Monday, March 31, 2008

အချစ်ဆိုတာ


အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း၊ ပေးဆပ်အနစ်နာခံခြင်း၊ ရူးသွပ်စွာ စွဲလန်းခြင်း၊ အပြန်အလှန်နားလည်ပေးခြင်း၊ သံယောဇဉ်ကြိုးတိုးနှောင်ခြင်း၊ သစ္စာထားခြင်း.... ဒီလို အမျိုးမျိုး ဟိုးရှေးကတည်းက အဓိပ္ပါယ်ဖွဲ့ခဲ့ကြတယ်။ တချို့ အချစ်ခရီးလမ်းတွေက ဖယောင်းလမ်း၊ တချို့က ခရောင်းလမ်း။ တချို့ကတော့ အချစ်ဆိုတာ တသက်မှာတခါထဲ ပွင့်တဲ့ပန်းတဲ့။ တချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်အခါခါ မွေးဖွားလို့ရပြန်တယ်တဲ့။ ဒီကြားထဲ အချစ်ကြောင့် ဘဝတွေ လှပလာသလို၊ အချစ်ကြောင့်ပဲ ဘဝတွေ ပျက်စီးသွားတတ်သေး။ အဲဒီလို ရှူပ်ထွေးလွန်းတဲ့ အချစ်ဆိုတဲ့ အကြောင်းတွေးမိတိုင်း မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးတခုက အမြဲအတွေးထဲ ရောက်ရောက်လာတယ်။ ကိုကိုရယ်၊ မောင်ရယ်၊ ပြီးတော့ ထား သို့မဟုတ် ညီမလေး။ တယောက်အတွက် အချစ်က အဓိပ္ပါယ်တမျိုးဆီ။ အဲဒီ ထား ဆိုတဲ့ ကျွန်မဝမ်းကွဲ အဒေါ်ရဲ့ ဒင်္ဏာရီဆန်ဆန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တပုဒ်ဝေမျှပါရစေ။
********************
"မောင့်ရဲ့ထား"

မြင်လိုက်တိုင်း အသက်ရှူမှားရတဲ့ထားရယ်။ ခြေမျက်စိထိ ရှည်တဲ့ မင်းဆံနွယ်တွေကပဲမောင့်ကို ဖမ်းစားတာလား၊ နှင်းဆီငုံလေးလို မင်းမျက်နှာဖူးဖူးလေးကပဲ မောင့်ကို ရူးသွပ်စေတာလား၊ သေချာတာက မင်းရဲ့ခြေဖဝါးနုနုလေးက မောင့်နှလုံးသားနေရာ အနှံ့မှာ။


"ထား"
"ရှင်"
"ဒီနေ့ဟာ မောင့်ဘဝရဲ့ အပျော်ဆုံးနေ့တနေ့ ဖြစ်ပါရစေ"
ထားလက်ထဲက အဝါရောင်လက်ကိုင်ပုဝါလေးက ကြေမွတွန့်လိန်။ ရှက်နေတာလားထားရယ်။
"ထားအဖြေလေးကို မောင်ကြားချင်ပြီ"
ထားကမျက်တောင်ရှည်ရှည်တွေဝင့်လို မောင့်ကိုကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ အရိပ်တခု။ အဲဒါ အချစ်ပဲလားထား။
ထားက မြေကြီးပေါ်မှာ ဒုတ်ကလေးနဲ့ရေးခြစ်လိုက်တယ်။
"မောင့်ကိုချစ်တယ်"တဲ့။
ဒီကမ္ဘာမှာမောင်အပျော်ဆုံး။ ထားလက်ဖဝါးလေးကို ဆုတ်ကိုင်တော့ ရေခဲတုံးလေးလို အေးမြနေတယ်။

