နေဦးမယ်မ ရေ။

pandora said...

အင်း ပန်ဒိုရာလည်း မြင်ဖူးတဲ့ စာရေးဆရာတွေ အကြောင်း ရေးချင်သွားတယ် ဒါပေမယ့် မဖြစ်သေးဘူး

ဒါနဲ့ ဒီကျွန်းမှာ ပန်ဒိုရာကို အဲဒီ ကယ်ရီကေးချားပုံတူနဲ့ ရှာလို့ကတော့ … ဟဲဟဲ

မတန်ခူးကိုလည်း မြင်ယောင်ကြည့်နေသေးတယ်။

kay said...

အာ- ဒါဆို..စာရေးဆရာမ တန်ခူး လည်း..စာပေလုပ်သား အဖွဲ့ဝင်လို့ ရပြီ။း)

ခင်မင်လျက်-

shin said...

စာဖတ်ရင်း လူတွေပါခင်ခင်သွားတတ်လို့ ပါ...So true!

puluque said...

အစ်မရေ
မဂ္ဂဇင်းတွေမှာ စာရေးတော့ကော တန်းခူ ကလောင်နဲပဲလား. ကျတော်မသိလို့မေးတာပါ။ ကျတော်တော့ မဖက်ဖူးသေးဘူး။ ဘာကလောင်နာမည်နဲလဲ။

ကလိုစေးထူး said...

တန်ခူးက တော်တော်ကုသိုလ်ကံကောင်းတာပဲ။ စာရေးဆရာတွေ တော်တော်များများနဲ့ ဆုံဖူးတယ်။ ကျနော်ဖြင့် အဲဒီလို အခွင့်အရေးကို မရခဲ့ဖူးပါဘူး။ ဆရာ မောင်သာရနဲ့ပဲ ဘတ်ဖလိုမြို့ကို အလည်သွားတုန်းက ဆုံခဲ့ဖူးတယ်။ ကျနော် မြင်ဖူးချင်တဲ့ စာရေးဆရာက ဆရာနန္ဒစိုး(ဆင်ဖြူကျွန်း) နဲ့ ဆရာမင်းလူ...။ ပြောရင်တော့ ရယ်ချင်မယ်။ အဲဒီဆရာတွေစာကို ဖတ်ပြီးရင် လူက ညစ်နေတာတွေ တော်တော်ပေါ့သွားလို့...။ ပြီးတော့ စာလုံးတွေနဲ့ လူတွေရဲ့ စိတ်ကို ပေါ့ပါးအောင် လုပ်နိုင်တဲ့ အဲဒီလူတွေရဲ့ ပုံသဏ္ဍာန်ဟာ အပြင်မှာ ဘယ်လိုနေပါလိမ့်လို့လဲ သိချင်တာပါတယ်။ စကားမစပ် ပြောရရင် စာလုံးတွေနဲ့ လူတွေကို စိတ်ပေါ့ပါးမှုတွေ ပေးနေတဲ့ ဘလော့ဂါ အသစ် စာရေးဆရာမ အဟောင်း မမိုးချိုသင်းကိုတော့ မြင်ဖူးတယ်ဗျို့။ အပြင်မှာလို့တော့ မထင်လိုက်နဲ့...။ :D ဆရာကြီး ဦးတင်မိုးရဲ့ အမှတ်တရ ရုပ်သံမှတ်တမ်းတခုမှာလို့ ပြောတာ။ :D ပြီးတော့ ကိုပေါတို့... ပန်ဒိုရာတို့ကိုလဲ မြင်ဖူးသေးတယ်...။ :P မထင်ရဘူးဗျာ... တကယ်ပါပဲ။ :P

စူး said...

