Tuesday, March 11, 2008

ဗီဇ

ကျွန်မ မှတ်ပုံတင်ကို ပြန်ကြည့်မိတိုင်း 'တူးမာ'ကို သတိရမိသည်။ ကိုယ်၌ထင်ရှားသောအမှတ်အသားတွင် ယာဘက်ပါး၌အမာရွတ်ရှိတဲ့။ ငယ်ငယ်က တူးမာ ကုတ်ဆွဲခဲ့သော ဒဏ်ရာ။ တူးမာက ကျွန်မငယ်ငယ်က ကစားဖော်။ သူငယ်ချင်းတော့ မဟုတ်။ အဆဲသန်၊ စရိုက်ကြမ်းသော တူးမာကို ကျွန်မတို့အိမ်က မပေါင်းခိုင်း။ ဒီကြားထဲ ကလေးအချင်းချင်း လက်ပါတတ်တော့ ပိုဆိုးသည်။ မျောက်ရှူံးအောင်ဆော့ချင်သည့် ကျွန်မက အိမ်မှာ အိုးပုတ်နဲ့ဆော့ရတာ ကြာတော့ ငြီးငွေ့သည်။ အိမ်ရှေ့က ထုထ်ဆီးတိုးပွဲမှာ မွှေ့ချင်သည်။ 'ဒီ'ဟု အဆက်မပြတ်အော်ပြီး ပြေးချင်သည်။ ရုပ်ရှင်ဖွက်တမ်းတွင် ခေါင်သူကြီးလုပ်ချင်သည်။ ဒီတော့ အိမ်က မသိအောင် သွားကစားသည်။ ခက်တာက တူးမာနဲ့ ရှောင်လို့မရ။ ကစားနည်းပေါင်းစုံကို တူးမာက ကျွမ်းကျင်သည်။ တူးမာ ခေါင်းငြိမ့်မှ ပါခွင့်ရှိသည်။ တူးမာက အခုထွက်ဆို ထွက်ရသည်။ တူးမာက ကျွန်မကို ကြီးကျယ်တယ် ဆိုကာ သိပ်ကြည့်မရ။ တကယ်တော့ ကျွန်မက ကြီးကျယ်တာမဟုတ်။ ကစားချိန်မှလွဲရင် လမ်းမှာတွေ့ရင်တောင် မရယ်ပြ။ အဆဲသန်စရိုက်ကြမ်းသော သူ့ကို စိတ်ထဲမှ တကယ်မခင်မိ။ ကစားချင်မှ အတူသွားကစားတတ်ခြင်းကို တူးမာ သိပ်လက်မခံချင်။ ဒါပေမယ့် သူနီးနီး ကစားတော်သော ကျွန်မကို သူဘယ်တော့မှ မငြင်းခဲ့။ ဘက်တူချင်းက ပိုကစားရ ကောင်းသည်လေ။ များသောအားဖြင့် ကျွန်မနဲ့သူက အသင်းတဘက်ဆီက ခေါင်သူကြီးတွေ။ ကျွန်မက ကစားတော်ပေမယ့် တူးမာလို အငြင်းမတော်။ အညစ်မတော်။ ထုတ်ဆီးတိုးလျှင် သေသေချာချာကြီး မိလိုက်တာကို မမိဘူးလို့ ပြောင်ငြင်းတတ်သည်။ ရုပ်ရှင်ဖွက်လျှင် သူ့လူတွေကို လျို့ဝှက် အချက်ပြတတ်သည်။ အဲဒီလို မမှန်မကန်တွေလုပ်လာလျှင် ကျွန်မ အတော်စိတ်တိုမိသည်။ ကျွန်မဘက်မှ လူတချို့က တူးမာနည်းတွေ အတိုင်း တူးမာကို ပြန်ညစ်စေချင်သည်။ ကျွန်မက မလုပ်တော့ တချို့က ထွက်ကုန်သည်။ အဲဒီအခါ ကျွန်မ တူးမာနဲ့ ထိပ်တိုက် ရင်ဆိုင်ရသည်။ အဆုံးမှာတော့ တူးမာ၏ မိုးမွှန်အောင်ဆဲသံတွေ ကြောခိုင်းပြီး အိမ်ပြန်ရသည်။ တူးမာရဲ့ မတရားအနိုင်ကျင့်မှူတွေကို သည်းမခံနိုင်သည့် နေ့တနေ့မှာ သူနာကျင်လောက်မည့် စကားတချို့ဖြင့် ကျွန်မ ပြန်ပြောခဲ့သည်။ ဘယ်ကလေးမှ တူးမာကို ပြန်ပြောရဲတဲ့ ရာဇဝင်မရှိပါ။ ကျွန်မ ရုတ်ရင်းကြမ်းတမ်းသော စကားမသုံးပါပဲ အမှန်တရားတွေကို မခံနိုင်တဲ့ အဆုံး တူးမာရဲ့လက်သည်း ရှည်ရှည်တွေနဲ့ ကျွန်မမျက်နှာကို ကုတ်ဆွဲခဲ့ပါသည်။ ကျွန်မ ပြန်မလုပ်တတ်တော့ အိမ်ကိုပြန်ခဲ့သည်။ သွေးထွက်နေသော ဒဏ်ရာကို ဆေးမထည့်ပေးခင် ကျွန်မ မိဘတွေက ရိုက်ပါသည်။ ထိုနေ့မှစ၍ တူးမာနှင့် မကစားတော့ပါ။ အိမ်ကိုကြောက်တာလဲပါသည်။ တူးမာရဲ့ မတရား အနိုင်ကျင့်တတ်သည့် အကျင့်ကို မုန်းတာလဲပါသည်။ အဲဒီလမ်းလေးထဲက ပြောင်းလာပြီး တူးမာနှင့် သိပ်မတွေ့ဖြစ်တော့ပါ။ အသက်လေးနဲနဲရလာတော့ ထုတ်ဆီးတိုးခြင်းထက် ကာတွန်းစာအုပ်တွေ ပိုစိတ်ဝင်စားတာလဲ ပါသည်။ အရွယ်ရောက်လာတော့ တူးမာက လမ်းမှာတွေ့ရင် မဝံ့မရဲ ပြုံးပြတတ်သည်။ သူ့အမှားအတွက် သူမဝံ့မရဲ ဖြစ်နေတာလား။ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို ပြန်ပြုံးပြပါသည်။ ကျောင်းတဘက်၊ ကျူရှင်တဘက် အလုပ်ရှူပ်ရင်း တူးမာနှင့် တရပ်ကွက်ထဲ နေတာကိုပင်မေ့နေမိသည်။ တရက် လမ်းမှာတွေ့ မှ ရှစ်တန်းမှာ ရပ်တန့်နေကြောင်း သိရတော့ ကျွန်မစိတ်မကောင်းခဲ့။ သူ့ခမျာ ငယ်ကဆိုးရှာပေမယ့် အခုတော့ သနားစရာဟု ဂရုဏာပင် သက်မိသေးသည်။ ကျွန်မမေမေကတော့ ဗီဇ ဆိုတာ ပျောက်ခဲသည်တဲ့။ မေမေပြောသည့် ဗီဇကို မနှစ်က မြန်မာပြည်ပြန်မှ ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မရဲ့ ကစားဖော် တူးမာ။ ကျွန်မ အတွက် တသက်လုံး မမေ့ရက်စရာ အမာရွတ်လေးပေးခဲ့သော တူးမာ။ ကျွန်မမေမေနဲ့အတူ ဈေးလိုက်သွားရင်း မြေပြင်ပေါ်မှာ ပလပ်စတစ်လေး ခင်းပြီး ဈေးရောင်းနေသော တူးမာကို တွေ့ခဲ့ရသည်။ သူ့ဘေးမှာ ဈေးကူရောင်းပေးနေတဲ့ ၅နှစ်အရွယ် ကလေးလေး။ ကျွန်မကို ဝမ်းသာအားရ နှူတ်ဆက်တော့ နင့်သမီးလေးလားမေးမိသည်။ သူက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ မေမေက ကျွန်မဆက်လေကြောရှည်နေမည်ဆိုး၍ လက်တို့သည်။ တူးမာ ဘယ်သူနဲ့အိမ်ထောင်ကျသလဲအမေ ဆိုတဲ့အမေးကို မေမေဖြေတော့ ကျွန်မအတော်လေးအံ့သြ သွားမိသည်။ တူးမာ သူ့အမယောင်္ကျားနဲ့ အိမ်ထောင်ကျခဲ့သည်တဲ့။ အိမ်ထောင်ရေး ကစားပွဲမှာ မတရားအနိုင်ယူခဲ့ပြန်ပြီ။ သူ့အမခမျာ တူးမာအိမ်ဖေါ်မှကန်ချ၍ ကလေး၃ယောက်နဲ့ ဒုက္ခရောက်နေသည်တဲ့။ ဖျောက်ရခက်သည့်ဗီဇကို တူးမာနဲ့ကျမှ ကျွန်မ အံ့သြတကြီး ယုံလိုက်မိတော့သည်။