"ထားရယ်...ဒီကနေ့ကစလို့ ထားအတွက် အရာရာဝေမျှခံစားနားလည်ပေးမယ့် ကိုယ်ပွားလေးတယောက် အမြဲရှိနေပြီလို့ ယုံကြည်လိုက်တော့နော်"
ထားက အပြုံးချိုချိုလေးနဲ့ ညင်သာစွာ ခေါင်းငြိမ့်တယ်။
********************

"ကိုကိုရဲ့ညီမလေး"

"ဟယ်...ကိုကိုပြန်လာပြီ...ညီမလေးဖို့ ဘာတွေ ဝယ်ခဲ့လဲ"
အရိပ် တကြည့်ကြည့် မြတ်နိုးခဲ့ရတဲ့ပန်းကလေး။ မင်းဟာ ကိုကို့မျက်စိထဲမှာတော့ အမြဲဖြူဖွေးသန့်စင်နေတဲ့ စပယ်ပွင့်လေးပါ။ ကိုကို ကြားသမျှ မှားယွင်းမှူတွေဖြစ်ပါစေ။
"ဒီမှာ...ညီမလေးအတွက်"
"ဟေး..ဒါမှတို့ကိုကို"
ကလေးရယ်။တို့နှစ်ယောက်ရဲ့ အနှစ်နှစ်အလလက အထပ်ထပ်ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေကို ဘယ်သူက အလွယ်တကူ ဖြတ်တောက်လို့ရနိုင်မလဲ။
"ညီမလေး"
"ကိုကိုမျက်နှာလဲ မကောင်းပါလား...အလုပ်ကိစ္စအဆင်မပြေဘူးလားဟင်"
"ကိုကိုသူငယ်ချင်းသူရိန်ကပြောတယ်...ညီမလေးနဲ့ ဟိုတလောက ပြောင်းလာတဲ့ အင်ဂျင်နီယာပေါက်စနဲ့ ကြိုက်နေကြတယ်တဲ့...အဲဒါအမှန်ပဲလား"
ကိုယ့်အသံတွေ တုန်ခါသွားတယ်။ ခေါင်းငုံ့သွားတဲ့ ညီမလေးကို ကြည့်ပြီး ရင်ထဲမှာ ဗလောင်ဆူနေတယ်။ မဟုတ်ဘူးလို့ ငြင်းလိုက်ပါ ညီမလေးရယ်။
"ဟုတ်ပါတယ်ကိုကို...သူညီမလေးကို ဖွင့်ပြောထားတာကြာပါပြီ...ညီမလေးတို့ချစ်သူတွေဖြစ်တာ မကြာသေးပါဘူး...သူက လူကောင်းတယောက်ပါ...မေမေတို့ ကိုကိုတို့ သဘောတူနိုင်မယ်ထင်လို့ပါ"
ရင်ထဲက ဆို့တက်လာတဲ့ တစုံတရာ။ သွားပြီ။ ကိုကို မင်းကို တသက်လုံး ဆုံးရှူးံရတော့မှာလား။
"ညီမလေး...ညနေကျရင်...ခရေပင်အောက်ကိုလာခဲ့နော်...ကိုကို အရေးကြီးတဲ့ စကားပြောစရာရှိတယ်"
********************
"ညီမလေးရဲ့ကိုကို"

