Friday, March 14, 2008

ဝတ်မှူံ


ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ တိတ်တိတ်လေး နာမည်ပေးထားတယ်...။
စက္ကူမြှားလေးတွေက ချစ်သူနားမှာ အဲဒီနာမည်လေးကို ခဏခဏသွားခေါ်တယ်...။
ခေါ်ပါများတော့ ချစ်သူသိလာတယ်...။
ကျွန်တော် ပျော်တယ်...။

ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ကျွန်တော့် အိပ်ရာနံဘေးမှာ ကံကော်ပွင့်လေး တပွင့်ရှိတယ်...။
"ဝတ်မှူံ" နဲ့ အတူ အိပ်မက်တယ်...။
"ဝတ်မှူံ" နဲ့အတူ နိုးထတယ်...။
ကျွန်တော် ရင်ခုန်တယ်...။

ချစ်သူက အတန်းမှန်မှန်တက်တယ်...။
ကျွန်တော်လဲ အတန်းမှန်မှန်တက်တယ်...။
ချစ်သူက စာတွေ သေချာလိုက်မှတ်တယ်...။
ကျွန်တော်က ချစ်သူကို သေချာလိုက်မှတ်တယ်...။
ကျွန်တော် မြတ်နိုးတယ်...။

ချစ်သူ လက်ဖဝါး နူးညံ့ညံ့လေးတွေကို တို့ထိချင်တယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေကို နမ်းရှိုက်ချင်တယ်...။
စက္ကူမြှားလေးတစင်း ကျွန်တော်ချိုးတယ်...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ စက္ကူမြှားလေး...။
ချစ်သူ ဆံနွယ်ရှည်ရှည်တွေပေါ်မှာ ကျွန်တော်...။
ကျွန်တော် မေ့မျောသွားတယ်...။

တခါတခါ ချစ်သူရဲ့ ရင်ဖုံးအင်္ကျီလေးပေါ်က လိပ်ပြာရင်ထိုးလေး ကျွန်တော်ဖြစ်သွားတယ်...။
တခါတခါ ချစ်သူရဲ့မဟာဆန်တဲ့ မျက်နှာနုနုလေးပေါ်က သနပ်ခါးလေး ကျွန်တော်ဖြစ်သွားတယ်...။
ချစ်သူရဲ့ရှက်ပြုံးလေးတွေကို ချစ်သူမသိအောင် ခိုးခိုးထားမိတယ်...။
ကျွန်တော်အဆောင်အခန်းကျဉ်းကျဉ်းလေးမှာ ချစ်သူရှက်ပြုံးလေးတွေနဲ့ ပြည့်နေတယ်...။
ကျွန်တော် စွဲလန်းတယ်...။

ချစ်သူကို မပြောဖြစ်တဲ့ စကားတွေကို စက္ကူမြှားလေးပေါ် ရေးရေးချတယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော်လက်ရေးတွေ ချစ်သူမှတ်မိနေလိမ့်မယ်...။
စက္ကူမြှားလေးတွေပေါ်က ကျွန်တော့်ရင်ခုန်သံတွေ
ချစ်သူကြားနိုင်မလား။
ကျွန်တော် ကျေနပ်တယ်...။

ကျွန်တော်အလှကြည့်နေတဲ့ "ဝတ်မှူံ"လေးကို တစုံတယောက်က တံဆိပ်ခတ်နိပ်သွားတယ်...။
ချစ်သူမှာ ချစ်သူရသွားတော့ စက္ကူမြှားလေးတွေ ငိုကြတယ်...။
အလွမ်းတွေ စက္ကူမြှားထဲထည့် ချစ်သူဆီ အရောက်ပို့မိတယ်...။
ကံဆိုးတဲ့စက္ကူမြှားလေးက ချစ်သူခြေဖဝါးအောက်မှာ...။
ကျွန်တော် ငိုနေတယ်...။

ဒီလိုနဲ့......
...........
...........
..........
..........
......... ။

ချစ်သူက ကျွန်တော်နဲ့ ဝေးဝေးသွားတယ်..။
ကျွန်တော်က စက္ကူမြှားတွေနဲ့ ဝေးဝေးသွားတယ်..။
ချစ်သူမှာ ချစ်သူနဲ့တူတဲ့သားလေးရှိခဲ့ပြီ...။
ကျွန်တော့်မှာ ဆိုးတူကောင်းဘက် အဖော်တယောက်ရှိခဲ့ပြီ...။
တခါတခါတော့ စက္ကူမြှားတွေချိုးရင်း အတိတ်ခြေရာတွေ ပြန်ကောက်မိတယ်...။
ကျွန်တော် တမ်းတတတ်တယ်...။

ထိုနေ့မတိုင်ခင်ညကပဲ ချစ်သူက အိပ်မက်ထဲမှာ ကံ့ကော်တွေဝေနေအောင် ပန်ထားခဲ့တယ်...။
ချစ်သူမျက်နှာမှာ ရှက်ပြုံးလေးတပွင့် ပွင့်နေခဲ့တယ်...။
အယူမသီးတတ်ပေမယ့် ချစ်သူနေကောင်းပါစေလို့ ဆုတောင်းခဲ့မိတယ်...။
ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ...။
ချစ်သူက ဒီတခါ အဝေးဆုံးခရီးကို သွားခဲ့ပြီ...။
ကျွန်တော့်"ဝတ်မှူံ" အချိန်မတန်ခင် ကြွေခဲ့ပြီ...။
ကျွန်တော် ကြေကွဲခဲ့ပြီ...။

ချစ်သူကို ကျွန်တော်က "ဝတ်မှူံ" လို့ မိုက်မိုက်မဲမဲ နာမည်ပေးခဲ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ဝါဝင်းနူးညံ့တယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ရနံ့သင်းတယ်...။
ချစ်သူက "ဝတ်မှူံ" လေးလို ကြွေသွားခဲ့တယ်...။

(အချိန်မတန်ခင် ကြွေလွင့်သွားခဲ့သော ချစ်သူငယ်ချင်းအတွက်)

တန်ခူး
12:30pm 14-Mar-2008

17 comments:

myatnoe said...

အင်း.. အသေစောတာ ခုဆို မြန်မာပြည်မှာ အတော်များနေကြပီ..
မြတ်နိုးတို့ သူငယ်ချင်းတွေတောင် တချို့လဲရောဂါဆန်း
တချို့လဲ ကားအက်စီဒင့်နဲ့ သေသွားကြပီ..
မြတ်နိုးတို့လဲ တနေ့တော့....

Ko Paw said...

အရမ်းလှပတဲ့ အချစ်ဘွဲ့ ကလေးပါ။ ကျောင်းသားဘ၀ကို ပြန်သတိရတယ်။ ပြီးတော့ အချိန်မတိုင်မီ ကြွေလွင့်သွားရှာတဲ့ “၀တ်မှုံ” ကိုလည်း သတိရတယ်။

pandora said...

ရင်ထဲကို စီးဆင်းသွားစေတဲ့ ရေးဖွဲ့မှုလေးပါ။

ထနောင်း said...

သူကဖြူစင်တယ်..
သူကရိုးရိုးလေးနဲ့မဟာဆန်တယ်...
သူ့မှာလှပတဲ့မျက်ဝန်းလေးတစုံရှိတယ်...
အလှဆုံးကတော့..သူ့ရဲ့နှလုံးသားပါ..
'ဝတ်မှူံ'ကို အရမ်းသတိရမိတယ်။တန်ခူးရဲ့ဒီပို့စ်လေးက စာသင်ခန်းတွေကိုပြန်ပြီးလွမ်းသွားစေခဲ့တယ်...

Aung Kyaw Htut (Now At Korea) said...

မမတန်ခူးရေ....
ဘာပဲဖြစ်ဖြစ်ပေါ့ ၀တ်မှုံ အတွက် ချစ်သူက ပေးဆပ်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်တမ်းတပြီး
ဝတ်မှုံကိုဆုတောင်းပေးရမှာပေါ့နော်.........
http://aungkyawhtut.blogspot.com/

စိုးထက် - Soe Htet ! said...

ရေးဖွဲ့ပုံလေး အရမ်း အသက်ဝင်တယ်ဗျ ... ၀တ်မှုံ ဆိုတဲ့ အမည်လေးလဲ တော်တော် သဘောကျတယ် ...အဲဒီသီချင်းဆို အထူး ကျင့်ထားတာ ရည်းစားရရင် ဆိုပြမလို့ ... ဒါပေမယ့် ချစ်သူက စိုင်းထီးဆိုင်ပဲ ဆိုခိုင်းတယ် ... တစ်ခါပဲ အတင်းဆိုပြ လိုက်တယ် :P

စိုးထက် - Soe Htet ! said...