တန်ခူး
5:00pm 11-Mar-2008

7 comments:

နှင်းပန်း said...

တကယ်တော်တဲ့ Author တန်ခူးဘဲ...post တိုင်းကိုစိတ်ဝင်စားစွာလာဖတ်တယ်နော်,,,အိမ်ထောင်ရေး ကစားပွဲမှာ မတရားအနိုင်ယူခဲ့ တဲ့တူးမာ ရဲ့ ဖျောက်ရခက်သည့်ဗီဇကို တူးမာ နောင်တရတဲ့အချိန်ကျမှ.......

myatnoe said...

အမ.. အမဆီကနေတွေးစရာရယ် ရေးစရာရယ်ရသွားတယ်.. အမ..တခုတော့ တင်ပြချင်တယ်အမ.. ဇာတ်လမ်းအစကို ဖန်တီးတာတော့ ကလေး၃ယောက်အဖေဖြစ်မယ်ထင်တယ်နော် အမ..
ဗီဇကြောင့်ဆိုပီး တူးမာတယောက်တည်းကိုတော့ အပြစ်ပုံချရင် သိပ်တော့ မတရားရာရောက်မလားလို့ပါ..ဆွေးနွေးကြည့်တာနော်အမ..
ဘာပဲဖြစ်ဖြစ် ၂ယောက်စလုံးမကောင်းကြတာတော့အမှန်ပဲနော်အမ..
ဗီဇဆိုတာ ဖျောက်လို့မရပေမဲ့ သူများအိမ်ထောင်ရေး ကိုယ့်ကြောင့်ပျက်သွားတာတော့ ဘယ်ကောင်းပါ့မလဲနော်.. ဒါပေမဲ့အမရယ် တခါတလေ လောကကြီးမှာ ဖြစ်ပျက်နေတာတွေက ၀တ္တုတွေထက်တောင်ဆန်း
ကြယ်ပါသေးတယ်အမ.. မြတ်နိုးမှာ ရေးစရာတွေရသွားတယ်။ အမလိုတော့ စာရေးမကောင်းဘူး ပညာပေးလေးဖြစ်မယ်ထင်တာပါပဲ..သင်ခန်းစာယူစရာပေါ့..
ပညာတတ်တွေလဲဖြစ် အသိုင်းအ၀ိုင်းတခုလုံး က လက်မှိုင်ချတဲ့ အထိ ဖြစ်ပျက်သွားတဲ့ ဇာတ်လမ်းလေးတွေပေါ့..ဒါပေမဲ့ တခါတလေတော့လဲ
ဝဋ်ကြွေးပဲ ဆိုပီး ဖြေသိမ့်လိုက်ရတဲ့ ဇာတ်လမ်းတွေကို သွားသတိရလာလိုက်မိတယ်..အားရင်တော့..ရေးမယ်.
အမကို အားကျလို့..

wai lin said...