ကိုကို့လက်ထဲမှာ ခါတိုင်းလို ညီမလေးအတွက် ခရေပွင့်တွေမရှိ။ အဝေးတနေရာကို ကြေကွဲစွာ လှမ်းကြည့်နေတဲ့ ကိုကို့ မျက်ဝန်းမှာ မျက်ရည်တစ။ ညီမလေးကြောင့်လား။
"ကိုကို...ညီမလေးကို စိတ်ဆိုးနေတာလား"
"ညီမလေး...ကိုကို ခုပြောမယ့်စကားတွေကို အလေးအနက် နားထောင်ပေးပါ...ပြီးရင် ညီမလေးရဲ့ ဆုံးဖြတ်ချက်ကို သိချင်တယ်"
"ဟုတ်ကဲ့ကိုကို"
"ကိုကိုဟာ ဥယျာဉ်မှူးဆိုရင် သိပ်အတ္တကြီးတဲ့ ဥယျာဉ်မှူးပါ...အနှစ်နှစ်အလလက အရိပ်တကြည့်ကြည့် ပျိုးထောင်ခဲ့ရတဲ့ ပန်းကလေးကို ဘယ်သူမှမပေးနိုင်လောက်အောင် ကိုယ်မြတ်နိုးတယ်"
"ကိုကိုဘာကိုဆိုလိုတာလဲ"
"ညီမလေးကို ကိုကိုချစ်တယ်"
"ညီမလေးလဲ ကိုကို့ကိုချစ်တာပဲ"
"မဟုတ်ဘူး...ကိုကိုက ညီမလေးကို ချစ်သူတယောက်လိုချစ်တာ"
"ဘယ်လို"
ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ စကားတခွန်း။ ကိုကိုဟာ ညီမလေးရဲ့မွေးစားအကိုဆိုတာ မေ့လျော့နေတဲ့အထိ ညီမလေးကိုကိုပေါ်မှာ ဖြူစင်ခဲ့တာ။ အဲဒီလို ဆန်းပြားတဲ့ စိတ်တွေ ကိုကိုဆီမှာ ဝင်လာခဲ့လိမ့်မယ်လို့ မတွေးမိခဲ့ဘူး။
"ကိုကိုညီမလေးကို လက်မထပ်ပါဘူး...ခုလိုပဲ ဘေးကနေ ညီမလေးလိုအပ်သမျှ ဖြည့်ဆီးပေးရင်း တသက်လုံးနေသွားမယ်...ညီမလေးလဲ ဘယ်သူကိုမှလက်မထပ်ရဘူး"
"ကိုကိုဘာတွေပြောနေတာလဲ...ညီမလေးကစိတ်ထဲမှာတော့ ကိုကိုက အကိုအရင်းပဲ...ညီမလေးအိမ်ထောင်ပြုလဲ ကိုကိုဆက်ချစ်လို့ရတာပဲ"
"မပြုရဘူး...မင်းဘယ်သူနဲ့မှမယူရဘူး"
"ကိုကိုရူးနေပြီ"
ဟုတ်တယ်။ ကိုကိုအရူး။ ကိုကိုနဲ့ညီမလေးရဲ့အဖြူရောင်ဘဝကို ဖျက်ဆီးရက်တယ်။
"ဟုတ်တယ်...ကိုကိုရူးနေပြီ...အချစ်ကြောင့်ရူးတာ"
"ကိုကို...ညီမလေးဘဝမှာ မောင့်ကို အချစ်ဆုံး...မောင့်ကိုပဲလက်ထပ်မယ်"
"မပြောနဲ့...မကြားချင်ဘူး...အေး..မင်းဆုံးဖြတ်ချက်မပြင်ရင် ငါတခုခုလုပ်ရလိမ့်မယ်"
ကိုကိုရဲ့ သွေးရူးသွေးတန်းစကားတွေကို ညီမလေးဆက်မကြားရပါစေနဲ့။ ညီမလေးသွားပါရစေ။
********************
"ထားရဲ့မောင်"

