Monday, March 3, 2008

အလွမ်းပြေဆေး

ဒီလိုရုံးပိတ်ရက် မနက်ခင်းတွေဆို အမေ့ကိုပိုလွမ်းတယ်။ အိပ်ရာထဲမှာ နိုးတဝက် အပျင်းထူနေတဲ့အချိန်ဆို အမေက ဘုရားဆွမ်းတော်ကပ်နေပြီ။ မျက်နှာမသစ်ဖြစ်သေးပဲ ဖုန်းကဒ်တကဒ်ကိုခြစ်ပြီး အလွတ်ရနေတဲ့ နံပါတ်တွေနှိပ်။ ကြားရပြီအမေ့အသံ။ နံဘေးမှာရှိနေသလို ခုမှအိပ်ရာထတဲ့ကိုယ့်ကို အမေကဆူတယ်။ အဲဒီဆူသံလေးကြောင့် အလွမ်းတွေ နဲနဲတော့သက်သာသလို။ တပတ်အတွင်း ဘာတွေဖြစ်သလဲ(အဖေနဲ့စိတ်ကောက်တာကအစ) စီကာပတ်ကုံး အမေပြော။ တခါတလေ အဖေက ဟိုဘက်ဖုန်းတလုံးကနေ "သမီးကြီး breakfast ဘာစားလဲ" လို့တခွန်းစဝင်မေးရင် ပိုလွမ်းပြန်ရော။ ဈေးထဲက ငချိတ်ပေါင်းလေးပဲဖြစ်ဖြစ်၊ ကန်တော်လေးက မုန့်ဟင်းခါးလေးဖြစ်ဖြစ်၊ စိတ်တိုင်းကျက ဆိတ်soupနံပြားလေးဖြစ်ဖြစ် စားချင်လိုက်တာ။ ဖေဖေလိုက်ပို့ပေးပေါ့လို့ ကလေးတယောက်လို ဖုန်းထဲကပူဆာမလို့လုပ်တုန်း ဖုန်းကဒ်ကကုန်။ မျက်နှာသစ်ပြီး ရေခဲသေတ္တာထဲက စံပြဒေါ်ကြည်ထုတ်ကို အသဲအသန်ထုတ်ပြီးချက်။ ဘုရားဆွမ်းတော်တင်ပြီး ကန်တော်လေးက မုန့်ဟင်းခါးလေးအမှတ်နဲ့စား။ ခုချိန်ဆို အမေကဈေးသွားလောက်ပြီ။ ကိုယ်ရှိနေရင် ခြင်းတောင်းလေးဆွဲပြီး အမေနဲ့ဈေးလိုက်နေကျ။ ပေါက်ကရတွေ စားချင်တဲ့ကိုယ့်ကို အမေက အနောက်ရန်ကင်းဈေးကိုခေါ်တတ်တယ်။ အဲဒီမှာ တခါတလေ ငရုတ်သီးစိမ်းလေးတွေ၊ ရှောက်ရွက်လေးတွေပုံထားတဲ့ နှမ်းဖတ်ချဉ်မွှေးမွှေးလေး ရနိုင်သလို၊ သင်္ဘောသီးစိမ်းခြစ်ဖွေးဖွေးလေးနဲ့ ရေညှိစိမ်းစိမ်းလေးတွေလဲ ရတတ်သေး။ ရှားရှားပါးပါး ငုံးကောင်လေးတွေလဲရှိတတ်သလို၊ ငရံ့အူကတော့ အမြဲလိုရတတ်တယ်။ နာရီကြည့်မိတော့ ၁၀နာရီ။ အိတ်ကလေးဆွဲပြီး အီမ်နားကwet marketကို ရန်ကင်းဈေးသဘောနဲ့ပတ်။ မြန်မာလိုပြောတတ်တဲ့ ကုန်စိမ်းသည်ဆီမှာ ချဉ်ပေါင်၊ ဒန့်ဒလွန်၊ ကြက်ဟင်းခါး အကုန်ရ။ ငှက်ပျောအူ၊ ကင်းပုံသီးကအစ ရတဲ့ အဲဒီဆိုင်လေးက ပျဉ်းတော်သိမ် နဲ့ ငရုတ်သီးစိမ်းတောင် အဆစ်ပေးတတ်သေး။ ဒီတော့ မြန်မာပြည်ပဲ ရောက်နေသလို။ ပင်လယ်ငါးတွေတွေ့ရမှ လက်ရှိဘဝ ပြန်သတိရမိတယ်။ တုံချမ်းချမ်းနဲ့ တရုတ်တီးဝိုင်းကား ဖြတ်သွားတော့ ရပ်ကွက်ထဲက အိုးစည်ဝိုင်းကို လွမ်းမိသေး။ ပိုးအိစံသီချင်းတွေ အကျယ်ကြီးဖွင့်တဲ့ စက်ဘီးထီဆိုင်တွေ လွမ်းမိတတ်သလို၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီကBusတွေစီးရင်း မြန်မာပြည်က စပယ်ယာတွေ လွမ်းတတ်တဲ့ ကိုယ့်ကို မောင်ကတော့ ပေါက်ပေါက်ရှာရှာ လွမ်းတတ်သူတဲ့။ တကယ်ဆို သူလဲ အတူတူ။ ချက်ပြုတ်စားသောက်ပြီးတာနဲ့ လမ်းထိပ်က ကွမ်းယာဆိုင် နဲ့ လဘက်ရည်ဆိုင် အလွမ်းပြေ ပနင်းဆိုးလားကို သွားဖို့ခြေလှမ်းစရော။ မော်လမြိုင်က ကွမ်းယာစားပြီး၊ ရဲရင့်က လဘက်ရည်နဲ့ အလွမ်းဖြေနေချိန်မှာ ကိုယ်ကတော့ လမ်းပြကြယ်ကို လမ်းထိပ်ကစာအုပ်ငှားဆိုင်လေးလို မွေုနှောက်။ ဝင်းမြန်မာက အကြော်စုံနဲ့ ရေနွေးကြမ်းလေးမော့လို့ပေါ့။ အလွမ်းတွေ လျော့လိုလျော့ငြားလေ။ ဝရန်တာ ကျဉ်းကျဉ်းလေးက ကိုယ့်ဥယျာဉ်လေးက သီးပင်၊ စားပင်၊ ပန်းပင်စုံတဲ့ အမေ့လက်ရာ ဥယျာဉ်လေးကို မမှီပေမယ့် ဖြူဆွတ်ဆွတ် စံပယ်ပန်းလေးတွေနဲ့၊ သနပ်ခါးပန်းရနံ့ သင်းသင်းလေးတွေ ကြောင့် တခါတခါ အမေ့ဥယျာဉ်လေးထဲ ပြန်ရောက်သွားသလို ခံစားရတယ်။ မောင်ကတော့ လဘက်သုတ်ကလေးကို၊ ရေနွေးကြမ်းနဲ့မြည်းရင်း အိမ်ရှေ့က ဖြတ်ဖြတ်သွားနေတဲ့ MRTသံကို မီးရထားသံအမှတ်နဲ့ သူ့မေမေရှိတဲ့ နယ်မြို့လေးဆီ စိတ်ကူးနဲ့ ခရီးနှင်လို့။ တချို့ညနေတွေမှာတော့ မောင့်ဂီတာသံတွေမှာ လွင့်မျောရင်း စက်ရုပ်ပြန်ဖြစ်မယ့် မနက်ဖြန်ကို မသိချင်ဟန်ဆောင်။ ညရောက်တော့ မြန်မာရုပ်ရှင်လေးတွေ internetကနေ ကြည့်ုလို့ နေကြာစိလေးတွေဝါးရင်း နဝဒေးရုံထဲမှာပဲ ထိုင်ကြည့်နေသလိုလို။ သားက သူ့ကိုဂရုမစိုက်လို့ computerကို ရုတ်တရက်လာပိတ်တတ်တာက လွဲလို့ပေါ့။ အဲဒီလို အစားထိုးစရာလေးတွေရှိနေတာကပဲ မွန်းကြပ်နေတဲ့စိတ်ကို နဲနဲတော့သက်တောင့်သက်သာရှိစေပါရဲ့။ ဒါပေမယ့် အစားထိုးလို့မရတဲ့ လစ်ဟာချက်တွေက အများသားဆိုတော့ အချိန်တန်ရင် ပြက္ခဒိန်လေးကြည့် ပြန်ဖို့ရက်ကို လက်ချိုးရေနေမိတယ်။