ခုမှ လင့်ခ် လိုက်ပြီ :D

ကောင်းကင်ကို said...

ဝတ်မှုန်ကို ခံစားသွားတယ်ဗှာ

တန်ခူး said...

မြတ်နိုးရေ...လာလည်တာကျေးဇူးပါ။

ကိုပေါရေ...'ဝတ်မှုံ'ကို လွမ်းရတာတွေ စာဖွဲ့လို့မကုန်နိုင်ပါဘူး။

အားပေးတာ ကျေးဇူးပါပန်ရေ။

ထနောင်းရေ...နှလုံးသားလှတဲ့'ဝတ်မှုံ'က ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝမှာ ရှိနေမှာ အမှန်ပဲ။

လာလည်တာ ကျေးဇူးပါ ကိုအောင်ကျော်ထွတ်ရေ။ နောက်လဲအမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ကိုစိုးထက်ရေ...ကျွန်မလဲ 'ဝတ်မှုံ'သီချင်းကို အရမ်းကြိုက်ပါတယ်။ ကိုစိုးထက့်ချစ်သူကို ခဏခဏဆိုပြရင် ကြိုက်သွားမှာပါ။ Linkပေးတာကျေးဇူးပါ။ စာတွေပြန်ရေးတာတွေ့လို့ ဝမ်းသာပါတယ်။

'ဝတ်မှုံ'ကို ခံစားသွားတာ ကျေးဇူးပါကောင်းကင်ကို။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

စာလဲဆုံးရော.. ငိုင်ပြီးပြန်သွားပါတယ်..
တခါတခါ ချစ်သူရဲ့မဟာဆန်တဲ့ မျက်နှာနုနုလေးပေါ်က သနပ်ခါးလေး ကျွန်တော်ဖြစ်သွားတယ်...။
ချစ်သူရဲ့ရှက်ပြုံးလေးတွေကို ချစ်သူမသိအောင် ခိုးခိုးထားမိတယ်...။
အဲဒီနေရာလေးတွေက သိပ်လှတာပါပဲ..

99 said...

တကယ်ခံစားရတယ်ဗျာ ..
ရင်ခုန်သံတွေ ..
စာသင်ခန်းနားကို ပြန်ရောက်သွားတယ် ..
ဝတ်မှုံကို ငေးအကြည့်မှာ .. အတွေးတွေ လွမ်းမောသွားစေတယ် ..
သိမ့်မွေ့လိုက်တဲ့ “၀တ်မှုံ” ..ဗျာ ..။

တန်ခူး said...

အိမ့်ရေ...commentလေးနဲ့ခြေရာချန်သွားတာကျေးဇူးပါ။

99ရေ...စာသင်ခန်းအလွမ်းလေးတွေက အားလုံးကိုယ်စီနဲ့နော်။လာလည်တာကျေးဇူးပါ။ နောက်လဲ အမြဲလာဖို့ဖိတ်ခေါ်ပါတယ်။

ကလိုစေးထူး said...

ကျနော် သတိထားကြည့်တာ… တန်ခူးက ၀တ်မှုံဆိုတဲ့ အရေးအဖွဲ့နဲ့ လိုက်ဖက်အောင် စာလုံးအရောင်တွေကိုလဲ ကံ့ကော်ဝတ်မှုံရောင်နဲ့ အနီးစပ်ဆုံးကို သုံးထားတာ ထင်တယ်နော်။ ရသဟန် သိမ်မွေ့မွေ့လေးနဲ့ ရေးဖွဲ့မှုလေးပါပဲ။

ကောင်းကင်ကို said...

ဖတ်ပြီးတော့ ကရုဏာသက်မိပါတယ်ဗျာ။

တန်ခူး said...

ဟုတ်ပါတယ်ကိုစေးထူး...ဝတ်မှုံအရောင်လေးသုံးကြည့်တာပါ။ ခုလို သတိထားကြည့်ပေးတာ ကျေးဇူးပါ။

ဝတ်မှုံအကြောင်းတွေးမိတိုင်းကြေကွဲရပါတယ်ကောင်းကင်ကို။

atrttn said...

really really nice poem...
it makes me miss my schooling days...it had been since 10 years ago, but it seems just happened yesterday...and i am still waiting...
thanks for ur post...

တန်ခူး said...

ခုလိုအားပေးတာကျေးဇူးပါ atrttn။ နောက်လဲလာလည်ဖို့ဖိတ်ခေါ်ပါတယ်။