မောင်...အမြဲငြိမ်းချမ်းအေးဆေးနေတဲ့ မောင်ဘဝလေးထဲ ထားဝင်လာခဲ့တော့မယ်။
"မောင်...ထားတို့ကိစ္စ မေမေ့ကိုဖွင့်ပြောလိုက်ပြီ"
"ဟာ..ဝမ်းသာလိုက်တာ ထားရယ်...ယောက္ခမကြီးက သဘောတူလားဟင်"
"မေမေက မောင့်ကိုသိနေပြီးသားဆိုတော့ သဘောမတူစရာ မရှိပါဘူးတဲ့...ဒါပေမယ့် မောင့်နဲ့တွေ့ချင်တယ်တဲ့...မောင်တို့ဘက်က အခြေအနေလဲ သိချင်တယ်တဲ့"
"မောင့်မေမေက ဟိုတခေါက်လာလည်ထဲက ထားကိုကြိတ်သဘောကျနေတာ...မောင်တို့ဘက်က အားလုံးok..ဘယ်တော့ယောက္ခမကြီးနဲ့လာတွေ့ရမလဲ"
"မနက်ဖြန်"
"ok..ပုဆိုးနဲ့တိုက်ပုံဝတ်ခဲ့မယ်"
ရွှင်မြူးနေတဲ့ မောင့်အပျော်တွေထားဆီကူးလာတယ်။ ထားနဲ့မောင် အချစ်ခရီးလေး ဖြောင့်ဖြူးပါစေ။ ရင်ထဲမှာတော့ တစုံတရာကို စိတ်တထင်ထင့်။
********************
"ကိုကို၊ မောင်၊ ထား"

ကိုကို့နှလုံးသားတွေကို ညီမလေးက လှလှပပနင်းခြေလိုက်ပြီပေါ့။ ကိုကို့ အချစ်ဥယျာဉ်လေးကို ခြေစုံကန်တော့မယ်ပေါ့။ သူများရင်ခွင်ထဲမှာ ညီမလေးကို ဘယ်လိုမှမထားချင်ဘူး။ တကယ်ဆို အဖြစ်အပျက်တွေ မြန်ဆန်သွားအောင် ညီမလေးလုပ်ရက်ခဲ့တယ်။ ဒီနေ့ညီမလေးစေ့စပ်တော့မယ်တဲ့။
အလှပြင်ဆိုင်ကပြန်လာတဲ့ညီမလေး။ မျက်နှာမှာအပြုံးချိုချိုတွေနဲ့။ နောင်ဘဝကို ညီမလေးယုံသလားဟင်။ ကိုကိုကတော့ ယုံတယ်။
"ညီမလေး"
"အမလေး လန့်လိုက်တာကိုကိုရယ်"
"ညီမလေးရဲ့ဆုံးဖြတ်ချက်တွေ တကယ်မပြင်တော့ဘူးလား"
"ကိုကိုရယ်...ညီမလေးကိုခွင့်လွှတ်ပါ...မောင့်ကိုဘဝတသက်လုံးအတွက် ရည်ရွယ်ချစ်တာပါ"
သံယောဇဉ်တွေမှ မထောက်ထား။ အစွမ်းကုန် ရက်စက်တော့မယ်လား ညီမလေး။ ဒီလိုမျိုးနဲ့ ဘယ်လိုမှဇာတ်သိမ်းမခံနိုင်ဘူး။ ကဲ..ကိုကိုနဲ့အတူလိုက်ခဲ့တော့။ နောင်ဘဝဆီကို။
"ဟင်ကိုကို...ဒီဓားကြီးက...မလုပ်ပါနဲ့ညီမလေးကြောက်တယ်...ကိုကို...အား"
သွားနှင့်တော့ညီမလေးရေ။ ကိုကို ခုလိုက်ခဲ့မယ်။ နောင်ဘဝကျရင် ကိုကိုနဲ့ညီမလေးရဲ့ အချစ်ဥယျာဉ်လေးထဲမှာ ထာဝရမခွဲစတမ်းပေါ့။
********************
"သမီးလေး...သတိရလာပြီ"
"ထား...ထားသတိရလာပြီလား"
"မေမေ...မောင်...မောင်..ထားမသေဘူးနော်"
"ထား...ဒါတွေမတွေးနဲ့နော်...ထားကို မောင်ဆေးရုံအချိန်မီပို့လိုက်နိုင်ပါတယ်ထားရယ်"
"ကိုကို...ထားကိုလုပ်ရက်တယ်မေမေ...သူဘယ်မှာလဲ...ထားကြောက်တယ်"
"မကြောက်ပါနဲ့သမီးရယ်...သူကိုယ့်သူချက်ချင်းအဆုံးစီရင်သွားခဲ့ပါပြီ"
"ရှင်"
"ထား...ဒါတွေမေ့ထားလိုက်...ထားဘေးမှာမောင်ရှိနေတယ်နော်"
ပန်းပွင့်လေးလို အမြဲနူးညံ့လှပနေတဲ့မောင့်ရဲ့ထား။ ခုတော့ မျက်နှာမှာ ကန့်လန့်ဓားခုတ်ရာနဲ့...သနားစရာကောင်းလိုက်တာ ထားရယ်။ ကံကောင်းလို့ ထားအသက်လေးမောင်ကယ်နိုင်ခဲ့တယ်။ ထားရယ်...ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် မောင်ထားကို တသက်လုံးစောင့်ရှောက်သွားမှာပါ။ ထားကို မောင်အသက်လောက် မြတ်နိုးတယ်။
********************