အမရေ.. အမက ဒါကြောင့်အရေးအသားတွေ အရမ်းညက်နေတာကိုး...။
ညီမကတော့ ..ဟီး...။
စာရေးဆရာမဖြစ်ချင်ခဲ့ဘူးအမရဲ့ စာရေးချင်ယုံသက်သက်မို့ အမတို့လို စာရေး မကောင်းတာပါ။ စာပေဟောပြောပွဲသွားဖိုဆို အိမ်က ဘယ်တုန်းကမှ လိုက်မပို့ပေးပါဘူး။ ကိုယ်တိုင်ကလဲ မသွားချင်ဘူးအမရဲ့။သူတို့ကလဲ ညမှ လုပ်တာလေ..။ စာစီစာကုံးဆုယူတဲ့အခါပဲ စာပေဟောပြောပွဲကိုရောက်တယ်။ များသော အားဖြင့် YMCA ကကျင်းပတဲ့ စာပေဟောပြောပွဲပေါ့.။ မြတ်နိုးကတော့ အိပ်နေတာများပါတယ်။ ဆုရတဲ့သူတွေ ခေါ်မှ ထတယ်။
တက္ကသိုလ်ရောက်မှ သာ ဂျူးတို့ ကို မြင်ဘူးတာ.. ဆရာမောင်စိန်ဝင်းတို့ပေါ့။ အော်ပီကျယ်လဲ မြင်ဖူးတယ် ကျူရှင်မှာ..။တွတ်ပီရေးတဲ့ ဓနုဖြူဆွေမင်းလဲ မြင်ဖူးတယ်။ ချစ်စံဝင်းက ဖေဖေ့တပည့်မို့ အိမ်လာလို့ တွေ့ဖူးပါတယ်။ ဖေဖေက စာဖတ်ပဲ ၀ါသနာပါလို့ စာအုပ်စုထားတော့ မြတ်နိုးတို့က စာဖတ်ဝါသနာပါတာပါ။
အမ စာရေးဆရာမ...
အမကလဲ ခင်ဖို့ကောင်းပါတယ်..။

သက်ဝေ said...

အင်း... ရေးထားလိုက်တာ စုံစေ့နေတာဘဲ။
မြင်ဖူးတဲ့ ဆရာတွေ ဆရာမတွေကလဲ အများကြီးဘဲ...။ သက်ဝေလဲ ငယ်ငယ်တုံးက မေမေတို့ နဲ့  စာပေဟောပြောပွဲတွေ အမြဲလိုက်သွားဖူးတယ်။ နားထောင်ဖူးသမျှထဲမှာ အကြိုက်ဆုံး ဆရာကတော့ ဆရာ ဦးအောင်သင်းပါ။

သက်ဝေလဲ တန်ခူးစာတွေကို ဖတ်ရင်း တန်ခူးကို စိတ်ထဲမှာ တော်တော်ကြီးကို ရင်းနှီးနေပါတယ်။ R I T တစ်ကျောင်းတည်းသားတွေ ကျောင်းပြီးတဲ့ နှစ်လဲ မတိမ်းမယိမ်းတွေ ဖြစ်လိမ့်မယ် လို့  ခန့် မှန်းမိပါတယ်။

ဒါနဲ့  စကားမစပ်... ကိုစေးထူးကို မေးပေးပါ။
ကိုပေါတို့  ပန်ဒိုရာတို့ ကို မထင်ရဘူးဗျာ.. ဆိုတာ ဘာလဲလို့ ..။ ဘာကို မထင်ရတာလဲ လို့ ...။
ဟီဟိ.. စပ်စုတာ...။

တန်ခူး said...

ကိုအန်ဒီရေ…ဒါဆို လူမှားတာပဲ ဖြစ်မယ်…

ကိုပေါရေ… စာရေးဆရာဖြစ်ရတာ ဂုဏ်ယူစရာပါ…

ခုလို အားပေးစကားအတွက် ကျေးဇူးပါ ကိုbsfရေ…

ကိုဧရာက တကယ်စိတ်ကောက်သွားတယ်ဆို တောင်းပန်ပါတယ်… ကိုယ့်ဆရာမို့ ဘယ်တော့မှ မေ့ပါဘူးလို့  ပြောပေးပါ မ ရေ…

မဇနိရေ… လွမ်းစရာ စာပေဟောပြောပွဲနေ့ တွေပေါ့နော်… ဆရာမဂျူးကို အရမ်းမြင်ဖူးချင်ပေမယ့် တခါမှ မမြင်ဖူးဘူး… မဇနိကို အားကျတယ်…

မ ရေ… မရဲ့စာတွေ ဖတ်ပြီး စာရေးဆရာ မပြတ်တဲ့ မ တို့ အိမ်လေးတောင် ရောက်ဖူးချင်သွားတယ်… မ သိပ်ကံကောင်းတာပဲ….