တန်ခူးရဲ့စာလေးကိုဖတ်ရင်း မဟေသီက တမျက်နှာဝတ္ထုလေးတွေကို သွားသတိရတယ်။ တိုသလောက် ရေးရခက်တယ်လေ။ တကွက်ကာတွန်းလို့ တချက်တည်းနဲ့ ထိအောင်ပစ်ရတာမဟုတ်လား။ အခက်ဆုံးကတော့ အစွမ်းရှိသလောက် မှုန်းခွင့်မရပဲ ကိုယ့်လက်ကိုယ် ထိန်းရတာပဲ။ ဒီကြားထဲက ရသလေးပါအောင် ထည့်လိုက်နိုင်သေးတာ ချီးကျုးပါတယ်။

လူ့ဘ၀လူ့အကြောင်းကတော့ ကိုယ့်ထောင့်ကကိုယ် ရေးမကုန်နိုင်အောင်ပါပဲ။ စာတွေကိုဖတ်ရင်း နည်းနည်တော့ ဝေဖန်လိုက်အုန်းမယ်။ တန်ခူးက ကျနော့်ထက် အသက်ငယ်တယ်လို့ ယုံကြည်ရပေမယ့် အတွေးအခေါ်ကတော့ ကွန်ဆာဗေးတစ် ဖြစ်ပုံရတယ်။
ကိုယ့်အိမ်ထဲမှာတောင် ဆင်ဆာဘုတ်ဖွဲ့ထားတာကြည့်။ တချို့ကိစ္စတွေကတော့ ပေါ့ပေါ့ပါးပါးပေါ့ လေနုအေးရယ်။

ကျနော်တို့လည်း အခါအားလျော်စွာ ပေါ့ပေါ့ပါးပါး နှုတ်လာဆက်ဖြစ်အောင် စီဗုံးကလေးတပ်ဖို့လည်း အကြံပေးသွားအုန်းမယ်။ ကွန်မန့်ဆို ရေးရတာ နည်းနည်းလေးနက်သွားသလားလို့ပါ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Ko Paw said...

တန်ခူးရဲ့ ဗီဇကို ဖတ်ရတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ဖတ်ခဲ့ဘူးတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေးကို သတိရမိတယ်။ ၀တ္ထုနာမည်က “ရွှေဖလားနဲ့ ကြက်သားကိုင်” ထင်ပါရဲ့။ အဲဒီထဲက ဇာတ်ကောင် (အေးအေးခိုင်လား အိအိခိုင်လား မမှတ်မိတော့ဘူး)က တန်ခူးရဲ့ တူးမာနဲ့ စရိုက်က တထေရာတည်းဘဲ။ ငယ်ငယ်က ညစ်တာ၊ မတရားသဖြင့် အနိုင်ယူချင်တာက စလို့ပေါ့။ ညစ်လို့နိုင်ပြီးရင်တောင် “ငါတို့ဘက်က နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်၊ နင်တို့ဘက်က ရှုံးရှုံး ကြေးဖလားနဲ့ ကြက်သားတုံး” လို့ ဖိအော်တတ်သေးတယ်။

ဒီလိုနဲ့ တက္ကသိုလ်တက်ကြတော့ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ ချစ်သူကိုလည်း မတရားတဲ့ နည်းနဲ့ လုယူလိုက်သေးတယ်။ (အဲဒီလူကလည်း အိအိခိုင်အကြောင်း ငယ်ငယ်လေးကစလို့ အသေးစိတ်သိတယ်။) ပြီးတော့ အဲဒီလူက လက်ကြောမတင်းတဲ့ ဘော်ကြော့်။ သူတို့လင်မယား ကျောင်းတ၀က်တပျက်နဲ့ထွက်။ ကလေးတွေနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနဲ့ ပြန်ဆုံရတယ်။ ဟိုက အရာရှိမ ဖြစ်နေပြီ၊ လူလွတ်။ ကြော့လို့မော့လို့။ အိအိခိုင်ကတော့ ကလေးတွဲလောင်းနဲ့ ပေရေလို့ပေါ့။ သူငယ်ချင်းက အိမ်လာလည်ရာက ပြန်သွားတော့ သူ့ကိုယ်သူ သိမ်ငယ်ပြီး ကျန်ရစ်နေတုန်းမှာ သူ့လင်တော်မောင်က “ငါတို့ ကြက်ဖနိုင်နိုင်၊ ရွှေဖလားနဲ့ ကြက်သားကိုင်” ကို ရွတ်တယ်။ အဲဒီအခါမှာ အိအိခိုင်က အနားက ဗူးနဲ့ သူ့ယောက်ျားကို ပစ်ပေါက်ပြီး “ဘာ ရွှေဖလားလဲ။ အိုးခြမ်းပဲ့နဲ့ ကြက်ချေးတုံးကြီး” (စကားလုံး အတိအကျတော့ မမှတ်မိ) ဆိုပြီး နာနာကျည်းကျည်း အော်လိုက်တာနဲ့ ဇာတ်သိမ်းထားတယ်။