ထားကိုယ်ထား မှန်ထဲမှာ ပြန်ကြည့်တိုင်း အနှိုင်းမဲ့တဲ့မောင့်အချစ်တွေအတွက် မောင့်ကို ကျေးဇူးတင်တယ်။ ပလပ်စတစ်ဆာဂျရီလုပ်ခဲ့ပေမယ့် ဘယ်လိုမှနဂိုရုပ်ပြန်မရခဲ့တဲ့ ထားရုပ်ဆိုးဆိုးကြီးကို ထားကိုယ်တိုင် မေ့လျော့နေအောင် မောင်ကစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ခုဆို ထားတို့မှာ ချစ်စရာသမီးလေးတယောက်နဲ့ ပျော်ရွှင်စရာမိသားစုကလေးတခု ပိုင်ဆိုင်ခဲ့ပြီ။ တခါတခါတော့ ခြောက်ခြားစရာ အတိတ်တွေကြောင့် ထားအိပ်မက်ဆိုးတွေ မက်တတ်တယ်။ အဲဒီအိပ်မက်တွေထဲမှာ ကိုကိုအမြဲပါတယ်။ ထားဘဝမှာ ထားကိုသိပ်ချစ်တဲ့ ယောင်္ကျားနှစ်ယောက်ရှိခဲ့တယ်။ တယောက်ရဲ့အချစ်က ထားကိုအေးမြပျော်ရွှင်စေပြီး နောက်တယောက်ရဲ့အချစ်ကတော့ ပူပြင်းလောင်မြိုက်စေခဲ့တယ်။ တကယ်တော့ မိန်းခလေးတယောက်ဘဝမှာ ငြိမ်းချမ်းအေးမြပြီးလုံခြုံမှူပေးနိုင်တဲ့ အချစ်တခုထဲသာလိုအပ်တာပါ။
********************
တန်ခူး
4:00pm 31-Mar-2008

10 comments:

ထနောင်း said...

ဖတ်လို့ကောင်းလိုက်တာ..ဒေါ်တန်ခူးရေ။ အဖြစ်အပျက် နဲ့ အရေးအသား နှစ်မျိုးစလုံးထဲ နစ်မျောသွားတယ်။
မောင် နဲ့ ထား တို့မိသးစုလေး ပျော်ရွှင်အေးချမ်းပါစေကြောင်း။

myatnoe said...

အမ.. ကြောက်စရာပဲ။ ဖတ်လို့ကောင်းလိုက်တာ။
အချစ်က တကယ်တော့ လူတွေအပေါ်မှာ မူတည်ပီး အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြတာပါ။ မြတ်နိုးအဒေါ်လဲ အဲလိုပဲ။ ဒါပေမဲ့ သူ.. သေသွားခဲ့တယ်။
မင်္ဂလာဆောင်တဲ့နေ့မှာ။ မြတ်နိုးတို့ ကူလူကြီးတွေပြောလို့ ကြားပဲကြားဘူ်းတာ။

Ko Paw said...