တန်ခူး
10:00pm 02-Mar-2008

10 comments:

pandora said...

လွမ်းနေရဦးမယ် မတန်ခူးရေ
ပြောင်းလဲဖို့အတွက်က ဘယ်နှစ်နှစ်လဲ
ကောင်းလာဖို့အတွက်က ဘယ်နှစ်နှစ်လဲ
အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး..
စောင့်နေဆဲ...

Ko Paw said...

မြန်မာအစားအသောက်ထဲမှာ အခုလောလောဆယ် စားချင်နေတာ ပုဇွန်ခွက်ကြော်သုပ်။ အားလားလား........ပြောရင်း...သွားရည်ကျလာပြီ။

myatnoe said...

အမတန်ခူး
မြတ်နိုးဘလော့ လုပ်ထားတာ မပီးသေပေမဲ့ အမရဲ့ စာတွေကိုကြိုက်လို့ လင့်ချိတ်ထားချင်တယ် ခွင့်ပေးပါနော်။

ကလိုစေးထူး said...

လာဖတ်ဖြစ်တယ် တန်ခူးရေ။ အမေကို လွမ်းတာခြင်းတူလို့ ဒီပို့စ်ကို ကောင်းကောင်း ခံစားလို့ရပါတယ်။ တန်ခူးက ကျနော်ထက် တပန်းသာတာက ဖုန်းထဲကနေ အသံကြားခွင့်တော့ ရနေသေးတာပါပဲ။

ကောင်းကင်ကို said...

အလွမ်းပြေဆေးလေး ဖတ်သွားတယ်ဗျာ

wai lin said...

လွမ်းစရာတွေရှိပြီး လွမ်းတတ်နေသေးတာကိုးက အားကျစရာပါဗျာ။ အလွမ်းနဲ့ အမြဲငေးရီနေတတ်တဲ့ ကောင်လေးတယောက်ကို တွေ့ရင် ပြောပေးပါ။ သူထားခဲ့တဲ့ လူ့အရေခွံကြီးတခုဟာ တဖြေးဖြေးသွေ့ခြောက် မှိုစော်နံလာပြီ ဆိုတဲ့အကြောင်း..။

ထနောင်း said...

နဲနဲ ဝင်ပြီးလွမ်းသွားပါတယ်။များများ လွမ်းရင်ငိုမိမှာစိုး။ ပြန်ခွင့် ဆိုတာ ကိုယ့် အတွက်ကြုံပါအုန်းမလား ဆိုတာကလဲမသေချာလေတော့......

နှင်းပန်း said...

နေ့တိုင်း မျက်ရည်ကျပြီး လွမ်းနေခဲ့ရတဲ့ ဒို့ရဲ့ခါးသီးတဲ့ အချိန်တွေ,,,ထက်.. ဒီလိုလေးလွမ်းရတာလွမ်းပျော်ပါတယ် တန်ခူးရယ်,,,,

သက်ဝေ said...

တန်ခူးရဲ့  အလွမ်းပြေဆေး ကို ပထမတစ်ခေါက် ဖတ်ပြီး ဘယ်လိုနည်းနဲ့ မှ မပြေနိုင်တဲ့ အလွမ်းတွေနဲ့  နောက်တစ်ခေါက် ထပ်ဖတ်ဖို့  မရဲတာကြောင့် မရောက်ဖြစ်တာ ရက်အတော်ကြာသွားပါတယ်။

တန်ခူး said...

ပန်ရေ...မဆုံးနိုင်တဲ့အလွမ်းတွေနဲ့ အိမ်ပြန်ချိန်လေးကို စောင့်မျှော်ရင်း...။

ကိုပေါရေ...ပုဇွန်ခွက်ကြော်သုပ် လုပ်စားဖြစ်ရင် လက်တို့လိုက်မယ်...။

မြတ်နိုးရေ...အားပေးတာရော၊ linkပေးတာအတွက်ပါ ကျေးဇူးပါ။ မြတ်နိုးဆီ အမြဲလာလည်ပါ့မယ်။

ကိုစေးထူးရေ...ဖုန်းပြောလို့ရမယ့် နည်းလမ်းတခုခု စဉ်းစားကြည့်ပါလားဟင်။ အလွမ်းတွေ သက်သာတာတော့ အမှန်ပဲ...။

လာလည်တာကျေးဇူးပါ...ကောင်းကင်ကို။

ကိုဝေလင်းရေ...မတွေ့တာကြာပြီနော်။ လာလည်တာကျေးဇူးပါ...။

ထနောင်းရေ...အိမ်ဝေးသူတို့အလွမ်းကတော့ အားလုံးတူမယ်ထင်တယ်။

နှင်းပန်းရေ...ပျော်အောင်လွမ်းတတ်တော့ နဲနဲစိတ်သက်သာမလားပဲ...။

သက်ဝေရေ...အလွမ်းတွေပြေဖို့...တကယ်တော့ မလွယ်ဘူးကွယ်...။