အိအိခိုင်ကတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်ပေါ့။ တန်ခူးရဲ့ တူးမာက အပြင်က တကယ့်လူ။ တူးမာ ရလိုက်တာကရော အိုးခြမ်းပဲ့ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

(ဒါထက်စကားမစပ်။ တူးမာ နာမည်ကို ဖတ်ရင်း ထုံးစံအတိုင်း ပွေပွေနောက်နောက် နာမည်တခုက ခေါင်းထဲဝင်လာသေးတယ်။ “တူး” နေရာမှာ “one” ကိုထည့် “မာ” နေရာမှာ “ပျော့”ကို ထည့်ကြည့်လိုက်တာ ရယ်စရာကောင်းတဲ့ နာမည်တခု ထွက်လာတယ်....ဟီး။)

ကလိုစေးထူး said...

ဒိုင်ယာယီ ခပ်ဆန်ဆန် ပို့စ်လေး တပုဒ်လို့ ခံစားမိပါတယ်။ ငယ်ငယ်တုန်းက ကစားဖော်တယောက်ဆိုတာက လူတိုင်းလိုလိုမှာ ရှိတတ်လို့ ရိုးစင်းတဲ့ အကြောင်းအရာပေမယ့် ဖတ်ချင်စဖွယ် ရေးထားလို့ စိတ်ဝင်စားစရာ ပိုကောင်းသွားပါတယ်။

ကျနော် ဘလော့ဂ် စရေးခါစတုန်းက မိတ်ဆွေ တယောက်က ကျနော့်ကို အကြံပေးဖူးတယ်။ `ကိုစေးထူး စာတွေက ဖတ်လို့ ကောင်းတယ်။ ဒါပေမယ့် စာပိုဒ်လေးတွေကို တပိုဒ်စီ ခြားခြားပြီး ရေးကြည့်ပါလား´ တဲ့။ သူပြောတဲ့ အတိုင်း ကျနော် အဲဒီကတည်းကနေ အခုထိ လိုက်လုပ်ကြည့်တော့ ကိုယ့်ဘာသာကိုယ်လဲ ဖတ်ရတာ ပိုပြီး အဆင်ပြေသွားသလိုပဲ။ အခုလဲ တန်ခူးကို အဲဒီ အကြံပေးပါရစေ။

khunmyahlaing said...

ပထမဆုံး လာလည်တဲ့နေ့မှာ ရှိသမျှ ပို့စ် ကုန်အောင် ဖတ်မိတဲ့အထိ ဆွဲဆောင်မှု ကောင်းပါတယ် အကျိုးပြု စာပေတွေ အတွက် ကျေးဇူးပါ

တန်ခူး said...

postတိုင်းကို အားပေးတဲ့နှင်းပန်းကို အရမ်းကျေးဇူးတင်ပါတယ်။

မြတ်နိုးရေးတဲ့ ဇာတ်လမ်းလေးလဲ အရမ်းကောင်းပါတယ်။

ကိုဝေလင်းရေ...ခုလို အကြံပေးတာ ကျေးဇူးပါနော်။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးဖို့ ကြိုးစားပါမယ်။ cboxလေးကတော့ ဧည့်ဝတ်မကျေမှာ ကြောက်လို့ မတင်ဖြစ်တာပါ။

ကိုပေါရေ...ဟုတ်ပါတယ်။ ဒါကျွန်မရဲ့ကိုယ်တွေ့ဇာတ်လမ်းပါ။

ကိုစေးထူးအကြံပေးတဲ့အတိုင်း နောက်postတွေ စာပိုဒ်ခွဲပြီးရေးထားပါတယ်။ ကျေးဇူးပါ။

ခွန်အားရှိတဲ့ရေခဲပြင်ထဲမှာ ပွင့်တဲ့ပန်းလေး အလည်ရောက်လာတာ ကျေးဇူးအရမ်းတင်ပါတယ်။ နောက်လဲ အမြဲလာလည်ပါနော်။