တန်ခူးရေ….ကျနော်က တောင်တောင်အီအီတွေ လျှောက်စဉ်းစားတတ်တော့ တန်ခူးရဲ့ ရည်ရွယ်ရင်း ဟုတ်ချင်မှဟုတ်မှာပေမယ့် ကျနော့်ဘာသာ နိမိတ်ပုံယူလို့ လိုရာဆွဲတွေးသွားပါတယ်။

“ထား” နေရာမှာ မြန်မာပြည်သူတွေ….
မွေးစားအကို “ကိုကို” နေရာမှာ နအဖ (သို့မဟုတ်) မြန်မာ့တပ်မတော်….
“မောင်” နေရာမှာ ဒီမိုကရေစီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ…..

ထားက မောင့်ကို ချစ်တယ်။ မောင်နဲ့ဘဲ ပေါင်းသင်းချင်တယ်။ ကိုကို့ကိုတော့ သူရဲ့ နေရာမှန် အကိုနေရာမှာ အကိုလိုဘဲ ချစ်ချင်တယ်။ ဒါပေမယ့် ကိုကိုက မရဘူး။ မောင်နဲ့ မချစ်ရဘူးတဲ့။ ကိုကိုကဘဲ ထားကို ဇွတ်အတင်းချစ်ချင်နေတယ်။ ထားက ပြန်မချစ်တော့ ကိုကိုက ဓားနဲ့ခုတ်။

တော်ပါသေးရဲ့။ ထားက မသေဘဲ ကိုကိုဘဲ ထိုက်ထိုက်တန်တန် သေပြီး ဇာတ်သိမ်းသွားလို့။ ဒါတောင်မှ ထားမျက်နှာမှာရော၊ စိတ်မှာပါ အမာရွတ်ကြီး ကျန်ခဲ့တယ်နော်။

ဘာဘဲပြောပြော ဇာတ်သိမ်းလေးက ချစ်စရာကောင်းပါတယ်။

သက်ဝေ said...

တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပုစ္ဆာ...အချစ်ဟာ အဖြေရှာ မရတဲ့ ပြဿနာ...
ကိုယ်ကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ။
တစ်ခါတစ်ရံ အချစ်ဆိုတဲ့ အရာနဲ့  ဆုံဆည်းလိုက်ချင်လဲ...
တစ်ခါတစ်ရံတော့ အချစ်နဲ့ ဝေးချင်တယ်။

စိုးထက် - Soe Htet ! said...

ကောင်းလိုက်တာဗျာ ... သေချာ ရေးထားတာ ...
အချစ်ကို ပြန်စဉ်းစား ဖြစ်သွားတာပေါ့ တစ်ခါတစ်ခါ ချစ်တာချစ်နေတာ မစဉ်းစားမိဘူး ... :)

pandora said...

ချစ်မိသွားရင် ရယူပိုင်ဆိုင်ချင်ကြတာ သဘာဝပေါ့နော်..
ချစ်မိသွားတာကို တားလို့မရရင်တောင်မှ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ အချစ်မျိုးတွေအတွက် ဘယ်လို သဘောထားသွားနိုင်မလဲဆိုတာ အရေးကြီးမယ်.. တကယ်ချစ်တယ်ဆိုတာ ချစ်သူကို ကောင်းရာကောင်းကျိုး ဖြစ်စေချင်တာ မဟုတ်ဘူးလား...

LIN LET KYAL SIN said...

ဓါးကြီးနဲ့လုပ်ရက်တယ်နော်... ကြောက်စရာကြီး .. ကိုယ့်ကိုမချစ်တဲ့ ကိုယ်ကချစ်ရသူတစ်ယောက်ကိုတော့ ဇတ်လမ်းထဲက ကိုကိုလိုမျိုး မလုပ်ရက်ပါဘူး။ ချစ်သူဖြစ်ပြီးမှ သစ္စာဖောက်သွားရင်တော့ ဓါးနဲ့အပိုင်းပိုင်းဖြတ်ရမှာပေါ့ :P ။ မောင့်ရဲ့အချစ်ကတော့ တကယ်စစ်မှန်အေးမြသော ချစ်ခြင်းမေတ္တာပါပဲ ။ ဇတ်လမ်းကောင်းလေးတစ်ခုအတွက် ကျေးဇူးမမရေ :)

တန်ခူး said...