ပန်းသီးငပိချက် အရမ်းကောင်း… တကယ်ချောတာပါ အိမ့်ရေ…

မောင်မျိုးရေ… bloggerတွေ တနေ့ နေ့ တော့ လွတ်လပ်စွာ ဆုံကြဦးမှာပါ… ကိုစေးထူးလို သီချင်းလေးဆိုပြီး blogပေါ်တင်ပါ့လား… နားထောင်ရတာပေါ့…

ကောင်းကင်ကိုရေ…ထိုင်းမှာ စာရေးဆရာတွေ တော်တော်များများရှိနေတယ် ကြားတယ်…

စကားလုံးတွေက တဆင့် ခင်မင်မှုတွေ စီးမျောသွားတာပေါ့ ဂျစ်ရေ…

နုရေ… ဆရာလယ်တွင်းသား စောချစ်က ဖေဖေနဲ့ မန္တလေးတက္ကသိုလ်ထဲက ခင်ခဲ့လို့  ဆရာ့မိသားစုနဲ့ လဲ အတော်ရင်းနှီးပါတယ်… တို့ က မတောက်တခေါက် အချစ်ဝတ္ထုလေးတွေ ဟိုနဲနဲ ဒီနဲနဲ ပါဘူးတဲ့ မဖြစ်ညစ်ကျယ် စာရေးသူအဆင့်လောက်ပါ နုရေ… နုpostအသစ်လေးတွေ မျှော်နေမယ်နော်…

ရေးပါပန်ရေ… ပန်ရေးရင် ဖတ်လို့ အတော် ကောင်းမှာပါ… တို့ ပုံကို မြင်ကြည့်တော့ ဘယ်လိုကြီးလဲဟင်…

မကေရေ… ဒါလေးတခုတော့ ချမ်းသာပေးပါ… ကျွန်မက စာရေးဆရာ မဟုတ်ပါဘူး… စာရေးဆရာရူး ရူးတဲ့အဆင့်မှာပါ…

ရှင်ရေ… ဟုတ်တယ်နော်… ကလောင်ကတဆင့် နှလုံးသားတွေ အထိ နွေးထွေးခင်မင်သွားတာလေ… ခုလို လာလည်တာ ကျေးဇူးနော်.. နောင်လဲ လာလည်ပါဦး…

ကိုပုလုကွေးရေ… တန်ခူးနာမည်ကို ဒီblogနဲ့ အတူ မွေးဖွားတာပါ… ကျွန်မ စာရေးတုန်းက တခြား ကလောင်နာမည်နဲ့ ပါ… ကျွန်မ RITကျောင်းသူဘ၀တုန်းက အချစ်ဝတ္ထုလေးတွေ ဟိုနဲနဲ ဒီနဲနဲ ကျိုးတိုးကျဲတဲ ပါဘူးတဲ့ အဆင့်လောက်ပါ… ကျောင်းပြီးထဲက စာဆက်မရေးဖြစ်တော့တာ ဒီblogရေးမှ ပြန်ရေးဖြစ်တာပါ…

ကိုစေးထူးရေ… ဆရာမောင်သာရကို မြင်ဖူးတာ ကံကောင်းတာပေါ့… ကျွန်မမြင်ဖူးချင်ပြီး မြင်တွေ့ ခွင့်မရလိုက်တဲ့ စာရေးဆရာနှစ်ယောက်က ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့  ဆရာမကြီးဂျာနယ်ကျော်မမလေးတို့ ပါ… ကိုပေါနဲ့ ပန်က ကိုစေးထူး ထင်ထားတာထက် ပိုချောနေတယ်မိုလား… သိနေတယ်လေ……

မြတ်နိုးရေ…စာရေးဆရာအဆင့် မဟုတ်ပါဘူးညီမရေ… အပေါ်မှာ ပြောခဲ့သလို စာရေးဆရာရူး ရူးတဲ့အဆင့်မှာပါ… ဆရာချစ်စံဝင်းကိုလဲ စာပေဟောပြောပွဲမှာပဲ တွေ့ ဖူးတယ်….

သက်ဝေရေ… ဆရာအောင်သင်းကတော့ စာပေဟောပြောပွဲမှာkingလို့  ပြောရမလားပဲ…
ကိုစေးထူးရေ… သက်ဝေမေးနေတယ်…ဖြေလိုက်ပါဦးနော်….

ဂျူနို said...

တန်ခူးက ကံကောင်းလိုက်တာ
အယ်ဇီ

Anonymous said...

မတန်ခူးရဲ့ ငယ်ဘ၀ကို အားကျပါရဲ့။ ပုံရိပ်လည်း စာရေးဆရာတွေဆို သိပ်အထင်ကြီးတယ်။ အထူးသဖြင့် ကိုယ်ကြိုက်တဲ့ သူတွေကို ပေါ့။

တန်ခူး said...

ကျေးဇူးပါ မအယ်ဇီရေ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်….

ဟုတ်တယ်နော် ပုံရိပ်ရေ… ၀ါသနာအရင်းခံကြောင့်ထင်တယ်… လာလည်တာကျေးဇူးပါ…နောင်လဲလာခဲ့နော်….