အမြဲအားပေးတာ ကျေးဇူးပါထနောင်းရေ။ ထနောင်းဆုတောင်းလေးကို ပြောပြလိုက်မယ်။

မြတ်နိုးအဒေါ်အဖြစ်က ပိုဆိုးတာပေါ့နော်။

ကိုပေါရေ...လွတ်လပ်စွာတွေးတာလဲ အရသာတမျိုးပေါ့။

သက်ဝေရေ...အဲဒီသီချင်းလေးတို့လဲကြိုက်တယ်။

ကိုစိုးထက်ရေ...ကျေးဇူးပါ။ မစဉ်းစားမိအောင်ချစ်တယ်ဆိုတော့ အတော်ချစ်တာပေါ့။

သေချာတာပေါ့ပန်ရယ်။ တကယ့်မေတ္တာစစ်မှာ စေတနာလေးကတွဲပါတာပေါ့နော်။

လင်းလက်ရေ။ တကယ်တော့ ကိုကိုဟာ စဉ်းစားချင့်ချိန်မှူတွေ ပျောက်သွားအောင်ရူးသွပ်သွားတာတဲ့ လူတယောက်ပါ။ လာလည်တာကျေးဇူးပါ။

တာတူး said...

ကိုကို့နေရာက ၀င်စဉ်းစားပေးမယ်ဗျာ။ သူက ဒီဇာတ်မှာ ခုတော့ လူကြမ်းပေါ့ ။
ကျနော်တို့ သေချာမသိရတဲ့ ဇာတ်လမ်းဆိုတော့ လိုရာဆွဲတွေးတယ်ပြောပါဗျာ။
သူက ဘယ်လောက်မျှော်လင့်ပြီး ချစ်ခဲ့လဲ မြတ်နိုးခဲ့လဲ အဲဒါအရေးကြီးတယ်လေ။
ပြီးတော့ ကောင်မလေးအတွက် သူ့ဘ၀ကို သူဘယ်လိုတည်ဆောက်ခဲ့လဲ ။
မျှောင်လင့်ချက်အကြီးကြီး နဲ့ သေချာပြင်ဆင်ခဲ့မယ်ဆိုတာတော့ ယုံမှားဖွယ်ရှိမယ်မထင်ဘူး
ဟိုက ခုမှဖြစ်လာတဲ့ တစိမ်းကြီးကိုဗျာ။ တကယ်ချစ်တဲ့လူတစ်ယောက်မှာ ဘယ်လောက်အထိ ခံစားရမလဲ ။
ကျနော်တိုတွေတောင် ကိုယ့်ညီမ၊ ကိုယ့်သမီးဆိုရင် တွေးပူကြသေးတာပဲ မဟုတ်လား။
ပြီးတော့ ကောင်မလေးက စိတ်ချမ်းသာတာကတော့ ဟုတ်ပါပြီ။အဲဒါတွေက ဘယ်လောက်အထိ ကြာကြာခံမှာတဲ့လဲ။
သူအမြတ်တနိုးထားခဲ့တဲ့ ကောင်မလေးအတွက် ဘယ်လိုစိတ်နဲ့ များ ရတက်အေးနိုင်ပါ့မလဲ။ ဒါတွေက အချိန်ကာလ ကပဲ အဖြေပေးနိုင်မှာလေ။
အဲဒီကြားကာလမှာ သူဘယ်လောက်ခံစားနေရမလဲ ။ ဒီဇာတ်လမ်းမှာတော့ ကောင်မလေးကို သူဖွင့်ပြောတာနောက်ကျလို့ ပြောရင်ရပါတယ်။
သူသာစောခဲ့ရင် ကောင်မလေးက နားလည်ပေးခဲ့သင့်တယ်။ ပြီးတော့ သူမချစ်တယ်ဆိုတာကရော သေချာလို့လား။
များသောအားဖြင့်တော့ လူတွေက အချစ်ရယ် ၊ အကြိုက်ရယ် ရင်ခုန်တာရယ်ကို သေချာမသိပဲ အချစ်တစ်ခုထဲမှာ ခေါင်းစဉ်ရောထွေးပြီး တပ်ကြတာများတယ်လေ။
ပြီးတော့ သူတို့ကြားမှာသံယောဇဉ်တွေရှိခဲ့တာပဲ ။ အနဲဆုံးတော့ သနားခဲ့သင့်တယ်လို့ ကျနော်တော့ထင်ပါတယ် ။
ကိုကိုဆိုတာနဲ့နေရင်ရော သူမက မပျော်တော့ဘူးတဲ့လား ။ ကိုယ်အရမ်းမြတ်နိုးရတဲ့သူရယ်၊ နောက်ပြီး ကိုယ်ကိုယ်တိုင်ရယ်ကို သတ်ဖို့ဆိုတာ တကယ်တော့ လွယ်တာမဟုတ်ပါဘူး။
သူ့ရင်ထဲက အပူစကို ကျနော်တို့ မြင်ကြည့်ပေးသင့်တယ်။ ဘယ်လောက်ဆောက်တည်ရာမဲ့နေမလဲဗျာ ။ တစ်ခုတော့ရှိတယ် ။ဒီဇာတ်မှာ ကိုကို က ရူးနေသလိုပဲ ။ စကတည်းက သုကမှားနေတယ် ။
သွေးမတော်သားမစပ်ဗျာ ။ အဲဒါကတော့ မူမမှန်ဘူး ။ ထားပါ လူကြမ်းဖြစ်အောင် တင်ထားခဲ့တဲ့ ခြေဆင်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ ။
မောင် ဆိုတာကလည်း သာမန်လောက်ချစ်တာဆိုရင်တော့ သူနောက်ဆုတ်ပေးသင့်တယ် ။
ယောက်ကျားဆိုတော့ နောက်ဆုတ်မပေးဘူးဘာညာ မာနတွေ ရှိရင်တောင် မထားသင့်ဘူး ထင်တာပဲဗျာ။
စာနာပေးတယ်ပြောပြော ၊ စွန့်လွှတ်သူသာ တကယ်နိုင်တာပဲဆိုဆို ပေါ့ ဗျာ ။
အင်းဗျာ ။ ကျနော်ကလည်း ဦးချစ်ဦးညိုလိုမတော်တော့ ပြောချင်သလောက်ပြောလို့မရဘူးဖြစ်နေတယ် ။
အင်း အချစ်ဆိုတာကတော့ ဖြေရှင်းရခက်တဲ့ ပုစ်ဆာပါပဲဗျာ။ ကိုယ်မြင်တဲ့ ဒေါင့်က ကိုကြည့်ပြီးပြောကြတာပါပဲ ။
ချစ်သူတိုင်း ချစ်ကြသူတိုင်း အဆင်ပြေကြပါစေလို ဆုတောင်းရုံကလွဲလို့ ကျနော်တို့ ဘာများ ရော တတ်နိုင်ကြလို့လဲဗျာ ။

တန်ခူး said...

ကိုတာတူးရေ...ကိုကို့နေရာကပဲဖြစ်ဖြစ်၊ မောင့်နေရာကပဲဖြစ်ဖြစ်၊ ထားနေရာကပဲဖြစ်ဖြစ် လွတ်လပ်စွာခံစားလို့ရခြင်းကပဲ စာဖတ်ခြင်းရဲ့ အရသာတမျိုးဖြစ်မလားပဲနော်။ ခုလို စိတ်ဝင်တစားအားပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်။ နောက်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။